Friday, December 25, 2009

လိုအပ်လာသော ချီးမွမ်းစကားများ

ဂျပန်မှာ ချီးကျူးခြင်းအတတ်၊ ချီးမွမ်းစကားအတတ် သင်တန်းတွေ စနေပြီ.... တက်ကြဦးမလား :P

အကြောင်းရင်းကတော့ ဒီလိုပါတဲ့..။ အများသိတဲ့အတိုင်း.. သိပ်မကြာခင် ရက်ပိုင်းမှာပဲ နှစ်သစ်ကူးပြီး ၂၀၁၀ရောက်တော့မယ်။ ဒီနှစ် ၂၀၀၉ ခုနှစ်ထဲမှာ ကိုယ်ဘယ်လောက်ဗဟုသုတတွေရလိုက်ပြီလဲ..။ အင်း.... သိသလောက်တော့ သိသွားတယ်လို့ ထင်ပေမဲ့ မသိတာတွေက အများကြီးကျန်သေးတယ်။ အသစ်အဆန်းတွေက အများကြီးဆိုတော့ တစ်နှစ်ထက်တစ်နှစ် သိစရာတတ်စရာတွေက မကုန်နိုင်ဘူး..။ ကိစ္စတိုင်းကို မပြောနဲ့ ကိုယ်လေ့လာသင်ယူနေတဲ့ လုပ်ငန်းကိုင်ငန်း ကိစ္စတောင် information က လိုက်မမှီနိုင်အောင် များတယ်။ အဲဒါကို ရအောင်မယူနိုင်လိုများ လူတန်းမစေ့ဘူး၊ ပညာမတတ်ဘူးလို့ ပြောရင်တော့ ပြောတဲ့သူက အလွန်ဖြစ်မယ့်ခေတ်ရောက်နေပြီလေ။ ဘယ်သူမှ ကုန်အောင် မလေ့လာနိုင်ဘူး...ရယ်။

ဒါပေမဲ့ ငယ်ငယ်ကတဲက “ကြိုးစားရမယ် (ganbatte) ”ဆိုတဲ့စကားနဲ့ ပုံသွင်းခံရတဲ့ ဂျပန်နိုင်ငံက ကလေးတွေအတွက်ကတော့ အခု အရမ်း စိတ်ဖိအားတွေများလာပြီ..။ အများနဲ့နည်းတူ မလိုက်နိုင်ရင်ကိုပဲ လူတန်းမစေ့ဘူး၊ မကြိုးစားဘူးလို့ အထင်ခံရတယ်။ ဒီအတွက် စိတ်ဖိအားနဲ့အတူ “ ရှိသင့်ရှိထိုက်တဲ့ မိမိကိုယ်ကို ယုံကြည်မှု၊ မိမိကိုယ်ကို အထင်ကြီးမှု” စတာတွေ အားနည်းလာတယ်။

ဒီနှစ် ၂၀၀၉-ခုနှစ် နှစ်ဦးပိုင်း စစ်တမ်းအရ “မင်းမှာ တစုံတစ်ခု ကောင်းတဲ့အချက်ရှိတယ်လို့ထင်လား” ဆိုတဲ့မေးခွန်းလွှာ (ဥပမာ ကလေးတစ်ယောက်ယောက်က ငါက သိပ္ပံဘာသာရပ်မှာ ညံ့ပေမဲ့ သချာင်္ကတော့ ရတယ်ဆိုတာမျိုး ကိုယ့်အရည်အချင်းကို ယုံကြည်မှုရှိမရှိကို စစ်ဆေးတဲ့ မေးခွန်းလွှာမျိုး) နဲ့ ပတ်သက်ပြီး “အဲလိုမထင်ပါဘူး၊ ကောင်းတဲ့အချက်မရှိပါဘူး”လို့ ပြန်ဖြေသူက ယခင်နှစ်ကထက် ၂ ဆတိတိ များလာတယ်။

နောက်ပြီး အတန်းလိုက် စစ်ကြည့်လိုက်တော့ အတန်းကြီးလာတာနဲ့အမျှ ကိုယ့်ကိုယ့်ကို ယုံကြည်မှုလျော့နည်းလာတာကို တွေ့ရပါတယ်..။ နောက်သုတေသနတစ်ခုကတော့ “ကျွန်တော်က သူများလုပ်နိုင်သလောက် လုပ်နိုင်တယ်လို့ ကိုယ်ကိုယ့်ကို ယုံကြည်မှုရှိတယ်”ဆိုတဲ့ အဓိပ္ပါယ်ပါ မေးခွန်းလွှာများကို ဂျပန်၊ တရုတ်နဲ့ အမေရိကား က ကျောင်းသားတွေကို မေးလိုက်ပါတယ်။ အဲဒီသုတေသနရဲ့အဖြေကို နှိုင်းယှဉ်လေ့လာလိုက်တော့ ဂျပန်က ကလေးတွေရဲ့ ၅၀%ကျော်က “လုပ်နိုင်မယ် မထင်ဘူး”လို့ ဖြေသွားပါသတဲ့..(အဲလိုမျိုး “လုပ်နိုင်မယ်မထင်ဘူး၊ ကျွန်တော်က ဘာမှ မတတ်ဘူးလို့ပဲ ထင်တယ်လို့ ဖြေသွားသူက အမေရိကားမှာ ၂၅%နီးပါး(ဒုတိယ)၊ တရုပ်က အနည်းဆုံး ၂၁% ) (မြန်မာနိုင်ငံက ကလေးဆိုရင် ဘယ်လောက်ရှိမလဲ သိချင်လိုက်တာ..)

ဒါဆို ဒီပြဿနာကို ဘယ်လိုလုပ်ကြမလဲလို့... ဂျပန်နိုင်ငံက ပညာရေးပညာရှင်တွေ ခေါင်းစားနေခဲ့ကြပါတယ်.။ နောက်ဆုံးတော့ ပညာရေး သုတေသနအဖွဲကကြီးမှူးပြီး ပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကို အကြံပြုတင်ပြပါတယ်..။ အဲဒါက “ချီးမွမ်းခြင်း” နည်းလမ်းပါတဲ့..

ထိုက်သင့်တဲ့ ချီးမွမ်းခြင်းဟာ လူတွေရဲ့ မိမိကိုယ်မိမိ ယုံကြည်မှု (self- confidence)ကို တိုးတက်စေတဲ့ နည်းဖြစ်လို့ပါ။ လူသားတို့ရဲ့ စွမ်းရည် ပိုမိုထက်မြက်စေဖို့အတွက်ဆိုရင် စွမ်းရည်သက်သက်သာ လိုအပ်တာမဟုတ်ပဲ၊ မိမိကိုယ်ကို ယုံကြည်မှု၊ မိမိစွမ်းရည်ကို အမှန်အတိုင်း လက်ခံနိုင်မှု၊ မိမိလုပ်ဆောင်အောင်မြင်မှုအတွက် အခြားသူ၏အသိအမှတ်ပြုမှုဆိုတဲ့အချက်တွေပါ အရေးပါပါတယ်..

ချီးမွမ်းစကားနှင့်ပတ်သက်၍ ကြိုးစားလိုစိတ်ကို လေ့လာရာတွင် ကလေးများတွင် အသက် ၇နှစ်အထိ မိဘ၏ ချီးမွမ်းစကားက အကျိုးသက်ရောက်မှုရှိပြီး အသက် ၈နှစ် နောက်ပိုင်းတွင် ပတ်ဝန်းကျင်၏ ချီးမွမ်းစကားသည် အရေးပါကြောင်း တွေ့ရှိရပါသည်။ (စိတ်ပညာ)

ဒါကြောင့် ဂျပန်တွေက “ချီးမွမ်းခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှု (self- confidence) ကို မြှင့်တင်ကြစို့ ”လို့ ကြွေးကြော်ပြီး ယခုနှစ် ၂၀၀၉ခု ဧပြီလကစလို့ စတင်ခဲ့ပါတယ်။

ကလေးတစ်ယောက်က သူကိုယ်တိုင်မှာ ရှိနေတဲ့ သူကိုယ်ပိုင်အရည်အချင်းကို သိလာအောင်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒီအတွက် နည်းလမ်းက ဘာမှမခက်ဘူး..။ အတန်းထဲမှာ ကလေးတစ်ယောက်ယောက်က အဖြေတစ်ခုခုကို ဖြေဆိုနိုင်တိုင်း ချီးကျူးပေးရမယ်၊ ကျန်အတန်းသားအားလုံးက လက်ခုပ်တီးပေးရမယ်လို့ စည်းကမ်းသတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်..။ ကျွန်မကိုယ်တိုင် သွားလေ့လာခဲ့တဲ့ ကျောင်းတွေမှာလည်း လက်ခုပ်တီးသံတွေ တညံညံကို ကြားခဲ့ရပါတယ်..။ အင်း.. ပျော်စရာတောင် ကောင်းပါတယ်။ အဲဒီနည်းလေး မဆိုးဘူးရယ်လို့လည်း သဘောကျမိတယ်..။

ဒါတင်မကဘူး သူတို့က တဆင့်တက်ပြီး အကောင်အထည်ဖော်ကြပြန်ပါတယ်။ ဒီနေ့ သတင်းစာထဲမှာ ကျောင်းတင်မကဘူး၊ အလုပ်ရုံတွေမှာပါ လုပ်ဖို့ အကြံပြုထားတာကို ဖတ်ရသလို လက်တွေ့တောင် အကောင်အထည်ဖော်နေတဲ့ ဌာနနာမည်တွေပါ ရေးထားတာကို တွေ့ရပါတယ်..။ ဟုတ်တယ်လေ ကလေးတွေတင် ချီးမွမ်းနေလို့ မပြီးသေးဘူး မဟုတ်လား..။ လူကြီးလည်း လူကြီးအလျောက်လိုအပ်တယ်လေ...။

အခု စီးပွားရေးသမားတွေက ဈေးကွက်စပါပြီ၊ အဲဒါက “ချီးမွမ်းခြင်းသင်တန်း”တဲ့း)) ဟိ..။ သင်တန်းမှာ “တဖက်သားကို ချီးမွမ်းတော့မယ်ဆိုရင် တဖက်သားမှာ ရှိတဲ့ ကောင်းတဲ့အချက်ကို ရှာပြီးတော့ ချီးကျူးနည်း”ကို လက်တွေ အဖွဲလိုက် သင်ပေးတာပါ..။ ဥပမာ.. လူက ၀ ပေမဲ့ မျက်လုံးလှတဲ့ ကောင်မလေးကို “ရှင့် မျက်လုံးလေးတွေက တော်တော်လှတာပဲနော်”.. ဒါဆို တဖက်ကလည်း “ရှင်လည်း အသားအရေ တကယ်လှတာပဲ”ဆိုတာမျိုး..။ အမျိုးသားဆိုရင်လည်း “ဟာ ခင်ဗျား နက်ကတိုင်ဒီဇိုင်းလေး တော်တော်လှတယ်နော်”ဆိုတာမျိုး...။

ဖတ်နေရင်း တခွိခွိ ရယ်မိတယ်...။ ရယ်ပြီးမှ ငါဘာလို့ ရယ်တာလဲလို့ ပြန်စဉ်းစားလိုက်တော့ အဖြေက ထွက်မလာဘူး..။ ဘာဖြစ်လို့ ရယ်မိပါလိမ့်နော်း) ( သူငယ်ချင်း မင်းကော “ငါဘာလို့ရယ်မိတယ်လို့ထင်လဲဟင်.. လာတွေးပေးဦးး))

ကဲ.. ဂျပန်တွေက ချီးမွမ်းခန်းသင်တန်းတွေ ပေးနေပြီ... ။ တနေ့ကျရင် တက္ကသိုလ်က နိုင်ငံခြားကျောင်းသားတွေပါ သင်တန်းလာတက်ဖို့ လာမပြောဖူးလို့ မဆိုနိုင်ဘူး။ အဲဒီအခါကျရင် အတန်းထဲမှာ ပြောတတ်အောင် လေ့ကျင့်ဦးမှ..းD

“အားလုံး သူငယ်ချင်းများ... တအားသဘောကောင်းတယ်နော်..၊ ပျင်းစရာ ဆောင်းပါးတစ်ခုကို အရှည်ကြီးရေးတာတောင် အဆုံးထိ စိတ်ရှည်လက်ရှည် ဖတ်ပေးတယ်..”

လသာည.. ဖြစ်ပါတယ်..
ရေးသားချိန် 22-12-2009 (schedule post for 25/12/2009)

Tuesday, December 22, 2009

ရှောကိုဂျော့ ဆေဲလာ

နောက်တပတ် new year ကျောင်းပိတ်ရက် ရောက်ပြီနော်..။ သူငယ်ချင်းများ အားလုံး ၂၀၀၉ ခုနှစ်အတွင်း ပင်ပန်းသမျှ (otsukare sama desu) အမောပြေနိုင်ပါစေပါနော်..

ကျောင်းပိတ်ရက်တွေမှာ အင်တာနက်ရှိသူများ စိတ်ပြေလက်ပျောက် အပျင်းပြေ ကြည့်လို့ရအောင် ဇာတ်ကားလေးတစ်ခု အခုမိတ်ဆက်ပေးချင်တယ်။ အဲဒါက shokojo seira ဆိုတဲ့ ဇာတ်ကားလေးပါ။ ဂျပန်နိုင်ငံ ANNတီဗွီအစီအစဉ်က အပတ်စဉ်ပြသွားတဲ့ ဇာတ်လမ်းတွဲလေးပေမယ့် အခု အင်တာနက်ပေါ်ရောက်နေပါပြီ..။

ဇာတ်လမ်းအဖွင့်မှာ အိန္ဒိယကို အခြေခံထားပေမဲ့ ကျောရိုးက ဂျပန်က ကျောင်းတစ်ကျောင်းကို ဗဟိုပြုထားပါတယ်..။ ဒီဇာတ်ကားလေးထဲမှာ အခြွေအရံအပြည့်နဲ့ နေလာတဲ့ ကောင်မလေးတစ်ယောက်က အခြေအနေ အကြောင်းကြောင်းကြောင့် အစေခံဘ၀ကို ရောက်သွားရတယ်။ အဲဒီမှာ ပတ်ဝန်းကျင်နောက်ခံကို လိုက်ပြီး ပြောင်းလဲတတ်တဲ့ လူတချို့ရဲ့ စိတ်နေစိတ်ထားတွေကို တွေ့ရလိမ့်မယ်။ သူမပြောလေ့ရှိတဲ့ စကားက “မိန်းခလေးဆိုတာ ဘယ်သူမဆို သမီးတော် မင်းသမီး (princess)ပဲ”ဆိုတာပါပဲ..

ကျွန်မတို့တွေက သည်းခံပါလို့ ပြောလေ့ရှိကြတယ်။ ဒါပေမဲ့ သည်းခံခြင်းဟာ အရာခပ်သိမ်းမှာ ကောင်းတယ်လို့ ဆိုလို့မရကြောင်း တွေရတယ်။ လူတစ်ယောက်က အမြဲသည်းခံတတ်ရင် တဖက်က ပိုအနိုင်ယူချင်လာတယ်။ နောက်ပြီး အထင်သေးစိတ်ဖြစ်လာတယ်။ ကာယကံရှင်ကိုယ်တိုင်လည်း အမြဲသည်းခံနေရလွန်းရင် သိမ်ငယ်စိတ်ဖြစ်တတ်တယ်မဟုတ်လား။ အဲဒီအတွက် ဘယ်လို လုပ်သင့်သလဲ..

လူတွေက အမှန်တရားကို မြတ်နိုးကြတယ်တဲ့..။ လူတစ်ယောက်ယောက်က သူများမသိအောင် (သူရဲ့အားနည်းချက်ကို ဖုံးကွယ်ချင်လို့) ပုန်းလျှိုးကွယ်ရှိုးလုပ်နေတာ တွေ့ရင် ကိုယ်နဲ့မဆိုင်ပေမဲ့ (အမှန်တရားကို မြတ်နိုးသူမိုလို့) “ဟန်ဆောင်တာတွေ ရပ်လိုက်စမ်း၊ အခုဘာလုပ်နေတာလဲ အမှန်အတိုင်း ပြော”လို့ ၀င်ပြောတတ်တယ်။ ဒါပေမဲ့ အမှန်တရားကို ချစ်မြတ်နိုးသူအနေနဲ့ သူများရဲ့ အားနည်းချက်ကို သိလိုက်ရတော့ရော ဘာဖြစ်သွားသလဲ။ ပျော်စရာလား ၊ အမှန်တရားမြတ်နိုးသူအတွက် ဂုဏ်ယူစရာလား..။

နောက်ပြီး အမှန်တရားဆိုတာ တစ်ခုတည်းမဟုတ်ဘူး..။ ဘယ်အရာကိုမဆို ဘက်စုံထောင်စုံမှ ကြည့်တတ်ရင် အမှန်တရားတွေက အများသားပဲဆိုတာ တွေ့ရလိမ့်မယ်။

နောက်ပြီး “ကိုယ့်ထက်သာ မနာလို”ဆိုတဲ့ ဆိုရိုးစကားလေး ရှိတယ်မဟုတ်လား.။ အဲဒီမနာလိုခြင်းရဲ့ နောက်ကွယ်မှာ သိမ်ငယ်စိတ်ဆိုတာက ရှိနေတယ်လေ။ သူက ကိုယ်ထက်တော်နေလေ၊ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်လေ၊ သူများကို မနာလိုလေ ဖြစ်တတ်တယ်။ ဒီအခါကျတော့ ဘယ်လောက် ကြီးမြတ်တဲ့ဘ၀ကို ရနေပါစေ၊ သိမ်ငယ်စိတ်ကို ခံစားမိတာနဲ့ သူဟာ သူထက်တော်တဲ့တခြားသူတွေကို ရန်မှုဖို့ ကြိုးစားတာပါပဲ..

မိတ်ဆွေကဏ္ဍမှာလည်း အပြန်အလှန်ချစ်ခင်တတ်ရင် ရာထူးဂုဏ်သိမ်ဆိုတာ အလကားပါ၊ လက်တွဲမပျက်ပါဘူး ..လို့ ပြောပေမဲ့ အားကြီးသူက အုပ်စုဖွဲလာရင် အားမတန်မာန်လျော့ပြီး ချစ်ခင်သူကို လက်တွဲခေါ်ဖို့ အားမရှိပဲ မျက်ရည်နဲ့ ဥပက္ခာပြုရတာမျိုးတွေ ရှိတတ်တယ်။ ဒီလိုဆိုရင် လက်တွဲမခေါ်လို့ မိတ်ဆွေစစ်မဟုတ်ဘူးလို့ မင်းပြောမှာလား..

အဲလိုမျိုးတွေပေါ့.... ဒီဇာတ်ကားလေးက ဇာတ်လမ်းဆိုတော့ ဇာတ်လမ်းဆန်ဆန် ဇာတ်နာချင်နာနေမယ်။ ဒါပေမဲ့ ဘ၀ကို နေတတ်အောင်၊ ပတ်ဝန်းကျင်ကို အမှန်အတိုင်း မြင်တတ်အောင်၊ ရန်လိုမုန်းထားသူတွေအပေါ် စိတ်ထားတတ်အောင်..၊ နိမ့်ကျခြင်းဆိုတာ မိမိကိုယ်တိုင် နှိမ့်ချလိုက်မှ နိမ့်ကျခြင်းဖြစ်တယ်ဆိုတာမျိုးကို စကားလုံးလှလှလေးတွေနဲ့ ပညာပေးထားတယ်...။ တအားကောင်းလွန်းလို့ ငိုစရာတွေမှာ မျက်ရည်ကျအောင် ကောင်းသလို ပျော်စရာ ဟာသတွေလည်း အများကြီးပါတယ်။။

အချိန်ရရင် ကြည့်ဖြစ်အောင်ကြည့်လိုက်နော်..။ ကြည့်ပြီးရင် အခုထက် လောကဓံကို စိန်ခေါ်ရဲတဲ့ သတ္တိတွေရှိသွားလိမ့်မယ် သိလား..း)) ဒီလင့်လေး (http://www.mysoju.com/shokojo-seira/)မှာ သွားကြည့်လိုက်ပါ။ ၀န်ခံစရာ ရှိသေးတယ်၊ အဲဒါကဘယ်သူဆုံးဖြတ်မလဲ ဆိုတဲ့ပိုစ်က အဲဒီဇာတ်လမ်းထဲက အကြောင်းအရာတစ်ချို့ကို မှီငြမ်းထားတာပါ။

လသာညလည်း တိုကျိုရွာကို ပြန်ဦးမယ်..။ ၁၀ရက်လောက် ကြာမယ်ထင်တယ်..။ (ထင်တယ်လို့ ပြောရတာက ကျောင်းစာကိစ္စကြောင့် စောပြန်ချင်လည်း ပြန်မယ်ဆိုတော့ မသေချာလို့ ပြောတား) ဒါကြောင့် ဘလော့ကို မလာနိုင်လောက်ပြန်ဘူး...းD ခွင့်လွှတ်ပေးပါဦးနော်း))
(အချိန်ရရင် schedule postလုပ်ပြီး ကြိုတင်ခဲ့ပါ့မယ်..)

အားလုံးကို ချစ်ခင်တဲ့
လသာည.. ဖြစ်ပါတယ်...

ဘ၀အမောတစ်ခု

“ဒီဇင်ဘာဆိုတာ နှစ်တနှစ်ရဲ့ နောက်ဆုံးလဆိုတော့ လူတွေက နောက်တစ်နှစ်ကူးဖို့ပဲ စိတ်စောနေတတ်လို့ ဒီဇင်ဘာရဲ့ သာယာချိန်ကို မေ့နေကြတယ်... ဒီဇင်ဘာကို သနားတယ်..”

ဒါက ကျွန်မရဲ့ ကျူတာ ဒီဇင်ဘာမွေးနေ့ ပိုင်ရှင်ဖြစ်တဲ့ ဂျပန်ကောင်မလေး ငိုရင်းပြောတဲ့စကားပါ။ သူမက လသာညထက် ၅နှစ်ငယ်တယ်။ သူရဲ့အတွေးကို အခုတလော မကြာခဏပြောနေတော့ ကျွန်မတောင် ဒီဇင်ဘာကို သနားရမလိုလို ဖြစ်လာတယ်။ ဒါပေမဲ့ ကိုယ့်အမြင်အရတော့ ဒီဇင်ဘာလထက် သနားစရာက သူမကိုယ်တိုင်ဖြစ်နေပါတယ်..။

အော် အဲဒီအကြောင်း မပြောခင် လသာညရဲ့ သူငယ်ချင်းလေးတွေကို တောင်းပန်ရဦးမယ်။ ဒီလထဲမှာ စာသိပ်မရေးနိုင်ပဲ တခါတလေ စီဘောက်တောင် မလာနိုင်ခဲ့တာကိုပါ။ ဆောရီးနော်..။ အသစ်တင်တင် မတင်တင် လာလည်သွားကြတာ တွေ့တော့ ပျော်ပေမယ့် အားနာမိပါတယ်..။ လာလည်တာ ကျေးဇူးအများကြီးတင်ပါတယ်လို့....

သူမအကြောင်းပြန်ဆက်ရရင်.. သူမ ဒီနှစ်ထဲမှာ အများကြီး ငိုနေတာတွေ့ရတယ်။ ငိုစရာတွေက ခဏခဏရှိနေတယ်။ သူတို့ဂျပန်နိုင်ငံမှာ အလုပ်တွေကို ဘွဲမရခင် ကြိုလျှောက်ရတယ်။ သူမက ကျောင်းဆရာမဖြစ်ချင်လို့ဆိုပြီး ကျောင်းဆရာမဖြစ်ခွင့် စာမေးပွဲကို ဖြေတယ်။ အင်း.. ဒါပေမဲ့ သူမ အလုပ်ဝင်ခွင့် စာမေးပွဲကျတယ်...။ နောက်တစ်လစောင့်ပြီး ဒုတိယအကြိမ် အလုပ်ဝင်ခွင့် စာမေးပွဲကို နေရာနှစ်နေရာ ထပ်ဖြေတယ်..။ ထပ်ကျတယ်..။ တစ်နှစ်ထဲမှာ သုံးကြိမ်ဖြေတာ သုံးကြိမ်လုံးကျတယ်။

အဲဒီနောက်တော့ သူမရဲ့ လက်ရှိ မာစတာ စာတမ်းကို ပြီးအောင် လုပ်ဖို့ ပြန်အားထုတ်ပြန်တယ်။ စာတမ်းက နောက်လ ၂၀ရက်နေ့နောက်ဆုံး တင်ရမှာဖြစ်တော့ သူလုပ်ပြီးသား သုတေသနတွေကို ပြန်အချောသတ်ရမှာ ဖြစ်ပေမဲ့ သူမက သူမအတွက် impression ရအောင် ဆိုပြီး သုတေသနအသစ်တစ်ခုကို ဒီလ (ဒီဇင်ဘာမှာ စလုပ်တယ်)..။

သူမလုပ်သမျှဟာ သူရဲ့ဆရာအတွက် တစ်ခုမှ စိတ်တိုင်းမကျဖြစ်ရတာချည်းပဲ.. ။ နေ့တိုင်းဆူခံရတယ်။ ဆူခံရပြီးတိုင်း သူ ငိုတယ်.။ သူငိုရင် အားလုံးက ၀ိုင်းအားပေးကြရတာပေါ့..။ အကြိမ်များလာတော့ သူများတွေကလည်း အပူကိုယ်စီနဲ့ဆိုတော့ သိပ်နားမထောင်တော့ဘူး..။ နောက်ဆုံးတော့ လသာညပဲ နားထောင်ပေးသူ ရှိတော့တယ်။ (လသာညကတော့ ထွက်ပြေးလို့မရဘူးလေ သူမက ကိုယ့်ကျူတာဖြစ်နေတာဆိုတော့) လသာညက အများကြီး အားမပေးတတ်တော့ သူပြောစကားကို သေချာနားထောင်ပေးတာမျိုးပဲ လုပ်ဖြစ်တယ်။

ဒီလိုနဲ့ပဲ နောက်ဆုံးတော့ ပြီးခဲ့တဲ့ တပတ်လုံးလုံး သူမက ကိုယ့်အခန်းကို လာလိုက်သွားလိုက်လုပ်နေတယ်။ လာတိုင်း ကွန်ပျူတာက သူသုံးနေတာလေ.. ( ဘလော့မရေးနိုင်တာ အဲဒါလည်းပါတယ်)။ သူ့ကို ကြည်ြ့ပီး သူကိုအားပေးရင်း ကိုယ်ပါ စိတ်ရှုပ်လာတယ်။ အမြဲ ခေါင်းက မရှင်းဘူး..။ ဒါနဲ့တွေးဖြစ်တယ် သြော်.. အပူဆိုတာ ကူးတတ်ပါလားလို့..။်

ဒါပေမဲ့ ဒီနေ့တော့ ပျော်နေတာ တွေ့တယ်။ သူမက ချစ်သူရသွားပြီမိုလို့ မုန်လိုက်ကျွေးမယ်လို့ ဖိတ်ပါတယ်။ အင်း.. ဒါဆိုရင်တော့ အခုရက်မှာ သူမ ပခုံးမှီတစ်ခုရသွားပြီမို့ လသာညဆီ လာမငိုလောက်တော့ပါဘူး..။ တော်သေးတာပေါ့ ဒီဇင်ဘာ..ရယ် :D (လာငိုရင်လည်း ဒီတခါ ကိုယ်က ဦးအောင် ငိုပြလိုက်တော့မယ် :) ဟုတ်တယ် စိတ်ရှုပ်လာပြီ။

ကျူတာအဖြစ်က (တကယ်က သူမက ဥာဏ်ကောင်းသူပါ) စာမေးပွဲသုံးခါလုံးကျပြီး လုပ်သမျှ မအောင်မြင်ဖြစ်သွားရတာက အစစကို အကောင်းဆုံးဖြစ်ချင်စော အားကြီးပြီး အသေးအဖွဲကလေးကအစ မပြီးနိုင်မစီးနိုင် စိတ်တိုင်းမကျ ဖြစ်နေလို့ပါ။ လသာည တွေးတာက ဘာလို့ ဂျပန်တွေဟာ “အကောင်းဆုံးဖြစ်မှ”ဆိုတာကို သိပ်ပြီး မျှော်လင့်ကြသလဲ ဆိုတာပါ။ အင်း....... ဒီနေ့တော့ ၂၀၀၉ ခုနှစ်အတွက် အတန်းတွေလည်း ပြီးသွားပြီ၊ လာငိုတတ်သူ လည်း ရှင်းသွားပြီဆိုတော့ ဘလော့ထိုင်ရေးလိုက်ပြီ..။ လသာညကတော့ အကောင်းဆုံး မဖြစ်ချင်လည်း နေပါစေ၊ ကိုယ်ရဲ့အရည်အချင်းနဲ့ ထိုက်သင့်တဲ့ အောင်မြင်တစ်ခုရအောင် ကြိုးစားနိုင်ရင် တော်ပါပြီလို့ ဆုံးဖြတ်လိုက်မိတယ်..

Tuesday, December 15, 2009

လူကြီးမဖြစ်ချင်ဘူး

တခါက လူကြီးတစ်ယောက်က တံတားလေးဘေးမှာ ထိုင်နေတုန်း ကလေးတစ်ယောက် ငိုနေတာကို တွေ့တော့ မေးတယ်။
လူကြီး ။ ။ ဘာလို့ ငိုတာလဲ ကလေးရယ်...
ကလေး။ ။ အဟင့်ဟင့် ငိုချင်လို့ ငိုတာ...

လူကြီး။ ။ ကလေးရယ် ငိုချင်တာ အကြောင်းရှိရမယ်လေကွာ။ ဗိုက်ဆာလို့လား..၊ ကစားချင်တာ မကစားရလို့လား၊ ဒါမှမဟုတ် ကလေးမိဘတွေက ဆူလို့လား၊ တစ်ခုခုလေကွာ..။

ကလေး။ ။ မသိဘူး..။ အခုငိုချင်လို့ ငိုတာ..။
လူကြီး။ ။ ကောင်းတယ်၊ ငိုချင်ရင် ငိုသာချလိုက်..။

ထိုနောက် လူကြီးက ဘာမှ ဆက်မပြောပဲ တစ်ခုခုကို တွေးနေသလို ငြိမ်သွားတယ်။ ကလေးက လူကြီးကို သေချာကြည့်ပြီး ပြန်မေးတယ်။

“ ဦးဦးကကော မငိုဘူးလား..”
လူကြီး။ ။ ဘာလို့ ငိုရမှာလဲ..

ကလေး။ ။ ဦးက ငိုချင်နေတာမဟုတ်လား။ သားလိုပဲ ငိုလေ။
လူကြီး ။ ။ ...................................

ကလေး။ ။ လူကြီးဆိုရင် မငိုရဘူးလား...။
လူကြီး ။ ။ ................................

ကလေး။ ။ လူကြီးဆိုရင် ငိုစရာမရှိဘူးလား..။
လူကြီး။ ။ ရှိတာပေါ့ ကလေးရယ်...။ အများကြီး.....ပေါ့။

ဒီတခါ ငြိမ်သွားသူက ကလေးလေးပါ..။ ခဏနေတော့ ကလေးက ဆက်ပြောတယ်။
“ ဒါဆို သား... လူကြီး မဖြစ်ချင်ဘူး....”

ဒီစကားကြားတော့ လူကြီးက တဖက်လှည့်ပြီး အလျင်အမြန် မျက်တောင်ခတ်လိုက်ပါတယ်။ ဒါပေမယ့် မရပါဘူး။ မျက်ရည်တွေက စီးကျသွားတယ်...။ လူကြီးက မျက်ရည်ကို ကလေးမမြင်အောင် သုတ်လိုက်ရင်း. လူကြီးဆန်ဆန် မျက်နှာပေးနဲ့ ပြောလိုက်တယ်...........
“ဟုတ်တယ်..။ ငါလည်း လူကြီး မဖြစ်ချင်ဘူးကွ..” တဲ့..။
.....................................................
လသာည ပါ (*^0^*)

Saturday, December 12, 2009

ရေစုန်နဲ့ ရေဆန်

ရေစုန်
သမီးငယ်ရေ... အခုချိန်မှာ အဝေးတနေရာကို ခွဲထားရတဲ့ မေမေ့ သမီးလေး နေကောင်းရဲ့လားကွယ်။ မေမေ... အချိန်တိုင်း သတိရနေပါတယ် သမီးငယ်။

မိုးရာသီရဲ့ တခုသောနေ့တနေ့မှာ မေမေ့ဆီ သမီးရောက်လာခဲ့တယ်..။ သမီးအလာကို ရင်ခုန်စွာ စောင့်ကြိုနေခဲ့တဲ့ အဲဒီနေ့ကလေ.. သေးငယ်တဲ့ မျက်နှာဝိုင်းဝိုင်းလေးနဲ့ ခြေထောက်လေး၊ လက်လေးတွေပိုင်ရှင်က မေ့မေ့သမီးပါလားဆိုတာကို ပထမဆုံးသိသိချင်း အံသြမိတယ်၊ နောက် ရင်တွေက တအားခုန်လာပြီး အနားကမခွာနိုင်အောင် သမီးကို တချိန်လုံး ကြည့်နေခဲ့မိတယ်....။ သမီး မေ့မေဆီကို ရွေးချယ်ခဲ့ပြီး မေ့မေ့သမီးဖြစ်ခဲ့တဲ့အတွက် သမီးကို မေမေ ကျေးဇူးတင်မိတယ်။

သမီးငယ်..မေမေကလေ အရင်က စိတ်အားငယ်တတ်သူဖြစ်ခဲ့တယ်..။ ဒါပေမဲ့ သမီး မေမေ့ဆီရောက်လာပြီးနောက်ပိုင်း မေမေ စိတ်ဓါတ်ကြံခိုင်သူဖြစ်လာခဲ့တယ်။ တခါက မိုးရွာသီတနေ့မှာ သမီးဖျားတယ်။ မေမေတို့က ဆေးခန်းနဲ့ဝေးတဲ့ နေရာတစ်ခုကို ရောက်နေချိန်ဖြစ်လို့ သမီးငိုသံကိုနားထောင်ရင်း ဆေးခန်းကို ပြေးဖို့ ဆောက်တည်ရာမရဖြစ်ခဲ့ရတယ်။ နောက်ဆုံးမှာ မေမေဆုံးဖြတ်ချက်ချပြီး သမီးကို မိုးကာအကျီင်္လေးခြုံပေးပြီး အိမ်ကအတူနေ ကောင်မလေးကို ချီခိုင်းပြီး သမီးတို့နှစ်ယောက်ကိုတင်လို့ ဆိုင်ကယ်ကို စီးခဲ့တယ်။ တကယ်ဆို ဆိုင်ကယ်စီးသင်တာ ၂ ရက်ထဲပဲ ရှိသေးတဲ့ မေမေဟာ လမ်းတစ်လျောက် ဖြောင့်ဖြောင့်တန်းတန်း စီးနိုင်ဖို့ မနည်းကို ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့လည်း တစ်ခုခုဖြစ်ရင် မေမေကိုယ်တိုင်ထက် သမီးကို ထိခိုက်မှာစိုးတဲ့စိတ်က ဆိုင်ကယ်လက်ကိုင်ကို ထိန်းပေးသွားသလိုပဲ....။ အဲဒီနေ့က ဆေးခန်းကို ချောမောစွာ ရောက်ရှိခဲ့တယ်။ မိုးရေထဲမှာ ပြန်လာခဲ့ရင်း သမီးမျက်နှာလေးကို ကြည့်လို့ ၀မ်းသာ မျက်ရည်ကျခဲ့တယ.်...

သမီးငယ်...တကယ်ဆို မေမေက မေတ္တာကို သိပ်အယုံအကြည်မရှိသူဖြစ်ခဲ့တယ်။ ကိုယ့်ကိုအမြဲလိုအပ်သူဟာ မရှိနိုင်ဘူးရယ်လို့ တွေးမိတယ်။ ဒါပေမဲ့.. အဲဒီအတွေးကို သမီးက ပြောင်းလဲစေခဲ့တယ်..။ အရေးကြီး အလုပ်ကိစ္စတစ်ခုနဲ့ မေမေက တနေရာကို သွားရတုန်းကပေါ့.. သမီးကို စိတ်ပူပြီး မေမေအမြန်ပြန်လာခဲ့တယ်။ ပြန်ရောက်တော့ သမီးလေးက ငိုထားတာ မျက်နှာလေးကို ရဲလို့..။ ဘယ်သူချော့ချော့ အငိုမတိတ်တဲ့ သမီးက မေမေရင်ခွင်ထဲရောက်တော့ ရှိုက်သံတစ်ချက်ပြုလို့ တိတ်သွားခဲ့တယ်..။ စကားမပြောတတ်သေးတဲ့ မျက်လုံးလေးတွေကလည်း “မေမေ သမီးကိုထားပြီး ဘယ်ကိုမှ မသွားပါနဲ့”လို့ ပြောနေသလို ခံစားရပြီး မေမေ တညလုံး မျက်ရည်ကျခဲ့မိတယ် သမီးငယ်...။ အဲဒီနေ့က “ငါ့ကို အမြဲလိုအပ်သူ ရှိနေပါလား”လို့ မေမေ ပျော်ခဲ့မိတယ်....။ မေမေ့ကို လိုအပ်သူတစ်ယောက်၊ တန်ဖိုးရှိတစ်ယောက်အဖြစ် သတ်မှတ်ပေးလို့ သမီးကို ကျေးဇူးတင်ပါတယ်...

သမီးငယ်.. မေမေဟာ တကယ်တော့ အထီးကျန်ခံစားမှုကို ခံစားလွယ်သူဖြစ်ခဲ့တယ်။ တစ်ခုခုဆိုရင် ၀မ်းနည်းလွယ်တယ်..။ ဒါပေမဲ့လည်း ကိုယ်ဘာသာတစ်ယောက်တည်း ကျိတ်ဖြစ်နေတဲ့ အထီးကျန်ခံစားမှုကို ဖြေဖျောက်ဖို့အတွက် မေမေက စာအုပ်တွေကိုပဲ အဖော်ပြုခဲ့တယ်..။ သမီး မေမေ့ဘ၀ထဲကို ၀င်ရောက်လာပြီး နောက်ပိုင်းမှာတော့ သမီးရဲ့ ရယ်မောသံလေးတွေ၊ ချွဲနွဲ့သံလေးတွေက စာအုပ်တွေအစား မေမေ့ရဲ့ အထီးကျန်ခံစားတတ်မှုကို ပျောက်ကင်းစေခဲ့တယ်..။ သမီးရယ် ကျေးဇူးတင်ပါတယ်ကွယ်..

သမီးငယ်.. တကယ်ဆို မေမေက ပင်ပန်းမှုဒဏ်ကို အလွယ်တကူအလျော့ပေးတတ်သူပါ..။ ဒါပေမဲ့ အခု သမီးအတွက် မေမေကြိုးစားနေတယ် သမီးရယ်...။ ပင်ပန်းတယ်..ပင်ပန်းတယ်လို့ အော်ညည်းချင်ပေမဲ့ အားလျော့ချင်ပေမဲ့ မညည်းဖြစ်အောင် မေမေကြိုးစားခဲ့တယ်။ မေမေပင်ပန်းသမျှဟာ သမီးအတွက် ပန်းမွေ့ယာတစ်ခုဖြစ်မယ်ဆိုရင် မေမေကတော့ ဆက်လက်ကြိုးစားနေဦးမှာပဲ..။အဲဒီလို ကြိုးစားလိုစိတ်တွေကို ဖန်တီးပေးတဲ့ သမီးကို မေမေက ကျေးဇူးတင်ပါတယ်..

ဒါပေမဲ့ သမီးရယ်.. မမြင်ရတဲ့ အနာဂတ်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ သမီးလေး အဆင်ပြေစေဖို့ လက်ရှိအချိန်မှာ သမီးနဲ့ တနေရာစီရောက်နေရတယ်..။ တခြားကလေးတွေ မိသားစုအစုံအလင်နဲ့ သွားလာနေတာကြည့်ပြီး သမီးအားငယ်နေမလား၊ ဒါမှမဟုတ် မေမေ သမီးကိုပစ်ထားတယ်လို့ ငိုပြောမှာလား၊ .. အတွေးနဲ့တင် မေမေရင်နာရပါတယ်။ တကယ်ဆို တနေရာစီ မနေချင်ပါဘူး သမီးရယ်။ သမီးကို အဲလို တနေရာမှာ မထားချင်ပါဘူးကွယ်။။ အနားမှာ မထားနိုင်တဲ့ မေမေ့ကို သမီးခွင့်လွှတ်ပါ..။မေမေက သမီးအတွက် ကြိုးစားနေသူပါ...။ မေမေ အသက်ရှင်သမျှ ကြိုးစားနေသမျှဟာ သမီးအတွက်ပါ။ သမီးငယ်.. မှတ်ထားနော်... မေမေဟာ ဟောဒီလောကကြီးထဲမှာ သမီးကို အချစ်နိုင်ဆုံး တစ်ဦးတည်းသော မေမေလို့ ...
ချစ်တဲ့
သမီးရဲ့ မေမေ
..............................................................................................................

ရေဆန်
မေမေ.. သမီး ဒီအသက်အရွယ်အထိ မေမေက ပင်ပန်းစွာ ပြုစုစောက်ရှောက်ပေးခဲ့တယ်..။ သမီးကို အများနည်းတူ တန်းတူထားနိုင်အောင် မေမေက ဂရုစိုက်ခဲ့တယ်။ မေမေကို.. ကျေးဇူးတင်ပါတယ်..။

မေမေရယ်..
သမီးက မေမေနဲ့ တူတယ်၊ မေမေ့လိုပဲ မျက်ရည်လွယ်တတ်သူလေ။ မငိုပါနဲ့ မေမေရယ် အနားမှာ သမီးရှိနေမှာပါ၊ သမီးကို အားငယ်ပြီး အထီးကျန်နေမှာစိုးရိမ်ပြီး မေမေက ငိုနေခဲ့တာ သမီးသိနေပါတယ်။ မေမေရှိနေတာ သမီးအားမငယ်ပါဘူး၊ မကြောက်တတ်ပါဘူး မေမေရယ်.။ မေမေကို.. ကျေးဇူးတင်ပါတယ်..။

ငိုရတဲ့အချိန်ပဲဖြစ်ဖြစ်၊ ရယ်နေတဲ့အချိန်ပဲဖြစ်ဖြစ် ၊ မေမေ့ကို စိတ်ကောက်တဲ့အချိန်ပဲ၊ မေမေကဆူတဲ့အချိန်ပဲ ဖြစ်ဖြစ် အားလုံးဟာ သမီးအတွက် တန်ဖိုးရှိတဲ့ဘ၀တွေပါ။ မေမေကို.. ကျေးဇူးတင်ပါတယ်..။ ပင်ပန်းနေတဲ့ အချိန်တိုင်း မေမေက သမီးကို ဖက်လို့ အားယူနေခဲ့တာ၊ ပြီးတော့ သမီးကို အားပေးနေခဲ့တာ သမီးသိတာပေါ့..။ မေမေကို သမီးက ရင်ထဲကနေ ကျေးဇူးတင်ပါတယ်..။

တဇွတ်ထိုးလုပ်တတ်သူသမီးက ဘာအလုပ်ကိုပဲ ဇွတ်လုပ်လုပ် မေမေက “သမီးလုပ်ချင်တာကို လုပ်၊ နားချင်တဲ့အချိန်နားလိုက် သမီး”လို့ ပြောပြီး နောက်ကနေ တွန်းကန်အားပေးနေတဲ့ မေမေ့ကျေးဇူးကို သမီးအမြဲ သတိရနေပါတယ်။ မေမေကို.. ကျေးဇူးတင်ပါတယ်..။ အမြဲတမ်း အားငယ်တတ်၊ ကြောက်တတ်၊ စိတ်ပျော့တဲ့ သမီးကို အမြဲချစ်နေတဲ့ မေမေ့ကို သမီးကျေးဇူးတင်ပါတယ်။ ကြီးမားတဲ့ မေတ္တာရှင်မေမေကို သမီးအမြဲလိုအပ်နေပါတယ် မေမေ..။

ရှေ့ဆက်ပြီး တွေ့ရမယ့် အတားအဆီးတံတိုင်းတွေကို သမီး မကြောက်တော့ဘူး။ အရှုံးလည်း မပေးဘူး။ မေမေဆွဲခဲ့တဲ့ အိပ်မက်တွေအတိုင်း ဖြစ်တဲ့အထိ သမီးကကြိုးစားမှာပါ..။ တွေရဆုံရ၊ ဖြစ်ရပျက်ရသမျှတွေကိုလည်း အားအင်အဖြစ်ယူလို့ ရင့်ကျက်တဲ့ လူကြီးတစ်ယောက်ဖြစ်အောင် သမီးကကြိုးစားမှာပါ။ လောကကြီးကို ရင်ဆိုင်နည်းတွေကို မေမေက သင်ပေးထားတယ်လေ..။ သမီးက တစ်ယောက်တည်း မဟုတ်ပါဘူး။ မေမေရှိနေတာပဲ သမီး အားမငယ်တော့ပါဘူး မေမေ...နော်..မေမေ။ မေမေရယ် မငိုပါနဲ့တော့..။

နေ့စဉ်ဘ၀တွေကို အရေးကြီးဆုံးအရာတွေကို ရှာဖွေရင်း ဖြတ်ကျော်ပါ့မယ်။ မေမေ မငိုပါနဲ့တော့..။ မေမေနားမှာ သမီးအမြဲနေပေးနိုင်အောင် ကြိုးစားမှာပါ...။ မေမေဟာ သမီးအတွက် ဘုရားကပေးတဲ့ အဖိုးတန်ဆုံး ဆုပါ..။ မေမေ သမီးရင်ထဲက စကား မေမေကြားပါစေ..။
မေမေ... ကျေးဇူးတင်ပါတယ် မေမေ.....ကျေးဇူးတင်ပါတယ်မေမေ...............................
မေမေရဲ့ သမီး
.................................................................................................................

လသာည.......ဖြစ်ပါတယ်/

မှတ်ချက်။ အရမ်းကြိုက်ပြီး ခဏခဏနားထောင်ဖြစ်နေတဲ့ သီချင်းနှစ်ပုဒ်( kimi no mama yori)နဲ့ (mama e)ကို မျှဝေချင်ခဲ့တာ ကြာပြီ။ ရေးလိုက်တိုင်း ကိုယ်ကအရင် မျက်ရည်ကျနေတာမို့၊ တ၀က်တပျက် ဖြစ်နေခဲ့တယ်။ ဒီနေ့တော့ ဒီပိုစ်ကို အဆုံးသတ်ရင်း မေမေ့ကို လွမ်းနေသူများ၊ မေမေအဖြစ်ရှိနေသူများအတွက် မေတ္တာဘွဲ သီချင်းလေးနှစ်ပုဒ်ကို မျှဝေပေးလိုက်ပါတယ်။ အားလုံး မေတ္တာရိပ်မှာ နွေးထွေးလုံခြုံကြပါစေ.....

Thursday, December 10, 2009

ဝေဖန်တော့မယ်ဆိုရင်

ဂျပန်မူလတန်းကျောင်းလေးသို့ စိတ်ပညာကျောင်းသားများ လေ့လာရေးသွားတုန်းကပေါ့။ အတန်းတစ်တန်းကို ၀င်လေ့လာတဲ့ အချိန်လေးမှာ ဆရာမက ခုံတန်းဘေးက ဖြတ်လျှောက်ရင်း ကလေးတွေရဲ့ သချာင်္အဖြေတွေ မှန်မမှန်စစ်ဆေးနေခဲ့တယ်။ အဲဒီမှာ နောက်ဆုံးတန်းက ကလေးလေး နှစ်ယောက်နားရောက်လာတယ်။ ပထမတစ်ယောက်ကို ဆရာမက မေးလိုက်တယ်..

“သား အဖြေ ဘယ်လောက်ရလဲ”
“၃၀၀ ပါ ဆရာမ”
“အိုး တော်လိုက်တာ။ အရမ်းတော်တာပဲ...။ အဖြေမှန်ရအောင် တွက်ထားတာပဲ”

ပြီးတော့ နောက်တစ်ယောက်နားကို သွားပြီး ဆက်မေးတယ်...
“အဖြေ ဘယ်လောက်ရလဲ”
“ ၃၀၀ ပါ ဆရာမ”
“ဟုတ်တယ်။ အဖြေမှန်တယ်”
ဆရာမက အဲဒါပဲ ဖြေပြီး တခြားခုံနားကို ထွက်သွားတယ်။

ဟင်.. လေ့လာရေးကျောင်းသားများ စိတ်ထဲမှာ တစ်စုံတစ်ခုကို ဘ၀င်မကျဖြစ်သွားတယ်။ အဖြေချင်းအတူတူ တစ်ယောက်ကိုတော့ အရမ်းတော်တယ်လို့ ချီးကျူးပြီး အခြားတစ်ယောက်ကိုတော့ ပုံမှန်ပဲ ပြောသွားတဲ့အတွက်ပါ။

ဒီနောက် ဆက်လက်လေ့လာနေစဉ်မှာပဲ ဆရာမက နောက်ထပ် ပုစ္ဆာတစ်ပုဒ်ကို ထပ်ပေးပါတယ်။ ကလေးအားလုံး တွက်ပြီးချိန်လောက်မှာ ဆရာမက အဖြေစစ်ဖို့ ခုံတန်းလိုက် လမ်းလျှောက်ကြည့်ပါတယ်။ နောက်ဆုံးခုံနားကို ရောက်တော့ အခုနကလိုပဲ ဆရာမက မေးပါတယ်..။
“အဖြေ ဘယ်လောက်ရလဲကွယ်”
“၄၅ ပါဆရာမ”
“ဟုတ်လား... အင်း.. အဲဒါ မှားနေတယ်။ ၄၅က အဖြေမှန်မဟုတ်ဘူးနော် ”

နောက် ဘေးနားက ကလေးကို ဆက်မေးပါတယ်.. “အဖြေဘယ်လောက်လဲကွယ်”
“၃၂ ပါဆရာမ”
“မှားတယ်၊ ဘာလို့ သေချာမတွက်တာလဲ..။ ဘာဖြစ်လို့ ပေါ့ပေါ့ရွှတ်ရွှတ်လုပ်နေတာလဲ”

ဒီတခါတော့ လေ့လာရေးကျောင်းသားတွေရဲ့ အတွေးက ပိုသေချာသွားသလိုခံစားနေကြတယ်။ “ဆရာမဟာ ကလေးအတူတူ မျက်နှာလိုက်တတ်တယ်၊ မှန်သူအချင်းချင်း ခွဲခြားပြီး ချီးကျူးတတ်တယ်။ အဖြေမှားသူချင်းကို တစ်ယောက်ကို မဆူပဲ အခြားတစ်ယောက်ကိုပဲ ဆူပူပြစ်တင်နေခဲ့တယ်။ ဒီဆရာမဟာ ကလေးတွေရဲ့စိတ်ကို နားမလည်သူ၊ ကျောင်းဆရာမမဖြစ်သင့်သူ.”.လို့ သုံးသပ်လိုက်ပါတယ်။

ဒီလိုနဲ့ နေ့လည်ထမင်းစားဆင်းချိန်ကျတော့ လေ့လာရေးကျောင်းသားတွေလည်း ပါမောက္ခနဲ့ ပြန်ဆုံပြီး မနက်ဖက် လေ့လာ တွေရှိချက်တွေကို ဆွေးနွေးကြတယ်။ သေချာတာပေါ့.. မျက်နှာလိုက်တဲ့ ဆရာမအကြောင်းလည်းပါတယ်။ ဆရာမ့အကြောင်းကို ကြားတော့ ပါမောက္ခဆရာကြီးက ဘာမှမဝေဖန်ပဲ ပြုံးနေခဲ့တယ်။

ဒီလိုနဲ့ နေလည်အတန်းပြန်တက်ချိန်ကျတော့ ဆရာကြီးပါ လေ့လာရေးကျောင်းသားတွေနဲ့အတူ မျက်နှာလိုက်တဲ့ဆရာမ သင်ခဲ့တဲ့အတန်းကို လိုက်လာပါတယ်။ နေ့လည်ချိန်ဆရာမ စာမသင်ခင် ခဏခွင့်တောင်းပြီး နောက်ဆုံးက ကျောင်းသားနှစ်ဦးအနက် ချီးကျူးခံသင့်လျက် ချီးကျူးမခံရသူ၊ မှားတဲ့အခါ ပြစ်တင်ခံရသူ ကလေးငယ်ကို အပြင်ကို ခဏခေါ်ပြီး ဒီလိုမေးပါတယ်။

“သားကို ဆရာမက ဒီနေ့ဆူတယ်ဆို၊ ဟုတ်လား ဘာဖြစ်လို့လဲကွ”
ကလေးက ရယ်ပြီးတော့ “ဒီနေ့ သချာင်္တွက်တာ မှားလို့ပါ ခင်ဗျာ”
“ဟေ.. မှားတာနဲ့ ဆူရသလား၊ မင်းဘေးက သူငယ်ချင်းကိုကျတော့ ဆရာမက မဆူဘူးဆို”
“ဟုတ်ကဲ့..၊ သားက သချာင်္အမှတ်ပြည့်ရနေကျသူဆိုတော့ ဒီနေ့မမှားသင့်ပဲ မှားလို့ ဆရာမက ဆူတာပါ၊ သူကတော့ သချာင်္မတော်ဘူး။ အမြဲမှားနေကျမိုလို့ ဆရာမက ဆူလည်း မောရုံပဲ ရှိမှာမိုလို့ မဆူတာပါ”

ပါမောက္ခဆရာကြီးက သဘောကျစွာ ပြုံးလိုက်ပြီးတော့ ဆက်မေးတယ်..
“ဒါနဲ့ ပုစ္ဆာအဖြေမှန်တော့လည်း သားကို ဆရာမက မချီးကျူးဘူးဆို၊ ဆရာမက မျက်နှာလိုက်တတ်တယ်ထင်တယ်”
“မဟုတ်ပါဘူး ခင်ဗျ။ အဲဒီပုစ္ဆာက လွယ်ပါတယ်။ အမြဲမှန်နေကျ ကျွန်တော့်အတွက် မထူးဆန်းပါဘူးခင်ဗျ။ ကျွန်တော့်ဘေးက သချာင်္မတော်တဲ့သူငယ်ချင်းကတော့ အဲဒီပုစ္ဆာကို ဒီနေ့ မှန်အောင်တွက်နိုင်လို့ ဆရာမက ချီးကျူးတာပါခင်ဗျ..။

ကလေးငယ်စကားအဆုံးမှာ ဆရာကြီးနဲ့တကွ လေ့လာရေးကျောင်းသားများအားလုံး လက်ခုပ်တီးလိုက်ကြပါတယ်..။ “ကလေး မင်း အရမ်းတော်တာပဲ”လို့လည်း ပြောလိုက်ကြတယ်။

လေ့လာရေးခရီးရဲ့ အပြန်လမ်းမှာ ဆရာကြီးက ဒီလိုပြောပါတယ်။

“ဒီနေ့လေ့လာရေးကနေပြီး သင်္ခန်းစာတစ်ခု ရသွားပြီလို့ ယုံကြည်ပါတယ်။ တကယ်တော့ အနေအထားတစ်ခုကို ဝေဖန်တော့မယ်ဆိုရင် အကြောင်းရင်းကို အရင်ရှာသင့်တယ်။ အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်သမျှဟာ အဖြေမှန်မဖြစ်နိုင်ဘူး..။ အခုနက ကလေးလေးဟာ သူနေ့စဉ်ကြုံနေကျ အခြေအနေကို အမှန်အတိုင်း သိရှိနေသူဖြစ်လို့ ဆရာမအပေါ်မှာ ဘယ်လိုမှမတွေးဘူး။ တကယ်လို့များ မင်းတို့က အပေါ်ယံကြည့်ပြီး “ဆရာမ မျက်နှာလိုက်တယ်”လို့ ယူဆတဲ့အတွက် အဲဒီအတိုင်း ကလေးကို သွားပြောရင် တကြိမ်မှာ ဘယ်လိုမှ မတွေးနိုင်ပေမဲ့ အကြိမ်များလာရင် သူ့ရဲ့ဖြူစင်တဲ့ မှန်ကန်တဲ့အတွေးကို အရောင်ဆိုးသလို ဖြစ်သွားနိုင်တယ်။ ဆရာမအပေါ်အမြင်မှားသွားနိုင်သလို ပတ်ဝန်းကျင်ကိုလည်း သံသယတွေပွားသွားနိုင်တယ်..။

ဒါကြောင့် သူများမိသားစုတစ်ခုက မောင်နှမတွေအကြောင်းပဲဖြစ်ဖြစ်၊ အဖွဲအစည်းတစ်ခုကိုပဲ ဖြစ်ဖြစ်၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ဖြစ် ဘေးကကြည့်ပြီး ဝေဖန်ခါနီးတိုင်း အတွင်းကျကျ မသိပဲနဲ့ အပေါ်ယံအမြင်နဲ့ မဆုံးဖြတ်မိပါစေနဲ့..။ တကယ်လို့များ ဆုံးဖြတ်ခဲ့မိရင်.. .........................................
.........................................................................................................................................။
လသာည... ဖြစ်ပါတယ်..။

လေ့လာရေးသွားစဉ်က ပါမောက္ခရဲ့စကားလေးများဖြစ်ပါတယ်။

Sunday, December 6, 2009

ကျွန်မကြိုက်တဲ့ ငါးပုံပြင်လေး

အခုရက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ အလုပ်တွေရှုပ်နေမိတယ်။ ဒါနဲ့ပိုစ်လည်း အသစ်မတင်ဖြစ်၊ သွားနေကျ နေရာလေးတွေလည်း အလည်မသွားဖြစ်ခဲ့ပါဘူး။ တချို့ အိမ်လေးတွေမှာ အသစ်တင်တာတွေ တွေ့ပေမယ့် နောက်ရက်မှပဲ စုဖတ်မယ်လို့ ဆုံးဖြတ်ပြီး မျက်လုံးမှိတ်အောင့်အီးနေခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့တော့ တနေရာမှာ ငါးပုံပြင်ဆိုတာလေးကို တွေ့လိုက်တော့ ပုံပြင်ဆိုရင် အသည်းအသန်ကြိုက်တတ်တဲ့ ကျွန်မက ဦးဦးဖျားဖျား သွားဖတ်ဖြစ်ပါတယ်။ ဒီပုံပြင်လေးကိုဖတ်ပြီး ထိထိခိုက်ခိုက် ခံစားမိသွားတယ်။ ပုံပြင်လေးက မျက်ရည်ကျအောင် ကောင်းလွန်းနေပါတယ်။ ဒါနဲ့  အကြိုက်တူသူငယ်ချင်းလေးတွေကို မျှဝေမိချင်ပြန်တာမို့ ကူးယူမျှဝေလိုက်တာပါ။ သူရဲ့အရေးအသားလေးများကို ကြိုက်လို့ copy-paste လုပ်ပြီးတင်ပြတာသာဖြစ်ပါတယ်။ ခံစားကြည့်လိုက်ပါဦးနော်။
.......................................................................
ငါးပုံပြင်
သံသရာတစ်ကွေ့မှာ ကလေးလေးနဲ့ ငါးဟာ မရည်ရွယ်ဘဲ ကြုံဆုံမိကြတာ။ ကစားစရာအသစ်ရသွားတဲ့ ကလေးလေးဟာ အထပ်ထပ်တေးဆိုပြီး ငါးကို မှန်အိမ်ထဲထည့်တယ်။ ငါးကလေးဟာ ဒီသီချင်းဟာ သူ့အတွက်ပဲ ရည်စူးတယ်လို့ ထင်နေသတဲ့။ ကလေးလေးက စကားလာပြောတိုင်း သူ့ကို အရေးတယူရှိရှာတယ်လို့ ကြည်နူးရှာတယ်။ ချောင်ထဲက ငါးမို့ ဝန်းကျင်မှာ ငါးလှလှလေးတွေ အလှမွေးထားမှန်းလည်း မသိရှာပါဘူး။

ဒီရယ်စရာဇာတ်လမ်းဟာ ကလေးလေးက ငါးကို စွန့်အပြီးမှာ ဖြစ်ရပ်မှန်ကြေကွဲခြင်းနဲ့ ထိပ်တိုက်တိုးပြီလေ။ ကလေးလေးက ပြောသေးတယ်။ “ မင်းကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ ပျော်သလိုနေပေတော့ ... ” တဲ့။ ငါးမှာ နားမရှိပါဘူး။ ဒါပေမယ့် သူကြားခဲ့တယ်။ပြီးတော့ သူမယုံဘူးတဲ့လေ။
သူ ကို မစွန့်ပါနဲ့လို့။ သွေးရူးသွေးတန်းတောင်းပန်ရှာတယ်။

ချောင်လေးထဲမှာပဲ အေးအေးဆေးဆေးသူနေပါ့မယ်။ ကလေးလေး တစ်ခြားငါးတွေကို ကြည်နူးခွန်းဆိုနေချိန်မှာလည်း ငြိမ်ငြိမ်လေးမလှုပ်ရှားပါဘူးလို့ အခွန်းထပ်ဆိုပေမယ့် ကလေးလေးက ငြီးငွေ့သွားပြီ။ မမြင်ချင်တော့ဘူးတဲ့လေ။

ဒီလိုနဲ့ ရင်ကွဲနာကျသွားတဲ့ ငါးဟာ အသေလို မြစ်ထဲမျောတယ်။မလှုပ်မရှက်တိတ်တိတ်လေးငိုတယ်။ ကလေးလေးကို မြင်ရနိုး သေဘေးကို မကြောက်ဘဲ မြစ်ဦးမှာ စောင့်တယ်။ ဒါပေမယ့် ပျော်စရာတွေ များပိုင်တဲ့ ကလေးလေးဟာ မြစ်ကမ်းကို ခြေဦးမလှည့်တော့ဘူးရယ်။

နောက်ဆုံးမှာ ပြင်းဟုန်ရှနေတဲ့ အပူကို ပျောက်လိမ့်နိုးနဲ့ ငါးဟာ မြစ်ဖျားပေါ်တက်လာတယ်။ ကြောက်ရွံတတ်လွန်းပေမယ့် ကလေးလေးအရိပ်ကို မြင်ချင်ဇောနဲ့ သေလုအောင် နာလိမ့်မယ်ဆိုတာ သိလည်း မကြောက်မရွံအမြင့်ကြီးပျံတက်လို့ ကုန်းပေါ်ရောက်ဖို့ ကြိုးစားတယ်။

ပထမ သူ့အရေပြားတွေ ပွန်းပေါက်ပြဲတယ်။ နာလွန်းလို့ တစ်ဆတ်ဆတ်တုန်နေတဲ့ ငါးဟာ မြစ်ထဲ ပြန်ပြုတ်ကျသွားတယ်။ ဒါပေမယ့် ကလေးလေးအရိပ်ကြောင့် နောက်တစ်ခေါက်ကြိုးစားမိပြန်တဲ့အခါ သူ့အသားတွေ ပေါက်ရှကုန်တယ်။ ဒီလိုနဲ့ မေ့မျောရင်း ရေထဲ ပြန်ရောက်သွားတယ်။

ဟုတ်ပါတယ်။ မယုံနိုင်ဖွယ်ပါ။ ကလေးလေးအပြုံးကလွဲလို့ ကျန်တဲ့အရာကို အမှတ်မရှိတဲ့ ငါးရယ်လေ။ နိဂုံးမှာတော့ သူ့အရိုးတွေ ကြေကာ သွေးတွေ အန်ထွက်တယ်။ ကလေးလေး အရိပ်ကိုလည်း မမြင်ရလိုက်ပါပဲ သေငင်ဇောမှာ ဘာဆုမှလည်း မတောင်းနိုင်ခင် အသက်ပျောက်ရှာလေတာ။

လူတွေကြားတော့ ရယ်ကြတယ်လေ။ ကလေးလေးကလည်း လူတွေရယ်သလို လိုက်ရယ်တယ်။ ဒီလောက်ဥာဏ်နည်းလှတဲ့ ငါး သေတာတောင် နည်းသေးဆိုပဲ။ပြီးတော့ မျက်လုံးပွင့်လျက် သေနေတဲ့ငါးကို ဝမ်းသာအားရ ရင်ခွဲကြလေရဲ့။
အဲဒီမှာ ငါးရဲ့ရင်ထဲက ရွှေရောင်ဝင်းလက်နေတဲ့ အရာလေးကို တွေ့ရှိသွားခဲ့တာ။

အမြုတေဆိုပဲ။
အလုအယက်ယူကြ။ လုယက်ကြ။
နောက်ဆုံးမှာ သူတို့ဟာ အမြုတေစစ်မစစ် စမ်းသပ်ကြတယ်။

အမြုတေလေးကို ဓားနဲ့ခုတ်တယ်။ မလွဲပါဘူး။ နာလွန်းလို့ အမြုလေးက ကလေးလေးကို တပြီး ညဉ်းရှာတယ်။သေနတ်နဲ့ပစ်တယ်။ ဗဟိုမှတ်ကို တည့်တည့်ထိပါတယ်။ ဒါပေမယ့် အမြုတေလေးကတော့ ပဲ့မထွက်သွားပါဘူး။ကြေကွဲလွန်းလို့သာ ကြူကြူပါအောင် အော်ရှာတယ်။

လူတွေဟာ အမြုတေမဟုတ်မှန်း သိသွားလည်း လွှင့်မပစ်ကြဘူး။အံ့သြလွန်းလို့တဲ့။ဓားခုတ်ရာ တစ်ချက်ခံရတိုင်း ဒီကျောက်ခဲလေးကထွက်လာတဲ့ အသံကို ထူးထူးဆန်းဆန်းကြားချင်လွန်းလို့ အခါခါထိုးခုတ်ကြရင်း ကြာလာတော့ ပျင်းစရာကောင်းလှတယ်ဆိုကာ အမြုတေလေးကို ပြတိုက်ဆီ ပို့လိုက်ကြတယ်။

ဒီလိုနဲ့ လာသမျှဧည့်သည်တွေဟာ အမြုတေလေးရဲ့ အသံကို ကြားချင်လွန်းလို့ တဲ့ ကြာပွတ်တံနဲ့ ရိုက်နှက်နေကြ တာ ယနေ့ထက်တိုင်လေ။
တကယ်တော့ အမြုတေလေးရဲ့ ကလေးလေး ကလေးလေး လို့ တမ်းတခေါ်သံကို အဆန်းတကြယ် မရှိသင့်ပါဘူး။
ဒီအမြုတေလေးဟာ မငိုတတ်တဲ့ ငါးတစ်ကောင်ရဲ့ သိုသိုဝှက်ဝှက် မျက်ရည်တွေနဲ့ ဖွဲ့တည်ခဲ့တာရယ်။
..............................................................

လသာည ကူးယူ၍ ထပ်မံတင်ပြပါသည်။
စာရေးသူကတော့ ဒီနေရာလေးက ညီမလေးမယ်ကိုးပါ။ ခွင့်တောင်းရင်း တခါတည်းပဲ ကူးယူတင်ပြမိသွားတယ်။ ညီမလေးရေ ခွင့်လွှတ်ပါ။ အစ်မက ပုံပြင်ကို ကော်ဖီလိုပဲ အရူးအမှုး နှစ်သက်တတ်သူ ကလေးကြီးတစ်ယောက်ဖြစ်နေလို့ပါး)

Monday, November 30, 2009

ဦးနှောက်ရွှင်အောင်

နေ့တိုင်းပဲ တူညီတဲ့ စာတွေကိုပဲ (အလုပ်တွေကိုပဲ) လုပ်ရတဲ့အခါ ဦးနှောက်က နည်းနည်းလေးနေတတ်တယ် (အလေးချိန်မဟုတ်ဘူးနော်၊ ဦးနှောက်အလုပ်လုပ်မှုနှေးတာကို ပြောတာပါ)။ အဲဒီတော့ အပြောင်းအလဲ ဖြစ်အောင် (လေးပင်ထိုင်းမှိုင်းနေတဲ့) ဦးနှောက်ကို နည်းနည်း အလုပ်ပေးမိတယ်။ အဲဒါက တခြားမဟုတ်ဘူး၊ အောက်က ဥာဏ်စမ်းတွေကိုဖြေကြည့်နေမိတာပါ။ သူငယ်ချင်းများရော အားကျပြီး အတူဖြေကြည့်ချင်..လေ...မလားလို့ ပို့စ်အဖြစ်တင်လိုက်ပါတယ်...:Pကြောင်တစ်ကောင် ပြေးနေတယ်။ မင်းတွေ့ရဲ့လားဟင်။ သူနောက်ကနေ အကောင်တစ်ကောင်လိုက်နေသတဲ့။ လိုက်နေတဲ့အကောင်ကိုလည်း ထည့်ထားတယ်။ မင်းကူရှာပေးပါဦး ဘာကောင်တွေ့လဲ ဟင်။
ဒီမြက်ဖြတ်စက်က တစ်ခုခုမှားနေတယ်။ ဘာမှားနေမှန်းမသိဘူး။ ကူ ရှာကြည့်ပေးနော်။
ဟယ်..၀က်က ရေကူးတတ်တယ်?။ ၀က်က ရေးကူးတတ်မတတ် (လသာည သိပ်မသိဘူး) မပြောတတ်ပေမဲ့ ဓါတ်ပုံထဲမှာ တခြားသတ္တ၀ါတစ်ကောင်ကောင်ရော မင်းမြင်မိလားဟင်။ ရှိလိုရှိငြား ရှာကြည့်လိုက်နော်။
ဒီကလေးကတော့ ကျားကိုတောင် မကြောက်ဖူးနော်။ မင်းတို့ရော သူလို သတ္တိရှိလား..။
ဥာဏ်စမ်းများကို http://www.smart-kit.com/က ယူပါတယ်။

လသာည... ဖြစ်ပါတယ်..။

Sunday, November 29, 2009

ခြေထောက်တွေဟာ ဘယ်ထိရှည်သင့်သလဲ

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေးထားတာကြာပါပြီ။ အဆုံးထိ ဘာသာမပြန်ဖြစ်တာမို့ ကြာသွားရတာပါ။ ဒါပေမဲ့ မနက်ဖြန် စာအုပ်ပြန်အပ်ရတော့မှာမို့ အပြီးသတ်ရေးလို့ တင်လိုက်ပါတယ်။ (လသာည)
တကယ်တော့ ဒီအဖြစ်အပျက်ဟာ သမ္မတကြီးရဲ့ ဘ၀တစိတ်တပိုင်းကို အခြေခံထားခြင်းဖြစ်ပါတယ်။

အပိုင်း (၁)
ဂျဲနီစ်း၊ ။သမ္မတကြီးခင်ဗျား ကျွန်တော်ကို ခေါ်ပါသလားခင်ဗျာ
လင်ကွန်း။ ။ဟုတ်တယ် ဂျဲနီစ်း၊ ၀င်ခဲ့ပါ။ ခင်ဗျားနဲ့ ဆွေးနွေးစရာရှိလိုပါ။
ဂျဲနီစ်း၊ ။ ဟုတ်ကဲ့။
လင်ကွန်း။ ။ထိုင်ဗျာ။ နောက်တကြိမ် ကျွန်တော်တို့ စည်းဝေးပွဲလုပ်ချိန်ကျရင် ခင်ဗျားက မေးခွန်းတစ်ခုမေးပေးပါ။
ဂျဲနီစ်း၊ ။ ဘာမေးရမလဲ ခင်ဗျာ။
လင်ကွန်း။ ။ “သမ္မတကြီးခင်ဗျာ၊ လူတစ်ယောက်ရဲ့ ခြေထောက်က ဘယ်လောက်ရှည်သင့်ပါသလဲ”လို့..
ဂျဲနီစ်း၊ ။ခင်ဗျာ.. ဘယ်လို....
လင်ကွန်း။ ။“သမ္မတကြီးခင်ဗျာ၊ လူတစ်ယောက်ရဲ့ ခြေထောက်က ဘယ်လောက်ရှည်သင့်ပါသလဲ”လို့..မေးပါ။
ဂျဲနီစ်း၊ ။ ဘာ..ဘာဖြစ်လို့ မေးရမှာလဲ။
လင်ကွန်း။ ။ ဘာဖြစ်လို့လည်း ဆိုတော့ ငါ့မှာ အဖြေကောင်းတစ်ခု ရှိနေလို့ပါ။ အဲအဖြေကို ပြန်ဖြေကြည့်ချင်လို့
ဂျဲနီစ်း၊ ။အဖြေကို အမိန်ရှိပါဦးခင်ဗျာ..
လင်ကွန်း။ ။အဖြေက “ခြေထောက် မြေကြီးရောက်တဲ့အထိ ရှည်သင့်တယ်”
ဂျဲနီစ်း၊ ။ ဗျာ.. (အနည်းငယ် ရယ်ချင်စိတ်ကို အတင်းမြိုသိပ်ရပုံဖြင့်) အဲဒါအဖြေလား။
လင်ကွန်း။ ။ ဟုတ်တယ် “သမ္မတကြီးခင်ဗျာ၊ လူတစ်ယောက်ရဲ့ ခြေထောက်က ဘယ်လောက်ရှည်သင့်ပါသလဲ”ရဲ့ အဖြေလေ။ဘာလဲ အဖြေက ရယ်စရာဖြစ်နေလို့လား
ဂျဲနီစ်း၊ ။ ဟုတ်ကဲ့။ (ပြုံးလိုက်ရင်း) ပွင့်ပွင့်လင်းလင်း ပြောရရင် ရယ်စရာကောင်းသလားလို့ပါ။
လင်ကွန်း။ ။ အင်း.. ဒီနေ့ စည်းဝေးပွဲမှာ အဲဒီအဖြေက ရယ်စရာသွားခဲ့တယ်..။ ငါက အဲဒီမေးခွန်းကို အခုပြန်စဉ်စားနေတာ....

အဲဒီနေ့က သမ္မတကြီးက သူ့ရဲ့ကိုယ်ရေးအရာရှိနဲ့ ပြောဖြစ်တဲ့ စကားပါ။

အပိုင်း(၂)
သမ္မတကြီးဟာ အိမ်ကို ပြန်လာပြီးနောက်လည်း မေးခွန်းနဲ့ အဖြေအကြောင်းကို ဆက်စဉ်းစားနေခဲ့တယ်။ အဲဒီနေ့မနက် သူတို့ စည်းဝေးခန်းမထဲမှာ စည်းဝေးပွဲစခါနီး လယ်သမားတစ်ယောက်က သမ္မတကြီးနဲ့ အရေးတကြီး တွေချင်ကြောင်း အစောင့်က လာအကြောင်းကြားပါတယ်။ ဒါနဲ့ လယ်သမားကို ၀င်ခွင့်ပြုလိုက်ပါတယ်။

ဝင်လာတဲ့လယ်သမားဟာ သူ့မျက်နှာကို ကြည့်ရင်းမေးခဲ့တဲ့ မေးခွန်းက “သမ္မတကြီးခင်ဗျာ၊ လူတစ်ယောက်ရဲ့ ခြေထောက်က ဘယ်လောက်ရှည်သင့်ပါသလဲ”တဲ့..။
ခန်းမတွင်းက လူတွေက သူမေးခွန်းကို အံအားတကြီးဖြစ်သွားစဉ် သူက ပြန်ဖြေခဲ့တယ်။ “ခြေထောက် မြေကြီးရောက်တဲ့အထိ ရှည်သင့်တယ်လေ”

တခန်လုံးရှိ လူအားလုံး ရယ်မောပွဲကျသွားကြတယ်။ သူ့အဖြေကို ရပြီး လယ်သမားဟာ ခန်းမထဲကနေ ပြန်ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် ထုံးစအတိုင်း သူတို့ စည်းဝေးပွဲကို ဆက်လုပ်လိုက်ကြတယ်။ သမ္မတကြီးဟာ စည်းဝေးပွဲပြီးနောက် တောက်လျှောက် လယ်သမားရဲ့ မေးခွန်းကိုပဲ ပြန်စဉ်းစားနေမိတယ်။
သူဘာကြောင့် အဲလိုဖြေခဲ့မိတာလဲ ဆိုတာလဲ သူကိုယ်သူ ပြန်တွေးမိတယ်။

သူစဉ်းစားလို့ရတာက လယ်သမားရဲ့ မျက်လုံးတွေဟာ ၀မ်းနည်းနေခဲ့လို့ဖြစ်မယ်ဆိုတာပါပဲ။ သူဘာကြောင့် ၀မ်းနည်းနေတာလဲ ဆိုတာ သူမသိပါ။ ဒါပေမဲ့ သူက အနည်းငယ်ဖြေပျောက်ပေးလိုစိတ်နဲ့ အဖြေတစ်ခုကို အလျင်အမြန်စဉ်းစားပေးမိသွားတာပါ။ ရလာဒ်က အားလုံးက ရယ်စရာအဖြစ်နဲ့ ဇာတ်သိမ်းသွားတယ်။ ဟင်း.......သူဘာကို မေးချင်ခဲ့တာပါလိမ့်။

ထိုင်တွေးနေတဲ့ သမ္မတကြီးကို သမ္မတကတော် မေရီလင်ကွန်းက သိပ်မတွေးဖို့ ပြောခဲ့တယ်။ “ဘာပဲဖြစ်ဖြစ် ရှင့်အဖြေက ရယ်စရာတော့ ကောင်းတယ်နော်။ နောက်တမျိုးဖြေကြည့်ရင် ခြေထောက်က လူခန္တာကိုယ်နဲ့ ထိတဲ့အထိ အပေါ်ကို ပြန်ရှည်သွားတာမဟုတ်ဘူးလား။ မြေကြီးထိရောက်အောင် ရှည်သင့်တာမဟုတ်ပဲ ခန္တာကိုယ်အပေါ်ပိုင်းနဲ့ ထိအောင် ရှည်သင့်တာလေ”
သမ္မတကြီးကတော့ ထိုအဖြေအတွက် မရယ်ခဲ့ပါ။

အပိုင်း(၃)
လယ်သမား Heinzတို့ ဇနီးမောင်နှံအိမ်မှာ ဖြစ်ပါတယ်။ လယ်သမားဟာ အသုံးမကျသူပဲလို့ သူကိုယ့်သူ စိတ်ဆိုးနေခဲ့ပါတယ်။ သူက သမ္မတကြီးကို အရေးတကြီးသွားတွေ့ခါနီးတော့ သူပြောချင်တာတွေကို ပြောဖို့ တန်းစီတွေးထားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ပဲ သမ္မတကြီးနဲ့ တွေ့တော့ သူပြောချင်တာ မပြောနိုင်ခဲ့ပဲ ပါးစပ်ထဲတွေ့တဲ့ မေးခွန်းတစ်ခုကိုပဲ မေးမိခဲ့တယ်။ မေးပြီးတော့ မှားသွားပြီလားလို့ သူစိုးရိမ်သွားချိန်မှာ သမ္မတကြီးက အဖြေကို အလွယ်တကူဖြေပေးခဲ့တယ်။

သူ့မိန်းမက သူ့ကို အပြစ်တင်နေခဲ့တယ်။။
“ရှင်က ကျွန်မသားလေးကို အပြစ်ကလွှတ်အောင် ပြန်လွှတ်ဖို့ တောင်းဆိုမယ်ဆိုပြီး သွားတာမဟုတ်လား။ အခုတော့ အရှုးတစ်ယောက်လို ပေါက်ကရမေးခွန်းမေးပြီး ပြန်လာခဲ့တယ်။ ရှင် ဘာအသုံးကျသလဲ။ အဲဒီ ခြေထောက် ဘယ်အထိရှည်သင့်မသင့်က ဘယ်လောက်အရေးကြီးတဲ့ မေးခွန်းလဲ. ။ ရှင် အရှုးပဲ။ ရှင့်ကို အလုပ်ကို လာနှောက်ယှက်မှုနဲ့ တရားစွဲခံခဲ့ရရင် ကျွန်မတော့ အမှုကြီး တစ်ခု ထပ်ကြုံရတော့မှာပဲ..။ ရှင် လူညံ။ ရှင်ဟာ အသုံးမကျတဲ့သူ။ ရှင်ဟာ....”

“တော်ပါတော့ကွာ။ ငါ့အပြစ်တွေပါ။ ငါ အသုံးမကျသူပါ။ ငါ့လို အသုံးမကျသူတစ်ယောက်က ပေါက်ကရမေးခွန်းမေးတာကို အပြစ်မယူပဲ ရယ်စရာလုပ်လို့ ဖြေရှင်းပေးသွားတဲ့ သမ္မတကြီးကို ငါအရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ့သားလေး...ငါ့သားလေး ..” စကားဆုံးအောင် မပြောနိုင်တော့ပဲ လယ်သမား ငိုချလိုက်ပါတော့တယ်။

ဒီအချိန်မှာပဲ တံခါးခေါက်သံကြားလိုက်ရပါတယ်။ ဒီလို ညကြီးမင်းကြီး တံခါးလာခေါက်တာဆိုရင်တော့..။ လင်မယားနှစ်ယောက် အပြန်အလှန်ကြည့်ရင်း စိုးရိမ်ကြောက်လန့်စွာ တံခါးကို ဖွင့်ပေးလိုက်တယ်။ အပြင်မှာ တွေ့လိုက်ရတာက...
“ သမ္မတကြီး”

ဟုတ်ပါတယ်။ သမ္မတကြီးပဲ ဖြစ်ပါတယ်။ သူဟာ ထိုင်ပြီး စဉ်းစားပေမဲ့ အဖြေမရတဲ့အဆုံး သူ့အစောင့်ကို ခေါ်ပြီး လယ်သမားအိမ်ကို စုံစမ်းပြီး ရောက်လာတာပဲ ဖြစ်ပါတယ်။

“ညကြီးမင်းကြီး အနှောက်အယှက်ပေးသလို ဖြစ်ရင် အားနာပါတယ်။ ဒါနဲ့ ခင်ဗျားရဲ့ ဟိုမေးခွန်းက........”
“သမ္မတကြီးခင်ဗျား ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော်ရဲ့ ရှုးကြောင်ကြောင်မေးခွန်းအတွက် အပြစ်ကို ခွင့်လွှတ်ပေးပါ”လို့ ဒူးထောက်ပြောရင်း လယ်သမားဟာ ငိုချလိုက်ပါတယ်။ ထိုအဖြစ်ကို ကြည့်ပြီး သမ္မတကြီးပါ မျက်ရည်တွေကျလာခဲ့ပါတယ်။

“ရပါတယ်။ မငိုပါနဲ့။ ထ ရပ် ပြီး ပြောပါ။”
“ဟုတ်ကဲ့..။ ကျွန်တော်ကို ခွင့်လွှတ်ပါခင်ဗျာ”
“ကဲ စိတ်မညစ်ပါနဲ့ဗျာ။ ခင်ဗျားသားနဲ့ တကွ တကြိမ်တခါ မှားသူ လူငယ်တွေကို ကျွန်တော်ခွင့်လွှတ်ပါတယ်။ မနက်ဖြန် ခင်ဗျားသား လွတ်လာမှာပါ၊ ပြီးတော့ ခင်ဗျားရဲ့မေးခွန်းအတွက်လည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ အဲဒီမေးခွန်းက ကျွန်တော့်ဘ၀ကို နောက်တကြိမ် ပြန်စဉ်းစားဖို့ သတိပေးလိုက်သလို ဖြစ်လို့ပါ။ ကျွန်တော့်အဖြေလည်း ခင်ဗျား ကျေနပ်မယ်ထင်ပါတယ်။ “ခြေထောက်တွေဟာ မြေကြီးအထိ ရှည်သင့်တယ်”ဆိုတာလေ..။

“ဟာ..ကျေနပ်ပါတယ် ခင်ဗျာ။ အဲဒီအဖြေဟာ အဖြေမှန်ပဲ ဖြစ်မှာပါ ခင်ဗျာ”
“ဒါဆိုလည်း ကျွန်တော်ဖြေရကြိုးနပ်ပါပြီ။ ဒါနဲ့ ခင်ဗျားတို့မှာ စားစရာတစ်ခုခု မရှိဘူးလားဗျာ။ ခရီးဝေးကလာရတဲ့ လူတစ်ယောက်အတွက် တစ်ခုခုတော့ ဂုဏ်ပြုသင့်တယ် ထင်တာပဲ”
“ဟာ.. ရှိပါတယ်သမ္မတကြီး၊ ရှိပါတယ်။ အိမ်ထဲကို ကြွပါခင်ဗျာ”
သိပ်မကြာခင်အချိန်အတွင်းမှာပဲ လယ်ယာဖြစ်ဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ညိုနဲ့ ချိစ်ကို သမ္မတကြီးအတွက် စီစဉ်ပေးခဲ့ပါတယ်။
............................................................

ပြဇာတ်အသွင် ရေးထားတဲ့ ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး စာရေးဆရာ (Noody Allen)က “ဒီဖြစ်ရပ်မျိုးဟာ သမ္မတကြီး လင်ကွန်းရဲ့ ဘ၀များထဲက တစ်ခုကို အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။ တကယ်ပဲ ထပ်တူဖြစ်ခဲ့မဖြစ်ခဲ့ကတော့ ဒါကို ရေးသူ ကျွန်တော် ခေါင်းစားနေဆဲ အချက်ပဲ ဖြစ်ပါတယ် ခင်ဗျာ”လို့ ဇာတ်လမ်းအစမှာ နိဒါန်းချီထားပါတယ်။ ၀တ္တုနာမည်က “The question” ဖြစ်ပါတယ်။

ဘာသာပြန်.. လသာည ဖြစ်ပါတယ်။
ဘာရယ်မဟုတ်ပါဘူး။ နာမည်ကြီးသမ္မတကြီးတစ်ဦးရဲ့ ဘ၀တစိတ်တဒေသကို ဖတ်ရတာ စိတ်ဝင်စားမိလို့ ဘာသာပြန်မျှဝေရုံသက်သက်ပါ။ဒီဝတ္တုက ပြဇာတ်အသွင် ရေးထားတာဖြစ်လို့ ဖတ်ကောင်းအောင် နည်းနည်းပြောင်းထားပါတယ်။

Saturday, November 28, 2009

ကော်ဖီနဲ့ ငါ ရယ်၊ နောက်ပြီးတော့..

ဒီနေ့လည်း ကော်ဖီသောက်များလို့ အိပ်မရခဲ့ပါ။ အိပ်မပျော်တဲ့အတူ မထူးဘူးဆိုပြီး ကော်ဖီသောက်လို့ စိတ်ကူးယဉ်လိုက်မိတယ်။ ဒီလိုနဲ့ တညလုံး စိတ်ကူးထဲက မထနိုင်ပဲ ဟိုလွမ်းဒီလွမ်း ...။

ကော်ဖီကို ငါကြိုက်တယ်။
လရိပ်ကို ခံစားချင်တယ်။
ဒါပေမဲ့ လရိပ်က ငါ့ကော်ဖီကို သောက်သွားတယ်....

(ကဗျာမဟုတ်ပါ။ မနေ့ညက အိပ်မပျော်လို့ တောရောက်တောင်ရောက် လျှောက်ခြစ်ထားကို ဒီနေ့မှ ပို့စ်တင်လိုက်တာပါ. :P)

လသာည...

Thursday, November 26, 2009

စပ်စုတတ်သူ

သူကို အခုကနေ နောက်ပြန်ရေတွက်ရင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ကျော်လောက်က Milan, Ohioမှာ မွေးဖွားခဲ့တယ်။

ငယ်ငယ်ကတဲက စပ်စုတတ်လွန်းခဲ့တယ်။ သူ့အသက် ၃ နှစ်ကျော်မှာ သူအိမ်က ကြက်မကြီးက ကြက်ဥတွေကို ဘာကြောင့်ဝပ်သလဲ၊ ဘာလိုအကောင်ပေါက်သလဲသိချင်လို့ ကြက်မကြီးကို ဖယ်ပြီး သူက အဌားဝပ်ပေးသတဲ့..

နောက်ပြီး စပါးကျီထဲကို လှည်းတွေနဲ့ စပါးတွေ သယ်ထည့်တာကို ကြည့်ပြီး စပါးတွေ စပါးကျီထဲမှာ ဘယ်လောက်ရှိမလဲ တက်ကြည့်တာ စပါးကျီထဲ လိမ့်ကျဖူးတယ်။ ပျားအုံကို လေ့လာတာလွန်လို့ ပျားတုပ်ခံရတာလည်း အကြိမ်မနည်းဘူးတဲ့။

၆-နှစ်သားအရွယ်ရောက်တော့ ရှာရှာကြံကြံ သူကသိချင်ပြန်တယ်။ ကြံခင်းကြီးကို ကြည့်ပြီး သူမိသားစုနဲ့ အိမ်နီးနားချင်းတွေ ပျော်နေတာကို ကြည့်ပြီး သူက စမ်းသပ်မှုတစ်ခုလုပ်ခဲ့မိတယ်။ အဲဒီတုန်းက သူလုပ်ခဲ့တာက ကြံခင်းကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ မီးရှိုရသလဲလို့ သူ့ကို မေးတော့ “ကြံခင်း မီးလောင်ရင် လူတွေ ဘယ်လိုနေမလဲ သူသိချင်လို့ ဖြစ်ပါတယ်”တဲ့။

အဖြေကို တကယ်ပဲ သူသေသေချာချာသိသွားရပါတယ်။ သူရှိုခဲ့တဲ့ မီးကြောင့် သူတို့အိမ်နားနီးချင်းတွေရော၊ သူတို့မိသားစုရော ဒုက္ခရောက်ခဲ့ရတယ်။ ၆-နှစ်သားသူ့ကို သူ့အဖေက လူအများရှေ့မှာ မီးလောင်မှုရဲ့တရားခံအဖြစ် ရိုက်နှက်အပြစ်ပေးခဲ့ပါတယ်။ နောက်ပြီး အဲဒီပတ်ဝန်းကျင်ကနေ Michigan ကို သူတို့ ပြောင်းရွေ့ခဲ့ရတယ်။

နေရာအသစ်ကို ရောက်တော့ သူဖျားနေတာမို့ အသက် ရှစ်နှစ်ထိအောင် ကျောင်းမနေရဘူး။ သူကို ကျောင်းအပ်တော့ ဆရာစကားနားမထောင်သူ ကလေးအရိုင်းအစိုင်းအဖြစ် ပြဿနာ မကြာခဏတက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဆရာမပြောတာထက် သူသိချင်တာကိုပဲ လျှောက်မေးနေခဲ့လို့ ဖြစ်ပါတယ်။ နောက်တော့ သူအမေကပဲ သူ့ကို စာသင်ပြီး စာဖတ်တဲ့အတတ်ကို သင်ပေးခဲ့ရတယ်။

သူက သိပ္ပံစာအုပ်တွေကို အရမ်းစိတ်ဝင်စားတယ်။ ၁၁- နှစ်သား ဖြစ်တော့ သူမှာ ကိုယ်ပိုင် labလေးတစ်ခု ပိုင်နေပြီ ဖြစ်ပါတယ်။ တနေ့တော့ မိုးပျံပူဖောင်းအကြောင်းကို ဖတ်ရင်း သူက ဓါတုဗေဒ ဆေးဆိုင်မှာ ပစ္စည်းအချို့ကို သွားဝယ်ခဲ့တယ်။ ပြီးတော့ သူက ပစ္စည်းတစ်ချို့ကို ရောပြီး ပစ္စည်းတစ်ခု ဖော်စပ်တယ်။ ပြီးတော့ သူအိမ်မှာ ခေါ်ထားတဲ့ အိမ်ဖော်ကောင်လေးကို သောက်ခိုင်းတယ်။ သူဖော်တဲ့အရာက မိုးပျံပူဖောင်းလိုပဲ လူပျံအောင် စွမ်းတဲ့ ဓါတုပစ္စည်းတွေ ထည့်ထားတယ်လို့ ပြောပါတယ်။ ကောင်လေးက သူခိုင်းသလိုသောက်ပြီးနောက် မိုးပေါ်တော့ ပျံတက်မသွားပဲ ကြမ်းပြင်ပေါ်လဲကျသွားခဲ့တယ်။ သူအဖေ အရောက်စောပြီး ဆေးရုံတင်လို့သာပေါ့၊ မဟုတ်ရင် အဲဒီကောင်လေး သေသွားမှာ သေချာတယ်။ သူက အဲလို စူးစမ်းချင်သူဖြစ်ခဲ့တယ်တဲ့..။

၁၂ နှစ်သားအရွယ်ရောက်တော့ ကျောင်းစာလုပ်မယ့်အစား အလုပ်လုပ်ဖို့ပဲ သူတောင်းဆိုခဲ့တယ်။ ဒါနဲ့ မီးရထားပေါ်မှာ သတင်းစာ၊ ချိုချဉ်ရောင်းရင်း ပိုက်ဆံစုခဲ့တယ်။ စာအုပ်တွေဝယ်ဖတ်တယ်၊ နောက်တော့ ရထားပေါ်မှာ သူ့ရဲ့ labကိုယ်ပိုင်ခန်းဖွင့်နိုင်ခဲ့တယ်။ နောက်ပိုင်း ရထားမှာ သွားရင်း မတော်တဆဖြစ်လို့ သူရဲ့နားကန်းသွားခဲ့တယ်။ ဒါပေမဲ့ စိတ်ဓါတ်မကျခဲ့တဲ့ သူက ဒီလိုပြောခဲ့တယ်။

“ကျွန်တော် ကံကောင်းသွားတာဗျ။ အခုဆို စာကို တိတ်တိတ်ဆိတ်ဆိတ် အာရုံစူးစိုက် ပိုဖတ်နိုင်တယ်ဗျာ။”

အဲဒါကတော့ တခြားသူမဟုတ်ပါဘူး နာမည်ကျော်သိပ္ပံပညာရှင်ကြီး Thomas Edisonပဲ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းကတော့ သူ့ကို ဘယ်သူက အခုလို နာမည်ကျော်ပညာရှင်ကြီးရယ်လို့ ထင်ခဲ့ပါ့မလဲနော်။ သူရဲ့ အကောင်းမြင်စိတ်၊ စူးစပ်လိုစိတ်က သူများကို အနည်းအကျဉ်း ဒုက္ခရောက်စေကောင်း ရောက်ခဲ့စေပေမဲ့ နောင်တချိန်မှာ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးအောင် သူပဲ တီထွင်ပေးခဲ့တာမို့လား။ နောက်ထပ်လည်း သူအများကြီးတီထွင်ခဲ့သေးတယ်လေ..။

ဒီအကြောင်းကို ရေးရင်း ကျွန်မရဲ့မီးမီးကို ပိုသတိရသွားမိပါတယ်။
တချိန်မှာ ဘာဖြစ်မလဲ မသိသော်လည်း ကွန်ပျူတာကို လစ်ရင်လစ်သလို ရေလောင်းကြည့်ချင်သူ၊ တီဗွီ ဖန်သားပြင်ကို ခေါင်းနဲ့ ဝှေ့ပြီး အထဲကို ၀င်ကြည့်ဖို့ ကြိုးစားသူပါ။ နောက်ပြီး ဟန်းဖုံးကို ရေထဲနှစ်ပြီး ရေချိုးပေးလို့ မြင်မြင်ချင်း အချိန်မှီပြန်ဆယ်သော်လည်း ဖုံးရဲ့ function တချို့ သုံးလို့ မရဖြစ်သွားဖူးတယ်။

တခါကလည်း မူကြိုကျောင်းက ဆရာမက ပေးလိုက်တဲ့ စာရွက်ကို ရေခဲသေတ္တာ အခဲခန်းထဲကို သွားထည့်ပြီး ချောင်းကြည့်နေလို့ ဘာလုပ်တာလဲမီးမီးလို့ မေးတော့ စာရွက်ကလေး အိပ်ပျော်အောင်လို့ သူက မီးမှိတ်ပေးတာတဲ့။ သူ့ကြောင့် ကွန်ပျူတာတစ်လုံး လုံးဝလွှတ်ပစ်လိုက်ရပြီး၊ တီဗွီနောက်ကျောဖက်က အပေါက်လေးမှတဆင့် ရေလောင်းချလိုက်လို့ တီဗွီလည်း ကျယ်လောင်စွာ ရှော့ဖြစ်သွားဖူးပါတယ်။
အဲဒါကတော့ မီးမီးလေး ရဲ့ စူးစမ်းမှုလေးတွေပါ။ :P

ကျွန်မရဲ့မီးမီးကို လွမ်းလို့ ဒီပို့စ်ကို အမှတ်တရ တင်လိုက်ပါတယ်။ အား... မတွေ့ရတာ တနှစ်ပြည့်တော့မယ်။ (++)

လသာည
အက်ဒီဆင်ဓါတ်ပုံကို googleမှ ယူထားတာပါ :P

ပုံပြင်များဖြင့်

စိတ်ပညာက အကြောင်းလေးတွေကို ဗဟုသုတအဖြစ် ပြောပြဖို့ စိတ်ကူးရင်းကနေ အခုတလော ကိုယ်နှစ်သက်တဲ့ ပုံပြင်များကိုပဲ ရေးဖြစ်နေခဲ့မိတယ်။ ဒီနေ့တော့ ပုံပြင်အကြောင်းမှ တဆင့် စိတ်ပညာ မိတ်ဆက်လို့လည်း ပြောလို့ရမယ့် ပုံပြင်ဖြင့် စိတ်ကို လေ့လာနည်း ဆိုတာလေးကို ဗဟုသုတ ပေးလိုက်ပါတယ်။

စိတ်ပညာက စကားလုံးအသုံးအနှုန်းတွေက ဘာသာပြန်ရတာ ကျွန်မအတွက် တစ်ခါတစ်လေ တော်တော်လက်ဝင်ပါတယ်။ အင်္ဂလိပ်လို psychologyက မြန်မာလို ဘာသာပြန်တော့ စိတ္တဗေဒဖြစ်နေတာသာ ကြည့်ပါ၊ စာသားတွေကို ကျောင်းတက်တုန်းက အင်္ဂလိပ်လို သင်ရတော့ အင်္ဂလိပ်လိုပဲ မှတ်ခဲ့တယ်။ ဂျပန်ရောက်တော့ ဂျပန်လိုပဲ မှတ်ဖို့ လုံးပမ်းရင်း မြန်မာလူမျိုးဖြစ်ပြီး မြန်မာစာအားနည်းတဲ့သူ (ကျွန်မအတွက်) ဘာသာပြန်ရတာ ပိုပိုဆိုးလာခဲ့တယ်။ ဒါကြောင့်လည်း ဟိုတလောက ဘလော့ဂါမိတ်ဆွေတစ်ယောက်က ၀င်ကူပြီး ရှင်းပြပေးရတဲ့အထိဖြစ်သွားတယ်..:D

စိတ်ပညာလေ့လာရတာကို ကျွန်မ အရမ်းကို သဘောကျမိတယ်။ စိတ်ပညာလို့ ပညာရပ်တစ်ခုနဲ့ သုံးနှုံးနေရပေမဲ့ သိပ်ပြီးနားမလည်နိုင်အောင် ခက်တဲ့၊ အလှမ်းဝေးတဲ့ ဘာသာရပ်တစ်ခုတောင် မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ရင်ထဲက မမြင်နိုင်တဲ့ အတွေးတွေကို အကဲခတ်ပြီး စိစစ်တဲ့ ဘာသာရပ်လို့ ပြောရင်တောင် မမှားနိုင်ဘူးထင်ပါတယ်။

အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့၊ မြင်လည်း မမြင်နိုင်တဲ့ လူရဲ့စိတ်ကို လိုက်တိုင်းတာဖို့ဆိုတာ သိပ်တော့ မလွယ်လှဘူးပေါ့။ ဒီတော့ စိတ်ပညာရှင်တွေက မြင်သာတဲ့ အမူအရာတွေ၊ သူမက်တဲ့ အိပ်မက်တွေ၊ သူ့ဘ၀ရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေ၊ အခက်အခဲတစ်ခုခု ကြုံရင် တုန်ပြန်တတ်ပုံ အကျင့်စရိုတ်တွေ စသည့်တို့က တဆင့်လေ့လာပြီး လူတစ်ယောက်ရဲ့ လက်ရှိစိတ်အနေအထားကို အကဲဖြတ်ပြီး၊ အနာဂတ်ဖြစ်လာနိုင်တဲ့ သူ့စိတ်ကို ပုံဖော်ကြတာပေါ့။

မဟာစစ်ဘုရင်ကြီး နပိုလီယန်တစ်ယောက် အဆိပ်သောက်သေလိမ့်မယ်လို့ စိတ်ပညာရှင်တွေက ကြိုတင်ခန့်မှန်းနိုင်ခဲ့ကြတယ်။ သူ့မှာ ဒွိကိုယ်ရည်သွေးရှိနေပြီး၊ အများအမြင်မှာ ခက်ထန်နေသော စစ်ဘုရင်ကြီးဖြစ်ပေမဲ့ တနေရာရာမှာ သူဟာ အားငယ်ကြောက်ရွံသူဖြစ်နေခဲ့တယ်။ အဲဒါကို ဖုံးကွယ်ဖို့အတွက် လူများစွာကို သူသတ်ခဲ့တာပါလို့ စိတ်ပညာရှင်တွေက ဆိုခဲ့ကြတယ်။

ကျွန်မ ဆယ်တန်းအောင်စက စိတ်ဝင်စားတာက ဓါတုဗေဒပါ။ ဒါနဲ့ ဓါတုဗေဒအထူးပြုနဲ့ တက်ခဲ့တဲ့ ၄နှစ်တာကာလအတွင်း ဓါတုဗေဒကို စိတ်ဝင်စားမိတာ အိပ်လည်းဒီစိတ်၊ စားလည်း ဒီစိတ် ဆိုရအောင်ပါ။ မဟာဆက်တက်ဖို့ အခွင့်အရေးရခဲ့ပေမဲ့ အိမ်ရဲ့စီးပွားရေး အခြေအနေကြောင့် ဆက်မတက်ခဲ့ရဘူး။ ဒါပေမဲ့ ဓါတုဗေဒကိုတော့ အရမ်းကို စွဲလမ်းခဲ့ပါတယ်။ ဓါတ်ခွဲခန်းထဲမှာ ဒီပစ္စည်းနဲ့ ဒီအရည်ရောရင် ဒီအရောင် ပြောင်းသွားတယ်၊ ပမာဏလျော့ထည့်ရင် ဒီအရောင်ဖြစ်တယ်ဆိုတော့ အချိန်တိုင်း labကိုပဲ သွားချင်နေခဲ့တယ်။ Labထဲမှာ စမ်းသပ်မှုမျိုးစုံကို ကိုယ်တိုင် ကာလာစုံဖန်တီးရင်း အရမ်းကို ပျော်ခဲ့တယ်။

နောက်ပိုင်း ပညာရေးတက္ကသိုလ်ကို တက်ဖြစ်တော့ တွဲဖက်သင်ရတဲ့ စိတ်ပညာကို နှစ်သက်မိသွားပြန်တယ်။ စိတ်ပညာပါမောက္ခဆရာကြီးက ပြောတယ်။ သမီး လောကမှာ စိတ်ပညာဟာ ကုန်ကြမ်းလွယ်သလောက် တိုင်းတာဖို့ ခက်တယ်တဲ့။ ဘာကြောင့်လဲဆိုတော့ စိတ်ကို လေ့လာဖို့ အတိကျဆုံး formula မရှိလို့တဲ့။ ဓါတုဗေဒမှာ ပစ္စည်းတစ်ခုဖြစ်ဖို့ ပေါင်းစပ်ပစ္စည်းတွေကို ဖော်မြူလာအတိုင်း အတိအကျ တွက်ထုတ်လိုက်ရင် သေချာပေါက် အဲဒီအတိုင်း ရအောင်ထုတ်နိုင်ပေမဲ့ လူ့ရဲ့စိတ်ကိုကျ အဲလိုလေ့လာလို့ မရဘူး။ ဒီ formula သင်နည်းအတိုင်း လေ့ကျင့်သင်ပေးရင် ဒီလို လူစားတွေပဲဖြစ်ကို ဖြစ်ရမယ် မပြောနိုင်ဘူးလေ။ အမျိုးမျိုးထွက်လာတယ်။

ကျောင်းသားရဲ့ စာကြိုးစားလိုစိတ်ကို လေ့လာဖို့အတွက် ထိုကျောင်းသားတွေကို ခက်ခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်ကို ပေးပြီး ဆန်းစစ်ကြည့်လိုက်ရင်ပဲ အဖြေက မြင်သာနေပါပြီ။ တချို့က အဖြေမရရအောင်တွက်တယ်။ တချို့က အလွယ်သူများဆီက ကူးချတယ်။ တချို့က တွက်ကို မကြည့်ပဲ လက်လျော့ပြီး ဆော့နေမယ် စတဲ့ တုန်ပြန်မှုအမျိုးမျိုးကို တွေ့ရတယ်။ (တခြားအချက်တွေဖြစ်တဲ့ သူ့ရဲ့စိတ်ဝင်စားမှုဘာသာရပ်ဖြစ်မှု၊ ထိုကျောင်းသားရဲ့ လက်ရှိစိတ်အနေအထားပေါ်မှာလည်း မူတည်နေသေးတယ်။) နောက်ပြီး စာကြည့်နေသူရဲ့စိတ်ဟာ စာထဲမှာပဲ ရှိနေမယ်လို့လည်း ခန့်မှန်းလို့မရဘူးလေ။ အဲဒီလို ပုံသေတွက်လို့မရတဲ့ လူစိတ်ကို အကဲဖြတ်လေ့လာရတာ နည်းလမ်းမသိရင် အရမ်းကို ခက်လှပါတယ်။

စိတ်ပညာရှင်တွေက လူစိတ်ကို. အနီးစပ်ဆုံးတော့ ခန့်မှန်းလို့ရအောင် စိတ်အကဲခတ်နည်း -နည်းလမ်းတွေ အများကြီး တည်ထွင်ထားပါတယ်။ (ရှည်မှာစိုးလို့ အကုန်မရေးတော့ဘူး)။ အဲဒီထဲက နည်းလမ်းတစ်ခုကတော့ ပုံပြောပြီး အကဲဖြတ်နည်းဆိုတာ ရှိပါတယ်။ လူတွေစိတ်ကို လေ့လာကြည့်ချင်ရင်၊ သိချင်ရင် ပုံပြင်ပြောကြည့်တဲ့..။ အဲဒီပုံပြင်ပေါ်ကို နားထောင်သူက ဘယ်လိုသုံးသပ်သလဲဆိုတာကို ကြည့်ပြီး သူရဲ့ စိတ်နေသဘောထားကို ခန့်မှန်းလို့ ရလို့ပါ။

အနီးစပ်ဆုံး ဥပမာတစ်ခုကို ပြောပြရရင် အများနှစ်သက်လေးစားတဲ့ နာမည်ကြီးဘလော့ဂါတွေကို ပုံပြောသူအဖြစ် မြင်ယောင်ကြည့်ပြီး သူ့ဆီမှာ တွေ့ရတဲ့ ကွန်မန့်တွေကို လေ့လာကြည့်လိုက်ပါ။ ဘလော့ပိုင်ရှင်ရေးတဲ့ အကြောင်းအရာအမျိုးမျိုးအပေါ် လာဖတ်သူအချို့က ကွန်မန့်လေးတွေ ထားခဲ့ကြတယ်။ အားပေးသူများတော့ ကွန်မန့်တွေလည်း အများကြီးတွေ့ရလိမ့်မယ်။ စိတ်ဝင်စားစရာ ဘာသွားတွေ့လဲဆိုတော့ တချို့က “စိတ်ဝင်စားစရာကောင်းတယ်ဗျို့၊ ဘာလေးတော့ သိသွားပြီ၊ ဘာကတော့ မသိဘူး”စသည် ရေးတတ်တယ်။ တချို့က ကျေးဇူးတင်စကား၊ ချီးကျူးစကားကို ပြောတတ်တယ်။ တချို့က ပုံပြင် (ပို့စ်အကြောင်း) နဲ့ မဆိုင်သော တခြားအကြောင်းလေးတွေ ရေးတတ်တယ်။ တချို့ကကျတော့ ပုံပြင်ထဲက သူနားမရှင်းတာကို ပြောတတ်တယ်။ တချို့က ပုံပြင်ထဲက လိုတာလေးတွေကို ဖြည့်စွက်ပြောပြတတ်တယ်။ တချို့ကတော့ အပြစ်ရှာပြီး ဝေဖန်ပြောပြတတ်တယ်။

အဲဒီကွန်မန့်လေးတွေဟာ လူတစ်ယောက်နဲ့တစ်ယောက်မတူတဲ့ ကွဲပြားချက်လေးတွေပါ။ တချို့ကွန်မန့်ပေးတဲ့သူတွေရဲ့ စကားတွေကို စိတ်ဝင်စားတာမို့ တခြားဘလော့တွေမှာ သူဘယ်လိုပေးသွားသလဲ သတိထားကြည့်မိတယ်။ ဘလော့တော်တော်များများမှာ ဖတ်ရှုမိလိုက်ရင် နည်းနည်းတော့ သူရဲ့စိတ်နေစိတ်ထားကို ခန့်မန်းလို့ရလာသလိုပဲ။

အဲဒီကနေတဆင့် ကွန်မန့်ပေးသူတွေဟာ ဘယ်လိုလူစားမျိုးလဲ? လေ့လာခန့်မှန်းကြည့်ရင် အမျိုးမျိုးတွေ့ရလိမ့်မယ်။ စိတ်ထက်တဲ့သူ၊ စိတ်အားငယ်တတ်သူ၊ မဟုတ်မခံစိတ်ရှိသူ၊ ပွင့်ပွင့်လင်းလင်းရှိသူ၊ ခင်မင်စိတ်နဲ့ အမြဲအားပေးသူ၊ စာပေကို အလေးအနက်ထားဖတ်ရှုသူ၊ ဟာသဥာဏ် ရှိသူ၊အကောင်းမြင်တတ်သူ၊ အပြစ်မြင်တတ်သူ၊ ကလေးဆန်သူ (အသက်ငယ်လို့ ကလေးဆန်တာကို ပြောတာမဟုတ်ပါ)၊ စိတ်ထားရင့်ကျက်သူ စသည်ဖြင့် အမျိုးမျိုး တွေ့ရှိခန့်မှန်းလို့ ရလောက်တယ်။ 

ဒါက လူအများကြီးကို စုလေ့လာတာဖြစ်နေတော့ အမျိုးမျိုးဖြစ်နေတာ ဘာဆန်းလဲလို့ ပြောစရာရှိပေမဲ့ လူတစ်ယောက်တည်းရဲ့စိတ်ကိုပဲ နေ့စဉ်စောင့်ကြည့်ရင် လေ့လာသိရှိနိုင်တယ်တဲ့။ ကွန်မန့်ရေးသူရဲ့ စကားလုံး အသုံးအနှုန်းကနေတဆင့် သူ ဒီနေ့ ပျော်နေသလား၊ စိတ်ညစ်နေသလား၊ အားငယ်နေသလား စသည့်ကို သိရှိနိုင်တယ်။ ကွန်မန့်ပေးသူကိုချည်းပြောနေတော့ ရေးသူကရော? ဟုတ်တယ်။ ရေးသူကိုလည်း လေ့လာလို့ရတယ်။ သူရေးသွားတဲ့ ပို့စ်အကြောင်းအရာ၊ စကားလုံးအသုံးအနှုန်း၊ အဖြတ်အတောက်ကို ကြည့်ပြီး သူ ပျော်နေသလား၊ ပုံမှန်လား၊ စိတ်ညစ်နေသလား၊ လတ်တလော ဘာကို တွေးနေသလဲ၊ လတ်တလော ဘာကိုပေးချင်နေသလဲ စသည်ကို သိရှိနိုင်တယ်။

ဒါဆိုရင် ကိုယ့်ကိုယ့်ကိုရော လေ့လာလို့ မရဘူးလား။ အဲလိုပြောတော့ ကိုယ့်ကိုကိုယ် သိပြီးသား ဘာလေ့လာစရာရှိသလဲလို့ မေးစရာရှိပေမဲ့ ကိုယ့်ကိုကိုယ် မသိတာတွေ အများကြီးရှိနိုင်ပါတယ်။ တခါတခါ ကိုယ့်ဘာသာအလိုမကျတဲ့အတွက် ကိုယ့်ကိုယ်ကို သတိမထားမိပဲ မျက်မှောင်ကုတ်ပြီး လေသံက မာနေတတ်တယ်။ ဒါမှမဟုတ် အားငယ်တဲ့အမူအရာတွေ ဖြစ်နေတတ်တယ်။ ပတ်ဝန်းကျင်ကလူတွေက ကိုယ့်မျက်နှာနဲ့ အမူအရာကတဆင့် ကိုယ့်စိတ်ကို လေ့လာမိသွားရာက ကိုယ့်ကိုလာအားပေးတာမျိုး ကြုံဖူးကြမှာပါ။

ဒါကြောင့် စိတ်ပညာဆိုတာ တကယ်တော့ ခက်ခဲနက်နဲတဲ့ ပညာရပ်တော့ မဟုတ်ပါဘူး။ နည်းလမ်းတွေကလည်း သမရိုးကျပါပဲ။ တကယ်တော့ နေစဉ်ထိတွေနေတဲ့ လူ့ပတ်ဝန်းကျင်ကို၊ နောက်ပြီး ကိုယ့်ကိုယ့်ကို လေ့လာရင်း တတ်သွားနိုင်ပါတယ်။ စိတ်ပညာကို တတ်မြောက်ခြင်းဖြင့် လက်တွေ့ အကျိုးကျေးဇူးတွေ အများကြီးရှိပြီး၊ စိတ်ကို အခြေခံပြီးဖြစ်တဲ့ ရောဂါတွေကို ကုသပျောက်ကင်းစေနိုင်တယ်၊ လူမှုဘ၀တွေကို အများကြီးကူညီနိုင်တာတွေ ရှိပါတယ်လို့ စိတ်ပညာကို မိတ်ဆက်ပေးလိုက်ပါတယ်...။

လသာည ဖြစ်ပါတယ်။

မှတ်ချက်...။ ။။ ပျင်းမှာစိုးလို့ ပုံတွေကို ဖောဖောသီသီကို သုံးထားတယ်။ google.co.jpက ရှာတာပါ။
နောက်.. အဟဲ တောင်းပန်ဦးမယ်။ ဒီထဲမှာ ရေးတဲ့ ကွန်မန့်ရေးသူများဆိုတာ နာမည်ကြီးတဲ့ ဘလော့တွေမှာ ရေးတဲ့ ကွန်မန့်ရေးသူတွေကို ပြောတာသိလား၊ ပုံပြောခြင်းဖြင့် စိတ်ကိုအကဲခတ်ခြင်းနည်းကို ဥပမာပေးတာသက်သက်နော်။ ဒီဘလော့မှာရေးတဲ့ ကွန်မန့်သူတွေကို မဆိုလိုဘူးရယ် :P ။ အဲတော့ အရင်အတိုင်း လွတ်လွတ်လပ်လပ်ပဲ ဆက်ရေးပါ ရတယ်။ လသာညက ဥပမာသာပြောပြတာ လေ့လာအကဲဖြတ်တာမျိုး သိပ်မတတ်ပါဘူးလို့ ။နော်... အမှားရှိရင် ခွေးလွှတ်ပါ\(^=^)/

Tuesday, November 24, 2009

နပန်းသမားတစ်ယောက်ရဲ့ ရင်ထဲမှာ

သူ့နာမည်က အာဆရှောယူ (Asashōryū), မြန်မာလို “မနက်ခင်းရဲ့ အပြာရောင်ဂဠုန်”, လို့ခေါ်ပါတယ်။ သူဟာ မွန်ဂိုလီယန်းလူမျိုးဖြစ်ပြီးတော့ မွန်ဂို နပန်းသမား မျိုးနွယ်မိသားစုကနေ ပေါက်ဖွားလာသူပါ။ နောက်ပြီး သူက ဂျူဒိုသင်တန်းကိုလည်း တက်ဖူးတယ်။ ဂျပန်ကိုလာခါစက သူက exchange studentအနေနဲ့လာခဲ့တယ်။ နောက်ပြီးဆူမိုကလပ်မှာ သင်တန်းတက်တယ်။

သူ ၁၉နှစ်သားမှာ စပြီး ဂျပန်နပန်းသမား ပြိုင်ပွဲ (sumo) ကို စတင်ဝင်ရောက်ခဲ့တယ်။ သူဟာ တခြားဆူမိုတွေလို ခန္တာကိုယ်ကြီးမားသူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ အလေးချိန် ၂၀၀ကီလိုပတ်ဝန်းကျင်ရှိတဲ့ ဆူမိုတွေကြားမှာ သူက ကီလို ၁၂၀ပဲ ရှိပြီး အရပ်လည်းပုသူ၊ ကျစ်လစ်သေးငယ်တဲ့ ဆူမိုတစ်ယောက်ဖြစ်ခဲ့တယ် (အခုတော့ ၁၄၈ ကီလိုရှိသွားပြီ)။
ဒါပေမဲ့ သူရဲ့ ဆူမိုပညာက အံမခန်းအောင်တော်လွန်းတယ်။ တဖက်လူကို နိုင်ယူဖို့အတွက် မြန်တယ်။ ဗျူဟာကြွယ်တယ်။ စိတ်ဓါတ်မာတယ်။ ၁၉၉၉မှာ ဆူမိုလောကကို စ၀င်ပေမဲ့ ၂၀၀၀ခုနှစ်မှာ သူဟာ နာမည်ကြီးလာခဲ့တယ်။ ဆူမိုရဲ့ အငယ်တန်း၊ အကြီးတန်းစတာတွေကို တရှိန်ထိုး ဖောက်ထွက်ခဲ့ပြီး၊ အသက် ၂၀မှာ ဆုတွေကို အများကြီးရနေခဲ့တယ်။ ၂၀၀၂ ခုနှစ် နိုဝင်ဘာပွဲစဉ်ကစလို့ သူဟာ ချန်ပီယမ်ဖြစ်လာခဲ့ပါတယ်။ ချန်ပီယမ်စရတော့ သူအသက်က ၂၂နှစ်...။

အဲ..တဖက်က ဆူမိုပညာမှာအောင်မြင်နေသလို အလယ်တန်းကျောင်းသားဘ၀က ချစ်ကြင်နာခဲ့သူ ချစ်သူလေး Tamirကိုလည်း ၂၀၀၂ ခုနှစ်မှာ လက်ထပ်ယူခဲ့တယ်။ Tamirက မွန်ဂိုလူမျိုး သူကြွယ်သမီးတစ်ယောက်ဖြစ်ပြီး ဂျာမဏီမှာ ကျောင်းပြီးခဲ့တယ်။ မွန်ဂိုမှာတင်မကဘူး၊ ဂျပန်မှာပါ လက်ထပ်ပွဲကို ခမ်းခမ်းနားနား ကျင်းပခဲ့တယ်။ သူတို့ ဇနီးမောင်နှံတော်တော်ပျော်ခဲ့ပါတယ်။

တချိန်က ဆူမိုနပန်းသမားလေး အာဆရှောယူကနေ အခုဆိုရင် သမ္ဘာရင့်ဆူမိုနပန်းသမားအဖြစ် နာမည်ကြီးပြီး သမိုင်းမှာ သူလောက် နှစ်ရှည် ဆူမိုချန်ပီယမ်ဖြစ်သူ မရှိသေးပါဘူး။ ၂၀၀၃-ခုနှစ်ကစပြီး ယခု ၂၀၀၉-ခုနှစ်ထိ ဆက်တိုက် ချန်ပီယမ် ရာထူးက လျော့ကျမသွားခဲ့ဘူး။ ဆုတွေဆိုတာလည်း မနည်းတော့ဘူး။ ဒါဆို သူဘ၀ဟာ ပြည့်စုံပျော်ရွင်နေပြီလို့ ကောက်ချက်ချရင်တော့ လုံးဝမှားသွားပါလိမ့်မယ်။

အသက် ၂၂ နှစ်သားနဲ့ ချန်ပီယမ်ဖြစ်လာသူ အာဆရှောယူမှာလည်း ရင်ထဲမှာ ဒဏ်ရာတွေဗလပွပါ။ ငယ်ရွယ်သူတို့ထုံးစံအတိုင်း ပြိုင်ဖက်ကို သူနိုင်လို့ ၀မ်းသာစွာအော်ဟစ်မိရင် သူ့ကို “စာနာစိတ်မရှိသူ”လို့ ဝေဖန်ခံရတယ်။ အများအားဖြင့် ပြိုင်ပွဲဆိုတာ ရှုံးသူနဲ့ နိုင်သူ နှစ်ယောက်ပဲ ရှိပေမယ့် သူက ချန်ပီယမ်ဆွတ်ခူးဖို့အတွက် ၁၄ ကြိမ် ၁၄ ယောက်နဲ့ ပြိုင်ရတာပါ။ ၁၄ ကြိမ်ပြိုင်လို့ အမှတ်အများဆုံးနဲ့ နိုင်မှ (ဥပမာ ၁၄ပွဲလုံးနိုင်၊ ဒါမှမဟုတ် ၁၃ပွဲနိုင် တစ်ပွဲရှုံး) ချန်ပီယမ်ဖြစ်ခွင့်ရတာပါ။ တစ်နှစ်မှာ ၆ကြိမ်ပြိုင်ရတယ်။ ဒီတော့ တနှစ်ထဲမှာ ၈၄ ကြိမ်ပြိုင်ရတာဖြစ်ပါတယ်။ ကာလကြာလာတော့ သူ့ကို ရှုံးသူကရှုံးလို့၊ (ပြိုင်ပွဲအရ အချင်းချင်း တွန်းတိုက်ရင်း) အနာတရဖြစ်သူ ဖြစ်ကြတဲ့အခါ အမြဲခံရသူတွေက မုန်းလာပြီပေါ့။ ဒီတော့ ထုံးစံအတိုင်း သူ့ကို မလိုသူများလာခဲ့တယ်။

ဆူမိုမပြိုင်ခင် လက်ခမောင်းခက်တာချင်းအတူတူ ချန်ပီယမ် အာဆရှောယူ လက်ခမောင်းခတ်ပုံက မာန်တက်နေသလိုပဲလို့ သတင်းဌာနာတွေက ဝေဖန်ကြတယ်။ ချန်ပီယမ် အာဆရှောယူများ တစ်ရက်တစ်လေ ရှုံးသွားရင် ၀မ်းသာစွာ အော်ဟစ်သံတွေတောင် ကြားရတယ်။ လူငယ်ပီပီ မခံချင်စိတ်ကြောင့် အာဆရှောယူရဲ့ မျက်နှာဟာ တဖြည်းဖြည်း ခက်ထန်လာခဲ့တယ်။

သတင်းဌာန တချို့ကဆိုရင် အာဆရှောယူကြောင့် ပြိုင်ဖက်များနာသွားခဲ့ရင်၊ နိုင်သွားတဲ့အာဆရှောယူကို ချီးကျူးစကား ပြောဖို့ထက် ပြိုင်ဖက်ကို နာစေတဲ့အတွက် အပြစ်တင်လိုစိတ်နဲ့ အကြိမ်ကြိမ် ပြန်ပြပေးတတ်တယ်။ ပြိုင်ပွဲတစ်ခု ပြိုင်ပြီဆိုရင် သူသူကိုယ်ကိုယ် အနည်းအကျဉ်းတော့ အနာခံရတာချည်းပေမဲ့ အာဆရှောယူ ကတော့ စိတ်ဓါတ်ပြင်းသူပီပီ ညည်းညူမပြခဲ့တာကြောင့် သူဒဏ်ရာတွေရလည်း လူတွေ သိပ်မသိလိုက်ကြပါဘူး။ သူဘာသာ အံကြိတ်ခံလို့ နောက်တနေ့ပွဲကို ကြိုတင်ပြင်ဆင်တတ်တာ သူ့အနားနေတဲ့ သူနောက်လိုက်လူတွေကပဲ သိခဲ့တယ်။

အောင်မြင်မှုနဲ့အတူ ရရှိလာတဲ့ ပြစ်တင်ဝေဖန်မှုတွေကြားထဲမှာ စိတ်ဖိအား တင်းကျပ်မှုတွေများလာတဲ့ အာဆရှောယူဟာ သူ့အမျိုးသမီးနဲ့လည်း အဆင်မပြေဖြစ်လာခဲ့တယ်။ နောက်ဆုံးတော့ သူ့သမီးနဲ့ သူ့သားကို လက်ဆွဲပြီး Tamir အိမ်ပြန်သွားခဲ့တယ်။ ဝေဖန်ကောင်းချိန်ဆိုတော့လည်း “အာဆရှောယူကြောင့် အိမ်ထောင်ကွဲရတာဖြစ်တယ်”လို့ နေစဉ် သတင်းစာတွေမှာ ခေါင်းစဉ်ကြီးတွေနဲ့ ရက်ဆက်ပါခဲ့တယ်။ အဲဒ်ီအကြောင်း အင်တာဗျူးလာဗျူးသူကို အာဆရှောယူက “ဘာကြောင့် ခင်ဗျားတိုတတွေ သူများအကြောင်းကို ဒီလောက် စိတ်ဝင်စားနေကြသလဲ”လို့ ပြန်ပြောခဲ့တဲ့အတွက် သူဟာ ရိုင်းစိုင်းသူအဖြစ် ထပ်မံနာမည်ကြီးသွားပါတယ်။

အိမ်ထောင်ရေး မပြေလည်တဲ့ အာဆရှောယူတစ်ယောက် စိတ်ထိခိုက်သွားကြောင်း နှုတ်ကသာ ထုတ်ဖော်မပြောသော်လည်း သူခံစားနေတာကို သူ့အနားက လူတိုင်းသိကြတယ်။ အဲဒီအတွက် ရလာဒ်က ပြိုင်ပွဲတစ်ချို့မှာ သူရှုံးခဲ့တယ်။ သူရှုံးတိုင်း လူတွေက ၀မ်းသာအားရ လက်ခုပ်တီးကြတယ်။

နောက်ပိုင်း စိတ်ဒဏ်ရာတစ်ချို့နဲ့ ဘယ်လက်တခြမ်း ဒဏ်ရာကို ကုသဖို့ဆိုပြီး သူနယ်မြေ မွန်ဂိုနိုင်ငံကို အလည်အဖြစ် သူပြန်ခဲ့တယ်။ သူ့နယ်မြေရောက်တော့ ငယ်စဉ်က သူငယ်ချင်းအချို့နဲ့ စိတ်ပြေလက်ပျောက် တွေ့ဆုံကြရင်း သူတို့နဲ့အတူ ဘောလုံးဝင်ကစားရာမှာ နောက်ထပ်ပြဿနာထပ်တက်ပါတော့တယ်။ “ဆူမို ချန်ပီယမ်က ပြိုင်ပွဲကို အနားယူပြီး ဘောလုံးကစားခြင်းသည် အပြစ်ဖြစ်သည်။ ပြိုင်ပွဲက ထုတ်ပါ” လို့ ဂျပန်ကလူတစ်ချို့က ဆန္ဒပြကြတယ်။ တချို့ကလည်း “အဲဒီကောင်က ငွေကုန်ရင်ပြန်လာမှာ၊ ဂျပန်ဆူမိုပွဲကြောင့် ငွေရနေတဲ့သူက ကြီးကြီးကျယ်ကျယ် လုပ်နေတယ်”လို့ တီဗွီနဲ့ တခြားမီဒီယာတွေကနေတဆင့် ပြစ်တင်ရှုတ်ချကြပါတယ်။

သူရဲ့ မိဘနဲ့ ဆရာက တောင်းပန်ပေးတဲ့အတွက် သူဟာ ဆူမိုနပန်းပြိုင်ပွဲကို ပြန်လာခွင့်ရခဲ့ပါတယ်။ သူက သူကိုချစ်တဲ့ ဂျပန်လူမျိုး အိုတိုးစံကို ရင်ဖွင့်ခဲ့တယ်။ “ကျွန်တော်မှာ လွတ်လပ်စွာ အပန်းဖြေခွင့် မရှိဘူးလားဗျာ”လို့ ပြောတော့ အိုးတိုးစံက “အဲဒါ မင်းက သိပ်တော်နေလို့ ဝေဖန်ခံရတာပါ သားရယ်”လို့ မျက်ရည်ကျခဲ့တယ်။

၂၀၀၈ ခုနှစ်ထဲမှာ သူ့ကို ဆူမိုဘ၀က အနားယူရတော့မယ့်သူလို့ အားလုံးက မှတ်ချက်ပေးလာကြတယ်။ ပြိုင်ပွဲသမားတစ်ယောက်ရဲ့ အားက ပရိတ်သတ်ရဲ့ လက်ခုပ်သံမဟုတ်ပါလား။ လက်ခုပ်သံကို မျှော်လင့်သူ သူ့အတွက် ရှုတ်ချသံ၊ ပြစ်တင်သံနဲ့ သူဘယ်လိုလုပ်ပြီး ဆက်လက်ရှင်သန်ရမှာလဲ..။ ဒါပေမဲ့ စိတ်မာသူ အာဆရှောယူကတော့ ဆက်လက်ယှဉ်ပြိုင်နေခဲ့တယ်။ လူမှုရေးလုပ်ငန်းကိုလည်း သူလုပ်တယ်။ မွန်ဂိုကနေ ကလေးတွေကို သူပိုက်ဆံနဲ့ ဆပွန်ဆာပေးပြီး ကျောင်းထားပေးတယ်။ ပြီးရင် ထူးချွန်သူကို ဆုပေးဖို့အထိ သူစီစဉ်နေပါတယ်။

၂၀၀၉ -ခုနှစ်ထဲမှာလည်း ဆူမိုချန်ပီယမ်ပါပဲ။ ပြီးခဲ့တဲ့ ပွဲစဉ်တုန်းကဆိုရင် ပရိတ်သတ်အများစုက အာဆရှောယူရဲ့ ပြိုင်ဖက်တွေကို အားပေးနေသံတွေ ဆူညံနေစဉ်မှာပဲ အာဆရှောယူက ထိုပြိုင်ဖက်များကို တစ်ယောက်ပြီး တစ်ယောက်ကို လှပစွာ အနိုင်ယူခဲ့ပါတယ်။ ဆုတံဆိပ်ကို ယူပြီးနောက် သူက သူမိတ်ဆွေတွေကို ဒီလိုပြောပါတယ်။

“အခု ကျွန်တော်သိသွားပြီ။ အများရဲ့ လက်ခုပ်သံကို ရဖို့ ကျွန်တော် ကြိုးစားတာမဟုတ်သလို၊ ပြစ်တင်ရှုတ်ချသံကြောင့်လည်း ကျွန်တော့်အစွမ်းအစ ဆုတ်လျော့သွားစရာမရှိပါဘူး။ ဘယ်ပြိုင်ဖက်ကိုမှ ကျွန်တော်မမုန်းဘူး။ ဆူမိုပွဲမှာ ဆူမိုတစ်ယောက်အနေနဲ့ ကျွန်တော့်လုပ်စရာရှိတာ ကျွန်တော်လုပ်မယ်။ ဆူမိုအားကစားကို ကျွန်တော်လုပ်နိုင်သ၍ ကျွန်တော်လုပ်သွားမယ်။ ဆူမို မလုပ်နိုင်တဲ့တနေ့ တခြားအလုပ်ကို လုပ်မယ်။ ပြစ်တင်သံကြောင့် ကျဆုံးတယ်ဆိုတာ ကျွန်တော့်ရာဇ၀င်မှာ မရှိစေရဘူး။ ကျွန်တော်မလုပ်နိုင်လို့ ကျဆုံးတာအတွက်တော့ ကျွန်တော့်ကို ကျွန်တော်အပြစ်တင်စရာမရှိဘူး။ ကျွန်တော်အမြဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေလို့ပါပဲ” လို့ သူက သူမိတ်ဆွေတချို့ကို ရင်းနှီးစွာ ပြောပြခဲ့တယ်။


အင်း.. အဲဒီပွဲစဉ်လည်း သူ ပြစ်တင်ခံရခြင်းက မလွတ်ခဲ့ပါဘူး။ တဖက်လူကို လှဲချအပြီး စိတ်လွတ်လက်လွတ် လက်မြောက်လိုက်၍ ဖြစ်ပါတယ်။ ဆူမိုသမားဟာ လက်ဝှေ့သမားလို လက်မြှောက်ကြွေးကြော်ခွင့် မရှိလို့ပါတဲ့။ နောက်တနေ့မှာ ဆူမိုအဖွဲအစည်း ခေါင်းဆောင်တွေကို တောင်းပန်လိုက်ရပါသေးတယ်။ အာဆရှောယူကတော့ ထုံးစံအတိုင်း အပြုံးမပျက် ဆက်လက်ကစားလျက်ပါ။ ဒီနေ့ ပွဲစဉ်(၂၀၀၉.၁၁.၂၄)မှာလည်း ရှုံးပွဲမရှိ နိုင်သွားပြန်ပြီ..။
............................................................
လသာည.. ဖြစ်ပါတယ်။
မှတ်ချက်။။ ဓါတ်ပုံအားလုံးကို google က ယူထားတာပါ။ သူဟာ ဝေဖန်ခံရသူ အများဆုံးဖြစ်သော်လည်း သူ့ကို ချစ်တဲ့ ပရိတ်သတ်တွေလည်း ရှိပါတယ်..။ ကျွန်မလည်း သူ့စိတ်ဓါတ်ကို ကြိုက်တယ်။

Saturday, November 21, 2009

လွတ်လပ်မှုကို ခုံမင်သွားပြီ..

မြင့်မားတဲ့ နော်ဝေးတောင်တန်းကြီးက အမြဲ နှင်းဖုံးနေသလို နွေရာသီဆိုရင်လည်း တညလုံး နေထွက်နေတတ်တယ်။ သာယာတဲ့ နွေရာသီတစ်ခုမှာ.. နက်မှောင်တဲ့ မျက်ဝန်း၊ အညိုရောင်တောက်တောက် နှုးညံတဲ့ အမွေးတွေပိုင်ဆိုင်တဲ့ရိန်းဒါး သမင်လေး ကီလိ ဟာ သမင်အုပ်စုနဲ့အတူ Laplander လူမျိုး သခင်တွေဆီမှာ ကြီးပြင်းခဲ့တယ်။ Laplander လူမျိုးတွေက fjord ဒေသတစ်လျှောက် ခရီးလှည့်လည် သွားလာနေကြသူတွေ ဖြစ်တယ်။ ခရီးသွားရင်း ကီလိရဲ့သခင်တွေက တဲကြီးတွေ ဆောက်ပြီး စခန်းချတဲ့အချိန် ကီလိတို့ကို အနားပေး လွှတ်ပေးလေ့ရှိတယ်။ အဲဒီအချိန်တွေဟာ ကီလိရဲ့ အပျော်ဆုံး အချိန်တွေပါပဲ..။

နွေရာသီကုန်ခါနီး တညနေမှာ ကီလိဟာ စခန်းချရာတဲနောက်က တောင်ကုန်းလေးပေါ်မှာ လျှောက်ပြေးနေခဲ့တယ်။ ပါးလွှာတဲ့ နှင်းလွှာချပ်တွေပေါ်ကို ခုန်ကျော်လိုက်၊ မြစ်ကျဉ်းကိုဖြတ်ပြေးလိုက်နဲ့ တအားပျော်နေခဲ့တယ်။တချီမှာတော့ ရုတ်တရက် ကီလိဟာ ခြေချော်ပြီး နှင်းစောက်တစ်ခုထဲကို ဒလိမ့်ခေါက်ကွေး ကျသွားခဲ့တယ်။ ပြန်တက်ဖို့ ကြိုးစားလိုက်တော့ ခြေထောက်က အသည်းခိုက်အောင် နာနေခဲ့တယ်။ ဒါပေမဲ့လည်း ဖြေးညင်းစွာ တရွေ့ရွေ့ ထောက်ပြီး လမ်းလျှောက်ကြည့်ရင်း စခန်းဘက်ကို လှည့်ပြန်ခဲ့တယ်။

ခြေထောက်နာနေတာမို့ အချိန်အများကြီးနောက်ကျပြီးမှ စခန်းကိုပြန်ရောက်ခဲ့တယ်။ ဒါပေမဲ့ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူကြောက်ရွံတုန်လှုပ်သွားမိတယ်။ စခန်းမှာ ဘယ်သူမှ မရှိတော့ပါ။ သူ့သခင်တွေက တဲတွေကိုဖျက်သိမ်းပြီး သူ့မိသားစု အဖော်သမင်တွေကို ခေါ်လို့ တခြားကို ထွက်သွားနှင့်ကြပြီ။ မွေးကတဲက တခါမှ တစ်ယောက်တည်း မနေဖူးတဲ့ ကီလိဟာ ကြောက်ရွံတုန်လှုပ်စွာ ဆောက်တည်ရာမရ အော်ဟစ်မိတယ်။ သူ့သမင်အုပ်ထဲက အကြီးတွေပြောသလိုဆိုရင် မကြာခင်ဆို ဆောင်းဝင်တော့မယ်။ ဆောင်းမ၀င်ခင် သမင်အုပ်တွေနဲ့သာ မတွေ့ရင် မှောင်မိုက်တဲ့ ဆောင်းညတွေမှာ သူတစ်ကောင်တည်း ဘယ်လိုရှင်သန်ရမလဲ....

သင်းကွဲသမင်လေး ကီလိဟာ သူ့ရှေ့က ထွက်သွားတဲ့ သူ့သခင်များနဲ့ သမင်အုပ်ရဲ့ လမ်းကြောင်းကို ခြေရာခံပြီးလိုက်ခဲ့တယ်။ ထွက်သွားတဲ့အဖွဲဟာ မြန်လွန်းလို့ သူဘယ်လိုမှ မှီအောင် မလိုက်နိုင်ခဲ့ဘူး။ နောက်ပြီး သူက ခြေထောက်နာနေခဲ့တယ်လေ..။နှစ်ရက်လောက်ကြာတော့ နှင်းတွေက ကျလာပြီ။ အသည်းခိုက်အောင် အေးတဲ့ နှင်းဖတ်တွေက သည်းသည်းမဲမဲ ကျနေတာကြောင့် တုန်ခိုက်အောင် အေးနေခဲ့တယ်။ သူ့ပတ်ဝန်းကျင်ကလည်း မြင်မြင်သမျှ ဖြူဖွေးနေတယ်။ သူခြေရာခံနေတဲ့ သူ့သခင်တွေရဲ့ ခြေရာတွေလည်း နှင်းတွေအောက်မှာ ပျောက်ကွယ်သွားပြီဖြစ်တယ်။ သူ ရပ်ပြီး ဘေးဘီဝဲယာ မျက်လုံးစွေကြည့်လည်း သူ့မိသားစု ရဲ့ အရိပ်အယောင်ဆိုတာ လုံးဝမမြင်ရတော့ဘူး။ သူလမ်းပျောက်ပြီ..။ သူဘာဆက်လုပ်ရမလဲ..။ ကြောက်ရွံအားငယ်စွာ သူအော်ခဲ့တယ်။ ဒါပေမဲ့လည်း ဘာတုန့်ပြန်သံမှ မကြားရတော့ဘူးရယ်...။

သဘာဝအသိကြောင့် ဘယ်လိုပဲဖြစ်ဖြစ် သူရပ်နေလို့ မဖြစ်ဘူး၊ ပုန်းခိုစရာ ရှာရမယ်ဆိုတာ သူတွေးမိလာတယ်။ ဆောင်းတွင်းကို သူတစ်ကောင်တည်း ဘယ်လိုမှ မဖြတ်သန်းနိုင်ဘူးဆိုတဲ့ အတွေးကို ဖျောက်လိုက်ရင်း ရှေ့ကို တလှမ်းချင်းတလှမ်းချင်း ရွေ့လာခဲ့တယ်။

တနေ့ထက်တနေ့ နှင်းတွေက ပိုပိုပြီး သိပ်သည်းစွာကျလာပြီ။ နေ့တွေကလည်း မှောင်သထက်မှောင်လာပြီ။ ကီလိရဲ့ အမွေးလေးတွေကလည်း တောက်ပြောင်တဲ့ အညိုရောင်နုနုကနေ နှင်းရောင်လို ဖြူဆွတ်လို့ နေပါပြီ။ တရက်ပြီးတရက် တနေ့ပြီးတနေ့ ရက်တွေလတွေ ကြာလာခဲ့ပြီ..။ သူလည်း အန္တရယ်အတွေ့အကြုံအမျိုးမျိုးမှာ ဆက်လက်ရှင်သန် ရပ်တည်နိုင်ဖို့ ကြိုးစားနေခဲ့တယ်။ ဆက်လက်လည်း ကြိုးစားဆဲ...။

တကြိမ်မှာတော့ ရှည်လျားပြီး ချောမွေပြောင်လက်နေတဲ့ နှင်းလျှောစောက်ရှည်တစ်ခုပေါ်ကနေ မိသားစုကို လွမ်းဆွတ်စွာ ဘေးပတ်ဝန်းကျင်ကို ငေးကြည့်လိုက်တယ်။ ဟာ.. လူတစ်ချို့ နှင်းလျှောစီးနေကြတာပါလား.။ သူတို့ဟာ သူဘေးကနေ ဖြတ်သွားတာကို ငေးရင်း လူတွေသွားတာ သိပ်မြန်တာပဲလို့ သဘောကျနေမိတယ်။ လူတွေက ခဏလေးနဲ့ တောင်ပေါ်ကိုတက်လိုက် တောင်အောက်ကို ဆင်းလိုက်နဲ့..မြန်လိုက်တာ၊ အရမ်းကို မြန်တာပဲ။
တခါမှာ ကလေးမလေးတစ်ယောက်က နှင်းလျှောစီးရင်း သူ့ဘေးနား ရောက်လာတယ်။ သူ့ကိုမြင်တော့ သူ့ကိုရယ်ပြပြီး အနားထိကပ်လာတယ်။ ပြီးတော့ သူအိပ်ကပ်လေးထဲက အသားညှပ်ပေါင်မုန့်ကို ထုတ်ကျွေးတယ်။ ကီလိက မုန့်ကို ပါးစပ်နဲ့ လှမ်းဟပ်လိုက်တော့ သူမလေးက လက်ကို ဝှေ့ယမ်းလို့ သူဘေးက လျင်မြန်စွာ ထွက်ပြေးပျောက်ကွယ်သွားခဲ့တယ်။

အဲဒီညက ၀ံပုလွေတစ်အုပ်က ၀ိုင်းလိုက်လို့ သူသေပြေးရှင်ပြေး ထွက်ပြေးခဲ့ရတယ်။ သူတို့က နှင်းတွေကို ဖြတ်လို့ သူနောက်က သူမောတဲ့အထိ လိုက်ဖို့ရည်ရွယ်ချက်နဲ့ လိုက်ခဲ့တာပါ။ ဒါပေမဲ့ ကီလိက ဒီဆောင်းတစ်ခုလုံး ပြေးလွှားအသက်ရှင်ခဲ့သူဖြစ်လို့ သူ့ခြေထောက်တွေက သန်မာကြံ့ခိုင်စွာ လျင်မြန်စွာ ပြေးနိုင်ခဲ့တယ်။ နောက်ဆုံးတော့.. သူ့ရဲ့ခြေထောက်တွေက သူ့အသက်ကို ကယ်နိုင်ခဲ့ပါတယ်။ ကီလိက ပျော်ရွှင်စွာ ဆက်လက်ပြေးနေခဲ့တယ်၊ ရွရွလေး ဖွဖွလေး...လေ..။

ဒီလိုနဲ့ တစ်နေ့မှာ သူက တောင်ပေါ်ကနေ တောင်အောက်ကို ငုံကြည့်လိုက်တဲ့အချိန် သူ့မျက်လုံးကို သူမယုံကြည်နိုင်လောက်အောင် ဖြစ်သွားတယ်။ ဟုတ်တယ် အောက်မှာ သူရက်ပေါင်းများစွာ လွမ်းဆွတ်ခဲ့ရတဲ့ သူမိသားစု နဲ့ သူ့သခင်တို့ စခန်းချနေပါတယ်။ သမင်အုပ်က အုပ်စုလိုက် တရွေ့ရွေ့အစာစားရင်း အနားယူနေကြတယ်။ လူတွေကလည်း ဟိုနားတစု ဒီနားတစု တဲကြီးတွေဆောက်နေကြတယ်.။

ကီလိဟာ သူတချိန်ခိုလှုံခဲ့ဖူးတဲ့ သမင်အုပ်ကို ငေးကြည့်နေမိတယ်။ နောက်ပြီးတော့ သူ့နောက်ဖက်က တောင်ကုန်းကို ပြန်လှည့်ကြည့်မိတယ်။ ဆောင်းတွင်းတစ်ခုလုံး ခိုလှုံခဲ့တဲ့ ဒီတောင်ကုန်းမှာ သူဟာ အထီးကျန်စွာ နေခဲ့ရတယ်။ အန္တရယ်လွတ်အောင် သေပြေးရှင်ပြေး ပြေးခဲ့ရတယ်။ အဲဒီလို အသက်ဘေးနဲ့ လုပြေးရတဲ့တစ်ခါကြုံတိုင်း သူတစ်ခါ အားသန်လာခဲ့တယ်။ သူတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံများက သူ့ကို ပိုပြီးစိတ်ဓါတ်ကြံခိုင်စေခဲ့တယ်။ သူ့အတွက် ဘ၀နဲ့ရင်းခဲ့တဲ့ ပြိုင်ပွဲများပါ။

သူသာ သမင်အုပ်ထဲမှာ နေခဲ့ရရင် သက်တောင့်သက်သာနဲ့ လုံခြုံစွာ နေရမှာ အသေအချာပါ။ ဒါပေမဲ့ သူအခု မသွားချင်တော့ပါ။ သူလိုချင်တာ လွတ်လပ်မှုပါ။ မကြာခင် နွေဦးရောက်တော့မယ်။ နွေဦးမှာ လွတ်လပ်စွာ ပျော်နိုင်တော့မယ်။ ဘယ်အန္တရယ်ကိုမှလည်း သူမကြောက်တော့ပါ။ သူ စွန့်စားမှုကို ပျော်ပိုက်သွားပြီ။ တခါတလေ အန္တရယ်နဲ့ ကြုံရနိုင်လည်း တခါတလေ ကြင်နာမှုတချို့တလေကိုတောင် သူရနိုင်သေးတယ်။

ဒီနောက်တော့ စခန်းဘက်ကို သူ ကျောခိုင်းလိုက်ပါတယ်။ သူတဆောင်းခိုလှုံခဲ့၊ ကျင်လည်ခဲ့သော အန္တရယ်ပေါင်းစုံရာဘ၀တွေရှိရာ အရိုင်းတောင်ကုန်းဆီ ..ပြေးလျှောက်ရင်း သင်းကွဲဘ၀ဖြစ်လည်း ရှိပါစေတော့.. ကြုံရာဘ၀တွေမှာ ကြုံသလို သူပျော်အောင် နေတတ်သွားပြီ...။

လသာည.. ဖြစ်ပါတယ်။
မှတ်ချက်..။ ။ English Street Reading, no. 183, lesson-16 Reindeer Winter!!ကို ဘာသာပြန်တာပါ။
Laplander လူမျိုးတွေအကြောင်း အသေးစိတ်က ဒီနေရာမှာ)
Reindeer သမင်တွေအကြောင်း အသေးစိတ်က ဒီနေရာမှာ)

Wednesday, November 18, 2009

ကျေးဇူးတင်ပါတယ်

ရုံးတစ်ရုံးမှာ အလုပ်လုပ်တဲ့ မန်နေဂျာတစ်ယောက်ဟာ အလွန်အလုပ်ကြိုးစားသူဖြစ်ပါတယ်။ အလုပ်ချိန်တိကျသူ၊ ရိုးသားသူ၊ သပ်ရပ်စွာဝတ်ဆင်တတ်ပြီး ဥာဏ်ထက်မြက်သူလည်း ဖြစ်ပါတယ်။ သို့သော် လူယဉ်ကျေးအသိုင်းအ၀ိုင်းမှာ အရေးပါတဲ့ ပညာတစ်ခုကိုတော့ သူမတတ်ပါ။ အဲဒီပညာက ယဉ်ကျေးချိုသာစွာ ပြောဆိုတတ်ခြင်းပဲ ဖြစ်ပါတယ်။

သူဘယ်တော့မှ ချိုချိုသာသာပြောဖို့ စိတ်မကူးတတ်ပါ။ လက်အောက်ငယ်သားများရဲ့ ခံစားချက်စသည်တို့ကိုလည်း ကိုယ်ချင်းစာလေ့မရှိ။ “ဒါလေး လုပ်ပေးမလား”လို့ မပြောတတ်ပဲ.။ “ဒါကို ချက်ချင်းလုပ်ပါ” ဆိုတာမျိုးကိုပဲ သူပြောတတ်ပါတယ်။ တဖက်လူရဲ့ စကားကို နားမလည်တဲ့အခါမျိုးမှာလည်း “နားမလည်လို့ ပြန်ပြောပြပါဦး”လို့ သူမဆိုတတ်ပဲ “ဘာလဲ”ဆိုတဲ့ တုံးတိတိ စကားကိုပဲ သူတုန့်ပြန်တတ်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားမျိုးကတော့ သူ့ဆီက လုံးဝမကြားရတတ်တဲ့ စကားလုံးပါပဲ။ ဒါကြောင့်လည်း သူ့လက်အောက်က အလုပ်သမားမမြဲတတ်ပါဘူး။

သူ့ရဲ့ လက်အောက်ကစာရေး ဒေးဗစ်က မန်နေဂျာနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်လာသူဖြစ်ပါတယ်။ မန်နေဂျာရဲ့ အပြောဆိုးတာကို သည်းညည်းခံရလွန်းလို့ ဒီအလုပ်ကို စိတ်ပျက်နေပြီ။ အလုပ်သမားအားလုံးက မန်နေဂျာကို မကျေနပ်ရင် သူ့ကိုပဲ လာတိုင်ကြတယ်။ ဒါပေမဲ့လည်း ဒေးဗစ်တစ်ယောက် မန်နေဂျာကို ပြန်ပြောဖို့ သတ္တိမရှိပါဘူး.. အဲ.. တစ်ခုသော သောကြာနေ့ ညနေခင်း မရောက်ခင်အထိပေါ့။

ထိုသောကြာနေ့အမှီ အပြီးလိုချင်တယ်လို့ မှာကြားထားတဲ့ မန်နေဂျာရဲ့ အမိန့်အတွက် ရုံးရဲ့စာရင်းရှင်းတမ်းတွေကို နေရာညပါ အိပ်ပျက်ခံလို့ ဒေးဗစ်အများကြီး ကြိုးစားလုပ်ခဲ့တယ်။ နောက်ဆုံးတော့ အလုပ်အားလုံးကို အပြီးသတ်အောင် သူအားထုတ်နိုင်ခဲ့တယ်။ ဒါနဲ့ စိတ်လက်ပေါ့ပါးစွာနဲ့ မန်နေဂျာအခန်းကို သွားပြီး ဖိုင်အားလုံးကို အပ်လိုက်ပါတယ်။ အမှန်အတိုင်းပြောရရင် သူ့အားထုတ်မှုအတွက် မန်နေဂျာဆီမှ တစုံတရာ စကားလေးတစ်ခွန်းတော့ သူရလိမ့်မယ်လို့ မျှော်လင့်မိတယ်။ ဒီအလုပ် ဘယ်လောက်ပင်ပန်းကြောင်း မန်နေဂျာသိတာပဲ။

ဒါပေမဲ့လည်း မန်နေဂျာက ဖိုင်တွေကို မျက်စိစွေကြည့်လိုက်ရုံကလွဲရင် ဘာတစ်ခုမှ မပြောပါဘူး..။ ဒါနဲ့ စာရေးဟာ သူနေရာကို ပြန်ဖို့လှည့်ထွက်လာလိုက်တယ်။ မန်နေဂျာရဲ့ ရုံးခန်းတံခါးနားကို အရောက်မှာ ရုတ်တရက် သူက မန်နေဂျာဘက်ကို လှည့်ရင်း ပြန်မေးလိုက်တယ်။

“ခင်ဗျာ..၊..ဟာ ဆောရီး ဆရာ။ ဘာပြောတာလဲ ခင်ဗျာ”
“ငါ ဘာမှမပြောဘူး”လို့ မန်နေဂျာက တိုပြတ်ပြတ် ပြန်ပြောတယ်။

ဒီတော့ ဒေးဗစ်က “သြော်...ကျွန်တော့်ကို “ကျေးဇူးပဲကွာ”လို့ လှမ်းပြောလိုက်တယ်ထင်လို့ပါ။ အဲဒီစကားလုံးက ကျွန်တော်ကို ဆုချီးမြှင့်သလို ပျော်သွားစေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ဆရာ”

တကယ်တော့ စကားလေးတစ်ခွန်းကို နေရာတစ်ကျ သုံးစွဲလိုက်ရုံလေးနဲ့ တစ်ဖက်လူရဲ့ စိတ်ထား၊ ခံစားချက်ကို ပြောင်းလဲစေတယ် မဟုတ်ပါလား။ စကားပုံတောင် ရှိတယ်။ နှုတ်ချို သျှိတစ်ပါး တဲ့..လသာည ဖြစ်ပါတယ်။
မှတ်ချက်။ ။အခုတလော TOEFL test ဖြေမယ့် ဂျပန်ကောင်မလေးတစ်ယောက်က အကူအညီတောင်းလို့ သူမနဲ့ အတူ Reading English ပုံနှိပ်စာအုပ်တွေကို စာကူ ဖတ်ပေးနေဖြစ်ပါတယ်။ သူ့ကို ဂျပန်လိုရော အင်္ဂလိပ်လိုရော တတ်သရွေ့မှတ်သရွေ့ လျှောက်ဖြီးရင်း ကူဖတ်ပေးတာမျိုးပါ။ (အထင်ကြီးသွားမှာစိုးလို့ အမြန်ရှင်းပြတား) အဲဒီစာအုပ်တွေထဲက တချို့တချို့ဟာ စိတ်ဝင်စားစရာကောင်းနေတာမို့ တခါတရံ ဘာသာပြန်ပြီး တင်မယ်လို့ စိတ်ကူးဖြစ်ပါတယ်။ ဒီအပေါ်ကပို့စ်ကတော့ English Street Reading, no. 183, lesson-5 Thank you!!ကို ဘာသာပြန်တာပါ။ လသာည.. နားလည်သလို ဘာသာပြန်တာဖြစ်လို့ အဆီအငေါ်မတည့်ရင် ခွင့်လွှတ်ပါ။ လာဖတ်တဲ့ သူငယ်ချင်း အားလုံးကို Thank you!!ပါလို့...

Monday, November 16, 2009

အာနိုးပြောတဲ့ အိပ်မက်ဆိုတာ

ကျွန်တော် ဆယ်နှစ်သားလောက်တုန်းက ကမ္ဘာပေါ်မှာ တစ်ခုခုမှာ အတော်ဆုံးဖြစ်ရင်ကောင်းမှာပဲလို့ အမြဲစိတ်ကူးယဉ်ဖြစ်ခဲ့တယ်။

ကျွန်တော်ခပ်ငယ်ငယ်ထဲက အမြဲဖြစ်ချင်တာက ကျွန်တော်စကားပြောရင် လူတိုင်းကနားထောင်ပေးရတဲ့သူမျိုးဖြစ်ချင်တယ်။ လူတိုင်းက ကျွန်တော့်စကားကို အလေးထားနားထောင်စေချင်တယ်။ ပတ်ဝန်းကျင်ထက် ပိုထူးခြားတဲ့သူ၊ အများက အသိအမှတ်ပြုတဲ့သူမျိုးဖြစ်ချင်တယ်။ အဲဒါ ကျွန်တော့်ရဲ့ ပထမအိပ်မက်ပါ။

၁၅-နှစ်သားရောက်တော့ ကျွန်တော့်အိပ်မက်က နည်းနည်းပြောင်းသွားတယ်။ ကမ္ဘာပေါ်မှာ ဗလအတောင့်ဆုံးသူ ဖြစ်ချင်တဲ့ အိပ်မက်ပဲဖြစ်ပါတယ်။ ခန္တာကိုယ်ကြီးထွားတဲ့သူဆိုရင် လူတွေက ကျွန်တော်ကို အနည်းအများ လေးစားမယ်လို့တွေးမိလို့ပါ။ ထိုအချိန်ကတဲက အဲဒီအိပ်မက်က ညတင်မဟုတ်ဘူး နေ့တွေမှာပါ မက်လာခဲ့တယ်။ စိတ်ကူးတင်မဟုတ်ပဲ လက်တွေ့လုပ်ကြည့်ခဲ့တယ်။ စိတ်ထဲမှာလည်း ငါလုပ်ရင်ဖြစ်ရမယ်လို့ အမြဲတွေးတယ်။ ကြိုးစားမှုရလာဒ်အဖြစ် တကယ်ပဲ မောင်စကြာဝဠာဖြစ်ခဲ့တယ်..။

လူတိုင်းမှာလည်း စိတ်ကူးဆိုတာ ရှိမှာပဲ။ အဲဒါနဲ့ပတ်သက်လို့ ခံစားချက်ဖီလင်လည်း ရှိမှာပဲ။ ကျွန်တော်တို့ ဘာကိုခံစားခံစား အဲဒီခံစားချက်ကို ဆက်လက်ထိန်းလို့ရသလို လွှတ်ပစ်လို့လည်းရတယ်။ အဲဒါ ကျွန်တော်တို့ပေါ်မှာ မူတည်တယ်။ နောက်တဆင့် ကျွန်တော်တို့ရဲ့ စိတ်ကူးအိပ်မက်ကို ဆက်လက်ရဖို့အတွက် ကိုယ်ကိုကိုယ် အမိန့်ပေးရမယ်။ ငါ အိပ်မက်ဟာ အမှန်တကယ်အောင်မြင်ရမယ်..လို့...။

ဥပမာအနေနဲ့ ပြောရရင် အိပ်မက်မက်တာဟာ အားကစားလုပ်တာနဲ့တူတယ်။ အားကစားလုပ်နေချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် အာရုံစူးစိုက်မှုရှိရမယ်။ အာရုံစူးစိုက်မှုကလည်း တစ်ရာ ရာခိုင်နှုန်း ရှိမှဖြစ်မယ်။ ဒါက အားကစားပဲ။ အဲလိုလုပ်လိုက်တာနဲ့ ကျွန်တော်တို့အာရုံမှာ တခြားအပိုခံစားချက်တွေ၊ အတွေးတွေ ၀င်မလာနိုင်တော့ဘူး။ ဘယ်တခြားခံစားချက်မှ လက်ရှိအာရုံကို မနှောက်ယှက်နိုင်တော့ဘူး။

ကျွန်တော်တို့မှာ သာမာန်ဘ၀ကို ရွေးမလား၊ အောင်မြင်တဲ့ဘ၀ကို ရွေးမလား စိတ်ကြိုက်ရွေးခွင့်ရှိတယ်။ ကျွန်တော်ကတော့ သူများပြောတဲ့နည်းကို နားထောင်၊ သူများစိတ်ကြိုက်လုပ်ပြီး အောင်မြင်သူလို့ မကြွေးကြော်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မကြိုက်တော့ဘူးဆိုရင် ကိုယ့်ဘ၀က ပြီးသွားပြီလေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ လမ်းကို ကျွန်တော့်ဘာသာရွေးမှာပဲ။

ဒါကြောင့်လည်း လူတချို့က ကျွန်တော့်ကို ဝေဖန်တယ်။ အတ္တကြီးတဲ့သူ၊ အေးစက်တဲ့သူတဲ့..။ နောက်ပိုင်း ကျွန်တော့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပြီး၊ ကျွန်တော်အောင်မြင်သွားတဲ့အခါ ကျွန်တော်ဟာ လူတော်တစ်ယောက်လို့ သူတို့က လက်ခံသွားကြတယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်အိပ်မက်အတွက် သူတို့လက်ခံမခံက အရေးမကြီးပါဘူး..။

ကျွန်တော်က ဆာလောင်မှုဖလော်ဆော်ဖီကို စွဲမြဲယုံကြည်တယ်။ ဆာလောင်မှုဆိုတာ အစားအစာကို ပြောတာမဟုတ်ပါဘူး။ အိပ်မက်တွေကို ပိုင်ဆိုင်ချင်တာပါ။ အိပ်မက်တစ်ခုမက်တယ်။ ရအောင် အကောင်အထည်ဖော်မယ်။ ရလာရင် အဲဒါနဲ့ ရောင့်ရဲနေလို့ မဖြစ်ဘူး။ နောက်အိပ်မက်တစ်ခုကို တောင့်တရမယ်၊ အိပ်မက်ရမယ်။ ပြီးရင် ဆာလောင်စွာ အကောင်အထည် ဖော်မယ်။ ဒီလိုပဲ အိပ်မက်တစ်ခုပြီးတစ်ခုကို မက်လို့ ကျွန်တော်ကတော့ဆက်လျှောက်နေဦးမှာပါပဲ..
Make Dreams Come True!!

မှတ်ချက် ။ ။Arnold Schwarzeneggerရေးတဲ့ Make Dreams Come True မှ ကောက်နှုတ်ချက်တချို့ကို နားလည်သလို ဘာသာပြန်ထားပါတယ်..
အခုဆိုရင် အာနိုးဟာ ကာယဗလမောင်၊ သရုပ်ဆောင်၊ စီးပွားရေးသမား၊ နိုင်ငံရေးသမား၊ လက်ရှိမှာကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ၃၈ကြိမ်မြောက် ပြည်နယ်လွှတ်တော်အမတ်အဖြစ် အိပ်မက်ကို အကောင်အထည်ဖော်နေပါတယ်..။
သူ့အကြောင်းအသေးစိတ်ကို ဒီမှာလေ့လာနိုင်ပါတယ်.။ ဓါတ်ပုံများမှာ googleမှ..ဖြစ်ပါတယ်။

လသာည.. ဖြစ်ပါတယ်။

Saturday, November 14, 2009

အိုခဲရ၊ ဇော်ကန့်လန့် နဲ့ လသာည

ရှေးတုန်းက အိုခဲရ ခေါ် တင်းဝါးနဲ့ စည်ပိုင်းလုပ်သူတစ်ယောက် ရှိတယ်။ တခါမှာသူက တင်းဝါးကို ခွဲလိုက်ချိန်မှာ တင်းဝါး အဖျားခတ်မိပြီး လူလွင့်ထွက်သွားတယ်။ ဘယ်အထိလွင့်သွားသလဲဆိုရင် မိုးမင်းကြီးနေတဲ့နေရာထိ တဲ့။

လူပြည်ကို မိုးရွာပေးဖို့ အလုပ်များနေတဲ့ မိုးမင်းကြီးက.
“အမောင်လူသား၊ ငါ အလုပ်များနေတယ်။ ဒီကို ရောက်လက်စနဲ့ ငါ့အလုပ်ကိုကူလုပ်ပေးပါ။ အခု ငါက ဒီစည်ကိုတီးမယ်။ မင်းက လူရွာကို မိုးခဲ ကျဲပေးပါ”
ပြောပြောဆိုဆို မိုးမင်းကြီးက စည်ကိုတီးလိုက်တော့ လူပြည်မှာ မိုးချိမ်းသံမြည်ဟီးသွားတယ်။ ဒါနဲ့ အိုခဲရလည်း မိုးခဲလေးတွေကို ကြဲပေးလိုက်တယ်။

မိုးမင်းကြီးက သူ့ကို “မိုးခဲကို ဖြည်းဖြည်းပဲ ကြဲချနော် လို့ လှမ်းသတိပေးရင်း ရှေ့ကို ဆက်သွားတော့ သူကပျော်ရွှင်စွာ နောက်ကလိုက်ရင်း မိုးခဲကို တဖွဲဖွဲ ကြဲချလိုက်တယ်။ ဒီလိုနဲ့ သူတို့ရွာနားကို ရောက်တော့ သူ့ရွာကို မိုးရေရစေချင်စောနဲ့ မိုးတွေကို အများကြီးပစ်ချလိုက်တယ်။ အဲဒီနေ့က ရွာသားတွေက Tanabata Matsuri (Star Festival)စုပေါင်းလုပ်ပြီး ၀ါးပင်ထိပ်မှာ လိုရာဆုတောင်းပွဲလုပ်နေကြတယ်။ မိုးရွာလာတော့ ပျော်သော်လည်း များပြားလွန်းတဲ့ မိုးခြိမ်းသံနဲ့ အတူ မိုးသီးတွေကြွေကျလာတာမို့ အိမ်ထဲကို ပြေးဝင်ကြရတယ်။ ပြောရရင် တရွာလုံး ရေကြီးသွားတယ်တဲ့..။
ဒါကို မသိတဲ့ အိုခရက သူ့ရွာကလူတွေ ပျော်နေကြပြီလားလို့ ရွာကိုလှမ်းကြည့်လိုက်တာ ကြဲထားတဲ့ မိုးခဲအစအနနဲ့ချော်လဲပြီး အိုခရတစ်ယောက် လူပြည်ကို ပြန်ပြုတ်ကျလာခဲ့တယ်။
ဒါပေမဲ့ပေါ့....
“ဟာ.. ဟိုမှာ အိုခရတစ်ယောက် ဘုန်းကြီးကျောင်းအမိုး ဘုံ ၅ဆင့်မှာ တွဲလောင်းကြီးကျနေပါလား”
ဟုတ်တယ်။ အိုခရတစ်ယောက် မိုးပေါ်ကတော့ ပြုတ်ကျလာပါတယ်။ ဒါပေမဲ့ အောက်ကို တန်းမရောက်ပဲ တွဲလောင်းဖြစ်နေတယ်။ နောက်တော့ ဘုန်းကြီးရဲ့အကြံနဲ့ အားလုံးရဲ့ အ၀တ်တွေကို ဆက်ပြီး အ၀တ်တန်းကို လုပ်ကြတယ်။ ပြီးတော့မှ သူ့ကို ခုန်ချခိုင်းတယ်။ မိုးပေါ်ရောက်ဖူးတဲ့ အိုခရအကြောင်း ပြောမဆုံးပေါင် တောင်သုံးထောင်ဖြစ်နေချိန်မှာ အိုခရလည်း မိုးပေါ်ကို မော့ကြည့်ရင်း မော့ကြည့်ရင်း ......သစ်သားကို အဆက်မပြတ်ခွဲနေတော့တယ်..ဒုန်း ခွမ်း....

:P ဒါက ဂျပန်ပုံပြင်လေးပါ။ ကလေးတွေကို ဒီပုံပြင်ပြောပြပြီး “ရွာသားတွေနဲ့ အိုခရရဲ့ အပြန်အလှန်မေတ္တာထားမှု၊ စည်းလုံးမှုကို အတုယူဖို့ သင်ကြတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ အာရုံထဲမှာတော့ ဘုန်းကြီးကျောင်းအမိုးကနေ စောက်ထိုးကျနေတဲ့ အိုခရ၊ ကောင်းကင်ကို မော့ကြည့်လို့ သစ်သားခွဲနေမယ့် အိုခရကို ပဲ ပိုအမှတ်ရကြတယ်တဲ့..

ဒါမျိုးဆန်ဆန်ပုံပြင်လေးတစ်ခုရှိသေးတယ်။ လသာည ဆယ်တန်းကျောင်းသူဘ၀တုန်းက ကျောင်းအုပ်ဆရာကြီးက အတန်းထဲမှာ ပြောသွားတဲ့ ပုံပြင်လေးပါ။ အားလုံးလည်း ကြားဖူးကြမယ်ထင်ပါတယ်။ ပုံပြင်က ဇော်ကန့်လန်တဲ့..။ သူပြောပြပုံက သဘောကျဖို့ ပိုကောင်းတယ်။

တခါက နွားကျောင်းသားတစ်ယောက်က တောထဲမှာ နွားကျောင်းရင်း ဇော်ဂျီကို သွားတွေ့တယ်။ ဇော်ဂျီက သူ့ဆေးတောင်ဝှေးကြီးနဲ့ ယူလာတဲ့ ဆေးတွေကို ကြိတ်နေတာကို မြင်တာမို့ ဆက်ချောင်းကြည့်နေမိတယ်။ ဇော်ဂျီက ဆေးတွေကို ကြိတ်ကြိတ်ပြီး ထမင်းဆုပ်လောက် အလုံးလေးတွေကို ၃ လုံး လုံးတယ်။ ပြီးတော့ တစ်လုံး ပြီး တစ်လုံး ခပ်မြန်မြန်စားလိုက်ပြီး ဆေးတောင်ဝှေးကို ပုခုံးမှာထမ်းလိုက်တယ်။ ပြီးတော့ “ငါ့ဟဲ့ ယောက်ျား”လို့ မြည်တမ်းပြီး ခုန်လိုက်တာ ကောင်းကင်ပေါ် ပျံတက်သွားတယ်။

ဒါကို မြင်တဲ့ နွားကျောင်းသားဟာ ဇော်ဂျီကို အားကျသွားတယ်။ ဇော်ဂျီဆေးကြိတ်ခဲ့တဲ့ နေရာကို သွားကြည့်တယ်။ အဲဒီမှာ ဇော်ဂျီစားသွားလို့ ကျန်နေတဲ့ ဆေးအကြွင်းအကျန်လေးကို မြင်တော့ သူလည်း စားကြည့်ချင်စိတ်ပေါက်သွားတယ်။ ဒါနဲ့ ဇော်ဂျီလိုပဲ ဆေးအကြွင်းအကျန်လေးတွေကို စုပြီး သုံးလုံး တိတိလုံးတယ်။ အရွယ်ကတော့ နှာချီးလုံးလောက်ပဲ ရှိတော့တယ်။ ဇော်ဂျီက အကုန်စားသွားတာဆိုတော့ ဒီလောက်ရတာတောင် တော်သေးတယ်ပေါ့။ ဒါနဲ့သူက ဆေးလုံး ၃ လုံးကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီး နွားကျောင်းတဲ့ နှင်တံလေးကို ဟန်ပါပါ ပုခုံးပေါ်ထမ်းလိုက်ပြီး “ငါဟဲ့ ယောက်ျား”လို့ အော်ရင်း ခုန်လိုက်တယ်။

ဟာ.. တကယ်ပါပဲ တော်တော်စွမ်းတဲ့ ဆေးဖြစ်တော့ သူလည်းပဲ ကောင်းကင်ပေါ်ပျံတက်သွားတယ်။ ဒါပေမဲ့.. ၀ါးတစ်ပြန် (၀ါးပင်အဖျား)လည်း ရောက်ရော ရပ်နေတယ်။ ဆက်မတက်တော့ဘူး။ ဒါပေမဲ့ သူက ဒီလောက် လေထဲပျံရလည်း မနည်းဘူးဆိုပြီးတော့ တောထဲမှာ လျှောက်သွားလိုက်တယ်။

အဲဒီမှာ သီချင်းသံတစ်ပုဒ်ကြားမိတယ်။ သီချင်းက“အလွန်အေးတဲ့ရာသီ၊ အလွန်ချမ်းတဲ့ရာသီ၊ မေတရွာ မောင်တမြို့တော့ နေလို့လည်း မဖြစ်နိုင်ပါသည်” ဆိုတဲ့သီချင်းဖြစ်ပြီး. ဆိုနေတဲ့သူက သူ့ရည်းစား မအေးဖြစ်နေသတဲ့။ ဒါနဲ့ ၀မ်းသာအားရ ဘဒင်ရဲ့ “ချစ်တာမင်းတစ်ယောက်တည်း အချစ်ရေ သိလား”ကို ကျယ်လောင်စွာဆိုရင်း သူ့ရည်းစားဆီ ပျံသွားလိုက်တယ်။ ဒါပေမဲ့ သူသွားလို့မရဘူးဖြစ်နေတယ်။ သူက ဇော်ဂျီရဲ့ ဆေးကိုနှာချီးလုံး သုံးလုံးစားမိထားတော့ ဘယ်လိုမှ အောက်ဆင်းပြီး သွားလို့မရဘူး။

မအေးခမြာလည်း အံသြပေမဲ့ ၀မ်းမသာနိုင်ဘူး ဖြစ်နေတယ်။ သူ့ချစ်သူက မိုးပေါ်ကနေ သစ်ပင်ဖက်ပြီး ဆင်းလာလိုက် သစ်ပင်ကိုလက်လွတ်ပြီးသူမဆီ ပြေးလာတာနဲ့ ကောင်းကင်တက်သွားလိုက်နဲ့ ဖြစ်နေတာကိုး။ စိတ်မကောင်းစွာနဲ့ ဖြစ်ကြောင်းကုန်စင်မေးရင်း ဒီလိုညည်းသတဲ့..။ “မောင်တစ်ယောက် ဇော်ကန့်လန့် ဖြစ်သွားပြီ။ ဒီလို ဟိုမရောက်ဒီမရောက် ကန်လန့်မင်းသားကို ကျွန်မဘယ်လို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရမလဲ။ ကဲ ရှင်းရှင်းပဲ မောင့်ကို ပြောမယ် သွားတော့...”လို့ အဆုံးမှာ မေခလာ သီချင်းနဲ့တောင် ရန်တွေ့သတဲ့..။

:D ကျောင်းအုပ်ကြီးက အပြောကောင်းအဆိုကောင်းနဲ့ ပုံပြင်လေးကို အဆုံးသတ်သွားပုံက “သားတို့ သမီးတို့လည်း စာကြည့်ချိန်မှာ စာမကြည့်ရင် နောင်တချိန်မှာ ဘ၀ရဲ့ ဟိုမရောက်ဒီမရောက် ဇော်ကန့်လန့် ဖြစ်သွားမယ်နော်”တဲ့..။ ကျွန်မတို့အားလုံးက အားရပါးရ ရယ်ဖြစ်ခဲ့ကြတယ်။

ပုံပြောကောင်းတဲ့ ဆရာကြီးကို မမေ့သလို ဇော်ကန့်လန့် ပုံပြင်ကိုလည်း အခုထိ မမေ့ပါဘူး။ အခုတလော ပိုတောင်သတိရသေးတယ်။ လသာညလည်း.... မိုးပေါ်ကပြုတ်ကျပြီး ဘုန်းကြီးကျောင်း အမိုးပေါ်က ဆင်းမရတက်မရ ဒုက္ခရောက်ရတဲ့ အိုခရလို၊ ကောင်းကင်ပေါ်တော့ မဖြစ်စလောက် ပျံရပါရဲ့၊ ဆက်တက်လို့မရ၊ ဆင်းလို့မရ ဒုက္ခရောက်နေတဲ့ ဇော်ကန်လန့်လို့... ဖြစ်နေပြီလားလို့ တွေးမိလို့ပါ။ မိုးပျံနေတဲ့ ဇော်ဂျီတွေလောက် ဆေးတန်ခိုးမရှိပါပဲနဲ့ မိုးပေါ်ကို ပျံဖို့ ကြိုးစားမိသလို အရမ်းတော်တဲ့ ဘလော့ဂါတွေကိုအားကျလို့ ဗဟုသုတမတောက်တခေါက်နဲ့ ဘလော့တစ်ခုကို အစပြုဖွင့်လို့ တစ်ခုပြီးတစ်ခု ရေးလာမိတယ်၊ ပျော်တဲ့အခါ ပျော်လိုက်၊ ခေါင်းစားတဲ့အခါ ခေါင်းစားလိုက်နဲ့ ကျောင်းသားဘ၀ရဲ့ အချိန်တွေများစွာက ဘလော့ဘ၀ထဲမှာ တိုက်စားရင်း အခုဆို အမြင့်ဝါးတစ်ပြန်လောက်ရောက်ရောမယ်။:D

သူများတွေကို အားကျလို့ အမြင့်ကြီးလည်း တက်ချင်တယ်။ ဒါပေမဲ့ အောက်ကနေပြီး (စာမကျက်တဲ့ တပည့်ကို စိတ်ဆိုးနေတဲ့) ပရော်ဖက်ဆာက ကြိမ်လုံးကိုင် စောင့်နေလေရဲ့။ (ဘလော့)ဇော်ဂျီကန့်လန့် အမြန်ဆုံးဆင်းလာချင်လာ ဆင်းမလာလို့ကတော့ (ဘွဲမပေးပဲ) မြန်မာပြည်ပြန်ဖို့ လက်မှတ်ထိုးပေးမယ်တဲ့..။ အဲတော့ သယ်ရင်းတို့ရေ.. လသာညလည်း ဆေးနှာချီးအစွမ်းကုန်ရင်တော့ အောက်ကိုပြန်ဆင်းပြီး ပရော်ဖက်ဆာကို တောင်းပန်လို့ ကျောင်းသားဘ၀ထဲကို လုံးလုံးလျားလျားဝင်ပါဦးမယ်..လို့..။ ကံမကုန်ရင် နောက်များမှ ပြန်ဆုံကြသေးတာပေါ့.. :P

မှတ်ချက် ၊ ၊ဒါပေမဲ့ မိုးပေါ်က စောက်ထိုးကျလာတဲ့ အိုခရ တစ်ယောက် ကောင်းကင်ကို မော့ကြည့်လို့ သစ်သားခွဲနေသလို လသာညလည်း ကောင်းကင်ကို ကြည့်လို့ အဲလေ ဘလော့စာမျက်နှာများကို ငေးရင်း ကျောင်းစာကြည့်နေမှာပါလို့ ...:D

လသာည ဖြစ်ပါတယ်။