Wednesday, April 29, 2009

ဟာသ



ရယ်ရတယ်၊ သူက... ဟားဟားဟားဟား

လောကကြီးရဲ့ အရာရာတိုင်းကို ရယ်စရာအဖြစ် သဘောထားတတ်တဲ့ ညီမလေးတစ်ယောက်ကို စနောက်ထားခြင်း သက်သက်ဖြစ်ပါသည်။
လသာညလည်း သူ့လို ရယ်ချင်ပါသည်။

ထိုကြောင့်
လသာည ရယ်နေပါ၏။။။။။

Tuesday, April 28, 2009

ကျောင်းပြေးလေး

တခါက ခုနှစ်နှစ်အရွယ် ကလေးတစ်ယောက်ရှိတယ်။ ကျောင်းစာလည်းတော်တယ်။ အိမ်မှာဆိုရင် သူ့မေမေနားမှာပဲ ကစားနေလေ့ရှိတယ်။ တခါတခါ တီဗွီ အစီအစဉ်လေးတွေ ကို ကြည့်တတ်တယ်။

တစ်ခါမှာ ကလေးလေးက ကျောင်းကနေ ပြန်ပြေးဖို့ကြိုးစားတယ်။ ဆရာမက ဘယ်လိုပဲ ချော့ချော့ မရဘူး။ ဆရာမအလစ်မှာ အိမ်ပြန်ပြေးတယ်၊ အိမ်ရောက်တော့ သူမေမေနားကို အရင်သွား၊ ပြီးရင် အနားကမခွာပဲ ကစားတော့တာပဲ။

နောက်တစ်ရက်မှာလည်း..ဆရာမအလစ်မှာ အိမ်ပြန်ပြေးပြန်တယ်၊

သုံးရက်မြောက်မှာတော့ သူ့မေမေက စိတ်ပူလာတယ်။ ကျောင်းကိုလာပြီး ကျောင်းမှာ သူငယ်ချင်းတွေနဲ့ မတည့်လို့ လား လို့ လိုက်စုံစမ်းပါတယ်။ ဒါပေမဲ့ ဘယ်သူနှင့်မှ ရန်ဖြစ်ထားတာမရှိဘူး ဆိုတာကိုပဲ စုံစမ်းတွေ့ရှိရတယ်။

ဒီလိုနဲ့ တစ်ပတ်ကြာလာတော့ သူမေမေက ပြောတယ်..။
“သား ရယ် ဘာဖြစ်လို့ ကျောင်းကို မသွားရတာလဲကွယ်..။ သား စာမတတ်ပဲနေတော့မှာပေါ့။ နောက်နေ့ကျ မေမေကိုယ်တိုင် လိုက်ပို့မယ်၊ ကျောင်းကို သွားနော်။”

သားလေးက ဘာမှမပြောဘူး။ မျက်နှာလေးကို အောက်ချလို့ ငြိမ်နေတယ်။

နောက်တနေ့ သူမေမေလိုက်ပို့တော့ အတူတူ ငြိမ်ငြိမ်လေးလိုက်လာတယ်။ ဒါပေမဲ့ သူ့မေမေပြန်တော့ သူလေးက သူ့မေမေနောက်ကျောကို ငေးကြည့်ရင်း ကျန်နေခဲ့တယ်။

ခါတိုင်းလိုပဲ ခဏနေတော့ ဆရာမအလစ်မှာ သူ အိမ်ကိုပြန်ပြေးတယ်။ အိမ်နှင့် ကျောင်းက မိနစ် ၃၀ လောက်ဝေးတယ်။ ကလေးဆိုတော့ လမ်းမှာ ကားတွေ၊လူတွေ အများကြီးကို ရှောင်ရင်း၊ လဲတဲ့အခါ လဲပေမဲ့ သူမှတ်ခဲ့တဲ့ လမ်းကို မမှားအောင် ဂရုစိုက်ပြီး အမြန်ဆုံးရောက်ဖို့ကိုပဲ စိတ်စောလေ့ရှိတယ်။

အခုလည်း အိမ်ကို ရောက်ရောက်ချင်း သူမေမေကို အရင်ရှာတယ်။ တွေ့တော့ ပြုံးပြုံးလေးသွားခေါ်တယ်။

“မေမေ”

“သား..မင်း ကျောင်းကပြန်ပြေးလာပြန်ပြီလား၊ ” လို့ သူမေမေက စိတ်ပျက်လက်ပျက် ပြန်ပြောလိုက်တယ်။
“မင်းကိုတော့ မေမေစိတ်ဆိုးလာပြီ။ ဒီပုံစံအတိုင်းဆို မင်းဒီတသက် စာတတ်မှာ မဟုတ်တော့ဘူး။ မင်းဟာ ကျောင်းသွားရမှာ ပျင်းတဲ့ ငပျင်း။ ကျောင်းမှာ မေမေ မရှိရင် တစ်ယောက်တည်း မနေရဲတဲ့ ငကြောက်။ ဟုတ်တယ် မို့လား၊ ပြောစမ်း.”

သူမေမေရဲ့ စကားအဆုံးမှာ သားလေးက ချက်ချင်း မျက်ရည်တွေဝဲလာပြီး
“ အဟင့်ဟင့်.။သားက ပျင်းလည်းမပျင်းဘူး။ သတ္တိလည်း ရှိတယ်။ ငကြောက်မဟုတ်ဘူး။ သားကို အဲလို မဆူပါနဲ့ ။ သားကျောင်းသွားနေတုန်း တီဗွီထဲက လူဆိုးကြီးက မေမေကို သေနတ်ကြီးနဲ့ ပစ်သွားမှာစိုးလို့ပါ။ သားက မေမေကို စိတ်ပူလို့ပါ။ မေမေကိုချစ်တဲ့သားကို မေမေက မဆူပါနဲ့မေမေရယ်..နော်.”

“သြော်..ဖြစ်ရလေ.သားရယ်.
.............................................................................

လသာည ဖြစ်ပါသည်.။

Monday, April 27, 2009

သူ နှင့် သူမ

သူက နေရာယူနည်း လေ့လာနေတော့ သူမက လွတ်အောင်ရှောင်နည်းလေး ဖတ်ရတော့တာပေါ..။

သြော်...အင်တာနက်ကမ္ဘာထဲမှာပေါ့. ....


လသာည ဖြစ်ပါသည်.။

မတူညီသော ဦးနှောက်စွမ်းရည် အကြောင်း







ယောင်္ကျားလေးတွေရဲ့ ဦးနှောက်(ဘယ်) နှင့်မိန်းကလေးတွေရဲ့ ဦးနှောက်(ညာ) က ဖွံဖြိုးပုံမတူပါဘူး။

ဦးနှောက်ရဲ့ ထူးခြားချက်..

ယောင်္ကျားလေး- ၁) ညာဘက်အခြမ်းက မြန်မြန်ဆန်ဆန် ကြီးထွားတယ်.။
မိန်းကလေး-၁)ဘယ်၊ညာ နှစ်ခြမ်းလုံး ညီညီညာညာ ကြီးထွားတယ်.။

ယောင်္ကျားလေး-၂) ခံစားမှုအာရုံက ညာဘက်အခြမ်းဦးနှောက်မှာ ရှိတယ်။
မိန်းကလေး-၂) ခံစားမှုအာရုံက ဘယ်၊ညာ နှစ်ခြမ်းလုံးမှာ ရှိတယ်။

ယောင်္ကျားလေး-၃) ရန်လိုခြင်း စတာတွေ ကို အားပေးတယ်။ ဒါကြောင့် ခံစားချက်အာရုံနဲ့ အတူ စိတ်မြန်လက်မြန် လက်တွေ့ ကျကျ ဒုတ်တွေ၊ ဒါးတွေ နဲ့ ဖြေရှင်းပြီးသားဖြစ်သွားတယ်။
မိန်းကလေး-၃) သိတယ်မိုလားမိန်းခလေးကတော့ နှုတ်ကလေးနဲ့ ဖြေရှင်းကြတယ်.။

ယောင်္ကျားလေး-၄) အပြင်ထွက်ပြီး ကစားရတာကို ပိုသဘောကျတယ်.။
မိန်းကလေး-၄) အရိပ်တစ်ခုခုအောက်မှာ ငြိမ်ငြိမ်သက်သက် ကစားရတာကို ပိုသဘောကျတယ်.။

ယောင်္ကျားလေး-၅) အတော်အတန်နာကျင်ခြင်းကို စိတ်ထဲထားပြီး ညီးညူမနေဘူး။
မိန်းကလေး-၅) ခံစားမှုအာရုံကောင်းလွန်းတာမို့ သူတိုက ပိုနာကျင်တတ်တယ်။ အစားကောင်းဆိုလည်း ပိုကြိုက်တယ်။

ယောင်္ကျားလေး-၆) ဦးနှောက်ဘယ်ဘက်အခြမ်းတစ်ခုထဲနဲ့ပဲ ဘာသာစကားကို သုံးနိုင်တယ်။
မိန်းကလေး-၆) ဘယ်၊ညာ နှစ်ခြမ်းလုံးနဲ့ ဘာသာစကားကို သုံးနိုင်တယ်။ ဒါကြောင့် သူတို့က ဝေါဟာရကြွယ်ကြွယ် ပြောတတ်ဆိုတတ်တယ်။

ယောင်္ကျားလေး-၇) မြေပုံစသည် နေရာနှင့်ဆိုင်သော အမြင်အာရုံစွမ်းရည် ပိုကောင်းတယ်။ဥပမာ တခါရောက်ဖူးတဲ့ နေရာကို သိပ်မှတ်စရာမလိုဘဲ မှတ်မိနိုင်စွမ်းပိုတယ်။
မိန်းကလေး-၇) မြေပုံစသည် နေရာနှင့်ဆိုင်သော အမြင်အာရုံစွမ်းရည် သိပ်မကောင်းဘူး။ ဒါကြောင့် ဘယ်နေရာပဲ သွားချင်သွားချင် လမ်းမှတ်မိတဲ့ သူရဲ့အဖော်ကို ရအောင်ခေါ်တာပေါ့လေ။

ယောင်္ကျားလေး-၈) ဦးနှောက်ထဲမှာပဲ သင်္ချာစာရွက် တရွက်ကို ဖန်တီးပြီး ချမှတ်စရာမလိုပဲ တွက်ချက်နိုင်စွမ်းပိုတယ်.။
မိန်းကလေး-၈) စာအုပ်တစ်အုပ်နှင့် မဖြေရှင်းရင် မခိုင်လုံသလို ယူဆတယ်။

ယောင်္ကျားလေး-၉) တစ်ကြိမ်မှာ အကြောင်းအရာ တစ်မျိုးကိုပဲ တွေးတောလုပ်ဆောင်နိုင်တယ်.။
မိန်းကလေး-၉) တစ်ကြိမ်မှာ အကြောင်းအရာ တစ်မျိုးထက်မကကို လုပ်နိုင်တယ်။ ဥပမာ. ပုံဆွဲရင်းသားစကားပြောတယ်။ ဘာကိုမဆို စကားတပြောပြောနဲ့ကို လုပ်နိုင်တယ်။

ယောင်္ကျားလေး-၁၀) သူများစကားကို အလေးထားပြီး သိပ်နားမထောင်ချင်ဘူး.။
မိန်းကလေး-၁၀) သူများစကားကို အလေးထားပြီး နားထောင်လွန်းတယ်။ နားထောင်ပြီးရင်လည်း ဆက်ဖြန့်ဝေပေးချင်တယ်။

ယောင်္ကျားလေး-၁၁) stressသိပ်များလာရင် စကားသိပ်မပြောချင်ဘူး။တယောက်ထဲ အတွေးနဲ့ ငြိမ်နေတတ်တယ်။
မိန်းကလေး-၁၁) stressသိပ်များလာရင် တစ်ယောက်ယောက်ကို ရင်ဖွင့်ဖို့ ကြိုးစားတယ်.။ stressသိပ်များလေ စကားများလေပဲ။

ယောင်္ကျားလေး-၁၂) ပြဿနာဖြစ်လာရင် ချက်ချင်းဖြေရှင်းချင်တယ်။
မိန်းကလေး-၁၂) တမြုံမြုံနှင့် သိမ်းထားတတ်တယ်။ ပြီးမှ စုပြီး စိတ်ကောက်တော့တာပဲ..။

ဒီသက်မှတ်ချက်များသည် ယေဘုယျအချက်များကိုသာဆိုပါသည်။ ယောင်္ကျားလေးဖြစ်ပြီး ညီးညူတတ်သူ၊စကားများသူ ရှိနိုင်သလို၊ မိန်းကလေးဖြစ်ပြီး လက်မြန်ခြေမြန် ဖြေရှင်းသူများလည်း ရှိပါတယ်။


လသာည ဖြစ်ပါသည်.။
ကိုယ်သင်ကြားလေ့လာဆဲ ဘာသာရပ်များမှ အလျင်းသင့်သလို၊နားလည်သလို ဘာသာပြန်ပါသည်။

Saturday, April 25, 2009

ဒီနေရာမှာ



ကောင်မလေးက
“ ..ဘယ်မှမသွားပဲ မင်းကိုပဲစောင့်နေတယ်။ ငါမင်းကို ချစ်တယ်ဆိုတာ မင်းသိပြီးသားမို့လို့ ဘာကိုမှစိတ်မပူပါနဲ့.။
ဘယ်လောက်ပဲဝေးဝေး ချစ်ခြင်းက မပြောင်းလဲပါဘူး.။ မင်းပြန်လာတဲ့အထိ စောင့်နေတယ်..”

လို့ ပြောတော့ ကောင်လေးက

“ ......မင်းနဲ့အတူ လမ်းလျှောက်နေကျ လမ်းလေးမှာ ကိုယ်တစ်ယောက်တည်း လျှောက်နေတယ်.။ဒါတွေထားလိုက်ပါတော့ မင်းတကယ်ရော နေကောင်းရဲ့လား၊. ထမင်းကော ဂရုစိုက်စားရဲ့လား၊ စိတ်ပူတာတွေ အများကြီးကို ပြောချင်တယ်.။ ဒါပေမဲ့ မပြောနိုင်ပါလားကွာ..မပြောနိုင်တဲ့စကားတွေအတွက် စာရေးပြီး ကိုယ်ပို့လိုက်မယ်.
................................................................................”
စသည်စသည်...
ချစ်သူတွေရဲ့ အလွမ်းကို ခံစားသီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပါ.။

ညီမလေးတစ်ယောက်က ပို့ပေးတဲ့ သီချင်းပါ.။ ဂျပန်မှာ တော်တော်ပေါက်နေတဲ့ သီချင်းပါ.။ နေရာတော်တော်များများမှာ ကြားရတတ်ပါတယ်.။ ချစ်သူနဲ့ ဝေးနေတဲ့ ညီမလေးများအတွက်ဝေမျှလိုက်ပါတယ်.။ အချိန်အားတဲ့အခါ နားထောင်ကြည့်လိုက်ပါ..။ အရမ်းကောင်းတယ်
:)

Baby boy わたしはここにいるよ どこもいかずに待ってるよ
You know that I love you だからこそ 心配しなくていいんだよ
どんなに遠くにいても変わらないよこの心 言いたい事わかるでしょ?
あなたのこと待ってるよ

......君とよく歩いたあの道は 今俺だけの足音が響いていた
んなことよりお前の方は元気か? ちゃんと飯食ってるか?
ちくしょう、やっぱ言えねぇや
また今度送るよ 俺からのLetter

လသာည ဖြစ်ပါသည်။

တန်ဖိုးထားပါ။

တခါက ဂျပန်ကားကုမ္ပဏီတစ်ခုက တီဗွီကားကြော်ငြာတွေကို ဘယ်သူတွေအများဆုံး ကြည့်သလဲလို့ စစ်တမ်းကောက်ကြည့်ခဲ့တယ်။
စစ်တမ်းမစခင် ဘယ်သူတွေဖြစ်နိုင်မလဲလို့ လည်း အမျိုးမျိုးထင်ကြေးတွေပေးခဲ့ကြတယ်..။
လူငယ်ပိုင်းလား၊? ပင်စင်စားတွေလား? ထီပေါက်သူတွေလား? ကားဒီဇိုင်းနာတွေလား? စသည် စသည် ...
အမျိုးမျိုးတွေးခဲ့ကြပါတယ်။

ဒိလိုနဲ့စစ်တမ်းပြီးတဲ့အခါ ....စိတ်ဝင်စားစရာ ကောင်းတဲ့အချက်တစ်ခုကို သတိထားမိသွားကြတယ်.။
တကယ်တော့ တီဗွီကားကြော်ငြာတွေကို အများဆုံး ကြည့်သူတွေက ကားဝယ်ပြီးစ လူတွေ ဖြစ်နေပါတယ်.။

အကြောင်းရင်းကို ဆန်းစစ်လိုက်တော့ ..
ကားဝယ်ဖို့ စဉ်းစားခါစက ကားကို စိတ်ကြိုက်ရွေးချယ်ဝယ်ခဲ့တာပဲလေ.။ ကားက ကိုယ်လက်ထဲရောက်တော့ အသစ်စက်စက်ပေမဲ့ စက်ကိရိယာအသစ်တွေနဲ့ နေသားမကျ မကျွမ်းကျင်ဖြစ်နေတာမျိုး၊ တခါတခါ ကိုယ်စိတ်တိုင်းကျ ၀ယ်ထားတဲ့ ကားထက်ကောင်းတာမျိုးကို ဈေးချိုချိုနဲ့ တခြားမှာ ရောင်းနေတာမျိုး ကြုံရတတ်တယ်.။ တချို့ကလည်း သူများဝယ်တာမှ ပိုကောင်းတယ်၊ ကိုယ်လက်ထဲ ရောက်တဲ့ပစ္စည်းဆို သိပ်မကြိုက်တတ်ကြဘူး။

ဒါကြောင့် ဘယ်လိုတွေးမိလာလည်းဆိုတော့ ဒီကားမဟုတ်ပဲ ဟိုကားလေး ၀ယ်လိုက်ရမှာ.လို မချင့်မရဲတွေးမိတတ်ကြတယ်.။ ဒီလိုနဲ့ပဲ တခြားတခြားကားတွေကိုငေးကြည့်ရင်း စိတ်အလိုကို ဖြည်သိမ့်နေကြတာဖြစ်ပါတယ်တဲ့..။

တကယ်တွေးကြည့်ရင် ကိုယ်ပိုင်ဘ၀ထဲက အရာတွေက ကိုယ်နှင့်အတူတူလိုက်ပါလို့ ကိုယ်ဘ၀ကို ဖြည့်စည်းပေးနေကြတာပါ.။ ဒါပေမဲ့လည်း ကိုယ်ကတော့ လက်ရှိအရာထက် တခြားအရာတွေကို တန်ဖိုးထားငေးမောရင်းကနေ၊ ကိုယ်ပိုင်ဆိုင်ပြီးသား အရာရဲ့တန်ဖိုးကို မေ့မေ့လျော့လျော့ နေမိသွားတယ်.။ ကိုယ်က သတိမထားမိခင်ကာလ အတွင်းမှာပဲ ထိုအရာတွေဟာ တန်ဖိုးထားခြင်းမခံရပဲနဲ့ ဟောင်းနွမ်းပျက်စီးသွားကြရတယ်.။

ကိုယ်ကိုယ်တိုင် ရွေးချယ်လိုက်တဲ့ ကွန်ပျူတာပဲ ဖြစ်ဖြစ်၊ ကားပဲဖြစ်ဖြစ်၊ အလုပ်အကိုင်ပဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲဖြစ်ဖြစ်၊ လက်ရှိပိုင်ဆိုင်နေတဲ့ ဘ၀ပဲဖြစ်ဖြစ် ကိုယ်ပိုင်ဆိုင်လိုက်တဲ့အခါ ကိုယ်မျှော်လင့်သလို ၁၀၀ ရာခိုင်နှုန်း စိတ်တိုင်းကျ ဖြစ်လာမယ်လို့ မျှော်လင့်လို့ မရပါဘူး။

ဒါကြောင့် အကောင်းနဲ့အဆိုး ယှဉ်တွဲနေတဲ့ လောကကြီးမှာ အရာရာတိုင်း ကိုယ်စိတ်တိုင်းကျဖြစ်ဖို့ ဘယ်လိုမှမလွယ်ဘူးဆိုတာကို မမေ့ဖို့၊ လက်ရှိဘ၀ထဲမှာ ကိုယ်ကိုပေးဆပ်နေတဲ့ အရာတွေ ဟောင်းနွမ်းပျက်စီးမသွားခင်၊ ဒါမှမဟုတ် ကိုယ်အနားက ပျောက်ကွယ်မသွားခင် သူတို့ရဲ့ တန်ဖိုးကို မေ့မေ့ပျောက်ပျောက်မနေမိဖို့ အရေးကြီးတယ်..။

လသာည ဖြစ်ပါသည်.။

Thursday, April 23, 2009

ပန်းလက်ဆောင်..

မင်းအတွက်ဆို....












လသာည ဖြစ်ပါသည်..။


Sunday, April 19, 2009

သက်ဆိုင်သူများသို့

ဒိနေ့ စတော်ဘယ်ရီကို ၁နာရီ ၁၅၀၀ယမ်း နဲ့ ပုတ်ပြတ်ခူးစားရတဲ့နေရာကို သွားခဲ့တယ်။မွှေးပြီး တော်တော်ချိုတယ်။ စားလို့ အရမ်းကောင်းတယ်။ အပြန်မှာ မြန်မာပြည်မှာလည်း ရှိရင် ကောင်းမှာပဲ လို့တွေးမိတယ်။တွေးရင်းတွေးရင်း မြန်မာပြည်ကို လွမ်းလာတာနဲ့ မျှစ်ချဉ်တွေပါ ၀ယ်လာခဲ့ပြီး ခုညနေချက်စားတာ ချက်နည်းမတတ်လို့ စားမကောင်းဘူး.။ ၀က်ခြေထောက်နဲ့ သာချက်လိုက်ရရင် ဘာပြောကောင်းမလဲ.ဆိုပြီးစဉ်းစားသော်လည်း ကောင်းအောင်းမချက်တတ်တာနဲ့ ဒီအတိုင်းထားလိုက်တော့တယ်..။ အင်း.ချက်ကျွေးမယ့်သူကို တော်တော်လွမ်းသွားတယ်။ဘလော့ရေးရင် စိတ်ဝင်စားစရာသိပ်မရှိတဲ့ ကိုယ်အကြောင်းကို မရေးဘူးလို့ တွေးထားပေမဲ့၊ ဒီနေ့တော့ ရေးချလိုက်မိပြိ။ဘယ်လိုပဲ ဖြစ်ဖြစ် ဒီတခါတော့ ခွင့်လွတ်ပါ။ ဒီနေ့တော့ ပြောမိလက်စနဲ့ မထူးတော့ပါဘူး။ ခရှိဝါက ချဉ်ရည်ဟင်းနဲ့ အိုဒိုင်းဘက ၀က်ခြေထောက်ချက်သူများကို အထူးတမ်းတမိပါကြောင်းကိုပါ ဖော်ပြလိုက်ပါတယ်..။ သတိရရင်လာရောက်ချက်ကျွေးကြပါဦး.။(ဟင်းချက်ခိုင်းချင်တာကို သတိရတယ်၊တမ်းတပါတယ်တွေလျှောက်ပြောပြီး ညာခေါ်နေတာ မုန်းဖို့တော့ကောင်းသားနော့. :)

လသာည ဖြစ်ပါသည်။။။

Saturday, April 18, 2009

စေတနာ နဲ့ ပါ။


အမျိုးသမီး တစ်ယောက် က ဆေးရုံကြီးတစ်ခုထဲ ကို ၀င်သွားတယ်။ ပြနေကျ ဆရာဝန် မအားတာကြောင့် ဆရာဝန်အသစ်တစ်ယောက် နှင့် ပြတယ်။ ၄မိနစ်မပြည့်ခင်မှာပဲ ထိုအမျိုးသမီးဟာ ကြောက်လန်တကြား အော်ဟစ်ပြီး ဆေးရုံကော်ရစ်တာကို လျှောက်ပြေးတယ်။

ဒါကိုမြင်လိုက်တဲ့ သူပြနေကျ ဆရာဝန်ဟာ ထိုအမျိုးသမီးကို လှမ်းတားပြီး “ဘာဖြစ်တာလဲ ၊ စိတ်အေးအေးထားပြီး ပြောပြပါဦး”လို့ မေးလိုက်တယ်။ အကျိုးအကြောင်းသိသွားတဲ့ အခါ အမျိုးသမီးကို အခန်းတစ်ခန်းထဲမှာ ခဏအနားယူဖို့ ပြောပြီး၊ အမျိုးသမီးကို ကြောက်လန်တကြားအော်ဟစ်သွားအောင် လုပ်လိုက်တဲ့ ဆရာဝန်အသစ်ရဲ့ အခန်းဆီ သွားတယ်။ပြီးတော့ မေးလိုက်တယ်.

“အဲဒီအမျိုးသမီးကအခု အသက် ၇၃နှစ်ရှိနေပြီဗျ။ ကလေး၅ယောက် နှင့် မြေး ၇ ယောက်လည်း ရှိတယ်။ ဘာကြောင့် ခင်ဗျားမှာ ကိုယ်ဝန်ရှိနေပြီလို့ ပြောလွှတ်လိုက်ရတာလဲ။ လူနာကိုအော်ဟစ်သွားစေတဲ့အထိတော့ မလုပ်သင့်ဘူးလေဗျာ..။”

ဆရာဝန်အသစ်က လုပ်လက်စ အလုပ်မပျက် ပြန်ဖြေလိုက်တယ်။
“အခု ဆေးခန်းကို သူဘာကြောင့်လာသလဲ ခင်ဗျားသိသလား။ ကျွန်တော်လုပ်လိုက်တာ သူရဲ့ “ကျွတ်ထိုးတဲ့ရောဂါ” အခုပျောက်သွားပြီ .....။
မူရင်း..http://www.funny-stories.com/
-------------------------------------------------------------------------

ဒီနေ့ ပျင်းလွန်းတာနဲ့ ဟာသတွေ အများကြီးလျှောက်ဖတ် ဖြစ်တယ်..ဟားဟား..။ ရိုက်ရတာ ညောင်းလာတာ နဲ့ တော်ဦးမယ်။

လသာည

Friday, April 17, 2009

နှုတ်ဆက်ရလွန်းတော့လည်း

အင်း မှတ်ပြီလားလို့ ကိုယ်ကိုယ့်ကိုမေးပြီး ရယ်ဖြစ်တယ်။

အရင် ကျောင်းတုန်းက Labထဲကို ၀င်လိုက်ပြီး “မင်္ဂလာပါ” “こんにちは” လို့ ကိုယ်ကနှုတ်ဆက်ရင် သူတို့က ကွန်ပျုတာကို မျက်နှာမခွာဘဲနဲ့ မင်္ဂလာပါ လို့ ပြန်နှုတ်ဆက်တယ်။ ပြီးရင် ငြိမ်သွားလိုက်တာ ပြန်တဲ့အထိ။

ပြန်တဲ့အခါ “ပြန်ပြီနော် ” “お先にしつれいします” လို့ နှုတ်ဆက်ရင်လည်းကွန်ပျုတာကို မျက်နှာမခွာဘဲနဲ့ သံပတ်ပေးလို့ မြည်တဲ့စက်ရုပ်တွေလို “ ဂရုစိုက်ပြန်ပါ” “おつかれさまです” လို့ တညီတည်း ပြန်အော်ကြတယ်။

စက်ရုပ်တွေ နေတဲ့ အခန်းက နေ့ပြောင်းသွားတယ် နှုတ်ဆက်တဲ့ပုံစံက မပြောင်းလဲဘူး။ နှစ်နှစ်လုံးလုံး ဒီအတိုင်းပဲ။အေးတိအေးစက်တွေနဲ့ တော်တော်ကြီးကို ပျင်းဖို့ကောင်းတယ်။ကိုယ်ပါစက်ရုပ်ဖြစ်သွားပြီး မနက် ရောက်တဲ့အချိန်ဝင်ထိုင်တယ်။ပြီးရင် ဘာသိဘာသာပဲ ပြန်ချင်တဲ့ အချိန် ပြန်လိုက်တယ်။စက်ရုပ်တွေရဲ့ ထုံးစံအတိုင်း နှုတ်ဆက်ခြင်းလုပ်ငန်းကို အရေးလုပ်ပြီး မလုပ်ဖြစ်တော့ဘူး။

ဒီလိုနဲ့ အဲဒီပတ်ဝန်းကျင်မှာ နှစ်နှစ်အတွင်း နေသားကျသွားခဲ့တယ်။

နေသားကျသွားပြီဆိုမှ အခုကျောင်းကတော့ ပြောင်းပြန် .....။

မနက်ဝင်ကတဲက “မင်္ဂလာပါ” လို့ အားလုံးကို နှုတ်ဆက်ရတယ်။အားလုံးကလည်း ဂရုတစိုက် ထပြီး နှုတ်ဆက်ကြတယ်လေ။ သြော် .နှုတ်ဆက်သူအပြည့်နဲ့. အခုလိုတော့လည်း ကမ္ဘာကြီးက နွေးထွေးမှုအပြည့်နဲ့ နှုတ်ဆက်သံတွေ ဝေေ၀ဆာဆာနဲ့ ပျော်စရာကြီးပါလား...။

ခဏနေ အိမ်သာသွားတော့ နှုတ်ဆက်ရတယ် .. “ခဏ အပြင်သွားလိုက်ပါဦးမယ်နော် ” “ちょっとしつれいします”

ပြန်လာတော့ “ ကျွန်မပြန်ရောက်ပါပြီ” “ただいま” စသည် နှုတ်ဆက်ရတယ်။

သူများတွေ အပြင်သွားလို့ နှုတ်ဆက်ရင်“ဂရုစိုက် သွားနော် ” “お気をつけてね”

သူပြန်လာရင် “မောသွားပြီ၊ အပန်းဖြေလိုက်ပါဦး ” “おつかれさまです” စသည် ပြောရတယ်။

နှုတ်ဆက်ရင်း...နှုတ်ဆက်ရင်း......

ပထမတော့ ဒီနေရာက အချင်းချင်း တော်တော် ဂရုစိုက်တာပဲ လို့ ၀မ်းသာအားရ နှုတ်ဆက်ပြီးပျော်နေတာ။ နောက်တော့ အပြင်ထွက်တဲ့သူက ကိုယ်အကြောင်းနဲ့ကို မထွက်မဖြစ်ထွက်နေရတာ ဆိုတော့ လူတိုင်းက ၀င်လိုက်ထွက်လိုက်ပေါ့။

ကြာလာတော့ နှုတ်ဆက်ရတာ မောလာတယ်။ စာလေး ဖတ်မလို့ ငုံမယ်ကြံရုံရှိသေး ၀င်လာသူတွေ့လို့ လှည့်နှုတ်ဆက်၊ဟော နောက်တယောက်က ထွက်ဖို့ပြင်နေလို့ လှမ်းနှုတ်ဆက်နဲ့ နှုတ်ဆက်ရတာနဲ့ကို မအားတော့ဘူး။

ဒီနေ့ဆို လာတဲ့လူများပြီး နှုတ်ဆက်လိုက်ရတာ မနည်းပါလားလို့ စိတ်ပေါက်ပေါက်နဲ့ ရေကြည့်တာ ၂၂ ခါတောင်။

သြော်.. လောကကြီးများ အရာရာ တဖက်စွန်းပါပဲလားနော်။ ဒီလို အချိန်ကျပြန်တော့လည်း ပါးစပ်သိပ်မဖွင့်ခဲ့ရတဲ့ အရင်နေရာတောင် ပြန်လွမ်းသလိုလို။ လူအလို..နတ်မလိုက်နိုင် ဆိုတာ ဒါမျိုးကို ပြောတာထင်ပါရဲ့။

လသာည..

လမင်း နှင့် ပင်လယ်








ပင်လယ်ကပြောတယ်။
“ လမင်းရယ်
မင်းရှိမှ ငါ့ဘ၀ကပြည့်စုံတာပါ။
မင်းရှိမှ ငါ့အလှကပြည့်စုံတာပါ။
အမြဲတမ်း ငါမျှော်နေမှန်းသိရဲ့နဲ့
လဆန်းဖြစ်လိုက်၊လကွယ်ဖြစ်လိုက်၊
လပြည့်ဖြစ်လိုက်နဲ့၊
အပြောင်းအလဲများလွန်းတယ်။
တခါတလေများဆို
မိုးတိမ်တွေဖုံးပြီး
မသိကျိုးကျင် ပြုနေလိုက်သေးတယ်။”

လမင်းကရယ်တယ်။
“ပင်လယ်...။
ငါ အမြဲလသာနေရင်
မင်း ငါ့ကို ဘယ်တမ်းတမှာလဲ၊
ငါ အမြဲလကွယ်နေရင်လည်း
ကြာရင်ငါ့ကို မေ့ပြီး တခြားတယောက်ကို
အဖော်ပြုနေပြီပေါ့။
မင်းမမေ့အောင်
ငါ တူပုန်းတမ်းကစားတာပါ။
....................”

ဆက်မပြောပဲ
လမင်း နှုတ်ဆိတ်သွားခဲ့တယ်။

ခဏနေတော့ တယောက်ထဲ ရင်ထဲကနေ ဆက်ပြောနေခဲ့တယ်..

“မင်းလိုအပ်တယ်ဆိုလို့
ငါအမြဲတမ်း မင်းအနားနေနိုင်ဖို့
ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ လဆန်းဖြစ်လိုက်၊လကွယ်ဖြစ်လိုက်၊
လပြည့်ဖြစ်လိုက်နဲ့၊
အပြောင်းအလဲများနေရတာ
ငါ့ဘ၀ရဲ့ လောကဓံကြောင့်ပါ။

မိုးတိမ်တွေဖုံးပြီး နေတာ
မသိကျိုးကျင် ပြုနေတာ မဟုတ်ပါဘူး။

မင်းဘ၀ရဲ့ လောကဓံကြောင့်
မုန်တိုင်းတွေထန်နေတဲ့အခါ
လှိုင်းတံပိုးတွေထနေတဲ့အခါ
့ အရုပ်ဆိုးနေတဲ့ မင်းအလှကို
လူတွေမသိအောင်
ငါပိုင်ဆိုင်သမျှ ငါ့အလင်းကို ဖျောက်ပြီး၊
မင်းသောကတွေ မျှဝေ ခံစားလို့
တိမ်အကွယ်မှာ ငါငိုနေတာ
မင်း မသိဘူးမို့လား။
.......................”


လသာည

Thursday, April 16, 2009

မှတ်ဥာဏ်


စာမေးပွဲမှာ ကိုယ်တကယ်ကျက်ခဲ့တဲ့စာကို ပြန်မတွေးနိုင်၊ အစမဖော်နိုင်ပေမဲ့ စာသင်ခန်းတုန်းက ဆရာမက ပြောခဲ့တဲ့ ဥပမာတွေ၊ သူငယ်ချင်းနဲ့ ဆွေးနွေးခဲ့တဲ့ စာတွေ၊ အမှတ်တမဲ့ ဖတ်ဖြစ်တဲ့ စာအုပ်၊မဂ္ဂဇင်းထဲက စာတွေ က ခေါင်းထဲမှာ ပေါ်လာတာမျိုး၊ အစဉ်လိုက် မဟုတ်ပေမဲ့ မေးခွန်းနဲ့ ဆက်စပ်တဲ့ အရာတွေကို လက်ကအလိုအလို ရေးဖြစ်သွားတဲ့ အဖြစ်မျိုး အနည်းနဲ့ အများလူတိုင်း ကြုံဖူးမှာပါ။

အဲဒါ မှတ်ဥာဏ် တစ်ခုရဲ့ စွမ်းပကားကြောင့်ပါ။

မှတ်ဥာဏ် အမျိုးအစား အမျိုးမျိုးရှိပါတယ်။အဲဒီထဲက မှတ်ဥာဏ်၂ခုအကြောင်းပြောပြချင်တာပါ။

တမင်တကာ ရည်ရွယ်ချက်နှင့် မှတ်ဖို့ ကြိုးစားပြီးမှ ရလာတဲ့ မှတ်ဥာဏ်မျိုးကို(Explicit memory)လို့ ခေါ်တယ်။

ဥပမာ စာမေးပွဲ ဖြေဖို့ အတွက် အသည်းအသန် ကျက်မှတ်တာမျိုး လို ရည်ရွယ်ချက်နဲ့ ကျက်မှတ်ထားတဲ့မှတ်ဥာဏ်ပါ။

မှတ်တဲ့အခါ ဒီစာကြောင်းပြီး ဒီစာကြောင်းလာတယ်၊ ဒီစာလုံးပြီး ဒီစာလုံးလာတယ်လို့ အစဉ်လိုက်မှတ်ယူသွားတာမျိုးက များတယ်။

နောက်ပြီး ကျက်မှတ်စဉ်က စာသားရဲ့ သင်္ကေတ တချို့ ကို အခြေပြုပြီး မှတ်ယူတယ်။မှတ်ဥာဏ်ထဲကစာသားကို ပြန်ပြီး ထုတ်တဲ့အခါ အဲဒီ နုတ်သင်္ကေတမှတဆင့် စာသားတွေကို ထုတ်ယူပါတယ်။

ဒါကြောင့် အဲဒီ သင်္ကေတမေ့ရင်ဖြစ်ဖြစ်၊ အစဉ်လိုက်မှတ်ယူထားတဲ့စာသားက အစဉ်လိုက်ပြန်မထုတ်နိုင်ရင် ဖြစ်ဖြစ် မှတ်ထားတဲ့စာသားကို ပြန်ပုံဖော်ဖို့ ခက်သွားပါတော့တယ်။

စာတွေ အကြိမ်များစွာ ကျက်မှတ်နေရဲ့သားနှင့် မေ့မေ့သွားရတာဒါကြောင့်ပါ။ လူတွေပြောပြောနေသော မှတ်ဥာဏ်ကောင်းတယ်၊မကောင်းဘူးလို့ ပြောနေကြတဲ့ မှတ်ဥာဏ်အမျိုးအစားပါ။

နောက်တစ်မျိုးက မှတ်ရန်ရည်ရွယ်ချက်မရှိပဲ ဦးနှောက်ထဲမှာ ကြွင်းကျန်နေတဲ့ မှတ်ဥာဏ် မျိုးပါ။ ဒီနေရာမှာ လူတစ်ယောက်ကို အမှတ်တမဲ့ တွေ့လိုက်ပြီး နောက်တနေရာမှာ မြင်လိုက်တဲ့အခါ “ဟာ၊ဒီလူ အခုနကတွေ့တဲ့လူပဲ” လို့ မှတ်မိသလိုဖြစ်သွားတာမျိုးပါ။ (implicit memory)လို့ခေါ်တယ်။

ဒီမှတ်ဥာဏ်က ထူးဆန်းပါတယ်။

ဒီပို့ ရဲ့ပထမဆုံးမှာရေးပြသလို တနေရာရာမှာတွေ့ခဲ့တဲ့ စာသားအချို့ကို အမှတ်တမဲ့ မှတ်မိနေတာမျိုး။

ကိုယ်ကိုယ်တိုင် ကြုံဖူးတဲ့အတွေ့အကြုံ တစ်ခုကတော့ ဘီအက်စီဓါတုဗေဒဘွဲ့ နောက်ဆုံးနှစ် စာမေးပွဲ မဖြေခင် (မေဂျာမတူ)သူငယ်ချင်းတစ်ယောက်နဲ့ စာအတူကျက်ရင်း သူဘာသာရပ်ကခက်တဲ့ ပုစ္ဆာတစ်ပုဒ်ကို ညီးညူရင်းပြောပြတယ်။

နှစ်မျက်နှာလောက်ရှိတဲ့ အင်ဒီဂရယ် သင်္ချာပုစ္ဆာ ပါ။ ကိန်းဂဏန်းတွေများပြီး ဖော်မြူလာတွေရှုပ်လွန်းတယ်။ နောက်ဆုံးအဆင့်ရောက်အောင်၃-၄ကြိမ်မက ချာချာလည်အောင် သူတွက်ထုတ်နေခဲ့တယ်။

ကိုယ်မေဂျာမှာက သင်္ချာက မိုင်နာ ဖြစ်လို့ ဒီလောက်ခက်တဲ့ပုစ္ဆာမျိုးမေးတဲ့ အစဉ်အလာမျိုးမရှိတော့ စိတ်ရှုပ်ခံပြီး မကြည့်ခဲ့ဘူး။ အေးအေးဆေးဆေးပဲ သူညီးညူတာကိုပဲ အမှတ်တမဲ့ နားထောင်လိုက်တယ်။

ဒါပေမဲ့ စာမေးပွဲမှာအဲဒီပုစ္ဆာ ပါလာတယ်။ သူငယ်ချင်းညီးညူတဲ့ ပုစ္ဆာမှန်း ချက်ချင်းသိလိုက်တယ်။ သူညီးညူတဲ့အချက်တွေနဲ့ စာသင်ခန်းတုန်းက ဆရာမပြောခဲ့တာတွေဆက်စပ်ပြီးတော့ နောက်ဆုံးအဆင့်ထိ ချောချောမောမောအဖြေထုတ်နိုင်ခဲ့တယ်။

တကယ်ဆို ကိုယ်ဒီလောက် သင်္ချာတော်တဲ့သူမျိုးမဟုတ်တာ ကိုယ်ဘာသာအသိဆုံးပါ။ တွေးမိတိုင်း အဲဒီတုန်းကသူငယ်ချင်းကို ကျေးဇူးတင်နေမိတယ်။

တကယ်တော့ မှတ်ဥာဏ်မှာ ထူးဆန်းတဲ့ ၀ိသေသလက္ခဏာတွေ အများကြီးမို့ ပညာရှင်တွေ လေ့လာလို့ မကုန်နိုင်သေးပါဘူး။ အခုထိလည်းလေ့လာနေကြဆဲပါ။

လသာည

Saturday, April 11, 2009

လွမ်းလို့ပါဆို


Komabaက ထမင်းဝိုင်းကို လွမ်းနေတယ်။

KMLနဲ့ ကော်ဖီ၊MOMရဲ့ကြက်သားဟင်း...ကို လည်းကောင်း၊

K Layရဲ့ ခင်ခင် ကြော်ပေးတဲ့ ငါးခြောက်ကြော်လေးကိုလည်း....လည်းကောင်း၊

402က ချဉ်ရည်ဟင်းလေးကို..လည်းကောင်း၊

O daibaက ၀က်ခြေထောက်ဟင်းလေးကိုလည်း ...လည်းကောင်း၊

Gaienmaeက ဘဇာကို လည်းကောင်း၊...

ဇူးဇူးလေးနှင့် ကြည့်ခဲ့တဲ့ လမ်းဘေးက ပန်းလေးတွေကို ..လည်းကောင်း၊

၎င်းနောက် သက်မဲ့အားလုံးနှင့် ဆက်စပ်နေသော ....မိတ်ဆွေသူငယ်ချင်း.အားလုံးကို ..လည်းကောင်း၊

....ကို ..လည်းကောင်း၊


လွမ်းနေပါ၏။

Friday, April 10, 2009

မိဘကို ပထမအကြိမ် အာခံခြင်းအကြောင်း

ဘ၀မှာ မိဘကို ခွန်းတုန့်ပြန် ဘယ်နှကြိမ် ပြန်ပြောဖူးလဲ?

ညာမပြောကြေးသာ ပြောရရင်..

ဒိုတော့ ခုထိ မကြာခဏပဲ ပြောမိမိသွားတယ်။ ကိုယ်ကိုယ် ကို ဆိုတော့ “ခွန်းတုန့်ပြန်တာ မဟုတ်ဖူး discussionလုပ်တာ”လို့ ဆင်ခြေပေးဖြစ်တယ်ထင်တာပဲ။

ဘာသာရေးအမြင်အရဆိုရင် မိဘကို ခွန်းတုံပြန် မပြောသင့်ဘူးပေါ့။ ဒါပေမဲ့..။

လူတိုင်းလူတိုင်း ဘယ်လောက်လိမ္မာတဲ့ လူဖြစ်ပါစေ၊ ဘ၀မှာ အချိန်ကာလ အပိုင်းအခြားနှစ်ခုမှာတော့ မိဘကို အများဆုံး ခွန်းတုံပြန်ပြောတတ်တယ်။ အရပ်စကားနဲ့ပြောရင် အာခံတတ်တယ်။ ခြေရာတိုင်းတယ်ပေါ့။

ဘယ်ကာလတွေလည်း သိလား?

ပထမအချိန်က အသက်သုံးနှစ် ပတ်ဝန်းကျင် မှာ ဖြစ်တယ်။


ဒီအချိန်မှာ မိဘက ခွံကျွေးတာကို အရင်ကအဆင့်သင့်စားလာရာက ကိုယ်ဘာသာစားမယ်၊မိဘက အဆင်သင့်လုပ်ပေးတာကို ငြိမ်ခံယူနေရာက ကိုယ်ဘာသာလုပ်မယ် ဆိုပြီး ဖြစ်လာတယ်။

သူတို့ လုပ်ချင်တာ မလုပ်ရရင်တော့ ကိုယ်လုပ်ချင်တာကိုလုပ်ခွင့်ရအောင် ဆန္ဒပြငိုယိုပြကြလိမ်မယ်။

ပတ်ဝန်းကျင်ကို အားစမ်းကြည့်တဲ့ သဘောပါ။ အဲဒါကို မိဘက ဒီကလေး တော်တော် ငိုကြောရှည်တယ်ဆိုပြီး မာန်မဲတာမျိုး။

မလုပ်ပါနဲ့ သားရယ်၊ မေမေတို့ ပဲ လုပ်ပေးပါ့မယ်လို့ ပြောပြီး သူလုပ်ခွင့်မရအောင်အကုန်လိုက်လုပ်တာမျိုး လုပ်မိတတ်ပါတယ်။

မာန်မဲတာမျိုးမကြာခဏရခဲ့ရင်တော့ သူဟာ အလကားနေစိတ်ကောက်တတ်တဲ့ကလေး ဖြစ်ဖို့ ရာခိုင်နှုန်း များနိုင်ပြီး ၊

အရာရာ လိုက်လုပ်ပေးခြင်းခံရတဲ့ ကလေးကတော့ နောင်တချိန်အရွယ်ရောက်တဲ့ အထိ အရာရာ မေမေလုပ်ပေးမှ၊အင်္ကျီ ဆိုလည်း မေမေ ၀ယ်ပေးမှ၊ နောက်ဆုံး ရည်းစားထားရင်တောင် မေမေရှာပေးမှ တွေ ဖြစ်ကုန်တာပါတဲ့။ (တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ပါ.။ မည်သူကိုမှ မရည်ရွယ်ပါ။း)

ဒီအချိန်မှာ များများအာခံတဲ့သူ၊အာခံခွင့်ကို ရတဲ့သူကတော့ နောင်မှာ ဘ၀ရဲ့ဒုက္ခအမျိုးမျိုးကို သူဘာသာရအောင် ဖြေရှင်းလိုစိတ်၊ တနည်းပြောရယင် စိတ်ခွန်အားက သူများထက် သာနေတတ်တယ်လို့ဆိုပါတယ်။ (ဒို့ ကတော့ များများအာခံသူဖြစ်ပေမဲ့ စိတ်ခွန်အား အဲဒီလောက်မကောင်းပါ။ အာခံမှုတွေစခဲ့တာ ၃နှစ်သမီးကစတာ မဟုတ်ပဲ ယောင်္ကျားယူခါနီးမှ စခဲ့လို့ထင်ပါတယ်။း)

ဒါပေမဲ့ တန်ဆေး၊လွန်ဘေး ဆိုတာလို အရာရာ တဇွတ်ထိုးတဇောက်ကန်းကလေးမျိုးလည်း မဖြစ်ရလေအောင်လည်း သူရဲ့ဆန္ဒကို အလိုက်သင့် ထိန်းသိမ်းပေးရင်း ဒီအရွယ်ကလေးရဲ့ လုပ်ချင်ကိုင်ချင်စိတ်ကို အားပေးသင့်ပါ၊ ထိန်းသိမ်းသင့်ပါကြောင်း...

ဒုတိယအကြိမ်အာခံချိန်ကတော့ ...............

နောက်မှပဲ.။

စိတ်ပညာမိတ်ဆက်မှ......ကောက်နှုတ်ချက်များ...

လသာညဖြစ်ပါသည်။

Monday, April 6, 2009

နုတ်ဆက်နည်း နှင့် ပြုံးနည်းသင်တန်း


မကြာခင် ကျောင်းတွေဖွင့်တော့မယ်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေမှာ မရင်းနှီးသေးတဲ့ လူတွေနဲ့ တွေကြုံရတော့မယ်။

လူတွေအများကြီးထဲမှာ သိတဲ့လူမရှိလို့ဆိုပြီး ငူငူငေါင်ငေါင် ဖြစ်နေရတာမျိုးက တော်တော် အထီးကျန်ဆန်လွန်းပါတယ်။

ဒါကြောင့် အနားမှာရှိတဲ့လူကို နည်းနည်းလောက် နုတ်ဆက်ကြည့်ပါလား။။
အဆင်ပြေရင် သူတို့နှင့် တသက်လုံးမိတ်ဆွေတွေ ဖြစ်ချင်ဖြစ်သွားဦးမှာလေ။

လူတစ်ယောက်နှင့် မိတ်ဆွေဖြစ်ဖို့ဆိုရင် အနည်းဆုံးအပြုံးလေးတော့ ရင်းနှီးဖို့၊ ပြုံးတတ်ဖို့ လိုတာပေါနော်။ မပြုံးချင်ပါဘူး၊ မိတ်ဆွေမရလည်း နေပါစေ လို့များတွေးနေသလား။ မှားသွားမယ်နော်။

လူတွေအများကြီးထဲမှာ စကားပြောဖော် မရှိပဲ၊ တစ်ယောက်တည်းယောင်ချာချာ ထိုင်နေရတာ ဘယ်လောက် အထီးကျန်ဆန်သလဲ ဆိုတာ ခံစားဖူးသူတိုင်းနားလည်မှာပါ။

တသက်စာမိတ်ဆွေရဖို့ မပြုံးတတ်လို့ စိတ်ညစ်နေလား။ မပြုံးရဲလို့ စိတ်ပူနေလား။ နုတ်ဆက်နည်း နှင့် ပြုံးနည်းသင်တန်းတွေ ရှိပါတယ်။

သင်တန်းထဲက သင်ခန်းစာနည်းနည်းလောက် ပြောပြမယ်နော်။

၁။ လူတစ်ယောက်ကို ပထမဆုံးတွေ့ခိုက်မှာ အာရုံထဲမှာ စွဲသွားစေတာက သူရဲ့နှစ်လိုဖွယ်အပြုံးပါ။ ကိုယ်အပြုံးက ရိုးသားမှု၊ဖော်ရွေမှုကို ဖော်ပြနိုင်ရင် တဖက်လူကလည်း သံသယကင်းကင်းနှင့် ကိုယ်ကို ပြန်ပြုံးပြလာမှာပါ။


၂။ ကိုယ်နဲ့ တခါမှမတွေ့ဖူးတဲ့လူကို စပြီးနုတ်ဆက်ရမှာ တော်တော်တော့စိတ်ကသိကအောက်ဖြစ်စရာပါ။ ကိုယ်က စပြီးနုတ်ဆက်ဖို့ ၀န်လေးတာလည်းပါတယ်။ စပြီးနုတ်ဆက်လို့ တဖက်လူက ပြန်ပြောရင်တော်ပါရဲ့၊ ပြန်မပြောဘဲ ငပေါကြီးလို့ ထင်သွားရင် ဒုက္ခ လို့ တွေးပြီး စိုးရိမ်နေသလား။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အပြုံးနဲ့ နုတ်ဆက်ဖြစ်အောင် နုတ်ဆက်ပါ။ မင်းအပြုံးကြောင့် သူပြန်ပြောမှာပါ။


၃။ စတွေ့တွေ့ခြင်း နုတ်ဆက်ရတာ ဘာပြောရမှန်းမသိဘူး လို့ စိတ်ပူနေသလား။ အများနှင့် ဆိုင်တဲ့စကားလေးတွေပဲ ပြောကြည့်ပါ။ ဥပမာ ဒီနေ့ နေသာတယ်နော်။ ဒီမြို့ က သီးနှံလေးတွေက လတ်ဆတ်ပြီး ဈေးလည်းချိုတယ်နော်...စသည် ။အဆင်ပြေသွားမှာပါ။ ဒါပေမဲ့ “ခင်ဗျား က ဘယ်မှာနေတာလဲ” “ရှင်ရဲ့ တစ်လ ၀င်ငွေ ဘယ်လောက် ရှိလဲ” အဲဒီလို ကိုယ်ရေးကိုယ်တာတွေတော့ မမေးပါနှင့်။


၎။ ကိုယ်ကပြောနေရဲ့သားနဲ့ တဖက်လူက စကားနည်းသူ၊ ကိုယ်ကို စကားပြောဖို့ စိတ်မပါသူ လို့ ခံစားမိရင် မစိုးရိမ်ပါနှင့်။ “ဒီနေ့ တွေ့ရတာ ၀မ်းသာပါတယ်။ ဒါနဲ့ . ဟိုဖက်မှာ အသိတစ်ယောက်ရောက်လာလို့ သွားလိုက်ပါဦးမယ်နော်” လို့ ပြောရင်း အဲဒီနားက ခွာလိုက်ပါ။


၅။ သူက စကားများတဲ့သူ ဖြစ်ခဲ့ရင်တော့ စိတ်ပါလက်ပါ အပြုံးလေးနဲ့ နားထောင်ပေးလိုက်ပါ။ တကယ်လို့ သူစကားထဲမှာ သူများအကြောင်း အတင်း ဒါမှမဟုတ် စပ်စုတာ ပါလာခဲ့ရင် သူစကားကိုရှုံချတာမျိုး မပြောပဲနဲ့ “ ကျွန်မ သူအကြောင်းသိပ်မသိလို့ပါ” လို ပြောရင်း ရှောင်လိုက်ပါ။ တခြားစကားဖြစ်ဖြစ် မသိမသာလွဲပြောလိုက်ပါ။


၆။ပြုံးပုံ ပြုံးနည်းက ရှိသေးတယ်။ မျက်လုံးကို နည်းနည်းမှေးထားပါ။ (တအားကြီးလည်း မမှေးပါနဲ့။) နှုတ်ခမ်းလေးကို အနည်းငယ် စူယောင်ယောင်လေးထားပါ။ ဒါမှမဟုတ် နှူတ်ခမ်းကို သွားမပေါ်အောင် စိရင်း ဘေးကို နှုတ်ခမ်းသားကို ဘေးကို ချဲပါ.ဒီလိုလေး (^ー^)။


ရ။ ဦးခေါင်းလေးကို နည်းနည်းလေး ယောင်ယောင်လေး မော့ထားပါ။ (တအားကြီးလည်း မမော့ပါနဲ့။) ပုံမှန် စကားကျယ်ကျယ် ပြောတတ်သူဖြစ်လည်း အဲဒီအချိန်လေးမှာတော့ လေသံအေးအေးလေးနဲ့ ချိုချိုသာသာလေးပြောပါ။


ဂ။ စကားပြောတဲ့အခါ တဖက်လူရဲ့ မျက်လုံးကို တိုက်ရိုက်ကြည့်ပြီးမပြောပဲနဲ့ နှာခေါင်းနေရာကို ကြည့်ပြောပါ။


挨拶美人ဆောင်းပါးကြော်ငြာကို နားလည်သလို ဘာသာပြန်သည်။

လသာည ဖြစ်ပါသည်။။

Saturday, April 4, 2009

တွယ်တာမှုလား၊ သံယောဇဉ်လား။

မနေ့က သူငယ်ချင်းတစ်ယောက်က ပြောတယ်။ သူမှာ ကိုယ်ကြောင့် ငိုရတာများပြီတဲ့။ သူ့ဘ၀မှာ အခုလို ငိုရတာလူနှစ်ယောက်ကြောင့် တဲ့။ အဲဒီထဲက တစ်ယောက်က ကိုယ်ပေါ့လေ။

တကယ်ဆို သူငိုအောင် ကိုယ်ဘာမှ မလုပ်မိဘူးလားလို့ပဲ။:P (ကိုယ်အတွက်ဆိုပြီးလည်း ကိုယ်ရှေ့ မှာတော့ သူ ငိုတာမမြင်ဖူးဘူးပါ။) ပြီးတော့ သူက “ခင်လို့ မင်လို့ ငိုတာပေါ့” လို့ ပြောပြန်ရော။ အင်း ...ဘာပြောရမလဲ။ကိုယ်ကို “ခင်လို့ ” ဆိုတော့ လည်း ခွင့်လွတ်ရတော့မှာပေါ့လေ.။ ရပါတယ် ငိုပါ..။ သြော် မှားလို့ မငိုပါနဲ့။

လူတိုင်းလူတိုင်း ပုံစံအမျိုးမျိုး နဲ့ အချင်းချင်း ခင်မင်သံယောဇဉ်တွယ်ကြတယ်။ သူနဲ့ မတူပေမဲ့ ကိုယ်လည်းလူတွေကို ခင်တတ်ပါတယ်။ဒါပေမဲ့ မငိုတတ်ဘူး။ ဒါနဲ့ စဉ်းစားမိတယ် လူတွေ ဘာလို့ ပုံစံမတူသံယောဇဉ်တွယ်တာကြသလဲ လို့။

အနားရှိတဲ့ စိတ်ပညာစာအုပ်ကြီးလှန်ပြီး ရှာဖတ်လိုက်တာ အခုတော့ ရှင်းသွားသလိုပဲ။ ဒါနဲ့ပဲ ဒီစာကိုရေးဖြစ်သွားတယ်။

Attachment ကို မြန်မာလို ဘယ်လို ခေါ်မှန်းမသိလို့ လွယ်လွယ်ပဲ တွယ်တာမှုသံယောဇဉ် လို့ ဘာသာပြန်လိုက်ပါတယ်။

တွယ်တာမှုသံယောဇဉ်ဆိုတာ ကလေးဘ၀က စတာပါ။ကလေးလေးဘ၀က ကိုယ်ကို ပြုစု ဂရုစိုက်တဲ့ သူကို စတင်တွယ်တာတယ်။ပထမဆုံးက အမေ ပေါ့လေ။ အမေ၊ အဖေ၊ အဘိုးအဘွား၊ မောင်နှမ၊ အဒေါ် ဦးလေး စသည်...ကိုယ်ပတ်ဝန်းကျင်ကသူတွေပေါ။ ဒီအချိန်ရခဲ့တဲ့ ကြင်နာမှု ဂရုစိုက်မှု ဒီဂရီနဲ့ ကြင်နာမှု ပုံစံက ကလေးငယ်ရဲ့ တွယ်တာမှု သံယောဇဉ်ပုံစံကို ပုံသွင်းပေးတာပါ။ ( အချိန်ရတဲ့အခါ ဒီအကြောင်း အသေးစိတ် ရေးဦးမယ်လို့ စဉ်းစားထားတယ်။)

ဒီလိုနဲ့ ကလေးဘ၀ကို ကျော်လွန်ပြီးတဲ့နောက် လူကြီးဖြစ်လာတယ်။ ကိုယ်ပတ်ဝန်းကျင်က လူတွေနဲ့ ဆက်ဆံရတဲ့အခါ တွယ်တာမှုပုံစံ က လူတစ်ဦးနှင့်တစ်ဦး မတူတော့ဘူး။
တွယ်တာမှုပုံစံက အသေးစိတ်ပြောရင် အများကြီးပါ။ အကြမ်းဖျင်းအားဖြင့်ပြောရယင် ၄မျိုးရှိတယ်လို့ ဆိုပါတယ်။

ပုံစံ ၁။ Secure attachment
ပုံစံ၁တွယ်တာမှုရှိသူက ပင်ကိုယ်စိတ်ကကို သူများနဲ့ မိတ်ဆွေဖြစ်လွယ်တယ်။ သူများနဲ့ အလိုက်အထိုက် နေတတ်တယ်။ သူများက ခင်လာရင်လည်း လွယ်လွယ် ပြန်ခင်လိုက်တယ်။ သူများက မခင်တော့ရင်လည်း သူကသိပ်ဝမ်းမနည်းဘူး။ ခင်သူမရှိတစ်ယောက်တည်းဖြစ်လည်း စိတ်မညစ်တတ်ဘူး။လွတ်လပ်မှုနဲ့ ရင်းနှီးမှူ ကို မျှတအောင် သဘောထားတတ်တယ်။ နောက်ခံကတော့ ငယ်ငယ်က နွေးထွေးတဲ့၊အကောင်းမြင်စိတ်ရှိတဲ့ မိသားစုရော၊ ပတ်ဝန်းကျင်မှာပါ ကြီးပြင်းလာရလို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

ပုံစံ ၂။ Anxious-preoccupied attachment
ပုံစံ၂တွယ်တာမှုရှိသူက သူများတွေနဲ့မိတ်ဆွေဖြစ်ချင်တယ်။ ခင်ချင်တယ်။ ခင်မိတဲ့သူအပေါ် အတွင်းကျကျ ပေါင်းသင်းခင်မင်တယ်။ ခင်မင်သူဆီမှ ရင်းနှီးမှအပြင် အသိအမှတ်ပြုမှု၊ ထောက်ခံမှု၊ ချီးကျူးမှုစတာတွေပါ ရယူချင်သူဖြစ်တယ်။ ဒါပေမဲ့ သူများတွေက သူခင်သလို မခင်ဘူး၊ သူ တန်ဖိုးထားတဲ့ အရာတွေကို တန်ဖိုးမထားကြဖူးလို့ အမြဲသံသယရှိနေတတ်တယ်။“လူတွေက ငါခင်သလိုမခင်ဘူး၊ ငါလုပ်သမျှကို အသိအမှတ် မပြုဘူး” လို့ အမြဲပြောနေတတ်တယ်။ ခင်မင်တဲ့သူအပေါ် သံသယတွေ ပူပန်သောကတွေရောက်ပြီး အမြဲစိတ်ကောက်တတ်တယ်။ ဒါမှမဟုတ် ပေါက်ကွဲတတ်တယ်။ မိတ်ဆွေအပေါ် မှီခိုလွန်းပြီး ရင်းနှီးမှူလွန်လို့ လွတ်လပ်မှုဆုံးရှုံးနေသူဖြစ်တတ်တယ်။ အကြောင်းရင်းခံကတော့ ငယ်ရွယ်စဉ် မိဘ ဆွေမျိုး မောင်နှမတွေ ရဲ့ နွေးထွေးတဲ့ကြင်နာမှု၊ ဂရုစိုက်မှုအစား ပတ်ဝန်းကျင်ရဲ့ အပြစ်တင်မှုတွေကိုပဲ များရခဲ့ရလို့ပါ။

ပုံစံ ၃။ Dismissive-avoidant attachment
ပုံစံ၃ တွယ်တာမှုရှိသူက သူများနဲု့ရင်းရင်းနှီးနှီးကို မပေါင်းချင်ဘူး။ လွတ်လွတ်လပ်လပ်နေချင်တယ်။ အနှောင်အဖွဲ့ကို မကြိုက်ဘူး။လွတ်လပ်မှုကို ကြိုက်လွန်းတဲ့အတွက် သူနားကို အနှောင်အဖွဲ့နှင့် ကပ်လာတဲ့လူတွေကို အော်ဟစ်မောင်းထုတ်ချင်သူဖြစ်ပါတယ်။ ဘယ်သူအကူအညီကိုမှ မယူပဲ အရာရာကို ကိုယ်စိတ်ကြိုက် လုပ်ရင်း ကိုယ်ကိုယ်ကို ကျေနပ်နေသူဖြစ်ပါတယ်။ အပေါင်းအသင်းဆိုတာ မရှိလည်း ဖြစ်တယ်လို့ ယူဆသူဖြစ်တယ်။ တခါတရံ ကိုယ်ကိုယ်ကိုကလွဲရင် ပတ်ဝန်းကျင်ကို သိပ်ပြီး အကောင်းမမြင်ချင်ဘူး။တကယ်က သူတို့ဟာ နွေးထွေးတဲ့ကြင်နာမှုကိုလိုချင်သူတွေဖြစ်ပေမဲ့ ငြင်းပယ်ခံရမှာကို ကြောက်လို့ တွယ်တာမှုကို ငြင်းဆန်နေတဲ့ ဖီလင်သမားတွေပါ တဲ့။ အဲဒါကတော့ ငယ်ရွယ်စဉ် မိဘ ဆွေမျိုး မောင်နှမတွေ ရဲ့ နွေးထွေးတဲ့ကြင်နာမှု၊ ဂရုစိုက်မှုစသည်..တို့ကို သိပ်မရခဲ့လို့ပါ။ (မောင်နှမထဲမှာ အလတ်တွေက ဒါမျိုးဖီလင်ရှိနေတတ်ပါတယ်။)

ပုံစံ ၄Fearful-avoidant attachment
ပုံစံ၃ တွယ်တာမှုရှိသူကတော့ သူများတွေကို ခင်ချင်ပေမဲ့ မခင်ရဲသူတွေ ဖြစ်ပါတယ်။သူများတွေကို မယုံရဲ၊ ရင်းရင်းနှီးနှီး မပေါင်းရဲဘူး။ သူများကို ရင်းရင်းနှီးနှီးပေါင်းလိုက်လို့ ကိုယ်ခံစားရသွားရမှာမျိုးကို ကြောက်တယ်။ ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်သက်ပြီး အတွေးအမျိုးမျိုးရှိနေတတ်တယ်။ စိတ်ထဲမှာ ရင်းရင်းနှီးနှီးခင်မင်နေပြီး၊ ပွင့်ပွင့်လင်းလင်းမခင်မင်ရဲတဲ့ စိတ်အခံကြောင့် အကောင်းမြင်စိတ်ထက် အဆိုးမြင်စိတ်က ပိုများနေတတ်တယ်။ခင်မင်မှုအပေါ် သံသယအမြဲရှိနေတတ်တယ်။ သူများကအာရုံစူးစိုက်လာမှာကိုလည်း ကြောက်နေတာကြောင့် တွယ်တာမှုကို ငြင်းဆန်နေတဲ့ ဖီလင်သမားတွေပါ တဲ့။ အဲဒါကတော့ ငယ်ရွယ်စဉ် မိဘ ဆွေမျိုး မောင်နှမတွေ ရဲ့ နွေးထွေးတဲ့ကြင်နာမှု၊ ဂရုစိုက်မှုကိုခံယူခွင့် တော်တော်လေး နည်းခဲ့ရရှာလို့ပါ တဲ့။

ဒီပုံစံ၎မျိုးက အကြမ်းဖျင်းပြောတာပါ။

တကယ်တော့ လူတိုင်းမှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်လက္ခဏာ ဆိုတာ နောက်ခံအကြောင်းအရာ ၊အချက်အလက်အမျိုးမျိုး ပေါ် မူတည်တာမိုလို့ အကြောင်းအရာတစ်ခုတည်းနဲ့်တော့ ဆုံးဖြတ်လို့ မရဘူးပေါ့။

အခုလည်းဘဲ အားလုံးသော အချက်အလက်တွေပေါင်းစည်းလိုက်တဲ့အခါတစ်ခုသောဒြပ်ဝတ္ထုက တော့ လ သာ ည ဖြစ်လာပါသည်။

မှတ်ချက်။ လ သာ ညသည် ပုံစံ ၁ မျိုးဖြစ်အောင် ကြိုးစားချင်သော်လည်း ပုံစံ ၃ ရဲ့ ရာခိုင်နှုန်း များများကို လက်ရှိပိုင်ဆိုင်နေသလားဟု ထင်မိပါသည်။

လသာည