Friday, July 31, 2009

မိဘကို ပထမအကြိမ် အာခံခြင်းအကြောင်း

ဘ၀မှာ မိဘကို ခွန်းတုန့်ပြန် ဘယ်နှကြိမ် ပြန်ပြောဖူးလဲ?

ညာမပြောကြေးသာ ပြောရရင်..

ဒိုတော့ ခုထိ မကြာခဏပဲ ပြောမိမိသွားတယ်။ ကိုယ်ကိုယ် ကို ဆိုတော့ “ခွန်းတုန့်ပြန်တာ မဟုတ်ဖူး discussionလုပ်တာ”လို့ ဆင်ခြေပေးဖြစ်တယ်ထင်တာပဲ။

ဘာသာရေးအမြင်အရဆိုရင် မိဘကို ခွန်းတုံပြန် မပြောသင့်ဘူးပေါ့။ ဒါပေမဲ့..။

လူတိုင်းလူတိုင်း ဘယ်လောက်လိမ္မာတဲ့ လူဖြစ်ပါစေ၊ ဘ၀မှာ အချိန်ကာလ အပိုင်းအခြားနှစ်ခုမှာတော့ မိဘကို အများဆုံး ခွန်းတုံပြန်ပြောတတ်တယ်။ အရပ်စကားနဲ့ပြောရင် အာခံတတ်တယ်။ ခြေရာတိုင်းတယ်ပေါ့။

ဘယ်ကာလတွေလည်း သိလား?

ပထမအချိန်က အသက်သုံးနှစ် ပတ်ဝန်းကျင် မှာ ဖြစ်တယ်။

ဒီအချိန်မှာ မိဘက ခွံကျွေးတာကို အရင်ကအဆင့်သင့်စားလာရာက ကိုယ်ဘာသာစားမယ်၊မိဘက အဆင်သင့်လုပ်ပေးတာကို ငြိမ်ခံယူနေရာက ကိုယ်ဘာသာလုပ်မယ် ဆိုပြီး ဖြစ်လာတယ်။

သူတို့ လုပ်ချင်တာ မလုပ်ရရင်တော့ ကိုယ်လုပ်ချင်တာကိုလုပ်ခွင့်ရအောင် ဆန္ဒပြငိုယိုပြကြလိမ်မယ်။

ပတ်ဝန်းကျင်ကို အားစမ်းကြည့်တဲ့ သဘောပါ။ အဲဒါကို မိဘက ဒီကလေး တော်တော် ငိုကြောရှည်တယ်ဆိုပြီး မာန်မဲတာမျိုး။

မလုပ်ပါနဲ့ သားရယ်၊ မေမေတို့ ပဲ လုပ်ပေးပါ့မယ်လို့ ပြောပြီး သူလုပ်ခွင့်မရအောင်အကုန်လိုက်လုပ်တာမျိုး လုပ်မိတတ်ပါတယ်။

မာန်မဲတာမျိုးမကြာခဏရခဲ့ရင်တော့ သူဟာ အလကားနေစိတ်ကောက်တတ်တဲ့ကလေး ဖြစ်ဖို့ ရာခိုင်နှုန်း များနိုင်ပြီး ၊

အရာရာ လိုက်လုပ်ပေးခြင်းခံရတဲ့ ကလေးကတော့ နောင်တချိန်အရွယ်ရောက်တဲ့ အထိ အရာရာ မေမေလုပ်ပေးမှ၊အင်္ကျီ ဆိုလည်း မေမေ ၀ယ်ပေးမှ၊ နောက်ဆုံး ရည်းစားထားရင်တောင် မေမေရှာပေးမှ တွေ ဖြစ်ကုန်တာပါတဲ့။ (တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ပါ.။ မည်သူကိုမှ မရည်ရွယ်ပါ။း)

ဒီအချိန်မှာ များများအာခံတဲ့သူ၊အာခံခွင့်ကို ရတဲ့သူကတော့ နောင်မှာ ဘ၀ရဲ့ဒုက္ခအမျိုးမျိုးကို သူဘာသာရအောင် ဖြေရှင်းလိုစိတ်၊ တနည်းပြောရယင် စိတ်ခွန်အားက သူများထက် သာနေတတ်တယ်လို့ဆိုပါတယ်။ (ဒို့ ကတော့ များများအာခံသူဖြစ်ပေမဲ့ စိတ်ခွန်အား အဲဒီလောက်မကောင်းပါ။ အာခံမှုတွေစခဲ့တာ ၃နှစ်သမီးကစတာ မဟုတ်ပဲ ဒို့သိပ်ချစ်တဲ့ ဒို့“လူကြီး”နဲ့တွေ့မှ စခဲ့လို့ထင်ပါတယ်။း)

ဒါပေမဲ့ တန်ဆေး၊လွန်ဘေး ဆိုတာလို အရာရာ တဇွတ်ထိုးတဇောက်ကန်းကလေးမျိုးလည်း မဖြစ်ရလေအောင်လည်း သူရဲ့ဆန္ဒကို အလိုက်သင့် ထိန်းသိမ်းပေးရင်း ဒီအရွယ်ကလေးရဲ့ လုပ်ချင်ကိုင်ချင်စိတ်ကို အားပေးသင့်ပါ၊ ထိန်းသိမ်းသင့်ပါကြောင်း...

ဒုတိယအကြိမ်အာခံချိန်ကတော့ ...............

နောက်မှပဲ.။

စိတ်ပညာမိတ်ဆက်မှ......ကောက်နှုတ်ချက်များ...

လသာညဖြစ်ပါသည်။

Monday, July 27, 2009

အဖေကမွေး၊ အမေက ကျွေး

တကယ်ပြောတာ။ မယုံဘူးလား။ ဒီဗီဒီယိုလေး ကြည့်လိုက်။ အမေက ကလေးမွေးလို့ မရလို့ အဖေကမွေးပေးတယ်။ အမေကနို့တိုက်တယ်။ မယုံရင်ပုံပြင်မှတ်။ အခုဆို ကလေး နှစ်ယောက်တောင် ရသွားပြီရော။ အားကျတဲ့သူရှိရင် လေ့လာသွားနော်။ :P



အခုခေတ် ဟိုမုန်းဆေးတွေစွမ်းလာပြီနော်။ လသာည သူငယ်ချင်းတွေမှာရော အဲလို မွေးချင်တဲ့လူ မရှိဘူးလား။ သူကတော့ ကလေးမွေးရတာ ပျော်လွန်းလို့ မနှစ်က တစ်ယောက်မွေးတယ်။ ဒီနှစ်တစ်ယောက်မွေးတယ်။ တော်တော်ဟုတ်နေတာ။ ဟားဟား။

သူ့လိုလူတွေများလာရင် ယောကျာ်းများ ကလေးမွေးဆေးရုံ သီးသန်ထားလာကြမယ် ထင်တာပဲ။ သူ့ကြောင့် ဟိုမုန်းဆေးထုတ်ကုမ္ပဏီလည်း တော်တော်နာမည်ကြီးနေပြီ။ ၀ယ်ချင်သူများရှိရင် သူဆီဆက်သွယ်လိုက်နော်။ "(^0^)" ။

သူ့နာမည် Thomas Beatie ။ သူ့မိန်းမနာမည်က Nancy Beatie တဲ့။

သြော်..သူ့အကြောင်း လှို့ဝှက်ချက်တစ်ခုလည်း ရှိသေးတယ်။ ပြောဖို့မေ့သွားတယ်။ ဒါပေမဲ့ အခုဗွီဒီယိုကနေ သိသွားပြီမဟုတ်လား။ မပြောတော့ဘူး။ မသိသေးတဲ့သူတွေကိုတော့ သိတဲ့သူတွေက ပြောပြလိုက်တော့။ :p

သူငယ်ချင်းနဲ့ စာလုပ်နေရင်း သူအပြင်သွားတုန်း ကွန်ပျူတာ ယူသုံးပို့စ်ရေးလိုက်တာ။ အချိန်မရလို့ နောက်မှ :P ။ အခုတော့ တာ့တာ။

Sunday, July 26, 2009

သူငယ်ချင်းဆိုတာ-

သူငယ်ချင်း ရဲ့ အဓိပ္ပါယ် ကို အမျိုးမျိုး ဖွင့်ဆိုကြပါတယ်.။

Aristotle က Friendship အကြောင်းကို အချက်-၃ချက်နဲ့ ဖွင့်ဆိုခဲ့တယ်။
၁) ကိုယ့်အတွက် ကောင်းကျိုးတစ်ခုခု ရနိုင်လို့ (ဥပမာ..သူက ချမ်းသာနေလို့ သူနဲ့ပေါင်းရင် ကိုယ်အတွက်တစ်ခုခု အကျိုးရနိုင်တယ် ၊ အနည်းဆုံး ကိုယ်ပါ နာမည်ကြီး လာနိုင်တယ်။)
၂) ကိုယ်ကို ပျော်အောင် လုပ်ပေးတဲ့သူမိုလို့ (ဥပမာ..သူနဲ့ရှိနေတဲ့ အချိန် ကိုယ့်ကိုအလိုလိုက်တယ်။ ကိုယ်က တစ်ခုခုကို လုပ်ချင်ရင် သူက ကိုယ်ဆန္ဒအတိုင်း ရအောင်လုပ်ပေးတယ်။)
၃) ကိုယ်နှင့် သူ အပြန်အလှန် ခံစားနားလည်ပေးနိုင်လို့ (ကိုယ်စိတ်ညစ်ရင် သူကလည်း လိုက်စိတ်ညစ်သူဖြစ်တယ်)

Aristotleက အမျိုးအစား (၁)နှင့်(၂)မိတ်ဆွေမျိုးက မြဲမြံမှုမရှိနိုင်ဘူး၊။ ကိုယ်အတွက်ကောင်းကျိုးမရတဲ့ အခါ၊ ကိုယ့်စိတ်ကြိုက် ကိုယ့်ကို ပျော်အောင်မထားတဲ့အခါ မိတ်ဆွေအဖြစ် မသတ်မှတ်နိုင်ကြလို့ဖြစ်တယ်။ ဒါကြောင့် (၃)ကတော့ ထာဝရမိတ်ဆွေဖြစ်နိုင်တယ်.လို့ဆိုပါတယ်..။


နောက်ပိုင်းကျ အတွေးအခေါ် ပညာရှင်တွေက (၃) ရဲ့ အားနည်းချက်ကို တွေ့လာကြတယ်။ ကိုယ်စိတ်ညစ်တိုင်း သူလည်း စိတ်ညစ်နေရင် ဘာမှအကျိုးမရှိနိုင်ဘူး။ အဲလိုအချိန်မှာ ကိုယ့်ပြဿနာကို ကူညီဖြေရှင်းပြီး ကိုယ်ကောင်းကျိုးကို လိုလားမှ ကူညီဖို့ ကြိုးစားမှ မိတ်ဆွေစစ်ဖြစ်တယ်.လို့ဆိုလာကြတယ်။

အခုခေတ်မှာတော့ သူငယ်ချင်း အကြောင်းဖွင့်ဆိုချက် အများကြီးဖြစ်နေပြီ..forwarding mailsမှာ လည်း အမြဲတွေ့ရတယ်.။အထူးဖွင့်ဆိုနေစရာမလိုတော့ပါ.။

ဒါပေမဲ့ ဒီသူငယ်ချင်းဆိုတဲ့ စိတ်ထားလေးက ဘယ်အချိန်က စပြီး ခံစားမိကြတာလဲ..ဆိုတဲ့ အချက်၊ သူငယ်ချင်းဖြစ်ဖို့ အရင်းခံစိတ်က ဘာလဲ ဆိုတာကို ပိုစိတ်ဝင်စားမိတာနဲ့ နည်းနည်းလေ့လာခဲ့ပါတယ်။


အူဝဲဘ၀က ကိုယ်ဆာလောင်တဲ့အခါ အမေက ကိုယ့်ကို နိုချိုတိုက်ကျွေးတယ်.။ အမေ(အမေ မရှိရင် အဖေ၊မောင်နှမ၊ထိန်းသိမ်းသူစသည်..) က ကိုယ့်ကို ခြင်၊ယင်မနားအောင် စောက်ရှောက်တယ်။ ကိုယ်နေမကောင်းတဲ့အခါ ပျာယာခတ်ပြီး ဂရုစိုက်ပေးတယ်။ အဲဒါတွေကို ကလေးက ခံစားသိလာတယ်။

ဒါနဲ့ ကလေးက မိခင်ကို သံဃောဇဉ်တွယ်လာတယ်။ ဒီလိုနဲ့ မိခင်က ကလေးဘ၀ရဲ့ ပထမဆုံး သူငယ်ချင်း ဖြစ်လာပါတယ်.။

နောက် တဆင့်က အဖေ၊မောင်နှမ၊ အိမ်သူအိမ်သား ကိုပါ သူခင်တွယ်လာတယ်။ နေစဉ် သူအနားက လူတွေကို ခင်တွယ်စိတ်နှင့် အတူ အားကိုးစိတ်ဖြစ်လာတယ်.။

သူကိုယ်တိုင် လှုပ်ရှားနိုင်လာတဲ့ အခါ (ဥပမာ.လေးဘက်သွားစမှာ) လျှောက်တွားသွားရင်း သူနဲ့မရင်းနှီးတဲ့ သက်ရှိ၊သက်မဲ့ပစ္စည်းတစ်ခုခုနှင့် တွေ့တဲ့အခါ သူအနားရှိ အိမ်သူအိမ်သားတယောက်ယောက်ဆီကို သူပြန်ပြေးတယ်။ ဒီအပြုအမှုလေးဟာ psyမှာ အရမ်းကို အရေးပါလှပါတယ်။ ဒီအပြုအမှုလေးရဲ့ အဓိပ္ပါယ်ကတော့ ငါတစ်ခုခု ဖြစ်တိုင်းသူက ငါ့ရှေမှာ ရပ်ပေးမှာလို့ ယုံကြည်စိတ်ကလေး (sense of security) ရလာလို့ ဖြစ်ပါတယ်။

ဒီယုံကြည်ချက်ကလေးက၊ ဒီယုံကြည်စိတ်ကလေးက သူအတွက် ခိုင်မာတယ်လို့ သူခံစားသိရှိပြီးတဲ့နောက် ပတ်ဝန်းကျင်ကမ္ဘာကို စိတ်တိုင်းကျ သူစူးစမ်းလေ့လာပါတော့တယ်.။ စူးစမ်းလိုစိတ်နဲ့ ရှေ့ကို လှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာသတ္တိအပြည့်နဲ့။ ရဲရဲဝင့်ဝင့် သူလျှောက်လှမ်းပြီပေါ့။ ကိုယ်နောက်မှာ မားမားမတ်မတ်ရပ်မယ်သူတွေ ရှိနေပြီလေ။

ဒီယုံကြည်စိတ်ကလေး ကြောင့် လူလောကအလယ်ကို ဖြတ်သန်းဖို့အားအင်တွေဖြစ်လာတယ်၊ လောကထဲကို သတ္တိရှိရှိ နှင့် ကျော်ဖြစ်ရဲလာခဲ့တယ်..။

လောကအလယ်မှာ နောက်ထပ်နောက်ထပ် ကြုံတွေလာတဲ့သူတွေနှင့် လည်း ယုံကြည်စိတ်ကလေးကို အခြေခံလို့ သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။

လူတွေရဲ့ မသိစိတ်မှာ (သိစိတ်မှာလည်း) တခြားလူတစ်ယောက်ဟာ ကိုယ်တကယ် ၀မ်းနည်းတဲ့အချိန် ကိုယ်ကို အားပေးမဲ့သူ၊ ကိုယ်အထီးကျန်ဆန်နေချိန် ကိုယ့်ကို အဖော်ပြုသူ၊ ကိုယ် ရှုံးနိမ့်ချိန် ပျက်ရယ်မပြု အားပေးသူဖြစ်တယ်လို့ ကိုယ်ယုံကြည်မိသွားချိန်ဟာ သူဟာ ကိုယ့်ရဲ့ သူငယ်ချင်းအဖြစ်အသိအမှတ်ပြုချိန်ပဲ ဖြစ်ပါတယ်။။။


လသာညလည်း .. မိဘသူငယ်ချင်း၊ မောင်နှမသူငယ်ချင်း၊ အပေါင်းအသင်းသူငယ်ချင်း၊ ချစ်သူသူငယ်ချင်း.အားလုံးဆီမှ ရရှိနေတဲ့ ယုံကြည်ချက်တွေနှင့် ဘ၀ကိုရှင်သန်နေခဲ့တယ်..။ ယခုထိ ယုံကြည်ချက်တွေပေးခဲ့တဲ့ ၊ပေးနေဆဲ သူငယ်ချင်းအားလုံးကို ကျေးဇူးအရမ်းတင်တယ်။

လသာည ဖြစ်ပါသည်။။

Wednesday, July 22, 2009

စိတ်၏သီအိုရီ (Theory of Mind)..

ကိုယ့်ကိုယ်ကို နားလည်ခြင်း၊ သူများကို နားလည်ခြင်း၊ နှင့် အပြန်အလှန်နားလည်ခြင်း

လူရဲ့စိတ်ဟာ တကယ်ဆန်းကြယ်ပါတယ်။ နေ့စဉ် ကျွန်မတို့တစ်တွေဟာ တစ်ဦးကိုတစ်ဦးမပြောပဲနဲ့ တစ်ဦးရဲ့စိတ်ကိုတစ်ဦးက အလိုလို နားလည်နေတာတွေရှိပါတယ်။ ကိုယ်ရှေ့ကလူက ပစ္စည်းတစ်ခုကို မ ရင်း ကိုယ်ကို ကြည့်လိုက်တဲ့အခါ ကိုယ်ကအလိုလို သူ့ကို ကူမ လိုက်တာမျိုး။ အကြာင်းအရာတစ်ခုအကြောင်း စိတ်ပါလက်ပါပြောရင်း သူ့လေသံပြောင်းသွားတဲ့အခါ သူပျင်းသွားပြီလို့ အလိုလို သိသလိုလို ဖြစ်လာကာ “အိုကေ နောက်မှ ပြောကြသေးတာပေါ့။” လို့ အလိုလိုနှုတ်ကထွက်သွားတာမျိုး။ ဒါဆိုရင် အဲဒီလို ဘာကြောင့်သိနေရတာလဲ။

အတွေအကြုံကြောင့်လား။ အတွေအကြုံကြောင့်ချည်းဆိုရင် တစ်နေ့တစ်နေ့ မိုးလင်းကနေ မိုးချုပ်ထိ ကျွန်မတို့တစ်တွေ တွေ့ကြုံရတဲ့ အကြောင်းအရာအဖြစ်အပျက်တွေ၊ တွေ့ကြုံရတဲ့လူတွေ နည်းမှမနည်းတာ။ စိတ်မှတ်ဥာဏ်က အလိုလို မေ့သင့်တာမေ့။ ဆက်သယ်သင့်တာသယ်သွားတာတွေ့ရတယ်လေ။ မှတ်ထားတဲ့ အကြာင်းအရာကိုလည်း ဘယ်အကြာင်းကဘာ ဆိုတာ ခွဲခြားသိမှတ်နိုင်တာ တွေ့ရတယ်။

အခုနက ရုတ်တရက်ကြီး ပုံကိုကြည့်ပြီး အဖြေပြောခိုင်းတာ စိတ်ညစ်သွားလား။ စိတ်၏သီအိုရီအကြောင်း ပြောပြချင်လို့ပါ။ စိတ်၏သီအိုရီဆိုတာ သူတစ်ပါးရဲ့ စိတ်ကို နားလည်ဖတ်ရှုနိုင်စွမ်းကို ဆိုလိုပါတယ်။ နားလည်ဖတ်ရှုနိုင်စွမ်း ရှိမရှိ၊ အရည်အချင်းကို စစ်ချင်တဲ့အခါ ဒီဓါတ်ပုံလေးပြပြီး စစ်ကြပါတယ်။
duck-rabbit figure လို့ခေါ်ပါတယ်။ ဒီပုံလေး ပြတဲ့အခါ ယုန်လို့ဖြေတဲ့လူ ရှိသလို ဘဲလို့ ဖြေတဲ့လူ ရှိပါတယ်။ တခြားအဖြေကို ဖြေတဲ့သူလည်း ရှိပါတယ်။ အဖြေတစ်ခုပဲ ဖြေပါလို့ ပြောလာတဲ့အခါ ကိုယ့်အဖြေအပြင် သူက ဒီလိုဖြေမှာ လို့ တွေးမိတတ်ပါတယ်.။ အဲဒီလို တွေးတတ်ခြင်းရဲ့အခြေခံဟာ စိတ်၏သီအိုရီ(theory of mind) ပါတဲ့။

အရပ်စကားနှင့် ပြောရရင် စိတ်၏သီအိုရီဆိုတာ နားလည်ပေးနိုင်စွမ်းကို ခေါ်တာပါ။ ဒီtestကို ၃နှစ်အရွယ်ကလေးကို မေးကြည့်ရင် လက်ညိုးတစ်ချောင်းထောင်ပြီး၊ အဖြေတစ်ခုကိုပဲ ရွေးချယ်တာ တွေ့ရပါတယ်တဲ့။ သူဖြေတာအမှန်၊ သူများဖြေတာ အမှားလို့ပဲ သူတွေးတာတွေ့ရတယ်။ ဒါပေမဲ့ ၄နှစ်ကျော်သွားရင်တော့ အဖြေနှစ်ခုလုံး(နှစ်ခုထက်လည်းကျော်ချင်ကျော်မယ်)ကို ရွေးချယ်ပေးနိုင်ကြပြီး ကိုယ်အဖြေလည်းမှန်တယ်၊ သူများအဖြေလည်းမှန်နိုင်တယ်ဆိုတဲ့ အချက်ကို နားလည်လက်ခံပေးနိုင်စွမ်း ရှိစပြုလာပြီလို့ ဆိုပါတယ်။ မှန်မှန်ကန်ကန် နားလည်မပေးနိုင်သေးတာပဲ ရှိမှာပါ၊ ကိုယ်နဲ့ အမြင်မတူပေမဲ့ သူက ဒီလိုမျိုးမြင်နိုင်တယ် လို့ နားလည်ပေးနိုင်စွမ်းဟာ တကယ်ဆို ကလေးအရွယ်က စတာပါ။ ( Doherty & Wimmer, 2005; Wimmer & Doherty, 2007).

တကယ်တော့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကိုယ်ကိုယ်ကို နားလည်နိုင်ဖို့ ကြိုးစားနေရသလို တပြိုင်နက်တည်းမှာ သူများကိုလည်း နားလည်နိုင်ဖို့ ကြိုးစားနေရတယ်။ နားလည်ပေးတဲ့ အကျင့်၊ အပြုအမူလေးဟာ နှစ်သက်စရာ၊ ချစ်စရာလေးပါ။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်နားလည်ပေးနိုင်ရင် သက်ဆိုင်ရာသူနှစ်ဦး (နှစ်ဦးထက်လည်း ပိုချင်ပိုမယ်)ရဲ့ ရင်ထဲမှာ ချမ်းမြေ့နေပြီး လောကကြီးဟာလည်း အလိုလို သာယာနေတယ်။

ဒါပေမဲ့ နားလည်ပေးဖို့ ကြိုးစားရတာ တကယ်တော့ မလွယ်ကူလှပါဘူး။ မှန်မှန်ကန်ကန် နားလည်ပေးနိုင်တာရှိသလို နားလည်မှုလွဲသွားတာလည်း ရှိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း နားလည်မှုလွဲတဲ့အခါ လွဲတယ်။

သူများကို နားလည်ပေးဖို့ကြိုစားရင်း တခါတခါ မာနကိုရင်းရတယ်။ တခါတခါ သောကကို ရင်းရတယ်။ တခါတခါ ချစ်ခြင်းမေတ္တာကို ရင်းရတယ်။ တချို့ဆို ဘ၀ကိုတောင် ရင်းကြရတယ်။ မှန်မှန်ကန်ကန် နားလည်ပေးနိုင်စွမ်းနဲ့ အမှန်တရားအတွက် ရင်းရကျိုးနပ်ရင် တော်ပါသေးတယ်။ တချို့ကျတော့ တနင့်တပိုး ရင်းလိုက်ရရဲ့သားနဲ့ နားလည်မှုလွဲကြလို့ အမုန်းတွေ ရပြီး တစ်သက်လုံးရန်သူတွေ ဖြစ်သွားကြတာတွေကလည်း လောကကြီးမှာ မနည်းဘူးမဟုတ်လား။

ကလေးမဟုတ်တော့တဲ့ အတွက် နားလည်ပေးနိုင်စွမ်း ရှိနေပေမဲ့ တခါတလေ နားလည်ပေးဖို့ ကိုယ်ကိုယ်တိုင်က မကြိုးစားချင်ဘူး။ အပြန်အလှန်သဘောလို ကိုယ်ကမှန်နေရဲ့သားနဲ့ ကိုယ်ကို နားလည်ပေးခြင်းမခံရတဲ့အခါလည်း ရှိတာပေါ့ ။ မကြာခဏပါပဲ။ ဒါဟာ အမှန်ကိုသိရဲ့နဲ့ နားမလည်နိုင်တဲ့ ကလေးကြီးတွေရဲ့ သဘောထားပါ။ ဒါကြောင့်လည်း မှန်ကန်တဲ့ နားလည်မှုတွေပေးပြီး၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်တဲ့ သူတွေကို အားကျသလို ကိုယ်ကိုယ်တိုင်လည်း အဲဒီလို ရင့်ကျက်ချင်တယ်။

ဒါပေမဲ့လည်း... စိတ်၏သီအိုရီကို ပြည့်ပြည့်၀၀ပိုင်ဆိုင်ပြီးသား လူကြီးတစ်ယောက်ရဲ့ ရင့်ကျက်ခြင်းမျိုးနဲ့ သူများကို ခွင့်လွတ်နားလည်ပေးနိုင်တဲ့သူဖြစ်ဖို့ အများကြီး ကြိုးစားရပါဦးမယ်.လို့ .။

လသာည ဖြစ်ပါသည်။


Tuesday, July 21, 2009

ဟာ..အသက်တစ်နှစ်ကြီးပြန်ပြီ

သြော်..ဘာမှသာ မဖြစ်မြောက် မတိုးတက်သေးတာ အသက်ကအသက်တစ်နှစ်ကြီးပြန်ပြီနော်..။ (><) ဟုတ်တယ်လေ အသက်က တစ်နှစ်ပြီး တစ်နှစ်ကြီးလာတာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာသေးဘူးးး။

အသက်၂၀ ကျော်ပြီးကတဲက မွေးနေ့ဆိုတာ အသက်တစ်နှစ်ကြီးပြန်ပြီလို့ ကြေငြာတဲ့ပွဲမိုလို့ သိပ်မကြိုက်သလိုပဲ။ ဒါပေမဲ့ မွေးနေ့ကိတ်ကိုတော့ အသေကြိုက်..။မွေးနေ့ဆုတောင်းပို့တဲ့သူက ဂရုတစိုက်ပို့ပေးမှ သတိရတယ်။ ကော်ဖီနဲ့ မုန်တိုက်ဖို့လေ မေ့နေတာ ဟဲဟဲ။ ဧည့်ခံ နောက်ကျသွားတာ ဆောရီးနော်.. မိဆိုးလေး။ဒါကြောင့် မိဆိုးလေးကို ...လဘုလဘု (ဂျပန်လို ပြောတာ၊ ဟားဟား)။။
ချောကလက်ကြိုက်သူအတွက်နော်။
ဖယောင်းတိုင်က သက်စေ့လေ ဟဲဟဲ။ ဟော ..ပြောမှ သူရေကြည့်တောမယ် :P
မမှားနဲ့နော်။ အလုံးလေးတွေက သက်စေ့လုပ်တာမဟုတ်ဘူးရယ်။ ဒီဇိုင်းသက်သက်...
ဒါကတော့ အရမ်းကောင်းတာ စိတ်ကူးနဲ့တင် အိုအိရှိ.....။

တကယ်ပါကွာ။ ဒီနှစ်မွေးနေ့မှာ ဘယ်သူမှ အနားမှာ မရှိကြဘူး။ ကိုယ်လေတစ်ယောက်တည်း အထီးကျန်.အဲ အမကျန်နေ..တယ်။

ကိုယ်ကသာ နည်းနည်းပျင်းနေတာ lab ထဲက ဆရာနဲ့သူငယ်ချင်းတွေက မွေးနေ့ပွဲလေးလုပ်ပေးမလို့ စီစဉ်နေကြလေရဲ့။ ဆရာက ဂရုစိုက်ရင်လည်း ....အဲလို။ ခိုင်းရင်လည်း မျက်နှာတောင် မကြည့်ဘူး ခိုင်းတာ။ ဒါပေမဲ့ မွေးနေ့ပွဲလုပ်ပေးတာမို့ ကျေလိုက်ပါတယ်။ ထုံးစံအတိုင်း ကိတ်မုန့်လေးစားပြီး မပြန်မချင်း နှစ်နာရီလောက် ခေါင်းလေးတညိတ်ညိတ် လုပ်ရမယ်။ ဒါပေမဲ့ ပြောလို့ပြောရတာ ဒီက ကိတ်မုန့်တွေက ဘယ်လောက်စားစား မအီဘူးရယ်။ တအားစားကောင်းတာ။

ညွှန်းပြီးပြီ..နော်။ လာနိုင်တဲ့သူဆို တကယ်ပဲ ကျွေးချင်ပါတယ်။ လာမလား..အားလုံးကို ၀က်လက်ကမ်းနော်။ :P

လသာည၏ လတ်တလော ဆန္ဒတစ်ခု အမြန်ဆုံး ပြည့်ဝနိုင်ပါစေလို့ နည်းနည်းလောက် ကူဆုတောင်းပေးသွားပါဦးနော်။

အားလုံး အဆင်ပြေရွှင်လန်းကြပါစေ။

Monday, July 20, 2009

တစ်ခုခုမှားသလား

အခုတလော ကိုယ်မသိတဲ့နိုင်ငံတွေကပါ အလည်ရောက်ရောက်လာတာ သတိထားမိတာနဲ့ googleမှာ latharnya ဆိုပြီး check လုပ်မိတယ်။

တွေ့ပြီ။ မှားတဲ့သူတွေက latharna ဆိုတဲ့ websiteတစ်ခုကို ရှာရင်း ရောက်လာကြတာပါ။ တကယ် ကိုယ့်ဆီလာတာ မဟုတ်ဘူးရယ်။ အဲဒါ ဘာဘာသာစကားလည်း မသိဘူး။ ဘာလဲဆိုတာ သိချင်ပေမဲ့ စိတ်ဝင်စားပေမဲ့ နားမလည်လို့ ပြန်ပိတ်လိုက်တယ်။ ရုပ်ရှင် ကြော်ငြာလိုဟာမျိုးထင်ပါရဲ့။

နောက်ပြီး followerထဲမှာလည်း jw ဆိုတဲ့လူကြီးတစ်ယောက် ရောက်နေတာ ကြာပြီ။ မှားဝင်လာတယ်ထင်ပါရဲ့။ သူ့ဆီမှာ တချို့ မြန်မာဘလော့နာမည်တွေလည်း တွေ့တယ်။ ကိုယ်ဘာမှ အမှားမလုပ်မိဘူးလို့တော့ ထင်တာပဲ။ သိသူရှိရင် ပြောကြပါဦးနော်။

Sunday, July 19, 2009

ယုံကြည်ချက်မှ တဆင့်


Pygmalionဆိုတဲ့ ဝေါဟာရကတော့ ဂရိစကားဖြစ်ပါတယ်။ ပုံပြင်လေးတစ်ခုမှ စတယ်။ ပုံပြင်အရ ဘယ်မိန်းမကိုမှ စိတ်မ၀င်စားတဲ့ ပန်းပုသမားလေး Pygmalion ဟာ သူကိုယ်တိုင် ထုစစ်ထားတဲ့ ရုပ်ထုလေးအပေါ်မှာ မေတ္တာသက်ဝင်မိသွားခဲ့တယ်။ နေ့စဉ်နဲ့အမျှ စွဲလန်းတမ်းတနေတဲ့ သူရဲ့စွဲလန်းယုံကြည်မှုအပေါ် ဘုရားသခင်က ဂရုဏာသက်သွားတဲ့အတွက် နောက်ဆုံးမှာ သူရဲ့ရုပ်ထုကို လူဘ၀အသက်သွင်းပေးလိုက်ခြင်းဖြင့် ပျော်ရွှင်စွာ ဇာတ်ပေါင်းသွားလေသတည်းပေါ့။

ဂရိပုံပြင်ထဲမှ Pygmalion ပန်းပုသမားနာမည်ကိုယူပြီး စိတ်ပညာဗေဒမှာ Pygmalion effectsလို့ဆိုတဲ့ ဝေါဟာရကို စတင်သုံးစွဲခဲ့သူက အမေရိကန် စိတ်ပညာရှင်Robert Rosenthal ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ တစ်စုံတစ်ယောက် အပေါ်ထားတဲ့ မင်းရဲ့ ယုံကြည်ချက်ဟာ အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်စေပါတယ်။ ၎င်း ကို စိတ်ပညာအခေါ်နဲ့ Pygmalion effectsလို့ ခေါ်တယ်။

စိတ်ပညာရှင် Robert လုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ကျောင်းတစ်ကျောင်းမှာ စာမေးပွဲတစ်ခုစစ်လိုက်တယ်။ မစစ်ခင် တပတ်လောက်မှာ တချို့ကျောင်းသားတွေကို တွေ့ဆုံပြီး ဒီလိုပြောလိုက်တယ်။

“ကလေးတို့။ မင်းတို့ကို အသိပေးစရာရှိတယ်။ တို့က (Robertက) ဒီစာမေးပွဲကို ဘယ်သူတွေ ဖြေဆိုနိုင်မယ်လို့ ထင်ပါသလဲလို့ မင်းတို့ အတန်းပိုင်ဆရာကို မေးတော့ မင်းတို့ဆရာက ဒီစာမေးပွဲကို သေချာပေါက် အမှတ်ကောင်းကောင်းနဲ့ ဖြေဆိုနိုင်မယ်သူဟာ မင်းတို့ပါ .. လို့ ပြောပြတယ်။ မင်းတိုလို ကလေးတွေရှိတဲ့အတွက် မင်းတို့ ဆရာကတော့ ဂုဏ်ယူလို့ မဆုံးအောင်ပါပဲကွာ။ ကဲ..ကဲ ကြိုးစားဖြေကြနော်။ ”

တကယ်တော့ အတန်းပိုင်ဆရာကို ဘာမှ မေးထားတာမဟုတ်ခဲ့ပါဘူး။ စာမေးပွဲက နည်းနည်းခက်လို့ စာမေးပွဲ ဖြေချင်အောင် စိတ်ပညာရှင်က အကွက်ဆင်လိုက်တဲ့ စကားလုံးလေးတွေပါ။

ဒီနောက် စာမေးပွဲကို ဖြေဆိုပြီးဆုံးပြီး ရလာဒ်တွေကို အမှတ်စစ်ခဲ့တယ်။
ခေါ်တွေ့တဲ့ ကျောင်းသားတွေနဲ့ ခေါ်မတွေ့တဲ့ ကျောင်းသားတွေရဲ့ ရလာဒ်ကို ယှဉ်ကြည့်လိုက်တယ်။ သူ မရဲတရဲ မျှော်လင့်ထားတဲ့ ရလာဒ်တစ်ခုကို အံ့သြဖွယ်ရာ တွေ့ရလို့ စိတ်ပညာရှင်ကြီး ပျော်ရွှင်သွားခဲ့တယ်။

သူက ခေါ်တွေ့တဲ့ ကျောင်းသားအများစုဟာ တကယ်ပဲ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်တာကို တွေ့ရတယ်။ ခေါ်တွေ့ပြီး မပြောခြင်းမခံခဲ့ရတဲ့ ကလေးတွေ (တနည်းပြောရရင် ဆရာရဲ့ ယုံကြည်ချက်ကို မရတဲ့ကလေးတွေ)ဟာ ပုံမှန် ယခင့်ယခင် စာမေးပွဲတွေအတိုင်း ရလာဒ် မပြောင်းမလဲ ရှိနေခဲ့တာကို တွေ့ခဲ့ရတယ်။

ဒါဆို ယုံကြည်ခြင်းခံရတဲ့ကလေးတွေဟာ အရည်အချင်းတွေ တက်လာပြီး၊ မခံရတဲ့ကလေးဟာ အရည်အချင်းတွေကျသွားတာလား။ တကယ်တော့ အရည်အချင်းက ဒီလောက် ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ အခြားသူတစ်ဦးတစ်ယောက်ရဲ့ ယုံကြည်ချက်ကို ရလိုက်တဲ့ အခါ ကျွန်မတို့ လူသားတွေဟာ ကိုယ်အားဥာဏ်အားရှိသ၍ အားထုတ် ကြိုးစားကြလို့သာ ဖြစ်ပါတယ်။

အခြားသူရဲ့ ယုံကြည်ချက်က ကာယကံရှင် ကို တွန်းအား ပေးနိုင်ပါတယ်။

လက်တွေ့နယ်ပယ်မှာ ဆရာက တပည့်ကို ၊ မိဘက သားသမီးကို၊ အကြီးအကဲက လက်အောက်ငယ်သားကို ကိုယ့်စိတ်ကြိုက် ကြိုးစားစေချင်တဲ့အခါ အများကြီး အားထုတ် ဆုံးမစရာမလိုပါဘူး။ သူကို အားပေးတဲ့အနေနဲ့ သူ့ကြိုးစားမှုကို အသိအမှတ်ပြုပြီး ယုံကြည်ချက်ကလေး ပေးလိုက်ရုံပါပဲ..တဲ့။

You can do it!!

အရည်အချင်းတင်မဟုတ်ပါဘူး။ တခြားအရာတွေလည်း ရှိသေးတယ်။

ဖခင်က “ကျွန်တော့်သမီးက ဘယ်တော့မှ မိဘကို စိတ်ဆင်းရဲအောင်မလုပ်ဘူးဗျ။” လို့ တကယ်ယုံကြည်ပေးခြင်းခံရသူ သမီးကတော့ သူဖခင်ရဲ့ ယုံကြည်ချက်ကို အတတ်နိုင်ဆုံး ထိန်းတော့မှာ သေချာနေပြီ။

ဆရာဝန်ကို ယုံကြည်နေတဲ့ လူနာက“ဒီဆရာဝန်ဆီရောက်ရင် ရောဂါတ၀က်ပျောက်သလိုပဲ၊ သိပ်တော်တဲ့ဆရာဝန်ဗျာ။ ” လို့ လူနာရဲ့ ယုံကြည်မှုကို ရနေတဲ့
ဆရာဝန်ဟာ သူရဲ့ပညာရပ်ကို သူအစွမ်းရှိသလောက် အသုံးချတော့မှာ သေချာသွားပြီ ပေါ့။

လသာည..ပါ။

Saturday, July 18, 2009

Be happy




Here is a little song
I wroteYou might want to sing it note for note
Don't worry be happy
In every life we have some trouble
When you worry you make it double
Don't worry, be happy......

သီချင်းအပြည့်အစုံက ဒီနားလေးမှာ holly dollyကာတွန်းလေးနှင့် ရှိတယ်။



Don't worry. Be happy!

လသာည ဖြစ်ပါသည်။

Thursday, July 16, 2009

ရွာလည်ခြင်း

ရွာလည်သွားတယ်။ ရွာတစ်ရွာကိုပေါ့။

စိတ်ဝင်စားနေတာကြာပြီ။ မသွားဖြစ်ခဲ့ဘူး။ သူငယ်ချင်းတစ်ယောက်ဆီက သတင်းအရ “အဲဒီရွာက လူတွေက မျက်နှာဖုံးတွေ စွပ်ထားကြတယ်။ အချစ်ဇာတ်လမ်း၊ အလွမ်းအဆွေး၊ အကြမ်းအရမ်း၊ မော်ဒန် အက်ရှင်ကားတွေလည်း အဲဒီမှာ အလကားကြည့်ရတယ်။နောက်ပြီး မင်းသိချင်တာအားလုံးကို အဲဒီမှာ မင်းသိနိုင်တယ်”တဲ့။ သူပြောတာကြားကတဲက စိတ်ဝင်စားနေခဲ့တာ တနေ့တော့ ရောက်အောင်သွားမယ်ပေါ့။

၂၀၀၉-ခုနှစ် ဇန္န၀ါရီလမှာကျောင်းကိစ္စတစ်ခုကို အကြောင်းပြုပြီး အဲဒီရွာကို စပြီးခြေချမိတယ်။ တကယ်ပဲ ကြားထားတဲ့သတင်းထက်တောင် အံ့သြဖွယ်ရာတွေ အများကြီးရှိတာတွေ့ရတယ်။ စိတ်ဝင်စားလွန်းလို့ လာရင်းကိစ္စကိုတောင် မေ့သွားပြီး တနေကုန် ရွာထဲမှာလည်နေမိတယ်။

ရွာသားတွေက တကယ်ပဲ မျက်နှာဖုံးတွေနဲ့ပဲ။ ဘာဖြစ်လို့ တကယ်မျက်နှာအတိုင်းမတွေ့ရတာလဲလို့ အနီးအနားကလူကို မေးကြည့်မိတယ်။ အိုး..သူလည်း မျက်နှာဖုံးနဲ့ပါလား။ သူက “သြော်.. ဒီရွာရဲ့အနေအထားအရ မျက်နှာဖုံးစွပ်မှ ရမှာမို့လို့ပါ၊ ခင်ဗျားလည်း ဒီရွာထဲဝင်ရင် မျက်နှာဖုံးစွပ်တာပိုကောင်းတယ်ဗျ။” ဒါပေမဲ့ အဲဒီတုန်းက သူပြောစကားကို သိပ်နားမလည်ခဲ့ဘူး။

နောက် သူနဲ့ခင်သွားတော့ သူက သူ့အိမ်ကို ဖိတ်ခဲ့တယ်။ သူအိမ်လေးက လှလိုက်တာ။ အထဲဝင်သွားလိုက်တော့ ဒီနေ့ သူအိမ်ကို ဧည့်သည် အယောက်၂၀ လာသွားကြောင်း သူကပြောပြတယ်။ သြော်.. သူက ရေတွက်ထားတယ်ထင်ပါ့။

“ဒီရွာက ဧည့်သည်ကို မျှော်တဲ့ ရွာဗျ။ အိမ်ရှင်တွေက ကိုယ့်အိမ်ကို ဧည်သည်တွေလာတာ များရင် ပျော်ကြတယ်။ လာအောင်လည်း ဖွယ်ဖွယ်ရာရာ ပြင်ဆင်ကြရတာပေါ့ဗျာ။ တခါတလေဆို လိုက်တောင်ဖိတ်ရတာ။ ခင်ဗျား ဒီရွာမှာ နေတာကြာရင် ပိုပျော်သွားမှာပါ။”

“ဒါနဲ့ တနေ့ကို ဧည်သည့် အယောက် ၂၀ဆိုတာ မနည်းဘူးနော်။ ဒီအိမ်လေးမှာ စိတ်ဝင်စားစရာ တစ်ခုခု ရှိပုံရတယ်။”

သူက ကျေနပ်တဲ့ အပြုံးနဲ့ ပြုံးလိုက်ရင်း “ဒီရွာမှာ အိမ်ဆောက်နည်းကို လာတဲ့ဘယ်သူ့ကို မဆို သင်ပေးနေတာလေ။ စေတနာနဲ့ ပြပေးနေတာပါ။”

“သြော်.ဟုတ်လား။ စေတနာကို လေးစားလိုက်တာ။ ဒီရွာမှာ အိမ်ဆောက်ဖို့တောင် စိတ်ဝင်စားလာပြီ။ ဘယ်လိုဆောက်ရမယ်ဆိုတာ ကျွန်မကို သင်ပေးပါနော်။ ဒီအိမ်ကို မကြာခဏလာပါရစေနော်။”

“အိုကေလေ။ အခြေခံအားလုံး ဒီအိမ်ထဲမှာ လေ့လာသွားပါ။ နောင်လည်း လိုအပ်ရင် အမြဲလာလည်လို့ရပါတယ်။”

“ကျေးဇူးတင်လိုက်တာ။ ဟို.. ဒါကျွန်မလိပ်စာပါ။ ဒါနဲ့..ဒီက နာမည်လေး.?

သူက ပြုံးသွားတယ်။
“ ခင်ဗျားက ကျွန်တော်စောစောကပြောထားတာကို မေ့သွားပြီကိုး။ ဒီရွာမှာ ကိုယ်နာမည်အတိအကျ ကို ပြောပြဖို့ မလိုသလို၊ အိမ်ရှင်အကြောင်းလည်း တတ်နိုင်ရင် မစပ်စုပါနဲ့ လို့ စေတနာနဲ့ မှာပါရစေ။ ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး။ မျက်နှာဖုံးနဲ့လာလာ၊ မျက်နှာဖုံးနဲ့ မလာလာ လာတဲ့သူအဆင်ပြေသွားရင် ပြီးတာပဲ။”

ဘာတွေမှန်းလည်း မသိဘူး။ ရှုပ်နေတာပဲလို့ တစ်ယောက်တည်း တိတ်တိတ်လေး ရေရွတ်မိတယ်။

သူက ဆက်ပြီး “အိမ်ရှင်နာမည်ထက် အိမ်ရဲ့နာမည်လေးကို မှတ်တာက ခင်ဗျားအတွက် ပိုအသုံးဝင်မှာပါ ။ ခင်ဗျားနောက်ကျ နားလည်သွားမှာပါ။ တခြားအိမ်လေးတွေလည်း ၀င်ရောက်လေ့လာသွားလို့ရပါတယ်။ အိမ်ရှင်ကိုတော့ နုတ်ဆက်ခဲ့ပေါ့။”

“ကျွန်မကို မသိပဲနဲ့ သူတို့လက်ခံပါမလား?

“ရော်.. ခင်ဗျားကတော့ လုပ်ပြီ။ ဒီရွာမှာ ဘယ်သူမဆို လွတ်လပ်စွာ အိမ်လည်လို့ရပါတယ်လို့ဆို။ တစ်ခုတော့ ရှိတယ်။ တချို့လာတဲ့သူတွေက အိမ်ရှင်ပိုင်ပစ္စည်းလေးတွေကို ယူသွားပြီး သူ့အိမ်မှာ သူ့ပစ္စည်းလိုလိုနဲ့ ပြတဲ့သူလည်း ရှိတတ်တယ်လေ။ လူအမျိုးမျိုး စိတ်ထွေထွေမို့လားဗျာ။ အများစုကတော့ အဲလိုစိတ်မရှိပါဘူး၊ ခင်ဗျားလာတာမြင်ရင် အိမ်ရှင်က ၀မ်းသာမှာပါ။”

ဒါနဲ့ တနေကုန်ရွာထဲကို လျှောက်လည်မိတယ်။ ပထမဆုံး စိတ်ဝင်စားတာက အိမ်လေးတွေပေါ့။ အိမ်မက်ကမ္ဘာထဲကို ရောက်နေရသလို အိမ်လေးတွေကလည်း အမျိုးမျိုး။ တချို့အိမ်လေးတွေက ကာတွန်းထဲက ဒီဇိုင်းမျိုးလေးတွေ၊ တချို့ က နန်းတော်ပုံစံမျိုး။ တချို့ က တောအုပ်လေးလို့ စိမ်းစိမ်းစိုစို။ တချို့ကတော့လည်း ပြတိုက်လေးတွေလိုပဲ။ တချို့ကျတော့ ရိုးရိုးရှင်းရှင်းလေးတွေ။ အိမ်လေးတွေကို လေ့လာရတာကိုက ပျော်စရာကြီး။

တချို့ အိမ်မှာ ဟင်းချက်နည်းတွေ သင်ပေးနေတာတွေ့ရတယ်။ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ ရှင်းပြထားလိုက်တာ ချက်ချင်း အိမ်ပြန်ပြီး ချက်စားချင်စိတ်ဖြစ်သွားတယ်။ အိမ်ရှင်က ရှိပုံမရပါဘူး။ လာလည်တဲ့ဧည့်သည်တွေ အပြန်မှာ ဧည့်သည်တော်မှတ်တမ်းလေးတွေ ရေးကြတာတွေ့ရတယ်။ ကိုယ်လည်း တစ်ခုခု ရေးရမလားစဉ်းစားမိတယ်။ ကိုယ်နဲ့သူနဲ့က သိပ်မရင်းနှီးသေးတော့ ရေးရမရေးရ ချည်တုံချတုံ ဖြစ်နေမိတယ်။ ဘာကို ဘယ်လိုရေးရမှန်းမသိတာနဲ့ နောက်တခါမှ ရေးမယ်ဆိုပြီး ထွက်ခဲ့လိုက်တယ်။

နောက်ထပ်တစ်အိမ်တက်ဆင်း လေ့လာမိသွားတယ်။ တချို့က အမောပြေ ဟာသလေးတွေ ပြောပြကြတယ်။ သဘောကျစွာ တစ်ယောက်တည်း ရယ်မိတယ်။ ရှိရှိသမျှ ရယ်စရာတွေကို အကုန်ဖတ်ရရင် ရက်၊လ ကြာမယ်ထင်တာမို့ နောက်နေ့စာချန်ထားခဲ့ရတယ်။

တချို့က ကျန်းမာရေး အသိတွေကို ပညာပေးဖြန့်ချီထားတာတွေ့ရတယ်။ တချို့ကျတော့ ဘ၀ရဲ့ဒဿနတွေကို ဥပမာလေးတွေနဲ့ ၀တ္ထုဇာတ်လမ်းလေးတွေကို ခင်းကျင်းပြသထားတယ်။ လူဘ၀ရဲ့ဇာတ်ခုံက အဖုံဖုံ ဆိုတော့ ကိုယ်အတွက် အားအင်တွေပေးနေသလို၊ ပြင်ဆင်သင့်တာ ပြင်ဆင်၊ သင်ခန်းစာယူစရာယူနဲ့ ၊ အဲဒီအိမ်လေးထဲကလည်း တော်တော်နဲ့ မထွက်နိုင်ပြန်ဘူး။

တချို့ ကျတော့ ကိုယ်ဘ၀အကြောင်းကို ကိုယ်ကဇာတ်လိုက် သူများကအရံအဖြစ်နဲ့ ဇာတ်လမ်းဖွဲ့ရင်း ကိုယ့်အတွေ့အကြုံကို ဗဟုသုတဖြန့်ဝေတာမျိုးလည်း တွေ့ရတယ်။ သူနဲ့မတည့်တဲ့သူကတော့ လူကြမ်းဖြစ်မှာသေချာပြီ (;p) ။ တချို့ကတော့ ကိုယ့်ချစ်သူအကြောင်းရေးဖွဲရင်း အချစ်အလွမ်းတွေပြည့်နေတဲ့ ခန့်ညားတဲ့ ကဗျာအိမ်ကြီးဖြစ်နေပြန်ရော။

တချို့ကလည်း မိတ်ဆွေတွေနဲ့ အဖွဲလေးတွေ ဖွဲ့ရင်း အုပ်စုကိုယ်စားပြုအိမ်လေးတွေဖြစ်တယ်။ ဘာသာတရားနှင့်ဆိုင်သောအိမ်၊ နိုင်ငံရေးနှင့်ဆိုင်သောအိမ်၊ ဓါတ်ပုံအနုပညာအိမ်၊ အတတ်ပညာ အကုန်အစုံရတဲ့ ရောသပြွန်းအိမ်၊..စုံနေတာပါပဲ။

အိမ်တစ်အိမ်မှာတော့ မျက်နှာဖုံး နှင့် အိမ်၏ စည်းကမ်းတွေရေးထားတာကို တွေ့ရတယ်။ စိတ်ဝင်တစား ဖတ်မိသွားတယ်။

သတင်းနဲ့ လုံခြုံရေးအတွက် ဒီရွာရှိ အိမ်များတွင် အိမ်ရှင်၏ နာမည်အစစ်အမှန်၊ အသက်၊ အလုပ်အကိုင်၊ လိပ်စာ၊ ဘဏ်ကဒ်စသည်ကို မဖော်ပြသင့်၊ ဧည့်သည်နှင့် ကိုယ်မိတ်ဆွေများ၏ နာမည်အစစ်အမှန်နှင့် ကိုယ်ရေးအချက်အလက်ကိုလည်း သိလျှင်တောင် အိမ်တွင်းတွင် သူများရှေ့တွင် မဖော်ပြရ။ လျှိဝှက်ရမည်။

အားလုံးမျက်နှာဖုံးစွပ်ထားတဲ့အတွက် လူဆိုးလူကောင်း ဘယ်သူမှ မသိနိုင်တဲ့အတွက် တချိန်ချိန်မှာ ကိုယ်မှာအန္တရယ်ရှိလာနိုင်လို့ လို့ ဆိုပါတယ်။ ဒါပေမဲ့ တချို့လည်း ရင်းနှီးသွားတဲ့အခါ အမှန်အတိုင်း ဆက်သွယ်ကြတာ၊ မျက်နှာဖုံးမဟုတ်ပဲ ပကတိ မျက်နှာ (ဓါတ်ပုံတွေကို)ဖော်ပြလို့ ဖြူစင်ကြောင်းပြကြတာကို တွေ့ရတယ်လို့ ပြောပြပါသေးတယ်။

နောက်အိမ်ရှင်ကတော့ ဒီလိုထပ်ရှင်းပြတယ်။“ ဒီရွာရဲ့မျက်နှာဖုံးအရ တဖက်လူရဲ့ ပကတိ မျက်နှာ၊အသက်၊ အကျင့်စာရိတ္တ၊ နေရပ်လိပ်စာဘာမှ မသိရဘူးလေ။ မျက်နှာဖုံးလေးနဲ့ အိမ်လေးထဲမှာ သူဟာ ဆယ်ကျော်သက်၊ အပြင်မှာ အသက် ၅၀ကျော်ချင်ကျော်နေမှာ၊ ပြီးတော့ မျက်နှာဖုံးလေးထဲမှာ သူဟာ အပြစ်ကင်းသလောက် အပြင်မှာ ဂျစ်တူးဖြစ်ချင်ဖြစ်မှာ။ လူမှုရေးတွေ လည်း ရှုပ်နေတာပဲ” ဆိုပဲ။ အိုး..ကြောက်စရာကြီးပါလား။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းပြောသလိုပဲ ရွာလည်ရင်း အချစ်ဇာတ်လမ်း၊ အလွမ်းအဆွေး၊ အကြမ်းအရမ်း၊ မော်ဒန် အက်ရှင်ကားတွေကို အလကားကြည့်နေသလို၊ ရွာလည်မိတိုင်း အတတ်ပညာ၊ အသိပညာတစ်ခုမဟုတ်တစ်ခုလည်း ရနေခဲ့တယ်။ ဒီရွာကြီးက ပျော်စရာ ကောင်းမှန်းမသိ ကောင်းလာခဲ့တာမို့ ဒီရွာမှာ နေခွင့်ရတုန်း ကျွန်မလည်း အိမ်လေးတစ်လုံး ဆောက်ချင်လာတာမို့ လေ့လာခဲ့တဲ့ အိမ်ဆောက်နည်းအတိုင်း ဆောက်ကြည့်လိုက်ပါတယ်။

အစဆိုတော့ ဘယ်အဆင်ပြေမှာလဲ။ မှားလိုက်၊ ဖျက်လိုက်၊ ပြန်ဆောက်လိုက် ရွာလည်နေတာပဲ။ မသိတော့ အကြိမ်များစွာ သူများအိမ်တွေကို သွားလေ့လာခဲ့ရတယ်။(လေ့လာရင်း အိမ်ရှင်ကို နှုတ်ဆက်ခဲ့တာရှိသလို၊ သိပ်မရဲလို့ နှုတ်မဆက်ပဲ ပြန်ခဲ့တာလည်း ရှိတယ်။) ဒီလိုနဲ့ပဲ အိမ်လေးတစ်လုံးကို ဆောက်ဖြစ်သွားတယ်ဆိုပါတော့။

အိမ်ရှိလာတော့ လာတဲ့ ဧည့်သည်ကို ဘာဧည့်ခံရမလဲ ဆိုတာကို စဉ်းစားတဲ့အခါ တော်တော်ခေါင်းစားသွားတယ်။ ဒုက္ခပဲ။ ဟင်းလည်း မချက်တတ်ဘူး။ တရားအကြောင်းလည်း မဆွေးနွေးနိုင်ဘူး။ အနုပညာဆို ဝေလာဝေး။ ကိုယ့်အကြောင်းကို ရေးရအောင်လည်း အဲဒီလောက် ဘာမှဖြစ်ဖြစ်မြောက်မြောက် ပြောစရာမရှိ။ ဒီအတိုင်းဆို ကိုယ့်အိမ်လေးကို ဘယ်သူမှ လာမှ မဟုတ်တော့ဘူး။
ဘာပဲဖြစ်ဖြစ် မဖြစ်မနေရေးရမယ်ဆိုရင်တော့ ကိုယ်သိတာလေးပဲ ကိုယ်ပြောကြည့်မှပါလေ။

ကဲ

စိတ်၏သီအိုရီ (Theory of Mind)

........

ကိုယ်ရေးမိတဲ့အခါကျတော့ ဧည်သည့်မျှော်ရပြီပေါ့။ လူရင်း မိတ်ဆွေလေးတွေက အမြဲလာအားပေးခဲ့ကြပါတယ်။ နေ့တိုင်းကို အကြိမ်ပေါင်းများစွာ။ :D။ တကယ်ပါ သူတို့ရဲ့အားပေးမှုဟာ ကိုယ့်အတွက် အားဆေးတွေပေါ့။ နောက်ပိုင်း အိမ်ရဲ့ ဧည့်သည်စာရင်းလေးက များများလာခဲ့တယ်။ တချို့ဧည်သည်လေးတွေက ကိုယ့်တုန်းကလိုပဲ အားနာလို့ မရဲလို့ ဆိုပြီး မှတ်တမ်းမှာ နှုတ်ဆက်တဲ့လူ နည်းနေတာတွေ့ပေမဲ့ အရေအတွက်မြင်ရတာနဲ့တင် တော်တော်ပျော်စရာကောင်းတယ်။

ကိုယ့်မှာ အိမ်ရှိလာတော့ ကိုယ်အရင် သွားလေ့လာတုန်းက နှုတ်မဆက်ဖြစ်တဲ့ အိမ်ရှင်တွေရဲ့ ခံစားချက်ကို ပိုပြီးကိုယ်ချင်းစာမိလာတယ်။ မဖြစ်သေးပါဘူးလေ။ ကိုယ်ကိုသိသိမသိသိ သူအိမ်ရောက်မှတော့ နှုတ်ဆက်လိုက်ဦးမှပါလို့ တွေးဖြစ်ပြီး အိမ်ရှင်တိုင်းကို ပြုံးပြနုတ်ဆက်မိတယ်။ တချို့က ခပ်တည်တည်ပဲ မသိသလိုပဲ။ တချို့ကတော့ လှိုက်လှဲစွာ လက်ကမ်းလို့ နှုတ်ဆက်တယ်။ တချို့ကတော့ ကိုယ်အိမ်အထိတောင် လာပြီး အားပေးတယ်။

ဒီလိုနဲ့ပဲ မိတ်ဆွေတွေများလာခဲ့တယ်ပေါ့။ မိတ်ဆွေတစ်ယောက်က ပြောပြတယ်။ ဒီရွာကအိမ်တွေမှာ လာတဲ့ ဧည့်သည်ကို ရေတွက်တာအပြင် အ၀င်ဝမှာ ဗွီဒီယိုမှတ်တမ်းလေး ရိုက်ထားရင် ကိုယ်ဆီလာတဲ့သူတွေက ဘယ်သူဘယ်ဝါမသိရပေမဲ့ လာတဲ့လူက ဘယ်ကလာတာလဲဆိုတာ မြင်ရတယ်။ လာတဲ့ နေရာစုံကို ကြည့်ရတာ ပျော်စရာကောင်းတယ်တဲ့။

နောက်ပြီး “လာတဲ့သူက မျက်နှာဖုံးလေးနဲ့ဆိုတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရပေမဲ့ သူလာရပ်ကို သိရတယ်။ သူတို့ privacyလည်း မထိဘူး” ဆိုတာနဲ့ အဲဒီ ဗွီဒီယိုလေးကို ကိုယ်အိမ်အ၀င်မှာ တပ်ထားလိုက်တယ်။ ကိုယ်အားတဲ့ အခါ အဲဒါလေးကြည့်ပြီး အလှုဓါတ်ပုံ ပြန်ကြည့်သလိုမျိုးလေး ပြန်ကြည့်လိုက် ပျော်လိုက်နဲ့ပေါ့။

တနေ့မှာတော့ မိတ်ဆွေတစ်ယောက် အလည်လာသွားပြီး အပြန်မှာ သူ့အိမ်ကို လာလည်ဖို့ပါ ဖိတ်သွားတယ်။ ၀မ်းသာအားရ လိုက်သွားတာပေါ့။ သူ့အိမ်လေးက ချစ်စရာလေးပါ။ သီချင်းလေးတွေနဲ့ ချက်ချင်းသဘောတွေကျသွားတယ်။ အိမ်နဲ့ သီချင်းလေးက လိုက်ဖက်လွန်းလို့ ဘယ်လိုငြိမ်းချမ်းမှန်း မသိဘူး။ ဒါနဲ့ပဲ ခဏခဏ ရောက်ဖြစ်သွားတယ်။ ကိုယ့်အိမ်မှာလည်း သီချင်းထည့်ဖြစ်သွားတယ်။ နောက်ပိုင်း သူ့အိမ့်ကို အလည်သွားရင်း သူ့အိမ်မှာတွေတဲ့ မိတ်ဆွေတွေအိမ်ကို အလည်ရောက်လို့ မိတ်ဆွေတွေ ပိုများလာခဲ့တယ်။

မင်သက်မိသွားတဲ့ နေ့တနေ့ကြုံခဲ့ရတယ်။ အဲဒါက တနေ့မှာ မိတ်ဆွေတစ်ယောက်ကအလည်လာရင်း သူ့အိမ်ကို အလည်ဖိတ်ခဲ့တယ်။ ၀မ်းသာအားရပါပဲ လိုက်သွားဖြစ်တယ်။ အိမ်လေးရဲ့ အဆင်အပြင်လေးက တော်တော်လေး ကောင်းတယ်။ အိမ်ထဲမှာလည်း လေ့လာစရာတွေအများကြီးပဲ။ ဒါကြောင့်ထင်ရဲ့ လုံခြုံရေးအထူးချထားပုံရတယ်။ ဗွီဒီယိုကင်မရာအပြင် အ၀င်မှာ ကိုယ့်မှတ်ပုံတင်နံပါတ်ကို ပြခဲ့ရတယ်။ လူဆိုးလူကောင်းခွဲခြားလို့ မရတဲ့ နေရာဆိုတော့ အစစကာကွယ်တာဖြစ်မှာပေါ့လေ။

ကိုယ်လိုပဲ လာလည်တဲ့ မိတ်ဆွေတစ်ယောက်က ပြောပြတယ်။ “ဒီအိမ်က မှတ်ပုံတင်နံပါတ်အထိ စစ်တာဆိုတော့ ကိုယ်က အပြစ်မလုပ်ပဲနဲ့ အစစ်ခံရသလိုချည်းပဲ။ စိတ်ကျဉ်းကျပ်တယ်။ အခုတကြိမ်ကတော့ သူဖိတ်လို့ သွားတာဖြစ်ပေမဲ့ နောက်တခါ အိမ်လည်မသွားတော့ဘူး..”လို့ စိတ်မကောင်းစွာ ပြောနေတယ်။ ကိုယ်လည်း အစပိုင်း ဘာပြောပြရမှန်း မသိပါဘူး။ အင်း..နောက်တော့ “ကိုယ်က အဲဒီအိမ်က သတင်းအချက်အလက်ကို လိုချင်နေတာအမှန်ဆိုရင် မှတ်ပုံတင်အစစ်ခံရရင်လည်း သွားရမှာပဲပေါ့”လို့ တော့ ပြောပြဖြစ်ခဲ့တယ်။

အဲဒီနေ့က သူ့အိမ်က အပြန်မှာ ကိုယ်အိမ်က ဗွီဒီယိုကင်မရာလေးကို ကြည့်ပြီး ဖြုတ်ရင်ကောင်းမလားလို့ စဉ်းစားဖြစ်သွားတယ်။ ကိုယ့်အိမ်ကိုလာပြီး ဗွီဒီယိုကင်မရာလေးကြောင့် နောက်မလာတော့ဘူးလို့ ဆုံးဖြတ်သွားတဲ့ ဧည့်သည့်များရှိနေခဲ့ရင် စိတ်မကောင်းစရာပဲ။ အကြာကြီး တွေးဖြစ်တယ်။ အကြိမ်ကြိမ်စဉ်းစားရင်း ရွာလည်သွားတယ်။ နောက်ဆုံးမှာတော့ ဗွီဒီယိုကင်မရာလေးရဲ့ ရှေ့ မှာ ဒီလိုရေးဖြစ်သွားတယ်။

“ဒါလေးတွေ့လို့ စိတ်အနှောက်အယှက်မဖြစ်နဲ့နော်။ မှတ်ပုံတင်တွေဘာတွေ စိတ်မ၀င်စားပါဘူး။လာလည်တာမြင်ရင်ပျော်လို့ပါ။

ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ဒီရွာလေးမှာ ပျော်နေပြီ။ နေခွင့်ရသ၍ နေပြီး လည်ခွင့်ရသ၍ လည်သွားမယ်။ ရသ၍ အတတ်ပညာလေးတွေကို သင်သွားမယ်။ လက်လှမ်းမှီသမျှ အပေါင်းအသင်း ဖွဲ့မယ်။ နောက်ထပ်နောက်ထပ် မိတ်ဆွေတွေကို ကိုယ်သိသမျှ မျှဝေမယ်။ ဖြူစင်စွာ (ဖြူစင်စွာ) စစ်မှန်တဲ့ဆက်ဆံရေးတွေထားလို့ သူတို့သိသမျှ မျှဝေတာကိုလည်း တလေးတစားထားဖတ်ရှုမယ်။

အမျိုးမျိုးတွေးရင်း ရင်ထဲကလည်း ပြောဖြစ်ပါတယ်။ ”မျက်နှာဖုံးပါလည်း လာသာလာခဲ့ပါ။ ကိုယ်တို့က တစ်ရွာတည်းသားတွေပဲဟာ၊ အချိန်ပေးပြီးလာတဲ့မင်းကို ကိုယ်တန်ဖိုးထားပါတယ်။ ကိုယ် မင်းကိုယုံပါတယ်”လို့......

လသာည ဖြစ်ပါသည်။

မှတ်ချက်။ ။ ဒီရွာအကြောင်းပထမဆုံး လမ်းညွှန်တဲ့ ppsကိုလည်းကောင်း၊ အထူးသဖြင့် ဒီရွာကို လည်ခွင့်၊ အိမ်ဆောက်ခွင့်ကို သဘောထားကြီးစွာ ခွင့်လွှတ်ပေးသော ကျွန်မ၏ “လူကြီး”ကို လည်းကောင်း၊ အစောပိုင်းကာလထဲက အခုထိ ရက်မပြတ် အမြဲအားပေးနေတဲ့ အိစံ၊ PPS၊ မိုးသီတာ၊ မိဆိုးလေး၊ မျက်နှာဖုံးနဲ့ ညိုချို၊ ထား၊ KKL၊ မျိုးစံ(သူတို့ကတော့ အိမ်မရှိပေမဲ့ ကိုယ့်ကို ခင်လို့ကို ကောင်းကောင်းမကောင်းကောင်း အားပေးနေခဲ့တဲ့ သူငယ်ချင်းများပါ) ၊

နောက် အိမ်ဆောက်နည်းသင်ပေးသွားသော အိမ်ရှင်များ၊ သွားလည်တိုင်း ကိုယ့်ကို အသိပညာတစ်ခုခုကို အမြဲပေးတဲ့ အိမ်ရှင်များ၊ ကိုယ့်နဲ့ထပ်တူ အပြန်အလှန် အားပေးရင်း လာလည်နေသော ကိုယ်လို အိမ်ရှင်ပေါက်စ သူငယ်ချင်းများ၊ အချိန်မရလို့ နှုတ်မဆက်ပေမဲ့ အမြဲလာအားပေးနေတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်လို့။

Tuesday, July 14, 2009

တောင်ပေါင်းများစွာ

ဒီနေ့ပေါ့။ ဒီအပတ်အတွင်း first semester က အတန်း ၃-ခု ပြီးမယ်၊ နောက်တပတ်မှာ ၂ -ခု၊ လကုန်မှာ ၅-ခု ပြီးမယ်၊ လို့ ကျောင်းပိတ်ရက်ကို တွက်ပြီး အရမ်းပျော်နေတာ။ အဲဒါ အခု ညနေမှာ ဆရာက နောက်ထပ် အင်္ဂလိပ်လို ရေးထားတဲ့ test theory စာအုပ်တစ်အုပ်ကို လာပေးပြီး “ဒါကို ဂျပန်လို ပြန်ပြီး ၈-လပိုင်းထဲမှာ အပြီးတင်ရမယ်”တဲ့။ စိတ်ပိန်တယ်။ တော်တော်ရက်စက်တဲ့ဆရာ။

အဲလောက် ဂျပန်စာ ကျွမ်းနေရင် ဘာသာပြန်ပဲ လုပ်စားတော့မှာပေါ့။ မြန်မာလိုဆိုလဲ တော်သေးတယ်။ အဲလိုဆို စာကို လုပ်ကိုမလုပ်ချင်ဘူး။ ကျောင်းပိတ်ခါနီးလို့ တိုကျိုမှာ ၂ ပတ်လောက်နားမယ်။ ပြီးရင် မိဆိုးလေးတို့ဆီ လျှောက်လည်မယ်လို့ စဉ်းစားထားတာကို။ (:-.-;)။

အင်း. မောသွားတာပဲ။ ဘယ်တတ်နိုင်မလဲလေ။ ကဗျာလေးတောင် ရှိတယ်မို့လား။ တတောင်ပေါ် တတောင်ဆင့် တောင်အမြင့် ပတ်ခြာရံ၊ တတောင်ဆုံးပြန်တော့ တလုံးကျန်ပြန်လေသမို့၊.....အဲ.. ..မရတော့ဘူး။ အီး..ဟီးး။

အခု သီချင်းလေးပဲ နားထောင်ရင်း


လာလည်တဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ကောင်းကောင်းမကောင်းကောင်း လာဖတ်ပြီး အားပေးနေတာ တကယ်ကျေးဇူးတင်ပါတယ်။
ဒီအပတ်ထဲ စာရေးဖြစ်မှာ မဟုတ်သေးဘူးရယ်။
ခင်မင်စွာဖြင့်
လသာည ဖြစ်ပါသည်။

Monday, July 13, 2009

သီချင်းလေး နှင့် မေ့ခြင်း အကြောင်း

ပျင်းနေလား?
ဒီသီချင်းလေး
နားထောင်သွားနော်။ ဒီနေ့ ဂျာမနီက သူငယ်ချင်းအောင်ပို့ပေးတာပါ။ အောင်ရေ ကျေးဇူးတင်ပါတယ်။

သီချင်းလေးနားထောင်ပြီးသွားရင် ဂျာမနီက စိတ်ပညာရှင် Hermann Ebbinghaus အကြောင်းလည်း ဗဟုသုတ ယူသွားဦးလေ။ (ဘယ်ရမလဲ တခါတည်း စာသင်လိုက်မယ်။ :P ဟုတ်တယ်လေ။ ကိုယ်ချည်းပဲ အသင်ခံနေရတာ)

Hermann Ebbinghaus က ဟိုတနေ့က တင်တဲ့ learning graphကို စတင်သုံးစွဲခဲ့သူပါ။ သူက အဲဒီဂရပ်အပြင် မေ့ခြင်းဂရပ်ကိုပါ တီထွင်ခဲ့ပါတယ်။

မေ့လျော့ခြင်း ဂရပ်ဆိုတာကတော့ အချိန်ကို လိုက်ပြီး မှတ်ဥာဏ်စွမ်းရည် လျော့ကျနှုန်းပြတဲ့ ဂရပ်ကို ဆိုလိုတာပါ။ ၆ ရက်အတွင်းမှာ ကျသွားတဲ့ မှတ်မိနှုန်းကို ပြတာပါ။ ပထမဆုံးနေ့ စမှတ်မှတ်ခြင်းမှာ မှတ်မိနှုန်းဟာ အမြင့်ဆုံးပါ။ အသစ်အသစ်တွေကို လေ့လာရင်း စမှတ်တဲ့နေ့ချင်းမှာတင် မှတ်မိနှုန်းက လျော့ကျသွားနေတာ တွေ့ရမှာပါ။


Hermann Ebbinghaus ၏ အဆိုအရ လူသားတွေဟာ တနေ့ပြီး တနေ့ ရက်တွေလတွေ ကြာလာတာနဲ့အမျှ အသစ်အသစ်သော အသိပညာတွေကို မှတ်ဖို့ ကြိုးစားကြရတဲ့အခါ နောက်ထပ် ဒီစာ(အသိပညာ)တွေကို ပြန်မနွေးခဲ့မိရင် (သိစိတ်နဲ့ review သို့မဟုတ် repitation မလုပ်ခဲ့ရင်) မေ့သွားဖို့ များပါတယ်။

(အဲ..မေ့သွားတာပါ။ brain ထဲကနေ ပျောက်သွားတာတော့ မဟုတ်ပါဘူး။ အဲဒီအကြောင်းတော့ နောက်များမှ ရေးဦးမယ်နော်။)

မေ့တဲ့နှုန်းကတော့ လူတစ်ဦးနဲ့ တစ်ဦး မတူပါဘူး။ မှတ်ရတဲ့ အကြောင်းအရာပေါ်မှာလည်း မှုတည်ပါတယ်။ မှတ်ရတဲ့ အကြောင်းအရာက အဓိပ္ပါယ်ရှိတဲ့ စကားလုံးလား? အဓိပ္ပါယ်မရှိတဲ့ စကားလုံးလားဆိုတာလဲ ကွာသေးတယ်။

အဓိပ္ပါယ်မရှိတဲ့ စကားလုံးသာဆိုရင် ကိန်းအလွတ် (၅လုံးကနေ ၉လုံးကြား)ကိုပဲ တပြိုင်တည်း မှတ်နိုင်တာလေ။ ဥပမာ ဖုန်းနံပါတ်တွေ ကို မှတ်တဲ့ အခါ သူလာချင်တဲ့ ဂဏန်းလာတာဆိုတော့ စစချင်း မှတ်ရခက်တယ်။ အဲဒီအခါ ဖုန်းနံပါတ်တွေကို ခေါ်တဲ့အခါ ၀၉၅-၀၉-၃၄၇-၆၈၂၁ စသည် ဖြတ်ဖြတ်ပြီး မှတ်ရတယ်။ ကုန်းဘောင်မင်း၁၁ဆက်( လောင်း၊ နောင်၊ ဆင်၊ စဥ့်၊ မောင်၊ဘိုး၊ ဘ၊ သာ၊ ပု၊မင်း၊သီ ) စသည်ကို မှတ်ရလွယ်အောင် ကဗျာစပ်ပြီး မှတ်တာမျိုး။

အဲလို နည်းကိုသုံးခြင်း၊ မသုံးခြင်း အပေါ်မူတည်ပြီးလည်း မှတ်ဥာဏ်ရဲ့ စွမ်းအားက အပြောင်းအလဲရှိတော့ မေ့ခြင်းကလည်း အပြောင်းအလဲ ရှိတာပေါ့။ နောက်တချက်က stress များလို့ ၊ ဒါမှမဟုတ် အိပ်ရေးပျက်လို့ စသည် ခန္ဓာကိုယ်ဇီဝဆိုင်ရာ အချက်အလက်ကြောင့်လည်း မေ့တတ်ပါတယ်။ ဒါတွေကတော့ တစ်ဦးနဲ့တစ်ဦးကတော့ ဘယ်လိုမှမတူနိုင်ဘူးလေ။

မေ့လျော့ခြင်းကို လျော့ကျစေတဲ့ နည်းလမ်းအချို့ ကတော့
၁. Mnemonic techniques လို့ ခေါ်တဲ့ အခုနကလို ကဗျာစပ်ခြင်း၊ စကားလုံးတူဖွဲခြင်း စသည်...
၂. Repetition ပါ။ ဒါကတော့ အများသိပြီးသားပဲ။ အချိန်ကာလ အတိုလေးတွေ ဖြတ်ပြီး ခဏခဏ ပြန်နွေး ကျက်မှတ်ခြင်း ။ ပထမအကြိမ်မှာ အချိန်များများယူပါ။ ပထမအကြိမ်ကျက်မှတ်ပြီးစာကို ဖြစ်နိုင်ရင် ရက်ပိုင်း အတွင်း (၃-၆ရက်အတွင်း) ဒုတိယအကြိမ် ကျက်မှတ်ပေးခြင်းအားဖြင့် မေ့လျော့ခြင်းကို ထိရောက်စွာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်..တဲ့။

(လသာညရဲ့ ပရော်ဖက်ဆာကတော့ အဲဒါကို သုတေသန အများကြီးလုပ်ပြီး မှတ်ဥာဏ်အကြောင်း ဆန့်ကျင်ဖက်သီအိုရီအသစ်တစ်ခု ထုတ်နေလေရဲ့။ :D)

ကျောင်းတွေမှာ လေ့လာချက်အရ ပုံမှန်အားဖြင့် ကျောင်းသားအများစုဟာ လေ့လာပြီး နောက်တကြိမ် repitation မလုပ်မိတဲ့အခါ ၃ ရက်မှ ၆ ရက်အတွင်း မေ့နိုင်တဲ့ပမာဏဟာ သင်ခန်းစာတွေ၏ ၁၀% ဖြစ်တာကို တွေ့ရပြီး ၎င်းနောက်ပိုင်းမှာ ၉၀% ကို မေ့သွားကြတာတွေ့ရပါတယ်လို့လည်း ဆိုပါတယ်။ ကဲ့ မမေ့အောင် ဘာလုပ်ကြမလဲ.. (မမေ့အောင် အစကတဲက မမှတ်ပဲ နေမှထင်တယ်နော၊သဘောတူလား :P)

လသာည ဖြစ်ပါသည်။

Sunday, July 12, 2009

စိတ်မညစ်နဲ့ အားလုံးကောင်းသွားမှာ

လူတစ်ယောက်နဲ့ တစ်ယောက်သည် အရည်အချင်း၊ အထုံဝါသနာ၊ မျိုးရိုးဗီဇ၊ ကြီးပြင်းရာပတ်ဝန်းကျင် စတာတွေ မတူကြဘူး။ ဒီတော့ လူနှစ်ယောက် ဘာသာရပ်တစ်ခုကို လေ့လာချိန်တူရင်တောင် တတ်မြောက်ဖို့ ကြာမြင့်ချိန်အတိုင်းအတာ မတူကြဘူး။ တိုးတက်မှုကို ဂရပ်ဆွဲကြည့်ရင် learning graphs တွေ မတူနိုင်တာကို တွေ့ရတယ်။

Learning curves

A useful phenomenon to understand as a prelude to mnemonics, is that of learning curves. These are best explained with the aid of a diagram.



အခုပုံမှာဆိုရင် ဘာသာတစ်ခုကို စလေ့လာတဲ့အချိန်မှာ curve A လိုမျိုး တတ်မြောက်မှုနှုန်း မြန်ဆန်သလောက် ပြီးခါနီးလေ တတ်မြောက်မှုနှေးလေပဲ။ curve B ကျတော့ ပထမပိုင်း သိပ်မတိုးတက်ဘူး။ လေ့လာတာ ကြာလာတာနဲ့ အမျှ တိုးတက်မှုမြန်လာတာမျိုး ဖြစ်တယ်။

ကာလအချိန်ယူ လေ့လာရတဲ့ အခါမျိုးကျတော့ curve C လိုမျိုး လှိုင်းတွေ ဖြစ်လာတယ်။ တိုးတက်မှုက နှေးလိုက်၊ တခါတရံ ရပ်တန့်လိုက် ဖြစ်နေတဲ့ ကာလက ရှိလာတယ်။ ထိုကာလကို Plateauလို့ ခေါ်တယ်။ လှိုင်းအသွင်ဖြင့် မှတ်ဥာဏ်စွမ်းရည်ဆိုပြီးရေးဖူးတယ်လေ။ ဒီလိုမျိုး ဖြစ်လို့များ စိတ်မညစ်ပါနဲ့တဲ့ ဘယ်လောက်တော်တဲ့သူပဲ ဖြစ်ဖြစ်၊ ထိုကာလကတော့ ရှိပါတယ်။


ဖြစ်ရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုး ရှိတယ်။ အချိန်ကြာလာတော့ ခန္ဓာကိုယ်ပင်ပန်းလာလို့၊ စိတ်ဝင်စားမှုလျှော့နည်းလာလို့ (ဘယ်လောက်စိတ်ဝင်စားတဲ့ အရာပဲဖြစ်ဖြစ် စိတ်မပါတဲ့ တချိန်ချိန်တော့ ရှိတာပဲ။ ဒါကြောင့် အမြဲချစ်တယ်ဆိုတိုင်း စိတ်မချလိုက်နဲ့ မယုံနဲ့လို့ ( နှစ်သက်ခြင်း နှင့် မနှစ်သက်ခြင်း)မှာ ပြောဘူးတယ်။ မှတ်မိတယ် ဟုတ် :P)၊ ဘာသာရပ်နဲ့ ကျက်မှတ်လေ့လာနည်းကသိပ်မကိုက်တော့လို့၊ ဘာသာရပ်က အလွယ်အခက်က ပုံမှန်မရှိလို့ စသည်တို့ ကြောင့် ဖြစ်နိုင်ပါတယ်။

အဲဒီကာလက မင်းလေ့လာနေသမျှ ကာလပတ်လုံး တွေ့နေရမှာပါ။ ဘာသာရပ်တစ်ခု စသင်ပြီး သိပ်မကြာခင်တွေ့ရတဲ့ ပထမဆုံး အကြိမ်က ပိုကြာတတ်တယ်။ပထမဆုံး အကြိမ်မှာ မင်းစိတ်လျှော့လိုက်တာနဲ့ ထိုဘာသာရပ်ဟာအစမှာတင် ရပ်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံး အကြိမ်မှာ မင်း စိတ်မပျက်ပဲ ကြိုးစားလိုက်ရင် မင်းရဲ့ ဂရပ်က တိုးတက်မှုဘက်ကို ဦးတည်နေမှာပါ။

အကြိမ်ပေါင်းများစွာ တက်လိုက်ကျလိုက် ရှိနေမဲ့ မင်းရဲ့ တိုးတက်မှု့ကို စိတ်ဓါတ်မကျပဲ လူတိုင်းဒီလိုပဲ ဖြစ်နေကျပဲလို့ မင်းနားလည် လက်ခံလိုက်ပါ။ ပြီးရင် အဲဒီဘာသာရပ်ကို ဇွဲနဲ့ လေ့လာလိုက်ပါ။ တနေ့မှာ မင်းပန်းတိုင်ကို ရောက်မှာပါ.။ လောကကြီးမှာ အခက်ဆုံးဘာသာရပ်မရှိပါဘူး။ အလွယ်ဆုံး ဘာသာရပ်လည်း မရှိပါဘူး။ မင်းကြိုးစားမှုအပေါ်မူတည်တာပါ...တဲ့။

ကဲ.. ဇွဲမလျှောနဲ့။ လသာညလည်း Plateauကာလကနေ လွတ်အောင် အခုကို ကြိုးစားနေရတယ်။ \\(^v^)//

လသာည ဖြစ်ပါသည်။

မှတ်ချက် မာစတာ ၀င်ခွင့်စာမေးပွဲဖြေတုန်းက အတွေ့အကြုံနှင့် ကျက်မှတ်ခဲ့သော မှတ်ဥာဏ်အကြောင်း လေ့လာချက်များကို ပြန်ရေးထားခြင်းသာ ဖြစ်ပါသည်။ စာကျက်မရလို့ စိတ်ညစ်နေချိန် ဒါလေးဖတ်လို့ အားပေးရာ ရောက်မယ်ဆိုရင် ရေးရကျိုး နပ်ပါပြီ။ အားလုံး အဆင်ပြေပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Saturday, July 11, 2009

ကော်ဖီအကြောင်း- သူတို့ပြောသော ဟာသများ

ကဖီးဓါတ်က အသိအမြင်ရှင်းစေတယ်ဆိုလို့

အမျိုးသမီးနှစ်ယောက်ဟာ စူပါမားကပ်တစ်ခုထဲမှာ ရန်ဖြစ်နေကြတယ်။ တစ်ယောက်က အနားရှိ ကော်ဖီခွက်ယူပြိး တဖက်အမျိုးသမီး၏ အင်္ကျီပေါ်ကို လောင်းချလိုက်တယ်။ လှမ်းပက်ခံရတဲ့ အမျိုးသမီးက ဘာလို့ အဲလိုလုပ်ရတာလဲလို့ ပြန်မေးတော့ ခွက်ထဲက ကော်ဖီကို ဒီအတိုင်းထားတာထက် ကော်ဖီရဲ့ ကဖီးဓါတ်နဲ့ ရှင်အခုလို အသိဝင်လာအောင် ရှင့်အပေါ်ကိုလောင်းချလိုက်တာက ပိုကောင်းမယ်ဆိုတာ ကြိုသိနေလို့။


လိုရင်းကိုပြောပါ.

အမျိုးသမီးက မီးဖိုချောင်ထဲဝင်လာပြီး ထမင်းစား စားပွဲမှာထိုင်ချလိုက်တယ်။ ပြီးတော့ ရှေ့ကို နည်းနည်း ညွှတ်၊ ခေါင်းကိုလက်နဲ့နှိပ်လိုက်ရင်း သူခင်ပွန်းကို ပြောလိုက်တယ်။ “မောင်၊ အို..ချစ်လေ. ခေါင်းတွေ တအားကိုက်တာပဲ။ ဇက်ကြောတွေကလည်း သေမလောက် ထိုးအောင့်နေတယ်။ လက်ဝဲဘက် ရင်တစ်ခုလုံးလည်း ပူလောင်နေတာပဲ။.ပြီးတော့...”

အိုကေ ကိုယ်နားလည်ပြီ။ ရော့ ခေါင်းကိုက်တာအတွက် အက်စပရင်ဆေးလေးသောက်လိုက်။ ဇက်ကြောတက်တာအတွက် အကြောပြေဆေး လူးပေးမယ်။ ဆက်ပြီးတော့ ဆက်ထိုင်နေ မင်းရင်ပူတာ ပျောက်ဖို့အတွက် ရော့ ကော်ဖီ။ ဒါက အဓိကမို့လား။


သူ့မအခေါ်အဝေါ်မတတ်လို့
ဆရာဝန်- ခင်ဗျား. မနက်တိုင်း ရေနွေးပူပူလေးသောက်ပေးဗျ။
လူနာ- တကယ်ဆို ကျွန်တော် အဲလို သောက်နေတာ နှစ် တော်တော် ကြာပါပြီဗျာ။ ခက်တာက ကျွန်တော်ဇနီးက အဲဒါကို ကော်ဖီလို့ချည်း ခေါ်နေတာဗျ။

ကိုယ့်ဆင်ခြေ နဲ့ ကိုယ်

ကျွန်တော် မနက်က elevatorထဲမှာ ကော်ဖီသောက်နေတဲ့ လူတစ်ယောက်တွေ့တယ်ဗျ။ သူက ကျွန်တော်ကို ဒီလိုပြောတယ်။ “ကော်ဖီသောက်တိုင်း ကြောက်စိတ်ဝင်တယ်။ကြည့် ကြည့် ၊ လက်တွေခြေတွေတောင် တုန်လာပြီ”

ဒါနဲ့ ကျွန်တော်စိတ်ပူသွားပြီး “ဒါဆို ခင်ဗျား ကော်ဖီဆက်မသောက်နဲ့တော့လေ”လို့ပြောမိတယ်ခင်ဗျ။

ဒီတော့ သူက “အိုး.. ဒီလိုလက်ခြေတုန်မှ ကျွန်တော်အတွက် exercise လုပ်ပြီးသား ဖြစ်တာ။ ဒါကြောင့် ဆက်သောက်နေရတာ”တဲ့။


လိုက်ပွဲ

လူငယ်တစ်ယောက်က ကော်ဖီဆိုင်က စားပွဲထိုးကို မေးတယ်။ ကော်ဖီတစ်ခွက် ဘယ်လောက်လဲဗျ။ ၃ဒေါ်လာပါ။ ဈေးကြီးလိုက်တာ။ လိုက်ပွဲက တစ်ခွက်ဘယ်လောက်လဲ။ လိုက်ပွဲက အလကားပါခင်ဗျ။ အိုကေ.. ကျွန်တော်ကို လိုက်ပွဲပဲ ပေးပါ။


ဒီလို ခွဲခြားလို့ရပါတယ်

Customer: ဟေး ဒါကော်ဖီလား လက်ဘက်ရည်လား ပြောစမ်းပါဦး

Waiter: ဘာဖြစ်လို့လဲ မကောင်းလို့လား ခင်ဗျာ

Customer: ဟေး ဂတ်စ်စော်နံနေလို့ဟေ့။ သိပြီလား။

Waiter: ဒါဆို ကော်ဖီဖြစ်လိမ့်မယ်ဆရာ လက်ဘက်ရည်ဆိုရင် အရက်ပျံနံ့ ထွက်ဖို့များတယ်။


ကွာရှင်းချင်ရင်လွယ်လွယ်လေး

ဒါများ.. မင်း မိန်းမ ကော်ဖီကောင်းကောင်းမဖျော်တတ်ဘူးမို့လား။ ဒါကြောင့်မို့လို့ ကွာရှင်းမယ်လို့ပြောလိုက်ပြီးတာပဲ။


အရေးကြီးဆုံးပါ

လူတွေက ကျွန်တော်ကို မေးတယ်။ တနေတာ အဆင်ပြေဖို့ မင်း အိပ်ယာကနိုးတာနဲ့ ပထမဆုံးအဓိကထားပြီး လုပ်တဲ့ အလုပ်က ဘာလဲတဲ့။ ကျွန်တော်လည်း ပြန်ဖြေလိုက်တယ်။ ထူးထူးခြားခြားသိပ်မဟုတ်ပါဘူးဗျာ၊ ကျွန်တော့်ချစ်ဇနီးလေးအတွက် ကော်ဖီတစ်ခွက် ဖျော်ပေးလိုက်တာပါပဲ


ဘယ်လိုလုပ်သိပါလိမ့်

လူတစ်ယောက်က စိတ်ရောဂါကုဆရာဝန်ဆီလာပြီး ဒီလို ပြောလိုက်တယ်။ “ကျွန်တော် ကော်ဖီသောက်တိုင်း ကျွန်တော် ညာဘက်မျက်လုံးက နာတယ်ဗျာ”

ဆရာဝန်က“ ကောင်းပြီ။ ခင်ဗျား ကော်ဖီသောက်တဲ့အခါတိုင်း ကော်ဖီမွှေတဲ့ ဇွန်းလေးကိုဖယ်ပြီးမှ သောက်ပါခင်ဗျာ။”


ယောကျာ်းများထက် ပိုချစ်စရာကောင်းတာက ကော်ဖီ

မနက်အိပ်ရာက နိုးတာနဲ့ ကော်ဖီခွက်လေးက ပြုံးရွှင်စွာ ကြည့်ကောင်းနေတယ်။ ယောကျာ်းကအဲလို ဖြစ်ချင်မှဖြစ်မယ်။

ကော်ဖီခွက်လေးက မင်းစိတ်ကြိုက် မင်းကိုနွေးထွေးသွားစေနိုင်တယ်။ ယောကျာ်းကတော့ အဲလို ဖြစ်ချင်မှဖြစ်မယ်။

ကော်ဖီက နောက်ထပ်အကြိမ်များစွာ သောက်ချင်အောင်လည်း ဆွဲဆောင်မှုရှိတယ်။ ယောကျာ်းက အဲလို ဖြစ်ချင်မှဖြစ်မယ်။

မနက်အစောကြီး၃ နာရီ ကော်ဖီလှမ်းမှာလည်း မင်းကို ဘယ်သူမှ အပြစ်မတင်ဘူး။ ယောကျာ်းက အဲလို ဖြစ်ချင်မှဖြစ်မယ်။

မင်းမအိပ်ချင်လို့ မနက်အစောကြီး မင်းနိုးနေလည်း ကော်ဖီက မင်းဘေးမှာ အဖော်လုပ်ပေးနိုင်တယ်။စိတ်မဆိုးဘူး။ ယောကျာ်းက အဲလို ဖြစ်ချင်မှဖြစ်မယ်။

ကော်ဖီကို မင်းစိတ်ကြိုက် လိုချင်တဲ့ အချိုကိုပြင်သောက်လို့ရတယ်။ ကော်ဖီရဲ့ ရနံ့နဲ့ အရသာက အမြဲလန်းဆန်းစေတယ်။ ယောကျာ်းက အဲလို ဖြစ်ချင်မှဖြစ်မယ်။

သူ့ကို မီးဖိုပေါ်တင်ထားခဲ့ပြီး ပြန်လာတဲ့ အချိန်မှ မင်းသောက်လည်း သူက မင်းကို စောင့်နေရတယ်လို့ အပြစ်မတင်ဘူး။ ယောကျာ်းက အဲလို ဖြစ်ချင်မှဖြစ်မယ်။

မင်းဘယ်လောက် အရုပ်ဆိုးဆိုး ကော်ဖီက မင်းကို ပြစ်မသွားဘူး။ ယောကျာ်းက အဲလို ဖြစ်ချင်မှဖြစ်မယ်။

ခွက်သေးကြိုက်လား။ ခွက်ကြီးကြိုက်လား မင်းစိတ်ကြိုက် ရွေးခွင့်ရှိတယ်။ယောကျာ်းက အဲလို ဖြစ်ချင်မှဖြစ်မယ်။


ကော်ဖီတစ်ခွက်နဲ့ မင်းဟာ အမြင်ကျယ်ကျယ်ဆွေးနွေးခွင့် ရမယ်။ ယောကျာ်းကတော့ အဲလို ဖြစ်ချင်မှဖြစ်မယ်။ မင်းမသိဘူး ငါပဲပြောမယ်လို့ ပြောလိမ့်မယ်။

မင်းလိုအပ်ချိန် ကော်ဖီ တစ်ခွက်ကို စောင့်ရလှ ၁၅ မိနစ်ပေါ့။ ယောကျာ်းကတော့ အဲလို ဖြစ်ချင်မှဖြစ်မယ်။အချိန်ဆွဲပြီး အလုပ်များပြနေလိမ့်မယ်။

ဒါကြောင့် စိတ်ကူးမလွဲနဲ့။ ကော်ဖီလေးကိုပဲ ရွေးကြစို့။

---------------------------------------------------------------------

အင်တာနက်မှ ဟာသများ ပါ။

လသာည ဖြစ်ပါသည်။

Thursday, July 9, 2009

သူ၏ အကြံဥာဏ်







သုညဆိုတာ တန်ဖိုးမရှိဘူးဆို။ မင်းလစာနဲ့ ငါ့လစာ သုညနှစ်လုံးပဲ ကွာတာလေကွာ။










ရောဂါပျောက်အောင် ပထမဆုံး ကော်ဖီသောက်တာကို ရပ်လိုက်။ ပြီးရင် ပြန်သောက်ပါ။ ကွန်ပျူတာလို ပြန်ပြီး restart (reboot) လုပ်ကြည့်တာပေါ့။ အားလုံးကောင်းသွားမှာပါ။
ပျော်ရွှင်ချမ်းမြေ့ပါစေ။ ဟဲဟဲ

လသာည ဖြစ်ပါသည်။

download and install the knowledge

အခုနှစ်ထဲမှာ စာအုပ်တွေ အများကြီး ၀ယ်ဖြစ်တယ်။ ကိုယ်တကယ်ကြိုက်လို့ ၀ယ်တာရှိသလို၊ ပရော်ဖက်ဆာက ၀ယ်ပါလို့ ညွှန်းလို့ ၀ယ်ဖြစ်တာလည်း ရှိတယ်။ ဘယ်သူမှ မညွှန်းသော်လည်း တချိန်ချိန် မြန်မာပြည်ပြန်ရောက်ရင် အသုံးဝင်မယ်ထင်လို့ ကြိုဝယ်ဖြစ်တာလည်း ရှိတယ်။ တဖြည်းဖြည်း အခန်းက စာအုပ်စင်မှာ စာအုပ်တွေများလာတယ်။

စာအုပ်များတယ်ပြောလို့ အထင်မကြီးသွားလိုက်နဲ့ဦးနော်။ ၀ယ်တဲ့ စာအုပ်တိုင်းကို သေချာမဖတ်ဖြစ်ပါဘူး။ စာအုပ်တိုင်းကို ညက်ညက်ကြေအောင် သေသေချာချာ ဖတ်ချင်တယ်။ ဒါပေမဲ့ အဲလောက်အချိန်မရသလို၊ ဖတ်ထားတာလေးကလည်း မေ့မေ့သွားတယ်။ ဖတ်တဲ့ စာကတခေါက်နဲ့ စွဲနေအောင် သိမသွားတဲ့ အခါကျတော့ ဖတ်ပြီးသားကိုပဲ သိချင်ရင် နောက်တခေါက်ပြန်ဖတ်နေရတယ်။ ကိုယ်မှတ်ဥာဏ်ကို အားကိုမရပါဘူး။ IQက ၁၀၀ တောင် ပြည့်မှပြည့်သေးရဲ့လားမသိဘူးနော်။ (:--;)

ဒါနဲ့ ဒီနေ့တွေးဖြစ်တယ်။ ၀ယ်ထားတဲ့ စာအုပ်တွေကို မှတ်ဥာဏ်ထဲကို downloadလုပ်လို့ရရင် ကောင်းမယ်လို့။ ပြီးရင်သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် installလုပ်ပစ်မယ်။ ကျောင်းစာကဏ္ဍ၊ ဘာသာစကားကဏ္ဍ၊ ဗဟုသုတဏ္ဍ စသည်ဖြင့်.. ။ ဒါဆို နေ့တိုင်း စာကျက်ရတဲ့ ဒုက္ခက လွတ်သွားမှာ သေချာတယ်။ နော မကောင်းဘူးလား? (\(^^)/)

ဦးနှောက်ကြီး ပျက်စီးမသွားသေးသရွှေ့ ဒီစာတွေ မမေ့တော့ဘူးပေါ့။ မမေ့ရုံမကဘူး။ အဲဒီစာတွေက တဆင့် တီထွင်ပြီး တခြားအကြောင်းအရာ အသစ်တွေတောင် ရှာဖွေတွေ့ချင်တွေ့နေဦးမှာ။:P

အဲလိုဖြစ်ချင်တာလို့ ပြောပြတာပါ။ ဒါပေမဲ့ ..

Victor Weiskopf ဆိုတဲ့လူက သူရဲ့ Privilege of being a Physicist ဆိုတဲ့ စာထဲမှာ ပြောတယ်။ လူတွေရဲ့ ဦးနှောက်ထဲကို အသိဥာဏ်တွေ ထိုးထည့်ပေးရုံနဲ့ လူတွေက အလိုလို တတ်မြောက်မသွားဘူးတဲ့။ သူပြောချင်တာက ရလာတဲ့ အသိပညာဟာ မှတ်ဥာဏ်ထဲမှာ ရောက်ချင်ရောက်သွားမယ်။ ဒီလို သတင်းအချက်အလက်တွေ ထိုးထည့်ပေးရုံနဲ့ ဆင်ခြင်ဥာဏ်ရမသွားဘူးလို့ Victor Weiskopf ပြောချင်တာနေမယ်နော်။

သူ့စကားကို စဉ်းစားကြည့်တယ်။ ဒီလိုထင်ပါရဲ့ ။ ဥပမာ လူတစ်ယောက်ကို သတင်းအချက်အလက်တွေ အတင်းထည့်ပေးတယ်ဆိုပါစို့။ ဒါပေမဲ့ သူ့ဦးနှောက်က လက်မခံချင်ဘူးဆိုရင် ဘယ်လောက်ထည့်ထည့် ဘယ်လိုinstallလုပ်လုပ် လက်မခံဘူး။ ဦးနှောက်ကမေ့ခြင်းဆိုတဲ့ တုန့်ပြန်မှုကို ပဲ ပေးလိမ့်မယ်။ သူကိုယ်တိုင်က လိုချင်မှသာ သင်ယူမှုတစ်ခု အထမြောက်တယ်။ ဒါပဲ သူပြောချင်တာ။

အင်း.. ကိုယ်သိသလောက်တော့ လူ့မှတ်ဥာဏ်ရဲ့ အားသာချက်က အကြောင်းအရာ ဘယ်လောက်ထည့်ထည့် ထည့်လို့ရတယ်။ ကွန်ပျူတာလို့ သတ်မှတ်ချက်တော့ မရှိပါဘူးဆိုတာပါ။ ဒါပေမဲ့ သင်ယူသူက လိုချင်တယ် စိတ်ဝင်စားတယ်ဆိုတာတောင် လူသားရဲ့ မှတ်ဥာဏ်က နည်းနည်းချင်းပဲ လက်ခံနိုင်တာချည်းကို။ ပြီးတော့လည်း တချို့ အကြောင်းအရာတွေကို မကြာခဏ ပြန်မနွေးပေးရင် သူက unconscious mind ထဲက မေ့ခြင်းဆိုတဲ့ fileထဲကို သွင်းပစ်မှာ သေချာပါတယ်။ (kim peekလို လူမျိုးကတော့ ချွင်းချက်ပေါ့လေ။)

လသာညက စာကို စိတ်ဝင်စားစွာတော့ ဖတ်မယ်။ ဒါပေမဲ့ စာတခါဖတ်တိုင်း မှတ်ဥာဏ်က အများကြီး မှတ်မိနေချင်တယ်။ (မှတ်ဥာဏ်က တကြိမ်ကို 1GBလောက် လက်ခံနိုင်ရင် သိပ်ကောင်းမှာပဲလို့ ဟားဟား)။ ပြီးရင် ဖတ်ပြီးသားစာအသိတွေကို ဘယ်တော့မှ (ဖြစ်နိုင်ရင် ကိုယ်မသေမချင်း) မမေ့စေချင်ဘူး။ ဒါပေမဲ့ ကိုယ်က deleteလုပ်ချင်တဲ့ အကြောင်းအရာတွေ (ဥပမာ ဆရာက ကိုယ်စာမရလို့ ရိုက်ခဲ့ ဆူခဲ့တာမျိုး၊ကိုယ်ချစ်တဲ့ အစ်မက ယောကျာ်းရလို့ ကိုယ့်ကို ပစ်သွားလို့ ငိုခဲ့ရတာမျိုး)ကျတော့ ရက်တွေလတွေ မဆိုင်းပဲ ချက်ချင်း deleteလုပ်ပစ်လိုက်ချင်တယ်။

အဲဒီလို မှတ်ဥာဏ်ထဲကို စာတွေ download လုပ် installလုပ်လို့ ရမယ့် software လေးများရှိတယ်လို့ သတင်းကြားခဲ့ရင် အမြန်ပြောကြပါဗျို့။ မြန်မြန် download လုပ်ပစ်လိုက်မယ်။..ဟင်း...






တနေ့တာ အမောများ ပြေပျောက်ပါစေ။
လသာည ဖြစ်ပါသည်။
ကိုယ်ကိုယ်လေ့လာနေဆဲ မှတ်ဥာဏ်အကြောင်း ဗဟုသုတတွေကို တော့ နောင်ကြုံရင် ပြောပြချင်ပါသေးတယ်။

Tuesday, July 7, 2009

မျိုးရိုးကြောင့်လား။ ပတ်ဝန်းကျင်ကြောင့်လား

လူတစ်ယောက်ယောက်ကို ဝေဖန်တဲ့ အခါ ကျွန်မတို့ပြောလေ့ ရှိကြပါတယ်။ “သူတို့မျိုးရိုးက အနုပညာမျိုးရိုးတွေကွ”။ “သူက သူ့အဖေလိုပဲ မှတ်ဥာဏ်တအားကောင်းတာ။” “ ဘာမှ မသိဘူး။ တုန်းလိုက်တာလွန်ရော။ နင့်အမေလိုပဲ။” “သူကခိုးမှာပေါ့။ သူ့အဖေက ဒမြဗိုလ်လေ” စသည်ဖြင့် မျိုးရိုးကို ကြည့်လို့ ဆုံးဖြတ်ကြတယ်။

ဒါပေမဲ့ လည်း တခါတလေ “တစ်မိပေါက်တစ်ယောက်ထွန်း”ဆိုသလို ကုန်သည်မျိုးရိုးထဲကနေ အနုပညာရှင် ထွက်လာတာမျိုး ရှိတတ်တယ်မဟုတ်လား။

တချို့ကြတော့လည်း တစ်စုံတစ်ယောက်ကို ကြည့်တဲ့အခါ သူ့ပတ်ဝန်းကျင်မှတဆင့် အကဲဖြတ်ကြတယ်။ “သူကတော်မှာပေါ့ဟာ။ သူ့အဖေက ချမ်းသာတော့ ကျောင်းကောင်းကောင်းနေရတာကိုး။”
“သူက မြန်မာလူမျိုးပေမဲ့ အင်္ဂလိပ်စာကျွမ်းမှာပေါ့။ အမေရိကားမှာ ကြီးပြင်းတာကိုး။”
“ပတ်ဝန်းကျင်ကောင်းမှ အကျင့်ကောင်းတာဟ”
စသည်ဖြင့်လည်း ပြောလေ့ရှိကြတယ်။

ဒါပေမဲ့ မိဘက ချမ်းသာလို့ ကျူရှင်တွေ ဘယ်လောက်ထားထား။ မှတ်ဥာဏ်မကောင်းလေတော့ စာမေးပွဲတဖုန်းဖုန်းကျနေတဲ့ သူတွေလည်း ရှိတာပဲလေ။ ဂျပန်မှာ အကြာကြီးနေပြီး ဂျပန်စကားမတတ်တဲ့ သူတွေလည်း ရှိနေသေးပြန်ရော။ ဒါက အခြေအနေ၊ နေ့စဉ်လိုအပ်ချက်အတိုင်းအတာ၊ အသက်အရွယ်၊ ဗီဇ၀ါသနာ စတာတွေလည်း ပါနိုင်တာမိုလို့ ပတ်ဝန်းကျင်တစ်ခုတည်းပေါ် မူတည်သတ်မှတ်လို့ မရနိုင်ဘူးထင်တယ်လို့ ဆိုလိုတာပါ.

ဒါဆို လူတစ်ယောက်ရဲ့ အသိဥာဏ်စွမ်းရည်ဟာ အဓိကအားဖြင့် မျိုးရိုးပေါ်မူတည်တာလား၊ ပတ်ဝန်းကျင်ပေါ်မူတည်တာလားလို့ မေးလာရင် ဘယ်လိုဖြေကြမလဲ။
ဒီအချက်နဲ့ ပတ်သက်လို့ စိတ်ပညာရှင်တွေဟာ ရာစုနှစ်ပေါင်းများစွာ ငြင်းခုံလာခဲ့ကြပါတယ်။ အခုထိလည်း ငြင်းကြတုန်းပဲ ရှိပါသေးတယ်။ စိတ်ဝင်စားစရာကောင်းတာမို့ ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။

ပထမဆုံး တင်ပြချင်တာက လူတစ်ယောက်ဟာ မျိုးရိုးကိုလိုက်ပြီး ပြောင်းလဲတယ်ဆိုတဲ့ အမြင်သမားတွေရဲ့ အတွေးအခေါ်လေးပါ။

Evolution theoryကို တင်ပြခဲ့တဲ့ Darwin၏ နောက်လိုက်တပည့် Galtonက လူသားတွေရဲ့ စွမ်းရည်ဆိုတာ မျိုးရိုးကို လိုက်တယ်လို့ သုတေသနတစ်ခုမှတဆင့် ငြင်းဆိုသွားပါတယ်။

သူ့၏ သုတေသနကတော့ ထူးချွန်ထက်မြက်သူမိသားစု ၃၀၀၏ သားသမီးတွေဟာ ဘယ်လိုလူ၊ ဘယ်လိုအလုပ်အကိုင် တွေမှာ ထူးချွန်သလဲဆိုတာကို လေ့လာခြင်း ဖြစ်ပါတယ်။ မိသားစု ၃၀၀မှ သားသမီး/မြေးမြစ် ၉၇၇ ယောက်ဟာ ထူးချွန်သူတွေပဲ ဖြစ်လာကြောင်းလေ့လာတွေရှိရပါတယ်တဲ့။ ဒါကြောင့် ဥာဏ်ရည်နှင့် ပတ်သက်ရင် ပိုပြီး မျိုးရိုးလိုက်တယ်လို့ ဆိုပါတယ်။ ဥာဏ်ရည်ဆိုတာ မိဘ၊ ဘိုးဘွား အစဉ်အဆက် မျိုးရိုးတူတယ်တဲ့။ နောက် မျိုးရိုးလိုက်တာက အနုပညာလို့ ဆိုပါတယ်။

အဲဒီအချိန်ကတဲက မှတ်ဥာဏ်ရဲ့ အခန်းကဏ္ဍဟာ အရေးပါနေခဲ့ကြပြီဖြစ်ပါတယ်။ လူသားအသက်ရှင်ရပ်တည်ဖို့အတွက် မှတ်ဥာဏ်က အလွန်အမင်းအရေးပါတယ်လို့ သတ်မှတ်ပြီး လူတစ်ယောက်စွမ်းရည်ကို ဝေဖန်ရင် မှတ်ဥာဏ်ကောင်းလား၊မကောင်းဘူးလား။ လုပ်တာကိုင်တာ အောင်မြင်ရင် မှတ်ဥာဏ်ကောင်းလို့ စသည်ဖြင့် ပြောဆိုနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ (အဲဒီတုန်းက အိုင်ကျူ testတွေ မရှိသေးပါဘူး။ နောက်ပိုင်းမှာတော့ Binet နှင့် Terman တို့မှ IQ ဥာဏ်ရည်စစ်ဆေးလွှာတွေကို တည်ဆောက်ခဲ့ ကြပါတယ်။)

နောက်ထပ် မျိုးရိုးဗီဇဖက်က ငြင်းဆိုသွားသူတစ်ယောက်ကတော့ အမေရိကန်စိတ်ပညာရှင် Goddardပါ။ သူရဲ့ သုတေသနကတော့ ပညာရှင်ကြီးတစ်ယောက်ကို အခြေခံထားပါတယ်။ စစ်အတွင်းတုန်းက ပညာရှင်ကြီဟာ တပြည်တကျေးမှာ ဥာဏ်ရည်သိပ်မရှိတဲ့ (ပြောရရင် သိပ်ကျပ်မပြည့်ချင်ဘူးဆိုပါတော့) ကျေးတောသူနဲ့ အိမ်ထောင်ကျပါတယ်တဲ့။ ကလေးတွေ ရခဲ့တယ်။

စစ်ကြီးပြီးတော့ သူနယ်မြေကို ပြန်လာပြီး ဥာဏ်ရည်မြင့်တဲ့ ပညာတတ်အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ထပ်ကျတယ်။ ကလေးတွေထပ်ရတယ်။ Goddardက ထိုပညာရှင်ကြီးနှင့် ရတဲ့ နှစ်ယောက်သောမိန်းမက မွေးလာတဲ့ ကလေးတွေကို နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။

Goddardထင်တဲ့ အတိုင်းပါပဲ ဥာဏ်ရည်နိမ့်အမျိုးသမီးနှင့် မွေးသောကလေး၊မြေးများ၏ ၉၀ရာခိုင်နှုန်းကျော်ဟာ ဥာဏ်ရည်နိမ့်ပြီး။ ဥာဏ်ရည်မြင့်အမျိုးသမီးနှင့် မွေးသောကလေး၊မြေးများ၏ ရာခိုင်နှုန်းအများစုဟာ ဥာဏ်ရည်မြင့်ကြပါတယ်။

နောက်တစ်ယောက်ကတော့ အင်္ဂလန်က စိတ်ပညာရှင် Burtဖြစ်ပါတယ်။ သူကလည်း မှတ်ဥာဏ်ဆိုတာ မိဘမျိုးရိုးလိုက်တယ်လို့ ဆိုပါတယ်။( ရှည်မှာစိုးလို့ သုတေသနကိုတော့ ချန်ထားခဲ့ပါမယ်)။

၁၉၅၀ မတိုင်မီကာလအထိ ဘာပဲဖြစ်ဖြစ် မျိုးရိုးကြောင့်လို့ လူသားအသိုင်းအ၀ိုင်းက လက်ခံလာခဲ့ကြပါတယ်။ ၁၉၅၀ နောက်ပိုင်းမှာတော့ လူစွမ်းရည်ဟာ မျိုးရိုးမဟုတ်ဘူး။ ပတ်ဝန်းကျင်ကြောင့်ပါလို့ အဆိုတင်သွင်းလာသူနှစ်ဦး ရှိလာခဲ့ပါတယ်။ Skeel နှင့် Dyeတို့ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်လေ့လာခဲ့တဲ့ သုတေသနတစ်ခုက စိတ်ပညာလောကတစ်ခုလုံးကို ဂယက်ရိုက်သွားခဲ့ပါတယ်။

၁၉၃၉ ခုနှစ်လောက်က ဖြစ်ပါတယ်။ IQ ၄၆ ရှိတဲ့ ၁၃လသား ကလေးငယ်တစ်ဦးနှင့် IQ ၃၅ ရှိတဲ့ ၁၆လသား ကလေး တစ်ဦးကို မိဘမဲ့ကလေးဂေဟာကနေပြီး ကလေးသူငယ်ပြုစုပျိုးထောင်ရေးဌာနကို ပို့ပေးခဲ့ပါတယ်။ (မှတ်ချက်။ IQ ပျမ်းမျှ ကတော့ ၁၀၀ပါ။ ၁၃၀ထက်ကျော်သူဟာ IQ မြင့်သူဖြစ်ပြီး ၇၀ ထက်နည်းသူကိုတော့ IQနိမ့်တယ်လို့ ယေဘူယျ သတ်မှတ်ကြပါတယ်)

ထိုဌာနမှ ၀န်ထမ်းအမျိုးသမီးတွေဟာ ဒီကလေးငယ်နှစ်ဦးအပေါ် အရမ်းသံဃောဇဉ်တွယ်သွားခဲ့တာမို့ ကလေးငယ်တွေကို တချိန်လုံးဂရုစိုက်ကြတယ်။ ကစားစရာတွေ၊ ပုံပြင်စာအုပ်တွေ ၀ယ်ပေးတယ်။ အတူတူ ကစားကြခဲ့တယ်။

ဒီလိုနဲ့ ထိုဌာနကို ရောက်ပြီး ၆လအကြာမှာ ကလေးတွေရဲ့IQ ကို ထပ်မံစစ်ဆေးကြည့်တော့ IQ ၄၆ရှိတဲ့ ကလေးက ၇၇။ IQ ၃၅ရှိတဲ့ ကလေးက ၈၇ အထိ တက်လာတာကို အံသြဖွယ်ရာတွေ့ရှိရပါတယ်။

ထိုရလာဒ်မှတဆင့် နောက်ထပ် သုတေသနတစ်ခုကို ထပ်လုပ်ခဲ့ပါတယ်။ ပထမဆုံး IQ နိမ့်တဲ့ကလေးတွေနဲ့ IQမြင့်တဲ့ ကလေးတွေကို အုပ်စုနှစ်ခုခွဲပါတယ်။ IQမြင့်တဲ့ ကလေးတွေကို လက်ရှိဌာနမှာပဲ ထားရစ်ခဲ့ပြီး IQ နိမ့်တဲ့ ကလေး၁၃ယောက်ကို မိဘမဲ့ကလေးဂေဟာကနေပြီးခေါ်ယူခဲ့ပြီး နောက်ကလေးသူငယ်ပြုစုပျိုးထောင်ရေးဌာနကိုပို့ခဲ့ပါတယ်။

ပို့ပြီး ၆လအကြာ၊၃၀လ အကြာမှာ ယခင်အတိုင်း IQကို နောက်တကြိမ်စစ်ဆေးခဲ့ပါတယ်။ ကလေးသူငယ် ပြုစုပျိုးထောင်ရေးဌာနရောက်သွားတဲ့ ကလေးတွေဟာ ပထမကလေးငယ်နှစ်ဦးအတိုင်း IQ မြင့်သွားကြတာကို တွေ့ရပြီး IQမြင့်လို့ မိဘမဲ့ဂေဟာမှာ ထားရစ်ခဲ့တဲ့ကလေးတွေ (အားလုံး)ဟာ ပုံမှန်ထက်နိမ့်ကျသွားတာကို တွေ့ရပါတယ်တဲ့။ ထိုမိဘမဲ့ဂေဟာအနေနဲ့ ကလေးတွေကို အဖော်လုပ်ပေးနိုင်လောက်အောင် ၀န်ထမ်းတွေမများသလို အားလည်း မအားကြပါဘူး။ ကလေးများကတော့ မှောင်နေတဲ့၊ ပြီးတော့ ဘာမှလည်း မရှိတဲ့ အခန်းလေးထဲမှာ အချိန်ကုန်ရင်း ကြီးပြင်းရတာပါ။ ဒါဟာ ကလေးတွေရဲ့ ဥာဏ်ရည်ကို နိမ့်ကျသွားစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ပါတော့တယ်။

ထိုသုတေသနရလာဒ်မှတဆင့် ကောက်ချက်ဆွဲခဲ့တာကတော့ ငယ်ရွယ်နုနယ်စဉ်အချိန်မှာ ပတ်ဝန်းကျင်ကောင်းမှာ ကြီးပြင်းခွင့်ရရှိခဲ့ရင် သူတို့ရဲ့ အသိဥာဏ်စွမ်းရည်ကို ပြုပြင်လို့ ရပါတယ်လို့ ဆိုပါတယ်။ ၁၉၆၀နောက်ပိုင်း ဥာဏ်စွမ်းရည်အတွက် ပတ်ဝန်းကျင်ဟာ အရေးပါတယ်ဆိုတဲ့ အယူအဆဟာ တဖြေးဖြေး ကြီးထွားလာခဲ့ပြီး။ ထိုခေတ်က ရုပ်ရှင်ဇာတ်လမ်းတွေမှာလည်း ထိုအကြောင်း စိတ်ကူးဇာတ်လမ်းတွေ အမျိုးမျိုး ထွက်လာတဲ့အထိဂယက်ရိုက်ခတ်ခဲ့ပါတယ်။

၎င်းနောက်ပိုင်း ပတ်ဝန်းကျင်ရော မျိုးရိုးဗီဇကော အရေးကြီးကြောင်း၊ ထိုနောက်မှာတော့ ပတ်ဝန်းကျင်ရဲ့ အရေးပါမှုဟာ လူကြီးဘ၀ထက် ကလေးအရွယ်မှာ ပိုသက်ရောက်ကြောင်း စွမ်းရည်ကိုလိုက်လို့ လိုအပ်တဲ့ အသက်အပိုင်းအခြား ကွာခြားကြောင်းစသည်တို့ကို သုတေသနများစွာမှတဆင့် လေ့လာသိရှိနိုင်လာပြီ ဖြစ်ပါတယ်။


Reference
Burt, C.1966 The genetic determination of differences in intelligence: A study of monozygotic twins reared together and apart. Brith Journal of Psychology, 57,137-153
市川伸一 1995 学習と教育の心理学株式会社
Skeels, H.M. 1966 Adult status of children with contrasting early life exeriences: A follow-up study. Monographs of the society for Research in child Devellopment,31 (serial No.105)


မှတ်ချက်။ ။ ထုံးစံအတိုင်း ဒီပို့စ်လေး ရေးအပြီးမှာ ဒီလိုခေါင်းစဉ်နဲ့ ဘယ်သူများ ရေးထားတာရှိသလဲလို့ google မှာ မြန်မာလို ရိုက်ရှာခဲ့ပါတယ်။ (တူနေရင် copyပုံစံမျိုးအထင်လွဲခံရမှာ စိုးတာရယ်၊ အကြောင်းအရာတူပြီး ကိုယ့်ထက်ပိုကောင်းနေရင် ကိုယ်ကအပင်ပန်းခံရေးထားပေမဲ့ ပို့စ်မတင်ပဲ ထားလိုက်တာမျိုး လုပ်ချင်လို့ပါ။ တခြားအကြောင်းမရှိပါဘူး။ အခုထိတခါမှတော့ တူတာမတွေ့ဖူးပါဘူး)

ဒီနေရာလေးမှာ တွေ့တာက IQ နှင့် EQ အကြောင်း အသေးစိတ်ရေးသားထားတာတွေ့ရပါတယ်။ ရေးပုံခြင်း အကြောင်းအရာချင်း မတူပေမဲ့ သူရေးထားတာလည်း တော်တော်ကောင်းတာမို့လို့ တကယ်လို့ IQ အကြောင်း စိတ်ဝင်စားသူရှိရင် သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်လို့ ညွှန်ပြပါရစေ။

တနေ့တာ အမောများပြေပျောက်နိုင်ပါစေ။
လသာည ဖြစ်ပါသည်။

ဂျပန်မှာ သာတဲ့လ


























မနေ့က လပြည့်နေ့မှာ မိဆိုးလေးတစ်ယောက် ကြိုးစားပမ်းစား ဂျပန်နိုင်ငံရဲ့ လပြည့်ညကို ရှုခင်းနှစ်မျိုးနဲ့ ရိုက်ပို့ပေးတဲ့ ဓါတ်ပုံလေးတွေပါ။ လရောင်ပျပျလေးထဲမှာ အဝေးကြီးထိသွားပြီး ရိုက်ပေးနေတာကို တွေးမိလို့ ကြည်နှုးသလို စိတ်မကောင်းလည်း ဖြစ်သွားတယ်။
မိဆိုးလေးရေ .. ကျေးဇူးနော်။ ဒီဘလော့မှာ အမှတ်တရ မှတ်တမ်းတင်လိုက်ပါတယ်။

Monday, July 6, 2009

hedgehog's dilemma



စိတ်ပညာရှင် Sigmund Freudကလူသားအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုနှင့် ပတ်သက်ပြီး ဖြူကောင်လေး(Hedgehog)တွေနဲ့ အခုလို နမူနာပေးခဲ့ပါတယ်။

ဖြူကောင်လေးတွေဟာ ချမ်းအေးတဲ့ ဆောင်းရာသီမှာ အနွေးဓါတ်ရဖို့ အတွက် တစ်ကောင်နှင့်တစ်ကောင်နီးနီးကပ်ကပ် နေဖို့ ကြိုးစားကြတယ်။

ဒါပေမဲ့ သူတို့မှာ အဆိပ်ရှိတဲ့ ဆူးတောင်လေးတွေ အပြည့်ရှိနေတယ်။ ဒီတော့ တစ်ကောင်နဲ့တစ်ကောင် နီးနီးကပ်ကပ်နေရင် ဆူးတောင်တွေကြောင့် ဒါဏ်ရာရနိုင်တယ်ပေါ့။ ဒါပေမဲ့ ဖြူကောင်လေးတွေ ဒါဏ်ရာမရကြဘူး။

သူတို့ ခိုက်ရန်ဖြစ်တဲ့ အချိန်ကလွဲရင် သူတို့ရဲ့ ဆူးတွေကို ထိန်းသိမ်းရင်း တစ်ကောင်နဲ့တစ်ကောင် ဒါဏ်ရာမရအောင်နေတတ်ကြတယ်။

ဒီလိုဖြစ်အောင် ဖြူကောင်လေးတွေ ဘာလုပ်လဲ သိလား။ သူတို့ရဲ့ ဆူးလေးတွေက သူများနဲ့ထိနိုင်တဲ့ အနေအထားရှိရင် အဲဒီဆူးလေးတွေကို သူ့တိုခန္ဒာကိုယ်နဲ့ တသားတည်းဖြစ်အောင် ၀ပ်ချလိုက်တယ်တဲ့။ ချစ်ဖို့ကောင်းလိုက်တာနော်။ ပြီးရင်တော့ တစ်ဦးရင်ခွင်ကို တစ်ဦးခိုလှုံကြရင်း ရာသီဥတုရဲ့ အအေးဒါဏ်ကို အတူတူကြံကြံခံဖို့ ကြိုးစားကြတယ်တဲ့။

ဒီမှာ သူတို့အေးချမ်းစွာ အိပ်နေတာလေးကို တွေ့နိုင်ပါတယ်။


လူတွေလည်းပဲ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံကြရာမှာ မိမိရဲ့ မိတ်ဆွေတွေကို အနာတရ ဖြစ်သွားတာမျိုးမဖြစ်ရလေအောင် မိမိရဲ့ ဆူးတွေဖြစ်တဲ့ ပညာမာန၊ ဂုဏ်မာန စတာတွေက အတတ်နိုင်ဆုံး ထိန်းသိမ်းဖို့လိုအပ်တယ်မဟုတ်လား။

တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာမှုတွေ၊ စာနာနားလည်မှုတွေပေးလို့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အပြန်အလှန်အမှီပြုသင့်တယ်လို့ ဆိုပါတယ်။

Sigmund Freud ပြောတဲ့ Hedgehog's dilemmaပါ။

လသာည ဖြစ်ပါသည်။

Sunday, July 5, 2009

လသာညရဲ့ လသာည
















တို့ပြောတဲ့ လသာည ဆိုတာ လပြည့်ဖြစ်ချင်မှ ဖြစ်မှာပါ။ လဆန်းရက်ပဲဖြစ်ဖြစ်၊ လပြည့်ကျော်ရက်ပဲ ဖြစ်ဖြစ် တိမ်ကင်းစင်နေသ၍ သူရှိသမျှ မှိန်ပြပြအလင်းရောင်လေးကို ပေးနေနိုင်တဲ့ လမင်းသာတဲ့ညကို ဆိုလိုတာပါ။

လမင်းဘ၀က သူကိုယ်တိုင် အလင်းမပေးနိုင်ပါဘူး။ ဒါပေမဲ့သူရလာတဲ့ တဆင့်ခံ အလင်းကိုပဲ သူအားရှိသ၍ မျှဝေနေတဲ့သူလို့ ယူဆတယ်။ ဒီလိုမျှဝေနေရင်းတောင်မှ သူဘ၀မှာလည်း သဘာဝတရားကြီးရဲ့ အလိုကျ ဖြစ်တည်နေရတယ်။ လသာလိုက် လမိုက်လိုက် လကျက်လိုက် လိုက်နဲ့။ အဲဒါလမင်းရဲ့ လောကဓံတွေပေါ့။

တို့ကတော့ အဲဒီလမင်းလေးကို စောင့်ကြည့်ပြီး ဒီလိုပြောချင်တယ်။ လမပြည့်ချင်နေပါစေ။ လလေးသာနေရင် လရဲ့အေးမြမှုလေး ခံစားရလို့ အရမ်းကြည်နှုးမိလို့ပါ..။ ဟိုးအဝေးကြီးက လမင်းလေးကို ကြည့်မိတိုင်း ကြည်နှုးမှုအပြင် အလွမ်းဓါတ်ကိုပါ ခံစားရလို့ပါ..လို့ပေါ့။

တကယ်ပါ။ လသာညတိုင်းကို ချစ်တယ်။ ပြည့်ပြည့်ဝန်းဝန်းမရတောင် တစိတ်တပိုင်းပဲ ဖြစ်ဖြစ် သူအလင်းရောင်လေးကို တမ်းတတယ်။

ငယ်ငယ်ကဆို လသာသာမှာ သူငယ်ချင်းတွေနဲ့ ဆော့ကစားရတဲ့ အပျော်တွေကို ဘာနဲ့မှ မလဲနဲ့အောင်ပဲ။ သိပ်ပျော်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့ရဲ့အေးချမ်းမှုကို ခံစားဖို့ ကိုယ်မှာ အချိန်မရှိတော့ဘူး။ မြိုကြီးပြကြီးက လျှပ်စစ်မီးတွေထိန်နေတဲ့အချိန်မှာ၊ ပြတင်းပေါက်မှာ တိုက်မြင့်မြင့်ကြီးတွေ ကွယ်ထားတဲ့ အခန်းလေးကနေ အချိန်မရအောင် အလုပ်များနေတဲ့ ဒီလို ဘ၀ထဲကနေ လသာညကို ငေးခွင့် မရှိသလောက်ဖြစ်သွားပြီ။

ဖြစ်နိုင်ရင်တော့ လသာတဲ့ညလေးတွေမှာ ကော်ဖီသောက်ရင်း လမင်းလေးကို ငေးကြည့်ချင်တယ်။ လမင်းနားမှာ အဖော်လုပ်ပေးနေတဲ့ ကြယ်လေးတွေ ဘယ်လောက်ရှိလဲ ရေတွက်ရင်း လသာညရဲ့ အေးချမ်းမှုလေးကို ခံစားချင်သေးတယ်။

ပြီးရင် ကမ္ဘာကြီးရဲ့တနေရာရာမှာ ကိုယ်လိုပဲ လမင်းလေးကိုငေးရင်း လွမ်းနေမဲ့သူ ရှိမရှိလည်း စိတ်ကူးယဉ်ချင်သေးတာ။ ဘယ်လိုလူမျိုးများ ဖြစ်နေမလဲ၊ ဘာလူမျိုးဖြစ်မလဲ၊ ဘာအသားအရာင်ဖြစ်မလဲတော့ သိပ်မစဉ်းစားချင်ဘူး။

လရောင်အောက်မှာ လွမ်းတဲ့သူချင်းအတူတူ စိတ်ချင်းနီးစပ်တူတွေမိုလို့ပါ။

တခါလောက် ငေးခွင့်ရရင် နောက်ဘယ်တော့တွေ့ရမလဲ ကြိုမသိနိုင်တဲ့ ချစ်သူတစ်ယောက်ကို လွမ်းရသလိုပဲ၊ နောက်တခါ ကြုံရမဲ့ လသာညကို ကြိုလွမ်းနေတယ်။ အရမ်းလွမ်းတယ်။

လသာညရဲ့ လသာညလွမ်းချင်းပါ။

Tell me why!!


ှမနေ့ကသူငယ်ချင်း အောင်ဆီက forward ရတဲ့ ဗွီဒီယိုလေးပါ။ ရင်ထဲမှာ ထိထိခိုက်ခိုက် ဖြစ်သွားအောင်ကောင်းလို့ ပြန်လည်မျှဝေလိုက်ပါတယ်။ အောင်..ကျေးဇူးးတင်ပါတယ်။

လသာည

Saturday, July 4, 2009

Taylor Swift- love story




We were both young when I first saw you
I close my eyes and the flashback starts
I'm standing there on a balcony in summer air
See the lights, see the party, the ball gowns
See you make your way through the crowd
And say hello, little did I know
သီချင်းစာသားအပြည့်အစုံက ဒီမှာရှိတယ်။

ဒီမှာလည်း တမျိုးလေး

ရှင်ဖုန်းစတိုင်လေးကို ကြိုက်သလို Taylor Swiftစတိုင်ကိုလည်း ကြိုက်တယ်။ အရမ်းကောင်းတယ်။

နားထောင်ကြည့်လိုက်။ ကြိုက်သွားမှာ သိပ်သေချာတယ်။ :P
တနေ့တာအမောများပြေပျောက်ပါနိုင်ပါစေ။

လသာညဖြစ်ပါသည်။

Friday, July 3, 2009

Table နှစ်ခုမှ ရသော အတွေးများ

Developmental psychology မှ life span အကြောင်းလေ့လာရင်း ဒီtable နှစ်ခုကို တိုက်ဆိုင်စွာ တွေ့ရှိဖတ်လိုက်ရပါတယ်။ ၁၉၉၂ခု နှစ်က မှတ်တမ်းတွေပါ။ Table 1.1 အရ သမိုင်းဦးလူသားတွေရဲ့ သက်တမ်းက ၁၈နှစ်.။ ရှေးဦးဂရိလူမျိုးတွေရဲ့အသက်ကလည်း နှစ်၂၀ ပဲ ရှိခဲ့ပါတယ်။



ဒီဇယားအရဆိုရင် သက်တမ်းဟာ ကြာလေ ရှည်လေ ဖြစ်နိုင်တယ်လို့ ဆိုလိုတာလား.လို့ အတွေးနယ်ချဲ့ဖြစ်ပါတယ်။


ဒုတိယပုံကတော့ မျိုးစိတ်အသီးသီးရဲ့ သက်တမ်းပါ။ လူရဲ့ အရှည်ဆုံးသက်တမ်းကို နှစ်၁၂၀အထိ သတ်မှတ်ထားပြီး အိမ်ခွေးတစ်ကောင်ဟာ နှစ်၂၀ ။ အိမ်ကြောင်တစ်ကောင်ဟာ နှစ်၂၇ ။ ကြွက်တစ်ကောင်ဟာ သုံးနှစ်။ တခါမှ မကြားဖူးတဲ့ ဗဟုသုတတွေပါပဲ။

ဒီ ဇယားအရ အခုအချိန်မှာ လူ့သက်တမ်း(အရှည်နိုင်ဆုံး) ဟာ အနှစ် ၁၂၀ အဖြစ်သတ်မှတ်ထားရင် နောင်ဆို ပိုရှည်လာနိုင်သလား၊ ဒါမှမဟုတ် ပြန်ဆုတ်ယုတ်သွားနိုင်မလား တွေးစရာပါပဲ။

ကျွန်မကတော့ သမိုင်းခေတ်က လူမျိုးတွေရဲ့ ကလေးဘ၀ကိုပဲ စဉ်းစားမိပါတယ်။ လူ့သက်တမ်းက ၁၈နှစ် ဖြစ်ခဲ့ရင် ကလေးတွေ ဘယ်အရွယ်ထိ ကစားခွင့် ရှိနိုင်မလဲလို့ ၊ ဘယ်အရွယ်အထိ ကလေးအဖြစ် ရပ်တည်ခွင့်ရှိမလဲ လို့ တွေးမိပါတယ်။ ကျောင်းနေပညာရေးမရှိပေမဲ့ အသက်ရှင် ရပ်တည်နိုင်ဖို့ သူတို့လည်း အတတ်ပညာတော့ ဆည်းပူးရမှာပဲ။

တစ်ခုတွေးမိတာက အခုခေတ်ကလေးတွေထက်စာရင် ကျောက်ခေတ်ကကလေးတွေကမှ ကလေးဘ၀ကို ပြည့်ပြည့်၀၀ ပျော်ရွှင်ခွင့်ရခဲ့ကြမလားမသိဘူးလို့ပါ။

အခုခေတ်ရဲ့ ကလေးဘ၀က ဘယ်အရွယ်အထိဖြစ်မလဲ။ အရင်က ကျောင်းသားဘ၀နှင့်ဆုံးဖြတ်ကြပါတယ်။ ကျောင်းသားဘ၀က ကလေးဘ၀။ ကျောင်းပြီးလို့ အလုပ်တဲ့ အချိန်မှစပြီး လူကြီးဘ၀ခေါ်ကြပါတယ်။

အခုခေတ်မှာ ကလေးဘ၀ကို ကျောင်းသားဘ၀နှင့် ဆုံးဖြတ်ရရင် ၁၈-နှစ်? ကျောင်းမပြီးသေးပါ။ ၂၅ နှစ်? ကျောင်းမပြီးသေးပါ။ ၃၅ နှစ်? ကျောင်းမပြီးသေးပါ။ adult education, lifelong education ဆိုပြီး အသက်သာကြီးသွားပေမဲ့ ကျောင်းသားဘ၀က မပြီးသေးပါ။ ကလေးကြီးဘ၀နှင့် လေ့လာရဆဲ...။

ကလေးဘ၀ကို ကျောင်းသားဘ၀နဲ့ သတ်မှတ်လို့ မရပေမဲ့ ယခုခေတ်မှာတော့ ကလေးဘ၀ဆော့ကစားချိန်က ရှားပါးနေပါပြီ။ information age/ knowledge age မှာ အမှီလိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေရတာ သင်တန်းပေါင်းစုံ။ ကျူရှင်ပေါင်းစုံနဲ့ပေါ့။ လွန်ခဲ့တဲ့ ၁၀နှစ်က အထက်တန်းကျောင်းသားဘ၀နှင့် အခုအထက်တန်းကျောင်းသားဘ၀ အခြေအနေက မတူတော့ဘူး။ ၃နှစ်အရွယ်ကလေးငယ်တောင် အင်္ဂလိပ်စာအဆင့်မှီအောင်ဆိုပြီး ILBC လိုနေရာမျိုးတွေမှာအပ်နေရပြီ။ နောက်.. မူကြိုကလေးတောင် ကျုရှင်ထားရတဲံ ခေတ်ကို ရောက်နေပြီ။ (နောက်ဆို ဘယ်အရွယ်ကစပြီး ကျူရှင်ထားရမလဲမသိဘူးရယ်။)


ဇယား-၁ နှုန်းအရ နောင်မှာ သက်တမ်းကလည်း ပိုရှည်ချင် ရှည်လာဦးမယ်။ ကျောင်းစာကိုလည်း မွေးကတဲကလည်း သင်ချင်သင်နေရမှာ။ မသေမချင်းကလည်း lifelong educationကလည်း သင်ယူရဦးမယ်။



တဖက်က တွေးကြည့်ရင်လည်း ကလေးဘ၀ကတဲက စောစောစီးစီး ပညာသင်ယူလာရလို့ ကြာကြာသင် များများသင်ရလို့ တခေတ်ထက်တခေတ် ပိုပြီးခေတ်မှီတိုးတက်လာရတာလားဆိုတာလည်း. တွေးစရာပါ။

ဒါပေမဲ့ ခေတ်မှီတိုးတက်တာနဲ့ အမျှ ဘယ်မလဲ ကလေးဘ၀ရဲ့ လွတ်လပ်စွာ ကစားချိန်၊ စိတ်တိုင်းကျ စူးစမ်းချိန်၊ တွေးချိန်.. ???? ။
ဟူးး ဒီလိုအတိုင်းဆို နောက်generation တွေရဲ့ ဘ၀က...........။

အတွေးများ မောသွား၏။

အတွေးသက်သက်ပါ။ ပျော်ရွှင်ပါစေ။ လသာည ဖြစ်ပါသည်။

Thursday, July 2, 2009

ကာတွန်းဟာသ

အင်တာနက်မှ ကာတွန်းများပါ။ အောက်က စာတန်းတွေ ဖတ်ပြီး တစ်ယောက်ထဲ ပြုံးမိတယ်။ ကိုယ့်သူငယ်ချင်းတွေလည်း ဖတ်ရင်းပြုံးနိုင်အောင်လို့ အမှတ်တရ တင်လိုက်ပါတယ်။


အခွင့်အရေးတွေ ရောက်လာအောင် အခွင့်အရေးတွေ တံခါးခေါက်နိုင်ဖို့ တံခါးဝင်ပေါက်များများဖောက်ပေးပါ။ (အင်း.. ကိုယ့်မှာ အခွင့်အရေးတွေ ရှားပါးတာ ၀င်ပေါက်တစ်ခုထဲ ရှိလို့ ဖြစ်ရမယ်)







stress နည်းအောင် စီမံခန့်ခွဲနည်း ၁၀နည်း
(လိုက်နာပြီးသားဖြစ်နေတယ်။:D)

















မှတ်ဥာဏ်ကောင်းအောင် အစာကိုမ၀ါးပဲစား
(မ၀ါးပဲစားလို့ ဥာဏ်ပိုကောင်းပြီး smartကျလာမယ်ဆိုရင်တော့ မဆိုးဘူးပဲနော။)













တနေ့တာအမောများပျောက်ပါစေလို့
လသာည

Wednesday, July 1, 2009

အဖြေ (psy- test 7 )



အဖြေပြောမယ်။ တိုက်ဆိုင်တဲ့လူ ကော်ဖီတိုက်သွားဖို့ မမေ့နဲ့ဦးနော်။ မတိုက်ဆိုင်ရင်တော့ အင်း..ဒီကော်ဖီလေးသောက်သွားပါ။

၁။ ခရမ်းချဉ်သီးလို့ဖြေဆိုသူအတွက် အောက်ဆုံးမှာဖတ်နော်။

၂။ ဆီမီး၊ မီးအိမ်လို့ဖြေဆိုသူက လတ်တလောမှာ ကိုယ့်ကို စိတ်ပူအောင် စိတ်ညစ်အောင်လုပ်နေသူကို ရည်စူးပြီး အေးမြပါစေလို့ ဆုတောင်းပေးချင်နေတယ်တဲ့။ (အဆိုတော်ဒေါ်မာမာအေးရဲ့ ဒီဆီမီးကိုလှူရသော အကျိုးအားကြောင့်...ဆိုတဲ့ သီချင်းလိုမျိုးဖြစ်မယ်ထင်တယ်နော်.)

၃။မှန်လှူသောသူကတော့ လတ်တလောမှာ ကိုယ်ကိုယ့်ကို(ကိုယ်ရဲ့ ကိုယ်ကာယအလှ) ယုံကြည်စိတ်ချမှုရှိနေသူဖြစ်ပါတယ်။ လမ်းလေးမှာ ဟန်ရေးလေးပြခါပြခါ ပျော်ရွှင်နေသူဖြစ်ဖို့များတယ်။

၎။ တန်ဆောင်းလှူသူကတော့ အတိတ်ကို ပြန်သတိရနေတဲ့သူ၊ အထူးသဖြင့် အရင် ရည်းစားဟောင်းကို အခုတလော ပစ်ခတ်လွမ်းနေလိမ်မယ်.တဲ့။

၅။ ငွေသားလှူတဲ့သူကတော့ ၀င်ငွေကောင်းတဲ့ ချစ်သူကို သဘောကျစွာ အားကျပျော်ရွှင်နေလို့ပါတဲ့။ဒါမှမဟုတ် ချစ်သူကို ပြည့်စုံအောင် ဖြည့်စည်းပေးချင်နေစိတ် ပြည့်လျှံနေလိမ့်မယ်။ အရမ်းချစ်တတ်တာပဲနော်။

၆။စက်ပစ္စည်းလှူသူကတော့ အားအင်ဗလပြည့်စုံတဲ့သူ ဖြစ်ချင်နေတယ်။ ဒါမှမဟုတ် အားအင်ဗလပြည့်စုံတဲ့ ချစ်သူကို သဘောကျနေတယ်။ တိတ်တခိုးချစ်နေတယ်တဲ့။

နံပါတ် ၁-ရဲ့ ခရမ်းချဉ်သီးကတော့ ထူးဆန်းတယ်။ ဘာသာရေးအားဖြင့် ဂျပန်တွေက ဘယ်လိုအဓိပ္ပါယ်နဲ့များ လှူကြသလဲ လသာညလည်း မသိဘူး။

ဒါပေမဲ့ ဒီtestထဲမှာ ယူတဲ့ အဓိပ္ပါယ်ကတော့ နည်းနည်း အူကြောင်ကြောင်လေးရယ်။ ခရမ်းချဉ်သီးဆိုတာ အမျိုးသမီးရဲ့ အပေါ်ပိုင်းအလှကို ဖော်ညွှန်းတယ်လို့ ဆိုပါတယ်။ ခရမ်းချဉ်သီးကို လှူတယ်ဆိုတော့ ထိုအလှနှင့် ပတ်သက်ပြီး သိမ်ငယ်စိတ်၊အလိုမပြည့်စိတ်ဝင်နေတယ်လို့ ဆိုပါတယ်။

ပြီးးးစ် ကဲ.တိုက်ဆိုင်ရဲ့လား။ ကော်ဖီတိုက်တော့။။\('^0^')/

မှတ်ချက်။ ။ mental testများဟာ culture,attitudeစသည်တို့၏လွှမ်းမိုးမှု ရှိတာမိုလို့ တအားကြီးမတွေးနဲ့ နော်။ အမောလေးပြေရုံ ပေါ့ပေါ့ပါးပါးပဲ တွေး။ ပျော်ရွှင်ပါစေ။

လသာည ဖြစ်ပါသည်။
筆者ー浅野八の絵で見る人間心理テストစာအုပ်ကို အခန်းလိုက် လသာညမှ နားလည်သလို ဘာသာပြန်ခြင်းဖြစ်ပါသည်။