Sunday, January 31, 2010

ရွှေကျီးကန်းရဲ့ ဥာဏ်ရည်

ဒီကနေ့ အိမ်နားတ၀ိုက်ကို တစ်ယောက်တည်း လမ်းလျှောက်သွားနေတုန်း ရင်တုန်စရာ အဖြစ်တစ်ခုနဲ့ တွေ့ခဲ့တယ်။ အဲဒါက အရှိန်နဲ့ မောင်းလာတဲ့ ကားရှေ့ မြေကြီးပေါ်ကို အတင်းဝင်နားဖို့ လုပ်တဲ့ ရွှေကျီးတစ်ကောင်ကြောင့် ကားပိုင်ရှင်က လန့်ပြီး ဘေးကို ၀ိုက်အချလိုက်မှာ ကိုယ့်ဆီကို ကားက တန်းတန်းမတ်မတ် ၀င်လာခဲ့တာပဲ ဖြစ်ပါတယ်။ ကားသမားက အလန့်တကြား ဘရိတ်ကို နင်းလိုက်တာကြောင့် ကံကောင်းစွာ လသာညတစ်ယောက် ဇီဝိန်မကြွခဲ့ပါ (++)။ ကားသမားရော ကိုယ်ပါ ရွှေကျီးကို လိုက်ရှာကြည့်လိုက်တော့ ရွှေကျီးက ကားဘိန်းအောက်ကို မရောက်သွားပဲ သူကိုက်လာတဲ့ အရာကို ချခဲ့ပြီး နီးရာသစ်ပင်ပေါ်ပျံတက်သွားတာကို မြင်လိုက်ရတယ်..။ သူချခဲ့တဲ့ အရာကို သတိထားကြည့်မိတော့ သစ်ကြားသီးလေးတစ်လုံးပါ။ သစ်ကြားသီးကို မြင်တော့မှ ဂျပန်နိုင်ငံရှိ ရွှေကျီးတွေရဲ့ အလေ့အကျင့်တစ်ခုအကြောင်း ဂျပန်စာ စာအုပ်ထဲမှာ ဖတ်ဖူးခဲ့တာကို သတိရသွားမိတယ်။ အဲဒါကို ဗဟုသုတအနေနဲ့ ပြောရရင်..



သစ်ကြားသီးဆိုတာ အတွင်းသားက စိမ့်ပြီး အရသာရှိလှပါတယ်။ တောထဲက တိရစ္ဆာန်ငယ်ကျေးဌက်လေးများအတွက် သိပ်ကိုမက်မောတဲ့ အစားအစာတစ်ခုပါ။ ဒါပေမဲ့ အဲဒီသစ်ကြားသီးကို အခွံလွှာဖို့အတွက်တော့ နည်းနည်းတော့ ခက်ပါတယ်။ တောတိရစ္ဆာန်ငယ်တွေကတော့ စားချင်လွန်းတဲ့ အခါ နည်းမျိုးစုံနဲ့ ကိုက်ဖဲ့စားကြတယ်။ ရှဉ်လေးတွေက သူတို့ရဲ့ အဖိုးတန် သွားချွန်ချွန်လေးတွေနဲ့ ကိုက်ခွဲစားတယ်.။ ဥာဏ်ကောင်းတဲ့ မျောက်ကလေးတွေက ကျောက်ခဲနဲ့ထုပြီး စားတယ်။ သူတို့ရဲ့ အကြွင်းအကျန်၊ အစအနကို စားဖူးနေလို့ စားချင်နေတဲ့ သူက ရွှေကျီးကန်းပါ။

ရွှေကျီးခမျာတော့ သစ်ကြားသီးစေ့ကို စားခွင့်ရရေးဟာ တကယ့်ကို မလွယ်ပါဘူး။ သူကလည်း တကယ်တော့ ဒီလောက်ကြီး ဥာဏ်တုံးသူမဟုတ်တော့ နည်းမျိုးစုံနဲ့ ကြိုးစားရှာတယ်။ ပထမဆုံး သူသုံးတဲ့နည်းက သစ်ကြားသီးကို ယူပြီး ဟိုးအမြင့်ကြီးထိ ယူသွားပြီး လွှတ်ချတဲ့ နည်းပေါ့..။ ပထမ သစ်ကြားသီးကို ချီပြီး လွှတ်ချတယ်။ ကွဲသွားမသွားကို အောက်ဆင်းပြီး လာကြည့်တယ်။ မကွဲသေးရင် နောက်တကြိမ် အမြင့်ကို ပျံတက်ပြီး ပြန်လွှတ်ချတယ်။ အဲလိုနဲ့ အကြိမ်ကြိမ် တက်လိုက်၊ ဆင်းလိုက် ကြိုးစားရပါတယ်။

သစ်ကြားသီးအဆံလေး ထွက်လာတဲ့ အခါ စားရတာ ကောင်းသလောက် သစ်ကြားသီးတစ်လုံးကို ခွဲဖို့ သူ့ခမျာ ပင်ပန်းရှာလွန်းလို့ ဒီထက် သက်တောင့်သက်သာ စားရမယ့်နည်းကို သူအမျိုးမျိုး စဉ်းစားရှာပါတယ်။ နောက်ဆုံးတော့ နည်းတနည်းရသွားပါတယ်။ အဲဒီနည်းကိုသိရင် “ရူးသွားပြီ”လို့ ထင်စရာပါ။ အဲဒါကတော့ ကားလမ်းမမှာ မီးနီလို့ မီးပွိုင့်ရှေ့ ကားတွေရပ်ချိန်မှာ သစ်ကြားသီးကို သွားချတာဖြစ်ပါတယ်။

အဲဒီတော့ မီးစိမ်းလို့ ကားတွေက ဖြတ်သွားချိန်မှာ ရွှေကျီးချထားတဲ့ သစ်ကြားသီးများကို ကြိတ်သလို ဖြစ်သွားပါတယ်။ အဲဒီက နေရလာတဲ့ သစ်ကြားသီး အဆံကို ကားအသွားကြဲရင် ကြဲသလို ချောင်းပြီး ၀င်ကောက်စားပါတော့တယ်။ မတော်တဆ ကားကြိတ်တာ ခံရနိုင်ပေမယ့် တကယ်လို့ ကားကြိတ်မခံရရင်တော့ သစ်ကြားဆံကို အရသာရှိရှိ မပင်မပန်းသူစားရမှာ ဆိုတော့ သူကတော့ အဲဒီနည်းလမ်းကိုပဲ ပါးနပ်စွာ ဆက်လက်ကျင့်သုံးပါတယ်။

ဒီနောက်တော့ ရွှေကျီးရဲ့ သားစဉ်မြေးဆက်များက ဆက်လက်ကျင့်သုံးပါတော့တယ်။ ကားက မရပ်ရင်တောင် ကားရှေ့ကို တိုက်ရိုက်ပျံသန်းလာပြီး သစ်ကြားစေ့ကို ချတာမျိုး၊ ကောင်းကင်ကနေ ပျံသန်းပြီး ကားပေါ်ကိုချတာမျိုး အမျိုးမျိုးလုပ်ကြပါတယ်။ ကားက အရှိန်နှေးနေရင် ကိစ္စမရှိပေမယ့် ကားက အရှိန်ကောင်းတဲ့ ကားမျိုးမှာဆို အန္တရာယ်ကို ရင်းရတာမျိုးရှိနေပေမယ့် ဘ၀ ၀မ်းစာ အတွက် သူတို့တတွေ သက်စွန်ဆံဖျား ကြိုးစားနေကြတာကို ဒီနေ့တော့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။ (လူသာမက တိရစ္ဆာန်လေးတွေလည်း ကိုယ့်ဘ၀ကို အသက်နဲ့ရင်းလို့ ရုန်းကန်လှုပ်ရှားနေကြရပါလား...လို့ လည်း တွေးမိသွားတယ်)



မှတ်ချက်။ ။ ၎င်းရွှေကျီးတို့ မျိုးနွယ်စုရဲ့ နာမည်က Corvus corone ဖြစ်တယ်လို့ ဆိုပါတယ်။လူတွေရဲ့ ကားကို တောင် အသုံးချရမှန်းသိသွားတဲ့ ဂျပန်နိုင်ငံရဲ့ ရွှေကျီးတို့ရဲ့ အသိဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတဲက စတင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လသာည ပါ..။

Thursday, January 28, 2010

ဂျပန်နိုင်ငံက ဟာသများ

ဂျပန်နိုင်ငံက အများပြောပြောပြီး ရယ်ကြတဲ့ ရယ်စရာတွေအကြောင်း ဒီနေ့စကားစပ်မိလို့ lab ထဲမှာ ပြောရင်း ရယ်ဖြစ်ကြတယ်။ မောပန်းနေတဲ့ သူငယ်ချင်းများအတွက် အမောပြေ ပြန်လည် ဖောက်သည်ချလိုက်ရပါတယ်။ တဒင်္ဂ ရယ်မောဖြစ်တယ်ဆိုရင် ရေးရကျိုးနပ်ပါပြီ.:D. ။ ဒီလိုတဲ့...

၁။ သမ္မတ ကလင်တန် နဲ့ ဂျပန်ဝန်ကြီးချုပ်တစ်ဦးအကြောင်း
(တချို့လည်း သိပြီးသားဖြစ်နေမလားပဲ.မသိသေးသူများအတွက် ပြန်ပြောပြမယ်နော်။)
အခုဝန်ကြီးချူပ်ရဲ့ ရှေ့ လေး ငါးဆက်မြောက်က ၀န်ကြီးချူပ် မစ္စတာမိုရိဆိုတာ ရှိခဲ့တယ်။ (၂၀၀၀ခုနှစ် မတ်လက ဖြစ်ခဲ့တာ) အမေရိကန်သမ္မတ ကလင်တန်လာမယ်ဆိုတော့ ကြိုဆိုဖို့ ပြင်ကြတယ်။ အစဉ်အဆက်က အမေရိကန်သမ္မတများ၊ ဂျပန်သမ္မတများဟာ ဆွေးနွေးချက်အားလုံးကို စကားပြန်နဲ့ ပြောကြပေမယ့် နှုတ်ဆက်စကားတော့ အင်္ဂလိပ်လို နှုတ်ဆက်နေကြ အစဉ်အလာ ရှိတယ်။ ဒီတော့ ၀န်ကြီးချူပ် မစ္စတာမိုရိလည်း အင်္ဂလိပ်လို နှုတ်ဆက်စကားကို အသေ ကျက်ထားတယ်ပေါ့။

သူတို့ နှစ်ဦး တွေ့တော့ အပြန်အလှန်နှုတ်ဆက်ပုံလေးကို နားထောင်ကြည့်ပါ..။

Bill Clinton :  Hello!!
Mori:  Hello! Who are you! (How are you နဲ့ မှားပြီး ပြောမိတာ)
Bill Clinton :   I am husband of Hillary Clinton.

( နှုတ်သွက်တဲ့ ကလင်တန်က အခုလို ပြန်နောက်လိုက်တာဖြစ်ပါတယ်။ သို့သော်...မစ္စတာမိုရိရဲ့ တုန်ပြန်စကားက)

Mori:  me, too.
Bill Clinton :  ? ? ? ? 
တနိုင်ငံလုံး ရယ်ပွဲကျသွားခဲ့တယ်။


ဒါပြင် နောက်တကြိမ်.. မှားသေးတယ်.. အဲဒါက အကြီးအကဲ နှစ်ဦး လက်ဆောင် ဖလှယ်တုန်းကပေါ့..
Bill Clinton :  This presents for you.
Mori :  No,thank you!(oh、thank you ကို မှားပြောတာ)
ကလင်တန်က လက်ဆောင်ကို ပြန်ယူသွားရ မသွားရ ဆုံးဖြတ်ရခက်သွားတယ်တဲ့..
........................................................................................................
၂။ စာလုံးပေါင်းမှားနေလို့ပါ။ (ရယ်စရာ အဖြစ်သာ ဖတ်ပါ)
အင်တာနက်ကနေ Websiteတစ်ခုမှာ အပြန်အလှန် ပြောကြတဲ့ စကားတဲ့..
နိုင်ငံခြားသား : Are you Japanese?
ဂျပန် ကျောင်းသား : (အင်္ဂလိပ်လို သိပ်မရေးတတ်လို့ ဂျပန်လို ပြန်ပြော) လာပြီ။ နားညည်းတယ်။ နင်တို့ အင်္ဂလိပ်လို မပြောရင် ငါက ကွန်မန့်ပေးလို့ မရဘူးလားကွ.ဟေ.
နိုင်ငံခြားသား : hmm...?
ဂျပန်ကျောင်းသား : နားညည်းတယ်လို့ပြောနေတာ.(ပြီးတော့ ဂျပန်လို ဆဲလိုက်တယ်).ဟင် အခုထိ မင်းကို ဆဲနေတာ နားမလည်ဘူးလား ဟေ့ fack you. ကဲ။
နိုင်ငံခြားသား : Oh......
ဂျပန် ကျောင်းသား : အင်္ဂလိပ်လို ပြောလိုက်တာ မှတ်သွားပြီလား..
နိုင်ငံခြားသား : Miss spell. Fuck you.
ဂျပန် ကျောင်းသား : Fuck you.
နိုင်ငံခြားသား : good :D
(သူတို့နှစ်ယောက် အကြောင်း တီဗွီမှာ ပါသွားအောင် နာမည်ကြီးသွားတယ်လို့ ဆိုပါတယ်)။
..............................................................................................
ဂျပန်ကျောင်းသားတစ်ယောက်က သိပ္ပံဘာသာချိန်မှာ မေးခွန်း လေးခု အမေးခံရတယ်။
မိခင်နို့တိုက်ခြင်းရဲ့ အကျိုးကျေးဇူး ၄ မျိုး ပြောပါ။
သူက ပြောလိုက်တယ်။
1. No need to boil.2. Never goes sour.3. Available whenever necessary.
ဒါပေမဲ့ နောက်ဆုံးတစ်ခုကို သူမသိဘူး။ ကလေးဘ၀ကို ပြန်ပြောင်းစဉ်းစားလိုက်ပြီး ဆက်ဖြေလိုက်တယ်။
4. Available in attractive containers of varying sizes. :D
.......................................................................................................
အရမ်းကို တောင်းပန်တတ်တဲ့ ယဉ်ကျေးတဲ့ ဂျပန်တစ်ယောက်ရှိတယ်။ သူက “စိတ်မရှိပါနဲ့၊ ကျွန်တော့ကို ခွင့်လွှတ်ပါခင်ဗျာ”လို့ ဦးညွှတ်ပြောလေ့ရှိတယ်။ တစ်နေ့တော့ သူ့အိမ်နားနီးချင်း ရဲ့ ဥယျာဉ်ခြံထဲကို ၀င်သွားပြီး သူက ပြုံးပြီး ပြောလိုက်တယ်။ ကျွန်တော် ခင်ဗျားကို ဦးညွှတ်ပါတယ် ခင်ဗျာ၊ ကျွန်တော်ကို ခွင့်လွှတ်ပါခင်ဗျာ”။ ပြီးတော့ ထပ်ကာထပ်ကာ ဦးညွှတ်လိုက်တယ်။ နောက်တော့ စောင့်နေတဲ့ သူ့မိသားစုကို လှမ်းခေါ်လိုက်ပါတယ်။ နောက်တကြိမ် သူက ဥယျာဉ်ဘက်ကို လှည့်လို့ ခင်မင်စွာ ပြုံးလိုက်ပြီး ထပ်ဦးညွှတ်လိုက်ပါတယ်။ “စိတ်တော့ မကောင်းပါဘူး ခင်ဗျာ၊ ဒီနေ့ကစပြီး ဒီဥယျာဉ်ဟာ ကျွန်တော့ ဥယျာဉ်ဖြစ်သွားပါပြီ.။
......................................................................................................
၅။ ဂျပန်ကွ..
ဂျပန်တွေက အမြဲ သူတို့ကိုယ်သူတို့ ဂုဏ်မြင့်ပြောလေ့ ရှိတယ်။ တနေ့တော့ စကားဝိုင်းတစ်ခုမှာ ..
ဂျပန် : ငါတို့တွေ စစ်ကြီးတုန်းက လက်သံပြောင်ခဲ့တာကွ...
နိုင်ငံခြားသား : အေး ဒါနဲ့ နောက်ဆုံးတော့ ဗုံးကြဲခံခဲ့ရတယ်မို့လား...
ဂျပန် : ငါတို့က စစ်ကြီးရှုံးလည်း နှစ် ၁၀၀အတွင်း ကမ္ဘာ့မှာ အတိုးတက်ဆုံးဖြစ်ခဲ့တယ်...
နိုင်ငံခြားသား : အေး ဒါပေမဲ့ ခေတ်နောက်ပြန်ဆွဲပြီး အခုထိ အ၀တ်ဗလာနဲ့ ရေစိမ်တုန်းမို့လား (ရေပူစမ်းကို အ၀တ်ဗလာဖြင့် ယောက်ျားမိန်းမ အတူစိမ်တာကို ပြောတာ)
ဂျပန် : ငါတို့က သနားတတ်တယ်။ ဆင်းရဲတဲ့ နိုင်ငံတွေကို လှူတယ်ကွ...
နိုင်ငံခြားသား : အေး ဒါပေမဲ့ ငါးကို အရှင်လတ်လတ် မြိန်ရေယှက်ရေ စားတယ်မို့လား..
ဂျပန် : ငါတို့ဆီက ထွက်တဲ့ကားဆို အကောင်းစားချည်းပဲကွ..
နိုင်ငံခြားသား : အေး ဒါပေမဲ့ ကားသင်္ချိုင်းမှာဆိုလည်း မင်းတို့ကားချည်းပဲလေကွာ..
ဂျပန် : ငါတို့ရဲ့ Animation film တွေဆိုရင် ကမ္ဘာကျော်ပဲ။ ဘယ်သူမှမတုနိုင်ဘူး..
နိုင်ငံခြားသား : အေး ဟိုကားတွေလည်း မင်းတို့ဆီမှာ ရတယ် ဘယ်သူမှ မတုနိုင်ဘူး..
ဂျပန် : ငါတို့က မြင့်မြတ်တဲ့လူမျိုးစွဲရှိတယ်..
နိုင်ငံခြားသား : အေး ဒါပေမဲ့ အမေရိကန်စပ်တွေ ကပ္ပလီစပ် ဂျပန်လေးတွေလည်း အများကြီးနော်..
ဂျပန် : ဘာသာရေးပွဲတော်ဆိုလည်း အများကြီးလုပ်တယ်။
နိုင်ငံခြားသား : အေး ဒါကြောင့်လည်း ဘာသာရေးအမျိုးမျိုးရှိတာ (ဂျပန်တွေက မင်္ဂလာဆောင်ရင် Church မှာဆောင်ပေမယ့် သေရင်တော့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ဆွမ်းသွပ်တယ်ကြတာကို ရယ်သွေးသွမ်းတာနဲ့ တူတယ်)
နောက်ဆုံး ဘာပြောပြော သူ့ကို ဂွပြောနေတဲ့ နိုင်ငံခြားသားကို စိတ်တိုလာပြီး အခုလို ပြန်မေးလိုက်တယ်
ဂျပန် : ဟေ့ကောင် မင်းက ဘယ်နိုင်ငံလဲ ပြောစမ်း....
နိုင်ငံခြားသား : ငါလား အမေရိကားကပါ..။
ဂျပန် : ဒါဆိုလည်း ငါမပြောနိုင်တော့ဘူး။ ငါလိုလူ မပြောနဲ့ ဂျပန်ဝန်ကြီးချူပ်တောင် မင်းတို့ စကားကို ပြန်မပြောနိုင်ဘူးဆိုတော့... ။
(ဒါကတော့ ဘာဖြစ်ဖြစ် အမေရိကန်တွေ လုပ်သမျှကို အကောင်းလို့ မြင်နေတဲ့ တချို့သူတွေကို လှောင်တဲ့ ဟာသနဲ့ တူပါတယ်)
................................................................................

ကွန်မန့်ထဲက နောက်ဆက်တွဲ ဟာသလေးများ

ဝါးဟားဟား....Ayu ဆိုတဲ့ ဂျပန်ငါးသိလား
ဂျပန်ကလေးတွေရဲ့ ဟာသလေးပါ..။
are you (Ayu)are fish????
အကြောင်ရိုက်မေးခွန်းလေ..

အပေါ်ဆုံးကဟာသကတော့ မြန်မာပြည်မှာထဲကပဲ.အင်္ဂလိပ်စာဒီပလိုမာတက်တော့ပြောကြတာ.။
အဲဒီလိုပဲ စလုံးကို မြန်မာပြည်က ဆရာကြီးများသွားကြတုန်းကလဲ စလုံးကသတင်းစာမှာပါတဲ့အဖြစ်လေးက..Hay,What do u want to drink ??? တဲ့ စလုံးကလူကမေးတယ်.. ဒီမှာ အခြားနိုင်ငံကလူက ကော်ဖီတဲ့ .. ဒါနဲ့နောက်တနိုင်ငံကလူက သူလဲကော်ဖီသောက်မယ်ဆိုတော့ me ,too တဲ့..ဒါနဲ့ ကိုယ်တို့နိုင်ငံအလှည့်ကျတော့ ဖြေထည့်လိုက်တာက... me,three.တဲ့..ဟားဟား..
ဒါနဲ့ အခုဆိုထိ ကိုယ်တို့သူငယ်ချင်းတွေစကားပြောရင် me,too လို့မပြောဘူး me,three ပဲပြောတယ်..ဟီး
မိုမိဂျိ January 29, 2010

Anonymous Anonymous said... တအားရယ်ရတယ် လသာည.. နောက်လည်း တင်ပေးဦး:DD

မီးသိတာလည်း ပြောပြဦးမယ်။ တခါတုန်းက ဂျပန်ကလူကြီးတစ်ယောက်က “ငါတို့နိုင်ငံမှာ တနေ့တခြား အိတီတွေများပြားတိုးတက်နေပြီ၊ ငါတို့ ဂုဏ်ယူဖို့ကောင်းတယ်”လို့ ပြောတော့ သူ့နောက်ကလူတွေကလည်း နားမလည်ကြဖူးတဲ့။ ဂျပန်မှာ အီးတီ တော်တော်ရှိတာ ဘယ်နေရာလည်း လို့ မေးတော့ ကွန်ပျူတာစက်ရုံကို လက်ညှိးထိုးပြတယ်တဲ့.ဒါလည်း ဘယ်သူမှနားမလည်နိုင်လို့ သူကစိတ်တိုတိုနဲ့.စာလုံးလည်း ရေးပြလိုက်မှ အားလုံးနားလည်သွားကြတယ်တဲ့.. ITဆိုပြီး..
ဂျပန်တွေက အိုင်(I) ကို အိ လို့ ဖတ်တတ်တော့ မွှားသွားတာနေမှာပေါ့ ဟီးဟီး January 29, 2010

Anonymous said...နောက်တစ်ခုက မြန်မာပြည်မှာလေ သောက်ရေသန့်စက်ရုံကို လူကြီးက သွားကြည့်တော့ ၀န်ထမ်းတွေက ပြောတယ်တဲ့ “ကျွန်တော်တို့က အခုဆိုရင် သောက်ရေသန့်ကို ph-7 အထိ သန့်စင်နိုင်ပါပြီ”ဆိုပြီး။ လူကြီးက ဘာပြောသလဲဆိုတော့ “အေး ဒါဆို ph-10 ရအောင် ဆက်ကြိုးစား”တဲ့ ဟီးဟီး မီး

.................................................................................................
ဘ၀အမောများပြေ ပါစေ :) လသာည...

Wednesday, January 27, 2010

မိမိကိုယ်ကို နှိမ်ချတတ်ခြင်း

မိမိကိုယ်ကို နှိမ်ချတတ်ခြင်း နဲ့ ပတ်သက်ပြီး မှတ်သားစရာကောင်းတဲ့ စကားတချို့ ကို ဖတ်ဖြစ်ပါတယ်။ ကြိုက်သွားတာမို့ သူငယ်ချင်းများကို ရှယ်လိုက်ပါတယ်။ အဲဒါတွေကတော့...

၁။ အမှန်တကယ် ကြီးမြတ်ချင်တယ်ဆိုရင် အများကြားထဲမှာသာ ရပ်လိုက်ပါ။ အများအပေါ် ရပ်စရာ မလိုပါ..။
(Charles de Montesquieu)

၂။ ကိုယ့်ရဲ့အမှားတွေကို ၀န်ခံဖို့၊ ကိုယ့်လုပ်ရပ်တိုင်းကို ပြန်ခြေရာကောက်ဖို့ သတ္တိရှိလောက်အောင် ငါဟာ နှိမ်ချလိုစိတ်ရှိပါတယ်။
(Mahatma Gandhi)

၃။ ကိုယ့်ကိုကိုယ်နှိမ်ချမှုဆိုတာ အတွင်းခံအကျီင်္လိုပဲ မရှိမဖြစ်လိုအပ်တယ်။ ဒါပေမယ့် နှိမ်ချမှုကို ပြပြန်ရင်လည်း လူအများက ရိုင်းစိုင်းစွာ ဆက်ဆံတယ်..။ (Helen Nielsen)

၎။ မင်းကိုယ်တိုင်ထက် ပိုကြီးတဲ့ အရာတွေ (အခက်အခဲ၊ အတားအဆီး၊ ဝေဖန်မှု) တွေထဲမှာ မင်းနှစ်မြုပ်နေရလေလေ၊ မင်းမှာ စွမ်းအင်တွေ ပိုများလေလေ ဖြစ်မှာပဲ..(Norman Vincent Peale)

၅။ ကိုယ့်ကိုကိုယ် နှိမ့်ချခြင်းဖြင့် နှစ်ဆ မြင့်မြတ်သွားလိမ့်မယ်။ (Benjamin Franklin)

၆။ မာနထောင်လွှားခြင်းဟာ အတုအယောင်ကိုပဲ ဖြစ်စေပြီး ကိုယ့်ကိုကိုယ် နှိမ်ချခြင်းကမှ အစစ်အမှန်ကို သိနိုင်မှာ။ (Thomas Merton)

၇။ ကိုယ့်ကိုကိုယ် နှိမ်ချခြင်းဟာ သစ်ပင်တစ်ပင်ရဲ့ ချိုမြိန်တဲ့ အမြစ်နဲ့တူတယ်၊ အကောင်းဆုံးအသီးအပွင့်တွေကို ပေးနိုင်တယ်။ (Thomas More)

၈။ မင်း ..ဘယ်သူ့ကို ယုံမှာလဲ.. ငါ့ကိုလား။ မင်းရဲ့မျက်လုံးကိုလား။ (Groucho Marx)

၉။ လေးလံတဲ့ အရာဝတ္တုတွေ ဘယ်လိုရွေ့လျားတယ်ဆိုတာကို တွက်ချက်တတ်ပါတယ် ။ ဒါပေမယ့် လူတွေရဲ့ ရှုးသွပ်မှုကိုတော့ ကျွန်တော် မတွက်နိုင်ခဲ့ဘူး။ (Isaac Newton)

လသာည... ;)

Monday, January 18, 2010

ဂငယ်ပြည်တွင် ၀ိတ်ကျနည်း နိဿရည်း

သူငယ်ချင်းတစ်ယောက်က ပို့ပေးတဲ့ မေးလ်လေးပါ။ နေ့စဉ် ကွန်ပျူတာရှေ့ပဲ အထိုင်များနေတဲ့ လသာညကို စိုးရိမ်စွာပို့ပေးတဲ့ သူ့စေတနာလေးကို တခြားသူငယ်ချင်းတွေကိုပါ ဝေမျှချင်တာမို့ သူ့နာမည်ကို ဖြုတ်ပြီး တင်လိုက်ပါတယ်။ သူ့အာဘော်လေးကို လေ့လာကြည့်ပါဦး...

လသာည ရေ.. ဂျပန်ဆန်က စားကောင်းတယ်။ စေးလဲ စေးတော့ ကယ်လိုရီက များတယ်ကွ။ ပြီးအလုပ်လုပ်ရတာကလဲ ကွန်ပြူတာရှေ့ဆိုတော့ ပွဲက ပြီးပြီပေါ့။ ဒီတော့ ၀မဲ့ ဗီဇစုနေတဲ့သူတွေကတော့ ဒုက္ခတွေ များတော့တာပဲ။ (အဖေက ၀၊ အမေက ၀တော့ သမီးလည်း ၀တတ်တာကို ပြောတာ)။ လသာညကတော့ မ၀သူဆိုတော့ စိုးရိမ်စရာမရှိပေမယ့် ကွန်ပျူတာသမားမို့ စိုးရိမ်လို့ပြောတာ..။

ဆက်ပြောဦးမယ်။ ဂျပန်အစားအစာ စားမယ်ဆိုရင် ဟာကတ ရာမန်(ဂျပန်ခေါက်ဆွဲ)က ၀က်ရိုးစွပ်ပြုတ်ကိုအခြေခံတယ်ဆိုတော့ သူက လူကို ဖက်တီးဖြစ်စေလိမ့်မယ်။ ဂျုံကောင်းကောင်း ရာမန်လေးနဲ့ ဆိုတော့အစားကောင်းကြိုက်တဲ့ ငါတော့ ၀ပြီးရင်း ၀တော့တာပဲ့။ ကျောင်း ကင်တင်းနံပါတ်လေးက ဘိဖု ကာရေ က ငါ့အကြိုက်ပဲ ။ အာလူး၊ ဥနီ။ ကြက်သွန်၊ အသားတုံးလေးတွေလဲမြင်နိုင်တယ်လေ။ :D :D ) ဒါပေမဲ့ အလုပ်များလို့ ကျောင်းကန်တင်းက စားစရာကို စားမယ် ဆိုပြန်တော့ ဘိဖု ကာရေ (ဂျပန်မှာရောင်းတဲ့ အမဲသားဟင်းနဲ့ ထမင်း)စားရင် ကယ်လိုရီ တစ်ထောင် နီးနေပြီလေ။ ဟိုတလောက အလုပ်များပြီး အခန်းပြန်မအိပ်တဲ့၂ ပါတ်အတွင်း ငါတော့ ၄ ကီလို တက်သွားတယ်ကွ။ အံ့သြသွားလား ဟဲဟဲ မအံ့သြပါနဲ့။

တနေ့က ထမင်းစားရင်းနဲ့ တီဗွီမှာ ကြည့်လိုက်ရတယ်။ ညီအစ်မနှစ်ယောက်က ကာရေးကို အတူတူအလုအယက် အမြဲစားကြတာချင်းအတူတူ ညီမဖြစ်သူက အလွန်အကျွံဝလာပြီး အစ်မဖြစ်သူက ပိန်သေးလေး ဖြစ်နေတယ်တဲ့။ ဘာဖြစ်လိုလည်း မသိဘူးနော်။ ငါ့တို့အိမ်မှာလဲ ဒီလိုပဲလေ။ ဒါကြောင့် အဲလိုအစ်မနဲ့ ထမင်းအတူမစားမိဘို့သတိထားရတယ်။(အဟဲ..အချီးက သိပ်များနေပြီ။စပြီ။ လိုရင်း..)

ဝိတ်ချရန်...
၁။ calorie calculator ကို အွန်လိုင်းတွင်ရှာပါ။ အင့်---ဒီမှာ။http://www.freedieting.com/tools/calorie_calculator.htm

၂။ တွက်ပါ။ (ကြော်ငြာတွေလဲ ၀ါသနာပါရင် နားထောင် ။ ဖတ်ကြည့် လုပ်ပေါ့။ဗဟုသုတပေါ့။ ငါက အမျိုးထဲမှာ ၀တဲ့ ဗီဇ ပါနေသူဆိုတော့ကာ ငယ်ငယ်လေးထဲက ဒိုင်းယက်လုပ်နေသူလေ ( ပိန်သာ မပိန်တားD) ဒိုင်ယက်နည်းကိုသဘောကျတယ်။ ဒါပေမဲ့လဲ အဲဒီနည်းကရေရှည်လိုက်နာဖို့မလွယ်ပါဘူး။ )

၃။ ကိုယ်လိုမယ့် ကယ်လိုရီကို သိအောင်လုပ်ရမယ် ဟုတ်ပြီနော်.......................

၎။ လောင်ကျွမ်းပစ်ရမယ့် ကယ်လိုရီကိုလဲ ရှာပါ။ (ကိုယ့်ဘာသာကိုယ်ရှာပါတော့။ တစ်ပေါင်ကျဖို့ ကယ်လိုရီ ဘယ်လောက် လောင်ကျွမ်းရမယ် ဆိုတာ။ အဲဒါ မင်းတာဝန်။

၅။ မင်းမှာ တကယ်ပိန်ဖို့ စိတ်ဓါတ်ဘယ်လောက် ပြင်းပြပါသလဲ။ အဲဒါအရေးကြီးတယ်။ (မပြင်းပြရင် လုပ်မနေနဲ့တော့ ဖြစ်မှာမဟုတ်ဘူး။)(ငါက ဓါတ်ပုံရိုက်ရင် မျက်နှာပြဲကြီး ဖြစ်နေဖို့မလိုလားပါ။ အကျီင်္လှလှလေး ၀တ်နိုင်အောင်ကလဲ ပိန်မှ ဖြစ်မည်လေ။ ရုံးသွားတဲ့ ယူနီဖောင်းနဲ့ဆိုတော့ မလှရင် သိသာကြီး။ ဒါကြောင့် အလှပျက်မှာကို ဘယ်သူမှ သည်းမခံချင်ကြပါဘူး။)

၆။ တစ်ယောက်တည်းစားပါ။ တီဗွီကြည့်ရင်း အင်တာနက် ဖတ်ရင်း မစားပါနဲ့။

ရ။ အရသာအရှိဆုံး ချက်စားပါ။ ဇိမ်ခံပြီး ထမင်း တဇွန်းချင်းကိုအရသာခံစားပါ။ (အဲ==== ငါက ဒီရက်ပိုင်း ထမင်းက အဲဒီ တစ်နပ်ပဲစားပါတယ်။ :D :D )

၈။ ထမင်း တဗူးကို ကယ်လိုရီ ဘယ်လောက်ရှိတယ် ဆိုတာကို ၂၄-နာရီ ကွန်ဗီနီက ထမင်းဗူးထဲက ထမင်းနဲ့ တွက်ပြီး ချိန်လိုက်ပါ။

၉။ ခေါက်ဆွဲဗူး စားပါသလား။ ငါလဲ စားပါတယ်။ သို့သော် ကယ်လိုရီဖတ်ပြီးစားပါတယ်။ ချူးကား ရာမန် (တရုတ်ခေါက်ဆွဲ ဗူး) ကကယ်လိုရီ ၂၃၅ တို့ ၂၄၀ တို့ပါ။ ယာခိ စိုဘ (ခေါက်ဆွဲကြော်)ကို ရှောင်ရှားပါ။ ယာခိ စိုဘတော်တော် များများဟာ ကယ်လိုရီ ၅၀၀ ကျော်နေပါတယ်။

၁၀။ ကြက်ဥ တစ်လုံးဟာ ကယ်လိုရီ၁၀၀ နီးနီးရှိတာကြောင့် ချိန်ပြီးစားပါ။

၁၁။ ထောပတ်။ သကြား၊ သကြားလုံးများ ကယ်လိုရီ တွက်ပါ။(၁၀ ကယ်လိုရီလောင်ဖို့ စက်ပေါ်မှာ ဘယ်လောက်လျှောက်ရတာကို သင်မှတ်လိုက်မယ်ဆိုရင် သကြားလုံး ခွံကို ခွါမိမည်မဟုတ်ပါ။)

၁၂။ ကျောင်းက စက်ပေါ်မှာ ပြေးပါ။ (ငါလို (ပြေးရင် မောသူက) Slopeလုပ်ပြီး လမ်းလျှောက်တာ ကောင်းတယ်။) ကယ်လိုရီ ကို သူက တွက်ပေးနေပါလိမ့်မယ်။)

၁၃။ အားကစားရုံသွားဖို့ သိပ်အေးလွန်းပါသလား။ ဒါဆို ငါးထပ်အဆောက်အဦးကိုညောင်းလာတိုင်း တက်ပေးပါ။ ဘောပင်ခွက်ထဲက ဘောပင်လေးတွေ နဲ့တာလီချိုးထားပါ။ တစ်နေ့ ငါးခေါက်လောက်တက်ပါ။)

၁၄။ ဆော့ဆေ့ဂ်ျ( ၀က်အူချောင်း)တွေကို ရှောင်လိုက်ပါ။ ရာမန်ကို ဖြတ်လိုက်ပါ။ ဂျပန်စူရှီကိုမေ့လိုက်ပါ။ ဒန်ပေါက်မချက်စားပါနဲ့။ မုန့်ဟင်းခါး အစား ရခိုင်မုန့်တီကိုစားပါ။ ဂျပန်မုန့်တီဖတ် မသုံးပဲနဲ့ ဆန်ကြာဇံ အမျှင်တွေနဲ့ ချက်စားပါ။

၁၅။ ပန်းသီး တစ်စိတ်ချင်း ကြိုးစားစားပါ။ (ငါလည်း အခုကြိုးစားစားနေရတယ်။ သစ်သီးတွေက မစားနိုင်တတ်လို့)

၁၆။ အူး--- ဟူး။ အရေးကြီးဆုံး။ မနက် အိပ်ရာထ အပေါ့အလေး သွားပြီးတိုင်းရေချိုးခန်း ၀င်တဲ့ ၀တ်စုံနဲ့ ပေါင်ချိန်ပါ။ (ပေါင်ချိန်စက်ဝယ်ထားနော်။ ၀တာကို မခံစားချင်ရင်) ပြီးရင် ပြက္ခဒိန်မှာမှတ်ပါ။အပေါင်း ဘယ်လောက် ။ အနှုတ် ဘယ်လောက် ကိုပါ တန်းရေးပါ။ ဆော့ပင်နဲ့ ရေးပါ။စပါယ်ရှယ် ကလင်ဒါ ယန်း၁၀၀ ဆိုင်က ၀ယ်ထားပါ။

၁၇။ နော်မိကိုင်( လူစုပြီး စားတဲ့ပွဲ) ရှိရင်လဲ လူလည်ကျပြီး ကယ်လိုရီ နည်းမဲ့ဥစ္စာတွေကို (ဥပမာ-ဆလတ်ရွက်တွေကို ခပ်များများကိုက်စားပြီး ဗိုက်ပြည့်အောင်လုပ်နော်။ ကယ်လိုရီ တက်နိုင်မဲ့ ပီဆာလိုဟာကို အကြင်နာ အပြည့်နဲ့ သူများကို ပေးစားလိုက်ပါ။း) ဗိုက်ပြည့်နေရင် နောက်ထပ် ထပ်မစားနိုင်တော့ဘူးလေ။(ဂျပန်မလေးတွေလား.. သူတို့လေးတွေက စားလဲ မ၀ကြဘူးလေ။)

၁၈။ ရှော့ပင်းလုပ်တဲ့ နေ့လဲ ရေချည်းလှိမ့်သောက်ပါ။ ဗိုက်ဆာလာရင်မက်က်ဒေါနားက ရှာကာ ရှာကာ ကြက်ကြော်လေး တစ်ပိုင်းကိုငရုတ်ကောင်းမှုံ့နိုင်းချင်းလေး ဖြူးပြီး ရေတစ်ပုလင်းနဲ့ မျှောပါ။အိုနိဂီရိ (ထမင်းဆုပ်) စားရတာထက် အာသာ ပိုပြေတယ်လေ။

၁၉။ ထမင်းဆုပ်သည် လူကို ၀စေပါသည်။ (မစားခိုင်းတာတွေများနေပြီ အဟီး.. ခွင့်လွှတ်ပါ။)

၂၀။ ပန်းသီး ကို ဆောင်ထားပါ။ လိမ္မော်သီးလဲ ငါးကီလို တစ်အိပ်ဝယ်ထားပါ။အရသာရှိသော ပန်းသီးနှင့် လိမ္မော်သီး ဖြစ်ဖို့ တံဆိပ်ကြည့်ဝယ်ပါ။အအိုးမိုရိ ပန်းသီးက စားကောင်းတယ်။

၂၁။ ကွတ်ကီးမ၀ါးပါနှင့်။ (ပန်းသီးက စားမကောင်းရင် ရေခဲသေတ္တာထဲမှာ ချောက်သွားတာနဲ့ဟင်းဖြစ်ဖြစ်သွားတယ်။ ပန်းသီးခြောက်ကို ၀က်သားနဲ့ချက်စားတာလေ)

၂၂။ အလွန်ကောင်းသော စားစရာ တစ်ခုမှာ ခွန်းနယခု (မြန်မာလို ၀ဥတုံး) ဖြစ်ပါတယ်။ ပိန်ဖို့အတွက် သိပ်ကောင်းတဲ့အစာပါပဲ။ တတ်နိုင်ရင် နေ့တိုင်း သုပ်စားပါ။

၂၃။ ဟင်းရွက်ဆီတွေ ရဲရဲတင်းတင်း စားပစ်လိုက်ပါ။ ၀က်သား ကြက်သား ရှောင်ပါ။ငါးကို စားသုံးပါ။ ပိန်ပါသည်။

၂၄။ စူရှီစားရင် ကယ်လိုရီ နည်းသော စူရှီကို ရွေးစားပါ။

၂၅။ ညဘက် ဗိုက်ဆာလို့ စူပါမှာ စားစရာရှာရင် အသင့်တော်ဆုံးက ဈေးတစ်ဝက်ချထားသောဆာရှိမိများ ဖြစ်ကြပါသည်။ ကျက်သရေကို ထိန်းထားရန်ဖြစ်ပါသည်။

၂၆။ အရေးအလွန်ကြီးသော အရာမှာ ဗီတာမင်စီ။ အီးနှင့် အခြား (ဂေါ်ဖီထုပ်ကဟာဘာတဲ့ အော် collagen) အဲဒါတွေ ။ ပြီးတော့ အင်တီအောက်ဆီးဒင့်တွေ....။ အန်တီအောက်စီးဒန့် များသော အစာများကို အင်တာနက်မှာရှာပါ။ကြိုးစားပြီး စားကြည့်ပါ။အဲဒါတွေစားဖို့ပါပဲ။ စကင်းကဲရ်တွေက ဈေးသိပ်ကြီးတယ် သိတယ်မဟုတ်လား။ကိုယ့်ဗိုက်ထဲ ထည့်မှာပေါ့ မဟုတ်ဘူးလား။

၂၇။ လက်ကို Hand Cream လူးပါ။ ခြေထောက်လောက်ကို လဲ လိုရှင်းလေးစိတ်ရှည်ပြီး လိမ်းပေးပါ။ မလိမ်းတော့လဲ အသားကွဲပြီး ယားမှာပဲလေ။

၂၈။ ဟင်းရွက်စားပါ။ ကြိုးစားပြီးစားပါရှင်။ ဗီတာမင်စီ ဆေးပြားတစ်ပြားလောက်တော့ သောက်ပါ။ သွေးအားတိုးဆေးလဲ သောက်ရပါမည်။

၂၉။ မိတ်ကပ်။ ကိုယ်က အသားဖြူ ဆွတ်မနေရင် လိမ်းမနေပါနဲ့ ။ကိုယ့်အသားလေးကို အလှသာ ထားလိုက်ပါ။ ပိုလှပါတယ်။ မိတ်ကပ်လိမ်းမှအရုပ်ပိုဆိုးရော။အရောင်တင်ချင်ရင်လဲ။ (ကိုယ့်အသက်ဆိုတော့ ) Estee lauder က အရောင်တွေကောင်းတတ်ပါတယ်။ (အပြည်ပြည်ဆိုင်ရာ စံညွှန်းဖြင့် ဖြစ်ပါသည်။ ) ပါးညိုလေးတင်ရင် ရပါပြီ။ အက်စ်တီလောက်ဒါက အိုင်းရှဲဒိုးလဲ လူကြီးရောင်(လိမ်းထားလို့လဲ မသိရဘူးလေ။) လေးနဲ့ မတ်စကာရာလေး တင်လိုက်ရင် ပြီးပြီလေ။

၃၀။ အသက်အရွယ်နဲ့ လိုက်အောင် ၀တ်စားဆင်ယင်ပါ။ (ဒါကတော့ ငါပြောစရာမလိုဘူး..လေဒီတွေ မဟုတ်လား။ :P)

၃၁။ ပြီးတော့ ပျော်အောင်နေဖို့။ :D :D ) (စာကြိုးစားတာလဲ ကြိုးစားပေါ့။) ကြိုးစားကြမည်။ အလွန်ကြိုးစားကြမည်။ အပူအပင်မထားနဲ့။ ကံစီမံရာလို့သဘောထားကြမည်။ မျက်စေ့ဖြင့် မြင်တွေ့သမျှ၊ နားဖြင့် ကြားရ သမျှ လူတိုင်းကို မေတ္တာထားကြမည်။ (နောက်ပြီး ကိုယ့်ဘက်က ဆေ့ဖ် ဆိုက်လဲ ယူထားဘို့ အရေးကြီးသည်။)ဆိုလျှင် ဆံပင်ဖြူမည့် အချောင်းရေ နည်းပါးပြီး လူလဲ စိတ်ပေါ့ပါးပျော်ရွှင်ပါမည်။

ကဲ.. လသာည လိုက်နာဖြစ်အောင် လိုက်နာပေတော့..

မင်းရဲ့သူငယ်ချင်း.. ............

အား......... ရှောင်စရာတွေများနေလို့ သေပြီဆရာ :(( (နောက်တာပါ)
အခုလို တို့အတွက် စိတ်ပူပြီး ကျန်းမာရေးအတွက် သေသေချာချာ စေ့စေ့စပ်စပ် ပြောပြပေးတဲ့ သူငယ်ချင်းလေးကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်လဲ အခုထက်ပိုပြီး လှပါစေလို့...

လသာည