Monday, February 22, 2010

သံတမန်၏ ပျော်တော်ဆက်များ

အရင်က ကျွန်းနိုင်ငံတစ်ခု အကြောင်းကို ပုံပြင်ပမာ ပြောပြရင်.. လူတိုင်းက အံသြသွားကြတယ်။ အဲဒီကျွန်းက လူတွေဟာ အရမ်းကို ထူးဆန်းကြတယ်ဆိုပဲ။.. ကျွန်းသား အားလုံးမှာ သုံးစွဲစရာ ပိုက်ဆံမရှိဘူး..၊ သူဌေး သူကြွယ် ဆင်းရဲသား ဆိုတဲ့ အဆင့်ခွဲစရာ မရှိဘူး.. ဘာလိုလဲ ဆိုတော့ ကိုယ်ပိုင်ပစ္စည်းရယ်လို့ မရှိကြလို့ပါ။ သူတို့က အလုပ်အားလုံးကို အတူတူ ၀ိုင်းလုပ်ကြပြီး.အတူတူပဲ အနားယူကြတယ်.. အတူတူ စားကြတယ်ပေါ့။

ထူးဆန်းတဲ့ အဲဒီကျွန်းမှာ နောက်တစ်ခု ထူးခြားချက်ရှိသေးတယ်။ သူတို့ကျွန်းမှာ ရွှေများစွာ ထွက်တယ်။ ဒါပေမဲ့ သူတို့က ရွှေကို တန်ဖိုးရှိတယ်လို့ မသတ်မှတ်ကြဘူး..။ ရွှေထက်စာရင် သံ ဆိုတာကမှ ဓါး၊ တူ၊ ပေါက်ဆိန် စတာတွေ လုပ်လို့ရလို့ ပိုမက်မောကြတယ်..။

ဒါပေမဲ့ တခြား တိုင်းပြည်တွေက လူတွေက ရွှေတွေကို လိုချင်မက်မောကြတယ်လို့ ကြားရတာမို့ ကုန်ပစ္စည်းချင်း ဖလှယ်ဖို့ ရွှေကို စုထားတာတော့ ရှိတယ်။ ဒါတောင် အသေအချာကြီး သော့ခပ်သိမ်းထားတာမျိုး မလုပ်ကြဘူး။ အဲလို မလုပ်ရတဲ့ အကြောင်းရင်းကတော့ သူတို့က အသေအချာ သိမ်းနေရင် ကလေးတွေက စပ်စုလိုစိတ်နဲ့ ခိုးဖွက်ယူချင်စိတ်ဖြစ်မှာ စိုးလိုပါ။ ဒါကြောင့် ရွှေကို ထမင်းအိုး၊ ဟင်းအိုး၊ ရေအိုး စတဲ့ အိမ်အသုံးအဆောင်တွေ လုပ်တဲ့ နေရာမှာပဲ ထည့်သုံးပြီး သိမ်းကြတယ်..။ နောင် တခြားတိုင်းပြည်က လူတွေလာတဲ့အခါကျတော့ ထို အသုံးအဆောင်ပစ္စည်းတွေနဲ့ ကုန်ပစ္စည်း ဖလှယ်ကြတယ်ပေါ့..။

ကျွန်းနဲ့ ပတ်သက်ပြီး နောက်တစ်ခု ပြောစရာ ရှိသေးတယ်။ အဲဒါကတော့ အဲဒီကျွန်းမှာ စိန်၊ ပတ္တမြား၊ နီလာ စတဲ့ အဖိုးတန်ရတနာတွေလည်း ထွက်ရှိတယ်..။ ၎င်း ကျောက်မြတ်ရတနာတွေက ပေါလွန်းလို့ လေးငါးနှစ်အရွယ် ကလေးငယ်တွေကို ဇယ်ခုပ်တမ်း လိုမျိုး၊ ဆော့ကစားဖို့ ပေးကြတယ်။
ကလေးက နည်းနည်း ကြီးလာတဲ့အခါ ဒါကျောက်တုံးတွေလို့ သတ်မှတ်သွားကြတယ်တဲ့။ အဲဒီအခါ ကျတော့ တခြားကစားစရာတွေနဲ့ပဲ ကစားကြပြီး ကျောက်တုံးတွေကို အရေးလုပ်ပြီး မဆော့ကြတော့ဘူး။

တနေ့တော့ သူတို့ကျွန်းနိုင်ငံနဲ့ တော်တော်ဝေးတဲ့ နိုင်ငံတစ်ခုက သံတမန်တွေ ရောက်လာတယ်။ သံတမန်တွေက ကျွန်းနိုင်ငံအကြောင်း သိပ်မသိဘူး။ သူတို့ သိထားသမျှက ကျွန်းသူကျွန်းသားတွေဟာ ချည်ထည်တွေကိုပဲ ၀တ်ပြီး ဘာအဆောက်အဦး၊ ဘာ လူသုံးကုန် အသုံးအဆောင်မှ ကောင်းကောင်းမွန်မွန် မရှိဘူးဆိုတာပါပဲ..။ ဒီလိုဆင်းရဲတဲ့ နိုင်ငံကို သွားဖို့အတွက် သံအမတ်ကြီးက သူတို့နိုင်ငံက အကောင်းဆုံးအရာတွေ ယူလာပြီး ကျွန်းသားတွေ အထင်ကြီးအောင် ပြသဖို့ ဆုံးဖြတ်ခဲ့တယ်။

ဒါနဲ့ အကောင်းစား ပိုးဖဲကတ္တီပါတွေနဲ့ ချူပ်လုပ်ထားတဲ့ ၀တ်စုံကို ၀တ်လို့ နဖူးစည်းကအစ ခြေကျင်း၊ ဖိနပ်အထိ ကျောက်မျက်ခြယ်ထားတဲ့ ပြိုးပြိုးပြောင်ပြောင် တွေ ကို ဆင်ယဉ်လို့ သွားကြတယ်..
ကျွန်းသားတွေက သူတို့ကို ၀ိုင်းကြည့်တဲ့အခါ သူတို့ သိပ်ပျော်တာပေါ့..။ ဒါနဲ့ သံတမန်တွေက ဂုဏ်ယူဝင်ကြွားစွာ ဟိတ်ဟန်အပြည့်နဲ့ လမ်းလျှောက်ကြတယ်..။ (သူတို့ နောက်က အခြံအရံများကတော့ ထုံးစံအတိုင်း ချည်သား ၀တ်စုံနဲ့ ခေါင်းငုံပြီး လမ်းလျှောက်ကြတယ်..)

ထိုလူစုကို မြင်တော့ ကျွန်းသားတွေက အံသြသွားကြတယ်။ ရှေ့က ပြိုးပြိုးပြောင်ပြောင် ၀တ်လို့ လမ်းလျှောက်နေတဲ့ လူတွေဟာ ကလေး(ကြီး)တွေလား၊ လူကြီးဖြစ်ပြီးသူတွေလား ဆိုတာ အချင်းချင်း မေးမြန်းငြင်းခုံကြတယ်။ အဖြေရှာလို့ မရတဲ့ အဆုံးတော့ ရှေ့က လူကို သိပ်မကြည့်တော့ပဲ နောက်က ချည်သားဝတ်စုံဝတ်ထားတဲ့ သူတွေကို ၀ိုင်း ကြည့်လိုက်ကြတယ်။ နောက်ကလူတွေကတော့ ကျွန်းသားတွေလိုပဲ ချည်သားဝတ်စုံဝတ်လို့ အိနြေ္ဒရရ လမ်းလျှောက်နေတာကို တွေ့ရတယ်။ ဒီတော့ ဒါကမှသံတမန်အဖွဲ့ရဲ့ လူကြီးတွေဖြစ်တယ်လို့ တညီတညာတည်း ဆုံးဖြတ်လိုက်ကြတယ်။

နောက်တော့ အဖြေကို ရှာတွေ့သွားပြီဖြစ်တဲ့ အတွက် ချည်သားဝတ်စုံဝတ်လူများကို ချည်သားဝတ်စုံဝတ် ကျွန်းသားများက ပြိုင်တူ ဦးညွှတ်လိုက်ကြပါတော့တယ်...။ (သံတမန်လူကြီးများကတော့ ပါးစပ် အဟောင်းသား ('0') ဟင် ဘာလိုကြီးလဲ)

ဒီအချိန် ကလေး တစ်ယောက်က သူအမေကို မကြားတကြားလှမ်းမေးတယ်..
“အမေ.. ဒီရှေ့က လူတွေက အရူးကြီးတွေနဲ့ တူတယ်နော်. သူတို့ငယ်ငယ်က ဆော့တဲ့ ကစားစရာတွေကို အခုထိ ဆော့တုန်းပဲ”
သူ့အမေက ပြန်ပြောလိုက်တယ်.. “ သား တိတ်တိတ်နေ၊ သူတို့က သံတမန်ကြီးတွေကို မပျင်းအောင် လုပ်ပေးရတဲ့ ပျော်တော်ဆက်တွေ နေမှာပေါ့.”တဲ့..

ပုံပြင်ကတော့ ဒါပါပဲ.. "(^^)" (နောက်ဆက်တွဲ ၊ ၊နောက်တော့ ထိုသံတမန်အဖွဲဟာ ပြိုးပြိုးပြောင်ပြောင် ၀တ်ရတာကို ရှက်လာပြီး ချည်သားအကျီင်္တွေကို ပြောင်းဝတ်လမ်းလျှောက်ခဲ့ရပါတယ်တဲ့..)
. ...................................................................................................................................

(စကားမစပ်) အဲဒီ ကျွန်းနိုင်ငံက စိတ်ဝင်စားစရာ ကောင်းတယ်နော်။ အဲဒီ.ကျွန်းနိုင်ငံရဲ့ နာမည်က Utopia တဲ့..။ ကြားဖူးကြလားဟင်၊ အဲဒီနိုင်ငံ သွားမယ့်သူများ ရှိရင် ကျွန်မလည်း သွားချင်ပါတယ်။ ဒမြသွားတိုက်မလို့ အဲ ယောင်လို့.. :D
သူဌေး သူကြွယ် ဆင်းရဲသား ဆိုတဲ့ အဆင့်ခွဲခြင်း မရှိတဲ့နေရာ၊ ငါတော်တယ်၊ သူညံ့တယ်လို့ ပြိုင်ဆိုင်စရာ မလိုတဲ့နေရာ၊ မနက်ဖြန်အတွက် ပူပင်စရာ မလိုပဲ အားလုံးအတူတူအလုပ်လုပ်၊ အတူတူစားလို့ အတူတူပျော်နိုင်တဲ့နေရာ ... အဲဒီနေရာ ကျွန်မသွားချင်နေပါတယ်..။ အားလုံးပဲ အတူတူ သွားကြရအောင်လေ.... မကောင်းဘူးလားးး

အင်း.. မေ့တော့မလို့.. "Utopia" ရဲ့ အဓိပ္ပါယ်က "no place" တဲ့.. :D
Reference: Thomas More ရဲ့ Gold in Utopia
ဝီကီကတော့Utopiaအကြောင်းကို (ဒီနေရာမှာ) အကျယ်အပြန့် ရှင်းပြထားပါတယ်..

Thursday, February 18, 2010

စကားနားမထောင်သော ယောက်ျား နဲ့ မြေပုံ မကြည့်တတ်သော မိန်းမ

အလုပ်တွေမှာ၊ အိမ်တွေမှာ အမျိုးသားနဲ့ အမျိုးသမီးများ တကျက်ကျက် ဖြစ်ရတာ ဘာကြောင့်လဲ ဆိုတာကို စိတ်ပညာရှင် တချို့က နှစ်ပေါင်းများစွာ သုတေသန လုပ်ခဲ့ကြပါတယ်။

ဥပမာ တစ်ခုပြောရရင်..
 ကားနောက်ခန်းမှာ အမေနဲ့ သမီး ၃ ယောက်က စကားကို လက်ပံပင် ဇရက်ကျသလို မပြတ်ပြောလာတဲ့အတွက် ကားမောင်းနေတဲ့ အဖေက အလိုလို စိတ်မရှည် ဖြစ်လာပြီး “စကားတွေများတယ်ကွာ.. မင်းတို့ဆူနေတာနဲ့ ငါ ကားမောင်းလို့ မရတော့ဘူး” လို့  အော်လိုက်တာမျိုးပေါ့။

သမီး ၃ ယောက်နဲ့ အမေက နှုတ်ခမ်းတွေ ပြိုင်တူမဲ့လိုက်ကြတယ်။ ဟုတ်တယ်လေ.. ကားမောင်းတာနဲ့ စကားပြောတာနဲ့. ဘာဆိုင်လို့လဲ။ ဘာဆိုင်လည်း မဆိုင်လဲ အဖေဖြစ်သူကိုယ်တိုင် မပြောပြတတ်ပေမယ့် သူမောင်းနေတဲ့လမ်းကတော့ မှားသွားခဲ့ပါတယ်။ ကွေ့ရမယ့် နေရာမှာ မကွေ့လိုက်ပဲ အဝေးပြေးလမ်းမကြီးကို ရောက်သွားပါတယ်..

အဖေကြီးက ဆက်စဉ်းစားနေတယ်။ အဲဒါ သူတို့ကြောင့်လမ်းမှားရတာ (._.)/

အဲလိုမျိုး အပြုအမူမတူ၊ စိတ်ချင်း မတိုက်ဆိုင်ပဲ တကျက်ကျက်ရန်ဖြစ်ရတာ ဘာကြောင့်လဲ ဆိုတာကို ..လေ့လာတော့ ယေဘုယျအားဖြင့် အောက်က အချက်တွေကို အဓိက သွားတွေ့ခဲ့ပါတယ်။
  • ယောက်ျားများဟာ တချိန်တည်းမှာ အကြောင်းအရာတစ်ခု ကိုပဲ အာရုံစိုက်နိုင်တယ်။
  • မိန်းမများဟာ စကားပြောခြင်း၊ နားထောင်ခြင်း၊ စာရေးခြင်း စတဲ့ အလုပ်အမျိုးမျိုးကို တချိန်တည်းမှာ လုပ်နိုင်ပါတယ်။
  • ယောက်ျားများဟာ ပြဿနာတွေကို ဖြေရှင်းတတ်တယ်။ ဒါပေမဲ့ အကြံပေးတာကို သိပ်လက်မခံချင်ဘူး ။
  • မိန်းမများဟာ လမ်းမှတ်ဖို့ ခဲယဉ်းတတ်သလို၊ လမ်းမှား မျက်စိလည်တတ်လွန်းလို့ လမ်းသွားရင် အဖော်ပါမှ ဖြစ်တယ်။
ဒီလိုကွဲပြားရတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကိုလည်း ဆက်ရှာကြရင်း ၁၉၈၀ နောက်ပိုင်းက စပြီး အဖြေကို သတိထားမိလာကြပါတယ်။ အဲဒါကတော့ ဦးနှောက်ဖွဲ့စည်းပုံ မတူလို့ ကွဲပြားရတာဖြစ်ပါတယ်တဲ့..။ အဲဒီအကြောင်းကို Allan Pease, Barbara Pease ရဲ့ Why Men Don't Listen and Women Can't Read Maps Reviews မှာ ပုံပြင် သာဓက ပေါင်းများစွာနဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်.. (ကျွန်မကတော့ အင်္ဂလိပ်လို စာအုပ် ရှာလို့မရလို့ ဂျပန်လို ဘာသာပြန်ပြီး ရေးထားတဲ့ စာအုပ်ကိုပဲ ဖတ်ဖြစ်ခဲ့ပါတယ်)

အောက်က ပုံလေးတွေ နည်းနည်းလောက်ကြည့်ကြည့်ရအောင်။
ကားမောင်းနေတဲ့ အဖေက လမ်းကို မှားမှန်းသိပေမယ့် သူများကိုလည်း မမေး၊ (သူများပြောတဲ့ အကြံဥာဏ်လည်း နားမထောင်ပဲ) လမ်းကြောင်းကို ကိုယ့်ဘာသာ ရှာကြည့်နေတဲ့အတွက် ကလေးများက ယဉ်ထိန်းရဲကို အကူအညီတောင်းရတဲ့ အထိပါပဲ။
အမျိုးသမီးက သူ့က ငါပြောတာကို ဂရုမစိုက်ဘူး၊ ငါ့ကို ဥပက္ခာပြုတယ်လို့ ထင်နေချိန်မှာ အမျိုးသားတွေးတာက တခြားဖြစ်နေတတ်တယ်။ ပုံထဲကလို “ယင်ကောင်တွေ မျက်နှာကျက်ကနေ အောက်ကို ပြုတ်မကျပဲ ဘာလို့ ပြောင်းပြန် တွယ်ကပ်နေနိုင်သလဲ”ဆိုတဲ့ အကြောင်းအရာမျိုး တစ်ခုခုကို လေးလေးနက်နက် အာရုံစိုက် အတွေးနယ်ချဲ့နေတာ ဖြစ်နိုင်ပါတယ်..
အ၀တ်ဗီဒိုထဲက အ၀တ်ကို ယူဖို့ ဖြစ်ဖြစ်၊ ရေခဲသေတ္တာထဲမှာ စားစရာကို ယူစားဖို့ပဲ ဖြစ်ဖြစ် ဘယ်လောက် အဆင့်သင့် ဖြစ်အောင် ထားထား၊ သူလိုချင်တာကို မရှာနိုင်ပဲ မိန်းမကိုပဲ လှမ်းမေးတတ်လိမ့်မယ်။ အော်.. တော်တော် အပျင်းကြီးတာပဲ.လို့. ;) အော်... မဟုတ်ပါဘူး..D

အဲဒါ အပျင်းကြီးတာ ကြောင့် မဟုတ်ပါဘူးတဲ့..။ စိတ်ပညာကပြောတာပါ။ ။ ကဲ.. ဘာကြောင့်လဲ ဆိုတာကို ဦးနှောက် အလုပ်လုပ်ပုံကနေ လေ့လာရအောင်...

စိတ်လှုပ်ရှားမှုတစ်ခု အတွက် ဆိုရင် (ဘယ်ဘက်ခြမ်းက) အမျိုးသမီးရဲ့ ဦးနှောက်က အများကြီး အလုပ်လုပ်နေချိန်၊ အမျိုးသားရဲ့ ဦးနှောက် (ညာဘက်ခြမ်းကတော့) နှစ်နေရာပဲ လုပ်ရှားပါလိမ့်မယ်..။ ဒါကြောင့် အမျိုးသမီးများဟာ အမျိုးသားများထက် ကြောက်တတ်၊ စိုးရိမ်တတ်၊ သောကများတတ်တာ ဖြစ်ပါတယ်။ ဒါလေးကို ဟာသအဖြစ်( ဒီနေရာ)မှာ ကလစ်ပြီး ကြည့်နိုင်ပါတယ်။
မြေပုံ အစရှိတဲ့ အရာတွေကို မှတ်သားတဲ့အခါ ဖြစ်တဲ့ ဦးနှောက်အလုပ်လုပ်ပုံပါ။ အနက်ရောင် အပိုင်းလေးတွေက active ဖြစ်နေတဲ့ အပိုင်းပါ။ အမျိုးသမီးက သိပ်active ဖြစ်မှုမရှိပဲ အမျိုးသားကတော့ active ဖြစ်မှုများတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက သိပ်ပြီး လမ်း၊ အရပ်မျက်နှာ သိပ်မမှတ်နိုင်တာ ဖြစ်ပါတယ်။ဒါကတော့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေချိန် အမျိုးသမီး၏ ဦးနှောက်ရဲ့active ဖြစ်နေတဲ့ အပိုင်းဖြစ်ပါတယ်။
ဒါကတော့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေချိန် အမျိုးသား၏ ဦးနှောက်ရဲ့ active ဖြစ်နေတဲ့ အပိုင်းဖြစ်ပါတယ်။ အမျိုးသမီးထက် နည်းပါတယ်။ ဒါကြောင့် အမျိုးသမီးများထက် စကားနည်းခြင်း၊ စကား မကြွယ်ခြင်းဖြစ်ပါတယ်။

အဲ.. အမျိုးသားနဲ့ အမျိုးသမီး ဦးနှောက်အလုပ်လုပ်ပုံ မတူတာကို အောက်က ပုံနှစ်ပုံကနေပြီး အသေးစိတ် ဖော်ပြထားပါတယ်။ (ပုံက စာသားတွေက တကယ်တော့ ဂျပန်လို ဖော်ပြထားတာပါ။ နားလည်လွယ်အောင်လို့ မြန်မာလို နားလည်သလို ဘာသာပြန်ပြီး ပြန်ရိုက်ပေးထားတာပါ။ စကားလုံးအသုံး လွဲတာ ရှိခဲ့ရင် ခွင့်လွှတ်ပါ။း)
အမျိုးသားတစ်ဦးရဲ့ ဦးနှောက်မှ ပေးစွမ်းနိုင်သော စွမ်းရည်ကို ပုံဖော်ထားတာပါ..။ အားရင် ပုံကို ကလစ်နှိပ်လို ဖတ်ကြည့်ပါ စိတ်ဝင်စားစရာ ကောင်းတယ် :)
အမျိုးသမီးတစ်ဦးရဲ့ ဦးနှောက်မှ ပေးစွမ်းနိုင်သော ခံစားမှု၊ စွမ်းရည်ကို ပုံဖော်ထားတာပါ..။ အမျိုးသမီး သယ်ရင်းလေးများလည်း အားရင် လျှောက်ဖတ်ကြည့်ပါ၊ စိတ်ဝင်စားစရာ ကောင်းတယ်ရော် ။ ကိုယ်နဲ့ အချက် ဘယ်လောက် တူသလဲ၊ ဒီ စံအတိုင်းဆို ဘယ်နှရာခိုင်နှုန်း မိန်းမဆန်သလဲ ဆိုတာ သိရတာပေါ့ :) (ဆိုလိုတာက အမျိုးသမီးများက ယေဘုယျအားဖြင့် မြေပုံ၊ လမ်းမမှတ်တတ်ဘူးဆိုပေမယ့် ပိုမှတ်တတ်တဲ့သူ ရှိတယ်မဟုတ်လား၊ ယောက်ျားလေးများ စကားမကြွယ်ဘူးဆိုသော်လည်း ကြွယ်တဲ့သူများကျတော့... အဲ..:D)

မှတ်ဥာဏ်အကြောင်း မတင်တာ ကြာပြီလို့ ပြောတဲ့ သူငယ်ချင်းအတွက် ပါ..။ ဆက်ပြီး စိတ်ဝင်စားသေးရင် အရင်က ရေးထားတာတွေ ဒီနေရာမှာ ရှိပါတယ်..။ မှတ်ဥာဏ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း ရှိတယ်။ အခု ဒီပိုစ်ကတော့ အောက်က စာအုပ်ကို ဖတ်ပြီး (ပုံများကိုလည်း စကန်ဖတ်လို့) ပြန်ပြောတာပါ။ လသာည.. ဖြစ်ပါတယ် :)



Tuesday, February 16, 2010

စာတော်ဖတ်

ကျွန်မ အင်္ဂလိပ်စာ အားနည်းပါတယ်။ အခုဆို ဂျပန်စာတွေပဲ ဖတ် ဂျပန်လိုပဲ ပြောနေပြီး အင်္ဂလိပ်စာကို လုံးဝ မလုပ်ဖြစ်သလောက်ဖြစ်နေတော့ ကြာရင် ပိုဆိုးသွားမလားတောင် စိုးရိမ်မိလာတဲ့အထိပါ..။ အင်္ဂလိပ်လို မပြောရတာလည်း ပါတော့ ကြာရင် လေယူလေသိမ်းက အစ ဘာတွေ ဖြစ်ဦးမလဲ မသိဘူး ဒါနဲ့ အခုတလောတော့ အင်္ဂလိပ်စာ ပြန်လုပ်မှ ဆိုပြီး BBC radio ကို မနက်တိုင်း နားထောင်တာမျိုး ပြန်လုပ်ဖြစ်တယ်။ လေ့လာတာ ဘယ်နှစ်ရက်ခံမလဲ မသိဘူး.. စတော့ စမိပြီ :P) ။

ပြီးတော့ ကျွန်မက ကျောင်းစာဖတ်လည်း ပျင်းတယ်။ ဒီမှာတင် သူငယ်ချင်းတစ်ယောက်က ပြောလို့ The Voice Weekly Journal (Vol6.No15_Feb 15-21).က သတင်းလေးကို သတိထားမိသွားပါတယ်။ အဲဒီ ဂျာနယ်က စာမျက်နှာ ၂၃ မှာ ရေးထားတဲ့ စာတော်ဖတ်ဆိုတဲ့ ခေါင်းစဉ်လေးဖြစ်ပါတယ်။ အကြောင်းအရာကတော့ အီးဘုတ်တွေကို ဖတ်ဖို့ အတွက် ကွန်ပျူတာကို စာတော်ဖတ်အဖြစ် ဖတ်ခိုင်းတဲ့ နည်းလေး မိတ်ဆက်တာပါ။ နောက်ပြီး ကိုယ်ဖတ်စေချင်တဲ့ အရာတွေကို pdf file အရင် လုပ်ပြီး ကွန်ပျူတာကို ဖတ်ခိုင်းလို့ ရတယ်လို့ ဆိုပါတယ်။

အဲဒါလေး မဆိုးပါဘူး။ ကိုယ်က ငါးပိသံနဲ့ ထွက်နေနိုင်တဲ့ အင်္ဂလိပ်လို ရေးထားတဲ့ report ကို ကွန်ပျူတာကို ဖတ်ခိုင်းပြီး နားထောင်လေ့ကျင့်ရင် မဆိုးဘူးလို့..း) ။ အဲဒီနည်းက ဘာလဲ ဆိုတော့ အင်္ဂလိပ်လို ရေးထားတဲ့ PDF File တွေကို read out aloud နဲ့ ဖတ်တဲ့ နည်းပါ။

လုပ်ရမှာက.. ကိုယ်ဖတ်ချင်တဲ့ pdf ဖိုင်ကို ဖွင့်လိုက်ပြီးရင် view ကိုနှိပ်လိုက်ရင် Pop up menu ပေါ်လာလိမ့်မယ်။ သူရဲ့ အောက်ဆုံးမှာ Read out loud ဆိုတာလေးကို ရွေးပြီး ကလစ်လိုက်ပါ။ မျှားလေးနဲ့ Activate read out loud ဆိုတာ ပေါ်လာလိမ့်မယ် ။ အဲဒါကို ကလစ်ချ လိုက်ရမှာဖြစ်ပါတယ်။ နောက်တခါ View ကို ပြန်သွားပြီးတော့ကာ Read out loud ကို ပြန်နှိပ်ရင် Read this page only တို့ Read to the end of document တို့ပါ ပေါ်နေပါလိမ့်မယ်။ အဲဒါ ဆို ကိုယ်ကြိုက်တာ ရွေးပေးလိုက်ရုံပါပဲ အရမ်းကို လွယ်တယ်။ လိုက်မမှီရင် Pause တို့ Stop တို့ လည်းလုပ်လို့ ရတယ်။

အဲဒီနည်းက ကျွန်မအတွက် တော်တော်တော့ အဆင်ပြေတယ်။ အပျင်းလည်း ပြေတယ်။ ထမင်းလေး စားရင် စာဖတ်ခိုင်းထားလို့ ရတယ်။ ကိုယ့်ဘာသာတောင် သဘောကျမိတယ်..။ ငါ့မှာ စာဖတ်ပေးသူ တစ်ယောက်ရှိနေပြီ ဇိမ်ပဲလို့... :D

တစ်ခုတော့ ရှိတယ်။ အင်္ဂလိပ် Adobe Acrobat Reader ကို တင်ထားရင် pdf fileကို ဂျပန်လို မဖတ်ဘူးတဲ့နော်။ ( မြန်မာလိုလည်း ဖတ်တတ်ဘူးတဲ့.း) မြန်မာလို ရေးတာကို ဖတ်ခိုင်းကြည့်သေးတယ်.. ဘာသံတွေ ထွက်လာမှန်း မသိဘူး ရယ်ရတယ်။ အဲ ဂျပန်လို Adobe ကို တင်ထားရင်။ (View တို့ File တို့က ဂျပန်လိုပေါ်နေရင် ဂျပန်လို ဖတ်တယ်။ အင်္ဂလိပ်လို မဖတ်ဘူးတဲ့..။ (သူငယ်ချင်းက ပြောပြတာ ကိုယ်ကိုယ်တိုင်တော့ မစမ်းရသေးဘူး) ပျော်စရာကြီး.. အားရင် သူငယ်ချင်းတို့ စမ်းကြည့်ကြနော်..

အော်... စာလာဖတ်တဲ့ သူငယ်ချင်းတွေအားလုံးက ကျွန်မထက်စာရင် အင်္ဂလိပ်စာ ပိုရကြမှာပါ..။ ဒါလေးက ကျွန်မအတွက် အဆင်ပြေနေတာမို့ ၀မ်းသာအားရ ပိုစ်အဖြစ်တင်တဲ့ သဘောပါပဲ...

မှတ်ချက်... ဒီနေရာမှာ The Voice Weekly Journal (Vol6.No15_Feb 15-21) ရှိပါတယ်

လသာည.. ဖြစ်ပါတယ်..

မေဖန်ဆင်းသော

မမ၀ါရဲ့ တဂ်ပိုစ်ကို အခုမှပဲ ရေးဖြစ်ပါတယ်.. ရက်ကောင်းရက်မြက်ရွေးနေမိတာကြောင့် တဂ်ခဲ့တဲ့ မမ၀ါတောင် မေ့နေလောက်ပါပြီ..မမ၀ါ ခွင့်လွှတ်ပေးပါ ;D ဒီနေ့ရေးဖြစ်တာက ဒီနေ့ဟာ ကျွန်မတို့ရဲ့ Anniversary day ဖြစ်လို့ပါ..။

ကျွန်မ နဲ့ သူက ငယ်ငယ်ကတဲက အိမ်နီးနားချင်းတွေပါ..။ ဘယ်လောက်နီးလဲ ဆိုရင် ...

“ဟာ သမီးရယ်... ဟင်းချိုအိုးကို တူးအောင် ကျိုနေတာများ ကြားမကြားဖူးဘူး။ တူးသွားအောင် ဘာလုပ်နေတာလဲ” “ဟာ မေမေကလည်း ငါးပိနူးအောင် စောင့်နေတာလေ” “အောင်မလေး ငါ့နှယ်နော် ကြားမကြားဖူးဘူး..အေ.. ငါးပိများ နူးဖို့ ရေခန်းအောင် ကျိုရသတဲ့”
အဲလိုမျိုး ကျွန်မတို့ အိမ်ဖက်က ဆူသံပူသံ၊ ရယ်သံတွေဆိုရင် သူတို့အိမ်ဖက်က မကြားချင်အဆုံးမို့ နေ့တိုင်း (သူတို့အိမ်ဖက်ကနေ ) အဟားခံရသလို.. သူတို့အိမ်ဖက်ကလည်း...

“မင်းကလည်းကွာ ကိုယ့်ညီပဲ ကိုယ့်ပစ္စည်းယူသုံးတာ ဘာဖြစ်လဲ..ယူပါစေ၊ အဲဒီလက်ကိုင်ပုဝါက ဘယ်ကောင်မလေး ပေးထားတာမို့လို့လဲ” “ ဟာ အမေကလည်း ဘာတွေ လျှောက်ပြီး အော်ကျယ်အော်ကျယ် ပြောနေတာလဲ” “ဟ.. ငါက တသက်လုံး အဲလိုပဲ အော်ကျယ်အော်ကျယ်ပြောနေကျပဲ၊ မင်းက အခုမှ ဘယ်သူကြားမှာ စိုးနေပြန်တာတုံး” အဲလိုပြောသံကြားပြီ မကြာခင် ရယ်သံတွေ အမြဲကြားရတတ်တယ်။ (စကားမစပ် အဲဒီလက်ကိုင်ပုဝါကို ကျွန်မပေးတာ မဟုတ်ရပါ)

သူက ကျွန်မထက် ၂ နှစ်ကြီးပေမယ့် ငယ်ငယ်က ကျန်းမာရေးကြောင့် အတန်းနောက်ကျခဲ့တာမို့ ကျွန်မနဲ့ အတန်းတူတူ ဖြစ်ခဲ့ပါတယ်။ အတန်းထဲမှာ သူက အေးလို့ ရှိတယ်လို့တောင် မထင်ရပေမယ့် ကျွန်မကတော့ (မှတ်မှတ်ရရ ခုနှစ်တန်းနှစ်ကဆို) ကျွန်မကို စာလိုက်ပေးတဲ့ ကောင်လေးကို ခဲနဲ့ပေါက် ရန်ဖြစ်ဖို့နဲ့၊ ကျွန်မက သဘောကျနေတဲ့ အတန်းထဲမှာ ကောင်လေးတွေကို လိုက်ငေးတဲ့အလုပ်၊အဲဒါနဲ့ပဲ အလုပ်တွေရှုပ်နေခဲ့တယ်.. :D

(အဲဒီတုန်းက ကျွန်မက အတန်းထဲမှာ စာတော်တဲ့ကောင်လေးနဲ့ လူတကာနဲ့ ရန်ဖြစ်တတ်တဲ့ လမ်းသရဲရုပ်နဲ့ မြို့နယ်မှုးသား အဲဒီနှစ်ယောက်ကို တော်တော် သဘောကျခဲ့ဖူးတယ်။ စိတ်ထဲက မိန်းမပိုးနဲ့ပေါ့နော်။ တကယ့်လက်တွေ့တော့ ဘာမှ မပြောဖြစ်ခဲ့တော့ သူတို့တောင် မသိသွားလေဘူး)။

အိမ်နှစ်အိမ်က ခြံစည်းရိုးပဲ ခြားတာကို ဘယ်သူက စဖောက်လိုက်မှန်း မသိတဲ့ ခွေးတိုးပေါက်ကနေပြီး ကျယ်သွားတာဆင်တိုးပေါက်ဖြစ်သွားခဲ့တယ်။ နောက်ပိုင်းတော့ နှစ်အိမ်ကြား ချောင်းပေါက်မတတ် ကူးကြသန်းကြတာဆိုတော့..နှစ်အိမ်ကြားက ခြံစည်းရိုးက မရှိသလောက် ဖြစ်သွားပါတော့တယ်း)။

သူတို့အိမ်မှာ ဒါမှမဟုတ် ကျွန်မတို့ အိမ်မှာ မိသားစုလိုက် အတူတူဇယ်တောက်ခုံနဲ့ ကစားကြရင် ကျွန်မပဲ နိုင်တယ်။ ဒိုးဇက် ကစားလည်း ကျွန်မပဲ နိုင်တယ်။ သူက “မင်းက နိုင်မှာပေါ့ ဥာဏ်ကောင်းတဲ့သူဆိုတော့ ”တဲ့..။ ကျွန်မကတော့ ကိုယ်အမြဲနိုင်အောင် ကစားရတာ အရမ်းပျော်တယ်.. (နောက်မှ သူများတွေကတဆင့် ပြန်သိရတာက သူက တမင် ရှုံးအောင် ကစားခဲ့တယ်ဆိုတာပါ၊။ ဘာပဲဖြစ်ဖြစ် ကျွန်မက အနိုင်ရတိုင်း ပျော်ခဲ့ရတာတော့ အမှန်ပဲ)

နောက်တော့ ဆယ်တန်းအောင်လို့ တက္ကသိုလ်တွေ ပိတ်နေတုန်း ကျွန်မ ကျောင်းဆရာမ (အဌား) အဖြစ်နဲ့ မြို့ နဲ့ အဝေးကြီးကရွာတစ်ရွာကို သွားရတော့ သူက ကားဂိတ်ကို လိုက်ပို့တဲ့ တာဝန်ကို ယူပါတယ်။ ဒါကြောင့် ရွာက ပြန်တိုင်း လက်ဆောင်ကို အိမ်နှစ်အိမ်စာ ဝေခြမ်း ဖြစ်ခဲ့တယ်။ ကျွန်မတို့ တက္ကသိုလ်တက်ကြတော့ မေဂျာမတူပေမယ့် တစ်နှစ်ထဲ အတူတူပါ။ အဲဒီနှစ်တွေလည်း သူကလည်း သူ့အပေါင်းအသင်းနဲ့သူ ရေနံချောင်းဘက်က အစ်မတွေကို သွားငေးနေခဲ့သလို၊ ကိုယ်ကလည်း ဓါတုမေဂျာက ကင်းကို လိုက်ငေးနေခဲ့တယ်..

ဒီလိုနဲ့ ဓါတုနဲ့ ကျောင်းပြီးတော့ ကျွန်မ ဘီအီးဒီဝင်ခွင့်ဖြေပါတယ်။ ဖြေဖို့ အစီအစဉ်မရှိပဲ ရုတ်တရက်သိလို့ ၀င်ဖြေတာဆိုတော့ ခေါင်းထဲမှာ စာလည်းအသင့်မရှိဘူး။ တစ်ညနဲ့ တကယ်ပါ အဲဒီတုန်းက တစ်ညနဲ့ စာကြည့်ပြီး သွားဖြေခဲ့တယ်။ တစ်ညလုံး ကျွန်မကြည့်ဖို့စာကို တစ်ညလုံး အနားကနေ နုတ်ထုတ်ကူးပေးနေခဲ့တာ အဲ... သူပဲ ဖြစ်ပါတယ် :D ဒါပေမဲ့လည်း ကျွန်မဘက်ကတော့ သူငယ်ချင်းပဲ ဖြစ်နေခဲ့တယ်၊ သူကလည်းသူငယ်ချင်းအနေနဲ့ လုပ်ပေးတာလို့ တွေးခဲ့တယ်။

အဲ.. အောင်သွားတယ်။ မကွေးတစ်တိုင်းလုံး ၅ %ပဲ အောင်တဲ့အထဲမှာ ပါသွားတယ်။ ကျွန်မတော်လို့ မဟုတ်ပါဘူး။ ကျက်တဲ့စာက တိုးသွားတာပါ။ အဲဒါ မြို့မှာ နာမည်တောင်ကြီးသွားသေးတယ်။ တစ်ရက်ထဲကြည့်ပြီး အောင်တာဆိုတော့ အဲဒီကောင်မလေးက အကပ်ကောင်း လို့ ဖြစ်တာဆိုပြီး..။ ဘယ်တတ်နိုင်မလဲလေ..သူတို့ ပြောတာလည်း မမှားပါဘူး။ ကျွန်မက လူကြီးတွေတော့ မကပ်ခဲ့ပါဘူး။ သူ့ကိုပဲ ကပ်ပြီး ကူညီတောင်းခဲ့လိုပါ.. (သဘောတူတယ်ဟုတ် ;)

ဘီအီးဒီပြီးတော့ ကျွန်မ ရန်ကုန်ကို မာစတာဝင်ခွင့်သွားဖြေတော့ သူက “ညကားမို့ စိတ်မချဘူး၊ ရန်ကုန်မှာ အစောချည်း ရောက်ရင် အဖော်မရှိရင် ခက်မယ်”လို့ ပြောပြီး သူပါ ကားလက်မှတ်ဖြတ်ပြီး လိုက်ပို့တယ်။ သူလိုက်တာကို ကားပေါ်ရောက်မှ သိတယ်။ သူ့အိမ်ကိုတော့ မြို့နယ်မှုးက ခေါ်လို့ အလုပ်ကိစ္စနဲ့ ပေါက်မြို့ကို သွားတယ်လို့ ညာခဲ့တယ်တဲ့”.. (သူက အဲဒီတုန်းက မြို့နယ်မှုးရုံးမှာ စာရေးလုပ်တာ)။ ဒါကြောင့် သူက ကျွန်မကို တခါတခါ မြို့နယ်မှုးမ လို့ နောက်တတ်တယ်။။ အိုး.. မသိပါဘူး.. အဲဒီအထိလည်း ကျွန်မတို့က သူငယ်ချင်းတွေပါပဲ.. ကျွန်မခေါင်းထဲ သူက သိပ်မရှိသေးပါဘူးနော်။

ကျွန်မ ရန်ကုန်မှာ မာစတာ တက်နေတော့ သူက“ ငါက အခုအလုပ်က ထွက်ပြီး ရန်ကုန်မှာ ကုမ္ပဏီလျှောက်မလို့ ၊ သဘောတူလား” လို့ လှမ်းမေးပါတယ်။ ကျွန်မက “ဟ.. ဒါများ ကိုယ့်ဘာသာ ကောင်းမယ်ထင် လုပ်လေ.. ငါသဘောတူတာ အရေးကြီးလို့လား”လို့ ပြန်ဖြေလိုက်မိတယ်။ အဲဒါ.. အဲဒီမှာ စတာပါပဲ။။ဘချောသားက သူ့ကို ရေလာမြောင်းပေးတယ် ထင်ပြီး ရည်းစားစကား ပြောပါလေရော..။ ဒါပေသည့် သူငယ်ချင်းဘ၀ကို သစ္စာဖောက်မှုဖြင့် သူ့ကို ၄ လတိတိ စကားမပြောခဲ့တော့ပါ.. (စကားပဲ မပြောတာပါ။ သူကအဆောင်ကို လာပေးသွားတဲ့ ဟင်းကြော်တွေကို ကျွန်မက လက်ခံပြီး စားပေးတာတော့ လုပ်ဖြစ်တယ်..ဟုတ်တယ်လေ.. ဟင်းတွေက မစားရင် သိုးကုန်မှာပေါ့)

၎ လအတွင်း သူက ရန်ကုန်ရောက် ကုမ္ပဏီအလုပ်ရ၊ ကံကောင်းချင်တော့ တစ်နှစ်အတွင်း မန်နေဂျာဖြစ်တဲ့အထိ ရာထူးတိုးသွားတယ်။ အဲတော့ သူက ကုမ္ပဏီက ကားလေးသုံးပြီး အဆောင်ကို မကြာခဏလာပါတယ်။ ဟင်းကြော်တွေ လုပ်ပြီး လာပေးတာက တစ်ယောက်စာမကတာမို့ အဆောင်ကအတူနေ အစ်မတွေက ကူစားပေးကြတယ်။။ နောက်တော့.... အစ်မတွေအားလုံးက သူ့ကို ခင်သွားကြတယ်။ ဒီတော့လည်း ညတိုင်း ထမင်းစားတိုင်း ကျွန်မကို “သူ့ကို လက်ခံလိုက်ရန်၊ သူ့ဘက်က သူတို့အားလုံး တာဝန်ယူတယ်” စသည်ဖြင့် “သူချစ်ကိုရှာရန်” ခေါင်းစဉ်နဲ့ နားသွင်းကြပါတော့တယ်.. (သူချစ်ရှာရန်လို့ပြောရတာက ကိုယ်ချစ်ဖြစ်မဖြစ် သူတို့က မေးလို့ မရလို့သာဖြစ်ပါတယ် :))

ကျွန်မကိုယ်ကျွန်မဆိုရင်တော့ သိပ်ပြီး နားမယောင်တတ်သော်လည်း (ပြောတာပဲ:D) သူတို့က ပြောပါများလာတော့ ကျွန်မကလည်း လက်မခံချင်ခံချင်နဲ့ ဒီလိုပြော လိုက်ပါတယ်.. “အင်း.. အိမ်ကို ပြောလိုက်တော့”လို့ >"(^0^)"

ဒါနဲ့ပဲ လွန်ခဲ့တဲ့ ရှစ်နှစ်က ဒီလိုအချိန်မှာ ကျွန်မတို့ မင်္ဂလာဆောင်ဖြစ်ခဲ့တယ်..။ ရှစ်နှစ်ခရီး... အင်း.. ရှစ်နှစ်ခရီးဆိုပေမယ့် တကယ်တော့ ကျွန်မတို့ အတူနေချိန်ဟာ တစ်နှစ်ထက် မပိုခဲ့သေးပါဘူး..ကျွန်မက ရာထူးပြောင်းလိုက်၊ ဂျပန်ကို နှစ်ခေါက်လာလိုက်ဖြစ်နေခဲ့တယ်။ အခုအထိ ကျွန်မတို့ မိသားစု အတူတူ မနေနိုင်သေးပါဘူး..။ Anniversary Day မှာ ကျွန်မတစ်ယောက်တည်းရယ်ပါ။ မိသားစုကို တအားလွမ်းပါတယ်။

မိသားစုနဲ့ ခွဲခွာနေရသေးတာ တစ်ခုက လွဲရင်တော့ ကျွန်မကိုယ် ကျွန်မ အိမ်ထောင်ရေး ကံကောင်းသူ အဖြစ် ကတော့ အမြဲဂုဏ်ယူနေမိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူဟာ ကျွန်မထင်တာထက် ကျွန်မအပေါ် ဂရုစိုက်ကြင်နာတတ်သူ၊ ကျွန်မထင်တာထက် အရာရာကို နားလည်ပေးနိုင်တဲ့သူ ဖြစ်လို့ပါ.... ..(ဆက်ရေးအမွမ်းတင်ချင်သော်လည်း ကိုယ်ရည်သွေးရာရောက်မစိုးလို့.. ရေးတော့ဘူး :)..။

ရေးချင်တာများပြီး ဘာရေးရမှန်း မသိပဲ ချာလည်လည်သွားတယ်..။ ဖတ်ရတာ အဆင်မပြေရင် ခွင့်လွှတ်ပါ။ ဒီတဂ်ပိုစ်...ကို မမ၀ါ ကျေနပ်လိမ့်မယ်ထင်ပါတယ်။ မမ၀ါ ကျေနပ်ပါ။

(ဒါနဲ့. ဒီပိုစ်ကို ဖတ်ပြီး “ အခုတော့ ရေးဖြစ်ပြီမို့လား ဟားဟား”ဆိုပြီး မဟားနဲ့နော် ဟားတဲ့သူငယ်ချင်းများ အာပျိုကြီး ဖြစ်ပါစေလို့ ဆုတောင်းထားတယ် ;)

Friday, February 12, 2010

ပြိုင်ဖက် ရှိဖို့လိုတယ်..

ဗာလင်တိုင်းဒေးနီးပြီဆိုတော့ ကျွန်မက အကြိုအနေနဲ့ အမှတ်တရ ပိုစ်တစ်ခု ရေးချင်ပါတယ်။ ပြိုင်ဖက်အကြောင်းပါ..။ (ဘာမှလည်း မဆိုင်ဘူး..။ ကဲ “ဆိုင်ဆိုင်ဆိုင်.. မဆိုင်ဆိုင်ဆိုင်.. ဆုံးဖြတ်ရမယ့် တို့ အနိုင်”:D)

NHK မှာ ဆူမိုအကြောင်းတွေ ကြားရ၊ မြင်ရတိုင်း ကျွန်မ ထမင်းမေ့၊ ဟင်းမေ့ပါ။ ဖြစ်သလိုပဲ ကော်ဖီနဲ့မုန့် နဲ့ အ၀စားပြီး တင်းတိမ်မိတတ်ပါတယ်း)။ အခုလည်း အာစရှောယူ အကြောင်းကစရရင် (လာပြန်ပြီ အာစရှောယူ လို့ မထင်ပါနဲ့၊ ခုတခါက တခြားတစ်ယောက်ရောပါပါတယ်..) သူ ဆူမိုလောကကနေ အနားယူတဲ့နေ့က သူ့ကို ချစ်တဲ့ ပရိတ်သတ်တွေ က ငိုကြတယ်။ အဲဒီလို ငိုတဲ့ အထဲမှာ သူ့ရဲ့ ပြိုင်ဖက် Hakuho လည်း ပါပါတယ်။

(Hakuhoလည်း ဆူမိုချန်ပီယမ် တစ်ယောက်ပါပဲ..။ သူ့ ကိုလည်း ကျွန်မနှစ်သက် အားပေးပါတယ်။ သူက ငယ်ပေမယ့် စိတ်ထားက လူကြီးပိုဆန်တယ် ပြောရမယ်။ အာစရှောယူလို သူက တဇွတ်ထိုးစိတ်မရှိဘူး)
ဟုတ်ပါတယ်။။ သူတို့ နှစ်ယောက်က မတည့်ပါဘူး။ စည်းဝိုင်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက်ရန်စောင်မိလို့ နှစ်ယောက်လုံး သတိပေးခံရဘူးတယ်။ အဲဒီနောက်တော့ သူတို့ နှစ်ယောက် စကားမပြောတော့ဘူး။ ပြောရရင်... မျက်လုံးချင်းတောင် မဆုံအောင်နေသတဲ့...။

ဒါပေမဲ့ အာစရှောယူ ထွက်တဲ့နေ့ကတော့ Hakuho ငိုပါတယ်။ သူက..မျက်ရည်တွေကျရင်း ဒီလိုပြောခဲ့တယ်..
“ဒီသတင်းအတွက် ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ်။ တကယ်တော့ ကျွန်တော်နဲ့ သူဟာ ... မွန်ဂိုနိုင်ငံသားချင်းတူပါတယ်။ တနိုင်ငံတည်းသား ပါ။ နောက်ပြီး သူက ကျွန်တော့် စီနီယာပါ (အာစရှောယူ ထက် ၆ နှစ်ငယ်တယ်)။ ပြီးတော့ သူဟာ ...ကျွန်တော့် ရဲ့ ပြိုင်ဖက်ပါ။ ပြိုင်ဖက်ဖြစ်သူထွက်တာကို ကျွန်တော်ငိုလို့ ကျွန်တော့်ကို ရူးတယ်လို့ ထင်နိုင်ပါတယ် ခင်ဗျာ..။

Hakuho..ကို ပိုပြီးလေးစားမိသွားပါတယ် ..။ အာစရှောယူ မရှိရင် ငါတစ်ယောက်တည်း ချန်ပီယမ်ဖြစ်ပြီလို့ ၀မ်းသာမသွားပဲ..ပြိုင်ဖက်အပေါ်ထားတဲ့ သံဃောဇဉ် ကို ဖွင့်ပြခဲ့တာမို့ ပါ..။

ကျွန်မထင်ပါတယ်။ ဘ၀မှာ သူငယ်ချင်းဆိုတာ ရှိသင့်သလို ပြိုင်ဖက်ဆိုတာ ရှိသင့်တယ်လို့..။ ပြိုင်ဖက် ရှိတဲ့ အတွက် အောက်က အကျိုးကျေးဇူးတွေ ရနိုင်တယ်မဟုတ်လား..
၁) ပြိုင်ဖက်ကြောင့်... ကိုယ့်မှာ မခံချင်စိတ်ဖြစ်ရတယ်။ ဒါကြောင့် အမြဲကြိုးစားနေရတယ်။
၂) ပြိုင်ဖက်ကြောင်... ကိုယ့်ရဲ့ အားနည်းချက်ကို သိနိုင်တယ်..။
၃) ပြိုင်ဖက်ကြောင့်... အနိုင်ရတဲ့ပီတိကို ခံစားနိုင်သလို ရှုံးနိမ့်ချိန် သိမ်ငယ်စိတ်ကို ခံစားမိစေတယ်။
၎) ပြိုင်ဖက်ကြောင့်... ကိုယ့်အရည်အချင်းကို မကျအောင် ထိန်းထားနိုင်တယ်။
၅)ပြိုင်ဖက်ကြောင့်..... ကိုယ်ဟာ ကိုယ့်တန်ဖိုးပို ရှိသွားစေတယ်။

ဒီစကားကို ကြားရရင် တချို့လူတွေက ဘာစကားလဲဟ လို့ ခွန်းတုံပြန်ပြီး ထေ့လေ့ရှိတယ်။ တကယ်လည်း အများသိတဲ့ “ပြိုင်ဖက်”စကားလုံး ဟာ သိပ်ကြီးတော့ နားကြားလို့ မချိုဖူးမဟုတ်လား...။ ပြိုင်ဖက်ဆိုရင် “သူ့ထက်သာ မနာလို”ဆိုတဲ့ စိတ်နဲ့ သူအလဲမှာ ကိုယ်ခြေထိုးခံဖို့ ချောင်းနေသူတွေလို့ အများက သတ်မှတ်ထားတာပဲလေ.. ပြိုင်ဖက်လို့ တွေးလိုက်တာနဲ့ များသောအားဖြင့် တစ်ဦးနဲ့ တစ်ဦးက မုန်းသွားတာက များတယ်လေ..
ဒါနဲ့ ပတ်သက်ပြီး ဥပမာ တစ်ခု ရှိတယ်။ ဘေ့စ်ဘော့ချန်ပီယမ် ဂျပန်လူမျိုး Hideki Matsui နဲ့ သူ့ပြိုင်ဖက် Kono( 河野) အကြောင်းပါ။ Hideki Matsui ဆိုတာက သူဟာ အခုနှစ်ထဲတင် ဆုကြီးနှစ်ခုကို အပိုင်ရခဲ့သူ (World Series champion (2009) နဲ့ 2009 World Series Most Valuable Player Awardဆု) ရခဲ့သူဖြစ်ပြီး ယခုအထိ ဆုကြီးပေါင်း ၁၂ ခုနဲ့ ဆုသေးပေါင်း အများအပြား ရခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က အဖြစ်အပျက်က သူ့ကို မနေ့တနေ့ကလို ခံစားစေတုန်းပါ..

အဲဒါကတော့ အထက်တန်းကျောင်းသားအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ သူဟာ ရိုက်ချက် ၅ ချက်လွဲပြီး တဖက်အသင်းကို အရှုံးကြီး ရှုံးရပါတယ်။ ပြိုင်ဖက်ဖြစ်သူ Kono( 河野)ကြောင့် ဖြစ်ပါတယ် ။ အဲဒီပွဲစဉ်မှာ Matsui ဟာ ပရိတ်သတ်ရဲ့ အော်ဟစ်ဆဲဆိုခြင်းနဲ့ ပွဲလည်ခေါင်က မောင်းထုတ်ခြင်းကို ခံခဲ့ရပြီး တပတ်လောက် အိမ်တွင်းအောင်းခဲ့ရဘူးတယ်။ (အဲဒီတုန်းက ပွဲကို သူတို့ မှတ်တမ်းတင်ထားတာ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ ကျွန်မကတော့ ဘေ့စ်ဘောအကြောင်း သိပ်နားမလည်ပါ။ သူရိုက်မရအောင် Kono က လွဲပစ်တယ်ဆိုတာလောက်ပဲ သိပါတယ်။ )

ဒါပေမယ့် သူက ဒီလိုဝန်ခံထားတယ်.. “အဲဒီပြိုင်ပွဲနဲ့ ပြိုင်ဖက်ကို မမေ့တော့ ထပ်ပြိုင်နိုင်ဖို့ ကြိုးစားရင်း အခုအခြေအနေကို ရောက်လာခဲ့ရပါတယ်” လို့ ဆိုပါတယ်။ အဲဒီတုန်းက အဲလိုအဖြစ်အပျက်သာ မရှိခဲ့ရင် သူဟာ ဒီလောက် မကြိုးစားခဲ့လောက်ဖူးလို့ ဆိုပါတယ်။ ပြိုင်ဖက် Konoဟာ နောက်ပိုင်းမှာ ကျန်းမာရေးကြောင့် ဘေစ်ဘော့ကို ဆက်လက်မကြိုးစားခဲ့နိုင်ပေမယ့် အခုထိ သူက Matsui ကို ပြိုင်ဖက်အဖြစ် ဆက်ကစားဖို့ စိန်ခေါ်နေတုန်းလို့ ဆိုပါတယ်။ Kono( 河野)က Matsui ကို ပေးတဲ့စာမှာ သူက ဒီလိုပြောပါတယ်..။

“ ဟေ့ Matsui ..ဆုတွေရလို့ဆိုပြီး မင်းက ကိုယ့်ကိုယ့်ကို သိပ်ကျေနပ်မနေနဲ့..။ အဲလို ကျေနပ်နေရလောက်အောင် မင်း မတော်သေးဘူး”

Matsuiက သဘောကျစွာ ပြန်ပြောပုံက “အခုလိုအချိန်မှာ ဒီလိုစကားပြောမယ့်သူဟာ ကျွန်တော့်မှာ အတော်ရှားနေပါပြီ။ သူ ဒီလိုပြောတာ ကျေးဇူးတင်ကြောင်းပြောပေးပါ။ ကျွန်တော် ကြိုးစားဦးမှာပါ”တဲ့..

မှတ်ချက်...... NHK အစီအစဉ်က နားထောင်မိသမျှကို ပြန်လည် ဖောက်သည်ချတာဖြစ်ပါတယ်...

Reference ဒီနေရာမှာ Matsui အကြောင်း နှင့် ဒီနေရာမှာ အာစရှောယူ အကြောင်း
အရင်ပို့စ်များက...မီဒီယာကြောင့် ကျဆုံးခြင်းလား နပန်းသမားတစ်ယောက်ရဲ့ ရင်ထဲမှာ ရှိပါတယ်..

သူငယ်ချင်းများ အားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာပါစေ.. ပြိုင်ဖက်တွေနဲ့အတူ ဒီထက် ပိုပြီး ကြိုးစားနိုင်ပါစေ... :D
လသာည....ပါ
ဂျပန်ကလေး တစ်ယောက်က လာမေးတဲ့ မေးခွန်း( What am I?) ရဲ့ အဖြေ က River ဖြစ်ပါတယ်။။.. သူ့စာအုပ်က ပုံလေးကိုပါ စကင်ဖတ်ပြီး အမှတ်တရဖြစ်အောင် တင်လိုက်ပါတယ်..။ပထမနေ့က ကိုယ်က မဖြေနိုင်လို့ အဖြေရှာဖို့ ဆွဲတဲ့ပုံကို ပြန်ကြည့်မိတော့ ဆင်ဆင်လေး တူနေတာ တွေ့တယ်။ နော့ တူတယ်ဟုတ် အတင်းတူခိုင်းနေတာ..:Dဒါနဲ့ အော် .. ငါတော်တဲ့တယ်ပါလားလို့ သွားဖြီးပြီး ပြုံးမိသေးတယ်။ ပုံဆွဲကြည့်တဲ့ အိုက်ဒီယာသာ တူသော်လည်း အဖြေကတော့ တန်းမသိခဲ့ပါ။ တတ်နိုင်ဘူးလေ.. သိမှ သိပဲဟာ..

Thursday, February 11, 2010

သိရင်ပြောကြပါ

လာမေးနေတယ် “ငါ ဘာလဲ” တဲ့ ။ သိရင်ပြောကြပါ...

I have two banks.
But I'm not rich at all.
I have a bed.
But I don't sleep at night.
I have a mouth.
But I don't eat anything.
What am I?

ဂျပန်ကလေး တစ်ယောက်က လာမေးတဲ့ မေးခွန်းပါ။
သူက ကိုယ့်ကို အထင်ကြီးပြီး ဥာဏ်လာစမ်း သော်လည်း ကိုယ်က မဖြေနိုင်သောကြောင့် ပုံ ဆွဲပြီး ဒီနေ့ အဖြေရှာ ကြည့်ခဲ့ပါသည်။ သို့သော်လည်း မသိပါ :'(

အိပ်ရာရှိပြီး ညမှာ မအိပ်ပဲ နေသူဆိုတော့ ကိုယ့်ကို စောင်းပြောပြီ လို့ တွေးမိတယ်။ ဘလော့ဖတ်ပြီး လျှောက်လည်၊ ဖေ့ဘွတ်ခ်သွား ပြန်လာတော့ စာကြည့်ချင်ယောင်ဆောင်ပြီး ငိုက်တယ်။ စာကြည့်စားပွဲတင် မိုးလင်းသွားတယ်။ အိပ်ရာတောင် မသွားဖြစ်ဘူး။ ဒါနဲ့ အိပ်ရာမှာ သေချာအိပ်ချိန်က မနက်ပိုင်းတွေပဲ အဖြစ် များလာတယ်။

ဘဏ် ၂ခုပိုင်တယ်။ မချမ်းသာဘူးတဲ့။။ ဒါလည်း စဉ်းစားစရာပဲ.. ဘာလို့လည်းဆိုတော့ ကိုယ်က ဘဏ်အလုံးလိုက်သာ မပိုင်တာ ဘဏ်ကဒ်တွေလည်း လျှောက်လုပ်ထားလို့ လေးခုတောင် ရှိတယ် :D။ လာမချေးနဲ့ ဘဏ်ထဲမှာ ငွေမရှိဘူး။

နောက်မေးခွန်းကလည်း မဟုတ်မှလွဲရော သေချာပေါက် ကိုယ့်ကို ပြောနေတယ်ထင်ပြန်တယ်။ ဟုတ်တယ်လေ.. ပါးစပ်ရှိပြီး မစားဘူးဆိုတော့ ဒါလည်း ငါ့ကို စောင်းပြောင်းသလားလို့ ထင်မိပြန်ရော..။ ပါးစပ်ကြီးရှိသောကြောင့် စားချင်သော်လည်း ဟင်းကောင်းကောင်း မချက်တတ်သောကြောင့် မစားရတာကိုများ ပြောသလားလို့ပါ။ :D ကိုယ်ကတော့ မစားပဲတော့ မနေပါဘူး။ ကောင်းကောင်းမချက်လို့ အစားကောင်းငတ်တာပဲ ရှိတယ်။ ခက်ပြီ...တကယ်ပါ။ ဒီဥာဏ်စမ်းကို လသာည မဖြေတတ်ပါ။ သိသူများ ရှိပါက ကူညီဖြေကြားပေးကြပါ။ သူ့ကို မသိဘူးလို့ ပြန်ပြောရမှာ ရှက်လို့မဟုတ်ပါ။ ကိုယ့်အသက်ကိုယ့် အားနာနေလို့ :P
PLease help..

Wednesday, February 10, 2010

ကြံကြံဖန်ဖန် တွေးခဲ့တယ်

သူဟာ ကလေးဘ၀ကတဲက ဘဲလေးတွေ (ducks)၊ ဘဲငန်း တွေ(geese)ရဲ့ အကြောင်းကို သိပ်စိတ်ဝင်စားခဲ့တယ်။ ဘဲမကြီးရဲ့ဥတွေက ပေါက်လာတဲ့ ဘဲလေးတွေဟာ ဘဲမကြီးနောက်ကို ဘာကြောင့် ချက်ချင်းလိုက်တာလဲလို့ တွေးတွေးပြီး အံ့သြလို့ မဆုံးဘူးတဲ့။ သာမန်ဆိုရင် အံ့သြစရာမှ မရှိတာ။ သူအမေမိုလို့ လိုက်တာပေါ့လို့ တွေးလိုက်ရင် ပြီးသွားမှာပါပဲ။။ သူ့မိဘတွေ ရှင်းပြသလို “ဘဲအမေကြီးရဲ့ မေတ္တာကြောင့်”လို့လည်း သူက မတွေးဘူး..။ သူက ယုတ္တိ ရှိရှိတွေးချင်သတဲ့...

ကလေးအတွေးနဲ့ တွေးပုံက.. ဘဲလေးတွေက ဥထဲကမပေါက်ခင်ကတဲက သူ့အမေကို သူ့အမေမှန်း ဘယ်လိုလုပ်သိသလဲ..? ဘဲအမေကြီးက နို့လည်း တိုက်တာမဟုတ်ဘူး၊ တခြားဘဲမတွေလည်း ရှိရဲ့သားနဲ့ သူတို့က ဒီဘဲအမေကိုပဲ တန်းသိနေတာ ဥထဲကနေများ ချောင်းကြည့်ကြသလား.. စသည်ဖြင့် ခဏခဏ တွေးသတဲ့..
(( ကြံကြံဖန်ဖန်နော် ..း)

နောက်တော့ သူက နောက်ပိုင်းဇီဝဗေဒပညာကို ဆက်လက်လေ့လာရင်း ဒီအကြောင်းကို စမ်းသပ်မှုတစ်ခုလုပ်ပြီး လေ့လာခဲ့တယ်။ ပထမဆုံး ဘဲငန်းဥတွေယူပြီး သူသတ်မှတ်ထားတဲ့ ဘဲမကြီးကို ၀ပ်ခိုင်းတယ်။ ပြီးတော့ သူက အချိန်နဲ့ အမျှ အကောင်ပေါက်တာကို စောင့်ကြည့်ခဲ့တယ်။ ဘဲငန်းလေးတွေ အကောင်ပေါက်တဲ့အချိန် ဘဲငန်းမကြီးကို ဘေးဖယ်ခိုင်းပြီး သူက ဘဲငန်းလေးတွေနားလေးမှာ သွားနေလိုက်တယ်တဲ့..

ရလာဒ်ကတော့ ဘဲငန်းလေးတွေဟာ ဥမှပေါက်ပေါက်ချင်း သူ့ကိုပဲ တွေ့သွားပြီး အဲဒီနောက်တော့ သူ့နောက်ကိုပဲ ဘယ်သွားသွား လိုက်ပါတော့တယ်။
သူ့အမေ ဘဲငန်းကို တွေ့လည်း မသွားဘူး။ ဘယ် ဘဲငန်းမ နောက်မှ သူတို့က မလိုက်ကြတော့ဘူး။ အောက်ကပုံထဲကလိုပေါ့.. (နောက်ပိုင်း စက်ရုပ်ဘဲငန်းနဲ့လည်း စမ်းသပ်ခဲ့သေးတယ်။ ရလာဒ်က အတူတူပဲ။ ဥကပေါက်ပေါက်ချင်း သူတို့ ပထမဆုံးမြင်တဲ့ အရာနောက်က လိုက်တာကို တွေ့ရတယ်။)

ဒါနဲ့ ဘဲငန်းအကြောင်းတော့ သိသွားပြီ။ စမ်းသပ်ချက် အောင်မြင်ပြီဟ ဆိုပြီးတော့ ဘဲ(duck) ကို စမ်းဦးမယ်ဆိုပြီး စမ်းသပ်တယ်။ ဒါပေမဲ့.... ဘဲအလှည့်ကြတော့ သူထင်သလို မဟုတ်ဘူး.. ပုံပါအတိုင်း သူမြင်တိုင်း ထွက်ပြေးသတဲ့လေ။ ဘယ်နှစ်ကြိမ်စမ်းသပ်စမ်းသပ် အမြဲထွက်ပြေးတယ် တဲ့.. ရော်ခက်ပြီ်း)။ဒါနဲ့ သူလည်း ကြံရာမရဖြစ်ပြီး နောက်ထပ် အကြိမ်ကြိမ် စမ်းသပ်တယ်။ နောက်တော့ သူ့ပုံစံကို ပြင်လိုက်တယ်။ ဘယ်လိုပြင်လိုက်သလဲဆိုတော့ ဘဲမကြီး လျှောက်သလို ဘဲကားကားပြီး သွားကြည့်လိုက်တယ်တဲ့..။ ဒီတော့မှ အောက်က ပုံအတိုင်း သူ့နောက်က ဘဲတွေ တကောက်ကောက်လိုက်ကြတော့တာပေါ့း) မိုက်တယ်နော် ဘဲလိုက်တဲ့နည်း :D

သူ့အကြောင်း ဆက်ပြောပြရရင်သူကတော့ နာမည်ကြီး ဇီဝဗေဒ ပညာရှင်လည်းဖြစ်၊ စိတ်ပညာရှင်လည်း ဖြစ်တဲ့ Konrad Lorenz ဖြစ်လာပြီးတော့ child psychologyမှာ အရေးပါတဲ့ 'Imprinting' ဆိုတဲ့ အယူအဆတစ်ခုကို တင်ပြနိုင်ခဲ့ပါတယ်။ (Imprinting'အကြောင်း အရင်ကလည်းပြောဖူးတော့ အကျယ်တော့ ထပ်မပြောတော့ပါဘူး။ 'Imprinting' အကြောင်းကို အများကြီး ဆက်သိချင်ရင် ကလစ်နှိပ်ပြီး ဆက်လက် လေ့လာနိုင်ပါတယ်)

ပြောချင်တာကတော့ ကလေးဘ၀တုန်းက သူသိချင်ခဲ့တဲ့အရာကို ဆက်လက် စူးစမ်းလိုစိတ်နဲ့ ကြံကြံဖန်ဖန် အတွေးတွေဟာ သူ လူကြီးဘ၀ရောက်တော့ သီအိုရီတစ်ခုကို ထုတ်နိုင်စေတဲ့အထိ ဖြစ်စေခဲ့တယ် ဆိုတာပါပဲ။

ပုံထဲမှာ တွေ့တဲ့အတိုင်း သူရေကူးရင် (ဘဲငန်းအမေကြီးနဲ့ သားတွေလိုပဲ ) သူ့နောက်မှာ ဘဲငန်းလေးတွေက တန်းစီ လိုက်ကူးလေ့ရှိတယ်။

သူက သူ့အကြောင်းကို ဒီလိုဆက်ပြောပါတယ်။ သူငယ်ငယ်ကတဲက တိရစ္ဆာန်လေးတွေကို ချစ်တတ်ခဲ့တာဟာ ဇာတ်ကားလေးတစ်ခုရဲ့ လွမ်းမိုးမှုလည်း ပါတယ်လို့ ဆိုပါတယ်။ သူကြည့်ခဲ့တဲ့ကားက စာရေးဆရာမ Selma Lagerlof'ရဲ့ The Wonderful Adventures of Nils ဇာတ်ကား ဖြစ်ပါတယ်။ အဲဒီကားကကြောင့် ငန်းရိုင်း(wild geese)နဲ့ ဌက်တွေကို အများကြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီဇာတ်ကားကို ဂျပန်နိုင်ငံက ကာတွန်းကား (anime movie) အဖြစ်ပြန်ရိုက်ထားပါတယ်။

လသာည
မူရင်း- A mother to Birds- Konrad Lorenz ဖြစ်ပြီး ဓါတ်ပုံများကို ၎င်းစာအုပ်မှပဲ စကန်ဖတ်ထားတာဖြစ်ပါတယ်။

..................................................................................................................
မှတ်ချက်-- ဇာတ်ကားကို အောက်မှာ အမြည်းသွားကြည့်နိုင်ပါတယ်။ အဲ.. သံဃောဇဉ်ကြီးတတ်သူများ ပုဝါလေးဆောင်ပြီးမှ ကြည့်ဖို့တော့ မှာချင်တယ်။ အားတဲ့အခါ သွားကြည့် တကယ်ကောင်းတယ်။။ :).ဒီနေရာနဲ့ဒီနေရာမှာ ဇာတ်လမ်းလေးကို အမြည်း ကြည့်နိုင်ပါတယ်။ အကုန်တော့ မပါဘူး။

Monday, February 8, 2010

ပျင်းဖို့ မဖြစ်နိုင်ဘူး

၁၉၅၀ လောက်တုန်းကပေါ့။ ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံ သုသေသန လုပ်ငန်းတွေမှာ ခေတ်စားတဲ့ သုတေသနတစ်ခု ရှိခဲ့တယ်။ သူတို့က သတင်းစာမှာ သုတေသနတစ်ခုအကြောင်းကို ကြော်ငြာခဲ့ပြီး ပါဝင်လိုသူတွေကို ဖိတ်ခေါ်ခဲ့တယ်။ ကြော်ငြာကို ဖတ်ပြီး လူတော်တော်များများဟာ အံ့သြသွားကြတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီသုတေသနမှာ ပါဝင်စမ်းသပ်ခံမယ်ဆိုရင် “စားချင်တာ ကျွေးမယ်၊ အိပ်ချင်တဲ့ အချိန် ပေးအိပ်မယ်၊ အလုပ်လည်း မလုပ်ရဘူး၊ ကုတင်တစ်လုံးပေါ်မှာ အိပ်နေရုံပဲ” လို့ တရားဝင်ကြေငြာလို့ ဖြစ်တယ်။ နောက်ပြီး စမ်းသပ်ခံတဲ့အတွက် ဆုငွေများများလည်း ပေးဦးမယ်လို့ ဆိုပါတယ်။ အိုး.. ပျော်စရာကြီးပါလား.. ဒီလောက်ပဲ ရက်ရောတဲ့ သုတေသနက ဘာကိုများသုတေသန ပြုမလို့ပါလဲလို့ လူတိုင်းတွေးတောကြတယ်။

မျှော်လင့်တဲ့အတိုင်း လူတော်တော်များများက စိတ်ဝင်စားကြတယ်ဆိုပါတော့။ အလုပ်မလုပ်ပဲ အစားလည်း စားလို့ရမယ်၊ အိပ်ချိန်လည်း အိပ်လို့ ရမယ်၊ ပိုက်ဆံလည်း ရဦးမယ်ဆိုတော့ တော်တော်လေးကို မက်မောစရာဖြစ်နေတယ်လေ..။ ဒီလိုနဲ့ သုတေသနမှာ အစမ်းသပ်ခံပါဝင်မယ့်သူတွေကို ရွှေးချယ်ပြီး ဆုငွေအရင်ပေးပါတယ်။
Photo from http://scienceblogs.com/
သုတေသန စမ်းသပ်မှုမှာ အခန်းတစ်ခုထဲမှာ ကုတင်တစ်ခုပေးထားပြီး သူဆာတဲ့အချိန် စားချင်တာကို စားနိုင်အောင် ၊ အိပ်ချင်တဲ့ အချိန် အိပ်နိုင်အောင် စီစဉ်ပေးတယ်။ အိမ်သာကိုလည်း သွားနိုင်အောင် စီစဉ်ပေးထားတယ်။ ဒါပေမဲ့ တခြား အာရုံခံစားမှုတွေ မရှုပ်အောင် ပုံထဲက အတိုင်း မျက်လုံးကို အ၀တ်စည်းပြီး နားကို U ပုံသဏ္ဍန် နားကြပ် အ၀တ်ဖုံးပေးခဲ့တယ်။ (အဲဒီနည်းကို စိတ်ပညာမှာ sensory deprivation လုပ်တယ်လို့ ခေါ်တယ်၊ ) ။ ဒီလိုနဲ့ သုတေသနကို စတင်ခဲ့တယ်။

ပထမပိုင်းမှာ စမ်းသပ်ခံသူဟာ သူစားချင်တာတွေကို စိတ်ကြိုက်စားနေရတဲ့ အတွက် အရမ်းကို ပျော်ရွှင်နေခဲ့တယ်။ ပျော်ရွှင်စွာ စားလိုက်သောက်လိုက်၊ တစ်ယောက်တည်း စကားတွေ ပြောလိုက်၊ သီချင်းဆိုလိုက် နေနေခဲ့ပေမယ့် ၂ ရက် ၃ ရက်ကြာလာတော့ သူဟာ ပျင်းလာတယ်။ ပိုက်ဆံမရလည်း နေပါစေတော့ ပြန်တော့မယ်လို့ တောင်းဆိုခဲ့တယ်တဲ့။ ဒါပေမယ့် စာချုပ်အရ ဆက်နေရမှာ ဖြစ်လို့ သူဟာ ပြန်ခွင့် မရခဲ့ပါဘူး။

ဒီလိုနဲ့ ပထမနည်းအတိုင်း ဆက်ထားလိုက်တဲ့အခါ ရက်နည်းနည်းကြာလာတော့ သူဟာ လွယ်ကူတဲ့ အပေါင်းအနှုတ်လေးကိုတောင် မှန်အောင် မတွက်နိုင်အောင် ဖြစ်လာခဲ့တယ်။ ဒီနောက်တော့ သူဟာ ၀ိညာဉ် အကြောင်းလိုမျိုး လက်ရှိနဲ့ ကင်းကွာတဲ့ စကားများကို သာ ပြောဆိုလာခဲ့တယ်။ နောက်ဆုံးမှာတော့ သူရဲ့ယခင် ပုံမှန်အခြေအနေကို လုံးဝပြန်မရောက်နိုင်တဲ့ အခြေအနေထိ ကျရောက်သွားခဲ့တယ်။ နောက်ပိုင်းတော့ ထိုသုတေသနလုပ်ငန်းကို တရားဝင် အမိန့်ထုတ်တားဆီးခဲ့ရပါတော့တယ်။ (အဲဒီနည်းဟာ တကယ်တော့ လူသားတစ်ဦးရဲ့ ဦးနှောက်ကို ဆေးပစ်တဲ့နည်းတစ်နည်းဖြစ်လာခဲ့တယ်။ )

အလုပ်မလုပ်ပဲ ခန္ဓာကိုယ်ကို အနားပေးတာဟာ ယာယီမှာ ခန္ဓာကိုယ်ရဲ့ အင်အားကို ဖြေ့ဆည်းပေးရာရောက်သလို၊ စိတ်ပိုင်းဆိုင်ရာအားအင်ကိုလည်း ပြည့်ဝစေပါတယ်။ ဒါပေမဲ့ ၂ရက်ထက်ပိုလာရင် သိပ်မကောင်းပါဘူး။ တောက်လျှောက် အခုလို အနားယူနေရင်တော့ စိုးရိမ်သောကတွေများခြင်း၊ ကိုယ့်အရိပ်နဲ့ကိုယ်ခြောက်ခြားခြင်း၊ ယုတ္တိမဲ့ အတွေးတွေ များလာခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း နှင့် နောက်ဆုံးမှာ သေဆုံးသည့်အထိ ပြင်းထန်စေနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် တခါတလေ ကျွန်မတို့တွေဟာ အိပ်လိုက်စားလိုက်နေချင်တယ်၊ ပျင်းတယ်၊ အလုပ်မလုပ်ချင်ပါဘူးလို့ အော်ဖြစ်ပေမယ့် အဲလိုချည်း နေလို့မရဘူး၊ ပျင်းဖို့ မဖြစ်နိုင်ဘူး ဆိုတာ ဒီသုတေသနက သက်သေပြနေတယ်ပေါ့.. လူသားတွေဟာ အိပ်ခြင်းစားခြင်းအပြင် အခြား လိုအင်တွေ (အာရုံခံစားမှုတွေ)လည်း လိုအပ်သေးတယ်မဟုတ်လား... ..နောက်ပြီး ပြင်ပလိုအင်အနေနဲ့ .. တစ်ခုခု မလုပ်ရရင် ရူးသွားမှာပဲ ဆိုတာမျိုးက လူတကိုယ် လိုအင်တမျိုးမဟုတ်ပါလား။ သိပ္ပံပညာရှင် နယူတန်ဟာ တနေ့ကို စမ်းသပ်မှုတစ်ခုမလုပ်ပဲ မနေနိုင်ဘူးတဲ့။ ကျွန်မကတော့ ဒီပို့စ်လေးကို ဒီနေ့တင်လိုက်ရတဲ့အတွက် လိုအင်တစ်ခု ပြည့်သွားပါပြီ။ နောက်ကော်ဖီလေးသောက်၊ စာလေးဖတ်.....:D
လသာည.. ဖြစ်ပါတယ်။

မှတ်ချက်။ ။Sensory deprivation ဆိုတာကတော့ လူသားတို့ရဲ့ အာရုံငါးပါးခံစားမှုထဲက ခံစားမှုတစ်ခုသို့မဟုတ် အားလုံးကို ဖယ်ရှားပြီးနေနည်းကို ဆိုလိုတာပါ။ သုတေသနအကြောင်းကို စိတ်ဝင်စားသူများ အောက်ကနေရာတွေမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
Reference-
http://en.wikipedia.org/wiki/Sensory_deprivation
http://www.enspirepress.com/hypnosis_information_articles/sensory_deprivation/sensory_deprivation.html

Sunday, February 7, 2010

ဘ၀ထဲက ကစားနည်း တစ်ခု

တို့ မင်းကို ကစားနည်းတစ်ခုပြောပြချင်တယ်။ ငယ်ငယ်တုန်းက တို့အဖေက ကာတွန်း ၀ထ္ထု အိမ်ပေါ်တင်ရင် ဓါးနဲ့ ခုတ်ပစ်မယ်တဲ့ အမြဲကြိမ်းဝါးခဲ့တယ်။ ဒါပေမဲ့ အဖေက ကျားပြေးတာ (ကျားကစားတာကို ကျားပြေးတာလို့ တို့ဆီမှာခေါ်တယ်) ကိုတော့ သင်ပြပေးခဲ့တယ်။ အဖေက သမီးတွေထဲမှာ ကျားပြေးတာ အထူးချွန်ဆုံးဖြစ်တဲ့ တို့နဲ့ အချိန်ရသမျှ မီးခွက်ထွန်းပြီး ညည့်နက်သန်းခေါင် ကျားပြေးကူပေးခဲ့တယ်။

အဖေဟာ မှတ်ညဏ်တော်တော် ကောင်းပြီး ဘ၀အတွက် တွက်ချက်တာတွေ ထူးချွန်တဲ့ ယောကျာ်းတစ်ယောက်လည်း ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကံကြမ္မာနဲ့ ကျားပြေးပွဲတော့ အဖေ မနိုင်ခဲ့ဘူး။ စောစောစီးစီး ကွယ်လွန်သွားခဲ့တယ်..။

ဒါနဲ့ ဆက်ပြောရရင် အဖေနဲ့တို့ ကျားပြေးကစားရင်း တဖြေးဖြေးနဲ့ တို့ ကျားပြေးကျွမ်းကျင်လာခဲ့တယ်။ နောက်ဆုံးတော့ တို့က ရှုံးတယ်ဆိုတာ မရှိတော့လောက်အောင်ကို တော်လာခဲ့တယ်ပေါ့။ အဖေကိုလည်း နိုင်ခဲ့တယ်။ ဘကြီးတို့ ရွာက ကျားပြေးအတော်ဆုံး ယောက်ျားကြီးကိုလဲ နိုင်ခဲ့တယ် :D။ (တို့ တော်တယ် မဟုတ်လား :D)

တို့လေ မိန်းခလေးဖြစ်ပေမယ့် စစ်တုရင် ကစားတာကိုလည်း ကြိုက်တယ်။ စစ်တုရင် ကစားချင်ပေမယ့် စစ်တုရင်ခုံကို မ၀ယ်နိုင်တဲ့ ဆင်းရဲသားတွေကတော့ ကျားပဲပြေးရတာပေါ့ ကွာ။ (အခြေအနေပေးရင် စစ်တုရင်ကစားတာ သင်ဦးမယ်လို့ တွေးထားတယ်။ အခုထိ စိတ်မလျှော့သေးဘူး :D)

ကျားပြေးတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။ မင်းသိတဲ့အတိုင်း ကစားပွဲမှာ ကိုယ်နိုင်ဖို့အတွက် ကိုယ့်ဘက်က ထိုးကျွေးပစ်ခဲ့ရတာတွေရှိခဲ့တယ်၊ သူများအကောင်ကို များများ စားပစ်နိုင်ဖို့ ဂွင်ကို( အခွင့်အရေးကို) စိတ်ရှည်ရှည် စောင့်ဆိုင်း ဖန်တီး အကွက်ချရတယ်။ တခါတခါ တောက်လျှောက် ထိုးကျွေးပစ်ရတာတွေတောင် ရှိတယ်။ တခါတလေ တစ်ဖက်လူ သုံးကောင်၊ ကိုယ့်ဘက်က တစ်ကောင်တည်းနဲ့ သရေကျအောင် အတင်းကစားရတာလည်း ရှိတယ်။

ပြီးတော့ ကိုယ့်တကယ့် ရည်ရွယ်ချက်ကို တစ်ဖက်လူ မသိရလေအောင် ပါးနပ်စွာ အကွက်တွေ ရွှေ့ထားရတာလည်း ရှိတယ်။ အရေးမပါတဲ့ အကွက်တွေကို ကြေငြာထားပြီး များများ ရွှေ့ပေးနေရတာတွေ လည်း ရှိတယ်။ ကိုယ့်အကွက်ကို လူသိရင် ကိုယ်အဖျက်ခံရမယ်လေ ဟုတ်တယ်မို့လား သူငယ်ချင်းရာ..

အင်း...ကြာခဲ့ပါပြီ..။ ဆယ်ကျော်သက်ဘ၀က ကစားခဲ့တာတွေပါ။ ဒါပေမဲ့ အဲဒီကစားနည်းက တို့ဘ၀ကို တောက်လျှောက် လွှမ်းမိုးခဲ့တယ်။ အဲဒီကစားနည်း နဲ့ ဆင်းရဲဒဏ်ကို ကြံ့ကြံ့ခံခဲ့တယ်၊ ဝေဖန်မှုတွေကို မတုန်မလှုပ် ရင်ဆိုင်ခဲ့တယ်။ လောကဓံနဲ့ ကစားရတဲ့ ဘ၀ ကစားပွဲမှာ ကိုယ်နိုင်ဖို့ အချိန်တွေကို ထိုးကျွေးခဲ့ ရတယ်။ ရလာတဲ့ အခွင့်အရေးတွေတိုင်း မဆိုင်းမတွ သုံးလေးကောင် တခါတည်း စားနိုင်အောင် အတိအကျ ပြင်ဆင်ထားခဲ့ရတယ်။ စိတ်ရှည်စွာ စောင့်ဆိုင်းနေရတာတွေလည်း အများကြီး ။ စောင့်ဆိုင်းစဉ်မှာ လူမသိရလေအောင် အခြားအကွက်တွေ ရွှေ့ပေးနေရတာတွေလည်း အများကြီးပေါ့ ။

ဟားဟား လောကကြီးက ရယ်ရတယ်သိလား..။ကျားကစားပွဲမှာ နိုင်တုန်းက တော်တယ်လို့ ချီးကျူးခံရပေမယ့် (ကလေးမို့လို့ ထင်တယ်) ဘ၀ကစားပွဲမှာနိုင်သွားတော့ “ကံကောင်းလို့”လို့ အမည်တတ်ခံရတယ် :D ကိုယ်ဘယ်လို လိုက်ရှင်းနေနိုင်မလဲ..။ လောကဓံနဲ့ ပြိုင်ပွဲမှာ ကိုယ်နိုင်ဖို့ အဓိကပဲ မဟုတ်လား.. နော်။

တို့ အခု ပညာသင်နေချိန် ထားတဲ့ နံပါတ်တစ် ရည်ရွယ်ချက်က ကျမ်းကိုပီပီပြင်ပြင် ရေးနိုင်ဖို့၊ နံပါတ်နှစ်က အပြည်ပြည်ဆိုင်ရာ ဆင်ပိုဇီယမ်တွေမှာ အခုအတိုင်း ဆက်တက်ခွင့်ရဖို့ပဲ။ ဂျပန်က ပိုက်ဆံရှိပေမဲ့ အပြည်ပြည်ဆိုင်ရာ ဆယ်မီနာတွေမှာ သူတို့တွေဟာ များသောအားဖြင့် ကမ္ဘာနဲ့ မရောနိုင်ကြဘူး။ သီးသန်တွေ ဖြစ်နေတတ်ကြတယ်။ (ဘာသာရပ်အားလုံးကို မဆိုလိုပါဘူး၊ အများအားဖြင့် ပြောတာ)။ သူတို့ရဲ့ အင်္ဂလိပ်စာ အားနည်းချက်ကြောင့်တင်မက သူတို့က မလွှတ်ပစ်လိုက်ချင်တဲ့ တယူသန်သဘောထားတွေ၊ အယူအဆတွေကြောင့်လည်းပါမယ် ထင်တယ်။

အခွင့်အရေး ရတုန်း အပြည်ပြည်ဆိုင်ရာ ဆင်ပိုဇီယမ်တွေအထိ အမြဲဆက်တက်နေနိုင်ဖို့ တို့က အများကြီး ကြိုးစားရဦးမယ်။ အများကြီး နားလည်စရာတွေလိုသေးတယ်။ ဘာသာစကား ကို မွှတ်ညက်နေအောင် လုပ်ထားရမယ့်အပြင် နိုင်ငံတကာ ဗဟုသုတတွေလည်း သိုမှီးရဦးမယ် မဟုတ်လား။ ပြီးတော့ အပြည်ပြည်ဆိုင်ရာ ဆင်ပိုဇီယမ်မှာ တက်ပြောတဲ့အချိန် စမတ်ကျနေရမယ့် လေဒီ တစ်ယောက်ရဲ့ အပြုအမူ ဟန်ပန်၊ အသုံးအဆောင် တွေနဲ့ ရင်းနှီးအောင်လည်း လုပ်ရဦးမယ်လေ။ ဟားဟား ဟေ့ကောင်..မင်း ရယ်နေတာလား.:P . မရယ်နဲ့နော် ဒါလည်း တကယ်အရေးကြီးတာကို မင်း သိမှာပါ..။

နောက်ပြီး စိတ်နှလုံးကို လဲ ပြင်ဆင်ရဦးမယ်။ စိတ်ကောင်းထားတတ်ဖို့၊ ဘ၀င်မမြင့်တတ်ဖို့၊ အလားတူ မသိမ်ငယ်တတ်ဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့၊ သူတပါးကို မနှိမ်တတ်ဖို့၊ သူတပါးက နှိမ်လာတာကိုလည်း ပညာဖြင့် ရင်ဆိုင်တတ်ဖို့၊ တတ်နိုင်သ၍ အကောင်းမြင်တတ်ဖို့ စတာတွေ.. (စိတ်နှလုံးကို ပြင်ဆင်တာ ပိုကြာတယ်မဟုတ်လား..။)

ကံနဲ့တော့မကစားရဲပါဘူး သူငယ်ချင်းရယ်။ ကံပေးလာတာကို အလိုက်သင့်လေး ပြေးလိုက်ရင်း လောကဓံနဲ့ ကျားပြေးတမ်း ကစားနေရုံလေးပါ။ အော်.. လိုရင်း မေ့တော့မလို့၊ ဇူးဇူးလေးကိုလည်း အခုကတဲက စစ်တုရင်ပြေးနည်းလေးကိုတော့ သင်စေ့ချင်တယ်ကွာ။ မင်းတတ်သ၍ သင်ပေးလိုက်ပါ..

ကြိုးစားကြပါစို့.. ချစ်တဲ့ မင်းရဲ့ သူငယ်ချင်း ( .............)

မှတ်ချက်..။သူငယ်ချင်းက ပေးစာလေးပါ..။ သူပြောနေပုံလေးက ချစ်ဖို့လည်းကောင်း၊ အားကျဖို့လည်းကောင်း၊ ကိုယ့်ကိုလည်း အားတက်စေတဲ့ အတွက် သူစာကို အနည်းငယ်တည်းဖြတ်ပြီး ပို့စ်အဖြစ်တင်ပြီး အမှတ်တရ သိမ်းလိုက်ပါတယ်..။

Friday, February 5, 2010

မီဒီယာကြောင့် ကျဆုံးခြင်းလား

မွန်ဂိုလူမျိုး ဆူမို နပန်းသမား အာစရှောယူဟာ မနေ့က ဆူမိုလောက ကနေ အနားယူလိုက်ရပါတယ်။ဒီနေ့ ဂျီတော့မှာ သူငယ်ချင်းတစ်ယောက်က "Without you, sumo is so boring for me" လို့ တင်ထားတာ တွေ့ရတယ်။ ဟုတ်တယ် ကျွန်မလည်း အတူတူပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူရဲ့ ကြိုးစားမှု၊ ခံနိုင်ရည်၊ စတာတွေကို တအားကို သဘောကျနေမိလို့ပါ။

စိတ်မကောင်းစရာပါ။ ဆူမိုလောကက သူ့ထွက်သွားရတဲ့ အကြောင်း ပြောပြရရင်(နည်းနည်း ရှည်မှာမို့ ပျင်းရင်ဆက်မဖတ်နဲ့နော် :) ပြီးခဲ့တဲ့ ဆူမိုပြိုင်ပွဲမှာ ၂၅ ကြိမ်မြောက် ချန်ပီယမ်ဆုကို ရရှိပြီးတော့ ဂုဏ်ယူဝမ်းသာစွာ ပြုံးနေတဲ့ အပြုံးလေး မဆုံးခင်မှာ သတင်း တစ်ခုက ထွက်လာခဲ့တယ်။ ချန်ပီယမ်ဆုအတွက် သူ့ကိုသဘောကျတဲ့ သူ့ပရိတ်သတ်က စားသောက်ဆိုင်မှာ ဂုဏ်ပြုကြတဲ့ပွဲမှာ အာစရှောယူက မူးပြီး ဂျပန်တစ်ယောက်ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တာ ထိုသူက နှာခေါင်းရိုးကျိုးသွားတယ်ဆိုတဲ့ သတင်းပါ။

သတင်းအစတုန်းက ဆိုင်မန်နေဂျာနဲ့ ဖြစ်တယ်လို့ သတင်းစထွက်ခဲ့ပေမယ့် ဆိုင်မန်နေဂျာက အဲဒီသတင်းမဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့သလို အာစရှောယူရဲ့ အဖော်တွေကလည်း မဟုတ်ပါဘူးလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ သတင်းအစအနကို ရတဲ့ ဂျာနယ်တွေ၊ တီဗွီသတင်းစာဆရာတွေက အဲဒါကို အစအနကို အကြောင်းပြုပြီး သတင်းတွေထည့်ပါတယ်။ ဝေဖန်ပါတယ်။ ချန်ပီယမ်တစ်ယောက် လုပ်သင့်တဲ့အလုပ် မဟုတ်ဘူးဆိုပြီး ကြေငြာကြပါတော့တယ်။

ဒါနဲ့ အာစရှောယူက “ကျွန်တော် မလုပ်ပါဘူး။ မန်နေဂျာကလည်း မဟုတ်ဘူး ပြောနေတာကို ဘာကြောင့် ဒီလိုသတင်းထွက်သလဲ”လို့ ပြန်ချေပါတယ်။ အဲဒီစကားကို တီဗွီသတင်းထဲမှာ ထုတ်လွှင့်ပါတယ်။ ပြီး မကြာပါဘူး၊ ထိုနေ့ည သတင်းမှာပဲ “လူတစ်ယောက်က ရဲစခန်းတစ်ခုကို လာတိုင်ပါတယ်။ အာစရှောယူက အနိုင်ကျင့်ထိုးသူဟာ မန်နေဂျာမဟုတ်ပါဘူး၊ ကျွန်တော့်ကိုပါ။ ကျွန်တော် နှာခေါင်းရိုးကျိုးသွားလို့ ဆေးရုံမှာ ရ-ရက်လောက်နေရမှာပါ။ အာစရှောယူကို အရေးယူပေးပါ လို့ ပြောသွားပါတယ်” လို့ အစဟိ သတင်းစာက စကြေငြာပါတော့တယ်။

ဒီမှာတင် တီဗွီသတင်းစာ၊ ဂျာနယ်အားလုံးက “ဒီလို အနိုင်ကျင့်တတ်သူ၊ ဆူမိုတို့ထားအပ်တဲ့ အကျင့်သိက္ခာမရှိသူ အစရှောယူ”ကို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်၊ ထုတ်သင့်တယ် စသည်ဖြင့် ရေးသားပါတော့တယ်။ သူတို့အားလုံးက ဒီလိုပြောနေပေမယ့် လာတိုင်သူဟာ ဘယ်သူ၊ ဘယ်ဝါ ဖြစ်ပြီး ဘယ်လိုဘယ်ပုံ ဖြစ်တယ်ဆိုတာတွေက ပြသတာမရှိခဲ့ပါဘူးတဲ့။ အမြဲတမ်း တစ်ခုခုဆို အသေးစိတ် တင်တတ်တဲ့ ဂျပန်မီဒီယာတွေဟာ အခုတစ်ခါ ဘာကြောင့်များ အခုလို မတင်ပြတာလဲလို့ အာစရှောယူရဲ့ ပရိတ်သတ်တွေ သံသယဖြစ်နေချိန်မှာပဲ.. အာစရှောယူကို ဆူမိုအဖွဲချူပ်က တရားဝင် ခေါ်ဆွေးနွေးဖို့ ဖြစ်လာခဲ့တယ်။

တိုက်ဆိုင်ချင်တော့ ဆူမိုအဖွဲချူပ်ကလည်း လူကြီးအပြောင်းအလဲ ဖြစ်တယ်။ အရွေးခံရတဲ့ လူကြီးအသစ်က “ဆူမိုလောကကို မတရားမှုမရှိအောင် သန့်စင်သွားမယ်”လို့ ကြိမ်းဝါးတက်လာသူပါ။ လူကြီးဖြစ်ပြီး နောက်၂ ရက်အကြာမှာ (ခုံရုံးဖွဲ့ပြီး )အစည်းအဝေးလုပ်လို့ အာစရှောယူကို ခေါ်ယူစစ်ဆေးပါတော့တယ်။ သတင်းသမားတွေကလည်း တန်းစီလို့..။ သူက ကျွန်တော်မလုပ်ဘူးဆိုတဲ့ စကားတစ်ခွန်းကလွဲလို့ မပြောခဲ့ပါဘူး..။

ဒါပေမယ့် စည်းဝေးပွဲမှာ “.. အခုမလုပ်ဖူးမငြင်းနဲ့ အရင်ကလည်း ဒီလိုပဲ ပြဿနာတွေရှာခဲ့တယ်၊ မင်းဟာ ဆူမိုလောကကို နာမည်ဖျက်သူပဲ” ဆိုပြီး (ခုံရုံးအဖွဲ့ဝင်)ဆူမိုလူကြီးအများစုက တင်လိုက်တာ အာစရှောယူက ရှာခဲ့တဲ့ ပြဿနာပေါင်းက ၁၀၀ကျော်တဲ့။ အဲဒီနောက်တော့ စည်းဝေးပွဲကို ခဏ breakပေးပြီး လူဆိုး အာစရှောယူကို ပြစ်ဒဏ်ပေးဖို့ ဆူမိုလူကြီးတွေ ဆက်လက် စည်းဝေးကြတယ်လို့ ဆိုပါတယ်။ နောက်တကြိမ် စည်းဝေးပွဲပြန်စတော့ အာစရှောယူကပဲ “ကျွန်တော်.ဆူမိုလောကကနေ အနားယူပါတော့မယ်။ ကျွန်တော့်ကြောင့် ဖြစ်ခဲ့ရတဲ့ ပြဿနာအားလုံးအတွက် ကျွန်တော် တောင်းပန်ပါတယ်”လို့ ပြောလိုက်ပါတော့တယ်။

ဖြစ်ရလေ... ဆူမိုသူရဲကောင်းရယ်.. အများနဲ့ တစ်ယောက်ပွဲမှာ မင်းအရှုံးပေးလိုက်ပြီလား....

သတင်းကြားကြားချင်း သူ့ကို ချစ်တဲ့ ပရိတ်သတ်က ငိုပါတော့တယ်။ အဲဒီနေ့ စည်းဝေးပွဲ ခန်းမထဲက အထွက်မှာ သတင်းစာသမားတွေနဲ့ တွေ့တော့ သူမျက်နှာ ဟာ မထင်ရလောက်အောင် တည်ငြိမ်နေခဲ့တယ်။ အေးအေးဆေးဆေးပဲ ဒီလို ဖြေခဲ့တယ်။

Q: ဘယ်အချိန်ထဲက ဆူမိုကို နှုတ်ထွက်ဖို့ စဉ်းစားသလဲ? (မေးခွန်းရဲ့ အဓိပ္ပါယ်က မဖြေတတ်ရင် အပြစ်ထက်ဖြစ်နိုင်သေးတာ တွေ့နိုင်တယ်)

Asashoryu: စည်းဝေးပွဲခန်းထဲမှာ အများရဲ့ အမြင်ကို ကြားပြီးကတဲကပါ။

Q: ခင်ဗျား ဘာတွေ ဖြေခဲ့သလဲ

A: ကျွန်တော် မရိုက်ပါဘူး။ ကျွန်တော်က လူမှန်းမသိအောင် မူးနေလို့ မသိဘူးဆိုတဲ့ စွတ်စွဲချက်အတွက် ကျွန်တော် ဘာမှမပြောခဲ့ပါဘူး။ နောက်ပြီး အခု နှုတ်ထွက်ခဲ့တဲ့ ကိစ္စမှာ “ကျွန်တော်က ထိုလူကို ရိုက်လို့ မရိုက်လို့ ဆိုတာထက် “ကျွန်တော် က အများကို ဒုက္ခပေးခဲ့တဲ့၊ အများကို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေ”အတွက် တောင်းပန်စကားကို ပဲ ပြောခဲ့ပါတယ်။ ဖြစ်ရပ်များစွာကို လူကြီးတွေကပဲ တင်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီလောက် ဖြစ်ရပ်တွေအတွက် ချန်ပီယမ် တစ်ယောက်အနေနဲ့ ကျွန်တော် တာဝန်ယူသင့်တယ် မဟုတ်လား

Q: ဒီနေ့ ဆူမိုလောကကို နားမယ်လို့ ကြိုတွေးမိထားသလား?

A: မတွေးထားမိပါဘူး။ ဒါပေမယ့် အစည်းအဝေးပွဲ ခဏနားချိန် ကျွန်တော် အလွန်ပဲ စိတ်ထိခိုက်နေတာတော့ ဖြစ်သွားပါတယ်။ ဒီအစည်းအဝေးပွဲ ပြန်စရင် နောက်ထပ် ဘာတွေကြားရပြီး ဘာတွေ ပြောကြဦးမလဲ၊ ဘာတွေ ဆုံးဖြတ်ကြဦးမလဲလို့ စိတ်ချောက်ခြားခဲ့ရပါတယ်။ တကယ်တော့ တကယ့်ဖြစ်ရပ်နဲ့ သတင်းလောကဖြစ်ရပ်တွေကြားက ကွာခြားမှုတွေရှိနေတာ သေချာသလောက်ဖြစ်နေတယ်လေ..။ ဒီတော့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် နှုတ်ထွက်လိုက်တာ အားလုံးအတွက် အကောင်းဆုံးပဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒီလိုနေ့ဟာတချိန်ချိန် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် တွေးခဲ့ပြီးသားပါ။

Q: တကယ့်ဖြစ်ရပ်နဲ့ သတင်းလောကဖြစ်ရပ်တွေကြားက ကွာခြားမှုဆိုတာ ဘာပါလဲ?

A: ကျွန်တော် အနေနဲ့ ပြောဖို့ ခက်ပါတယ်..။

Q: အခုလို ဆုံးဖြတ်ချက်ချပြီးနောက် ခင်ဗျားဘယ်လို ခံစားရပါသလဲ?

A: ဒီလိုနေ့ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တွေးထားပေမယ့် ဒီလိုနည်းနဲ့ ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ချတဲ့ ဆုံးဖြတ်ချက်အတွက် ကျွန်တော် တာဝန်ယူပါတယ်။

Q: ခင်ဗျားဆုံးဖြတ်ချက်ကို ခင်ဗျား ကျေနပ်ပါသလား?

A: အမှန်အတိုင်း ပြောရရင် ကျွန်တော့်မှာ စိတ်ထိခိုက်မှုတွေ များလှပါပြီ။ အဲဒီလိုဘ၀က ခဏအနား ယူချင်နေပါပြီ။.

Q: နပန်းသမားတစ်ယောက်အနေနဲ့ ခင်ဗျားလုပ်ခဲ့တာတွေကို ခင်ဗျား ဘယ်လိုတွေးပါသလဲ?

A: ကျွန်တော်ကတော့ နပန်းသမားဘ၀ကို နှစ်သက်ပါတယ်။ လူအများကလည်း ကျွန်တော့်ကို နပန်းသမားအဖြစ်မြင်ခဲ့တယ်ဆိုရင် ကျွန်တော်ပျော်မှာပါ။

Q: ခင်ဗျားအတွက် ဆူမိုလောကက ဘယ်လိုအခန်းကဏ္ဍမှာ ရှိပါသလဲ?

A: ကျွန်တော့်ရဲ့ ဆရာ (အုပ်ထိန်းသူ Oyakata) က ဖုန်းဆက်ပြီး ကျွန်တော့်ကို လှမ်းခေါ်လိုက်တဲ့နေ့က စပြီး ဆူမိုလောကကို ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့ကျေးဇူး၊ အများကြီး ရှိပါတယ်။ လမ်းတွေအများကြီး လျှောက်နည်း အသွယ်သွယ်ကို သူသွန်သင်ခဲ့တာပါ။ စည်းဝေးပွဲခန်းမထဲမှာလည်း ကျွန်တော့်ဘေးမှာ သူလာထိုင်ပေးနေသလို တွေးမိရင် ကျွန်တော်တကယ် အားရှိပါတယ်။ (တကယ့်တော့ အဲဒီအချိန်က အာစရှောယူကို သဘောကျသူတွေ မပါဝင်တဲ့ ဆွေးနွေးပွဲကို လုပ်ခဲ့ကြတာပါ. (စကားချပ်)နောက်ပြီး ကျွန်တော်မှာ ကျေးဇူးတင်စရာလူတွေ များပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

တကယ်တော့ ဘ၀ဆိုတာ တကယ်တော့ ရှည်လျားပါတယ်။ ကျွန်တော် အခု အသက် ၂၉ထဲမှာပါ။ ကျွန်တော်ဘ၀အတွက် ကျွန်တော်ကတော့ ဆက်လက်ကြိုးစားနေဦးမှာပါပဲ။ ဘာတွေကြုံဦးမလဲဆိုတာထက် ဘာတွေဖြစ်လာဦးမလဲ ဆိုတာကို ပျော်ပျော်တွေးပြီး ကျွန်တော့်ရဲ့ ဘ၀တစ်ဆစ်ချိုးကို ကျွန်တော်ခွန်အားရှိသ၍ ကြိုးစားသွားမှာပါ။

Q: ဆူမိုဘ၀မှာ ခင်ဗျားရင်ထဲ အကျန်ဆုံးဖြစ်ရပ်ကလေးတစ်ခုလောက်ပြောပြပါ။

A: ကျွန်တော် ကျွန်တော့်မိဘ ၂ပါးလုံး ရှေ့မှာ..(အာစရှောယူဟာ ဒီနေရာမှာ မျက်ရည်ဝဲလို့ ၃၀စက္ကန့်လောက် စကားမပြောနိုင်အောင်ဖြစ်သွားပါတယ်).တဖက်ချန်ပီယမ်ကို အနိုင်ယူပြနိုင်ခဲ့တဲ့နေ့.ကျွန်တော် ပထမဆုံး ချန်ပီယမ်ဖြစ်တဲ့နေ့ ပါ။။ (၂၀၀၄က နာဂိုရာပြိုင်ပွဲစဉ်ပါ)

ကျွန်တော်က ရိုက်ခဲ့တဲ့ ဆိုတဲ့ ဒဏ်ရာရသူကိုရော၊ ကျွန်တော့်ကြောင့် စိတ်ညစ်ခဲ့ရသူအားလုံးကို၊ နောက်ပြီး ကျွန်တော်ကို ချစ်ပြီး ကျွန်တော်ကို အားပေးခဲ့တဲ့ ပရိတ်သတ်အားလုံးက ကျွန်တော့်အတွက် စိတ်ခံစားခဲ့ရတာတွေအားလုံးကို ခွင့်လွှတ်ဖို့ ကျွန်တော် တောင်းပန်ပါတယ်။ အားပေးခဲ့တဲ့ ကျေးဇူးရှင်ဆရာများအားလုံး၊ ကျွန်တော့်ပရိတ်သတ်များအားလုံးကို ကျေးဇူးအမြဲတင်နေမယ်ဆိုတဲ့ အကြောင်းလည်း လှိုက်လှိုက်လှဲလှဲ ကျွန်တော်ပြောပြချင်ပါတယ်။

..အားလုံးကို... ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ”

ဒါကတော့ အာစရှောယူနဲ့ သတင်းစာဆရာတို့ရဲ့ အင်တာဗျူးပါ။ တီဗွီသတင်းကို နားထောင်ပြီး ပြန်လည်ပြောပြတာဖြစ်ပြီး သတင်းဖတ်လိုသူများ ဒီနေရာလေး အင်္ဂလိပ်လို ရှိပါတယ်။


Sumo grand champion Asashoryu

"I will retire," he told reporters. "So many things have happened. I have caused a lot of trouble but I have no regrets about my sumo." Photograph: Toru Hanai/Reuters

နောက်သတင်းတစ်ခုမှာလည်း အာစရှောယူဟာ သတင်းသမားများ၊ လူမျိုးစွဲဂျပန်များရဲ့ ဖိအားများကြောင့် မခံနိုင်သည့်အဆုံး နောက်ဆုံးမှာ ထွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မွန်ဂိုနိုင်ငံက သတင်းစာတွေမှာ ဂျပန်က မွန်ဂိုလူမျိုး ဆူမိုနပန်းသမားကို ရက်စက်စွာ အပြစ်ရှာလွန်းတဲ့အတွက် အာစရှောယူ ထွက်ရတယ်ဆိုတာကို များပြားစွာ ဖော်ပြရေးသားကြတယ်။

ဂျပန်နိုင်ငံက သူ့ကို ချစ်တဲ့ ပရိတ်သတ်တွေက ဒီလို ပြောကြတယ်။
“ဘာလို့ အဲလို လုပ်ကြသလဲဗျာ။ သူဟာ တကယ်ဆို အမြဲအတိုက်အခိုက်ခံရတာတောင် စိတ်ဓါတ်ကြံခိုင်စွာ သူ့အလုပ်သူလုပ်ပြီး ကြိုးစားနေသူပါ။ ရက်စက်လွန်းကြတယ်ဗျာ။”

“အဖိုးတန် ဆူမိုတစ်ယောက် ဆုံးရှုံးသွားတာပေါ့ဗျာ။ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ကို ဆူမိုလောကက ဆုံးရှုံးသွားရတာပါ။ စီးပွားရေးအမြင်နဲ့ ကြည့်ရင် သူ့ကြောင့် ဆူမိုလောကအတွက် နေရာအသီးသီးက ကုမ္ပဏီတွေက စပွန်ဆာပေးပြီး ထောက်ပံနေကြတာလေ”

“ဆူမို အဖွဲ့အစည်း ခေါင်းဆောင်တွေက ဆူမိုလူငယ်ကို သင်ပြဖို့ထက် အပြစ်ရှာ၊ ဒဏ်ပေးနေခဲ့တာပါ။ အခုလည်း ချောင်ပိတ်ပြဿနာရှာ၊ သူ့မာနကို ရိုက်ချိုးပြီး အနိုင်ယူတာရော ကောင်းပါသလား။ တကယ်လို့ ဟိုလူဟာ တကယ်ပဲ အာစရှောယူရဲ့ လက်သီးဒဏ်မိခဲ့တယ်ဆိုရင်လည်း အာစရှောယူတစ်ယောက်တည်းရဲ့ အပြစ်လို့ ဘာကြောင့်ဆုံးဖြတ်ရမှာလဲ။ အဲဒီလူလည်း မူးနေမှာပဲ။ ဘာမှမလုပ်ရင် ဘာမှမဖြစ်နိုင်တာ လူတိုင်းစဉ်းစားလို့ ရတာကို။ ပြီးတော့ဗျာ.. သူဟာ တကယ်ဆို စိတ်ဓါတ်တက်စလူရွယ်ပဲ...ဘုန်းကြီးလည်း မဟုတ်ဘူးလေ..”

“အာစရှောယူလို လူဟာ ဒီလမ်းကွေ့နေလည်း ထိုင်စိတ်ညစ်နေမဲ့သူ မဟုတ်ဘူး၊ လမ်းသစ်ရှာမယ့်သူ။ ကျွန်တော်ကတော့ သူဆူမို မလုပ်လည်း ကျွန်တော့် စံ အဖြစ်ထားသူအဖြစ် သူကို သတိရနေမှာပါ”

ဟုတ်တယ်။ ဆူမိုလို့ အသံကြားတိုင်း လူတော်တော်များများက စိတ်ဓါတ်ပြင်းသူ လူကြမ်းကြီး သူ့ကို သတိရနေမှာကတော့ သေချာပါတယ်...

ဒီနေရာမှာလည်း အင်္ဂလန်နိုင်ငံထုတ် သတင်းစာ ရှိတယ်။