Friday, March 26, 2010
အိုခရာမ အမှတ်တရ
ဟိုတလောက အရမ်းကို stress များပြီး aggressive ဖြစ်ခဲ့တယ်။ တစ်ယောက်တည်း စိတ်တိုစရာမရှိ ကိုယ့်ဘာသာ စိတ်တိုနေတုန်း သူငယ်ချင်းတစ်ယောက်က မြို့ကို လာလည်ပါတယ်။
တကယ်ပါ။ သူလာတော့ စိတ်ပြေလက်ပျောက်ဖြစ်သွားတယ်။ စိတ်ပြေပြီးတော့ လက်ပျောက်သွားရပါတယ်.. :D။ ဘာလို့လဲဆိုတော့ သူက ရောက်ရောက်ချင်းညကတဲက မီးဖိုချောင်ကို တာဝန်ယူပြီး ချက်ပြုတ်တော့လို့ပါ။
ရောက်တဲ့ညက ရှမ်းခေါက်ဆွဲတဲ့..။ သူက လုပ်နည်းမှတ်ထားပါလို့ သင်ပေးသွားပေမဲ့ နောက်နေ့မနက်ကျ မေ့သွားတာပါပဲ။ သူက မေးတယ်။ “ကိုယ့်အမျိုးသားကို ကိုယ်တိုင် ချက်မကျွေးချင်ဘူးလား”တဲ့။ မဖြေနိုင်ခဲ့ဘူး။ တကယ်တော့ ချက်တော့ ကျွေးချင်သား၊ အခုတော့... အနားမှာမှ မရှိသေးတာ၊ ပြီးတော့ လောလောဆယ် မှတ်စရာတွေက များတော့ ဟင်းချက်နည်းကို ဦးနှောက်ကလည်း သိပ်မမှတ်ဘူး (အဲလို ဆင်ခြေတွေနဲ့ပဲ မတတ်တော့ဘူးနဲ့ တူပါတယ်)..
နောက်နေ့ကျတော့ သူက ကြက်သားပေါင်းလုပ်ကျွေးတယ်။ ဒါလည်း လုပ်နည်း မှတ်တော့ထားတယ်.။ ကိုယ့်ရှေတင် လုပ်တာဆိုတော့ မှတ်ဥာဏ်ထဲတော့ နည်းနည်း ကျန်သေးတယ်ထင်တာပဲ..။ ဂျပန်ပဲငံပြာရည်မရှိလို့ ပြေးဝယ်ရသေးတယ်။ ဒီရောက်မှ တခါမှ ၀ယ်မသုံးဖူးဘူးလေ..။ ဒါနဲ့ သူငယ်ချင်းက ချီးကျူးသွားတယ်။ ဒီအခန်းက မိန်းခလေးအခန်းနဲ့မတူဘူးတဲ့၊ ဟင်းခတ်အမွေးအကြိုင်မစုံမလင်နဲ့ မို့ ထင်ပါရဲ့ :D../ ကြက်သားပေါင်းက အများကြီးမိုလို့ ဒီမြို့က သူငယ်ချင်းတွေပါ ဖိတ်ပြီး စားဖြစ်တယ်။
တော်တော် စားလို့ကောင်းတယ်..။ ပျော်စရာလည်း ကောင်းတယ်..။ Stress တကယ်ကို ပြေသွားတာပါ..။ လာလည်တဲ့၊ ပြီးတော့ ချက်ပြုတ်ကျွေးသွားတဲ့ သူငယ်ချင်းကို တအားကို ကျေးဇူးတင်ရပါတယ်..။ (နောက်လာလည်ချင်တဲ့ သူငယ်ချင်းတွေလည်း ဟင်းချက်တတ်မှ လာနော်..လို့ မပြောပါဘူး : ) နောက်တာပါ..။
ဒီမြို့ကို ရောက်တာ တစ်နှစ်ရှိပေမယ့် ဘယ်မှမသွားဖြစ်ခဲ့ဘူး။ ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ ကျောင်းပဲ အချိန်ကုန်ခဲ့တယ်။ သူငယ်ချင်းလာလည်တဲ့အတွက် သွားဖြစ်ခဲ့တဲ့နေရာတွေက မှတ်တမ်းအချို့ကို အမှတ်တရ တင်လိုက်ပါတယ်။ ရှုခင်းချည်းပဲဆိုရင် သိပ်မယုံမှာစိုးလို့ မော်ဒယ်နှစ်ယောက်နဲ့ တင်ပြပါတယ်။
Tuesday, March 23, 2010
အသင့်ပြင်ထား
တခါတခါ အသေးအဖွဲကိစ္စလေးများအတွက်နဲ့
ကိုယ့်အိပ်မက်ကို လက်လွတ်တတ်တယ်။
မမျှော်လင့်ပဲ တွေ့ကြုံလာရတဲ့အရာတွေက
မိမိ့ဘ၀တစ်ခုလုံးကို လွှမ်းမိုးသွားလိမ့်မယ်လို့ ထင်တတ်တယ်။
တွေ့ကြုံသမျှအတိတ်က ကိုယ်သွားရာနောက်
လိုက်နေဦးမယ်လို့ ထင်နေတတ်တယ်။
ဘယ်လောက်ပဲ အမြင့်ကို ရောက်ပြီး
ရေကန်အသင့်ကြာအသင့် နေရသူပဲ ဖြစ်ဖြစ်
အဆင်မပြေ၊ အလိုမပြည့်မှုတချို့အတွက်
ကိုယ့်ကိုယ့်ကို စိတ်တိုင်းမကျဖြစ်လို့ အထင်သေးတတ်သေးတယ်။
ဘ၀လမ်းတလျှောက်က ကြုံခဲ့ရတဲ့ဒဏ်ရာတွေ
များရင် များသလောက်ကိုပဲ
ကိုယ့်ကိုယ့်ကို အထင်သေးလို့ မဆုံးတော့ဘူး။
အင်း...................................
တကယ်ပြန်သုံးသပ်ကြည့်တော့
ဘ၀ဆိုတာ တိုတိုလေး...ရယ် ။
နောင်တတွေနဲ့ စိတ်ညစ်စိတ်ဆင်းရဲစရာတွေနဲ့
အချိန်မကုန်စေသင့်ဘူး..။
နောင်တရတွေးတောနေဖို့ အချိန်တွေအားလပ်နေသေးရင်
ကြိုးစားဖို့ ခွန်အားလည်း အသင့်ပြင်ဆင်ထားသင့်တယ်။
အမှားအတွက် နောင်တရနေမယ့်အချိန်တွေကို
ခွန်အားသစ်နဲ့ဘ၀ကို အသစ်ပြန်စရမယ့် အချိန်တွေနဲ့
အစားထိုးလိုက်ရင်
ဘ၀မှာ ကိုယ့်ကိုယ့်ကို အထင်သေးချိန် ရှိပါဦးမလား...
Tuesday, March 9, 2010
ဗြုတ်စဗျင်းတောင်း စာကြမ်းများကို ရှင်းရင်း...
ကိုယ့်ကိုယ့်ကို စိတ်အားတက်အောင် စိတ်ဓါတ်တက်ကြွတဲ့ စာလေး ရေးမယ်ကြံပြန်တော့လည်း အင်း... တ၀က်လောက်ရောက်ရင် ဒါက လူတိုင်းသိပြီးသားပဲ ဒါတွေ ဒါတွေ အပ်ကြောင်းထပ်နေပြီဆိုပြီး... ဆက်မရေးပြန်ဘူး။ ဒီလိုနဲ့ပဲ အခုလက်ရှိမှာ စာရေးဖို့ ဈာဉ်ကို သွင်းလို့ မရပဲ ဖြစ်နေခဲ့တယ်..၊ ဒါပေမယ့် ဒီနေ့က ဘလော့ရေးလာတာ တစ်နှစ်ပြည့်တဲ့နေ့မို့ အမှတ်တရ ပိုစ်ကလည်းတင်ချင်တာမို့ စာကြမ်းထဲက ဘဲဥပြုတ်မရောင်းတော့ပါဆိုတဲ့ တစ်ခုကို ဒီနေ့မနက်ပဲ အချောသပ်ပြီး တင်ဖြစ်လိုက်ပါတယ် .. :D
စာကြမ်းဆိုတဲ့အတိုင်း ရေးစမှာ ကိုယ့်ဘာသာ ရေးချင်စိတ်များတာနဲ့ ရေးထားလိုက်ပြီး ပြန်စစ်မယ်ဆိုပြီး မစစ်ဖြစ်တဲ့ပိုစ်တွေ၊ ရေးပြီးမှ ဆက်ရေးဖို့ စိတ်မပါတော့တဲ့ ပိုစ်တွေပါ။ အင်း အကြောင်းအမျိုးမျိုးနဲ့ မတင်ဖြစ်ခဲ့တဲ့ တခြားစာကြမ်းတွေကလည်း ရှိသေးတယ် ။ ဒီနေ့တော့ (ဘလော့တစ်နှစ်ပြည့်အဖြစ်) အဲဒါစာကြမ်းလေးတွေ နည်းနည်း ပြန်ရှင်းချင်စိတ်ပေါက်သွားတာနဲ့ စာကြမ်းရှင်းတဲ့ပိုစ် ဖြစ်သွားပါတယ်.. ။ (တကယ်တော့ ရေးစရာကုန်လို့ ဂဠန်ဆားချက်တဲ့ သဘောပါး)
၁) အလှတရားဆိုတာ..
Mother Teresa က နိုဗယ်ဆုရအပြီးမှာ ၁၉၈၁မှာ ဂျပန်ကို လာပါတယ်.။ သူ့မရဲ့ ဟောပြောချက် ထဲက တချို့ကို ကောက်နှုတ်ပြီး ရေးဖြစ်သွားတာပါ..။ ရေးလက်စ ..တပိုဒ်က
... ကျွန်မတသက် မမေ့နိုင်တဲ့ အကြောင်းအရာတစ်ခုကို မိတ်ဆွေတို့ကို ပြောပြပါရစေ..။ လောကမှာ အလှတရားဆိုတာ ဘာလဲဆိုတာကို သင်ကြားပေးသွားတဲ့ ၄ နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ ပြုမှုချက်ကလေးပါ။ အဲဒီတုန်းက ကျွန်မတို့ကျောင်းမှာ သကြားကုန်သွားပါတယ်။ ဒါကြောင့် ကျောင်းအိပ်ကျောင်းစား ဆင်းရဲသား တပည့်ကလေးတွေကို ကော်ဖီတိုက်ဖို့ အခက်အခဲဖြစ်ခဲ့ပါတယ်။ ကျွန်မ အကြံရခက်နေတုန်း..ကျွန်မရှေ့မှာ ထိုကလေးက သူ့အိမ်ကို ပြန်သွားခဲ့တယ်။ ခဏကြာတော့ သူ့လက်ထဲမှာ ပုလင်းသေးသေးလေး တစ်ခုကိုင်လို့ သူလေးပြန်ရောက်လာခဲ့တယ်..။ ပုလင်းထဲမှာ သကြားတွေ..။
ဟုတ်တယ်.. အဲဒီသကြားတွေက သူမိဘတွေဆီမှာ..“သား.. ၃ ရက် ကော်ဖီမသောက်ချင်ဘူး။ သားကို ၃ ရက် ကော်ဖီတိုက်မယ့် သကြားကို သားကိုပေးပါ။ ဒီသကြားကို ကျောင်းက မာသာကို ပေးချင်တယ်။ မာသာမှာ သကြားမရှိဘူး”ဆိုပြီး တောင်းလာတာပါတဲ့..။ အဲဒီသကြား ဘယ်လောက်များမလဲ မိတ်ဆွေတို့ တွေးကြည့်ပါ.. နည်းနည်းလေးပါ.. တကယ့်နည်းနည်းလေးပါ။ ဒါပေမယ့် ၄ နှစ်သားကလေးရဲ့ ရင်ထဲက မေတ္တာကတော့.. အိုးးး.. ကျွန်မကို တုန်လှုပ်စေခဲ့ပါတယ်......
၂။ အယူသည်းမှုများအကြောင်း
အရောင်၊ ကိန်းဂဏန်း၊ ကြောင်၊ ဌက်၊ မီး၊ ဆား၊ မှန်ကွဲခြင်း အစရှိတဲ့ အရာတွေနဲ့ ပတ်သက်ပြီး လူမျိုးအသီးသီး နိုင်ငံအသီးသီးမှာ အယူသည်းမှုများအကြောင်းကို ရေးခဲ့တာပါ။ ရေးအပြီး နောက်မှ ပြန်စစ်မယ်ဆိုပြီး မစစ်ဖြစ်ပဲနဲ့ စာကြမ်းအဖြစ်ကျန်နေခဲ့တာ ဖြစ်ပါတယ်။
....................ရှေး အီဂျစ်လူမျိုးတွေက ကြောင်တွေကို ရှိခိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြောင်ဆိုတာ အသိဥာဏ်မြင့်တဲ့ သတ္တ၀ါဖြစ်တယ်၊ မမြင်နိုင်တဲ့အစွန်းသတ္တိတွေ ရှိတယ်တဲ့.. ။ အခုခေတ်ကျတော့ တမျိုးပြောင်းသွားတယ်၊ ကြောင်ဆိုတာ မကောင်းဆိုးဝါးပဲလို့ ယူဆမှုက ပိုလာခဲ့တယ်။ သူတို့တွေးတာက ကြောင်ဟာ လူတွေးသလို တွေးတတ်တယ်။ မကောင်းတဲ့ ကံကြမ္မာတစ်ခုခုကပ်ရောက်ပြီဆို သူက လွတ်ရာကို ပြေးတတ်သူမိုလို့ပါ။................................
၃) ချာလီချက်ပလင်ရဲ့ ဆန္ဒ
“ကျွန်တော်.. ဘုရင် ဧကရာစ် မဖြစ်ချင်ပါဘူး..။ အဲဒါ ကျွန်တော့အလုပ် မဟုတ်ဘူး။ သန်းကြွယ် လူချမ်းသာကြီးလည်း မဖြစ်ချင်ဘူး။ ဖြစ်နိုင်ရင် ကျွန်တော်က လူတွေကို ပျော်အောင်လုပ်ပေးနိုင်သူပဲ ဖြစ်ချင်တယ်။ တောသား အရိုင်းအစိုင်းကိုပဲဖြစ်ဖြစ်၊ မြို့ပေါ် ပညာတတ်လူတန်းစားကိုပဲ ဖြစ်ဖြစ်၊ အသားဖြူတဲ့လူကိုပဲ ဖြစ်ဖြစ်၊ အသားမဲတဲ့ လူကိုပဲ ဖြစ်ဖြစ်၊ လူလို့ အမည်တတ်လို့ရတဲ့ ဘယ်သူ့ကို မဆိုပေါ့။ ပျော်စေချင်တယ်၊ ပျော်အောင် ကူညီချင်တယ်။ ပျော်ရွှင်မှုကို မျှဝေချင်တယ်။..
၎) ဘာကြောင့် ရယ်သလဲ
ဘာကြောင့်ရယ်သလဲဆိုတဲ့ မေးခွန်းကိုက အူကြောင်ကြောင်ရယ်။ ရယ်ချင်လို့ ရယ်တာပေါ့လို့ ပြန်ပြောခံရမှာ သေချာတယ်။ (ဟုတ်တယ်လေ၊ ရယ်ချင်လို့ ရယ်တာပေါ့း)။။ ဒါပေမယ့် စိတ်ပညာရှင်တွေက ပြောတယ်။ ရယ်တာလည်း ခွဲခြမ်းစိတ်ဖြာလို့ ရတယ်တဲ့..။
ကလေးဟာ မွေးဖွားပြီး ၈ ရက်လောက်က စပြီး ပြုံးရယ်ခြင်းအမှုကို ပြုတယ်။ အဲဒီ ပထမဆုံး ပြုံးရယ်ခြင်းရဲ့ အဓိပ္ပါယ်ထဲမှာ ဗိုက်ဝသွားလို့၊ နွေးထွေးလို့၊ သက်တောင့်သက်သာ ရှိလို့ ဆိုတဲ့ အဓိပ္ပါယ်တွေပါတယ်။ မွေးပြီး ၆ လနောက်ပိုင်း (တချို့နည်းနည်းစောတယ်) ပြုံးရယ်ခြင်းရဲ့ အဓိပ္ပါယ်ထဲမှာ မိခင်ရဲ့ ပြုံးနေတာကို မြင်ရလို့ ကိုယ်က လိုက်ပြုံးတာ ဖြစ်ပါတယ်။ ထိုအပြုံးဟာ နောက်တသက်တာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးဖို့ အတွက် အရေးပါဆုံး အပြုအမူပဲ ဖြစ်ပါတယ်......................
၅)ပျင်းရိခြင်းနှင့် စိတ်တက်ကြွမှု
တကယ်တော့ လူတွေဟာ သာမာန်အားဖြင့် မပျင်းပါဘူး။ တစ်စုံတစ်ခုအရာကို တစ်စုံတစ်ခုသော နည်းလမ်းတမျိုးဖြစ်သာ ထပ်ခါထပ်ခါ လုပ်နေရလို့သာ ပျင်းရိခြင်းဆိုတာ ဖြစ်လာရတာလို့ ဆိုပါတယ်။....
..............
ပျင်းရိခြင်းရဲ့ ဆန့်ကျင်ဖက် စိတ်လှုပ်ရှားတက်ကြွမှုကတော့ မူးယစ်ဆေးလိုမျိုး စွဲလန်းမှုကို ဖြစ်စေပါတယ်။ ဥပမာ ဂိမ်းကစားတဲ့ လူတစ်ယောက်က ဂိမ်းကို နိုင်ချင်တာက လွဲရင် ဘယ်လိုပုံစံမျိုးနဲ့ ကစားရမလဲဆိုတာ သူကျိမ်းသေ တွက်လို့မရဘူး။ ဂိမ်းရဲ့ အခြေအနေပေါ်မူတည်ပြီး နည်းလမ်းမျိုးစုံနဲ့ ကစားရတယ်။ ဒီတခါနိုင်ပေမယ့် နောက်တခါ နိင်ချင်မှနိုင်မယ်။ တစ်ခါနိုင်တိုင်း တခါ ပျော်တယ် ။ ဒီတော့ တစ်ပွဲနိုင်ရင်လည်း နောက်တပွဲကို ဆက်ကစားချင်တယ်။ ဒီထက် အဆင့်မြင့်တဲ့ ဂိမ်းကို ကစားချင်သေးတယ်။ “ဘာဖြစ်မလဲ ဘာဖြစ်မလဲ” ဆိုတဲ့ စိတ်လှုပ်ရှားမှုက သူ့ကို အဲဒီဂိမ်းမှာ နှစ်ဝင်သွားစေတာ ဖြစ်ပါတယ်။
ကဲ.. ပျင်းရိခြင်းဆိုတာ ဖြစ်လာခဲ့ရင်.....ဘာလုပ်ရမလဲဆိုတော့.....
(အဲဒီပိုစ်ကိုလည်း ရေးနေရင်းမှ ပျင်းတယ်ကွာ မရေးတော့ဘူးး ဆိုပြီး တန်းလန်းနဲ့ ကျန်နေခဲ့ပါတယ်။ အခုလည်း ပျင်းလို့ ဆက်မတင်ဖြစ်ဘူး နိဒါန်းတင်ပဲ :D
၎) သဲကန္တာရမှသည် တောအုပ်အဖြစ်သို့
စာအုပ်တစ်အုပ်ထဲကနေ ဖတ်မိတာပါ။ သိုးထိန်းအဘိုးအိုတစ်ဦးက သဲကန္တာရထဲမှာ လည့်လည်သွားလာရင်း တနေ့ကို သစ်စေ့ တစ်ရာကို စိုက်ပျိုးပြီး နှစ်ပေါင်း ၃၀အကြာမှာ တောအုပ်အဖြစ်ကို ရောက်သွားတဲ့ အကြောင်းပါ..
ဇာတ်လမ်းထဲက သိုးထိန်းက စကားနည်းပြီး သူလုပ်စရာရှိတာကိုပဲ လုပ်တဲ့သူပါ။ သဲကန္တာရထဲမှာ သစ်ပင်စိုက်သူဆိုပေမယ့် ဘယ်လိုနေရာမှာ ဘယ်လိုစိုက်ရမယ်ဆိုတဲ့ ဥာဏ်ပြည့်သူတစ်ဦးမို့ ဖတ်ရတာ တော်တော်စိတ်ဝင်စားစရာကောင်းသလို ပတ်ဝန်းကျင်က လူတချို့က ကိုယ်ကိုယ်တိုင်သာ ဘာမှမလုပ်တာ သူများလုပ်ရင် ကဲရဲ့တတ်တာကိုလည်း သူက အေးအေးဆေးဆေး တုန်ပြန်ပြီး သူလုပ်စရာရှိတာကို၊ လုပ်သင့်လုပ်ထိုက်တာကို၊ သူတတ်တဲ့ အသိနဲ့ ဘယ်သူကိုမှ အကူအညီမတောင်း၊ ဘာရလာဒ်ကိုမှ မမျှော်ကိုးပဲ လုပ်သွားတဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓါတ်ကလည်း အတုယူစရာ ကောင်းပါတယ်။ ဒါနဲ့ စာမျက်နှာ ၇ မျက်နှာရှိတဲ့ မူရင်းကို ဘာသာပြန်ဖို့ ကြိုးစားရင်း ကြိုးစားရင်း ပျင်းရိစွာ.. အဲဒါလည်း တန်းလန်း...။ ဒါပေမယ့် လိုရင်းကတော့ အပေါ်ကေ၇းထားတာပဲဆိုတော့........
၅) ပြေးလမ်းပေါ်မှာ
တာဝေးအပြေးသမားတစ်ယောက်က စံချိန်သစ်ကို ချိုးဖို့ ကြိုးစားခဲ့ပုံကို ရေးထားတာလေးပါ။ ဒါကလည်း ကျွန်မ စာမလုပ်ချင်အောင် ပျင်းနေတဲ့နေ့က စာလုပ်ချင်စိတ်ဖြစ်အောင် ကြိုးစားချင်စိတ်ဖြစ်အောင် လှုံဆော်ပေးတဲ့ ၀တ္တုလေးမို့ ဘာသာပြန်ဖြစ်ခဲ့ပေမယ့် လူပျင်းလုံလ တခဏဆိုတဲ့အတိုင်း ကျွန်မ အဆုံးမသတ်ဖြစ်ခဲ့ပါ..
“..ကျေးဇူးပြုပြီး လေလမ်းကြောင်းက အခုအတိုင်းပဲ ဖြစ်ပါစေ..။ ကျွန်တော့်ကို ဒီတခါ နိုင်ခွင့်ပေးပါ ဘုရားသခင်.........................
အိုး မဖြစ်ဘူး.. ငါနိုင်မှ ဖြစ်မယ်။ ဒီပြေးလမ်းပေါ်မှာ ငါ လဲကျသွားပါစေ ငါ ခြေလမ်းကိုတော့ အပျက်မခံနိုင်ဘူး...။ အဲဒီအချိန်မှာ ရင်ထဲမှာ အောင့်တဲ့ခံစားချက်ကလည်း ပျောက်သွားတယ်။ ကျွန်တော်ကိုယ်ကျွန်တော် သတိမထားမိခင်မှာ လေထဲမှာ လွင့်နေသလိုမျိုး ...... ”
၆)လွမ်းနေတယ် သူငယ်ချင်း
ဒါကတော့ ငယ်ငယ်က သူငယ်ချင်းတွေကို တအားလွမ်းနေတာနဲ့ ရေးမိသွားတာပါ..
“သူငယ်ချင်း... ငါ အခု.. နင့်ကို လွမ်းနေတယ်။ တို့တွေ အတူတူ ရှိတုန်းက ငါ့မှာ ငိုစရာရှိလို့ နင်ရှေမှာ ငိုမိရင်“ဟော ဘာဖြစ်လာပြန်တာလဲ ပြောစမ်း။ လူကြည့်တော့ ဂျစ်တူးရုပ်နဲ့ ငါ့ရှေ့လာနုနေတယ်။ သွားသွား မျက်နှာသစ်”နဲ့ အော်တတ်ပေမယ့် ငါငိုသမျှ နားထောင်ပေးတတ်တာလေ။ အခု ငါငိုချင်ပြန်ပြီ ..........................
.....နှစ်ယောက်သား မေမေတို့မသိခင် နှမ်းတွေခိုးပြီး နှမ်းပြစ်မုန့်လုပ်စားတုန်းက နှမ်းပြစ်က နှမ်းရေကျိုဖြစ်သွားတာလေ.. မှတ်မိလား.. ”
(အဲလိုမျိုး လျှောက်ရေးပြီးမှ “ငါနဲ့နော် သူ့ကို လွမ်းတာများ ဘလော့ပေါ်တင်တော့ သူသိတာလည်းမဟုတ်၊ ဖုန်းဆက်လိုက်ရတာပဲ ”လို့ အသိမှန်ရသွားပြီး နောက်တနေ့ သူ့ဆီကို ဖုန်းတစ်ကဒ် ကုန်အောင် စကားတွေ ပြောဖြစ်ခဲ့တယ်..ပိုစ်လည်း မတင်ဖြစ်ခဲ့ပါဘူး :D
၇) ပြိုင်ဖက်ပင်ဖြစ်ပါစေ..
ဒါကတော့ သိပ်မကြာသေးခင်ကမှ ရေးပြီး မတင်ဖြစ်ခဲ့တဲ့ စာကြမ်းလေးဖြစ်ပါတယ်။ ဒီနှစ်အိုလံပစ်မှာ နာမည်ကြီး အားကစားသမားလေး သုံးဦး ရဲ့ အတုယူချင်တဲ့ အချက်တွေကို ရေးဖြစ်သွားခဲ့တယ်။
“...ပြိုင်ပွဲမှာ အနိုင်နဲ့ အရှုံး နှစ်မျိုးပဲ ရှိတယ်။ .ကျွန်မကတော့ နိုင်တဲ့သူရော ရှုံးတဲ့သူရော ကြိုးစားသူအားလုံးကို သဘောကျမိတယ်။
...............တကယ်ဆို ရွှေတံဆိပ်ရသူရော၊ ငွေတံဆိပ်ရသူရော နှစ်ယောက်လုံးက ၁၉နှစ်ပဲ ရှိသေးတာ။ (ကိုယ့်အသက်နဲ့တွက်ရင် သူတို့ဟာ ခလေးတွေပါ။ ဒါပေမယ့် သူတို့ ကြိုးစားမှုကတော့ ကိုယ်တကယ် မလုပ်နိုင်တဲ့ အလုပ်မျိုးတွေ.. ) သူတို့က အလယ်တန်းကျောင်းသူဘ၀ထဲက ပြိုင်ဖက်တွေပါ။ ................................ ......................................... ............................... ........................... ရွှေတံဆိပ် ဆုယူအပြီးမှာ Kim က ဒီလိုပြောပါတယ်။ “ဒီနှစ်စံချိန်သစ်တင်နိုင်တာ ကျွန်မမှာ ပြိုင်ဖက်ကောင်းတစ်ယောက် ရှိနေလို့ပါ။ ပြိုင်ဖက်ကို နိုင်ဖို့ ကျွန်မ အများကြီး ကြိုးစားရင်း စံချိန်သစ်ကို ရခဲ့ရပါတယ်”။ ငွေတံဆိပ်ရတဲ့ Maoက လည်း ဒီလို ပြောပါတယ်။ “ဒီနှစ် သူ့ကို မနိုင်ပေမယ့် နောက်အိုလံပစ်မှာ ဘယ်လိုပြိုင်ရမလဲဆိုတာကို ကျွန်မသိလိုက်ပါပြီ။ ကိုယ့်ရဲ့အားနည်းတဲ့ အကွက်တွေနဲ့ သူ့ရဲ့ အားသာတဲ့ အကွက်တွေကို ကျွန်မမြင်ခွင့်ရလိုက်တာ ကျွန်မအတွက် အမြတ်ပါပဲ။”တဲ့..။
ချီးကျူးစရာ ကောင်းသူတစ်ဦး ရှိသေးတယ်။ ကြေးတံဆိပ်ရတဲ့ ကနေဒါသူလေးက “ကျွန်မကဖို့ အစီအစဉ် မတိုင်ခင်လေးတင် မေမေက ဘုရားသခင်နိုင်ငံကို ထွက်ခွာသွားတယ်ဆိုတာ ကြားသိလိုက်ရပါတယ်။ ကျွန်မ ငိုချင်ပေမယ့် မျက်ရည်မကျအောင်ထိန်းခဲ့ပါတယ်။ မေမေ့အတွက် မေမေ့ရဲ့ နောက်ဆုံးခရီးကို ကျွန်မကြိုးစားမှုနဲ့ ဂုဏ်ပြုချင်လို့ ပါ”
... ......................... ကျွန်မအတွက်တော့ ပြိုင်ပွဲကရွှေတံဆိပ် ရမရဆိုတာထက် အစွမ်းကုန် ကြိုးစားသွားကြတဲ့ စိတ်ဓါတ်တစ်ခုထဲနဲ့တင် သူတို့ အားလုံးကို ချီးကျူးလို့ မဆုံးပါဘူး.. ကျွန်မလည်း ဆုံးဖြတ်မိတယ်။ .............ကြိုးစားမှ ကြိုးစားမှ လို့ :D ”ဟုတ်ကဲ့.. အဲလိုမျိုး ကြိုးစားမှလို့ ကြွေးကြော်ရင်းကနေပဲ ကျွန်မ မကြိုးစားပဲ ပျင်းရိနေတာ အခုထိပါပဲ..း)
ကဲ တစ်နှစ်ပြည့်အဖြစ် ဗြုတ်စဗျင်းတောင်း စာကြွေးတွေ အားလုံး ရှင်းလိုက်ပါတယ်။ ဘလော့ရေးခဲ့တဲ့ တနှစ်တာ (ရက်ပေါင်း ၃၆၅ရက်)အတွင်း ရေးချင်တာတွေ လျှောက်ရေးရင်း ဘလော့ပေါ်တင်ခဲ့တဲ့ ပို့စ်ပေါင်း ၂၃၈ခုပါ။ ဖတ်ချင်တဲ့အချိန် ပြန်ဖတ်လို့ရအောင် ရေးချင်တာတွေ လျှောက်ရေးတဲ့သဘောမို့ အများစုက အရေမရ အဖတ်မရ တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စရေးစက မြန်မာစာရိုက်လေ့ကျင့်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် ဧရာမအကြီးကြီးနဲ့ စခဲ့သူဆိုတော့ ပိုစ် ဆယ်ခုဆိုတာတောင် တော်တော် ရိုက်ရမယ်လို့တွေးကြောက်ခဲ့တယ်။ အခု ပိုစ် ၂၀၀ ကျော်ဆိုတော့ ငါတော်တော် လျှောက်ရေးခဲ့တာပဲလို့ ကိုယ့်ဘာသာ သဘောကျပြီး ပြုံးမိတယ်။ :D
ဘလော့သက်တမ်း တစ်နှစ်အတွင်း အခုလို ရေးချင်တာ လျှောက်ရေးတာကို ကောင်းကောင်းဆိုးဆိုး အမြဲအားပေးလာခဲ့တဲ့ မူလလက်ဟောင်းသူငယ်ချင်းလေးများ၊ နောက်ပြီး အပြင်မှာ မမြင်ဘူးပေမယ့်အွန်းလိုင်းကနေ ချစ်ခင်ရတဲ့ ဘလော့မိတ်ဆွေသယ်ရင်းလေးများ၊ မတော်တဆ ရောက်လာရင်း အားပေးသွားတဲ့စာဖတ်မိတ်ဆွေသယ်ရင်းများ အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်..။ အမှတ်တရ ကွန်မန့်ရေးပေးသူအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။
အခုလောလောဆယ်တော့ အကြောင်းအမျိုးမျိုးကြောင့် စာရေးတာကို ခဏ ရပ်နားဖြစ်ပါဦးမယ်။ ( ဇွဲက တော်တော်လေး မကောင်းဘူး :D) ဒါပေမယ့် လောလောဆယ် စာရေးတာထက် စာဖတ်တဲ့အရသာကို ပိုကြိုက်နေပြန်တာမို့ စာမရေးဖြစ်ပေမယ့် အချိန်ရတိုင်း မိတ်ဆွေ ဘလော့တွေကို သွားလည်မှာပါ၊
အားလုံး ခေတ္တခဏ ဆာရိုနာရ...
လသာည..
ဘဲဥပြုတ် မရောင်းတော့ပါ..
ရုံးဝန်ထမ်း ကိုမောင်အေး.. က ဘဲဥပြုတ် အရမ်းကြိုက်သူ...။ ဒါကြောင့် အများက သူ့ကို ကိုဘဲဥလို့တောင် ပြောင်ခေါ်ကြတယ်။ သူက ဘဲဥပြုတ်ကို သူကိုယ်တိုင် စားရုံတင်မကဘူး၊ သူများတွေကိုပါ စားဖို့ တိုက်တွန်းတယ်။ တနေ့တနေ့ ဘဲဥပြုတ်ရဲ့ အာနိသင်ကို စာချဲ့မပြီးနိုင်တဲ့သူ့ကို နားညီးလာတဲ့ မိတ်ဆွေတွေက ဆိုင်ဖွင့်ရောင်းဖို့ ပြောကြတယ်။ မိတ်ဆွေတွေ့ နောက်ပြောင်ပြောတာ ဖြစ်ပေမယ့် ကိုမောင်အေး တကယ်ပဲ ဘဲဥပြုတ် ရောင်းဖြစ်သွားတယ်..။
Tuesday, March 2, 2010
ရင်ခုန်သံနဲ့ အနီးဆုံး နေရာ
ဒီနေ့ စာအုပ်တစ်အုပ်ကို ဖတ်ရင်း အကြောင်းရင်းကို ကျွန်မသိသွားခဲ့ပါတယ်။ ကျွန်မ ဘယ်တုန်းကမှ မတွေးမိတဲ့ အရာပါ။ အဲဒါနဲ့ ပတ်သက်ပြီး ပထမဆုံး သုတေသနတစ်ခု အကြောင်းကို ပြောပြဖို့ ဖြစ်လာပါတယ်။
ကြံကြံဖန်ဖန် လုပ်တဲ့ သုတေသနကတော့ ကလေးမိခင်တွေဟာ ကလေးငယ်တွေကို ဘယ်လိုချီပွေ့သလဲ စာရင်းကောက်တဲ့ သုတေသနပါပဲ.။ မိခင်ဟာ ကလေးတွေကို ချီပွေ့တဲ့နေရာမှာ ညာဖက်ကနေ ချီပွေ့သလား၊ ဘယ်ဘက်ကနေ ချီပွေ့သလား စသည်ကို လေ့လာခဲ့ပါတယ်.. လုပ်တာက အမေရိကားမှာ လုပ်ခဲ့တာပါ။
ဒီလိုဆိုတော့ စဉ်းစားစရာဖြစ်လာတာက ဘာကြောင့်များ မိခင်တွေဟာ ကလေးကို ဘယ်ဖက် လက်မောင်းဘက်ကနေ ပွေ့ပိုက်ကြသလဲ ဆိုတာပါပဲ..။ အနီးစပ်ဆုံး ပေးစရာ သဲလွန်စရှိပါတယ်။
အဲဒါကတော့ အဲဒီနေရာမှာ မိခင်ရဲ့ဘယ်ဖက်ရင်အုံဖက်က နှလုံးသား ရှိနေလို့ ဖြစ်ပြီး မိခင့်နှလုံးသားရဲ့ “ဒိတ်ဒိတ်ဒိတ်ဒိတ်”လို့ စည်းချက်မှန် ခုန်နေသံကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး မိခင်တိုင်းဟာ မိမိကလေးငယ်ကို ညာဖက်ကပဲ ပွေ့ပွေ့၊ ဘယ်ဖက်ကပဲ ပွေ့ပွေ့၊ ဘယ်လိုပဲ ချီပွေ့ပွေ့ နှလုံးခုန်သံနဲ့ အနီးဆုံးမှာ ထိကပ်ပွေ့ကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဲလိုနည်းနဲ့ ကလေးငယ်ဟာ မိခင်ရင်ခွင်မှာ တွယ်မှီရင်း မိခင်ရဲ့နှလုံးခုန်သံကို နားထောင်လို့ မိခင်ဆီမှ ချစ်ခြင်းမေတ္တာကို ခံစား၊ လုံခြုံမှုကို ခံစားရပြီး လောကပင်လယ်ကို စတင်ကူးခတ်ဖို့ သတ္တိမွေးရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အစောပိုင်းကာလမှာ ဒီယူဆချက်ဟာ သိပ္ပံနည်းကျ မဟုတ်တဲ့အတွက် ကြားရသူတွေက သိပ်မယုံခဲ့ကြပါဘူး။ ဒါနဲ့ စိတ်ပညာရှင်တစ်ချို့က သုတေသန ထပ်လုပ်ပါတယ်။ အဲဒါကတော့ ဆေးရုံမှာ မွေးလာတဲ့ ကလေးတွေကို အုပ်စု နှစ်စု ဖွဲ့ပြီး တစ်စုကို မွေးစကတဲက နှလုံးခုန်သံအတုတစ်ခုကို နားထောင်ပေးစေပြီး တစ်ဖွဲ့ကိုတော့ ဒီအတိုင်းပဲ ထားတာဖြစ်ပါတယ်။ နှလုံးခုန်ချိန်က တစ်မိနစ်ကို ၇၂ ကြိမ် ခုန်တဲ့ နှလုံးခုန်သံ...။ (ကျန်တဲ့ အစာ စသည်အားလုံးကို တန်းတူပေးပါတယ်)
သုတေသန ရလာဒ်ကတော့ နှလုံးခုန်သံကို နားထောင်ရတဲ့ ကလေးတွေဟာ နှလုံးခုန်သံကို နားမထောင်ရတဲ့ ကလေးတွေထက် ပိုသန်မာ ကြီးထွားကြတယ်..။ နှလုံးခုန်သံ မရတဲ့ ကလေးတွေကတော့ ရတဲ့ ကလေးတွေထက် ဖွံဖြိုးမှု အားနည်းတယ်။ စိတ်တိုစိတ်ဆတ်ပြီး ငိုကြောရှည်တတ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ မွေးစကတဲက နှလုံးခုန်သံကို ပေးနားထောင်တဲ့ ကလေးများဟာလည်း ကြားနေကျ နှလုံးခုန်သံ မကြားရရင် (နှလုံးခုန်သံ အတုလုပ်စက် ကို မဖွင့်ရင်) ငိုတတ်တယ်ဆိုတာပါပဲ..။
နောက်ထပ် စမ်းသပ်ချက်တစ်ခုကတော့ နည်းနည်းလေး အသက်ကြီးလာတဲ့ ကလေးငယ်တွေကို စမ်းသပ်တာပါ။ အိပ်ရာဝင်ချိန်မှာ အုပ်စုတစ်စုကို တိတ်ဆိတ်တဲ့ အခန်းထဲမှာ သိပ်ပေးတယ်။ နောက်အုပ်စုကိုတော့ နှလုံးခုန်သံ စည်းချက်လိုမျိုး ဖန်ဆင်းထားတဲ့ နာရီသံပတ်သံကို မြည်ပေးထားတယ်။ တစ်မိနစ်ကို ၇၂ ကြိမ်မြည်တဲ့ အသံမျိုးနဲ့လေ.. အဲဒီမှာ နှလုံးခုန်သံ ကြားရတဲ့ အခန်းက ကလေးငယ်တွေဟာ ပိုပြီး လျင်လျင်မြန်မြန် အိပ်မောကျသွားတာကို တွေ့ရပါတယ်။ ဒါဟာ မိခင်ရဲ့ နှလုံးခုန်သံဟာ ကလေးငယ်ကို စိတ်အေးချမ်းအောင် တမျိုးပြောရရင် စိတ်လုံခြုံအောင် လုပ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေပေးတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ..
ဒါကြောင့် အမေ့ရဲ့ နွေးထွေးတဲ့ နှလုံးခုန်သံဟာ ကလေးငယ်ကို စိတ်လုံခြုံမှုပေးတဲ့အရာ၊ မေတ္တာ ရေလျဉ်စီးဆင်းရာ ဗဟိုပဲ ဆိုတာ ဘယ်သူမှ ငြင်းလို့ မရတော့ပါဘူး.။
( ကျွန်မ ဒီပိုစ်ကိုရေးရင်း မေမေ့ကို အရမ်းလွမ်းမိသွားပါတယ် (..")
photos from www.spraguephoto.com and artfiles.art.com ဒီနေရာမှ ယူပါတယ်
လသာည.. ပါ။
အချစ်များစွာဖြင့် ဂျပန်
ဂျပန်တီဗွီတွေ အများစုက အင်္ဂလိပ်လိုနဲ့ ဂျပန်လို အသံနှစ်မျိုး ကြည့်လို့ရပါတယ်။ (အစီအစဉ်အားလုံးတော့ မဟုတ်ဘူး။ သတင်းနဲ့ နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းတွေကို အင်္ဂလိပ်လိုနဲ့ ဂျပန်လို နှစ်မျိုးလုံးကို ကိုယ်ကြိုက်ရာ ကြည့်လို့ရတာ)။ ကျွန်မတီဗွီကတော့ အဆောင်အောက်ထပ်မှာ ပစ်ထားတာကို ကောက်ထားတဲ့ အစုတ်ကလေး ဆိုတော့ ဂျပန်လိုတစ်ခုပဲ ရတဲ့ တီဗွီလေးပါ။ အင်္ဂလိပ်လိုဆို နည်းနည်း သိနိုင်ပေမယ့် ဂျပန်လိုကျ လုံးဝနားမလည်တော့ တီဗွီကို ပထမပိုင်းမှာ သိပ်မကြည့်ဖြစ်ဘူး။ နောက်တော့ ဂျပန်စာအတွက် တီဗွီများများကြည့်ပါ ဆိုတဲ့ ဆရာမစကား နားထောင်ဖြစ်သွားပြီး ဂျပန်လိုပဲ ကြည့်ဖြစ်သွားတာ အခုထိပါပဲ။
နိုင်ငံခြား စကားပြော ရုပ်ရှင်ဇာတ်ကားကို ဂျပန်က တီဗွီမှာ အနည်းဆုံး တစ်ပတ်တစ်ခါ ပြပါတယ်။ ကျွန်မလည်း အိမ်မှာ ရှိတဲ့အချိန် အားလည်း အားတဲ့အခါ (မအားလည်း အတင်း အား ပြီးတော့ :D) ကော်ဖီတစ်ခွက်နဲ့ ထိုင်ကြည့်ဖြစ်တယ်။ ဇာတ်ကားစပြသတဲ့အခါ စာတမ်းထိုးတော့ နိုင်ငံခြားရုပ်ရှင် ဇာတ်ကားနာမည်၊ သရုပ်ဆောင်၊ ဒါရိုက်တာနာမည်တွေကိုပါ ဂျပန်လို စာတမ်းထိုးပါတယ်..။ အစပိုင်းမှာ ကျွန်မက အသံထွက်ပြီး လိုက်ဖတ်ဖို့ ကြိုးစားမိတယ်။ ဖတ်၇တာ တော်တော်အဆင်မပြေဘူးရယ်။။ လုံးဝကို နားမလည်ဘူး။ ကြည့်ပါဦး သူတို့ခေါ်တဲ့ သရုပ်ဆောင်နာမည်တွေကို .ဥပမာ..(James Bond)ကို Jeimusu Bondo။ Brad Pittကို Braddo Pitto။ Julia Robertsကို Juria Robaatsu တဲ့..။ နောက်တော့ စာတန်းတွေကို မဖတ်တော့ဘူး..။
ထားလိုက်ပါလေ..ဒါက..။ ဒီလိုပဲ သူတို့ အသံထွက်တာ ခေါ်တတ်တာ လူတိုင်းသိတာပဲဟာ..။ စိတ်ဝင်စားစရာက ရုပ်ရှင်နာမည်ကို ဘာသာပြန်တာလေးပါ.။ စိတ်ဝင်စားစရာ ကောင်းတာမို့ ထပ်ပြီး နည်းနည်းလောက် ဖောက်သည် ချပါရစေ။.
ကျွန်မ လေ့လာရသလောက် တချို့ခေါင်းစဉ်က နိုင်ငံခြားကားရဲ့ အင်္ဂလိပ်လို ခေါင်းစဉ်ကို ဂျပန်လို တိုက်ရိုက်ဘာသာပြန်ထားတာ တွေ့ရတယ် ဥပမာ "Eden no higashi (East of Eden)" ။ တချို့ကိုတော့ အသံထွက်နဲ့ လိုက်ပြီး ဘာသာပြန်ထားတတ်တယ်.. ဥပမာ "Rokkii (Rocky)", "Taitanikku (Titanic)"..
ဒါပေမယ့် ဂျပန်ပြည်မှာ နာမည်ကြီးတဲ့ ရုပ်ရှင်ကားတွဲ "Zero Zero Seven (007)"မှာတော့ အဲလို ဘာသာမပြန်ကြဘူးဆိုတာ တွေ့ရတယ်။ ဥပမာ.. သူတို့ နှစ်သက်တဲ့ Jeimusu Bondo (James Bond) ရဲ့ "You Only Live Twice တုန်းကပါ။ ဘာသာပြန်သူက ဂျပန်လို "Zero zero sebun wa nido shinu (007 ဟာ နှစ်ခါသေမယ်)လို့ ဘာသာပြန်ပါတယ်။ ဒါကို James Bondကြီးက ကြားတော့ “ဟာဗျာ.. ဟုတ်သေးပါဘူး.. ကျွန်တော်ကို ခင်ဗျားတို့က ဘာဖြစ်လို့ နှစ်ခါ သေခိုင်းတာလဲဗျ”လို့ မေးတော့ ဘာသာပြန်က ဒီလိုဖြေတယ်တဲ့..။
“Jeimusu Bondoခင်ဗျား.. အခုကားမှာ ခင်ဗျား အဖော်အဖြစ် ဂျပန်သရုပ်ဆောင် မိန်းခလေး နှစ်ယောက်ကို ပေးထားရပါတယ်။ နောက်ပြီး ဂျပန်နိုင်ငံက အသစ်စက်စက်ကားကိုလည်း ခင်ဗျားကို ပေးသုံးထားပါတယ်။ (ကားက တိုယိုတာ ကုမ္ပဏီရဲ့ Toyota 2000 GT ဆိုတဲ့ကား။ မစမ်းရသေးလို့ အကြမ်းခံမခံ မသေချာဘူး)။ ဒါကြောင့် 007ဟာ အနည်းဆုံး နှစ်ခါသေစရာဖြစ်လာမယ်... လို့ တွေးနိုင်တာမို့ ခေါင်းစဉ်ကို ဒီလိုပေးလိုက်ရတာပါ။ ခွင့်ပြုပါခင်ဗျား” တဲ့. :D.။
ဒီလိုနဲ့ Jeimusu Bondoကြီးက သိပ်မကျေနပ်သော်လည်း သူတို့သဘောအတိုင်း “နှစ်ခါသေသော 007” အဖြစ် ထိုကားကို ဂျပန်မှာ (ရုပ်ရှင်ရုံမှာ) ပြသခဲ့တယ်တဲ့..။ ထင်တဲ့အတိုင်းပါပဲ ဂျပန်တွေက ၀က်ဝက်ကွဲ အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ နှစ်ခါသေပေးရကျိုးနပ်တယ်ထင်ပါရဲ့..တော်သေး၏။
နောက်တမျိုးတွေ့တာက အောက်က ရုပ်ရှင်ဇာတ်ကားနာမည်တွေပါ။ နည်းနည်း လေ့လာကြည့်ရရင် ခေါင်းစဉ်တွေထဲက "ai(愛)" သို့မဟုတ် "koi(恋)" (နှစ်မျိုးလုံးရဲ့ အဓိပ္ပါယ်က "love") များနေတာကို တွေ့ရမှာ ဖြစ်ပါတယ်.။
Japanese Title | English Title |
Ai ga kowareru toki 愛が壊れるとき (When love is broken) | Sleeping with the Enemy |
Ai ni mayotta toki 愛に迷ったとき (When lost in love) | Something to Talk About |
Ai no sentaku 愛の選択 (The choice of love) | Dying Young |
Ai to iu na no giwaku 愛という名の疑惑 (The suspicion named love) | Final Analysis |
Ai to kanashimi no hate 愛と悲しみの果て (The end of love and sorrow) | Out of Africa |
Ai to seishun no tabidachi 愛と青春の旅立ち (The departure of love and youth) | An Officer and A Gentleman |
Ai to shi no aida de 愛と死の間で (In between love and death) | Dead Again |
Ai wa shizukesa no naka ni 愛は静けさの中に (Love is in the silence) | Children of a Lesser God |
Eien no ai ni ikite 永遠の愛に生きて (Living in the lasting love) | Shadow Lands |
Koi ni ochitara 恋に落ちたら (When falling in love) | Mad Dog and Glory |
Koi no yukue 恋の行方 (The place love has gone) | The Fabulous Baker Boys |
Renai shousetsuka 恋愛小説家 (A romance novel writer) | As Good As It Gets |
အပေါ်က ဇယားမှာ တွေ့တဲ့အတိုင်းပါပဲ.. အင်္ဂလိပ်ခေါင်းစဉ်ထဲမှာ "love" ဆိုတဲ့ စကားလုံး မပါတဲ့ ဇာတ်ကားတွေကို ဂျပန်က "love" ကို များများသုံးလို့ ဘာသာပြန်ထားတာ တွေ့ရပါလိမ့်မယ်။ ဒါနဲ့ ကျောင်းမှာ သူငယ်ချင်းတချို့ကို မေးကြည့်မိတယ်၊ “ဘာလို့ ဂျပန်တွေဟာ "love" ဆိုတဲ့ စကားလုံးကို မလိုပဲထည့်ရသလဲ”လို့..။ သူတို့ ပြန်ဖြေတာက “ဂျပန်တွေက "love" ဆိုတဲ့ စကားလုံးကို နှစ်သက်တယ်။ ခေါင်းစဉ်မှာ "love" ပါရင် အဲဒီရုပ်ရှင် သေချာပေါက်ကောင်းဖို့ သေချာတယ်။ ဒါကြောင့်လည်း ရုံပြည့်ရုံလျှံအားပေးကြတယ်.. ”တဲ့........။
အင်း.. အချစ်ကိုကြိုက်တဲ့ ဂျပန်လူမျိုးတွေကတော့ ရှေ့လျှောက်ပြီး နောက်ထပ်နောက်ထပ် ရောက်လာမယ့် နိုင်ငံခြားရုပ်ရှင်များ၏ ခေါင်းစဉ်တွေကို အချစ်များစွာနဲ့ ဖန်တီးဘာသာပြန်ပေးနေကြဦးမှာ အသေအချာပါပဲ..း))။လသာည ဖြစ်ပါတယ်..
Reference http://japanese.about.com/
Monday, March 1, 2010
Temari Sushi တဲ့
ပထမဆုံး ဆူရှီထမင်းအရင်ချက်ရပါမယ်.. ဆူရှီထမင်းကို ချက်တဲ့အခါ သကြား၊ဆား စတာတွေလည်း နည်းနည်းထည့်တယ်တဲ့။ ဆူရှီထမင်းက အဓိကလေ..။ သူကျက်ရင် အားလုံးပြီးသလိုပဲတဲ့။ ကောင်းကောင်းချက်လို့ ရအောင် အသေအချာ ချက်နည်းလေးကို လင့်ခ်လေးပဲ ပေးမယ်နော်။ စားချင်သူများ လုပ်ကြည့်လို့ ရတာပေါ့.။ (ဒီနေရာ)ကလစ်လို့ သွားကြည့်နိုင်ပါတယ်။ ဆူရှီထမင်းကို ကျက်ရင် အလုံးသေးသေးလေးတွေ ထမင်းဆုပ် လုပ်ထားပါ။ ပြီးရင် စားချင်တဲ့ ငါးအစိမ်း (စရှိမိ)ကို ပါးပါးလှီးထားပါ .. (maguro, salmon, shrimp, etc..)။
ငါးစိမ်း(စရှိမိ)ကို ပုံပါအတိုင်း...
Place toppings on a sheet of plastic wrap.ဆူရှိထမင်းကို တင်..
Place a sushi rice ball on the topping.ပြီးတော့ ..ဆူရှီပုံဖော်မယ်..
Shape the sushi into a ball, twisting the plastic wrap.စားလို့ရပြီ...
ဂျပန်နိုင်ငံမှာ ဘောလုံးသဏ္ဍန် ဆူရှီ(Temari Sushi)လေးတွေကို မတ်လ ၃ ရက်နေ့မှာ လုပ်စားလေ့ရှိပါတယ်။ (March 3rd) နေ့ဟာ Japanese Girl's Day ဖြစ်ပါတယ်။
- Photo from Setsuko Yoshizuka
- Reference from http://japanesefood.about.com/od/sushi/ss/howto_make_temari_sushi_6.htm
ဝမ်းစာတစ်ခု အကြောင်းပြု၍
တကယ်တော့ ကြော်ငြာတစ်ခုပါပဲ.ခွေးစာ ကြော်ငြာပါ။ ခွေးတွေအတွက် အရမ်းကို ကောင်းမဲ့ခွေးစာဖြစ်ပုံရပါတယ်...။ ခွေးတွေက အစာလေး လွင့်ပျံလာတာ မြင်တာနဲ့ စားချင်လွန်းလို့ အမူအရာလေးတွေကို အမျိုးမျိုး ပြောင်းလဲသွားပုံ၊ အရအမိ လှမ်းဟပ်ပုံကို slow motion နဲ့ ရိုက်ပြထားတာပါ။
သူတို့ အမူအရာလေးတွေကို အသေးစိတ် လိုက်ကြည့်ရင်း ပထမတော့ သဘောကျနေမိ.ခဲ့တယ်.. ဒါပေမဲ့ ကြည့်ရင်းကြည့်ရင်း ပုံထဲက အကောင်လေးတွေဟာ ခွေးတွေလို့ မမြင်မိပဲ အဆင့်မြင့်ဆုံး သတ္တ၀ါတစ်မျိုး(လူ) နဲ့ အစားထိုးလိုက်မြင်ယောင်လို့ အမျိုးမျိုး နယ်ချဲ့တွေးမိလိုက်တဲ့အခါ.........
မဆုံးနိုင်သော.......
အတွေးစများဖြင့် ........
........................
သက်မကို ခပ်ပြင်းပြင်းချမိတယ် :'(
လသာည... ဖြစ်ပါတယ်။