Saturday, July 31, 2010

ပြိုင်ဖက်မရှိ ချစ်တတ်သူများ

နေ့စဉ်ဘ၀တွေထဲမှာ သွားရင်းလာရင်း “ပြိုင်ဖက်မရှိ ချစ်တတ်သူများ”ကို တွေရတဲ့အခါ အလိုလို ပြုံးမိပါတယ်...။ ကျွန်မသူငယ်ချင်းများရော ပြိုင်ဖက်မရှိ ချစ်တတ်သူများကို တွေ့ဖူးပါသလား..။ ခက်ခက်ခဲခဲ မရှာရပါဘူး..။ လောကထဲမှာ အများကြီး ရှိပါတယ်။ အများကြီးဆိုမှ အများကြီး...ပါ..။
......................................
တခါက ၅ နှစ်အရွယ် ကလေးနှစ်ယောက် အတူတူ ဆော့ကစားကြတယ်..။ ဆော့ကစားရင်း ခလုပ်တိုက် လဲသွားကြတယ်..။ နှစ်ယောက်လုံး ဒူးလေးတွေ ပွန်းသွားပြီး နဖူးလေးတွေ ရဲသွားအောင် နာသွားတယ်ပေါ့..။
ဒီတော့ကလေးငယ်တစ်ယောက်က လက်တစ်ဖက်က သူ့နဖူးကိုသူပွတ်ပြီး “အား..နာလိုက်တာ”လို့ ပြောရင်း သူငယ်ချင်းကို ကြည့်လိုက်တယ်။ သူငယ်ချင်းက မျက်နှာမဲ့ပြီး ငိုတော့မဲ့အရိပ်အရောင်မြင်လိုက်တော့ ဘာလုပ်ရမှန်းမသိတာမို့ အားပေးတဲ့အနေနဲ့ သူရဲ့ ဖုံပေနေတဲ့ လက်သေးသေးလေးနဲ့ပဲ သူငယ်ချင်းခေါင်းလေးကို ပွတ်ပေးလိုက်တယ်။ ပါးစပ်ကလည်း“အုံဖွ အုံဖွ အရမ်းနာတာပဲနော့”တဲ့..။

သူချော့နေပေမယ့်လည်း သူ့သူငယ်ချင်းက မျက်နှာလေးမဲ့ရာကနေ အသံအကျယ်ကြီးနဲ့ အီင်္း ကနဲ့ ငိုချလိုက်ပါတော့တယ်။ အတန်းထဲက ဆရာမရောက်လာပြီး ငိုနေတဲ့ သူ့သူငယ်ချင်းကို ခေါ်သွားတယ်။ ပြီးတော့ ပွေ့ဖက်ချော့မြူပြီး မုန့်ပေးတာကို တွေ့လိုက်ရတယ်..။ သူငယ်ချင်းက ငိုသံကို တရှိုက်ရှိုက်လိုက်ရင်း မုန့်ကိုယူစားလိုက်တာလည်း တွေ့ရတယ်။ သူကဆက်ပြီး ငေးကြည့်နေပေမယ့် သူငယ်ချင်းက သူ့ကို လှည့်မကြည့်တော့ဘူးရယ်။ သူငယ်ချင်းလည်း ငိုသံတိတ်သွားပြီဆိုတော့ ကလေးငယ်လေးဟာ အမည်မသိ ၀မ်းနည်းစိတ်နဲ့ သူ့ခုံနားလေးကို လှည့်ပြန်လာခဲ့တယ်။

တကယ်ဆို သူလည်း နာတဲ့သူပဲ..။ဆရာမချော့မြူတာကိုခံချင်တာပေါ့၊ မုန့်လည်း စားချင်တာပေါ့။ အခုနက ကိုယ့်အနာထက် သူငယ်ချင်းကိုပဲ အားပေးနေခဲ့တဲ့ကလေးငယ်က အခုမှ သူ့အနာကို နာကျင်ရမှန်းသိသွားတယ်။ အနာကို လက်ဖမိုးဖောင်းဖောင်းသေးသေးလေးနဲ့ ပွတ်လို့ တိတ်တိတ်လေး တစ်ယောက်တည်း မျက်ရည်ကျနေခဲ့တယ်။
သူဘာလို့ အခုနက မငိုပဲ အခုမှ ငိုမိသလဲ.. ကလေးပီပီ စဉ်းလည်း မစဉ်းစားတတ်ဘူး၊ နားလည်းမလည်ခဲ့ဘူး..။

နောင် နှစ်၂၀ကျော် ကြာပြီးတဲ့နောက် လူကြီးအသွင်နဲ့ သူအလုပ်ထဲဝင်ရတဲ့အခါ သူ့သူငယ်ချင်းလို လူတွေကို အများကြီး တွေ့ရတယ်.။ အလုပ်အတူတူလုပ်၊ ပင်ပန်းတာချင်းအတူတူ အသံကျယ်ကျယ် ညည်းပြတတ်တဲ့အတွက် အရာရှိက “အလုပ်ကြိုးစားသူ”အဖြစ် သတ်မှတ်ခံသွားရပြီး ရာထူးတွေ အဆင်ဆင့် တိုးတိုးသွားသူတွေ၊ ကိုယ်ခံစားနာကျင်နေချိန်တွေမှာ ကိုယ့်ဒုက္ခမှ ဒုက္ခလို့ ထင်ပြီး ညည်းတွားတဲ့အတွက် စာနာစွာ လာအားပေးသူ သူငယ်ချင်းတွေကြားမှာ ကျေနပ်ပျော်ရွှင်နေတတ်ပေမယ့် အဲဒီသူငယ်ချင်းတွေ အလှည့်ကျတော့ ဂရုတစိုက် ပြန်အားပေးဖို့ မေ့နေတတ်သူတွေ၊ အခုဘ၀မှာ သူများရဲ့ ဂရုစိုက်မှု၊ ကြင်နာမှုရနေတာဟာ ကံတရားကြောင့် ဘုရားပေးလို့ အဆင့်သင့်ရလာတာလို့ ထင်နေတတ်သူတွေ.. အစရှိသဖြင့်ပေါ့ အများကြီးပါပဲ...။

လူတိုင်း ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုပေမယ့် သူတို့ကတော့ တကယ်ကို ပြိုင်ဖက်မရှိ ချစ်ကြတဲ့သူတွေပါပဲ...။

.......................................

အခုတော့ အဲလို ကိုယ့်ကိုယ့်ကိုပြိုင်ဖက်မရှိ ချစ်နေကြသူတွေ ပတ်ဝန်းကျင်တွေမှာ မကြာခဏ တွေ့ရလာတဲ့အခါတိုင်း သဘောကျစွာ ကျွန်မ ပြုံးနိုင်ပါပြီ..။

ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေတွေကြားက ကြင်နာမှု ဂရုစိုက်မှုဆိုတာ ဘုရားပေးတာ မဟုတ်ပါဘူး..၊ကိုယ့်ရင်ထဲက၊ နောက်ပြီး သူ့နှလုံးသားထဲက ဖြစ်တည်လာတဲ့ အကြင်နာ သွေးတွေသာ ဖြစ်ပါတယ်။ လူတိုင်းမှာ ၀မ်းနည်းချိန်၊ သောကဝေ အားငယ်ချိန် ဆိုတာ ရှိနိုင်တယ်။ ကိုယ့်အားငယ်ချိန် တစ်စုံတစ်ဦးရဲ့ မေတ္တာပေး ဂရုစိုက်မှုကို ရလာခဲ့ဖူးရင် ထိုသူ အားငယ်ချိန်၊ ဒုက္ခရောက်ချိန်မှာလည်း မမေ့မလျော့ ကိုယ့်ရင်ထဲကလာတဲ့ ဂရုစိုက်မှုတစ်ခုတော့ သူ့ကို ပြန်ပေးသင့်တယ် မဟုတ်ဖူးလားဟင်..

လသာည..ရဲ့ အတွေးပါ...

Tuesday, July 27, 2010

အတွေးတချို့နဲ ဟာသတချို့

စာကြည့်တိုက်နဲ့ lab ထဲက စာအုပ်စင်ကို သွားတိုင်း မျက်လုံးက အကျင့်ပါနေတော့ ကိုယ့်ကျောင်းစာနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ကျော်သွားပြီး တခြားစိတ်ဝင်စားတဲ့ စာအုပ်တွေပဲ မျက်လုံးက ရောက်တယ်..။ စာတွေဖတ်ပြီးတိုင်းလည်း အဆုံးမရှိ လျှောက်တွေးတယ်.. လျှောက်ငေးတယ်..။ ပြီးတော့ အခုလို လျှောက်ရေးတယ်း))..
၁) တစ်ကြောင်းဟာသတွေ ဖတ်ဖြစ်တယ်..။ ( တကယ်က တစ်ကြောင်းတည်းရေးထားတာလည်း မဟုတ်ပဲနဲ့း)
(၁) Happy Birthday
တနေ့မှာ ဖယောင်းတိုင်စက်ရုံတစ်ရုံ မီးထလောင်တယ်။ မတတ်သာတဲ့အဆုံး လူအားလုံးက မတ်တတ်ရပ်လိုက်ကြပြီး စကားလုံးတစ်ချို့ကို သံပြိုင်ရွတ်လိုက်ကြတယ်။
\(^^)/\(^^)/" Happy Birthday"\(^^)/\(^^)/
***
(၂) အစားထိုး ပစ္စည်း
အခန်းထဲရှိရှိသမျှကို ဒမြတိုက်ခံရတော့ အိမ်ရှင်ဟာ သူ့မိန်းမ ပြန်မလာခင် နဂိုပစ္စည်းတွေနဲ့ ပုံစံတူတွေကို လိုက်ဝယ် အစားထိုးရတယ်။ သူ့မိန်းမပြန်လာတဲ့အခါ အကျိုးအကြောင်းပြန်ပြောပြတော့ သူ့မိန်းမက
“ရှင်ကို ကျွန်မ သိလို့လား” တဲ့။ ယောက်ျားက“ အော်.. မိန်းမကိုပါ အစားထိုးလဲလှယ်ထားတာ ငါ့မေ့သွားလို့ပါ”း))
***
(၃) အားကိုးရတဲ့ သူငယ်ချင်း
ဟိုတနေ့က ကျွန်တော့်အခန်းက မှန်ကျကွဲသွားတယ်။ ဒါနဲ့ နှစ်ပေါင်းများစွာ ကံဆိုးမှာ ကြောက်လို့ သူငယ်ချင်းနဲ့ တိုင်ပင်တော့ သူငယ်ချင်း ရှေ့နေက ပြန်ပြောတယ်..“မင်း ၅နှစ်လောက်ပဲ ကံဆိုးအောင် ငါအတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်”တဲ့။ (ရှေ့နေသူငယ်ချင်းက အားကိုးရတယ်း))
***
(၄) အကွေးခံချင်သူ ရှိပါသလား
ဒီမယ် ကျွန်တော် ဘယ်တော့မှာ ကန်ထဲမှာ ရေဆင်းမချိုးဘူးဗျ။ ဘယ်နှယ်ဗျာ.. ပေတံတစ်ချောင်းကို ရေကန်ထဲ ထည့်ပြီး အပေါ်ကကြည့်ရင် ပေတံက ကွေးသွားတာ လူတိုင်း မြင်ရတာပဲ၊ ကျွန်တော့်ခန္ဓာကိုယ်တော့ ရေကန်ထဲမှာ အကွေးမခံနိုင်ပေါင်.. (အကွေးခံချင်သူ ရှိပါသလားး))
***
(၅) နေ၏အလင်းရောင်ကို installလုပ်ခြင်း
ကျွန်မက အလင်းရောင်သိပ်ကြိုက်တာလေ..။ ခပ်လင်းလင်းလေး နေချင်တာနဲ့ နေရဲ့အလင်းရောင်ကို ကျွန်မအိပ်ခန်းထဲကို install လုပ်လိုက်တာ ကျွန်မအိပ်ခန်း အပေါ်ထပ်က လူတွေ ထအော်ကြတယ်။ “ဒီနှစ်နွေ တော်တော်ပူတယ်”တဲ့ ..။
(လသာညအိမ်ခန်းရဲ့ အောက်ထပ်က အိမ်ခန်းပိုင်ရှင်လည်း နေ့အလင်းရောင်ကို သိပ်ကြိုက်တယ်ထင်ရဲ့။ သူinstall လုပ်ထားတာ ဒီနှစ်နွေ တော်တော်ပူတယ်... အားကြီး ပူတယ်း))

၂ ) နပိုလီယန် (Napoleon Bonaparte ) ရဲ့ အဆိုအမိန့်များလည်း ဖတ်ဖြစ်ပြီး တချို့ကို သဘောကျမိတယ်.

(က) နာမည်ကျော်ကြားချိန်ဆိုတာ သိပ်တိုတယ်။ လူမသိ သူမသိ နေချင်ရင်တော့ တသက်လုံးနေလို့ရပါတယ်။
***
(ခ) ခင်ဗျားရဲ့ ရန်သူအမှားလုပ်နေချိန် ဘယ်တော့မှ ၀င်မနှောက်ယှက်ပါနဲ့.. ( အဲ..ခင်ဗျား မှားနေချိန် သူများက ၀င်နှောက်ယှက်ခဲ့တယ်ဆိုရင် အဲဒါ ခင်ဗျားကို ရန်သူလို့ မသတ်မှတ်လို့ပါ)
***
(ဂ) သမိုင်းစာအုပ် ဆိုတာ အတိတ်ကလူတွေက သဘောတူခဲ့တဲ့ အကြောင်းအရာတွေကို ဘာသာပြန်ထားတာပါ။
***
(ဃ) ရိုင်းစိုင်းသူတစ်ယောက်ဆိုတာဟာ ဒုက္ခိတတစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်ထားတာ မရှိပါ။ (ရိုင်းစိုင်းစွာ ပြုမှုပြီးမှ ကျွန်တော်က ဘာဖြစ်လို့ပါ ညာဖြစ်လို့ပါလို့ ဆင်ခြေပေးပြီး ရိုင်းစိုင်းမှုကို ဖုံးကွယ်လို့ မရဘူး)
***
(င) ဘာသာတရားဆိုတာ လူဆင်းရဲတွေက လူချမ်းသာတွေကို မသတ်အောင် ကာကွယ်ထားတဲ့ အဆိုအမိန့်တွေပါ။
ဖတ်မိသမျှ ဤတွင် ပြီး၏..

အသစ်အသစ်လို့ လာလာအော်တဲ့ သယ်ရင်းလေးများအတွက် အမြန်ဆုံးနည်းနဲ့ ပန်ကန်လုံးစီးပြီး ရေးသွားတာ ဖြစ်ပါတယ်။ သတ်ပုံမှားရင် ခွင့်လွှတ်ပါ။ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ..း)))
လသာည.. ဖြစ်ပါတယ်..။

Saturday, July 17, 2010

ကြင်နာတတ်သော်လည်း ရက်စက်သူ

တချို့သူတွေက စိတ်ရင်းက ကြင်နာတတ်ပေမယ့် တခါတရံ တော်တော် ရက်စက်တတ်ကြတယ်။ ဘာကြောင့်လဲ..။ အကြောင်းရင်းတွေ အများကြီးထဲက တစ်ကြောင်းကို ပြောပြချင်တယ်..။

ဗီယက်နမ် စစ်အတွင်း လူပေါင်းများစွာ သေဆုံးသွားရပြီးတဲ့နောက်မှာ စိတ်ပညာရှင်တွေက သုံ့ပန်းစစ်သားတွေကို စစ်ဆေးတဲ့အခါ သူတို့အားလုံးဟာ စိတ်ထိခိုက်မှုဝေဒနာတွေကို အပြင်းအထန် ခံစားနေကြရတာကို တွေ့ရှိခဲ့ကြတယ်။ စည်းကမ်းအမိန့်ကို လိုက်နာပြီး လုပ်ခဲ့ရတဲ့အတွက် လူတွေအများကြီး သေခဲ့ရတာကို သူတို့ရင်ထဲမှာ ထိခိုက်နေရကြောင်းလည်း ငိုကြွေးရင်း ရင်ဖွင့်ခဲ့ကြတယ်။ ဒါကို အခြေခံပြီး စိတ်သိပ္ပံပညာရှင်တစ်ဦးက စည်းကမ်းအမိန့်တစ်ခုနှင့် ပတ်သက်ပြီး လူတစ်ဦးရဲ့ အဆုံးစွန်လိုက်နာမှု( extremes of obedience) နဲ့ ပတ်သက်ပြီး စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ ပညာရှင်နာမည်က Milgram ( Stanley Milgram) ဖြစ်ပါတယ်..

စမ်းသပ်မှုက သာမန်အရပ်သားတွေကိုပဲ လုပ်ခဲ့တာပါ။ စမ်းသပ်ချက်က အရမ်းကို ရိုးပါတယ်။ စမ်းသပ်ချက်မှာ ပါဝင်ပေးမယ့် သူတွေကို ဆရာအဖြစ် အစမ်းခန့် စာသင်ခိုင်းတာပဲ ဖြစ်ပါတယ်။ ကျောင်းသားကို တခြားအခန်းထဲမှာ ထားပြီး ဒီဘက်အခန်းကနေပြီး စာသင်ပြီး မေးခွန်းတွေ မေးရတယ်။ မေးတာကို ကောင်းကောင်းဖြေနိုင်ရင် ချီးကျူးရပြီး မဖြေနိုင်ရင် တပည့်ကို အပြစ်ပေးရတယ်။ အပြစ်က လျှက်စစ်ရှော့ခ်ပေးတာ ဖြစ်ပါတယ်။ အဲဒီစက်က အောက်က ပုံထဲက စက်ပဲ ဖြစ်ပါတယ်။

စက်မှာ အလွန်အားပြင်းတဲ့ ၁၅ ဗို့ ကနေ အသက်အန္တရယ် ထိခိုက်စေနိုင်တဲ့ ၄၅၀ ဗို့အထိ လွှတ်နိုင်တဲ့ ခလုပ်လေးရှိပါတယ်။

ကျောင်းသားအဖြစ် အသင်ခံရမယ့်သူကို အခုလို ၀ိုင်ယာကြိုးတွေနဲ့ ဆက်ပေးထားတယ်။ အမှားတွေ ဖြေတာနဲ့ သူတို့ဟာ လျှက်စစ်ရှော့ခ်ပေးတာ ခံရမှာ ဖြစ်ပါတယ်။

စမ်းသပ်ခန်းမှာ ပါဝင်မယ့် သူ (အရပ်သား) ဖြစ်ပါတယ်။ သိပ္ပံစမ်းသပ်ချက်မှာ ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ စမ်းသပ်ချက်ထဲက စည်းကမ်းကိုပဲ လိုက်နာပေးဖို့လိုကြောင်း အရင်ဆုံး ပြောတယ်။ နောက်တော့ ဒီစမ်းသပ်ချက်မှာ ကျောင်းသားကို သင်ရမယ့်စာတွေ၊ မေးရမယ့် မေးခွန်းတွေနဲ့ မဖြေနိုင်ရင် ပေးရမယ့် အပြစ်ပေးရမယ့် စည်းကမ်းတွေကို ရှင်းပြပါတယ်..။

လျှပ်စစ်ရှော့ရဲ့ နာကျင်မှုကို ခန့်မှန်းလို့ ရအောင် နမူနာအနေနဲ့ ၄၅ဗို့ရှိတဲ့ လျှက်စစ်ဗို့လေးကို စမ်းသပ်သူက စကားပြောရင်း စမ်းသပ်ခံ အရပ်သား ကျောင်းဆရာလုပ်မယ့်သူ ကို(သူသတိမထားမိခင် ရုပ်တရက်)လွှတ်ပြီး ပြသထားလိုက်တယ်။ ၄၅ ဗို့ဟာ မပြင်းပါဘူး ။ ဒါပေမယ့် ထိုသူ့တော့ မတ်တပ်ရပ်သွားစေတယ်..

အဲဒီနောက်တော့ စမ်းသပ်ချက်ကို စပါတယ်။ ဆရာဟာ တဖက်ခန်းကနေပြီး ကျောင်းသားကို စာသင်ပြီး စာမေးပါတယ်။ ကျောင်းသားက မဖြေနိုင်ပါဘူး...။ (မဖြေနိုင်ဆို အမှားဖြေဖို့ သင်ထားတဲ့ စမ်းသပ်သူရဲ့ လူယုံဖြစ်လို့ပါ)။ ဒီတော့ ဆရာလုပ်သူက အမှားဖြေတဲ့အတွက် ပြစ်ဒဏ်စပေးရပါတယ်။ ၁၅ ဗို့ပေါ့..။

ထပ်ပြီး သင်ပါတယ်။ ပိုလွယ်မယ့် မေးခွန်းကို မေးတယ်..။ ကျောင်းသားကလည်း ထပ်မှားတယ်..။ ထပ်ပြီး ပြစ်ဒဏ်ပေးတယ်..၃၀ ဗို့..။ ခလုပ်က ဗို့ကို ပြန်လျှော့လို့မရဘူး..။ တိုးဖို့ပဲ ရှိတယ်လေ..

ဒီလိုနဲ့ ကျောင်းသားဟာ မဖြေနိုင်ခဲ့လေ.. ဆရာက အပြစ်ပေးရလေပါပဲ..။ လျှပ်စစ်ဗို့တွေ တိုးလာတယ်။ လျှပ်စစ်ဗို့များလာတာနဲ့ အမျှ ကျောင်းသားလုပ်သူရဲ့ အော်ဟစ် ညည်းညူသံတွေက မချိမဆန့်အသံနဲ့ ပေါ်ထွက်လာခဲ့တယ်..။

ဆရာလုပ်သူဟာ အသံတွေ ကြားနေရတော့ ဆက်မလုပ်ပါရစေနဲ့လို့ ငြင်းပါတယ်။ ဒါပေမယ့်လည်း စမ်းသပ်သူက သိပ္ပံစမ်းသပ်ခန်းကို ပူးပေါင်းပါဝင်နေချိန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းကို အတိအကျ လိုက်နာပါလို့ အမိန့်ပေးပြီး ဆက်ပြီး မေးခိုင်းပါတယ်။ ဒီလိုနဲ့ပဲ ကျောင်းဆရာဟာ ကျောင်းသားကို ဆက်လက်ပြီး အပြစ်တွေ တိုးပေးနေခဲ့တယ်။ နောက်ဆုံးအဆင့် ကျောင်းဆရာလုပ်သူက မျက်ရည်အ၀ိုင်းသားနဲ့ ဆက်မလုပ်ချင်တော့ပါလို့ ပြောတဲ့အထိ စောင့်ခဲ့တယ်။

အံ့သြစရာ ကောင်းတာက စမ်းသပ်ချက်မှာ ပါဝင်သူ ယောက်ျား၊ မိန်းမအားလုံးရဲ့ ၆၅ % ဟာ နောက်ဆုံးအဆင့် လူသေနိုင်တဲ့ လျှပ်စစ်ဗို့အား ၄၅၀ အထိ အပြစ်ပေးခဲ့ကြတာကို တွေ့ရတယ်။ တချို့ဆိုရင် ကျောင်းသားက နာကျင်လို့ ပြန်ပြောပြီး နံရံကို ခြေနဲ့ကန်တဲ့အခါ ဗို့ ၃၀၀ကို non-stop ပေးပြီး ပြစ်ဒဏ်ချသူတောင် ပါဝင်ပါသေးတယ်။

ကျောင်းသားအဖြစ်လုပ်ရသူကတော့ အစမ်းခန့် ကျောင်းဆရာများရဲ့ လက်မှာ အခါခါ သေနေတော့တာပါပဲ..။ (တကယ်တော့ စမ်းသပ်ချက်ထဲက ကျောင်းသားဟာ သရုပ်ဆောင်ကောင်းသူတစ်ဦးကို ဌားထားတဲ့ စမ်းသပ်သူရဲ့လူယုံဖြစ်ပြီး တကယ့်လျှပ်စစ်ကြိုးနဲ့ သွယ်မထားပါဘူး။ ဟန်ဆောင်အော်ဟစ်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်..။ တော်သေးတာပေါ့နော်..။)

ဒီစမ်းသပ်ချက်ကနေ ဘာကို ကောက်ချက်ချခဲ့ကြသလဲဆိုတော့ လူအများရဲ့ မသိစိတ်မှာ စည်းကမ်းလို့ သတ်မှတ်ထားတဲ့အချက်တွေကို လိုက်နာမှဖြစ်မယ်လို့ ယူဆသွားပြီးတဲ့နောက်မှာ တဖက်သားအပေါ် ရက်စက်ရာ ရောက်မှန်းသိသော်လည်း၊ နာကျင်နေမယ်ဆိုတာကို ခံစားစာနာနိုင်သော်လည်း သတ်မှတ်ချက်တွေအပေါ် မျက်စိမှိတ် လိုက်နာမိသွားကြတယ် ဆိုတာပါပဲ...

Social Psychologist ဖြစ်တဲ့ Stanley Milgram ရဲ့ စမ်းသပ်ချက်ပါ။ အဲဒီ စမ်းသပ်ချက်ကို အောက်က ဗွီဒီယိုကနေပြီး အစအဆုံး ကြည့်လို့ရပါတယ်။


ပိုစ်မတင်ခင် ဒီအကြောင်းအရာကို ဖတ်ပြီး ဗွီဒီယိုကို ကြည့်မိတော့ ဗွီဒီယိုထဲမှာ “မလုပ်ချင်ဘူး၊ မလုပ်ချင်ဘူး လို့ ပြောနေရင်း ပြောနေရင်းကနေ စည်းကမ်းကို ထိန်း၊ အမိန့်ကို နာခံနေကြတဲ့အတွက် အပြစ်ပေးခလုတ်တွေကို မျက်စိမှိတ်နှိပ်နေတဲ့ လူများစွာကို သတိထားမိတယ်” ။ သူတို့ရင်ထဲလည်း ကြေကွဲနေကြရဲ့သားနဲ့ ဘာလို့များ အဲဒီစိတ်အတိုင်း မနေနိုင်တာလဲလို့ စိတ်ထဲကလည်း အပြစ်တင်မိတယ်။

ဒါပေမယ့်လည်း အဲဒါ တကယ်ဖြစ်တတ်တဲ့ သဘာဝဆိုတော့ သိလိုက်ရတော့.. ဘုရားကိုပဲ တမိတယ်။

သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အမိန့်အာဏာတွေကို လိုက်နာလိုစိတ် ရှိတာ ကောင်းတယ် ဆိုပေမယ့် အဲဒီစိတ်ဟာ မူရင်းက ကြင်နာတတ်သူတွေတောင် ရက်စက်တတ်သူ ဖြစ်စေတယ်....။ အဲလိုရက်စက်တတ်တဲ့ လူဖြစ်နိုင်ချေက အခုစမ်းသပ်ချက်အရ.. လူတစ်ရာမှာရဲ့ ၆၀ကျော်ဖြစ်နေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်တဲ့ ၄၀ ထဲမှာ ကိုယ်ပါနိုင်ဖို့နဲ့ ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေ၊ ဘယ်လိုအချိန်အခါတွေမှာပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ပတ်သက်သူတွေ၊ ကိုယ့်ပတ်ဝန်းကျင်က သူတွေအပါအ၀င် လူသားအားလုံးအပေါ်ကို နာကျင်အောင် လုပ်မိသူ မဖြစ်ရပါစေနဲ့လို့ ဆုတောင်းမိတယ်.. (ဗဟုသုတပေါ့နော်..)

လသာည ဖြစ်ပါတယ်..

Tuesday, July 13, 2010

အသွင်တူရင်

အင်း..အသွင်တူရင် အိမ်သူဖြစ်တယ်တဲ့..။ ပထမဆုံး စရေးသူက ဘယ်လိုအတွေးနဲ့ tag အသွင် လုပ်ပေးလိုက်သလဲ မသိပေမယ့်၊ ဒါဟာ နောင်လာနောင်သား ( အိမ်ထောင်မကျသေးတဲ့ သယ်ချင်းလေးတွေ) ကို အားကျအောင် လက်ဆင့်ကမ်းတဲ့ စကားလေးများ ဖြစ်မယ်ထင်ပါရဲ့..း))။ အဲဒီ လက်ဆင့်ကမ်းပွဲမှာ လသာညကိုလည်း မသီတာနဲ့ မချစ်ကြည်အေးက ချစ်ခင်စွာ တဂ်ထားပါတယ်။

ဘယ်လိုစရေးရမှန်းမသိတာမို့ သူများtagစာများ လိုက်ဖတ်လို့ referenceများများ လေ့လာခဲ့ပါတယ်။ ဖတ်ရင်းကနေ အင်း.. ဒါက ငါတို့နဲ့ တူလိုက်တာ၊ ဒါမျိုးလေး ပျော်စရာကောင်းလိုက်တာနဲ့ ပျော်ပြီး ပြန်လာခဲ့တယ်။ ကိုယ်တိုင်ရေးမယ့်ကြံတော့ ဘာမှ ထွက်မလာဘူး။ ဒါနဲ့ နောက်တခေါက် ထပ်ဖတ်၊ ပြန်လာ ပြန်ရေးဖို့ စဉ်းစား သံသရာလည်နေရော..။ အမြဲလည်း ကိုယ့်အကြောင်းနဲ့ ပတ်သက်ပြီး tagခံရလို့ ရေးခါနီးရင် စဉ်းစားရင်း ကြာကြာနေတာ များခဲ့တယ်။ မပြီးသရွေ့လည်း ကျောင်းက assignment အကြွေးကျန်သလို နေမကောင်းဘူးးD

ကဲ.. tag အကြောင်း နိဒါန်းချီတာ နှစ်ပိုဒ်ရသွားပြီ.. (^^;)

ရုပ်ရည်..
လူအများက ပြောတယ်၊ ရုပ်ချင်းဆင်ရင် ညားတတ်တယ်တဲ့..။ ဖြစ်နိုင်တယ်..။ လသာည တို့နှစ်ယောက် ရုပ်ချင်းဆင်ပါတယ်။ ကျောင်းမှာ သူလာပြီးတွေ့တော့ သူငယ်ချင်းတွေက မောင်နှမလို့ ယုံကြတယ် (အဲလောက်ထိ)။ ဘယ်အထိတူလည်း ဆိုရင် သွားထပ် (သထပ်)ပါတာတောင် တူတယ်။ သွားဆရာဝန်က ငယ်ငယ်က တော်တော်ပေတဲ့သူ (ကျန်းမာရေး ဂရုမစိုက်သူ) မို့ သွားထပ် ပါတာလို့ အဆူခံရပေမယ့် သူလည်း သွားထပ်ပါတာမို့ သူလည်း စရိုက်တူဖြစ်ခဲ့တယ်ဆိုတာ သေချာပါတယ်း))

စရိုက်..
စရိုက်လည်း တော်တော်များများ တူတယ်..။ လူမှုရေးများတယ်။ အပေါင်းအသင်းမင်တယ်။ ခင်တဲ့သူဆို နောက်တတ်တယ်။ သူ့ထက် လသာညက ပိုနောက်တတ်တယ်။ မှတ်ထားနော် တအားခင်သွားလို့ နောက်ရင် စိတ်မဆိုးတတ်ဘူးမို့လားဟင် ;)) လသာညက စနေမို့ စိတ်နည်းနည်းလေးတော့ ပိုကြီးတယ်..။ နည်းနည်းလေးပါ၊ များဘူး ဟင်းဟင်း |(=.=)| ။ ပြီးတော့ စိတ်ကောက်တာ သိပ်မကြိုက်ဖူး..။ ချော့ဖို့ စိတ်သိပ်မရှည်တတ်ဘူး.လေ.။ ဒါကြောင့် နှစ်ယောက်လုံး စိတ်မကောက်တတ်ဘူး.. (ကောင်းတယ်ဟုတ် ?)

အစားအသောက်..
သူက အစားအသောက်အရမ်းဂျီးများသလောက် လသာညက အကုန်တီးတာပဲ.။ လသာညဟင်းချက်လည်း ညံ့တော့ ကိုယ်ချက်တာ ကိုယ်ဂျီးများလို့ မရဘူးမို့လား။ အဲဒီတော့ လသာညက ကောင်းကောင်းဆိုးဆိုး အကုန်စားတယ်။ သူကတော့ ဂျီးများသူဆိုတော့ အခု ဂျပန်မလာခင်အထိ ယောက္ခမက ချက်ကျွေးတာ စားခဲ့ကြတယ်။ သူတို့အိမ်နဲ့က အိမ်နီးချင်းတွေဆိုတော့ လသာည ဟင်းချက်ညံ့တာ အကြောင်းသိတွေမို့ ပြဿနာ မရှိခဲ့ဘူး..။ ဒီကပြန်ရင်တော့ ချက်တတ်သရွေ့ ချက်ကျွေးမယ်နော်လို့ ချွဲထားလိုက်တယ်။ မဖြစ်တော့လည်း တစ်ခုခုတော့ ကြည့်ကျက်လုပ်ရမှာပေါ့နော်း)

အတွေးအခေါ်
ဒါကတော့ လုံးဝကို မတူတာရယ်။ သူက သားအကြီးဆုံးမို့ တွေးခေါ်တာက လူကြီးဆန်ပြီး အငယ်တွေကို ညှာတာတတ်တဲ့ စိတ်ထားရှိတယ်။ အရာရာကို တာဝန်ယူပေးချင်တယ်။ အနာဂတ်ဆိုတာကို ဟိုး.......... အဝေးကြီးအထိ စဉ်းစားတတ်သူဖြစ်ပေမယ့် လသာညက အခုလုပ်ချင်တာကို အခုကို လုပ်လိုက်ရမှ စိတ်တိုင်းကျသူပါ။ ဒီတော့ တခါတခါ သူ့အနာဂတ်ဆိုတာတွေကို နားထောင်ပေးလိုက်၊ တခါတခါ သူ့ကို ဆွေးနွေးမနေပဲ လုပ်ချင်တာ ချက်ချင်းလုပ်လိုက် လုပ်မိတာ ရှိပါတယ်။ မှားတဲ့အခါလည်း “အဟဲ မှားသွားပြီ” ပေါ့..။ တတ်နိုင်ဘူးလေ နော့..။

အချစ်
မမရွှေစင်စကားကို ဌားပြောရရင် အချစ်တူလို့ သာ ညားတာပေါ့နော်။ ( ကဲ reference ကောင်းကောင်း ထည့်လိုက်ပြီ မှားရင် မမရွှေစင် ကို သွားရန်တွေ့ပါး))

(အိမ်ထောင်မကျသေးတဲ့ သယ်ရင်းလေးများ နော်၊ ချစ်သူလေးများ ရှိနေပြီဆိုရင် အားလုံးအသွင်တူစရာမလိုပါဘူး။ လသာညတိုလို့ပဲ နည်းနည်းပါးပါး အသွင်တူတာရှိရင် ဖြစ်ပြီ၊ ကျန်တာ အချစ်နဲ့ ဖြည့်ပြီး နားလည်ပေးလိုက်ကြပါ။ သိပ်စဉ်းစားမနေနေဲ့ မြန်မြန် အသက်မကြီးခင် အိမ်ထောင်သာ ပြုကြတော့ ) မြှောက်ပေးခဲ့ပြီ ..

Tag ပိုစ်ပြီးစ်.........

ချစ်ခင်ရတဲ့ အမ သီတာ နဲ့ အမ ချစ်တို့ ကို ကျေးဇူးတင်ပါတယ်။
လသာည ဖြစ်ပါတယ်နော်းD

Monday, July 12, 2010

Ryo Sakamoto ရဲ့ ကာတွန်းပုံလေးတွေ

Ryo Sakamoto ရဲ့ ကာတွန်းပုံလေးတွေကို အရင်ကတဲက ကြိုက်ခဲ့တယ်..။ သူ့ရဲ့ကာတွန်းတွေက မြင်ရုံနဲ့ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ စိတ်ခွန်အားတွေ ရသွားသလိုပဲ။ ပြီးခဲ့တဲ့ ရက်က (ဖျားနေတုန်း) လာအားပေးတဲ့ သူငယ်ချင်းလေးများအတွက် ဒီကာတွန်းများနဲ့ ကျေးဇူးစကားဆိုပါရစေ။

သူ့နာမည်က Coco chan. ဘယ်သူနဲ့မဆို ခင်တတ်တယ်။ တိရစ္ဆာန်လေးတွေကို ကြင်နာတတ်သူ၊ အမြဲ ပျော်ရွှင်စွာ နေတတ်သူလေးပါ။
အားမငယ်နဲ့ ..

Do you feel?
You know?
Don't cry. Let's sing a song, together.
အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်လို့..

လသာည ဖြစ်ပါတယ်.။

Saturday, July 3, 2010

နားထောင်ပေးပေမယ့် မကြားသူ

မြိုင်ရာဇာတွတ်ပီ ကာတွန်းထဲမှာ မသေးမျှင်ရန်ဖြစ်ပြီး အိမ်က ဆင်းသွားတော့ ကိုတွတ်ပီက “မသေးမျှင်ကို လွမ်းလိုက်တာ၊ ထမင်းဝိုင်းမှာ ပြောတဲ့ “တော့... ကတွတ်ပီရဲ့ ဘယ်သူကလေ.. ”အစရှိတဲ့ အတင်းစကားလေးတွေကို နားထောင်စားရတာလောက် ထမင်းစားကောင်းတာ မရှိဘူး”လို့ ပြောတာကို ဖတ်ဖူးခဲ့တယ်။ (အဲလိုအဓိပ္ပါယ်မျိုးနဲ့ ပြောတာပေါ့နော်။ တိုက်ရိုက်တော့ မမှတ်မိတော့ဘူးး)))

ထမင်းဝိုင်းက ထမင်းဟင်းရဲ့ အရသာထဲမှာ အနားက စကားတွတ်တွတ် ပြောနေတဲ့ သူရှိနေခြင်းဟာလည်း ထမင်းကို ပိုမြိန်စေတယ် ထင်ပါရဲ့..။

ဂျပန်မှာ ဟိုတလောက ကြံကြံဖန်ဖန် သုတေသန တစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါက အမျိုးသားများဟာ မိမိ့အမျိုးသမီးများရဲ့ တတွတ်တွတ်ပြောစကားကို နားထောင်သလားဆိုတဲ့ သုတေသနပါ။ ဂျပန်သတင်းဌာနကနေပြီး ဦးစီးလုပ်ပြီး တိုက်ရိုက်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ နားထောင်ပြီး ဗဟုသုတရသလို ရယ်လိုက်မိတဲ့အတွက် သူငယ်ချင်းလေးတွေကို ဗဟုသုတ မျှဝေလိုက်ပါတယ်။

ပထမဆုံး အိမ်ထောင်သည် အမျိုးသမီးတွေကို အင်တာဗျူးလိုက်မေးတာပါ။ ခင်ဗျားအမျိုးသားက ခင်ဗျားပြောတာကို နားထောင်လားလို့ မေးတာတဲ့..။ အဲဒီမှာ ၈၈% သော အမျိုးသမီးများက သူတို့ရဲ့အမျိုးသားက သူတို့စကားကို နားမထောင်ကြဖူး..လို့ ရင်ဖွင့်ပါတယ်..တဲ့..။ (ဖြစ်ရပုံ.နော်း))

ဒါနဲ့ အိမ်ထောင်သည် အမျိုးသားတွေကို အင်တာဗျူးကြပြန်တယ်။ ခင်ဗျားတို့ ခင်ဗျားတို့ရဲ့ အမျိုးသမီးပြောစကားကို နားထောင်ပေးသလား..တဲ့..။ အမျိုးသား ၈၂% က နားထောင်တယ်လို့ ပြန်ဖြေတယ်။ (၁၈ % ကတော့ ထမင်းစားတုန်း နားငြီးလို့ နားထောင်ပေးဘူးလို့ ဆိုပါတယ်.။)

ဒီလိုဆိုတော့ သူတို့တွေကြားမှာ တစ်ခုခုတော့ လွဲနေပြီလေ။ နားထောင်တယ်လို့ ပြောသူနဲ့ နားမထောင်ဖူးလို့ ထင်သူ ကွဲလွဲနေတယ်။

ဒါနဲ့ နောက်ထပ် အစီအစဉ်တစ်ခု ထပ်လုပ်ပါတယ်။ အမျိုးသားက စကားနားထောင်၊ မထောင် သိသာစေတဲ့ အစီအစဉ်ပါ။ အဲဒါကတော့ အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ ညှိပြီး အမျိုးသား မပြန်လာခင် အိမ်တွင်းမှာ လျှိုဝှက် ကင်မရာတပ်ထားပြီး နားထောင်မထောင် ကြည့်တာပါ။

အမျိုးသားက အိမ်ပြန်လာပြီး ထမင်းစားချိန်မှာ အမျိုးသမီးက (ကြိုတင်စီစဉ်ထားတဲ့အတိုင်း) ထမင်းခူးပေးရင်း စကားလေးတွေ တွတ်တီးတွတ်တာ (တတွတ်တွတ်) ပြောပါတယ်။ ပြောတဲ့စကားများက အခုတလော ထမင်းစားများလို့ ဒီနေ့ ၀ိတ်ချိန်တာ အလေးချိန် ၁ကီလိုခွဲတောင် တက်ကြောင်း၊ မနေ့ကသူငယ်ချင်း “ဘယ်သူ”နဲ့ တွေ့လို့ စကားတွေ ပြောကြောင်း။ ဒီနေ့ ဈေးဝယ်တာ ကြက်သားဈေးက ယမ်း ၁၅၀ တောင် တက်သွားတယ်”အစရှိသဖြင့်ပေါ့နော်။ (ပြောစကားက တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့)

အဲဒီအချိန်မှာ အမျိုးသားများက ခေါင်းတညိမ့်ညိမ့်နဲ့ ထမင်းလေးစားလိုက် “ဟုတ်လား” “အော်”အစရှိသဖြင့် နားထောင်ပေးကြတာ တွေ့ရပါတယ်။ ထမင်းစားရင်း တီဗွီကိုလည်း သတင်းဖွင့်ထားတော့ အဲဒီဘက်ငေးရင်း ခေါင်းတညိမ့်ညိမ့် နေပေးတဲ့သူလည်း ရှိပါတယ်။

သူတို့ ထမင်းစားပြီးတာနဲ့ အချိန်ကိုက်မှာ တီဗွီကနေ..အစီအစဉ်တစ်ခုက စလာပါတယ်..။ (တကယ်က အဲဒီစမ်းသပ်တဲ့ ကာယကံရှင်ရဲ့အိမ်) အိမ်တစ်ခုတည်းကို လိုင်းကြားဖြတ်ပြီး လွှင့်တာပါ )

“အခုအချိန်က စပြီး မိန်းမပြောစကားကို နားထောင်သော ယောက်ျားများကို ဂုဏ်ပြုစကားပြောဖို့ အစီအစဉ် ပဲဖြစ်ပါတယ်။ အခု အလှည့်ကျသူကတော့ ကို(xxx ) ဖြစ်ပါတယ်။ ကို(xx)ရှင် ကျွန်မတို့က အခုမေးတဲ့ မေးခွန်းလေးတွေ ဖြေပေးပါရှင်။ ”

အမျိုးသားခမျာ အံသြကြီးစွာ ဖြစ်ရပါတယ်။
“ဟာ တီဗွီက ငါ့နာမည်ကို ခေါ်နေတယ်.. ”တဲ့။ အံ့သြစရာ ကိုယ့်နာမည်က အဲလို တီဗွီထဲ ပါစရာကို မယုံနိုင်စရာမို့ မျက်နှာက ပါးစပ်အ၀ိုင်းသား............

တီဗွီက အမျိုးသမီးက ဆက်ပြောပါတယ်..
“ဟုတ်ပါတယ်။ စကားနားထောင်သော ယောက်ျားများကို ဂုဏ်ပြုစကားပြောချင်လို့ပါ။ ဒါကြောင့် အခုနက ကို(xx)က အမျိုးသမီးစကားကို နားထောင်ပေးတာ ဂုဏ်ပြုပါတယ်။ ဒါနဲ့ ရှင့်မိန်းမက အခုနက ပြောတဲ့စကားထဲက ဒီနေ့ သူမ ၀ိတ်ချိန်တာ ဘယ်လောက်ဝိတ်တက်နေတယ်လို့ ပြောသွားပါလဲ။ ပြန်ပြောပေးလို့ ရပါမလားရှင်။”

“အဲ.. ဟိုဒင်း သူဝိတ်တက်လို့လား။ အင်း တစ်ကီလို နေမှာပေါ့”
(သူရဲ့အမျိုးသမီးက နှုတ်ခမ်းစူသွားပါပြီ။ )

“ဒါဆို ရှင့်အမျိုးသမီး တွေ့ခဲ့တဲ့ သူ့သူငယ်ချင်းနာမည်က ဘယ်သူတဲ့လဲရှင်”
“အင်း... မသိဘူး၊ မင်းဘယ်သူနဲ့ တွေ့ခဲ့တာလဲ” (သွားပြီ သွားပြီ ဒီလူတော့ မလွယ်တော့ဘူးး)
“..................”

နောက်မေးခွန်းတွေကို သူဆက် မဖြေနိုင်တော့ဘူးရယ်..။ အနားက မိန်းမက မျက်နှာတော်ညိုရုံမကဘူး ပုပ်နေပါပြီ။ ထမင်း ၂ နှပ်မကျွေးဘူးတဲ့ ကြိမ်းတဲ့သူလည်း ရှိတယ်း)))

တကယ်တော့ မေးခွန်းက လေးခုလောက်ပဲ မေးတာပါ။ သူတို့ ဂရုတစိုက်နားထောင်တယ်ထင်ရတဲ့အချိန်က ပြောတဲ့စကားလေးတွေကိုပဲ ပြန်မေးတာဖြစ်ပေမယ့် တချို့က တစ်ခုပဲ ဖြေနိုင်တယ်။ တစ်ချို့က နှစ်ခု။ တချို့က သုံးခု။ အားလုံးဖြေနိုင်သူက ၁၈ ရာခိုင်နှုန်းပဲ ရှိပြီး မေးခွန်းအားလုံးဖြေနိုင်သူအများစုဟာ အိမ်ထောင်ကျခါစ ဇနီးမောင်နှံများပဲ ဖြစ်ပါတယ်တဲ့..။ (အိမ်ထောင်သက်ကြာလေ သူတို့ကြားသမျှ ဒီဘက်နားက ၀င် ဟိုဘက်နားက ထွက်လေ ဖြစ်တယ် နဲ့ တူပါရဲ့..)

ကဲ.. ခက်ပေဘူးလား..။ နားထောင်သူကလည်း နားတော့ ထောင်ပေးသားပဲ ။ မမှတ်ပဲနေတာကတော့ ဆိုးတာပေါ့နော် .း))))

လသာညကတော့ အဲဒါ တမင်နားမထောင်တာ မဟုတ်ဖူးလို့ ထင်တာပါပဲ။
စိတ်ပညာထဲကအတိုင်း ဝေဖန်ရရင် ဦးနှောက်အလုပ်လုပ်ပုံ ကွဲပြားပုံကြောင့် မိန်းခလေးများဟာ အချိန်တစ်ခုတည်းမှာပဲ စကားပြောခြင်း၊ နားထောင်ခြင်း၊ တီဗွီကြည့်ခြင်း၊ ယပ်ခပ်ခြင်း အလုပ်တွေကို စုံအောင် လုပ်နိုင်သလောက်၊ ယောက်ျားလေးများကတော့ တစ်ကြိမ်မှာ တစ်ခုတည်းသော အလုပ် (ဥပမာ.. ထမင်းစားခြင်း)ကိုသာ အာရုံစိုက်လုပ်နိုင်လို့သာ ဖြစ်ပါတယ်။

ဒါကြောင့် ချစ်သူကို အနားမှာ ရှိစေချင်တဲ့ ချစ်ခြင်းမေတ္တာကြောင့် မကြားသော်လည်း နားထောင်ချင်ယောင်ဆောင်လို့ နားထောင်ပေးနေကြတာက အမျိုးသားများ ဖြစ်ပါတယ်..။ သူတို့ကို မေးရင် နားထောင်ပေးနေတယ်လို့ပဲ ဖြေမှာပါပဲ။ သူတို့ကိုယ်တိုင်လည်း အဲလိုပဲ ထင်နေလိမ့်မယ်။ နားထောင်သမျှ တကယ်မကြားတာကတော့ သူတို့ဦးနှောက်ရဲ့ အားနည်းချက်မို့ ခွင့်လွှတ်ပေးကြဖို့ လိုပါတယ်။

ကြည့်လို့ရရင် ဒါလေးကို ကြည့်သွားပါဦးလို့..


အိမ်ထောင်သက်ကြာလေ မကြားလေ ဖြစ်ရတာကတော့ အသက်ကြီးလာတာရော၊ သူတို့ထားတဲ့ တစ်ခုတည်းသောအာရုံက ထမင်းအာရုံဘက် ပိုများသွားတဲ့သဘောပါတဲ့.။ (မိန်းမ ရခါစတော့ ထမင်းထက် ရခါစ မိန်းမမျက်နှာလေးကိုပဲ အာရုံစိုက်နားထောင်နေတော့ ပြောသမျှ အားလုံး နားထောင်မိ၊ မှတ်မိသွားပေမယ့်၊ မိန်းမရတာ ကြာသွားတော့ မိန်းမထက် ထမင်းကို အာရုံပိုစိုက်သွားတယ် ထင်ပါရဲ့နော်းD)

အမျိုးသမီးများဘက်က ကိုယ့်စကားကို သူတို့နားထောင်ဖို့နည်းလမ်းကတော့ အရေးကြီးတဲ့ စကားပြောဖို့ရှိတဲ့အခါ သူတို့နားတဲ့အချိန်ကို ယူပြီး နားထောင်စေပါ။ ဒါဆိုရင် အဆင်ပြေသွားမယ်လို့ ထင်ရပါကြောင်း ဖတ်ရှူ မှတ်သားမိပါတယ်...။

အားလုံးအတွက် စိတ်ပျော်ရွှင်ချမ်းမြေ့စရာ အားလပ်ရက်ကလေး ဖြစ်ပါစေနော်။
လသာည ဖြစ်ပါတယ်။