Saturday, February 1, 2014

စိတ်မဆိုးပါနဲ့ နော်.

ဒီနေ့.. ကျွန်မအတွက် ရင်မှာ နင့်သွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်။

အိမ်က လာကြိုတာကို လမ်းဘေး လက်ဘက်ရည်ဆိုင်လေးကနေ စောင့်နေတုန်း ဆိုင်ထဲကို လူတစ်စု ထပ်ရောက်လာခဲ့တယ်။ တခြားစားပွဲကခုံတွေက လူအပြည့်ဆိုတော့ နေရာလွတ်ရှိတဲ့ ကျွန်မနားကို လာထိုင်လို့ ရလားလို့ လာမေးတာမို့ ထိုင်ပါလို့ ခွင်ပေးပြီး စားပွဲခုံ တဖက်စွန်းကို ကျွန်မ ရွှေ့ပေးခဲ့ပါတယ်။

သူတို့ထဲမှာ အသက်ခုနှစ်ဆယ်ပတ်ဝန်းကျင်ခန့် အဖွားတစ်ယောက်ပါတယ်.

အဖွားက ကြက်သားပေါက်စီ ၂ လုံး စားချင်တယ်လို့ ပြောတယ်။ ဒါနဲ့ အတူပါလာတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားက စားပွဲထိုးကို ပေါက်စီနဲ့ လက်ဘက်ရည် ပေါ့ဆိမ့်တစ်ခွက် မှာတယ်။ ကျန်တဲ့သူတွေလည်း စားစရာ အသီးသီးမှာကြတယ်.။

အဖွားကို ကြည့်ရတာ မှတ်ညဏ် ချို့ယွင်းပြီး၊ နည်းနည်း သူငယ်ပြန်နေသလိုမျိုးပဲ။

လက်ဘက်ရည်ဆိုင်ကို တစ်ခါမှ မရောက်ဖူးတဲ့ ကလေးတစ်ယောက်လို အရာရာကို အထူးအဆန်းဖြစ်နေတဲ့ အမူအရာနဲ့ စကားတွေ ပြောနေ မေးနေတာကို တွေ့ရပါတယ်။ အတူတူပါလာတဲ့သူက အမေ လို့ ခေါ်နေသံကြားမိတော့ သားအမိဖြစ်မယ်ဆိုတာ ခန့်မှန်းသိရှိလိုက်ပါတယ်။

ဒီလိုနဲ့ မုန့်တွေနဲ့ လက်ဘက်ရည် ရောက်လာတယ်။ ဒီမှာတင် အဖွားက ပြောနေတဲ့ စကားကိုရပ်လိုက်ပြီး မုန့်အားလုံးကို ယူပြီး ဟိုကြည့်ဒီကြည့်နဲ့ သူ့လွယ်အိတ်ထည့်ကို အလျင်အမြန်ထည့်ပြီး ဖွက်လိုက်တာကို အံ့အားသင့်စွာ မြင်လိုက်ရပါတယ်။

အဖွားရဲ့ အပြုအမူကြောင့် သားဖြစ်သူက ဘေးနားကကျွန်မတို့ကို ရှက်ရွံသလို၊ လှမ်းကြည့်ရင်း

" အမေကလည်း ဘာတွေ လျှောက်လုပ်နေတာလဲ။ အဲလို မလုပ်ရဘူးလေ။ ပြန်ထုတ် ပြန်ထုတ်" တဲ့..

အဖွားက ပြန်မထုတ်ဘဲနဲ့ သူဘာမှ မလုပ်သလို တခြားအရာတွေ လျှောက်ကြည့်ပြီး မကြားသလို လုပ်နေပါတယ်။ ဒီတော့ သားက ချော့သလိုမျိုးနဲ့ အမေ ပြန်ထုတ် ပြန်ထုတ်နဲ့ တိုးတိုးလေး ထပ်ခါထပ်ခါ ပြောပါတယ်။

ဘယ်လိုပြောပြော အဖွားက မထုတ်တဲ့အဆုံးမှာ သားက စိတ်ဆိုးလာသလိုနဲ့ အသံ နည်းနည်း ကျယ်ကျယ် ငေါက်သံပါပါနဲ့

"အမေ အိတ်ထဲက မုန့်ကို ပြန်ထုတ်လိုက်၊ ဒီမှာ စားရအောင် ထုတ်လိုက်၊ အခု ထုတ်လိုက်"

ဒီတော့မှ အဖွားက ကြောက်ရွံတဲ့အမူအရာလေးနဲ့ ပြန်ပြောတာက..။

" စိတ်မဆိုးပါနဲ့ ဆိုင်ရှင်ကြီးရယ်.. ကျွန်မသားကလေ ကြက်သားပေါက်စီ သိပ်ကြိုက်လို့ ဒီရောက်တုန်း သားစားဖို့ ယူသွားချင်လို့ပါ.. စိတ်မဆိုးပါနဲ့ နော်.. နော်. " တဲ့..

အဖွားစကားအဆုံး သားဆိုသူက မျက်ရည်တွေ ၀ဲသွားတာကို အသေအချာ မြင်လိုက်ရသလို..

ကျွန်မလည်း... ရင်ဘတ်တစ်ခုလုံးဆို့နင့်ပြီး အသက်ရှူ ရပ်သွားသလိုပဲ။

7 comments:

  1. plz post new! this is already read in fb.


    MN

    ReplyDelete
  2. တကယ့်အဖြစ်လားဟင်။
    အို်င်အိုရာ

    ReplyDelete
  3. မမအိုင်အိုရာ.. ဟုတ်တယ် တကယ်အဖြစ်ပါ စိတ်မကောင်းဘူး အမေ့ကို သတိရလို့ ။

    မြတ်နိုးရေ.. ဆောရီး။ အသစ်မရေးဖြစ်လို့ ဖေ့ဘုတ်ထဲက စာကို ဘလော့ထဲမှာ ပြန်သိမ်းထားလိုက်တား)

    ReplyDelete
  4. တကယ့်အဖြစ်အပျက်တွေက စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် ပိုထိတယ်။ ဘလော့တွေ လိုက်လည်ရင်း ရောက်ခဲ့တာပါ။

    ReplyDelete
  5. မမမြသွေးနီကို ကျေးဇူးတင်ပါတယ်။ စာရေးကောင်းတဲ့ မမရဲ့ ဘလော့ကို ညီမ မကြာမကြာ ရောက်ပါတယ်။

    ReplyDelete
  6. ကိုယ်တိုင်ကြုံတွေ့တဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေဟာ တော်တော်နှင့် မမေ့နိုင်ဘူးနော်။
    ရွှင်လန်းချမ်းမြေ့ပါစေ လသာရေ...

    ReplyDelete
  7. AnonymousJune 13, 2014

    These are really enormous ideas in on the topic of blogging.

    You have touched some good things here. Any way keep up wrinting.


    Have a look at my site ... cenaless - http://www.huberhof.net/ -

    ReplyDelete

ရေးထားခဲ့တဲ့ အမှတ်တရ စကားလုံးတိုင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်း)