Friday, October 31, 2014

မျက်နှာများတဲ့ အမှန်တရား

အရည်တစ်ခုထဲမှာ သို့မဟုတ် ဓါတ်ငွေ့တစ်ခုထဲမှာ မျောပါနေတဲ့ အမှုန်လေးတွေရဲ့ ရွေ့လျားမှူတွေဟာ အတည်တကျ တွက်ချက်လို့မရပဲ အမြဲကစင်ကလျား ရွေ့ချင်သလို ရွေ့နေတတ်တယ်။ ဥပမာ။ ရေမော်လီကျူးရဲ့ အလေးချိန်ထက် အဆပေါင်း၂၅၀ ၀၀၀ခန့် ပိုလေးတဲ့ ပန်းဝတ်မှုန်လေးတွေ့ဟာ ရေပေါ်ပေါ်နေကြတာက ထူးဆန်းနေတယ်။ တကယ်တော့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ သူတို့အချင်းချင်းတိုက်ခတ်မိတဲ့ အားတွေကြောင့် အရပ်မျက်နှာအမျိုးမျိုးကို လွင့်စင်နေရင်း ရေပေါ်မှာ ပေါ်နေတာ။ 

ပညာရှင်တွေပြောကြသလိုတွေးကြည့်ရင်တော့ အဲဒီလို အချင်းချင်းတိုက်ခတ်မိလို့ ဖြစ်လာတဲ့ အားတွေကြောင့် လွင့်စင်မှု အကွာအဝေးတွေကို ပျမ်းမျှရှာရင် အချင်းချင်းအပေါင်းအနှုတ် ကျေသွားလို့ သုညဖြစ်တယ်လို့ သမရိုးကျသီအိုရီတွေအတိုင်း ကောက်ချက်ဆွဲရမှာပါ။ ဒါဆို တည်ငြိမ်နေတဲ့ ရေသေပေါ်မှာ ပန်းဝတ်မှုံတွေက ရပ်တန့်နေမှာပေါ့။ ဒါပေမယ့် လက်တွေ့မှာတော့ အဲလိုမဟုတ်ပဲ ဟိုဟိုဒီဒီ ရွေ့နေကြတယ်။ အဖြေရှာကြည့်ခဲ့ကြတော့ ဥပမာ... လက်ဝဲဘက်ရွေ့ခဲ့တဲ့ အားနှင့် လက်ယာဘက်ရွေ့ခဲ့တဲ့အား တဖက်ဖက်မှာ အားသာနေတာက သဘာဝတရား။ ဘယ်လို သုညဖြစ်မှာလဲ။

နောက်တစ်ခုက ဒင်္ဂါးပြားတစ်ခုကို ခေါင်းပန်းလှန်ကြတဲ့အခါ လူတိုင်းသိတဲ့ အမှန်တရားက အဲဒီ ဒင်္ဂါးပြား အောက်ကိုကျတဲ့အခါ ခေါင်းကျရင်ကျ၊ မဟုတ်ရင် ပန်းကျရမယ်။ ခေါင်းကျနိုင်ချေ သို့မဟုတ် ပန်းကျနိုင်ချေ ၅၀:၅၀ ရှိတယ်။ ခေါင်းတစ်ဝက်ပန်းတ၀က်ကျဖို့ဆိုတာ ဖြစ်ကို မဖြစ်နိုင်ဘူး….. လို့ ဆိုတယ်။

ဒါပေမယ့် အဲဒီသဘောတရားက အရာခပ်သိမ်းတော့ မမှန်ပြန်ဘူး။ ဥပမာ (Quantum physics) မှာဆိုရင် ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းကို တပြိုက်နက်တည်း ကျလိမ့်မယ်လို့ ဇဝေဇ၀ါခန့်မှန်းချက်တွေ ထားရတတ်တယ်။ ခေါင်းနဲ့ပန်းဥပမာအတိုင်းဆိုရင် မိုးပေါ်မြှောက်ပြီး ပြန်ကျလာတဲ့ ဒဂါင်္းပြားဟာ ခေါင်းဖြစ်နေတာ တွေ့နေရဲ့သားတောင် ခေါင်းပါလို့ ဆုံးဖြတ်ဖို့ မသေချာသေးဘူး။ 

အထက်က အယူအဆကို နာမည်ကြီး သုတေသနဖြစ်တဲ့ Schrodingerရဲ့ စမ်းသပ်ချက်က ထောက်ခံထားတယ်။ သူစမ်းသပ်ခဲ့တာက ကြောင်တစ်ကောင်ကို အလုံပိတ်အခန်းငယ်(Observation box) တစ်လုံးထဲ အလုံပိတ်တည့်ပြီး သေတ္တာရဲ့ အတွင်းဖက်နံရံတစ်ဘက်မှာ ရေဒီယို သတ္တိကြွပစ္စည်းကို လွှတ်တဲ့သေတ္တာလေးတစ်ခုကို စီစဉ်ထားခဲ့တယ်။ အဲဒီပစ္စည်းနဲ့ တူတစ်ချောင်းကို ဆက်သွယ်ထားပြီး၊ တူရဲ့အောက်မှာ အဆိပ်ငွေပုလင်းကို ထောင်ထားတယ်။ ရေဒီယို သတ္တိကြွလွှတ်ချိန်ကို ကျပမ်းစီစဉ်ထားတယ်။ ရေဒီယို သတ္တိကြွထွက်တာနဲ့ တိုက်ဆိုင်မိရင်  ရေဒီယို သတ္တိကြွက ဆက်ထားတဲ့တူကိုဖြေလျော့မိပြီး တူကလဲကျ၊အဆိပ်ငွေ့ပုလင်းကို ခွဲမိပြီး အဆိပ်ငွေ့ထွက်ပြီး ကြောင်ဟာ သေရပါတော့တယ်။ 


တစ်နာရီအတွင်း ကြောင်ဟာ သေမလား၊ ရှင်မလားဆုံးဖြတ်ဖို့ အတွက် Observer boxကနေ လေ့လာကြတဲ့အခါ လူတစ်ဦးက ကြောင်သေပြီလို့ ဆုံးဖြတ်ချိန်မှာ နောက်တစ်ဦးက ကြောင်ရှင်နေသေးတယ်လို့ ဆုံးဖြတ်တဲ့အခြေအနေမျိုးတွေ ရှိတယ်။ Schrodingerရဲ့ ကြောင်ဟာ ရှင်လျှက်သေနေသော နှစ်ဘ၀ကိုပိုင်ဆိုင်နေသော ကြောင်လေးအဖြစ် ဆုံးဖြတ်ကြတယ်..။ ပညာရှင်တစ်ချို့ရဲ့ ဆုံးဖြတ်ချက်နဲ့ စမ်းသပ်ချက်မှာ ကြောင်ဟာ အကြိမ်ကြိမ်သေရတယ်။ တချို့ကြောင့် အကြိမ်ကြိမ် ရှင်ရပြန်တယ်။ ဒါမှ နောက်ထပ် အဆိုပြုချက်တွေ ဆက်လုပ်နိုင်မှာကိုး။

ဒီမှာတင် လောကမှာ အစစ်အမှန်က တစ်ခုတည်းလို့ တချိန်လုံးဆိုခဲ့ကြတဲ့အဆိုကို အမှန်တရားက တစ်ခုတည်းဆိုတာ မဟုတ်ဘူးလို့  ပြန် ထောက်ကြတယ်။

တချို့ကလည်း မြုပ်ကွက်တွေနဲ့ သဘာဝတရားကြောင့် ပါ။ တွက်ချက်လို့မရတဲ့ ထူးခြားဆန်းကြယ်တဲ့ ဘဘာဝတရားကမှ အမှန်တရားလို့ ဆိုကြပြန်တယ်။

မျက်မမြင်ခြောက်ယောက်နဲ့ ဆင် ပုံပြင်ထဲမှာတော့ ဆင်ဆိုတဲ့သတ္တ၀ါရဲ့ ပုံစံအမှန်ကို မြင်ဖူးခြင်းမရှိတဲ့အတွက်ကြောင့် ကိုယ့်အတွေ့အကြုံနဲ့ ကိုယ် ဆင်ကိုပုံဖော်နေကြတဲ့အခါ ရလာဒ်အမျိုးမျိုးနဲ့ သူတို့အတွက်တော့ အဲဒါကလည်း အမှန်တရားဖြစ်နေပြန်တယ်။

နောက်ပြီးရှိသေးတယ်။ မိုးရွာနေရင်းကနေ နေပူတတ်တဲ့ အမှန်တရား..
စံပယ်တော့ စံပယ်ပါပဲ စံပယ်ဖြူဖြူလေးကနေ ကြာရှည်ခံအောင် ဆိုးဆေးအဆိုးခံရလို့ စိမ်းနေရတဲ့ ရန်ကုန်မြို့ရဲ့ စံပယ်စိမ်းစိမ်း အမှန်တရား..
ရုပ်ရှင်ထဲမှာနှစ်ကိုယ်ခွဲ သရုပ်ဆောင်သလိုမျိုး  တစ်ကိုယ်က အဆုံးစွန်ရိုးသားတဲ့ ဇာတ်ကောင်အဖြစ်၊ နောက်တစ်ကိုယ်က ဗီလိန်အဖြစ်။ တစ်ယောက်တည်းသရုပ်ဆောင်နေမှန်း သိပေမယ့် နှစ်ယောက်အဖြစ် မြင်မိတာကလည်း ပွဲကြည့်သူဘက်က အမှန်တရား။

အမှန်တရားတွေ များလွန်လွန်းလို့ တချို့ကMulti-faced reality မျက်နှာများနဲ့ ဒသဂီရိအမှန်တရား လို့တောင် ဖွဲ့ဆိုကြတယ်။

အမှန်တရားကို မြတ်နိုးတန်ဖိုးထားပါတယ်ဆိုမှ  မသေချာမှုတွေ တပုံတပင်နဲ့။
သူဘာသာနေတဲ့ အမှန်တရားကို ဥပက္ခာပြုတော့မယ်ဆိုတော့လည်း ကိုယ်သွားလေရာ ထပ်ကြပ်မကွာလိုက်နေပြီး ငါက အမှန်တရားလေ ငါက အမှန်တရားလို့ လိုက်လိုက်အော်နေတော့ ခက်ရချည်ရဲ့ကွယ်...။

လသာည

6 comments:

  1. ဝိုး ကောင်းလိုက်တာ မရှာဖွေတော့ဘူး

    ReplyDelete
  2. ဝိုး ကောင်းလိုက်တာ မရှာဖွေတော့ဘူး

    ReplyDelete

  3. (သူဘာသာနေတဲ့ အမှန်တရားကို ဥပက္ခာပြုတော့မယ်ဆိုတော့လည်း ကိုယ်သွားလေရာ ထပ်ကြပ်မကွာလိုက်နေပြီး ငါက အမှန်တရားလေ ငါက အမှန်တရားလို့ လိုက်လိုက်အော်နေတော့ ခက်ရချည်ရဲ့ကွယ်)
    မှန်​လိုက်​တဲ့အမှန်​တရားသူငယ်​ချင်း​ရေ... ကိုယ်​လုပ်​တာအမှန်​လို့ထင်​​နေကြသူ​တွေအကြား​ရေငုံနှူတ်​ပိတ်​ ​နေတတ်​ခဲ့​ပေမဲ့ သူတို့မှန်​​ကြောင်း အတည်​ပြုခိုင်းကြတာကို​တော့ စိတ်​ပင်​ပန်းလွန်းလှတယ်​ကွယ်​...

    ReplyDelete
  4. I haven't been to your blog for long time. Miss you.

    ReplyDelete
  5. မမရွှေစင်..၊ ရိုစ်..၊ မီးငယ်လေး...

    ကျေးဇူးတင်ပါတယ်။ ဒီနေရာမှာ ကွန်မန့်တွေ လိုက်မရေးဖြစ်တာလည်း ကြာလှပါပြီ။ အားလုံးကို လွမ်းတယ်...။

    ReplyDelete
  6. စံပယ်ဖြူဖြူလေးကလဲစိမ်းခဲ့ရပါလားကွယ်
    အဆုံးသတ်လေးကိုကြိုက်တယ်လသာညလေးရေ
    မရောက်ဖြစ်တာမဟုတ်ဘူး ဒိုမိန်းကုန်တော့ ဘလော့ကဖွင့်မရဘူး အဲတာအဟောင်းကိုပြန်သုံးတော့ လင့်တွေပါမလာဘူးလေ ပြန်ရှာ ပြန်ချိပ်နဲ့ အဲတာခု ဆရာဦးဟန်ကြည်လင့်တွေစပ်စုရင်း လသာည ကိုတွေ့လိုက်တာနဲ့အပြေးရောက်လာတာပါ
    ခုမှလင့်ပြန်ချိပ်ထားရတယ်နော်

    ReplyDelete

ရေးထားခဲ့တဲ့ အမှတ်တရ စကားလုံးတိုင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်း)