Tuesday, June 29, 2010

အလစ်သုတ်သွားတဲ့ အခြစ်များ ပြန်ပေးပါ

ချစ် ဧည့်တည် သီချင်းဖြစ်ပါတယ်..ချင်။ ခင်မင်ရင်းစွဲ သယ်ချင်းလေးများနဲ့ မမြင်ဖူးသော်လည်း တွေ့နေရတဲ့ အရိပ်ဧည့်သည် သယ်ရင်းလေးများအားလုံးကို ခင်မင်စွာ ရည်ညွှန်းပါတယ်း))) အချိန်ရရင် နားဆင်သွားပါဦးလို့..... ..........



မင်းပြန်သွားတုန်းက အလစ်တုတ်တွားခဲ့တဲ့
အခြစ်တွေ ပြန်ပေးစေ............ဂျင်.....☻♪

ဗွီဒီယိုဘောက်မှာ အရိပ်ကလေးတွေ တွေ့တိုင်းလည်း (အဲလေ)
ခြံထဲမှာ အိမ်က ခွေးတွေဟောင်တိုင်းလည်း...........
အလန့်တကြားကိုယ်အပြေးအလွှား☻♪
ဧည့်တည်လား...........☺♪
တို့ဘလော့ထဲ ရောက်လာ မင်းနှုတ်ဆက်မလား ၀မ်းတာ ♫♥
နှုတ်မဆက်ပဲ ပြန်ပြေးသူရေ..☻♪ (နောက်တာ နော်း))

မှတ်ချက်။ ။ငယ်ငယ်လေးဆိုတာလေးက တအားချစ်စရာကောင်းလွန်းလို့ ..နားထောင်ရင်းနဲ့ ဒီသီချင်းလေးကိုပိုစ်လုပ်ပြီး တင်လိုက်ပါတယ် ။

တီချင်းဖျက်သူ လသာည ဖြစ်ပါတယ်း)))))))

Saturday, June 26, 2010

ဟီရိုရှီးမားနဲ့ အိုင်စတိုင်း

နာမည်ကြီး ရူပဗေဒ ပညာရှင် အိုင်စတိုင်းက သူမသေခင် ၅လအလိုမှာ “ကျွန်တော့်ဘ၀ရဲ့ အကြီးမားဆုံးသော မဟာအမှားက သမ္မတ ရုစဗဲ့ကို ပေးတဲ့စာမှာ လက်မှတ်ထိုးမိသွားတာပါပဲဗျာ” လို့ ကြေကြေကွဲကွဲ ပြောသွားခဲ့တယ်။

သူကြေကွဲနေခဲ့တာကတော့ သူဟာ လူသားတွေအတွက် အကျိုးပြု ရူပဗေဒ သီအိုရီတွေကို တီထွင့်ခဲ့သူ၊ စစ်ကို မလိုလားသူလို့ သူ့ကိုယ်သူ သတ်မှတ်ထားပေမယ့်၊ လူသတ်လက်နက် အနုမြူဗုံးကို တီထွင်ရာမှာလည်း သူဟာ ပါဝင်ပတ်သက်နေခဲ့လို့ပဲ ဖြစ်ပါတယ်။

အိုင်စတိုင်းဟာ E=mc2ဆိုတဲ့ Relativity Theory ကို လေ့လာသိရှိခဲ့ပြီးနောက် သေးငယ်တဲ့အရာတွေကနေ ကြီးမားတဲ့ စွမ်းအင်တွေကို ရရှိနိုင်တယ်ဆိုတာကို သတိထားမိခဲ့တယ်။
ဒုတိယကမ္ဘာစစ်အတွင်း နေ့တနေ့မှာ သူ့ဆီကို သူလိုရူပဗေဒ ပညာရှင်ဖြစ်တဲ့ Leo Szilard ရောက်လာခဲ့တယ်။ အဲဒါဟာ ကမ္ဘာကို တုန်လှုပ်ခြောက်ခြားသွားစေမယ့် ဟီရိုရှီးမားနဲ့ နာဂဆဂီကို ပြာကျစေခဲ့တဲ့ အနုမြူဗုံးတစ်ခုကို တီထွင်ဖို့ အစပဲ ဖြစ်ခဲ့ပါတယ်။ Leo Szilardနဲ့ အိုင်စတိုင်းတို့ဟာ မလူးမလွန့်သာတဲ့ အခြေအနေများအရ အရေးပေါ်ဗုံးတစ်ခုကို တီထွင့်ပေးရဖို့ ဖြစ်လာခဲ့လို့ပါ။

ဓါတ်ပုံထဲကအတိုင်း အိုင်စတိုင်းနဲ့ နှစ်ဦးသား ဆွေးနွေးတိုင်ပင်ပြီးတော့ သမ္မတ ရူစဗဲ့ဆီ အနုမြူဗုံးတီထွင်ပေးနိုင်ကြောင်း စာရေးကြတယ်။ ရေးတာက Szilardဖြစ်ပေမယ့် အိုင်စတိုင်းက လက်မှတ်ထိုးပေးခဲ့တယ်..။ အောက်က ပုံက စာကတော့ အိုင်စတိုင်းရဲ့ လက်မှတ်နဲ့ စာပါ။
အဲဒီနောက် ဗုံးတီထွင်ဖို့ ဖော်မြူလာကို အိုင်စတိုင်းက ၂ရက်နဲ့ အပြီးရေးသားခဲ့တယ်။ ဗုံးရဲ့ ပေါက်ကွဲအားအပြင် ဓါတ်ငွေ့အဆိပ်တွေ ဘယ်လိုပျံနှံနိုင်ကြောင်းကိုပါ သတိပေးပြောဆိုတဲ့ အိုင်စတိုင်းကို ကျန်သူတွေက နောက်ပိုင်း မယုံကြည်တာမို့ ဗုံးတီထွင်တဲ့ ထိပ်တန်းလျိုဝှက်အဖွဲ့ထဲကနေ ဖယ်ရှားခဲ့တယ်လို့လည်း ဆိုကြတယ်။


အဲဒီနောက်တော့ အပေါ်က ပုံထဲကအတိုင်း စစ်ရေးခေါင်းဆောင်တွေ အနုမြူဗုံးကိစ္စတွေကို လျိုဝှက်ဆွေးနွေးခဲ့ကြတယ်။ ပထမတော့ ဂျာမဏီကို စမ်းသပ်ဗုံးကြဲဖို့ ဖြစ်ပေမယ့် နောက်ဆုံးမှာ ဂျပန်မှာ ကြဲဖို့ ဖြစ်လာခဲ့တယ်။


ဂျပန်မှာ ဗုံးကြဲဖို့မြို့တွေကို ရွေးကြတဲ့အခါ ကျိုတို၊ နိဂတ၊ ရာမဂုချိ၊ ခုမမိုတို၊ ဖူကူအိုကာ၊ နာဂိုယာ၊ ယိုကိုဟားမား၊ တိုကျိုဘေး စတဲ့ မြို့ပေါင်းများစွာ ရွေးခဲ့ပေမယ့် နောက်ဆုံးတော့ ဟီရိုရှီးမားနဲ့ နာဂဆကီကို ကြဲဖြစ်ခဲ့တယ်။
အဲဒီမြို့တွေကို ကြဲဖြစ်သွားရတဲ့ အကြောင်းရင်းများစွာထဲမှာ အဲဒီအချိန် ရာသီဥတု သာယာနေခဲ့တဲ့အချက်လည်းပါဝင်ခဲ့တယ်။ ဒါဟာ ၎င်းမြို့သူမြို့သားတွေ ရဲ့ အသက်တွေ မိနစ်ပိုင်းအတွင်း ပြာကျစေအောင် ကံဆိုးခဲ့တာလည်း ဖြစ်ပါတယ်။
၁၉၄၅ သြဂုတ်လ ၆ ရက်နေ့ ဗုံးမကြဲခင် ဟီရိုးရှီးမားမြို့က နေရောင်ရဲ့အလင်းအောက်မှာ သာယာနေခဲ့တယ်။ ပုံကို ပုံဖော်ပြသရရင် အပေါ်က ပုံအတိုင်း ရှိနေခဲ့တယ်..ဗုံးကြဲပြီးပြီးချင်းက ခဏလေးက ဟီရိုးရှီးမား မြို့သူမြို့သားတွေရဲ့ ကံဆိုးမူ.ကတော့ တကယ့်ကို ပြာအတိ.။
ဗုံးရဲ့ ပေါက်ကွဲအပူချိန်က 7200 ကနေ 1000 ဒီဂရီဖာရင်ဟိုက်တောင် ရှိတယ်။ ဗုံးကြဲပြီးပြီးချင်း မြို့တ၀က်ကျော်ကျော်က လူတွေ ပွဲချင်းပြီး သေဆုံးသွားတယ်။
နောက်ပိုင်းမှာလည်း ဓါတ်ငွေ့အဆိပ်သင့်ပြီး သေဆုံးသူ၊ ဗုံးဒဏ်ရာကြောင့် သေဆုံးသူများတွေနဲ့ ဗုံးကြဲပြီးနောက်နှစ်လအတွင်း တစ်သိန်းခြောက်သောင်းကျော်ရှိခဲ့တယ်။ ကလေးတွေလည်း ပါတာပေါ့...။ မိခင်တစ်ဦးက သူ့ကလေးကို မီးလောင်ပြင်မှာ လိုက်ရှာချိန်မှာ သူ့ကလေးရဲ့ခေါင်းကို ရေဘ၀ဲတစ်ကောင်လို့ အပိုင်းပိုင်းအစိတ်စိတ်တွေ့ရတယ်ဆိုတဲ့ ရင်ကွဲစရာ အဖြစ်အပျက်တွေကလည်း မနည်းပါဘူး..။

ဘယ်သူတွေက ဘာကြောင့် အနုမြူဗုံးကို တီထွင်ရသလဲ၊ ဘာကြောင့် ဂျပန်ဟာ ဗုံးကြဲခံရသလဲ။ ဘယ်သူက ဗုံးကြဲဖို့ အမိန့်ချသလဲ၊ ဘယ်လိုအကျိုးဆက်တွေရသလဲ..ဆိုတဲ့ အကြောင်းတွေကို စစ်အတွင်းက အနုမြူဗုံးဒဏ်ခံရတဲ့ ဟီရိုရှီးမားမြို့က ပြတိုက်မှာ အများကြီး ရေးသားပြသထားတယ်။

ဂျပန်ရောက်ကတဲက အဲဒီနေရာကိုတော့ မဖြစ်ဖြစ်အောင် သွားလေ့လာချင်တဲ့ ဆန္ဒတစ်ခု အမြဲရှိခဲ့ပေမယ့် မရောက်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ အပတ်ကတော့ ကိစ္စတစ်ခုနဲ့ အဲဒီမြို့ကို ရောက်တုန်း ပြတိုက်ကို ရောက်အောင်သွားခဲ့ပါတယ်။

ပြတိုက်က ဓါတ်ပုံတွေက မြင်ရသူကို ကြောက်စရာ ကြေကွဲံဝမ်းနည်းစရာတွေနဲ့ ပြည့်နေခဲ့တယ်..။ ဓါတ်ပုံတွေကြည့်ပြီး နှလုံးကမကောင်းတော့ မျက်ရည်က အလွဲတကူဝဲလာတာမို့ မြန်မြန်ပြန်ထွက်ခဲ့တယ်။ လက်နှစ်ချောင်းကတော့ ဓါတ်ပုံရိုက်တိုင်း ထောင်နေကျ အကျင့်ပါနေလို့ ဖြုတ်မရခဲ့ဘူးး)

ဒါက အသက်နှစ်နှစ်အရွယ်မှာ အနုမြူဗုံးဒဏ်ကြောင့် အဆိပ်သင့်ခဲ့ရတဲ့ Sadakoဆို့တဲ့ ကလေးငယ်မလေးက ကျောင်းတက်ရင်း သေဆုံးသွားတော့ သူ့သူငယ်ချင်းတွေက အမှတ်တရ စိုက်ထူခဲ့တဲ့ ကျောက်တိုင်ဖြစ်ပါတယ်။

ဆာဆကိ ဆဒါ့ကိုကို ၁၉၄၃ မှာ မွေးပြီး ၁၉၄၅ (သူမ အသက် နှစ်နှစ်မှာ) အနုမြုအဆိပ်သင့်သွားတယ်။ ဒါပေမယ့် အရိပ်လက္ခဏာ မပြတော့ မသိခဲ့ရဘူး။ ၁၉၅၄မှာ သြဂုတ်လ နောက်ပိုင်းမှ အဆိပ်သင့်တဲ့ ရောဂါလက္ခဏာက စပြတယ်။ ၁၉၅၅ မှာ သေဆုံးသွားတယ်..။ သေတော့ အသက် ၁၂နှစ်။ မူလတန်း-ခြောက်တန်းကျောင်းသူ ပေါ့နော်။ (ဂျပန်က မူလတန်းက ခြောက်တန်းအထိ ရှိတယ် )

ဆဒါ့ကိုလေး ဆေးရုံတက်နေချိန်တွေမှာ သူ့မရောဂါမြန်မြန်သက်သာ မြန်မြန်နေကောင်းလာဖို့ စက္ကူ ကြိုးကြာဌက်ပေါင်းများစွာ သူကိုယ်တိုင် ချိုးပြီး ဆုတောင်းခဲ့ရှာပါတယ်။ ဒါပေမယ့် နောက်၅လအကြာ ဆေးရုံပေါ်မှာပဲ သူမ သေဆုံးသွားခဲ့တယ်။ကျောက်တိုင်အတွက် ဂျပန်တနိုင်ငံလုံးက အခြေခံပညာကျောင်းပေါင်း ၃၂၀၀ က ကလေးတွေက ထည့်လှူပြီး ဆောက်ခဲ့တာ ဖြစ်ပါတယ်။ နောက်နောင် ဒီလိုအဖြစ်မျိုးတွေ မတွေ့ကြုံရပဲ ငြိမ်းချမ်းတဲ့ ကမ္ဘာလေးတစ်ခုတည်ဆောက်ကြပါစို့လို့ ကလေးတွေက ရေးသားခဲ့ကြတယ်။နောက်ပိုင်းတော့ Sadako အပါအ၀င် သေဆုံးသွားတဲ့ ကလေးငယ်အားလုံးကို ရည်စူးတဲ့ Children's Peace Monument အဖြစ် သတ်မှတ် စိုက်ထူခဲ့တယ်လို့ ဆိုပါတယ်။


သေဆုံးသွားတဲ့ ဆဒါကိုနဲ့တကွ အားလုံးအတွက် အေးချမ်းတဲ့ ဘ၀ကို ရရှိစေဖို့ စက္ကူ ကြိုးကြာဌက်ပေါင်း တစ်ထောင်ကျော် ချိုးပြီး အမှတ်တရ ဆုတောင်းကြတယ်။ သူတို့အားလုံး ဆင်းရဲဒုက္ခအပေါင်းကနေ လွတ်မြောက် ငြိမ်းချမ်းပါစေ.. လူသားအားလုံး ငြိမ်းချမ်းပါစေ..

ပန်းကလေးတိုင်း လန်းပါစေ.......

ဟီရိုရှီးမား အမှတ်တရပါ...။ (အနုမြူပုံနဲ့ အိုင်စတိုင်းပုံစသည်တို့ကို ပြတိုက်ကနေ ကိုယ်တိုင်ရိုက်ယူခဲ့ပါတယ်။ ဓါတ်ပုံပေါ်ကို ကလစ်နှိပ်လို့ အကြီးချဲ့ကြည့်လို့ ရပါတယ်)
လသာည ဖြစ်ပါတယ်။

Wednesday, June 23, 2010

အာရုံစူးစိုက်လို့ရအောင် လေ့ကျင့်

သူငယ်ချင်းတစ်ယောက်ကပြောတယ်။ သူက အခုတစ်လော စာဖတ်ရတာ သိပ်အာရုံရတာပဲတဲ့။ စာကြည့်ရတာ သိပ်ပျော်တယ်။ အိပ်ကိုမအိပ်ချင်ဘူးတဲ့.. ။ အားကျလိုက်တာနော်။

တခါတလေ ကိုယ့်စိတ်ဝင်စားတဲ့ အရာတစ်ခုကို လုပ်နေရတဲ့အခါ (ဥပမာ ကိုယ်အရမ်းကြိုက်တဲ့ ရုပ်ရှင်တစ်ခုမှာ ဈာဉ်ဝင်စားသွားတဲ့အခါ အားကစားတစ်ခုကို စိတ်ပါလက်ပါလုပ်နေချိန်၊ သီချင်းတစ်ပုဒ်ကို အားရပါးရဟစ်နေချိန်မှာ) ပတ်ဝန်းကျင်ကို မေ့လျော့သွားမိတယ်။ ပတ်ဝန်းကျင်ကို မေ့သွားလောက်အောင် လက်ရှိလုပ်နေတဲ့အရာမှာ အာရုံစူးစိုက်သွားမိတာပါ။ တကယ်လို့ ကျောင်းစာဆိုရင်ကော :D အင်း လသာညတော့ အခုတလော ပတ်ဝန်းကျင်မေ့အောင် ငိုက်မိနေတတ်တယ်။ အဲဒါ အာရုံစူးစိုက်မရလို့ပါ။

ဒါဆို ကျောင်းစာကို ဘယ်လိုအာရုံစူးစိုက်ရမလဲ.. ပညာရေးစိတ်ပညာက အကြံပြုထားတာလေးကို ကျောင်းစာကြည့်နေရတဲ့ သူငယ်ချင်းလေးများအတွက် နည်းနည်းလောက် ဝေမျှချင်ပါတယ်။


အာရုံစူးစိုက်လို့ရအောင် လေ့ကျင့်လို့ရပါတယ်တဲ့

၁) ပထမ စာကြည့်မယ့် စားပွဲမှာ နေရာယူလိုက်ပါ။

၂) စာကြည့်စားပွဲလေးကို သပ်သပ်ခပ်ခပ်ဖြစ်အောင် နည်းနည်းလေးရှင်းရင်း စိတ်ကို အရှိန်ယူလိုက် ၅ မိနစ်လောက်ပေါ့

၃) ပြီးရင် စာကြည့်တုန်း သီချင်းနားထောင်တတ်ရင် မတိုးမကျယ်လေး ဖွင့်လိုက်။ သတိ အလွမ်းသီချင်း ဖွင့်မိပြီး စာကြည့်ဖို့အာရုံမရခင် လွမ်းခန်းဖွင့် မျက်ရည်ကျခြင်းအဆင့်ကို ရောက်နိုင်တယ်နော်။

၎)ဖုန်းကို ဖြစ်နိုင်ရင် ပိတ်ထားလိုက်ပါ။ ပြီးရင် ၁နာရီလောက် ခဏပိတ်မယ်လို့ လည်း ကိုယ့်ကိုယ့်ကိုယ်ပြောထား။

၅) ကိုယ်ကြည့်မယ့်စာက ကွန်ပျူတာနဲ့လုပ်ရမယ်ဆိုရင် အင်တာနက်ကို ခဏပိတ်ထားလိုက်ဦး။ ဟာ အင်တာနက်နဲ့မှ လုပ်ရမယ့်စာပါလို့ တုန်ပြန်လာမယ့်သူအတွက် နည်းလမ်းရှိတယ်။ စာကိုပဲကြည့် ဘလော့မသွားနဲ့နော်..။ သူငယ်ချင်းတစ်ယောက်က ငြီးတယ်။ ကွန်ပျူတာဖွင့်မိရင် ဘလော့တစ်ခုကို ဖတ်မိရင် ဆက်ဆက်ပြီး ဖတ်မိပြီး ဘလော့ပေါင်းများစွာကနေ မထွက်နိုင်ပဲ ကျောင်းစာကို ပြန်မလာနိုင်ဘူးတဲ့ (လသာညလည်း အဲလိုပဲ အဟီး)။ အဲဒီပြသနာရှင်းနည်းကို နောက်မှ ပြောမယ်နော်။

၆)ငါစာကြည့်နေတယ်လို့ ကိုယ့်ကိုယ့်ကို ပြောလိုက်ပါ။ (ဟေး ကိုယ့်အိမ်ခန်းထဲမှာ အရင်လုပ်ကြည့်နော်။ ကျောင်းစာကြည့်တိုက်မှာ သွားလုပ်မိရင် ပြသနာဖြစ်နိုင်တယ်)

ရ) ကိုယ့်ကိုယ့်ကို incentives ပေးပါ။ ဒီစာရရင် ကော်ဖီသောက်မယ်။ ဒါမှမဟုတ် ဒါပြီးမှ ချစ်သူဆီဖုန်းဆက်မယ်။ ဒါမှမဟုတ် ဒါပြီးရင် လမ်းလျောက်ထွက်ပြီး ရုပ်ရှင်ကြည့်မယ်။ ဘလော့ကြိုက်သူများဆို ဘလော့လည်မယ်ပေါ့။ (ဒါမပြီးခင် ဘာမှ မလုပ်ဘူးကွာလို့ ကိုယ်ဘာသာ အားတင်းလိုက်)

အိုခအဲရီ

ဒီနေ့ ခရီးထွက်နေတဲ့ ညီမလေးများ ပြန်လာတဲ့အတွက် ကြိုဆိုချက်ပြုတ်နေတာလေးပြမလို့... (うそ! ) kenyit


ဘာတွေချက်နေလဲ မြင်ရတယ်ဟုတ် ။ လာစားပါလား ?

သူငယ်ချင်းကလာချက်ပေးတာ ..။ လသာညက မွှေပေးတာလေ..လက်ရာပါအောင်..jelir
ဘာတွေလည်း သိချင်ရင်လာစားနော်.။ ဧည့်သည့်မျှော်နေ၏...။minumlove
အိုခအဲရီနာဆိုင်း...။menari

Monday, June 21, 2010

နားလည်ပေးသည်ဆိုရာဝယ်..

(တစ်စုံတစ်ယောက်ကို နားလည်မှုအပြည့်အ၀ပေးချင်တယ်။ သူ့ကို နားလည်အောင် ကြိုးစားရင်း နားမလည်နိုင်ဘူး..။ အပြန်အလှန်နားလည်နိုင်ဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ.. ။ ကျေးဇူးပြုပြီး အကြံပေးပါဦး..) လို့ ကွန်မန့်မှာ မေးလာတာကို တွေ့ရလို့ ဘာပြောရမှန်းမသိအောင် ဖြစ်သွားတယ်။ တစ်စုံတစ်ဦးကို အပြည့်အ၀ နားလည်ပေးချင်တဲ့ စိတ်ထားလေးကို လေးစားအားကျတာရော၊ ကိုယ့်ကို အားကိုးတကြီး လာမေးတဲ့အတွက် အံ့သြသွားတာရောပါ.. (နာမည်ရေးမထားလို့ ဘယ်သူမှန်းမသိပေမယ့် တရင်းတနှီး လာမေးတာမို့ တရင်းတနှီး မောင်နှမလို ပြောခွင့်ပြုပါ.နော်.။)

တကယ်တော့ သူတပါးကို နားလည်ပေးခြင်းဆိုတာနဲ့ ပတ်သက်ပြီး လသာည သိပ်မသိပါဘူး။ အခုအထိလည်း သူတပါးကို နားလည်ပေးဖို့ များသောအားဖြင့် ကြိုးစားခဲ့ပေမယ့် အမြဲနားလည်ပေးနိုင်သူ မဖြစ်သေးပါဘူး။ တကယ်လည်း သူများကို အပြည့်အ၀ နားလည်ပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်မိတယ်.. ။ တို့ ဖတ်မိသလောက် ဗဟုသုတအရ ပြောပြရရင်..

၁) ကိုယ့်ထက် အသက်ကြီးသူမို့ ကိုယ့်ကိုနားလည်နိုင်လိမ့်မယ်လို့ မယူဆပါနဲ့..
ကိုယ့်ထက် အသက်အရွယ်ကြီးတိုင်း ကိုယ့်ကို နားလည်မပေးနိုင်ဘူး..။ လူတိုင်းဟာ ကိုယ့်အသက်အရွယ် ကိုယ့်အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး သူများကို နားလည်ပေးဖို့ စဉ်းစားတာပါ။ အခု လသာည အသက်၃၀ကျော် အရွယ်ကနေ ကိုယ့်အောက်က အသက်၂၀ကျော် ညီမကို အပြည့်အ၀ နားမလည်ပေးနိုင်သေးသလို ကိုယ့်အထက်က အသက်၄၀ ကျော်အစ်မကို အပြည့်အ၀ နားမလည်သေးဖူး..။ အသက် ၆၀ ကျော် မိဘတွေကို အပြည့်အ၀နားလည်ပေးဖို့ ဆိုတာ ပိုမဖြစ်နိုင်ဖူး..။ ကိုယ့်အသက်၃၀ ကျော်က ၃၀ကျော်အထိ သိလာတဲ့အသိနဲ့ ပဲ သူတို့ကို မြင်တာဆိုတော့ သူ့တို့အသက်အရွယ် သူတို့အတွေ့အကြုံအရ သူတို့နဲ့ကိုယ် တွေးခေါ်တာ မတူနိုင်ဖူး..။

၂) ကိုယ့်နဲ့ တအားခင်တဲ့ သူငယ်ချင်းမို့ ကိုယ့်ကိုအမြဲနားလည်လိမ့်မယ်လို့ မယူဆပါနဲ့..
ဒါကတော့ သိသာတယ်လေ..။ လူဆိုတာ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်နဲ့ မျိုးရိုးဗီဇ ပေါ်မှာ မူတည်ပြီး ကိုယ်ကျင့်တရား၊ စိတ်နေစိတ်ထား အမျိုးမျိုးရှိသတဲ့..။ လည်ပင်းဖက် ပေါင်းလာတဲ့ သူငယ်ချင်းဖြစ်ပါစေ..။ သူ့မိသားစုအသိုင်းအ၀ိုင်း၊ သူကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မတူတော့ စိတ်ထားမတူနိုင်ဘူး..။ ခံယူချက်မတူဘူး..။ မိဘအပြည့်အစုံနဲ့ ကြီးပြင်းရတဲ့ ကလေးက မိဘ မစုံမလင် (ဒါမှမဟုတ် အမိမဲ့ အဖမဲ့) ကြီးပြင်းလာရတဲ့ ကလေးရဲ့ မေတ္တာငတ်တဲ့ ခံစားချက်ကို အပြည့်အ၀ နားလည်ပေးနိုင်မှာ မဟုတ်ဖူး..။ ဆင်းရဲစွာ ကြီးပြင်းလာရတဲ့ကလေးရဲ့ ငွေမက်မောမှုအပေါ် ရွှေပုံပေါ်မှာ မွေးဖွားလာတဲ့ လိုတရဘ၀က ကလေးက နားလည်နိုင်မှာ မဟုတ်ဖူး.. ။ “ငွေကို နှမြောစေးနည်းတယ်၊ ပိတ်ချီးကပ်တယ်”လို့ ပဲ သုံးသပ်မှာပဲ..။

၃) မောင်နှမအရင်းမိုလို့ ကိုယ့်ကိုနားလည်မှာပဲလို့ မထင်ရဘူး။
မိသားစုတစ်ခုမှာပဲ အစဉ်လိုက်မွေးဖွားလာကြတဲ့ မောင်နှမတွေဟာ တမိတည်းပေမယ့် စိတ်နေစိတ်ထား စွမ်းဆောင်နိုင်ရည်နဲ့ စရိုက်လက္ခဏာ မတူဘူးနိုင်ရယ်။ အကြီးဆုံးဖြစ်ရတဲ့အတွက် အငယ်ကို ညှာရမယ်လို့ သွန်သင်ခံရတဲ့ ကလေးတစ်ယောက်ရဲ့ ဆုံးရှုံးသွားတဲ့ အတ္တမဲ့ခံစားချက်ကို အကြီးဆုံးသားဖြစ်ဖူးတဲ့ သူကမှ သိနိုင်မယ်။ ကျန်တဲ့ မောင်နှမတွေက မသိနိုင်ဖူး။

အငယ်ဆုံးဖြစ်လို့ အလိုလိုက်ခံရတဲ့အတွက် အရာရာကို ဦးမဆောင်နိုင်တဲ့ ညီမထွေးကို “ငါမပြောပဲ ကိုယ့်ဘာသာ မလုပ်နိုင်ရင် တသက်လုံး နင်ဒီလိုပဲ နေတော့မှာ”လို့ ဆူပူနေတဲ့ အကိုကြီးကို ညီမတွေအပေါ်နားလည်မှုမရှိဘူးလို့ ပြောလို့မရဘူး.။ သူတကယ် မသိဘူးလေ..။ သူ့စိတ်နဲ့ သူ့စွမ်းရည်နဲ့ နှိုင်းကြည့်ပြောနေတာ မို့လား။

၎) ကိုယ့်မိဘမို့ ကိုယ့်ကို နားလည်မှာပဲလို့ အမြဲမတွေးရဘူး..။
မိဘကလည်း သူ့ကြီးပြင်းလာခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ကိုယ့်ကိုနှိုင်းယှဉ်ဆုံးမလိမ့်မယ်။ လသာညရဲ့ အဖေက သူ့မိသားစုမှာ အလတ်ဖြစ်ခဲ့တယ်။ အကိုကြီးနဲ့ ညီထွေးကြားမှာ ကြီးပြင်းခဲ့တဲ့ အဖေ့ရဲ့ မသိစိတ်မှာ “အလတ်တွေ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အထီးကျန်စိတ်” ရှိနေခဲ့တယ်။ ဒါကြောင့်လည်း ရင်ထဲကမသိစိတ်နဲ့ သားလတ်၊ သမီးလတ်ဖြစ်သူ အပေါ် ပိုညှာတာနေခဲ့ပြီး၊ သူ မခံစားခဲ့ရတဲ့ မေတ္တာကို ပိုပေးနေမိမယ်။ သမီးငယ်ဖြစ်သူရဲ့ ခံစားမှုကို သူသိပ်နားမပေးနိုင်တာဟာ သူ့မကြုံဖူးတဲ့သူ့ဘ၀ အတွေ့အကြုံကြောင့်ဖြစ်ပါတယ်။ သူ့က သမီးငယ်ကို မချစ်လို့ နားလည်မပေးချင်လို့ မဟုတ်ဖူးရယ်။

၅) ကိုယ်အားငယ်တိုင်း အားပေးတတ်သူက အားမပေးတော့တဲ့အခါ ကိုယ့်ကိုနားမလည်တော့ဘူးလို့ ကောက်ချက်မချနဲ့..။
ကိုယ်အားငယ်တဲ့အချိန် လာအားပေးတတ်တဲ့ မိတ်ဆွေတွေ ရှိတယ်။ ဒါပေမယ့် တခါတလေ ကိုယ်အားငယ်ချိန် သူက အားပေးချင်မှ အားပေးလာလိမ့်မယ်။ အဲဒီအခါ သူက ငါ့ကိုနားလည်မပေးနိုင်တော့ဘူး။ ငါ့ကို မခင်တော့ဘူးလို့ တွေးတတ်တယ်။ ဒါပေမယ့် အဲဒါဟာ ကိုယ့်အပေါ်စိတ်ထားပြောင်းသွားလို့၊ မခင်လို့ မဟုတ်ပဲ ကိုယ့်ကို သူတကယ် အားပေးရမှန်း မသိလို့ လည်း ဖြစ်နိုင်တယ်။ လက်ရှိ ကိုယ်အားငယ်နေတဲ့ အကြောင်းအရာက သူ့အတွက် အားငယ်စရာမဟုတ်ဖူးလို့ သူခံယူထားသူဖြစ်နိုင်တယ်လေ..။

၆) ကိုယ့်ကို တအားချစ်ပါတယ်ဆိုတဲ့ ချစ်သူကလည်း ကိုယ့်ကို အမြဲ နားလည်နိုင်မှာ မဟုတ်ဖူး..
ဒါကတော့ သိတဲ့အတိုင်း ယောက်ျားနဲ့ မိန်းမ ဇီဝဖွဲ့စည်းပုံမတူတဲ့ အတွက် အတွေးအခေါ်၊ စွမ်းဆောင်နိုင်ရည်၊ ပတ်ဝန်းကျင်က သတ်မှတ်ချက် ကွဲပြားတယ်မဟုတ်လား..။ ဒါပေမယ့် နောက်ဆုံးထွက်သက်အထိ သေတပန် သက်တဆုံး ပေါင်းသင်းသွားကြတဲ့ အဘိုးအဘွားတွေ အများကြီးရှိတယ်။ သူတို့လည်း တစ်ဦးကိုတစ်ဦး “အပြည့်အ၀”နားလည်ပေးနိုင်သွားတာ မဟုတ်ပါဘူး။။

အတူတူ ယှဉ်ထိုင်ပြီး အကြောင်းအရာတစ်ခုကို ဆုံးဖြတ်တာတောင် ရှူထောင့်က မတူတော့ ညှိနှိုင်းရတာတွေ အများကြီးရယ်။ သူ့မြင်တာကို ကိုယ်က လက်ခံပေးလိုက်၊ ကိုယ်မြင်တာကို သူ့ကလျှော့ပေးလိုက်နဲ့ ပဲ တစ်သက်တာကို လက်တွဲကြတာပါ..

ရ) ကိုယ့်ကိုယ်တောင် နားလည်မှုအပြည့်အ၀ မပေးနိုင်ဖူး..
လူရဲ့ စိတ်က အမျိုးမျိုးပြောင်းလဲနေတာ..။ ကောင်းကင်က တိမ်တွေနဲ့တောင် နှိုင်းကြတယ်မို့လား..။ မနက်ဖက် သာယာတဲ့ စိတ်ကလေးနဲ့ ရုံးကို အသွားမှာ ရှိနေတဲ့ကိုယ့်စိတ်ထားနဲ့ ညနေဘက် ရုံးကနေ ပင်ပန်းပြီး stress အပြည့်နဲ့ ပြန်လာတဲ့အချိန်မှာ ရှိနေတဲ့ ကိုယ့်စိတ်ထား ဘယ်လိုမှ မတူနိုင်ဖူး..။ တခါတလေ ပင်ပန်းလွန်းလို့ ဘေးနားကလူတွေကို ပြန်အော်မိတယ်။ နောက်ပြန်တွေးကြည့်ပြီး အော် ငါ့နှယ် ဘာလို့ သူ့ကိုအဲလို အော်မိပါလိမ့်လို့ ကိုယ့်ကိုနားမလည်နိုင်အောင် ဖြစ်ရတယ်။

ခန္ဓာဗေဒအားဖြင့်လည်း မိန်းခလေးတွေဆိုရင် ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာခါနီးအချိန်တွေဆို ပုံမှန်ထက် အားငယ်စိတ် သိမ်ငယ်စိတ်ဖြစ်ရတယ်။ အဲဒီအချိန်ဆို အလိုလို ကိုယ့်ကိုယ့်ကို အားမရသလို သူများတွေကိုလည်း မကျေမနပ်ဖြစ်ရတယ်။ စကားတွေ အကျကောက်တယ်။ ဒါဟာ ဒါကြောင့်ဖြစ်နိုင်တယ်လို့ စာတွေဖတ်ပြီး ကိုယ့်စိတ်ကိုနားလည်အောင် ကြိုးစားကြပေမယ့် အခါခပ်သိမ်းနားလည်နိုင်သလားဆိုတော့ မိန်းခလေးတိုင်း နားမလည်နိုင်ကြဘူးရယ်။

၈) အပြည့်အ၀ ၁၀၀% နားလည်ဖို့ဆိုတာ ဘယ်နယ်ပယ်မှာမှ မဖြစ်နိုင်ဖူး။
အောင်မြင်တဲ့ ဆေးတစ်ခုဟာ သက်ဆိုင်ရာလူနာ ၁၀၀%ကို ကုသပျောက်ကင်းနိုင်လိမ့်မယ်လို့ ဘယ်သူမှ မပြောနိုင်ဖူး..။ ဘယ်သုတေသန မဆို အောင်မြင်မှုကို ရာခိုင်နှုန်းနဲ့ပဲ ပြောကြရတယ်။ ဒီဆေးဟာ (ဥပမာဆိုပါစို့) ၉၀ ရာခိုင်နှုန်းသော ဒီဝေဒနာရှင်တွေကို ပျောက်ကင်းနိုင်ပါတယ်လို့သာ ကြေငြာရပါတယ်။ ကျန်တဲ့ ၁၀ရာခိုင်နှုန်းကတော့ မသေချာတဲ့ error အဖြစ်သတ်မှတ်ကြရတယ်။ တခြား သိပ္ပံနယ်ပယ်တွေမှာ သီအိုရီအသစ် ထုတ်တိုင်းမှာလည်း ဒီအတိုင်းပါပဲ..။

သိပ္ပံပညာလို တိကျတဲ့ နေရာမှာတောင် ၁၀၀% ဆိုတာကို မပြောကြဘူးဆိုတော့ အပြောင်းအလဲမြန်တဲ့ “လူရဲ့စိတ်နေစိတ်ထား”ကို နားလည်ဖို့ဆိုရင် ပိုဆိုးပြီပေါ့..။ စိတ်ပညာထဲက သုတေသနတွေမှာ ၇၀% အထက်ကို အများဆုံး မှန်ကန်မှုလို့ သတ်မှတ်ရတယ်လေ..။

ဒါကြောင့်.. တစ်စုံတစ်ယောက်ကို နားလည်ပေးဖို့ဆိုတာ အပြည့်အ၀ ၁၀၀% မဖြစ်နိုင်ပါဘူး..။ အကြိမ်အရေအတွေအနေနဲ့ ၁၀ကြိမ်မှာ ၇ ကြိမ်လောက် နားလည်မှုထားနိုင်ရင်ကို အများကြီး နားလည်ပေးနိုင်တယ်လို့ ယူဆရမှာပါ။ ကျန်တဲ့ ၃ကြိမ်ကတော့ ကိုယ်နားမလည်နိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မျိုးရိုးဗီဇ၊ တွက်ချက်မရနိုင်တဲ့ ကံတရားတွေ စတာတွေနဲ့ ကိုယ်တကယ်နားမလည်နိုင်တာတွေ အရာတွေမို့ “ငါဟာ သူ့ကို အပြည့်အ၀ နားလည်မှုမပေးနိုင်ပါလား”လို့ စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကို ညှင်းဆဲစရာ မလိုသလို၊ သူများက ကိုယ့်ကို နားလည်မပေးနိုင်တဲ့အခါလည်း “သူ့က ငါ့ကို ဒါလေးတောင် နားမလည်ပေးနိုင်ဘူး”လို့ စိတ်မဆိုးမိပဲ လိုပါတယ်..။

အနောနိမတ်စေလေးရေ.. တကယ်တော့ မိဘနဲ့ သားသမီးပဲ ဖြစ်ဖြစ်၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအချင်းချင်းပဲ ဖြစ်ဖြစ်၊ အိမ်သူသက်ထား ဇနီးခင်ပွန်းပဲ ဖြစ်ဖြစ်.. နားလည်ပေးနိုင်သလောက် နားလည်ပေးပြီး ကျန်တာတော့ ခွင့်လွှတ်ပေးခြင်းနဲ့ပဲ လက်ရှိသံဃောဇဉ်ကို ထိန်းသိမ်းနိုင်မယ်လို့ အစ်မ ထင်မြင်မိပါတယ်။ အစ်မ ဖတ်မှတ်နားလည်တာတော့ ဒီလောက်ပဲရယ်..။ အစ်မလည်း အဲဒီအတိုင်း လိုက်နာနိုင်သေးတာ မဟုတ်လို့ အခုထိ မိဘတွေကို စိတ်ကောက်တုန်း၊ သူငယ်ချင်းတွေနဲ့ စကားနိုင်လုတုန်း၊ အမျိုးသားကို ရန်ဖြစ်ချင်တုန်းသာ ဖြစ်ပါတယ်လို့နော်းD
အစစ စိတ်ချမ်းမြေ့ပါစေ..
လသာည ဖြစ်ပါတယ်

Saturday, June 19, 2010

အတင်းပြောခြင်းသည် stress ကိုလျော့စေသတဲ့

အဲ..ခေါင်းစဉ်ကြည့်ပြီး လန့်များပြေးတော့မလား..။ မလန့်နဲ့သိလား..၊ လသာည မပြောဘူး :don ဟိုလူတွေ ပြောတာ (စိတ်ပညာဆိုတဲ့ ရပ်ကွက်ကလူတွေပြောတာ) တကယ်တော့ လသာည အတင်းသိပ်မပြောတတ်ဘူး.ရယ်.။ အတင်းဖွဖွလေးပဲ ပြောတတ်တားD ။ အခု အတင်းပြောပါမယ်။ အရမ်းခင်တဲ့ အစ်မတစ်ယောက်တို့ လင်မယားအကြောင်းပါ။ သူတို့က တအားကို အတင်းတုတ်တတ်ပါတယ်။ သူတို့ အတင်းတုတ်သူတွေက နှယ်နှယ်ရရမဟုတ်ဖူးရယ်..။ ခပ်မြင့်မြင့်တွေ..။ ဟိုး နိုင်ငံရပ်ခြားက ဟိုးအဝေးကြီးက သူတို့ကို မသိတဲ့အရာတွေ ၊သူတို့ အပြင်မှာ မမြင်ဘူးတဲ့ သူတွေရဲ့ အတင်းကို တုတ်သတဲ့..။ ဥပမာ ပြောပြမယ် တိုကျိုတာဝါက ယိုင်နေသတဲ့။ ဂေါ်ဇီလာကို မျိုးတုန်းအောင် လုပ်သူဟာ ကင်းကောင်တဲ့။ နောက်ပြီး နိုင်ငံခြား အဆိုတော်တွေရဲ့ အတင်းကိုလည်း စုံအောင် တုတ်တယ်။ ဘရစ်တနီက ဘောင်းဘီမ၀တ်ဖူးတဲ့ (စကတ်ဝတ်တာ ပြောချင်တာနေမှာပါ။)

တခါလည်း ကိုယ့်ရှေ့တင်ပဲ လင်မယား နှစ်ယောက်သား အပြိုင်အဆိုင် နာမည်ကျော် ဘောလုံးသမားတွေရဲ့ အတင်းကို အားရပါးရပြောတာ သူတို့လုပြောနေတာ နားညည်းလာလို့ အိမ်ပြန်မယ်ဆိုပြီး မနည်းစကားဖြတ်ယူရတယ်။ သူတို့က အတင်းပြောစရာထပ်သွားလို့ ပြောစရာစကား ရှာမရရင် နောက်ဆုံး ခြံထဲက ကြက်မက ဥမဥပဲ မြုံတာကို အတင်းတုတ်တယ်ဆိုပဲ စံပါပဲ :D..ထူးဆန်းတာက သူတို့အတင်းတုတ်တာ သူဘေးက လူတွေ အကြောင်းသိပ်မကြားရဘူး ဆိုတဲ့အချက်ပါပဲ။ လသာညရဲ့ အတင်းလည်း သူတို့ မတုတ်ဘူး (ထင်တာပဲ ၅၀% ပဲ ယုံပေးထားတယ်း))
အတင်းပြောတယ်ဆိုတာ ပြောသူက တဖက်သားကို နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောတာရှိသလို၊ တခါတခါ ကိုယ် စိတ်ညစ်နေလို့ ကိုယ့်စိတ်ထွက်ပေါက်အဖြစ် ဟိုရောက်ဒီရောက် လျှောက်ပြောရင်း သူများဆိုးကြောင်းကို ပြောဖြစ်သွားတာမျိုး ရှိတတ်တယ်။ အဲဒါမျိုးက ကာယကံရှင်တောင် သတိမထားမိတတ်ဘူး။ တခါတလေကျတော့ ကိုယ်က တစ်စုံတစ်ယောက်ကို မကျေနပ်ဘူး။ သူက ကိုယ့်ထက် ကြီးတဲ့သူဖြစ်နေတယ် (အရာရှိ သို့မဟုတ် မိဘ အကြီးအကဲ)။ ဒါကြောင့် သူတို့လုပ်ရပ်ကို မကျေနပ်တာကို တိုက်ရိုက်ပြန်ပြောရင် အဆူခံရနိုင်တယ်။ အဆင့်မသင့်ရင် အလုပ်ပြုတ်နိုင်တယ်။ ဒါကြောင့် ကွယ်ရာမှာ အချင်းချင်း မကျေလည်တာ ပြောကြတယ် (အဲ.. ရင်ဖွင့်တာပေါ့နော်။) ဘာပဲဖြစ်ဖြစ် ကွယ်ရာပြောတော့ အတင်းဖြစ်တော့တာပေါ့..။

ဒါပေမယ့် အဲဒီ “အတင်းပြောခြင်း”ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ပညာက.. “လူတွေဟာ စိတ်မှာ stress တွေများလာတဲ့အခါ ထွက်ပေါက်အဖြစ် သူများအကြောင်းကို ပြောဖြစ်သွားတယ်”လို့ ဆိုပါတယ်။ ဟိုတလောက သတင်းတစ်ခုမှာ “အတင်းပြောခြင်းဟာ stress ကိုလျော့စေကြောင်း” အကြောင်းကို လက်တွေ့စမ်းသပ်ချက် ဗွီဒီယိုဖိုင်နဲ့တကွ တင်ပြသွားတာကို ကြည့်လိုက်ရတယ်။ စိတ်ဝင်စားစရာ ကောင်းလို့ ပြောပြမယ် သိလား.။ သူက ဗွီဒီယိုကို ပေးမရှယ်တဲ့အတွက် စကားလုံးနဲ့ပဲ ရှယ်မယ်နော်။ (ဟော.. အတင်းများ ပြောမိသွားလားမသိ ??)

ဒီလိုတဲ့..။ ခရီးသွား ဟိုတယ်တစ်ခုမှာ ဧည့်ကြိုဝန်ထမ်းအမျိုးသမီးလေးတွေ (၆ယောက်)ကို စမ်းသပ်ခဲ့တာပါ။ အဲဒီနေ့က သူတို့ကို သုတေသနလုပ်ချင်လို့ပါလို့ ကြိုပြောပေမယ့် ဘာသုတေသနမှန်း မပြောခဲ့ဘူး..။ သူတို့ကတော့ သူတို့ကို ဓါတ်ပုံ ဗွီဒီယို အလှရိုက်မယ်လို့ထင်လို့ အလှဆုံးပြင်လာကြတယ်..။ နည်းနည်းလေး ပဲများလာကြပြီး အလုပ်လုပ်ဖို့ကိုလည်း ခါတိုင်းနေ့တွေထက် တအားလည်း တက်ကြွနေကြတယ်။ ဒီလိုအချိန်မှာ stress hormone စမ်းတဲ့ testerနဲ့ stress hormone ဘယ်လောက်ရှိလဲဆိုတာကို စမ်းသပ်မှတ်ထားပါတယ်။ (အဲဒီ testerက ချိုချဉ်လောက်လေးပဲ ရှိပြီး အဖြူရောင်ချိုချဉ်လေးလို့ ထင်စရာပါ။ ) အဖျားတိုင်းတဲ့ သာမိုမီတာလိုပဲ ပါးစပ်ထဲမှာ အဲဒီချိုချဉ်လေးကို ငုံပြီး စမ်းသပ်တာဖြစ်ပါတယ်။

နောက်တော့ သုတေသီက ပြန်သွားပါတယ် (သုတေသီက လူကိုယ်တိုင်ကသာ ပြန်တာပါ။ ဧည့်ကြိုဝန်ထမ်းမလေးတွေရဲ့ ကောင်တာကို မြင်ရတဲ့နေရာမှာ ဗွီဒီယိုကင်မရာကို လျှို့ဝှက်စွာ တပ်ထားခဲ့တယ်).။ အဲဒီနေ့က ဧည့်ကြိုဝန်ထမ်းမလေးတွေခမြာ တော်တော်လေး ကံမကောင်းတဲ့နေ့လို့ပြောရပါမယ်။ လာတည်းတဲ့ ဧည့်သည်တွေရဲ့ ကွန်ပလိန်းအမျိုးမျိုး တွေကို မပြီးနိုင်မစည်းနိုင် ဖြေရှင်းနေရတယ်။ ဒီကြားထဲ မန်နေဂျာကလည်း သူတို့ကို လာဆူသွားသေးတယ်။ မနက်က ပြုံးကြည်နေတဲ့ မျက်နှာလေးတွေဟာ နေ့လည်ကျတော့ တဖြည်းဖြည်းနဲ့ မဲ့လာခဲ့တယ်။

နေ့လည်၁နာရီထိုးတော့ သုတေသနသမားက ပြန်ရောက်လာပြီး ချိုချဉ်လေးငုံပေးပါဦးလို့ လာတောင်းဆိုတယ် (တကယ်က stress hormone tester နဲ့ ဟိုမုန်းပြန်စစ်တာ)..။ စိတ်ညစ်ပါတယ်ဆိုမှ သုတေသနသမားကလည်း တမှောင့်နော်..။ ဒါနဲ့ မနက်ကလောက် ပြုံးပြီး ပဲများမနေတော့ပဲ မြန်မြန်ပြီးပြီးရော သူတို့ငုံပေးလိုက်တယ်။ တကယ်ပဲ သူတို့တွေ မနက်ကလောက် စိတ်မရှည်တော့ဘူးရယ်။

အဲဒီ testerကနေပြီး သုတေသနသမားတွေ့ရတဲ့အဖြေကတော့ stress hormoneက (ပုံမှန်မှာ နေ့ဘက်ကို လျော့ရမှာကို မလျော့တဲ့အပြင် မနက်ကထက် ပိုတက်နေတာကို တွေ့ရတယ်။ (တစ်ယောက်နဲ့တစ်ယောက် တက်တဲ့နှုန်းတော့ မတူဘူး)

ဒါနဲ့ သုတေသီက မန်နေဂျာကို အကူအညီတောင်းပြီး မန်နေဂျာကတဆင့် ကောင်တာက အမျိုးသမီးလေး၆ ယောက်ကို လူစုခွဲပြီး တ၀က်(သုံးယောက်)ကို ကောင်တာမှာပဲ ဆက်ထားလိုက်ပြီး တ၀က် (၃ ယောက်)ကို ကော်ဖီလေး သွားဖျော်ပေးပါလို့ ခိုင်းလိုက်တယ်။

အိုး.. ဇာတ်လမ်းက အဲဒီမှာစတာပါပဲ..။ .ဘာပြောကောင်းမလဲ ကော်ဖီသွားဖျော်တဲ့ ကောင်မလေး ၃ယောက်ဟာ ကော်ဖီဖျော်တဲ့ ကောင်တာမှာ ပေါက်ပေါက်ဖောက်သလို စကားတွေ ပြောကြပါတော့တယ်.။

“ဟဲ့ ဟိုဧည့်သည် တော်တော် အပေါက်ဆိုးတယ်။ ရုပ်ကိုက ပြုတ်မနှုးနဲ့ ဟင်း” “ဟုတ်ပ..တကယ်ပဲ ပြောချင်ဘူး။” “အရေးထဲ သုတေသနလာလုပ်တဲ့သူကလည်း လာရှုပ်သေးတယ်..။”“ မန်နေဂျာက သူ့အမျိုးသမီးနဲ့ ရန်ဖြစ်လာသလားမသိဘူး။ အလကားနေရင်း ငါတို့ လာမာန်နေတယ်။ သူ့မိန်းမက ....လေ။...............။ ဟွန်း”“ ဟုတ်ပဟယ်၊ ငါ့ရည်းစားသာဆို ဒါမျိုးဘယ်ရမလဲ” “ဟယ် ပြောပါဦး..” ...............အမ်.. ညည်းက ဟိုကောင်မလေးကို ဟိုလိုပြောပစ်ခဲ့ ဘူးလား... ခက်တယ် ခက်တယ်.. ခုတော့ အဲဒီ ဟိုတစ်ယောက်လေ.. ...........”

အစ ရှိသဖြင့်.. ပြောကြတာ ၁၀မိနစ်နဲ့လည်း မပြီး၊ ၁၅မိနစ်နဲ့လည်း မပြီး၊ (“စိုင်းစိုင်းရဲ့ သီချင်းထဲကလို“သူများအကြောင်းလည်း မပြောတတ်ပါ၊ စပ်မိစပ်ရာ ဘာညာကွိကွ..ပေါ့နော်း))). (တကယ်တော့ သူတို့ ပြောသမျှကစကားအားလုံးက လျှိုဝှက်စွာ တပ်ထားတဲ့ ဗွီဒီယိုကင်မရာကတဆင့် သုတေသီတို့ အခန်းကနေ မြင်နေကြားနေခဲ့ပြီး ဖြစ်တာကို သူတို့ မသိကြဘူးလေ) ဒီလိုနဲ့ နာရီဝက်ရှိမှ မန်နေဂျာ လိုက်ခေါ်တော့မှ မချောသုံးယောက် ပြုံးစိပြုံးစိနဲ့ ပြန်လာပါတော့တယ်။ (မန်နေဂျာကလည်းနော် ကော်ဖီနှပ်နေတာ ကြာလေ ကောင်းလေဆိုတာ မသိဘူးထင်ရဲ့ ဟိဟိ..ဆိုတဲ့ အတွေးနဲ့ ဖြစ်ချင်ဖြစ်နေမှာ။)

ကောင်တာကို ပြန်လာချိန်မှာတော့ သူ့တို့မျက်နှာက စစ်အောင်နိုင်တဲ့ စစ်သေနာပတိရဲ့ ပီတိမျိုးနဲ့၊ ဆေးမစားမှီပုံနဲ့ ဆေးစားပြီးပုံလို ကွာခြားသွားပြီ။ (မန်နေဂျာကလည်း အခုတကယ်စိတ်ဆိုးနေပြီ။ သူက သူ့အတင်းပြောတာလည်း ကြားပြီးပြီကိုး အဟိ။) ဒီတော့ ပွဲက ပိုကြမ်းသွားတယ်။ .သူတို့နားကို လက်ဖက်ခြောက် ခပ်လို့ရအောင် ပွက်ပွက်ဆူသွားတယ်ပေါ့။ သူဘယ်လောက်ဆူဆူ ဆေးစားပြီး သုံးယောက်ကတော့ ထီမထင်အပြုံးတွေနဲ့ ကြည်လင်စွာ ရှိနေပြီး။ ဆေးမစားရတဲ့ ကောင်တာက သုံးယောက်ကတော့ ချက်ချင်းကို ငိုချတော့မလို ဖြစ်နေပြီ )။

အဲဒီအချိန်မှာ သုတေသီပြန်ရောက်လာတယ်။ ပြီးတော့ နောက်ဆုံးအနေနဲ့ ဒါလေးကို ငုံပေးပါဦးဆိုပြီး လာတောင်းပန်ပါတယ်။ ရလာဒ်ကတော့ တအားကို သိသာပါတယ်။ (အတင်းပြောခြင်းဆိုတဲ့ဆေး) ဆေးစားပြီးသူ ၃ ဦးမှာ stress ဟိုမုန်းလျော့သွားသလောက် မစားရသူများကတော့ ၂ ဆလောက်ကို ထိုးတက်သွားတယ်တဲ့..။

ကဲ ကဲ.. ယုံပြီလား.. အတင်းပြောတဲ့သူတွေ stress လျော့သတဲ့..။ ဗဟသုတု.. ဗဟုသုတလေးပါ..။

(လသာည၏ ဖြည့်စွက်ချက်။ တကယ်တော့ အတင်းပြောခြင်းဆိုတာ.. လတ်တလော ကိုယ့်အတွက် stress လျော့စေတာသာဖြစ်ပေမယ့် ကိုယ်ပြောတဲ့ အတင်းကြောင့် တဖက်နားပေါက်သွားပြီး ဖြစ်လာမယ့် ခင်မင်မှုပျက်စေခြင်း၊ ကိုယ့်ရဲ့ အကျင့်သိက္ခာ ထိခိုက်ခြင်း၊ စီးပွားရေး လူမှုရေးပျက်ပြားစေခြင်းဆိုတဲ့ ဆိုးကျိုးတွေတော့ ရှိနိုင်မယ်လေ)

ကဲ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မလည်း stress ပြေဖို့ ကျွန်မသိတဲ့ အစ်မတစ်ယောက်အကြောင်း အတင်းတုပ်ပြီးပါပြီ။ ဧည့်ကြိုဝန်ထမ်းမလေးတွေအကြောင်းလည်း အတင်းတုတ်ပြီးပါပြီ။ ဒီတော့ကာ အခု နေလို့ကောင်းသွားပြီဆိုတော့ ကနေ့တော့ အတင်းပြောခြင်းကို ဒီလောက်နဲ့ပဲ ရပ်ဦးမယ်။ နောက်ရက်မှ သူငယ်ချင်းတွေ အတင်းကို တုတ်ဦးမယ်.. (လသာည သတိထား ကင်မရာတပ်ထားတယ် ဟုတ်ကဲ့ ဟုတ်ကဲ့

လသာည ဖြစ်ပါတယ်:D
မှတ်ချက်.. ဓါတ်ပုံတွေ google မှာ ရယူပါတယ်

Saturday, June 12, 2010

ဦးခေါင်းသေးတဲ့ ရောဂါ

တစ်ခါက လူတစ်ယောက်ဟာ ရုံးအားလပ်ရက်မှာ ဈေးဝယ်ထွက်ရင်း နာမည်ကြီးကုမ္ပဏီက ဈေးကြီးကြီး ဦးထုပ်တစ်လုံးကို ၀ယ်လာခဲ့တယ်..။

သဘောကျလွန်းလို့ ဦးထုပ်မှာ သူ့နာမည်ထိုးပြီး ရုံးကို နေ့တိုင်းဆောင်းသွားတယ်။ ပြီးတော့လည်း ရုံးက မိတ်ဆွေတွေကို သူ့ ဦးထုပ် ဘယ်လောက်ဈေးကြီးကြောင်း၊ ဘယ်ကုမ္ပဏီလုပ်ဦးထုပ်ဖြစ်ကြောင်း စသည်ဖြင့် ချီးမွမ်းခန်း မနားမနေ ဖွင့်လေ့ရှိသတဲ့..
နေ့တိုင်း ပြောလွန်းနေတော့လည်း သူ့မိတ်ဆွေတွေ နားငြီးလာကြတယ်ပေါ့....
ဒါနဲ့ .. သူ့မိတ်ဆွေတွေဟာ ခေါင်းချင်းဆိုင်လို့ အကြံတစ်ခု ၀ိုင်းထုတ်ပြီး သူ့ဦးထုပ်ဝယ်တဲ့ ကုမ္ပဏီကနေပြီး အမျိုးအစားတူ၊ အရောင်တူ ၄ ခုဝယ်လိုက်ကြတယ်။ ပြီးတော့ ဦးထုပ်တွေမှာ သူ့နာမည်ကို ပါ တပါတည်းရေးထားလိုက်တယ်တဲ့....။ ဦးထုပ်ဆိုဒ်တော့ မတူဘူး။ သူ့ဦးထုပ်ရဲ့ ဆိုဒ်နံပါတ်က ၅ရ ဖြစ်ပေမယ့် သူ့မိတ်ဆွေတွေက ၅၈၊ ၅၉၊ ၆၀၊ ၆၁ ဆိုပြီးဆိုဒ်နံပါတ် ၄ မျိုးခွဲဝယ်ခဲ့ကြတယ်။

ဝယ်ပြီး ပထမဆုံးနေ့မှာ သူ့မရှိခင် သူ့ဦးထုပ်ကို သူတို့ဝယ်ထားတဲ့ ဦးထုပ်ဆိုဒ်နံပါတ် ၅၈ နဲ့ လဲထားလိုက်ကြတယ်။
ဒါပေမယ့် ဆိုဒ်နံပါတ် ၅၈ ဟာ ဆိုဒ်နံပါတ် ၅၇နဲ့ သိပ်မကွဲတာကြောင့် သူ သတိမထားမိခဲ့ဘူး..။

ဒုတိယနေ့မှာ ဆိုဒ် နံပါတ် ၅၉ နဲ့ လဲပြီး ထားလိုက်ကြတယ်။

ဒီနေ့တော့ သူ့စိတ်ထဲမှာ သူ့ဦးထုပ် နည်းနည်းကြီးနေသလားလို့ တွေးမိတယ်တဲ့...။

ဦးထုပ်ကို သေချာကြည့်တယ်။ ကုမ္ပဏီအတူတူ၊ အရောင်အတူတူ၊ သူ့နာမည်လည်း ရေးထားတယ်။ “အင်း.. ငါ စိတ်ထင်တာ နေမှာပါ”လို့ တွေးပြီး ဒီအတိုင်းပဲ စိတ်ချလက်ချ ဆောင်းသွားခဲ့တယ်။

တတိယနေ့ကျတော့လည်း သူ့မိတ်ဆွေတွေက ဆိုဒ်နံပါတ် ၆၀ နဲ့ လဲထားကြပြန်တယ်။

ဒီတခါတော့ သူဦးထုပ်ဟာ သူ့ခေါင်းမှာ တော်တော်ချောင်နေတာကို သတိထားမိပြီး စိတ်ပူသွားတယ်။

ဒါနဲ့ ဦးထုပ်အရောင်နဲ့ သူ့နာမည်ကို သေချာပြန်စစ်ဆေးတယ်။

“ အင်း အားလုံး အတူတူပဲ ၊ဒီ ဦးထုပ်ဟာ ငါ့ဦးထုပ်ပဲ...၊ ဒါပေမယ့် တစ်ခုခုတော့ မှားနေပြီ.. ။ ဟုတ်တယ်.. တစ်ခုခုပဲ၊ ငါ့ ဦးထုပ်က အရင်က ငါ့ခေါင်းနဲ့ အံကိုက်ပါ..။ အခု မကိုက်တော့ဘူး..။ ဧကန္တ.. ငါ့ဦးခေါင်းပဲ သေးသွားလို့လား”လို့ တွေးမိတယ်။

ကိုယ့်ခေါင်းကို ကိုယ့်လက်နဲ့ပြန်စမ်းကြည့်တယ်။ နောက် မှန်ထဲလည်း သေချာကြည့်တယ်။

အင်း ငါ့ခေါင်းက အရင်လိုပါပဲ.. စိတ်ရှုပ်လာပြီ နေပါစေတော့ မတွေးတော့ဘူး...။

စတုတ္ထမြောက်နေ့ ရောက်တော့ မိတ်ဆွေတွေက.. သူ့ဦးထုပ်ကို ဆိုဒ်နံပါတ် အကြီးဆုံး ၆၁ နဲ့ လဲထားကြတယ်။

သူတအားကို တုန်လှုပ်သွားတယ်..။ တကယ်ပဲ.. ငါ့ ဦးခေါင်းဟာ သေးသထက် သေးနေပါလား...။ ဒါနဲ့ သူစိတ်တအားပူပြီး ဆရာဝန်ကို ဖုန်းဆက်လို့ အကြောင်းစုံ ပြောပြပြီး မေးတယ်။..

ဦးခေါင်းသေးရင် ဘာဖြစ်တတ်သလဲဆိုတာကို ပြောပြပါ ဒေါက်တာ..တဲ့..။

ဆရာဝန်ကလည်း အဲဒီလို ဦးခေါင်းသေးတဲ့ ရောဂါအကြောင်း မကြားဖူးဘူးဗျာ..။ သိပ်ပြီးတော့ စိတ်ပူစရာ မရှိပါဘူး..။ ခင်ဗျားစိတ်ထင်တာ နေမှာပါလို့ ပြန်ရှင်းသတဲ့..။

အဲဒီနေ့က စပြီး သူ့ဦးခေါင်း သေးသထက် ပိုသေးလာမှာကို စိုးရိမ်တဲ့အတွက် ဦးထုပ်ကို အဝေးကိုလွှင့်ပစ်လိုက်သလို ဦးထုပ်အကြောင်းလည်း မပြောရှာတော့ဘူးတဲ့.....။ မိတ်ဆွေများလည်း နားငြီးသက်သာ သွားတာပေါ့နော်။.

. .. ပုံပြင်လေးက ဒါပါပဲကွယ်...း)))
............................................ x .....................................................
စကားမစပ်-။ ။ လျှော်ရင် လျှော်တိုကားဖြစ်တဲ့ စွပ်ကျယ်သားအင်္ကျီကို ၀တ်တတ်တဲ့ သူငယ်ချင်းလေးများက
“ငါ အခုတလော လူက ပိန်သွားတာလား။ အင်္ကျီက ကျယ်သွားတာလား မသိဘူး။ နင်ဘယ်လိုထင်လဲ”လို့
မေးခွန်းနှစ်ခွန်း မေးလာခဲ့ရင်...................
မေးသူ သယ်ရင်းလေးက ပိန်သူဖြစ်ရင် အကျီင်္ကကျယ်သွားတာလို့ ဖြေဖို့၊ သူက ၀ သူဖြစ်ရင် လူက ပိန်သွားတာလို့ ဖြေတတ်ဖို့ လေ့ကျင်ထားကြတာပေါ့..းD ။

(နောက်တာပါ).။ သယ်ရင်းလေးများ အမောပြေပါစေ...။အားလုံးကျန်းမာရေး ဂရုစိုက်ပါ...


လသာညဖြစ်ပါတယ်..
မှတ်ချက် ။ ။ lab ထဲက ဟာသစာအုပ်တစ်အုပ်ထဲမှာ အမည်မသိကာတွန်းဆရာရဲ့ ကာတွန်းလေးတွေပါ။ ပုံလေးတွေ သဘောကျလို့ သယ်ရင်းလေးတွေကို မျှတာပါ..။(ကာတွန်းပုံတွေမှာ ကိုယ့်နာမည်ထည့်ထားပေမယ့် ကိုယ်ဆွဲတာ မဟုတ်..။ စကန်ဖတ်ထားတာသာ ဖြစ်ကြောင်းလည်း ၀န်ခံပါရစေနော်၊ အထင်ကြီးမှာ စိုးလို့ပါ.း)

Thursday, June 10, 2010

မတူကွဲပြား ခြားနားချက်များ

ကျွန်မ့သူငယ်ချင်းတွေက လသာညရယ်.. ဒါတွေထပ်နေပြီလေလို့ ပြောလည်း ခံရမှာပါး)) ဒါပေမယ့် ကျွန်မအတွက်တော့ လေ့လာလို့ကို မကုန်သေးဘူးရယ်။ ဟုတ်တယ်လေ.. သဘာဝလူ့လောကကြီးထဲမှာ ၂မျိုးထဲသာ ရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ကွာခြားချက်တွေကို ရှေးယခင်ကစပြီး ယခုအထိ အများကြီး စိတ်ဝင်တစား လေ့လာကြ ၊ သုတေသနလုပ်ကြဆိုတော့ လသာညလည်း လေ့လာလို့ မဆုံးနိုင်ပေါ့။

ခန္ဓာကိုယ် ကွာခြားတာတော့ လူတိုင်း သိပြီးသား.ပါ.။ ဒါပေမယ့် အဲဒီလိုကွာခြားချက်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ပိုင်းဆိုင်ရာ ကွဲပြားရတာတွေကို ရှေးက လူတွေ သိပ်မသိခဲ့ဘူး။ အမျိုးသား အမျိုးသမီး တန်းတူအခွင့်အရေးရလိုမှု ဆိုတာတွေ ရှိသလို၊ အမျိုးသားများက အားကြီးသူမို့ အားနွဲ့သူ အမျိုးသမီးများကို ငဲ့ညှာပါလို့ တောင်းဆိုမှုတွေလည်း ရှိတယ်။

ဒီအတွက် အခွင့်အရေးတူသင့်တဲ့နေရာမှာ တူပေးပါဆိုတော့ မတူတဲ့အချက်တွေ ထောက်ပြလို့ ပြဿနာတွေဖြစ်ရတယ်။ ဒီလိုနဲ့ ငဲ့ညှာပေးဖို့ တောင်းဆိုတော့လည်း တဖက်သတ် အနိုင်ကျင့်ဖိနှိပ်မှုတွေ ဖြစ်ရပြန်တယ်။ ဒီမတူကွဲပြားမှုတွေ အကြောင်းနဲ့ ပတ်သက်ပြီး ပညာရှင်တွေကလည်း ကြိုးစားလေ့လာ သုတေသနပြုခဲ့ကြတယ်။ (အခုလည်း လေ့လာနေဆဲပါပဲ..။) အဲ့ဒီအထဲမှာ စိတ်ပညာရှင်တွေလည်း ပါပါတယ်။

စိတ်ပညာရှင်တွေ လေ့လာတာကတော့ အမျိုးသားနဲ့ အမျိုးသမီး ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ မတူတာကြောင့် စွမ်းရည်တွေ မတူကွဲပြားရပုံတွေအပြင် စိတ်ပိုင်းဆိုင်ရာတွေ ကွဲပြားရပုံတွေကို အဓိကထား လေ့လာကြပါတယ်။ ဒါတွေကို နားလည်ထားခြင်းအားဖြင့် ကိုယ်နဲ့ (လိင်)အမျိုးအစား မတူတဲ့ ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ့်ရည်းစား၊ ကိုယ့်အိမ်ထောင်ဖက် စသည်တို့ကို နားလည်ပေးနိုင်လာမယ်လို့ ယုံကြည်မိတယ်။

အခုလည်း ပညာရှင် Amber Hensleyက စုစည်းတင်ပြထားတဲ့ မိန်းမနဲ့ ယောက်ျားရဲ့ မတူတဲ့ ဦးနှောက်စွမ်းရည်တွေအကြောင်း ယေဘုယျအချက်ကြီး ၁၀ချက်က တော်တော်စိတ်ဝင်စားစရာ ကောင်းတာမို့ မျှဝေပေးလိုက်ပါတယ်။

မှတ်စုကို ပြန်မျှတာမို့ စာသားနည်းနည်းဆန်ရင် ခွင့်လွှတ်ပါနော်.. ။

၁။ နာကျင်မှု

နာကျင်ခံစားမှုနဲ့ ပတ်သက်ပြီးလည်း အမျိုးသမီးနဲ့ အမျိုးသားကွဲပြားပါတယ်။ လေ့လာချက်တွေအရ နာကျင်မှုခံစားချက်တွေ လျော့နည်းစေဖို့အတွက် အမျိုးသမီးများဟာ အမျိုးသားများထက် မော်ဖင်းဓါတ် (morphine) ပိုလိုအပ်တယ်လို့ တွေ့ရပါတယ်။ နာကျင်နေစဉ် ဖြစ်တည်တဲ့ ဦးနှောက်ရဲ့လှုပ်ရှားမှုအပိုင်းကို amygdalaလို့ ခေါ်ပါတယ်။

ပုံမှာ တွေ့တဲ့အတိုင်း အမျိုးသားများထက် အမျိုးသမီးများက amygdala အပိုင်းပိုများတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးများက နာကျင်မှုကို ပိုခံစားရကြတာ ဖြစ်ပါတယ်။ (ပုံကို ဒီနေရာက ယူပါတယ်)

၂။ ဦးနှောက်ခြမ်းအလုပ်လုပ်ပုံ ကွဲပြားခြင်း


အမျိုးသမီးများက ဦးနှောက်ရဲ့ လက်ဝဲဘက်ခြမ်းရော၊ လက်ယာဘက်ခြမ်းရော အလုပ်လုပ်ပေမယ့် အမျိုးသားများဟာ လက်ဝဲဘက် ဦးနှောက်ခြမ်းက ပိုအလုပ်လုပ်သူများဖြစ်ပါတယ်။ ဒါကြောင့် ပြဿနာ ဖြေရှင်းပုံ မတူတာဖြစ်ပါတယ်။ (ဒါကတော့ အရင်က (ဒီနေရာမှာ အကျယ်)ရေးပြီးသားမို့ ထပ်မရေးတော့ဘူးရယ်)

၃။ ဦးနှောက်ရဲ့ အရွယ်အစား.

အမျိုးသားဦးနှောက်က အမျိုးသမီးဦးနှောက်ထက် ၁၁-၁၂% ပိုကြီးပါတယ်။ ဦးနှောက်အတွင်း ဆဲလ်ကလည်း ၄%ပိုများပြီး ဦးနှောက်တစ်သျှူး ၁၀၀ ဂရမ်ခန့် ပိုများပါတယ်။ အရွယ်အစားကြီးခြင်းဟာ ဥာဏ်ရည်ကိုတော့ ထူးပြီး အကျိုးမသက်ရောက်စေပါဘူးတဲ့.. (အဟိ စကားနိုင်လုလိုသူများး)) ။ အမျိုးသားတွေဟာ ကြွက်သားပမာဏပိုများရခြင်း၊ ခန္ဓာကိုယ်ပို ကြီးထွားခြင်းကြောင့် neuronတွေကို ပိုထိန်းချူပ်ဖို့ လိုအပ်ခြင်းကြောင့်သာ ဦးနှောက်အရွယ်အစားပို ကြီးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အသေးစိတ်ဖတ်လို့ ရပါတယ်။

၎။ သချာင်္စွမ်းရည် နှင့် ဘာသာစကား


ဦးနှောက်ရဲ့ (inferior-parietal lobule (IPL))ဟာ အမျိုးသားများက အမျိုးသမီးများထက် ၁၀ရာခိုင်နှုန်းကျော်ကျော် ကြီးပါတယ်။ အတိအကျပြောရရင် လက်ဝဲဘက်ခြမ်းပဲ ဖြစ်ပါတယ်။ အဲဒီအခြမ်းဟာ သချာင်္စွမ်းရည်ကို ထိန်းချုပ်တဲ့အပိုင်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာ တစ်ခုကို ပြောပြရရင် ပညာရှင်ကြီး အိုင်စတိုင်းရဲ့ IPLဟာ ပုံမှန်ထက် အများကြီးကြီးမားတယ်လို့ ဆိုကြပါတယ်။ အမျိုးသမီးများကတော့ အမျိုးသားများထက် လက်ယာဘက်ခြမ်းပိုပါတဲ့အတွက်အသေးစိတ် အာရုံခံစားချက်များကို ပိုသိစေပါတယ်။ ဥပမာ.. ညလည်ခေါင် ကလေးငိုသံ သဲ့သဲ့ကအစ ကြားနိုင်တာမျိုးဖြစ်ပါတယ်။

ဘာသာစကားနဲ့ ပတ်သက်ရင် လုပ်ဆောင်နိုင်စွမ်းဟာ အမျိုးသမီးများမှာ အားသာပါတယ်။ စကားပရိယာယ် ကြွယ်ဝပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသားများမှ လက်ဝဲဦးနှောက်တခြမ်းပဲ အလုပ်လုပ်နေတဲ့ အတွက် ဘာသာစကားပြောနိုင်တဲ့ အပိုင်းအားနည်းနေပြီး အမျိုးသမီးများကတော့ လက်ဝဲရော လက်ယာရော နှစ်ခြမ်းရှိတဲ့အတွက် စကားပရိယာယ်ကြွယ်ဝနေစေတာ ဖြစ်ပါတယ်။ အသေးစိတ်သိချင်ရင် ဒီနေရာကို ညွှန်းပါတယ်။

၅။ အများနဲ့ ပေါင်းသင်းဆက်ဆံရေး


သာမန်အားဖြင့် အမျိုးသမီးများဟာ အမျိုးသားများထက် ပေါင်းသင်းဆက်ဆံရေးကောင်းပါတယ်။ အုပ်စုနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုကို စကားပရိယာယ်နဲ့ ဖြေရှင်းတတ်တယ်။ စကားလုံးမဲ့ အမူအရာတွေ၊ စကားသံအနိမ့်အမြင့်တွေ၊ မျက်ရိပ်မျက်ကဲဖြင့် ခံစားနားလည်မှု၊ စာနာ နားလည်ပေးမှုတွေ စသည်တို့ကို လုပ်နိုင်တယ်။

ဒီအချိန်မှာ အမျိုးသားများကတော့ ပေါ်လာတဲ့ ပြဿနာပဲဖြစ်ဖြစ် ထိပ်တိုက်ရင်ဆိုင်ဖို့ပဲ တွေးချင်တယ်။ ဓါးချင်းသာ ယှဉ်ပစ်လိုက်ချင်တယ်၊ စကားအကျယ်ချဲ သိပ်မပြောချင်ဘူး။ စိတ်ကူးရရင် ချက်ချင်း လက်တွေ့အကောင်အထည် ဖော်လိုက်ချင်တယ်။ စကားလည်း ပုံမှန်အားဖြင့်နည်းတယ်။ အုပ်စုနဲ့ အမြဲတရုန်းရုန်း နေလိုစိတ် သိပ်မရှိဘူး..။ ဒါကြောင့် ယောက်ျားအချင်းချင်း မိန်းမအချင်းချင်း ခင်မင်မိတ်ဖွဲ့ပုံက ဘယ်လိုမှ မတူနိုင်ဘူး။

၆။ စိတ်တင်းအား (stress)ကို တုန့်ပြန်ပုံ

စိတ်ဖိအား၊ တင်းအားတွေများလာရင် အမျိုးသားများက အခြေအနေတစ်ခုကို "fight or flight" နဲ့ တုန့်ပြန်ပါတယ်။ အမျိုးသမီးများကတော့ ၎င်းအခြေအနေကို ချဉ်းကပ်ပြီး ကြင်နာစွာ ဖြေရှင်းဖို့၊ ရင်းနှီးစွာ ဆက်ဆံပေးဖို့ ကြိုးစားတယ်လို့ ဆိုပါတယ်။ စိတ်ပညာရှင် Shelley E. Taylorက အဲဒါကို tend and befriend"လို့ ခေါ်ပါတယ်။ မိမိကိုယ်တိုင်နဲ့ မိမိသားသမီးများကို ကြင်နာစွာဆက်ဆံပေးခြင်း၊ မိမိ၏ အပေါင်းအသင်းများကို ရင်းနှီးစွာ ဆက်ဆံလိုက်ခြင်းစသည်တို့ဖြင့် မိမိ စိတ်ဖိအားတင်းကျပ်မှုကို ဖြေရှင်းကြတယ်လို့ ဆိုပါတယ်။

၇။ oxytocin ဟိုမုန်း ထုတ်လွှင်မှု အနည်းအများ ကွဲပြားမှု

ဒီလို အမျိုးသားနဲ့ အမျိုးသမီးကွဲပြားတဲ့ ပြုမှုပုံဟာ ဟိုမုန်းပေါ်မှာလည်း အခြေခံပါတယ်။ လူတိုင်းလူတိုင်းမှာ stress ရှိချိန်မှာ oxytocinဆိုတဲ့ ဟိုမုန်းကို ထုတ်လွှင့်ပါတယ်။ အမျိုးသမီးများမှာ တွေ့ရတဲ့ estrogen ဟိုမုန်းဟာ oxytocinကို ပိုများစေပြီး သူ့ရလာဒ်က စိတ်ကို တည်ငြိမ်စေတယ်။ မိခင်စိတ်ကို ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။ အမျိုးသားများမှာ တွေ့ရတဲ့ testosterone ကတော့ stress များချိန်မှာ အများဆုံးထုတ်လွှင့်တတ်ပြီး oxytocin ဟိုမုန်းအားကို လျော့ကျစေပါတယ်။ တည်ငြိမ်ခြင်း ကို အားမပေးနိုင်တော့ပါ။ ဒါကြောင့်လည်း အမျိုးသားများ စိတ်ဖိအားခံရလွန်းရင် မြန်မြန်ဆန်ဆန် ပေါက်ကွဲလွယ်တတ်တာပဲ ဖြစ်ပါတယ်။ (အသေးစိတ်သိလိုလျှင် ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ်။)

၈။ ဦးနှောက်ကြီးရဲ့ အတွင်းပိုင်း ကွဲပြားမှုကြောင့် စိတ်လှုပ်ရှားမှုကွဲပြားခြင်း

ဦးနှောက်ကြီးရဲ့ အတွင်းပိုင်းမှာ limbic systemဆိုတာ ပုံမှာ မြင်ရတာကို ခေါ်တာပါ။

ယေဘုယျအားဖြင့် အမျိုးသမီးများမှာ limbic system ပိုနက်ရှိုင်းပါတယ်။ ဒါကြောင့် စိတ်လှုပ်ရှားလွယ်သလို၊ ခံစားရတာကိုလည်း ဖော်ပြနိုင်စွမ်းပိုရှိတယ်။ ဒီစွမ်းရည်ကြောင့်လည်း ကလေးငယ်အတွက် ပြုစုစောင့်ရှောက်ရာမှာ ကလေးရဲ့ ခံစားချက်ကို လက်ခံနားလည်ပေးနိုင်စွမ်း ပိုရှိတာဖြစ်ပါတယ်။ ကြီးမားပြီး နက်ရှိုင်းတဲ့ limbic systemကြောင့် ကလေးကိုယ်ဝန်ရှိနေစဉ်၊ ကလေးကိုယ်ဝန်မွေးဖွားပြီးချိန် (နောက်ပြီး လစဉ် ရာသီလာချိန်)တွေမှာ depression ၀င်စေတာလည်း ဖြစ်ပါတယ်။

၉။ အမြင်ဖြင့်ဆုံးဖြတ်နိုင်သောစွမ်းရည် (spatial ability)

အမျိုးသားများဟာ အမျိုးသမီးများထက် အထက်ပါစွမ်းရည်ကောင်းပါတယ်။ spatial IQ လို့လည်း ခေါ်တယ်။ အမြင်ဖြင့် ဆုံးဖြတ်နိုင်သောစွမ်းရည်ဆိုတာ မိမိမြင်ရသော ပုံများ အရာဝတ္တုများကို ထောင့်အမျိုးမျိုးမှ အမြင်အမျိုးမျိုးကို (အတွေးဖြင့်) လှည့်၍ မြင်နိုင်စွမ်း၊ ပိုသေချာအောင် ဖြည့်စွက်ပြောရရင် 3 D ၊2D စတဲ့ အမြင်တွေနဲ့ ထောင့်စုံ မြင်နိုင်စွမ်းကို ဆိုပါတယ်။ ဒီစွမ်းရည်မြင့်သူများဟာ လမ်းမြေပုံတွေကို အလွယ်မှတ်မိတယ်။ (အရင်က မြေပုံမကြည့်တတ်သော မိန်းမဆိုပြီး (ဒီနေရာမှာ) ပိုစ်ရေးခဲ့ဖူးသေးတယ်)။ လေ့လာချက်များအရ ဒီစွမ်းရည်ဟာ ကလေး ၅ လကစပြီး မြင်သာလာတယ်လို့ ဆိုပြီး ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအများကြီး ရှိတယ်လို့ ဆိုပါတယ်.. (စကားမစပ်.. လသာညရဲ့ Thesis က ဒီစွမ်းရည်နဲ့ ပတ်သက်နေတယ်။ ဒါကြောင့် တိုက်ဆိုင်တဲ့အခါ သူငယ်ချင်းတွေကို ဒီစွမ်း၇ည်နဲ့ ပတ်သက်တဲ့ IQ မေးခွန်းလွှာလေးတွေ မေးချင်သေးတယ်၊ ဖြေကြည့်မလားဟင်း))

၁၀။ စိတ်ကစင့်ကလျားဖြစ်မှုအလားအလာ ကွဲပြားခြင်း

ဦးနှောက်လုပ်ငန်းစဉ်တွေ၊ ဖွဲ့စည်းပုံတွေ မတူတာကြောင့် စိတ်ဓါတ်ကျခြင်း၊ စိတ်ပူပန်မှုများခြင်းတို့ကြောင့် ဖြစ်တတ်တဲ့ စိတ်ကစင့်ကလျားဖြစ်မှု အခြေအနေလည်း မတူပါဘူး..။ စိတ်ကစင့်ကလျားဖြစ်တဲ့အခါ အမျိုးသားများဟာ ဘာသာစကားဆိုင်ရာ ပြဿနာတွေ ( နှုတ်ထစ်၊ ဆွံအသွားတာမျိုး) ပို ဖြစ်တတ်ပြီး အမျိုးသမီးများကတော့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို ဖန်တီးတည်ဆောက်ပြီး တစ်ယောက်တည်း စကားပြောနေတတ်တာမျိုး အဖြစ်များပါတယ်။ ဒီထက်ပိုဆိုးရင် ဖြစ်နိုင်တဲ့ စိတ်ရောဂါတွေအကြောင်းတော့ လသာည အသေးစိတ်မသိတာမို့ မရှင်းတော့ပါ။ ဆက်လက်ဖတ်ရှုလိုသူများ ဒီနေရာက စာအုပ်ကို ဖတ်ဖို့ ညွှန်းဆိုပါရစေ..။

ဟိဟိ.. ကဲ .. ဖတ်ရတာ ပျင်းသွားပြီလား.. ။ အပျင်းကို မျှဝေခံစားပေးသွားတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။
လသာည ဖြစ်ပါတယ်..။

Reference :
http://www.mastersofhealthcare.com/
http://en.wikipedia.org/
http://www.ncbi.nlm.nih.gov/
မှတ်ဥာဏ်အကြောင်း

Sunday, June 6, 2010

လသာညရဲ့ ဟာသ

အလုပ် ပင်ပန်း စိတ်ပင်ပန်း ကျောင်းစာတွေ မနိုင်ဖြစ်နေတဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေကို အတွေးများနဲ့ လေးပင်နေစေခဲ့တဲ့အတွက် ဆောရီးနော်။ ဒီတခါတော့ တခါတလေလည်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဖြစ်အောင် ရယ်စရာပြောပြမယ်..။ ရယ်စရာ စကားက မရယ်ရလည်း လသာညက ရယ်ရတယ်လို့ သဘောထားလိုက်နော် {"(*0^)x}
ချက်တုန်း
ယောက်ျား။ ။ မိန်းမရေ ချက်လို့မပြီးသေးဘူးလား ဗိုက်ဆာလာပြီနော်။
မိန်းမ။ ။ ချက်(chat) ပြီးတော့မှာပါတော်။ ဒီတစ်ယောက်နဲ့ စကားပြတ်ရင်..
ယောက်ျား။ ။ (..) ????
ခေါင်းလေးတယ်
ယောက်ျား။ ။ တနေ့တနေ့ မင်းအကြောင်း တွေးရတာ ရင်တွေပူပြီး ခေါင်းတောင် လေးလာသလိုပဲ..
မိန်းမ.။ ။ လေးမှာပေါ့ရှင်..။ ယောက်ျားဦးနှောက်က မိန်းမဦးနှောက်ထက် ၁၂% ကြီးတယ်တဲ့..။ ဘလော့ဂါ လသာညကတောင် ရေးထားသေးတယ်.. သွားဖတ်သွားဖတ် ဟိဟိ..။
ယောက်ျား။ ။ (++) ????
ကြွေတယ်
ယောက်ျား။ ။ မိန်းမရယ် မင်းကတော့ ရေရေလည်လည်ကြွေတယ်..။
မိန်းမ။ ။ ရှင်ကလည်း ကိုယ့်မိန်းမကို မြှောက်စရာမရှိမြှောက်နေပြန်ပြီ အဟင်း..ဟင်း
ယောက်ျား။ ။ မဟုတ်ဖူး.. မင်းဆံပင်တွေ ကြွေရောင်ပေါက်နေလို့ ပြောတာ ဟဲဟဲ။
မိန်းမ။ ။ ဘာရှင့် (><)
ဒီကဖြင့် ချစ်လိုက်ရတာ
ယောက်ျား.။ ။ မိန်းမရယ်.. ငါ့မှာ တနေ့တနေ့ ချစ်လိုက်ရတာကွာ..။ ဒါတောင် မင်းက ဂရုမစိုက်ဘူး..။
မိန်းမ။ ။ ယောက်ျားနော် ရှင်ပဲ မနက်တိုင်း အုန်းနို့ခေါက်ဆွဲလေး စားချင်တယ်ဆို..။ ရရစ်“ခြစ်”နဲ့ “ရပင့်“ချစ်” ပီအောင် ပြောလေ..။
ယောက်ျား။ ။ ဟုတ် "(..) "
ချောတယ်
မိန်းမ။ ။ ယောက်ျား လာပါဦး ဒီမှာချောလား လာကြည့်ပါဦး..။
ယောက်ျား။ ။ ဟာ ငါမိန်းမက ပြောစရာမလိုဘူး။ ကမ္ဘာပေါ်မှာ အချောဆုံး..။ ကဲ...လာပြီလာပြီ ချော.ချော. ချစ်ချစ်ချော..ချော..ချော.. ဘိုင်း အင့်///.. တကယ် ချောတယ်ဟ။
မိန်းမ.။ ။ ကျွန်မ ကြမ်းတိုက်ထားတာ ချောမချော ပြောင်မပြောင် လာကြည့်ခိုင်းတာရှင့်။ ဟွန်း(^^)/
ယောက်ျား။ ။ (^-")?
နာတတ်တယ်
လင်မယားနှစ်ယောက်စလုံး ဆိုင်ကယ် အက်စီးဒင့်ဖြစ်လို့ လက်နဲ့ ခြေထောက်မှာ ဒဏ်ရာ အနည်းအကျဉ်းစီ ရကြတယ်။ ဆေးခန်းကအပြန်လမ်းတစ်လျှောက် မိန်းမက ငိုရှိုက်လာရင်း.....

မိန်းမ။ ။ လက်က အရမ်းနာတာပဲ ယောက်ျားရယ်။ ကျွန်မကို နှိပ်ပေးပါဦး။
ယောက်ျား။ ။ ငါ့လက်လည်း နာနေတယ်လေကွာ။ မင်းချည်းပဲ နာတတ်သလိုပဲ..။
မိန်းမ။ ။ အိုး.. မိန်းမတွေက ပိုနာတတ်တယ်ဆိုတာ လူတိုင်းသိတယ်။ နာကျင်တဲ့အချိန် ဦးနှောက်ထဲက amygdalaက နာကျင်မှုကို ခံစားသတဲ့။ နာကျင်မှုကို ထိန်းချူပ်တဲ့ မောဖင်းဓါတ်က မိန်းမက ယောက်ျားထက် ၂ဆ ပိုလိုတယ်တဲ့ ရှင်..။ လသာည ပြောတာပဲ..။
ယောက်ျား။ ။ တော်ပြီ လာ.. နှိပ်ပေးမယ်။ နောက်ကို အဲဒီ လသာည ဘလော့ သွားမဖတ်နဲ့..။ (><)@#
(အဟိ. .. ကျွန်မပြောမိ အပြစ်ရှိ၏းD)

အားလုံးအတွက် ပျော်စရာ အားလပ်ရက်များဖြစ်ပါစေ..
လသာည ဖြစ်ပါတယ်..။

Saturday, June 5, 2010

အမြင်မှားတတ်တယ်-၂

စိတ်ပညာက ပုံရိပ်လေးတွေကို စုစုစည်းစည်းရလို့ သိမ်းတင်ထားဖို့ ဆုံးဖြတ်မိတယ်..။ စိတ်ဝင်စားစရာ အရမ်းကောင်းတယ်...။

အောက်ကပုံလေးကို မင်းဘာမြင်လဲဟင် !

GOOD လို့ ဖတ်မိတယ်ဟုတ်။ အဲလို ဖတ်မိရင် အဲလိုပဲ ကောင်းတယ်။ အဲလိုပဲ ဖတ်နော်။ မမှားဘူးသိလား...။ ဒါပေမယ့် EVIL လို့ မြင်သူရှိတယ်။ သူ့ကိုလည်း နားလည်ပေးလိုက်ပါ.. (အဖြူရောင်နဲ့ ပြန်ဖတ်ကြည့်ရင် EVIL လို့ မြင်နိုင်တယ်လေ..)

အောက်က ပုံမှာ စာလုံးတွေ ကြည့်ရတာ ခက်ပေမယ့် သေချာဖတ်ကြည့်လိုက်ရင် တစ်ခုခုရေးထားတာ တွေ့နိုင်တယ်။.


OPTICAL လို့ ..တွေ့လား..။ နောက်ထပ် သူ့နောက်ကွယ်မှာလည်း စာလုံးတွေ ကျန်သေးတယ် .။ သေချာကြည့်မှ မြင်နိုင်တယ်။ ရေးထားတာက ILLUSION တဲ့ .. ။ လောကကြီးမှာ optical illusion ဆိုတာတွေ အများကြီးရှိတယ်..။ အဲဒါတွေကြောင့် မိမိက မြင်တဲ့အမြင်(မိမိမျက်လုံးနဲ့ တပ်အပ်မြင်တာတွေ)ကိုပဲ တခြားသူက မှားတယ်လို့ ဝေဖန်ပြောလာစေတာပေါ့..

အောက်ကပုံက စာလုံးကိုလည်း ဖတ်ကြည့်ပါဦး ဘာမြင်လဲဟင်?

အပေါ်က စာလုံးဟာ TEACH မဟုတ်လား..။ “သင်ကြားသည်” တဲ့..။ သူ့အောက်မှာလည်း အရိပ်စာလုံး ရှိနေသေးတယ်။ သေချာစိုက်ပြီး ဖတ်ကြည့်လိုက်ပါဦး..။ .. LEARN တဲ့။ “လေ့လာပါ”တဲ့..။ ဒီတော့.. သူများကို သင်မယ်လို့ တွေးခါနီးတိုင်း ကိုယ်တိုင်လည်း လေ့လာသင်ယူထားတဲ့ အခြေခံ (အရိပ်)လည်း လိုတယ်ဆိုတာ သတိထားမိစေတဲ့ ပုံလေးပေါ့..

ဒီအောက်ဆုံးက ပုံမှာ အမြင်သာဆုံးက ME ဆိုတဲ့ စကားလုံးလေးပါ.. “ငါ့ကို”ဆိုတဲ့ အဓိပ္ပါယ်လေ..။

ဒါပေမယ့် သေချာကြည့်ရင် မြင်နိုင်တာ ရှိသေးတယ်.. YOU တဲ့.. “မင်းကို” ဆိုတဲ့ အဓိပ္ပါယ်ပေါ့..။ ငါ့ကို နားလည်ပါလို့ ပြောခါနီးတိုင်း မင်းကိုလည်း ငါနားလည်ပေးမိရဲ့လားဆိုတာကို သတိရမိစေတာပေါ့..နော်

လသာည.. ဖြစ်ပါတယ်..။
reference: http://www.dailycognition.com/