Friday, March 4, 2011

ဘ၀တဆစ်ချိုးပြန်ပြီ

လွန်ခဲ့တဲ့ လေးနှစ်က ဒီနေရာလေးကို ကျွန်မ ရောက်လာခဲ့တယ်..။ ယောင်တောင်ပေါင်တောင်နဲ့ ဘ၀တစ်ခုကို စခဲ့တယ်..။နေသားမကျတဲ့ အရပ်မှာ အမှားတွေများစွာနဲ့ သောကများစွာလည်း ကြုံခဲ့ရတယ်။ ပျော်စရာလေးတွေလည်း ရှိခဲ့ရတယ်။ စိတ်ညစ်စရာ၊ စိတ်ဆိုးစရာလေးတွေလည်း ရှိခဲ့ရတယ်။ ငါ့ကျမှ ဘာဖြစ်လို့ ဒါမျိုးဖြစ်ရတာလဲလို့ ကိုယ့်ဘာသာကိုယ်သနားလို့ ငိုလည်းငိုဖူးတယ်.. ။ ပတ်ဝန်းကျင်ကို လျှောက်ကြည့်ပြီင်္း သနားစရာ ကောင်းတာ ငါတစ်ယောက်တည်း မဟုတ်ဖူးဆိုပြီး သဘောကျစွာ ဘ၀ကို လှောင်ရယ်လည်း ရယ်ဖူးတယ်..။

ဒီလို အတွေ့အကြုံတွေကြားထဲကပဲ စစ်မှန်တဲ့ သူငယ်ချင်းများစွာကို ကျွန်မပိုင်ဆိုင်ခဲ့ပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်ချိန်တွေကို မျှဝေခံစားပေးမယ့်သူတွေ၊ ကိုယ်ရဲ့ ၀မ်းနည်းချိန်တွေမှာ စာနာစွာ အားပေးသူတွေ အများကြီး ရခဲ့တယ်။ တကယ်ပါ ကျွန်မမှာ သူငယ်ချင်းအများကြီး ရခဲ့ပါတယ်။ အဲဒီအတွက် ကျွန်မတကယ် ကျေနပ်မိရပါတယ်။

နောက်ထပ် ကျေနပ်စရာကောင်းတာလည်း ဖြစ်ခဲ့တယ်။ အဲဒါက ဘလော့ဂ်လော့က ထဲကို မထင်မှတ်ပဲ ရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ယောင်တောင်ပေါင်တောင်ရောက်ခဲ့တဲ့ ဘလော့ဂ်လောကထဲမှာလည်း သူငယ်ချင်းများစွာကို ထပ်မံပိုင်ဆိုင်ရပြန်ပါတယ်။ မမြင်ဖူးပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အားပေးလိုက်၊ စနောက်လိုက်နဲ့ သူငယ်ချင်းအရင်းအခြာတွေလို ... တကယ် မမေ့နိုင်စရာပါပဲ..။

ဒီနေ့ကတော့ ကျွန်မအတွက် ဘ၀တစ်ဆစ်ချိုးတဲ့နေ့ပါပဲ..။ သိပ်မကြာခင်မှာပဲ လက်ရှိနဲ့ လုံးဝမတူတဲ့ ဘ၀တစ်ခုကို ကျွန်မ စတည်ရပါဦးမယ်။ အဲဒီအရပ်မှာ ပျော်စရာတွေ ရှိနိုင်သလို၊ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေလည်း ရှိနိုင်ပါတယ်.. ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မသွားရပါဦးမယ်...။ အဲဒီအတွက် ဒီဘလော့ဂ်လောကထဲကနေ ယာယီခွဲခွာရပါဦးမယ်..။ အခါအခွင့်သင့်ရင် ပြန်လာဦးမှာမိုလို့ နှုတ်ဆက်စကားတော့ မဆိုလိုပါ..။

တစ်ခုတော့ ဆန္ဒရှိပါတယ်။ ကျွန်မနဲ့ ဒီဘ၀တစ်ဆစ်ချိုးထဲမှာ တွေ့ခဲ့ကြုံခဲ့တဲ့ သူငယ်ချင်းများကို ကျေးဇူးတင်စကားတော့ ပြောသွားချင်ပါသေးတယ်။ ကျွန်မကို ခင်မင်ခွင့်ပေးခဲ့တဲ့ သူငယ်ချင်းများအားလုံးကို ကျွန်မ အများကြီး အများကြီး ကျေးဇူးတင်ပါတယ်လို့..။ နောက်တချိန်မှာ ပြန်တွေ့ကြသေးတာပေါ့..နော်။

လသာည ဖြစ်ပါတယ်..