Showing posts with label မျက်လှည့်. Show all posts
Showing posts with label မျက်လှည့်. Show all posts

Sunday, December 5, 2010

Mr. Maric ရဲ့ မျက်လှည့်ပညာ ဘာသာပြန်

သူဟာ သွားဘက်ဆိုင်ရာဆရာဝန်ဘွဲ့ရရှိပြီးသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားတာက မျက်လှည့်ဖြစ်တဲ့အတွက် မျက်လှည့်ပညာရပ်တွေကိုသာ လေ့လာရင်း မျက်လှည့်ပစ္စည်း ရောင်းချတဲ့အလုပ်ကို လုပ်ခဲ့တယ်။

နောက်တော့ တီဗွီအစီအစဉ်မှာအပတ်စဉ် ဖြေဖျော်ခွင့်ရတဲ့အထိ ဖြစ်လာပါတယ်။ ၁၉၉၃မှ စတင်ပြီး “ရယ်ချင်ရင် ရယ်သာရယ်လိုက်” “မင်း ပျော်ရွှင်ဖို့” အစရှိတဲ့ တီဗွီအစီအစဉ်များမှာ မျက်လှည့်ဖြင့် ဖြေဖျော်လာခဲ့ပါတယ်။ ကျွမ်းကျင် သပ်ရပ်သော သူ၏ မျက်လှည့်ပညာကြောင့် သူ့ကိုမှော်အတတ်များရနေသလားလို့ တောင် အထင်ခံရပြီး၊ ၎င်းအထင်အတွက် သူပြန်ဖြေတဲ့အဖြေကတော့ “ကျွန်တော့် လက်အစုံရဲ့ စွမ်းအား (hand power)ပါ” ဆိုတာပါပဲ။ သူက မျက်လှည့်ဆရာအဖြစ် တပည့်တွေကို စာသင်ပေးသလို မျက်လှည့်ပညာ စာအုပ်တွေများစွာလည်း ရေးခဲ့ပါတယ်။

အများကို ရယ်မောပျော်ရွှင်စေလိုတဲ့ သူဆန္ဒက ပြည့်တယ်လို့ ပြောရမယ်ထင်ပါတယ်။ သူ့ရဲ့မျက်လှည့်ပညာစာအုပ်တွေက စိတ်ပညာစာအုပ်တွေနားမှာ ထားပြီး စိတ်ကုပညာရှင်တွေက မိမိလူနာတွေ ပျော်ရွှင်အောင် အသုံးပြုတဲ့အထိ နာမည်ကြီးခဲ့ပါတယ်။စာအုပ်ကတော့ အဆင့်မြင့်မျက်လှည့်ပညာရပ်တွေ မဟုတ်ပါ။ မိမိအနီးအနားမှာ ရှိတဲ့ ပစ္စည်းများနဲ့ မိမိရဲ့ မိသားစု၊ သူငယ်ချင်းများကို ဖြေဖျော်ပေးတဲ့အဆင့်လောက်ပဲ ဖြစ်ပါတယ်။ မျက်လှည့်ကြောင့် မိသားစုအတွင်း တဒင်္ဂလောက် ပျော်ရွှင်သွားရတယ်ဆိုရင် မျက်လှည့်ပြရကျိုးနပ်ပြီ ဖြစ်ပါတယ်။ ကိုယ်ပြသတဲ့ မျက်လှည့်က မအောင်မြင်ပဲ မျက်လှည့်ရဲ့ အဖြေကို အများ သိသွားလည်းပဲ ကိစ္စမရှိပဲ ရယ်မောပျော်ရွှင်နိုင်တာမို့ ကျွန်မကတော့ သဘောကျမိပါတယ်။ ဒါကြောင့် စာအုပ်ထဲက တချို့တ၀က်ကို ကျွန်မ ဘာသာပြန်သိမ်းထားပါတယ်။ ဘာသာပြန်ထားတာလေးကို သူငယ်ချင်းများအနေနှင့် တဆင့် အခြားသူများကို အပျင်းပြေ မျက်လှည့်ပြပြီး ရယ်မောပျော်ရွှင်နိုင်စေရန် မျှဝေလိုပါသော်လည်း ပုံဆိုဒ်တွေက ကြီးတာမို့ ပိုစ်မှာ သီးသန့်မတင်တော့ပါ။ မျက်လှည့်စိတ်ဝင်စားသူများ side bar မှ လင့်ခ်မှတဆင့် pdf ဖိုင်ကို ဒေါင်းလော့လုပ်ယူနိုင်ပါတယ်။



အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ... လသာည ဖြစ်ပါတယ်။

Tuesday, November 23, 2010

မျက်လှည့်

(၁)
မျက်လှည့်ဆရာလို့ ပြောရင် တချို့က သိပ်သဘောမကျဘူး၊ မျက်လှည့်ဆရာဆိုတာ လူလိမ်တွေလို့ ဆိုကြပါတယ် ။ ဒါပေမယ့် မျက်လှည့်ပညာဟာ ဖျော်ဖြေရေးအဖြစ် တည်ရှိနေခဲ့တာ လွန်ခဲ့သော နှစ်ပေါင်းများစွာထဲကပါ။

ငယ်ငယ်တုန်းက မျက်လှည့်ပွဲ သွားရင် ရင်ထဲမှာ ဒိန်းဒိန်း ဒိန်းဒိန်းနဲ့နေအောင် တအားပျော်ခဲ့ဖူးတယ်။ ကိုယ့်မျက်စိအောက်တင် မယုံနိုင်အောင် ပြောင်းလဲသွားတာတွေကို မြင်တိုင်း မခံချင်စိတ်နဲ့ ဒီတခါ သူဘယ်လိုလုပ်တာလဲဆိုတာ သေချာကြည့်မယ်လို့ ကြိမ်းဝါးပြီး ကြည့်လည်း အဖြေမှန်ကို မသိဘူး။ ကိုယ်ဘယ်လိုမှ မသိတော့လည်း ထုံးစံအတိုင်း “မြေခွေးက စပျစ်သီးချဉ်တယ် ပြောသလိုမျိုး” မျက်လှည့်ဆရာတွေက လူညာတွေလို့ အော်ပစ်လိုက်တယ်း))

ငယ်ငယ်က အရပ်ထဲမှာ ပြတဲ့ မျက်လှည့်အမျိုးမျိုးကို မလွတ်အောင် လိုက်ကြည့်ဖူးတယ်။ ဖဲချပ်ဝေပြီး ဖဲချပ်အဖြေရွေးတာကအစ၊ လူအရှင်ကို မီးရှို့ပြီး အဲဒီလူက ပွဲကြည့်ပရိတ်သတ်ထဲကနေပြီး ပြန်ထွက်လာတွေအဆုံး ကြည့်တယ်။ ကြည့်ပြီးရင် စိတ်ထဲက အဖြေမသိလို့ မခံချိမခံသာဖြစ်တာက သပ်သပ်၊ သဘောကျတာက သပ်သပ်။ လက်ခုပ်လက်ဝါးတီးပြီး ဒီလူတော်တော် စွမ်းတာပဲလို့ အော်ချီးကျူးမိတယ်။

David Copperfield ရဲ့ မျက်လှည့်ခွေတွေ တီဗွီမှာလာတော့ နေ့တိုင်း စောင့်ကြည့်ခဲ့တယ်။ သူ့ခွေထွက်တော့လည်း ၀ယ်ကြည့်သေးတာ။ သူ့ကျတော့ လူညာလို့ကို မပြောနိုင်အောင်ပဲ သဘောကျမိတယ်။ အဲဒီလူ မျက်လှည့်ပညာထက် စိတ်စွမ်းအင်တွေများ ရနေတယ်ထင်ပါ့လို့လည်း အံ့သြချီးကျူးမိတယ်။
........................................................
(၂)
၉တန်းကျောင်းသူဘ၀တုန်းက ဖေဖေ့မိတ်ဆွေ မျက်လှည့်ဆရာ ဦးလေးကြီးတစ်ယောက်က မျက်လှည့်သင်ပေးခဲ့ဖူးတယ်။ မျက်လှည့်နည်း လေးငါးမျိုးကို သင်ပေးတယ်။ အဲဒီလေးငါးမျိုးကိုပဲ နေ့တိုင်းလေ့ကျင့်ရင်း တတ်သွားတယ်ဆိုပါတော့..။ တတ်လည်းတတ်ရော ငါကွဆိုပြီး ကိုယ့်ဘာသာချီးကျူးလို့ တအိမ်လုံးကို မျက်လှည့် လိုက်ပြတယ်၊ ကိုယ့်အနားလာတဲ့သူ၊ ကျောင်းက သူငယ်ချင်းတွေနဲ့ အိမ်ရှေ့ဖြတ်သွားတဲ့သူအားလုံးကို လှမ်းခေါ်ပြီးကို မျက်လှည့်လိုက်ပြရတာ အမော။

သူတို့တွေက “ဟယ် တအားတော်တာပဲ”လို့ ချီးကျူးလိုက်ရင် ကိုယ့်မှာ မျက်နှာကို ပုရွက်ဆိတ် တက်ကိုက်လောက်အောင် ချိုပြုံးနေခဲ့တာပေါ့၊ နောက်ပြီး သူတို့က “အဲဒါ ဘယ်လိုလုပ်တာလဲ ငါ့ကိုသင်ပေး၊ အခုသင်ပေး”ဆိုပြီး ဆရာတင်လာရင်လည်း သင်ပေးလိုက်သေးတယ်.. (နာမည်ကြီးချင်တော့လည်း ဂလို ဂလို အရပ်ထဲမှာ ဂျိုကာ (joker)ဖြစ်ခဲ့ရတယ်း)))

ခက်တယ်.. မျက်လှည့်ဆိုတာက လုပ်ပြပါများတော့ ကြည့်တဲ့သူက အဖြေ သိသွားရော၊ နောက်ပြီး မျက်လှည့်က အဖြေမသိခင်သာ စိတ်ဝင်စားဖို့ ကောင်းတာလေ၊ အဖြေသိသွားရင် စိတ်ဝင်စားစရာ မကောင်းဘူးမဟုတ်လား..။ အဲဒီတော့ အိမ်ကလူတွေက ကိုယ့်မျက်လှည့်ကို စိတ်ဝင်တစားလှည့်မကြည့်တော့ဘူး..။ ကျောင်းက သူငယ်ချင်းတွေကဆို မျက်လှည့်ကို သူတို့က (ကိုယ်သင်ထားတဲ့အတိုင်း ပြန်လုပ်ပြီး) ကိုယ့်ကိုတောင် ပြန်သင်ပေးလိုက်သေးတယ် :"(

ဒါနဲ့ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်နေသွားမိပါတယ်။
.....................................................
(၃)
အဲလိုမေ့နေတဲ့ မျက်လှည့်ရောဂါပိုးကို အခုရက်ကျမှ လာပြီး နှိုးဆွသွားတဲ့သူက ရှိလာပါတယ်။ ကျောင်းက သူငယ်ချင်းတစ်ယောက်ပါ။ သူက ဂျပန်မျက်လှည့်ဆရာတစ်ယောက်ရဲ့ မျက်လှည့်စာအုပ်လေးတစ်အုပ်ကို လက်ဆောင်ပေးလာပါတယ်။ သိတဲ့အတိုင်း လူကနေပေမယ့် ပိုးကမနေဘူး..၊ အဲဒီစာအုပ်ကိုရကတဲက အိပ်ယာဘေးချပြီး အိပ်ခါနီးတိုင်း ဖတ်နေတာ တစ်ပတ်ရှိသွားပါပြီး)))။

မျက်လှည့်စာအုပ်က ကောင်းပေမယ့် မျက်လှည့်အတတ် လုံးဝမသိတဲ့ မျက်လှည့်ပညာဇီးရိုး တွေအတွက် ရည်ရွယ်ထားတဲ့ မျက်လှည့်စာအုပ်ဖြစ်နေတော့ (David Copperfield ရဲ့ မျက်လှည့်ခွေတွေ မပြတ်ကြည့်ထားတဲ့ ကိုယ့်အတွက်တော့) အင်မတန်မှ ပျင်းစရာကောင်းပါတယ် (မယုံနဲ့..။ ကိုယ့်ကိုယ့်ကို ဂုဏ်တင်ကြည့်တာ၊ တကယ်တော့ ကိုယ်မသိတာတွေချည်းပဲ ;P) ။

အခု အဲဒီစာအုပ်က မျက်လှည့်ပညာအကြောင်းလေး သူငယ်ချင်းတွေကို ပြန်ပြောချင်နေတာနဲ့ (ငယ်ငယ်ကအကျင့်အတိုင်း လာလည်သူကို မျက်လှည့်ပြချင်စိတ် ပေါက်နေမိတာမို့) ပိုစ်တင်ချင်ပါတယ်.. ခွင့်လွှတ်ပါ.. နော်း)))

လသာညက မျက်လှည့်ကို ပြရုံမဟုတ်ပါဘူး။ သင်ပေးမှာပါ၊ တခြား ကိုယ့်သူငယ်ချင်းတွေကို ပြန်ပြီး မျက်လှည့်ပြစားလို့ ရတာပေါ့။ ကော်ဖီတိုက်ကြေးလောက်တော့ ရလောက်တယ်..း)))
..........................................
မျက်လှည့် သင်ခန်းစာ-၁

ဒီနေ့ကတော့ မျက်လှည့်မဟုတ်တဲ့ မျက်လှည့်.. (အ၀ကျဉ်းတဲ့ ပုလင်းထဲကို ကြက်ဥပြုတ်ထည့်ပြနည်း..)

အောက်က ဓါတ်ပုံထဲကလို အ၀ကျဉ်းပုလင်းထဲကို ကြက်ဥပြုတ်ကို ပုံမပျက် ထည့်ပြမယ်လို့ အရင်ပြောပါ။


ဘယ်လိုမှ ထည့်လို့မရဘူးလို့ ငြင်းနိုင်ပါတယ်။ ငြင်းလာတဲ့သူကို ပြုံးပြီး ကြည့်လိုက်ပါ အဲ ငါးခူပြုံးလေးလောက်နဲ့ ။ နောက်ပြီး.. သတ္တိရှိရင် ကော်ဖီတစ်ခွက်ကြေး...လို့ အော်လိုက်ဦး.. ဖြစ်သေးတယ်း)))

ကဲ... ပွဲ စမယ်...အဲ.. နေဦး ပွဲမစခင် အောက်ကအတိုင်း ကိုယ်တိုင် လေ့ကျင့်ထားပါဦး)

ခွက်နှစ်ခွက် အရင်ပြင်ပါ၊ တခွက်ထဲကို ရေနွေးဆူဆူ (၆၀ဒီဂရီဖာရင်ဟိုက်လောက်)ကိုထည့်ထားပြီး ကျန်တခွက်ထဲကို ရေခဲတုံးလေးတွေပါတဲ့ ရေခဲရေ ထည့်ထားပါ။ ပြီးရင် ပုလင်းလွတ်ကို ရေပူထဲကို ထည့်ပြီး ပုလင်းပူအောင် ထားပေးပါ။
ပုလင်းအ၀မှာ ကြက်ဥပြုတ်လေးကို တင်ရုံလေးတင်လိုက်ပါ။

ရေပူခွက်ထဲမှနေပြီး ပုလင်းနဲ့ ကြက်ဥကို တွဲရက်သား ဆယ်လိုက်ပါ။

ရေခဲရေခွက်ထဲကို ဖြေးဖြေးချင်းနှစ်ပါ။

ကြက်ဥလေးက တဖြေးဖြေးချင်းပုံပြောင်းပြီး .

............................................................

ကဲ.. လုပ်နည်းသိပြီဆိုရင် မျက်လှည့်ပွဲကို ပြကြည့်ရအောင်

မျက်လှည့်ဆိုတာ မျက်လှည့်ဆရာရဲ့ ဟိတ်ဟန်ကလည်း အရေးကြီးသေးတာ။ အပေါ်ကအတိုင်း လုပ်ပြရင် ပရိတ်သတ်ကို မျက်လှည့်ပြတာနဲ့ မတူဘူး။ အဖြေကို ပြောပြတာပဲ ဖြစ်တယ်။ သိပ်ပျော်စရာမကောင်းဘူး။ လူတိုင်းက အဖြေကို ချက်ချင်းသိရင် သိပ်မဟုတ်ဘူး။ အဖြေကို မသိလေ စိတ်ဝင်စားလေ...။ ဒါကြောင့် မျက်လှည့်ပြတဲ့အခါကျတော့ အောက်ကအတိုင်း လုပ်ပြီးမှ မျက်လှည့်ပွဲကို ခင်းကျင်းနော်။

၁) ရေပူရေအေးတွေကို ပရိတ်သတ်မမြင်ရအောင် ကတ္တူစက္ကူဗူးကြီးကြီးထဲ အရင်ထည့်ထားပါ။
၂) နောက်ပြီးရင် ပုလင်းလွတ်လေးကိုလည်း ကတ္တူစက္ကူဗူးကြီးထဲမှာ ရေပူခွက်ထဲကို ချထားလိုက်ပါ။ (ပရိတ်သတ်က ပုလင်လေးလည်ပင်းလေးပဲ မြင်နေရမှာပါ။)

၃) အဲဒီအချိန် ပါးစပ်ကနေ “ငါ အခု စိတ်စွမ်းအင်ကို သုံးပြီး ပုလင်းကို စကားပြောနေတယ်”ဘာညာပြောပြီး ပွစိပွစိ တိုးတိုးလေး [အုံဖွံ #@$%%]ရွတ်နေပါ။
၎) ပြီးရင် ကြက်ဥပြုတ်ကို တင်ပါ။ “အခု ကြက်ဥပြုတ်က ငါ့စကားကို နားထောင်အောင် အရင် စိတ်ညှို့ နေတာ”လို့ ပြောမယ်။ မျက်လုံးလေးမှိတ်ပြီး ဘာညာ ပြောမယ်..။

၅) ကြက်ဥကြည့်သလိုလိုနဲ့ ပုလင်းကို ပြန်အချမှာ ရေခဲရေခွက်ဖက်ထဲကို ထည့်လိုက်ပါ။
၆) ကြက်ဥပြုတ်ကို မန်းမှုတ်သလိုလိုနဲ့ “ငါ အခု စိတ်စွမ်းအင်ကို သုံးပြီး ကြက်ဥပြုတ်ကို အမိန့်ပေးနေတယ်”ဘာညာပြောပြီး ပွစိပွစိ တိုးတိုးလေး [အုံဖွံ #@$%%]ရွတ်နေပါ။
၇) ကြက်ဥပြုတ်က ပုလင်းထဲ ၀င်သွားချိန်ကျမှ ဆယ်ပြီး ပရိတ်သတ်ကို မြှောက်ပြလိုက်ပါ။

၈) ပရိတ်သတ်က “၀ိုးးးးးးးးးးးးးးးးး ဖြောင်းဖြောင်းဖြောင်း၊ တော်လိုက်တာ” ဆိုတဲ့ လက်ခုပ်တီးသံကို အရသာခံ နားထောင်လိုက်ရင်း စက္ကူဗူးထဲက ရေပူရေအေးခွက်တွေကို ဘေးကအကူ သူငယ်ချင်းကို သိမ်းခိုင်းလိုက်တော့..
...................................................................

ကဲ အိုကေနော်း))) အားတဲ့အခါ မျက်လှည့်ပြကြည့်လိုက်..
ချစ်ရတဲ့ သယ်ရင်းအားလုံး ပျော်ရွှင်ပါစေ..။

နောက်အချိန်ရတဲ့အခါကျရင် အများရှေ့တင် ဇွန်းအသစ်လေးက ကိုယ့်စိတ်စွမ်းအင်နဲ့ ကွေးကျသွားအောင် လုပ်ပြတဲ့နည်းကို သင်ပေးဦးမယ် (ဤကား မက်လုံးဖြစ်၏)

လသာည ဖြစ်ပါတယ်။
မှတ်ချက်.. မျက်လှည့်တချို့ကို pdf လုပ်ပြီး side bar မှာတင်ထားပါတယ်။ မည်သူမဆို ဒေါင်းလော့လုပ်ယူနိုင်ပါတယ်း))