Monday, December 6, 2010

အိုင်စတော့ပ်နဲ့ Technostress

အိုင်စတော့ပ် တဲ့ 
အိုင်ပေါ့တို့ အိုင်ပက်တို့လိုပဲ အိုင်အစပြု ပေါ်လာတဲ့ အိုင်စတော့ပ်စနစ်(i-stop system) တပ်ဆင်ထားတဲ့ကားကို ခေါ်တာပါ။ မာဇဒါကားတွေမှာ အိုင်စတော့ပ် စနစ်ကို စတင်တပ်ဆင်ခဲ့ကြတာပါ။ အိုင်စတော့ပ်ကားတွေက ရှေ့မှာ အတားအဆီးတစ်ခုခု၊ လူသို့မဟုတ် ကား နဲ့ တွေ့လိုက်ရင် ၀င်မတိုက်မိစေပဲ အလိုလို ရပ်ပေးတယ်။ ယဉ်တိုက်မှုကို ကာကွယ်ပေးတဲ့ စနစ်ပေါ့နော်။ နောက်ပြီး သူကို ရိုးရိုးဘရိတ်နင်းတာနဲ့ အင်ဂျင်ပါ အော်တိုရပ်သွားပြီး စက်ပြန်နိုးချင်ရင် ၀.၃၅ စက္ကန့်အတွင်း စက်ကပြန်နိုးနိုင်တယ်။ ၂၀၀၉  ခုနှစ်က စတင်အသုံးများလာတာဖြစ်ပြီး အခုဆို တဆင့်ထက်တဆင့် လူသုံးများလာလို့ ဂျပန်မှာ အိုင်စတော့ပ်တပ် ကားဈေးတွေတောင် လျော့နေပြီတဲ့။ ကားအသစ်ဈေးက ဒီဇိုင်းကိုလိုက်ပြီး ယမ်း ၁၇သိန်းမှ ၂၃သိန်းပဲ ရှိတော့တယ်။

Technostress ရောဂါ
လွန်ခဲ့တဲ့ ၃၅ နှစ်လောက်ကစပြီး Craig Brod (1984) ဆိုသူက စသုံးခဲ့တဲ့ စကားလေး။ တီဗွီ၊ ဗွီဒီယိုနဲ့ ကွန်ပျူတာအမျိုးအနွယ်တွေ ကြောင့်ရတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုပါတဲ့။ ဒါကြောင့် Technostress’ = computer-related stress လို့ လည်း ဆိုကြတယ်။

လူသားတွေက အဆုံးမရှိတဲ့ကမ္ဘာလို့ တင်စားတဲ့ ကွန်ပျူတာ နဲ့ ဆက်သွယ်ထားတဲ့ ကွန်ယက်တွေထဲ သွားရင်းလာရင်း စိတ်ကြိုက်ပျော်ကြတယ်။ ပျော်စရာတွေ တွေ့ရင် ၀င်ပျော်လိုက်၊ ကြည်နှုးစရာတွေ တွေ့ရင် ကြည်နှုးလိုက်၊ ၀မ်းနည်းစရာတွေ တွေ့ရင် ၀င်စိတ်မကောင်းလိုက်နဲ့ ကွန်ပျူတာလေးရဲ့ screen လေးပေါ်က အာရုံတွေမှာ စိတ်တွေအမျိုးမျိုး၊ ခံစားချက် အမျိုးမျိုး ဖြစ်ကြတယ်။ ထိုအရာတွေက technostress ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်လာတယ်။

နောက်ပြီး အသစ်အသစ်သော နည်းပညာတွေကို လေ့လာနေရင်း လေ့လာလို့မကုန်နိုင်တော့ပဲ ကိုယ့်ကိုယ်ကို တုံးတယ် အတယ်လို့ ထင်ပြီး စိတ်အလိုမကျဖြစ်ကြရပါတယ်။ ထို့အပြင် လူတစ်ယောက်ဟာ ပုံမှန်အားဖြင့် အလုပ်ပြန်ချိန် ညနေငါးနာရီမှ နောက်တစ်နေ့ ၉နာရီအတွင်း ဦးနှောက်ကို ပြည့်ပြည့်၀၀အနားပေးရမှာ ဖြစ်ပေမယ့် အနားမပေးနိုင်ကြပဲ တီဗွီ၊ ဗွီဒီယိုကအစ ကွန်ပျူတာမှတဆင့် မျက်လုံးကမြင်မြင်သမျှ သက်မဲ့ကမ္ဘာတွေမှာ ဦးနှောက်က အလုပ်တွေအများကြီးဆက်လုပ်နေရလို့ လည်း technostress ဖြစ်စေပါတယ်။

အဆိုးဆုံးကတော့ ကွန်ပျူတာအတွင်းကမ္ဘာက လူမှုဆက်ဆံရေးတွေကလည်း technostress ဖြစ်စေပြန်တယ်။ အဲဒါကတော့ ကိုယ်ပိုင် ၀ဘ်ဆိုဒ်တွေ၊ ဘလော့ဆိုတာတွေ ထူထောင်မိရာက စတဲ့ ရောဂါပါ။ မိမိကိုယ်ပိုင် ၀ဘ်ဆိုဒ်မှာ မိမိရဲ့ အမြင်တွေ၊ အသိတွေ၊ ခံစားချက်တွေ ရေးသားရင်း ခင်မင်ရာ၊ အမြင်တူရာ စုဖွဲ့ကြရင်း သက်ရှိထင်ရှား မမြင်ရတဲ့၊ မမြင်ဖူးတဲ့ သူတွေကို သံဃောဇဉ်တွေ ဖွဲ့တည်ပြီး သကာလ လူသားတို့ထုံးစံ သံဃောဇဉ်တွေနဲ့ ရှုပ်ထွေး ငိုပေးလိုက်၊ ရယ်ပေးလိုက် ဖြစ်လာကြတယ်။ ဒီလိုနဲ့ ကွန်ပျူတာကမ္ဘာကို တနေ့မသွားရရင် မနေနိုင်အောင် စွဲလန်းလာတယ်။ အဲဒါဟာ (ကွန်ပျူတာစွဲ၊ အင်တာနက်စွဲ၊ ဘလော့စွဲ၊ ဖေ့ဘွတ်စွဲ၊ ဖိုရမ်စွဲ အစရှိတဲ့ စွဲလန်းခြင်းအားလုံးပါ အကျုံးဝင်တဲ့) technostress ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေပါ။

ကွန်ပျူတာကို စွဲလန်းရုံတင်မဟုတ်ပါဘူး။ နောက်ထပ် စိတ်ဖိစီးမှုများလည်း ရကုန်တယ်။ အဲဒါကတော့ အားသန်ရာ သွားလာလည်ပတ်ရင်း ပုထုဇဉ်သဘာဝ ပုဂ္ဂိုလ်စွဲလေးတွေ ရှိလာတဲ့အခါ သူအမြင်၊ကိုယ့်အမြင်၊ သူ့လူ၊ကိုယ့်လူ အမြင်ချင်းမတူရင် စိတ်နောက်ကိုယ်ပါ ၀င်အော်မိ၊ မကျေလည်ရင် စကားစစ်ထိုးမိလိုက်နဲ့ ဖြစ်ကြရတယ်.။ သက်မဲ့ကွန်ပျူတာလေးရဲ့ ရှေ့မှာ ထိုင်နေရင်း မမြင်ရတဲ့ အတွင်းပိုင်းကမ္ဘာထဲကို မျက်လုံးအစုံကို မီးထွန်းလို့ ဒေါသတွေ၊ သောကတွေက.. ဘတ်တီးရီးယားပိုးတွေလို စိတ်အတွေးထဲကို တဖြုတ်ဖြုတ် ၀င်ရောက်ကုန်တယ်။ အဲဒါကို အချိန်မှီမထိန်းနိုင်ရင် Technostress ဆိုတာကြီးက ကိုယ့်ရဲ့ စိတ်အတွင်းပိုင်းကို အမြစ်တွယ်ဖို့ ရာခိုင်နှုန်းများနေပါပြီတဲ့။

TechnoStress ရောဂါ လက္ခဏာများ

TechnoStress ကို ရောဂါ အဖြစ်သတ်မှတ်ထားပါတယ်။ TechnoStress ရောဂါ ခံစားမိသူများဟာ မှတ်ဥာဏ်အားလျော့နည်းလာသလို ဖြစ်ပြီး မိမိဘာကိုလုပ်ချင်တယ်၊ ဘာကိုပြောချင်တယ်ဆိုတာကို ပြန်မစဉ်းစားနိုင်ဘူး။ ညတွေမှာ နှစ်ခြိုက်စွာ အိပ်မပျော်တတ်ပဲ တစ်ယောက်ယောက်နဲ့ စကားပြောနေချင်တတ်တယ်။ ပြီးရင် ယခင်က ပြုလုပ်ခဲ့တဲ့ စာရင်းတွေ၊ ဖုန်းခေါ်သံတွေ၊ စကားပြောသံတွေ ကြားနေရတတ်တယ်။ ခေါင်းလည်း အမြဲလိုလို ကိုက်နေတတ်ပြီး အလိုလို စိတ်တိုလွယ်တယ်။ နှလုံးခုန်တွေမြန်ပြီး မောနေတတ်တယ်။ ဒါတွေဟာ TechnoStress ရောဂါ လက္ခဏာတွေ ဖြစ်ပါတယ်တဲ့။ သုတေသီ Dr. Rosen, ကတော့ “ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ကွန်ပျူတာက ဖော်ပြသွားတဲ့ ဖော်ပြချက်တွေအပေါ် စိတ်နဲ့လိုက်မှီဖို့ မကြိုးစားနိုင်လို့ ခံစားရတဲ့ ဝေဒနာတွေ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

 ရောဂါကို ကုသနည်းနဲ့ ကြိုတင်ကာကွယ်နည်း
David Shenk ဆိုသူ သုတေသီတစ်ဦးက “အဲဒီရောဂါ ပျောက်ချင်ရင် ကွန်ပျူတာကမ္ဘာထဲကို အလွန်အကျွန် မနစ်ဝင်ဖို့လိုပါတယ်၊ မသိမတတ်တဲ့အတတ်ပညာဆိုတာတွေအပေါ် မတတ်ရကောင်းလားလို့ ကိုယ့်ကိုယ့်ကို အထင်သေးတဲ့ ခံစားမှုများ မထားမိဖို့ လိုသလို၊ မမြင်ရတဲ့တဖက်ကမ္ဘာမှာ ၀င်ရောက်လာတဲ့ အခြားသူများ၏ ဒေါသ၊ သောကလှိုင်းများနောက်ကို ကိုယ်ပါအလွန်အမင်း ခံစားလိုက်ပါမသွားမိအောင်လည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဒါမှမိမိ၏ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများလျော့ပါးနိုင်ပါတယ်။ ”လို့ အကြံပြုပါတယ်။ နောက်ထပ်လည်း အလုပ်အပြန် နားနေချိန်မှာ အပျင်းပြေ ကွန်ပျူတာကြည့်မယ်ဆိုရင် တနေ့ကို အချိန်တစ်နာရီသာ အလွန်ဆုံး သတ်မှတ်ပြီး အထိုက်အလျောက်ပဲ ကြည့်သင့်တယ်လို့လည်း အတိအကျ လမ်းညွှန်ပါတယ်။

ကျောင်းကဆရာ ပါမောက္ခ Mr. Terasawa ကတော့ Technostressကို လျော့နည်းစေဖို့ ကိုယ့်စိတ်ကို အိုင်စတော့ပ် (i-stop) လိုမျိုး ထိန်းချူပ်နိုင်ဖို့ လိုတယ်လို့ ဥပမာပေးတင်စားပါတယ်။ ကွန်ပျူတာ၏ အခြားတဖက် မမြင်ရတဲ့ အဆုံးမဲ့ကမ္ဘာထဲမှာ နစ်ဝင်ခံစားတတ်မှုတွေကို အလွန်အကျွန်မဖြစ်ခင် အိုင်စတော့ပ်လုပ်ရမှာ ဖြစ်ပါတယ်တဲ့..။

ဒါကြောင့် ကျွန်မလည်းပဲ အိုင်စတော့ပ်စနစ်လေးကို အတုယူပြီး၊ မမြင်ရတဲ့ ကမ္ဘာထဲက ဖြစ်ရပ်တွေထဲမှာ အလွန်အကျွံ မပျော်ဝင်မိအောင် အတွေးတွေကို ထိန်းချူပ်လို့ ဒီနှစ်အတွက်တော့ ဒီလောက်နဲ့ပဲ အိုင်စတော့ပ်လိုက်ပါတယ်။....

သူငယ်ချင်းအားလုံးနှစ်သစ် ၂၀၁၁မှာ ပြန်ဆုံကြသေးတာပေါ့နော်။လသာည ဖြစ်ပါတယ်
Reference: Data Smog: Surviving the Information Glut
Multitasking Madness by Larry Rosen, Ph.D. and Michelle Weil, Ph.D.
ဂျပန်နိုင်ငံ ကျန်းမာရေးဌာနက ပြဌာန်းထားသော guideline



Sunday, December 5, 2010

Mr. Maric ရဲ့ မျက်လှည့်ပညာ ဘာသာပြန်

သူဟာ သွားဘက်ဆိုင်ရာဆရာဝန်ဘွဲ့ရရှိပြီးသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားတာက မျက်လှည့်ဖြစ်တဲ့အတွက် မျက်လှည့်ပညာရပ်တွေကိုသာ လေ့လာရင်း မျက်လှည့်ပစ္စည်း ရောင်းချတဲ့အလုပ်ကို လုပ်ခဲ့တယ်။

နောက်တော့ တီဗွီအစီအစဉ်မှာအပတ်စဉ် ဖြေဖျော်ခွင့်ရတဲ့အထိ ဖြစ်လာပါတယ်။ ၁၉၉၃မှ စတင်ပြီး “ရယ်ချင်ရင် ရယ်သာရယ်လိုက်” “မင်း ပျော်ရွှင်ဖို့” အစရှိတဲ့ တီဗွီအစီအစဉ်များမှာ မျက်လှည့်ဖြင့် ဖြေဖျော်လာခဲ့ပါတယ်။ ကျွမ်းကျင် သပ်ရပ်သော သူ၏ မျက်လှည့်ပညာကြောင့် သူ့ကိုမှော်အတတ်များရနေသလားလို့ တောင် အထင်ခံရပြီး၊ ၎င်းအထင်အတွက် သူပြန်ဖြေတဲ့အဖြေကတော့ “ကျွန်တော့် လက်အစုံရဲ့ စွမ်းအား (hand power)ပါ” ဆိုတာပါပဲ။ သူက မျက်လှည့်ဆရာအဖြစ် တပည့်တွေကို စာသင်ပေးသလို မျက်လှည့်ပညာ စာအုပ်တွေများစွာလည်း ရေးခဲ့ပါတယ်။

အများကို ရယ်မောပျော်ရွှင်စေလိုတဲ့ သူဆန္ဒက ပြည့်တယ်လို့ ပြောရမယ်ထင်ပါတယ်။ သူ့ရဲ့မျက်လှည့်ပညာစာအုပ်တွေက စိတ်ပညာစာအုပ်တွေနားမှာ ထားပြီး စိတ်ကုပညာရှင်တွေက မိမိလူနာတွေ ပျော်ရွှင်အောင် အသုံးပြုတဲ့အထိ နာမည်ကြီးခဲ့ပါတယ်။စာအုပ်ကတော့ အဆင့်မြင့်မျက်လှည့်ပညာရပ်တွေ မဟုတ်ပါ။ မိမိအနီးအနားမှာ ရှိတဲ့ ပစ္စည်းများနဲ့ မိမိရဲ့ မိသားစု၊ သူငယ်ချင်းများကို ဖြေဖျော်ပေးတဲ့အဆင့်လောက်ပဲ ဖြစ်ပါတယ်။ မျက်လှည့်ကြောင့် မိသားစုအတွင်း တဒင်္ဂလောက် ပျော်ရွှင်သွားရတယ်ဆိုရင် မျက်လှည့်ပြရကျိုးနပ်ပြီ ဖြစ်ပါတယ်။ ကိုယ်ပြသတဲ့ မျက်လှည့်က မအောင်မြင်ပဲ မျက်လှည့်ရဲ့ အဖြေကို အများ သိသွားလည်းပဲ ကိစ္စမရှိပဲ ရယ်မောပျော်ရွှင်နိုင်တာမို့ ကျွန်မကတော့ သဘောကျမိပါတယ်။ ဒါကြောင့် စာအုပ်ထဲက တချို့တ၀က်ကို ကျွန်မ ဘာသာပြန်သိမ်းထားပါတယ်။ ဘာသာပြန်ထားတာလေးကို သူငယ်ချင်းများအနေနှင့် တဆင့် အခြားသူများကို အပျင်းပြေ မျက်လှည့်ပြပြီး ရယ်မောပျော်ရွှင်နိုင်စေရန် မျှဝေလိုပါသော်လည်း ပုံဆိုဒ်တွေက ကြီးတာမို့ ပိုစ်မှာ သီးသန့်မတင်တော့ပါ။ မျက်လှည့်စိတ်ဝင်စားသူများ side bar မှ လင့်ခ်မှတဆင့် pdf ဖိုင်ကို ဒေါင်းလော့လုပ်ယူနိုင်ပါတယ်။



အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ... လသာည ဖြစ်ပါတယ်။

Saturday, November 27, 2010

ဂျပန်လာမယ်ဆိုရင်

“အစ်မ စကားမစပ် ကျွန်တော့် သူငယ်ချင်းက ဂျပန်လာချင်တာ ပွဲစားနဲ့ ပြောထားတယ်လို့ ပြောတာဗျ။ ပွဲစားရဲ့ တူမအဖြစ်နဲ့ လာရမှာတဲ့။ အဲဒီပွဲစားက စိတ်မချရမှာစိုးလို့ ကျွန်တော်က ခဏစောင့်ဦးလို့ ပြောထားတယ်။ အစ်မသိတဲ့ ဂျပန်ကို ကျောင်းလာတက်နည်းလေးဖြစ်ဖြစ် အားတဲ့အချိန် ပြောပြပါဦး”

တကယ်တော့ အဲလိုမျိုး ပွဲစားရဲ့ တူမဆိုတာမျိုးနဲ့ လာတာ တကယ်တော့ အန္တရယ်များပါတယ်။ ဒီရောက်ပြီး စစချင်း ရပ်ကွက်ရုံးမှာ မှတ်ပုံတင်ရတာကစပြီး ထိုသူရဲ့မိသားစုဝင်အဖြစ်နဲ့ မှတ်တမ်းတင်ပြီး အတူတူနေဖို့ ဖြစ်လာတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အတူတူနေဖို့ မဖြစ်နိုင်တဲ့အတွက် ပြဿနာစပါတယ်။ အဲဒီအကြောင်းတွေက ကြားဖူးသမျှပြောရရင် အများကြီးမို့ အချိန်မရလို့ အသေးစိတ် မပြောပြတော့ပါဘူး။

ဖြစ်ရပ်မှန်လေး တစ်ခုကိုပဲ ကြားဖူးသလောက် ပြောပြချင်တယ်။ တခါက ဖေဖေရယ်၊ မေမေရယ်၊ ရှစ်နှစ်အရွယ် သမီးငယ်လေး တစ်ယောက်ရယ် ရှိတယ်။ ဖေဖေရော မေမေပါ ဆရာဝန်ပါ။ ထိုက်သင့်သလောက် ချမ်းသာကြပါတယ်။ မေမေ့နာမည်က “မေ” ဆိုပါတော့။ တခါမှာ သူငယ်ချင်း “ဝေ”က ဂျပန်ကို သွားရတယ်။ နောက် “ဝေ”က ဂျပန်အမျိုးသားနဲ့ အိမ်ထောင်ကျတယ်။ နောက်တော့ ကလေးမွေးတော့ ကလေးထိန်းဖို့ ညီမကို ခေါ်တယ်ဆိုပြီး “မေ”က “ဝေ”ရဲ့ ညီမအဖြစ်နဲ့ ဂျပန်လာဖို့ လှမ်းခေါ်တယ်။ မိသားစုဘ၀ ပိုတိုးတက်ချင်တဲ့ မေ ဟာ အခွင့်အရေးရတုန်း ကြိုးစားဖို့ ဝေတို့မိသားစုရဲ့ အိမ်ထောင်စုဇယားကညီမ  နာမည်နဲ့ ညီမအတုလုပ်လို့ ဂျပန်ကို လိုက်လာတယ်။ (ဝေ့ကို ပိုက်ဆံ  မြန်မာငွေ သိန်း ၉၀ ပေးရတယ်။ လွန်ခဲ့သော ၁၀ နှစ်ကျော်က သိန်း၉၀ ပါ။)

နောက်တော့ ဝေတို့အိမ်မှာပဲ ကလေးထိန်းရင်း အလုပ်ရှာသလိုလို၊ ဂျပန်စာသင်သလိုလိုနဲ့ ရက်ကြာလာတယ်။ စားစရိတ်၊ နေစရိတ်ကလည်း လိုတယ်ဆိုတော့ ဝေကလည်း ကြာတော့ ငြိုငြင်လာတယ်။ အိမ်မှာ အိမ်ဖော်သာသာလုပ်နေတာတောင် ရပ်တည်ဖို့ ပြဿနာအမျိုးမျိုး ကြုံခဲ့တယ်။  အပြင်ထွက်ပြီး အလုပ်ရှာလုပ်ခဲ့တယ်။ အလုပ်ကရှား၊ အလုပ်လုပ်ခွင့်ပါမစ်ကလည်း တော်တော်နဲ့မရ၊ ဒီလိုနဲ့ အမျိုးသားနဲ့ သမီးငယ်ကို လွမ်းလည်းပဲ သူမပြန်နိုင်ခဲ့ဘူး။ နောက်တော့ သူရဲ့ ဗီဇာသက်တမ်းပြည့်သွားတယ်။ ဒီအတိုင်းပြန်ရမှာ မြန်မာပြည်က အသိုင်းအ၀ိုင်းကြားမှာ မာနအခံနဲ့ ရှက်တာကြောင့် သူက အာ (Refugee) ခံယူလိုက်တယ်။

နောက်တော့ အနေဝေးတဲ့ အိမ်ထောင်ရေးမှာ မြန်မာပြည်နှစ်ဖက်မိဘ၊ (ယောက္ခမတွေ)ကြားထဲမှာ အတင်းစကား၊  ကောလဟလတွေနဲ့ လင်မယား အဆင်မပြေဖြစ်လာတယ်။ သမီးလေးကလည်း သူမကို စိမ်းလာတယ်။ နောက်တော့ မြန်မာပြည်ကို အလည် ပြန်လို့ရအောင် စဉ်းစားတယ်။ (R နဲ့က မြန်မာပြည်ပြန်လို့ မရဘူး။ ) နောက်တော့ အများ ၀ိုင်းစဉ်းစားပေးလို့ ရတဲ့ အကြံက ဂျပန်ယောက်ျားကို အဌားယူပြီး (ဂျပန်အမျိုးသားကို ပိုက်ဆံပေးပြီး လက်ထပ်စာချူပ် အတုလုပ်တာ) အလည်ဗီဇာနဲ့ ပြန်တဲ့နည်းတဲ့။ ဒါနဲ့ လက်ထပ်စာချူပ်အတု အသေအချာလုပ်တယ်။ ဂျပန်မှာ အဲလိုလုပ်ရတာ ပိုက်ဆံအများကြီး ကုန်သတဲ့။ စလုပ်တုန်းကတော့ မြန်မာပြည်ကို ပြန်ဖြစ်ရုံ  ဂျပန်အမျိုးသားကို ပိုက်ဆံပေးပြီး လက်ထပ်စာချူပ် အတုလုပ်ပြီး သွားခဲ့တာဖြစ်ပေမယ့် မြန်မာပြည်ရောက်တော့ အားလုံးက လက်မခံတော့ဘူး။ 

ကိုယ့်အိမ်လည်း သွားတည်းလို့ မရဘူး။ ဟော်တည်မှာ တည်းရတယ်။ လင်မယားချင်းကလည်း အဆင်မပြေ၊ အသိုင်းအ၀ိုင်းက လက်မခံတော့ ဂျပန်ကို ပြန်ပြီး ဂျပန်ကြီးနဲ့ အတည်ယူဖြစ်သွားတယ်ဆိုလား။ သူ့သမီးလေးကိုတော့ ချစ်လွန်းလို့ အခုထိ လစဉ် ထောက်ပံ့တုန်းတဲ့။ သူမ ထားခဲ့တဲ့ သမီးငယ်လေးက အခု နိုင်ငံတစ်ခုမှာ ကျောင်းတက်နေပြီ။ သူမက “မေမေ့အကြောင်းကဆို လာမပြောနဲ့”လို့ ငိုပြောလေ့ ရှိတယ်တဲ့။

ဒါကတော့ “မေ”ဆိုသောသူတစ်ဦးက ပြောပြတဲ့ ဖြစ်ရပ်မှန်လေးပါ။ အခုဖြစ်ရပ်ကို တဆင့်ပြောပြတာက ကာယကံရှင်“မေ”ကို ဝေဖန်ချင်တာ မဟုတ်ပါဘူး။ (ကျွန်မမှာ ဝေဖန်နိုင်တဲ့ အစွမ်းလည်း မရှိပါဘူး။ သူမရဲ့ တွေ့ကြုံရတဲ့ အခက်အခဲကို သူမပဲ သိမှာကိုး။) ကျောင်းတက်ချင်လိုပဲဖြစ်ဖြစ်၊ အလုပ်လုပ်ချင်လို့ပဲ ဖြစ်ဖြစ်၊ အဲဒီလို သူများရဲ့ မိသားစုအဖြစ်နဲ့ လာရင် နောက်ဆက်တွဲ သောကတွေ၊ အခက်အခဲတွေ အများကြီး ဖြစ်နိုင်တယ်ဆိုတာလေးကို ပြောပြချင်တာပါ။ ယောက်ျားလေးဆို တော်သေးပါတယ်။ မိန်းကလေးဆိုရင်တော့ ပိုပြီး ခက်ခဲနိုင်တယ်လို့ ထင်မိတယ်။ (ကျွန်မရဲ့ အထင်ပါ)

တကယ်လို့များ ကျောင်းတက်လာချင်တယ်ဆိုရင်..  ဂျပန်အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးရတဲ့ ပညာတော်သင် လျှောက်တာ အကောင်းဆုံးလို့ ထင်ပါတယ်။ (ကျွန်မလည်း အဲလို လျှောက်ပြီး လာတာပါ)။

 ပညာတော်သင်လျှောက်တာလည်း လွယ်တော့မလွယ်ဘူးပေါ့။ အခက်အခဲတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အဲဒါကို ကြိုးစားကြည့်စေချင်တယ်။ သူနဲ့ ပတ်သက်ပြီး သိချင်ရင် အောက်ကလင့်ခ်တွေမှာ ခေါင်းစဉ်ကို ကလစ်ပြီး ဆက်လက် သွားလေ့လာနိုင်ပါတယ်လို့...။
 ...........................................................................


ဒီပိုစ်ကို ရေးတဲ့ ရည်ရွယ်ရင်းကတော့ Monbusho scholarship လို့ ခေါ်တဲ့ ဂျပန် အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးနဲ့ ဂျပန်ကို ပညာတော်သင် လျှောက်လိုသူများ သိသင့်တဲ့ အချက်အလက်များ ဗဟုသုတ ရစေဖို့ ဖြစ်ပါတယ်။
............................................................
မိုးမိဂျိ (မြတ်နိုး)

ဂျပန်ကို ပွဲစားနှင့်လုံးဝ (လုံးဝ) မလာသင့်ပါ။ စကော်လာရအောင်ရှာ။ ဒါမှမဟုတ် မိဘက တတ်နိုင်ရင် ကျောင်းကို သေချာလှမ်းလျှောက်ပြီး ဒီဖက်က ဆရာက လက်ခံပြီဆိုမှ လာပါ။ ဖြစ်နိုင်လျှင် ဂျပန်မှာ ပညာသင်ခြင်းထက် အခြားနိုင်ငံများက ပိုသင့်တော်မယ်လို့ထင်ပါတယ်။ ဂျပန်မှာ အင်္ဂလိပ်လို ဘယ်သူမှ မသုံးကြတော့ စကားအခက်အခဲ ရှိပါတယ်။

ပွဲစားတွေကို မယုံပါနဲ့။ ပွဲစားတွေကိုပေးရတဲ့ ပိုက်ဆံက ဒီမှာ ဂျပန်စာသင်တဲ့ကျောင်းကို ၂နှစ်စာပေးရတဲ့ ပိုက်ဆံနဲ့တူတူပါပဲဆိုတာ...သိစေချင်ပါတယ်။ (မှတ်ချက်။ ဟိုးတနေ့ကတင် ကောင်မလေးတယောက် ပြောပြချက်အရ) ပြီးတော့ ခု ဂျပန်မှာ အလုပ် ရှားလို့..မိဘဆီကပိုက်ဆံပြန်တောင်းနေရတယ်တဲ့။
..................................................


ဂျပန်နိုင်ငံတွင် နိုင်ငံတကာကျောင်းသားများအတွက် တရားဝင် အချိန်ပိုင်း အလုပ်လုပ်ခွင့် တစ်ရက်လျှင် လေးနာရီနှင့် တစ်ပတ်လျှင် ၂၈ နာရီ လုပ်ခွင့်ရကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်းမှစ၍ အလုပ်အကိုင်ရှားပါးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုနှစ်ပိုင်းတွင် ဂျပန်သို့ ပို့ဆောင်ပေးသော ဂျပန်ဘာသာစကား ကျောင်းများနှင့် ၎င်းတို့ဖွဲ့စည်းထားသောအဖွဲ့အချို့မှ အလုပ်အကိုင်ရှာဖွေ ပေးနိုင်ရေးကိုပါ လုပ်ဆောင်ပေးရန် စီစဉ်လာကြသည်ဟု သိရသည်။

"အရင်နှစ်တွေက ဂျပန်ကိုကျောင်း သွားတက်ဖို့အတွက် ဗီဇာခက်ခဲပါတယ်။ အခုနောက်ပိုင်းမှာ ကျောင်းတက်ဖို့ ပညာသင်ယူဖို့ဆိုရင် ၁၀၀ ရာခိုင်နှုန်းနီးပါး သွားခွင့်ရကြတယ်။ ကျောင်းသား ဗီဇာလျှောက်ထားတာ နှစ်ပတ်လောက် နဲ့ ကျနိုင်ပါတယ်။ နောက်ပြီး ဒီ တစ်နှစ် နှစ်နှစ်အတွင်းမှာ မြန်မာကျောင်းသားတွေ ဂျပန်ကို ကျောင်းသွားတက်တာ ၂၀ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်"ဟု Galaxy Matrix Interna-tion Co., Ltd အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်သူက ပြောကြားသည်။
...................................................
 (လသာည)
ပြည်ပမှ ပညာတော်သင်များကို တိုးခေါ်နေသော်လည်း ပြည်တွင်းရှိ ပညာတော်သင်ထောက်ပံ့ကြေးနဲ့ ပညာတော်သင်ဦးရေကိုတော့ နောက်နှစ်ကစပြီး လျှော့ချနေပါတယ်။

.........................................................

ကျောင်းတက်နေရင်းနဲ့ Japanese government scholarship နဲ့ private scholarships တွေလျှောက်နိုင်ပေမယ့် အပြိုင်အဆိုင်များပါတယ်။ သုတေသနအတွေ့အကြုံရှိသူတွေ၊ စာတမ်းဖတ်ကြား၊ တင်သွင်းဖူးသူတွေက အမှတ်ပိုရပြီး စကောလားရှစ်ရလွယ်ပါတယ်။ Japanese government scholarship ရရင်တော့ ကျောင်းလခအားလုံး-လုံးဝသွင်းစရာမလိုတော့ပါဘူး။ private scholarships တွေထဲက ရရင်တော့ ကျောင်းလခဆက်သွင်းနေရမှာဖြစ်ပါတယ်။

အမျိုးသားတက်နေတဲ့ကျောင်းအပါအ၀င်၊ တချို့ကျောင်းတွေမှာ Global Center of Excellence Program ဆိုတဲ့အစီအစဉ်ကို ဂျပန်အစိုးရကချပေးထားပါတယ်။ အဲဒီအစီအစဉ်က ထူးချွန်တဲ့ကျောင်းသားတွေကို super-students အဖြစ်ရွေးပြီး ကိုယ့်စားရိတ်နဲ့ကိုယ်ကျောင်းတက်နေရတဲ့သူကို တစ်လ ၁၆ သောင်း၊Japanese government scholarship ကျောင်းသားကို တစ်လ ၅သောင်းပညာသင်ဆုပေးပါတယ်။ အများကြီးအထောက်အကူရတာမို့ အဲလိုအစီအစဉ်မျိုး ကိုယ်လျှောက်မယ့်ကျောင်းမှာရှိမရှိလည်း home page မှာစုံစမ်းထားသင့်ပါတယ်။
.....................................................

ဂျပန်ပညာတော်သင် အကြောင်း တခြား လေ့လာစရာ လင့်ခ်များ
  1. ၂၀၁၀ ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ
  2. ကျော်နှင်းဆီလွင် နိုင်ငံရပ်ခြားပညာသင်
  3. မြရွက်ဝေ ဂျပန်မှာ ကျောင်းတက်မယ်ဆို 
  4. ကိုကလိုစေးထူးရဲ့ ဂျပန် ပညာရေး ပို့စ် 

ဂျပန်မှာ နေထိုင်စားသောက်ရေးအကြောင်း လေ့လာစရာ လင့်ခ်များ
  1. မြန်မာတိုင်း(မ်)ဂျပန်မှာနေမယ်ဆိုရင်
  2. Megumi ရင်မှအထီးကျန်ခံစားမှုများ
  3. Megumi ဂျပန်နှင့်မြန်မာ ကွာခြားချက်
  4. မမ၀ါ ဂျပန်လာမယ်ဆိုရင်
ဂျပန်အကြောင်း အတွေ့အကြုံလေးများကို မှတ်တမ်းတင်ပေးတတ်သော အခြားဘလော့များ
  1. ကိုပီတိ ဘလော့
  2. ကိုလုံးတုံး ဘလော့
  3. ကိုနေ၀သန် ဘလော့
  4. ကိုဧည့်သည် ဘလော့
  5. မနုစံဘလော့
  6. မကောင်းမွန်ဝင်း ဘလော့
  7. မိုးမိဂျိ ဘလော့
  8. ခွန်သဒ္ဒါ ဘလော့
  9. မီးငယ်လေး ဘလော့
  10. ချင်းတွင်းသူ ဘလော့
    လက်လှမ်းမှီရာ သိသလောက် ပြောပြတာပါ။ တခြားလည်း ရေးတဲ့သူတွေ ရှိနိုင်ပါတယ်။ သိတဲ့သူ ရှိရင် ဖြည့်စွက်ပြောပြပေးကြပါ။ ဂျပန်မလာခင် ဂျပန်နိုင်ငံအကြောင်း အရင်လေ့လာထားတာ ကိုယ့်အတွက် အများကြီး အကျိုးရှိမယ်လို့ ထင်ပါတယ်။ 
    ပိတ်သတ်လေးရေ အဲလောက်ဆို အဆင်ပြေပြီထင်ပါတယ်နော်။

    လသာည ဖြစ်ပါတယ်..

    Tuesday, November 23, 2010

    မျက်လှည့်

    (၁)
    မျက်လှည့်ဆရာလို့ ပြောရင် တချို့က သိပ်သဘောမကျဘူး၊ မျက်လှည့်ဆရာဆိုတာ လူလိမ်တွေလို့ ဆိုကြပါတယ် ။ ဒါပေမယ့် မျက်လှည့်ပညာဟာ ဖျော်ဖြေရေးအဖြစ် တည်ရှိနေခဲ့တာ လွန်ခဲ့သော နှစ်ပေါင်းများစွာထဲကပါ။

    ငယ်ငယ်တုန်းက မျက်လှည့်ပွဲ သွားရင် ရင်ထဲမှာ ဒိန်းဒိန်း ဒိန်းဒိန်းနဲ့နေအောင် တအားပျော်ခဲ့ဖူးတယ်။ ကိုယ့်မျက်စိအောက်တင် မယုံနိုင်အောင် ပြောင်းလဲသွားတာတွေကို မြင်တိုင်း မခံချင်စိတ်နဲ့ ဒီတခါ သူဘယ်လိုလုပ်တာလဲဆိုတာ သေချာကြည့်မယ်လို့ ကြိမ်းဝါးပြီး ကြည့်လည်း အဖြေမှန်ကို မသိဘူး။ ကိုယ်ဘယ်လိုမှ မသိတော့လည်း ထုံးစံအတိုင်း “မြေခွေးက စပျစ်သီးချဉ်တယ် ပြောသလိုမျိုး” မျက်လှည့်ဆရာတွေက လူညာတွေလို့ အော်ပစ်လိုက်တယ်း))

    ငယ်ငယ်က အရပ်ထဲမှာ ပြတဲ့ မျက်လှည့်အမျိုးမျိုးကို မလွတ်အောင် လိုက်ကြည့်ဖူးတယ်။ ဖဲချပ်ဝေပြီး ဖဲချပ်အဖြေရွေးတာကအစ၊ လူအရှင်ကို မီးရှို့ပြီး အဲဒီလူက ပွဲကြည့်ပရိတ်သတ်ထဲကနေပြီး ပြန်ထွက်လာတွေအဆုံး ကြည့်တယ်။ ကြည့်ပြီးရင် စိတ်ထဲက အဖြေမသိလို့ မခံချိမခံသာဖြစ်တာက သပ်သပ်၊ သဘောကျတာက သပ်သပ်။ လက်ခုပ်လက်ဝါးတီးပြီး ဒီလူတော်တော် စွမ်းတာပဲလို့ အော်ချီးကျူးမိတယ်။

    David Copperfield ရဲ့ မျက်လှည့်ခွေတွေ တီဗွီမှာလာတော့ နေ့တိုင်း စောင့်ကြည့်ခဲ့တယ်။ သူ့ခွေထွက်တော့လည်း ၀ယ်ကြည့်သေးတာ။ သူ့ကျတော့ လူညာလို့ကို မပြောနိုင်အောင်ပဲ သဘောကျမိတယ်။ အဲဒီလူ မျက်လှည့်ပညာထက် စိတ်စွမ်းအင်တွေများ ရနေတယ်ထင်ပါ့လို့လည်း အံ့သြချီးကျူးမိတယ်။
    ........................................................
    (၂)
    ၉တန်းကျောင်းသူဘ၀တုန်းက ဖေဖေ့မိတ်ဆွေ မျက်လှည့်ဆရာ ဦးလေးကြီးတစ်ယောက်က မျက်လှည့်သင်ပေးခဲ့ဖူးတယ်။ မျက်လှည့်နည်း လေးငါးမျိုးကို သင်ပေးတယ်။ အဲဒီလေးငါးမျိုးကိုပဲ နေ့တိုင်းလေ့ကျင့်ရင်း တတ်သွားတယ်ဆိုပါတော့..။ တတ်လည်းတတ်ရော ငါကွဆိုပြီး ကိုယ့်ဘာသာချီးကျူးလို့ တအိမ်လုံးကို မျက်လှည့် လိုက်ပြတယ်၊ ကိုယ့်အနားလာတဲ့သူ၊ ကျောင်းက သူငယ်ချင်းတွေနဲ့ အိမ်ရှေ့ဖြတ်သွားတဲ့သူအားလုံးကို လှမ်းခေါ်ပြီးကို မျက်လှည့်လိုက်ပြရတာ အမော။

    သူတို့တွေက “ဟယ် တအားတော်တာပဲ”လို့ ချီးကျူးလိုက်ရင် ကိုယ့်မှာ မျက်နှာကို ပုရွက်ဆိတ် တက်ကိုက်လောက်အောင် ချိုပြုံးနေခဲ့တာပေါ့၊ နောက်ပြီး သူတို့က “အဲဒါ ဘယ်လိုလုပ်တာလဲ ငါ့ကိုသင်ပေး၊ အခုသင်ပေး”ဆိုပြီး ဆရာတင်လာရင်လည်း သင်ပေးလိုက်သေးတယ်.. (နာမည်ကြီးချင်တော့လည်း ဂလို ဂလို အရပ်ထဲမှာ ဂျိုကာ (joker)ဖြစ်ခဲ့ရတယ်း)))

    ခက်တယ်.. မျက်လှည့်ဆိုတာက လုပ်ပြပါများတော့ ကြည့်တဲ့သူက အဖြေ သိသွားရော၊ နောက်ပြီး မျက်လှည့်က အဖြေမသိခင်သာ စိတ်ဝင်စားဖို့ ကောင်းတာလေ၊ အဖြေသိသွားရင် စိတ်ဝင်စားစရာ မကောင်းဘူးမဟုတ်လား..။ အဲဒီတော့ အိမ်ကလူတွေက ကိုယ့်မျက်လှည့်ကို စိတ်ဝင်တစားလှည့်မကြည့်တော့ဘူး..။ ကျောင်းက သူငယ်ချင်းတွေကဆို မျက်လှည့်ကို သူတို့က (ကိုယ်သင်ထားတဲ့အတိုင်း ပြန်လုပ်ပြီး) ကိုယ့်ကိုတောင် ပြန်သင်ပေးလိုက်သေးတယ် :"(

    ဒါနဲ့ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်နေသွားမိပါတယ်။
    .....................................................
    (၃)
    အဲလိုမေ့နေတဲ့ မျက်လှည့်ရောဂါပိုးကို အခုရက်ကျမှ လာပြီး နှိုးဆွသွားတဲ့သူက ရှိလာပါတယ်။ ကျောင်းက သူငယ်ချင်းတစ်ယောက်ပါ။ သူက ဂျပန်မျက်လှည့်ဆရာတစ်ယောက်ရဲ့ မျက်လှည့်စာအုပ်လေးတစ်အုပ်ကို လက်ဆောင်ပေးလာပါတယ်။ သိတဲ့အတိုင်း လူကနေပေမယ့် ပိုးကမနေဘူး..၊ အဲဒီစာအုပ်ကိုရကတဲက အိပ်ယာဘေးချပြီး အိပ်ခါနီးတိုင်း ဖတ်နေတာ တစ်ပတ်ရှိသွားပါပြီး)))။

    မျက်လှည့်စာအုပ်က ကောင်းပေမယ့် မျက်လှည့်အတတ် လုံးဝမသိတဲ့ မျက်လှည့်ပညာဇီးရိုး တွေအတွက် ရည်ရွယ်ထားတဲ့ မျက်လှည့်စာအုပ်ဖြစ်နေတော့ (David Copperfield ရဲ့ မျက်လှည့်ခွေတွေ မပြတ်ကြည့်ထားတဲ့ ကိုယ့်အတွက်တော့) အင်မတန်မှ ပျင်းစရာကောင်းပါတယ် (မယုံနဲ့..။ ကိုယ့်ကိုယ့်ကို ဂုဏ်တင်ကြည့်တာ၊ တကယ်တော့ ကိုယ်မသိတာတွေချည်းပဲ ;P) ။

    အခု အဲဒီစာအုပ်က မျက်လှည့်ပညာအကြောင်းလေး သူငယ်ချင်းတွေကို ပြန်ပြောချင်နေတာနဲ့ (ငယ်ငယ်ကအကျင့်အတိုင်း လာလည်သူကို မျက်လှည့်ပြချင်စိတ် ပေါက်နေမိတာမို့) ပိုစ်တင်ချင်ပါတယ်.. ခွင့်လွှတ်ပါ.. နော်း)))

    လသာညက မျက်လှည့်ကို ပြရုံမဟုတ်ပါဘူး။ သင်ပေးမှာပါ၊ တခြား ကိုယ့်သူငယ်ချင်းတွေကို ပြန်ပြီး မျက်လှည့်ပြစားလို့ ရတာပေါ့။ ကော်ဖီတိုက်ကြေးလောက်တော့ ရလောက်တယ်..း)))
    ..........................................
    မျက်လှည့် သင်ခန်းစာ-၁

    ဒီနေ့ကတော့ မျက်လှည့်မဟုတ်တဲ့ မျက်လှည့်.. (အ၀ကျဉ်းတဲ့ ပုလင်းထဲကို ကြက်ဥပြုတ်ထည့်ပြနည်း..)

    အောက်က ဓါတ်ပုံထဲကလို အ၀ကျဉ်းပုလင်းထဲကို ကြက်ဥပြုတ်ကို ပုံမပျက် ထည့်ပြမယ်လို့ အရင်ပြောပါ။


    ဘယ်လိုမှ ထည့်လို့မရဘူးလို့ ငြင်းနိုင်ပါတယ်။ ငြင်းလာတဲ့သူကို ပြုံးပြီး ကြည့်လိုက်ပါ အဲ ငါးခူပြုံးလေးလောက်နဲ့ ။ နောက်ပြီး.. သတ္တိရှိရင် ကော်ဖီတစ်ခွက်ကြေး...လို့ အော်လိုက်ဦး.. ဖြစ်သေးတယ်း)))

    ကဲ... ပွဲ စမယ်...အဲ.. နေဦး ပွဲမစခင် အောက်ကအတိုင်း ကိုယ်တိုင် လေ့ကျင့်ထားပါဦး)

    ခွက်နှစ်ခွက် အရင်ပြင်ပါ၊ တခွက်ထဲကို ရေနွေးဆူဆူ (၆၀ဒီဂရီဖာရင်ဟိုက်လောက်)ကိုထည့်ထားပြီး ကျန်တခွက်ထဲကို ရေခဲတုံးလေးတွေပါတဲ့ ရေခဲရေ ထည့်ထားပါ။ ပြီးရင် ပုလင်းလွတ်ကို ရေပူထဲကို ထည့်ပြီး ပုလင်းပူအောင် ထားပေးပါ။
    ပုလင်းအ၀မှာ ကြက်ဥပြုတ်လေးကို တင်ရုံလေးတင်လိုက်ပါ။

    ရေပူခွက်ထဲမှနေပြီး ပုလင်းနဲ့ ကြက်ဥကို တွဲရက်သား ဆယ်လိုက်ပါ။

    ရေခဲရေခွက်ထဲကို ဖြေးဖြေးချင်းနှစ်ပါ။

    ကြက်ဥလေးက တဖြေးဖြေးချင်းပုံပြောင်းပြီး .

    ............................................................

    ကဲ.. လုပ်နည်းသိပြီဆိုရင် မျက်လှည့်ပွဲကို ပြကြည့်ရအောင်

    မျက်လှည့်ဆိုတာ မျက်လှည့်ဆရာရဲ့ ဟိတ်ဟန်ကလည်း အရေးကြီးသေးတာ။ အပေါ်ကအတိုင်း လုပ်ပြရင် ပရိတ်သတ်ကို မျက်လှည့်ပြတာနဲ့ မတူဘူး။ အဖြေကို ပြောပြတာပဲ ဖြစ်တယ်။ သိပ်ပျော်စရာမကောင်းဘူး။ လူတိုင်းက အဖြေကို ချက်ချင်းသိရင် သိပ်မဟုတ်ဘူး။ အဖြေကို မသိလေ စိတ်ဝင်စားလေ...။ ဒါကြောင့် မျက်လှည့်ပြတဲ့အခါကျတော့ အောက်ကအတိုင်း လုပ်ပြီးမှ မျက်လှည့်ပွဲကို ခင်းကျင်းနော်။

    ၁) ရေပူရေအေးတွေကို ပရိတ်သတ်မမြင်ရအောင် ကတ္တူစက္ကူဗူးကြီးကြီးထဲ အရင်ထည့်ထားပါ။
    ၂) နောက်ပြီးရင် ပုလင်းလွတ်လေးကိုလည်း ကတ္တူစက္ကူဗူးကြီးထဲမှာ ရေပူခွက်ထဲကို ချထားလိုက်ပါ။ (ပရိတ်သတ်က ပုလင်လေးလည်ပင်းလေးပဲ မြင်နေရမှာပါ။)

    ၃) အဲဒီအချိန် ပါးစပ်ကနေ “ငါ အခု စိတ်စွမ်းအင်ကို သုံးပြီး ပုလင်းကို စကားပြောနေတယ်”ဘာညာပြောပြီး ပွစိပွစိ တိုးတိုးလေး [အုံဖွံ #@$%%]ရွတ်နေပါ။
    ၄) ပြီးရင် ကြက်ဥပြုတ်ကို တင်ပါ။ “အခု ကြက်ဥပြုတ်က ငါ့စကားကို နားထောင်အောင် အရင် စိတ်ညှို့ နေတာ”လို့ ပြောမယ်။ မျက်လုံးလေးမှိတ်ပြီး ဘာညာ ပြောမယ်..။

    ၅) ကြက်ဥကြည့်သလိုလိုနဲ့ ပုလင်းကို ပြန်အချမှာ ရေခဲရေခွက်ဖက်ထဲကို ထည့်လိုက်ပါ။
    ၆) ကြက်ဥပြုတ်ကို မန်းမှုတ်သလိုလိုနဲ့ “ငါ အခု စိတ်စွမ်းအင်ကို သုံးပြီး ကြက်ဥပြုတ်ကို အမိန့်ပေးနေတယ်”ဘာညာပြောပြီး ပွစိပွစိ တိုးတိုးလေး [အုံဖွံ #@$%%]ရွတ်နေပါ။
    ၇) ကြက်ဥပြုတ်က ပုလင်းထဲ ၀င်သွားချိန်ကျမှ ဆယ်ပြီး ပရိတ်သတ်ကို မြှောက်ပြလိုက်ပါ။

    ၈) ပရိတ်သတ်က “၀ိုးးးးးးးးးးးးးးးးး ဖြောင်းဖြောင်းဖြောင်း၊ တော်လိုက်တာ” ဆိုတဲ့ လက်ခုပ်တီးသံကို အရသာခံ နားထောင်လိုက်ရင်း စက္ကူဗူးထဲက ရေပူရေအေးခွက်တွေကို ဘေးကအကူ သူငယ်ချင်းကို သိမ်းခိုင်းလိုက်တော့..
    ...................................................................

    ကဲ အိုကေနော်း))) အားတဲ့အခါ မျက်လှည့်ပြကြည့်လိုက်..
    ချစ်ရတဲ့ သယ်ရင်းအားလုံး ပျော်ရွှင်ပါစေ..။

    နောက်အချိန်ရတဲ့အခါကျရင် အများရှေ့တင် ဇွန်းအသစ်လေးက ကိုယ့်စိတ်စွမ်းအင်နဲ့ ကွေးကျသွားအောင် လုပ်ပြတဲ့နည်းကို သင်ပေးဦးမယ် (ဤကား မက်လုံးဖြစ်၏)

    လသာည ဖြစ်ပါတယ်။
    မှတ်ချက်.. မျက်လှည့်တချို့ကို pdf လုပ်ပြီး side bar မှာတင်ထားပါတယ်။ မည်သူမဆို ဒေါင်းလော့လုပ်ယူနိုင်ပါတယ်း))

    Wednesday, November 10, 2010

    ထိုအရာကြောင့်

    သီတင်းကျွတ်ပြီးနောက်ပိုင်း.. ဟိုမှသည်မှ “အပျိုကြီး၊ လူပျိုကြီး”အကြောင်း စာဖွဲ့တဲ့ ခနဲ့တဲ့စာလေးတွေ ထွက်လာပါတယ်။ ကျွန်မမှာလည်း သူငယ်ချင်း “အပျိုကြီး၊ လူပျိုကြီး” အဲလေ မှားလို့ “အပျိုလေး၊ လူပျိုလေး”တွေ ရှိနေတော့ သူတို့ကိုကြည့်ပြီး အားနာမိတယ်။ ဒါနဲ့ နည်းနည်းပါးပါး သူတို့အတွက် အထောက်အကူဖြစ်လေမလားဆိုပြီး ကိုယ်သိတာလေး တစ်ခုနှစ်ခု ပြောပြချင်တာနဲ့ ဒီပိုစ်ကို တင်လိုက်ပါတယ်။

    တချို့သူတွေက တအားစွံပြီး ချစ်သူခင်သူတွေများကြပါတယ်။ အဲဒါသူတို့မှာ ရုပ်ရည်ရူပကာ၊ ဂုဏ်ပကာသနအပြင် ကိုယ့်ထက် တစ်စုံတစ်ခု ပိုသာနေလို့ ဖြစ်နိုင်ပါတယ်။ တခြားမဟုတ်ပါဖူး Pheromones လို့ခေါ်တဲ့အရာပါ။ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း Pheromonesဆိုတာက သာမန်အားဖြင့် ချွေးထဲမှာ ပျော်ဝင်နေတဲ့ ဓါတ်တမျိုးလည်း ဖြစ်ပြီး ခန္ဓာကိုယ်က ထွက်တာဖြစ်ပါတယ်။ ကိုယ်က Pheromones ထုတ်လွှင့်မှု ပိုများလေ၊ ဆန့်ကျင်ဘက်လိင်က ကိုယ့်ကို ချစ်ခင်စိတ်ပိုဖြစ်လေလို့ ဆိုတယ်။ Pheromones ထုတ်လွှင့်မှုများသူဟာ ချစ်ခင်ဖွယ်ဟန်ပန်အမူအရာကို ပိုလုပ်မိစေတယ်တဲ့။

    Pheromonesဆိုတာကို အယင်က ပျားလိုမျိုး အင်းဆက်သတ္တ၀ါအချင်းချင်း ဆက်သွယ်တဲ့အခါ ထုတ်လွှင့်တဲ့ပစ္စည်းအဖြစ် ယူဆခဲ့တယ်။ သူတို့က လူတွေလို ဆက်သွယ်စကားမပြောနိုင်ဘူးလေ။ လူကျတော့ Pheromonesမပါပဲ ဆက်သွယ်နိုင်တော့ လူမှာ Pheromones မရှိဘူးလို့ယူဆလာရာက ၁၉၈၇ ခုနှစ်လောက်ကျမှ လူသတ္တ၀ါတွေမှာလည်း Pheromonesရှိတယ်လို့ ဆိုလာကြတာဖြစ်ပါတယ်။

    လူသား Pheromones စတင်တွေ့ရှိပုံက ဆန်းတယ်။ Utah University က ပရော်ဖက်ဆာတစ်ဦးက ခြေထောက်ကျိုးရာမှ ထွက်လာတဲ့ အသားစလေးတွေကို ကြည့်ရင်း လူသားရဲ့အသားမှာ ဘယ်လိုဓါတ်တွေပါနေမလဲလို့ စမ်းသပ်ရှာဖွေခဲ့တယ်။ အဲဒီထဲက ဓါတ်တစ်မျိုးကို သီးသန့်ခွဲထုတ်ပြီး ပုလင်းတစ်ခုထဲထည့်ပြီး ထပ်မံစစ်ဆေးနေခဲ့ပါတယ်။

    အဲလို ရှာဖွေနေစဉ်အတွင်း ၎င်းပုလင်းအဖုံးကို ဖွင့်ထားမိချိန်တွေမှာ သူ့ရဲ့စမ်းသပ်ခန်းက အခန်းဖော်များရဲ့အပြုအမူက ထူးခြားစွာ ပြောင်းလဲနေတတ်တာကို သတိထားမိတယ်။

    အခန်းဖော်အချင်းချင်းက ပိုပြီးတရင်းတနှီးရယ်မော ပြောဆိုနေကြတာ၊ စကားနည်းသူ အမျိုးသမီးဆိုရင် သူကပဲ စပြီး နှုတ်ဆက်စကားပြော၊ မုန့်အတူစားဖို့ ကမ်းလှမ်းတာမျိုးကို တွေ့ရတာဖြစ်ပါတယ်။ ၎င်းပုလင်းအဖုံးကို ပိတ်ထားချိန်ဆိုရင်တော့ အခန်းဟာ ယခင်အတိုင်းပဲ ပြန်ဖြစ်သွားတာကို သတိထားမိတယ်။

    အဲဒီဓါတ်ဟာ Human Pheromonesဖြစ်ပြီး နောက်ပိုင်းမှာ လူတွေကို ချစ်ခင်ရင်းနှီးစေတဲ့ Human Pheromones အကြောင်း သုတေသနတွေ ဆက်တိုက်ထွက်လာပါတယ်။ အရင်က နှာခေါင်းထဲက vomeronasal organ (VNO) ဆိုတဲ့အရာဟာ သိပ်အသုံးမ၀င်ဘူးလို့ ထင်လာရမှ အဲဒီအပိုင်းဟာ Pheromonesကို အဓိကခံစားနိုင်တဲ့နေရာဆိုတာကို သိရှိလာခဲ့ရပါသတဲ့။ (Photo from http://www.pherx.com/)

    Pheromonesဆိုတဲ့အရာက အမျိုးသမီးချွေးထက် အမျိုးသားချွေးမှာ ပိုများပါတယ်။ ဒီတော့ အမျိုးသားများက အမျိုးသမီးများကို ချွေးနဲ့ စွဲဆောင်သတဲ့။ ဒါနဲ့ တန်းတူဖြစ်အောင် အမျိုးသမီးများအတွက်လည်း Pheromones ပါတဲ့ ရေမွှေးတွေ ထုတ်လုပ်ရောင်းချလာတယ်။ အခုတော့ အမျိုးသားအတွက်ရော၊ အမျိုးသမီးအတွက်ပါ Pheromones ပါတဲ့ရေမွေးတွေရောင်းနေကြပြီ။ ဂျပန်နိုင်ငံမှာတော့ အမျိုးသား/အမျိုးသမီးများအတွက် ချစ်သူခင်သူပိုများစေဖို့ Pheromones ရေမွှေးဖြင့် ( ဒီနေရာ)က ကူညီနေတယ်တဲ့။

    Pheromonesကို ဆေးအဖြစ် သုံးလို့ရတယ်လို့ ဆိုပါတယ်။ ဥပမာ . ဓမ္မတာမမှန်တဲ့ အမျိုးသမီးများက အမျိုးသားတစ်ဦးဦးရဲ့ ချိုင်းချွေး (ဂျိုင်းချွေး) ကို ရှူရှိုက်ပါက ဓမ္မတာမှန်တယ်လို့ဆိုပါတယ်။ ထိုချွေးမှာ Pheromones ပါလို့ ဆိုပဲ.။ ဘယ်လိုဆက်စပ်သွားတာကြောင့်လည်းတော့ မပြောတတ်ပါ။ နောက်ပြီး အမျိုးသမီးများက ဓမ္မတာလာခါနီးနဲ့ လာနေချိန်ဆိုရင်လည်း ချွေးမှာ Pheromones များလို့ ပိုပြီး ဟန်ပန်မူရာက ပိုချစ်စဖွယ်ဖြစ်သတဲ့..။

    ၂၀၀၅ ခုနှစ်တုန်းက ကြွက်အဖိုတွေရဲ့ မျက်ရည်မှာ Pheromones ပါတယ်ဆိုတာ စတင်တွေ့ခဲ့ရလို့ အချစ်ဆေးဖော်ချင်သူ သုတေသနပညာရှင်တွေက လူတွေအတွက်ပါ ကြိုးစားပမ်းစား စမ်းသပ်ချက်တွေ လုပ်ခဲ့ကြပါတယ်။ ဟော အခု သိရပါပြီ။ ယခုနှစ် တိုကျိုတက္ကသိုလ်က ပါမောက္ခတစ်ဦးက ကျောင်းသားပေါင်း ၁၅၅၀ယောက်နဲ့ စမ်းသပ်ချက်မှာ ကြွက်အဖိုများနည်းတူ အမျိုးသားများ၏ မျက်ရည်ထဲမှာ Pheromones ပါတယ်ဆိုတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

    ဒီတော့ အမျိုးသားများက ချွေးတင်မက မျက်ရည်နဲ့ပါ အမျိုးသမီးများထက် ချစ်ဆေးဖော်နိုင်စွမ်းရှိတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီတော့ အမျိုးသားများက “မင်း ငါ့ကို မချစ်ရင် ငိုလိုက်မှာနော်”လို့များ ဟန်ပိုပို ဆိုလာခဲ့ရင်ဖြင့် သတိနဲ့ mask လေးနဲ့ ကာကွယ်ထားသင့်ပါပြီ။ သူ့မျက်ရည်မှ တဆင့် ချစ်ခြင်းကို ဖြစ်စေတဲ့ Pheromonesတွေပါ ထုတ်လွင့်လိမ့်မယ်ဆိုတာ သတိရလိုက်ပါ။ အချိန်မီ မကာမိလို့ Pheromonesတွေ ကိုယ့်ဆီ ရောက်လာရင်တော့ သူငယ်ချင်းလေးများ ကိုယ့်ထိုက်နဲ့ကိုယ်ကံ လူပျိုကြီး အပျိုကြီးဘ၀က ကျွတ်သွားကောင်း ကျွတ်သွားပါလိမ့်မယ်လို့ သတင်းကောင်းပါးလိုက်ရပါတယ်း))

    မှတ်ချက်။ ။ (ဒီနေ့ လသာညရဲ့ဆရာက အတန်းထဲမှာ စိတ်ပြောင်းလဲမှုဖြစ်စဉ်များအကြောင်း ပြောနေရင်းကနေ Pheromonesဖက်ကို ဆက်စပ်ပြီး ပြောသွားတာလေးကို သူငယ်ချင်းတွေကို ပြန်မျှချင်တာနဲ့ ပိုစ်တင်လိုက်ပါတယ်။ ဆရာပြောတုန်းက သိပ်နားမလည်တာတွေကိုတော့ အောက်က နေရာလေးတွေမှ ဆက်ဖတ်ပြီး ပြောပြတာ ဖြစ်ပါတယ်။ )

    Reference: http://www.pherx.com/faq.html
    http://www.prosty.com/pheromone/column_pheromone/tokkyo/
    .................................................................

    အောက်က ကောက်နှုတ်ချက်များကတော့ pheromonesအကြောင်း ရေးသားဖူးသူများရဲ့ ဘလော့ပိုစ်များမှ ကောက်နှုတ်ဖော်ပြထားတာပါ။ သူတို့ရေးသားထားချက်များမှာ အလွန် စိတ်ဝင်စားစရာ ကောင်းတဲ့အတွက် ပူးတွဲပါလင့်ခ်မှတဆင့် သွားရောက်လေ့လာနိုင်ကြပါတယ်လို့..။

    ...........................................................

    “ယောက်ျားတွေရဲ့ ချွေးထဲမှာ Pheromone ဆိုတဲ့ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့ ဟော်မုန်း သဘော ဆောင်တဲ့ သတ္တိ ရှိတယ်လို့ ယုံကြည်ရတယ်။ အမြဲထွက်နေတာတော့ မဟုတ်ဘူး။ လိင်စိတ်အရ ထွက်တဲ့အခါမှာ၊ သူ့ (ပါတနာ) က သိပ်သဘောကျပါမယ်။ ” Dr. တင့်ဆွေ (၁-၁၁-၂၀၁၀)
    .........................................................

    “ယောက်ျားတွေ ထွက်တဲ့ချွေးဟာ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်မှု သဘောဆောင်တဲ့ pheromone ကိုပါ ထုတ်တယ်လို့ ယုံကြည်ကြတယ်။ ဒီအစွမ်းဟာ သေးငယ်တဲ့ အကောင်လေးတွေမှာ သိသိသာသာရှိတာမျိုးဖြစ်တယ်။” မိုးယံ (၁၅-၅-၂၀၁၀)
    ....................................................................

    “ပြောရမယ်ဆိုရင် ကျွန်မတို့တွေ ဒီလို စွဲမက်ဖွယ် ကောင်းတဲ့ ရနံ့တွေကို ကြိုက်နှစ်သက်မှုဟာ ချွေးကနေတစ်ဆင့်ဖြတ်သန်းသွားတဲ့ pheromone လို့ခေါ်တဲ့ မမြင်နိုင်တဲ့အနံ့မော်လီကျူးလီးတွေကြောင့် ဖြစ်ပါတယ်။ Pherin ဆိုတာဂရိဘာသာစကားဖြစ်ပြီး သယ်ဆောင်တယ်လို့ ခေါ်ပါတယ်။ Hormone ကတော့ စိတ်လှုပ်ရှားမှုဖြစ်ပြီး sexual communication မှာသူက အဓိကတာဝန်ယူ ဆောင်ရွက်ပေးတာဖြစ်ပါတယ်တဲ့။

    သဘာဝအားဖြင့်တော့ လူတွေရဲ့ချွေးမှာရှိတဲ့ acidic nature မတူညီတာကြောင့် pheromones အားလုံးဟာ မတူညီကြပါဘူး။ အမျိုးသားတွေရဲ့ ၄င်းအနံ့ မော်လီကျူးလေးတွေဟာ အမျိုးသမီးတွေထက်စာရင် ကတိုးနံ့ ပိုပြီးပါဝင်ပါတယ။် ကတိုးနံ့နဲ့ စန္ဒကူးနံ့ တွေဟာ အမျိုးသမီးတွေကို ချစ်ရေးချစ်ရာနဲ့  ပတ်သက်လာရင် ပိုပြီးတော့ ဆွဲဆောင်နိုင်တယ်လို့ ပြောကြပါတယ်။ ပင့်ခ်ဂိုး (၁၃-၉-၂၀၀၇)
    .........................................................................
    ဗမာလို ပြောကြမယ်ဆိုရင်တော့ ဒါကို ချွေးနံ့ ဆိုတာထက် ကိုယ်သင်းနံ့လို့ ပြောရမယ် ထင်တယ်။ ကြာညိုနံ့ လို့ ဆိုကြတယ် မလား။ မမအယ် ( ၁၈-၁၁-၂၀၁၀)
    .............................................................................

    သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ရှိပါတယ်နော်။
    လသာည ဖြစ်ပါတယ်...



    Friday, November 5, 2010

    ခြင်္သေ့တစ်ကောင်၏ ဖြစ်ရပ်မှန်

    တခါက နိုင်ငံတစ်နိုင်ငံရဲ့ ဆင်းရဲတဲ့ တိရိစ္ဆာန်ဥယျာဉ်ထဲမှာ ခွန်အားနဲ့ပြည့်စုံပြီး ပျိုမြစ်တဲ့ ခြင်္သေ့လေးတစ်ကောင် ရှိခဲ့တယ်။ ခြင်္သေ့ဆိုပေမယ့်လည်း တိရစ္ဆာန်ဥယျာဉ်က ဆင်းရဲတော့ တနေ့မှ အသားတစ်ကီလိုပဲ စားခွင့်ရတယ်။ ခြသေ့င်္လေးဟာ အသားများများစားရတဲ့ ဘ၀ကို တမ်းတရင်း ကယ်တင်ရှင် မြန်မြန်လာပါစေလို့ ဆုတောင်းနေမိတယ်။

    တနေ့တော့ ဂျပန်နိုင်ငံက တိရိစ္ဆာန်ဥယျာဉ်များကြီးကြပ်ရေး အရာရှိက အဆိုပါတိရိစ္ဆာန်ဥယျာဉ်လေးကို လာလည်ရင်း ခွန်အားနဲ့ပြည့်စုံပြီး ပျိုမြစ်တဲ့ ခြင်္သေ့လေးကိုသဘောကျသွားတယ်။ နောက်တော့ တိရိစ္ဆာန်ဥယျာဉ်လေးရဲ့အရာရှိကို မေးမြန်းပြီး ခြင်္သေ့လေးကို သူတို့နိုင်ငံကို ခေါ်သွားဖို့ စီစဉ်တယ်။ ဒီလိုနဲ့ ကယ်တင်ရှင်မျှော်နေတဲ့ခြင်္သေ့လေးရဲ့ ဆုတောင်းပြည့်သွားတယ်ဆိုပါတော့..

    “ဂျပန်ရောက်ရင် သူတို့က ငါ့ကို တနေ့ဆိတ်တစ်ကောင် ဒါမှမဟုတ် နှစ်ကောင်နှုန်းပေးမှာသေချာတယ်။ တိရိစ္ဆာန်တွေကို ပေးသုံးတဲ့ အကြွှေးကဒ်(credit card) (လည်စည်းမှာ မြုပ်ပြီး တပ်ပေးတဲ့ name credit card)နဲ့ ငါကြိုက်သလောက် စားချင်တာ စားခွင့်လည်း ရတော့မယ်”

    ဒီလိုနဲ့ လေယာဉ်ကြီးနဲ့ ဂျပန်နိုင်ငံကို သူရောက်ခဲ့တယ်။

    ဂျပန်ကိုရောက်ပြီး ပထမဆုံးနေ့မှာပဲ မနက်စာအဖြစ် လှပစွာထုတ်ပိုးထားတဲ့ အစာအိတ်အကြီးကြီး သူ့ဆီကိုရောက်လာတယ်။ အပေါ်မှာလည်း ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတိရိစ္ဆာန်ဥယျာဉ်ရဲ့ တံဆိပ်တုံးကို သေသပ်လှပစွာ နှိပ်လို့ထားတယ်။ ၀မ်းသာအားရနဲ့ အိတ်ကိုဖွင့်လိုက်တဲ့အချိန်..

    သူ မမျှော်လင့်ထားတဲ့အဖြစ်အပျက်ကြောင့် ရှော့ဖြစ်သွားတယ်။ အိတ်ထဲမှာတွေ့ရတာက ဌက်.. ပျော.. သီး.. တွေပါ..

    ခြင်္သေ့ကို ဌက်ပျောသီးလာကျွေးတဲ့အတွက် သူဒေါသထွက်သွားတယ်။ ဒါပေမယ့် ချက်ချင်း တစ်စုံတစ်ခုကို သူစဉ်းစားမိတယ်။ သူက တောကနေ ခရီးဝေးကို လေယာဉ်နဲ့ လာရတာမို့ ခရီးပန်းလာတယ်၊ နောက်ပြီး ဆင်းရဲ့တဲ့ ဥယျာဉ်လေးမှာ တစ်နေ့ အစာနည်းနည်းပဲ စားခဲ့ရသူဆိုတော့ အစာအိမ်က ကျဉ်းနေတယ်။ ဒီတော့ အစာအိမ်ကို အရင် ဆေးကြောတဲ့ အနေနဲ့ ဌက်ပျောသီးအရင် ကျွေးတာ ဖြစ်လိမ့်မယ် လို့ စဉ်းစားမိတယ်..။

    ဒါပေမယ့် ဒုတိယနေ့မှာလည်း.. ပထမနေ့ကအတိုင်း သေသပ်စွာ ထုပ်ပိုးထားတဲ့ ဌက်ပျော်သီးအိတ်ပဲ ထပ်ရောက်လာတယ်။

    တတိယနေ့.. ထိုနည်းလည်းကောင်း..
    ခြင်္သေ့လေးဟာ ထိန်းမရအောင် ဒေါသထွက်လို့နေပါပြီ။ ဒါဟာ ခြင်္သေ့တစ်ကောင်ကို သက်သက် စော်ကားတာပဲ မဟုတ်လား...သူက တိရိစ္ဆာန်ဥယျာဉ်က ၀န်ထမ်းကို ခုန်အုပ်လိုက်ပြီး ဒေါသကုန် ဟိန်းဟောက်လိုက်တယ်/

    “ဝေါင်း....ဒီမှာ ကျူပ်ဟာ ခြင်္သေ့ဗျ၊ တောသုံးထောင်အုပ်စိုးတဲ့ တောဘုရင် ခြင်္သေ့ဆိုတာ ခင်ဗျားနည်းနည်းမှ မသိဘူးလား..။ အဓိပ္ပါယ်မရှိ လုပ်နေတာတွေကို ရပ်တန်းက ရပ်လိုက်ပါ။ ကျူပ်လို ခြင်္သေ့ကို ဌက်ပျောသီးကျွေးတာဟာ တော်တော် မခန့်လေးစားလုပ်တဲ့ အပြုအမှုပဲ၊ ခင်ဗျား နားလည်လား”

    ဒီတော့ အစာကျွေးသူ ၀န်ထမ်းက ရိုသေစွာ ပြန်ပြောတယ်။
    “အရှင်ဟာ တောဘုရင် ခြင်္သေ့မှန်း ကျွန်ုပ်သိပါတယ်။ သို့သော်လည်း သင့်ကို ဒီနိုင်ငံသယ်လာတုန်းက မျောက်ဗီဇာနဲ့သယ်လာတယ်ဆိုတာကိုရော သင်သိပါသလား အရှင်”
    (++) ..............................................
    တခြားနေရာမှာ မျောက်ဖြစ်ရတာထက်စာရင် ကိုယ့်နေရာမှာ ခြင်္သေ့ဖြစ်ရတာ သာကောင်းပေ၏။ 
    ..................................

    လသာည ဖြစ်ပါတယ်။

    Saturday, October 16, 2010

    နောက်ဆက်တွဲ

    ညီမ လသာည ရေ....
    ........
    ...
    အမ သဘော ပြောရရင် တော့ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေ မိတ်ဆွေ တွေ ကို ရှင်းပြပြီး မှ နားလိုက်ရင် ပိုကောင်း မလားလို့ပါ.. အမ ဆိုလည်း ညီမ နားလိုက်တော့ စိတ်ကိုပူသွားတာဘဲ ဘာများဖြစ်လို့လည်း ဆိုပြီး... အားလုံးလည်း ဒီလိုဘဲ နေကြမှာပါ.. အချိန်တချိန် မှာ မေ့ပျောက်သွားမြဲ ဆိုတာ မှန်ပေမဲ့ သေချာ နှုတ်ဆက်သွားတော့ အားလုံးကို လေးစားရာ ရောက်သလို ကိုယ်ကိုကိုယ့် လည်း လေးစားရာရောက်တာပေါ့နော်.. ကိုကြီးကျောက်လို ခရီးရှည် ကြီးသွားမဲ့ သူတောင် နှုတ်ဆက် သွားတယ်
    မဟုတ်လား...
    ......................
    လသာည ကို ထာဝရ ချစ်ခင်နေမဲ့
    မမရွှေစင် ဖြစ်ပါတယ်
    (လသာည ဖြစ်ပါတယ် လေးကို သတိရတယ်..)
    ...............................................................

    ဆွဲလက်စ ဒီပုံလေးကို ထိုင်ဆွဲနေမိတာ ကြာပါပြီ။ တဖြောက်ဖြောက်ကျနေတဲ့ မိုးသံကလွဲပြီး တလောကလုံးက တိတ်ဆိတ်နေတယ်။ ကြားနေကျ ကားသံ၊ ဆိုင်ကယ်ကို အိပ်ဇောဖွင့် မောင်းတဲ့အသံတွေတောင် မကြားရဘူး။ ပီးပေါင် ပီးပေါင်နဲ့ အော်တဲ့ အရေးပေါ်ယဉ်ကားအသံလည်း မကြားရဘူး..။ ညဌက်လေးတွေ တေးသီသံတောင် မကြားရ၊ ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ...လို့ ခြောက်ခြောက်ခြားခြား တွေးမိတယ်။ တိတ်ဆိတ်မှုကို မနေတတ်သလို ချောင်းတချက်ရှင်းလိုက်ပေမယ့်၊ အသံထွက်မလာပဲ လည်ချောင်းဝတင် အသံက ပျောက်သွားခဲ့တယ်။ နောက်တော့ ဆွဲလက်စ ပုံလေးကို ပြန်ငေးကြည့်မိပါတယ်။

    ဆွဲနေတာက... အမျိုးသမီး ငယ်တစ်ယောက်ရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာပုံလေးတစ်ခုပါ။ ဒီလိုပုံတွေကို အခုမှဆွဲတာတော့ မဟုတ်ပါဘူး။ ဆိုက်ကိုစစ်ဆေးလွှာတွေအတွက် လိုအပ်တိုင်းဆွဲပေးနေကြ။ အကြိမ်ပေါင်းများစွာ..။

    ဒီတခါတော့ ခါတိုင်းလို ဆွဲလို့မရခဲ့ဘူး။ နှုတ်ခမ်းနေရာ အရောက်မှာ ဆက်မဆွဲနိုင်တော့သလို ရင်ထဲမှာ တင်းကျပ်လာသလို ခံစားမိတယ်။ ပြုံးနေတဲ့ ပုံတစ်ခုအတွက် နှုတ်ခမ်းတစ်စုံရဲ့ အလျားကို ခပ်ရှည်ရှည်လေးဆွဲပြီး ရွှင်မြူးတဲ့အရိပ်ပေါ်လွင်အောင် နှုတ်ခမ်းလွှာကို မဟတဟလေး....။ နှုတ်ခမ်းလွှာတစ်စုံကို စိတ်နဲ့ မှန်းဆအပြီး ခဲတံကို အသာကောက်ကိုင်လိုက်ရင်း.....

    ပထမနှစ်တုန်းက စိတ်ကုဘာသာရပ်မှာ ဆရာက စာမေးဖူးတယ်။ လူတစ်ယောက် ပျော်ရွှင်တာကို သိနိုင်တာ လူတစ်ယောက်ရဲ့ဘယ်နေရာလဲ..တဲ့..။ ချက်ချင်းပဲ“နှုတ်ခမ်းနှစ်လွှာရဲ့ လှုပ်ရှားမှုပါ”လို့ ပြန်ဖြေခဲ့တော့ ဆရာက မင်း.. စာသေချာဖတ်ဦးတဲ့...။ အဲ့ဆရာကို ချက်ချင်းသတိရမိတယ်..။ ဆရာ နေကောင်းရဲ့လား.. မတွေ့ရတာတောင် ကြာပေါ့။

    နှုတ်ခမ်းလွှာကို အပြီးသတ်ဆွဲပြီးချိန်မှာ ပုံတစ်ခုလုံးကို ပြန်ချုံကြည့်မိတော့ ပုံက တစ်ခုခု လိုနေသလို...။ တစ်ခုခုတော့ မှားယွင်းနေပါပြီ..။ မကျေမနပ်နဲ့ အထပ်အထပ်အခါအခါ သေချာကြည့်မိတော့ တွေ့ပါပီ...။ မှားယွင်းနေတာက မျက်လုံးတစ်စုံ...။

    ရွှင်မြူးစေလိုစောနဲ့ ချယ်သထားတဲ့ မျက်လုံးတစ်စုံ.. ။ သူက.... လိုအပ်သည်ထက် နက်မှောင်နေတာပဲ....။ မကျေနပ်စိတ်နဲ့ မျက်လုံးရဲ့အပြစ်ကိုရှာသလို စိုက်ကြည့်မိတော့ မျက်လုံးတွေက ချက်ချင်းစိုလာပြီး အပြင်ကမိုးနဲ့အပြိုင် မျက်ရည်မိုးတွေက တလိမ့်လိမ့် ပြိုကျလာတော့မလိုလို....။

    တုန်လှုပ်စွာနဲ့.. သေချာကြည့်လေ.. မျက်ဝန်းတွေက ပိုနက်မှောင်လာလေ...
    အငိုမျက်လုံးတွေနဲ့ အပြုံးမျက်နှာ...... ဒါကို ပြုံးနေတယ်လို့ ဘယ်လိုခေါ်ရမှာလဲ....
    “သွား...လို့ စိတ်လွှတ်လက်လွှတ် အံကြိတ်အော်ဟစ်လိုက်ရင်း စက္ကူကို ဆုတ်ဖြဲပစ်လိုက်မိတယ်။
    ခဲတံကိုလည်း လက်က အသံမြည်အောင် ပစ်ပေါက်လွှတ်ချလိုက်ပီး စားပွဲပေါ်ကို ခေါင်းမှောက်ချလိုက်မိတယ်။
    .......................................................................

    ဟစ်တလာ..တဲ့..
    ဟစ်တလာဆိုတာ စစ်ပေါင်းများစွာကို တိုက်ခိုက်အောင်မြင်ခဲ့တဲ့ ကမ္ဘာကျော်စစ်ဗိုလ်ချူပ်ကြီး..။ ရက်စက်ကြမ်းကြုတ် ခက်ထန်ပြီး လူအသက်ပေါင်းများစွာကို သတ်တဲ့ လူမိုက်ကြီး၊ တကမ္ဘာလုံးက ကြောက်ခဲ့ရတယ်..။ အဲဒီဟစ်တလာဟာ လူသူမရှိတဲ့အချိန်တွေမှာ ကြောက်ရွံစွာ ငိုနေတတ်သူလို့ စပြောတဲ့ စိတ်ပညာရှင်ကို လူတွေက လူလိမ်လို့ ဝေဖန်ခဲ့ကြတယ်...။ ဒါပေမယ့် အဲဒီပညာရှင်ကပဲ ဟစ်တလာက တနေ့မှာ အဆိပ်သောက်သေမှာလို့ ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်တဲ့...။

    အခုနေများ စစ်ဗိုလ်ချူပ်ကြီးနဲ့များ တွေ့ခွင့်ရရင် မေးချင်မိတယ်။
    “ဟစ်တလာဗိုလ်ချူပ်ကြီး... ခင်ဗျားက အဲလိုလူစားမျိုးဖြစ်တယ်ဆိုတာ တကယ်မှန်ရင် ခင်ဗျားက ဘာကြောင့် အငိုတွေကို ရက်စက်မှုနဲ့ ဖုံးဖို့ကြိုးစားခဲ့ရတာလဲ”လို့ ။ “ခင်ဗျား ဘာတွေကို ခံစားနေရတာလဲ”လို့။ သူ့မျက်လုံးကို ကြည့်ပြီးကို မေးချင်မိတယ်...။ သူက ပြန်ဖြေမယ်တော့ မထင်ပါဘူး။စိတ်ဆိုးဆိုးနဲ့ ကိုယ့်ကို သတ်ပစ်လိုက်မှာ သေချာတယ်..
    ...............................................

    မျက်နှာသွားသစ်လိုက်ပြီး ကော်ဖီဖျော်ဖို့ ကြိုးစားလိုက်တယ်။ ရေနွေးဆူဆူလောင်းချချိန်မှာ ရလာတဲ့ ကော်ဖီရနံလေးက တကယ့်ကို မွေးကြိုင်သွားသလိုပဲ..။ ကော်ဖီခွက်နဲ့ စာကြည့်စားပွဲပြန်လာရင်း “ကော်ဖီလျော့သောက်နော် အစ်မ”လို့ ပြောတဲ့ ညီမလေးတစ်ယောက်ကို သတိရမိတယ်။ အခုလို ည-၃နာရီလောက်မှာ ကော်ဖီတစ်ခွက်နဲ့နေတာ မြင်ရင် ဂရုဏာဒေါသောနဲ့ အော်တော့မှာပဲလို့ တွေးရင်း ပြုံးမိတယ်။ ကိုယ့်လို ပေပေတေတေလူကို သံဃောဇဉ်ထားနေရှာတယ်..။ အင်း.. သံဃောဇဉ်ဆိုတာ မမြင်ရပေမယ့် တကယ့်ကို တင်းတဲ့ကြိုးတွေပဲနော်။ ကော်ဖီလည်း လျော့တော့ လျော့ဖို့ ဆုံးဖြတ်နေပါပြီ ညီမလေးရယ်...

    ခဲတံလေးကို ပြန်ကောက်လိုက်တယ်....။ နောက်တကြိမ် ပုံပြန်ဆွဲဖို့ ဆုံးဖြတ်လိုက်ပြီး..။ ရွှင်မြူးနေမဲ့ မျက်လုံးလေးတွေကို ပြန်တွေးကြည့်လိုက်မိတယ်..။ ရင်ထဲက အလိုလို ခေါ်မိတာက “သမီး.....”လို့..။

    အသက်၂၈နှစ်မှာ အိမ်ထောင်ကျခဲ့တာ အခုဆို သမီးလေးတောင် ၅နှစ်ပြည့်သွားပြီ။ သမီးနဲ့ မတွေ့ရတာလဲ၂နှစ်ကျော်သွားပြီ။ သမီးလေး နေကောင်းရဲ့လား...။ ဟိုတလောက မန္တလေးမှာ ရေတွေတက်တော့ အိမ်အောက်ထပ်ကို ရေမြုပ်သွားတယ်။ လူကြီးဖြစ်တဲ့ အဘွားတွေက စိတ်တွေညစ်နေပေမယ့် ဇူးလေးကတော့ သူ့ဦးဦးလုပ်ပေးတဲ့ ဖောင်သေးသေးလေး စီးရလို့ ပျော်နေတာပဲ။ ဖုံးဆက်တော့ အသံကို ရွှင်မြူးလို့..။

    မဆီမဆိုင် နာမည်တစ်ခု အတွေးထဲကို ထပ်ရောက်လာတယ်။ “လူစီရန်လျန်း” ရဲ့ အကြောင်း.. မမရွှေစင်ဦး ဘာသာပြန်ပေးတဲ့ပိုစ်ထဲက ။ မဟုတ်သေးဘူးလို့ ကိုယ့်ဘာသာပြောရင်း ခေါင်းကို အတင်းခါထုတ်ပစ်လိုက်တယ်..။ ဟိုတနေ့က သမီးလေးက ဖုန်းဆက်တုန်းက ပြောပါတယ်။ “မေမေ.. မီးတို့ မူကြိုကျောင်းက ဘွဲဝတ်စုံတေးတေးလေးနဲ့ ဘွဲယူရမှာ..။ မေမေက ဓါတ်ပုံရိုက်အောင် ပြန်လာမှာလား”တဲ့..။ “ဒါပေါ့ သမီးရဲ့”လို့ စကားကို မရေမရာ အသံတိမ်တိမ်နဲ့ ဖြေခဲ့တယ်။ အဲ့နေ့မှာ မေမေက ပြန်မရောက်နိုင်သေးဘူးလို့ ပြောမထွက်ခဲ့ဘူး...။ တကယ်ဆို မေမေလည်း သမီးလေးနားမှာ နေချင်ပါတယ် သမီးရယ်၊ သမီးလေး..အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင်စေချင်ပါတယ်..သမီးငယ်ရယ်.....။
    .................................................................

    ဘယ်လိုမှ မျက်လုံးကို ဆက်မဆွဲနိုင်တော့ဘူး..။ ခဲတံကို ပြန်ချလိုက်ပြီး အိပ်ရာပေါ် လှဲချလိုက်တယ်။ ဘာရယ်မဟုတ် တစ်ယောက်ယောက်ကို ဖုန်းပြောချင်မိတယ်။ တစ်ခုခုကို ပြောပြချင်နေတယ်..။ ဒါပေမယ့် အားလုံး ဒီအချိန်မှာ အိပ်နေရောပေါ့..။ အမျိုးသားရဲ့ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်မလို့ လုပ်ပြီးမှ ပြန်ပိတ်လိုက်တယ်။ သူလည်း အခုလောက်ဆို တနေကုန် အလုပ်တွေလုပ်နေရတော့ မောမောနဲ့ အိပ်နေရောပေါ့လေ..။

    ပြီးခဲ့တဲ့ လက အမျိုးသားရဲ့ခယ်မအရင်းက ရင်သားကင်ဆာနဲ့ ဆုံးသွားပါတယ်။ ၂နှစ်အရွယ် သားငယ်လေး ကျန်ခဲ့တယ်..။ အမျိုးသားက သူ့တူလေး အမေမဲ့သွားရတာ စိတ်မကောင်းလို့တဲ့ ၂ ရက်လောက် စကားမပြောနိုင်အောင် ဖြစ်သွားတယ်။ မြန်မာပြည်ပြန်ရောက်ရင်တော့ ကိုယ့်သားအဖြစ် မွေးစားလိုက်ရအောင်လို့နော်တဲ့..။ ဒါပေါ့လို့ ပြန်ပြောဖြစ်တယ်..။ ကင်ဆာတဲ့..။ တကယ်ကြောက်ဖို့ ကောင်းတာပဲနော်...။ ဖြစ်နိုင်ရင်တော့....... ကိုယ်လည်းပဲ...

    ဘကျောက်က တကယ် သတ္တိရှိတာပဲ..။ အဲလို တည်ငြိမ်တဲ့ စိတ်ထားကို အားလည်းကျပြီး ချီးလည်း ချီးကျူးမိပါတယ်..။ အတုယူနိုင်ဖို့လည်း ကြိုးစားရဦးမယ်။ ကင်ဆာဆိုတဲ့ ရောဂါတွေကို အမြစ်ပြတ်တဲ့ ဆေးတွေ မြန်မြန်ပေါ်ပါစေ၊ ဒါမှ ကင်ဆာကြောင့် ခွဲခွာရတာမျိုးတွေ မတွေ့ရမှာ...။ ညီမလေး စည်းစိမ်ပြောတဲ့... တပင်တိုင်မြနန်း ဆေးဆိုတာ လည်း တော်တော်ကောင်းတယ်တဲ့။
    ...............................................

    တိုကျိုက အဆောင်နံပါတ် ၄၁၄မှာ နေတုန်းက ဆုံးရှုံးမှုတစ်ခုကြောင့် တစ်ယောက်တည်း ၀မ်းနည်းစွာ အခန်းတံခါးပိတ် တစ်ညလုံး ငိုဖူးတယ်။ တလွဲမာနကြောင့် ကိုယ်ငိုတာကို ဘယ်သူမှ မတွေ့စေချင်ခဲ့လို့ တံခါးပိတ်ထားပေမယ့် အဆောင်တူ သူငယ်ချင်း (ညီမလေး) အိစံက စိတ်ပူပြီး အခန်းတံခါးကို အတင်းခေါက်ပြီး ၀င်လာခဲ့တယ်။ သူပြောတဲ့ စကားတွေက မကြားတချက်ကြားတချက်ပေမယ့် သူ့ကို ပြန်အော်ခဲ့တာတော့ မှတ်မိတယ်။ “ဘာလဲ ငါငိုတာကို မြင်ချင်လို့ လာကြည့်နေတာလား။ သွား”လို့...။ သူလည်း ငိုပြီး ပြန်သွားခဲ့တယ်..။

    နောက်တနေ့တော့ သူက ကော်ဖီနဲ့ ခေါက်ဆွဲပြုတ်ကိုင်ပြီး “စနေသမီးကလည်း စိတ်ကကြီးလိုက်တာလွန်ရော”လို့ ရယ်ကျဲကျဲနဲ့ လာပို့သွားပါတယ်။ တော်သေးတယ် သူက စိတ်မဆိုးခဲ့လို့..။ တကယ်ဆို အဲလို သူငယ်ချင်းတွေရှိတဲ့အတွက် ကိုယ်က တကယ်ကံကောင်းသူပါ။ အဲ့နေ့က သူ့ခေါက်ဆွဲပြုတ်မှာ ခရမ်းချဉ်သီးတွေပါတာတောင် ခါတိုင်းလို ဂျီးမများပဲ စားခဲ့တယ်။ တကယ်ကောင်းတဲ့ ခေါက်ဆွဲပြုတ်ပါ..။

    ငိုချင်တဲ့ စိတ်အနာက ချက်ချင်းကြီး မဟုတ်ပေမယ့် တစ်ပတ်လောက်ရှိတော့လည်း ပုံမှန်အတိုင်း ပြောလိုဆိုလို့ နေလို့ကောင်းသွားခဲ့ပါတယ်..။ အိစံကို တကယ်ကျေးဇူးအများကြီး တင်တယ်..။ သူ့မင်္ဂလာဆောင်ကျရင်တော့ ခေါက်ဆွဲပြုတ်တဲ့ စတီးအိုးလေးတွေ လက်ဖွဲ့ရမယ်လို့ တွေးရင်း ရယ်လိုက်မိတယ်။
    ............................................

    မိုးကနည်းနည်းတော့ စဲသွားပါပြီ။ မနက်စောစော သတင်းစာပို့ အလုပ်လုပ်တဲ့ ဘေးအခန်းက ကောင်လေးတောင် တံခါးဖွင့်ထွက်သွားသံ ကြားလိုက်တယ်..။ ကိုယ်ကရော ဒီနေ့ညအဖို့ အမျိုးသမီးငယ်ရဲ့ မျက်နှာကို ဆက်ဆွဲလို့ ရပါဦးမလား...။ အခုနကလောက်တော့ စိတ်မညစ်တော့ သလိုပဲ...။
    နှုတ်ခမ်းရော မျက်လုံးရော ပြုံးနေနိုင်ဖို့အထိတော့ တော်တော်ကြိုးစားရဦးမယ် ထင်တယ်...

    ဘ၀ရထားကြီး စီးလာပြီး ဆင်းတဲ့လူဆင်း တက်တဲ့လူတက်နဲ့၊ ကိုယ်တိုင်ရော ဒီရထားပေါ်က ဘယ်တော့ ဆင်းရမလဲ မသိဘူး..။ ကိုယ့်ကိုယ်ကို စိတ်ပြတ်သားတယ်လို့ ထင်ပေမယ့် သံဃောဇဉ်နဲ့ ပတ်သက်ရင် တကယ်မပြတ်သားနိုင်ပါဘူး..။
    ....................................
    ချစ်သူငယ်ချင်းများ အားလုံးကို တောင်းပန်ပါတယ်နော်..

    ကိုယ်ရေးအကြောင်းအရာတစ်ခုကြောင့် ၉-လပိုင်းအကုန်မှာ “အခန်းတံခါးပိတ် ငိုသလိုမျိုး”၊ ဘလော့တံခါးကိုပါ ရုတ်တရက် ပိတ်လို့ တိတ်တိတ်လေး အိပ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် (အိစံလို) သူငယ်ချင်းပေါင်းများစွာက စိတ်ပူစွာ အခန်းတံခါးကို လာခေါက်ခဲ့ကြတာကို ကျွန်မတွေ့ခဲ့ရပါတယ်။ ဖုန်းနဲ့ဆက်၊ မေးတွေနဲ့ပို့... ထင်မှတ်မထားလောက်အောင် စာတို စာရှည်လေးတွေ အများကြီး ရခဲ့ပါတယ်.။ သီချင်းတွေ ပို့ပေးခဲ့တာလည်း ရရှိခဲ့ပါတယ်။ အရမ်း ၀မ်းသာမိပါတယ်။ ကိုယ့်အတွေးနဲ့ကိုယ် ရုတ်တရက်ပိတ်လိုက်တာဖြစ်တော့ ကိုယ့်မိတ်ဆွေတွေ စိတ်ပူမပူထိအောင် မတွေးဖြစ်ခဲ့မိပါဘူး...။ တအားပဲ အားလည်းနာမိပါတယ်။

    အားလုံးကို စိတ်ပူအောင် လုပ်ခဲ့တာအတွက် ချစ်ခင်ရတဲ့ သူငယ်ချင်းအားလုံးကို တောင်းပန်ပါတယ်.. နော် ။ လသာည မရင့်ကျက်တာကို အားလုံးခွင့်လွှတ်ကြပါလို့..။ စိတ်ရှည်စွာ သင်ပြပေးတဲ့ မမရွှေစင်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်..။ အဆင်ပြေရင် နောက်ထပ်လည်း ပိုစ်တွေ ရေးတင်မှာပါ။ အားလုံးကျေးဇူးနော်..

    လသာည.. ဖြစ်ပါတယ်။
    PS; ပိုစ်နာမည်ကတော့ ကိုsosegado ပေးတဲ့ နာမည်ကို ပေးခဲ့တာပါ။




    Monday, September 27, 2010

    နားမလည်ဘူး နားကိုမလည်ဘူး

    တချို့နားမလည်နိုင်တာတွေကို နားလည်ဖို့ကြိုးစားရင်း စိတ်ဝင်စားစရာတွေ ဖတ်မိလို့ ပြန်မျှဝေတာပါ။ ပိုစ်ရှည်တာမို့လို့ ဖတ်ဖို့ အချိန်ရမှသာ အေးအေးဆေးဆေး ဖတ်ပါလို့...။ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ခင်မင်လျှက်ပါး))
    .........................................................................................
    (၁)
    လသာညက အိမ်မှာ မောင်နှမတွေ မိသားစုလိုက် အတူတူ ရုပ်ရှင်ဇာတ်လမ်းကြည့်တဲ့အခါ ဘာသာပြန်ပေးရသူပါ။ နိုင်ငံခြားဘာသာစကားမို့ ဘာသာပြန်ရတာမဟုတ်ပါဘူး။ နားလည်တဲ့ မြန်မာလိုပြောတဲ့ဇာတ်ကားတွေကိုပဲ ခံစားမှုဦးစားပေးတဲ့ကားမျိုး၊ အမူအရာနဲ့ ပေါ်လွင်အောင် ကြိုးစားသရုပ်ဆောင်ထားတဲ့ ဘ၀သရုပ်ဖော်၊ အချစ်အလွမ်းကားမျိုးဆိုရင် အဖေနဲ့ မောင်လေးတို့က “ မင်းသမီးက ဘာဖြစ်သွားတာလဲ” “ဟိုအဒေါ်ကြီးက ဘာလို့ ငိုတာလဲ” စသည့်ဖြင့် ဇာတ်လမ်းအဆက်ကို နားမလည်သလို မေးတတ်တာကြောင့် ဖြစ်ပါတယ်။

    အဲ့ဒီအခါမျိုးမှာ လသာည သို့မဟုတ် ညီမလေးက “အဲဒီကောင်မလေးက စိတ်မကောင်းဖြစ်သွားတာလေ၊ သူ့အမေက စိတ်ပုပ်နေတာ တွေ့လား” စသည်ဖြင့် ပြန်ရှင်းပြကြရပါတယ်။ ရှင်းပြသံတွေနဲ့ တခြားကြည့်သူတွေက စိတ်ညစ်ကြပြီး၊ ရှင်းပြရတဲ့လူကိုယ်တိုင်ကလည်း သူများကို ရှင်းပြနေရတာနဲ့ ဇာတ်လမ်းကြည့်ရတာ ဇိမ်မရှိတော့ဘူးဖြစ်လာတဲ့အတွက် ပွစိပွစိ စိတ်ကောက်ဖြစ်တဲ့အခါတောင် ရှိတတ်ပါတယ်.. ။

    ဒါပေမဲ့ အံသြစရာက ကောင်းတယ်ဆရာ..။ သူတို့က အနောက်တိုင်းကား အက်ရှင် သေနတ်ကားဆို ငြိမ်နေတာပဲ။ဘာသာပြန် မလိုပါဆိုတဲ့ ဒီဇိုင်းချိုးပြီး ခပ်တည်တည်ပဲလေ...မုန်းစရာပါ (==)#။ အဲဒီကားမျိုးမှာ သွေးထွက်သံယိုတွေကို ကျွန်မတို့က မကြည့်ရဲတာနဲ့ပဲ မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး ဟဲ့ ပြီးပြီလား။ အဲ့ လူဆိုးသေပြီလား ပြန်မေးရတာမျိုးတွေ ဖြစ်သွားတော့တာပဲ။ ဘာသာပြန်အဆင့်ကနေ အဆင့်လျှောပြီး သူတို့ကို ဘာသာပြန် ပြန်ဌားရတဲ့အဆင့် ပြန်ဖြစ်သွားတာပါ.။ အဲဒါမျိုးဆို မောင်လေးက ပြန်အော်တယ်။ မမကလည်း စကားကိုများတယ်၊ တိတ်တိတ်နေ ဒီမှာကြည့်ရတာ ဇိမ်ပျက်တယ်တဲ့..။ ခေါင်းခေါက်ချင်စရာပါ..

    ဒါပေမယ့် စာရေးဆရာ Allan Pease ရဲ့ စာအုပ်တွေကို ဖတ်ရင်း အောက်က ပုံတွေမြင်ရတော့ ကျွန်မနည်းနည်း နားလည်သလို ဖြစ်လာတယ်..။
    ဒီပုံက ခံစားချက် ၆မျိုးနှင့် ပတ်သက်ပြီး ရုပ်ရှင် (သရုပ်ဆောင်မှု) တစ်ခုကို ပြသထားတုန်း ၁၀ စက္ကန့်အတွင်းမှာ အမျိုးသားတစ်ဦး လိုက်ပါ ခံစားနိုင်တဲ့ အမူအရာ ကို သရုပ်ဖော်ထားတာပါ။ ဥပမာ ၀မ်းနည်းတဲ့အမူအရာလုပ်ပြတာကို ၁၀စက္ကန့်အတွင်း လိုက်ပါ ခံစားတတ်သလားဆိုတာမျိုးပါ။ ပုံပါအတိုင်းပဲ အမျိုးသားများအနေဖြင့် ၁၀စက္ကန့်လောက်နဲ့ ခံစားချက်ကို မခံစားနိုင်၊ ပြန်လည်မဖော်ပြနိုင်ဘူး။ သူတို့က တဖက်သားရဲ့ ခံစားချက်ကို မျက်နှာအရိပ်အကဲလောက်နဲ့ ၁၀စက္ကန့်အတွင်း နားမလည်နိုင်ပါဘူး။ နားလည်ဖို့ ၁၀မိနစ်ထိ ကြာချင် ကြာမယ်။ အဲ ၁၀နာရီမကတောင် ကြာချင်လည်းကြာမယ်း)))

    တချို့ဆို မိန်းမက ဘယ်လောက်မျက်နှာရိပ်မျက်နှာကဲပြပြ နားကို မလည်နိုင်တာ ရှိနိုင်ပါသေးတယ်။ ကျွန်မအစ်ကို ၀မ်းကွဲတစ်ယောက်ဆို သူ့မိန်းမက “ရှင်ဧည့်သည်တွေ ခေါ်လာရသလား၊ ဒီနေ့ အိမ်မှာ ဆန်ကုန်နေလို့ ထမင်း မချက်ရသေးဘူးလေ”ဆိုတာကို မျက်နှာရိပ်မျက်နှာကဲနဲ့ ဘယ်လောက်ပြပြီး ပြောပြော၊ နားမလည်နိုင်ပဲ၊ “ဟေ့ကောင်တွေ စားပြီးမှပြန်ကြ၊ မိန်းမရေ ကျက်ပြီလားဟေ့”လို့ အော်တတ်လွန်းလို့ မိန်းမရဲ့ ဗိုက်ခေါက်လိမ်ဆွဲတာကို ခဏခဏ ခံရသူပါ။ ဒါတောင် သူက “ဟ.. ဘာလို့ အလကားနေ ဗိုက်ခေါက်ဆွဲတာလဲ၊ ဘာလဲ ဘယ်သူနဲ့ ရန်ဖြစ်ထားတာလဲ၊ စိတ်တိုနေတာလား”လို့ အလိုက်မသိ ပြန်မေးတတ်သေးတား)))

    ဒါကြောင့်လည်း အချစ်အလွမ်းကားတွေကို ကြည့်တဲ့အခါ ခံစားချက်အမူအယာနဲ့ သရုပ်ဖော်ကြတဲ့အတွက် အမျိုးသားများခမြာ လိုက်ပါ မခံစားနိုင်ပဲ ကြည့်နေရင်းနဲ့ ဇာတ်လမ်းကို မျက်ချေပြတ်ပြတ်သွားကြတာ ဖြစ်ပါတယ်။

    ဒီပုံကတော့ အမျိုးသမီးတစ်ဦးက ၁၀ စက္ကန့်အတွင်း ခံစားချက်၆မျိုးကို လိုက်ပါ ခံစားနိုင်စွမ်းရှိကြောင်း သရုပ်ဖော်ထားတဲ့ ပုံဖြစ်ပါတယ်။ တကယ့်ကို ပီပြင်အောင် ပေါ်လွင်တယ်နော်း)))....။

    အမျိုးသမီးများဟာ ရုပ်ရှင်ထဲက သရုပ်ဆောင်များရဲ့ ရုတ်တရက် မျက်နှာပျက်သွားတာကအစ အားလုံးကို လိုက်ပါခံစားနိုင်ကြတဲ့အတွက် အချစ်အလွမ်းကားတွေမှာ ဘာသာပြန်တွေဖြစ်ခွင့်ရနေတာ ဖြစ်ပါတယ်။ ( မှတ်ချက်၊ ။ ဒီစာရေးရင်း လသာညလည်း စာရေးတာ ခဏရပ်လို့ အဲဒီ ပုံအတိုင်း မှန်ကြည့်ပြီး လိုက်လုပ်ကြည့်မိပါတယ်။ (^=^)။ တမင်လုပ်ကြည့်တာမို့လိုလား မသိဘူး။ ဆယ်စက္ကန့်နဲ့ သရုပ်ဆောင်လို့ မပြီးဘူး။ ရုပ်ရှင်သရုပ်ဆောင် ခန့်လို့ရလောက်တယ်။ သရုပ်ဆောင် ဌားလိုသူ စပွန်ဆာအရှုံးခံပါး))

    အဲဒီလို အမျိုးသမီးများရဲ့ မွေးရာပါ အရိပ်အကဲဖမ်း အတတ်ပညာကြောင့် အမျိုးသမီးများရှေ့မှာ အမျိုးသားများ ညာလို့မရဘူးတဲ့။ ညာချင်ရင်လည်း မျက်နှာချင်းဆိုင်ပြီး မညာလေနဲ့ ။ သူတို့က စက္ကန့်ပိုင်းလေးအတွင်း ကိုယ်ညာတာကို သိပြီးသား ဖြစ်သွားနိုင်တယ်တဲ့။ လသာညရဲ့ ဘကြီး (ဖေဖေ့အစ်ကို)ဆို မိန်းမကို ကြောက်ရသူလို့ နာမည်ကြီးတယ်။ တကယ်က တအားအေးတာပါ။ အရက်သောက်သွားပြီး ပြန်လာရင် မိန်းမက ဆူမှာစိုးလို့ သူ့သူငယ်ချင်းတွေက သေချာမှာလိုက်တယ်။ ငါတို့နဲ့ တွေ့လို့ ငါတို့အတင်းတိုက်လိုက်တာ၊ တစ်ခွက်ထဲပါလို့ပြောလို့..။

    ဒါပေမယ့် အိမ်ရောက်တော့ မိန်းမက “ရှင် ဒီနေ့ အရက်တွေ သောက်လာပြန်ပြီလား ”လို့ သူ့နဲ့ မျက်နှာချင်းဆိုင် မေးလိုက်ရုံနဲ့.. “ငါလား ကိုထွေးတို့နဲ့တွေ့လို့ ၀ိုင်းကောင်းတာနဲ့ သောက်တာပါ။ ကိုယ့်လခထုတ်ရက်မို့ ကိုယ်ကပဲ ရှင်းလိုက်တယ်၊၂၀၀၀ဖိုးလောက်ပါ”ဆိုပြီး.. ဖြစ်ကြောင်းကုန်စင် နတ်သံနှောလို အားလုံးပြောပြီးသားဖြစ်သွားပြီ (အဲဒီ ၂၀၀၀က အဲဒီတုန်းက သူရတဲ့ သူ့လစာအကုန်နီးပါးလေ။) ကဲ အဲဒါပြောတာ.. မိန်းမတွေက အဲဒီအတတ်က မွေးရာပါ အတတ်ပညာဆိုတော့ကာ

    ဒါကြောင့် သယ်ရင်းများ မညာမိကြစေနဲ့နော်၊ အစထဲက ဘာပဲဖြစ်ဖြစ် ♪♪♪ အမှန်အတိုင်းပြော.. အမှန်အတိုင်းပြော.. အမှန်အတိုင်း ပြောလေပြောလေ အချစ်ရေ ♪♪♪ 
    နောက်ပြီး လူကဲခတ် (အမူအရာကို အကဲခတ်ခြင်း) ဘာသာရပ်ကျွမ်းကျင်မှုကြောင့်ပဲ. ကောင်မလေးတစ်ယောက်ဟာ ကောင်လေးတစ်ယောက်က သူမကို စိတ်ဝင်စားနေတယ်ဆိုတာကို ကြိုတင်သိရှိနေကြပါသတဲ့.. "(၀-၀)"
    ............................................................................................................

    (၂)
    လူရွှင်တော်တွေပျက်လုံးပျက်တဲ့အခါ “ငါက သမီးနဲ့အမေလမ်းမှာတွေ့ရင် သမီးတစ်ယောက်ကိုသာ မြင်တယ်”ဆိုတဲ့ စကားကို ပြန်သတိရမိပါတယ်။ ဒီပျက်လုံးလေးက သူတို့ တကယ်ပြောတာ ဖြစ်နိုင်တယ်လို့ ၉၉ ရာခိုင်နှုန်း ထင်လာပါတယ်(*-^)/။
    အပေါ်ပုံကို နည်းနည်းလိုက် ကြည့်ကြည့်လိုက်ပါ (ကလစ်လေးနှိပ်ကြည့်ရင် အသေးစိတ် မြင်ရမှာပါ)၊ အမျိုးသားနဲ့ အမျိုးသားတွေရဲ့ အမြင်တွေ ကွဲပြားပုံကို တင်ပြထားတာပါ။ ပုံထဲကအတိုင်း အမျိုးသားတွေရဲ့ မျက်လုံးအမြင်က ထောင့်ကျဉ်းကျဉ်းနဲ့ ကိုယ်အာရုံ စူးစိုက်ရာကို တစ်ခုတည်း မြင်နိုင်သူတွေဖြစ်နေပါတယ်။ အစကတဲက သမီးပဲ ကြည့်ခဲ့ရင်သမီးတစ်ယောက်ကိုသာ မြင်၏ ဆိုတာ ဖြစ်နိုင်ပါတယ် :))

    အမျိုးသမီးတွေကတော့ ပုံပါအတိုင်း အမြင်ကျယ်တယ်လေ၊ (ရှေ့ကို အ၀န်းကျယ်ကျယ် မြင်တတ်တယ်) မျက်လုံးရှေ့က အရာအပြင် တခြားနီးစပ်ရာတွေကိုပါ ဥပမာ ကလေးကြည့်ရင် ကလေးအပြင် ခွေးပါ မြင်နိုင်ကြသူတွေပါ။ ကိုယ့်ဘေးနားက အမျိုးသားက ဘာကိုကြည့်နေသလဲဆိုတာတောင် မျက်လုံးထောင့် နည်းနည်းပြောင်းရုံနဲ့ သိနိုင်တယ်တဲ့..။ ဒါကြောင့် အမျိုးသားသယ်ရင်းလေးများ ကိုယ့်ချစ်သူ အနားမှာပါရင် လမ်းမှာ တွေ့တဲ့ တခြားလှုပ်လီလှုပ်လဲ့ ကြည့်စရာလေးများကို မကြည့်မိအောင် သတိဆောင်ပြီး အကြည့်ခိုးလေးများကို မျက်တောင်ခတ် သိမ်းထားဖို့လိုပါတယ်နော်း))
    ......................................................................................................

    (၃)
    နောက်တစ်ခုကတော့ အိမ်မှာ အဲယားကွန်းဖွင့်ရင် အပူချိန် အတိုးအလျော့အတွက် စကားများရခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသားတွေက များသောအားဖြင့် အမျိုးသမီးများထက် ပုံမှန်အားဖြင့် ပူအိုက်တတ်သူတွေပါ။ အဲဒီတော့ အခန်းအပူချိန် ၂၃( degree Celsius)လောက်မှ နေလို့ ကောင်းရုံ ရှိချိန်မှာ အမျိုးသမီးများကတော့ အပေါ်ထပ်လေးနဲ့ဝတ်နေရပါပြီ။ (ဒါလည်း ဦးနှောက်ဖန်ရှင်နဲ့ ဆိုင်တယ်တဲ့...။ အသေးစိတ်တော့ နောက်မှ ပုံလေးတွေနဲ့ ပြောပါဦးမယ်။ ကိုယ်တွင်းအပူချိန် ကွာခြားပုံနဲ့ ပြင်ပအပူချိန် ဆက်စပ်ပုံကိုပါ။)

    ဒီတော့ အခန်းအပူချိန်ကို နည်းနည်းတိုးပြီး ၂၈ဒီဂရီ လောက်ထားပြီး ဘလောက်စ်အင်္ကျီလေးနဲ့ နေချင်သူ အမျိုးသမီးများနဲ့ ၂၃ဒီဂရီ လောက်မှ နေချင်သူ အမျိုးသားများ အနေဖြင့် နှစ်ဦးနှစ်ဖက် နားလည်မှုမလုပ်ပေးနိုင်ရင် ကျိတ်ကျိတ်ရန်ဖြစ်ရပါတယ်။ အမျိုးသားများမှာ ၂၈ ဒီဂရီဆိုရင်ကို စွတ်ကျယ်ဂျိုင်းပြတ်ဝတ်ပြီး ယပ်ခပ်နေရပြီ။ ဒါပေမယ့်လည်း သိတဲ့အတိုင်း မိန်းခလေးတွေက အားနွဲ့သူတွေမဟုတ်လား။ ဒီတော့ လသာညဆို အဲယားကွန်းကို ကိုယ့်စိတ်ကြိုက် အပူချိန်ကို ထားလိုက်ပြီး “အပူချိန်တအားနည်းရင် အအေးပတ်မှာ စိုးလို့နော်၊ လေဖြတ်တတ်တယ်”လို့ စေတနာသံနဲ့ ပြောသေးတာ။ တခါတခါဆို အဲကွန်းရမုတ်ကို ဖွက်ထားလိုက်တယ် (စိတ်ပုပ်တာလေ)။ တကယ်တော့ အမျိုးသမီးတွေက ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်မှ ဖြစ်တာမဟုတ်လား။ ကိုယ်နေမကောင်းရင် သူတို့ပဲ စိတ်ပူရတာကို .. ဟုတ်တယ်ဟုတ်း))) ။
    ...........................................................................................

    (၄)
    နောက်စိတ်ဝင်စားစရာ အချက်တစ်ချက်က ကလေးတွေနဲ့ လူငယ်တွေအတွက် သရဲရထား၊ သရဲဥယျာဉ်တွေကို တီထွင်သူတွေက လူရဲ့ဘယ်ဘက်ခြမ်းကနေ သရဲရုပ်တွေနဲ့ခြောက်တာ များပါသတဲ့။ (သတိထားမိသူ ရှိပါသလား..??) အဲဒါဟာ ကြောက်ရွံတဲ့ဖီလင်ကို ခံစားလိုတဲ့ လူငယ်တွေအတွက် ဦးနှောက်ဖန်ရှင်နဲ့ စနစ်တကျ အကွက်ချ တည်ဆောက်ထားတာဖြစ်ပါတယ်။

    ဦးနှောက် ဘယ်ဘက်ခြမ်း အာရုံကြောက ကြောက်ရွံခြင်းကို ပိုခံစားရစေပြီး ညာဘက်ခြမ်းကတော့ လုံခြုံမှုစိတ် (sense of security)ကိုရရှိစေတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် လသာညရဲ့ မောင်လေးများအနေဖြင့် ချစ်သူလေးနဲ့ သရဲရုံထဲ သွားလည်မယ်ဆိုရင် (ဒါမှမဟုတ် မိန်းခလေး သူငယ်ချင်းတွေနဲ့ ညမှောင်မှောင် ခရီးသွားရတဲ့အခါမျိုး ရှိခဲ့ရင်) ကိုယ်ကစပြီး ကြောက်တဲ့ခံစားချက်ကို မရရအောင် ချစ်သူကို ဘယ်ဘယ်ခြမ်းက ထား၊ ကိုယ်က ညာဘက်ခြမ်းက လျှောက်ပြီးသွားပါတဲ့။ ကြောက်စရာကို မြင်ရတာ အတူတူပေမယ့် ဘယ်ဘက်ခြမ်းအာရုံကြောကြောင့် ကြောက်ရွံခြင်းကို ပိုခံစားရတဲ့ သူလေးကို “မကြောက်နဲ့၊ ကိုကိုရှိတယ်”လို့ သတ္တိများများ ဗန္ဓုလသွေးနဲ့အားပေးနိုင်တယ်တဲ့။ စာအုပ်ထဲအတိုင်း ပြောရတာဖြစ်တော့ .. ကြုံရင် ဟုတ်မဟုတ် စမ်းကြည့်လိုက်နော်း)))
    ........................................................................................

    အမြဲ အတူတူ နေနေကြတဲ့ သဘာဝမတူ လူသားတွေ အချင်းချင်း တခါတလေ နားမလည်ဘူး၊ နားကို မလည်တော့ဘူးလို့ ဆိုကြတဲ့အချက်များအကြောင်း ကျွန်မဖတ်မိသိသလောက် ဗဟုသုတ ပြောပြတာပါ။ မိသားစု၊ မောင်နှမ၊ သူငယ်ချင်း အချင်းချင်း အပြန်အလှန်နားလည်မှုတွေ ရပြီး စိတ်ချမ်းမြေ့ကြပါစေနော်။

    လသာည ဖြစ်ပါတယ်။
    ................................................

    မှတ်ချက်။ ။ဒီတခါ ပိုစ်ရှည်သွားပါတယ်။ စာမရေးဘူးမရေးဘူး ပြောတဲ့သူငယ်ချင်းလေးများအတွက် အမုန်းဖတ်လို့ရအောင် အရှည်ကြီး ရေးပစ်လိုက်တယ်။ ကဲ.. :lol: စိတ်ဆိုးဖူးမို့လားး)))။

    Saturday, September 11, 2010

    အိုက်ဒီယာသစ် တစ်ခု

    အလုပ်များ စိတ်တွေရှုပ်၊ အတွေးတွေ ဟောင်းနေလို့ စိတ်ပျက်နေလား သူငယ်ချင်း။ တကယ်တော့ အိုက်ဒီယာ (အတွေးအခေါ်) အသစ်တစ်ခုဟာ ဘယ်နေရာ ဘယ်အချိန်မှာ ပေါ်လာတတ်သလဲဆိုတာ မင်းသိရင် အတွေးသစ်တွေ မရလို့ လုံးဝစိတ်ပျက်လိမ့်မယ် မထင်ပါဘူး။

    တကယ်တော့ အိုက်ဒီယာအသစ်တစ်ခုဆိုတာ တအားခေါင်းခြောက်အောင် စဉ်းစားနေချိန်မျိုးမှာ မထွက်ပဲ၊ ခေါင်းထဲကနေ ရုတ်တရက် ဖြတ်ကနဲ လျှပ်စီးလက်သလို သိပ်မစဉ်းစားတဲ့အချိန်မျိုးမှ ထွက်လာတာမျိုးသာ ဖြစ်တယ်လို့ ဆိုပါတယ်..။

    ပညာရှင် တချို့ရဲ့ လေ့လာချက်များအရ..အိုက်ဒီယာအသစ်တွေကို ရရှိချိန်တွေကို ရာခိုင်နှုန်းတွက်ရင် အောက်ပါအတိုင်းဖြစ်တယ်တဲ့။

    ၁) အိပ်ယာထဲမှာ အိပ်နေရင်း ၂၀%
    (ဥပမာ.. အိုင်စတိုင်းဟာ သူ့ရဲ့ နာမည်အကြီးဆုံး နှိုင်းယှဉ်မှု သီအိုရီကို အိပ်ရာထဲမှာ ရခဲ့တယ်မဟုတ်လား)
    ၂) ပန်းခြံထဲမှာ ထိုင်နေရင်း ၁၈%
    ၃)မျက်နှာသစ် သွားတိုက်ရင်း ၇%
    ၄) အိမ်သာထဲမှာ ၃၂ % (အများကြီးပဲနော်း)))
    ၅) ရေချိုးကန်ထဲမှာ ၂၉ % (အာခိမိဒိလည်း ပါလိမ့်မယ်း)))
    ၆) ဘတ်စ်ကားပေါ်မှာ ငေးရင်း တွေးရင်း ၁၇%
    ၇) အခန်းအနား စင့်မြင့်ပေါ်မှာ မိန့်ခွန်းချွေရင်း ၁%
    ၈) လေယာဉ်ပေါ်မှာ ၄%
    ၉) ရေကူးကန်မှာ ၂%

    အဲ.. အစည်းအဝေးခန်းမထဲမှာ ထိုင်စဉ်းစားရင်း အိုက်ဒီယာ အသစ်ထွက်တဲ့ ရာခိုင်နှုန်းက သုည ရာခိုင်နှုန်း (၀%) တဲ့..

    ကျွန်မလည်း အခု စာရေးရင်း မိုးရွာလာတာနဲ့ အိုက်ဒီယာသေးသေးလေး တစ်ခု ရသွားပါတယ်..။ အဲဒါက မိုးအေးအေးနဲ့ ကော်ဖီသောက်ရင်း သီချင်းလေးနဲ့ ငြိမ့်တာ လောလောဆယ် ခေါင်းရှုပ်နေတာအတွက် အကောင်းဆုံး အိုက်ဒီယာလေးပေါ့ လို့ (^=^)/


    Frisk ပီကေ ကြော်ငြာပါ။ hello, idea တင်ပြပုံလေးကို လသာည ကြိုက်လို့ ပြန်မျှဝေတာပါ။

    မှတ်ချက်..( ၁)- တခြားမှာ ရေးထားပြီးသားပိုစ်ကို ပြန်ဆားချက်တာပါ။
    မှတ်ချက်..(၂)- ရာခိုင်နှုန်းတွေကို ပေါင်းကြည့်တာ တစ်ရာရာခိုင်နှုန်းကျော်နေပါတယ်။ (ထပ်နေတာ ရှိလို့ပါတဲ့)

    လသာည ဖြစ်ပါတယ်..

    Wednesday, September 8, 2010

    ဖြစ်ရလေ..

    ဒီလထဲ ရေးချင်တာတွေ ဖတ်ဖြစ်တာတွေ များပေမယ့် အလုပ်တွေများနေတော့ လူအားချိန်တောင် စိတ်က မအားတော့ အမြဲမအားသလို ဖြစ်နေတယ်။ ပိုစ်တွေ မတင်ဖြစ်ပေမယ့် စကားတွေ မပြောဖြစ်ပေမယ့် သူငယ်ချင်းများ အားလုံးကိုတော့ သတိရနေပါတယ်။ ခရီးက ပြန်ရောက်တော့ အစ်မရွှေစင် ညီမလေး စည်းစိမ်က စာများများရေးနော် လို့ လာအော်အားပေးရှာတယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ်ဝမ်းနာ ကိုယ်သာသိဆိုတော့ သူလေးတောင် အားနာသွားတယ်။ ဒီနေ့တော့ အသစ်တွေမဟုတ်တဲ့ အဟောင်းလေးတွေပဲ အမှတ်တရ ပိုစ်လုပ်တင်လိုက်ပါတယ်။

    သူငယ်ချင်း ဆေးရုံတက်တုန်းက လူနာစောင့်သွားတုန်းက အမြန်လာဖို့ ဖုန်းအကြောင်းကြားလာတာနဲ့ တွေ့တဲ့ အင်္ကျီဝတ်ပြီး မြန်မြန်သွားတာ။ ဓါတ်ပုံအမှတ်တရ ရိုက်ပြီး ကင်မရာက ဓါတ်ပုံထွက်လာမှ တွေ့လိုက်တာက အကျီင်္က SSS ဆိုတဲ့ တံဆိပ်ကို မခွာရသေးဘူးလေ ..။ (အင်္ကျီအသစ်မှန်း သိအောင် ကြွားလိုက်တား)  ရိုက်ပေးတဲ့သူက တိုက်ရိုက်မပြောပဲ ဓါတ်ပုံပဲ ပေးပြတယ်။ ဆေးရုံအသွား လမ်းတလျှောက်မှာ ကိုယ့်ကြည့်ပြီး ပြုံးသွားတဲ့ လူတွေကို ပြန်တွေးပြီး ရှက်လိုက်တာ ပြောပါနဲ့တော့..

    နောက်တစ်ခုကတော့ ဆေးရုံကအပြန် ဂျပန်အိုခါးစံက အိမ်လည်ခေါ်လို့ လိုက်သွားလည်တုန်းက အကြောင်းပါ။ သူက မြန်မာစောင်းအကြောင်း မေးတော့ ကိုယ်ကလည်း မြန်မာ့စောင်းဟာ မြန်မာ့ အနုပညာလက်ရာစစ်စစ်မို့ မြန်မာတိုင်း မြတ်နိုးကြတယ် ဘာညာလို့ ဖြီးလိုက်တယ်။ သူတို့ကလည်း အထင်ကြီးပြီး လျှောက်မေးတော့ Biruma no tatekoto ဆိုတဲ့ ဂျပန်-မြန်မာ ရုပ်ရှင် ရှိတယ်လို့ ပြောလိုက်သေးတယ်။ ခဏနေတော့ အိုခါးစံက အခန်းတခန်းထဲ ခေါ်သွားတယ်။ အဲ့မှာ စောင်းကောက်ကြီး တွေ့ပါလေရော..။ သူက စောင်းကို အပိုင်ဝယ်ထားတာတဲ့..။ အခုနက ကိုယ်ပြောစကားနဲ့ ကိုယ့်ကို အထင်တကြီးနေသူဆိုတော့ “နုစံ စောင်းတီးတတ်လား၊ ငါ့ကို သင်ပေးပါ” တဲ့..။

    ရှက်လိုက်တာနော်။ တကယ်က ကိုယ်ကဖြင့် စောင်းကို ပုံစံကျအောင်တောင် ကိုင်တတ်တာမဟုတ်ဘူးဆိုတော့..။ ငိုရခက် ရယ်ရခက်..။ အခုတွေးရင် အခု ထွက်ပြေးချင်တုန်း။ နောက်ဆုံးတော့ သူကပဲ ပြန်ပြီးတော့ ကိုင်နည်း သင်ပေးလိုက်တယ်။ နောက်တော့ မှတ်သွားပြီ။ မသိတဲ့ အရာတွေ မသိတဲ့အတိုင်းပဲ ကောင်းတယ်လို့...

    လသာည....

    ဓါတ်ပုံများကတော့ - တက္ကသိုလ်တူ မောင်လေး ဘလော့ဂါ ကိုဧည့်သည် ရဲ့ ရိုက်ချက်များသာ ဖြစ်ပါတယ်။ အဲဒီ ဓါတ်ပုံများအတွက် ကျွန်မလည်း သူ့ကို ရိုက်ချင်နေခဲ့ပါတယ်။

    Tuesday, September 7, 2010

    ဂျပန်နိုင်ငံမှာ ဒံပေါက်ချက်မယ်ဆိုရင်



    ။။။။။အခုရက်ပိုင်း မအားတာ၊ ခရီးလွန်တာနဲ့ ၂၀၁၀ ခုနှစ် ၈-လပိုင်း၊ ၉လပိုင်းရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး (အော် ဗေဒင်ဟောစာတမ်းနဲ့ မွှားသွားလိုး))) စတဲ့ ကိစ္စ ၀ိစ္စတွေ အထူးများနေတာနဲ့ ဘလော့မရေးနိုင် ဘလော့မလည်နိုင် ဖြစ်နေတာ ခွင့်လွှတ်ကြပါနော် (^^)/ ။

    အဆင်မပြေပဲ ပဲအိုးတူးပြီး သွားတဲ့နောက် အဆင်ပြေသွားတဲ့ ဒံပေါက် ချက်နည်းကို တင်ပေးလိုက်ပါတယ်။ ဒီပိုစ်ကတော့ ဂျပန်နိုင်ငံမှာ နေပြီး ဒံပေါက်စားချင်ရဲ့သားနဲ့ လိုအပ်တဲ့ အဆာပလာ ပစ္စည်းလေးတွေ ၀ယ်ဖို့ အဆင်မပြေတာကြောင့် မစားရတဲ့ သူငယ်ချင်းတွေအတွက် အထူး မျှဝေတာပါ။ ချက်နည်းကတော့ သူများတွေချက်တာနဲ့ သိပ်တော့မထူးဖူး ထင်တာပါပဲ။ ဂျပန်မှာ ရှိတာနဲ့ ကိုယ်လုပ်တတ်တဲ့ နည်းနဲ့ လုပ်စားရင်း အဆင်ပြေသွားတာနဲ့ မျှဝေတာ သက်သက်ပါ။

    ဒံပေါက် ၆-ယောက်စာ အတွက် လိုအပ်သော ပစ္စည်းများ

    ၁- Basmatiဆန် (တစ်ကီလို တစ်အိတ်)
    ၂- ဘရာဇီး ကြက် တစ်ကောင် သို့မဟုတ် ကြက်ပေါင် -၆ ပေါင်
    ၃- ဒိန်ချဉ်ပလိန်း ရယ်ဒီမိတ် (၄၅၀ ဂ၇မ်) တစ်ဗူး
    ၄- ထောပတ် ၂-ဇွန်း သို့မဟုတ် ထောပတ်အခဲသေးသေး ၂ ခု
    ၅- ဒံပေါက်မဆလာ (ဒီတခါတော့ မ၀ယ်ဖြစ်လို့ မထည့်ဖြစ်ဖူး)
    ၆- ဆန်ဆိုးဆေး အနီ၊ အ၀ါ ၊ အစိမ်း
    ၇- သစ်ဂျပိုး မှုန့် ၁-ဇွန်းခန့်
    ၈-ကရဝေး ၆-ရွက်၊
    ၉-သီဟိုစေ့၊ စပျစ်သီးခြောက် (ကြိုက်ရင် တခြား သစ်သီးခြောက်ပါ ထည့်)
    ၁၀- ပဲစိမ်းစေ့ (ဒါကတော့ ဂျပန်နိုင်ငံမှာ ပေါပါတယ်)

    တိုကျိုမှာ ဆိုရင်တော့ မြန်မာဆိုင်မှာ လိုတဲ့ ပစ္စည်းတွေ ၀ယ်လိုရနိုင်ပေမယ့် တခြားမြို့မှာ ရောက်နေတဲ့အခါ ဒံပေါက်ချက်ဖို့ အခက်အခဲ ဖြစ်တတ်တယ်။ တကယ်တော့ အဲဒီပစ္စည်းတွေက ဂျပန်နိုင်ငံက ဘယ်မြို့က ဆူပါမားကတ်တွေမှာမဆို ရှိပေမယ့် ဂျပန်လိုအခေါ်အဝေါ်မသိလို့သာ မတွေ့တာပါ။ ဒါကြောင့် ရောက်တဲ့နေရာမှာ ၀ယ်လို့ရအောင် ပစ္စည်းလေးတွေပါ ဓါတ်ပုံရိုက်ပြီး တင်ပေးလိုက်တယ်။



    ဒီပုံက ဘယ်ဘက်က ဗူးလေး သုံးဗူးက ဒံပေါက်ထမင်းကို ဆေးဆိုးတဲ့ပစ္စည်းလေးတွေပါ။ ကိတ်မုန့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေရောင်းတဲ့ ကောင်တာဘက်မှာ ဂျုံမှုန့်၊ ချော့ကလက်မှုန့်၊ သစ်သီးခြောက်ထုတ် စတာတွေနဲ့အတူ တွေ့ရတတ်တယ်။

    အပေါ်ပုံက ဘေးက ၀ါဝါ ပုလင်းလေးကတော့ သစ်ဂျပိုးခေါက် (シナモン) cinnamon လို့ခေါ်တယ်။ အောက်ပုံက ကလဝေးရွက် (ローレル)ပါ။ သစ်ဂျပိုးခေါက်နဲ့ ကလဝေးရွက် ကို ကာရေး (カレー)နှင့်ပတ်သက်ပြီး ရောင်းတဲ့ အမှုန့်တွေနားမှာ တွေ့လိမ့်မယ်။


    ထောပတ်-
    ထောပတ်ကတော့ အမျိုးမျိုး ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ အမျိုးအစားကို ယူသုံးပါ။ လသာည သုံးတာကတော့ အောက်က ထောပတ်ကို ၀ယ်သုံးခဲ့တယ် (အခဲသေးသေးလေးတွေ ၈-ခု ပါတယ်။ ၂-ခုလောက်ကို ဒံပေါက်ထဲထည့်ရင် ရပြီ။)

    ဒါကတော့ ဒိန်ချဉ်ဗူး ၄၅၀-ဂရမ်ပါတယ်။ လသာညတော့ အကုန်ထည့်လိုက်တာပဲ..။

    နောက်ပြီး ထပ်ဝယ်ဖို့ လိုတဲ့ သီဟိုစေ့၊ စပျစ်သီးခြောက်၊ ပဲစိမ်းစေ့တွေကို ယမ်းတစ်ရာဆိုင် သို့မဟုတ် အပေါ်က စတိုးဆိုင်တွေမှာပဲ နည်းနည်းစီ ၀ယ်လို့ရတယ်။

    အဓိက လိုအပ်တဲ့ ဆန် ကိုတော့ ကုလားဆိုင်မှာ ၀ယ်လို့ရမယ်ထင်တယ်။ နောက်ဆုံးမရရင်တော့ ကိုယ့်ရှိတဲ့ ဆန်နဲ့ လုပ်ကြည့်ပေါ့နော်။ ကြက်သားကလည်း ဘရာဇီးကြက် (မြန်မာကြက်လိုပဲ စားရတာ ချိုလို့လေ) တစ်ကောင်လောက်ဆို ရမယ်ထင်တယ်။

    လုပ်နည်း..
    တကယ်တော့ လုပ်နည်းကတော့ သူများလုပ်တာတွေ လျှောက်ဖတ်ပြီး ကိုယ့်မှာရှိတဲ့ပစ္စည်းရယ်၊ ကိုယ်နားလည်သလို လိုက်လုပ်လိုက်တာပါ။ အာလုံးလည်း ဒီနည်းကို သဘောကျရင် လုပ်ကြည့်နော်။

    ၁) ဆန်ကို ရေ နာရီဝက် စိမ်ပြီး ပေါင်းအိုး (Rice cooker)မှာ ဆန်ရယ်၊ ထောပတ်ခဲရယ်၊ ဒိန်ချဉ်ရယ်၊ ဆားအနည်းငယ်ကို ရောထည့်ပြီး ခလုပ်နှိပ်ချက်လိုက်တယ်။ ရေကိုတော့ ပုံမှန်ထက် လက်တလုံးစာ လျော့ထည့်တယ်။ ထမင်းမာတာ ကိစ္စမရှိပေမယ့် ပျော့သွားရင် အဆင်မပြေလို့လေ။ (ထမင်းကို အရောင်ဆိုးရင် ရေဖြန်းဦးမှာ ဆိုတော့ အခုချက်တာ ထမင်းမာထားမှ နောက်ဆုံးမှာ အနေတော်ဖြစ်သွားမှာ) ထမင်းပွက်ချိန်လောက်မှာ ထောပတ်ခဲ ကျေအောင် ယောင်းမနဲ့၂ ခါလောက် မွှေပေးလိုက်တယ်။

    ၂) ထမင်းချက်တုန်းကို ကြက်သွန်နီ ဥကြီး ၃ လုံးလောက်ကို မီးဖိုပေါ်မှာ နွမ်းတဲ့အထိ (အညိုရောင် ရတဲ့အထိ ကြော်လိုက်တယ်)။ ပြီးရင် ဆယ်ထားပြီး ကြက်သွန်နီကြော်နဲ့ ဟင်းခတ်မဆလာတွေဖြစ်တဲ့ သစ်ဂျပိုးခေါက်မှုန့်၊ ကလဝေးရွက်၊ သစ်သီးခြောက်၊ ပဲစိမ်းစေ့ စတာတွေကို သမအောင် မွှေထားလိုက်တယ်။ (ဒီကတဲက ဒံပေါက်နံ့ ထွက်နေပြီး))

    ၃) ကြက်သားကို တုံးတစ်ပြီး ငံပြာရည်၊ ဆား၊ ဂျင်း၊ ကြက်သွန်ဖြူ(ကြိတ်ထားတယ်)၊ သကြားနည်းနည်းနဲ့ ခါတိုင်းကြက်သားချက်သလို လုံးချက်ချက်လိုက်တယ်။ ကြက်သားက နှုးလာပြီး ဆီပြန်မွှေးလာတဲ့အခါ ချလိုက်တယ်။

    ၄) ထမင်းအိုး ကျက်တဲ့အခါ ပေါင်းအိုးလိုက် ဇလုံအကြီးကြီးထဲကို မှောက်ပြီး သွန်လိုက်တယ်။ ခရင်းလေးနဲ့ အသာလေးဆွထားလိုက်ပါ။

    ၅) ထမင်းဆေးဆိုးဖို့အတွက် ဆေးမှုန့်လေးတွေကို ရေနည်းနည်းနဲ့ ဖျော်ထားလိုက်တယ်။ အနီတခွက်၊ အ၀ါတခွက်၊ အစိမ်းတခွက် သုံးခွက်ပေါ့။ (ပထမဆုံးလုပ်တုန်းက ရေများပြီး အမှုန့်နည်းသွားလို့ အရောင် သိပ်မရလိုက်ဖူးး))

    ၅) ပြီးရင် ထမင်းသုံးပုံတစ်ပုံလောက်ပြန်ယူပြီး ထမင်းပေါင်းအိုးထဲမှာ ပြန်ဖြန့်ထည့်ပါ။ ပြီးရင် ထမင်းပေါ်ကို အနီရောင် ဆေးလေးကို ဟိုတကွက်ဒီတကွက် နည်းနည်းစီ ဖျန်းလိုက်တယ်။ နောက် အစိမ်းရောင်နဲ့ အ၀ါရောင်ကိုလည်း အဲလိုပဲ ဟိုတကွက် ဒီတကွက် မထပ်အောင် လိုက်ဖျန်းတယ်။

    ၆) ပြီးရင် အဲဒီအပေါ်ကို ကြက်သွန်နီနဲ့ ဟင်းခတ်အဆာပလာတွေ ရောထားတဲ့ ဇလုံထဲကနေ ကြက်သွန်နီကြော် သုံးပုံပုံပြီး တစ်ပုံကို ဇွန်းနဲ့ လိုက်ဖြန့်လိုက်တယ်။ ကြက်သားဟင်း သုံးပုံတစ်ပုံကို ဖြန့်ထည့်တယ်။

    ရ) ပြီးရင် အပေါ်က ထမင်းနောက်သုံးပုံတစ်ပုံကို ယူပြီး ထပ်ဖြန့်တယ်။ အနီ၊ အ၀ါ၊ အစိမ်း ကိုလည်း အပေါ်ကအတိုင်း လိုက်ဖြန်းတယ်။

    ၈) အပေါ်ကနေ ကြက်သွန်နီကြော် နောက်သုံးပုံတစ်ပုံ ကို ယူပြီး ဇွန်းနဲ့ လိုက်ဖြန့်တယ်။ ကြက်သားဟင်း သုံးပုံတစ်ပုံကို ဖြန့်ထည့်တယ်။

    ၉) နောက်ထပ် ကျန်ထမင်းနဲ့ ဟင်းတွေကိုလည်း အပေါ်ကအတိုင်း ထမင်းတထပ်၊ ကြက်သွန်နီကြော် တထပ်၊ ကြက်သားဟင်းတထပ် ဆိုတဲ့ ပုံစံနဲ့ လိုက်ထည့်လိုက်ပါ။

    ၁၀) ပြီးရင် ပေါင်းအိုးထဲ ထည့်၊ cook ခလုပ်နှိပ်၊ ၁၅ မိနစ်လောက် ထားလိုက်တယ်။ ၁၅ မိနစ်ပြည့်တော့ warm ခလုပ်ပြောင်းနှိပ်ပြီး ထားလိုက်ပါ။ စားလို့ရပါပြီး)))

    အအီပြေ အချဉ်အတွက်တော့ အဲဒီနေ့က သရက်ချဉ် ၀ယ်လို့ရတာနဲ့ သုတ်ဖြစ်သွားတယ်။ နောက်ပြီးတော့ အိစံက သခွားသီးနဲ့ အချဉ်သုတ်လုပ်ပေးပါတယ်။ ဒီတခါ ချက်တာ အဆင်ပြေသွားတော့ တော်တော်စားကောင်းတယ်။ မအီလည်း မအီဘူး။ ကဲ အားလုံး ချက်စားကြည့်လိုက်ကြနော်။

    မအားတဲ့ကြားကပဲ မဖြစ်မနေ လာရောက်ပြီး အားပေးသွားတဲ့ သူငယ်ချင်း နှစ်ယောက်ကို အရမ်းကို ကျေးဇူးတင်ပါတယ်..။ ပျော်စရာလည်း ကောင်းတဲ့ တကယ့်ကို အမှတ်တရ နေ့ တစ်နေ့ပါ။

    လသာည လျှောက်ချက်တာ ဖြစ်ပါတယ်။

    Wednesday, August 4, 2010

    နားလည်ပေးပါ ပိတ်သတ်ကြီးရယ်



    ဟာ.. တူးသွားပြန်ပြီ ပဲအိုး |(!!)/...။ ကဗျာဆရာ မိဆိုးလေး ကြားရင် ငါတော့ ခက်တော့မယ်..။

    ၈ လပိုင်း ၄ ရက်
    ပဲအိုးလေး တူးခဲ့..

    နားလည်ပေးပါ ပိတ်သတ်ကြီးရယ်..
    ကျွန်တော် ဒီလောက်ပဲ ခြစ်တဲ့ဟာကို... (ဟိ..ဟိ)


    ဟေ့..
    မင်းက ဘာကို အထင်ကြီးတာလဲ..
    မင်းက ဘာကို မက်မောတာလဲ..
    မကြားချင်လည်း နားပိတ်ထားလိုက်..
    ငါ့လို ကောင်က ဆက်တူးမှာပဲ..။ (စိုင်းစိုင်း လသာညကွ)

    တောင်းပန်တယ်ကွာ တောင်းပန်တယ်ကွာ..
    တလောကလုံးကို တူးခါးနေတာပဲ “(ဓ-ဓ)”

    လသာည တူးသည်..း)))))
    (၂၀၁၀. ၈ လပိုင်း ၄ ရက် မနက် ၉နာရီ)
    ဘာပဲဖြစ်ဖြစ် ပျော်ပျော်နေ သေခဲတဲ့ ..။

    Saturday, July 31, 2010

    ပြိုင်ဖက်မရှိ ချစ်တတ်သူများ

    နေ့စဉ်ဘ၀တွေထဲမှာ သွားရင်းလာရင်း “ပြိုင်ဖက်မရှိ ချစ်တတ်သူများ”ကို တွေရတဲ့အခါ အလိုလို ပြုံးမိပါတယ်...။ ကျွန်မသူငယ်ချင်းများရော ပြိုင်ဖက်မရှိ ချစ်တတ်သူများကို တွေ့ဖူးပါသလား..။ ခက်ခက်ခဲခဲ မရှာရပါဘူး..။ လောကထဲမှာ အများကြီး ရှိပါတယ်။ အများကြီးဆိုမှ အများကြီး...ပါ..။
    ......................................
    တခါက ၅ နှစ်အရွယ် ကလေးနှစ်ယောက် အတူတူ ဆော့ကစားကြတယ်..။ ဆော့ကစားရင်း ခလုပ်တိုက် လဲသွားကြတယ်..။ နှစ်ယောက်လုံး ဒူးလေးတွေ ပွန်းသွားပြီး နဖူးလေးတွေ ရဲသွားအောင် နာသွားတယ်ပေါ့..။
    ဒီတော့ကလေးငယ်တစ်ယောက်က လက်တစ်ဖက်က သူ့နဖူးကိုသူပွတ်ပြီး “အား..နာလိုက်တာ”လို့ ပြောရင်း သူငယ်ချင်းကို ကြည့်လိုက်တယ်။ သူငယ်ချင်းက မျက်နှာမဲ့ပြီး ငိုတော့မဲ့အရိပ်အရောင်မြင်လိုက်တော့ ဘာလုပ်ရမှန်းမသိတာမို့ အားပေးတဲ့အနေနဲ့ သူရဲ့ ဖုံပေနေတဲ့ လက်သေးသေးလေးနဲ့ပဲ သူငယ်ချင်းခေါင်းလေးကို ပွတ်ပေးလိုက်တယ်။ ပါးစပ်ကလည်း“အုံဖွ အုံဖွ အရမ်းနာတာပဲနော့”တဲ့..။

    သူချော့နေပေမယ့်လည်း သူ့သူငယ်ချင်းက မျက်နှာလေးမဲ့ရာကနေ အသံအကျယ်ကြီးနဲ့ အီင်္း ကနဲ့ ငိုချလိုက်ပါတော့တယ်။ အတန်းထဲက ဆရာမရောက်လာပြီး ငိုနေတဲ့ သူ့သူငယ်ချင်းကို ခေါ်သွားတယ်။ ပြီးတော့ ပွေ့ဖက်ချော့မြူပြီး မုန့်ပေးတာကို တွေ့လိုက်ရတယ်..။ သူငယ်ချင်းက ငိုသံကို တရှိုက်ရှိုက်လိုက်ရင်း မုန့်ကိုယူစားလိုက်တာလည်း တွေ့ရတယ်။ သူကဆက်ပြီး ငေးကြည့်နေပေမယ့် သူငယ်ချင်းက သူ့ကို လှည့်မကြည့်တော့ဘူးရယ်။ သူငယ်ချင်းလည်း ငိုသံတိတ်သွားပြီဆိုတော့ ကလေးငယ်လေးဟာ အမည်မသိ ၀မ်းနည်းစိတ်နဲ့ သူ့ခုံနားလေးကို လှည့်ပြန်လာခဲ့တယ်။

    တကယ်ဆို သူလည်း နာတဲ့သူပဲ..။ဆရာမချော့မြူတာကိုခံချင်တာပေါ့၊ မုန့်လည်း စားချင်တာပေါ့။ အခုနက ကိုယ့်အနာထက် သူငယ်ချင်းကိုပဲ အားပေးနေခဲ့တဲ့ကလေးငယ်က အခုမှ သူ့အနာကို နာကျင်ရမှန်းသိသွားတယ်။ အနာကို လက်ဖမိုးဖောင်းဖောင်းသေးသေးလေးနဲ့ ပွတ်လို့ တိတ်တိတ်လေး တစ်ယောက်တည်း မျက်ရည်ကျနေခဲ့တယ်။
    သူဘာလို့ အခုနက မငိုပဲ အခုမှ ငိုမိသလဲ.. ကလေးပီပီ စဉ်းလည်း မစဉ်းစားတတ်ဘူး၊ နားလည်းမလည်ခဲ့ဘူး..။

    နောင် နှစ်၂၀ကျော် ကြာပြီးတဲ့နောက် လူကြီးအသွင်နဲ့ သူအလုပ်ထဲဝင်ရတဲ့အခါ သူ့သူငယ်ချင်းလို လူတွေကို အများကြီး တွေ့ရတယ်.။ အလုပ်အတူတူလုပ်၊ ပင်ပန်းတာချင်းအတူတူ အသံကျယ်ကျယ် ညည်းပြတတ်တဲ့အတွက် အရာရှိက “အလုပ်ကြိုးစားသူ”အဖြစ် သတ်မှတ်ခံသွားရပြီး ရာထူးတွေ အဆင်ဆင့် တိုးတိုးသွားသူတွေ၊ ကိုယ်ခံစားနာကျင်နေချိန်တွေမှာ ကိုယ့်ဒုက္ခမှ ဒုက္ခလို့ ထင်ပြီး ညည်းတွားတဲ့အတွက် စာနာစွာ လာအားပေးသူ သူငယ်ချင်းတွေကြားမှာ ကျေနပ်ပျော်ရွှင်နေတတ်ပေမယ့် အဲဒီသူငယ်ချင်းတွေ အလှည့်ကျတော့ ဂရုတစိုက် ပြန်အားပေးဖို့ မေ့နေတတ်သူတွေ၊ အခုဘ၀မှာ သူများရဲ့ ဂရုစိုက်မှု၊ ကြင်နာမှုရနေတာဟာ ကံတရားကြောင့် ဘုရားပေးလို့ အဆင့်သင့်ရလာတာလို့ ထင်နေတတ်သူတွေ.. အစရှိသဖြင့်ပေါ့ အများကြီးပါပဲ...။

    လူတိုင်း ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုပေမယ့် သူတို့ကတော့ တကယ်ကို ပြိုင်ဖက်မရှိ ချစ်ကြတဲ့သူတွေပါပဲ...။

    .......................................

    အခုတော့ အဲလို ကိုယ့်ကိုယ့်ကိုပြိုင်ဖက်မရှိ ချစ်နေကြသူတွေ ပတ်ဝန်းကျင်တွေမှာ မကြာခဏ တွေ့ရလာတဲ့အခါတိုင်း သဘောကျစွာ ကျွန်မ ပြုံးနိုင်ပါပြီ..။

    ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေတွေကြားက ကြင်နာမှု ဂရုစိုက်မှုဆိုတာ ဘုရားပေးတာ မဟုတ်ပါဘူး..၊ကိုယ့်ရင်ထဲက၊ နောက်ပြီး သူ့နှလုံးသားထဲက ဖြစ်တည်လာတဲ့ အကြင်နာ သွေးတွေသာ ဖြစ်ပါတယ်။ လူတိုင်းမှာ ၀မ်းနည်းချိန်၊ သောကဝေ အားငယ်ချိန် ဆိုတာ ရှိနိုင်တယ်။ ကိုယ့်အားငယ်ချိန် တစ်စုံတစ်ဦးရဲ့ မေတ္တာပေး ဂရုစိုက်မှုကို ရလာခဲ့ဖူးရင် ထိုသူ အားငယ်ချိန်၊ ဒုက္ခရောက်ချိန်မှာလည်း မမေ့မလျော့ ကိုယ့်ရင်ထဲကလာတဲ့ ဂရုစိုက်မှုတစ်ခုတော့ သူ့ကို ပြန်ပေးသင့်တယ် မဟုတ်ဖူးလားဟင်..

    လသာည..ရဲ့ အတွေးပါ...

    Tuesday, July 27, 2010

    အတွေးတချို့နဲ ဟာသတချို့

    စာကြည့်တိုက်နဲ့ lab ထဲက စာအုပ်စင်ကို သွားတိုင်း မျက်လုံးက အကျင့်ပါနေတော့ ကိုယ့်ကျောင်းစာနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ကျော်သွားပြီး တခြားစိတ်ဝင်စားတဲ့ စာအုပ်တွေပဲ မျက်လုံးက ရောက်တယ်..။ စာတွေဖတ်ပြီးတိုင်းလည်း အဆုံးမရှိ လျှောက်တွေးတယ်.. လျှောက်ငေးတယ်..။ ပြီးတော့ အခုလို လျှောက်ရေးတယ်း))..
    ၁) တစ်ကြောင်းဟာသတွေ ဖတ်ဖြစ်တယ်..။ ( တကယ်က တစ်ကြောင်းတည်းရေးထားတာလည်း မဟုတ်ပဲနဲ့း)
    (၁) Happy Birthday
    တနေ့မှာ ဖယောင်းတိုင်စက်ရုံတစ်ရုံ မီးထလောင်တယ်။ မတတ်သာတဲ့အဆုံး လူအားလုံးက မတ်တတ်ရပ်လိုက်ကြပြီး စကားလုံးတစ်ချို့ကို သံပြိုင်ရွတ်လိုက်ကြတယ်။
    \(^^)/\(^^)/" Happy Birthday"\(^^)/\(^^)/
    ***
    (၂) အစားထိုး ပစ္စည်း
    အခန်းထဲရှိရှိသမျှကို ဒမြတိုက်ခံရတော့ အိမ်ရှင်ဟာ သူ့မိန်းမ ပြန်မလာခင် နဂိုပစ္စည်းတွေနဲ့ ပုံစံတူတွေကို လိုက်ဝယ် အစားထိုးရတယ်။ သူ့မိန်းမပြန်လာတဲ့အခါ အကျိုးအကြောင်းပြန်ပြောပြတော့ သူ့မိန်းမက
    “ရှင်ကို ကျွန်မ သိလို့လား” တဲ့။ ယောက်ျားက“ အော်.. မိန်းမကိုပါ အစားထိုးလဲလှယ်ထားတာ ငါ့မေ့သွားလို့ပါ”း))
    ***
    (၃) အားကိုးရတဲ့ သူငယ်ချင်း
    ဟိုတနေ့က ကျွန်တော့်အခန်းက မှန်ကျကွဲသွားတယ်။ ဒါနဲ့ နှစ်ပေါင်းများစွာ ကံဆိုးမှာ ကြောက်လို့ သူငယ်ချင်းနဲ့ တိုင်ပင်တော့ သူငယ်ချင်း ရှေ့နေက ပြန်ပြောတယ်..“မင်း ၅နှစ်လောက်ပဲ ကံဆိုးအောင် ငါအတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်”တဲ့။ (ရှေ့နေသူငယ်ချင်းက အားကိုးရတယ်း))
    ***
    (၄) အကွေးခံချင်သူ ရှိပါသလား
    ဒီမယ် ကျွန်တော် ဘယ်တော့မှာ ကန်ထဲမှာ ရေဆင်းမချိုးဘူးဗျ။ ဘယ်နှယ်ဗျာ.. ပေတံတစ်ချောင်းကို ရေကန်ထဲ ထည့်ပြီး အပေါ်ကကြည့်ရင် ပေတံက ကွေးသွားတာ လူတိုင်း မြင်ရတာပဲ၊ ကျွန်တော့်ခန္ဓာကိုယ်တော့ ရေကန်ထဲမှာ အကွေးမခံနိုင်ပေါင်.. (အကွေးခံချင်သူ ရှိပါသလားး))
    ***
    (၅) နေ၏အလင်းရောင်ကို installလုပ်ခြင်း
    ကျွန်မက အလင်းရောင်သိပ်ကြိုက်တာလေ..။ ခပ်လင်းလင်းလေး နေချင်တာနဲ့ နေရဲ့အလင်းရောင်ကို ကျွန်မအိပ်ခန်းထဲကို install လုပ်လိုက်တာ ကျွန်မအိပ်ခန်း အပေါ်ထပ်က လူတွေ ထအော်ကြတယ်။ “ဒီနှစ်နွေ တော်တော်ပူတယ်”တဲ့ ..။
    (လသာညအိမ်ခန်းရဲ့ အောက်ထပ်က အိမ်ခန်းပိုင်ရှင်လည်း နေ့အလင်းရောင်ကို သိပ်ကြိုက်တယ်ထင်ရဲ့။ သူinstall လုပ်ထားတာ ဒီနှစ်နွေ တော်တော်ပူတယ်... အားကြီး ပူတယ်း))

    ၂ ) နပိုလီယန် (Napoleon Bonaparte ) ရဲ့ အဆိုအမိန့်များလည်း ဖတ်ဖြစ်ပြီး တချို့ကို သဘောကျမိတယ်.

    (က) နာမည်ကျော်ကြားချိန်ဆိုတာ သိပ်တိုတယ်။ လူမသိ သူမသိ နေချင်ရင်တော့ တသက်လုံးနေလို့ရပါတယ်။
    ***
    (ခ) ခင်ဗျားရဲ့ ရန်သူအမှားလုပ်နေချိန် ဘယ်တော့မှ ၀င်မနှောက်ယှက်ပါနဲ့.. ( အဲ..ခင်ဗျား မှားနေချိန် သူများက ၀င်နှောက်ယှက်ခဲ့တယ်ဆိုရင် အဲဒါ ခင်ဗျားကို ရန်သူလို့ မသတ်မှတ်လို့ပါ)
    ***
    (ဂ) သမိုင်းစာအုပ် ဆိုတာ အတိတ်ကလူတွေက သဘောတူခဲ့တဲ့ အကြောင်းအရာတွေကို ဘာသာပြန်ထားတာပါ။
    ***
    (ဃ) ရိုင်းစိုင်းသူတစ်ယောက်ဆိုတာဟာ ဒုက္ခိတတစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်ထားတာ မရှိပါ။ (ရိုင်းစိုင်းစွာ ပြုမှုပြီးမှ ကျွန်တော်က ဘာဖြစ်လို့ပါ ညာဖြစ်လို့ပါလို့ ဆင်ခြေပေးပြီး ရိုင်းစိုင်းမှုကို ဖုံးကွယ်လို့ မရဘူး)
    ***
    (င) ဘာသာတရားဆိုတာ လူဆင်းရဲတွေက လူချမ်းသာတွေကို မသတ်အောင် ကာကွယ်ထားတဲ့ အဆိုအမိန့်တွေပါ။
    ဖတ်မိသမျှ ဤတွင် ပြီး၏..

    အသစ်အသစ်လို့ လာလာအော်တဲ့ သယ်ရင်းလေးများအတွက် အမြန်ဆုံးနည်းနဲ့ ပန်ကန်လုံးစီးပြီး ရေးသွားတာ ဖြစ်ပါတယ်။ သတ်ပုံမှားရင် ခွင့်လွှတ်ပါ။ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ..း)))
    လသာည.. ဖြစ်ပါတယ်..။

    Saturday, July 17, 2010

    ကြင်နာတတ်သော်လည်း ရက်စက်သူ

    တချို့သူတွေက စိတ်ရင်းက ကြင်နာတတ်ပေမယ့် တခါတရံ တော်တော် ရက်စက်တတ်ကြတယ်။ ဘာကြောင့်လဲ..။ အကြောင်းရင်းတွေ အများကြီးထဲက တစ်ကြောင်းကို ပြောပြချင်တယ်..။

    ဗီယက်နမ် စစ်အတွင်း လူပေါင်းများစွာ သေဆုံးသွားရပြီးတဲ့နောက်မှာ စိတ်ပညာရှင်တွေက သုံ့ပန်းစစ်သားတွေကို စစ်ဆေးတဲ့အခါ သူတို့အားလုံးဟာ စိတ်ထိခိုက်မှုဝေဒနာတွေကို အပြင်းအထန် ခံစားနေကြရတာကို တွေ့ရှိခဲ့ကြတယ်။ စည်းကမ်းအမိန့်ကို လိုက်နာပြီး လုပ်ခဲ့ရတဲ့အတွက် လူတွေအများကြီး သေခဲ့ရတာကို သူတို့ရင်ထဲမှာ ထိခိုက်နေရကြောင်းလည်း ငိုကြွေးရင်း ရင်ဖွင့်ခဲ့ကြတယ်။ ဒါကို အခြေခံပြီး စိတ်သိပ္ပံပညာရှင်တစ်ဦးက စည်းကမ်းအမိန့်တစ်ခုနှင့် ပတ်သက်ပြီး လူတစ်ဦးရဲ့ အဆုံးစွန်လိုက်နာမှု( extremes of obedience) နဲ့ ပတ်သက်ပြီး စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ ပညာရှင်နာမည်က Milgram ( Stanley Milgram) ဖြစ်ပါတယ်..

    စမ်းသပ်မှုက သာမန်အရပ်သားတွေကိုပဲ လုပ်ခဲ့တာပါ။ စမ်းသပ်ချက်က အရမ်းကို ရိုးပါတယ်။ စမ်းသပ်ချက်မှာ ပါဝင်ပေးမယ့် သူတွေကို ဆရာအဖြစ် အစမ်းခန့် စာသင်ခိုင်းတာပဲ ဖြစ်ပါတယ်။ ကျောင်းသားကို တခြားအခန်းထဲမှာ ထားပြီး ဒီဘက်အခန်းကနေပြီး စာသင်ပြီး မေးခွန်းတွေ မေးရတယ်။ မေးတာကို ကောင်းကောင်းဖြေနိုင်ရင် ချီးကျူးရပြီး မဖြေနိုင်ရင် တပည့်ကို အပြစ်ပေးရတယ်။ အပြစ်က လျှက်စစ်ရှော့ခ်ပေးတာ ဖြစ်ပါတယ်။ အဲဒီစက်က အောက်က ပုံထဲက စက်ပဲ ဖြစ်ပါတယ်။

    စက်မှာ အလွန်အားပြင်းတဲ့ ၁၅ ဗို့ ကနေ အသက်အန္တရယ် ထိခိုက်စေနိုင်တဲ့ ၄၅၀ ဗို့အထိ လွှတ်နိုင်တဲ့ ခလုပ်လေးရှိပါတယ်။

    ကျောင်းသားအဖြစ် အသင်ခံရမယ့်သူကို အခုလို ၀ိုင်ယာကြိုးတွေနဲ့ ဆက်ပေးထားတယ်။ အမှားတွေ ဖြေတာနဲ့ သူတို့ဟာ လျှက်စစ်ရှော့ခ်ပေးတာ ခံရမှာ ဖြစ်ပါတယ်။

    စမ်းသပ်ခန်းမှာ ပါဝင်မယ့် သူ (အရပ်သား) ဖြစ်ပါတယ်။ သိပ္ပံစမ်းသပ်ချက်မှာ ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ စမ်းသပ်ချက်ထဲက စည်းကမ်းကိုပဲ လိုက်နာပေးဖို့လိုကြောင်း အရင်ဆုံး ပြောတယ်။ နောက်တော့ ဒီစမ်းသပ်ချက်မှာ ကျောင်းသားကို သင်ရမယ့်စာတွေ၊ မေးရမယ့် မေးခွန်းတွေနဲ့ မဖြေနိုင်ရင် ပေးရမယ့် အပြစ်ပေးရမယ့် စည်းကမ်းတွေကို ရှင်းပြပါတယ်..။

    လျှပ်စစ်ရှော့ရဲ့ နာကျင်မှုကို ခန့်မှန်းလို့ ရအောင် နမူနာအနေနဲ့ ၄၅ဗို့ရှိတဲ့ လျှက်စစ်ဗို့လေးကို စမ်းသပ်သူက စကားပြောရင်း စမ်းသပ်ခံ အရပ်သား ကျောင်းဆရာလုပ်မယ့်သူ ကို(သူသတိမထားမိခင် ရုပ်တရက်)လွှတ်ပြီး ပြသထားလိုက်တယ်။ ၄၅ ဗို့ဟာ မပြင်းပါဘူး ။ ဒါပေမယ့် ထိုသူ့တော့ မတ်တပ်ရပ်သွားစေတယ်..

    အဲဒီနောက်တော့ စမ်းသပ်ချက်ကို စပါတယ်။ ဆရာဟာ တဖက်ခန်းကနေပြီး ကျောင်းသားကို စာသင်ပြီး စာမေးပါတယ်။ ကျောင်းသားက မဖြေနိုင်ပါဘူး...။ (မဖြေနိုင်ဆို အမှားဖြေဖို့ သင်ထားတဲ့ စမ်းသပ်သူရဲ့ လူယုံဖြစ်လို့ပါ)။ ဒီတော့ ဆရာလုပ်သူက အမှားဖြေတဲ့အတွက် ပြစ်ဒဏ်စပေးရပါတယ်။ ၁၅ ဗို့ပေါ့..။

    ထပ်ပြီး သင်ပါတယ်။ ပိုလွယ်မယ့် မေးခွန်းကို မေးတယ်..။ ကျောင်းသားကလည်း ထပ်မှားတယ်..။ ထပ်ပြီး ပြစ်ဒဏ်ပေးတယ်..၃၀ ဗို့..။ ခလုပ်က ဗို့ကို ပြန်လျှော့လို့မရဘူး..။ တိုးဖို့ပဲ ရှိတယ်လေ..

    ဒီလိုနဲ့ ကျောင်းသားဟာ မဖြေနိုင်ခဲ့လေ.. ဆရာက အပြစ်ပေးရလေပါပဲ..။ လျှပ်စစ်ဗို့တွေ တိုးလာတယ်။ လျှပ်စစ်ဗို့များလာတာနဲ့ အမျှ ကျောင်းသားလုပ်သူရဲ့ အော်ဟစ် ညည်းညူသံတွေက မချိမဆန့်အသံနဲ့ ပေါ်ထွက်လာခဲ့တယ်..။

    ဆရာလုပ်သူဟာ အသံတွေ ကြားနေရတော့ ဆက်မလုပ်ပါရစေနဲ့လို့ ငြင်းပါတယ်။ ဒါပေမယ့်လည်း စမ်းသပ်သူက သိပ္ပံစမ်းသပ်ခန်းကို ပူးပေါင်းပါဝင်နေချိန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းကို အတိအကျ လိုက်နာပါလို့ အမိန့်ပေးပြီး ဆက်ပြီး မေးခိုင်းပါတယ်။ ဒီလိုနဲ့ပဲ ကျောင်းဆရာဟာ ကျောင်းသားကို ဆက်လက်ပြီး အပြစ်တွေ တိုးပေးနေခဲ့တယ်။ နောက်ဆုံးအဆင့် ကျောင်းဆရာလုပ်သူက မျက်ရည်အ၀ိုင်းသားနဲ့ ဆက်မလုပ်ချင်တော့ပါလို့ ပြောတဲ့အထိ စောင့်ခဲ့တယ်။

    အံ့သြစရာ ကောင်းတာက စမ်းသပ်ချက်မှာ ပါဝင်သူ ယောက်ျား၊ မိန်းမအားလုံးရဲ့ ၆၅ % ဟာ နောက်ဆုံးအဆင့် လူသေနိုင်တဲ့ လျှပ်စစ်ဗို့အား ၄၅၀ အထိ အပြစ်ပေးခဲ့ကြတာကို တွေ့ရတယ်။ တချို့ဆိုရင် ကျောင်းသားက နာကျင်လို့ ပြန်ပြောပြီး နံရံကို ခြေနဲ့ကန်တဲ့အခါ ဗို့ ၃၀၀ကို non-stop ပေးပြီး ပြစ်ဒဏ်ချသူတောင် ပါဝင်ပါသေးတယ်။

    ကျောင်းသားအဖြစ်လုပ်ရသူကတော့ အစမ်းခန့် ကျောင်းဆရာများရဲ့ လက်မှာ အခါခါ သေနေတော့တာပါပဲ..။ (တကယ်တော့ စမ်းသပ်ချက်ထဲက ကျောင်းသားဟာ သရုပ်ဆောင်ကောင်းသူတစ်ဦးကို ဌားထားတဲ့ စမ်းသပ်သူရဲ့လူယုံဖြစ်ပြီး တကယ့်လျှပ်စစ်ကြိုးနဲ့ သွယ်မထားပါဘူး။ ဟန်ဆောင်အော်ဟစ်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်..။ တော်သေးတာပေါ့နော်..။)

    ဒီစမ်းသပ်ချက်ကနေ ဘာကို ကောက်ချက်ချခဲ့ကြသလဲဆိုတော့ လူအများရဲ့ မသိစိတ်မှာ စည်းကမ်းလို့ သတ်မှတ်ထားတဲ့အချက်တွေကို လိုက်နာမှဖြစ်မယ်လို့ ယူဆသွားပြီးတဲ့နောက်မှာ တဖက်သားအပေါ် ရက်စက်ရာ ရောက်မှန်းသိသော်လည်း၊ နာကျင်နေမယ်ဆိုတာကို ခံစားစာနာနိုင်သော်လည်း သတ်မှတ်ချက်တွေအပေါ် မျက်စိမှိတ် လိုက်နာမိသွားကြတယ် ဆိုတာပါပဲ...

    Social Psychologist ဖြစ်တဲ့ Stanley Milgram ရဲ့ စမ်းသပ်ချက်ပါ။ အဲဒီ စမ်းသပ်ချက်ကို အောက်က ဗွီဒီယိုကနေပြီး အစအဆုံး ကြည့်လို့ရပါတယ်။


    ပိုစ်မတင်ခင် ဒီအကြောင်းအရာကို ဖတ်ပြီး ဗွီဒီယိုကို ကြည့်မိတော့ ဗွီဒီယိုထဲမှာ “မလုပ်ချင်ဘူး၊ မလုပ်ချင်ဘူး လို့ ပြောနေရင်း ပြောနေရင်းကနေ စည်းကမ်းကို ထိန်း၊ အမိန့်ကို နာခံနေကြတဲ့အတွက် အပြစ်ပေးခလုတ်တွေကို မျက်စိမှိတ်နှိပ်နေတဲ့ လူများစွာကို သတိထားမိတယ်” ။ သူတို့ရင်ထဲလည်း ကြေကွဲနေကြရဲ့သားနဲ့ ဘာလို့များ အဲဒီစိတ်အတိုင်း မနေနိုင်တာလဲလို့ စိတ်ထဲကလည်း အပြစ်တင်မိတယ်။

    ဒါပေမယ့်လည်း အဲဒါ တကယ်ဖြစ်တတ်တဲ့ သဘာဝဆိုတော့ သိလိုက်ရတော့.. ဘုရားကိုပဲ တမိတယ်။

    သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အမိန့်အာဏာတွေကို လိုက်နာလိုစိတ် ရှိတာ ကောင်းတယ် ဆိုပေမယ့် အဲဒီစိတ်ဟာ မူရင်းက ကြင်နာတတ်သူတွေတောင် ရက်စက်တတ်သူ ဖြစ်စေတယ်....။ အဲလိုရက်စက်တတ်တဲ့ လူဖြစ်နိုင်ချေက အခုစမ်းသပ်ချက်အရ.. လူတစ်ရာမှာရဲ့ ၆၀ကျော်ဖြစ်နေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်တဲ့ ၄၀ ထဲမှာ ကိုယ်ပါနိုင်ဖို့နဲ့ ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေ၊ ဘယ်လိုအချိန်အခါတွေမှာပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ပတ်သက်သူတွေ၊ ကိုယ့်ပတ်ဝန်းကျင်က သူတွေအပါအ၀င် လူသားအားလုံးအပေါ်ကို နာကျင်အောင် လုပ်မိသူ မဖြစ်ရပါစေနဲ့လို့ ဆုတောင်းမိတယ်.. (ဗဟုသုတပေါ့နော်..)

    လသာည ဖြစ်ပါတယ်..