Tuesday, June 30, 2009

psy- test 7













ကလေးတို့ရေ ဒီဘုရားကြီးက တန်ခိုးကြီးတယ်တဲ့။

ယုံယုံကြည်ကြည်ဆုတောင်းပြီး အောက်က လှူဖွယ်တွေထဲက တစ်ခုခုကိုလှူရင် မင်း ဆုတောင်းပြည့်လိမ့်မယ်။

၁။ ခရမ်းချဉ်သီး (ဂျပန်တွေက ခရမ်းချဉ်သီးလည်း လှူတတ်တယ်)
၂။မီးအိမ်/ဆီမီး
၃။မှန်
၎။အိမ် (တန်ဆောင်းလှူတာပြောတာထင်တယ်)
၅။ ငွေသား
၆။ စက်ပစ္စည်း
စိတ်ထဲကနေ ရည်မှန်းလှူကြည့်လိုက်နော်။

လသာညကတော့ မင်းဆုတောင်း ပြည့်အောင် ကူဆုတောင်းပေးတာကလွဲရင် ဘာမှမလုပ်နိုင်ဘူး။

ဒါပေမဲ့ မင်းလှူတဲ့အလှူပစ္စည်းကို ကြည့်ပြီး မင်းရင်ထဲကို လှမ်းမြင်နိုင်တယ်။ မယုံဘူးလား။ :P

မယုံရင် မင်းလှူမယ့် အလှူဟာ ဘာလဲလို့ ပြောကြည့်လိုက်လေ။ မှန်ရင်ကော်ဖီတိုက်ကြေး။

အဖြေက မနက်ဖြန်မှ ပြောမယ်နော်။ :P

Thursday, June 25, 2009

Attribution Theory-2



လူမူရေး စိတ်ပညာရှင်ပရော်ဖစ်ဆာ Bernard. Weiner ရဲ့ Attribution Theoryဟာ ပညာရေးလောကမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပါတယ်။ Attribution Theory နှင့် achievement အကြောင်းကို ပညာရေးရှုထောင့်ဘက်ကနေ ကျောင်းသားတွေရဲ့ အောင်မြင်မှုအကြောင်း ဒီလိုဝေဖန်သုံးသပ်ထားတယ်။

ကလေးတစ်ယောက် စာမေးပွဲ ကျတယ်ဆိုပါစို့။ စာမေးပွဲကျရင် မိဘတွေက တုန်ပြန်ပုံ အမျိုးအစားလေးမျိုး ရှိတယ်တဲ့။
၁။သား.. မင်းမကျက်တဲ့စာတွေ စာမေးပွဲမှာမပါလို့ နေမှာပေါ့။ အခုလ အညံများနေတာ။ ကံမကောင်းသေးဘူး။ ယတြာချေရအောင်။ ကံကောင်းအောင်လို့။
၂။စာမေးပွဲက ခက်လွန်းတာတွေမေးထားလို့ နေမှာပါ။ မဖြေနိုင်တာမဆန်းဘူး။
၃။ မင်းကိုက ညံတာ။ မှတ်ဥာဏ်ကို မရှိဘူး။ ပြီးရင် စာမေးပွဲဆိုရင် ရှမ်းလွန်းလို့ ဖြစ်ရတာ။ နောက်ကို မရှမ်းနဲ့ကြားလား။
၎။ မင်းက ဒီတခါ အားစိုက်ပြီး စာမကျက်လို့ ဖြစ်ရတာနေမှာပါ။ နောက်တခါ သေချာကျက်ကြားလား။

.....စသည် ။

အမျိုးအစား ၄-မျိုးကို လိုက်ပြီး သူ့ကို သုံးသပ်ရမယ်ဆိုရင်....

နံပါတ်-၁ ဖြစ်တဲ့ ကံမကောင်းခြင်း နှင့် နံပါတ်-၂ ဖြစ်တဲ့ စာမေးပွဲက ခက်ခြင်း/လွယ်ခြင်းကတော့ ပြင်ပ factors ဖြစ်ပါတယ်။ ကိုယ်ဘာမှ ပြုပြင်လို့ မရပါဘူး။

နံပါတ် ၃-ဖြစ်တဲ့ ဥာဏ်အားကလည်း ကိုယ်မှာရှိသလောက်ပဲပေါ့။ ကိုယ်ကတော့ မှတ်ဥာဏ်ကောင်းချင်တာပဲဟာ။ ဘုရားပေးသလောက်ရတာကို ကိုယ်လုပ်ထားတာမှ မဟုတ်တာ။

Weiner က တကယ်လို့ .စာမေးပွဲကျခြင်းဟာ အပေါ်က ၃-ချက်ကြောင့်လို့ ခံယူမိရင် ဒီကလေးဟာ စိတ်ဓါတ်ပိုကျသွားနိုင်ပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုရင် ၃-ချက်လုံးက ကိုယ်ဘာမှမတတ်နိုင်တဲ့ အချက်တွေဖြစ်လို့ပါတဲ့။

ဒါပေမဲ့ နံပါတ်-၄ဖြစ်တဲ့ အားထုတ်မှုကတော့ ကိုယ်အားထုတ်ရင်ထုတ်သလောက် ဖြစ်နိုင်တယ်။ ဒီတခါ စာမေးပွဲကျတာဟာ စာသိပ်မကျက်မိလို့လား။ စာကျက်ချိန်ပိုပေးရင် ရနိုင်တယ်။ စာကျက်နည်းမှားလို့လား။ အလွတ်ကျက်လို့မရရင် ရေးကျက်မယ်။ ကဗျာစပ်ပြီးကျက်။ မှတ်စုကို သူငယ်ချင်းကို ရှင်းပြနည်းနဲ့ စာသင်သလိုမျိုး ကျက်မယ်။ ဒါမှမဟုတ် စာကျက်ချိန်ပြောင်းကြည့်မယ်။ မနက်စောစောကို ထကျက်မယ်။ သူများအိပ်ချိန် တိတ်ဆိတ်ချိန်ကို ရွေးကျက်မယ်.စသည်..။

စာမေးပွဲဆိုတာ သတ်မှတ်ထားတဲ့နယ်ပယ်၊ ဘာသာရပ်၊ ပုံနှိပ်စာအုပ် စသည်ထဲက မေးတဲ့စာမေးပွဲသာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပြုပြင်ပြောင်းလဲလို့ ရတဲ့ လုံလပိုထုတ်တာမျိုး၊ ဒီနည်းနဲ့ စာမှတ်လို့ မရရင် နောက်တနည်း (..စာကျက်မှတ်နည်းတစ်ခုခုကို) ပြောင်းသုံးတာမျိုး လုပ်နိုင်ရင် မလွဲမသေ ဒီစာမေးပွဲကို ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်..တဲ့။

ဒီလိုပါပဲ ပြင်ပ နေ့စဉ်ဘ၀တွေမှာလည်း မအောင်မြင်ရင် ကံမကောင်းလို့၊ ပတ်ဝန်းကျင်က မျက်နှာလိုက်လို့၊ ကိုယ့်မှာအစွမ်းအစ မရှိလို့ စသည်ဖြင့် စိတ်ဓါတ်ကျနေမယ့်အစား ဒီနည်းနဲ့မအောင်မြင်ရင် နောက်တနည်းပြောင်းမယ်။ကိုယ့်အရည်အချင်းက ဒီအလုပ်မှာ သိပ်အားနည်းနေတယ်ထင်ရင် ကိုယ်အားသာတဲ့ အလုပ်ကို ပြောင်းလုပ်မယ်..စသည်ဖြင့် အခြေအနေ၊အချိန်အခါကိုလိုက်ပြီး ကိုယ်စွမ်းသရွေ့ ၀ီရိယစိုက်ထုတ်သွားမယ်ဆိုရင် မင်းလည်းပဲ အောင်မြင်တဲ့လူ အချိန်မရွေးဖြစ်နိုင်ပါတယ်တဲ့။ ကဲ...ကြိုးစားကြစို့.။

Weiner ရဲ့ အယူအဆကို အခြေခံရေးပါသည်။

လသာည ဖြစ်ပါသည်။

Attribution Theory-1

၁၉၈၄ လောက်က Taylor ဆိုတဲ့ ပုဂ္ဂိုလ်ဦးဆောင်တဲ့ ဆေးပညာရှင်တစ်စုက လုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ရင်သားကင်ဆာရနေတဲ့ အမျိုးသမီးတွေကို အင်တာဗျူးခန်း ပါခဲ့ပါတယ်။ အင်တာဗျူးမှာ ဘာကြောင့် ကင်ဆာရရသလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ၉၅ ရာခိုင်နှုန်းက သူတို့ရဲ့ ထင်မြင်ချက်ကို ပေးခဲ့ကြတယ်။

အဖြေကို အမျိုးအစားခွဲကြည့်ရင် ၄၁%က သူတို့မှာ stressများလို့ ဖြေပါတယ်တဲ့။ ၃၂%က ကင်ဆာဖြစ်စေတဲ့ အစားအစာတွေကို မဆင်ခြင်ပဲ စားမိလို့။ ၂၆%ကတော့ မျိုးရိုးဗီဇကြောင့်။ ၁၇%က dietအလုပ်လွန်လို့။ ၁၀%က ရင်သားကို ထိခိုက်ဒဏ်ရာရမိလို့။ တခြားအကြောင်းအရာကြောင့်လို့ ဖြေသူက ၂၈%ပါ။

ဒါဆိုရင် ရင်သားကင်ဆာဖြစ်ရတဲ့ ကိစ္စမှာ ဘယ်သူမှာတာဝန်အရှိဆုံးလဲ ဘယ်သူ့ကြောင့်လဲလို့ မေးတော့ ကိုယ့်ကြောင့်ပါလို့ ကိုယ့်ကိုကိုယ်အပြစ်တင်သူက ၄၁%။ သူများကြောင့်လို့အပြစ်တင်သူက ၁၀%။ ပတ်ဝန်းကျင်ကြောင့်လို့ ဖြေသူ ၄၉%။အဲဒီလို ဖြစ်ဖို့အကြောင်းတရားတွေကြောင့်(ကံတရားကြောင့်) လို့ ဖြေသူက ၄၉%ပါတဲ့။

ဒါဆိုရင် အခုအခြေအနေကို ထိန်းချုပ်နိင်မယ်လို့ ထင်သလားလို့ မေးတော့ ၅၆%ကတော့ အနည်းအကျဉ်း ထိန်းချုပ်နိုင်မှာပါ။ ကောင်းသွားမှာပါလို့ ဖြေခဲ့တယ်တဲ့။

ကိုယ့်ရဲ့ လက်ရှိအခြေအနေကို ဝေဖန်သုံးသပ်ပုံ တစ်ယောက်နဲ့ တစ်ယောက်မတူတာကို တွေ့ရမှာပါ။ အဲဒီလို ဝေဖန်သုံးသပ်ပုံ မတူခြင်းကြောင့်လည်း အောင်မြင်ပုံမတူညီကြဘူးလို့ ဆိုပါတယ်။ ဒီမှာလည်း ရေးထားပါတယ်


စိတ်ပညာရှင် Bernard Weiner ရဲ့ အဆို အရ လောကမှာ အောင်မြင်မှုနှင့်ပတ်သက်ပြီး အကြမ်းအားဖြင့် ခံယူချက်မတူသူ ၂မျိုး ရှိပါတယ်။ High achiever နှင့် Low achieverပဲ ဖြစ်ပါတယ်။

High achieverက အောင်မြင်မှုရမယ်ဆိုရင် အခက်အခဲရှိပါစေ တွန်းလှန်ကျော်လွှားပြီး အောင်မြင်မှုကို ရယူဖို့ကိုပဲ ဦးတည် ကြိုးစားတယ်။ သူက တစ်စုံတစ်ခုမှာ အောင်မြင်ခဲ့ရင် ငါတော်လို့၊အရည်အချင်း၊ စွမ်းရည်ရှိလို့ ဖြစ်တယ်။ တကယ်လို့ ရှုံးနိမ့်ခဲ့ရင် ငါ့မှာ အပြစ်မရှိဘူး။ အခုလောလောဆယ် ကံမကောင်းလို့၊ ဒါမှမဟုတ် ပတ်ဝန်းကျင်ကြောင့် (ဥပမာ..ကျောင်းသားတစ်ယောက်အနေနဲ့ပြောရရင် စာမေးပွဲကိုက ခက်လို့) ဖြစ်ရတယ်..စသည့်ဖြင့် တွေးပါတယ်တဲ့။ ဒါကြောင့် ရှုံးနိမ့်ခြင်းကြောင့် သူ့ကို ဘာမှ ထိခိုက်စေမှာမဟုတ်ပေမဲ့ အောင်မြင်ခြင်းကြောင့်တော့ မာန၊ ယုံကြည်ချက်စသည်တို့ကို တိုးပွားစေပါတယ်.တဲ့။

Low achiever ကတော့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်မှုကို ရယူဖို့ထက် ရှောင်လွဲသွားဖို့ကိုပဲ စဉ်းစားတယ်။ သူက ငါ့မှာ အဲဒါလုပ်ဖို့ အရည်အသွေးမရှိဘူး။ အောင်မြင်နေရင်တောင် ကံကောင်းလို့၊ တစ်ယောက်ယောက်က ကူညီနေလို့ဖြစ်မှာပဲ..စသည်ဖြင့်တွေးတတ်ပါတယ်။ ဒါကြောင့် အောင်မြင်နေရစဉ်တောင် သူသိပ်ဂုဏ်မယူနိုင်ဘူး။ အောင်မြင်ခြင်းကြောင့် မာန။ ယုံကြည်ချက်စသည်တို့ကို မဖြစ်စေတဲ့အပြင် သူများကြောင့်အောင်မြင်ရတာဆိုတဲ့ အတွေးကြောင့် သူ့အစွမ်းအစရဲ့ ကဏ္ဍက ပျောက်သွားရပါတယ်။ ကိုယ့်အစွမ်းအစကို ယုံကြည်မှုမရှိတာက သူ့ရဲ့ အဓိက အားနည်းချက်ပါ။

ဒီလို အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း နှင့် ပတ်သက်ပြီးတော့ အထက်ကတွေးခေါ်မှုမျိုးကို Attribution Theoryလို့ ခေါ်ပါတယ်။

ကဲ..ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ့်အစွမ်းအစကို ယုံကြည်လို့ ကံ၊ဥာဏ်၊ ၀ီရိယနဲ့ ကြိုးစားလိုက်ရင်ဖြစ်မှာပဲ။ အောင်မြင်တဲ့ လောကဓံပဲလာလာ၊ ရှုံးနိမ့်တဲ့ လောကဓံပဲလာလာ။ ကဲကွာ..လာစမ်း။
ဘာကြီးပဲလာလာ.. စိတ်ဓါတ်မကျပဲ ကြိုးစားကြစို့။ :D

လသာည ဖြစ်ပါသည်။

မှတ်ချက်။ ။၁။ ကောင်မလေးရေ.. စိတ်ဓါတ်မကျပါနဲ့။ ပြန်ကြိုးစားပါဦး။ ဆရာလုပ်ပြီး ဒီစာတွေရွတ်ပြနေပေမဲ့ လသာညလည်း စိတ်ဓါတ်ကျစရာတွေ ကြုံရတာပါပဲ။ အခက်အခဲ ဆိုတာ လူတိုင်းမှာ ရှိတာပဲ။ ကြာကြာစိတ်ဓါတ်မကျဖို့ပဲ လိုတယ်လို့ ထင်တာပဲ။

လသာညတော့ စိတ်ဓါတ်ကျရင် သူငယ်ချင်း၊ သို့မဟုတ် မိဘဆီ ဖုန်းဆက်တယ်။ ဒါမှမဟုတ် စိတ်ဓါတ်အားပေးတဲ့ စာတွေဖတ်တယ်။ အခုဆို အင်တာနက်မှာ အများကြီးဖတ်လို့ ရတာပဲ။ ဘ၀ပညာပေး ဘလော့တွေလည်း ရှိတာပဲ။ ရှာဖတ်လိုက်ပါ။ အားလုံးကောင်းသွားမှာပါ။ နော့။

မှတ်ချက်။ ။၂။Attribution သီအိုရီကို တကယ်စတင်ခဲ့သူက Heider ဆိုသူပါ။ ဒါပေမဲ့ Weiner က Attribution Theory ကို သုတေသနလုပ်ရင်းမှ achievement ဆိုတဲ့ အဓိပ္ပါယ်ကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားခဲ့သူဖြစ်ပါတယ်။

နောက်တစ်ကြိမ်

ဒ်ီပွဲမှာ ကျွန်တော်ရှုံးတယ်လို့၊
ဘယ်သူဆုံးဖြတ်တာလဲ။
မေမေ့ကို ပြောပေးပါ။
ကျွန်တော် အကောင်းဆုံးလုပ်ခဲ့တာပါလို့၊
သူတို့နားလည်အောင်က ကျွန်တော်မပြောတတ်ပေမဲ့၊
ကျွန်တော်မရှုံးခဲ့ဘူး ဆိုတာ မေမေနားလည်ပေးမှာပါ။


ကျွန်တော် မရှုံးပါဘူး။
ကျွန်တော့်အတွက် မျက်ရည်မကျပါနဲ့ မေမေ။
ကျွန်တော် အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။
စကားလုံးတွေကို ကျွန်တော်ထုတ်မပြောတတ်လည်း၊
ဒီနေ့ ပြီးဆုံးခြင်းဟာ မနက်ဖြန်ကို ကြိုဆိုခြင်းဆိုတာ၊
မေမေတို့နားလည်ပေးနေမယ်လို့ မျှော်လင့်ပါတယ်။


ဒီနေ့ရဲ့goodbye ဆိုတာ
မနက်ဖြန်ရဲ့ နေရောင်ခြည်ပါ။
ကျွန်တော့်ကို
နောက်တကြိမ် အခွင့်အရေး သူတို့ပေးရဦးမှာပါ မေမေ
.


သီချင်းသက်သက်ဆိုရင် နည်းနည်းနားညည်းသလားလို့ အခုဇာတ်ဝင်ခန်းတစ်ခုက ယူထားတာ။ အပျင်းပြေနားထောင်ကြည့်လိုက်ပါဦး.။ သီချင်းစာသားက ဒီမှာရှိတယ်။

စာမေးပွဲကျလို့ အိမ်ကိုမပြောရဲပဲ စိတ်ဓါတ်ကျနေတဲ့ ကလေးတစ်ယောက်သို့ ရည်ရွယ်ပါသည်။
အခုလောလောဆယ် ဘယ်လိုခံစားနေရမယ်ဆိုတာ ဒို့ကောင်းကောင်းနားလည်ပါတယ်။ အဲဒီ ခံစားချက်က ခံစားဖူးမှ သိတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသီချင်းလေး နားထောင်ကြည့်လိုက်ပါ။ ရှုံးနိမ့်ဖူးတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဖူး။ ဒါမဆန်းဖူး ဆိုတာ ခံစားမိလာလိမ့်မယ်။ကဲ.. နောက်တကြိမ် ကြိုးစားပါဦးလို့..။

**goodbye is the second chance for you.

လသာညဖြစ်ပါသည်။

Tuesday, June 23, 2009

ပြောလိုက်ပါ သူငယ်ချင်း

ငယ်ငယ်က ရန်ဖြစ်နေကြ၊ ဒါပေမဲ့ သိပ်ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ဒီနေ့ တိုက်ဆိုင်မှုတစ်ခု နှင့် အတူ အရမ်းသတိရသွားတယ်။ သူက စိတ်ကောက်တတ်တယ်။ ဒါပေမဲ သူစိတ်ကောက်တာကိုလည်း လူသိမှာစိုးတယ်။ စိတ်ကောက်ခံရတဲ့သူက အလိုလိုသိပြီး လာချော့တာကို သူစောင့်တယ်။ သူ့အိမ်က သူ့ကို ကောက်ကောက်လို့ ခေါ်တယ်။

ဒါပေမဲ့ ကိုယ်နဲ့ကျတော့ သူမှာ အခက်တွေ့တော့တာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ်က သူစိတ်ကောက်တာ သူမပြောမချင်းမသိတဲ့ လူစားမျိုးလေ။ နောက်ဆုံးတော့ သူစိတ်ကောက်ကြောင်း သူကိုယ်တိုင်ပဲ လာလာပြောတယ်။ “ငါနင့်ကို စိတ်ကောက်နေတာမသိဖူးလား”တဲ့။ အဲလို ချစ်ဖို့ကောင်းတာ။ ဘာရယ်မဟုတ်ပါဘူး။ သီချင်းလေးက ရင်ကိုထိတယ်။သူကို့ သတိရသွားတယ်။ ဒါနဲ့ပဲ ဒီသီချင်းလေးကို အမှတ်တရ တင်လိုက်ပါတယ်။


John Mayer - Say lyrics | LyricsMode.com

သူငယ်ချင်း...တကယ်ဆို တို့တတွေ အမြဲအတူတူ ဆုံတွေဖို့မဖြစ်နိုင်ဘူး။ တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာမဟုတ်လား။ ဒါကြောင့်လည်း အတူတူနေတဲ့အချိန်တွေမှာ ရင်ထဲမှာရှိတာတွေကို ဘာကြောင့်ပဲဖြစ်ဖြစ် ဖွင့်ပြောကြသင့်တာပဲ မဟုတ်လား။

သူငယ်ချင်း..ပြောဖို့လိုတယ်ထင်ရင် ပြောချလိုက်ပါလားကွာ။ မင်းမပြောသရွေ့ မင်းရင်ထဲက အတွေးတွေ၊ သံသယတွေကို ဘယ်ရှင်းနိုင်မလဲ.။ မင်းရင်ထဲမှာ မပြောပဲထားတဲ့ အရာတခုဟာ မင်းမပြောသ၍ အမှား၊အမှန်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ မင်းမပြောသရွေ့ အမြဲဘယ်သူမှမသိနိုင်ဘူးလေ။

လူဘ၀ကို ရောက်လာတဲ့ခဏလေးမှာ မင်းရင်ထဲက ဆန္ဒတွေကို ဖွင့်ချလိုက်ပါ။ ပြောချင်တာကို ပြောချလိုက်ပါ။ သံသယရှိရင်ရှင်းလိုက်ပါ။ ချစ်စရာရှိရင် ချစ်လိုက်ပါ။ မိတ်ဆွေတွေ ကို ရင်ဘတ်နဲ့ ဆက်ဆံကြတာပေါ့။ မပြောလိုက်ရလို့ ကြေကွဲမှုတွေမဖြစ်ရလေအောင် အတူရှင်သန်နေတဲ့ခဏလေးမှာ မင်းဖွင့်ပြောလိုက်ပါ။ (သီချင်း ဘာသာပြန်မဟုတ်ပါ. ကိုယ်ပြောချင်တာကို ကြော်ငြာဝင်ခြင်းသာ ဖြစ်ပါသည်။)

မှတ်ချက်၊ ။ နဲနဲ အလုပ်များနေလို့ အလွယ်တကူသီချင်းကိုပဲတင်လိုက်တာ... အိစံကတော့ ပြောတော့မှာပဲ youtubeကို ကံထရိုက်ဆွဲထားသလားလို့။ :)ဲုံ့

Monday, June 22, 2009

ဒီလ၁၀ရက်နေ့က..ပထမအကြိမ် ကြောင်အ၀ပြိုင်ပွဲကို ဂျပန်မှာလုပ်ခဲ့တယ်။ ဆုရတဲ့ ကြောင်လေးတွေကို ကြေငြာလိုက်ပါပြီ။

ဒီကြောင်လေးက ပထမ။ နာမည်က “တာမ”။


သူက ဒုတိယ။ နာမည်လေးက “ချိဘိ”..တဲ့။


သူကတတိယ ။ သူနာမည်က “တိုရ”..တဲ့။

ဆုရတဲ့ ကြောင်လေးတွေရဲ့သခင်တွေက အရမ်းပျော်နေကြတယ်။ ပျော်လွန်းလို့ မျက်ရည်တောင်ကျတယ်..တဲ့။ (ဒီနားကတွေ့လို့)

လူအ၀ပြိုင်ပွဲလုပ်ရင် ဆုရတဲ့ သက်ဆိုင်ရာလူတွေက ပျော်ပါ့မလားမသိ.. :P
သူတို့လို မျက်ရည်တွေရော ကျမှာလား ။ အင်း..မျက်ရည်လည်း ကျချင်ကျမှာနော် ဘယ်သူသိနိုင်မလဲ..
(ဒါလည်း ပျော်လို့?) (\(^0^)/)။
အဲလက်စ်ကတော့ ဒီလိုပြောတယ်။



အဲလက်စ်ရဲ့သီချင်းတွေဆို တအားကြိုက်ဆိုတဲ့ ညီမလေးအတွက် ဒီမှာလည်း အများကြီးပဲ။ လသာညအကြိုက်ဆုံး သီချင်းတွေထဲက တစ်ပုဒ်မို့လို့ ညွှန်းတာ.ဟားဟား။ နားထောင်လိုက်နော်။

တနေ့တာအမောများပြေပျောက်ပါစေ။
လသာည ဖြစ်ပါသည်။

Sunday, June 21, 2009

အဖေနဲ့တူတာ ကြိုက်လား




အဖေများနေ့အမှတ်တရအဖြစ် ဂျပန်livingသတင်းစာဂျာနယ်က အမျိုးသားများကို အဖေတူမတူ surveyတစ်ခုလုပ်ခဲ့တယ်။ ဖြေဆိုသူတွေထဲမှာ ၅၇%က အဖေတူတွေ ဖြစ်တယ်တဲ့။ စိတ်ဓါတ်တူသူနှင့် ရုပ်ရည်တူသူမှာ ရုပ်ရည်တူသူကများတယ်တဲ့။ အရပ်စသည်ထက် မျက်နှာကမျက်ခုံး၊ နှာခေါင်းပိုင်းစသည့် အပေါ်ပိုင်းတူသူက ပိုများတယ်။

အဖေငယ်ငယ်ကပုံနှင့် ယခု သားငယ်ငယ်ကပုံက တစ်ပုံစံတည်းဆိုသူက များတယ်တဲ့။

အဖေတူသားများကို ထပ်မေးပါတယ်။ အဖေနှင့်ရုပ်ရည်တူလို့ ပျော်သလားလို့ မေးတော့ ပျော်တယ်လို့ ဖြေသူက ၆၂%ပါ။ မပျော်သူကတော့ ၃၈% (ဘာလို့ပါလိမ့်နော်။)

အဖေနှင့်စိတ်ထားနှင့် အမူအကျင့်တူလို့ ပျော်သလားလို့ မေးတော့ ၃၃%ကပျော်တယ်လို့ဖြေတယ်တဲ့။ ဘာဖြစ်လို့ ၃၃%လည်းဆိုတော့ တချို့က အဖေကမလုပ်နိုင်ခဲ့တာကို သားကလည်းမလုပ်နိုင်လို့တဲ့၊ တချို့က အဖေဆီကကောင်းတဲ့အချက်ထက်ဆိုးတဲ့အချက်တွေကပိုတူနေလို့ပါတဲ့။ (သြော်.. :D)


နောက်ထပ်မေးဖြစ်တဲ့သူက ဖခင်တွေကိုပါ။ အဖေတစ်ယောက်အနေနှင့် သားကို ကိုယ်နှင့် တူစေချင်သလားလို့ မေးတာပါ။ တူစေချင်တဲ့သူက အများကြီးပါတဲ့။ တူစေချင်သူတွေထဲမှာ ရုပ်ရည်တူစေချင်သူက ၅၀%၊ စိတ်ဓါတ်တူစေချင်သူက ၅၀%ဆိုပဲ။

အဖေနှင့်တူလေ အဖေရဲ့ခံစားချက်ကို ပိုသိလေ၊ အဖေကိုကျေးဇူးတင်လေ မိုလို့ပါတဲ့။ အဖေနှင့် သား ဝေးတဲ့အချိန်တွေမှာ စိတ်ဓါတ်တူတဲ့သူတွေက စိတ်ချင်းနီးတတ်လို့ပါလို့ ဖြေသူတွေကလည်း ရှိတယ်ဆိုပဲ။

ကဲ.. မင်းကရော အဖေနှင့်တူချင်လား၊ အဖေနှင့်တူရင် ကြိုက်မှာလား။
ရုပ်ရည်တူချင်တာလား၊ စိတ်ဓါတ်တူချင်တာလား၊
ကိုယ်သားသမီးရလာတဲ့အခါရော ကိုယ်နဲ့တူစေချင်သလား။
....သလား။.
..သလား..။
စဉ်းစားထားနော်။ :P


အဖေများနေ့ အမှတ်တရ ဗဟုသုတလေးပါ။ ဂျပန်livingသတင်းစာဂျာနယ်ကို နားလည်သလို လသာညကဘာသာပြန်ထားတာပါ။

ပျော်ရွှင်ပါစေ။

Friday, June 19, 2009

မင်းရဲ့ မျက်စိ ဘယ်လောက်လျင်လဲ

စိတ်ညစ်နေလား။ အိပ်မပျော်ဘူးလား။ အပြင်းပြေ ဒီကစားနည်းလေးကစားလိုက်။ (မျဉ်းသားထားတဲ့ ဒီကစားနည်းဆိုတဲ့ နေရာလေးကို ကလစ်လုပ်လိုက်ပါ။ ဂိမ်းလေးထွက်လာလိုက်မယ်။)

အစာစားနေတဲ့သိုးလေးတွေထဲက ၅ကောင်က မင်းအလစ်မှာထွက်လာလိုက်မယ်။ မျှားလေးနားမှာ မောက်စ်ကို အသင့်ချိန်ထား။ပြီးရင် အလစ်ကိုချောင်းပြီးထွက်လာတဲ့ သိုးကိုမြင်တာနဲ့ မောက်စ်ကို ကလစ်လုပ်လိုက်။မြန်မြန်ကလစ်လုပ်နိုင်ရင် (မှန်အောင်ပြစ်နိုင်ရင်) မင်းနိုင်တယ်။ သိုးလေး လွတ်သွားရင် မင်းရှုံးတယ်။

၅-ကောင်ထွက်လို့မှ တကောင်မှမမိရင် you need to improve how about getting yourself a cup of coffee လို့အားပေးလိမ့်မယ်။ စိတ်မပျက်နဲ့ လသာညက ကော်ဖီအ၀တိုက်မယ်။ ကြိုက်သလောက်သာ သောက်သွားပေတော့။ စာကြည့်ရမှာ ပျင်းငိုက်လာရင် ကစားကြည့်လိုက် (ပိုငိုက်မလား၊ မျက်လုံးပိုကြည်သွားမလား ဒို့လည်းမသိဘူး :)) မှတ်ချက်။ နားတော့နည်းနည်းငြီးမယ် :D

ဒို့တော့ မျက်လုံးငိုက်လာတာနဲ့ ကစားလိုက်တယ်။ အခုတော့ မျက်လုံးညောင်းလာလို့ ကော်ဖီသောက်ဦးမယ်။

လသာည ဖြစ်ပါသည်။ တနေ့တာ အမောများပြေပါစေ။

Thursday, June 18, 2009

ဥာဏ်စမ်း

ဒီနေ့ ကျောင်းကို (လာလည်တဲ့)အလယ်တန်းကျောင်းက (၉တန်း)ကျောင်းသားတွေကို ဆရာကမေးတဲ့ ဥာဏ်စမ်းပါ။

အိပ်ငိုက်တဲ့အချိန် (စာကြည့်ရင်း ပျင်းလာရင်) ဒီဥာဏ်စမ်းလေး ဖြေကြည့်လိုက်နော်။

(ဘာလဲ ပျင်းလို့ကို မဖြေချင်ဘူးလား? :D လသာည နှင့်တူ၏)

ဒါပေမဲ့ ဗဟုသုတ ရတာပေါ့။ ဖြေကြည့်ပါဦး။ မအောင်လည်းကိစ္စမရှိပါဘူး။

ဥာဏ်စမ်း-

၁)အိပ်ရင်ဟောက်တတ်သူတစ်ယောက်သည် အရက်သောက်ခြင်းဖြင့် ပိုဟောက်စေသည်။ (မှန်။ မှား)

၂) လင်းပိုင်တွေဟာ မအိပ်တတ်ဖူး။ (မှန်။ မှား)

၃) ၁၉၉၂ ခုနှစ်တုန်းက အိပ်ရင် အဟောက်သန်ဆုံး ဆုရခဲ့သူ၏ မိန်းမသည် နားတဖက်လေးသွားခဲ့သည်။ သူ၏ဟောက်သံသည်ဘယ်လောက်ကျယ်သည်ဟုထင်ပါသနည်း။ (45decibels။65decibels။92decibels။)

၎)နွားတွေဟာ မတ်တတ်ရပ်ရင်း အိပ်နိုင်တယ်။ အိပ်မက်မက်နိုင်တယ်။ (မှန်။ မှား)

၅)လူတစ်ယောက်ဟာ အကြာဆုံးမအိပ်ပဲနေနိုင်တဲ့ အချိန်ပမာဏသည် (၇-ရက်။ ၁၁-ရက်။ ၃၀-ရက်)

၆)ငါးတွေဟာ အိပ်ရင် မျက်လုံးမှိတ်ပြီးအိပ်တယ်။( မှန်။ မှား)

၇)အိပ်ပျော်ခြင်းဟာ အဆင့်ဆင့်ရှိတယ်။ (မှန်။ မှား)

၈)နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချိန်ကာလသည် (၆၀မိနစ်။ ၉၀ မိနစ်။ ၆ နာရီမှ ၉ နာရီကြား။) ကြာ၏။

၉)လူတွေဟာ မျက်လုံးဖွင့်ပြီး အိပ်လို့မရဘူး။ (မှန်။ မှား)

၁၀)အိပ်ငိုက်တဲ့ကားမောင်းသူကြောင့် ကားအက်ဆီးဒင့် ဖြစ်မှုဟာ ကားအက်ဆီးဒင့်အားလုံး၏ ၂၀ရာခိုင်နှုန်းဖြစ်တယ်။ (မှန်။ မှား)

ပြီး။
ဖြေကြည့်နော်.။ အဖြေမှန်သူကို ဆုချမည်။ ကော်ဖီ။ :D


မျက်လုံးကသက်သာတော့ ထုံးစံအတိုင်း ထန်းပင်ပေါ်မော့ကြည့်မိပါတယ်။ သြော် ..မှားလို့ ဘလော့ပေါ်ရောက်လာပါတယ်။:D
လသာည ဖြစ်၏။

Wednesday, June 17, 2009

ဒီမှာကလေးတစ်ယောက် အလုပ်လုပ်နေတယ်



တနေ့တာအမောများပြေပျောက်ပါစေ။

လသာည ဖြစ်ပါသည်။

Tuesday, June 16, 2009

ဖေဖေ

ဖေဖေ
အရယ်အပြုံးနည်းတဲ့ ဖေဖေက မေမေ့ဗိုက်ထဲ ကျွန်မရှိကြောင်းသိရတော့ ပြုံးရယ်နေလိုက်တာ တချိန်လုံးတဲ့။


ကျွန်မကိုမွေးတဲ့နေက ဖေဖေက ပျော်လွန်းလိုငိုတယ်တဲ့။

ကျွန်မစကားစပြောတဲ့နေ့က စကားနည်းတဲ့ဖေဖေက တနေ့လုံးစကားတွေမပြတ်ပြောနေခဲ့တယ်တဲ့။

အသန့်ကြိုက်တဲ့ဖေဖေက ကျွန်မရဲ့အညစ်အကြေးကို သူကိုယ်တိုင်လျှော်ပေးချင်နေခဲ့တယ်တဲ့။


ကျွန်မကျောင်းစတက်ရတဲ့နေက ဖေဖေကလက်ဆွဲပြီး ကျောင်းလိုက်ပို့ခဲ့တယ်။
လွယ်အိပ်မနိုင်တနိင်လွယ်နေတာကို ကြည့်ပြီး ဖေဖေက ပြုံးရယ်နေခဲ့တယ်တဲ့။
မေးသေးတယ်၊ဆရာဝန်မကြီးလုပ်မှာလား.တဲ့။

အထက်တန်းကျောင်းတက်တော့ သူများလို ရွှေလက်ပတ်နာရီ လှလှလေးပတ်ချင်တယ်ဆိုလို့ ဖေဖေ့လက်ကနာရီ ရောင်းပြီး
ပေးဖူးတယ်။ငါ့သမီးက စာကျက်ချိန်တိကျဖို့နာရီလို့တယ်ကွ..တဲ့။

ကျွန်မ ဆယ်တန်းအောင်တော့ ဖေဖေက လက်မောင်းကြွက်သားကိုညစ်ထုတ်ပြလို့ အလုပ်နှစ်ခုလုပ်ဖို့ အားတွေပို့ရှိလာပြီကွ..တဲ့။

ကျွန်မ ဘွဲ့ရတော့ ငါ့သမီးကဘွဲ့လွန်တက်ရမှ ကျေနပ်မယ့်သူဆိုတာ ဖေဖေကသိပြီးသား။ဆက်တက်..သမီး တဲ့။


ကျွန်မ ဘွဲ့လွန်ရပြီး ဖေဖေကိုကျေးဇူးမဆပ်ရခင် အိမ်ထောင်ကျတော့ ငိုတော့မလို မျက်နှာနီကြီးနဲ့ တဖက်အသိုင်းအ၀ိုင်းကို တောင်းပန်ခဲ့တယ်၊ ကျွန်တော့်သမီး ဘာမှနားမလည်သူလေးမို့ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးကြပါခင်ဗျာ.တဲ့။

ကျွန်မ သမီးဦးလေးမွေးတယ်လို့ အကြောင်းကြားတော့ အိုမင်းစပြုနေပြီဖြစ်တဲ့ဖေဖေက နေမကောင်းတဲ့ကြားက အဝေးပြေးကားကြီးကိုစီးလို့ အရောက်လာခဲ့ပြီး အပြုံးမပျက်အားပေးရင်း ငါ့မြေးကြီးက ငါ့သမီးနဲ့ချွတ်စွပ်တူတာပဲ.တဲ့။

ဖေဖေလေဖြတ်လို့ ဆေးရုံတက်တုန်းက မောင်နှမတွေက ကျွန်မကို အကြောင်းကြားမယ်လုပ်တော့ ငါ့သမီးက သူအိမ်ထောင့်တာဝန်တွေနဲ့ ပင်ပန်းနေတာ ငါ့အကြောင်းမပြောကြပါနဲ့ ငါ့သမီးစိတ်ပင်ပန်းနေလိမ့်မယ်.တဲ့။


ဖေဖေရယ်
...
သမီးအတွက်တော့ ဖေဖေဟာ ဘုရားပေးတဲ့အထူးဆုပါ။ အနန္တမေတ္တာရှင်ဖေဖေကို ရောက်တဲ့အရပ်တိုင်းက အမြဲဦးညွှတ်ရှိခိုးရင်း ဖေဖေ သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းလျက်ပါ ဖေဖေ။

Anyone can be a father, but it takes someone special to be a DADDY!
Happy Father's Day to all the Daddys in the World!!

မနက်ဖြန်မှာ ရောက်တော့မယ့် အဖေများနေ့ အတွက် အမှတ်တရ သီချင်းလေးပါ။


He Knew More them Me Words By Steve Joy

လသာညဖြစ်ပါသည်။

ပျင်းမှာစိုးလို့

ဆုတောင်းပြည့်စေ















ဘ၀အဓိပ္ပါယ်


















စားကောင်းမယ့်ပုံပဲ



















ဖြစ်ရလေ သူငယ်ချင်းရယ်







စာတွေချည်းဆိုတော့ ပျင်းနေမှာဆိုး(စိုး?)လို့ အင်တာနက်က ရယ်စရာ ကာတွန်းလေးတွေ ရှာတင်လိုက်ပါတယ်။

တနေ့တာအမောလေး ပြေပျောက်ပါစေ။
လသာည ဖြစ်ပါသည်။

Monday, June 15, 2009

ကိုယ် မသိတဲ့ ကိုယ်




အပျင်းပြေ သီချင်းနားထောင်ရင့်း “ကျွန်တော်မသိတဲ့ ကျွန်တော်” ဆိုတဲ့ ဒီသီချင်းကို တွေ့တော့ (အရင်ကလည်း နားထောင်ဖူးရဲ့သားနဲ့ ဒီနေ့မှ အရူးထပြီး ) ကိုယ့်အကြောင်းကို ဆက်စပ်တွေးကြည့်မိတယ်။ ကိုယ့်အကြောင်းကို ပြန်တွေးကြည့်လိုက်တိုင်း ကောင်းတဲ့အချက်တွေ မြင်သလို၊ ဆိုးတဲ့အချက်ကလည်း အများသားပါလားလို့ အမြဲပြုံးမိတယ်။


ဒါတောင် ကိုယ့်ကိုကိုယ် နားမလည်သေးတာတွေက အများကြီး ရှိသေးတယ်။ ကိုယ်သိတဲ့ ကိုယ့်အကြောင်းက တစ်မျိုး၊ သူများတွေသိနေတဲ့ ကိုယ့်အကြောင်းကတစ်မျိုးဆိုတော့ ကောက်ချက်ကအမျိုးမျိုး၊ ရလာဒ်က အမျိုးမျိုး ဖြစ်နေမှာသေချာတယ်။

ကိုယ့်အကြောင်းကိုမှ သေချာမသိနိုင်တာ၊ သူများကို သိဖို့ဆိုတာ ပိုဝေးပြီပေါ့။ ဒါကြောင့်လည်း သူများကို ဝေဖန်တဲ့အခါ ကိုယ်နားလည်သလောက် ကိုယ့်အကြောင်းကို အခြေခံပြီး သူများကို ဝေဖန်သုံးသပ်ကြတာ ဖြစ်မလားပဲ။ စကားပုံတောင် ရှိသေးတယ်လေ “ကိုယ်စိတ်နှင့်နှိုင်း၊ မရိုင်း” ဆိုလား..။

စိတ်ပညာရှင် Joseph Luft နှင့် Harry Inghamက လူတွေပိုင်ဆိုင်တဲ့ လူအကြောင်းကို Johari Windows Johariရဲ့ အိမ်က တံခါးပေါက်၎ပေါက်အဖြစ်တင်စားထားတာရှိပါတယ်။ တံခါးလေးပေါက်က “ကိုယ့် အကြောင်း” “self”လေးမျိုး ကို တင်စားပြောတာပါ။

Johariရဲ့ အိမ်ရဲ့ အခန်း၁-က ကိုယ်လည်းသိတယ်၊ သူများကလည်းသိတဲ့ ကိုယ့်အကြောင်း၊ အခန်း၂-က ကိုယ်ကိုယ်တိုင်က မသိပေမဲ့ သူများကသိနေတဲ့ ကိုယ့်အကြောင်း၊ အခန်း၃-ကတော့ အံသြစရာတွေ ပြည့်နှက်နေတဲ့ ကိုယ်လည်းမသိ သူများလည်းမသိတဲ့ ကိုယ့်ရဲ့မသိစိတ်(အိပ်မက်ကမ္ဘာထဲက)ထဲ က ကိုယ့်အကြောင်း၊ နှင့် အခန်း ၄-ကတော့ ကိုယ်တစ်ဦးထဲကပဲသိနေတဲ့ ထုတ်မပြောသရွေ့ သူများတွေ ဘယ်လိုမှမသိနိုင်တဲ့ ကိုယ့်အကြောင်းတွေပဲ ဖြစ်ပါတယ်။

နောက်ဆုံးက အခန်း၎-ရဲ့ကိုယ်ပိုင်သီးသန့်အခန်း ထဲမှာ သူများကိုပြောမပြလိုတဲ့ ကိုယ်ရဲ့အားနည်းချက်၊ အပြစ်အနာအဆာတွေအတိတ်ဆိုးတွေရှိနေလိမ့်မယ်။ တချို့တလေက ကြာရင် အခန်း၃-ဆီကို ပြောင်းရွေ့ ရောက်ရှိသွားနိုင်တယ်။

ဒီအခန်းလေးမျိုးအကြောင်းကို သိမှ ကိုယ့်ကိုကိုယ့် နားလည်လာနိုင်မှာ ဖြစ်သလို၊ သူများကို နားလည်ပေးလာနိုင်မှာ ဖြစ်ပါတယ်တဲ့။

အောက်ကပုံကဂျပန်လိုရေးထားတဲ့ ဆိုက်ကိုစာအုပ်ထဲကပုံနှင့် ဒိက ရတဲ့ ပုံပါ။


တကယ်တော့ Johari Windows ဆိုတာ Johariရဲ့ အိမ်က တံခါးပေါက်၎ပေါက်အဖြစ် တင်စားထားတဲ့ cognitive psychological ကစားနည်း ဝေါဟာရတခုပါ။ Joseph နှင့် Harryကပဲ ၁၉၅၅မှာ တီထွင်ခဲ့ပါတယ်။ လူတွေတစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်နားလည်နိုင်စေဖို့၊ ကိုယ်ရဲ့အတွင်း စိတ်သန္တန် ကို နားလည်နိုင်ဖို့ လေ့ကျင့်ပေးတဲ့ ဖြေရှင်းကစားနည်းလေးပါ။

ကစားသူတွေကို စကားလုံး (နာမ၀ိသေသန)၅၅လုံးထဲက ကိုယ့်ရဲ့ personalityကို ဖော်ပြတယ်လို့ထင်ရတဲ့ စကားလုံး ၅ လုံး သို့မဟုတ် ၆လုံးကို ရွေးခိုင်းတယ်။ ရွေးတဲ့စကားလုံးတူသူတွေကို အုပ်စုဖွဲ့ပေးတယ်။ ပြီးရင် အုပ်စုကနေ တစ်ယောက်ချင်းစီရဲီ့ personalityကို ဖော်ပြတယ်လို့ထင်ရတဲ့ စကားလုံး ၅ လုံး သို့မဟုတ် ၆လုံးကို ထပ်ရွေးခိုင်းတယ်။ပြီးရင် ရွေးချယ်ထားတဲ့ စကားလုံးတွေ့ကို မျဉ်းတွေနဲ့ ဆက်ပြီး ပုံဆွဲပြတယ်။

ဒီလိုကစားနည်းကို လေ့ကျင့်ကစားခြင်းအားဖြင့် ကိုယ်သိတဲ့ ကိုယ့်အကြောင်း၊ ကိုယ်မသိတဲ့ ကိုယ့်အကြောင်း စသည်ကို ပိုသိလာပြီး ကိုယ့်ကိုကိုယ် နှင့်တကွ အခြားသူတွေကို ပိုမိုနားလည် ခွင့်လွှတ် ပေးနိုင်လာတာ တွေ့ရတယ် လို့ ဆိုပါတယ်။

တနေ့လောက်အားတဲ့နေ့ကျရင် သူငယ်ချင်းတွေနဲ့ အဲဒီကစားနည်းလေးတော့ ကစားကြည့်ချင်သား :D ။ ကိုယ်မသိပေမဲ့သူငယ်ချင်းတွေသိနေတဲ့ ကိုယ့်အကြောင်းကို သိချင်လို့။။ :))


ပျော်ရွှင်ပါစေ။ လသာည ဖြစ်ပါသည်။ 

Sunday, June 14, 2009

လှိုင်းအသွင်ဖြင့် မှတ်ဥာဏ်စွမ်းရည်

ဂျပန်ကို သိပ်မကြာခင်လေးကမှ ရောက်လာတဲ့ သူငယ်ချင်းတစ်ယောက်က မနေ့ကပြောတယ်။ ဂျပန်စာကို ဂျပန်ကို ရောက်မှ စသင်ရတာဆိုတော့ စသင်ခါစက တော်တော်ပျော်ဖို့ကောင်းတယ်တဲ့။ ခဏလေးနဲ့ စာရတယ်။ အခုကျတော့ ကြည့်နေရင်းကနေ စာကမှတ်လို့မရဘူးဖြစ်နေလို့၊ စိတ်တအားညစ်တာပဲ လို့ ပြောတယ်။ ကိုယ်ချင်းစာပါတယ်။ မြန်မာပြည်မှာ အင်္ဂလိပ်စာသာ လေ့လာခဲ့ရပြီး၊ သဒ္ဒါလုံးဝမတူတဲ့ ဘာသာစကားအသစ်တစ်ခုကို ရုပ်တရက် အသက်ကြီးမှ စသင်ရရင် ဒီလိုပဲဖြစ်တတ်ပါတယ်။ (အသက် ၂၅ကျော်တာကို အသက်ကြီးတယ်လို့တော့ မဆိုလိုပါဘူး။ ၁၅နှစ်ထက်စာရင်တော့ အသက်ကြီးတာပေါ့။ ဂလိုပြောချင်တာ ခွင့်လွှတ် :D )


စာကို အဆက်မပြတ်သင်ယူတာ အချိန်နည်းနည်း ကြာလာရင် မှတ်ဥာဏ်စွမ်းရည် လျော့ကျလာတာ သဘာဝပါ။ စိတ်မပူပါနဲ့။ ဇွဲမလျော့ပဲ ဆက်ကြည့်သွားပါလို့ အားပေးချင်ပါတယ်။ တချိန်ကျရင် သူ့အလိုအလို မှတ်ဥာဏ်စွမ်းရည်က နဂိုနှုန်းအတိုင်း ပြန်တက်လာတာ သေချာပေါက်တွေ့ရပါလိမ့်မယ်။ ဟုတ်တယ် ကိုယ်တွေ့ ။ ဒီတော့ စိတ်မညစ်ရအောင် မှတ်ဥာဏ်အကြောင်း ကိုယ်တွေ့နဲ့ စာတွေ့ ပြောပြဦးမယ်။


မှတ်ဥာဏ်မှာ အမျိုးအစား အမျိုးမျိုးရှိပါတယ်။မှတ်ဥာဏ်ဆိုတဲ့ ပို့စ်မှာ ရေးဖူးတယ်။ ဒီတခါက မှတ်ဥာဏ်စွမ်းရည်က လှိုင်းတွေလိုပဲ အနိမ့်အမြင့်နဲ့ ပြောင်းလဲတတ်တယ်ဆိုတာလေးကို ဖြည့်စွက် ပြောပြချင်လို့ ။


ဥပမာ ကလေးတစ်ယောက်ကို ဘာသာစကားတစ်ခု(အင်္ဂလိပ်စာဆိုပါတော့) စသင်တဲ့အခါ သူမသိသေးတဲ့ ဝေါဟာရ အသစ်အဆန်းတွေကို တနေ့ကို အလုံး ၂၀ ကျက်ခိုင်းကြည့်လိုက်။ စကားလုံးမှတ်မိနိုင်မှုကို နေ့စဉ် စာမေးပွဲစစ်ပြီး ရမှတ်ကို မှတ်ထား။ ပထမပိုင်း တက်တက်ကြွကြွနဲ့ စာတအားကျက်လို့ အမှတ်တွေအရမ်းကောင်းနေတာတွေ့ရလိမ်မယ်။ သူကစာကျက်လို့ အရှိန်ရနေတော့ စကားလုံး၂၀ ထက်တောင် ပိုကြည့်ချင်ကြည်နေဦးမယ်။


ရက်နည်းနည်းကြာလာရင် သူအမှတ်လျော့သွားတာတွေ့ရလိမ့်မယ်။ သွားမဆူပါနဲ့။ သူမကျက်လို့ မဟုတ်ပါဘူး။ ယခင်အတိုင်း စာကျက်ချိန်တူနေပေမဲ့ ဦးနှောက်ရဲ့ မှတ်ဥာဏ်စွမ်းရည်က လျော့နည်းလာလို့ပါ။ (ဘာကြောင့်လျော့နည်းတာလဲဆိုတဲ့ အကြောင်းရင်းက အမျိုးမျိုးရှိပါတယ်။ နောင်ကြုံရင် ရေးပါဦးမယ်။)


ဒါပေမဲ့ ကလေးကို အားပေးပြီး ဆက်သင်သွားလိုက်တဲ့အခါ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ မှတ်အား ပြန်ကောင်းလာတွေ့ရလိမ့်မယ်။ နောက်နည်းနည်းကြာလာရင် ပြန်လျော့သွားပြန်လိမ့်မယ်။ စာကြည့်ချိန်စသည်ကို ကိန်းသေထား၊ သူ့ရဲ့ မှတ်ဥာဏ်ကို ကိုယ်စားပြုတဲ့ နေစဉ်စစ်ဆေးတဲ့ စာမေးပွဲရမှတ်နှင့် အချိန်ကို ဂရပ်ဆွဲကြည့်ရင် မှတ်ဥာဏ်ရဲ့ အနိမ့်အမြင့်လှိုင်းတွေကိုတွေ့ရလိမ့်မယ်။


အဲဒါကလေးကိုပြောတာ။ လူကြီးလည်းအတူတူပဲ။ မှတ်ဥာဏ်စွမ်းရည် ရဲ့ လှိုင်းအတက်အကျ အချိန်ပဲကွာတာ။ အသက်ကြီးလေ လှိုင်းအတက်အကျ ကျဲလေတော့ ရှိမှာပေါ့။ ဦးနှောက်ရဲ့သဘာဝ၊ မှတ်ဥာဏ်(ဥာဏ်ရည်) စတဲ့ သတ်မှတ်ချက်တွေ၊ Alfred Binet ရဲ့ IQ test နှင့် Francis Galtonရဲ့ multiple intelligence အယူအဆတွေ အကြောင်းကတော့ လူတော်တော်များသိပြီးသားမိုလို့ မပြောတော့ဘူးနော်။ စာအကြောင်းတွေပြောရတာ ပျင်းစရာမဟုတ်လား။


လောကကြီးက ဆန်းကြယ်ပါတယ်။ ပြောင်းလဲတတ်တဲ့သဘောတရားကို ဖော်ပြရရင် ပြင်ပသဘာဝအပြင် ကိုယ်ရင်ထဲက နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းကတောင် ကိုယ့်မသိစိတ်ကြောင့် ပြောင်းလဲတတ်သေးတာ မဟုတ်လား။ ကိုယ်ခင်တွယ်တဲ့ အရာဝတ္ထု၊ သက်ရှိ/သက်မဲ့တွေအပေါ် လှိုင်းတွေလိုပဲ နှစ်သက်ခြင်း ဒီဂရီ ပြောင်းလဲတတ်ကြောင်း နှစ်သက်ခြင်း နှင့် မနှစ်သက်ခြင်း မှာ ပြောဖူးတယ်လေ။ ဒီတော့လည်း ကိုယ်ထိန်းချုပ်လို့မရတဲ့ သဘာဝကြီးကို ထိန်းချုပ်လို့မရမဲ့အတူတူ စိတ်ညစ်နေမယ့်အစား သူ့သဘာဝကို သိအောင်ကြိုးစားပြီး ကိုယ်ရည်မှန်းချက် ပန်းတိုင်ဆီကို ရှေ့ဆက်ချီတက်ကြပါစို့။ (ဟားဟား ပို့စ်အဆုံးသတ်က ဟောပြောပွဲ နိဂုံးလိုလို၊ ဘာလိုလို :D)

ပျော်ရွှင်ပါစေ

လသာညဖြစ်ပါသည်

Saturday, June 13, 2009

psy- test 6ရဲ့ အဖြေ


psy- test 6ရဲ့ အဖြေကို ဘာသာပြန်လိုက်ပါတယ်။

စကားမစပ် ။ ။ ဘာသာပြန်ရင်း စဉ်းစားမိတဲ့ အချက်ကို အရင်ပြောပြချင်ပါတယ်။
ညီမလေးနှစ်ယောက်က Fကို ရွေးခဲ့တာတွေ့ပါတယ်။ လသာညကိုယ်တိုင်လည်း Fကို ရွေးခဲ့မိတယ်။ ဘာဖြစ်လို့ သုံးယောက်ဟာ တူနေတာလဲ၊ခါတိုင်းဆိုရင် တူရင်တောင် ၂ယောက်လောက်ပဲတူတတ်တယ်။

စိတ်ဓါတ်ချင်းတူလို့လည်းဖြစ်နိုင်တာမို့တူတာက အပြစ်မရှိပါဘူး။ စဉ်းစားစရာက အဓိပ္ပါယ်ကောက်ပုံချင်းများတူနေသလားလို့ပါ။ တစ်ယောက်တည်း အမျှင်တန်းစွာ ဆက်စပ် အတွေးနယ်ဖြန့်မိသွားတယ်။

မိဆိုးလေးရဲ့အဖြေအရ ကိုယ်အမြင်နဲ့တူနေတာကို တွေ့ရတယ်။ မြန်မာတို့ရဲ့ cultureမှာ ဖယောင်းတိုင်ဟာ အလင်းကို ပေးတယ်ဆိုတဲ့အချက်၊ နောက်ပြီး ပညာကိုပေးနေတဲ့ ဆရာ၊ဆရာမရဲ့ကိုယ်စားပြု တဲ့ ဖယောင်းတိုင်လေးအဖြစ် လူတိုင်း ခံယူထားကြတယ်။ ဒါဟာ ကိုယ့်အတွက် Fကို ရွေးစေခဲ့တဲ့ အချက်ပဲဖြစ်ပါတယ်။ (ကျန်ညီမလေး ၂ ယောက်က အဲလိုဖြစ်ချင်လည်းဖြစ်မယ်။ ဖြစ်ချင်မှဖြစ်မှာပါ. ကိုယ်အမြင်ကို ပြောတာပါ.)။

တကယ်လို့ ရွေးတဲ့သူဟာ မြန်မာလူမျိုးမဟုတ်ခဲ့ရင် ဖယောင်းတိုင်မှာပါတဲ့ “မီး”ရဲ့အဓိပ္ပါယ်ကို ပုံမှန်လူတွေယူဆတဲ့ “မီး”ရဲ့အဓိပ္ပါယ်အတိုင်း ပူတယ်။ လောင်ကျွမ်းတတ်တယ်၊ အန္တရယ် ကြီးတယ်ဆိုတဲ့ အမြင်နဲ့ Fကို ရွေးတဲ့သူ။ မီးဟာ ခွန်အားရှိတယ်ဆိုတဲ့ အမြင်နဲ့ ရွေးတဲ့လူက များမယ်ထင်တာပါပဲ။ အဲဒါဘာလဲဆိုတော့ psy- test တွေဟာ culture စသည် တို့ရဲ့ လွှမ်းမိုးမှုရှိတယ်ဆိုတဲ့ အချက်ပါပဲ။ အဟား ဖြန့်ကျက်တွေးကြည့်တာပါ။ လေရှည်နေတာ ဆောရီး.....။


ကဲ့..psy- test 6ကိုပဲ..ပြောတော့မယ်။
မိတ်ဆွေ.. ဘာကိုမှ မစဉ်းစားပဲ စိတ်ထဲ ရှိတဲ့အတိုင်း စိတ်ပေါ့ပေါ့ပါးပါး ရေးချစ်ကြည့်လိုက်ပါ။ မင်းရွေးလိုက်တဲ့ အဖြေဟာ မင်းရဲ့မသိစိတ်ထဲက မင်းရဲ့ပုံရိပ်တစ်ခုဖြစ်နေတာကို အံ့သြစွာတွေု့ရမှာပါ။ မင်းရဲ့ပုံရိပ်ရဲ့ ဆန္ဒအတိုင်း မင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

အဖြေ...

Aကိုရွေးတဲ့သူရဲ့ပုံရိပ်...
ကိုယ်ကိုယ့်ကို လက်ရုံးရည်၊ နှလုံးရည် နှစ်ခုလုံးမှာ ပြည့်ဝဖို့ ကြိုးစားနေတဲ့ တည်ငြိမ်အေးဆေးသူ ဖြစ်ပါတယ်။ တစ်ခုခုကို စဉ်းစားတဲ့အခါတိုင်း လက်ရှိမှာ ကိုယ်ဘာလဲ၊ ဘာလိုရပ်တည်ချက်မျိုးက ရှိနေသလဲဆိုတာက စပြီးစဉ်းစားပါတယ်။ စဉ်းစားဆင်ခြင် ဥာဏ်မြင့်သူဖြစ်လို့ ဘယ်လောက် ကိစ္စကြီးငယ်ရှိလာပါစေ တုန်လှုပ်မှုမရှိပဲ စနစ်တကျ စီမံခန့်ခွဲနိုင်တယ်။ စိတ်ခံစားချက်ကို ဘယ်တော့မှ ဦးစားမပေးဘူး။ ဒါကြောင့် သူဟာ မိသားစုအသိုင်းအ၀ိုင်းနှင့်၊ မိတ်ဆွေအများရဲ့အကူအညီတောင်းခံမှုကို အမြဲကူညီဖြေရှင်းပေးရလေ့ရှိတယ်။ သူ့ရင်ထဲက “သူများကို ကူညီပေးလိုခြင်း”ဆိုတဲ့ဆန္ဒက ယခုလက်ရှိပုံရိပ်ကို ပုံသွင်းထားတာဖြစ်ပါတယ်တဲ့။

Bကိုရွေးတဲ့သူရဲ့ပုံရိပ်...
ဘာလုပ်လုပ် တက်တက်ကြွကြွလုပ်တတ်သူဖြစ်ပါတယ်။ ကိုယ်ကမှန်တယ်ထင်ရင် ထိုအယူအဆအတွက် ဘယ်သူနဲ့တိုက်ရတိုက်ရ မကြောက်မရွံ တိုက်တတ်တဲ့ fighterလေး ဖြစ်ပါတယ်။ ခံယူချက်ပြင်းသူဖြစ်တယ်။ ဆုံးဖြတ်ချက်အတိုင်း လုပ်တယ်။မတော်တဆများရှုံးခဲ့ရင်၊ ကိုယ်ဖြစ်ချင်သလိုများဖြစ်မလာခဲ့ရင် အသေခံတိုက်ရတိုက်ရ ကိုယ်ဖြစ်ချင်တာဖြစ်တဲ့အထိ ရအောင်တိုက်ချင်သူဖြစ်ပါတယ်။ “သူများနဲ့ပြိုင်၊နိုင်ရပါလို၏”ဆိုတဲ့ ဆန္ဒလေးကသူ့ရင်ထဲမှာစွဲမြဲနေလို့ပါ။

C ကိုရွေးတဲ့သူရဲ့ပုံရိပ်...
အတွေးအခေါ်ပိုင်းမှာ မြင့်မားသူဖြစ်ပါတယ်။ သူဘယ်လောက်သိသိ ပညာမာနမရှိဘူး။ ဒါပေမဲ့ အတွင်းစိတ်မာတယ်။ ရည်မှန်းချက်မြင့်တယ်။ ဘယ်ကိစ္စကိုမှ ပေါ့ပေါ့တန်တန်သဘောမထားဘူး။ ကိုယ်သိပြီးသားအကြောင်းအရာကို ယုံကြည်ချက်အပြည့်ရှိတယ်။ ကိုယ်အယူအဆကို တပါးသူက လက်ခံ၊အသိအမှတ်ပြုမှုကိုလည်း လိုချင်တယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ဒါမှန်တယ်၊ လက်ခံပါလို့ ထုတ်ဖော်ပြောလိုစိတ်မရှိဘူး။ အများကလက်ခံလာတဲ့အထိ သူကြိုးစားဖို့ကိုပဲ စဉ်းစားတယ်။ “ဥာဏဗလနှင့် ပြည့်စုံလို၏” ဆိုတဲ့ ဆန္ဒလေးကသူ့ရင်ထဲမှာစွဲမြဲနေလို့ပါတဲ့။

D ကိုရွေးတဲ့သူရဲ့ပုံရိပ်...
တဖက်သားကို ကြင်နာတတ်ပြီး သဘောကောင်းတယ်။ ပျော့ပြောင်းတဲ့သဘောထားကြောင့် နှလုံးသားက ထိခိုက်လွယ်တယ်။ ကြင်နာမှုပေးပြီး တဖက်သားသဘောထားကို သိမ်းသွင်းနိုင်စွမ်းရှိတယ်။ ကိုယ်မကြိုက်တဲ့အချက်အတွက် သူများနဲ့တုပြိုင်ပြီး ရန်ဖြစ်ဖို့ဘယ်တော့မှ မစဉ်းစားဘူး။ တဖက်သားကို လိုက်လျောနိုင်သ၍ လိုက်လျောဖို့ အမြဲကြိုးစားတတ်တယ်။ “မိမိထက် တဖက်သားရဲ့ ဆန္ဒပြည့်ဝဖို့ အတွက် ဖြည့်စွမ်းပေးနိုင်သူ ဖြစ်ချင်တယ်” လို့ သူရင်ထဲမှာ စွဲနေလို့ဖြစ်ပါတယ်။

E ကိုရွေးတဲ့သူရဲ့ပုံရိပ်...
သူ့ကိုကြည့်ရင် ပူပင်သောက မရှိသူတစ်ယောက်လို့ တည်ငြိမ်အေးချမ်းတဲ့ပုံရိပ်တစ်ခုအမြဲ ရှိနေတာတွေ့ရတယ်။ ဘယ်သူမဆို သူကိုမြင်ရင် (အခုမှ သိတဲ့သူကတောင် သူကိုတွေ့ရင် ) မိမိအကြောင်း အလိုလိုဖွင့်ဟရင်ဖွင့်ပြောချင်လာအောင် အားကိုးလောက်တဲ့ တည်ငြိမ်မှုမျိုးရှိတယ်။ တည်ငြိမ်အေးချမ်းတဲ့ ပုံရိပ်ရှိလို့ ရည်မှန်းချက်မမြင့်လို့တော့မဟုတ်ပါဘူး။ သူကိုယ်တိုင်က ကြိုးစားတဲ့သူဖြစ်နေတဲ့အတွက် သူနဲ့တွေ့ရင် သူလို့ ကြိုးစားချင်စိတ်ကိုလည်း ပေးနိုင်လောက်အောင် ကြိုးစားတတ်သူဖြစ်ပါတယ်တဲ့။ ဒါကြောင့် လူအများက သူ့ကို အလိုအလိုနေရင်း ခေါင်းဆောင်တင်လိုစိတ်ဖြစ်သလို သူကလည်း လိုအပ်ရင် ခေါင်းဆောင်နေရာက ဦးဆောင်ပေးဖို့ ၀င်မလေးဖူး။ ဒါပေမဲ့ ရာထူးတော့ မလိုချင်သူဖြစ်ပါတယ်။ “လူသားတစ်ယောက်၏တာဝန်အတိုင်း လုပ်စရာရှိတာလုပ်ပြီး ဘ၀ကို အေးဆေးစွာ ဖြတ်သန်းလို၏” လို့ သူရင်ထဲမှာ စွဲနေလို့ဖြစ်ပါတယ်။


F ကိုရွေးတဲ့သူရဲ့ပုံရိပ်...
လူတစ်ယောက်ကို တော်ရုံနဲ့ မိတ်ဆွေအရင်းအချာအဖြစ် သွင်းလိုစိတ်မရှိဘူး။ တွယ်တာမိရင်လည်း နှစ်နှစ်ကာကာ စွဲတယ်။ ဒါပေမဲ့ ခင်မင်သူဖြစ်နေပါစေ၊ တစ်စုံတစ်ယောက်ကို စိတ်ဆိုးမိရင် တော်တော်နဲ့ စိတ်ဆိုးမပြေဘူး။ အဖော်တော့မင်တတ်တယ်။ ကိုယ်တွယ်တာသူတစ်ယောက်ကို ဘယ်လောက်ဝေးဝေး လွမ်းနေတတ်တဲ့ အကျင့်ရှိတယ်။ ထိုအဝေးရောက်နေသူက ကိုယ်ကို ပြန်လွမ်းနေလောက်အောင်လည်း ပြောတတ်၊ချွဲတတ်သူဖြစ်တယ်။ ပုံမှန်မိတ်ဆွေတွေနဲ့ဆိုရင်တော့ မာနကြီးတယ်။ ဒီ ၇-မျိုးထဲမှာ မာနအကြီးဆုံးသူလည်း ဖြစ်ပါတယ်။ ကိုယ်ရဲ့အားနည်းချက်ကို ဖော်ပြသလိုဖြစ်မယ့် အလုပ်မျိုးကို လုံးဝလုပ်ဖို့စိတ်မကူးဘူး။ လုပ်မိတဲ့အလုပ်ဆိုရင်လည်း လုံးဝအပြစ်အနာအဆာ မရှိအောင် လုပ်လိုတဲ့စိတ်ပြင်းထန်တယ်။ “နောင်တချိန် နောင်တရပြီး ငိုနေရမှာ သိပ်ကြောက်သူမိုလို့ နောင်တဆိုတာ မရှိရအောင် အပြစ်ကင်း၊ ဝေဖန်ကင်းတဲ့သူ” ဖြစ်လိုတာ သူ၏ရင်ထဲက ဆန္ဒပါ။

G ကိုရွေးတဲ့သူရဲ့ပုံရိပ်...
အ၀တ်အစားကအစ ပေါ်လွင်တဲ့ဒီဇိုင်း၊ တောက်ပတဲ့အရောင်ကို နှစ်သက်တယ်။ ဘယ်တော့မှ ဖြစ်ကတတ်ဆန်း မနေတတ်၊ မပြောတတ်ဘူး။ အများအမြင်မှာ တင့်တယ်ဖို့ ကြိုးစားတယ်။ အပေါ်ယံတင်မက နှလုံးလှဖို့လည်း ကြိုးစားလိုတယ်။ အားနည်းချက်က တပါးသူ၏ အတင်း၊အဖျင်းနှင့် ဝေဖန်ချက်တွေကို ခေါင်းထဲမှာ အမြဲထည့်စဉ်းစားတတ်တယ်။ D ရဲ့ပုံစံနှင့်တူပေမဲ့ သူက သူတပါးအမြင်ကို ပိုစဉ်းစားသူဖြစ်တယ်။ဒါကြောင့် သူလုပ်ဆောင်ချက်တိုင်းဟာ ကိုယ်ပိုင်ရပ်တည်ချက်ထက် သူတပါးရဲ့အမြင်နှင့် ဆုံးဖြတ်ချက်တွေအပေါ်မူတည်နေတယ်။ ဒါပေမဲ့ သူရဲ့ အားသာချက်က သူဟာ တာဝန်ယူလိုစိတ်ပြင်းထန်တာပဲ ဖြစ်ပါတယ်။ သူဟာ အများကျေနပ်တဲ့ အလုပ်တစ်ခုအတွက်ဆိုရင် ရေကုန်ရေခမ်း ပြီးဆုံးတဲ့အထိ တာဝန်ယူလုပ်ကိုင်ပေးလိုသူဖြစ်ပါတယ်။ “အများအတွက် ပေးလှုနိုင်သူ၊စွန့်လွှတ်အနစ်နာခံရဲသူ ဖြစ်ရပါလို၏” ဆိုတဲ့ဆန္ဒက သူ့ရဲ့လက်ရှိပုံရိပ်ကို လွှမ်းမိုးနေတာ ဖြစ်ပါတယ်။

ပြီးး။

မှတ်ချက်။ ။ ဒီpsy- test 6ရဲ့ အဖြေကို ဘာသာပြန်ရတာ အခုထိ ဘာသာပြန်ခဲ့သမျှထဲမှာ အခက်ဆုံးပါပဲ။ များလိုက်တဲ့ ခန်းကြီး။ ကိုယ်မသိတဲ့ ဘူးသီး၊ငါးပေါင်းကြော် တော်တော်များတယ်။dict: book ကြီးကို တောက်လျှောက်ကြည့်နေရတယ်။
:P စကားလုံးအသုံးမှားရင် ပြင်ပေးရန် စကားခေါ်ခြင်းဖြစ်ပါသည်။..

筆者ー浅野八の絵で見る人間心理テストစာအုပ်ကို အခန်းလိုက် လသာညမှ နားလည်သလို ဘာသာပြန်ခြင်းဖြစ်ပါသည်။

Thursday, June 11, 2009

psy- test 6

လူတိုင်းမှာ ဆန္ဒအမျိုးမျိုးရှိတတ်တယ်။ ဆန္ဒအမျိုးမျိုးကို အခြေခံပြီး ဆုအမျိုးမျိုးတောင်းတတ်တယ်။ ကဲ.. ဘာဆန္ဒရှိလဲ ဆုတောင်းပါလို့ ဆိုလာရင် ဘာဆုတောင်းရမှန်းမသိပဲ၊ “အင်း..ဘာပြောရမလဲ၊ လိုချင်တာတွေကများနေလို့ အဟီး” ဆိုပြီး သူများတွေ ဆုတောင်းသလိုပဲ “သက်ရှည်၊ဘုန်းကြီး၊အနာကင်း၊ ဥစ္စာဓနပြည့်စုံ....”စသည် ကြားဖူးသမျှ ဆုတောင်းကို လျှောက်ပြောမိတယ်။

အဲဒါ တကယ်တော့ သိစိတ်ကပါ။ မသိစိတ်မှာတော့ သူများနဲ့တူချင်မှတူမှာ ဖြစ်တဲ့ ကိုယ်ကိုယ်တိုင် တကယ်လိုချင်တဲ့ ဆန္ဒတွေက ပြတ်ပြတ်သားသား ရှိပါတယ်။ ကာယကံရှင် သတိမထားမိလို့ပါ။ အကြောင်းအားလျော်စွာ ကိုယ်မသိစိတ်က တောင်းတနေတဲ့ ဆုတောင်းတစ်ခု ပြည့်သွားတဲ့အခါ ကံကောင်းလို့ လို့ ထင်နေတတ်ပေမဲ့ ကိုယ်မသိစိတ်က တောင်းတနေခဲ့တာကြောင့်လည်းဖြစ်တယ်လို့ စိတ်ပညာရှင်(Sigmund Freud) က ဆိုပါတယ်။

ဒါကြောင့်လည်း ကိုယ်ဖြစ်ချင်တာရှိရင် မကြာခဏ ရေရွတ်ပါ။ မသိစိတ်ထိအောင်စွဲသွားပြီး ထိုစိတ်စွမ်းအားကြောင့် အံ့သြစရာကောင်းလောက်အောင် ဖြစ်ချင်တာတွေ ဖြစ်တတ်တယ်၊ အကျိုးပေးတယ်လို့ တချို ဘာသာရေးပုဂ္ဂိုလ်ကြီးတွေက မိန့်ဟကြတာပေါ့။

ဒီတခါ psy- test 6 ကတော့ ဆန္ဒကို ဖော်ထုတ်တဲ့ psy- test ပါ။ တကယ်လို့များ အခုနေ မင်းကို နံရံတစ်ခုပေါ်မှာ ပုံရေးခွင့်ပြုတယ်။ အောက်က ၇ မျိုးထဲက တစ်ခုခုကို ရေးဆွဲပါလို့ အပြောခံရရင် မင်းဘယ်ပုံကိုများ ဆွဲချင်သလဲ။
သူများနဲ့ တူတူ မတူတူ ကိုယ်စိတ်ခံစားချက်အတိုင်း ကိုယ်ရွေးချင်သလို ရွေးသာချလိုက်ပါ။ ဒီလို ရေးချလိုက်တဲ့အခါ ရေးချမိတဲ့ (ရွေးချယ်လိုက်တဲ့) ပုံဟာ တိုက်ဆိုင်စွာ မင်းရင်ထဲက ဆန္ဒတစ်ခုကို ကိုယ်စားပြုနေတာတွေ့ရလိမ့်မယ်လို့ ဂျပန် စိတ်ပညာရှင် မစ္စတာ အစနို ဆိုပါတယ်။

ကဲ ..ရွေးကြည့်လိုက်နော်။ ကိုယ်မသိတဲ့ ကိုယ်ရင်ထဲက ဆန္ဒလေးက ဘာများဖြစ်နေမလဲ?

အဖြေက နောက်နေ့မှ :D

လသာည ဖြစ်ပါသည်။
筆者ー浅野八の絵で見る人間心理テストစာအုပ်ကို အခန်းလိုက် လသာညမှ နားလည်သလို ဘာသာပြန်ခြင်းဖြစ်ပါသည်။

Tuesday, June 9, 2009

ထူးတဲ့သူများ

‘THE RAIN MAN ကားကို ကြည့်ဖူးပါလား?’



ဒီကားထဲမှာ ပါတဲ့ ဇာတ်ကောင်ဟာ လူအများက ကျပ်မပြည့်ဖူးလို့ ထင်ရတဲ့ သူ တစ်ယောက်ရဲ့ ထူးဆန်းလှတဲ့ မှတ်ဥာဏ်စွမ်းရည်အကြောင်းပါ။ အပြင်မှာ တကယ့်ဇာတ်ကောင်လည်း ရှိပါတယ်။ သူက အသက်၅၀ကျော်ပြီဖြစ်တဲ့ Kim Peekပဲ ဖြစ်ပါတယ်။ psychological testအရ သူ့မှာIQ ၇၃ပဲရှိတယ်။ ပုံမှန်ထက်တော်တော်နိမ့်ကျနေတယ်။

ဒါပေမဲ့ အသက်တစ်နှစ်ခွဲလောက်ကတဲက သူ့အဖေစာကြည့်ခန်းက စာအုပ်တွေကိုစဖတ်နိင်ခဲ့တယ်။ စာအုပ်တစ်အုပ်ကို ၁နာရီလောက်နဲ့အပြီးဖတ်နိုင်တယ်။ သူဖတ်နည်းက ကြည့်သမျှကို ဓါတ်ပုံရိုက်သလို စွဲနေအောင်မှတ်နည်းမျိုးဖြစ်တယ်။ ဖတ်ပြီးသမျှစာအုပ်ကို သူဖတ်ပြီးကြောင်း သင်္ကေတအဖြစ် ပြောင်းပြန်ပြန်ထောင်ထားတယ်။

ငယ်ငယ်ကတဲက ယခုအထိ ဖတ်ပြီးသားစာအုပ်တွေကို စာအုပ်ပေါင်းများစွာကအကြာင်းအရာတွေကို သူ့ဦးနှောက်ထဲမှာ ကွန်ပျူတာတစ်ခုလို သိမ်းပေးထားတယ်။ (သူဖတ်တဲ့အကြောင်းအရာတွေက သမိုင်းစတဲ့ စာပေတွေကစပြီး ပထ၀ီ၊အားကစား၊ တေးဂီတ နှင့် ရက်စွဲ၊ဖုန်းနံပါတ်စတာတွေအထိ နယ်ပယ်စုံပါတယ်။သူ့ကို The King of the booksလို့လည်း တင်စားကြတယ်။

လူတိုင်းက သူကို အားကျပေမဲ့ သူ့မှာ သနားစရာကောင်းတဲ့ ချွတ်ယွင်းချက်လည်းရှိနေပါတယ်။ သူ့ရဲ့ ဦးနှောက်ဟာ ပုံမှန်လူတွေလောက်အလုပ်လုပ်နိုင်စွမ်းမရှိပါဘူး။ ဦးနှောက်အသေးရဲ့ ပျက်စီးမှုကြောင့် အာရုံခံစားမှု(sensory perception)နှင့် လှုပ်ရှားနိုင်စွမ်း(motor skill) အားနည်းတယ်။ သူဟာ စကားပုံတွေ၊သင်္ကေတတွေရဲ့အဓိပ္ပါယ်တွေကို Abstract reasoningမလုပ်နိုင်ဘူး။ သူ့ရဲ့ social skillကလည်း တဖြည်းဖြည်းသာတိုးလာတာဖြစ်ပါတယ်။ (အခုဆိုရင်တော့ သူဟာ ဟာသတွေကို ခံစားတတ်နေပါပြီ။ )

သူဟာ ၄နှစ်သားအထိ လမ်းမလျှောက်နိုင်ခဲ့ဘူး။ သူ့အဖေမရှိပဲ ဘ၀ကို တစ်ယောက်ထဲ မရပ်တည်နိုင်ဘူး။ အနိမ့်ဆုံး သူ့အင်္ကျီကြယ်သီးကို သူကိုယ်တိုင် မတတ်နိုင်ဘူး။ သူရဲ့အဖေက အကုန်လိုက်လုပ်ပေးရတယ်။ ဒီလိုမျိုးဒီအရွယ်အထိ ဂရုစိုက်တဲ့ အံ့သြဖွယ်ရာ သူအဖေရဲ့ ချစ်မေတ္တာကြောင့်သာပေါ့။ သူ့အကြောင်းအသေးစိတ်ကို ဒီမှာ ဖတ်လို့ရပါတယ်။




နောက်ထပ်ထူးချွန်သူတစ်ယောက်ကတော့Daniel Paul Tammet ဖြစ်ပါတယ်။ အင်္ဂလိပ်လူမျိုး အသက်၃၀ရှိပြီဖြစ်ပါတယ်။ သူဟာသချာင်္နှင့် ဘာသာစကားဘက်မှာ giftedဖြစ်ပါတယ်။ သူ့မှာ Asperger syndrome ရောဂါ ရှိတဲ့အတွက် သူဟာငယ်ငယ်က တောက်လျှောက်ငိုနေတတ်ပါတယ်။ တခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး မလုပ်နိုင်ဘူး။ သူစိတ်ဝင်စားရာကိုသာ စွဲမြဲလုပ်နေတတ်ပါတယ်။

သူစိတ်ဝင်စားတာက ကိန်းဂဏန်းတွေပဲဖြစ်ပါတယ်။ ငယ်ငယ်ကတဲ့က ကိန်းဂဏန်းတွေကိုပဲ ရေတွက်နေခဲ့ရင်း ၎င်းကိန်းဂဏန်းတွေကို အဓိပ္ပါယ်ကောက်ရင်း ကိန်းဂဏန်းကမ္ဘာထဲမှာ ပျော်ဝင်နေလေ့ရှိခဲ့ပါတယ်။

သူရဲ့အာရုံအကြောင်းကို ဒီလိုဖော်ပြထားပါတယ်။ သူဟာ သချာင်္နှင့်ပတ်သက်ရင် ကွန်ပျူတာထက်တောင် တိကျထက်အဖြေကိုပေးနိုင်တယ်။ သချာင်္ပုစ္ဆာတွေကို တခဏအတွင်းမှာ အဖြေထုတ်နိုင်တယ်။ သူဟာ ကိန်းဂဏန်းတွေကို တွက်ချက်ယူတာမဟုတ်ပဲ ကိန်းဂဏန်းတွေရဲ့ ကာလာ၊ ပုံသဏန်(shape)၊အရိပ်နှင့် ခံစားချက်တွေကို ကောက်ယူခံစားရင်း အဖြေကိုတွက်ထုတ်နိုင်တယ်လို့ဆိုပါတယ်။

သူ့ရဲ့အားသာချက်က သူဟာ social skillက ပြောရလောက်အောင်မချို့ယွင်းတဲ့အတွက် သာမာန်လူတွေလိုပဲ ပြောဆိုဆက်ဆံနိုင်တယ်လိုဆိုပါတယ်။ နောက်ပြိး အားကျစရာကောင်းတဲ့နောက်တစ်ချက်က ဘာသာစကားတစ်ခုကို တစ်ပတ်အတွင်း တတ်အောင်သင်ယူနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။


Kim Peek နှင့်Daniel တွေ့ကြတော့ Kim Peekက“ Danielဟာ ကျွန်တော့်ထက်တော်တယ်။ ရှေ့ လျှောက်ကျော်ကြားဦးမယ်” လို့ လိုက်လှဲစွာပြောခဲ့တယ်လို့ ဆိုပါတယ်။ Daniel ကလည်း အဲဒီလိုအားပေးခြင်းခံရတဲ့အတွက် သူမှာ ကြိုးစားဖို့တာဝန်ပိုရှိသွားပြီလို့ ပျော်ရွှင်စွာ တုန်ပြန်ခဲ့တယ်လို့ဆိုပါတယ်။

ဒီ ဗွီဒီယိုထဲမှာ တခြားထူးချွန်သူနှစ်ယောက်အကြောင်းကိုလည်း အကျဉ်းမိတ်ဆက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ငယ်ငယ်က ခေါင်းကို ဘေ့စ်ဘောလုံးမှန်ခဲ့တဲ့ မတော်တဆဖြစ်မှုကြောင့် နေစွဲတွေနဲ့ မိုးလေ၀သကို ကာလအပိုင်းအခြားမရှိမှတ်မိနေသူ။ စိတ်သက်က ကလေးဘ၀မှာပဲ ကျန်ခဲ့ပေမဲ့ သူ့ရဲ့ပန်းချီစွမ်းရည်ဟာ သာမာန်လူတွေထက် များစွာထူးခြားသာလွန်နေတဲ့သူ တွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေကနေ ကောက်ချက်ချရရင် သူတို့တတွေဟာ သူများလိုမဟုတ်တဲ့ ရောဂါတွေရရှိလာခြင်းကြောင့် အခက်အခဲတွေ နဲ့ မွေးဖွားကြီးပြင်းလာရပေမဲ့ ဘုရားပေးတဲ့ gifted talentတွေ ပိုင်ဆိုင်လာရတယ်မဟုတ်လား။

တကယ်ဆိုရင် လူတစ်ယောက်ဟာ ဒီနေရာမှာ မထူးချွန်လည်း နောက်တနေရာတော့ ထူးချွန်နိုင်တာပဲ။ လူတိုင်းမှာ မတူညီတဲ့စွမ်းရည်ကိုယ်စီ ရှိနိုင်ပါတယ်။ သူများနှင့် ကိုယ်မတူရကောင်းလားလို့ သူများကို အထင်ကြီးတဲ့စိတ်နဲ့ ကိုယ်ကိုယ့်ကို ဘယ်တော့မှ အထင်သေးစိတ်၊ အားငယ်စိတ်မ၀င်မိစေဖို့ အရေးကြီးတယ်။ ဒီအကြောင်းကို တူညီတဲ့အရာတွေလည်း မတူညီတတ်ဘူး။မှာလည်း ပြောခဲ့ဖူးတယ်လေ။

လူတစ်ဦးကို အခြား တစ်ဦးနှင့် နှိုင်းယှဉ်ကြည့်ပြီး ကိုယ်သိထားတဲ့ပေတံတွေနဲ့ တိုင်းတာကြည့်တာမျိုး၊ သူများနဲ့ တူအောင် မစွမ်းဆောင်နိုင်ရကောင်းလားလို့ ကိုယ်ကိုယ်ကိုမဝေဖန်မိဖို့ အရေးကြီးသလို၊ သူများကိုလည်း မဝေဖန်မိဖို့ အရေးကြီးတယ်။ ကိုယ်စွမ်းနိုင်သလောက် အကောင်းဆုံးလုပ်နိုင်ရင် ပြီးတာပဲ။ တကယ်ဆို မင်းဟာလည်း ထူးတဲ့သူတစ်ယောက်ပဲဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

လသာည ဖြစ်ပါသည်။

Sunday, June 7, 2009

မှတ်ဥာဏ်ကောင်းအောင် ဘာစားသင့်သလဲ

脳テレ(ဂျပန်အသံလွှင့်အစီအစဉ်တစ်ခု) မှ မနက်တိုင်း မနက်စာကို လုံးဝမစားခြင်းဟာ ကျန်းမာရေးအတွက်ကော၊ မှတ်ဥာဏ်အတွက်ပါ တကယ်မကောင်းပါဘူး၊ မှတ်ဥာဏ်ကောင်းချင်ရင် အ၀စားသင့်ပါတယ်လို့ စိတ်ဝင်စားစရာ စမ်းသပ်ချက်တွေနဲ့ ဒီနေ့တင်ပြသွားပါတယ်။

ဒါဆိုရင် မှတ်ဥာဏ်ကို အထိရောက်ဆုံး အစားအစာ အဖြစ် ဘာစားသင့်သလဲဆိုတဲ့ အစီအစဉ်ကို စမ်သပ်ချက်လေးမျိုးနဲ့ပြသွားတယ်။


၁) မနက်စောစော ကို ပေါင်မုန့်မီးကင်နှင့် နွားနို (သို့) ကော်ဖီ (စားပါဦး)

၂) ဒီလိုအသားကင်မျိုးလေးကို စားခြင်း (ရွှတ်..စားချင်လာပြီနော်။)

၃) ဂျပန်စာကို မိဆောဟင်းချိုလေးနဲ့ (ဒီဟင်းလေးကလည်း စားချင်စရာလေး)


၎) curry-rice( ဂျပန်က အိန္ဒိယစတိုင် ဒီလိုပုံစားတာကိုမှcurry-riceလို့ ခေါ်တာကိုး။ စားချင်စဖွယ်)


မနက်စာမစားခင် IQtestကို အရင်စစ်တယ်။ စားပြီးတခါစစ်တယ်။ ၄ယောက်ကို (တနေ့တစ်မျိုး ကျွေးပြီးတော့) ၄ရက်ဆက်တိုက် စစ်တယ်။ ရလာဒ်ကို အဖြေထုတ်တယ်။ (သုတေသနအနေနှင့်ဆိုရင်တော့ sampleနည်းတယ်နော သိပ်မယုံရဘူး ဟာဟား)

ရလာဒ်က ဘယ်အဖြေဖြစ်မယ်ထင်လဲ?
လသာညတော့ ၁နှင့် ၂ ကို အကြိုက်ဆုံးပဲ ။ စားချင်တယ်။

ဒါပေမဲ့ အဖြေက .. ဒီလိုပါ။
မှတ်ဥာဏ် အများအနည်းအစဉ်အတိုင်းစီရရင် ၄ --> ၃--> ၁/၂ ဖြစ်ပါတယ်။
၁နှင့် ၂က မတိမ်းမယိမ်း ရလာဒ်ရတယ်။

ယခင်သုတေသန တွေ့ရှိချက်တွေအရ curry-riceမှာ ပါတဲ့ cardamonဟာ ဦးနှောက်ကို အလုပ်လုပ်ဖို့ အားပေးတယ်လို့ဆိုပါတယ်။ cardamonဆိုတာ မြန်မာလို ဆိုရင် ဒံပေါက်ထဲထည့်တဲ့ ဖာလာစေ့ ? ထင်တာပဲ။ :D

နောက်ပြီး curry-riceမှာ အသီးအရွက်နှင့် အသားတွေအားလုံးပါဝင်နေတာကြောင့် တစ်နေ့တာ ခွန်အားသစ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို မျှတအောင် ဖြည့်စွမ်းပေးနိုင်လို့ ..လို့ ဆိုပါတယ်။

ဒါကြောင့် မှတ်ဥာဏ်ကောင်းအောင် မနက်တိုင်း curry-riceကို အ၀စားကြစို့။ :D ချက်တတ်တဲ့လူရှိရင်လည်း ချက်နည်းလေး ပို့ပေးကြပါ။ ( ဓါတ်ပုံဖြစ်ဖြစ်ပေါ့)

မှတ်ချက်။ တစ်ခုစဉ်းစားမိတယ်။ဒါဆိုရင် အိန္ဒိယလူမျိုးတွေ အားလုံးဟာ ဥာဏ်ကောင်းနေကြမှာပေါ့နော်။ မြန်မာလူမျိုးတွေရော? အင်း..အဲဒါတော့ စဉ်းစားစရာမလိုတော့ဘူး။လသာညကို ကြည့်ရင်သိနိုင်တာပဲ။
:))

ပျော်ရွင်ပါစေ။ ဗဟုသုတလေးပါ။

လသာည ဖြစ်ပါသည်။

dragon ball

တော်တော်ကောင်းတယ်။ ရယ်စရာနှင့် ချစ်စရာလေး။ အားတဲ့အခါကြည့်ကြည့်လိုက်နော်။


ဒီပို့စ်မှာ ကြည့်လို့မရရင် dragon ballဆိုတဲ့ ခေါင်းစဉ်လေးကို ကလစ်နှိပ်လိုက်။ ဆက်ကြည့်ချင်သေးရင်

http://www.youtube.com/watch?v=vXnwS8LmrME&NR=1 ကို သွား။

တခါတလေလည်း ပေါ့ပေါ့ပါးပါးပေါ့ နော်။ (အင်း အခုတလော ပေါ့ပေါ့ပါးပါးတွေများနေတယ်ထင်ပါရဲ့ :P)

ပျော်ရွှင်ပါစေ။
လသာည ဖြစ်ပါသည်။

Saturday, June 6, 2009

ကလေးဘ၀သို့ လွမ်းချင်း

အားလုံးလည်း ကလေးဘ၀ကို လွမ်းတဲ့ အချိန် ရှိမှာပဲနော်။ လသာညလည်း ကလေးဘ၀ကို သတိရတိုင်း တော်တော်လွမ်းမိတယ်။

ကလေးဘ၀က တကယ်အပြစ်ကင်းပဲ။ ကစားလိုက်၊စားလိုက်၊ အိပ်လိုက်နဲ့ ပျော်စရာအတိ။ ပူပင်စရာ နတ္တိ ။ ဆိုင်းထီးဆိုင်ရဲ့ သီချင်းလေးက တကယ်ပီပြင်ပါတယ်။ ဘာမှကို ဘာမှမပူပင်ကြရဘူး။ လသာညဆို နေတိုင်းလိုလို နေ၀င်တဲ့အထိ ပေတူးနေအောင်ကစားခဲ့တာပေါ့။

ညစာစားချိန်အထိ ထမင်းမေ့ဟင်းမေ့ကစားတဲ့အခါ အမေက “အိမ်ကဒီမှာနော်။ လမ်းမှားနေကြသလား။ သခင်မတို့ကို ထမင်းစားဖို့ အဆင့်သင့်ပြင်ပြီး စောင့်နေပါတယ်”လို့ အိမ်ဝကနေ လက်ကို လော်စပီကာလိုမျိုး လုပ်ပြီး လှမ်းအော်ခေါ်လေ့ရှိတယ်။ အဲဒီတော့မှ ညီအစ်မနှစ်ယောက် ရယ်ကျဲကျဲနဲ့ အိမ်ကိုပြန်ကြတယ်။

ညဖက်ရောက်တော့ အိမ်နားကဆရာမဆီက ဌားလာတဲ့ ရွှေသွေးစာအုပ်ကို ဖတ်ကြတယ်။ တကယ်က အရုပ်ကြည့်ပြီး သူ့အရုပ်က ငါ့အရုပ်ခွဲပြီး ဆူညံနေအောင် ငြင်းကြခုန်ကြတာပါ။ ကျောင်းစာကို မလုပ်လို့ အမေက“ဟဲ့ အိမ်စာလေး လုပ်ကြဦးလေ” လို့ ဆူတော့မှ စာစဖတ်တယ်။အချိန်က ည၉နာရီထိုးခါနီးပြီ။ ညီမနှစ်ယောက် မျက်လုံးလေးတွေစင်းနေတာတွေ့တော့ အဖေက ငါ့သမီးတွေက တနေကုန်ကျောင်းမှာ စာဖတ်လာရတာ။ ကလေးတွေပင်ပန်းပြီပေါ့။သနားပါတယ်ကွာလို့ ကာပြောပြောပေးတယ်။

ပြီးတော့ အိပ်တော့အိပ်တော့ အဖေ ပုံပြောပြမယ်ဆိုပြီး ပုံပြောသိပ်လေ့ရှိတယ်။ အဖေက တကယ့်ကို ပုံပြောကောင်းတယ်။ဒီလိုနဲ့ ၅တန်း ၆တန်း ရောက်တဲ့အထိ အဖေ့ပုံပြင်နဲ့ ညကိုအိပ်ပျော်ရတာချည်းပဲ။

အင်း ပြောရင်း ကလေးဘ၀အချိန်လေးကိုလွမ်းလိုက်တာ ။

အခုတော့ဖြင့် မနက်ကနေ ညအထိ ဒီစာအုပ်တွေကြားထဲမှာပဲ မြုပ်နေရတယ်။ အိမ်ပြန်လာလည်း စားစရာက ဘာမှမရှိ၊ ကိုယ်ဘာသာချက်တဲ့ဟင်းကလည်း အဆီအငေါ်မတည့်တော့ စားမကောင်းဖူး။ အမေ့ရဲ့ “အိမ်ကဒီမှာနော်။ လမ်းမှားနေကြသလား။ သခင်မတို့ကို ထမင်းစားဖို့ အဆင့်သင့်ပြင်ပြီး စောင့်နေပါတယ်”ဆိုတဲ့စကားလေးကို လွမ်းဆွတ်စွာ သတိရမိတယ်။

ညဖတ်ရောက်တော့လည်း ကျောင်းစာအရင် ကိုယ့်ဘလော့လေးကို အရင်ဖွင့်ဖြစ်တယ်။ လာတဲ့သူငယ်ချင်းတွေကို နှုတ်ဆက်ရင်း ဒီနေ့ဘာတင်ရလဲ စဉ်းစားရင်း အင်တာနက်ကို မွေနောက်လိုက်တာ တော်တော်နဲ့ ပြန်မထွက်နိုင်တော့ဘူး။ ဒီလိုနဲ့ ကျောင်းစာစကြည့်တဲ့အချိန်က ည၁၂နာရီကျော်မှ။ ဒီလိုနဲ့ ၄နာရီ၊၅နာရီမှ အိပ်ဖြစ်တယ်။ အိပ်ရေးမ၀တော့ ကျောင်းချိန်မှာ ငိုက်ပြီပေါ့။

ဒီလိုနဲ့ ဘ၀ချည်းက နေ့ နဲ့ ညပြောင်းပြန်ဖြစ်လို့ မပျော်ဘူးဖြစ်လာတယ်။(အီးဟီးး..) အဖေရဲ့ အိပ်တော့အိပ်တော့ဆိုတဲ့ စကားလုံးတွေကို ကြားယောင်ရင်း ဒီနေ့တော့ စောစော အိပ်မယ်လို့ စိတ်ကူးတယ်။

ပြန်မရနိုင်တော့တဲ့ ကလေးဘ၀ကိုပဲ တမ်းတရင်း...
လသာည ဖြစ်ပါသည်။

ဗဟုသုတရမဲ့ ဆိုက်ကိုအကြောင်းကောင်းကောင်းလေးတွေ တွေ့ထားတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းအလုပ်နည်းနည်းရှုပ်နေလို့ နောက်မှပဲ တင်တော့မယ်နော်။ သီချင်းတွေချည်း ဇွတ်တင်နေတဲ့အချိန်တွေလည်း သည်းခံပြီး အချိန်ယူလာလည်တဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူး။ တကယ့်ဆို လသာညကို လာတာ ဘလော့ထက် ခင်လို့လာကြတာမို့ တော်သေးတာပေါ့နော.. နမိတ်ပြမေးခွန်း? :D

အပျင်းပြေလေး


တနေ့တုန်းက ဆရာက abnormal psychologyကို သင်နေရင်း အခုလို မေးလိုက်တယ်။
“တပည့်တို့ လူနာတစ်ယောက်ဟာ တောင်မြောက်လူးလားခေါက်ပြန် လျှောက်နေတယ်။ တစ်မိနစ်တစ်ခါကို အသံကုန် (ရင်ခေါင်းသံကြီးနဲ့ အဆုတ်ကွဲလောက်အောင်) အော်တယ်။ ကုလားထိုင်တစ်ခုကမှာ ငြိမ်ငြိမ်ထိုင်နေလို့ မရပဲ နောက်တစ်ခုံကို မကြာခဏပြောင်းတယ်။ အဲဒါ ဘာရောဂါလက္ခဏာလဲ”

တပည့်တစ်ယောက်က ချက်ချင်းထဖြေတယ်။“ အဲဒါ ဘောလုံးနည်းပြပါဆရာ”

မျက်မမြင်ယောက်ျား
တခါက churchတစ်ခုမှာ သီလရှင် ၆ပါးဟာ အခန်းကို ဆေးသုတ်ဖို့ တာဝန်ပေးခြင်းခံရတယ်။ အဲဒီနေ့က နေအရမ်းပူတာမိုလို့ သီလရှင်လေးတွေရဲ့ အနက်ရောင်ဝတ်ရုံတွေက ကြာလာတော့အိုက်လာတယ်။ဒါနဲ့ churchမှာ လည်း လူမလာတဲ့ (လူရှင်းချိန်)ဖြစ်လို့ တခါးပိတ်ပြီး အ၀တ်တွေချွတ်လို့ ဗလာကျင်းနဲ့ ဆေးဆက်သုတ်ကြတယ်။

ဒီအချိန် တခါးခေါက်သံကြားရတယ်။
“ဘယ်သူလဲ?”
“ကျွန်တော် မျက်မမြင်တစ်ယောက်ပါ။ ၀တ်ပြုချင်လို့ပါ။”

ဒါနဲ့ ဖွင့်ပေးလိုက်ကြတယ်။ အခန်းထဲရောက်လာတဲ့ မျက်မမြင်ဟာ အခန်းပတ်လည်ကို ကြည့်တယ်။ ပြိးတော့ သူတို့ကိုလည်း လှမ်းကြည့်တယ်။
ဒီလိုရေရွတ်လိုက်တယ်တဲ့။

အို ဘုရားသခင် ကျွန်တော်ကို အခုလို အချိန်အခါမျိုးမှာ မျက်လုံးမြင်ခွင့်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့အလိုတော်အတိုင်းပါပဲ။

Friday, June 5, 2009

ဗိဿနိုးရဲ့ သူရဲကောင်း


နားထောင်ရင်း ဘာကိုလွမ်းလို့ ဘယ်လိုခံစားရမှန်းမသိဘူး။ တစ်ခုခု ကျန်ခဲ့တယ်။ နားထောင်ကြည့်လိုက်နော်။
လသာည

Thursday, June 4, 2009

Daisuki da yo!!!!




တစ်ကြိမ် နားထောင်ရုံနဲ့ တော်တော်ကြိုက်သွားတယ်။
nandaka anata no koto omoidasu no mottainai yo! atashi dake no mono ni shiteokitai kara nandaka anata no koto omoidasu no!
yada yo...

အချစ်နှင့် မကင်းသူတိုင်းအတွက် (*^ー^*)


လသာည ဖြစ်ပါသည်။

Tuesday, June 2, 2009

the double bind theory

ဒီသီအိုရီ ကြားဖူးကြလားဟင်။ ဒီစကားလုံးကို the anthropologist ဖြစ်သူ Gregory Bateson နှင့် အပေါင်းအပါတွေကစတင်သုံးစွဲခဲ့ကြတယ်။

လူသားအချင်းချင်းပြောဆိုဆက်ဆံရေးမှာ ၉၀%ဖြစ်တဲ့ စကားလုံးမဲ့ဖော်ပြချက်တွေကအရေးပါလှတယ်လို့ ဆိုပါတယ်။ တစ်ဦးနှင့်တစ်ဦးဆက်ဆံကြတဲ့အခါ စကားလုံးအပြင် လေသံအနိမ့်အမြင့်၊ မျက်နှာအမူအရာ၊ လက်ဟန်ခြေဟန်၊ အရင်ပြောခဲ့တဲ့ စကားအဆက်အစပ် စတာတွေကို ပူးတွဲပြီးသုံးကြတယ်မဟုတ်လား။ တခါတလေလည်း ဘန်းစကားကိုသုံးတတ်ကြတယ်၊ ဒါမှမဟုတ် ကိုယ်အချင်းချင်းသာသိတဲ့ လျို့ ၀ှက်စကားနဲ့လည်း ပြောနေကြတာရှိတယ်လေ။ ဟုတ်တယ်ဟုတ်။

ဒီလိုမျိုး စကားရဲ့အဓိပ္ပါယ်ကို နည်းအမျိုးမျိုးနှင့်ပြောကြတဲ့အခါ တခါတလေကြတော့ အဓိပ္ပါယ်က တကယ်ပြောလိုက်တဲ့ စကားအနက်အတိုင်းမဟုတ်ပဲ အခြားအဓိပ္ပါယ် ဖြစ်နေတတ်တယ်။

ဥပမာပေးရရင် ထမင်းစားဝိုင်းမှာ တစ်ယောက်ယောက်က သူ့ကို “ဆား”ပေးလိုက်စမ်းကွာလို့ ပြောတယ်ဆိုပါတော့။ ပုံမှန်လေသံနှင့်ပြောရင် တကယ်ကို ဟင်းကပေါ့နေလို့ ဆားလိုချင်လို့၊ တကယ်“ဆား”ယူပေးခိုင်းတာ။ တကယ်လို့ လေသံက မာနေမယ်ဆိုရင်တော့ “သွေးတိုးလို့ အငံမစားစေချင်တာကို အငံတွေ စားနေလို့ရွဲ့ ပြောတာ၊တကယ်“ဆား”ပေးစရာမလိုဘူး။

ဒါပေမဲ့လည်း ကျွန်မတို့တတွေဟာ အမြဲတမ်းတော့ ကိုယ်သိပြီးသားအသိနဲ့ တခြားသူရဲ့ ခံစားချက်တွေကို ဖမ်းမိဖို့ မဖြစ်နိုင်ကြဘူး။ တခါတလေ အခြားလူ ပြောလာတဲ့စကားကို အဓိပ္ပါယ်အမှန်အတိုင်း မဝေဖန်နိုင်ဘူး။ အခြေအနေအချိန်အခါ လိုက်ပြီး စကားလုံးတွေက အမျိုးမျိုး အနက်အဓိပ္ပါယ်ရှိနေကြတာ ဆိုတော့ ကိုယ်သိပြီးသားအသိတွေက ရှုပ်ထွေးကုန်တယ်။ အဲဒီအခါ တဖက်လူကို တုန်ပြန်လည်းမပြောနိုင်ပဲ ဘာဆက်လုပ်ရမှန်းမသိပဲ ဆွံအသွားတတ်တာမျိုးရှိတယ်။ စကားလုံးအဓိပ္ပါယ်ထဲမှာ မလှုပ်နိုင်အောင်ချည်ထားခံရသလိုမျိုး။ အဲဒါကို the double bind theoryလို့ခေါ်ပါတယ်။

ကလေးဘ၀မှာ အများဆုံးကြုံရတတ်တာလေးပြောပြဦးမယ်။ ဥပမာ ကလေးတစ်ယောက်ကို သူ့အမေက တော်တော်ချစ်ဖို့ကောင်းတဲ့ကလေးပဲလို့ ပြောလိုက်တယ်ဆိုပါတော့။ ဒါကို ကလေးက ခါတိုင်းဒီလိုပြောရင် လုပ်နေကြအတိုင်း အမေ့ရင်ခွင်ထဲဝင်မလို့ ပြေးလာလိုက်တယ်။ ကလေး မသိတာက အပြင်မှာ အလုပ်လုပ်လာရလို့ မောလာတဲ့သူ့အမေက သူဆော့ထားလို့ရှုပ်ပွနေတဲ့ အခန်းကို ကြည့်ရင်း မျက်နှာတည်ကြီးနဲ့ ပြောနေတာဆိုတဲ့ အချက်ကိုပါ။ အမေက ကလေးကို စိတ်ဆိုးနေတဲ့အခိုက်အတန့်ဆိုတော့ အရင်လို ဆီးကြိုမပွေ့ဘူး။ ဒီအခါမျိုးမှာ ကလေးရဲ့အတွေးနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာမှာ ရှုပ်ထွေးသွားစေပါတယ်။ ကလေးဘ၀မှာ အဲလိုအဖြစ်အပျက်မျိုး မကြာခဏကြုံလာခဲ့ရင် ကလေးဟာ သံသယများတဲ့သူဖြစ်လာဖို့ ရာခိုင်နှုန်းများပြီပေါ့။

အဟင်း တကယ်က အခုရက်ပိုင်းလေးမှာ အကြီးအကဲ(တကယ်ဆို မိဘလိုမျိုးနေရာက )ဆီမှ အဓိပ္ပါယ်နှစ်ခွဖြစ်တဲ့ ရုံးစာကို လက်ခံရရှိပြီးနောက်ပိုင်း ဒီကလေး( လသာည)မှာ အဲဒီစာကို commentလည်းမလုပ်နိုင်၊ ဘာဆက်လုပ်ရမှန်းမသိပဲ ဘာမှမလုပ်ရင်ကောင်းမလားစဉ်းစားရင်းးးး ။ သြော် ဒါဟာ the double bind theory၊ the double bind theory.....the double bind theory အရ ပါလားလို့ :D

လသာည ဖြစ်ပါသည်။

the double bind အကြောင်း ရုပ်ရှင်လည်း ရှိတယ်ဆိုလား? မကြည့်ဘူးပေမဲ့ http://search.barnesandnoble.com/The-Double-Bind/Chris-Bohjalian/e/9781400047468

Monday, June 1, 2009

နီးခြင်းဝေးခြင်း ပညတ်ချက်များ



အခုတစ်လော စီဘောက်မှာ အလွမ်းတွေပဲ သီကျုးနေတဲ့ တစ်စုံတစ်ယောက်အတွက် (စာနာစွာဖြင့်) ဒီသီချင်းလက်ဆောင်ပါ။ :P