Showing posts with label လသာည အကြောင်း. Show all posts
Showing posts with label လသာည အကြောင်း. Show all posts

Tuesday, September 3, 2013

ဘလော့ဂ်ဒေးနေ့က ဘလော့ဂါသမီး

အဲဒီနေ့က မမရွှေစင်၊ ချစ်သော ရိုစ် နဲ့ ညီမလေးမယ့်ကိုးက ဘလော့ဂ်ဒေး ဆိုတာကို ပြောနေတာကို ဖေ့စ်ဘုတ်မှာ တွေ့လိုက်ရတော့ ဘလော့ဂါသူငယ်ချင်းများနဲ့ ဘလော့ဂ်ချိန်တွေကို ပြန်သတိရပြီး အင်တာနက်တက်ချိန်မှာ တွေ့သမျှ ဘလော့တွေကို လိုက်ဖတ်ဖြစ်တယ်။ ကွန်မန့်ပေးလို့ တန်းရတာလည်း တန်းပေး၊ မရတာလည်း အလွမ်ပြေဖတ်ပြီးပြီးမို့ ဒီတိုင်းပြန်လာခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် တော်တော်လေး အလွမ်းပြေသွားတယ်။

အဲဒီအချိန်မှာ ကျွန်မသမီးလေးက အနားလာပြီး သူလည်း အဲလိုရေးချင်တယ်လို့ ပြောလာပါတော့တယ်။ စိတ်ထဲက ပြုံးလိုက်ပြီး လုပ်ဟ ငါ့သမီးကတော့ ဇာတိကတော့ ပြပြီ။ ဘလော့ဂါသမီး ပီသပါပေရဲ့လို့...။

သူကတော့ ခပ်တည်တည်ပါပဲ။ သူရေးနေကျ လေးကြောင်းမျဉ်းစာအုပ်လေး ထုတ်လာပြီး စာရေးပါတော့တယ်။ လက်ထဲမှာလည်း ကျွန်မအရင်ရေးဖူးတဲ့ ပိုစ်တွေထဲကနေ ဂျာနယ်ထဲ ပါသွားတဲ့ "၅ နှစ်သားအရွယ် လူရွှင်တော်" ပါတဲ့ ဂျာနယ်ကို (reference လုပ်သလိုလို) ကိုင်လျှက်သား။

"နေ့တိုင်း 
မေမေက ထမင်းကျွေးပါသည်။ မေမေရဲ့ ကျေးဇူးများပြားလှပါသည်။ တနေ့မှာ မေမေနဲ့သမီးနဲ့ ဈေးသွားတဲ့အချိန်မှာ မမပါ ပါလာပါသည်။ ဈေးထဲမှာ အသား၊ ငါး၊ အသီးအရွက် ရှိပါသည်။ ဈေးတွေ အများကြီးဝယ်ပြီး အရမ်းကို ပျော်ရွှင်ခဲ့ရပါသည်။ ကျွန်မတို့ အိမ်ပြန်သောအခါ ဖေဖေက လာကြိုပါသည်။ ညရောက်သောအခါ မေမေနဲ့ ထမင်းအတူတူ စားပါသည်။  တနေ့မှာ မေမေ ကျောင်းသွားတုံးအချိန်မှာ ကျွန်မ ကျူရှင်သွားပါသည်။ ကျူရှင်က ပြန်လာတဲ့အချိန်မှာ ကျွန်မ အိမ်စာလုပ်ပါသည်။ အိမ်စာ လုပ်ပြီးသောအခါ ကျွန်မ ညစာစားပါသည်။ မေမေနှင့် ကျွန်မ အရမ်းပျော်ခဲ့ရပါသည်။"

အောက်က ပုံကတော့ သူရေးထားတဲ့ အော်ရယ်ဂျင်နယ် ပို့စ်ပါပဲ။

 ပြီးတော့ သူနဲ့အတူနေဖို့ ခေါ်ထားတဲ့ အစ်မကိုလည်း သူပြောတဲ့အတိုင်း ရေးပါဆိုပြီး သူက ဆရာကြီးလုပ် ရေးခိုင်ပါတယ်။

သူလုပ်ချင်တာ၊ သူဖြစ်ချင်တာ၊ သူခံစားတာကို စိတ်ကူးတည်ရာ ရေးနေတာကတော့ တကယ့်ကို ဘလော့ဂါ ပီသလိုက်တဲ့ ဘလော့ဂါသမီးပါပဲ....။ ရေးလည်း ပြီးရော မေမေ သမီးသူငယ်ချင်းတွေကို သမီးစာရေးတာ ပြချင်လို့ မြန်မြန်ခေါ်ပါ။ မုန့်လည်း ကျွေးလိုက်ပါဦး လို့ ပူဆာပါလေရော...။

သူအတင်းပူဆာလို့ ဘလော့ပေါ်တင်(ပေးရ)မယ့် သူ့စာလေးကို ဖတ်လိုက်၊ မုန့်လေးစားလိုက် ဘာကိုပျော်ပြီး ဘာကို သဘောကျမှန်း မသိ တခိခိ သဘောကျနေကြတဲ့ သမီးနဲ့ သူ့သူငယ်ချင်း နှာချီးတွဲလောင်းတွေကို ကြည့်ရင်း..။

အော်... ငါတော့ ကျန်ခဲ့ပြီ ထင်ပါရဲ့လို... 

ခံစားသူ-လသာည ဖြစ်ပါတယ်။

Friday, March 4, 2011

ဘ၀တဆစ်ချိုးပြန်ပြီ

လွန်ခဲ့တဲ့ လေးနှစ်က ဒီနေရာလေးကို ကျွန်မ ရောက်လာခဲ့တယ်..။ ယောင်တောင်ပေါင်တောင်နဲ့ ဘ၀တစ်ခုကို စခဲ့တယ်..။နေသားမကျတဲ့ အရပ်မှာ အမှားတွေများစွာနဲ့ သောကများစွာလည်း ကြုံခဲ့ရတယ်။ ပျော်စရာလေးတွေလည်း ရှိခဲ့ရတယ်။ စိတ်ညစ်စရာ၊ စိတ်ဆိုးစရာလေးတွေလည်း ရှိခဲ့ရတယ်။ ငါ့ကျမှ ဘာဖြစ်လို့ ဒါမျိုးဖြစ်ရတာလဲလို့ ကိုယ့်ဘာသာကိုယ်သနားလို့ ငိုလည်းငိုဖူးတယ်.. ။ ပတ်ဝန်းကျင်ကို လျှောက်ကြည့်ပြီင်္း သနားစရာ ကောင်းတာ ငါတစ်ယောက်တည်း မဟုတ်ဖူးဆိုပြီး သဘောကျစွာ ဘ၀ကို လှောင်ရယ်လည်း ရယ်ဖူးတယ်..။

ဒီလို အတွေ့အကြုံတွေကြားထဲကပဲ စစ်မှန်တဲ့ သူငယ်ချင်းများစွာကို ကျွန်မပိုင်ဆိုင်ခဲ့ပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်ချိန်တွေကို မျှဝေခံစားပေးမယ့်သူတွေ၊ ကိုယ်ရဲ့ ၀မ်းနည်းချိန်တွေမှာ စာနာစွာ အားပေးသူတွေ အများကြီး ရခဲ့တယ်။ တကယ်ပါ ကျွန်မမှာ သူငယ်ချင်းအများကြီး ရခဲ့ပါတယ်။ အဲဒီအတွက် ကျွန်မတကယ် ကျေနပ်မိရပါတယ်။

နောက်ထပ် ကျေနပ်စရာကောင်းတာလည်း ဖြစ်ခဲ့တယ်။ အဲဒါက ဘလော့ဂ်လော့က ထဲကို မထင်မှတ်ပဲ ရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ယောင်တောင်ပေါင်တောင်ရောက်ခဲ့တဲ့ ဘလော့ဂ်လောကထဲမှာလည်း သူငယ်ချင်းများစွာကို ထပ်မံပိုင်ဆိုင်ရပြန်ပါတယ်။ မမြင်ဖူးပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အားပေးလိုက်၊ စနောက်လိုက်နဲ့ သူငယ်ချင်းအရင်းအခြာတွေလို ... တကယ် မမေ့နိုင်စရာပါပဲ..။

ဒီနေ့ကတော့ ကျွန်မအတွက် ဘ၀တစ်ဆစ်ချိုးတဲ့နေ့ပါပဲ..။ သိပ်မကြာခင်မှာပဲ လက်ရှိနဲ့ လုံးဝမတူတဲ့ ဘ၀တစ်ခုကို ကျွန်မ စတည်ရပါဦးမယ်။ အဲဒီအရပ်မှာ ပျော်စရာတွေ ရှိနိုင်သလို၊ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေလည်း ရှိနိုင်ပါတယ်.. ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မသွားရပါဦးမယ်...။ အဲဒီအတွက် ဒီဘလော့ဂ်လောကထဲကနေ ယာယီခွဲခွာရပါဦးမယ်..။ အခါအခွင့်သင့်ရင် ပြန်လာဦးမှာမိုလို့ နှုတ်ဆက်စကားတော့ မဆိုလိုပါ..။

တစ်ခုတော့ ဆန္ဒရှိပါတယ်။ ကျွန်မနဲ့ ဒီဘ၀တစ်ဆစ်ချိုးထဲမှာ တွေ့ခဲ့ကြုံခဲ့တဲ့ သူငယ်ချင်းများကို ကျေးဇူးတင်စကားတော့ ပြောသွားချင်ပါသေးတယ်။ ကျွန်မကို ခင်မင်ခွင့်ပေးခဲ့တဲ့ သူငယ်ချင်းများအားလုံးကို ကျွန်မ အများကြီး အများကြီး ကျေးဇူးတင်ပါတယ်လို့..။ နောက်တချိန်မှာ ပြန်တွေ့ကြသေးတာပေါ့..နော်။

လသာည ဖြစ်ပါတယ်..

Saturday, October 16, 2010

နောက်ဆက်တွဲ

ညီမ လသာည ရေ....
........
...
အမ သဘော ပြောရရင် တော့ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေ မိတ်ဆွေ တွေ ကို ရှင်းပြပြီး မှ နားလိုက်ရင် ပိုကောင်း မလားလို့ပါ.. အမ ဆိုလည်း ညီမ နားလိုက်တော့ စိတ်ကိုပူသွားတာဘဲ ဘာများဖြစ်လို့လည်း ဆိုပြီး... အားလုံးလည်း ဒီလိုဘဲ နေကြမှာပါ.. အချိန်တချိန် မှာ မေ့ပျောက်သွားမြဲ ဆိုတာ မှန်ပေမဲ့ သေချာ နှုတ်ဆက်သွားတော့ အားလုံးကို လေးစားရာ ရောက်သလို ကိုယ်ကိုကိုယ့် လည်း လေးစားရာရောက်တာပေါ့နော်.. ကိုကြီးကျောက်လို ခရီးရှည် ကြီးသွားမဲ့ သူတောင် နှုတ်ဆက် သွားတယ်
မဟုတ်လား...
......................
လသာည ကို ထာဝရ ချစ်ခင်နေမဲ့
မမရွှေစင် ဖြစ်ပါတယ်
(လသာည ဖြစ်ပါတယ် လေးကို သတိရတယ်..)
...............................................................

ဆွဲလက်စ ဒီပုံလေးကို ထိုင်ဆွဲနေမိတာ ကြာပါပြီ။ တဖြောက်ဖြောက်ကျနေတဲ့ မိုးသံကလွဲပြီး တလောကလုံးက တိတ်ဆိတ်နေတယ်။ ကြားနေကျ ကားသံ၊ ဆိုင်ကယ်ကို အိပ်ဇောဖွင့် မောင်းတဲ့အသံတွေတောင် မကြားရဘူး။ ပီးပေါင် ပီးပေါင်နဲ့ အော်တဲ့ အရေးပေါ်ယဉ်ကားအသံလည်း မကြားရဘူး..။ ညဌက်လေးတွေ တေးသီသံတောင် မကြားရ၊ ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ...လို့ ခြောက်ခြောက်ခြားခြား တွေးမိတယ်။ တိတ်ဆိတ်မှုကို မနေတတ်သလို ချောင်းတချက်ရှင်းလိုက်ပေမယ့်၊ အသံထွက်မလာပဲ လည်ချောင်းဝတင် အသံက ပျောက်သွားခဲ့တယ်။ နောက်တော့ ဆွဲလက်စ ပုံလေးကို ပြန်ငေးကြည့်မိပါတယ်။

ဆွဲနေတာက... အမျိုးသမီး ငယ်တစ်ယောက်ရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာပုံလေးတစ်ခုပါ။ ဒီလိုပုံတွေကို အခုမှဆွဲတာတော့ မဟုတ်ပါဘူး။ ဆိုက်ကိုစစ်ဆေးလွှာတွေအတွက် လိုအပ်တိုင်းဆွဲပေးနေကြ။ အကြိမ်ပေါင်းများစွာ..။

ဒီတခါတော့ ခါတိုင်းလို ဆွဲလို့မရခဲ့ဘူး။ နှုတ်ခမ်းနေရာ အရောက်မှာ ဆက်မဆွဲနိုင်တော့သလို ရင်ထဲမှာ တင်းကျပ်လာသလို ခံစားမိတယ်။ ပြုံးနေတဲ့ ပုံတစ်ခုအတွက် နှုတ်ခမ်းတစ်စုံရဲ့ အလျားကို ခပ်ရှည်ရှည်လေးဆွဲပြီး ရွှင်မြူးတဲ့အရိပ်ပေါ်လွင်အောင် နှုတ်ခမ်းလွှာကို မဟတဟလေး....။ နှုတ်ခမ်းလွှာတစ်စုံကို စိတ်နဲ့ မှန်းဆအပြီး ခဲတံကို အသာကောက်ကိုင်လိုက်ရင်း.....

ပထမနှစ်တုန်းက စိတ်ကုဘာသာရပ်မှာ ဆရာက စာမေးဖူးတယ်။ လူတစ်ယောက် ပျော်ရွှင်တာကို သိနိုင်တာ လူတစ်ယောက်ရဲ့ဘယ်နေရာလဲ..တဲ့..။ ချက်ချင်းပဲ“နှုတ်ခမ်းနှစ်လွှာရဲ့ လှုပ်ရှားမှုပါ”လို့ ပြန်ဖြေခဲ့တော့ ဆရာက မင်း.. စာသေချာဖတ်ဦးတဲ့...။ အဲ့ဆရာကို ချက်ချင်းသတိရမိတယ်..။ ဆရာ နေကောင်းရဲ့လား.. မတွေ့ရတာတောင် ကြာပေါ့။

နှုတ်ခမ်းလွှာကို အပြီးသတ်ဆွဲပြီးချိန်မှာ ပုံတစ်ခုလုံးကို ပြန်ချုံကြည့်မိတော့ ပုံက တစ်ခုခု လိုနေသလို...။ တစ်ခုခုတော့ မှားယွင်းနေပါပြီ..။ မကျေမနပ်နဲ့ အထပ်အထပ်အခါအခါ သေချာကြည့်မိတော့ တွေ့ပါပီ...။ မှားယွင်းနေတာက မျက်လုံးတစ်စုံ...။

ရွှင်မြူးစေလိုစောနဲ့ ချယ်သထားတဲ့ မျက်လုံးတစ်စုံ.. ။ သူက.... လိုအပ်သည်ထက် နက်မှောင်နေတာပဲ....။ မကျေနပ်စိတ်နဲ့ မျက်လုံးရဲ့အပြစ်ကိုရှာသလို စိုက်ကြည့်မိတော့ မျက်လုံးတွေက ချက်ချင်းစိုလာပြီး အပြင်ကမိုးနဲ့အပြိုင် မျက်ရည်မိုးတွေက တလိမ့်လိမ့် ပြိုကျလာတော့မလိုလို....။

တုန်လှုပ်စွာနဲ့.. သေချာကြည့်လေ.. မျက်ဝန်းတွေက ပိုနက်မှောင်လာလေ...
အငိုမျက်လုံးတွေနဲ့ အပြုံးမျက်နှာ...... ဒါကို ပြုံးနေတယ်လို့ ဘယ်လိုခေါ်ရမှာလဲ....
“သွား...လို့ စိတ်လွှတ်လက်လွှတ် အံကြိတ်အော်ဟစ်လိုက်ရင်း စက္ကူကို ဆုတ်ဖြဲပစ်လိုက်မိတယ်။
ခဲတံကိုလည်း လက်က အသံမြည်အောင် ပစ်ပေါက်လွှတ်ချလိုက်ပီး စားပွဲပေါ်ကို ခေါင်းမှောက်ချလိုက်မိတယ်။
.......................................................................

ဟစ်တလာ..တဲ့..
ဟစ်တလာဆိုတာ စစ်ပေါင်းများစွာကို တိုက်ခိုက်အောင်မြင်ခဲ့တဲ့ ကမ္ဘာကျော်စစ်ဗိုလ်ချူပ်ကြီး..။ ရက်စက်ကြမ်းကြုတ် ခက်ထန်ပြီး လူအသက်ပေါင်းများစွာကို သတ်တဲ့ လူမိုက်ကြီး၊ တကမ္ဘာလုံးက ကြောက်ခဲ့ရတယ်..။ အဲဒီဟစ်တလာဟာ လူသူမရှိတဲ့အချိန်တွေမှာ ကြောက်ရွံစွာ ငိုနေတတ်သူလို့ စပြောတဲ့ စိတ်ပညာရှင်ကို လူတွေက လူလိမ်လို့ ဝေဖန်ခဲ့ကြတယ်...။ ဒါပေမယ့် အဲဒီပညာရှင်ကပဲ ဟစ်တလာက တနေ့မှာ အဆိပ်သောက်သေမှာလို့ ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်တဲ့...။

အခုနေများ စစ်ဗိုလ်ချူပ်ကြီးနဲ့များ တွေ့ခွင့်ရရင် မေးချင်မိတယ်။
“ဟစ်တလာဗိုလ်ချူပ်ကြီး... ခင်ဗျားက အဲလိုလူစားမျိုးဖြစ်တယ်ဆိုတာ တကယ်မှန်ရင် ခင်ဗျားက ဘာကြောင့် အငိုတွေကို ရက်စက်မှုနဲ့ ဖုံးဖို့ကြိုးစားခဲ့ရတာလဲ”လို့ ။ “ခင်ဗျား ဘာတွေကို ခံစားနေရတာလဲ”လို့။ သူ့မျက်လုံးကို ကြည့်ပြီးကို မေးချင်မိတယ်...။ သူက ပြန်ဖြေမယ်တော့ မထင်ပါဘူး။စိတ်ဆိုးဆိုးနဲ့ ကိုယ့်ကို သတ်ပစ်လိုက်မှာ သေချာတယ်..
...............................................

မျက်နှာသွားသစ်လိုက်ပြီး ကော်ဖီဖျော်ဖို့ ကြိုးစားလိုက်တယ်။ ရေနွေးဆူဆူလောင်းချချိန်မှာ ရလာတဲ့ ကော်ဖီရနံလေးက တကယ့်ကို မွေးကြိုင်သွားသလိုပဲ..။ ကော်ဖီခွက်နဲ့ စာကြည့်စားပွဲပြန်လာရင်း “ကော်ဖီလျော့သောက်နော် အစ်မ”လို့ ပြောတဲ့ ညီမလေးတစ်ယောက်ကို သတိရမိတယ်။ အခုလို ည-၃နာရီလောက်မှာ ကော်ဖီတစ်ခွက်နဲ့နေတာ မြင်ရင် ဂရုဏာဒေါသောနဲ့ အော်တော့မှာပဲလို့ တွေးရင်း ပြုံးမိတယ်။ ကိုယ့်လို ပေပေတေတေလူကို သံဃောဇဉ်ထားနေရှာတယ်..။ အင်း.. သံဃောဇဉ်ဆိုတာ မမြင်ရပေမယ့် တကယ့်ကို တင်းတဲ့ကြိုးတွေပဲနော်။ ကော်ဖီလည်း လျော့တော့ လျော့ဖို့ ဆုံးဖြတ်နေပါပြီ ညီမလေးရယ်...

ခဲတံလေးကို ပြန်ကောက်လိုက်တယ်....။ နောက်တကြိမ် ပုံပြန်ဆွဲဖို့ ဆုံးဖြတ်လိုက်ပြီး..။ ရွှင်မြူးနေမဲ့ မျက်လုံးလေးတွေကို ပြန်တွေးကြည့်လိုက်မိတယ်..။ ရင်ထဲက အလိုလို ခေါ်မိတာက “သမီး.....”လို့..။

အသက်၂၈နှစ်မှာ အိမ်ထောင်ကျခဲ့တာ အခုဆို သမီးလေးတောင် ၅နှစ်ပြည့်သွားပြီ။ သမီးနဲ့ မတွေ့ရတာလဲ၂နှစ်ကျော်သွားပြီ။ သမီးလေး နေကောင်းရဲ့လား...။ ဟိုတလောက မန္တလေးမှာ ရေတွေတက်တော့ အိမ်အောက်ထပ်ကို ရေမြုပ်သွားတယ်။ လူကြီးဖြစ်တဲ့ အဘွားတွေက စိတ်တွေညစ်နေပေမယ့် ဇူးလေးကတော့ သူ့ဦးဦးလုပ်ပေးတဲ့ ဖောင်သေးသေးလေး စီးရလို့ ပျော်နေတာပဲ။ ဖုံးဆက်တော့ အသံကို ရွှင်မြူးလို့..။

မဆီမဆိုင် နာမည်တစ်ခု အတွေးထဲကို ထပ်ရောက်လာတယ်။ “လူစီရန်လျန်း” ရဲ့ အကြောင်း.. မမရွှေစင်ဦး ဘာသာပြန်ပေးတဲ့ပိုစ်ထဲက ။ မဟုတ်သေးဘူးလို့ ကိုယ့်ဘာသာပြောရင်း ခေါင်းကို အတင်းခါထုတ်ပစ်လိုက်တယ်..။ ဟိုတနေ့က သမီးလေးက ဖုန်းဆက်တုန်းက ပြောပါတယ်။ “မေမေ.. မီးတို့ မူကြိုကျောင်းက ဘွဲဝတ်စုံတေးတေးလေးနဲ့ ဘွဲယူရမှာ..။ မေမေက ဓါတ်ပုံရိုက်အောင် ပြန်လာမှာလား”တဲ့..။ “ဒါပေါ့ သမီးရဲ့”လို့ စကားကို မရေမရာ အသံတိမ်တိမ်နဲ့ ဖြေခဲ့တယ်။ အဲ့နေ့မှာ မေမေက ပြန်မရောက်နိုင်သေးဘူးလို့ ပြောမထွက်ခဲ့ဘူး...။ တကယ်ဆို မေမေလည်း သမီးလေးနားမှာ နေချင်ပါတယ် သမီးရယ်၊ သမီးလေး..အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင်စေချင်ပါတယ်..သမီးငယ်ရယ်.....။
.................................................................

ဘယ်လိုမှ မျက်လုံးကို ဆက်မဆွဲနိုင်တော့ဘူး..။ ခဲတံကို ပြန်ချလိုက်ပြီး အိပ်ရာပေါ် လှဲချလိုက်တယ်။ ဘာရယ်မဟုတ် တစ်ယောက်ယောက်ကို ဖုန်းပြောချင်မိတယ်။ တစ်ခုခုကို ပြောပြချင်နေတယ်..။ ဒါပေမယ့် အားလုံး ဒီအချိန်မှာ အိပ်နေရောပေါ့..။ အမျိုးသားရဲ့ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်မလို့ လုပ်ပြီးမှ ပြန်ပိတ်လိုက်တယ်။ သူလည်း အခုလောက်ဆို တနေကုန် အလုပ်တွေလုပ်နေရတော့ မောမောနဲ့ အိပ်နေရောပေါ့လေ..။

ပြီးခဲ့တဲ့ လက အမျိုးသားရဲ့ခယ်မအရင်းက ရင်သားကင်ဆာနဲ့ ဆုံးသွားပါတယ်။ ၂နှစ်အရွယ် သားငယ်လေး ကျန်ခဲ့တယ်..။ အမျိုးသားက သူ့တူလေး အမေမဲ့သွားရတာ စိတ်မကောင်းလို့တဲ့ ၂ ရက်လောက် စကားမပြောနိုင်အောင် ဖြစ်သွားတယ်။ မြန်မာပြည်ပြန်ရောက်ရင်တော့ ကိုယ့်သားအဖြစ် မွေးစားလိုက်ရအောင်လို့နော်တဲ့..။ ဒါပေါ့လို့ ပြန်ပြောဖြစ်တယ်..။ ကင်ဆာတဲ့..။ တကယ်ကြောက်ဖို့ ကောင်းတာပဲနော်...။ ဖြစ်နိုင်ရင်တော့....... ကိုယ်လည်းပဲ...

ဘကျောက်က တကယ် သတ္တိရှိတာပဲ..။ အဲလို တည်ငြိမ်တဲ့ စိတ်ထားကို အားလည်းကျပြီး ချီးလည်း ချီးကျူးမိပါတယ်..။ အတုယူနိုင်ဖို့လည်း ကြိုးစားရဦးမယ်။ ကင်ဆာဆိုတဲ့ ရောဂါတွေကို အမြစ်ပြတ်တဲ့ ဆေးတွေ မြန်မြန်ပေါ်ပါစေ၊ ဒါမှ ကင်ဆာကြောင့် ခွဲခွာရတာမျိုးတွေ မတွေ့ရမှာ...။ ညီမလေး စည်းစိမ်ပြောတဲ့... တပင်တိုင်မြနန်း ဆေးဆိုတာ လည်း တော်တော်ကောင်းတယ်တဲ့။
...............................................

တိုကျိုက အဆောင်နံပါတ် ၄၁၄မှာ နေတုန်းက ဆုံးရှုံးမှုတစ်ခုကြောင့် တစ်ယောက်တည်း ၀မ်းနည်းစွာ အခန်းတံခါးပိတ် တစ်ညလုံး ငိုဖူးတယ်။ တလွဲမာနကြောင့် ကိုယ်ငိုတာကို ဘယ်သူမှ မတွေ့စေချင်ခဲ့လို့ တံခါးပိတ်ထားပေမယ့် အဆောင်တူ သူငယ်ချင်း (ညီမလေး) အိစံက စိတ်ပူပြီး အခန်းတံခါးကို အတင်းခေါက်ပြီး ၀င်လာခဲ့တယ်။ သူပြောတဲ့ စကားတွေက မကြားတချက်ကြားတချက်ပေမယ့် သူ့ကို ပြန်အော်ခဲ့တာတော့ မှတ်မိတယ်။ “ဘာလဲ ငါငိုတာကို မြင်ချင်လို့ လာကြည့်နေတာလား။ သွား”လို့...။ သူလည်း ငိုပြီး ပြန်သွားခဲ့တယ်..။

နောက်တနေ့တော့ သူက ကော်ဖီနဲ့ ခေါက်ဆွဲပြုတ်ကိုင်ပြီး “စနေသမီးကလည်း စိတ်ကကြီးလိုက်တာလွန်ရော”လို့ ရယ်ကျဲကျဲနဲ့ လာပို့သွားပါတယ်။ တော်သေးတယ် သူက စိတ်မဆိုးခဲ့လို့..။ တကယ်ဆို အဲလို သူငယ်ချင်းတွေရှိတဲ့အတွက် ကိုယ်က တကယ်ကံကောင်းသူပါ။ အဲ့နေ့က သူ့ခေါက်ဆွဲပြုတ်မှာ ခရမ်းချဉ်သီးတွေပါတာတောင် ခါတိုင်းလို ဂျီးမများပဲ စားခဲ့တယ်။ တကယ်ကောင်းတဲ့ ခေါက်ဆွဲပြုတ်ပါ..။

ငိုချင်တဲ့ စိတ်အနာက ချက်ချင်းကြီး မဟုတ်ပေမယ့် တစ်ပတ်လောက်ရှိတော့လည်း ပုံမှန်အတိုင်း ပြောလိုဆိုလို့ နေလို့ကောင်းသွားခဲ့ပါတယ်..။ အိစံကို တကယ်ကျေးဇူးအများကြီး တင်တယ်..။ သူ့မင်္ဂလာဆောင်ကျရင်တော့ ခေါက်ဆွဲပြုတ်တဲ့ စတီးအိုးလေးတွေ လက်ဖွဲ့ရမယ်လို့ တွေးရင်း ရယ်လိုက်မိတယ်။
............................................

မိုးကနည်းနည်းတော့ စဲသွားပါပြီ။ မနက်စောစော သတင်းစာပို့ အလုပ်လုပ်တဲ့ ဘေးအခန်းက ကောင်လေးတောင် တံခါးဖွင့်ထွက်သွားသံ ကြားလိုက်တယ်..။ ကိုယ်ကရော ဒီနေ့ညအဖို့ အမျိုးသမီးငယ်ရဲ့ မျက်နှာကို ဆက်ဆွဲလို့ ရပါဦးမလား...။ အခုနကလောက်တော့ စိတ်မညစ်တော့ သလိုပဲ...။
နှုတ်ခမ်းရော မျက်လုံးရော ပြုံးနေနိုင်ဖို့အထိတော့ တော်တော်ကြိုးစားရဦးမယ် ထင်တယ်...

ဘ၀ရထားကြီး စီးလာပြီး ဆင်းတဲ့လူဆင်း တက်တဲ့လူတက်နဲ့၊ ကိုယ်တိုင်ရော ဒီရထားပေါ်က ဘယ်တော့ ဆင်းရမလဲ မသိဘူး..။ ကိုယ့်ကိုယ်ကို စိတ်ပြတ်သားတယ်လို့ ထင်ပေမယ့် သံဃောဇဉ်နဲ့ ပတ်သက်ရင် တကယ်မပြတ်သားနိုင်ပါဘူး..။
....................................
ချစ်သူငယ်ချင်းများ အားလုံးကို တောင်းပန်ပါတယ်နော်..

ကိုယ်ရေးအကြောင်းအရာတစ်ခုကြောင့် ၉-လပိုင်းအကုန်မှာ “အခန်းတံခါးပိတ် ငိုသလိုမျိုး”၊ ဘလော့တံခါးကိုပါ ရုတ်တရက် ပိတ်လို့ တိတ်တိတ်လေး အိပ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် (အိစံလို) သူငယ်ချင်းပေါင်းများစွာက စိတ်ပူစွာ အခန်းတံခါးကို လာခေါက်ခဲ့ကြတာကို ကျွန်မတွေ့ခဲ့ရပါတယ်။ ဖုန်းနဲ့ဆက်၊ မေးတွေနဲ့ပို့... ထင်မှတ်မထားလောက်အောင် စာတို စာရှည်လေးတွေ အများကြီး ရခဲ့ပါတယ်.။ သီချင်းတွေ ပို့ပေးခဲ့တာလည်း ရရှိခဲ့ပါတယ်။ အရမ်း ၀မ်းသာမိပါတယ်။ ကိုယ့်အတွေးနဲ့ကိုယ် ရုတ်တရက်ပိတ်လိုက်တာဖြစ်တော့ ကိုယ့်မိတ်ဆွေတွေ စိတ်ပူမပူထိအောင် မတွေးဖြစ်ခဲ့မိပါဘူး...။ တအားပဲ အားလည်းနာမိပါတယ်။

အားလုံးကို စိတ်ပူအောင် လုပ်ခဲ့တာအတွက် ချစ်ခင်ရတဲ့ သူငယ်ချင်းအားလုံးကို တောင်းပန်ပါတယ်.. နော် ။ လသာည မရင့်ကျက်တာကို အားလုံးခွင့်လွှတ်ကြပါလို့..။ စိတ်ရှည်စွာ သင်ပြပေးတဲ့ မမရွှေစင်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်..။ အဆင်ပြေရင် နောက်ထပ်လည်း ပိုစ်တွေ ရေးတင်မှာပါ။ အားလုံးကျေးဇူးနော်..

လသာည.. ဖြစ်ပါတယ်။
PS; ပိုစ်နာမည်ကတော့ ကိုsosegado ပေးတဲ့ နာမည်ကို ပေးခဲ့တာပါ။




Friday, June 4, 2010

လွမ်းတဲ့ဖီလင်

ရှုပ်နေတဲ့ အလုပ်တွေ နည်းနည်းရှင်းသွားပြီဆိုတော့ ဒီနေ့တော့ အေးအေးဆေးဆေး အာလူးဖုတ်ချင်စိတ် ပေါက်တယ်။ တရင်းတနှီးပေါ့.. လက်ဖက်ရည်ဆိုင် ထောင့်တစ်ထောင့်မှာ သီချင်းအေးအေးလေး နားထောင်ရင်း စကားပြောသလိုမျိုးလေး...။

တမျိုးပဲ...။ အခုတလော အလုပ်တအားများတာကြောင့်လား.. စိတ်က မလန်းဘူး..။ ကော်ဖီတစ်ခွက်နဲ့ အမောဖြေလည်း မပြေဘူး..။ ခဏနားပြီး ထိုင်ငိုင်နေတိုင်း အရင်က အကြောင်းတွေ ပြန်ပြန်တွေးမိတယ်။ အရင်ကဆိုတာက ဟိုး.. ဘလော့စရေးတဲ့အချိန်တွေကိုပါ။

အဲဒီတုန်းက ပြောရရင် ဘလော့ရေးတဲ့ ရည်ရွယ်ချက်က မြန်မာစာရိုက်လေ့ကျင့်ချင်လို့လေ..။ မြန်မာစာကို လက်ကွက် မမှတ်မိလို့ မြန်မာစာလုံးလက်ကွက် ဇယားကို နံရံမှာကပ်လို့ လက်ညှိးနဲ့ တချက်ချင်း ရိုက်ခဲ့တာ။ ပြောရရင် အင်္ဂလိပ်လိုလည်း သိပ်မြန်မြန် မရိုက်နိုင်ခဲ့ပါဘူး...။

ဒီလိုနဲ့ စိတ်ထဲရှိရာလေးတွေ၊ နေ့စဉ်ကြုံသမျှတွေကို လျှောက်ရေးခဲ့တာပေါ့..။ အဲဒီတုန်းက အဓိက အားပေးသူ သူငယ်ချင်းလေး အနည်းအကျဉ်းရှိခဲ့တယ်။ သူတို့အားပေးပုံကို ပြန်ပြောရရင် ငယ်ငယ်တုန်းက လသာသာမှာ စကားဝိုင်းပြောသလိုမျိုးပါ..။

အညာက လသာညတို့ မြိုဆိုရင် ကွက်ပျစ်လို့ခေါ်တဲ့ ၀ါးစင်လေးတွေ အိမ်ရှေ့မှာ ရှိတာများတယ်။ ညဘက်လသာသာဆိုရင် အိမ်နားက နီးစပ်ရာ ကွက်ပျစ်မှာ လူကြီးက လူကြီးတစ်ဖွဲ့၊ ကလေးက ကလေးတစ်ဖွဲ့ စုပြီး စကားဝိုင်းဖွဲ့ကြတယ်။ (တကယ်တော့ ကလေးတွေက လသာသာမှာ မောနေအောင် အရင်ကစားကြတာပါ။ ကစားလို့ မောတော့မှ ကွက်ပျစ်ပေါ်မှာ စုပြီး ပါလာတဲ့မုန့်စား၊ ဆက်စကားပြောတာမျိုးပေါ့) ။ လူကြီးတွေက ရပ်ကြောင်းရွာကြောင်း၊ ရှေးဟောင်းနှောင်းဖြစ်ပြောရင် ကလေးအဖွဲ့တွေက မေးလေးထောက်လို့ သွားနားထောင်တဲ့အခါ ထောင်၊ မထောင်ချင်ရင် ကိုယ့်ဘာသာအစုလိုက် စကားပြောကြတယ်။

လူကြီးစကားဝိုင်းက အပြန်အလှန်ဆွေးနွေးလိုက် ငြင်းလိုက်ခုန်လိုက်နဲ့ ဆူညံနေသလို ကလေးဝိုင်းကလည်း ဆူညံနေခဲ့တယ်။ ကလေးတွေ စကားဝိုင်းဆူတာ လူကြီးတွေဆူတာနဲ့တော့ မတူဘူးပေါ့..။ ဆူရတာက ပြောသူများပြီး နားထောင်သူမရှိလို့ ကိုယ့်စကားကို ကျန်တဲ့သူ နားထောင်အောင် အော်ပြောနေကြလို့လေ။

တစ်ယောက်ယောက်က ကျောင်းကဆရာမအကြောင်း၊ သူ့အိမ်အကြောင်း၊ သရဲအကြောင်း ဒါမှမဟုတ် လူကြီးဝိုင်းက စကားကို ပြန်ပြောတဲ့အခါမျိုးမှာ ကျန်တစ်ယောက်ကလည်း သူပြောချင်တာကို ၀င်ပြောနေတတ်တာမျိုး။ တခါတခါ စကားတွေက ဆက်စပ်မှုမရှိဘူး..။ပြောတဲ့ အကြောင်းအရာကလည်း ဟိုရောက်ဒီရောက်။ နားထောင်ချင်တဲ့သူက နားထောင်၊ ကွက်ပျစ်ပေါ်မှာ လှဲရင်း အိပ်ပျော်တဲ့သူက အိပ်ပျော်သွားရော..။ ဒါပေမယ့် ပျော်စရာ ကောင်းတယ်။ ကလေးတွေစကားဝိုင်းက ငြင်းခုန်ရန်ဖြစ်လည်း ခဏပဲ..။ တစ်ယောက်နဲ့ တစ်ယောက် အတေးအမှတ်၊ အကောက်အချိတ် မရှိဘူး။ အချိန်တန် လည်ပင်းဖက် ကစားကြတာပါပဲ..။

အဲလိုမျိုးပဲ အဲဒီသူငယ်ချင်းတွေနဲ့ ဒီဘလော့မှာ စကားဝိုင်းဖွဲ့ခဲ့တယ်။ သူတို့က ကိုယ်ရေးတာကို ဖတ်ပေမယ့် တခါတခါမှ ကွန်မန့်ဆိုတာ ကြားရတယ်။ များသောအားဖြင့်တော့ စီဘောက်မှာ သူ့အကြောင်းကိုယ့်အကြောင်းပြော ပြီး တန်းပြန်ကြလို့ တခါတခါ အော်ရတယ်။ “ဟေ့ကောင်တွေ ငါ့ပိုစ်လေးတော့ ဖတ်ပြီး ကွန့်မန့်ပေးပါဦး”လို့ (“ဟေ့ကောင်” ဆိုတာက တအားချစ်တဲ့သူတွေမို့ တမင်ခေါ်တာပါ။) ဒါပေမယ့် သိနေပါတယ်။ ကိုယ်ဘယ်လိုပြောပြော ကိုယ့်ကို အားပေးစကားကလွဲရင် သူတို့ ပြောကြလိမ့်မယ် မဟုတ်ဖူးဆိုတာ..။ သူတို့က ကိုယ့်ဘလော့ထက် ကိုယ့်ကိုချစ်လို့ အားပေးသူတွေပါ။

တခါတော့ သူတို့က ကိုယ့်ကို မြှောက်ပေးတယ် အဲ... တောင်းဆိုလာခဲ့တယ်။ အဲဒါက “စိတ်ပညာ”အကြောင်းတွေ ရေးပါလား။ စိတ်ပညာအကြောင်း ရေးတာ ဖတ်ကောင်းတယ်တဲ့။ ဟိုဟိုဒီဒီ လျှောက်ရေးတာထက် စာရင် သူတို့စိတ်ဝင်စားတာလေး ရေးချင်စိတ်ပေါက်သွားတယ်။ ဒါနဲ့ ကိုယ်သိတာလေးတွေကို ရေးဖြစ်သွားတယ်ဆိုပါတော့..။ စိတ်ပညာဆိုတဲ့ ခေါင်းစဉ်တွေနဲ့...။ (စကားမစပ် လသာညက ပညာရေးစိတ်ပညာကို လေ့လာနေတဲ့ ကျောင်းသူပါ)..။

တကယ်တော့ ကျောင်းမှာလည်း ဒီအကြောင်း၊ ဘလော့မှာလည်း ဒီအကြောင်းဆိုရင် လူက ကျောင်းစာထဲက မထွက်သလို ခံစားရတာရော၊ ကျောင်းစာထဲကအတိုင်း ရေးရင် သူတို့လည်း ပျင်းသွားမယ်လို့ တွေးမိရောနဲ့၊ ရေးတဲ့အခါ စကားပြောသလို ဟိုး.. ကလေးဘ၀က လသာသာ ကွက်ပျစ်ပေါ်မှာ စကားပြောသလို ပြောပုံမျိုးနဲ့ ပြောဖြစ်တယ်။ သူငယ်ချင်းတွေကို ဦးတည်ရေးတာဆိုတော့ နောက်ဆုံးမှာ ဒီလိုဖြစ်တတ်တယ်တဲ့၊ အဲလိုမလုပ်ကြနဲ့နော်လို့ နောက်ပြောင်သလိုလို အတည်လိုလိုနဲ့ ဆရာကြီးလုပ်ပြီး အဆုံးသတ်ဖြစ်တယ်။ (ဆရာကြီးလေသံနဲ့ ...း)) ။ သူတို့က တခြားမေဂျာမှာ (ပြောရရင်) အားလုံးက လသာညထက်အတန်းကြီးသူတွေဖြစ်ပေမယ့် လသာညရဲ့ ဆရာကြီးလေသံကို စိတ်မဆိုးခဲ့ဘူးရယ်..။ အရမ်းကို ချစ်ဖို့ ကောင်းတဲ့သူတွေပါ။ သူတို့ကို ချစ်လွန်းလို့ နာမည်တောင် ပေးထားသေးတယ်.. မူလလက်ဟောင်း သူငယ်ချင်းများလို့..း))

(ဒါနဲ့ ကြားဖြတ်ပြီး သတိရလို့ ပြောရရင် လသာညရဲ့ “စိတ်ပညာ”ဆိုတဲ့ ခေါင်းစဉ်ပါ ပိုစ်တွေကို တခြားနေရာတွေမှာ ဖော်ပြထားတာကို တွေ့ရတယ်။ အခုလို လသာညဆီကနေ ကူးယူပြီး တခြားသူတွေကို ပြန်ပြီး ဆက်လက်မျှဝေပေးသူတွေကို ကျေးဇူးအများကြီး တင်မိပါတယ်။ စိတ်လည်း လုံးဝမဆိုးပါဘူး..။ ကိုယ်ကလည်း ကိုယ်သိတာလေးကို တခြားသူတွေကို မျှဝေချင်စိတ်ရှိပါတယ်။ တစ်ခုပဲ.. သူတို့ကို တောင်းပန်ချင်တာ ရှိတယ်။ ရေးထားတာ အားလုံးဟာ ကိုးကားလောက်အောင် မခိုင်လုံဘူးဆိုတဲ့အချက်ပါ.။ ဘာဖြစ်လို့လည်းဆိုတော့ လသာညဟာ စာသင်သား၊ ကျောင်းသားပဲ ရှိသေးတယ်။ ပညာပြည့်ဝသူ မဟုတ်သေးဘူးရယ်..။ အမှားရှိနိုင်တယ်လေ။ ဒါကြောင့် ဆက်လေ့လာချင်ရင် ပိုစ်အောက်က referenceတွေကို ဆက်လက်ဖတ်ပါလို့..ပြောချင်တာပါပဲ။

နောက်ပြီး ရေးသူ လသာည လို့ ဖော်ပြပေးပါလို့လည်း အနှုးအညွှတ် တောင်းပန်ချင်သေးတယ်။ ပို့စ်မှာ အမှားရှိရင် ရေးသူ လသာညကိုယ်တိုင်က အရေးမှားတာမို့လို့ အမှားကို လသာညက တာဝန်ယူလို့ ရအောင်လို့ပါ နော်။ လသာညက ကိုယ်ရေးတယ်ဆိုတာကို ဖတ်သူ သိစေချင်တာနဲ့ ပိုစ်တိုင်းအောက်မှာ “လသာည ဖြစ်ပါတယ်”လို့ ရေးတတ်တာကို ကူးသူက အဲဒီစာကြောင်းလေး တမင်ချန်ထားခဲ့တယ် အံ့ဖွယ့်းD.။ ဒါနဲ့ပဲ အခု ပိုစ်ထဲမှာပါ “လသာညက”လို့ ထည့်ရေးဖြစ်သွားတယ်။ အဲဒါတော့ အလုပ်ရှုပ်ခံပြီး မဖျက်ဘူးထင်တာပဲ.. :)

ဆောရီး..။ စကားက ဟိုရောက်ဒီရောက်ရယ်..။ ဒါကြောင့် ပြောသားပဲ..။ အေးအေးဆေးဆေး အာလူးဖုတ်တာလို့ ..။ ပြန်ကောက်မှ စကားက ဘယ်ရောက်သွားပြီလဲ..။ အော်.. အရင်တုန်းက အကြောင်းလေးကို ပြန်လွမ်းလွမ်းဆွတ်ဆွတ်ပြောနေတာ..။ ဟုတ်တယ်... အတိတ်ဆိုတာ အတိတ်ပဲဆိုတော့ လွမ်းလွမ်းဆွေးဆွေးပဲ ပြောနိုင်တော့တယ်..။ အင်း.. ဒါနဲ့ လွမ်းရတဲ့ဖီလင်က တခါတခါ လူကို နှုးညံ့စေတယ်ဆို.. ။ မဖြစ်နိုင်ဘူး.. လွမ်းစိတ်က လူကို စိတ်ဓါတ်ကျစေတယ်လို့ပဲ သတ်မှတ်တယ်။ လူက ရင့်ကျက်သင့်ပြီလို့ တွေးနေပေမယ့် စိတ်က ကလေးစကားဝိုင်းကိုပဲ လွမ်းလွမ်းနေခဲ့တယ်။ ဒါပေမယ့် အဲဒါတွေက ..အတိတ်မှာ တကယ်ကျန်ခဲ့ပြီ ..။ မရနိုင်တော့ဘူး..။ ဒီတော့ ကော်ဖီတစ်ခွက်နဲ့ လွမ်းတဲ့ဖီလင်ကို အဆုံးသတ်တာပဲ ကောင်းတယ် မဟုတ်လား..နော် သူငယ်ချင်း ။



နားထောင်ပေးသွားတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်..။ ကော်ဖီလေး သောက်သွားပါဦး.။ ကော်ဖီတောင် အေးသွားပြီလား သိဘူး..ဆောရီး......။

လသာည ( ၃- ၆- ၂၀၁၀)

Tuesday, February 16, 2010

မေဖန်ဆင်းသော

မမ၀ါရဲ့ တဂ်ပိုစ်ကို အခုမှပဲ ရေးဖြစ်ပါတယ်.. ရက်ကောင်းရက်မြက်ရွေးနေမိတာကြောင့် တဂ်ခဲ့တဲ့ မမ၀ါတောင် မေ့နေလောက်ပါပြီ..မမ၀ါ ခွင့်လွှတ်ပေးပါ ;D ဒီနေ့ရေးဖြစ်တာက ဒီနေ့ဟာ ကျွန်မတို့ရဲ့ Anniversary day ဖြစ်လို့ပါ..။

ကျွန်မ နဲ့ သူက ငယ်ငယ်ကတဲက အိမ်နီးနားချင်းတွေပါ..။ ဘယ်လောက်နီးလဲ ဆိုရင် ...

“ဟာ သမီးရယ်... ဟင်းချိုအိုးကို တူးအောင် ကျိုနေတာများ ကြားမကြားဖူးဘူး။ တူးသွားအောင် ဘာလုပ်နေတာလဲ” “ဟာ မေမေကလည်း ငါးပိနူးအောင် စောင့်နေတာလေ” “အောင်မလေး ငါ့နှယ်နော် ကြားမကြားဖူးဘူး..အေ.. ငါးပိများ နူးဖို့ ရေခန်းအောင် ကျိုရသတဲ့”
အဲလိုမျိုး ကျွန်မတို့ အိမ်ဖက်က ဆူသံပူသံ၊ ရယ်သံတွေဆိုရင် သူတို့အိမ်ဖက်က မကြားချင်အဆုံးမို့ နေ့တိုင်း (သူတို့အိမ်ဖက်ကနေ ) အဟားခံရသလို.. သူတို့အိမ်ဖက်ကလည်း...

“မင်းကလည်းကွာ ကိုယ့်ညီပဲ ကိုယ့်ပစ္စည်းယူသုံးတာ ဘာဖြစ်လဲ..ယူပါစေ၊ အဲဒီလက်ကိုင်ပုဝါက ဘယ်ကောင်မလေး ပေးထားတာမို့လို့လဲ” “ ဟာ အမေကလည်း ဘာတွေ လျှောက်ပြီး အော်ကျယ်အော်ကျယ် ပြောနေတာလဲ” “ဟ.. ငါက တသက်လုံး အဲလိုပဲ အော်ကျယ်အော်ကျယ်ပြောနေကျပဲ၊ မင်းက အခုမှ ဘယ်သူကြားမှာ စိုးနေပြန်တာတုံး” အဲလိုပြောသံကြားပြီ မကြာခင် ရယ်သံတွေ အမြဲကြားရတတ်တယ်။ (စကားမစပ် အဲဒီလက်ကိုင်ပုဝါကို ကျွန်မပေးတာ မဟုတ်ရပါ)

သူက ကျွန်မထက် ၂ နှစ်ကြီးပေမယ့် ငယ်ငယ်က ကျန်းမာရေးကြောင့် အတန်းနောက်ကျခဲ့တာမို့ ကျွန်မနဲ့ အတန်းတူတူ ဖြစ်ခဲ့ပါတယ်။ အတန်းထဲမှာ သူက အေးလို့ ရှိတယ်လို့တောင် မထင်ရပေမယ့် ကျွန်မကတော့ (မှတ်မှတ်ရရ ခုနှစ်တန်းနှစ်ကဆို) ကျွန်မကို စာလိုက်ပေးတဲ့ ကောင်လေးကို ခဲနဲ့ပေါက် ရန်ဖြစ်ဖို့နဲ့၊ ကျွန်မက သဘောကျနေတဲ့ အတန်းထဲမှာ ကောင်လေးတွေကို လိုက်ငေးတဲ့အလုပ်၊အဲဒါနဲ့ပဲ အလုပ်တွေရှုပ်နေခဲ့တယ်.. :D

(အဲဒီတုန်းက ကျွန်မက အတန်းထဲမှာ စာတော်တဲ့ကောင်လေးနဲ့ လူတကာနဲ့ ရန်ဖြစ်တတ်တဲ့ လမ်းသရဲရုပ်နဲ့ မြို့နယ်မှုးသား အဲဒီနှစ်ယောက်ကို တော်တော် သဘောကျခဲ့ဖူးတယ်။ စိတ်ထဲက မိန်းမပိုးနဲ့ပေါ့နော်။ တကယ့်လက်တွေ့တော့ ဘာမှ မပြောဖြစ်ခဲ့တော့ သူတို့တောင် မသိသွားလေဘူး)။

အိမ်နှစ်အိမ်က ခြံစည်းရိုးပဲ ခြားတာကို ဘယ်သူက စဖောက်လိုက်မှန်း မသိတဲ့ ခွေးတိုးပေါက်ကနေပြီး ကျယ်သွားတာဆင်တိုးပေါက်ဖြစ်သွားခဲ့တယ်။ နောက်ပိုင်းတော့ နှစ်အိမ်ကြား ချောင်းပေါက်မတတ် ကူးကြသန်းကြတာဆိုတော့..နှစ်အိမ်ကြားက ခြံစည်းရိုးက မရှိသလောက် ဖြစ်သွားပါတော့တယ်း)။

သူတို့အိမ်မှာ ဒါမှမဟုတ် ကျွန်မတို့ အိမ်မှာ မိသားစုလိုက် အတူတူဇယ်တောက်ခုံနဲ့ ကစားကြရင် ကျွန်မပဲ နိုင်တယ်။ ဒိုးဇက် ကစားလည်း ကျွန်မပဲ နိုင်တယ်။ သူက “မင်းက နိုင်မှာပေါ့ ဥာဏ်ကောင်းတဲ့သူဆိုတော့ ”တဲ့..။ ကျွန်မကတော့ ကိုယ်အမြဲနိုင်အောင် ကစားရတာ အရမ်းပျော်တယ်.. (နောက်မှ သူများတွေကတဆင့် ပြန်သိရတာက သူက တမင် ရှုံးအောင် ကစားခဲ့တယ်ဆိုတာပါ၊။ ဘာပဲဖြစ်ဖြစ် ကျွန်မက အနိုင်ရတိုင်း ပျော်ခဲ့ရတာတော့ အမှန်ပဲ)

နောက်တော့ ဆယ်တန်းအောင်လို့ တက္ကသိုလ်တွေ ပိတ်နေတုန်း ကျွန်မ ကျောင်းဆရာမ (အဌား) အဖြစ်နဲ့ မြို့ နဲ့ အဝေးကြီးကရွာတစ်ရွာကို သွားရတော့ သူက ကားဂိတ်ကို လိုက်ပို့တဲ့ တာဝန်ကို ယူပါတယ်။ ဒါကြောင့် ရွာက ပြန်တိုင်း လက်ဆောင်ကို အိမ်နှစ်အိမ်စာ ဝေခြမ်း ဖြစ်ခဲ့တယ်။ ကျွန်မတို့ တက္ကသိုလ်တက်ကြတော့ မေဂျာမတူပေမယ့် တစ်နှစ်ထဲ အတူတူပါ။ အဲဒီနှစ်တွေလည်း သူကလည်း သူ့အပေါင်းအသင်းနဲ့သူ ရေနံချောင်းဘက်က အစ်မတွေကို သွားငေးနေခဲ့သလို၊ ကိုယ်ကလည်း ဓါတုမေဂျာက ကင်းကို လိုက်ငေးနေခဲ့တယ်..

ဒီလိုနဲ့ ဓါတုနဲ့ ကျောင်းပြီးတော့ ကျွန်မ ဘီအီးဒီဝင်ခွင့်ဖြေပါတယ်။ ဖြေဖို့ အစီအစဉ်မရှိပဲ ရုတ်တရက်သိလို့ ၀င်ဖြေတာဆိုတော့ ခေါင်းထဲမှာ စာလည်းအသင့်မရှိဘူး။ တစ်ညနဲ့ တကယ်ပါ အဲဒီတုန်းက တစ်ညနဲ့ စာကြည့်ပြီး သွားဖြေခဲ့တယ်။ တစ်ညလုံး ကျွန်မကြည့်ဖို့စာကို တစ်ညလုံး အနားကနေ နုတ်ထုတ်ကူးပေးနေခဲ့တာ အဲ... သူပဲ ဖြစ်ပါတယ် :D ဒါပေမဲ့လည်း ကျွန်မဘက်ကတော့ သူငယ်ချင်းပဲ ဖြစ်နေခဲ့တယ်၊ သူကလည်းသူငယ်ချင်းအနေနဲ့ လုပ်ပေးတာလို့ တွေးခဲ့တယ်။

အဲ.. အောင်သွားတယ်။ မကွေးတစ်တိုင်းလုံး ၅ %ပဲ အောင်တဲ့အထဲမှာ ပါသွားတယ်။ ကျွန်မတော်လို့ မဟုတ်ပါဘူး။ ကျက်တဲ့စာက တိုးသွားတာပါ။ အဲဒါ မြို့မှာ နာမည်တောင်ကြီးသွားသေးတယ်။ တစ်ရက်ထဲကြည့်ပြီး အောင်တာဆိုတော့ အဲဒီကောင်မလေးက အကပ်ကောင်း လို့ ဖြစ်တာဆိုပြီး..။ ဘယ်တတ်နိုင်မလဲလေ..သူတို့ ပြောတာလည်း မမှားပါဘူး။ ကျွန်မက လူကြီးတွေတော့ မကပ်ခဲ့ပါဘူး။ သူ့ကိုပဲ ကပ်ပြီး ကူညီတောင်းခဲ့လိုပါ.. (သဘောတူတယ်ဟုတ် ;)

ဘီအီးဒီပြီးတော့ ကျွန်မ ရန်ကုန်ကို မာစတာဝင်ခွင့်သွားဖြေတော့ သူက “ညကားမို့ စိတ်မချဘူး၊ ရန်ကုန်မှာ အစောချည်း ရောက်ရင် အဖော်မရှိရင် ခက်မယ်”လို့ ပြောပြီး သူပါ ကားလက်မှတ်ဖြတ်ပြီး လိုက်ပို့တယ်။ သူလိုက်တာကို ကားပေါ်ရောက်မှ သိတယ်။ သူ့အိမ်ကိုတော့ မြို့နယ်မှုးက ခေါ်လို့ အလုပ်ကိစ္စနဲ့ ပေါက်မြို့ကို သွားတယ်လို့ ညာခဲ့တယ်တဲ့”.. (သူက အဲဒီတုန်းက မြို့နယ်မှုးရုံးမှာ စာရေးလုပ်တာ)။ ဒါကြောင့် သူက ကျွန်မကို တခါတခါ မြို့နယ်မှုးမ လို့ နောက်တတ်တယ်။။ အိုး.. မသိပါဘူး.. အဲဒီအထိလည်း ကျွန်မတို့က သူငယ်ချင်းတွေပါပဲ.. ကျွန်မခေါင်းထဲ သူက သိပ်မရှိသေးပါဘူးနော်။

ကျွန်မ ရန်ကုန်မှာ မာစတာ တက်နေတော့ သူက“ ငါက အခုအလုပ်က ထွက်ပြီး ရန်ကုန်မှာ ကုမ္ပဏီလျှောက်မလို့ ၊ သဘောတူလား” လို့ လှမ်းမေးပါတယ်။ ကျွန်မက “ဟ.. ဒါများ ကိုယ့်ဘာသာ ကောင်းမယ်ထင် လုပ်လေ.. ငါသဘောတူတာ အရေးကြီးလို့လား”လို့ ပြန်ဖြေလိုက်မိတယ်။ အဲဒါ.. အဲဒီမှာ စတာပါပဲ။။ဘချောသားက သူ့ကို ရေလာမြောင်းပေးတယ် ထင်ပြီး ရည်းစားစကား ပြောပါလေရော..။ ဒါပေသည့် သူငယ်ချင်းဘ၀ကို သစ္စာဖောက်မှုဖြင့် သူ့ကို ၄ လတိတိ စကားမပြောခဲ့တော့ပါ.. (စကားပဲ မပြောတာပါ။ သူကအဆောင်ကို လာပေးသွားတဲ့ ဟင်းကြော်တွေကို ကျွန်မက လက်ခံပြီး စားပေးတာတော့ လုပ်ဖြစ်တယ်..ဟုတ်တယ်လေ.. ဟင်းတွေက မစားရင် သိုးကုန်မှာပေါ့)

၎ လအတွင်း သူက ရန်ကုန်ရောက် ကုမ္ပဏီအလုပ်ရ၊ ကံကောင်းချင်တော့ တစ်နှစ်အတွင်း မန်နေဂျာဖြစ်တဲ့အထိ ရာထူးတိုးသွားတယ်။ အဲတော့ သူက ကုမ္ပဏီက ကားလေးသုံးပြီး အဆောင်ကို မကြာခဏလာပါတယ်။ ဟင်းကြော်တွေ လုပ်ပြီး လာပေးတာက တစ်ယောက်စာမကတာမို့ အဆောင်ကအတူနေ အစ်မတွေက ကူစားပေးကြတယ်။။ နောက်တော့.... အစ်မတွေအားလုံးက သူ့ကို ခင်သွားကြတယ်။ ဒီတော့လည်း ညတိုင်း ထမင်းစားတိုင်း ကျွန်မကို “သူ့ကို လက်ခံလိုက်ရန်၊ သူ့ဘက်က သူတို့အားလုံး တာဝန်ယူတယ်” စသည်ဖြင့် “သူချစ်ကိုရှာရန်” ခေါင်းစဉ်နဲ့ နားသွင်းကြပါတော့တယ်.. (သူချစ်ရှာရန်လို့ပြောရတာက ကိုယ်ချစ်ဖြစ်မဖြစ် သူတို့က မေးလို့ မရလို့သာဖြစ်ပါတယ် :))

ကျွန်မကိုယ်ကျွန်မဆိုရင်တော့ သိပ်ပြီး နားမယောင်တတ်သော်လည်း (ပြောတာပဲ:D) သူတို့က ပြောပါများလာတော့ ကျွန်မကလည်း လက်မခံချင်ခံချင်နဲ့ ဒီလိုပြော လိုက်ပါတယ်.. “အင်း.. အိမ်ကို ပြောလိုက်တော့”လို့ >"(^0^)"

ဒါနဲ့ပဲ လွန်ခဲ့တဲ့ ရှစ်နှစ်က ဒီလိုအချိန်မှာ ကျွန်မတို့ မင်္ဂလာဆောင်ဖြစ်ခဲ့တယ်..။ ရှစ်နှစ်ခရီး... အင်း.. ရှစ်နှစ်ခရီးဆိုပေမယ့် တကယ်တော့ ကျွန်မတို့ အတူနေချိန်ဟာ တစ်နှစ်ထက် မပိုခဲ့သေးပါဘူး..ကျွန်မက ရာထူးပြောင်းလိုက်၊ ဂျပန်ကို နှစ်ခေါက်လာလိုက်ဖြစ်နေခဲ့တယ်။ အခုအထိ ကျွန်မတို့ မိသားစု အတူတူ မနေနိုင်သေးပါဘူး..။ Anniversary Day မှာ ကျွန်မတစ်ယောက်တည်းရယ်ပါ။ မိသားစုကို တအားလွမ်းပါတယ်။

မိသားစုနဲ့ ခွဲခွာနေရသေးတာ တစ်ခုက လွဲရင်တော့ ကျွန်မကိုယ် ကျွန်မ အိမ်ထောင်ရေး ကံကောင်းသူ အဖြစ် ကတော့ အမြဲဂုဏ်ယူနေမိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူဟာ ကျွန်မထင်တာထက် ကျွန်မအပေါ် ဂရုစိုက်ကြင်နာတတ်သူ၊ ကျွန်မထင်တာထက် အရာရာကို နားလည်ပေးနိုင်တဲ့သူ ဖြစ်လို့ပါ.... ..(ဆက်ရေးအမွမ်းတင်ချင်သော်လည်း ကိုယ်ရည်သွေးရာရောက်မစိုးလို့.. ရေးတော့ဘူး :)..။

ရေးချင်တာများပြီး ဘာရေးရမှန်း မသိပဲ ချာလည်လည်သွားတယ်..။ ဖတ်ရတာ အဆင်မပြေရင် ခွင့်လွှတ်ပါ။ ဒီတဂ်ပိုစ်...ကို မမ၀ါ ကျေနပ်လိမ့်မယ်ထင်ပါတယ်။ မမ၀ါ ကျေနပ်ပါ။

(ဒါနဲ့. ဒီပိုစ်ကို ဖတ်ပြီး “ အခုတော့ ရေးဖြစ်ပြီမို့လား ဟားဟား”ဆိုပြီး မဟားနဲ့နော် ဟားတဲ့သူငယ်ချင်းများ အာပျိုကြီး ဖြစ်ပါစေလို့ ဆုတောင်းထားတယ် ;)

Saturday, December 12, 2009

ရေစုန်နဲ့ ရေဆန်

ရေစုန်
သမီးငယ်ရေ... အခုချိန်မှာ အဝေးတနေရာကို ခွဲထားရတဲ့ မေမေ့ သမီးလေး နေကောင်းရဲ့လားကွယ်။ မေမေ... အချိန်တိုင်း သတိရနေပါတယ် သမီးငယ်။

မိုးရာသီရဲ့ တခုသောနေ့တနေ့မှာ မေမေ့ဆီ သမီးရောက်လာခဲ့တယ်..။ သမီးအလာကို ရင်ခုန်စွာ စောင့်ကြိုနေခဲ့တဲ့ အဲဒီနေ့ကလေ.. သေးငယ်တဲ့ မျက်နှာဝိုင်းဝိုင်းလေးနဲ့ ခြေထောက်လေး၊ လက်လေးတွေပိုင်ရှင်က မေ့မေ့သမီးပါလားဆိုတာကို ပထမဆုံးသိသိချင်း အံသြမိတယ်၊ နောက် ရင်တွေက တအားခုန်လာပြီး အနားကမခွာနိုင်အောင် သမီးကို တချိန်လုံး ကြည့်နေခဲ့မိတယ်....။ သမီး မေ့မေဆီကို ရွေးချယ်ခဲ့ပြီး မေ့မေ့သမီးဖြစ်ခဲ့တဲ့အတွက် သမီးကို မေမေ ကျေးဇူးတင်မိတယ်။

သမီးငယ်..မေမေကလေ အရင်က စိတ်အားငယ်တတ်သူဖြစ်ခဲ့တယ်..။ ဒါပေမဲ့ သမီး မေမေ့ဆီရောက်လာပြီးနောက်ပိုင်း မေမေ စိတ်ဓါတ်ကြံခိုင်သူဖြစ်လာခဲ့တယ်။ တခါက မိုးရွာသီတနေ့မှာ သမီးဖျားတယ်။ မေမေတို့က ဆေးခန်းနဲ့ဝေးတဲ့ နေရာတစ်ခုကို ရောက်နေချိန်ဖြစ်လို့ သမီးငိုသံကိုနားထောင်ရင်း ဆေးခန်းကို ပြေးဖို့ ဆောက်တည်ရာမရဖြစ်ခဲ့ရတယ်။ နောက်ဆုံးမှာ မေမေဆုံးဖြတ်ချက်ချပြီး သမီးကို မိုးကာအကျီင်္လေးခြုံပေးပြီး အိမ်ကအတူနေ ကောင်မလေးကို ချီခိုင်းပြီး သမီးတို့နှစ်ယောက်ကိုတင်လို့ ဆိုင်ကယ်ကို စီးခဲ့တယ်။ တကယ်ဆို ဆိုင်ကယ်စီးသင်တာ ၂ ရက်ထဲပဲ ရှိသေးတဲ့ မေမေဟာ လမ်းတစ်လျောက် ဖြောင့်ဖြောင့်တန်းတန်း စီးနိုင်ဖို့ မနည်းကို ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့လည်း တစ်ခုခုဖြစ်ရင် မေမေကိုယ်တိုင်ထက် သမီးကို ထိခိုက်မှာစိုးတဲ့စိတ်က ဆိုင်ကယ်လက်ကိုင်ကို ထိန်းပေးသွားသလိုပဲ....။ အဲဒီနေ့က ဆေးခန်းကို ချောမောစွာ ရောက်ရှိခဲ့တယ်။ မိုးရေထဲမှာ ပြန်လာခဲ့ရင်း သမီးမျက်နှာလေးကို ကြည့်လို့ ၀မ်းသာ မျက်ရည်ကျခဲ့တယ.်...

သမီးငယ်...တကယ်ဆို မေမေက မေတ္တာကို သိပ်အယုံအကြည်မရှိသူဖြစ်ခဲ့တယ်။ ကိုယ့်ကိုအမြဲလိုအပ်သူဟာ မရှိနိုင်ဘူးရယ်လို့ တွေးမိတယ်။ ဒါပေမဲ့.. အဲဒီအတွေးကို သမီးက ပြောင်းလဲစေခဲ့တယ်..။ အရေးကြီး အလုပ်ကိစ္စတစ်ခုနဲ့ မေမေက တနေရာကို သွားရတုန်းကပေါ့.. သမီးကို စိတ်ပူပြီး မေမေအမြန်ပြန်လာခဲ့တယ်။ ပြန်ရောက်တော့ သမီးလေးက ငိုထားတာ မျက်နှာလေးကို ရဲလို့..။ ဘယ်သူချော့ချော့ အငိုမတိတ်တဲ့ သမီးက မေမေရင်ခွင်ထဲရောက်တော့ ရှိုက်သံတစ်ချက်ပြုလို့ တိတ်သွားခဲ့တယ်..။ စကားမပြောတတ်သေးတဲ့ မျက်လုံးလေးတွေကလည်း “မေမေ သမီးကိုထားပြီး ဘယ်ကိုမှ မသွားပါနဲ့”လို့ ပြောနေသလို ခံစားရပြီး မေမေ တညလုံး မျက်ရည်ကျခဲ့မိတယ် သမီးငယ်...။ အဲဒီနေ့က “ငါ့ကို အမြဲလိုအပ်သူ ရှိနေပါလား”လို့ မေမေ ပျော်ခဲ့မိတယ်....။ မေမေ့ကို လိုအပ်သူတစ်ယောက်၊ တန်ဖိုးရှိတစ်ယောက်အဖြစ် သတ်မှတ်ပေးလို့ သမီးကို ကျေးဇူးတင်ပါတယ်...

သမီးငယ်.. မေမေဟာ တကယ်တော့ အထီးကျန်ခံစားမှုကို ခံစားလွယ်သူဖြစ်ခဲ့တယ်။ တစ်ခုခုဆိုရင် ၀မ်းနည်းလွယ်တယ်..။ ဒါပေမဲ့လည်း ကိုယ်ဘာသာတစ်ယောက်တည်း ကျိတ်ဖြစ်နေတဲ့ အထီးကျန်ခံစားမှုကို ဖြေဖျောက်ဖို့အတွက် မေမေက စာအုပ်တွေကိုပဲ အဖော်ပြုခဲ့တယ်..။ သမီး မေမေ့ဘ၀ထဲကို ၀င်ရောက်လာပြီး နောက်ပိုင်းမှာတော့ သမီးရဲ့ ရယ်မောသံလေးတွေ၊ ချွဲနွဲ့သံလေးတွေက စာအုပ်တွေအစား မေမေ့ရဲ့ အထီးကျန်ခံစားတတ်မှုကို ပျောက်ကင်းစေခဲ့တယ်..။ သမီးရယ် ကျေးဇူးတင်ပါတယ်ကွယ်..

သမီးငယ်.. တကယ်ဆို မေမေက ပင်ပန်းမှုဒဏ်ကို အလွယ်တကူအလျော့ပေးတတ်သူပါ..။ ဒါပေမဲ့ အခု သမီးအတွက် မေမေကြိုးစားနေတယ် သမီးရယ်...။ ပင်ပန်းတယ်..ပင်ပန်းတယ်လို့ အော်ညည်းချင်ပေမဲ့ အားလျော့ချင်ပေမဲ့ မညည်းဖြစ်အောင် မေမေကြိုးစားခဲ့တယ်။ မေမေပင်ပန်းသမျှဟာ သမီးအတွက် ပန်းမွေ့ယာတစ်ခုဖြစ်မယ်ဆိုရင် မေမေကတော့ ဆက်လက်ကြိုးစားနေဦးမှာပဲ..။အဲဒီလို ကြိုးစားလိုစိတ်တွေကို ဖန်တီးပေးတဲ့ သမီးကို မေမေက ကျေးဇူးတင်ပါတယ်..

ဒါပေမဲ့ သမီးရယ်.. မမြင်ရတဲ့ အနာဂတ်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ သမီးလေး အဆင်ပြေစေဖို့ လက်ရှိအချိန်မှာ သမီးနဲ့ တနေရာစီရောက်နေရတယ်..။ တခြားကလေးတွေ မိသားစုအစုံအလင်နဲ့ သွားလာနေတာကြည့်ပြီး သမီးအားငယ်နေမလား၊ ဒါမှမဟုတ် မေမေ သမီးကိုပစ်ထားတယ်လို့ ငိုပြောမှာလား၊ .. အတွေးနဲ့တင် မေမေရင်နာရပါတယ်။ တကယ်ဆို တနေရာစီ မနေချင်ပါဘူး သမီးရယ်။ သမီးကို အဲလို တနေရာမှာ မထားချင်ပါဘူးကွယ်။။ အနားမှာ မထားနိုင်တဲ့ မေမေ့ကို သမီးခွင့်လွှတ်ပါ..။မေမေက သမီးအတွက် ကြိုးစားနေသူပါ...။ မေမေ အသက်ရှင်သမျှ ကြိုးစားနေသမျှဟာ သမီးအတွက်ပါ။ သမီးငယ်.. မှတ်ထားနော်... မေမေဟာ ဟောဒီလောကကြီးထဲမှာ သမီးကို အချစ်နိုင်ဆုံး တစ်ဦးတည်းသော မေမေလို့ ...
ချစ်တဲ့
သမီးရဲ့ မေမေ
..............................................................................................................

ရေဆန်
မေမေ.. သမီး ဒီအသက်အရွယ်အထိ မေမေက ပင်ပန်းစွာ ပြုစုစောက်ရှောက်ပေးခဲ့တယ်..။ သမီးကို အများနည်းတူ တန်းတူထားနိုင်အောင် မေမေက ဂရုစိုက်ခဲ့တယ်။ မေမေကို.. ကျေးဇူးတင်ပါတယ်..။

မေမေရယ်..
သမီးက မေမေနဲ့ တူတယ်၊ မေမေ့လိုပဲ မျက်ရည်လွယ်တတ်သူလေ။ မငိုပါနဲ့ မေမေရယ် အနားမှာ သမီးရှိနေမှာပါ၊ သမီးကို အားငယ်ပြီး အထီးကျန်နေမှာစိုးရိမ်ပြီး မေမေက ငိုနေခဲ့တာ သမီးသိနေပါတယ်။ မေမေရှိနေတာ သမီးအားမငယ်ပါဘူး၊ မကြောက်တတ်ပါဘူး မေမေရယ်.။ မေမေကို.. ကျေးဇူးတင်ပါတယ်..။

ငိုရတဲ့အချိန်ပဲဖြစ်ဖြစ်၊ ရယ်နေတဲ့အချိန်ပဲဖြစ်ဖြစ် ၊ မေမေ့ကို စိတ်ကောက်တဲ့အချိန်ပဲ၊ မေမေကဆူတဲ့အချိန်ပဲ ဖြစ်ဖြစ် အားလုံးဟာ သမီးအတွက် တန်ဖိုးရှိတဲ့ဘ၀တွေပါ။ မေမေကို.. ကျေးဇူးတင်ပါတယ်..။ ပင်ပန်းနေတဲ့ အချိန်တိုင်း မေမေက သမီးကို ဖက်လို့ အားယူနေခဲ့တာ၊ ပြီးတော့ သမီးကို အားပေးနေခဲ့တာ သမီးသိတာပေါ့..။ မေမေကို သမီးက ရင်ထဲကနေ ကျေးဇူးတင်ပါတယ်..။

တဇွတ်ထိုးလုပ်တတ်သူသမီးက ဘာအလုပ်ကိုပဲ ဇွတ်လုပ်လုပ် မေမေက “သမီးလုပ်ချင်တာကို လုပ်၊ နားချင်တဲ့အချိန်နားလိုက် သမီး”လို့ ပြောပြီး နောက်ကနေ တွန်းကန်အားပေးနေတဲ့ မေမေ့ကျေးဇူးကို သမီးအမြဲ သတိရနေပါတယ်။ မေမေကို.. ကျေးဇူးတင်ပါတယ်..။ အမြဲတမ်း အားငယ်တတ်၊ ကြောက်တတ်၊ စိတ်ပျော့တဲ့ သမီးကို အမြဲချစ်နေတဲ့ မေမေ့ကို သမီးကျေးဇူးတင်ပါတယ်။ ကြီးမားတဲ့ မေတ္တာရှင်မေမေကို သမီးအမြဲလိုအပ်နေပါတယ် မေမေ..။

ရှေ့ဆက်ပြီး တွေ့ရမယ့် အတားအဆီးတံတိုင်းတွေကို သမီး မကြောက်တော့ဘူး။ အရှုံးလည်း မပေးဘူး။ မေမေဆွဲခဲ့တဲ့ အိပ်မက်တွေအတိုင်း ဖြစ်တဲ့အထိ သမီးကကြိုးစားမှာပါ..။ တွေရဆုံရ၊ ဖြစ်ရပျက်ရသမျှတွေကိုလည်း အားအင်အဖြစ်ယူလို့ ရင့်ကျက်တဲ့ လူကြီးတစ်ယောက်ဖြစ်အောင် သမီးကကြိုးစားမှာပါ။ လောကကြီးကို ရင်ဆိုင်နည်းတွေကို မေမေက သင်ပေးထားတယ်လေ..။ သမီးက တစ်ယောက်တည်း မဟုတ်ပါဘူး။ မေမေရှိနေတာပဲ သမီး အားမငယ်တော့ပါဘူး မေမေ...နော်..မေမေ။ မေမေရယ် မငိုပါနဲ့တော့..။

နေ့စဉ်ဘ၀တွေကို အရေးကြီးဆုံးအရာတွေကို ရှာဖွေရင်း ဖြတ်ကျော်ပါ့မယ်။ မေမေ မငိုပါနဲ့တော့..။ မေမေနားမှာ သမီးအမြဲနေပေးနိုင်အောင် ကြိုးစားမှာပါ...။ မေမေဟာ သမီးအတွက် ဘုရားကပေးတဲ့ အဖိုးတန်ဆုံး ဆုပါ..။ မေမေ သမီးရင်ထဲက စကား မေမေကြားပါစေ..။
မေမေ... ကျေးဇူးတင်ပါတယ် မေမေ.....ကျေးဇူးတင်ပါတယ်မေမေ...............................
မေမေရဲ့ သမီး
.................................................................................................................

လသာည.......ဖြစ်ပါတယ်/

မှတ်ချက်။ အရမ်းကြိုက်ပြီး ခဏခဏနားထောင်ဖြစ်နေတဲ့ သီချင်းနှစ်ပုဒ်( kimi no mama yori)နဲ့ (mama e)ကို မျှဝေချင်ခဲ့တာ ကြာပြီ။ ရေးလိုက်တိုင်း ကိုယ်ကအရင် မျက်ရည်ကျနေတာမို့၊ တ၀က်တပျက် ဖြစ်နေခဲ့တယ်။ ဒီနေ့တော့ ဒီပိုစ်ကို အဆုံးသတ်ရင်း မေမေ့ကို လွမ်းနေသူများ၊ မေမေအဖြစ်ရှိနေသူများအတွက် မေတ္တာဘွဲ သီချင်းလေးနှစ်ပုဒ်ကို မျှဝေပေးလိုက်ပါတယ်။ အားလုံး မေတ္တာရိပ်မှာ နွေးထွေးလုံခြုံကြပါစေ.....

Sunday, October 4, 2009

လမင်းနှင့်စကားပြောခြင်း

မနေ့က တနေ့လုံးဖျားတယ်။ ခန္တာကိုယ်က ဖျားနေတော့ စိတ်ကလည်း နေလို့သိပ်မကောင်းဘူး ဒါနဲ့ အွန်လိုင်းတက်ရင်း သူငယ်ချင်းတွေနဲ့ စကားလျှောက်ပြောဖြစ်တယ်။ အခါတိုင်းက စာ မှ စာလို့ တွေးနေမိတော့ သူငယ်ချင်းနဲ့ ပြောရင် နှုတ်ဆက်ရုံလောက်ပဲ။ မနေ့ကတော့ တွေ့သမျှ သူငယ်ချင်းတိုင်းကို ငါနေမကောင်းဘူးလို့ ချွဲရတာကိုက အရသာရှိနေသလိုပဲ။ သူတို့ကလည်း ခါတိုင်းထက် ပိုပြီး ဂရုစိုက်ကြပါတယ်။ ဒီလိုမျိုး “ကောင်းတယ်၊ ကော်ဖီလျှော့ပါဆို မလျှော့ဘူး”တဲ့ ဘာမှလည်း မဆိုင်ပဲနဲ့။ :D ဒါပေမဲ့ စိတ်က ချမ်းမြေ့လုံခြုံနေသလို ခံစားရလို့ အဲလိုအပြောမျိုးကိုပဲ လိုချင်နေခဲ့တယ်။

ညနေရောက်တော့ ဆေးသောက်ပြီး ပြန်အိပ်ပျော်သွားတယ်။ နိုးလာချိန် နာရီကို ကြည့်လိုက်တော့ ၁၂ နာရီ ဖြစ်နေပြီ။ ညသန်းခေါင်တောင် ရောက်နေပါလား။ ဒါပေမဲ့ ခါတိုင်းလည်း ဒီအချိန်အိပ်တာမှ မဟုတ်တာလေလို့ စာကြည့်စားပွဲကို ထိုင်လိုက်ချိန်မှာ တစ်စုံတစ်ခုထူးခြားနေသလို ခံစားမိသွားတယ်။ ဟုတ်တယ် ထူးခြားနေတယ်။ နှစ်ပေါင်းများစွာကနေ ယခုထိ ကိုယ်နှစ်ခြိုက်တဲ့ အရာလေးတစ်ခုက ပြတင်းပေါက်နေ ကိုယ့်ကို နှုတ်ဆက်နေခဲ့တယ်။

ပြတင်းပေါက်မပိတ်ပဲ အိပ်မိတဲ့အတွက် တိမ်ကင်းစင်တဲ့ လမင်းလေးက အခန်းထဲထိ နှုတ်ဆက်ပြုံးပြနေတာပါ။ ပျော်ရွှင်စွာပဲ ပြတင်းက လိုက်ကာကို အကုန်ဖွင့်ပြီး အခန်းမီးကို ပိတ်လိုက်တယ်။ ပြီးတော့မှ ကော်ဖီဖျော်ဖို့ သတိရလို့ မီးပြန်ဖွင့်ပြီး ကော်ဖီတစ်ခွက်ကို သေချာဖျော်လိုက်တယ်။ ပြီးတော့ မီးပိတ်၊ ကော်ဖီကို တငုံလောက် သောက်လိုက်ရင်း လမင်းလေးကို ငေးလိုက်တယ်။

“လမင်းရယ် မင်းကို ကြည့်ရတာ အေးချမ်းလိုက်တာ။ မတွေ့ရတာ ကြာပြီနော်။

လမင်း.. မင်းမှတ်မိလားဟင် တို့ ခြောက်နှစ်သမီးလောက်က လသာသာမှာ အိမ်နားက အစ်မတွေနဲ့ အိမ်ရှေ့က ကွက်လပ်မှာ ဆော့ရင်း ချောလဲလို့ ငိုခဲ့တာလေ။ ဒါတောင် အငယ်ဆုံးဆိုတော့ ရေပေါ်ဆီလုပ်ခွင့်ရတယ်။ ရေပေါ်ဆီဆိုတာက ကစားပွဲမှာ ဘယ်ဘက်ပါပါ ရတယ်လေ ရှုံးတယ်လို့ မရှိဘူး။ ( ရေပေါ်ဆီဆိုတာ တကယ့်ဆီတွေလောက် အသုံးမ၀င်ဘူးဆိုတာထိတော့ ဘယ်တွေးတတ်ခဲ့မလဲ) ။ ပြိုင်ပွဲမှာ မရှုံးပေမဲ့ ချော်လဲလို့ ငိုတော့ မေမေက လာခေါ်တယ်။ ပြီးတော့ မေမေက ချော့လို့မပြီးဘူး။ ပွေ့ဖက်ပေးလို့ မပြီးဘူး။ ဒါပေမဲ့ မေမေ့မျက်လုံးမှာ မျက်ရည်ဝဲနေခဲ့တာ လမင်း သိတယ်ဟုတ်..။

လမင်း.. တို့ ၃တန်းနှစ်မှာ အတန်းပိုင်ဆရာမက သူ့အိမ်မှာ ညကျောင်းခေါ်သင်ပေးတယ်။ လစာမပေးရပါဘူး။ လသာတဲ့ညတွေဆို ဆရာမက ကွင်းပြင်မှာ တနာရီကစားခွင့်ပေးတယ်။ သူငယ်ချင်းတွေ ငြင်းကြခုန်ကြနဲ့ တအားပျော်တာပဲ။ ဖုံတွေတထောင်းထောင်းထအောင် ဆော့လို့ ဆရာမအိမ်နားက ဘိုးဘိုး ဦးမြတ်သွင်က တုတ်ကောက်နဲ့လိုက်လို့ ပြေးကြရသေးတယ်။ ဆရာမကို ပြန်တိုင်တော့ ဆရာမက အားလုံးကို အကြောက်ပြေအောင် ကိတ်မုန့်ဝယ်ကြွေးတယ်။ အဲဒီနေ့က ဆရာမက စာမသင်ပဲ ပုံတွေပဲ ပြောပြခဲ့တယ် သိလား။

နောက် ဆယ်တန်း စာမေးပွဲဖြေတုန်းကပေါ့။ ကြီးကြီးတို့အိမ်က ၀က်မကြီးက ၀က်ကလေးတွေ ပေါက်လို့ မမြင်ဘူးလို့ သွားကြည့်မိတာကို ဖေဖေက စာမေးပွဲရက်ကို စာမကျက်လို့ဆိုပြီး ဆူတာ မှတ်မိသေးတယ်။ ဒါနဲ့ ပြတင်းပေါက်ကနေပြီး လမင်းကို ရင်ဖွင့်နေတုန်း ဖေဖေက အနားကို ရောက်လာခဲ့တယ်။ ပြီးတော့ “ရော့ ဒါက သမီးစားဖို့ ခေါက်ဆွဲကြော်၊ ဖေဖေကိုယ်တိုင် ကြော်ထားတာ”တဲ့.။ ဖေဖေကို ကြည့်ပြီး ဘယ်ကို ၀မ်းနည်းသွားမှန်းမသိပဲ ငိုချလိုက်တယ်။ အဲဒီနေ့က ခေါက်ဆွဲကြော်ဟာ ဘယ်တော့မှ မမေ့နိုင်တဲ့ အရသာတွေ ပါရှိနေခဲ့တယ်။

မကွေးမှာ ကျောင်းတက်တုန်းကပေါ့ စာမေးပွဲရက်ကို မီးက ပျက်တယ်။ ည ၁၀ နာရီမှာ မီးလာမယ်ဆိုတာနဲ့ မီးမလာခင် သူငယ်ချင်းတွေ တဖွဲ့ချည်း လသာသာမှာ ဘုရားကို သွားကြတယ်။ ဘုရားကလည်း ပွဲတော်လုပ်နေတော့ မီးရောင်အောက်မှာ လူတွေ စည်ကားနေတာပေါ့။ တို့က “လူတွေကြားသွားမဲ့အစား ဒီဘက်ခြမ်းမှာ လရိပ်ကို ခံစားရရင် မကောင်းဘူးလား”လို့ အကြံပေးလိုက်တယ်။ အဲဒီအကြံဟာ လူနှစ်ယောက်ရဲ့ မေတ္တာကို အသိပေးသလို ဖြစ်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ အဖွဲထဲက သူငယ်ချင်းနှစ်ယောက် အဲဒီနေ့က ချစ်သူဖြစ်သွားကြသတဲ့လေ။ တို့တောင် အကြော်နဲ့ ရေမုန့်တွေ စားလိုက်ရသေးတယ် အဟိ။

လမင်း.. ရေ ရန်ကုန်မှာ ကျောင်းတက်တော့ စိတ်ပညာဘာသာရပ်တစ်ခုမှာ presentationကို engလို့ လုပ်ရမယ်လို့ သတ်မှတ်ထားခဲ့တယ်။ အငယ်ဆုံးမိုလို့ သွက်သွက်လက်လက်ဖြစ်မလားဆိုပြီး တို့ကို ကိုယ်စားလှယ်အဖြစ်ရွေးကြတယ်။ အရွေးခံရတဲ့ တို့က လူတွေအများကြီးကို ကြောက်ဒူးတုန်ပြီး “ladies and gentlemen”လို့ စရမှာကို “ lady and gentlemen”လို့ ladyမှာ “s”သံမပါပဲ စမိလို့ အဆူခံရတယ်လေ။

ဝမ်းနည်းတာရော ရှက်တာရော ပေါင်းပြီး အဆောင်ပြန် အခန်းတံခါးပိတ်ပြီး ငိုတော့ အဆောင်က အစ်မ ၄ယောက်က တံခါးခေါက်ရင်း “ညီမလေးရေ ဒီကနေ့ လသာတယ်။ တို့တော့ အပြင်ထွက်ပြီး လက်ဖက်ရည်ဆိုင်သွားမလို့ လိုက်မလား”တဲ့။ ဒါနဲ့ တို့လိုက်လာခဲ့တယ်။ တကယ်တော့ အပြင်လက်ဖက်ရည်ဆိုင်မဟုတ်ပါဘူး။ အဆောင်ရှေ့ခြမ်းက လမင်းကို မြင်ရတဲ့ အစ်မတစ်ယောက်ရဲ့အခန်းမှာ စုပြီး လက်ဖက်ရည်သောက်တာပါ။ ဘယ်သူမှ စာမလုပ်ပဲနဲ့ တို့နားမှာ ရယ်စရာတွေ ပြောခဲ့ကြတယ်။ သူတို့ပြောတဲ့ ရယ်စရာလေးတစ်ခုက “ကြက်ဥလေးရဲ့ ဖူးစာ”တဲ့..။

ဂျပန်ကို လာခါနီး လသာတဲ့ည တစ်ည မှာလည်း မန္တလေးက Unisonလက်ဖက်ရည်ဆိုင်ကို (ဆိုင်နာမည်က အဲလိုထင်တာပဲ) သူနဲ့ သွားဖြစ်တယ်။ မီး ထိန်လင်း နေတဲ့ နေရာထက် လရိပ်မြင်ရတဲ့ နေရာကို ရှာပြီး ထိုင်ကြတော့ လက်ဖက်ရည် မကြိုက်တဲ့ သူက လိုက်သောက်ပေးရင်း ဂျပန်ရောက်ရင် ကျန်းမာရေးဂရုစိုက်ဖို့၊ သူ့ကို မမေ့ဖို့၊ မနက်တိုင်း ကော်ဖီကို မမေ့သလို သူ့ကို မမေ့ဖို့ ..စုံနေအောင် မှာတယ်လေ။ နောက်ပြီး ...

ကလင်ကလင်ကလင်..
“..ဟင်. အိစံ ဘာလဲ”
“အစ်မ နေကောင်းပြီလား၊ အဖျားသက်သာလားလို့ လှမ်းဆက်တာ”
“သြော် အေး..ညက အိပ်တာနောက်ကျလို့ အိပ်ပျော်သွားတာ၊ နောက်မှ ပြန်ဆက်မယ်နော်”
အဲဒါပေါ့ အိစံ သာသနာဖျက် (+၀+) လမင်းနဲ့စကားပြောနေတာ ပျက်သွားပြီ။ ရဘူး ပြန်အိပ်ဦးမယ်။ :D

လသာည.. ပါ။

Saturday, August 1, 2009

အလွဲများ

မွေးနေ့တုန်းက မေမေက လှမ်းမှာတယ်။ သမီး ရာဟုဂြိုလ်ထဲရောက်နေတယ်၊ အစစဂရုစိုက်နော်တဲ့။ ပြန်ဖြေဖြစ်တာက “ဟာ မေမေကလည်း စိတ်မပူပါနဲ့။ အဲဒီဟာတွေ သိပ်ပြီးအတွေးမနက်ပါနဲ့၊ သမီးပါ။ အားလုံးနဲ့ အဆင်ပြေအောင်နေတတ်ပါတယ်။ မေမေ စိတ်မပူပါနဲ့ ”လို့ ..။

ဟုတ်တယ်။ မေမေပြောသလိုပဲ ဒီလက ဘာတွေဖြစ်နေလဲ မသိဘူးရယ်။ ကြံဖန်ဖြစ်နေတာလေးတွေက တိုက်ဆိုင်စွာ ဒီလထဲမှာ အများကြီး။

ပထမက ကိုယ့်ပရော်ဖက်ဆာနဲ့ပါ။ ပြီးခဲ့တဲ့နှစ်ပတ်လောက်က ကိုယ် စက်ဘီး အက်စီးဒင့်ဖြစ်တယ်။နည်းနည်း ခါးကိုထိသွားတယ်။ ခါးနာလို့ ကျောင်းမသွားပဲ အိမ်မှာ စာကြည့်နေတုန်း ဆရာ့ဆီက မေးလ်ရောက်လာတယ်။ “မင်း အခုလို စာမကြည့်ပဲနေချင်တယ်ဆိုရင် ဘာလို့ အပင်ပန်းခံ မာစတာလာတက်နေတာလဲ”တဲ့။ တစ်ခါပဲ မတက်တာကို ဆူလိုက်တာ ဆိုပြီးငိုလိုက်ရတာ။ ငိုလို့မောသွားမှ ဆရာ့ဆီ အကျိုးအကြောင်း မေးလ်ပြန်မလို့လုပ်တော့ ဆရာဆီက မေးလ်တစောင် ထပ်ရောက်နေတယ်။ “..စံ၊ ဆောရီး မေးလ်မှားပို့တာပါ။ xxxစံကို ပို့တာတဲ့။ သေရော၊ ဆရာကလည်း မှားစရာလား။ ဒီမှာ မျက်ရည်တွေ တော်တော်ကုန်သွားပြီ။

နောက်ထပ်လွဲတာက မေးလ်ပဲ။ ဒီတခါ ကိုယ်ကမှားတာ။ တူမလေးဆီ စာပို့တာ စိတ်မြန်သူဆိုတော့ သူ့နာမည်ကXX aungဆိုတော့ address မှာ အေ“a”လို့ နှိပ်လိုက်ရင် “a”နဲ့စတဲ့နာမည်တွေက တန်းစီပေါ်လာနေကျ ဆိုတော့ သူ့နာမည်ကို နှိပ်ပြီး စာပို့လိုက်တာ အနှိပ်မှားပြီး တခြားတစ်ယောက်“a”နဲ့စတဲ့သူဆီရောက်သွားတယ်။ ဖော်ဝပ်ဒီမေးလ်ထဲက လိပ်စာတစ်ခုဖြစ်နေတော့ ကိုယ်က သူ့ကိုမသိဘူး။ သူ့ဆီက ကျေးဇူးတင်ကြောင်း၊ ဒါပေမဲ့ နားမလည်ကြောင်းစာလာမှ မှားမှန်းသိသွားတယ်။ အဲဒီတော့မှ ပျာပျာသလဲ သူ့ကို တောင်းပန်လိုက်ရတယ်။ သူက သဘောကောင်းသူမိုလို့ပေါ့။ မဟုတ်ရင် “အူကြောင်ကြောင် တစ်ယောက်ယောက် ဇာတ်လမ်းရှာတယ်”ဖြစ်ဦးမှာ။

နောက်တစ်ခုက ပိုဆိုးတယ်။ ဒီအလွဲက တော်တော် ခံစားလိုက်ရတယ်။ အခုsemesterစတက်ကတဲက အတန်းထဲမှာ ကိုယ့်ကိုလိုက်ကြည့်နေတဲ့ သူတစ်ယောက်ကရှိနေခဲ့တယ်။ နေဦး အထင်မလွဲနဲ့ဦး။ ကောင်မလေးပါ။ သူနဲ့ မေဂျာဘာသာ၃ခုက တူနေတော့ တပတ်ကို အနည်းဆုံး ၃ကြိမ် တွေ့ရတယ်။

သူက အမြဲတန်း ကိုယ်နဲ့ မျက်နှာချင်းဆိုင်လောက်မှာ ရွေးထိုင်တယ်။ ပြီးရင် စာသင်ချိန်မပြီးမချင်း ကိုယ်ကိုယ်ပဲ ချောင်းကြည့်နေတော့တာပဲ။ သူ့ကြည့်နေမှန်းသိလို့ ပြန်ကြည့်ရင် ဂျပန်တွေ ထုံးစံအတိုင်း ခေါင်းငုံပြီး မျက်လုံးချင်းမဆိုင်ဘူး၊ ကိုယ်မျက်လုံးလွဲတာနဲ့ ပြန်ကြည့်တော့ပဲ။ သူကြည့်တာကို အတန်းထဲက လူတိုင်းက သိတယ်။

လူတစ်ယောက်က ကိုယ်ကို အဲလို ဇိမ်ပြေနပြေ ထိုင်ကြည့်နေတာကို ခံရတာ တော်တော် အခံရခက်တာပဲ။ ကောင်လေးတွေ ကောင်မလေးတွေကို ကြည့်တဲ့အခါ ကြည့်တဲ့သူရင်ထဲ ဘယ်လိုနေမလဲတော့ မသိဘူး၊ မလွတ်တမ်းအကြည့်ခံရတဲ့သူတော့ တော်တော်စိတ်ညစ်စရာကောင်းမယ်။ အခုလည်း ကိုယ့်မှာ ငိုက်ချင်လည်းငိုက်လို့မရ၊ ကိုယ်လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေတာ ရေရေလည်လည် စိတ်ညစ်ဖို့ကောင်းတယ်။ တနေ့နေ့တော့ ပြောဦးမယ်လို့ စဉ်းစားနေတာ မပြောဖြစ်ခဲ့ဖူး။

ပြီးခဲ့တဲ့ တစ်ပတ်ကတော့ အတန်းအပြီးမှာ သူ့အပြန်ကို နောက်ကလိုက်သွားပြီး ကိုယ်မင်းနဲ့ ပြောစရာရှိလို့ အချိန်ရရင် နည်းနည်းလောက် တွေ့လို့ရမလားလို့ သွားပြောဖြစ်တယ်။ ပြောသာပြောရတာ ကိုယ်ကဘာဘယ်လို စပြောရမှန်း မသိတော့ မျက်နှာပူသား။ ကိုယ်ပြောစကားနားထောင်ပြီး သူက မျက်ရည်အ၀ိုင်းသားနဲ့ “ရပါတယ်၊ ငါလည်း ပြောစရာ ရှိပါတယ်”တဲ့။။ ကိုယ့်မျက်နှာလည်း အဲဒီတုန်းက နည်းနည်းလည်း တင်းနေခဲ့မယ်ထင်တာပဲ။

“အိုကေ”ဆိုပြီး ကျောင်းကင်တန်းကို သွားဖြစ်တယ်။ လမ်းတစ်လျှောက်ဘယ်လိုပြောရင်ကောင်းမလဲ စဉ်းစားသွားတာ မရဘူး။ ဖြစ်ချင်ရာဖြစ် တည့်တိုးမေးမယ်ပေါ့။ ကျောင်းကင်တင်းက ကော်ဖီဆိုင်ကို ထိုင်ဖြစ်တယ်။ သူကစပြီး

“xx စံ၊ ဆောရီးပါ။ ငါ့ကို စိတ်မဆိုးပါနဲ့။ ငါနင့်ကို ကြည့်နေရရင် စိတ်ချမ်းသာလို့ပါ။”
အင်း..သူစိတ်ချမ်းသာအောင်ကိုယ်ကစိတ်ညစ်ခံနေရတာကို...

“ ဆောရီး၊ ဒါပေမဲ့ ငါမကြိုက်ဘူး။ ပြီးတော့ မိန်းခလေးချင်း လာငေးနေတာ သိပ်တော့မဟုတ်သေးဘူး၊ ပြီး အပြတ်ပြောမယ်နော်၊ ငါအဲဒါတွေ ၀ါသနာမပါဘူး”
ဟုတ်တယ်လေ..ဘာတွေမှန်းမသိဘူး..

“အို..မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲလို မဟုတ်ပါဘူး အီး ဟီးဟီး”
သူငိုနေတာ အကြာကြီးပဲ မျက်နှာတွေ နီရဲလာတဲ့အထိပဲ၊ သနားဖို့တောင် ကောင်းလာပြီ။ ဘာလုပ်ရမှန်းမသိလို့ အနားမှာ ရှိတဲ့ တစ်သျှုးကို ယူပေးလိုက်တယ်။

“ရော့၊ သုတ်လိုက်ပါဦး။ အပြောအဆို မှားသွားရင် ဆောရီးပါ၊”
“ နင် မမှားပါဘူး၊ ငါမှားတာပါ။ ငါ့မှာ အရင်က သိပ်ချစ်ရတဲ့ ရည်းစားတစ်ယောက်ရှိတယ်။ ငါတို့နှစ်ယောက်က သိပ်ချစ်တာ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆လက သူ အက်ဆီးဒင့်နဲ့ ဆုံးသွားတယ်။ ငါလေ အရမ်းကို ကြေကွဲရတယ်။ င့ါကိုငါတောင် သတ်သေချင်တာ။ အဲဒီနေ့က ငါ နင့်ကို လမ်းမှာ စက်ဘီးနင်းသွားတာကို မြင်သွားတယ်။ နင် က သူနဲ့ အရမ်းတူတာပဲ၊ ပြုံးတာ ရယ်တာ အားလုံး သူနဲ့တူတယ်။ ထောင့်ထောင့်တောင့်တောင့် လမ်းလျှောက်တာလည်း တူတယ်။ နင်ကို မြင်လိုက်တဲ့အတွက် ငါ မသေဖြစ်တော့ဘူး။ နင်ကိုမြင်ရတိုင်း သူ့ကို မြင်နေရသလို ခံစားရလို့ပါ။ သူပြန်ရှင်လာသလိုပဲ ငါအရမ်းပျော်လို့ပါ။”

သြော် ဂလိုကိုး။ ကိုယ့်ရုပ်ကို သံသယတောင်ဖြစ်လာပြီ။ ကိုယ့်ရုပ်က မိန်းခလေးနဲ့ မတူလို့လား၊ သွားတဲ့လာတဲ့စတိုင်ကတော့ ဒေါင့်မကျိုးတာ ကိုယ့်ဘာကိုယ်သိတယ်။ ပြောတဲ့ဆိုတဲ့ ပုံစံကလည်း ဒီလိုပဲ ပြောတတ်တယ်။
“ သြော်.. အဲလိုလား။ ဒါပေမဲ့ အခု မင်းဟာက ဟုတ်တော့မဟုတ်သေးဘူး၊ ငါက ..” (ငါက မိန်းခလေးလေလို့ ဆက်ပြောမလို့ဟာ

“အိုး.. အဲလို ခေါင်းရမ်းပြီး ပြောပုံက သူနဲ့ အရမ်းတူတာပဲ”

“ဟားဟား၊ ရော ခက်ပြီ။ မဟုတ်သေးဘူးလေ ”

“သူက အဲလိုမျိုး ရယ်တတ်တာ၊ ငါအရမ်းချစ်တာပဲ”

ဒုက္ခပါပဲ၊ ကဲ ..လသာည ဘာဆက်လုပ်ရမလဲ..ဒါနဲ့ ရှင်းလိုက်တယ်၊ (ကော်ဖီဖိုး)။ သူက သူရှင်းပါမယ်လုပ်သေးတာ။ နေပါစေတော့ ကိုယ့်ကိုချစ်တယ်ပြောတာ မုန်းတယ်ပြောတာထက် စာရင် တော်ပါသေးတယ်လေ။

“ကဲ.. မင်းပြောစရာရှိတာ ကုန်ပြီမဟုတ်လား”
“ ငါ နင့်ကို ပြောစရာရှိပါသေးတယ်၊ ငါ နောက် semesterမှာ ဟီရိုရှီးမားကျောင်းကို ပြောင်းတက်မယ်။ ငါနင့်ကို အခုလို မတွေ့နိုင်တော့ဘူးလေ။ (ကောင်းတယ် ငါတော့ မင်းအကြည့်က လွတ်တော့မယ်)
နောက်ဆုံးအနေနဲ့ အကူအညီတစ်ခုတောင်းချင်လို့ နင်ပေးမှာလား”

“ပြောကြည့်လေ၊ ပေးနိုင်ရင်ပေးမယ်၊ မပေးနိုင်ရင်တော့ ငါက အားမနာတတ်ဘူး၊ မပေးနိုင်ဘူးလို့ပဲ ပြောရလိမ့်မယ်”

“ ရပါတယ်။ နင် လက်မခံနိုင်ရင် ငြင်းလို့ရပါတယ်။ ဟို..ငါ... နင့်ဓါတ်ပုံလေး လိုချင်တာ၊ ယူခွင့်ရမလားဟင်”

သြော်..လူအစား ဓါတ်ပုံက ၀ဋ်ခံရမယ်ထင်ပါတယ်။

ဒါနဲ့ ဒါလေးတော့ ခွင့်ပေးလိုက်ပါမယ်လေ သူစိတ်ချမ်းသာပါစေတော့လို့ ပေးမလို့ လုပ်ပြီးမှ အတွေးတမျိုးပြောင်းသွားတယ်။

“xxx စံရယ်၊ ငါ မင်းခံစားချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ ငါက မင်းရည်းစားအစစ်အမှန် မဟုတ်ဘူးလေ၊ ပြီးတော့ အချိန်တန်ရင် ငါလည်း ငါ့တိုင်းပြည်ပြန်ရမှာ။ မင်း ငါ့ကို ကြည့်ချင်တယ်၊ မြင်ချင်တယ်ဆိုတာက မင်းရည်းစားရဲ့ကိုယ်စားလေ၊ တကယ်ဆို အခု မင်းက အိမ်မက်ထဲမှာ လမ်းလျှောက်နေသလိုပဲ၊ အိမ်မက်ဆိုတာ နိုးသွားတဲ့အချိန် ပျက်ပြယ်သွားတာပဲ၊ ဒါကြောင့် မင်းအနေနဲ့ အစစ်အမှန်ဘ၀ထဲကို မင်းရောက်အောင်သွားဖို့လိုတယ်။

မင်းမှာ သူ့ရဲ့ဓါတ်ပုံတွေရှိဦးမှာပါ။ အဲဒီ ဓါတ်ပုံမှတဆင့် သူ့အတွက် မင်းတစ်ခုခု တောင်းဆုချွေပေးလိုက်ပါ။ ပြီးရင် နောင်..မင်းအရွယ်နဲ့ နောက်ထပ်ချစ်သူရှိလာနိုင်ဖို့ အခွင့်အရေးပေးလိုက်ပါ။ သေသွားရှာပြီ ဖြစ်တဲ့ ချစ်သူအတွက် ငါ့လိုဆင်တူသူတစ်ယောက်ကို ထပ်ရှာတာမျိုးနဲ့ ကိုယ်ကိုယ့်ကို မလှည့်စားစေချင်တော့ဘူး။ ငါပြောတာ မင်းနားလည်လားမသိဘူး”

သူ မျက်ရည်တွေနဲ့ ခေါင်းညိတ်ရှာပါတယ်။ ကိုယ်လည်းစိတ်မကောင်းဘူး။ ရင်ထဲမှာလည်း သူ့နောက်ဆုံး တောင်းဆိုချက်ကို မလိုက်လျှောမိလို့ မစာနာဖူးလို့များထင်သွားမလားလို့ လည်း စိုးရိမ်သွားခဲ့တယ်။ ဒါနဲ့ ...

“ ဒီလိုလုပ်ရအောင်၊ မင်းအချိန်ရရင် နောက်တနာရီလောက် မင်းနားမှာ ငါအတူနေပေးမယ်။ ဒီနားက လမ်းကလေးမှာ လမ်းလျှောက်ရင်း မင်းချစ်သူအကြောင်းပြောပြလေ၊ မင်းရင်ဖွင့်လိုက်လို့ ပေါ့သွားအောင်ပေါ့။ ငိုစရာရှိလည်း ပေါ့သွားအောင် ငိုလိုက်ပါ။ ရပါတယ်”

အဲဒီနေ့က သူနဲ့အတူ ၁နာရီခွဲလောက် လမ်းလျှောက်ဖြစ်တယ်။ (တခါတလေလည်း လမ်းဘေးက ခုံမှာနားတယ်။) သူက သူ့ချစ်သူအကြောင်း ပြောရင်း တခါတလေ ငိုလိုက်၊ တခါတလေ ရယ်လိုက်နဲ့ ရှိနေခဲ့တယ်။ သနားစရာတော်တော်ကောင်းပါတယ်။ ပြန်ခါနီးမှာတော့ သူမျက်နှာဟာ တော်တော်လေးကြည်လင်နေတာတွေ့ရတယ်။ ကိုယ်ထင်တာမမှားဘူးဆိုရင် သူရင်တွေ့ ပေါ့ပါးသွားတယ်ထင်ပါရဲ့။

ခွဲခွာခါနီး သူက...
“ကျေးဇူးတင်ပါတယ် xxစံ၇ယ်။ နင်ကလေ တအားသဘောကောင်းတာပဲ၊ နင့်ကို လူတိုင်းကချစ်မှာသိလား၊ (အပြင်မှာတော့ ဆန့်ကျင်ဖက်ပါ ;) ။ ငါလေ နင့်ကို ငါ့ချစ်သူအဖြစ်နဲ့တော့ မေ့နိုင်အောင်ကြိုးစားလိုက်ဦးမယ်၊ သူငယ်ချင်းအဖြစ်တော့ ငါ့ရင်ထဲမှာ ရှိနေမှာပါ၊ ငါသွားတော့မယ်၊ နင်..ကျန်းမာရေးဂရုစိုက်ပါ။ ဆာယိုနာရ”

“ဆာယိုနာရ.. xxစံ၊ မင်း အဆင်ပြေပါစေ”

အဲဒီနောက် သူ့ကိုမတွေ့ရတော့သလို အဆက်အသွယ်လည်း သူမလုပ်ခဲ့ပါဘူး။ အင်း..အလွဲတစ်ခုလည်း အခုတော့ ရှင်းသွားခဲ့ပြီထင်ပါတယ်။ တကယ်ဆို အပြင်က အဖြစ်အပျက်တွေက ရုပ်ရှင်ဇာတ်လမ်းထက်တောင် ဆန်းကြယ်နေပါလားလို့ တွေးရင်းးး။

မေမေပြောသလို ရာဟုဂြိုလ်ကြောင့်ဟုတ်မဟုတ်မသိပေမဲ့ အလွဲတွေကတော့ ရှိနေတာပါပဲ

Sunday, July 5, 2009

လသာညရဲ့ လသာည
















တို့ပြောတဲ့ လသာည ဆိုတာ လပြည့်ဖြစ်ချင်မှ ဖြစ်မှာပါ။ လဆန်းရက်ပဲဖြစ်ဖြစ်၊ လပြည့်ကျော်ရက်ပဲ ဖြစ်ဖြစ် တိမ်ကင်းစင်နေသ၍ သူရှိသမျှ မှိန်ပြပြအလင်းရောင်လေးကို ပေးနေနိုင်တဲ့ လမင်းသာတဲ့ညကို ဆိုလိုတာပါ။

လမင်းဘ၀က သူကိုယ်တိုင် အလင်းမပေးနိုင်ပါဘူး။ ဒါပေမဲ့သူရလာတဲ့ တဆင့်ခံ အလင်းကိုပဲ သူအားရှိသ၍ မျှဝေနေတဲ့သူလို့ ယူဆတယ်။ ဒီလိုမျှဝေနေရင်းတောင်မှ သူဘ၀မှာလည်း သဘာဝတရားကြီးရဲ့ အလိုကျ ဖြစ်တည်နေရတယ်။ လသာလိုက် လမိုက်လိုက် လကျက်လိုက် လိုက်နဲ့။ အဲဒါလမင်းရဲ့ လောကဓံတွေပေါ့။

တို့ကတော့ အဲဒီလမင်းလေးကို စောင့်ကြည့်ပြီး ဒီလိုပြောချင်တယ်။ လမပြည့်ချင်နေပါစေ။ လလေးသာနေရင် လရဲ့အေးမြမှုလေး ခံစားရလို့ အရမ်းကြည်နှုးမိလို့ပါ..။ ဟိုးအဝေးကြီးက လမင်းလေးကို ကြည့်မိတိုင်း ကြည်နှုးမှုအပြင် အလွမ်းဓါတ်ကိုပါ ခံစားရလို့ပါ..လို့ပေါ့။

တကယ်ပါ။ လသာညတိုင်းကို ချစ်တယ်။ ပြည့်ပြည့်ဝန်းဝန်းမရတောင် တစိတ်တပိုင်းပဲ ဖြစ်ဖြစ် သူအလင်းရောင်လေးကို တမ်းတတယ်။

ငယ်ငယ်ကဆို လသာသာမှာ သူငယ်ချင်းတွေနဲ့ ဆော့ကစားရတဲ့ အပျော်တွေကို ဘာနဲ့မှ မလဲနဲ့အောင်ပဲ။ သိပ်ပျော်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့ရဲ့အေးချမ်းမှုကို ခံစားဖို့ ကိုယ်မှာ အချိန်မရှိတော့ဘူး။ မြိုကြီးပြကြီးက လျှပ်စစ်မီးတွေထိန်နေတဲ့အချိန်မှာ၊ ပြတင်းပေါက်မှာ တိုက်မြင့်မြင့်ကြီးတွေ ကွယ်ထားတဲ့ အခန်းလေးကနေ အချိန်မရအောင် အလုပ်များနေတဲ့ ဒီလို ဘ၀ထဲကနေ လသာညကို ငေးခွင့် မရှိသလောက်ဖြစ်သွားပြီ။

ဖြစ်နိုင်ရင်တော့ လသာတဲ့ညလေးတွေမှာ ကော်ဖီသောက်ရင်း လမင်းလေးကို ငေးကြည့်ချင်တယ်။ လမင်းနားမှာ အဖော်လုပ်ပေးနေတဲ့ ကြယ်လေးတွေ ဘယ်လောက်ရှိလဲ ရေတွက်ရင်း လသာညရဲ့ အေးချမ်းမှုလေးကို ခံစားချင်သေးတယ်။

ပြီးရင် ကမ္ဘာကြီးရဲ့တနေရာရာမှာ ကိုယ်လိုပဲ လမင်းလေးကိုငေးရင်း လွမ်းနေမဲ့သူ ရှိမရှိလည်း စိတ်ကူးယဉ်ချင်သေးတာ။ ဘယ်လိုလူမျိုးများ ဖြစ်နေမလဲ၊ ဘာလူမျိုးဖြစ်မလဲ၊ ဘာအသားအရာင်ဖြစ်မလဲတော့ သိပ်မစဉ်းစားချင်ဘူး။

လရောင်အောက်မှာ လွမ်းတဲ့သူချင်းအတူတူ စိတ်ချင်းနီးစပ်တူတွေမိုလို့ပါ။

တခါလောက် ငေးခွင့်ရရင် နောက်ဘယ်တော့တွေ့ရမလဲ ကြိုမသိနိုင်တဲ့ ချစ်သူတစ်ယောက်ကို လွမ်းရသလိုပဲ၊ နောက်တခါ ကြုံရမဲ့ လသာညကို ကြိုလွမ်းနေတယ်။ အရမ်းလွမ်းတယ်။

လသာညရဲ့ လသာညလွမ်းချင်းပါ။

Saturday, May 2, 2009

ဘလော့ဂ်အကြောင်း

မနေ့က စာလေးတစ်ကြောင်းတင်လိုက်တာနဲ့ ဒီနေ့ တစ်ခ်ပေးတဲ့သူတွေ ရှိလာပြီ.ဟားဟားဟား။ အမြင်ကပ်ကပ်နှင့် အကုန်လုံးမှာ တစ်ခ်ပေးသွားတယ်ထင်ပါရဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။တော်တော်ချစ်ဖို့ကောင်းတာပဲ.။..

သြော် စကားမစပ် (တကယ်က တမင်တကာစကားစပ်ပြီးတော့) ကိုယ့်ဘလောဂ် အကြောင်း (ဟာသ?) ပြောရဦးမယ်။

ဘလော့စရေးတုန်းက ရည်ရွယ်ချက်က မြန်မာစာမရိုက်တတ်လို့ မြန်မာလို့ လက်ကွက်လေ့ကျင့်ရန် ဖြစ်ပါတယ်။ တော်တော် ကြီးမားတဲ့ ရည်ရွယ်ချက်ပါ။ မြန်မာပြည်ကို reportတင်တုန်းက မြန်မာလို ရိုက်တင်ရဖို့ ဖြစ်လာတယ်။ မရိုက်တတ်တော့ လက်ကွက်စာရွက်ကြီးကို ကြည့်ပြီး တစ်လုံးချင်းရိုက်ရတာကိုး။

ဒါနဲ့ပဲ တနေ့ကို နည်းနည်း နည်းနည်းမြန်မာလို့ လက်ကွက်လေ့ကျင့်တော့မယ်လို့ ဆုံးဖြတ်ပြီး စလုပ်ခဲ့တယ်.။ ဒါပေမဲ့ အဓိပ္ပါယ်မရှိ လျှောက်ရိုက်နေရတော့ ပျင်းလာတယ်။ အဓိပ္ပါယ်ရှိတာလေးတွေ ရေးဖို့ကြံတော့လည်း ကိုယ်ရေးတာလေး သူများကို ပြချင်လာပြန်ရော.။ဒါနဲ့ပဲ ဘလော့ စရေးဖြစ်သွားတာပါ။

ဘလော့ စလည်းရေးရော အမျိုးသားက ကန့်ကွက်တယ်။ စာတွေနဲ့ အချိန်မလောက်ရတဲ့ အထဲ ဘလော့ရေးရင် နားချိန်ရမှာ မဟုတ်ဘူး။ စာကြည့်လို့ သူကို ဂရုမစိုက်နိုင်တာ ခွင့်လွတ်ပေမဲ့၊ ဘလော့ရေးရင်တော့ ခွင့်မလွတ်ဘူး.လို့ ဆူပါတော့တယ်။ နောက်တစ်ခုက ဘလော့က အင်တာနက်မှာ လူတကာကြည့်တာ၊ တချို့က ပေါက်ကရတွေရေးတာ။ ရှုပ်ရှုပ်ရှပ်ရှပ်တွေမိုလို့ မရေးပါနဲ့လို့ပြောပါလေရော။

ဒါပေမဲ့ လုပ်ချင်ရင် ဇွတ်လုပ်တတ်တဲ့ အကျင့်ကြောင့် ဂတိ သုံးခုပေးပြီးစခဲ့ပါတယ်။ သူရှိနေချိန် ဘလော့မရေးဘူး (စာကြည့်တယ်၊ သူမရှိမှ ဘလော့ရေးတယ်. :P) ဆိုတာရယ်။ ပေါက်ကရ ရေးမယ့်သူမရှိအောင် ကိုယ့်သူငယ်ချင်းလေးတွေ ကိုပဲ ဖိတ်မယ် ဆိုတာရယ်၊ ကိုယ့်အကြောင်းထက် စာအကြောင်း၊ ဗဟုသုတ ရစရာလေးတွေပဲ ရေးမယ်ဆိုတာကို ပါ ဂတိပြုခဲ့ရပါတယ်။

အဲဒီနောက်တော့ ကိုယ်ဘလော့ရဲ့ ပထမဆုံး စာဖတ်ပရိတ်သတ်က သူဖြစ်လာပါတယ်။။ စည်းရုံးရေးကောင်းတယ်မို့လား၊ :D (အခုသူနဲ့က တနေရာဆီဖြစ်နေပြီး သူ့ခင်မျာ အင်တာနက်သုံးချိန်မရတော့ မအားပေးနိုင်ရှာဘူး၊ အားအပေးဆုံး စာဖတ်ပရိတ်သတ်တစ်ယောက် ရော့သွေားတာပေါ့။ :( )

နောက်တော့ သူငယ်ချင်းနှစ်ယောက်ကို လင့်ခ်ပေးခဲ့တယ်။ ငါရေးထားတာလေးတွေ ဖတ်ကြည့်ပါဦးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါ။ တစ်ယောက်က ချက်ချင်းလက်ခံခဲ့တယ်။နောက်လည်း ကိုယ်ရေးတဲ့ ပို့စ်တွေကို e-mail နှင့် forwarding လုပ်ပေးပါတယ်..။ သူကျေးဇူးကြောင့် ကိုယ်စာရေးတော်တာ သူများတွေသိခွင့်ရသွားတာပါ။ (တော်သလားလို့ပါ:D) ကျေးဇူးပါ သူငယ်ချင်း..။

နောက် တစ်ယောက်ကတော့ ”လသာည”ဆိုတာ ဘူသူလဲ ဆိုပြီး ချက်ချင်းလက်မခံဘူးရယ်။ ဒါပေမဲ့ ကိုယ်မှန်းသိတော့ လက်ခံခဲ့ပါတယ်.။ နားငြီးလို့ထင်ပါရဲ့၊ ဟားဟား။ ဒီဘလော့ရဲ့ ဒီဇိုင်းတော်တော်များများက သူကျေးဇူးပါ။ သူက ဘလော့လုပ်နည်း အဖိုးတန် လင်ခ်တွေ သူရှာပေးတာပါ။ ကျေးဇူးပါ ညီမလေး..။ (သူပေးသမျှ ကိုယ်ကလိုက်မလုပ်နိုင်တော့ ဘလော့ဒီဇိုင်းက ဒီအတိုင်း အရိုးကျဲကျဲ နဲ့ ကဗျာမဆန်လှပါဘူး၊ ဒါကတော့ ကိုယ်ညံ့တာပါ...။ )

နောက်တယောက် ..ဘလော့ရေးတော့ သူသိမှာ တော်တော်စိုးရိမ်ခဲ့တာ၊ ဒါတောင် သူက သိဖြစ်အောင်သိသွားတယ်.။ ကြောက်တာက တခြားမဟုတ်ဘူး။ သူက အရယ်သန်လို့။ ကိုယ်ဘာလုပ်လုပ် ရယ်တော့တာပဲ..။ ဥပမာလသာည တဲ့ ဟားဟားဟား ဆိုတာမျိုး ပေါ့။ ရယ်တယ်.ရယ်တယ်.သူကို ဒီဘလော့ရဲ့ အရယ်တော်(အ၀ယ်တော်မဟုတ်ဘူး) အဖြစ် ခန့်ထားရတယ်..။ ဒါပေမဲ့ သူမရှိရင်လည်း ပွဲမစည်ဘူးဆိုတော့လည်း သူရယ်တာကို လက်ခံနေရတာပေါလေ။ သူက ရယ်ချင်ရယ်၊ မရယ်ချင်ငိုတဲ့သူပါ။ အင်း..ငိုတာထက်စာရင် ရယ်တာက တော်သေးတာပေါ့နော့။။ သူက ဒီဘလော့ရဲ့ မြန်မာစာဆရာမပါ.။ လသာည..ဘာဖြစ်လို့ “ဘူး”ကို “ဖူး”လို့ ရေးတာလဲဆိုလို့ အမြန်ဆုံး ပြန်ပြင်နိုင်ခဲ့ရတာ သူကျေးဇူးပါ။

အဲဒီနောက် သူငယ်ချင်း၃ယောက်ကို ထပ်ဖိတ်တယ်။ မိဆိုးလေး က ချက်ချင်း လာလည်သွားတယ်.။ တော်တော်ချစ်ဖို့ကောင်းပါတယ်။ နေ့တိုင်းလာသလို လာတိုင်းနှုတ်ဆက်တယ်။ ပျင်းပြီး အထီးကျန်သလိုဖြစ်နေပေမဲ့ c-boxထဲက စာတွေဖတ်ပြီး ကိုယ်အိမ်ကို အလည်လာပြောနေသလို ခံစားရတယ်.။ အိစံကိုရောပါ..တကယ် ကျေးဇူးတင်တယ်။ (နောက် c-boxမရေးပေမဲ့ လာလည်တဲ့ သူငယ်ချင်း အကုန်လုံးကို ကျေးဇူးတင်ပါတယ်။)

ကိုယ်က ဘလော့ကို စဖွင့် ပြီဆိုရင် ကိုယ်စာလေးတွေ ကိုယ်သူငယ်ချင်းတွေ လာဖတ်ရဲ့လားသိချင်တော့ လူဘယ်နှစ်ယောက်လာလဲဆိုတာ စစ်ရတာ အမော၊ ဘယ်သူလာတယ်ဆိုတာ မသိရပေမဲ့ လာတဲ့အကြိမ်တော့ မြင်ရတယ်လေ။ အရေအတွက်များတော့ သူငယ်ချင်းတွေ တော်တော်လာတာပဲလို့ ၀မ်းသာမလို့ ရှိတုန်း၊ တစ်ယောက်က ပြောတယ်၊ ဘလော့လာတဲ့အရေအတွက်များရတာ သူက အကြိမ်ကြိမ် ဖွင့်လိုက်ပိတ်လိုက်လုပ်နေလို့ပါ...တဲ..:D။

မသိဘူးလေ၊ ကိုယ်ရေးတာလေးတွေ တော်တော်ဆွဲဆောင်မှုရှိနေလို့ လူတော်တော်များများလာနေသလားရယ် လို့ ကိုယ်ကိုကိုယ် အထင်ကြီးသွားမိလို့ပါဟားဟား။ အင်း..သူကိုယ်တိုင်ကလည်း ကိုယ်ကို ခင်လို့တာ လာရတယ် ရေးတဲ့ဘလော့အကြောင်းကိုက သိပ်စိတ်ဝင်စားပုံ မပေါ်ဘူးရယ်။ c-boxမှာ အရုပ်နဲ့ ဆော့ပြီး ပြန်ရော။ တော်တော်အားပေးတယ်။

ရပါတယ်၊ရှိပါစေတော့.။ ဘယ်လိုပဲဖြစ်ဖြစ် လာနေတာကိုပဲ ကျေးဇူးတင်လှပါပြီ။ ( တဆင့်တက်ပြီး request -ကလေးက) ဖြစ်နိုင်ရင် လာလည်ကြောင်းနှုတ်ဆက်သွားပါနော်.။ ဒါမှမဟုတ်ကွန်မန့်ရေးပေးချင်မဲ့ နာမည်ရေးရမှာ ရှက်ရင် ပို့စ်အောက်မှာ anonymous နဲ့ ရေးနော်။ ဒါမှမဟုတ် reactionအကွက်လေးထဲမှာ တစ်ခ် လုပ်ပေးလည်းရတယ်။ (နည်းနည်းလူလည်ကျပြီး ကောင်းတာချည်းပဲရေးထားတယ်။ ခွင့်လွတ်..)
(reactionအကွက်လေးကို ပြန်ဖြုတ်လိုက်တယ်။ မအားတဲ့သူတွေကို အားနာလို့းဝ)

ဒီစာလေးတင်တာ အကြောင်းရှိပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ psy testလေးတွေရလို့ ဘာသာပြန်ပြီး အတူတူ စမ်းလုပ်ကြည့်ချင်စိတ်ပေါက်နေလို့ပါ။ ဒါနဲ့ ကိုယ်ဘလော့ကို လူဘယ်နှစ်ယောက်လာသလဲ၊ psyအကြောင်း စိတ်ဝင်စားရဲ့လား သိချင်တာနှင့် ရေးလိုက်တာပါ..။ တလွဲမတွေးပါနဲ့. :D ...။

အဲဒီpsy testကဂျပန်လို ရေးထားတာပါ။ စာလေးတွေက တော်တော်ကိုကောင်းတယ်။ အခုနည်းနည်း ဖတ်ထားလိုက်ရင် နောင်ဆို သူငယ်ချင်းတွေကို ဗေဒင်လိုလို အကြားအမြင်လိုလို ဟောစားလို့ရတယ်ရော။ ဒါက incentiveပေးတာပါ။ :D

ဂျပန်လိုကနေ ဘာသာပြန်ရမှာဆိုတော့ တပတ်တစ်ခုလောက်ပဲ ရေးဖြစ်မယ်ထင်တယ်။ သူငယ်ချင်းအားလုံး မအားတဲ့ကြားထဲက အချိန်ပေးပြီး လာတာ တကယ်ကို (တကယ့်ကို) ကျေးဇူးတင်ပါတယ်။

လသာည ဖြစ်ပါသည်.။