Showing posts with label စိတ်ပညာ. Show all posts
Showing posts with label စိတ်ပညာ. Show all posts

Sunday, January 12, 2014

မတူကွဲပြား ခြားနားချက်များ

ကျွန်မ့သူငယ်ချင်းတွေက လသာညရယ်.. ဒါတွေထပ်နေပြီလေလို့ ပြောလည်း ခံရမှာပါး)) ဒါပေမယ့် ကျွန်မအတွက်တော့ လေ့လာလို့ကို မကုန်သေးဘူးရယ်။ ဟုတ်တယ်လေ.. သဘာဝလူ့လောကကြီးထဲမှာ ၂မျိုးထဲသာ ရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ကွာခြားချက်တွေကို ရှေးယခင်ကစပြီး ယခုအထိ အများကြီး စိတ်ဝင်တစား လေ့လာကြ ၊ သုတေသနလုပ်ကြဆိုတော့ လသာညလည်း လေ့လာလို့ မဆုံးနိုင်ပေါ့။

ခန္ဓာကိုယ် ကွာခြားတာတော့ လူတိုင်း သိပြီးသား.ပါ.။ ဒါပေမယ့် အဲဒီလိုကွာခြားချက်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ပိုင်းဆိုင်ရာ ကွဲပြားရတာတွေကို ရှေးက လူတွေ သိပ်မသိခဲ့ဘူး။ အမျိုးသား အမျိုးသမီး တန်းတူအခွင့်အရေးရလိုမှု ဆိုတာတွေ ရှိသလို၊ အမျိုးသားများက အားကြီးသူမို့ အားနွဲ့သူ အမျိုးသမီးများကို ငဲ့ညှာပါလို့ တောင်းဆိုမှုတွေလည်း ရှိတယ်။

ဒီအတွက် အခွင့်အရေးတူသင့်တဲ့နေရာမှာ တူပေးပါဆိုတော့ မတူတဲ့အချက်တွေ ထောက်ပြလို့ ပြဿနာတွေဖြစ်ရတယ်။ ဒီလိုနဲ့ ငဲ့ညှာပေးဖို့ တောင်းဆိုတော့လည်း တဖက်သတ် အနိုင်ကျင့်ဖိနှိပ်မှုတွေ ဖြစ်ရပြန်တယ်။ ဒီမတူကွဲပြားမှုတွေ အကြောင်းနဲ့ ပတ်သက်ပြီး ပညာရှင်တွေကလည်း ကြိုးစားလေ့လာ သုတေသနပြုခဲ့ကြတယ်။ (အခုလည်း လေ့လာနေဆဲပါပဲ..။) အဲ့ဒီအထဲမှာ စိတ်ပညာရှင်တွေလည်း ပါပါတယ်။

စိတ်ပညာရှင်တွေ လေ့လာတာကတော့ အမျိုးသားနဲ့ အမျိုးသမီး ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ မတူတာကြောင့် စွမ်းရည်တွေ မတူကွဲပြားရပုံတွေအပြင် စိတ်ပိုင်းဆိုင်ရာတွေ ကွဲပြားရပုံတွေကို အဓိကထား လေ့လာကြပါတယ်။ ဒါတွေကို နားလည်ထားခြင်းအားဖြင့် ကိုယ်နဲ့ (လိင်)အမျိုးအစား မတူတဲ့ ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ့်ရည်းစား၊ ကိုယ့်အိမ်ထောင်ဖက် စသည်တို့ကို နားလည်ပေးနိုင်လာမယ်လို့ ယုံကြည်မိတယ်။

အခုလည်း ပညာရှင် Amber Hensleyက စုစည်းတင်ပြထားတဲ့ မိန်းမနဲ့ ယောက်ျားရဲ့ မတူတဲ့ ဦးနှောက်စွမ်းရည်တွေအကြောင်း ယေဘုယျအချက်ကြီး ၁၀ချက်က တော်တော်စိတ်ဝင်စားစရာ ကောင်းတာမို့ မျှဝေပေးလိုက်ပါတယ်။

မှတ်စုကို ပြန်မျှတာမို့ စာသားနည်းနည်းဆန်ရင် ခွင့်လွှတ်ပါနော်.. ။

၁။ နာကျင်မှု

နာကျင်ခံစားမှုနဲ့ ပတ်သက်ပြီးလည်း အမျိုးသမီးနဲ့ အမျိုးသားကွဲပြားပါတယ်။ လေ့လာချက်တွေအရ နာကျင်မှုခံစားချက်တွေ လျော့နည်းစေဖို့အတွက် အမျိုးသမီးများဟာ အမျိုးသားများထက် မော်ဖင်းဓါတ် (morphine) ပိုလိုအပ်တယ်လို့ တွေ့ရပါတယ်။ နာကျင်နေစဉ် ဖြစ်တည်တဲ့ ဦးနှောက်ရဲ့လှုပ်ရှားမှုအပိုင်းကို amygdalaလို့ ခေါ်ပါတယ်။

ပုံမှာ တွေ့တဲ့အတိုင်း အမျိုးသားများထက် အမျိုးသမီးများက amygdala အပိုင်းပိုများတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးများက နာကျင်မှုကို ပိုခံစားရကြတာ ဖြစ်ပါတယ်။ (ပုံကို ဒီနေရာက ယူပါတယ်)

၂။ ဦးနှောက်ခြမ်းအလုပ်လုပ်ပုံ ကွဲပြားခြင်း


အမျိုးသမီးများက ဦးနှောက်ရဲ့ လက်ဝဲဘက်ခြမ်းရော၊ လက်ယာဘက်ခြမ်းရော အလုပ်လုပ်ပေမယ့် အမျိုးသားများဟာ လက်ဝဲဘက် ဦးနှောက်ခြမ်းက ပိုအလုပ်လုပ်သူများဖြစ်ပါတယ်။ ဒါကြောင့် ပြဿနာ ဖြေရှင်းပုံ မတူတာဖြစ်ပါတယ်။ (ဒါကတော့ အရင်က (ဒီနေရာမှာ အကျယ်)ရေးပြီးသားမို့ ထပ်မရေးတော့ဘူးရယ်)

၃။ ဦးနှောက်ရဲ့ အရွယ်အစား.

အမျိုးသားဦးနှောက်က အမျိုးသမီးဦးနှောက်ထက် ၁၁-၁၂% ပိုကြီးပါတယ်။ ဦးနှောက်အတွင်း ဆဲလ်ကလည်း ၄%ပိုများပြီး ဦးနှောက်တစ်သျှူး ၁၀၀ ဂရမ်ခန့် ပိုများပါတယ်။ အရွယ်အစားကြီးခြင်းဟာ ဥာဏ်ရည်ကိုတော့ ထူးပြီး အကျိုးမသက်ရောက်စေပါဘူးတဲ့.. (အဟိ စကားနိုင်လုလိုသူများး)) ။ အမျိုးသားတွေဟာ ကြွက်သားပမာဏပိုများရခြင်း၊ ခန္ဓာကိုယ်ပို ကြီးထွားခြင်းကြောင့် neuronတွေကို ပိုထိန်းချူပ်ဖို့ လိုအပ်ခြင်းကြောင့်သာ ဦးနှောက်အရွယ်အစားပို ကြီးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အသေးစိတ်ဖတ်လို့ ရပါတယ်။

၎။ သချာင်္စွမ်းရည် နှင့် ဘာသာစကား


ဦးနှောက်ရဲ့ (inferior-parietal lobule (IPL))ဟာ အမျိုးသားများက အမျိုးသမီးများထက် ၁၀ရာခိုင်နှုန်းကျော်ကျော် ကြီးပါတယ်။ အတိအကျပြောရရင် လက်ဝဲဘက်ခြမ်းပဲ ဖြစ်ပါတယ်။ အဲဒီအခြမ်းဟာ သချာင်္စွမ်းရည်ကို ထိန်းချုပ်တဲ့အပိုင်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာ တစ်ခုကို ပြောပြရရင် ပညာရှင်ကြီး အိုင်စတိုင်းရဲ့ IPLဟာ ပုံမှန်ထက် အများကြီးကြီးမားတယ်လို့ ဆိုကြပါတယ်။ အမျိုးသမီးများကတော့ အမျိုးသားများထက် လက်ယာဘက်ခြမ်းပိုပါတဲ့အတွက်အသေးစိတ် အာရုံခံစားချက်များကို ပိုသိစေပါတယ်။ ဥပမာ.. ညလည်ခေါင် ကလေးငိုသံ သဲ့သဲ့ကအစ ကြားနိုင်တာမျိုးဖြစ်ပါတယ်။

ဘာသာစကားနဲ့ ပတ်သက်ရင် လုပ်ဆောင်နိုင်စွမ်းဟာ အမျိုးသမီးများမှာ အားသာပါတယ်။ စကားပရိယာယ် ကြွယ်ဝပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသားများမှ လက်ဝဲဦးနှောက်တခြမ်းပဲ အလုပ်လုပ်နေတဲ့ အတွက် ဘာသာစကားပြောနိုင်တဲ့ အပိုင်းအားနည်းနေပြီး အမျိုးသမီးများကတော့ လက်ဝဲရော လက်ယာရော နှစ်ခြမ်းရှိတဲ့အတွက် စကားပရိယာယ်ကြွယ်ဝနေစေတာ ဖြစ်ပါတယ်။ အသေးစိတ်သိချင်ရင် ဒီနေရာကို ညွှန်းပါတယ်။

၅။ အများနဲ့ ပေါင်းသင်းဆက်ဆံရေး


သာမန်အားဖြင့် အမျိုးသမီးများဟာ အမျိုးသားများထက် ပေါင်းသင်းဆက်ဆံရေးကောင်းပါတယ်။ အုပ်စုနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုကို စကားပရိယာယ်နဲ့ ဖြေရှင်းတတ်တယ်။ စကားလုံးမဲ့ အမူအရာတွေ၊ စကားသံအနိမ့်အမြင့်တွေ၊ မျက်ရိပ်မျက်ကဲဖြင့် ခံစားနားလည်မှု၊ စာနာ နားလည်ပေးမှုတွေ စသည်တို့ကို လုပ်နိုင်တယ်။

ဒီအချိန်မှာ အမျိုးသားများကတော့ ပေါ်လာတဲ့ ပြဿနာပဲဖြစ်ဖြစ် ထိပ်တိုက်ရင်ဆိုင်ဖို့ပဲ တွေးချင်တယ်။ ဓါးချင်းသာ ယှဉ်ပစ်လိုက်ချင်တယ်၊ စကားအကျယ်ချဲ သိပ်မပြောချင်ဘူး။ စိတ်ကူးရရင် ချက်ချင်း လက်တွေ့အကောင်အထည် ဖော်လိုက်ချင်တယ်။ စကားလည်း ပုံမှန်အားဖြင့်နည်းတယ်။ အုပ်စုနဲ့ အမြဲတရုန်းရုန်း နေလိုစိတ် သိပ်မရှိဘူး..။ ဒါကြောင့် ယောက်ျားအချင်းချင်း မိန်းမအချင်းချင်း ခင်မင်မိတ်ဖွဲ့ပုံက ဘယ်လိုမှ မတူနိုင်ဘူး။

၆။ စိတ်တင်းအား (stress)ကို တုန့်ပြန်ပုံ

စိတ်ဖိအား၊ တင်းအားတွေများလာရင် အမျိုးသားများက အခြေအနေတစ်ခုကို "fight or flight" နဲ့ တုန့်ပြန်ပါတယ်။ အမျိုးသမီးများကတော့ ၎င်းအခြေအနေကို ချဉ်းကပ်ပြီး ကြင်နာစွာ ဖြေရှင်းဖို့၊ ရင်းနှီးစွာ ဆက်ဆံပေးဖို့ ကြိုးစားတယ်လို့ ဆိုပါတယ်။ စိတ်ပညာရှင် Shelley E. Taylorက အဲဒါကို tend and befriend"လို့ ခေါ်ပါတယ်။ မိမိကိုယ်တိုင်နဲ့ မိမိသားသမီးများကို ကြင်နာစွာဆက်ဆံပေးခြင်း၊ မိမိ၏ အပေါင်းအသင်းများကို ရင်းနှီးစွာ ဆက်ဆံလိုက်ခြင်းစသည်တို့ဖြင့် မိမိ စိတ်ဖိအားတင်းကျပ်မှုကို ဖြေရှင်းကြတယ်လို့ ဆိုပါတယ်။

၇။ oxytocin ဟိုမုန်း ထုတ်လွှင်မှု အနည်းအများ ကွဲပြားမှု

ဒီလို အမျိုးသားနဲ့ အမျိုးသမီးကွဲပြားတဲ့ ပြုမှုပုံဟာ ဟိုမုန်းပေါ်မှာလည်း အခြေခံပါတယ်။ လူတိုင်းလူတိုင်းမှာ stress ရှိချိန်မှာ oxytocinဆိုတဲ့ ဟိုမုန်းကို ထုတ်လွှင့်ပါတယ်။ အမျိုးသမီးများမှာ တွေ့ရတဲ့ estrogen ဟိုမုန်းဟာ oxytocinကို ပိုများစေပြီး သူ့ရလာဒ်က စိတ်ကို တည်ငြိမ်စေတယ်။ မိခင်စိတ်ကို ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။ အမျိုးသားများမှာ တွေ့ရတဲ့ testosterone ကတော့ stress များချိန်မှာ အများဆုံးထုတ်လွှင့်တတ်ပြီး oxytocin ဟိုမုန်းအားကို လျော့ကျစေပါတယ်။ တည်ငြိမ်ခြင်း ကို အားမပေးနိုင်တော့ပါ။ ဒါကြောင့်လည်း အမျိုးသားများ စိတ်ဖိအားခံရလွန်းရင် မြန်မြန်ဆန်ဆန် ပေါက်ကွဲလွယ်တတ်တာပဲ ဖြစ်ပါတယ်။ (အသေးစိတ်သိလိုလျှင် ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ်။)

၈။ ဦးနှောက်ကြီးရဲ့ အတွင်းပိုင်း ကွဲပြားမှုကြောင့် စိတ်လှုပ်ရှားမှုကွဲပြားခြင်း

ဦးနှောက်ကြီးရဲ့ အတွင်းပိုင်းမှာ limbic systemဆိုတာ ပုံမှာ မြင်ရတာကို ခေါ်တာပါ။

ယေဘုယျအားဖြင့် အမျိုးသမီးများမှာ limbic system ပိုနက်ရှိုင်းပါတယ်။ ဒါကြောင့် စိတ်လှုပ်ရှားလွယ်သလို၊ ခံစားရတာကိုလည်း ဖော်ပြနိုင်စွမ်းပိုရှိတယ်။ ဒီစွမ်းရည်ကြောင့်လည်း ကလေးငယ်အတွက် ပြုစုစောင့်ရှောက်ရာမှာ ကလေးရဲ့ ခံစားချက်ကို လက်ခံနားလည်ပေးနိုင်စွမ်း ပိုရှိတာဖြစ်ပါတယ်။ ကြီးမားပြီး နက်ရှိုင်းတဲ့ limbic systemကြောင့် ကလေးကိုယ်ဝန်ရှိနေစဉ်၊ ကလေးကိုယ်ဝန်မွေးဖွားပြီးချိန် (နောက်ပြီး လစဉ် ရာသီလာချိန်)တွေမှာ depression ၀င်စေတာလည်း ဖြစ်ပါတယ်။

၉။ အမြင်ဖြင့်ဆုံးဖြတ်နိုင်သောစွမ်းရည် (spatial ability)

အမျိုးသားများဟာ အမျိုးသမီးများထက် အထက်ပါစွမ်းရည်ကောင်းပါတယ်။ spatial IQ လို့လည်း ခေါ်တယ်။ အမြင်ဖြင့် ဆုံးဖြတ်နိုင်သောစွမ်းရည်ဆိုတာ မိမိမြင်ရသော ပုံများ အရာဝတ္တုများကို ထောင့်အမျိုးမျိုးမှ အမြင်အမျိုးမျိုးကို (အတွေးဖြင့်) လှည့်၍ မြင်နိုင်စွမ်း၊ ပိုသေချာအောင် ဖြည့်စွက်ပြောရရင် 3 D ၊2D စတဲ့ အမြင်တွေနဲ့ ထောင့်စုံ မြင်နိုင်စွမ်းကို ဆိုပါတယ်။ ဒီစွမ်းရည်မြင့်သူများဟာ လမ်းမြေပုံတွေကို အလွယ်မှတ်မိတယ်။ (အရင်က မြေပုံမကြည့်တတ်သော မိန်းမဆိုပြီး (ဒီနေရာမှာ) ပိုစ်ရေးခဲ့ဖူးသေးတယ်)။ လေ့လာချက်များအရ ဒီစွမ်းရည်ဟာ ကလေး ၅ လကစပြီး မြင်သာလာတယ်လို့ ဆိုပြီး ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအများကြီး ရှိတယ်လို့ ဆိုပါတယ်.. (စကားမစပ်.. လသာညရဲ့ Thesis က ဒီစွမ်းရည်နဲ့ ပတ်သက်နေတယ်။ ဒါကြောင့် တိုက်ဆိုင်တဲ့အခါ သူငယ်ချင်းတွေကို ဒီစွမ်း၇ည်နဲ့ ပတ်သက်တဲ့ IQ မေးခွန်းလွှာလေးတွေ မေးချင်သေးတယ်၊ ဖြေကြည့်မလားဟင်း))

၁၀။ စိတ်ကစင့်ကလျားဖြစ်မှုအလားအလာ ကွဲပြားခြင်း

ဦးနှောက်လုပ်ငန်းစဉ်တွေ၊ ဖွဲ့စည်းပုံတွေ မတူတာကြောင့် စိတ်ဓါတ်ကျခြင်း၊ စိတ်ပူပန်မှုများခြင်းတို့ကြောင့် ဖြစ်တတ်တဲ့ စိတ်ကစင့်ကလျားဖြစ်မှု အခြေအနေလည်း မတူပါဘူး..။ စိတ်ကစင့်ကလျားဖြစ်တဲ့အခါ အမျိုးသားများဟာ ဘာသာစကားဆိုင်ရာ ပြဿနာတွေ ( နှုတ်ထစ်၊ ဆွံအသွားတာမျိုး) ပို ဖြစ်တတ်ပြီး အမျိုးသမီးများကတော့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို ဖန်တီးတည်ဆောက်ပြီး တစ်ယောက်တည်း စကားပြောနေတတ်တာမျိုး အဖြစ်များပါတယ်။ ဒီထက်ပိုဆိုးရင် ဖြစ်နိုင်တဲ့ စိတ်ရောဂါတွေအကြောင်းတော့ လသာည အသေးစိတ်မသိတာမို့ မရှင်းတော့ပါ။ ဆက်လက်ဖတ်ရှုလိုသူများ ဒီနေရာက စာအုပ်ကို ဖတ်ဖို့ ညွှန်းဆိုပါရစေ..။

ဟိဟိ.. ကဲ .. ဖတ်ရတာ ပျင်းသွားပြီလား.. ။ အပျင်းကို မျှဝေခံစားပေးသွားတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။
လသာည ဖြစ်ပါတယ်..။

Reference :
http://www.mastersofhealthcare.com/
http://en.wikipedia.org/
http://www.ncbi.nlm.nih.gov/
မှတ်ဥာဏ်အကြောင်း

Friday, July 27, 2012

ယုံကြည်ချက်မှ တဆင့်


Pygmalionဆိုတဲ့ ဝေါဟာရကတော့ ဂရိစကားဖြစ်ပါတယ်။ ပုံပြင်လေးတစ်ခုမှ စတယ်။ ပုံပြင်အရ ဘယ်မိန်းမကိုမှ စိတ်မ၀င်စားတဲ့ ပန်းပုသမားလေး Pygmalion ဟာ သူကိုယ်တိုင် ထုစစ်ထားတဲ့ ရုပ်ထုလေးအပေါ်မှာ မေတ္တာသက်ဝင်မိသွားခဲ့တယ်။ နေ့စဉ်နဲ့အမျှ စွဲလန်းတမ်းတနေတဲ့ သူရဲ့စွဲလန်းယုံကြည်မှုအပေါ် ဘုရားသခင်က ဂရုဏာသက်သွားတဲ့အတွက် နောက်ဆုံးမှာ သူရဲ့ရုပ်ထုကို လူဘ၀အသက်သွင်းပေးလိုက်ခြင်းဖြင့် ပျော်ရွှင်စွာ ဇာတ်ပေါင်းသွားလေသတည်းပေါ့။

ဂရိပုံပြင်ထဲမှ Pygmalion ပန်းပုသမားနာမည်ကိုယူပြီး စိတ်ပညာဗေဒမှာ Pygmalion effectsလို့ဆိုတဲ့ ဝေါဟာရကို စတင်သုံးစွဲခဲ့သူက အမေရိကန် စိတ်ပညာရှင်Mr.Robert Rosenthal ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ တစ်စုံတစ်ယောက် အပေါ်ထားတဲ့ မင်းရဲ့ ယုံကြည်ချက်ဟာ အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်စေပါတယ်။ ၎င်း ကို စိတ်ပညာအခေါ်နဲ့ Pygmalion effectsလို့ ခေါ်တယ်။စိတ်ပညာရှင် Mr.Robert လုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ကျောင်းတစ်ကျောင်းမှာ စာမေးပွဲတစ်ခုစစ်လိုက်တယ်။ မစစ်ခင် တပတ်လောက်မှာ တချို့ကျောင်းသားတွေကို တွေ့ဆုံပြီး ဒီလိုပြောလိုက်တယ်။

“ကလေးတို့။ မင်းတို့ကို အသိပေးစရာရှိတယ်။ ဦးက (Researcher Mr. Robertက) ဒီစာမေးပွဲကို ဘယ်သူတွေ ဖြေဆိုနိုင်မယ်လို့ ထင်ပါသလဲလို့ မင်းတို့ အတန်းပိုင်ဆရာကို မေးတော့ မင်းတို့ဆရာက ဒီစာမေးပွဲကို သေချာပေါက် အမှတ်ကောင်းကောင်းနဲ့ ဖြေဆိုနိုင်မယ်သူဟာ မင်းတို့ပါ .. လို့ ပြောပြတယ်။ မင်းတိုလို ကလေးတွေရှိတဲ့အတွက် မင်းတို့ ဆရာကတော့ ဂုဏ်ယူလို့ မဆုံးအောင်ပါပဲကွာ။ ကဲ..ကဲ ကြိုးစားဖြေကြနော်။ ”

တကယ်တော့ အတန်းပိုင်ဆရာကို ဘာမှ မေးထားတာမဟုတ်ခဲ့ပါဘူး။ စာမေးပွဲက နည်းနည်းခက်လို့ စာမေးပွဲ ဖြေချင်အောင် စိတ်ပညာရှင်က အကွက်ဆင်လိုက်တဲ့ စကားလုံးလေးတွေပါ။

ဒီနောက် စာမေးပွဲကို ဖြေဆိုပြီးဆုံးပြီး ရလာဒ်တွေကို အမှတ်စစ်ခဲ့တယ်။
ခေါ်တွေ့တဲ့ ကျောင်းသားတွေနဲ့ ခေါ်မတွေ့တဲ့ ကျောင်းသားတွေရဲ့ ရလာဒ်ကို ယှဉ်ကြည့်လိုက်တယ်။ သူ မရဲတရဲ မျှော်လင့်ထားတဲ့ ရလာဒ်တစ်ခုကို အံ့သြဖွယ်ရာ တွေ့ရလို့ စိတ်ပညာရှင်ကြီး ပျော်ရွှင်သွားခဲ့တယ်။

သူက ခေါ်တွေ့တဲ့ ကျောင်းသားအများစုဟာ တကယ်ပဲ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်တာကို တွေ့ရတယ်။ ခေါ်တွေ့ပြီး မပြောခြင်းမခံခဲ့ရတဲ့ ကလေးတွေ (တနည်းပြောရရင် ဆရာရဲ့ ယုံကြည်ချက်ကို မရတဲ့ကလေးတွေ)ဟာ ပုံမှန် ယခင့်ယခင် စာမေးပွဲတွေအတိုင်း ရလာဒ် မပြောင်းမလဲ ရှိနေခဲ့တာကို တွေ့ခဲ့ရတယ်။

ဒါဆို ယုံကြည်ခြင်းခံရတဲ့ကလေးတွေဟာ အရည်အချင်းတွေ တက်လာပြီး၊ မခံရတဲ့ကလေးဟာ အရည်အချင်းတွေကျသွားတာလား။ တကယ်တော့ အရည်အချင်းက ဒီလောက် ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ အခြားသူတစ်ဦးတစ်ယောက်ရဲ့ ယုံကြည်ချက်ကို ရလိုက်တဲ့ အခါ ကျွန်မတို့ လူသားတွေဟာ ကိုယ်အားဥာဏ်အားရှိသ၍ အားထုတ် ကြိုးစားကြလို့သာ ဖြစ်ပါတယ်။

အခြားသူရဲ့ ယုံကြည်ချက်က ကာယကံရှင် ကို တွန်းအား ပေးနိုင်ပါတယ်။

လက်တွေ့နယ်ပယ်မှာ ဆရာက တပည့်ကို ၊ မိဘက သားသမီးကို၊ အကြီးအကဲက လက်အောက်ငယ်သားကို၊ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ကိုယ့်စိတ်ကြိုက် ကြိုးစားစေချင်တဲ့အခါ အများကြီး အားထုတ် ဆုံးမစရာမလိုပါဘူး။ သူကို အားပေးတဲ့အနေနဲ့ သူ့ကြိုးစားမှုကို အသိအမှတ်ပြုပြီး ယုံကြည်ချက်ကလေး ပေးလိုက်ရုံပါပဲ..တဲ့။

ဟုတ်ကဲ့.. You can do it!!

.................
လသာည. ဖြစ်ပါတယ်။

Tuesday, June 5, 2012

မှားတဲ့ဘက်မှာ

တခါက ကျောင်းဆရာတစ်ဦးဟာ ကျောင်းသားတွေရဲ့ အမြင်တွေကို သိချင်တာမို့ စမ်းသပ်မှုတစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ကျောက်သင်ပုန်း(Blackboard) မှာ မျဉ်းတစ်ကြောင်းကို ဆွဲပြလိုက်တယ်..။ အဲဒါကို ကြည့်မှတ်ခိုင်းပြီး ခဏနေတော့ ကျောက်သင်ပုန်းရဲ့ တခြမ်းမှာ မျဉ်းသုံးကြောင်းကို ယှဉ်ဆွဲပြလိုက်တယ်။ နောက်ဆွဲတဲ့ မျဉ်းသုံးကြောင်းထဲမှာ ပထမ မှတ်ခိုင်းတဲ့ မျဉ်းနဲ့ အရွယ်တူ အဖြေမှန်တစ်ခုပါတယ်ဆိုတာကိုလည်း အသိပေးလိုက်ပြီးတဲ့နောက် မျဉ်းသုံးကြောင်းထဲမှ အဖြေမှန်ကို ရွေးပေးဖို့ ကျောင်းသားအားလုံးကို ပြောလိုက်ပါတယ်။
(Solomon E. Asch's experiment) ဖြစ်ပါတယ်
ဒီမေးခွန်းဟာ အရမ်းလွယ်ပါတယ်။ အဖြေမှန်ဟာ B ဖြစ်ပါတယ်။ လူတိုင်းသိနိုင်တဲ့ မေးခွန်းကို မေးလိုက်တဲ့ ဆရာဟာ ဒီမေးခွန်းကို မမေးခင် လှည့်ကွက်တစ်ခုကို စီစဉ်ပြီးမှ မေးခဲ့တာဖြစ်ပါတယ်။ အဲဒီလှည့်ကွက်ကတော့ အတန်းထဲရှိ ကျောင်းသား တစ်ဦးကလွဲရင် ကျန်အတန်းသားအားလုံးကို မေးခွန်းရဲ့အဖြေကို A ကို ရွေးချယ်ပေးဖို့ ကြိုတင်သင်ကြားထားခဲ့ခြင်း ဖြစ်ပါတယ်..။ ဒါဆို A ကို ရွေးဖို့ အပြောမခံရတဲ့ တစ်ဦးတည်းသော ကျောင်းသားဟာ ဘယ်အဖြေကို ရွေးမယ်လို့ သင် ထင်ပါသလဲ..

ဝမ်းနည်းစရာကောင်းစွာပဲ.. ထိုကျောင်းသားဟာ အဖြေမှန်ကို ဖြေဖို့ကြိုးစားပြီးမှ အများအဖြေကို သာဖြေခဲ့ပါတယ်။

 ဆရာက ဒါဟာ အုပ်စုရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်မယ်လို့ တွေးမိတာမို့ သူ့အမြင် သေချာဖို့အတွက် စာသင်နှစ်တစ်နှစ်အတွင်း တစ်ဦးချင်းစီ (၁၈ကြိမ်) စမ်းသပ်မှန်း မသိအောင် တိတ်တိတ် စမ်းသပ်ခဲ့တယ်။ သူ စမ်းသပ်ခဲ့တာ ကျောင်းသားပေါင်း ၂၃၀ကို ဖြစ်ပါတယ်။

စမ်းသပ်ချက်အရ ၃၆ ရာခိုင်နှုန်းသော ကျောင်းသားတွေဟာ အုပ်စုကဖြေတဲ့အဖြေကိုပဲ တချိန်လုံး ရွေးချယ်ကြတာကို တွေ့ခဲ့ရတယ်။ ဆရာက အဖြေမှန်သိသာအောင် မျဉ်းရဲ့ အရွယ်ကို (အဖြေမှန်နဲ့ အဖြေမှား အရွယ်ကွာအောင် ) အမျိုးမျိုး ပြောင်းဆွဲခဲ့တယ်။ ဒါလည်းပဲ အုပ်စုရဲ့ group pressure က ဆက်ပြီး လွှမ်းမိုးနေတာကို တွေ့ခဲ့တယ်။ (တကယ်တော့ သူတို့ဟာ အဖြေကို သိရဲ့သားနဲ့ အုပ်စုထဲမှာ နေလိုစိတ်ကြောင့် အများစုကို အတိုက်အခံ မငြင်းလိုစိတ်ကြောင့် အဖြေမှားကို မစဉ်းစားပဲ ခေါင်းညိမ့်လိုက်ကြတာလို့ ဆရာ ကောက်ချက်ချလိုက်ရပါတယ်)

ဆရာ့စမ်းသပ်ချက်မှာ ကိုယ့်အမြင်အတိုင်း ဖြေတဲ့သူအနည်းငယ်ကတော့ ဆက်လက်ကျန်သေးတာမို့ သဘောကျစွာ သူတို့ရဲ့အမြင်ကို စောင့်ကြည့်စမ်းသပ်မှုကို ဆက်လက်လုပ်ခဲ့တယ်။

အဲဒါကတော့  ကိုယ့်အမြင်အတိုင်း အဖြေမှန်ကိုဖြေနေတဲ့ ကျောင်းသားကို အဖော်တစ်ယောက် တွဲပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက အဖြေမှန်ကို ဖြေသူနောက်တစ်ယောက် ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ အဖြေမှန်ကို ဖြေနေသူဟာ သူနဲ့ အဖြေတူ ကျောင်းသားရသွားတဲ့အခါ အဖြေမှန်ကိုပဲ အားရတက်ကြွစွာ တင်ပြလာတာကို တွေ့ရတယ်။

သူတို့နှစ်ယောက်ရင်းနှီးသွားပြီ ဆိုတဲ့အခါကျတော့ ဒုတိယအဆင့်အနေနဲ့ အဖော်ကျောင်းသားကို အဖြေမှားကို တမင်ပြောခိုင်းလိုက်တယ်။ ဒီအခါမှာ အဖြေမှန်ကို သာဖြေလေ့ရှိသူကျောင်းသား ဟာ သူ့အဖော်ပြောတဲ့ အဖြေမှားကို လိုက်လံရွေးချယ်လာတာကို တွေ့ခဲ့ရတယ်.. (အဖော်မင်တတ်တဲ့ စိတ်ထားလေးကြောင့် အမှန်တရားကို မျက်ကွယ်ပြုမိခြင်းဆိုတာကို ဆရာ လက်ခံလိုက်ရတယ်)

ဆရာဟာ ရလာဒ်တွေကို ကြည့်ပြီး စိတ်မကောင်း ဖြစ်လာခဲ့တာမို့... တကယ်လို့များ အဖော်မရှိတော့ရင် အရင်အတိုင်း ပြန်ဖြေဦးမလားလို့ တွေးမိတာကြောင့် ထပ်မံစမ်းသပ်ခဲ့ပြန်တယ်။ အဖော်ကျောင်းသားကို တခြားအခန်းမှာ အလုပ်တစ်ခုနဲ့ ခိုင်းလိုက်ပြီး အတန်းကို စာဆက်မေးတဲ့အခါ အဖြေမှန်ဖြေသူ ကျောင်းသားဟာ အရင်လို တစ်ဦးတည်းနဲ့ အဖြေမှန်ကို မှန်အောင် မဖြေနိုင်တော့ပဲ အုပ်စုရဲ့ အဖြေ ဒါမှမဟုတ် (သူ့အဖော် ဖြေမယ်ထင်သော) တခြား အဖြေမှားကိုသာ ဖြေတာကို တွေ့ခဲ့ရတယ်။ (အဖော်ရဲ့ စွန့်ပစ်ခြင်းကို မခံစားလို၊ မခံစားနိုင်တဲ့ စိတ်ထားလေးကြောင့် အမှန်တရားကို မျက်ကွယ်ပြုလိုက်ခြင်းဖြစ်လိမ့်မယ်ဆိုတာကို ဆရာ လက်ခံလိုက်ရတယ်)

အဆိုးဆုံးအခြေအနေကတော့ တကယ်လို့များ အဖော်ကျောင်းသားကို တခြားအခန်းကို သွားခိုင်းတာမဟုတ်ပဲ အဖြေမှားအုပ်စုထဲကို ပြန်ဝင်သွားစေပြီး အုပ်စုကအဖြေမှားကို ဖြေပြစေရင်တော့ “စမ်းသပ်စောင့်ကြည့်ခံ ကျောင်းသား”ဟာ အုပ်စုထဲက အဖြေမှားကိုသာ မျက်စိမှိတ်ဖြေဖို့ ရာခိုင်နှုန်းဟာ ၉၅ % အထိ ဖြစ်သွားခဲ့ပါတယ်.. ((..'))

Solomon E. Asch's experiment ကို ဖတ်ပြီး ကျွန်မသာ စမ်းသပ်စောင့်ကြည့်ခံ ကျောင်းသားဖြစ်ခဲ့ရင် ဘယ်လိုကျောင်းသားဖြစ်မှာလဲလို့ ကျွန်မကိုယ်ကျွန်မ ပြန်ဆန်းစစ်မိတယ်။ သေချာပါတယ် အကြိမ် ၁၀၀မှာ ၉၅ကြိမ်လောက် မှားတဲ့ဘက်မှာ ကျွန်မပါနေမှာပါ။

တကယ်ဆို အခုအသက်အရွယ်နဲ့ ကျွန်မမှာ အတွေ့အကြုံတွေ၊ ထိုက်သင့်တဲ့ အသိပညာတွေနဲ့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ရှိပေမယ့် များသောအားဖြင့် ကိုယ့်အမြင်ကို လွတ်လပ်စွာ ပေးမမြင်ဖြစ်ခဲ့ပါဘူး။ ကိုယ့်ရှေ့က မြင်နေရ၊ ကြားနေရတဲ့ အရာတွေထဲမှာ တခါတခါ အဖြေမှန် မဟုတ်တာတွေပါနေတဲ့အခါ အဖြေမှန် မဟုတ်ဘူးလို့ သိနေပေမယ့် အဖြေမှန်ကို ထုတ်မပြောဖြစ်ဘူး။ မမှန်ဘူးလို့ သံသယရှိနေတဲ့အရာတွေကို မှန်တဲ့အဖြေရတဲ့အထိ အချိန်ယူ မရှာမိပဲ အများ သတ်မှတ်ထားသလိုပဲ အလွယ်လက်ခံ သဘောတူပစ်လိုက်တယ်။ ဒါကိုဒီလိုနည်းနဲ့ ဖြေရှင်းရမယ်လို့ သိထားတာကို ဟိုလိုနည်းနဲ့ ပြောင်းလဲ အဖြေမရှာမိဘူး။

တကယ်တော့. အကြောင်းအရာတွေကိုထင်မြင်သုံးသပ်တဲ့အခါတိုင်းမှာ ကျွန်မရဲ့ အတွေးအခေါ်တွေ သဘောထားတွေဟာ ကိုယ့်အထင် ကိုယ့်အမြင်ပါလို့ ပြောဖြစ်ပေမယ့် ၅၀ ရာခိုင်နှုန်းကျော်ကျော်က သူများမြင်သလို၊ သူများတွေးသလို၊ အများသဘောထား.. အများအမြင်.. အများကိုယ်နဲ့ ငါ ဖြစ်နေခဲ့သလိုပဲ။ အမှန်တရားဆိုတာတွေကို ကိုယ့်အမြင်နဲ့ ကိုယ်တိုင်လေ့လာ သိဖို့၊ သိတဲ့အခါ ထုတ်ဖော်ပြောရဲဖို ဆိုတာတွေ အတွက် ငါ ..အများကြီးလိုနေသေးပါလား.လို့ ဒီနေ့ ကျွန်မကိုယ်ကျွန်မ ဝေဖန်နေမိခဲ့ပါတယ်..။

(Solomon E. Asch's experiment)က တဆင့် လသာည..ရဲ့ တွေးတာဖြစ်ပါတယ်။

Tuesday, September 13, 2011

အနီးစပ်ဆုံးတိုးတက်မှု နယ်ပယ် -ZPD

ပြဿနာတစ်ခုကို ဖြေရှင်းချင်တဲ့အခါပဲဖြစ်ဖြစ်၊ ပညာရပ်တစ်ခုကို သင်ယူတဲ့အခါပဲဖြစ်ဖြစ်၊ အနီးစပ်ဆုံး တိုးတက်မှု နယ်ပယ် ( Zone of proximal development-ZPD) ထဲမှာ ဖြေရှင်းရင်၊ သင်ယူရင် ပိုအဆင်ပြေတယ်လို့ ပညာရေး စိတ်ပညာရှင် Vigotsky က ဆိုပါတယ်။

အနီးစပ်ဆုံး တိုးတက်မှု နယ်ပယ်-ZPD ဆိုတာက ပြဿနာတစ်ခု/ ပညာရပ်တစ်ခုကို မိမိကိုယ်တိုင် မဖြေရှင်းနိုင်/ မတတ်မြောက်နိုင်သေးပေမယ့် မိမိထက် ပိုထူးချွန်သူ တစ်စုံတစ်ဦး၏ အကူအညီ/ လမ်းညွှန်မှု ရရင်တော့ ဖြေရှင်းဖို့ မိမိဘက်က စွမ်းရည်ပြည့်နေသော အခြေအနေ/အချိန် အကန့်အသတ်တစ်ခုကို ဆိုလိုတာပါ။ ZPD ထဲမှာ မိမိကို ထောက်ပံ့မှုကို ရရှိခဲ့ရင် လျှင်မြန်စွာ ပြဿနာကို ဖြေရှင်းနိုင်၊ ပညာသင်တာဆိုလျှင်လည်း လျှင်မြန်စွာ တတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ZPD ထဲက ထောက်ပံ့မှုပေးသည့်အရာများကို ငြမ်း (scaffolding)လို့ Vygotskyက သတ်မှတ်ထားပါတယ်။

Vygotsky က. အဆောက်အဦး တည်ဆောက်ဖို့ ငြမ်း ဆိုတဲ့ အထောက်အပံ့ လိုအပ်သလိုမျိုး ပညာသင်ယူတဲ့အခါ လည်း ငြမ်းကို အတိုင်းအတာတစ်ခုအထိ လိုကို လိုအပ်ပါတယ်၊ ထိုအတိုင်းအတာက ZPD ဖြစ်တယ်လို့ ဆိုပါတယ်. ..။

ပုံက Vygotsky ရဲ့ သီအိုရီကို ပုံဖော်ထားတာပါ။

ပုံထဲကအတိုင်း အဲဒီ ZPDရဲ့ အထက်နဲ့ အောက်မှာ အခြား နယ်ပယ်နှစ်ခုလည်း ရှိသေးတယ်။ ZPD အောက်က နယ်ပယ်က “မိမိကိုယ်တိုင် ဖြေရှင်းနိုင်သော၊ လုပ်နိုင်သော နယ်ပယ်” ဖြစ်ပြီး၊ ZPD အထက်က နယ်ပယ်ကတော့ “ကိုယ်တိုင် ဖြေရှင်းလို့မရသေးသော နယ်ပယ်” ဖြစ်ပါတယ်။ ဒီသီအိုရီဟာ ပညာရေး နယ်ပယ်မှာ အခု အရမ်းကို အရေးထားလာကြတာ တွေ့ရပါတယ်။

"ZPD ထဲက ငြမ်းများကတော့ မိဘဖြစ်ချင် ဖြစ်မယ်၊ ဆရာ ဖြစ်ချင်ဖြစ်မယ်၊ အတွေ့အကြုံရှိ မိမိရဲ့ အပေါင်းအသင်း သူငယ်ချင်း ဖြစ်ချင်လည်း ဖြစ်မယ်၊ ဒါမှမဟုတ် စာအုပ်တွေလည်း ဖြစ်နိုင်တယ်။ ငြမ်းများ၏ အကူအညီနဲ့ ZPD နယ်ပယ်ထဲမှာ သင်ယူတတ်မြောက်သွားပြီးတဲ့အခါ အဲဒါကို ကျေနပ်မနေပဲ ငြမ်းကို ဖယ်ရှားပြီး၊ (ငြမ်းမပါပဲ) ကိုယ်တိုင်လုပ်ဆောင်ရမှာ ဖြစ်တယ်။ ထို့နောက်တော့ အသစ်အသစ်သော ZPD တွေကို သတ်မှတ်ပြီး ကျွန်တော်တို့ ဆက်လက်ကြိုးစားရဦးမှာပါ......”

သေချာတာတစ်ခုက ငြမ်းဆိုတဲ့အရာတွေက လူသားတိုင်းရဲ့ဘ၀ ဘယ်အစိတ်အပိုင်းမှာမဆို ဆက်လက်
လိုအပ်နေဦးမှာပါပဲ မဟုတ်ပါလား……………….

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကို ဦးညွှတ်ကန်တော့လျှက်…
လသာည

Monday, July 4, 2011

မှတ်ဥာဏ်နှုန်းထားက ဘယ်အသက်အဆင့်လဲ

ဟိုတလောကက ငယ်သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ သူကပြုံးစိစိနဲ မေးတယ်.. ဒီမယ် အစ်မကြီး စာကျက်လို့ မှတ်လို့ အကောင်းဆုံးအရွယ်က ဘယ်အရွယ်လဲ သိပါတယ်နော်.. တဲ့။ သူနဲ့တွေ့တိုင်း ကွန်ပျူတာနား သို့မဟုတ် စာအုပ်ပုံကြား ရှိနေတတ်တဲ့ ကျွန်မကို “နင်က အခုထိ စာကျက်နေတုန်းပဲလား..။ ဘွဲ့တွေယူရင်း မြန်မြန် ဆံပင်ဖြူမယ့် အဖွားကြီးလောင်းလျာ” လို့ အမြဲနောက်တတ်သူပါ။

သူပြောတာလည်း ဟုတ်နေတော့ ကျွန်မ ရယ်ပြီး ပြန်ပြောမိတယ်။ ဟဲ့ ငါက စာကျက်ရတာ ၀ါသနာပါလို့ပါနော်.. လို့ (တကယ်က စာဆိုရင် စာလေးရော စာကြီးရော ကျက်မှတ်ရတဲ့ဘ၀ကို မလိုချင်တော့..။ ကျောင်းသားဘ၀ကို မြန်မြန်ကျွတ်ချင်လှပါပြီ.. ဟူးးးး )

သူငယ်ချင်းပြောသလိုပဲ တကယ်လို့များ လူတစ်ဦးရဲ့ မှတ်နိုင်စွမ်းကို အသက်အရွယ်နဲ့ပဲ သတ်မှတ်ပြောကြေးဆိုရင်တော့ ပညာရှင် Thorndikeက သုတေသနတစ်ခုနဲ့ အခိုင်အမာဆိုထားတာ မှတ်သားဖူးတယ်.. ။

ပညာရှင် Thorndikeရဲ့အဆိုအရ. ပုံမှန်လူတစ်ယောက်ဟာ..

၁) အသက် ၈ နှစ်မှ ၂၀နှစ် အတွင်းမှာ အကြောင်းအရာအသစ်တစ်ခုကို များများနဲ့ မြန်မြန် သင်ယူနိုင်စွမ်းရှိတယ်..။

၂) အသက်၂၀ နောက်ပိုင်းမှာ မှတ်ဥာဏ်အား ဖွံဖြိုးမှုအရှိန်နှေးလာပေမယ့် ဆက်တော့ဖွံဖြိုးနေမှာဖြစ်ပြီး အသက် ၂၅ နှစ်မှာ မှတ်ဥာဏ်အား အကောင်းဆုံး (peak) ဖြစ်တယ်..။

၃) အသက်၃၅ နှစ် နောက်ပိုင်းမှာတော့ မှတ်ဥာဏ်အား ဆုတ်ယုတ်စပြုလာပြီး အသက် ၄၅နှစ် ရောက်ချိန်မှာတော့ သူ့မှတ်ဥာဏ်အား peak အခြေအနေမှ ၂၂ % လျော့ကျနေပြီး ဖြစ်ပါတယ်..။

၎) အသက် ၅၀ရှိ လူတစ်ဦးရဲ့ မှတ်နိုင်စွမ်းသည် အသက် ၁၅ နှစ်သားရဲ့ မှတ်နိုင်စွမ်းလောက် ကျန်နိုင်ပါတယ်။

၅) အသက်၇၀ ရှိ လူတစ်ဦးရဲ့ မှတ်နိုင်စွမ်းကတော့ ပုံမှန် ကလေး ၁၀နှစ်သားရဲ့ မှတ်နိုင်စွမ်းနဲ့ တူနိုင်ပါတယ်..

ကဲ.. ကျွန်မရဲ့ သူငယ်ချင်းများရော လက်ရှိ မှတ်ဥာဏ်နှုန်းထားက ဘယ်အသက်အဆင့်များ ရှိနေပြီလဲ ..ဟင် ။ ကျွန်မလား.. ကျွန်မကတော့ အခု မှတ်ဥာဏ်အား ဆုတ်ယုတ်စပြုနေပြီ။ ဒါကြောင့် အခု စာမကျက်ချင်တော့ဘူး၊ ဘလော့ပဲ ထိုင် ဘလော့ချင်တော့တယ် (^0^)/
………………………………………………………….

မှတ်ချက်။ ။ တကယ်တော့ အကြောင်းအရာတစ်ခုကို သင်ယူနိုင်စွမ်း၊ မှတ်သားနိုင်စွမ်းသည် အသက်အပိုင်းအခြား တစ်ခုတည်းနဲ့တော့ ဆုံးဖြတ်လို့ မရပါဘူး။ အသက်အရွယ်အပြင်၊ အကြောင်းအရာပေါ် လိုက်ပြီး ယောက်ျားမိန်မ မှတ်နိုင်စွမ်းကွဲပြားမှု၊ တစ်ဦးချင်းစီ၏ ဥာဏ်ရည်၊ ဗီဇ၊ ကာယကံရှင်၏ သင်ယူလိုစိတ်၊ ထိုသူ၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု စသည့်အပေါ်တွေမှာလည်း မှုတည်နိုင်ကြောင်းပါ..တဲ့။ ဗဟုသုတပေါ့နော်..

လသာည ဖြစ်ပါတယ်…

Monday, September 27, 2010

နားမလည်ဘူး နားကိုမလည်ဘူး

တချို့နားမလည်နိုင်တာတွေကို နားလည်ဖို့ကြိုးစားရင်း စိတ်ဝင်စားစရာတွေ ဖတ်မိလို့ ပြန်မျှဝေတာပါ။ ပိုစ်ရှည်တာမို့လို့ ဖတ်ဖို့ အချိန်ရမှသာ အေးအေးဆေးဆေး ဖတ်ပါလို့...။ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ခင်မင်လျှက်ပါး))
.........................................................................................
(၁)
လသာညက အိမ်မှာ မောင်နှမတွေ မိသားစုလိုက် အတူတူ ရုပ်ရှင်ဇာတ်လမ်းကြည့်တဲ့အခါ ဘာသာပြန်ပေးရသူပါ။ နိုင်ငံခြားဘာသာစကားမို့ ဘာသာပြန်ရတာမဟုတ်ပါဘူး။ နားလည်တဲ့ မြန်မာလိုပြောတဲ့ဇာတ်ကားတွေကိုပဲ ခံစားမှုဦးစားပေးတဲ့ကားမျိုး၊ အမူအရာနဲ့ ပေါ်လွင်အောင် ကြိုးစားသရုပ်ဆောင်ထားတဲ့ ဘ၀သရုပ်ဖော်၊ အချစ်အလွမ်းကားမျိုးဆိုရင် အဖေနဲ့ မောင်လေးတို့က “ မင်းသမီးက ဘာဖြစ်သွားတာလဲ” “ဟိုအဒေါ်ကြီးက ဘာလို့ ငိုတာလဲ” စသည့်ဖြင့် ဇာတ်လမ်းအဆက်ကို နားမလည်သလို မေးတတ်တာကြောင့် ဖြစ်ပါတယ်။

အဲ့ဒီအခါမျိုးမှာ လသာည သို့မဟုတ် ညီမလေးက “အဲဒီကောင်မလေးက စိတ်မကောင်းဖြစ်သွားတာလေ၊ သူ့အမေက စိတ်ပုပ်နေတာ တွေ့လား” စသည်ဖြင့် ပြန်ရှင်းပြကြရပါတယ်။ ရှင်းပြသံတွေနဲ့ တခြားကြည့်သူတွေက စိတ်ညစ်ကြပြီး၊ ရှင်းပြရတဲ့လူကိုယ်တိုင်ကလည်း သူများကို ရှင်းပြနေရတာနဲ့ ဇာတ်လမ်းကြည့်ရတာ ဇိမ်မရှိတော့ဘူးဖြစ်လာတဲ့အတွက် ပွစိပွစိ စိတ်ကောက်ဖြစ်တဲ့အခါတောင် ရှိတတ်ပါတယ်.. ။

ဒါပေမဲ့ အံသြစရာက ကောင်းတယ်ဆရာ..။ သူတို့က အနောက်တိုင်းကား အက်ရှင် သေနတ်ကားဆို ငြိမ်နေတာပဲ။ဘာသာပြန် မလိုပါဆိုတဲ့ ဒီဇိုင်းချိုးပြီး ခပ်တည်တည်ပဲလေ...မုန်းစရာပါ (==)#။ အဲဒီကားမျိုးမှာ သွေးထွက်သံယိုတွေကို ကျွန်မတို့က မကြည့်ရဲတာနဲ့ပဲ မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး ဟဲ့ ပြီးပြီလား။ အဲ့ လူဆိုးသေပြီလား ပြန်မေးရတာမျိုးတွေ ဖြစ်သွားတော့တာပဲ။ ဘာသာပြန်အဆင့်ကနေ အဆင့်လျှောပြီး သူတို့ကို ဘာသာပြန် ပြန်ဌားရတဲ့အဆင့် ပြန်ဖြစ်သွားတာပါ.။ အဲဒါမျိုးဆို မောင်လေးက ပြန်အော်တယ်။ မမကလည်း စကားကိုများတယ်၊ တိတ်တိတ်နေ ဒီမှာကြည့်ရတာ ဇိမ်ပျက်တယ်တဲ့..။ ခေါင်းခေါက်ချင်စရာပါ..

ဒါပေမယ့် စာရေးဆရာ Allan Pease ရဲ့ စာအုပ်တွေကို ဖတ်ရင်း အောက်က ပုံတွေမြင်ရတော့ ကျွန်မနည်းနည်း နားလည်သလို ဖြစ်လာတယ်..။
ဒီပုံက ခံစားချက် ၆မျိုးနှင့် ပတ်သက်ပြီး ရုပ်ရှင် (သရုပ်ဆောင်မှု) တစ်ခုကို ပြသထားတုန်း ၁၀ စက္ကန့်အတွင်းမှာ အမျိုးသားတစ်ဦး လိုက်ပါ ခံစားနိုင်တဲ့ အမူအရာ ကို သရုပ်ဖော်ထားတာပါ။ ဥပမာ ၀မ်းနည်းတဲ့အမူအရာလုပ်ပြတာကို ၁၀စက္ကန့်အတွင်း လိုက်ပါ ခံစားတတ်သလားဆိုတာမျိုးပါ။ ပုံပါအတိုင်းပဲ အမျိုးသားများအနေဖြင့် ၁၀စက္ကန့်လောက်နဲ့ ခံစားချက်ကို မခံစားနိုင်၊ ပြန်လည်မဖော်ပြနိုင်ဘူး။ သူတို့က တဖက်သားရဲ့ ခံစားချက်ကို မျက်နှာအရိပ်အကဲလောက်နဲ့ ၁၀စက္ကန့်အတွင်း နားမလည်နိုင်ပါဘူး။ နားလည်ဖို့ ၁၀မိနစ်ထိ ကြာချင် ကြာမယ်။ အဲ ၁၀နာရီမကတောင် ကြာချင်လည်းကြာမယ်း)))

တချို့ဆို မိန်းမက ဘယ်လောက်မျက်နှာရိပ်မျက်နှာကဲပြပြ နားကို မလည်နိုင်တာ ရှိနိုင်ပါသေးတယ်။ ကျွန်မအစ်ကို ၀မ်းကွဲတစ်ယောက်ဆို သူ့မိန်းမက “ရှင်ဧည့်သည်တွေ ခေါ်လာရသလား၊ ဒီနေ့ အိမ်မှာ ဆန်ကုန်နေလို့ ထမင်း မချက်ရသေးဘူးလေ”ဆိုတာကို မျက်နှာရိပ်မျက်နှာကဲနဲ့ ဘယ်လောက်ပြပြီး ပြောပြော၊ နားမလည်နိုင်ပဲ၊ “ဟေ့ကောင်တွေ စားပြီးမှပြန်ကြ၊ မိန်းမရေ ကျက်ပြီလားဟေ့”လို့ အော်တတ်လွန်းလို့ မိန်းမရဲ့ ဗိုက်ခေါက်လိမ်ဆွဲတာကို ခဏခဏ ခံရသူပါ။ ဒါတောင် သူက “ဟ.. ဘာလို့ အလကားနေ ဗိုက်ခေါက်ဆွဲတာလဲ၊ ဘာလဲ ဘယ်သူနဲ့ ရန်ဖြစ်ထားတာလဲ၊ စိတ်တိုနေတာလား”လို့ အလိုက်မသိ ပြန်မေးတတ်သေးတား)))

ဒါကြောင့်လည်း အချစ်အလွမ်းကားတွေကို ကြည့်တဲ့အခါ ခံစားချက်အမူအယာနဲ့ သရုပ်ဖော်ကြတဲ့အတွက် အမျိုးသားများခမြာ လိုက်ပါ မခံစားနိုင်ပဲ ကြည့်နေရင်းနဲ့ ဇာတ်လမ်းကို မျက်ချေပြတ်ပြတ်သွားကြတာ ဖြစ်ပါတယ်။

ဒီပုံကတော့ အမျိုးသမီးတစ်ဦးက ၁၀ စက္ကန့်အတွင်း ခံစားချက်၆မျိုးကို လိုက်ပါ ခံစားနိုင်စွမ်းရှိကြောင်း သရုပ်ဖော်ထားတဲ့ ပုံဖြစ်ပါတယ်။ တကယ့်ကို ပီပြင်အောင် ပေါ်လွင်တယ်နော်း)))....။

အမျိုးသမီးများဟာ ရုပ်ရှင်ထဲက သရုပ်ဆောင်များရဲ့ ရုတ်တရက် မျက်နှာပျက်သွားတာကအစ အားလုံးကို လိုက်ပါခံစားနိုင်ကြတဲ့အတွက် အချစ်အလွမ်းကားတွေမှာ ဘာသာပြန်တွေဖြစ်ခွင့်ရနေတာ ဖြစ်ပါတယ်။ ( မှတ်ချက်၊ ။ ဒီစာရေးရင်း လသာညလည်း စာရေးတာ ခဏရပ်လို့ အဲဒီ ပုံအတိုင်း မှန်ကြည့်ပြီး လိုက်လုပ်ကြည့်မိပါတယ်။ (^=^)။ တမင်လုပ်ကြည့်တာမို့လိုလား မသိဘူး။ ဆယ်စက္ကန့်နဲ့ သရုပ်ဆောင်လို့ မပြီးဘူး။ ရုပ်ရှင်သရုပ်ဆောင် ခန့်လို့ရလောက်တယ်။ သရုပ်ဆောင် ဌားလိုသူ စပွန်ဆာအရှုံးခံပါး))

အဲဒီလို အမျိုးသမီးများရဲ့ မွေးရာပါ အရိပ်အကဲဖမ်း အတတ်ပညာကြောင့် အမျိုးသမီးများရှေ့မှာ အမျိုးသားများ ညာလို့မရဘူးတဲ့။ ညာချင်ရင်လည်း မျက်နှာချင်းဆိုင်ပြီး မညာလေနဲ့ ။ သူတို့က စက္ကန့်ပိုင်းလေးအတွင်း ကိုယ်ညာတာကို သိပြီးသား ဖြစ်သွားနိုင်တယ်တဲ့။ လသာညရဲ့ ဘကြီး (ဖေဖေ့အစ်ကို)ဆို မိန်းမကို ကြောက်ရသူလို့ နာမည်ကြီးတယ်။ တကယ်က တအားအေးတာပါ။ အရက်သောက်သွားပြီး ပြန်လာရင် မိန်းမက ဆူမှာစိုးလို့ သူ့သူငယ်ချင်းတွေက သေချာမှာလိုက်တယ်။ ငါတို့နဲ့ တွေ့လို့ ငါတို့အတင်းတိုက်လိုက်တာ၊ တစ်ခွက်ထဲပါလို့ပြောလို့..။

ဒါပေမယ့် အိမ်ရောက်တော့ မိန်းမက “ရှင် ဒီနေ့ အရက်တွေ သောက်လာပြန်ပြီလား ”လို့ သူ့နဲ့ မျက်နှာချင်းဆိုင် မေးလိုက်ရုံနဲ့.. “ငါလား ကိုထွေးတို့နဲ့တွေ့လို့ ၀ိုင်းကောင်းတာနဲ့ သောက်တာပါ။ ကိုယ့်လခထုတ်ရက်မို့ ကိုယ်ကပဲ ရှင်းလိုက်တယ်၊၂၀၀၀ဖိုးလောက်ပါ”ဆိုပြီး.. ဖြစ်ကြောင်းကုန်စင် နတ်သံနှောလို အားလုံးပြောပြီးသားဖြစ်သွားပြီ (အဲဒီ ၂၀၀၀က အဲဒီတုန်းက သူရတဲ့ သူ့လစာအကုန်နီးပါးလေ။) ကဲ အဲဒါပြောတာ.. မိန်းမတွေက အဲဒီအတတ်က မွေးရာပါ အတတ်ပညာဆိုတော့ကာ

ဒါကြောင့် သယ်ရင်းများ မညာမိကြစေနဲ့နော်၊ အစထဲက ဘာပဲဖြစ်ဖြစ် ♪♪♪ အမှန်အတိုင်းပြော.. အမှန်အတိုင်းပြော.. အမှန်အတိုင်း ပြောလေပြောလေ အချစ်ရေ ♪♪♪ 
နောက်ပြီး လူကဲခတ် (အမူအရာကို အကဲခတ်ခြင်း) ဘာသာရပ်ကျွမ်းကျင်မှုကြောင့်ပဲ. ကောင်မလေးတစ်ယောက်ဟာ ကောင်လေးတစ်ယောက်က သူမကို စိတ်ဝင်စားနေတယ်ဆိုတာကို ကြိုတင်သိရှိနေကြပါသတဲ့.. "(၀-၀)"
............................................................................................................

(၂)
လူရွှင်တော်တွေပျက်လုံးပျက်တဲ့အခါ “ငါက သမီးနဲ့အမေလမ်းမှာတွေ့ရင် သမီးတစ်ယောက်ကိုသာ မြင်တယ်”ဆိုတဲ့ စကားကို ပြန်သတိရမိပါတယ်။ ဒီပျက်လုံးလေးက သူတို့ တကယ်ပြောတာ ဖြစ်နိုင်တယ်လို့ ၉၉ ရာခိုင်နှုန်း ထင်လာပါတယ်(*-^)/။
အပေါ်ပုံကို နည်းနည်းလိုက် ကြည့်ကြည့်လိုက်ပါ (ကလစ်လေးနှိပ်ကြည့်ရင် အသေးစိတ် မြင်ရမှာပါ)၊ အမျိုးသားနဲ့ အမျိုးသားတွေရဲ့ အမြင်တွေ ကွဲပြားပုံကို တင်ပြထားတာပါ။ ပုံထဲကအတိုင်း အမျိုးသားတွေရဲ့ မျက်လုံးအမြင်က ထောင့်ကျဉ်းကျဉ်းနဲ့ ကိုယ်အာရုံ စူးစိုက်ရာကို တစ်ခုတည်း မြင်နိုင်သူတွေဖြစ်နေပါတယ်။ အစကတဲက သမီးပဲ ကြည့်ခဲ့ရင်သမီးတစ်ယောက်ကိုသာ မြင်၏ ဆိုတာ ဖြစ်နိုင်ပါတယ် :))

အမျိုးသမီးတွေကတော့ ပုံပါအတိုင်း အမြင်ကျယ်တယ်လေ၊ (ရှေ့ကို အ၀န်းကျယ်ကျယ် မြင်တတ်တယ်) မျက်လုံးရှေ့က အရာအပြင် တခြားနီးစပ်ရာတွေကိုပါ ဥပမာ ကလေးကြည့်ရင် ကလေးအပြင် ခွေးပါ မြင်နိုင်ကြသူတွေပါ။ ကိုယ့်ဘေးနားက အမျိုးသားက ဘာကိုကြည့်နေသလဲဆိုတာတောင် မျက်လုံးထောင့် နည်းနည်းပြောင်းရုံနဲ့ သိနိုင်တယ်တဲ့..။ ဒါကြောင့် အမျိုးသားသယ်ရင်းလေးများ ကိုယ့်ချစ်သူ အနားမှာပါရင် လမ်းမှာ တွေ့တဲ့ တခြားလှုပ်လီလှုပ်လဲ့ ကြည့်စရာလေးများကို မကြည့်မိအောင် သတိဆောင်ပြီး အကြည့်ခိုးလေးများကို မျက်တောင်ခတ် သိမ်းထားဖို့လိုပါတယ်နော်း))
......................................................................................................

(၃)
နောက်တစ်ခုကတော့ အိမ်မှာ အဲယားကွန်းဖွင့်ရင် အပူချိန် အတိုးအလျော့အတွက် စကားများရခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသားတွေက များသောအားဖြင့် အမျိုးသမီးများထက် ပုံမှန်အားဖြင့် ပူအိုက်တတ်သူတွေပါ။ အဲဒီတော့ အခန်းအပူချိန် ၂၃( degree Celsius)လောက်မှ နေလို့ ကောင်းရုံ ရှိချိန်မှာ အမျိုးသမီးများကတော့ အပေါ်ထပ်လေးနဲ့ဝတ်နေရပါပြီ။ (ဒါလည်း ဦးနှောက်ဖန်ရှင်နဲ့ ဆိုင်တယ်တဲ့...။ အသေးစိတ်တော့ နောက်မှ ပုံလေးတွေနဲ့ ပြောပါဦးမယ်။ ကိုယ်တွင်းအပူချိန် ကွာခြားပုံနဲ့ ပြင်ပအပူချိန် ဆက်စပ်ပုံကိုပါ။)

ဒီတော့ အခန်းအပူချိန်ကို နည်းနည်းတိုးပြီး ၂၈ဒီဂရီ လောက်ထားပြီး ဘလောက်စ်အင်္ကျီလေးနဲ့ နေချင်သူ အမျိုးသမီးများနဲ့ ၂၃ဒီဂရီ လောက်မှ နေချင်သူ အမျိုးသားများ အနေဖြင့် နှစ်ဦးနှစ်ဖက် နားလည်မှုမလုပ်ပေးနိုင်ရင် ကျိတ်ကျိတ်ရန်ဖြစ်ရပါတယ်။ အမျိုးသားများမှာ ၂၈ ဒီဂရီဆိုရင်ကို စွတ်ကျယ်ဂျိုင်းပြတ်ဝတ်ပြီး ယပ်ခပ်နေရပြီ။ ဒါပေမယ့်လည်း သိတဲ့အတိုင်း မိန်းခလေးတွေက အားနွဲ့သူတွေမဟုတ်လား။ ဒီတော့ လသာညဆို အဲယားကွန်းကို ကိုယ့်စိတ်ကြိုက် အပူချိန်ကို ထားလိုက်ပြီး “အပူချိန်တအားနည်းရင် အအေးပတ်မှာ စိုးလို့နော်၊ လေဖြတ်တတ်တယ်”လို့ စေတနာသံနဲ့ ပြောသေးတာ။ တခါတခါဆို အဲကွန်းရမုတ်ကို ဖွက်ထားလိုက်တယ် (စိတ်ပုပ်တာလေ)။ တကယ်တော့ အမျိုးသမီးတွေက ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်မှ ဖြစ်တာမဟုတ်လား။ ကိုယ်နေမကောင်းရင် သူတို့ပဲ စိတ်ပူရတာကို .. ဟုတ်တယ်ဟုတ်း))) ။
...........................................................................................

(၄)
နောက်စိတ်ဝင်စားစရာ အချက်တစ်ချက်က ကလေးတွေနဲ့ လူငယ်တွေအတွက် သရဲရထား၊ သရဲဥယျာဉ်တွေကို တီထွင်သူတွေက လူရဲ့ဘယ်ဘက်ခြမ်းကနေ သရဲရုပ်တွေနဲ့ခြောက်တာ များပါသတဲ့။ (သတိထားမိသူ ရှိပါသလား..??) အဲဒါဟာ ကြောက်ရွံတဲ့ဖီလင်ကို ခံစားလိုတဲ့ လူငယ်တွေအတွက် ဦးနှောက်ဖန်ရှင်နဲ့ စနစ်တကျ အကွက်ချ တည်ဆောက်ထားတာဖြစ်ပါတယ်။

ဦးနှောက် ဘယ်ဘက်ခြမ်း အာရုံကြောက ကြောက်ရွံခြင်းကို ပိုခံစားရစေပြီး ညာဘက်ခြမ်းကတော့ လုံခြုံမှုစိတ် (sense of security)ကိုရရှိစေတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် လသာညရဲ့ မောင်လေးများအနေဖြင့် ချစ်သူလေးနဲ့ သရဲရုံထဲ သွားလည်မယ်ဆိုရင် (ဒါမှမဟုတ် မိန်းခလေး သူငယ်ချင်းတွေနဲ့ ညမှောင်မှောင် ခရီးသွားရတဲ့အခါမျိုး ရှိခဲ့ရင်) ကိုယ်ကစပြီး ကြောက်တဲ့ခံစားချက်ကို မရရအောင် ချစ်သူကို ဘယ်ဘယ်ခြမ်းက ထား၊ ကိုယ်က ညာဘက်ခြမ်းက လျှောက်ပြီးသွားပါတဲ့။ ကြောက်စရာကို မြင်ရတာ အတူတူပေမယ့် ဘယ်ဘက်ခြမ်းအာရုံကြောကြောင့် ကြောက်ရွံခြင်းကို ပိုခံစားရတဲ့ သူလေးကို “မကြောက်နဲ့၊ ကိုကိုရှိတယ်”လို့ သတ္တိများများ ဗန္ဓုလသွေးနဲ့အားပေးနိုင်တယ်တဲ့။ စာအုပ်ထဲအတိုင်း ပြောရတာဖြစ်တော့ .. ကြုံရင် ဟုတ်မဟုတ် စမ်းကြည့်လိုက်နော်း)))
........................................................................................

အမြဲ အတူတူ နေနေကြတဲ့ သဘာဝမတူ လူသားတွေ အချင်းချင်း တခါတလေ နားမလည်ဘူး၊ နားကို မလည်တော့ဘူးလို့ ဆိုကြတဲ့အချက်များအကြောင်း ကျွန်မဖတ်မိသိသလောက် ဗဟုသုတ ပြောပြတာပါ။ မိသားစု၊ မောင်နှမ၊ သူငယ်ချင်း အချင်းချင်း အပြန်အလှန်နားလည်မှုတွေ ရပြီး စိတ်ချမ်းမြေ့ကြပါစေနော်။

လသာည ဖြစ်ပါတယ်။
................................................

မှတ်ချက်။ ။ဒီတခါ ပိုစ်ရှည်သွားပါတယ်။ စာမရေးဘူးမရေးဘူး ပြောတဲ့သူငယ်ချင်းလေးများအတွက် အမုန်းဖတ်လို့ရအောင် အရှည်ကြီး ရေးပစ်လိုက်တယ်။ ကဲ.. :lol: စိတ်ဆိုးဖူးမို့လားး)))။

Saturday, July 17, 2010

ကြင်နာတတ်သော်လည်း ရက်စက်သူ

တချို့သူတွေက စိတ်ရင်းက ကြင်နာတတ်ပေမယ့် တခါတရံ တော်တော် ရက်စက်တတ်ကြတယ်။ ဘာကြောင့်လဲ..။ အကြောင်းရင်းတွေ အများကြီးထဲက တစ်ကြောင်းကို ပြောပြချင်တယ်..။

ဗီယက်နမ် စစ်အတွင်း လူပေါင်းများစွာ သေဆုံးသွားရပြီးတဲ့နောက်မှာ စိတ်ပညာရှင်တွေက သုံ့ပန်းစစ်သားတွေကို စစ်ဆေးတဲ့အခါ သူတို့အားလုံးဟာ စိတ်ထိခိုက်မှုဝေဒနာတွေကို အပြင်းအထန် ခံစားနေကြရတာကို တွေ့ရှိခဲ့ကြတယ်။ စည်းကမ်းအမိန့်ကို လိုက်နာပြီး လုပ်ခဲ့ရတဲ့အတွက် လူတွေအများကြီး သေခဲ့ရတာကို သူတို့ရင်ထဲမှာ ထိခိုက်နေရကြောင်းလည်း ငိုကြွေးရင်း ရင်ဖွင့်ခဲ့ကြတယ်။ ဒါကို အခြေခံပြီး စိတ်သိပ္ပံပညာရှင်တစ်ဦးက စည်းကမ်းအမိန့်တစ်ခုနှင့် ပတ်သက်ပြီး လူတစ်ဦးရဲ့ အဆုံးစွန်လိုက်နာမှု( extremes of obedience) နဲ့ ပတ်သက်ပြီး စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ ပညာရှင်နာမည်က Milgram ( Stanley Milgram) ဖြစ်ပါတယ်..

စမ်းသပ်မှုက သာမန်အရပ်သားတွေကိုပဲ လုပ်ခဲ့တာပါ။ စမ်းသပ်ချက်က အရမ်းကို ရိုးပါတယ်။ စမ်းသပ်ချက်မှာ ပါဝင်ပေးမယ့် သူတွေကို ဆရာအဖြစ် အစမ်းခန့် စာသင်ခိုင်းတာပဲ ဖြစ်ပါတယ်။ ကျောင်းသားကို တခြားအခန်းထဲမှာ ထားပြီး ဒီဘက်အခန်းကနေပြီး စာသင်ပြီး မေးခွန်းတွေ မေးရတယ်။ မေးတာကို ကောင်းကောင်းဖြေနိုင်ရင် ချီးကျူးရပြီး မဖြေနိုင်ရင် တပည့်ကို အပြစ်ပေးရတယ်။ အပြစ်က လျှက်စစ်ရှော့ခ်ပေးတာ ဖြစ်ပါတယ်။ အဲဒီစက်က အောက်က ပုံထဲက စက်ပဲ ဖြစ်ပါတယ်။

စက်မှာ အလွန်အားပြင်းတဲ့ ၁၅ ဗို့ ကနေ အသက်အန္တရယ် ထိခိုက်စေနိုင်တဲ့ ၄၅၀ ဗို့အထိ လွှတ်နိုင်တဲ့ ခလုပ်လေးရှိပါတယ်။

ကျောင်းသားအဖြစ် အသင်ခံရမယ့်သူကို အခုလို ၀ိုင်ယာကြိုးတွေနဲ့ ဆက်ပေးထားတယ်။ အမှားတွေ ဖြေတာနဲ့ သူတို့ဟာ လျှက်စစ်ရှော့ခ်ပေးတာ ခံရမှာ ဖြစ်ပါတယ်။

စမ်းသပ်ခန်းမှာ ပါဝင်မယ့် သူ (အရပ်သား) ဖြစ်ပါတယ်။ သိပ္ပံစမ်းသပ်ချက်မှာ ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ စမ်းသပ်ချက်ထဲက စည်းကမ်းကိုပဲ လိုက်နာပေးဖို့လိုကြောင်း အရင်ဆုံး ပြောတယ်။ နောက်တော့ ဒီစမ်းသပ်ချက်မှာ ကျောင်းသားကို သင်ရမယ့်စာတွေ၊ မေးရမယ့် မေးခွန်းတွေနဲ့ မဖြေနိုင်ရင် ပေးရမယ့် အပြစ်ပေးရမယ့် စည်းကမ်းတွေကို ရှင်းပြပါတယ်..။

လျှပ်စစ်ရှော့ရဲ့ နာကျင်မှုကို ခန့်မှန်းလို့ ရအောင် နမူနာအနေနဲ့ ၄၅ဗို့ရှိတဲ့ လျှက်စစ်ဗို့လေးကို စမ်းသပ်သူက စကားပြောရင်း စမ်းသပ်ခံ အရပ်သား ကျောင်းဆရာလုပ်မယ့်သူ ကို(သူသတိမထားမိခင် ရုပ်တရက်)လွှတ်ပြီး ပြသထားလိုက်တယ်။ ၄၅ ဗို့ဟာ မပြင်းပါဘူး ။ ဒါပေမယ့် ထိုသူ့တော့ မတ်တပ်ရပ်သွားစေတယ်..

အဲဒီနောက်တော့ စမ်းသပ်ချက်ကို စပါတယ်။ ဆရာဟာ တဖက်ခန်းကနေပြီး ကျောင်းသားကို စာသင်ပြီး စာမေးပါတယ်။ ကျောင်းသားက မဖြေနိုင်ပါဘူး...။ (မဖြေနိုင်ဆို အမှားဖြေဖို့ သင်ထားတဲ့ စမ်းသပ်သူရဲ့ လူယုံဖြစ်လို့ပါ)။ ဒီတော့ ဆရာလုပ်သူက အမှားဖြေတဲ့အတွက် ပြစ်ဒဏ်စပေးရပါတယ်။ ၁၅ ဗို့ပေါ့..။

ထပ်ပြီး သင်ပါတယ်။ ပိုလွယ်မယ့် မေးခွန်းကို မေးတယ်..။ ကျောင်းသားကလည်း ထပ်မှားတယ်..။ ထပ်ပြီး ပြစ်ဒဏ်ပေးတယ်..၃၀ ဗို့..။ ခလုပ်က ဗို့ကို ပြန်လျှော့လို့မရဘူး..။ တိုးဖို့ပဲ ရှိတယ်လေ..

ဒီလိုနဲ့ ကျောင်းသားဟာ မဖြေနိုင်ခဲ့လေ.. ဆရာက အပြစ်ပေးရလေပါပဲ..။ လျှပ်စစ်ဗို့တွေ တိုးလာတယ်။ လျှပ်စစ်ဗို့များလာတာနဲ့ အမျှ ကျောင်းသားလုပ်သူရဲ့ အော်ဟစ် ညည်းညူသံတွေက မချိမဆန့်အသံနဲ့ ပေါ်ထွက်လာခဲ့တယ်..။

ဆရာလုပ်သူဟာ အသံတွေ ကြားနေရတော့ ဆက်မလုပ်ပါရစေနဲ့လို့ ငြင်းပါတယ်။ ဒါပေမယ့်လည်း စမ်းသပ်သူက သိပ္ပံစမ်းသပ်ခန်းကို ပူးပေါင်းပါဝင်နေချိန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းကို အတိအကျ လိုက်နာပါလို့ အမိန့်ပေးပြီး ဆက်ပြီး မေးခိုင်းပါတယ်။ ဒီလိုနဲ့ပဲ ကျောင်းဆရာဟာ ကျောင်းသားကို ဆက်လက်ပြီး အပြစ်တွေ တိုးပေးနေခဲ့တယ်။ နောက်ဆုံးအဆင့် ကျောင်းဆရာလုပ်သူက မျက်ရည်အ၀ိုင်းသားနဲ့ ဆက်မလုပ်ချင်တော့ပါလို့ ပြောတဲ့အထိ စောင့်ခဲ့တယ်။

အံ့သြစရာ ကောင်းတာက စမ်းသပ်ချက်မှာ ပါဝင်သူ ယောက်ျား၊ မိန်းမအားလုံးရဲ့ ၆၅ % ဟာ နောက်ဆုံးအဆင့် လူသေနိုင်တဲ့ လျှပ်စစ်ဗို့အား ၄၅၀ အထိ အပြစ်ပေးခဲ့ကြတာကို တွေ့ရတယ်။ တချို့ဆိုရင် ကျောင်းသားက နာကျင်လို့ ပြန်ပြောပြီး နံရံကို ခြေနဲ့ကန်တဲ့အခါ ဗို့ ၃၀၀ကို non-stop ပေးပြီး ပြစ်ဒဏ်ချသူတောင် ပါဝင်ပါသေးတယ်။

ကျောင်းသားအဖြစ်လုပ်ရသူကတော့ အစမ်းခန့် ကျောင်းဆရာများရဲ့ လက်မှာ အခါခါ သေနေတော့တာပါပဲ..။ (တကယ်တော့ စမ်းသပ်ချက်ထဲက ကျောင်းသားဟာ သရုပ်ဆောင်ကောင်းသူတစ်ဦးကို ဌားထားတဲ့ စမ်းသပ်သူရဲ့လူယုံဖြစ်ပြီး တကယ့်လျှပ်စစ်ကြိုးနဲ့ သွယ်မထားပါဘူး။ ဟန်ဆောင်အော်ဟစ်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်..။ တော်သေးတာပေါ့နော်..။)

ဒီစမ်းသပ်ချက်ကနေ ဘာကို ကောက်ချက်ချခဲ့ကြသလဲဆိုတော့ လူအများရဲ့ မသိစိတ်မှာ စည်းကမ်းလို့ သတ်မှတ်ထားတဲ့အချက်တွေကို လိုက်နာမှဖြစ်မယ်လို့ ယူဆသွားပြီးတဲ့နောက်မှာ တဖက်သားအပေါ် ရက်စက်ရာ ရောက်မှန်းသိသော်လည်း၊ နာကျင်နေမယ်ဆိုတာကို ခံစားစာနာနိုင်သော်လည်း သတ်မှတ်ချက်တွေအပေါ် မျက်စိမှိတ် လိုက်နာမိသွားကြတယ် ဆိုတာပါပဲ...

Social Psychologist ဖြစ်တဲ့ Stanley Milgram ရဲ့ စမ်းသပ်ချက်ပါ။ အဲဒီ စမ်းသပ်ချက်ကို အောက်က ဗွီဒီယိုကနေပြီး အစအဆုံး ကြည့်လို့ရပါတယ်။


ပိုစ်မတင်ခင် ဒီအကြောင်းအရာကို ဖတ်ပြီး ဗွီဒီယိုကို ကြည့်မိတော့ ဗွီဒီယိုထဲမှာ “မလုပ်ချင်ဘူး၊ မလုပ်ချင်ဘူး လို့ ပြောနေရင်း ပြောနေရင်းကနေ စည်းကမ်းကို ထိန်း၊ အမိန့်ကို နာခံနေကြတဲ့အတွက် အပြစ်ပေးခလုတ်တွေကို မျက်စိမှိတ်နှိပ်နေတဲ့ လူများစွာကို သတိထားမိတယ်” ။ သူတို့ရင်ထဲလည်း ကြေကွဲနေကြရဲ့သားနဲ့ ဘာလို့များ အဲဒီစိတ်အတိုင်း မနေနိုင်တာလဲလို့ စိတ်ထဲကလည်း အပြစ်တင်မိတယ်။

ဒါပေမယ့်လည်း အဲဒါ တကယ်ဖြစ်တတ်တဲ့ သဘာဝဆိုတော့ သိလိုက်ရတော့.. ဘုရားကိုပဲ တမိတယ်။

သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အမိန့်အာဏာတွေကို လိုက်နာလိုစိတ် ရှိတာ ကောင်းတယ် ဆိုပေမယ့် အဲဒီစိတ်ဟာ မူရင်းက ကြင်နာတတ်သူတွေတောင် ရက်စက်တတ်သူ ဖြစ်စေတယ်....။ အဲလိုရက်စက်တတ်တဲ့ လူဖြစ်နိုင်ချေက အခုစမ်းသပ်ချက်အရ.. လူတစ်ရာမှာရဲ့ ၆၀ကျော်ဖြစ်နေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်တဲ့ ၄၀ ထဲမှာ ကိုယ်ပါနိုင်ဖို့နဲ့ ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေ၊ ဘယ်လိုအချိန်အခါတွေမှာပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ပတ်သက်သူတွေ၊ ကိုယ့်ပတ်ဝန်းကျင်က သူတွေအပါအ၀င် လူသားအားလုံးအပေါ်ကို နာကျင်အောင် လုပ်မိသူ မဖြစ်ရပါစေနဲ့လို့ ဆုတောင်းမိတယ်.. (ဗဟုသုတပေါ့နော်..)

လသာည ဖြစ်ပါတယ်..

Saturday, July 3, 2010

နားထောင်ပေးပေမယ့် မကြားသူ

မြိုင်ရာဇာတွတ်ပီ ကာတွန်းထဲမှာ မသေးမျှင်ရန်ဖြစ်ပြီး အိမ်က ဆင်းသွားတော့ ကိုတွတ်ပီက “မသေးမျှင်ကို လွမ်းလိုက်တာ၊ ထမင်းဝိုင်းမှာ ပြောတဲ့ “တော့... ကတွတ်ပီရဲ့ ဘယ်သူကလေ.. ”အစရှိတဲ့ အတင်းစကားလေးတွေကို နားထောင်စားရတာလောက် ထမင်းစားကောင်းတာ မရှိဘူး”လို့ ပြောတာကို ဖတ်ဖူးခဲ့တယ်။ (အဲလိုအဓိပ္ပါယ်မျိုးနဲ့ ပြောတာပေါ့နော်။ တိုက်ရိုက်တော့ မမှတ်မိတော့ဘူးး)))

ထမင်းဝိုင်းက ထမင်းဟင်းရဲ့ အရသာထဲမှာ အနားက စကားတွတ်တွတ် ပြောနေတဲ့ သူရှိနေခြင်းဟာလည်း ထမင်းကို ပိုမြိန်စေတယ် ထင်ပါရဲ့..။

ဂျပန်မှာ ဟိုတလောက ကြံကြံဖန်ဖန် သုတေသန တစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါက အမျိုးသားများဟာ မိမိ့အမျိုးသမီးများရဲ့ တတွတ်တွတ်ပြောစကားကို နားထောင်သလားဆိုတဲ့ သုတေသနပါ။ ဂျပန်သတင်းဌာနကနေပြီး ဦးစီးလုပ်ပြီး တိုက်ရိုက်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ နားထောင်ပြီး ဗဟုသုတရသလို ရယ်လိုက်မိတဲ့အတွက် သူငယ်ချင်းလေးတွေကို ဗဟုသုတ မျှဝေလိုက်ပါတယ်။

ပထမဆုံး အိမ်ထောင်သည် အမျိုးသမီးတွေကို အင်တာဗျူးလိုက်မေးတာပါ။ ခင်ဗျားအမျိုးသားက ခင်ဗျားပြောတာကို နားထောင်လားလို့ မေးတာတဲ့..။ အဲဒီမှာ ၈၈% သော အမျိုးသမီးများက သူတို့ရဲ့အမျိုးသားက သူတို့စကားကို နားမထောင်ကြဖူး..လို့ ရင်ဖွင့်ပါတယ်..တဲ့..။ (ဖြစ်ရပုံ.နော်း))

ဒါနဲ့ အိမ်ထောင်သည် အမျိုးသားတွေကို အင်တာဗျူးကြပြန်တယ်။ ခင်ဗျားတို့ ခင်ဗျားတို့ရဲ့ အမျိုးသမီးပြောစကားကို နားထောင်ပေးသလား..တဲ့..။ အမျိုးသား ၈၂% က နားထောင်တယ်လို့ ပြန်ဖြေတယ်။ (၁၈ % ကတော့ ထမင်းစားတုန်း နားငြီးလို့ နားထောင်ပေးဘူးလို့ ဆိုပါတယ်.။)

ဒီလိုဆိုတော့ သူတို့တွေကြားမှာ တစ်ခုခုတော့ လွဲနေပြီလေ။ နားထောင်တယ်လို့ ပြောသူနဲ့ နားမထောင်ဖူးလို့ ထင်သူ ကွဲလွဲနေတယ်။

ဒါနဲ့ နောက်ထပ် အစီအစဉ်တစ်ခု ထပ်လုပ်ပါတယ်။ အမျိုးသားက စကားနားထောင်၊ မထောင် သိသာစေတဲ့ အစီအစဉ်ပါ။ အဲဒါကတော့ အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ ညှိပြီး အမျိုးသား မပြန်လာခင် အိမ်တွင်းမှာ လျှိုဝှက် ကင်မရာတပ်ထားပြီး နားထောင်မထောင် ကြည့်တာပါ။

အမျိုးသားက အိမ်ပြန်လာပြီး ထမင်းစားချိန်မှာ အမျိုးသမီးက (ကြိုတင်စီစဉ်ထားတဲ့အတိုင်း) ထမင်းခူးပေးရင်း စကားလေးတွေ တွတ်တီးတွတ်တာ (တတွတ်တွတ်) ပြောပါတယ်။ ပြောတဲ့စကားများက အခုတလော ထမင်းစားများလို့ ဒီနေ့ ၀ိတ်ချိန်တာ အလေးချိန် ၁ကီလိုခွဲတောင် တက်ကြောင်း၊ မနေ့ကသူငယ်ချင်း “ဘယ်သူ”နဲ့ တွေ့လို့ စကားတွေ ပြောကြောင်း။ ဒီနေ့ ဈေးဝယ်တာ ကြက်သားဈေးက ယမ်း ၁၅၀ တောင် တက်သွားတယ်”အစရှိသဖြင့်ပေါ့နော်။ (ပြောစကားက တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့)

အဲဒီအချိန်မှာ အမျိုးသားများက ခေါင်းတညိမ့်ညိမ့်နဲ့ ထမင်းလေးစားလိုက် “ဟုတ်လား” “အော်”အစရှိသဖြင့် နားထောင်ပေးကြတာ တွေ့ရပါတယ်။ ထမင်းစားရင်း တီဗွီကိုလည်း သတင်းဖွင့်ထားတော့ အဲဒီဘက်ငေးရင်း ခေါင်းတညိမ့်ညိမ့် နေပေးတဲ့သူလည်း ရှိပါတယ်။

သူတို့ ထမင်းစားပြီးတာနဲ့ အချိန်ကိုက်မှာ တီဗွီကနေ..အစီအစဉ်တစ်ခုက စလာပါတယ်..။ (တကယ်က အဲဒီစမ်းသပ်တဲ့ ကာယကံရှင်ရဲ့အိမ်) အိမ်တစ်ခုတည်းကို လိုင်းကြားဖြတ်ပြီး လွှင့်တာပါ )

“အခုအချိန်က စပြီး မိန်းမပြောစကားကို နားထောင်သော ယောက်ျားများကို ဂုဏ်ပြုစကားပြောဖို့ အစီအစဉ် ပဲဖြစ်ပါတယ်။ အခု အလှည့်ကျသူကတော့ ကို(xxx ) ဖြစ်ပါတယ်။ ကို(xx)ရှင် ကျွန်မတို့က အခုမေးတဲ့ မေးခွန်းလေးတွေ ဖြေပေးပါရှင်။ ”

အမျိုးသားခမျာ အံသြကြီးစွာ ဖြစ်ရပါတယ်။
“ဟာ တီဗွီက ငါ့နာမည်ကို ခေါ်နေတယ်.. ”တဲ့။ အံ့သြစရာ ကိုယ့်နာမည်က အဲလို တီဗွီထဲ ပါစရာကို မယုံနိုင်စရာမို့ မျက်နှာက ပါးစပ်အ၀ိုင်းသား............

တီဗွီက အမျိုးသမီးက ဆက်ပြောပါတယ်..
“ဟုတ်ပါတယ်။ စကားနားထောင်သော ယောက်ျားများကို ဂုဏ်ပြုစကားပြောချင်လို့ပါ။ ဒါကြောင့် အခုနက ကို(xx)က အမျိုးသမီးစကားကို နားထောင်ပေးတာ ဂုဏ်ပြုပါတယ်။ ဒါနဲ့ ရှင့်မိန်းမက အခုနက ပြောတဲ့စကားထဲက ဒီနေ့ သူမ ၀ိတ်ချိန်တာ ဘယ်လောက်ဝိတ်တက်နေတယ်လို့ ပြောသွားပါလဲ။ ပြန်ပြောပေးလို့ ရပါမလားရှင်။”

“အဲ.. ဟိုဒင်း သူဝိတ်တက်လို့လား။ အင်း တစ်ကီလို နေမှာပေါ့”
(သူရဲ့အမျိုးသမီးက နှုတ်ခမ်းစူသွားပါပြီ။ )

“ဒါဆို ရှင့်အမျိုးသမီး တွေ့ခဲ့တဲ့ သူ့သူငယ်ချင်းနာမည်က ဘယ်သူတဲ့လဲရှင်”
“အင်း... မသိဘူး၊ မင်းဘယ်သူနဲ့ တွေ့ခဲ့တာလဲ” (သွားပြီ သွားပြီ ဒီလူတော့ မလွယ်တော့ဘူးး)
“..................”

နောက်မေးခွန်းတွေကို သူဆက် မဖြေနိုင်တော့ဘူးရယ်..။ အနားက မိန်းမက မျက်နှာတော်ညိုရုံမကဘူး ပုပ်နေပါပြီ။ ထမင်း ၂ နှပ်မကျွေးဘူးတဲ့ ကြိမ်းတဲ့သူလည်း ရှိတယ်း)))

တကယ်တော့ မေးခွန်းက လေးခုလောက်ပဲ မေးတာပါ။ သူတို့ ဂရုတစိုက်နားထောင်တယ်ထင်ရတဲ့အချိန်က ပြောတဲ့စကားလေးတွေကိုပဲ ပြန်မေးတာဖြစ်ပေမယ့် တချို့က တစ်ခုပဲ ဖြေနိုင်တယ်။ တစ်ချို့က နှစ်ခု။ တချို့က သုံးခု။ အားလုံးဖြေနိုင်သူက ၁၈ ရာခိုင်နှုန်းပဲ ရှိပြီး မေးခွန်းအားလုံးဖြေနိုင်သူအများစုဟာ အိမ်ထောင်ကျခါစ ဇနီးမောင်နှံများပဲ ဖြစ်ပါတယ်တဲ့..။ (အိမ်ထောင်သက်ကြာလေ သူတို့ကြားသမျှ ဒီဘက်နားက ၀င် ဟိုဘက်နားက ထွက်လေ ဖြစ်တယ် နဲ့ တူပါရဲ့..)

ကဲ.. ခက်ပေဘူးလား..။ နားထောင်သူကလည်း နားတော့ ထောင်ပေးသားပဲ ။ မမှတ်ပဲနေတာကတော့ ဆိုးတာပေါ့နော် .း))))

လသာညကတော့ အဲဒါ တမင်နားမထောင်တာ မဟုတ်ဖူးလို့ ထင်တာပါပဲ။
စိတ်ပညာထဲကအတိုင်း ဝေဖန်ရရင် ဦးနှောက်အလုပ်လုပ်ပုံ ကွဲပြားပုံကြောင့် မိန်းခလေးများဟာ အချိန်တစ်ခုတည်းမှာပဲ စကားပြောခြင်း၊ နားထောင်ခြင်း၊ တီဗွီကြည့်ခြင်း၊ ယပ်ခပ်ခြင်း အလုပ်တွေကို စုံအောင် လုပ်နိုင်သလောက်၊ ယောက်ျားလေးများကတော့ တစ်ကြိမ်မှာ တစ်ခုတည်းသော အလုပ် (ဥပမာ.. ထမင်းစားခြင်း)ကိုသာ အာရုံစိုက်လုပ်နိုင်လို့သာ ဖြစ်ပါတယ်။

ဒါကြောင့် ချစ်သူကို အနားမှာ ရှိစေချင်တဲ့ ချစ်ခြင်းမေတ္တာကြောင့် မကြားသော်လည်း နားထောင်ချင်ယောင်ဆောင်လို့ နားထောင်ပေးနေကြတာက အမျိုးသားများ ဖြစ်ပါတယ်..။ သူတို့ကို မေးရင် နားထောင်ပေးနေတယ်လို့ပဲ ဖြေမှာပါပဲ။ သူတို့ကိုယ်တိုင်လည်း အဲလိုပဲ ထင်နေလိမ့်မယ်။ နားထောင်သမျှ တကယ်မကြားတာကတော့ သူတို့ဦးနှောက်ရဲ့ အားနည်းချက်မို့ ခွင့်လွှတ်ပေးကြဖို့ လိုပါတယ်။

ကြည့်လို့ရရင် ဒါလေးကို ကြည့်သွားပါဦးလို့..


အိမ်ထောင်သက်ကြာလေ မကြားလေ ဖြစ်ရတာကတော့ အသက်ကြီးလာတာရော၊ သူတို့ထားတဲ့ တစ်ခုတည်းသောအာရုံက ထမင်းအာရုံဘက် ပိုများသွားတဲ့သဘောပါတဲ့.။ (မိန်းမ ရခါစတော့ ထမင်းထက် ရခါစ မိန်းမမျက်နှာလေးကိုပဲ အာရုံစိုက်နားထောင်နေတော့ ပြောသမျှ အားလုံး နားထောင်မိ၊ မှတ်မိသွားပေမယ့်၊ မိန်းမရတာ ကြာသွားတော့ မိန်းမထက် ထမင်းကို အာရုံပိုစိုက်သွားတယ် ထင်ပါရဲ့နော်းD)

အမျိုးသမီးများဘက်က ကိုယ့်စကားကို သူတို့နားထောင်ဖို့နည်းလမ်းကတော့ အရေးကြီးတဲ့ စကားပြောဖို့ရှိတဲ့အခါ သူတို့နားတဲ့အချိန်ကို ယူပြီး နားထောင်စေပါ။ ဒါဆိုရင် အဆင်ပြေသွားမယ်လို့ ထင်ရပါကြောင်း ဖတ်ရှူ မှတ်သားမိပါတယ်...။

အားလုံးအတွက် စိတ်ပျော်ရွှင်ချမ်းမြေ့စရာ အားလပ်ရက်ကလေး ဖြစ်ပါစေနော်။
လသာည ဖြစ်ပါတယ်။

Monday, June 21, 2010

နားလည်ပေးသည်ဆိုရာဝယ်..

(တစ်စုံတစ်ယောက်ကို နားလည်မှုအပြည့်အ၀ပေးချင်တယ်။ သူ့ကို နားလည်အောင် ကြိုးစားရင်း နားမလည်နိုင်ဘူး..။ အပြန်အလှန်နားလည်နိုင်ဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ.. ။ ကျေးဇူးပြုပြီး အကြံပေးပါဦး..) လို့ ကွန်မန့်မှာ မေးလာတာကို တွေ့ရလို့ ဘာပြောရမှန်းမသိအောင် ဖြစ်သွားတယ်။ တစ်စုံတစ်ဦးကို အပြည့်အ၀ နားလည်ပေးချင်တဲ့ စိတ်ထားလေးကို လေးစားအားကျတာရော၊ ကိုယ့်ကို အားကိုးတကြီး လာမေးတဲ့အတွက် အံ့သြသွားတာရောပါ.. (နာမည်ရေးမထားလို့ ဘယ်သူမှန်းမသိပေမယ့် တရင်းတနှီး လာမေးတာမို့ တရင်းတနှီး မောင်နှမလို ပြောခွင့်ပြုပါ.နော်.။)

တကယ်တော့ သူတပါးကို နားလည်ပေးခြင်းဆိုတာနဲ့ ပတ်သက်ပြီး လသာည သိပ်မသိပါဘူး။ အခုအထိလည်း သူတပါးကို နားလည်ပေးဖို့ များသောအားဖြင့် ကြိုးစားခဲ့ပေမယ့် အမြဲနားလည်ပေးနိုင်သူ မဖြစ်သေးပါဘူး။ တကယ်လည်း သူများကို အပြည့်အ၀ နားလည်ပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်မိတယ်.. ။ တို့ ဖတ်မိသလောက် ဗဟုသုတအရ ပြောပြရရင်..

၁) ကိုယ့်ထက် အသက်ကြီးသူမို့ ကိုယ့်ကိုနားလည်နိုင်လိမ့်မယ်လို့ မယူဆပါနဲ့..
ကိုယ့်ထက် အသက်အရွယ်ကြီးတိုင်း ကိုယ့်ကို နားလည်မပေးနိုင်ဘူး..။ လူတိုင်းဟာ ကိုယ့်အသက်အရွယ် ကိုယ့်အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး သူများကို နားလည်ပေးဖို့ စဉ်းစားတာပါ။ အခု လသာည အသက်၃၀ကျော် အရွယ်ကနေ ကိုယ့်အောက်က အသက်၂၀ကျော် ညီမကို အပြည့်အ၀ နားမလည်ပေးနိုင်သေးသလို ကိုယ့်အထက်က အသက်၄၀ ကျော်အစ်မကို အပြည့်အ၀ နားမလည်သေးဖူး..။ အသက် ၆၀ ကျော် မိဘတွေကို အပြည့်အ၀နားလည်ပေးဖို့ ဆိုတာ ပိုမဖြစ်နိုင်ဖူး..။ ကိုယ့်အသက်၃၀ ကျော်က ၃၀ကျော်အထိ သိလာတဲ့အသိနဲ့ ပဲ သူတို့ကို မြင်တာဆိုတော့ သူ့တို့အသက်အရွယ် သူတို့အတွေ့အကြုံအရ သူတို့နဲ့ကိုယ် တွေးခေါ်တာ မတူနိုင်ဖူး..။

၂) ကိုယ့်နဲ့ တအားခင်တဲ့ သူငယ်ချင်းမို့ ကိုယ့်ကိုအမြဲနားလည်လိမ့်မယ်လို့ မယူဆပါနဲ့..
ဒါကတော့ သိသာတယ်လေ..။ လူဆိုတာ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်နဲ့ မျိုးရိုးဗီဇ ပေါ်မှာ မူတည်ပြီး ကိုယ်ကျင့်တရား၊ စိတ်နေစိတ်ထား အမျိုးမျိုးရှိသတဲ့..။ လည်ပင်းဖက် ပေါင်းလာတဲ့ သူငယ်ချင်းဖြစ်ပါစေ..။ သူ့မိသားစုအသိုင်းအ၀ိုင်း၊ သူကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မတူတော့ စိတ်ထားမတူနိုင်ဘူး..။ ခံယူချက်မတူဘူး..။ မိဘအပြည့်အစုံနဲ့ ကြီးပြင်းရတဲ့ ကလေးက မိဘ မစုံမလင် (ဒါမှမဟုတ် အမိမဲ့ အဖမဲ့) ကြီးပြင်းလာရတဲ့ ကလေးရဲ့ မေတ္တာငတ်တဲ့ ခံစားချက်ကို အပြည့်အ၀ နားလည်ပေးနိုင်မှာ မဟုတ်ဖူး..။ ဆင်းရဲစွာ ကြီးပြင်းလာရတဲ့ကလေးရဲ့ ငွေမက်မောမှုအပေါ် ရွှေပုံပေါ်မှာ မွေးဖွားလာတဲ့ လိုတရဘ၀က ကလေးက နားလည်နိုင်မှာ မဟုတ်ဖူး.. ။ “ငွေကို နှမြောစေးနည်းတယ်၊ ပိတ်ချီးကပ်တယ်”လို့ ပဲ သုံးသပ်မှာပဲ..။

၃) မောင်နှမအရင်းမိုလို့ ကိုယ့်ကိုနားလည်မှာပဲလို့ မထင်ရဘူး။
မိသားစုတစ်ခုမှာပဲ အစဉ်လိုက်မွေးဖွားလာကြတဲ့ မောင်နှမတွေဟာ တမိတည်းပေမယ့် စိတ်နေစိတ်ထား စွမ်းဆောင်နိုင်ရည်နဲ့ စရိုက်လက္ခဏာ မတူဘူးနိုင်ရယ်။ အကြီးဆုံးဖြစ်ရတဲ့အတွက် အငယ်ကို ညှာရမယ်လို့ သွန်သင်ခံရတဲ့ ကလေးတစ်ယောက်ရဲ့ ဆုံးရှုံးသွားတဲ့ အတ္တမဲ့ခံစားချက်ကို အကြီးဆုံးသားဖြစ်ဖူးတဲ့ သူကမှ သိနိုင်မယ်။ ကျန်တဲ့ မောင်နှမတွေက မသိနိုင်ဖူး။

အငယ်ဆုံးဖြစ်လို့ အလိုလိုက်ခံရတဲ့အတွက် အရာရာကို ဦးမဆောင်နိုင်တဲ့ ညီမထွေးကို “ငါမပြောပဲ ကိုယ့်ဘာသာ မလုပ်နိုင်ရင် တသက်လုံး နင်ဒီလိုပဲ နေတော့မှာ”လို့ ဆူပူနေတဲ့ အကိုကြီးကို ညီမတွေအပေါ်နားလည်မှုမရှိဘူးလို့ ပြောလို့မရဘူး.။ သူတကယ် မသိဘူးလေ..။ သူ့စိတ်နဲ့ သူ့စွမ်းရည်နဲ့ နှိုင်းကြည့်ပြောနေတာ မို့လား။

၎) ကိုယ့်မိဘမို့ ကိုယ့်ကို နားလည်မှာပဲလို့ အမြဲမတွေးရဘူး..။
မိဘကလည်း သူ့ကြီးပြင်းလာခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ကိုယ့်ကိုနှိုင်းယှဉ်ဆုံးမလိမ့်မယ်။ လသာညရဲ့ အဖေက သူ့မိသားစုမှာ အလတ်ဖြစ်ခဲ့တယ်။ အကိုကြီးနဲ့ ညီထွေးကြားမှာ ကြီးပြင်းခဲ့တဲ့ အဖေ့ရဲ့ မသိစိတ်မှာ “အလတ်တွေ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အထီးကျန်စိတ်” ရှိနေခဲ့တယ်။ ဒါကြောင့်လည်း ရင်ထဲကမသိစိတ်နဲ့ သားလတ်၊ သမီးလတ်ဖြစ်သူ အပေါ် ပိုညှာတာနေခဲ့ပြီး၊ သူ မခံစားခဲ့ရတဲ့ မေတ္တာကို ပိုပေးနေမိမယ်။ သမီးငယ်ဖြစ်သူရဲ့ ခံစားမှုကို သူသိပ်နားမပေးနိုင်တာဟာ သူ့မကြုံဖူးတဲ့သူ့ဘ၀ အတွေ့အကြုံကြောင့်ဖြစ်ပါတယ်။ သူ့က သမီးငယ်ကို မချစ်လို့ နားလည်မပေးချင်လို့ မဟုတ်ဖူးရယ်။

၅) ကိုယ်အားငယ်တိုင်း အားပေးတတ်သူက အားမပေးတော့တဲ့အခါ ကိုယ့်ကိုနားမလည်တော့ဘူးလို့ ကောက်ချက်မချနဲ့..။
ကိုယ်အားငယ်တဲ့အချိန် လာအားပေးတတ်တဲ့ မိတ်ဆွေတွေ ရှိတယ်။ ဒါပေမယ့် တခါတလေ ကိုယ်အားငယ်ချိန် သူက အားပေးချင်မှ အားပေးလာလိမ့်မယ်။ အဲဒီအခါ သူက ငါ့ကိုနားလည်မပေးနိုင်တော့ဘူး။ ငါ့ကို မခင်တော့ဘူးလို့ တွေးတတ်တယ်။ ဒါပေမယ့် အဲဒါဟာ ကိုယ့်အပေါ်စိတ်ထားပြောင်းသွားလို့၊ မခင်လို့ မဟုတ်ပဲ ကိုယ့်ကို သူတကယ် အားပေးရမှန်း မသိလို့ လည်း ဖြစ်နိုင်တယ်။ လက်ရှိ ကိုယ်အားငယ်နေတဲ့ အကြောင်းအရာက သူ့အတွက် အားငယ်စရာမဟုတ်ဖူးလို့ သူခံယူထားသူဖြစ်နိုင်တယ်လေ..။

၆) ကိုယ့်ကို တအားချစ်ပါတယ်ဆိုတဲ့ ချစ်သူကလည်း ကိုယ့်ကို အမြဲ နားလည်နိုင်မှာ မဟုတ်ဖူး..
ဒါကတော့ သိတဲ့အတိုင်း ယောက်ျားနဲ့ မိန်းမ ဇီဝဖွဲ့စည်းပုံမတူတဲ့ အတွက် အတွေးအခေါ်၊ စွမ်းဆောင်နိုင်ရည်၊ ပတ်ဝန်းကျင်က သတ်မှတ်ချက် ကွဲပြားတယ်မဟုတ်လား..။ ဒါပေမယ့် နောက်ဆုံးထွက်သက်အထိ သေတပန် သက်တဆုံး ပေါင်းသင်းသွားကြတဲ့ အဘိုးအဘွားတွေ အများကြီးရှိတယ်။ သူတို့လည်း တစ်ဦးကိုတစ်ဦး “အပြည့်အ၀”နားလည်ပေးနိုင်သွားတာ မဟုတ်ပါဘူး။။

အတူတူ ယှဉ်ထိုင်ပြီး အကြောင်းအရာတစ်ခုကို ဆုံးဖြတ်တာတောင် ရှူထောင့်က မတူတော့ ညှိနှိုင်းရတာတွေ အများကြီးရယ်။ သူ့မြင်တာကို ကိုယ်က လက်ခံပေးလိုက်၊ ကိုယ်မြင်တာကို သူ့ကလျှော့ပေးလိုက်နဲ့ ပဲ တစ်သက်တာကို လက်တွဲကြတာပါ..

ရ) ကိုယ့်ကိုယ်တောင် နားလည်မှုအပြည့်အ၀ မပေးနိုင်ဖူး..
လူရဲ့ စိတ်က အမျိုးမျိုးပြောင်းလဲနေတာ..။ ကောင်းကင်က တိမ်တွေနဲ့တောင် နှိုင်းကြတယ်မို့လား..။ မနက်ဖက် သာယာတဲ့ စိတ်ကလေးနဲ့ ရုံးကို အသွားမှာ ရှိနေတဲ့ကိုယ့်စိတ်ထားနဲ့ ညနေဘက် ရုံးကနေ ပင်ပန်းပြီး stress အပြည့်နဲ့ ပြန်လာတဲ့အချိန်မှာ ရှိနေတဲ့ ကိုယ့်စိတ်ထား ဘယ်လိုမှ မတူနိုင်ဖူး..။ တခါတလေ ပင်ပန်းလွန်းလို့ ဘေးနားကလူတွေကို ပြန်အော်မိတယ်။ နောက်ပြန်တွေးကြည့်ပြီး အော် ငါ့နှယ် ဘာလို့ သူ့ကိုအဲလို အော်မိပါလိမ့်လို့ ကိုယ့်ကိုနားမလည်နိုင်အောင် ဖြစ်ရတယ်။

ခန္ဓာဗေဒအားဖြင့်လည်း မိန်းခလေးတွေဆိုရင် ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာခါနီးအချိန်တွေဆို ပုံမှန်ထက် အားငယ်စိတ် သိမ်ငယ်စိတ်ဖြစ်ရတယ်။ အဲဒီအချိန်ဆို အလိုလို ကိုယ့်ကိုယ့်ကို အားမရသလို သူများတွေကိုလည်း မကျေမနပ်ဖြစ်ရတယ်။ စကားတွေ အကျကောက်တယ်။ ဒါဟာ ဒါကြောင့်ဖြစ်နိုင်တယ်လို့ စာတွေဖတ်ပြီး ကိုယ့်စိတ်ကိုနားလည်အောင် ကြိုးစားကြပေမယ့် အခါခပ်သိမ်းနားလည်နိုင်သလားဆိုတော့ မိန်းခလေးတိုင်း နားမလည်နိုင်ကြဘူးရယ်။

၈) အပြည့်အ၀ ၁၀၀% နားလည်ဖို့ဆိုတာ ဘယ်နယ်ပယ်မှာမှ မဖြစ်နိုင်ဖူး။
အောင်မြင်တဲ့ ဆေးတစ်ခုဟာ သက်ဆိုင်ရာလူနာ ၁၀၀%ကို ကုသပျောက်ကင်းနိုင်လိမ့်မယ်လို့ ဘယ်သူမှ မပြောနိုင်ဖူး..။ ဘယ်သုတေသန မဆို အောင်မြင်မှုကို ရာခိုင်နှုန်းနဲ့ပဲ ပြောကြရတယ်။ ဒီဆေးဟာ (ဥပမာဆိုပါစို့) ၉၀ ရာခိုင်နှုန်းသော ဒီဝေဒနာရှင်တွေကို ပျောက်ကင်းနိုင်ပါတယ်လို့သာ ကြေငြာရပါတယ်။ ကျန်တဲ့ ၁၀ရာခိုင်နှုန်းကတော့ မသေချာတဲ့ error အဖြစ်သတ်မှတ်ကြရတယ်။ တခြား သိပ္ပံနယ်ပယ်တွေမှာ သီအိုရီအသစ် ထုတ်တိုင်းမှာလည်း ဒီအတိုင်းပါပဲ..။

သိပ္ပံပညာလို တိကျတဲ့ နေရာမှာတောင် ၁၀၀% ဆိုတာကို မပြောကြဘူးဆိုတော့ အပြောင်းအလဲမြန်တဲ့ “လူရဲ့စိတ်နေစိတ်ထား”ကို နားလည်ဖို့ဆိုရင် ပိုဆိုးပြီပေါ့..။ စိတ်ပညာထဲက သုတေသနတွေမှာ ၇၀% အထက်ကို အများဆုံး မှန်ကန်မှုလို့ သတ်မှတ်ရတယ်လေ..။

ဒါကြောင့်.. တစ်စုံတစ်ယောက်ကို နားလည်ပေးဖို့ဆိုတာ အပြည့်အ၀ ၁၀၀% မဖြစ်နိုင်ပါဘူး..။ အကြိမ်အရေအတွေအနေနဲ့ ၁၀ကြိမ်မှာ ၇ ကြိမ်လောက် နားလည်မှုထားနိုင်ရင်ကို အများကြီး နားလည်ပေးနိုင်တယ်လို့ ယူဆရမှာပါ။ ကျန်တဲ့ ၃ကြိမ်ကတော့ ကိုယ်နားမလည်နိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မျိုးရိုးဗီဇ၊ တွက်ချက်မရနိုင်တဲ့ ကံတရားတွေ စတာတွေနဲ့ ကိုယ်တကယ်နားမလည်နိုင်တာတွေ အရာတွေမို့ “ငါဟာ သူ့ကို အပြည့်အ၀ နားလည်မှုမပေးနိုင်ပါလား”လို့ စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကို ညှင်းဆဲစရာ မလိုသလို၊ သူများက ကိုယ့်ကို နားလည်မပေးနိုင်တဲ့အခါလည်း “သူ့က ငါ့ကို ဒါလေးတောင် နားမလည်ပေးနိုင်ဘူး”လို့ စိတ်မဆိုးမိပဲ လိုပါတယ်..။

အနောနိမတ်စေလေးရေ.. တကယ်တော့ မိဘနဲ့ သားသမီးပဲ ဖြစ်ဖြစ်၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအချင်းချင်းပဲ ဖြစ်ဖြစ်၊ အိမ်သူသက်ထား ဇနီးခင်ပွန်းပဲ ဖြစ်ဖြစ်.. နားလည်ပေးနိုင်သလောက် နားလည်ပေးပြီး ကျန်တာတော့ ခွင့်လွှတ်ပေးခြင်းနဲ့ပဲ လက်ရှိသံဃောဇဉ်ကို ထိန်းသိမ်းနိုင်မယ်လို့ အစ်မ ထင်မြင်မိပါတယ်။ အစ်မ ဖတ်မှတ်နားလည်တာတော့ ဒီလောက်ပဲရယ်..။ အစ်မလည်း အဲဒီအတိုင်း လိုက်နာနိုင်သေးတာ မဟုတ်လို့ အခုထိ မိဘတွေကို စိတ်ကောက်တုန်း၊ သူငယ်ချင်းတွေနဲ့ စကားနိုင်လုတုန်း၊ အမျိုးသားကို ရန်ဖြစ်ချင်တုန်းသာ ဖြစ်ပါတယ်လို့နော်းD
အစစ စိတ်ချမ်းမြေ့ပါစေ..
လသာည ဖြစ်ပါတယ်

Saturday, June 19, 2010

အတင်းပြောခြင်းသည် stress ကိုလျော့စေသတဲ့

အဲ..ခေါင်းစဉ်ကြည့်ပြီး လန့်များပြေးတော့မလား..။ မလန့်နဲ့သိလား..၊ လသာည မပြောဘူး :don ဟိုလူတွေ ပြောတာ (စိတ်ပညာဆိုတဲ့ ရပ်ကွက်ကလူတွေပြောတာ) တကယ်တော့ လသာည အတင်းသိပ်မပြောတတ်ဘူး.ရယ်.။ အတင်းဖွဖွလေးပဲ ပြောတတ်တားD ။ အခု အတင်းပြောပါမယ်။ အရမ်းခင်တဲ့ အစ်မတစ်ယောက်တို့ လင်မယားအကြောင်းပါ။ သူတို့က တအားကို အတင်းတုတ်တတ်ပါတယ်။ သူတို့ အတင်းတုတ်သူတွေက နှယ်နှယ်ရရမဟုတ်ဖူးရယ်..။ ခပ်မြင့်မြင့်တွေ..။ ဟိုး နိုင်ငံရပ်ခြားက ဟိုးအဝေးကြီးက သူတို့ကို မသိတဲ့အရာတွေ ၊သူတို့ အပြင်မှာ မမြင်ဘူးတဲ့ သူတွေရဲ့ အတင်းကို တုတ်သတဲ့..။ ဥပမာ ပြောပြမယ် တိုကျိုတာဝါက ယိုင်နေသတဲ့။ ဂေါ်ဇီလာကို မျိုးတုန်းအောင် လုပ်သူဟာ ကင်းကောင်တဲ့။ နောက်ပြီး နိုင်ငံခြား အဆိုတော်တွေရဲ့ အတင်းကိုလည်း စုံအောင် တုတ်တယ်။ ဘရစ်တနီက ဘောင်းဘီမ၀တ်ဖူးတဲ့ (စကတ်ဝတ်တာ ပြောချင်တာနေမှာပါ။)

တခါလည်း ကိုယ့်ရှေ့တင်ပဲ လင်မယား နှစ်ယောက်သား အပြိုင်အဆိုင် နာမည်ကျော် ဘောလုံးသမားတွေရဲ့ အတင်းကို အားရပါးရပြောတာ သူတို့လုပြောနေတာ နားညည်းလာလို့ အိမ်ပြန်မယ်ဆိုပြီး မနည်းစကားဖြတ်ယူရတယ်။ သူတို့က အတင်းပြောစရာထပ်သွားလို့ ပြောစရာစကား ရှာမရရင် နောက်ဆုံး ခြံထဲက ကြက်မက ဥမဥပဲ မြုံတာကို အတင်းတုတ်တယ်ဆိုပဲ စံပါပဲ :D..ထူးဆန်းတာက သူတို့အတင်းတုတ်တာ သူဘေးက လူတွေ အကြောင်းသိပ်မကြားရဘူး ဆိုတဲ့အချက်ပါပဲ။ လသာညရဲ့ အတင်းလည်း သူတို့ မတုတ်ဘူး (ထင်တာပဲ ၅၀% ပဲ ယုံပေးထားတယ်း))
အတင်းပြောတယ်ဆိုတာ ပြောသူက တဖက်သားကို နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောတာရှိသလို၊ တခါတခါ ကိုယ် စိတ်ညစ်နေလို့ ကိုယ့်စိတ်ထွက်ပေါက်အဖြစ် ဟိုရောက်ဒီရောက် လျှောက်ပြောရင်း သူများဆိုးကြောင်းကို ပြောဖြစ်သွားတာမျိုး ရှိတတ်တယ်။ အဲဒါမျိုးက ကာယကံရှင်တောင် သတိမထားမိတတ်ဘူး။ တခါတလေကျတော့ ကိုယ်က တစ်စုံတစ်ယောက်ကို မကျေနပ်ဘူး။ သူက ကိုယ့်ထက် ကြီးတဲ့သူဖြစ်နေတယ် (အရာရှိ သို့မဟုတ် မိဘ အကြီးအကဲ)။ ဒါကြောင့် သူတို့လုပ်ရပ်ကို မကျေနပ်တာကို တိုက်ရိုက်ပြန်ပြောရင် အဆူခံရနိုင်တယ်။ အဆင့်မသင့်ရင် အလုပ်ပြုတ်နိုင်တယ်။ ဒါကြောင့် ကွယ်ရာမှာ အချင်းချင်း မကျေလည်တာ ပြောကြတယ် (အဲ.. ရင်ဖွင့်တာပေါ့နော်။) ဘာပဲဖြစ်ဖြစ် ကွယ်ရာပြောတော့ အတင်းဖြစ်တော့တာပေါ့..။

ဒါပေမယ့် အဲဒီ “အတင်းပြောခြင်း”ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ပညာက.. “လူတွေဟာ စိတ်မှာ stress တွေများလာတဲ့အခါ ထွက်ပေါက်အဖြစ် သူများအကြောင်းကို ပြောဖြစ်သွားတယ်”လို့ ဆိုပါတယ်။ ဟိုတလောက သတင်းတစ်ခုမှာ “အတင်းပြောခြင်းဟာ stress ကိုလျော့စေကြောင်း” အကြောင်းကို လက်တွေ့စမ်းသပ်ချက် ဗွီဒီယိုဖိုင်နဲ့တကွ တင်ပြသွားတာကို ကြည့်လိုက်ရတယ်။ စိတ်ဝင်စားစရာ ကောင်းလို့ ပြောပြမယ် သိလား.။ သူက ဗွီဒီယိုကို ပေးမရှယ်တဲ့အတွက် စကားလုံးနဲ့ပဲ ရှယ်မယ်နော်။ (ဟော.. အတင်းများ ပြောမိသွားလားမသိ ??)

ဒီလိုတဲ့..။ ခရီးသွား ဟိုတယ်တစ်ခုမှာ ဧည့်ကြိုဝန်ထမ်းအမျိုးသမီးလေးတွေ (၆ယောက်)ကို စမ်းသပ်ခဲ့တာပါ။ အဲဒီနေ့က သူတို့ကို သုတေသနလုပ်ချင်လို့ပါလို့ ကြိုပြောပေမယ့် ဘာသုတေသနမှန်း မပြောခဲ့ဘူး..။ သူတို့ကတော့ သူတို့ကို ဓါတ်ပုံ ဗွီဒီယို အလှရိုက်မယ်လို့ထင်လို့ အလှဆုံးပြင်လာကြတယ်..။ နည်းနည်းလေး ပဲများလာကြပြီး အလုပ်လုပ်ဖို့ကိုလည်း ခါတိုင်းနေ့တွေထက် တအားလည်း တက်ကြွနေကြတယ်။ ဒီလိုအချိန်မှာ stress hormone စမ်းတဲ့ testerနဲ့ stress hormone ဘယ်လောက်ရှိလဲဆိုတာကို စမ်းသပ်မှတ်ထားပါတယ်။ (အဲဒီ testerက ချိုချဉ်လောက်လေးပဲ ရှိပြီး အဖြူရောင်ချိုချဉ်လေးလို့ ထင်စရာပါ။ ) အဖျားတိုင်းတဲ့ သာမိုမီတာလိုပဲ ပါးစပ်ထဲမှာ အဲဒီချိုချဉ်လေးကို ငုံပြီး စမ်းသပ်တာဖြစ်ပါတယ်။

နောက်တော့ သုတေသီက ပြန်သွားပါတယ် (သုတေသီက လူကိုယ်တိုင်ကသာ ပြန်တာပါ။ ဧည့်ကြိုဝန်ထမ်းမလေးတွေရဲ့ ကောင်တာကို မြင်ရတဲ့နေရာမှာ ဗွီဒီယိုကင်မရာကို လျှို့ဝှက်စွာ တပ်ထားခဲ့တယ်).။ အဲဒီနေ့က ဧည့်ကြိုဝန်ထမ်းမလေးတွေခမြာ တော်တော်လေး ကံမကောင်းတဲ့နေ့လို့ပြောရပါမယ်။ လာတည်းတဲ့ ဧည့်သည်တွေရဲ့ ကွန်ပလိန်းအမျိုးမျိုး တွေကို မပြီးနိုင်မစည်းနိုင် ဖြေရှင်းနေရတယ်။ ဒီကြားထဲ မန်နေဂျာကလည်း သူတို့ကို လာဆူသွားသေးတယ်။ မနက်က ပြုံးကြည်နေတဲ့ မျက်နှာလေးတွေဟာ နေ့လည်ကျတော့ တဖြည်းဖြည်းနဲ့ မဲ့လာခဲ့တယ်။

နေ့လည်၁နာရီထိုးတော့ သုတေသနသမားက ပြန်ရောက်လာပြီး ချိုချဉ်လေးငုံပေးပါဦးလို့ လာတောင်းဆိုတယ် (တကယ်က stress hormone tester နဲ့ ဟိုမုန်းပြန်စစ်တာ)..။ စိတ်ညစ်ပါတယ်ဆိုမှ သုတေသနသမားကလည်း တမှောင့်နော်..။ ဒါနဲ့ မနက်ကလောက် ပြုံးပြီး ပဲများမနေတော့ပဲ မြန်မြန်ပြီးပြီးရော သူတို့ငုံပေးလိုက်တယ်။ တကယ်ပဲ သူတို့တွေ မနက်ကလောက် စိတ်မရှည်တော့ဘူးရယ်။

အဲဒီ testerကနေပြီး သုတေသနသမားတွေ့ရတဲ့အဖြေကတော့ stress hormoneက (ပုံမှန်မှာ နေ့ဘက်ကို လျော့ရမှာကို မလျော့တဲ့အပြင် မနက်ကထက် ပိုတက်နေတာကို တွေ့ရတယ်။ (တစ်ယောက်နဲ့တစ်ယောက် တက်တဲ့နှုန်းတော့ မတူဘူး)

ဒါနဲ့ သုတေသီက မန်နေဂျာကို အကူအညီတောင်းပြီး မန်နေဂျာကတဆင့် ကောင်တာက အမျိုးသမီးလေး၆ ယောက်ကို လူစုခွဲပြီး တ၀က်(သုံးယောက်)ကို ကောင်တာမှာပဲ ဆက်ထားလိုက်ပြီး တ၀က် (၃ ယောက်)ကို ကော်ဖီလေး သွားဖျော်ပေးပါလို့ ခိုင်းလိုက်တယ်။

အိုး.. ဇာတ်လမ်းက အဲဒီမှာစတာပါပဲ..။ .ဘာပြောကောင်းမလဲ ကော်ဖီသွားဖျော်တဲ့ ကောင်မလေး ၃ယောက်ဟာ ကော်ဖီဖျော်တဲ့ ကောင်တာမှာ ပေါက်ပေါက်ဖောက်သလို စကားတွေ ပြောကြပါတော့တယ်.။

“ဟဲ့ ဟိုဧည့်သည် တော်တော် အပေါက်ဆိုးတယ်။ ရုပ်ကိုက ပြုတ်မနှုးနဲ့ ဟင်း” “ဟုတ်ပ..တကယ်ပဲ ပြောချင်ဘူး။” “အရေးထဲ သုတေသနလာလုပ်တဲ့သူကလည်း လာရှုပ်သေးတယ်..။”“ မန်နေဂျာက သူ့အမျိုးသမီးနဲ့ ရန်ဖြစ်လာသလားမသိဘူး။ အလကားနေရင်း ငါတို့ လာမာန်နေတယ်။ သူ့မိန်းမက ....လေ။...............။ ဟွန်း”“ ဟုတ်ပဟယ်၊ ငါ့ရည်းစားသာဆို ဒါမျိုးဘယ်ရမလဲ” “ဟယ် ပြောပါဦး..” ...............အမ်.. ညည်းက ဟိုကောင်မလေးကို ဟိုလိုပြောပစ်ခဲ့ ဘူးလား... ခက်တယ် ခက်တယ်.. ခုတော့ အဲဒီ ဟိုတစ်ယောက်လေ.. ...........”

အစ ရှိသဖြင့်.. ပြောကြတာ ၁၀မိနစ်နဲ့လည်း မပြီး၊ ၁၅မိနစ်နဲ့လည်း မပြီး၊ (“စိုင်းစိုင်းရဲ့ သီချင်းထဲကလို“သူများအကြောင်းလည်း မပြောတတ်ပါ၊ စပ်မိစပ်ရာ ဘာညာကွိကွ..ပေါ့နော်း))). (တကယ်တော့ သူတို့ ပြောသမျှကစကားအားလုံးက လျှိုဝှက်စွာ တပ်ထားတဲ့ ဗွီဒီယိုကင်မရာကတဆင့် သုတေသီတို့ အခန်းကနေ မြင်နေကြားနေခဲ့ပြီး ဖြစ်တာကို သူတို့ မသိကြဘူးလေ) ဒီလိုနဲ့ နာရီဝက်ရှိမှ မန်နေဂျာ လိုက်ခေါ်တော့မှ မချောသုံးယောက် ပြုံးစိပြုံးစိနဲ့ ပြန်လာပါတော့တယ်။ (မန်နေဂျာကလည်းနော် ကော်ဖီနှပ်နေတာ ကြာလေ ကောင်းလေဆိုတာ မသိဘူးထင်ရဲ့ ဟိဟိ..ဆိုတဲ့ အတွေးနဲ့ ဖြစ်ချင်ဖြစ်နေမှာ။)

ကောင်တာကို ပြန်လာချိန်မှာတော့ သူ့တို့မျက်နှာက စစ်အောင်နိုင်တဲ့ စစ်သေနာပတိရဲ့ ပီတိမျိုးနဲ့၊ ဆေးမစားမှီပုံနဲ့ ဆေးစားပြီးပုံလို ကွာခြားသွားပြီ။ (မန်နေဂျာကလည်း အခုတကယ်စိတ်ဆိုးနေပြီ။ သူက သူ့အတင်းပြောတာလည်း ကြားပြီးပြီကိုး အဟိ။) ဒီတော့ ပွဲက ပိုကြမ်းသွားတယ်။ .သူတို့နားကို လက်ဖက်ခြောက် ခပ်လို့ရအောင် ပွက်ပွက်ဆူသွားတယ်ပေါ့။ သူဘယ်လောက်ဆူဆူ ဆေးစားပြီး သုံးယောက်ကတော့ ထီမထင်အပြုံးတွေနဲ့ ကြည်လင်စွာ ရှိနေပြီး။ ဆေးမစားရတဲ့ ကောင်တာက သုံးယောက်ကတော့ ချက်ချင်းကို ငိုချတော့မလို ဖြစ်နေပြီ )။

အဲဒီအချိန်မှာ သုတေသီပြန်ရောက်လာတယ်။ ပြီးတော့ နောက်ဆုံးအနေနဲ့ ဒါလေးကို ငုံပေးပါဦးဆိုပြီး လာတောင်းပန်ပါတယ်။ ရလာဒ်ကတော့ တအားကို သိသာပါတယ်။ (အတင်းပြောခြင်းဆိုတဲ့ဆေး) ဆေးစားပြီးသူ ၃ ဦးမှာ stress ဟိုမုန်းလျော့သွားသလောက် မစားရသူများကတော့ ၂ ဆလောက်ကို ထိုးတက်သွားတယ်တဲ့..။

ကဲ ကဲ.. ယုံပြီလား.. အတင်းပြောတဲ့သူတွေ stress လျော့သတဲ့..။ ဗဟသုတု.. ဗဟုသုတလေးပါ..။

(လသာည၏ ဖြည့်စွက်ချက်။ တကယ်တော့ အတင်းပြောခြင်းဆိုတာ.. လတ်တလော ကိုယ့်အတွက် stress လျော့စေတာသာဖြစ်ပေမယ့် ကိုယ်ပြောတဲ့ အတင်းကြောင့် တဖက်နားပေါက်သွားပြီး ဖြစ်လာမယ့် ခင်မင်မှုပျက်စေခြင်း၊ ကိုယ့်ရဲ့ အကျင့်သိက္ခာ ထိခိုက်ခြင်း၊ စီးပွားရေး လူမှုရေးပျက်ပြားစေခြင်းဆိုတဲ့ ဆိုးကျိုးတွေတော့ ရှိနိုင်မယ်လေ)

ကဲ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မလည်း stress ပြေဖို့ ကျွန်မသိတဲ့ အစ်မတစ်ယောက်အကြောင်း အတင်းတုပ်ပြီးပါပြီ။ ဧည့်ကြိုဝန်ထမ်းမလေးတွေအကြောင်းလည်း အတင်းတုတ်ပြီးပါပြီ။ ဒီတော့ကာ အခု နေလို့ကောင်းသွားပြီဆိုတော့ ကနေ့တော့ အတင်းပြောခြင်းကို ဒီလောက်နဲ့ပဲ ရပ်ဦးမယ်။ နောက်ရက်မှ သူငယ်ချင်းတွေ အတင်းကို တုတ်ဦးမယ်.. (လသာည သတိထား ကင်မရာတပ်ထားတယ် ဟုတ်ကဲ့ ဟုတ်ကဲ့

လသာည ဖြစ်ပါတယ်:D
မှတ်ချက်.. ဓါတ်ပုံတွေ google မှာ ရယူပါတယ်

Saturday, June 5, 2010

အမြင်မှားတတ်တယ်-၂

စိတ်ပညာက ပုံရိပ်လေးတွေကို စုစုစည်းစည်းရလို့ သိမ်းတင်ထားဖို့ ဆုံးဖြတ်မိတယ်..။ စိတ်ဝင်စားစရာ အရမ်းကောင်းတယ်...။

အောက်ကပုံလေးကို မင်းဘာမြင်လဲဟင် !

GOOD လို့ ဖတ်မိတယ်ဟုတ်။ အဲလို ဖတ်မိရင် အဲလိုပဲ ကောင်းတယ်။ အဲလိုပဲ ဖတ်နော်။ မမှားဘူးသိလား...။ ဒါပေမယ့် EVIL လို့ မြင်သူရှိတယ်။ သူ့ကိုလည်း နားလည်ပေးလိုက်ပါ.. (အဖြူရောင်နဲ့ ပြန်ဖတ်ကြည့်ရင် EVIL လို့ မြင်နိုင်တယ်လေ..)

အောက်က ပုံမှာ စာလုံးတွေ ကြည့်ရတာ ခက်ပေမယ့် သေချာဖတ်ကြည့်လိုက်ရင် တစ်ခုခုရေးထားတာ တွေ့နိုင်တယ်။.


OPTICAL လို့ ..တွေ့လား..။ နောက်ထပ် သူ့နောက်ကွယ်မှာလည်း စာလုံးတွေ ကျန်သေးတယ် .။ သေချာကြည့်မှ မြင်နိုင်တယ်။ ရေးထားတာက ILLUSION တဲ့ .. ။ လောကကြီးမှာ optical illusion ဆိုတာတွေ အများကြီးရှိတယ်..။ အဲဒါတွေကြောင့် မိမိက မြင်တဲ့အမြင်(မိမိမျက်လုံးနဲ့ တပ်အပ်မြင်တာတွေ)ကိုပဲ တခြားသူက မှားတယ်လို့ ဝေဖန်ပြောလာစေတာပေါ့..

အောက်ကပုံက စာလုံးကိုလည်း ဖတ်ကြည့်ပါဦး ဘာမြင်လဲဟင်?

အပေါ်က စာလုံးဟာ TEACH မဟုတ်လား..။ “သင်ကြားသည်” တဲ့..။ သူ့အောက်မှာလည်း အရိပ်စာလုံး ရှိနေသေးတယ်။ သေချာစိုက်ပြီး ဖတ်ကြည့်လိုက်ပါဦး..။ .. LEARN တဲ့။ “လေ့လာပါ”တဲ့..။ ဒီတော့.. သူများကို သင်မယ်လို့ တွေးခါနီးတိုင်း ကိုယ်တိုင်လည်း လေ့လာသင်ယူထားတဲ့ အခြေခံ (အရိပ်)လည်း လိုတယ်ဆိုတာ သတိထားမိစေတဲ့ ပုံလေးပေါ့..

ဒီအောက်ဆုံးက ပုံမှာ အမြင်သာဆုံးက ME ဆိုတဲ့ စကားလုံးလေးပါ.. “ငါ့ကို”ဆိုတဲ့ အဓိပ္ပါယ်လေ..။

ဒါပေမယ့် သေချာကြည့်ရင် မြင်နိုင်တာ ရှိသေးတယ်.. YOU တဲ့.. “မင်းကို” ဆိုတဲ့ အဓိပ္ပါယ်ပေါ့..။ ငါ့ကို နားလည်ပါလို့ ပြောခါနီးတိုင်း မင်းကိုလည်း ငါနားလည်ပေးမိရဲ့လားဆိုတာကို သတိရမိစေတာပေါ့..နော်

လသာည.. ဖြစ်ပါတယ်..။
reference: http://www.dailycognition.com/

Saturday, May 15, 2010

အမြင်မှားတတ်တယ်

စိတ်အခံကြောင့် အမြင်တွေ မှားတတ်တယ်တဲ့..။ ဒါက စိတ်ပညာက နာမည်ကြီးတဲ့ ပုံလေးတွေပေါ့..


ဒီပုံကို တွေ့ရင် တချို့က မိန်းမပျိုလေးတစ်ဦးက ကိုယ့်ကို မကြည့်ပဲ တခြားတဖက်ကို ငေးနေတဲ့ပုံလို့ ဖြေကြသလို တချို့က အဖွားကြီးတစ်ဦး ခေါင်းငုံ့ စိတ်ဓါတ်ကျနေတဲ့ပုံလို့လည်း ဖြေတတ်တယ်။ သယ်ရင်း.. မင်းကော ဘယ်လိုမြင်ရသလဲ..။ ဒီပုံကိုလည်း ချက်ချင်းပြ၊ ချက်ချင်ပြန်သိမ်းလိုက်ပြီး ဘာပုံလဲလို့ မေးရင် တချို့က ယောက်ျားပုံလို့ ဖြေတယ်၊ တချို့က မိန်းမပုံလို့ ဖြေတယ်။ အဖြေမတူကြဘူး။ ကြည့်သူဟာ ဓါတ်ပုံကို မြင်မြင်ချင်း လျက်တပြတ်နဲ့ ပုံအလယ်ကို သာ မှန်းကြည့်လိုက်မိရင် ပုံအလယ်ကို ကြည့်မိရုံနဲ့ (အောက်ဆုံးက မိန်းမပျိုပုံကို မမြင်ပေမယ့်) မိန်းမပုံဆိုတာကို အမြင်ထဲမှာ ဆက်စပ်တွေးမြင်သွားတယ်။ ဦးနှောက်ရဲ့ functionတစ်ခု ကြောင့် ဖြစ်ပါတယ်။ (အဲဒီfunction အကြောင်းတော့ နောက်မှပြောတော့မယ်)။ အစကတဲက ပုံတစ်ပုံတွေ့ရင် အစအလယ်အဆုံး အသေးစိတ်ြ့ကည်တတ်သူကတော့ ယောကျာ်းပုံကိုစပြီး သတိထား ကြည့်မိတဲ့အတွက် ယောကျာ်းပုံလို့ ဖြေလိုက်တာ ဖြစ်နိုင်ပါတယ်။

စိတ်အခံကြောင့် မျက်လုံးအမြင်မှားတတ်သလို အလေ့အထကြောင့် အမြင်မှားသလို ဖြစ်တတ်တယ်။ အမြင်မှားတယ်ဆိုတော့ ဘယ်အမြင်မှန်သလဲလို့ လာမေးရင် နှစ်ခုလုံးက အမြင်မှန်တယ်လို့ ဖြေရမှာပါပဲ..။ တကယ်တော့ သူဘက်ကိုယ့်ဘက် သူ့ရှုထာင့်ကိုယ့်ရှုထောင့်ကနေ ကြည့်ရင် နှစ်ခုလုံးက အမြင်မှားဖြစ်နေနိုင်သလို နှစ်ခုလုံးက အမြင်မှန်လည်း ဖြစ်နေနိုင်တယ်လေ။ ဒါကြောင့် ကိုယ်မြင်တာဟာ အမှန်ဖြစ်နိုင်တယ်။ ဒီလိုပဲ သူများမြင်တာလည်း အမှန်ဖြစ်တယ်လို့ လက်ခံပေးလိုက်နိုင်ရင် အမြင်မှားတာ ရှိတော့ဘူးတဲ့... :D

လသာည.. ဖြစ်ပါတယ်။

Saturday, May 8, 2010

self-esteem နိမ့်သူ

မနေ့က ပစ္စည်းအသစ်တစ်ခုအကြောင်း ကြော်ငြာတာလေးကို တွေ့လိုက်ရတယ်။ ပစ္စည်းက အပျော့စား..။ ကိုင်ကြည့်ရင် မုန့်နှစ်လို ပျော့တွဲတွဲဖြစ်ပြီး လက်နဲ့ ဖဲ့နယ်လို့ရတယ်၊ ရွှံ့ရုပ်လိုအမျိုးမျိုး လုပ်လို့ရတယ်။ ဒါပေမယ့် သူ့မှာ မမြင်ရတဲ့ စွမ်းအားတစ်ခုက ရှိနေတယ်။ သူ့ကို တစ်တောင်ဆစ်မှာ ကပ်ပြီး အုပ်ချပ်တွေကို ခွဲရင် အုပ်ချပ်တွေသာ ကွဲသွားတယ်။ လက်ကို မထိခိုက်ဘူး.လုံးဝနာကျင်မှုကို မခံစားရဘူး.တဲ့..။

ဘာဖြစ်လို့လဲဆိုရင် ပျော့ပြောင်းနေတဲ့ သူ့ရဲ့အတွင်းပိုင်းက မော်လီကျူးလေးတွေက အားနဲ့လာတိုက်ခိုက်တဲ့အရာတွေကို တွန်းကန်အားနဲ့ ပြန်တောင့်ထားလို့ လို့ ဆိုပါတယ်။ အဲဒီပစ္စည်းကို အားကစားသမားတွေ၊ အမြင့်တက်ပြီး လုပ်ရသူတွေ အတွက် အထိမနာအောင် ၀တ်စုံချုပ်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်..။

ဒါနဲ့ ကျွန်မအတွေးတစ်ခု ရသွားပါတယ်..သက်မဲ့ပစ္စည်းဖြစ်တဲ့ မာတဲ့အရာမှာ မာခြင်းရဲ့ အားသာချက်တွေ ရှိသလို ပျော့ပြောင်းတဲ့အရာမှာလည်း ပျော့ပြောင်းခြင်းရဲ့ အားသာချက်ရှိတယ်ဆိုတာ လူတိုင်း အနည်းနဲ့အများ သိကြတယ်။ ကျွန်မတို့ သက်ရှိလူသားတွေမှာရော..?.လူသားတိုင်းမှာလည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စွမ်းရည်အမျိုးမျိုးရှိတာပဲလေ။ တချို့က ရုပ်ရည်အားဖြင့် မြင်သူငေးအောင်လှတယ်။ တချို့က မလှဘူး။ တချို့က မှတ်ဥာဏ်မြင့်တယ်။ တချို့က မမြင့်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာနဲ့သူ အားသာချက် ရှိတယ်။ ဒါပေမယ့် သက်ရှိလူသားကတော့ အဲဒီအားသာချက်ကို သတိလက်လွတ် မေ့နေတတ်ကြတယ်.မဟုတ်ပါလား..။

ကျွန်မငယ်ငယ်က သူများတွေကို ကြည့်ကြည့်ပြီး ငါက ဘာဖြစ်လို့ ငါဖြစ်နေတာလဲလို့ တွေးဖြစ်တယ်။ သူ့လို ဆံနွယ်နုနုလေးနဲ့ ဆံပင်လေးရှိရင် ကောင်းမှာ၊ သူ့လို တစ်ဦးတည်းသောသမီးဘ၀ကို ငါရချင်တာ၊ သူ့လို အသားဖြူချင်တာ အဲလိုမျိုး မကြာခဏတွေးဖြစ်ပါတယ်။ တခါတလေများ လောဘကြီးပြီး အသားဖြူဖြူ၊ ဥာဏ်ကောင်းကောင်းနဲ့ တစ်ဦးတည်းသော သဌေးသမီးဖြစ်ချင်လိုက်တာလို့တောင် တွေးဖြစ်တယ်.း)).။

အဲဒါကို ကျွန်မက ကျွန်မတစ်ယောက်တည်း တွေးဖြစ်ခဲ့တယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုနောက်ပိုင်း စိတ်ပညာကိုလေ့လာတော့မှ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်မှာ လူတိုင်းကိုယ့်ကိုယ့်ကို တွေးဖြစ်ခဲ့ကြတယ်ဆိုတာ သိလာခဲ့တယ်။ ငါဟာ ဘာလဲ၊ ငါက ဘာလို့ ဒီလိုငါ ဖြစ်နေရတာလဲ ဆိုတာမျိုးပေါ့..။(တချို့ဆို အခုအသက်အရွယ်ရတဲ့အထိ “ငါက ဘာဖြစ်လို ဒီလို ငါ ဖြစ်နေရတာလဲ”ဆိုပြီး တွေးဖြစ်နေသေးတယ်တဲ့)။ အဲဒီလို တွေးတုန်းကတော့ အမျိုးမျိုးပါပဲ။ သိသွားသလားဆိုတော့လည်း မသိသလိုသိသလိုလို...။ ငါက ဘာလဲ ဆိုတာကို ငါ ကိုယ်တိုင် အမှန်အကန်သိသွားဖို့က တကယ်တော့ နောက်ပိုင်း ဘ၀မှာ အောင်မြင်ဖို့အတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။ အဲဒါက ဘာလဲဆိုရင် self-esteem ဆိုတာနဲ့ ပတ်သက်တယ်လို့ စိတ်ပညာမှာဆိုပါတယ်။

ဆက်ပြီး self-esteem အကြောင်း စဉ်းစားရင်း အိမ်နားက ကျွန်မအရင်းခင်တဲ့ အစ်ကိုကြီးတစ်ယောက်ကို သတိရမိတယ်။ သူက မှတ်ဥာဏ်တအားကောင်းသူပါ။ ကျောင်းစာဆို ခဏလေးရတယ်။ သူ့ရှေ့မှာ တစ်ယောက်ယောက်က လုပ်ပြတဲ့အရာကို သူက သူဘာသာသူ လိုက်လုပ်တတ်တယ်။ ဒါပေမယ့် ခက်တာက သူက အများရှေ့ဆို ဘာမှမသိချင်ယောင်ဆောင်နေတတ်တာပဲ။ သူသိတာကို ပတ်ဝန်းကျင် သိသွားပြီး ချီးကျူးလာရင် သူမနေတတ်ဘူး။ “ဟာ မဟုတ်ပါဘူး။ ဒါက လူတိုင်းလုပ်တတ်ပါတယ်။ ကံကောင်းပြီး ရသွားတာပါ” စသည်ဖြင့် ပြောပြီး သူ့တတ်တာကို သူသိတာကို ကာကွယ်တတ်တယ်။

သူ့မိဘတွေကတော့ သူ့ကို ဒီလိုပြောတယ်..“သူက မကြွားတတ်ဘူး၊ သူက သူများချီးကျူးတာကို မကြိုက်ဖူး၊ အင်း တကယ်တော့ ချီးကျူးစကားလည်း မလိုပါဘူး။ သူစိတ်ဝင်စားတာကို သူလုပ်ရင်ပြီးတာပဲ”။ သူကလည်း အဲလိုပဲ ပြောတတ်တယ်။ သူများချီးကျူးတာ သိပ်မလိုဘူး။ သူများသိဖို့ လုပ်တာမဟုတ်ဘူး..တဲ့။

ဒါပေမယ့် သူ့မှာ နောက်ခံစားချက်တစ်ခုက ရှိနေခဲ့တယ်။ အဲဒါက သူ့ရှေ့မှာ လုပ်နေသူက လုပ်နည်းမှားနေချိန် သူသိတာကို ပြောလိုက်လို့ သူများက တမျိုးတမည်ထင်မှာ(ဆရာလုပ်တယ်ထင်မှာ) တအားကြောက်တယ်၊ သူများမုန်းတာ ဝေဖန်ခံရမှာ မခံနိုင်ဘူးလို့ ဆိုပါတယ်။ ။ ဒါနဲ့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ပတ်ဝန်းကျင်ပြောသမျှ အားလုံး လက်ခံပြီး ကိုယ်ပိုင်အရည်အချင်းကို မပြသခဲ့ဘူး။ ဆယ်တန်းစာမေးပွဲတောင် ရသလောက်အကုန်မဖြေခဲ့ဘူးလို့ ပြောပါတယ်။ကျော်ကြားတာမကြိုက်လို့ လို့ ဆိုတယ်။ မြန်မာစာနဲ့ပဲ ရိုးရိုးဘွဲ့ကို ယူလိုက်တယ်။

ရပ်ကွက်က သူ့ကိုဘွဲ့ရ ပညာတတ်လူငယ်တစ်ယောက်အနေနဲ့ တစ်ခုခုကို ဦးဆောင်ခိုင်းရင် သူက မလုပ်ပါရစေနဲ့လို့ အမြဲငြင်းလို့ နောက်လိုက်ပဲ လုပ်တတ်တယ်။ အလုပ်လျှောက်ဖို့ အင်တာဗျူးမှာ သူသိတာကို မေးရင် သူမဖြေနိုင်ဘူး။ သူက သူဟာဘာကိုတော့ သူများထက်ပိုတတ်တယ်လို့ ခိုင်ခိုင်မာမာမထင်ထားလို့ သူတတ်သလောက်ကို အမှန်အတိုင်းမပြောရဲဘူး။ ဒါနဲ့ပဲ အလုပ်လျှောက်အင်တာဗျူးဖြေတာမျိုးမလုပ်ချင်တာမို့ အခုအထိ သူအလုပ်မရဘူး။ အခု ရပ်ကွက်ထဲက သာရေးနာရေးတွေမှာ အများနောက်က လိုက်လုပ်သူဖြစ်နေတုန်းပဲ။ သူ..ဘာကြောင့် အရည်အချင်းရှိရဲ့နဲ့ မအောင်မြင်ရတာလဲ..။ ဒါဟာလည်း self-esteem ဆိုတာနဲ့ ပတ်သက်နေပါတယ်။

စိတ်ပညာက ပြောတဲ့ self-esteem ဆိုတာ မိမိက မိမိအကြောင်းကို ဘယ်လိုတွေးသလဲဆိုတာ အချက်၊ နောက်တမျိုးပြောရရင် မိမိကိုယ်မိမိ ထင်မြင်မှုလို့ အနီးစပ်ဆုံး အဓိပ္ပါယ်ကောက်ရမယ်ထင်ပါတယ် ။ မိမိကိုယ်ကိုမိမိ တန်ဖိုးထားခြင်း၊ ကိုယ့်ကိုယ့်ကို လေးစားခြင်းဆိုတဲ့ အဓိပ္ပါယ်မျိုးကိုနဲ့လည်း နီးစပ်ပါတယ်။ မိမိကိုယ်မိမိ အထင်ကြီးခြင်းဆိုတဲ့ အဓိပ္ပါယ်မျိုးတော့ မဟုတ်ပါဘူး။ နောက်ပြီး ကိုယ့်ကိုယ့်ကို ယုံကြည်ခြင်း (self-confidence) နဲ့လည်း မတူပြန်ဘူး။ ကိုယ့်ကိုယ့်ကို ယုံကြည်ခြင်းဆိုတာက တစ်စုံတစ်ခုသော ပန်းတိုင်ရောက်ဖို့ စွမ်းရည် ငါ့မှာ ရှိတယ်လို့ ယုံကြည်ချက်သာဖြစ်ပြီး self-esteemကတော့ ကိုယ့်အရည်အချင်းကို တန်ဖိုးထားမှုခံစားချက်အမြင်ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဆရာတစ်ယောက်က ဒီလိုပြောဖူးပါတယ်။ တစ်စုံတစ်ယောက်က “.. ဒီအလုပ်ကို လူတိုင်း ညနေ ၅နာရီအတွင်း ပြီးအောင် လုပ်နိုင်တယ်။ .. ငါက ဘာလို့မလုပ်နိုင်ရမှာလဲ၊ အရင်လည်း လုပ်ဖူးတယ်။ အခုလည်း ငါလုပ်ကိုလုပ်နိုင်ရမယ်”လို့ ပြောလာခဲ့တဲ့အခါ သူဟာ self-confidenceတော်တော်မြင့်တာပဲလို့ ပြောနိုင်တယ်။ (ယုံကြည်မှုနဲ့ ဆိုင်တယ်)။

တကယ်လို့ လက်တွေ့လုပ်လိုက်ပြီး သူဟာ ၅နာရီအတွင်း ပြီးအောင်မလုပ်နိုင်ခဲ့ဘူးဆိုပါတော့ ၊ ရလာတဲ့ ရလာဒ်ကနေတဆင့် “ဟုတ်တယ်။ ငါ..ဒါ ပြီးရမှာကို မပြီးခဲ့ဘူး။ ဒါပေမယ့် ငါတကယ်ကြိုးစားလုပ်ခဲ့တာပဲ။ ဘယ်နေရာမှာ လိုသွားသလဲတာ မသိတာ ငါ ထိုက်သင့်သလောက် လုပ်နိုင်ခဲ့တယ်”လို့ သူတွေးရင် သူဟာ သူ့စွမ်းရည်ကို အမှန်အတိုင်းသိပြီး တန်ဖိုးထားသူ၊ self-esteemမြင့်တယ်လို့ ပြောနိုင်ပြီး၊ တကယ်လို့ “ငါ..ဒီအလုပ်ကို ပြီးသင့်ရဲ့နဲ့ မပြီးဘူး၊ ငါက သူများလို မတော်ဘူး။ ညံ့တယ်၊ ရှက်ဖို့ကောင်းလိုက်တာ” လို့ တွေးသွားရင်တော့ သူဟာ self-esteemနိမ့်တယ်။ သူ့ကိုယ်တိုင်လုပ်ခဲ့တဲ့ သူ့စွမ်းရည်ကို လျော့တွေးသွားပြီ သူ့ကိုယ်သူ တန်ဖိုးထားမှုလျော့တယ်လို့ ပြောနိုင်တယ်။ ဒါကြောင့် self-esteemက မိမိနဲ့ပတ်သက်တဲ့ ကိုယ်ပိုင် ခံစားချက်အမြင်နဲ့ဆိုင်တယ်...ဆိုတာပါပဲ.။

ဒီ ခံစားချက်ဟာ ကျွန်မတို့ လူမှုရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်မှာ အရမ်းကို အရေးကြီးပါတယ်။ ကိုယ်ပိုင် စွမ်းရည်ခြင်း ရှိတာခြင်း အတူတူ တချို့က အောင်မြင်တယ်၊ တချို့က မအောင်မြင်ဘူး။ self-esteemအနိမ့်အမြင့် နဲ့ဆိုင်တာဖြစ်ပါတယ်။ မိမိကိုယ်မိမိ တန်ဖိုးထားမှုအဆင့် -self-esteem နိမ့်သူတွေက အောက်က အချက်မျိုးတွေ ရှိတယ်လို့ ..ပြင်သစ်စိတ်ပညာရှင် Christophe Andreက ပြောပါတယ်..။ပုံလေးနဲ့ ဆွဲပြောရရင် အောက်ကအတိုင်းဖြစ်ပါတယ်..(ကျွန်မက ကိုယ့်ဘာသာနားလည်လွယ်အောင် self-esteemကို မိမိကိုယ်မိမိ တန်ဖိုးထားမှုအဆင့်လို့ ပုံထဲမှာ အလွယ်ရေးထားပါတယ်)
ပုံထဲက အတိုင်း မိမိကိုယ်မိမိ တန်ဖိုးထားမှုအဆင့် -self-esteem နိမ့်သူတွေ
  • တစ်စုံတစ်ခုကို မလုပ်ခင်ကတဲက ငါမလုပ်နိုင်ပါဘူးလို့ ကြိုတွေးပြီး စလုပ်ဖို့ကို မ၀ံမရဲ့တွန်ဆုတ် အချိန်ယူတယ်။
  • လုပ်သွားလို့ အောင်မြင်သွားရင်လည်း အဲဒါ ငါတော်လို့ မဟုတ်ဘူး၊ ကံကောင်းသွားတာ၊ တိုက်ဆိုင်သွားတာလို့ တွေးပြီး ကိုယ့်အောင်မြင်မှုကို ရဲရဲ မပျော်ရဲဘူး.။
  • ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုက အရှုံးနဲ့ ကြုံရပြီဆိုရင် အဲဒီအလုပ်ကို လုံးဝစိတ်လျော့ချလိုက်ပြီး နောက်တခါလုပ်ဖို့ ဆိုတာကို လုံးဝမတွေးတော့ဘူး။
  • အများနဲ့ပဲ ညှိယူဖို့ စဉ်းစားပြီး အများပြောတဲ့အတိုင်းပဲ သူတို့ပြောတာမှန်တယ်လို့ “ကိုယ့်ရဲ့မူပိုင်စွမ်းရည် သို့မဟုတ် အသိအမြင်”ကို ထုတ်ဖို့ မစဉ်းစားဖူး။
  • ကိုယ့်နဲ့ ပတ်သက်သမျှကို ကောင်းချက်၊ အားသာချက် (စွမ်းရည်၊ အသိပညာ)တို့ကို သူများရှေ့မှာ ထုတ်မပြရဲဘူး။
  • ကိုယ်က မကြိုက်တဲ့အလုပ်ကို အခြေအနေအရ လုပ်ဖြစ်သွားရင် အဲဒါကို အပြောင်းအလဲလုပ်ဖို့ မတွေးရဲတာကြောင့် လုပ်မိတဲ့အလုပ်တစ်ခု (အခြေအနေတစ်ခု)ကိုပဲ တသက်လုံးလုပ်ဖြစ်သွားတယ်။
  • သူများက မြှောက်ပင့်ပြောတဲ့စကားပြောလာရင် အလွယ်တကူ မြောက်သွားတတ်ပြီး ၊ နှိမ့်ချပြောတဲ့ စကားပြောတာခံရရင် လွယ်လွယ်စိတ်ဓါတ်ကျသွားလိမ့်မယ်။
တကယ်တော့ မိမိကိုယ်မိမိတန်ဖိုးထားမှု အဆင့် self-esteem နိမ့်နေသူ မအောင်မြင်ရခြင်းဟာ ကိုယ့်မှာ စွမ်းရည်ရှိနေပါသော်လည်း ကိုယ်ကိုယ်တိုင်ခံယူထားတဲ့ ကိုယ်ပိုင်တွေးတဲ့အတွေးကြောင့်သာ ကိုယ့်ရဲ့အောင်မြင်မှုလမ်းကို ပိတ်သွားစေတာဖြစ်တာပဲ ဖြစ်ပါတယ်။
မိမိကိုယ်မိမိတန်ဖိုးထားမှု အဆင့်self-esteem မြင့်မားသူကတော့ မိမိရဲ့လက်ရှိကိုယ့်အခြေအနေ(စွမ်းရည်၊ အသိအမြင်)ကို အမှန်အတိုင်း သိရှိတယ်၊ အလုပ်တစ်ခု ကိုယ်လုပ်လို့အောင်မြင်ရင် လွတ်လွတ်လပ်လပ် ပျော်ပစ်လိုက်တယ်။ ရှုံးတဲ့အခါလည်း ကိုယ့်ကိုယ့်ကို အပြစ်မတင်ပဲ ကိုယ်လုပ်တာ ဘာမှားသလဲဆိုတာကို ပြန်စစ်ဆေးတယ်။ ဒါကြောင့် ရှိတဲ့ကိုယ့်စွမ်းရည်ကို အထင်မသေးဘူး၊ အမှန်အတိုင်းသိတယ်။ လုပ်သမျှကို တန်ဖိုးထားလေးစားတယ်။ ဒါကြောင့်လည်း အောင်မြင်ကြတယ်..
ဒါဆိုရင် self-esteemအနိမ့်အမြင့်ဟာ ဘယ်လိုလုပ်ကွဲသွားရတာလဲ??
ဒါဟာ တကယ်တော့ မွေးရာပါ ဗီဇမဟုတ်တဲ့အတွက် အဆင့် နိမ့်နေလို့ စိတ်ဓါတ်ကျစရာတော့ မရှိပါဘူး..တဲ့၊ ပြုပြင်လို့ ရတယ်လို့ ဆိုပါတယ်။ အပေါ်က ပုံအတိုင်း တစ်စုံတစ်ခုကို လုပ်လိုက်လို့ မအောင်မြင်ခဲ့ရင် ငါဖျင်းလို့ ညံ့လို့လို့ မတွေးပဲ ဘာကြောင့်မအောင်မြင်တာလဲဆိုတာကို ပြန်စစ်ဆေးတတ်ရင်၊ အောင်မြင်တဲ့အခါကျရင်လည်း တိုက်ဆိုင်လို့၊ ကံကောင်းလို့လို့ နေမှာ၊ တကယ်က ငါက အဖြစ်မရှိဘူးရယ်လို့ ရှာကြံတွေးပူမနေပဲ လွတ်လွတ်လပ်လပ် ပျော်တတ်တဲ့ အလေ့အကျင့်ကို လုပ်ဖို့သာ လိုတာပါ။

အော်.. မေ့တော့မလို့ self-esteem နိမ့်လွန်းသူဟာ ရည်းစားစကားပြောရာမှာလည်း အဆင်မပြေတတ်ဘူး။ အိမ်ထောင်ဖက်ရွေးတဲ့အခါလည်း အရေးပါတယ်။ အဲဒါ လသာညရဲ့ သယ်ရင်လေးများ self-esteem အရမ်းမနိမ့်အောင် ကြိုးစားကြနော်းD။

ကဲ... မထူးပါဘူး ဖတ်ထားတာလေးကို ပြောလက်စနဲ့ ဆက်ပြောပြပါဦးမယ်။ စာဖတ်ရတာ မပျင်းသေးဘူးဆိုရင် ဒီပုံလေးကို ကြည့်ပါဦး။

S.Epstein & B.Morling in M.H.Kernis ရဲ့သုတေသနပါ။တဖက်လူက ကိုယ့်ကိုထင်တဲ့အထင်-နဲ့ ကိုယ်ကကိုယ့်ကိုယ်ကို ထင်ထားတဲ့အထင်self-esteemနဲ့ နှိုင်းယှဉ်ပြီး ပြထားပါတယ်။ တဖက်လူက ကိုယ့်ကကိုယ့်ကိုယ်ခံယူထားတဲ self-esteemထက် အဆင့်နိမ့်ပြီး ကိုယ့်ကိုတွေးသူဖြစ်ရင် တချိန်မှာ ပျင်းသူ- ငပျင်း သို့မဟုတ် ငဖျင်းလို့ ကိုယ့်ကိုအပြောခံရဖို့ ရာခိုင်နှုန်းနည်းတယ်။

နားလည်လွယ်အောင် ဥပမာပြောရရင် ဥပမာ ကိုယ်က ပန်းချီပညာမှာ တတ်တယ်။ တတ်တာကိုလည်း ကိုယ့်အရည်အချင်းကို ကိုယ်သိတယ်။ ပန်းချီပညာနဲ့ ကိုယ်မင်းကို ရှာကျွေးမယ် လို့ ပြောထားတယ်။ ဒီနယ်ပယ်က ကိုယ့်စွမ်းရည်ကို ကိုယ့်ဘာသာသိနေတယ်။ self-esteem ရှိတယ်။ တဖက်ကတော့ ဒီလောက်တော့ကိုယ့်ကို ထင်မထားဘူး။ အသင့်အတင့်လောက်ပဲ တွေးထားတယ်။ ကိုယ့် self-esteemထက် နိမ့်တွေးထားသူဖြစ်တယ်။ ဒါဆိုရင် တချိန်မှာ ကိုယ်မအောင်မြင်သေးတောင် ကိုယ့်ကို ငဖျင်းလို့ သတ်မှတ်လိမ့်မယ်မဟုတ်ဘူး။

ကိုယ့်ကကိုယ့်ကိုခံယူထားတာထက် အဆင့်မြင့်ပြီး သူက ကိုယ့်ကိုပိုတွေးထားရင် တချိန်ကျရင်တော့ ငပျင်း သို့မဟုတ် ငဖျင်းလို့ အပြောခံရဖို့ ရာခိုင်နှုန်းများနေပြီဖြစ်ပါတယ်။ ဒါကို နားလည်လွယ်အောင် ပြောရရင် ကိုယ်က ကိုယ့်ကိုယ့်ကို သိပ်အဖြစ်မရှိဘူးလို့ ထင်နေတယ်။ တတ်တာကိုလည်း သိပ်တတ်တယ်မထင်ဘူး။ ဘာကိုမှ သိပ်မသိဘူးလို့ တွေးထားတယ်။ self-esteem အရမ်းနိမ့်တယ်။ တဖက်လူကတော့ ကိုယ့်အကြောင်းကို ပိုတွေးထားတယ်။ ဒီနယ်ပယ်မှာ တတ်ကိုတတ်တယ် စသည်ဖြင့် အများကြီးပိုတွေးတောခံယူထားမယ်။ ချစ်သူအဖြစ်စဉ်းစားတုန်းတော့ “သူက သိတာကို မကြွားတတ်လို့ပါ၊ အေးတာပါ။”စသည်ဖြင့် တွေးထားနိုင်ပေမယ့် ရေရှည်ကျရင် သူထင်သလို မဟုတ်တဲ့အတွက် တချိန်မှာ ကိုယ့်ကို ငပျင်း ငဖျင်းလို့ အပြောခံရဖို့ များတယ်ပေါ့။ ဒါတောင် အပျော်တွေးပြီး တွဲသူဆိုရင် ပိုပြီး ငပျင်းလို့ အခေါ်ခံဖို့များတယ်။ တသက်တာအိမ်ထောင်ဖက်အဖြစ်တွေးရင်တော့ အချစ်သံဃောဇဉ်ကြောင့် အခေါ်ခံရဖို့ ရာခိုင်နှုန်းနည်းနိုင်ပါသေးတယ်)

အခု ကျွန်မက self-esteem မြင့်ဖို့ အကြောင်းချည်းပဲ ပြောသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို အားနည်းချက်၊ အားသာချက်။ တန်ဆေး၊ လွန်ဘေး ဆိုတာ ရှိတယ်ဆိုတော့ self-esteemမြင့်လွန်းရင်လည်း မကောင်းပါဘူး..တဲ့။ self-esteem မြင့်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်နဲ့ self-esteem နိမ့်ခြင်းရဲ့ အားနည်းချက်၊ အားသာချက်များကို နောက်ကြုံရင် ဗဟုသုတ မျှဝေပါဦးမယ်။ အခုတော့ ပိုစ်က ရှည်သွားပြီဆိုတော့ ပျင်းသွားပြီလို့ ယူဆတာမို့ ............. တော် သေး ...ပြီး))။

လသာည.. ဖတ်မိသမျှ ဝေမျှတာဖြစ်ပါတယ်..။

ကိုးကား။ ။ Christophe Andre & Francois Lelord ရဲ့ L'estime de soi (self-esteem)
Takano Yi ရဲ့ 自己評価の心理学