Friday, October 9, 2009
တကနို စံ
တကနိုစံ ငယ်ငယ်မှာပဲ ဖခင်က အခြားအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်သွားပြီး မိခင်က ရှက်လွန်းလို့ ကိုယ့်ကိုယ့်ကို သေကြောင်းကြံသွားခဲ့ပါတယ်။ သူ့အမေမသေခင်မှာ မှာသွားတဲ့စကားက......
“သမီး .. ဘယ်တော့မှ ယောင်္ကျားတွေကို မယုံနဲ့။ တသက်လုံး ကိုယ့်အားကိုယ်ကိုးပါ။ သူများကို အားကိုးရမှ ဘ၀မှာရှင်သန်ရတာမဟုတ်ဘူး၊ မှတ်ထား”
သူမ တသက်တာစွဲသွားတဲ့ စကားတွေပါပဲ။ သူမအမေဆုံးသွားပြီး နောက်ပိုင်းမှာ သူက ဘယ်ဆွေမျိုးကိုမှ အကူအညီမတောင်းခဲ့ပဲနဲ့ ကိုယ့်အားကိုယ်ကိုးရင်း ကျောင်းတက်ခဲ့ပါတယ်။ (ဂျပန်မှာ မိဘမဲ့သားသမီးတွေကို အစိုးရက ထောက်ပံ့တာရှိတယ်၊ မိခင်ရဲ့ အသက်အာမခံ ခံစားခွင့်ကိုလည်း ရခဲ့တယ်)။ သူမမှာရှိတဲ့ ငွေနဲ့ ကျောင်းလခကိုသွင်းပြီး မနက်နဲ့ ညနေပိုင်းတွေမှာ အလှပြင်ဆိုင်မှာ အချိန်ပိုင်းအလုပ်ကို လုပ်ခဲ့တယ်။
နောက်ဘွဲ့တစ်ခုရပြီးတော့ အီတလီကို အလှပြင်သင်တန်းတက်ဖို့ သွားခဲ့တယ်။ နိုင်ငံခြားသွားဖို့ ပိုက်ဆံလား? သူမဘာသာ အလုပ်လုပ်စုခဲ့တာပါ..။ ၂ နှစ်အကြာမှာ ဂျပန်ကို ပြန်လာခဲ့ပြီး အလှပြင်ဆိုင်ဖွင့်တယ်။ အလှပြင်ဆိုင်ဟာ သူမရဲ့ ကြိုးစားမှုနဲ့ ချက်ချင်းနာမည်ကြီးလာပြီး ဆိုင်ခွဲတွေ ဖွင့်နိုင်လာတာ သူမအသက် ၃၅ နှစ်မှာ ဆိုင်ခွဲပေါင်း ၁၅ဆိုင်ကို ပိုင်ဆိုင်ခဲ့တယ်။
ဒီတော့ သူမမှာ ဆိုင်ဝန်ထမ်းတွေ အများကြီးရှိနေပြီပေါ့..။ တနေ့မှာ ဆိုင်ဝန်ထမ်းတစ်ယောက်က သူမကို ပြောတယ်... “ ကျွန်မတော့ ရှင့်ကို အားလည်းမကျဘူး၊ ရှင့်အလုပ်မှာလည်း မပျော်ဘူး၊ ရှင်ဟာ ဘယ်တော့မှ သူများအတွက် ထည့်စဉ်းစားတဲ့သူမဟုတ်ဘူး။ အလုပ်ကထွက်မယ်”တဲ့..
သူမအံ့အားသင့်သွားတယ်။ တခြားသူတွေကို ကြည့်လိုက်တော့လည်း အဲဒီလိုပြောချင်တဲ့ အမူအရာမျိုးရှိနေတာကို တွေ့ရတယ်။ ဘာဖြစ်လို့လဲလို့ သူမဘာသာ အပြန်ပြန်အလှန်လှန် စဉ်းစားမိတယ်။ ငါက သူတို့ကို ငါ့လိုပဲ ကြိုးစားစေချင်တယ်။ ဒါကြောင့်လည်း ငါထားတဲ့စိတ်အတိုင်း ကိုယ်တတ်နိုင်တဲ့ကိစ္စကို ဘယ်တော့မှ သူများကို အကူအညီမတောင်းနဲ့လို့တောင် သွန်သင်မိတယ်။ ကိုယ်ကိုယ်တိုင်လည်း ပျော့ညံ့တဲ့ မိန်းမ မဖြစ်ချင်ဘူး။ သူတို့မြင်အောင်လည်း ကိုယ်လုပ်နိုင်တဲ့အရာတွေကို သူတို့ကို အကူအညီမတောင်းဘူး။
အဲဒါ ငါဘာမှားသလဲ.. ငါ့ကို ဘာကြောင့်နားမလည်ကြတာလဲ...
တကနိုစံဟာ အမျိုးမျိုးတွေးပေမဲ့လည်း အဖြေက မထွက်လာခဲ့ဘူး။ တခါမှ ၀မ်းမနည်းစဖူး ၀မ်းနည်းသလို အားငယ်သလို ဖြစ်ခဲ့တယ်။ မေမေ့စကား မှားသလားမေမေ..လို့ အမေ့ကိုလည်း တမ်းတမိတယ်။ နောက်တော့လည်း ထွက်ချင်သူထွက်၊ နေချင်သူ နေပါစေလေလို့ ဥပက္ခာပြုလိုက်ပြီး သူမက အလုပ်ကို ပိုကြိုးစားခဲ့တယ်။ သူမတစ်ယောက်လုပ်တဲ့ အလုပ်က ၀န်ထမ်း၅ ယောက် လုပ်သလောက်ထက် မကပါဘူး။
တနေ့တော့ သူမအလုပ်လုပ်နေရင်း ခါးကမျက်သွားတယ်။ ဆေးရုံကို တင်လိုက်တော့ အရိုးအဆစ်မှာ ရောဂါဖြစ်တာပါ။ ဆေးရုံမှာ ၂ လ အချိန်ကုန်ခဲ့တယ်။ ဆေးရုံကဆင်းတော့ (ဂျပန်နိုင်ငံရဲ့ ထုံးစံအရ) လူမမာတွေ ဆက်လက်ခန္တာကိုယ် ကြံခိုင်အောင်လို့ဆိုပြီး သင်တန်းတစ်ခု ထပ်တက်ရတယ်။ တစ်လပါ။
သင်တန်းက (မြန်မာပြည်က စစ်ရေးပြသင်တန်းလိုမျိုး) မနက်တိုင်း တန်းစီရတယ်။ ပြေးရတယ်။ ခန္တာကိုယ်ကြံခိုင်ရေးကို လေ့ကျင့်ပေးတယ်။ အမှတ်စဉ်ခေါ်လူစစ်တော့ အသံတိုးလို့ အငေါက်ခံရသေးတယ်။ အခုငါ့စိတ်ဓါတ်ပျော့ညံနေသလိုပဲလို့ သတိထားမိသွားပြီး မူရင်းစိတ်ဓါတ်အတိုင်း ပြန်ဖြစ်အောင် နေပြလိုက်တယ်။ သင်တန်းသားအားလုံးမှာ သူမဟာ အသံအအောင်ဆုံးပေါ့..
သင်တန်းဆင်းခါနီးတော့ စာမေးပွဲစစ်တယ်။ အောင်ရင် သင်တန်းဆင်းလက်မှတ်ပေးမှာ ဖြစ်ပြီး ရှုံးရင် နောက်တစ်လထက်နေရမှာ ဖြစ်ပါတယ်။ စာမေးပွဲက ညဘက်လမ်းလျှောက်ခြင်းပါ။ လမ်းအရှည်က ကီလိုမီတာ ၄၀၊ တောင်တက်လမ်းကို လမ်းလျှောက်ရမှာဖြစ်ပါတယ်။ တဖွဲ့ကို ၂ ယောက်တွဲပေးပါတယ်။
သူမနဲ့ အတွဲကျသူက “ကိုဘရာရှိစံ”ပါ။ ခန္တာကိုယ်တောင့်တောင့်တင်းတင်း၊ အသားညိုညိုနဲ့ ကိုဘရာရှိစံကို သူမက သဘောမကျပါဘူး။ ဒါပေမဲ့ မငြင်းခဲ့ပဲ လက်နှိပ်ဓါတ်မီးတစ်လက်နဲ့ ကျောပိုးအိတ်ကိုယ်စီ လွယ်ရင်း သူမက ရှေ့ကနေ ဦးဆောင်ထွက်ခဲ့တယ်။ လမ်းခရီးက တောလမ်းဆိုတော့ အရမ်းကို ကြမ်းပါတယ်။
ကိုဘရာရှိစံက စကားအလွန်များပါတယ်။ တချိန်လုံးစကားတွေ ပြောနေတယ်။ “နားငြီးတယ်”လို့ ထအော်ချင်လောက်အောင်ပါပဲ။ ဒါပေမဲ့ နားပင်းချင်ယောင်ဆောင်လိုက်တယ်။ ခရီးစလို့ ၆ နာရီလောက်ကြာတော့ သူမတအားကို နားချင်လှပါပြီ။ အသက်ရှုရတာလည်း မောလာတယ်။
သူမအခြေအနေကို ကြည့်ပြီး ကိုဘရာရှိစံက “ခင်ဗျား အဆင်ပြေရဲ့လား။ နားမလား၊ ဒါမှမဟုတ် ကျောပိုးအိပ်လွယ်ပေးရမလား” မေးပါတယ်။ ဒါပေမဲ့ သူမက ပြန်မပြောခဲ့ဘူး။ သူမကိုသူမ အားပေးလိုက်တယ်.. သွားစမ်း နင်သွားနိုင်တယ်။ ဘေးနားကလူတောင် လျှောက်နိုင်သေးတာ နင်က ဘာလို့ မသွားနိုင်ရမှာလဲ။ ပြီးတော့ အကူအညီလည်း မတောင်းဘူး။ သူ့ရှေ့မှာ အားမနွဲ့ချင်ဘူး။ သူဟာ ယောင်္ကျားတစ်ယောက်။ မေမေက ပြောတယ် ဘယ်ယောင်္ကျားကိုမှ အကူအညီမတောင်းနဲ့တဲ့။ ငါလုပ်နိုင်တယ်.. ငါလျှောက်နိုင်တယ်။
ဒီလိုနဲ့ မနားပဲနဲ့ ဆက်တိုက်လိုလို ဖြေးဖြေးချင်း သူမ လျှောက်ခဲ့တယ်။ ဘေးနားက ကိုဘရာရှိစံကလည်း တချိန်လုံး “ခင်ဗျား အဆင်ပြေလားဗျ”လို့ မကြာခဏမေးတယ်။ မေးခံရတိုင်း သူမစိတ်တိုမိတယ်။ ငါ့ကို ဒီလောက်တောင် အားနွဲ့တယ်လို့ ဒီလူထင်နေတယ်။ တော်တော်နားငြီးဖို့ ကောင်းတာပဲ။ မြန်မြန်ရောက်ရင်ကောင်းမယ်..
ဒီလိုနဲ့..... ခရီးအစကနေ ၁၂ နာရီတိတိ ကြာပြီးမှာ ခရီးအဆုံးကို ရောက်ခဲ့ပါတယ်။ စောင့်နေသူအားလုံးက လက်ခုပ်တီးကြပါတယ်။ သူမလည်း “ငါဟာ ဒီခရီးကို ဘယ်သူ့အကူအညီကိုမှ မယူပဲ ရောက်အောင် လာခဲ့နိုင်တယ်”လို့ ကျေနပ်စွာပြုံးလိုက်တယ်။
ဒီအချိန်မှာပဲ သင်တန်းနည်းပြဆရာက စကားတခွန်းပြောလိုက်တယ်။
“ ကျွန်တော်တို့က တကနိုစံကို စိတ်ပူနေတာ။ လမ်းမှာ ချော်လဲတာမျိုး မောသွားတာမျိုး ဖြစ်မှာစိုးလို့ တစ်ခုခုဆို ထမ်းခေါ်နိုင်အောင် ဗလတောင့်တဲ့ ကိုဘရာရှိစံကို အတူထည့်ပေးလိုက်တာဗျ”
ဒီအခါ ကိုဘရာရှိစံက “ ဒါပေမဲ့ သူမက ကျွန်တော့်အကူအညီမလိုပဲ ဒီကို ရောက်အောင် လာနိုင်တာပါဗျာ၊ ဟုတ်တယ်မို့လား တကနိုစံ၊ အော်.. တောင်းပန်ရဦးမယ် ကျွန်တော် လမ်းမှာ စကားများနေမိတာကိုပါ။ တကယ်က တောလမ်းခရီးမှာ စကားမပြောပဲ ဒီအတိုင်းသွားနေရင် ခင်ဗျားပျင်းမှာစိုးလို့၊ ခင်ဗျား အားရှိအောင်လို့ပါ။”
သူမ အံ့အားသင့်သွားတယ်။ အိုး.. တခါမှ မတွေးခဲ့မိတဲ့ သူမရဲ့အားနည်းချက်ကို တွေ့သွားလိုက်သလိုပဲ.
ငါ....ခုအထိ ဘ၀ခရီး အတူတူလျှောက်ခဲ့ကြသူတွေ ဘယ်လောက်များပြီလဲ။ ငါတစ်ခါမှ အဖော်တွေဘက်ကို မစဉ်းစားခဲ့ပါလား။ အခု ခရီးမှာ ငါက ကိုဘရာရှိစံကို စိတ်နဲ့ အပြစ်တင်ဝေဖန်နေခဲ့တယ်။ ဒါပေမဲ့ သူသာအဖော်မလုပ်ခဲ့ရင် ငါတစ်ယောက်တည်း ကီလို၄၀ တောလမ်းညခရီးကို ဘယ်လိုဖြတ်နိုင်မလဲ။ အို..ငါ တော်တော် စိတ်ထားညံ့သူပါလား။ ဒါတောင် အဖော်အဖြစ်လိုက်ပေးတဲ့ ကိုဘရာရှိစံက ငါ့အတွက် စိုးရိမ်ပေးခဲ့တယ်။ အဆင်ပြေရဲ့လားလို့ အကြိမ်များစွာမေးခဲ့တာ သူမှာ တာဝန်ရှိလို့ဆိုတဲ့ တစ်ခုထဲမဟုတ်ဘူး။ မောပန်းနေတဲ့လူချင်းအတူတူ ခရီးလမ်းကို အတူတူသွားနေတာချင်းအတူတူ ကိုယ်ကကိုယ့်အတွက်ပဲ အာရုံစိုက်နေချိန်မှာ ကိုယ့်နားကသူက ကိုယ့်အတွက်စိုးရိမ်ပေးနေခဲ့တယ်။
ငါ.. အခုထက်ထိ ငါ့ကိုငါပဲ အားတင်းဖို့ ကြိုးစားခဲ့တယ်။ ပတ်ဝန်းကျင်ကို လှည့်မကြည့်ခဲ့ဘူး။ ငါအောင်မြင်တာ ငါကြိုးစားလို့လို့ပဲ တွေးခဲ့တယ်။ တကယ်ဆို ငါအောင်မြင်ဖို့အတွက် ငါကြိုးစားဖို့အတွက် ငါ့မှာ ဆရာများစွာက ထောက်ပံ့ပေးခဲ့တယ်။ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေက အားဖြည့်ပေးခဲ့တယ်။ ငါ့အောက်က ၀န်ထမ်းများစွာက ငါ့အတွက် စဉ်းစားပြီးလုပ်ပေးခဲ့ကြတယ်။ ဒါကြောင့် ငါအောင်မြင်တာ..။ သူတို့အားလုံးက ငါ့အတွက်လို့ ငါဘက်ကစဉ်းစားမပေးခဲ့ရင် ငါဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်နိုင်ဘူးပဲ..ခုအထိ ငါ့ရဲ့ဘ၀ခရီးမှာ အတူတူလျှောက်ခဲ့ကြသူတွေ ဘယ်လောက်များပြီလဲ။ သူတို့အားလုံးဟာ ငါ့အနားမှာ အဖော်အဖြစ် ရှိနေပေးခြင်းနဲ့ ငါ့အတွက် အနည်းဆုံး စိတ်ခွန်အားတော့ ပေးသွားကြတာပဲ. ဘ၀ဆိုတာ တစ်ယောက်တည်း မရပ်တည်နိုင် မအောင်မြင်နိုင်ဘူး။ ဒီနေ့ကစလို့ ငါဟာ ခရီးတူအဖော်တွေအတွက် အကောင်းဆုံးအဖော်အဖြစ် နေသွားရမယ်......
ဒါက..လွန်ခဲ့သော ၂၅ နှစ်က တကယ့်အဖြစ်အပျက်ပါ။ အခုဆိုရင် တကနိုစံရဲ့ စီးပွားရေးလုပ်ငန်းဟာ အများကြီးအောင်မြင်နေပါပြီ။ တနေ့ဝင်ငွေ ယမ်းတစ်ကုဋေရှိတယ်တဲ့..။ ဒါပေမဲ့ တ၀က်ကို ကျောင်းအလှုတွေနဲ့ လူမှုရေးတွေမှာ သုံးစွဲတယ်။ ၀န်ထမ်းတွေကို ၃လတစ်ခါ ဘောနပ်ဆုချတယ်။ မကြာခဏလည်း အပန်းဖြေခရီးစီစဉ်ပေးတယ်. သူမဘ၀ဟာ အခုဆိုရင် ခရီးဖော်များစွာနဲ့ ပျော်ရွင်စွာရှိနေပါပြီ..
ဘ၀အခက်အခဲတွေ လူတိုင်းမှာ ရှိနေတာချင်းအတူတူဖြစ်ပေမဲ့ ဘ၀ခရီးကိုအတူတူလျှောက်နေတဲ့ ခရီးဖော်သူငယ်ချင်းတွေကို လှည့်ကြည့်ဂရုစိုက်ကြင်နာပေးတတ်ကြတဲ့ သူငယ်ချင်းမိတ်ဆွေများ အားလုံးကို အများကြီး ကျေးဇူးတင်ရပါတယ်လို့...
လသာည..ဖြစ်ပါတယ်။
Reference: NHK (၂၀၀၉.၁၀.၇) အစီအစဉ်ပါ။ တကနိုစံရဲ့ ဓါတ်ပုံကို တင်ဖို့ အင်တာနက်မှာ ရှာသော်လည်း နာမည်အပြည့်အစုံရဲ့ ခန်းဂျီးစာလုံးပေါင်းကို မပေါင်းတတ်လို့ ရှာမတွေ့ပါ။ တွေ့တဲ့အခါ တင်ပေးမယ်နော်..
12 comments:
မိဆိုးလေး said...
တောင်ပေါ်ရွာက အိုးရှင်းအကြောင်းလဲရေးပါဦးအမရ။မျက်နှာမလိုက်ပါနဲ့ ..။:P
လသာည said...
အိုးရှင်းအကြောင်းက လူတော်တော်များများ သိပြီးသားဆိုတော့ ကိုယ်ရေးရင်းပျင်းသွားမှာစိုးလို့/ ဒါပေမဲ့ တော်ပေါ်ရွာက မိဆိုးလေးအကြောင်းတော့ ရေးဖို့စဉ်းစားနေတယ်.. :D ဖြစ်တယ်ဟုတ်?
အိစံ said...
ထောက်ခံတယ် အမ တောင်ပေါ်ရွာက မိဆိုးလေး အေုကာင်းရေးဖို့ .
အားငယ်နေချိန်မှာခရီးဖော်သူငယ်ချင်း တွေကအားပေးရင် ငါ့ မှာ ဒီလိုမျိုး သူငယ်ချင်းတွေရှိပါလားဆို ပြီး .....
Anonymous said...
အဲလိုလေးတွေ များများရေးပါ
ပုံနားထောင်၇တာဝါသနာပါလို့
Lucifer said...
ရေးချင်ရာသာ ရေး မမီးကတော့ အကုန်နားထောင်တယ်..
မိဆိုးလေး said...
ရ စစ်..။အမ အတွက် ကုန်ကြမ်းရရင်..အိုကေ။မင်းအတွက်ဆို အမြဲအစဉ်သင့်။
Anonymous said...
ကျွန်တော်ကတော့ မလသာညဘလော့ခ်ကို ဖတ်တိုင်း တစ်ခုခု ရတယ်ဗျာ။ ကျွန်တော်ကတော့ တကနိုစံလိုမျိုး ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ ကြိုးစားချင်တယ်။ တခါတခါ ကိုယ့်ဘာသာလုပ်လို့ရတာမျိုးကို လုပ်မကြည့်ပဲနဲ့ ပတ်ဝန်းကျင်ကသူတပါးကို မှီခိုချင်နေတတ်တယ်။ ဒါမျိုးကျ ပတ်ဝန်းကျင်က မိတ်ဆွေတွေကို ၀န်ပိစေတယ်လို့ ယူဆတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ကိုယ့်ဘာသာလုပ်တတ်အောင် ကြိုးစားရမယ်။ သူများကူညီတာကို စောင့်ပြီး ကိုယ့်ဘာသာ အားငယ်နေတာထက်စာရင် ကိုယ့်ဘာသာလုပ်ကြည့်လို့ က်တာက စိတ်အင်အားကို ဖြစ်စေတယ်.. မလသာညကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ.။
မလသာည ဘလော့ကို “ပုံပြင်လေး”ပို့စ် (http://latharnya.blogspot.com/2009/08/blog-post_09.html)ကတဲက စဖတ်ပြီး ကြိုက်သွားခဲ့တယ်။ အဲဒီထဲမှာ ရေးထားတယ်မဟုတ်လား။
(ကိုယ့်ကို ဘ၀ကပေးလာတဲ့ ပုံပြင်လေးတွေကို လူကြီးတွေတွေးတဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေနဲ့ မပြောတတ်ချင်နေပါစေ။ ကလေးတွေတွေးတဲ့ အတွေးမျိုးနဲ့ နှစ်သက်စရာကောင်းတဲ့ ပုံပြင်လေးတွေကိုများများ သူများကို ပြန်ပြောနိုင်ချင်တယ်။)
မလသာည ပြောတဲ့ ပုံပြင်တိုင်းကို အခုထိ တန်ဖိုးထားလာဖတ်အားပေးနေပါတယ် ခင်ဗျာ။ ဆက်လက်လည်း အခုလိုမျိုး ပုံပြင်ပေါင်းများစွာ ပြောပြပေးပါဦး။ ဆက်လက်အားပေးနေပါတယ်လို့..
ခင်မင်လေးစားစွာဖြင့်
စာဖတ်ပရိတ်သတ်တစ်ဦး
မိုးသီတာ said...
လသာညရေ။ လောကကြီးက ကြမ်းတမ်းတယ်။ လူတွေရဲ့ စိတ်ထားတော်တော်များများကလဲ အချို့သူတွေအပေါ်မှာ ကြမ်းတမ်းခက်ထန် ရက်စက်လွန်းတယ်။ (သူတောင်းစားကိုတော့ လူတိုင်း သနားနိုင်ကြပါတယ်။) ရည်ရွယ်ချက်နဲ့ ပန်းတိုင်ကိုတော့ အရင် ရောက်အောင် အားခဲသွားမှ... ပြီးတော့မှ အခြားသူတွေကို လက်လှမ်း၊ လက်ကမ်းကြတာပေါ့။ ဘယ်အရာမှ ၁၀၀ ပြည့်ဖို့က မလွယ်ပါဘူး။ (ရပ်လိုက်သူနဲ့ သေသွားသူကို မဆိုလိုပါ။) ပြည့်ပြည့်၀၀ သာနေတဲ့ လ ရဲ့တဘက်ခြမ်းမှာ ပြည့်ပြည့်၀၀ မှောင်မိုက်နေတဲ့ အခြမ်းလဲရှိသလို... ပြည့်ပြည့်၀၀ မှောင်နေတယ်လို့ အထင်ခံရပေမဲ့ ပြည့်ပြည့်၀၀ လင်းနေတဲ့ အပိုင်းလဲ ရှိတတ်သေးတယ်ရော။.....
လသာည said...
ကွန်မန့်လေးများ အားလုံးကို ကျေးဇူးတင်ပါတယ် သယ်ရင်းတို့ရယ်..။
စာဖတ်သူသယ်ရင်း>> ရေးတဲ့စာတွေကို နှစ်သက်တယ်ဆိုတော့ ရေးရတာအားတက်တာပေါ့.ကျေးဇူးတင်ပါတယ်။
မိုးသီတာ>> ကိုယ့်အားကိုယ်ကိုးပြီး အရင်ကြိုးစားကြည့်ကြတာပေါ့နော်..။
လသာည said...
မိဆိုးလေး အိစံ မိုမိဂျိ ကြယ်လေး အားလုံးကို တကယ်ကို့ ကျေးဇူးတင်ပါတယ်။ <3
စိတ်အားလျော့နေချိန်မျိုးရှိတဲ့အခါ စိတ်တင်းနိုင်အောင် သူမအကြောင်းကို ဘာသာပြန်ကြည့်လိုက်တာပါ..။ ပြီးတော့ လသာညလည်း သူမလိုကြိုးစားကြည့်ချင်တယ်။ သူမလို့ ပတ်ဝန်းကျင်ကိုလည်း နားလည်ပေးနိုင်စွမ်းရှိသွားချင်တယ်။
အခုထိတော့ သူမလို မကြိုးစားနိုင်သေးသလို ပတ်ဝန်းကျင်ကိုလည်း နားလည်ပေးနိုင်စွမ်း သိပ်မရှိသေးဘူး။ လသာညအနေနဲ့တော့ အများကြီးကြိုးစားရပါဦးမယ်..
ဂရုစိုက်အားပေးတဲ့ သူငယ်ချင်းလေးများအားလုံးကိုလည်း အထူးကျေးဇူးတင်ချစ်ခင်ပါတယ်လို့..
နေ့အိပ်မက် said...
nesan.. hotondono nihonjinwa sodayo.... tokidoki shisetsu.. tokidoki kowai... :P
ဂျပန်မှာ လူမမာတွေသင်တန်းတက်ရတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး.. ရေးပေးတာ ကျေးဇူးနော်မမ
ကျော်နှင်းဆီလွင် said...
မရေ
စာတွေဖတ်လိုက်တိုင်းတခုခုကျန်ခဲ့တယ်
စိတ်ထားပုံကိုလည်းသဘောကျတယ်
ငြိမ်းချမ်းတယ်နော်
အားကျမိပါတယ်
:)