Saturday, September 24, 2011

ဘ၀ထဲက ဟာသများ ၎

၁) ပေါက်ကွဲခြင်းကို ပေါက်ကွဲခြင်းဖြင့်..



.........................................................

.........................................................

.........................................................


............................|(^^)/|(^^)/|(^^)/............................

၂) ချစ်ရတာလည်း မလွယ်

.........................................................

.........................................................

.........................................................

..............................|(^^)/|(^^)/|(^^)/...........................

ဘ၀ထဲမှာ ဟာသရှာပြီး ပျော်ရွှင်နိုင်စေရန် ဆန္ဒမွန်ဖြင့်..

လသာည ဖြစ်ပါတယ်။

Friday, September 23, 2011

ကန့်ကွက်ပါတယ်

ဧရာဝတီ မြစ်ဆုံ ဆည် တည်ဆောက်ရေး ကို တူးတူးခါးခါး ကန့်ကွက်ပါတယ် ..။

Thursday, September 15, 2011

နေတတ်သလို နေပါတော့..♪

မြန်မာနိုင်ငံ၏ ပညာရေးအသုံးစရိတ်မှာ တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော် ဆယ်နှစ်ရက်မြောက် နေ့တွင် ပြောကြားခဲ့သည်။ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးရဲ့ ပညာရေးဆိုင်ရာမေးမြန်းချက်ကို ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်တင်နွယ်ဦးက "၀င်ငွေအနိမ့်ဆုံး နိုင်ငံများတွင် ပါဝင်သည့် အီသီယိုပီးယားနိုင်ငံသည်ပင်လျှင် ၁၉၉၈ ခုနှစ်က လူတစ်ဦးအတွက် ပညာရေး ဆိုင်ရာအသုံးစရိတ်မှာ ၉.၉၅ ဒေါ်လာ (မြန်မာငွေကျပ်ငွေဖြင့် တစ်သောင်းပတ်ဝန်းကျင်) ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အသုံးစရိတ်မှာ ယခုနှစ် ၂၀၁၁ ခုနှစ်တွင် ငါးထောင့်လေးရာသုံးဆယ်တစ်ကျပ်သာ ရှိကြောင်း မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောသွားပါသည်.. ။

(7 DAY NEWS JOURNAL, အတွဲ (၁၀) အမှတ် (၂၆)၊ စက်တင်ဘာ ၁၅၊ ၂၀၁၁၊ စာမျက်နှာ ၂၁) မှ ကောက်နှုတ်ဖော်ပြချက်..)

ပညာရေးဖြင့် ခေတ်မှီ ဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ထူထောင်ဖို့အတွက်.......

ဟူးးးးးးးးးးးးးး နေတတ်သလို နေပါတော့.. နေတတ်သလို နေပါတော့..

လသာည ဖြစ်ပါတယ်။

Tuesday, September 13, 2011

အနီးစပ်ဆုံးတိုးတက်မှု နယ်ပယ် -ZPD

ပြဿနာတစ်ခုကို ဖြေရှင်းချင်တဲ့အခါပဲဖြစ်ဖြစ်၊ ပညာရပ်တစ်ခုကို သင်ယူတဲ့အခါပဲဖြစ်ဖြစ်၊ အနီးစပ်ဆုံး တိုးတက်မှု နယ်ပယ် ( Zone of proximal development-ZPD) ထဲမှာ ဖြေရှင်းရင်၊ သင်ယူရင် ပိုအဆင်ပြေတယ်လို့ ပညာရေး စိတ်ပညာရှင် Vigotsky က ဆိုပါတယ်။

အနီးစပ်ဆုံး တိုးတက်မှု နယ်ပယ်-ZPD ဆိုတာက ပြဿနာတစ်ခု/ ပညာရပ်တစ်ခုကို မိမိကိုယ်တိုင် မဖြေရှင်းနိုင်/ မတတ်မြောက်နိုင်သေးပေမယ့် မိမိထက် ပိုထူးချွန်သူ တစ်စုံတစ်ဦး၏ အကူအညီ/ လမ်းညွှန်မှု ရရင်တော့ ဖြေရှင်းဖို့ မိမိဘက်က စွမ်းရည်ပြည့်နေသော အခြေအနေ/အချိန် အကန့်အသတ်တစ်ခုကို ဆိုလိုတာပါ။ ZPD ထဲမှာ မိမိကို ထောက်ပံ့မှုကို ရရှိခဲ့ရင် လျှင်မြန်စွာ ပြဿနာကို ဖြေရှင်းနိုင်၊ ပညာသင်တာဆိုလျှင်လည်း လျှင်မြန်စွာ တတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ZPD ထဲက ထောက်ပံ့မှုပေးသည့်အရာများကို ငြမ်း (scaffolding)လို့ Vygotskyက သတ်မှတ်ထားပါတယ်။

Vygotsky က. အဆောက်အဦး တည်ဆောက်ဖို့ ငြမ်း ဆိုတဲ့ အထောက်အပံ့ လိုအပ်သလိုမျိုး ပညာသင်ယူတဲ့အခါ လည်း ငြမ်းကို အတိုင်းအတာတစ်ခုအထိ လိုကို လိုအပ်ပါတယ်၊ ထိုအတိုင်းအတာက ZPD ဖြစ်တယ်လို့ ဆိုပါတယ်. ..။

ပုံက Vygotsky ရဲ့ သီအိုရီကို ပုံဖော်ထားတာပါ။

ပုံထဲကအတိုင်း အဲဒီ ZPDရဲ့ အထက်နဲ့ အောက်မှာ အခြား နယ်ပယ်နှစ်ခုလည်း ရှိသေးတယ်။ ZPD အောက်က နယ်ပယ်က “မိမိကိုယ်တိုင် ဖြေရှင်းနိုင်သော၊ လုပ်နိုင်သော နယ်ပယ်” ဖြစ်ပြီး၊ ZPD အထက်က နယ်ပယ်ကတော့ “ကိုယ်တိုင် ဖြေရှင်းလို့မရသေးသော နယ်ပယ်” ဖြစ်ပါတယ်။ ဒီသီအိုရီဟာ ပညာရေး နယ်ပယ်မှာ အခု အရမ်းကို အရေးထားလာကြတာ တွေ့ရပါတယ်။

"ZPD ထဲက ငြမ်းများကတော့ မိဘဖြစ်ချင် ဖြစ်မယ်၊ ဆရာ ဖြစ်ချင်ဖြစ်မယ်၊ အတွေ့အကြုံရှိ မိမိရဲ့ အပေါင်းအသင်း သူငယ်ချင်း ဖြစ်ချင်လည်း ဖြစ်မယ်၊ ဒါမှမဟုတ် စာအုပ်တွေလည်း ဖြစ်နိုင်တယ်။ ငြမ်းများ၏ အကူအညီနဲ့ ZPD နယ်ပယ်ထဲမှာ သင်ယူတတ်မြောက်သွားပြီးတဲ့အခါ အဲဒါကို ကျေနပ်မနေပဲ ငြမ်းကို ဖယ်ရှားပြီး၊ (ငြမ်းမပါပဲ) ကိုယ်တိုင်လုပ်ဆောင်ရမှာ ဖြစ်တယ်။ ထို့နောက်တော့ အသစ်အသစ်သော ZPD တွေကို သတ်မှတ်ပြီး ကျွန်တော်တို့ ဆက်လက်ကြိုးစားရဦးမှာပါ......”

သေချာတာတစ်ခုက ငြမ်းဆိုတဲ့အရာတွေက လူသားတိုင်းရဲ့ဘ၀ ဘယ်အစိတ်အပိုင်းမှာမဆို ဆက်လက်
လိုအပ်နေဦးမှာပါပဲ မဟုတ်ပါလား……………….

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကို ဦးညွှတ်ကန်တော့လျှက်…
လသာည

Tuesday, July 26, 2011

ဘ၀ထဲမှ ဟာသများ-၃

တိုက်ဆိုင်လွန်းနေလို့ စဇအဲစံရဲ့ ကာတွန်းအချို့ကို သတိတရ ဘာသာပြန်ဖြစ်ပါတယ်။ တိုက်ဆိုင်ရတာတွေကတော့.. ကျွန်မရဲ့ ဘဘပေါ့ ။ အခုတလော သူအော်ကြီးဟစ်ကျယ် ပေါက်ကွဲနေတာ တွေ့နေရလေရဲ့..
၁။ ပေါက်ကွဲခွင့်လေး

................................................

................................................

................................................

ကျွန်မ့ဘဘ. ကတော့ အဲလို ပေါက်ကွဲချိန်လေးနဲ့ ပေါက်ကွဲတတ်သူပါ..
\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.
.............................................................................................

၂။ အားနာလိုက်တာရှင်


တစ်ရက်ကပေါ့.. တအားခင်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်က ထမင်းစားဖိတ်တာနဲ့ သွားအစား..

................................................
သူငယ်ချင်းက ဟင်းကောင်းတွေ အများကြီး ပြင်ဆင်ထားတာ မြင်တာမို့ ၀မ်းသာသော်လည်း အားနာစွာ ပြောမိတယ်..။

................................................
သူက..............
................................................
ရှက်အားနာနာနဲ့ အိမ်ရှင်နဲ့ထမင်းကို မကြည့်ရဲခဲ့တာ ကျွန်မရယ်ပါ။ \(^၀^)/.
.............................................................................................

သူငယ်ချင်းအားလုံး ဘ၀ထဲမှ ဟာသများဖြင့် ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်းပါ

Monday, July 4, 2011

မှတ်ဥာဏ်နှုန်းထားက ဘယ်အသက်အဆင့်လဲ

ဟိုတလောကက ငယ်သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ သူကပြုံးစိစိနဲ မေးတယ်.. ဒီမယ် အစ်မကြီး စာကျက်လို့ မှတ်လို့ အကောင်းဆုံးအရွယ်က ဘယ်အရွယ်လဲ သိပါတယ်နော်.. တဲ့။ သူနဲ့တွေ့တိုင်း ကွန်ပျူတာနား သို့မဟုတ် စာအုပ်ပုံကြား ရှိနေတတ်တဲ့ ကျွန်မကို “နင်က အခုထိ စာကျက်နေတုန်းပဲလား..။ ဘွဲ့တွေယူရင်း မြန်မြန် ဆံပင်ဖြူမယ့် အဖွားကြီးလောင်းလျာ” လို့ အမြဲနောက်တတ်သူပါ။

သူပြောတာလည်း ဟုတ်နေတော့ ကျွန်မ ရယ်ပြီး ပြန်ပြောမိတယ်။ ဟဲ့ ငါက စာကျက်ရတာ ၀ါသနာပါလို့ပါနော်.. လို့ (တကယ်က စာဆိုရင် စာလေးရော စာကြီးရော ကျက်မှတ်ရတဲ့ဘ၀ကို မလိုချင်တော့..။ ကျောင်းသားဘ၀ကို မြန်မြန်ကျွတ်ချင်လှပါပြီ.. ဟူးးးး )

သူငယ်ချင်းပြောသလိုပဲ တကယ်လို့များ လူတစ်ဦးရဲ့ မှတ်နိုင်စွမ်းကို အသက်အရွယ်နဲ့ပဲ သတ်မှတ်ပြောကြေးဆိုရင်တော့ ပညာရှင် Thorndikeက သုတေသနတစ်ခုနဲ့ အခိုင်အမာဆိုထားတာ မှတ်သားဖူးတယ်.. ။

ပညာရှင် Thorndikeရဲ့အဆိုအရ. ပုံမှန်လူတစ်ယောက်ဟာ..

၁) အသက် ၈ နှစ်မှ ၂၀နှစ် အတွင်းမှာ အကြောင်းအရာအသစ်တစ်ခုကို များများနဲ့ မြန်မြန် သင်ယူနိုင်စွမ်းရှိတယ်..။

၂) အသက်၂၀ နောက်ပိုင်းမှာ မှတ်ဥာဏ်အား ဖွံဖြိုးမှုအရှိန်နှေးလာပေမယ့် ဆက်တော့ဖွံဖြိုးနေမှာဖြစ်ပြီး အသက် ၂၅ နှစ်မှာ မှတ်ဥာဏ်အား အကောင်းဆုံး (peak) ဖြစ်တယ်..။

၃) အသက်၃၅ နှစ် နောက်ပိုင်းမှာတော့ မှတ်ဥာဏ်အား ဆုတ်ယုတ်စပြုလာပြီး အသက် ၄၅နှစ် ရောက်ချိန်မှာတော့ သူ့မှတ်ဥာဏ်အား peak အခြေအနေမှ ၂၂ % လျော့ကျနေပြီး ဖြစ်ပါတယ်..။

၎) အသက် ၅၀ရှိ လူတစ်ဦးရဲ့ မှတ်နိုင်စွမ်းသည် အသက် ၁၅ နှစ်သားရဲ့ မှတ်နိုင်စွမ်းလောက် ကျန်နိုင်ပါတယ်။

၅) အသက်၇၀ ရှိ လူတစ်ဦးရဲ့ မှတ်နိုင်စွမ်းကတော့ ပုံမှန် ကလေး ၁၀နှစ်သားရဲ့ မှတ်နိုင်စွမ်းနဲ့ တူနိုင်ပါတယ်..

ကဲ.. ကျွန်မရဲ့ သူငယ်ချင်းများရော လက်ရှိ မှတ်ဥာဏ်နှုန်းထားက ဘယ်အသက်အဆင့်များ ရှိနေပြီလဲ ..ဟင် ။ ကျွန်မလား.. ကျွန်မကတော့ အခု မှတ်ဥာဏ်အား ဆုတ်ယုတ်စပြုနေပြီ။ ဒါကြောင့် အခု စာမကျက်ချင်တော့ဘူး၊ ဘလော့ပဲ ထိုင် ဘလော့ချင်တော့တယ် (^0^)/
………………………………………………………….

မှတ်ချက်။ ။ တကယ်တော့ အကြောင်းအရာတစ်ခုကို သင်ယူနိုင်စွမ်း၊ မှတ်သားနိုင်စွမ်းသည် အသက်အပိုင်းအခြား တစ်ခုတည်းနဲ့တော့ ဆုံးဖြတ်လို့ မရပါဘူး။ အသက်အရွယ်အပြင်၊ အကြောင်းအရာပေါ် လိုက်ပြီး ယောက်ျားမိန်မ မှတ်နိုင်စွမ်းကွဲပြားမှု၊ တစ်ဦးချင်းစီ၏ ဥာဏ်ရည်၊ ဗီဇ၊ ကာယကံရှင်၏ သင်ယူလိုစိတ်၊ ထိုသူ၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု စသည့်အပေါ်တွေမှာလည်း မှုတည်နိုင်ကြောင်းပါ..တဲ့။ ဗဟုသုတပေါ့နော်..

လသာည ဖြစ်ပါတယ်…

Sunday, June 19, 2011

ချွေးနံ့ပြိုင်ခြင်း..

ကြံကြံဖန်ဖန် လူအိုနဲ့ လူပျို ချွေးနံ့ ပြိုင်ကြတယ်။ လူအိုဆိုတာက အသက်၆၀ကျော် အဖိုးကြီးတွေကို ဆိုလိုတာဖြစ်ပြီး လူပျိုဆိုတာကတော့ အသက်၂၀ ကနေ အသက်၃၅ ကြားရှိတဲ့ လူရွယ်လူလတ်တွေကို ပြောတာ..။

ပြိုင်ပွဲမလုပ်ခင် “အမျိုးသမီးများအနေဖြင့် လူပျိုနဲ့ လူအို ဘယ်သူက ချွေးနံ့ နံမယ်ထင်ပါသလဲ” လို့ စစ်တမ်းလိုက်ကောက်တော့ ဖြေဆိုသူ အရွယ်စုံ အမျိုးသမီးများရဲ့ ၇၀% ကျော်ကျော်က “လူအိုတွေက သိပ်နံပါတယ်။ ရထားထဲတို့ ဘတ်စ်ကားထဲမှာများ အဖိုးကြီးတွေနား ကပ်ထိုင်မိရင် သိပ်စိတ်ပျက်ရတာပဲ”လို့ ပြောပါသတဲ့…။

ဒီလိုနဲ့ အနံ့ပြိုင်ပွဲကို ပြုလုပ်ပါတယ်။ ရုံးဆင်းချိန် ညနေမျိုးမှာ ချွေးနံ့ပြိုင်ရင် ဝေခွဲရခက်မှာ စိုးလို့ မနက်ခင်း ၇ နာရီပတ်ဝန်းကျင်လောက်မှာ ပြိုင်ပွဲ လုပ်တယ်။ ချွေးနံ့ကို ဆုံးဖြတ်ပေးသူ ဒိုင်သူကြီးများအဖြစ် အသက် ၂၀ကနေ အသက်၃၅ အတွင်းက အမျိုးသမီးလေးတွေ ၇ ဦးပဲက တာဝန်ယူပါတယ်။

စည်းကမ်းအရ...

ပြိုင်ပွဲဝင် အမျိုးသားများအားလုံးဟာ ချိုင်းပြတ်စွပ်ကျယ်အင်္ကျီလေးတွေ ကိုယ်စီဝတ်ထားကြရပြီး၊ ရေမွှေးဆွတ်မလာရပါဘူး၊ ကားထဲမှာ စကားပြောခွင့် မရှိပါဘူး။ အနံ့ အကဲဖြတ် ဒိုင်လူကြီး အမျိုးသမီးများအနေဖြင့်ကတော့ မျက်လုံးကို ပုဝါထူထူစည်းပြီး လာရမည် ဖြစ်ပါတယ်။

ပြိုင်ပွဲအတွက် လူပျိုအဖွဲ့က ကားတစ်စီး၊ လူအိုတစ်ဖွဲ့က ကားတစ်စီးနဲ့ သတ်မှတ်ထားတဲ့ ကားမှတ်တိုင်မှာ စောင့်နေကြပါတယ်။ ဒီလိုနဲ့ သိပ်မကြာဘူး.. ဒိုင်လူကြီးတစ်ဦး..မျက်လုံးကို ပုဝါစည်းပြီး လူအိုတွေထိုင်နေတဲ့ ကားထဲကို ၀င်ထိုင်စေပါတယ်။ အဲဒီအချိန်ကစပြီး အနံ့ရှူခိုင်းပြီး ကားကို တစ်မှတ်တိုင်စာ (၂၀မိနစ်) မောင်းစေပါတယ်။ နောက်မှတ်တိုင်ရောက်တော့ ကောင်မလေးက ကားပြောင်းပြီး လူပျိုအဖွဲ့စီးတဲ့ ကားပေါ်မှာ ၀င်ထိုင်ပြီး အနံ့ရှူပါတယ်။ ဘေးကလည်း ဒိုင်လူကြီးရဲ့ အမူအယာ အပြောင်းအလဲကို ဗွီဒီယိုနဲ့ မှတ်တမ်းတင်ထားပါတယ်။

အဲဒီလို အမျိုးသမီးက နှာခေါင်းကို ပွစိပွစိလုပ်ပြီး သူ့ပတ်ဝန်းကျင်က အနံ့တွေကို ရှူနေတုန်း ပြိုင်ပွဲဝင် ၂ဖွဲ့ရဲ့ အမူအရာတွေက သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်….

လူအိုအဖွဲ့ကဆို စိတ်အားငယ်သလိုမျိုး ကိုယ့်အဖွဲ့ကို နံတယ်ပြောပြီး ကောင်မလေး ထွက်ပြေးမှာစိုးလို့ အသက်တောင် မရှူမိသလောက် ကားရဲ့ချောင်ထဲဘက် ကိုယ်လုံးယိမ်းထိုင်ပြီး ငြိမ်နေကြတာတွေ့ရတယ်။ လူပျိုအဖွဲ့ကတော့ ယုံကြည်ချက်အပြည့်ရှိပုံနဲ့..။ (စာရှည်မှာစိုးလို့ အသေးစိတ် မရေးတော့ဘူး.....း)

ဒီလိုနဲ့… ပြိုင်ပွဲပြီးသွားပါတယ်...

ဒိုင်လူကြီး အများစုရဲ့ အဖြေကတော့..
“ ပထမကားမှာ ချွေးနံ့မရပါ၊ ကိုယ်သင်းနံ့လိုမျိုးနည်းနည်းတောင် ရသေးတယ်၊ ဒါကြောင့် လူပျိုအဖွဲ့ဖြစ်ရမယ်၊ ဒုတိယကားမှာတော့ ချွေးနံ့ကို သိသိသာသာရနေလွန်းလို့ သေချာပေါက် လူအိုအဖွဲ့ပါပဲလို့” ဟူသတဲ့။ ပြောင်းပြန်ကောက်ချက်တွေ ချသွားတာပေါ့နော်။ လူပျိုအဖွဲ့ မပြုံးနိုင်တော့… (@.@)

ဟုတ်ကဲ့.. အဲဒီနေ့ ပြိုင်ပွဲမှာ လူအိုနဲ့ လူပျို.. ရှစ် မဲ နှစ်မဲ နဲ့ လူပျိုက ချွေးနံ့ ပိုနံ့သူဆုကို အပြတ်အသတ် နိုင်သွားပါတယ်။ ကဲ..ဒီပြိုင်ပွဲရလာဒ်အရ လူပျိုတွေဟာ အဖိုးကြီးတွေထက် ချွေးနံ့ ပိုနံပါသတဲ့…..နော်…(^^)/။

ပြိုင်ပွဲကြီးကြပ်သူ ဆရာဝန်၏ အဆိုအရ ပျိုမျှစ်နုနယ်တဲ့အချိန်ဟာ ကျန်းမာသန်စွမ်း ပြေးလွှားနိုင်သလောက် ဘာဟိုမုန်း ညာဟိုမုန်းတွေကအစ ပိုထွက်တဲ့အတွက် ချွေးနံ့ ပိုနံရတာဖြစ်သလို၊ ဘဘအရွယ် ရောက်လာရင်တော့ အစစ ချို့ယွင်း အားနည်းလာချိန်ဆိုတော့ ချွေးနံ့ နံနှုန်း နည်းသွားတာ ဖြစ်ပါတယ်တဲ့..။

စစ်တမ်းကောက်တုန်းက အဖိုးကြီးဆို ပိုနံ့တယ်လို့ ထင်သူများဟာ စိတ်စွဲကြောင့် ဖြစ်နိုင်သလို နဂိုထဲက တကိုယ်ရည်သန့်ရှင်းရေး ပျင်းသူအဖိုးကြီးများနှင့် တွေ့သူများ ဖြစ်ပါလိမ့်မယ်လို့လည်း ထင်မြင်ချက်ကို ဆိုသွားပါတယ်..

ဒါကတော့ လွန်ခဲ့သော ၆ လက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ လုပ်ခဲ့တဲ့ ပြိုင်ပွဲလေးပါ.. ။ ဗဟုသုတပေါ့..နော်။

လသာည ဖြစ်ပါတယ်။

Sunday, June 12, 2011

ကံကောင်းသော စက်ရုပ်.

အဲဒီနေ့က အဲဒီကံစမ်းမဲကို မနှိုက်ခဲ့မိရင် အကောင်းသား..။ အခုတော့ သူ့အဖြစ်က.

(၁)
မျက်နှာပေါ်စူးစူးရဲရဲ ကျလာတဲ့အပူရှိန်ကြောင့် ညက ပြတင်းပေါက်မပိတ်ပဲ အိပ်ပျော်သွားတာကို သတိရမိတယ်။ အခုတလော သတိလက်လွတ် ဖြစ်ရတာတွေ များများလာပါလား..။ ပြီးတော့ အခုတလော ထူးဆန်းစွာ ကံတွေကလည်း ကောင်းနေတယ်။ မနေ့ကတင် ထီ ၅ သိန်း ပေါက်တယ်။ ဆုကြေးရတယ်။ ဘောက်ဆူးတွေလည်း နေ့တိုင်းလိုလို၊ ကံအကောင်းဆုံးက လွန်ခဲ့တဲ့တပတ်ကတင် အရုပ်မလေးလို လှပချောမောသူလေး တစ်ယောက်က သူ့နားကို ရောက်လာတယ်။ သူမက..
"ကိုကို့ကို သိပ်ချစ်တာ၊ ကိုကိုမရှိရင် မေလေး သေလိမ့်မယ်သိလား"တဲ့..

(၂)
"ကလင် ကလင်"
အိမ်ရှေ့က လူခေါ်ဘဲလ် အဆက်မပြတ်တီးသံကြောင့် ရေချိုးခန်းထဲမှ ကဗျာကသီ အ၀တ်ဝတ်ပြီး ထွက်လာလိုက်တော့..
"မင်္ဂလာရှိသော နံနက်ခင်းပါ ဦးည"
"ဟုတ်ကဲ့ မင်္ဂလာပါ။ ကျွန်တော်ဘာများကူညီရမလဲ ခင်ဗျာ"
"ဟာ.. မကူညီရပါဘူးဗျာ။ ကျွန်တော်တို့က ခင်ဗျားကို ကံကောင်းခြင်း လက်ဆောင်တွေ လာပေးတာပါ"
"ဗျာ"
"ကျွန်တော်တို့က အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ကပါ။ "
"အဲဒါနဲ့ ကျွန်တော်နဲ့ ဘယ်လိုများ ပတ်သတ်နေပါလဲ။ ကျွန်တော်က အာကာသစူးစမ်းလေ့လာရေးတွေ နားမလည်ပါဘူး"
"ဟုတ်ကဲ့။ ကျွန်တော်တို့ သိပါတယ်။ လောလောဆယ် ခင်ဗျားကို ကျပ်သိန်းတစ်ထောင်တန်နဲ့ အမေရိကားကို ပညာတော်သင် သွားခွင့် ကံစမ်းမဲ လာပေးတာပါ။ ဒါက ကျွန်တော်တို့ ရုံးဖုန်းနံပါတ်ပါ။ ကံစမ်းမဲပေါက်ရင် ကျွန်တော်တို့က ဆက်သွယ်ပါ့မယ်။ တီဗွီအစီအစဉ်မှလည်း တရားဝင်ကြေငြာပေးပါ့မယ်"

(၃)
"ကိုကို့ကို ဒီမနက်စောစောစီးစီး သိန်းတစ်ထောင်တန် ကံစမ်းမဲ လာပေးသွားတယ် မေလေး..၊ အခုတလော ကိုကို့ကံတွေ ကောင်းလွန်းနေတာ နည်းနည်း ထူးဆန်းနေတယ်လို့ မထင်ဘူးလားဟင် "
"ဟာ သိန်းတစ်ထောင် ဟုတ်လား။ ပေါက်လို့ကတော့ ကိုကိုနော် မေလေးကို ရေကူးကန်နဲ့ အိမ်လှလှလေးတစ်အိမ် ၀ယ်ပေးရမယ်..နော်.."
"ဟုတ်ပါပြီဗျာ..။ ဟုတ်ပါပြီ..။ ဟော.. ဖုန်းမြည်နေလို့ ခဏနော်"
"ဟယ်လို ဟုတ်ကဲ့ ကိုညပါ။ ဗျာ.. ကံစမ်းမဲပေါက်တယ်။ မဲက ချက်ချက်ကြေငြာတာလား။ အော်..ဟုတ်လားဗျာ. ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ ဟုတ်ကဲ့ အခု တီဗွီလည်း ဖွင့်ထားပါတယ်။ ချန်နယ်ဘယ်လောက်မှာ ကြေငြာတာပါလဲ။ ချန်နယ်သုံး?.. ဟုတ်ကဲ့ဟုတ်ကဲ့"

(၄)

"ဟုတ်ကဲ့ NN သတင်းဌာနမှ ဒီမနက်မှာ အားလုံးအတွက် အထူးအဆန်းဖြစ်စေမယ့် သတင်းကို ကြေငြာပါ့မယ်..။ အခုမနက်မှာ အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ မှ ကံထူးသူတစ်ဦးကို သိန်းတစ်ထောင်နှင့် ကံစမ်း ရွေးချယ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်း သတင်းပဲဖြစ်ပါတယ်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကံစမ်းမဲပေါက်သူဟာ ကံသာ ရပ်ကွက်က ဦးည ပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်နံပါတ်ကတော့ (၈/...၀၀၀၁၁၁).ဖြစ်ပြီး အသက်အားဖြင့် ငယ်ရွယ်ထက်မြက်သူဖြစ်တယ်လို့ ဆိုပါတယ်။ ထို့ပြင် သုတေသနအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဦးညအနေဖြင့် အမေရိကန်နိုင်ငံက အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ဌာနချူပ်မှာ သင်တန်းတက်ခွင့်လည်း ရရှိမှာဖြစ်ပါတယ်။

သင်တန်းကတော့ အာကာသစက်ရုပ်အဖြစ် လေ့ကျင့်သင်တန်းပေးမှာဖြစ်ပြီး အခုလိုသင်တန်းမျိုးအတွက် တစ်နိုင်ငံကို တစ်ဦးသာရွေးချယ်တာ ဖြစ်တဲ့အတွက်ကြောင့် သူ့ကို ကျွန်တော်တို့နိုင်ငံရဲ့ တစ်ဦးတည်းသော သူရဲကောင်းလေး အဖြစ်လည်း သတ်မှတ် ကြေငြာထားကြောင်းလည်း သတင်းရရှိပါတယ်ခင်ဗျာ။

ဒါကြောင့် ကျွန်တော်တို့ NN သတင်းဌာနအနေဖြင့် သူရဲကောင်းလေး ဦးညကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ နောက်ပြီး သူရဲကောင်းလေးရဲ့ ရင်ထဲက စကားလေးကို အင်တာဗျူးဖို့အတွက် ကျွန်တော်တို့ သတင်းဌာနမှ လူများ သွားရောက်နေပြီ ဖြစ်ပါတယ်။

(၅)
တီဗွီသတင်းကြားပြီးကတဲက.. ချက်ချင်းပဲ ခေါင်းမူးလာသလိုလို၊ အိမ်သာပဲ တက်ချင်သလိုလို... သူတအားကို စိတ်လှုပ်ရှားနေပါတယ်။ သူ ကံစမ်းမဲပေါက်တာက ရပ်ကျော်ရွာကျော် နိုင်ငံကျော် ဖြစ်နေပြီး သူရဲကောင်းအဖြစ် နေ့ချင်းညချင်းရောက်သွားရတဲ့အဖြစ်။ သူ့အနေနဲ့က မေလေးနားမှာ အခုလိုပဲ နေချင်ပါတယ်။ သူရဲကောင်းလည်း မဖြစ်ချင်ပါ။ အာကာသသွားဖို့မပြောနဲ့ လေယာဉ်တောင် မစီးရဲသူ။ အခုတော့ သူရဲကောင်းအဖြစ် သတ်မှတ်ပြီး ကြေငြာခံရတယ်။

နေမရထိုင်မရဖြစ်လာတဲ့အဆုံး ကံစမ်းမဲကို လက်မခံလိုပါကြောင်း ငြင်းဖို့ မေလေးကို အဖော်စပ်တဲ့အနေနဲ့ ကြည့်လိုက်တော့ မေလေးက သူ့ခံစားချက်ကို ဂရုစိုက်မိပုံမပေါ်၊ သူ့အတွေးနဲ့သူ. သူရဲကောင်းရဲ့ ရည်စားအဖြစ်နဲ့ လက်ချင်းချိတ်ပြီး အိမ့်အပြင်ထွက်နိုင်ဖို့ သူမ့အ၀တ်အစားကို ပြန်လဲပြီး အလှဆုံးဖြစ်အောင် ပြင်နေတာကို တွေ့ရပါတယ်။

"ကိုကို.. လာ၊ သွားစို့။ အိမ်အပြင်မှာ အင်တာဗျူးမယ့်သူတွေ စောင့်နေပြီ"
"နေ.. နေပါဦးကွာ။ ကိုကို ခေါင်းနည်းနည်းမူးသလိုဖြစ်ပြီး ရေဆာလို့ ရေလေးတစ်ခွက်လောက်သောက်ပါရစေဦး"

"ကိုကိုကလည်း ဘာတွေဖြစ်နေတာလဲ။ ချက်ချင်းကြီး ဘာဖြစ်သွားတာလဲ။ ဒီမှာ. ပိုက်ဆံလည်း သိန်းတစ်ထောင်ရ၊ မေလေးလည်း သူရဲကောင်းရဲ့ ရည်းစားဖြစ်။ ဘယ်လောက်ပျော်ဖို့ကောင်းလဲလို့."

(၆)
" ကျွန်တော်တို့ NNသတင်းဌာနက ဦးညရဲ့ အိမ်ရှေ့ကနေပြီး တိုက်ရိုက်တင်ဆက်နေတာ ဖြစ်ပါတယ်။ ဦးည အိမ်ရှေ့မှာဆိုရင် သူရဲကောင်းလေးကို လက်ခုပ်တီးဂုဏ်ပြုဖို့ သူ့၏ မိတ်ဆွေသူငယ်ချင်းများစွာ လာရောက်စောင့်စား တန်းစီနေတာကို အခုလို တွေ့ရမှာ ဖြစ်ပါတယ်။ စောင့်နေသူတွေထဲက ဦးညရဲ့သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံပြီး ဦးညရဲ့အကြောင်းကို အခုလို မေးမြန်းခဲ့ပါတယ်။"

"ဟုတ်ကဲ့။ ကိုညနဲ့ ကျွန်တော်က ငယ်ငယ်ကတဲက သူငယ်ချင်းတွေပါ။ ပြောရရင်ဗျာ ပြောမနာဆိုမနာ ညီအစ်ကိုတွေဆိုလည်း မမှားပါဘူး။ အခုလို အာကာသ စူးစမ်းလေ့လာရေး သုတေသနလုပ်ငန်း အတွက် ရွေးချယ်ခံရသူ သူရဲကောင်းအဖြစ် ကျွန်တော်တကယ် ဂုဏ်ယူတယ်ဗျာ"

မြတ်စွာဘုရား... ကိုယ် သူ့ကို မသိပါဘူး။ သူက ဘယ်ကဘယ်လို အခုမှ သူငယ်ချင်းပါဆိုပြီး လာပြောနေတာပါလိမ့်.။ ဘာ..တွေဖြစ်ကုန်ပြီလဲ.. ငါ အိပ်မက် မက်နေတာလား...

"ဟုတ်ကဲ့.။ ကျွန်မကတော့ ကိုညနဲ့ တက္ကသိုလ်အတူတူတက်ခဲ့ဖူးသူပါ၊ သူက တက္ကသိုလ်မှာကတဲက အတန်းထဲမှာ အများအတွက်ဆို တာဝန်ယူ ဦးဆောင်သူ တစ်ဦးဖြစ်ပါတယ်။ ကျွန်မ ကိုညအတွက် ဂုဏ်ယူလွန်းလို့ အခုလို လာရောက်နှုတ်ဆက်ဖို့ တန်းစီစောင့်နေရတာပါ"

မဟုတ်ဖူး... မဟုတ်ဖူး..။ ဘယ်တုန်းကမှ အီးစီမလုပ်ဖူးပါဘူး။ အခုလည်း ငါသူရဲကောင်း မလုပ်ချင်ဘူး..

စိတ်ပျက်လက်ပျက်နဲ့ အိမ်အပြင်ကလူတွေကို ပြတင်းပေါက်ကနေ လှမ်းအကြည့်..အောက်က လူအုပ်ကြီးမှ သံပြိုင် အော်သံကို ကြားလိုက်ရတယ်။

"ဦးည..
ဦးည..
ဦးည..
သူရဲကောင်း ဦးည
ဖြောင်းဖြောင်းဖြောင်း"

(၇)
"ဟုတ်ကဲ့..။ အခုဆိုရင် ဦးညဟာ သူရဲ့ချစ်သူလေးနဲ့အတူ အိမ်အပြင်ကို ထွက်လာပြီ ဖြစ်ပါတယ်။ အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ အနေနှင့်လည်း သူရဲကောင်းလေးကို ဆုချဖို့ ဆုငွေသိန်းတစ်ထောင်နဲ့ သူရဲကောင်းဘွဲ့တံဆိပ်ကို အပ်နှင်းဖို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကဲ ဦးညရဲ့ သူရဲကောင်းရင်ခုန်သံလေးကို တနိုင်ငံလုံးက ပြည်သူတွေ ကြားအောင် ပြောပြပါဦးနော်"

"ဟုတ်ကဲ့.. ကျွန်..ကျွန်တော် ပျော်ပါတယ်။"

"ကျွန်မချစ်သူက တကယ့်သူရဲကောင်းပါ။ ကျွန်မကတော့ ကျွန်မချစ်သူအတွက် သိပ်ကို ဂုဏ်ယူမိပါတယ်။"

(၈)
"ကိုကို.. ကိုကိုကလည်း ဘာငိုင်နေတာလဲ..လုပ်တော့လေ။ ခရီးထွက်ဖို့ အထုတ်အပိုးပြင်တော့လေ။ တကယ်ဆို မေလေးက ကိုကို့ကို တကယ်မခွဲနိုင်ပါဘူး. ။ အများအကျိုးမို့သာ ဇွတ်မှိတ်ခွဲရတာ။ ကိုကိုမေလေးကို မမေ့နဲ့နော်။ နောက်ပြီး ကိုကိုအခုဝယ်ပေးတဲ့ ဒီအိမ်လေးထဲမှာ မေလေးကကိုကိုပြန်လာတဲ့အထိ ကိုကို့ကို စောင့်နေမှာပါ။ ဒါနဲ့ မေမေကလေ မေလေးတစ်ယောက်တည်းဆို စိတ်မချလို့တဲ့ မေမေတို့လည်း လာနေမယ်တဲ့။ ကိုကို စိတ်ချလက်ချသာ သွားနော်"

"..........."

(၉)
"....။ သူရဲကောင်းလေး ဦးညဟာ ဒီကနေ့ညနေ ၃ နာရီမှာပဲ အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ချူပ်ဆီကို ထွက်ခွာ သွားတော့မှာဖြစ်ပါတယ်..။ ထိုကြောင့် သူရဲကောင်းလေးအတွက် ဂုဏ်ပြုနေ့လည်စာ စားပွဲကို မဟာအာဠာဝက ခန်းမဆောင်မှာ နိုင်ငံတော် သမ္မတကြီးမှ ဂုဏ်ပြုဧည့်ခံပွဲဖြင့် ဂုဏ်ပြုခဲ့ပြီး အခုလို ဦးညရဲ့ မွန်မြတ်တဲ့ သူရဲကောင်းစိတ်ထားလေးကို အမြဲရှင်သန်နေစေဖို့နဲ့ စေလွှတ်လိုက်တဲ့ အမိနိုင်ငံနဲ့ နိုင်ငံတော် အကြီးအကဲများရဲ့ ကျေးဇူးကို အစဉ် ဦးထိပ်မှာပန်ဆင်ပြီး အများအကျိုးအတွက် ကြိုးစားစေလိုကြောင်း အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်ရှင်"

(၁၀)
ဒီလိုနဲ့.. လူသားစက်ရုပ်တစ်ရုပ် ပေးအပ်တဲ့တာဝန်ထမ်းဆောင်ဖို့ လူသားတိုင်းပြည်မှ အပြီးအပိုင် ထွက်ခွာသွားရတယ်ဆိုတဲ့အကြောင်း.. နောက် တစ်လလောက် အကြာမှာတော့ အားလုံးကမေ့သွားပါတော့တယ်..

Friday, March 4, 2011

ဘ၀တဆစ်ချိုးပြန်ပြီ

လွန်ခဲ့တဲ့ လေးနှစ်က ဒီနေရာလေးကို ကျွန်မ ရောက်လာခဲ့တယ်..။ ယောင်တောင်ပေါင်တောင်နဲ့ ဘ၀တစ်ခုကို စခဲ့တယ်..။နေသားမကျတဲ့ အရပ်မှာ အမှားတွေများစွာနဲ့ သောကများစွာလည်း ကြုံခဲ့ရတယ်။ ပျော်စရာလေးတွေလည်း ရှိခဲ့ရတယ်။ စိတ်ညစ်စရာ၊ စိတ်ဆိုးစရာလေးတွေလည်း ရှိခဲ့ရတယ်။ ငါ့ကျမှ ဘာဖြစ်လို့ ဒါမျိုးဖြစ်ရတာလဲလို့ ကိုယ့်ဘာသာကိုယ်သနားလို့ ငိုလည်းငိုဖူးတယ်.. ။ ပတ်ဝန်းကျင်ကို လျှောက်ကြည့်ပြီင်္း သနားစရာ ကောင်းတာ ငါတစ်ယောက်တည်း မဟုတ်ဖူးဆိုပြီး သဘောကျစွာ ဘ၀ကို လှောင်ရယ်လည်း ရယ်ဖူးတယ်..။

ဒီလို အတွေ့အကြုံတွေကြားထဲကပဲ စစ်မှန်တဲ့ သူငယ်ချင်းများစွာကို ကျွန်မပိုင်ဆိုင်ခဲ့ပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်ချိန်တွေကို မျှဝေခံစားပေးမယ့်သူတွေ၊ ကိုယ်ရဲ့ ၀မ်းနည်းချိန်တွေမှာ စာနာစွာ အားပေးသူတွေ အများကြီး ရခဲ့တယ်။ တကယ်ပါ ကျွန်မမှာ သူငယ်ချင်းအများကြီး ရခဲ့ပါတယ်။ အဲဒီအတွက် ကျွန်မတကယ် ကျေနပ်မိရပါတယ်။

နောက်ထပ် ကျေနပ်စရာကောင်းတာလည်း ဖြစ်ခဲ့တယ်။ အဲဒါက ဘလော့ဂ်လော့က ထဲကို မထင်မှတ်ပဲ ရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ယောင်တောင်ပေါင်တောင်ရောက်ခဲ့တဲ့ ဘလော့ဂ်လောကထဲမှာလည်း သူငယ်ချင်းများစွာကို ထပ်မံပိုင်ဆိုင်ရပြန်ပါတယ်။ မမြင်ဖူးပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အားပေးလိုက်၊ စနောက်လိုက်နဲ့ သူငယ်ချင်းအရင်းအခြာတွေလို ... တကယ် မမေ့နိုင်စရာပါပဲ..။

ဒီနေ့ကတော့ ကျွန်မအတွက် ဘ၀တစ်ဆစ်ချိုးတဲ့နေ့ပါပဲ..။ သိပ်မကြာခင်မှာပဲ လက်ရှိနဲ့ လုံးဝမတူတဲ့ ဘ၀တစ်ခုကို ကျွန်မ စတည်ရပါဦးမယ်။ အဲဒီအရပ်မှာ ပျော်စရာတွေ ရှိနိုင်သလို၊ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေလည်း ရှိနိုင်ပါတယ်.. ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မသွားရပါဦးမယ်...။ အဲဒီအတွက် ဒီဘလော့ဂ်လောကထဲကနေ ယာယီခွဲခွာရပါဦးမယ်..။ အခါအခွင့်သင့်ရင် ပြန်လာဦးမှာမိုလို့ နှုတ်ဆက်စကားတော့ မဆိုလိုပါ..။

တစ်ခုတော့ ဆန္ဒရှိပါတယ်။ ကျွန်မနဲ့ ဒီဘ၀တစ်ဆစ်ချိုးထဲမှာ တွေ့ခဲ့ကြုံခဲ့တဲ့ သူငယ်ချင်းများကို ကျေးဇူးတင်စကားတော့ ပြောသွားချင်ပါသေးတယ်။ ကျွန်မကို ခင်မင်ခွင့်ပေးခဲ့တဲ့ သူငယ်ချင်းများအားလုံးကို ကျွန်မ အများကြီး အများကြီး ကျေးဇူးတင်ပါတယ်လို့..။ နောက်တချိန်မှာ ပြန်တွေ့ကြသေးတာပေါ့..နော်။

လသာည ဖြစ်ပါတယ်..

Wednesday, February 23, 2011

ဘ၀ထဲမှ ဟာသများ-၂

အခြေအနေနှင့် အချိန်အခါ
.............................................................................................
.............................................................................................
.............................................................................................
အခြေအနေအချိန်အခါသည် စကားပြော၏း)))
(မှတ်ချက်။ ရှေ့နေသူငယ်ချင်းလေးကို နောက်တာပါ။ ကျန်သူများ တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ပါ..)

\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.
.............................................................................................
(၂) အနှိုင်းမဲ့ 

.............................................................................................
.............................................................................................
.............................................................................................
 
( မိဘမေတ္တာသည် အနှိုင်းမဲ့ဖြစ်၏၊ သို့သော်.. မောင့်မျက်နှာသာ မယ်တရွာထင်တတ်တာ မဟုတ်လားး)) 
\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.
.............................................................................................
(၃) ယုတ္တိဗေဒ
.............................................................................................
.............................................................................................
.............................................................................................
 
(ရှေးလူကြီးများကလည်း တယ်အတွေးခေါင်သကိုး..။ တခြားမတွေးနဲ့ ပိုက်ဆံချေးတာပါတဲ့း))

\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.
.............................................................................................
ကျွန်မရဲ့ သူငယ်ချင်းအားလုံးလည်း ဘ၀ထဲမှာ ဟာသရှာပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ..
လသာည ပါ..။

Monday, February 21, 2011

ဘ၀ထဲမှ ဟာသများ-၁

(၁)
အကြီးဆုံး လောင်းကစား





\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.
.............................................................................................
(၂)
ကိုယ့်သောကနဲ့ ကိုယ်


ရေချိုးခန်းထဲက တကယ့်ဖြစ်ရပ်မှန်ကတော့ ....


\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.\(^၀^)/.

.............................................................................................
မူရင်း The Wonderful World of Sazae-san (Machiko Hasegawa, 1997)

စစအဲ စံ ရဲ့ ဟာသ ကာတွန်းလေးတွေဟာ နေ့စဉ်ဘ၀ထဲကနေပြီး လူသဘာဝကို ပေါ်လွင်စေပြီး စိတ်ရွှင်မြူးအောင် ရေးဖွဲ့တတ်လွန်းလို့ ကျွန်မသိပ်ကြိုက်ပါတယ်။ ကျွန်မရဲ့ သူငယ်ချင်းများလည်း သဘောကျမယ်ထင်လို့  ဘာသာပြန်ပြီး ပြန်လည်မျှဝေတာပါ..။

( ဒီကာတွန်းလေးတွေက တခြားဘလော့ဂ်တစ်ခုမှာ ကျွန်မရေးပြီးသားပါ)..။ အခုရက် ကျွန်မတစ်ယောက် သူငယ်ချင်းများနဲ့ လည်ရာ ပြန်စား လျှောက်သွားနေလို့ ဘလော့မှာ စာအသစ်မရေးဖြစ်တာနဲ့ ဆားချက်တဲ့ သဘောပါ..။

ဘ၀ထဲမှာ ဟာသရှာပြီး သူငယ်ချင်းအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေနော်..
လသာညဖြစ်ပါတယ်...။





Saturday, February 12, 2011

မလာပါနဲ့ကို ဆိုချင်ပါတယ်..

သူငယ်ချင်းများအားလုံး မင်္ဂလာပါ။ အဆင်ပြေချမ်းမြေ့ပါစေနော်။ ကျွန်မ အခုရက် အလုပ်တအားများပြီး ဘလော့ထဲ မ၀င်နိုင်ဖြစ်နေခဲ့တော့ လတ်တလော ခေတ်စားနေတဲ့ ဘလော့ရောဂါကို စစ်ဆေးချိန်မရလိုက်ပါ။ သူငယ်ချင်းတစ်ယောက်က ကျွန်မဘလော့မှာလည်း ခေတ်မှီစွာ ရောဂါကူးနေတယ်လို့ အသိပေးလာပေမယ့် (သူငယ်ချင်းရေ ကျေးဇူးပါနော်) ကျွန်မလောလောဆယ် ((နောက်တပတ် စနေနေ့ထိ အလုပ်များနေမှာမို့ ) ဘလော့ရောဂါကို အသေချာစစ်ဆေးဖို့ အချိန်မပေးနိုင်သေးပါ။

ဒါကြောင့် ကျွန်မဘလော့လင့်ခ်ကနေ ချစ်ခင်ရတဲ့ ဘလော့ဂါသူငယ်ချင်းများဆီကို ရောဂါတဆင့် ကူးမှာစိုးတာမို့ အခုရက်ကို ကျွန်မရဲ့ ဘလော့လင့်ဖြုတ်ချင် ဖြစ်ပါ၊ ကျွန်မဘလော့လင့်ခ်ကို ဖြုတ်ထားရလို့ အားမနာပါနဲ့လို့ အသိပေးရင်း မျိုးကြီးရဲ့ မလာပါနဲ့ကိုပဲ ဆိုပြချင်ပါတယ်..း))) ..
အားလုံး အားမနာကြေးပါ...းD

အားလုံးကို ချစ်ခင်လျက်
လသာည ဖြစ်ပါတယ်