ဘုရားသခင်က “မင်းအိတ်ချင်း လဲချင်လဲလို့ရတယ် လဲမှာလားလို့ ”ဆက်မိန့်တယ်။ အင်း ..ကျန်တအိတ်မှာ ရွှေပြား ၅ ပြား သို့မဟုတ် ၂၀ ပြားရှိနိုင်တယ်လေ။ ထိုလူက စဉ်းစားတယ် ပြန်လဲရမလား။ လက်ထဲရှိတာကို ယူသွားရမလား..။ ဘုရားသခင်က ထိုသူ့ကို စိတ်ကြိုက်ရွေးခွင့်ပေးပြီး ပြန်ခိုင်းလိုက်တယ်။ ထိုသူလည်း စိတ်ကြိုက်ရွေးပြီး ပြန်လာခဲ့တယ်။

အိမ်အပြန်လမ်းမှာ လမ်းဆုံတစ်ခု ရှိနေပြီး လမ်းနှစ်သွယ်ကို ခွဲဖြာသွားတယ်။ စိတ်ချမ်းမြေ့ခြင်းနဲ့ စိတ်ဆင်းရဲခြင်း လမ်းနှစ်သွယ်ကြား လမ်းဆုံ ပဲ ဖြစ်ပါတယ်။

စိတ်ချမ်းမြေ့ခြင်းလမ်းသွယ်ကို ရယူသူသာဖြစ်ခဲ့ရင် “ အခုလက်ထဲက ပစ္စည်းတင်တော်ပြီ။ ဒီ ရွှေ ၁၀ပြားကို ပိုင်ဆိုင်ခွင့်ရတာ ငါအများကြီး ကံကောင်းတယ်၊ ဒါ ဘုရားက ငါ့ကို ပေးတဲ့ဆုပဲ”လို့ တွေးတတ်သူဖြစ်ပြီး၊ စိတ်ဆင်းရဲခြင်းလမ်းသွယ်ကို ရယူသူဖြစ်ခဲ့ရင်ကတော့ “ ငါ ဟိုအိတ်ကို ယူခဲ့ရမှာ၊ ဟိုအိတ်က သေချာပေါက် ရွှေပြား ၂ဆ ရှိလောက်တယ်”လို့ ကိုယ့်လက်ဝယ်မရှိတဲ့ မရနိုင်တော့တဲ့အရာကို တမ်းတမိနေပြီး နောင်တရမဆုံးဖြစ်နေတတ်ပါလိမ့်မယ်။ သူ မတွေးတာက ဟိုအိတ်ဟာ ဒီအိတ်ထက် တ၀က်ပဲ ရှိတာလည်း ဖြစ်နိုင်တယ် ဆိုတာပါပဲ.။

ကျွန်မတို့ တတွေဟာ အများအားဖြင့် တွေးဖြစ်တာက “ဒီထက်ချမ်းသာတဲ့ မိသားစုဆီမှာ မွေးခဲ့ရင်၊ ဒီထက်ပိုလှခဲ့ရင်၊ ဒီထက် မှတ်ဥာဏ်ကောင်းသူ ဖြစ်ခဲ့ရင်၊ ဒီထက် မိဘက ပိုချစ်သူဖြစ်တဲ့ တစ်ဦးတည်းသော သားသမီးဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ” လို့ အားမလိုအားမရဖြစ်တတ်တာများပါတယ်။ ဒီဘ၀တင်မက နောင်ဘ၀ကျရင်လည်း ဒီထက် ပြည့်စုံကြွယ်ဝသူ ဖြစ်ရပါလို၏ လို့ လည်း ဆုတောင်းမိတတ်တယ်။

ဒီလိုအချိန်မှာ ဘုရားသခင်က အခုနက ရွှေအိတ်ဥပမာအတိုင်း နောက်ဘ၀ဟာ အခုဘ၀ထက် နှစ်ဆ ပိုကောင်းချင်ကောင်းမယ်။ တ၀က်ပဲ ကောင်းချင်ကောင်းတော့မယ်လို့ မိန့်လာခဲ့ရင် မင်းမှာ အခုနကလိုပဲ စိတ်ချမ်းမြေ့ခြင်းနဲ့ စိတ်ဆင်းရဲခြင်း လမ်းနှစ်သွယ်ကြား လမ်းဆုံမှာ ရပ်ရင်း မင်းဘယ်လမ်းကို ရွေးမလဲ..။

“မင်း ဆင်းရဲသားလုပ်မလား၊ နာတာရှည်ရောဂါသည်လုပ်မလား”လို့ မေးရင် အမေးခံရသူ ဘယ်သူမဆို ရောဂါသည်ထက်စာရင် ဆင်းရဲသားကိုပဲ ရွေးကြမှာပါ။

ဒါကြောင့် လက်ရှိထက် နှစ်ဆကို မျှော်လင့်ပြီး စိတ်ဆင်းရဲမှုလမ်းသွယ်ကို ရွေးမယ့်အစား လက်ရှိထက် တ၀က်ကို တွေးကြည့်ပြီး အဲဒီထက် တော်သေးတယ်။ လက်ရှိက ကံကောင်းတယ်လို့ တွေးလိုက်တာနဲ့ စိတ်ချမ်းသာခြင်းလမ်းကို လျှောက်ပြီးသားဖြစ်သွားပါပြီ။ စိတ်ဆင်းရဲရခြင်းရဲ့ အဓိက တရားခံက “ပိုလိုချင်တောင့်တစိတ်များလွန်းခြင်း” ပဲ ဖြစ်ပါတယ်။

ကိုယ့်မှာ ဆင်းရဲဒုက္ခများနေတယ်လို့ ခံစားမိတဲ့အခါ လောကကြီးမှာ ကိုယ်ထက်ပိုပြီးဆင်းရဲ ဒုက္ခများသူတွေ ရှိနေသေးပါလား၊ အဲဒါကိုတောင် ရှင်သန်ရပ်တည်နေကြတယ်လို့ တွေးကြည့်လိုက်ပါ။

ဘ၀ကြီးက နေ၀င်မိုးချုပ် ပြေးလွှားနေရတယ်။ အနာဂတ်ဆိုတာ မမြင်နိုင်ဘူးလို့ တွေးမိတဲ့အခါ “တကယ်လို့ ငါ မနက်ဖြန် သေရမယ်လို့ အမိန့်ချခံရတာထက်စာရင်တော့”လို့ တွေးကြည့်လိုက်ပါ။

ဒီထက်ပြည့်စုံတဲ့ဘ၀ရရင်လို့ တွေးမိရင် အတွေးက မရပ်တော့ဘူး။ ဒီလောက်ဟာ ငါ့အတွက် တော်တော်ပြည့်စုံနေပြီလို့ တွေးမိတာလောက် စိတ်ကို ချမ်းမြေ့စေတာ မရှိပါဘူး။

ချစ်သူက ဒီထက်ပိုချစ်ရင်ကောင်းမှာပဲလို့ တွေးနေရင် အတွေးကမဆုံးပဲ စိတ်ညစ်နေလိမ့်မယ်။ တော်ပြီ ငါ့မှာ ဒီလောက်အချစ်ခံရရင်ကို ပြည့်စုံပါပြီလို့ တွေးလိုက်တာနဲ့ ကိုယ့်စိတ်က အလိုလို ချမ်းမြေ့စေသလို တဖက်လူလည်း စိတ်ချမ်းသာစေတယ်။ ကိုယ်က စိတ်ချမ်းသာနေရင် တဖက်လူကို ပိုပြီး ကြင်နာစွာ ဆက်ဆံဖြစ်လာတယ်။ ဒါကြောင့်လည်း သူက ကိုယ့်ကို ပိုချစ်လာနိုင်ပါသေးတယ်။

ကျွန်မတို့တွေရဲ့ နှလုံးသားဟာ ကိုယ့်အတွက်ချည်းပဲ သိပ်ပြီး မစဉ်းစားရင်း စိတ်ချမ်းသာစရာတွေ အများကြီးပါပဲ..

လသာည.. ပါ။

 မူရင်း たかたまさひろ ( 幸せとは)ကို နားလည်သလို ဘာသာပြန်ထားပါသည်။