Tuesday, October 6, 2009

ကျွန်မရဲ့ အိမ်နီးချင်း

ကျွန်မနဲ့သူမက အိမ်နားနီးချင်းတွေပါ။ ကျွန်မနဲ့ သက်တူရွယ်တူလည်းဖြစ်၊ သဘောလည်းကောင်းပြီး အမြဲပြုံးနေသူလည်း ဖြစ်ပါတယ်။ ကျွန်မက ဒီရပ်ကွက်ကို ရောက်ပြီး ၁ လ ၂လ အတွင်း သူမနဲ့ မိတ်ဆွေဖြစ်ပြီး ရင်းနှီးသွားခဲ့တယ်။ အလုပ်ကပြန်လာတိုင်း ညနေခင်းတွေမှာ သူမနဲ့ အိမ်ရှေ့က ခုံရှည်လေးမှာ အတူတူထိုင်ဖြစ်တယ်။ စကားလည်း ပြောဖြစ်တယ်။ ဟိုရောက်ဒီရောက်ပေါ့။ ရုံးအကြောင်း၊ ရပ်ကွက်အကြောင်း၊ ဆွေမျိုးနဲ့ သူငယ်ချင်းတချို့အကြောင်းပါ။

ဒါပေမဲ့ ခင်မင်တာကြာလာတော့ ကျွန်မက သူ့ကို သိပ်ပြီး သဘောမကျဖြစ်လာခဲ့ပါတယ်။ ကျွန်မက စိတ်မြန်သူပါ။ အရာရာကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်လုပ်တတ်သူပါ။ သူမကတော့ အေးဆေးလွန်းတယ်လို့ ထင်ပါတယ်။ လုပ်တာကိုင်တာကအစ လှုပ်တိလှုပ်လဲ့ အေးတိအေးစက်။ တစ်ခုခုလုပ်တိုင်း ကျွန်မက အမြဲစောင့်ရတယ်။

နောက်တစ်ခုက သူမရဲ့ အပြုံးပါ။ အမြဲပြုံးနေတာကို သဘောမကျမိတာပါ။ အမြဲပြုံးနေတော့ လူက ငပေါကြီးပုံစံပေါက်နေသလိုပဲလို့ ကျွန်မထင်တယ်။ ကျွန်မက အဲလို့ တိုက်ရိုက်ဝေဖန်လည်း သူမကပြုံးနေတာပဲ။ အဲဒီအပြုံးကြောင့်ပဲ တချို့က သူ့ကို ငတုံးငအလို ဆက်ဆံခံရတာလည်း မျက်မြင်ကြုံဖူးတယ်။

တခါက စက်ဘီးစီးသွားရင်း သူမက လူတစ်ယောက်ကို ရှောင်လိုက်တာ တခြားတစ်ယောက်နဲ့ တိုက်မိတယ်။ နှစ်ယောက်လုံး မှားတာဖြစ်ရဲ့သားနဲ့ ဟိုကအရင် သူမကို ကြိမ်းမောင်းဆဲဆိုသွားတယ်။ အဲဒါကို ပြန်မပြောပဲနဲ့ ပြုံးပြီး “မတော်လို့ပါရှင်၊ ကျွန်မ မှားတာပါ”လို့ ပြန်တောင်းပန်လိုက်တယ်။ ကျွန်မက ၀င်ပြောမလို့လုပ်တော့ သူမက “လာ လာ ပြောမနေနဲ့”တဲ့။ ကျွန်မ သူမကို့ လုံးဝကို အားမရဘူး..။ ကျွန်မက ထက်မြက်တဲ့ အမျိုးသမီးမျိုးကိုပဲ သဘောကျတာ။ အဲလို မပြောရဲမဆိုရဲ ကြောက်တတ်တဲ့လူမျိုးဆို အရမ်းစိတ်ပျက်တယ်။

နောက်တစ်ခုက ကျွန်မက ရုံးမှာတစ်ခုခုဖြစ်လာတဲ့အခါ သူမကို ရင်ဖွင့်ဆွေးနွေးဖူးတယ်။ ဥပမာ “ငါရုံးက ဦးစီးက လုံးဝမျက်နှာလိုက်တယ် သိလား၊ ဒီလို မျက်နှာလိုက်တာမျိုးကို ငါလေ ကြိုက်ကို မကြိုက်ဖူး” လို့ ပြောမိရင် သူမက ရယ်ရင်း “ဟုတ်လား”ဆိုတာပဲ ပြန်ပြောတယ်။ တကယ်ဆို ကျွန်မရဲ့ တခြားမိတ်ဆွေတွေလို “အေးဟာ အဲဒီလူကြီးက မတရားတာပါ”ဆိုတာမျိုးဖြစ်ဖြစ်၊ “ဘယ်လိုဖြစ်တာလဲ ငါ့ကို ပြောပြပါဦး။ ဘယ်သူ့ကို မျက်နှာလိုက်တာလဲ”လို့ ဖြစ်ဖြစ် ပြန်ပြောသင့်တာပေါ့။ အခုတော့ စပြောတဲ့ ကျွန်မက တစ်ယောက်တည်း ဒေါသဖြစ်နေသလို သူက ရယ်ရက်တယ်။

သူမဟာ အဲလိုမျိုး ကျွန်မတိုင်ပင်လို့ရတဲ့သူမဟုတ်သလိုပဲ သူများကိုလည်း သိပ်ပြီး နားလည် စာနာတတ်သူလည်း မဟုတ်တာ သေချာတယ်။ သူမဆီက တခါမှသူများအကြောင်း အရေးတယူပြောတာ မကြားဖူးဘူး။ သူမ့ရဲ့ ခွေးလေး ဘိုညို အကြောင်း၊ ရာသီဥတုအကြောင်း ... ဒါတွေပဲ ကြားရတတ်တယ်။ နေ့စဉ်ကြားရတဲ့ အကြောင်းအရာတွေက ရိုးစင်းလွန်းပြီး ဘာ ဗဟုသုတမှ မရဘူး။

နောက်ပိုင်းတော့ ကျွန်မနဲ့ သူမ လုံးဝကို စိတ်ဓါတ်လည်း မတူ၊ စရိုက်လည်းမတူဘူးဆိုတာ ပိုသိလာပြီးတော့ သူမကို ခပ်တန်းတန်းနေဖြစ်သွားပါတယ်။ သူမကတော့ ပုံမှန်အတိုင်း ခုံရှည်လေးမှာ လာလာစောင့်နေတာ တွေ့ပေမဲ့ ကျွန်မ မသွားဖြစ်တော့ဘူး။ ကျွန်မ အကြိုက် မြန်မြန်ဆန်ဆန် ထက်ထက်မြက်မြက် တစ်ယောက်သဘော တစ်ယောက်နားလည်ပေးနိုင်တဲ့ သူငယ်ချင်းတွေကိုပဲ အဖော်ပြုနေလိုက်ပါတော့တယ်။

တနေ့မှာတော့ မဖြစ်မနေ သူမနဲ့သွားရမယ့် ပွဲတစ်ခုရှိလာခဲ့တယ်။ ကျွန်မ မူလတန်းတုန်းက အတန်းပိုင်ဆရာမရဲ့ မွေးနေ့ပွဲကို လာဖို့ ဆရာမဆီက ဖိတ်စာကို ရခဲ့တယ်။ အဲဒီမှာ တိုက်ဆိုင်စွာ ဆရာမက “သမီးရေ သမီးတို့ အိမ်နားမှာ တီချယ့် တူမ ရှိတယ်။ သမီး သူနဲ့အတူလာခဲ့နော်” တဲ့။ အာ.. စိတ်ရှုပ်လိုက်တာ...နော်။ ဘာဖြစ်လို့ ဒီတစ်ယောက်က တီချယ်တူမ ဖြစ်နေရတာလဲ။ တီချယ်လို သွက်သွက်လက်လက် ထက်ထက်မြက်မြက် ဆရာမနဲ့က ဘယ်လိုလုပ် အမျိုးတော်နေရတာလဲ မသိဘူး။ မလာတော့ဘူး ပြောရမှာလဲ တီချယ်ဆိုတော့ အားနာဖို့ ကောင်းတယ်။ သူမလို့ တိုက်ဂေါ အေးတိအေးစက်နဲ့ တွဲသွားရမှာ တော်တော်တော့ အောက်နေပြီ၊ ကျွတ်.....။

စိတ်ပျက်လက်ပျက်နဲ့ အိမ်ရှေ့ခုံပေါ်မှာ ထိုင်နေတဲ့သူမဆီကို ထွက်လာခဲ့တယ်။ မပြောင်းမလဲ ပြုံးနေတဲ့ သူမမျက်နှာကို တချက်ပဲ ကြည့်ဖြစ်ပြီး မျက်နှာလွှဲလို့ ပြောဖြစ်တယ်။ “မနက်ဖြန် မွေးနေ့ပွဲ အတူတူ သွားရအောင်။ မနက် ၇ နာရီ အိမ်က ထွက်မယ်။ ဒီ ခုံရှည်ပေါ်က စောင့်နေမယ်” လို့ ပြောတော့ သူမက ထုံးစံအတိုင်း ပြုံးပြီး ”အင်း အတူတူ သွားကြရအောင်” တဲ့။ ဟင်း.. ဒါပဲမို့လား။ “နင်. ဘာလို့ ငါ့နဲ့ စကားလာမပြောတာလဲ” ဘာညာတောင် ပြန်မမေးဘူး၊ နေပေါ့။ ငါကလည်း နင့်အကြောင်း ခေါင်းထဲ သိပ်မထည့်ပါဘူး၊ မဖြစ်သာလို့သာပါ။

အဲဒီညက ကျွန်မက သူမအကြောင်း ဖေဖေနဲ့မေမေကို စိတ်ပျက်လက်ပျက်ပြောပြဖြစ်ပါတယ်။ ပြီးတော့ အိပ်ရာဝင်မလို့ လုပ်တုန်း ဖုန်းတစ်ခုဝင်လာတယ်။ ရုံးက အလုပ်တစ်ခုကို တင်ဖို့ နောက်ကျနေလို့ ဦးစီးက ဖုန်းဆက်ပြီး ကြိမ်းတာပါ။ ဟုတ်သားပဲ ပရောဂျက်တစ်ခုကို အပြီးအချောသတ်တင်ပေးရမှာ ကျွန်မ လုံးဝကို မေ့သွားတာပါ။ နောက်ဆုံးတင်ရမယ့်ရက်ထက်တောင် ၂ ရက်နောက်ကျနေပြီ။ တစ်ခါမှ အလုပ်နဲ့ ပတ်သက်ပြီး နောက်ကျလို့ အပြောအဆိုမခံရဖူးတဲ့အတွက် ကျွန်မအရမ်းကို တှုပ်လှုပ်ခြောက်ခြားစွာ ဘယ်က ဘယ်လိုစကိုင်ရမှန်းမသိအောင် ဖြစ်သွားပါတယ်။

တော်သေးတယ်။ ဒီနေ့မှ ပရောဂျက်ဖိုင်ထည့်ထားတဲ့ memory stick ကို အိမ်အထိ သယ်လာမိလို့..။ ကျွန်မ စိတ်ပူစွာ ဆက်တိုက်လုပ်လိုက်ပါတယ်။ လုပ်သာလုပ်နေရတာ စိတ်ကလည်း ပူထူနေမိတယ်။ တကယ်ဆို ဦးစီးကယုံကြည်လို့ ခိုင်းတာကို အခုလို ဖြစ်သွားတော့ ရှေ့လျှောက် တက်လမ်းတော့ပိတ်ပြီပေါ့။

မနက်မိုးလင်းတဲ့အထိ ကျွန်မရဲ့အချောကိုင်တာက ပြီးမသွားပါဘူး။ စိတ်ပူနေတဲ့အတွက်လည်း အမှားအယွင်းတွေက များနေတော့ အချောသတ်လို့ မရခဲ့ဘူး။ ဒီအချိန်မှာပဲ အိမ်ရှေ့က ဘဲလ်တီးသံကြားလိုက်ပါတယ်။ သူမ..ပါ။ ကျွန်မက စိတ်ရှုပ်နေတာမို့ သူမကို သေသေချာချာ ပြောပြမနေတော့ပဲ “မလိုက်တော့ဘူး”ဆိုတာကိုပဲ လှမ်းအော်ပြောလိုက်ပါတယ်။

ခဏနေတော့ အိမ်ရှေ့တခါးမှာ သူမရောက်လာပြီး
“ငယ်ငယ်.. ငါ ၀င်ခဲ့မယ်နော်”
ကျွန်မ ပြန်မပြောဖြစ်ဘူး။ တံခါးတော့ ထဖွင့်ပေးလိုက်တယ်။ အပြင်ဖက်ကသူမက အိုဗာတင်း ဖျော်ရည်ခွက်လေးနဲ့ ပေါင်မုန့်ကြက်ဥကြော်လေးကို ကိုင်ရက်သားတွေ့ရတယ်။

“ဟိုလေ.. ညကတဲကငယ်ငယ်အခန်းက မီးလင်းနေတာ မနက်အထိဖြစ်နေတာဆိုတော့ ငယ်ငယ်တစ်ခုခု အလုပ်ရှုပ်နေတာ သိတယ်။ အခုထိ ဘာမှ မစားရသေးဘူးမို့လား။ ဒါလေး စားလိုက် အားရှိသွားအောင်”

ကျွန်မ သူမကို ဘာမှ မပြောနိုင်ခင်မှာပဲ.. သူမက ဆက်ပြောတယ်။ “စာရင်းဇယားတွေကို စစ်ရတာလောက်ဆိုရင် ငါ လုပ်ပေးရမလား။ ဟားဟား ငါ့ကို ယုံတယ်ဆိုရင်ပေါ့။ ငါ အီကိုနဲ့ ကျောင်းပြီးတာပါ။”

ဒါနဲ့ ကျွန်မကိုယ်ကျွန်မ သတိမထားမိခင်မှာပဲ သူမကို အားကိုးတကြီး အကူအညီတောင်းပြီး ဖြစ်သွားပါတယ်။ ကျွန်မ တညလုံး ခြာလည်လည်နေခဲ့တဲ့ ဒီအလုပ်ကို သူမက နာရီဝက်နဲ့ ပြီးအောင် အေးအေးဆေးဆေး စိစစ်ပြီး လုပ်ပေးခဲ့ပါတယ်။ အလုပ်လုပ်နေချိန်တလျှောက်လုံးလည်း သူမမျက်နှာလေးက အပြုံးပျက်မသွားဘူး။

“ငယ်ငယ်.. ကဲ ရေချိုး။ အလှပြင်တော့ အိပ်ချင်ရင် ကားပေါ်မှာအိပ်။ ငါ ကားမောင်းပေးမယ်။ အဟိ ဒီမှာကြည့် နင်မရယ်နဲ့နော်။ ငါက နင့်နဲ့သွားရမှာဆိုတော့ အတွဲညီအောင် ဒီ အင်္ကျီလေးပါ ၀ယ်ထားတာ။ ဒါလေးနဲ့ဆိုရင် နင်သဘောကျတယ်မို့လား”

ကျွန်မ ရင်ထဲမှာ ဖော်မပြတတ်အောင် လှိုက်လှဲစွာ ခံစားသွားရပြီး မျက်လုံးက မျက်ရည်တွေ စီးကျလာခဲ့တယ်။ သူမကိုလည်း တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပါတယ်။ “ငါ့ကို ခွင့်လွှတ်ပါဟာ။ ငါ အရမ်းမှားသွားပါတယ်”

“ဟားဟား ဘာလဲ ဘာလို့ငိုနေတာလဲ။ ဒီအကျီ ငါနဲ့လိုက်လားဆိုတာကို ပြောပါဆို”

ကျွန်မ သူမကို မျက်ရည်ထဲကပဲ ပြုံးပြလိုက်ရင်း “သိပ်လိုက်တာပေါ့ဟာ။ ဒီအကျီနဲ့တင် မဟုတ်ဘူး။ နင့်ရဲ့ အပြုံးနဲ့ နင့်ရဲ့စိတ်ထားလေးနဲ့ ဘယ်အကျီနဲ့မဆို သိပ်လိုက်ပါတယ်။
..........................................................

လသာည.. ခံစားရေးသည်။
မှတ်ချက်။ ။ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ကို အမှတ်တရ တင်လိုက်ပါတယ်။ မနက်ကမှ သူ့မွေးနေ့ကို သတိရလို့ ချက်ချင်းရေးတင်ဖြစ်သွားတယ်။

13 comments:

မိဆိုးလေး said...

လူတိုင်းမှာ အရည်အချင်းကိုယ်စီရှိကြလေသည်ပေါ့..။

လသာည said...

ဟုတ်တယ် လူတစ်ကိုယ်စရိုက်တစ်မျိုးပေါ့။ ဒါနဲ့ စကားမစပ် ဒီဝတ္တုတိုထဲက ငယ်ငယ်က လသာည မဟုတ်ပါ။ မွေးနေ့ရှင် သူငယ်ချင်းလေးကတော့ ငယ်ငယ်လို့ စရိုက်ရှိပါတယ်။ လသာညကတော့ အေးအေးလေးနဲ့ အပြုံးပိုင်ရှင်သူငယ်ချင်းတွေကို ချစ်သလို ထက်ထက်မြက်မြက် စွာစွာလေးတွေကိုလည်း သဘောကျပါတယ်။ မအေးတအေး မစွာတစွာလေးတွေကိုလည်း နှစ်သက်ပါတယ်လို့။ ဒီပို့စ်ထဲက စရိုက်မျိုးရှိသူ သူငယ်ချင်းတချို့ လာရန်မတွေ့ခင် ကြိုပြီးတော့ ရှင်းပြထားပါရစေ။ တိုက်ဆိုင်မှုပါ မရည်ရွယ်ပါလို့ :D မိဆိုးလေးကိုလည်း လဘုလဘုပါလို့... :P

အိစံ said...

အင်း ဒို့  ကတော့ လသာ ည တို့ ppsတို့ လိုလည်း ထက်ထက်မြက်မြက်မရှိ၊ မစွာတစွာလား ရေခဲ တုန်းလား စဉ်းစားလိုက်အုန်းမယ်

nyocho said...

တော်သေးတယ် ခွေးလေးနာမည်က ဘိုညိုဆိုလို့ ညိုချိုဆိုရင် သေပြီဆရာပဲ။ nyochoကတော့ ထက်တဲ့သူတွေကို အားကျတယ်ဗျ။ ဒါပေမဲ့ ရည်းစားတော့ အေးအေးလေးနေတတ်တဲ့သူကိုပဲ ထားရမယ်။ ဒါမှ ကိုယ်စိတ်ညစ်ရင် ပြုံးပြီး အိုဗာတင်းတိုက်မှာပေါ့..။ အိစံ.. အားမငယ်နဲ့ ဘ၀တူတွေရှိတယ်.။ အဟိ.. နောက်တာပါ :P။

မိုးသီတာ said...

သိပ်ချစ်၊ ပြီးခုထိ ရင်ထဲရှိနေ၊ ဆက်သွယ်နေကြတဲ့ သူငယ်ချင်းတွေကတော့ အလွန်ကြိုးစားအေးဆေးကြပြီး အလွန်မျှတကြတဲ့ သူတွေပါ။ ကိုယ်ချင်းလဲတော်တော်စာတတ်ကြပါတယ်။ သူငယ်ချင်းတွေအတွက် ကိုယ်က အမြဲဂုဏ်ယူသလို ကိုယ့်အတွက်လဲ သူတို့ဂုဏ်ယူလေ့ရှိပါတယ်။ ကိုယ့်အပေါ် သူငယ်ချင်းအရင်းတွေနဲ့ မရင်းသူတွေရဲ့ အမြင်ကတော့ တက်တက်စင် ကွာမယ် ထင်ပါတယ်။ သူငယ်ချင်းများကို ရင်ထဲ ထည့်ထားတဲ့ လသာညကို လေးစားပါ၏။ .. :D :D

rose of sharon said...

ချစ်စရာကောင်းတဲ့ ဒီလိုသူငယ်ချင်းမျိုးလေးဖြစ်ချင်တယ်... ဒါပေမဲ့ အများကြီးလိုသေးတယ်

မယ့်ကိုး said...

စာလေးကောင်းလိုက်တာ မရယ် ။မယ် က ဘာသာပြန်လို့တောင် ထင်နေမိတာ။
မယ်လည်း မလိုပဲ သူငယ်ချင်းအေးအေး ပူပူလေး အားလုံးကို ချစ်ပါတယ်။ မပူတပူ့လေးတွေကိုလည်း ချစ်ပါတယ်။

pps said...

ကျမမှာလည်းအဲဒီလိုပဲ..အေးတိအေးစက်လှုပ်လီလှုပ်လဲ့သူငယ်ချင်းမလေးတယောက်ရှိခဲ့ဖူးလေသည်။

Anonymous said...

i don't like အေးတိအေးစက်လှုပ်လီလှုပ်လဲ့ such kind of friend.
then, မြုံစိမြုံစိ , မပွင့်မလင်း frd also don't like.
I like brave, quick right decision frd.

even some frds r so quite, but they belongs gd-minded. I like ပွငိ့လင်း၇ိုးသားစိတ်ထားကောင်း
မကြွားတတ်ပဲ ကူညီတတ် သူ

so u can imagine who I am.
:)

momiji

Anonymous said...

ဒါဆိုရင် တို့ က မိုမိဂျိ နဲ့ သူငယ်ချင်းဖြစ်လို့ မရတော့ ဘူး

ရွှေပြည်သူ (ShwePyiThu) said...

အပြုံးနဲ့စိတ် တထပ်ထဲကျပြီး လှလိုက်တဲ့ကောင်မလေး... သူ့လို အိမ်နီးချင်းမျိုး ရထားတဲ့ကောင်မလေးကလည်း ကံကောင်းလိုက်တာ။ အဖြူရောင်တောက်တောက် ဇာတ်လမ်းလေးကို ဖတ်သွားပါတယ် လသာညရေ...

မင်းအိမ်ဖြူ said...

ဟာဟ

ဘာသာပြန်ထင်လို့ P:

တကယ်တော့ အဲဒီလို အမြဲပြုံးနေတဲ့သူတဲ့နေရင် ကြာရင် စိတ်ရောဂါ ဖြစ်သွား နိုင်တယ် ..........
တကယ်ပြောတာ အရင်တုန်းက အခန်းဖေါ်က အမြဲတမ်းပြုံးနေတယ် ဘာလုပ်လုပ်ပြုံးနေတာ
ကွန်ပြူတာ ကြည့်လည်းပြုံးနေတာပဲ
ကြာတော့ ကိုယ်က ရူးချင်သလိုဖြစ်လာတယ်
ပြောတော့လည်း မရဘူး
ကံကောင်းလို့ အိမ်ပြောင်းနေဖြစ်တော့ မတွေ့ရတော့ဘူး ဟိဟိ

အမြဲပြုံးနေပေမယ့် ရင်ထဲကလာတယ်လို့ မခံစားရလို့ပါ မဟုတ်ရင်တော့ ပြုံးနေတာလေး ချစ်တက်ပါတယ် PP:

မင်းအိမ်ဖြူ

နေ့အိပ်မက် said...

နေ့အိပ်မက်လည်း ဘာသာပြန်လို့ ထင်နေတာ. အတွေးကောင်းလိုက်တာ မမရယ်