Showing posts with label အမှတ်တရများ. Show all posts
Showing posts with label အမှတ်တရများ. Show all posts

Thursday, October 24, 2013

ဘ၀အတွက် ကစားနည်းလေး တစ်ခု

တို့ မင်းကို ကစားနည်းတစ်ခုပြောပြချင်တယ်။ ငယ်ငယ်တုန်းက တို့အဖေက ကာတွန်း ၀ထ္ထု အိမ်ပေါ်တင်ရင် ဓါးနဲ့ ခုတ်ပစ်မယ်တဲ့ အမြဲကြိမ်းဝါးခဲ့တယ်။ ဒါပေမဲ့ အဖေက ကျားပြေးတာ (ကျားကစားတာကို ကျားပြေးတာလို့ တို့ဆီမှာခေါ်တယ်) ကိုတော့ သင်ပြပေးခဲ့တယ်။ အဖေက သမီးတွေထဲမှာ ကျားပြေးတာ အထူးချွန်ဆုံးဖြစ်တဲ့ တို့နဲ့ အချိန်ရသမျှ မီးခွက်ထွန်းပြီး ညည့်နက်သန်းခေါင် ကျားပြေးကူပေးခဲ့တယ်။

အဖေဟာ မှတ်ညဏ်တော်တော် ကောင်းပြီး ဘ၀အတွက် တွက်ချက်တာတွေ ထူးချွန်တဲ့ ယောကျာ်းတစ်ယောက်လည်း ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကံကြမ္မာနဲ့ ကျားပြေးပွဲတော့ အဖေ မနိုင်ခဲ့ဘူး။ စောစောစီးစီး ကွယ်လွန်သွားခဲ့တယ်..။

ဒါနဲ့ ဆက်ပြောရရင် အဖေနဲ့တို့ ကျားပြေးကစားရင်း တဖြေးဖြေးနဲ့ တို့ ကျားပြေးကျွမ်းကျင်လာခဲ့တယ်။ နောက်ဆုံးတော့ တို့က ရှုံးတယ်ဆိုတာ မရှိတော့လောက်အောင်ကို တော်လာခဲ့တယ်ပေါ့။ အဖေကိုလည်း နိုင်ခဲ့တယ်။ ဘကြီးတို့ ရွာက ကျားပြေးအတော်ဆုံး ယောက်ျားကြီးကိုလဲ နိုင်ခဲ့တယ် :D။ (တို့ တော်တယ် မဟုတ်လား :D)

တို့လေ မိန်းခလေးဖြစ်ပေမယ့် စစ်တုရင် ကစားတာကိုလည်း ကြိုက်တယ်။ စစ်တုရင် ကစားချင်ပေမယ့် စစ်တုရင်ခုံကို မ၀ယ်နိုင်တဲ့ ဆင်းရဲသားတွေကတော့ ကျားပဲပြေးရတာပေါ့ ကွာ။ (အခြေအနေပေးရင် စစ်တုရင်ကစားတာ သင်ဦးမယ်လို့ တွေးထားတယ်။ အခုထိ စိတ်မလျှော့သေးဘူး )

ကျားပြေးတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။ မင်းသိတဲ့အတိုင်း ကစားပွဲမှာ ကိုယ်နိုင်ဖို့အတွက် ကိုယ့်ဘက်က ထိုးကျွေးပစ်ခဲ့ရတာတွေရှိခဲ့တယ်၊ သူများအကောင်ကို များများ စားပစ်နိုင်ဖို့ ဂွင်ကို( အခွင့်အရေးကို) စိတ်ရှည်ရှည် စောင့်ဆိုင်း ဖန်တီး အကွက်ချရတယ်။ တခါတခါ တောက်လျှောက် ထိုးကျွေးပစ်ရတာတွေတောင် ရှိတယ်။ တခါတလေ တစ်ဖက်လူ သုံးကောင်၊ ကိုယ့်ဘက်က တစ်ကောင်တည်းနဲ့ သရေကျအောင် အတင်းကစားရတာလည်း ရှိတယ်။

ပြီးတော့ ကိုယ့်တကယ့် ရည်ရွယ်ချက်ကို တစ်ဖက်လူ မသိရလေအောင် ပါးနပ်စွာ အကွက်တွေ ရွှေ့ထားရတာလည်း ရှိတယ်။ အရေးမပါတဲ့ အကွက်တွေကို ကြေငြာထားပြီး များများ ရွှေ့ပေးနေရတာတွေ လည်း ရှိတယ်။ ကိုယ့်အကွက်ကို လူသိရင် ကိုယ်အဖျက်ခံရမယ်လေ ဟုတ်တယ်မို့လား သူငယ်ချင်းရာ..

အင်း...ကြာခဲ့ပါပြီ..။ ဆယ်ကျော်သက်ဘ၀က ကစားခဲ့တာတွေပါ။ ဒါပေမဲ့ အဲဒီကစားနည်းက တို့ဘ၀ကို တောက်လျှောက် လွှမ်းမိုးခဲ့တယ်။ အဲဒီကစားနည်း နဲ့ ဆင်းရဲဒဏ်ကို ကြံ့ကြံ့ခံခဲ့တယ်၊ ဝေဖန်မှုတွေကို မတုန်မလှုပ် ရင်ဆိုင်ခဲ့တယ်။ လောကဓံနဲ့ ကစားရတဲ့ ဘ၀ ကစားပွဲမှာ ကိုယ်နိုင်ဖို့ အချိန်တွေကို ထိုးကျွေးခဲ့ ရတယ်။ ရလာတဲ့ အခွင့်အရေးတွေတိုင်း မဆိုင်းမတွ သုံးလေးကောင် တခါတည်း စားနိုင်အောင် အတိအကျ ပြင်ဆင်ထားခဲ့ရတယ်။ စိတ်ရှည်စွာ စောင့်ဆိုင်းနေရတာတွေလည်း အများကြီး ။ စောင့်ဆိုင်းစဉ်မှာ လူမသိရလေအောင် အခြားအကွက်တွေ ရွှေ့ပေးနေရတာတွေလည်း အများကြီးပေါ့ ။

ဟားဟား လောကကြီးက ရယ်ရတယ်သိလား..။ကျားကစားပွဲမှာ နိုင်တုန်းက တော်တယ်လို့ ချီးကျူးခံရပေမယ့် (ကလေးမို့လို့ ထင်တယ်) ဘ၀ကစားပွဲမှာနိုင်သွားတော့ “ကံကောင်းလို့”လို့ အမည်တတ်ခံရတယ် :D ကိုယ်ဘယ်လို လိုက်ရှင်းနေနိုင်မလဲ..။ လောကဓံနဲ့ ပြိုင်ပွဲမှာ ကိုယ်နိုင်ဖို့ အဓိကပဲ မဟုတ်လား.. နော်။


တို့ အခု ပညာသင်နေချိန် ထားတဲ့ နံပါတ်တစ် ရည်ရွယ်ချက်က ကျမ်းကိုပီပီပြင်ပြင် ရေးနိုင်ဖို့၊ နံပါတ်နှစ်က အပြည်ပြည်ဆိုင်ရာ ဆင်ပိုဇီယမ်တွေမှာ အခုအတိုင်း ဆက်တက်ခွင့်ရဖို့ပဲ။ အခွင့်အရေး ရတုန်း အပြည်ပြည်ဆိုင်ရာ ဆင်ပိုဇီယမ်တွေ အမြဲဆက်တက်နေနိုင်ဖို့ တို့က အများကြီး ကြိုးစားရဦးမယ်။

အများကြီး နားလည်စရာတွေလိုသေးတယ်။ ဘာသာစကား ကို မွှတ်ညက်နေအောင် လုပ်ထားရမယ့်အပြင် နိုင်ငံတကာ ဗဟုသုတတွေလည်း သိုမှီးရဦးမယ် မဟုတ်လား။ ပြီးတော့ အပြည်ပြည်ဆိုင်ရာ ဆင်ပိုဇီယမ်မှာ တက်ပြောတဲ့အချိန် စမတ်ကျနေရမယ့် လေဒီ တစ်ယောက်ရဲ့ အပြုအမူ ဟန်ပန်၊ အသုံးအဆောင် တွေနဲ့ ရင်းနှီးအောင်လည်း လုပ်ရဦးမယ်လေ။ ဟားဟား ဟေ့ကောင်..မင်း ရယ်နေတာလား.:P . မရယ်နဲ့နော် ဒါလည်း တကယ်အရေးကြီးတာကို မင်း သိမှာပါ..။

နောက်ပြီး စိတ်နှလုံးကို လဲ ပြင်ဆင်ရဦးမယ်။ စိတ်ကောင်းထားတတ်ဖို့၊ ဘ၀င်မမြင့်တတ်ဖို့၊ အလားတူ မသိမ်ငယ်တတ်ဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့၊ သူတပါးကို မနှိမ်တတ်ဖို့၊ သူတပါးက နှိမ်လာတာကိုလည်း ပညာဖြင့် ရင်ဆိုင်တတ်ဖို့၊ တတ်နိုင်သ၍ အကောင်းမြင်တတ်ဖို့ စတာတွေ.. (စိတ်နှလုံးကို ပြင်ဆင်တာ ပိုကြာတယ်မဟုတ်လား..။)

ကံနဲ့တော့မကစားရဲပါဘူး သူငယ်ချင်းရယ်။ ကံပေးလာတာကို အလိုက်သင့်လေး ပြေးလိုက်ရင်း လောကဓံနဲ့ ကျားပြေးတမ်း ကစားနေရုံလေးပါ။ အော်.. လိုရင်း မေ့တော့မလို့၊ ဇူးဇူးလေးကိုလည်း အခုကတဲက စစ်တုရင်ပြေးနည်းလေးကိုတော့ သင်စေ့ချင်တယ်ကွာ။ မင်းတတ်သ၍ သင်ပေးလိုက်ပါ..

ကြိုးစားကြပါစို့.. ချစ်တဲ့ မင်းရဲ့ သူငယ်ချင်း ( .............)

မှတ်ချက်..။သူငယ်ချင်းရေးပို့တဲ့ စာလေးပါ..။ သူပြောနေပုံလေးက ချစ်ဖို့လည်းကောင်း၊ အားကျဖို့လည်းကောင်း၊ ကိုယ့်ကိုလည်း အားတက်စေတဲ့ အတွက် သူစာကို အနည်းငယ်တည်းဖြတ်ပြီး ပို့စ်အဖြစ်တင်ပြီး အမှတ်တရ သိမ်းလိုက်ပါတယ်..။

Sunday, June 23, 2013

ဖေ့ဘုတ်ရွာ

၂၀၀၇ ခုနှစ်ထဲက ဖေ့ဘုတ်ရွာထဲ ၀င်လာခဲ့တာပါ။ ဒါပေမယ့် သူနဲ့ အခုထိ နေသားမကျတဲ့ ဧည်သည့်တစ်ယောက်လိုပဲ။ ရွာထဲဝင်ကာစ အစောပိုင်းကာလတွေမှာ ကိုယ့်ရဲ့ သူငယ်ချင်း နည်းနည်းလေးနဲ့ ဓါတ်ပုံတွေတင်ပြီး၊ စ လိုက် နောက်လိုက်၊ သူ့သတင်း ကိုယ့်သတင်း အပြန်အလှန်ပြောလို့ ဟာသတွေ လုပ်ပြီး တကယ့်ကို ပျော်စရာကောင်းတယ်။ ဖဘက တကယ်ဆွဲဆောင်ခဲ့တယ်။ 


နောက်ပိုင်းတော့ သူငယ်ချင်းတွေ များ... များ... လာ...တယ်။ ကိုယ့်လိုပဲ ကိုယ့် သူငယ်ချင်းတွေမှာလည်း နောက်ထပ် သူငယ်ချင်းတွေ များများလာတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်း၊ ကိုယ့်သူငယ်ချင်းပေါင်းပြီး သူငယ်ချင်းတွေ သူငယ်ချင်းတွေ များ…များ…၊ ဆပွားလာခဲ့တယ်။ 

လူကများလာတော့ တက်လာတဲ့ ပိုစ်တိုင်းကို မဖတ်နိုင်တော့သလို လူတိုင်းစေ့ နှုတ်မဆက်နိုင်တော့ဘူး။ တခါတခါ လူမူရေး သတင်းမေးစရာတွေ မမေးလိုက်မိတာတွေလည်း ရှိတယ်။ သူငယ်ချင်း အရင်းကြီးတွေရဲ့ မွေးနေ့လိုဟာမျိုးတောင် wish မလုပ်ဖြစ်တာတွေ ရှိလာတယ်။

နောက်ပြီး လူများတော့ သတင်းတွေကလည်း များလာတယ်။ သတင်းတွေကလည်း ရသမျိုးစုံ၊ အငို၊ အကြမ်း၊ အလွမ်း စုံနေတာပါပဲ။ ဒီတော့ ဘာနဲ့တူလည်းဆိုတော့ ရွာလုံးကျွတ် စတုဒီသာကျွေးတဲ့ မဏ္ဍပ်ကြီးလိုပဲ တစ်အိမ်ချင်းစီက စားစရာတွေ တည်ခင်းဧည့်ခံနေတာလိုမျိုး ချိုချဉ် ဖန်ခါး ရသာစုံ ရွေးချယ် စားသောက်လို့ ရနေတော့တာပေါ့။ တနေ့တနေ့ အဲဒီမဏ္ဍပ်ထဲ တ၀ဲလည်လည်နဲ့ အိမ်ပြန်စားချိန် သောက်ချိန်သတိမရတဲ့ အထိပါပဲ။ နောက်ဆုံး ဖေ့ဘုတ်ရွာထဲ တမေ့တမော နေမိပြီး ကိုယ့်ဘလော့အိမ်ကိုတောင့် မေ့တတ်လာခဲ့တယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန် ရှားပါးလာတာလည်း ပါပါတယ်လေ...
ဒါပေမယ့်ကွယ်.. ဖေ့ဘုတ်ကြီးထဲမှာ လျှောက်လည်ရင်း အခုတလောတော့ မွမ်းကျပ်သလိုလို ခံစားမိတယ်။

နေ့စဉ် တွေ့တွေ့သမျှ တနေ့တနေ့ သတင်းကာလာစုံတွေထဲမှာ သူများဆွေးရင် လိုက်ဆွေးလိုက်၊ သူများငိုရင်လိုက်၊  အရာရာကို ခံစားလွယ်.. မကြံ့ခိုင်တဲ့ နှလုံးသားပိုင်ရှင်ဖြစ်လေတော့.. ခက်တယ်။
ပိုဆိုးတာက တချို့အကြောင်းအရာတွေအတွက် လူအများငြင်းခုံနေချိန်မှာ အမှားအမှန် မဆုံးဖြတ်နိုင်အောင် ဖြစ်ရတယ်။ ကိုယ်သိပ်မသိသေးတာတွေက အများသား၊  သင်ယူစရာတွေကလည်း အများသားဆိုတော့.. ဒီတစ်ယောက်က ဒီလိုပြောရင် ဒါ ဟုတ်နိုးနိုး၊ ဟိုတစ်ယောက်က ဟိုလိုပြောရင် ဟိုဟာ ဟုတ်နိုးနိုးနဲ့ ယောင်တောင်တောင် လက်ခုပ်တီးသူ ဖြစ်နေခဲ့တယ်။
  
တခါတခါမှာ ကိုယ့်ဝေါလ်ပေါ် သူများရှယ်လာတဲ့ အကြောင်းအရာတစ်ခုတည်းကိုပဲ..
သဘောတူနေတဲ့ "ငါ" နဲ့ သဘောမတူတဲ့ "ငါ"…( "ငါ" နဲ့"ငါ") အချင်းများ စစ်တိုက်နေရတယ်၊ 

ဒီလိုနဲ့ပဲ မျက်မှောင်ကြုတ်ထားမိတဲ့ နှဖူးကြောကို "ငါ" အခုထိ  ပြန်မဖြေဖြစ်သေးပါလား..။
faceboolaholic ဖြစ်နေသူ လသာညဖြစ်ပါတယ်။

Tuesday, September 7, 2010

ဂျပန်နိုင်ငံမှာ ဒံပေါက်ချက်မယ်ဆိုရင်



။။။။။အခုရက်ပိုင်း မအားတာ၊ ခရီးလွန်တာနဲ့ ၂၀၁၀ ခုနှစ် ၈-လပိုင်း၊ ၉လပိုင်းရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး (အော် ဗေဒင်ဟောစာတမ်းနဲ့ မွှားသွားလိုး))) စတဲ့ ကိစ္စ ၀ိစ္စတွေ အထူးများနေတာနဲ့ ဘလော့မရေးနိုင် ဘလော့မလည်နိုင် ဖြစ်နေတာ ခွင့်လွှတ်ကြပါနော် (^^)/ ။

အဆင်မပြေပဲ ပဲအိုးတူးပြီး သွားတဲ့နောက် အဆင်ပြေသွားတဲ့ ဒံပေါက် ချက်နည်းကို တင်ပေးလိုက်ပါတယ်။ ဒီပိုစ်ကတော့ ဂျပန်နိုင်ငံမှာ နေပြီး ဒံပေါက်စားချင်ရဲ့သားနဲ့ လိုအပ်တဲ့ အဆာပလာ ပစ္စည်းလေးတွေ ၀ယ်ဖို့ အဆင်မပြေတာကြောင့် မစားရတဲ့ သူငယ်ချင်းတွေအတွက် အထူး မျှဝေတာပါ။ ချက်နည်းကတော့ သူများတွေချက်တာနဲ့ သိပ်တော့မထူးဖူး ထင်တာပါပဲ။ ဂျပန်မှာ ရှိတာနဲ့ ကိုယ်လုပ်တတ်တဲ့ နည်းနဲ့ လုပ်စားရင်း အဆင်ပြေသွားတာနဲ့ မျှဝေတာ သက်သက်ပါ။

ဒံပေါက် ၆-ယောက်စာ အတွက် လိုအပ်သော ပစ္စည်းများ

၁- Basmatiဆန် (တစ်ကီလို တစ်အိတ်)
၂- ဘရာဇီး ကြက် တစ်ကောင် သို့မဟုတ် ကြက်ပေါင် -၆ ပေါင်
၃- ဒိန်ချဉ်ပလိန်း ရယ်ဒီမိတ် (၄၅၀ ဂ၇မ်) တစ်ဗူး
၎- ထောပတ် ၂-ဇွန်း သို့မဟုတ် ထောပတ်အခဲသေးသေး ၂ ခု
၅- ဒံပေါက်မဆလာ (ဒီတခါတော့ မ၀ယ်ဖြစ်လို့ မထည့်ဖြစ်ဖူး)
၆- ဆန်ဆိုးဆေး အနီ၊ အ၀ါ ၊ အစိမ်း
၇- သစ်ဂျပိုး မှုန့် ၁-ဇွန်းခန့်
၈-ကရဝေး ၆-ရွက်၊
၉-သီဟိုစေ့၊ စပျစ်သီးခြောက် (ကြိုက်ရင် တခြား သစ်သီးခြောက်ပါ ထည့်)
၁၀- ပဲစိမ်းစေ့ (ဒါကတော့ ဂျပန်နိုင်ငံမှာ ပေါပါတယ်)

တိုကျိုမှာ ဆိုရင်တော့ မြန်မာဆိုင်မှာ လိုတဲ့ ပစ္စည်းတွေ ၀ယ်လိုရနိုင်ပေမယ့် တခြားမြို့မှာ ရောက်နေတဲ့အခါ ဒံပေါက်ချက်ဖို့ အခက်အခဲ ဖြစ်တတ်တယ်။ တကယ်တော့ အဲဒီပစ္စည်းတွေက ဂျပန်နိုင်ငံက ဘယ်မြို့က ဆူပါမားကတ်တွေမှာမဆို ရှိပေမယ့် ဂျပန်လိုအခေါ်အဝေါ်မသိလို့သာ မတွေ့တာပါ။ ဒါကြောင့် ရောက်တဲ့နေရာမှာ ၀ယ်လို့ရအောင် ပစ္စည်းလေးတွေပါ ဓါတ်ပုံရိုက်ပြီး တင်ပေးလိုက်တယ်။



ဒီပုံက ဘယ်ဘက်က ဗူးလေး သုံးဗူးက ဒံပေါက်ထမင်းကို ဆေးဆိုးတဲ့ပစ္စည်းလေးတွေပါ။ ကိတ်မုန့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေရောင်းတဲ့ ကောင်တာဘက်မှာ ဂျုံမှုန့်၊ ချော့ကလက်မှုန့်၊ သစ်သီးခြောက်ထုတ် စတာတွေနဲ့အတူ တွေ့ရတတ်တယ်။

အပေါ်ပုံက ဘေးက ၀ါဝါ ပုလင်းလေးကတော့ သစ်ဂျပိုးခေါက် (シナモン) cinnamon လို့ခေါ်တယ်။ အောက်ပုံက ကလဝေးရွက် (ローレル)ပါ။ သစ်ဂျပိုးခေါက်နဲ့ ကလဝေးရွက် ကို ကာရေး (カレー)နှင့်ပတ်သက်ပြီး ရောင်းတဲ့ အမှုန့်တွေနားမှာ တွေ့လိမ့်မယ်။


ထောပတ်-
ထောပတ်ကတော့ အမျိုးမျိုး ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ အမျိုးအစားကို ယူသုံးပါ။ လသာည သုံးတာကတော့ အောက်က ထောပတ်ကို ၀ယ်သုံးခဲ့တယ် (အခဲသေးသေးလေးတွေ ၈-ခု ပါတယ်။ ၂-ခုလောက်ကို ဒံပေါက်ထဲထည့်ရင် ရပြီ။)

ဒါကတော့ ဒိန်ချဉ်ဗူး ၄၅၀-ဂရမ်ပါတယ်။ လသာညတော့ အကုန်ထည့်လိုက်တာပဲ..။

နောက်ပြီး ထပ်ဝယ်ဖို့ လိုတဲ့ သီဟိုစေ့၊ စပျစ်သီးခြောက်၊ ပဲစိမ်းစေ့တွေကို ယမ်းတစ်ရာဆိုင် သို့မဟုတ် အပေါ်က စတိုးဆိုင်တွေမှာပဲ နည်းနည်းစီ ၀ယ်လို့ရတယ်။

အဓိက လိုအပ်တဲ့ ဆန် ကိုတော့ ကုလားဆိုင်မှာ ၀ယ်လို့ရမယ်ထင်တယ်။ နောက်ဆုံးမရရင်တော့ ကိုယ့်ရှိတဲ့ ဆန်နဲ့ လုပ်ကြည့်ပေါ့နော်။ ကြက်သားကလည်း ဘရာဇီးကြက် (မြန်မာကြက်လိုပဲ စားရတာ ချိုလို့လေ) တစ်ကောင်လောက်ဆို ရမယ်ထင်တယ်။

လုပ်နည်း..
တကယ်တော့ လုပ်နည်းကတော့ သူများလုပ်တာတွေ လျှောက်ဖတ်ပြီး ကိုယ့်မှာရှိတဲ့ပစ္စည်းရယ်၊ ကိုယ်နားလည်သလို လိုက်လုပ်လိုက်တာပါ။ အာလုံးလည်း ဒီနည်းကို သဘောကျရင် လုပ်ကြည့်နော်။

၁) ဆန်ကို ရေ နာရီဝက် စိမ်ပြီး ပေါင်းအိုး (Rice cooker)မှာ ဆန်ရယ်၊ ထောပတ်ခဲရယ်၊ ဒိန်ချဉ်ရယ်၊ ဆားအနည်းငယ်ကို ရောထည့်ပြီး ခလုပ်နှိပ်ချက်လိုက်တယ်။ ရေကိုတော့ ပုံမှန်ထက် လက်တလုံးစာ လျော့ထည့်တယ်။ ထမင်းမာတာ ကိစ္စမရှိပေမယ့် ပျော့သွားရင် အဆင်မပြေလို့လေ။ (ထမင်းကို အရောင်ဆိုးရင် ရေဖြန်းဦးမှာ ဆိုတော့ အခုချက်တာ ထမင်းမာထားမှ နောက်ဆုံးမှာ အနေတော်ဖြစ်သွားမှာ) ထမင်းပွက်ချိန်လောက်မှာ ထောပတ်ခဲ ကျေအောင် ယောင်းမနဲ့၂ ခါလောက် မွှေပေးလိုက်တယ်။

၂) ထမင်းချက်တုန်းကို ကြက်သွန်နီ ဥကြီး ၃ လုံးလောက်ကို မီးဖိုပေါ်မှာ နွမ်းတဲ့အထိ (အညိုရောင် ရတဲ့အထိ ကြော်လိုက်တယ်)။ ပြီးရင် ဆယ်ထားပြီး ကြက်သွန်နီကြော်နဲ့ ဟင်းခတ်မဆလာတွေဖြစ်တဲ့ သစ်ဂျပိုးခေါက်မှုန့်၊ ကလဝေးရွက်၊ သစ်သီးခြောက်၊ ပဲစိမ်းစေ့ စတာတွေကို သမအောင် မွှေထားလိုက်တယ်။ (ဒီကတဲက ဒံပေါက်နံ့ ထွက်နေပြီး))

၃) ကြက်သားကို တုံးတစ်ပြီး ငံပြာရည်၊ ဆား၊ ဂျင်း၊ ကြက်သွန်ဖြူ(ကြိတ်ထားတယ်)၊ သကြားနည်းနည်းနဲ့ ခါတိုင်းကြက်သားချက်သလို လုံးချက်ချက်လိုက်တယ်။ ကြက်သားက နှုးလာပြီး ဆီပြန်မွှေးလာတဲ့အခါ ချလိုက်တယ်။

၎) ထမင်းအိုး ကျက်တဲ့အခါ ပေါင်းအိုးလိုက် ဇလုံအကြီးကြီးထဲကို မှောက်ပြီး သွန်လိုက်တယ်။ ခရင်းလေးနဲ့ အသာလေးဆွထားလိုက်ပါ။

၅) ထမင်းဆေးဆိုးဖို့အတွက် ဆေးမှုန့်လေးတွေကို ရေနည်းနည်းနဲ့ ဖျော်ထားလိုက်တယ်။ အနီတခွက်၊ အ၀ါတခွက်၊ အစိမ်းတခွက် သုံးခွက်ပေါ့။ (ပထမဆုံးလုပ်တုန်းက ရေများပြီး အမှုန့်နည်းသွားလို့ အရောင် သိပ်မရလိုက်ဖူးး))

၅) ပြီးရင် ထမင်းသုံးပုံတစ်ပုံလောက်ပြန်ယူပြီး ထမင်းပေါင်းအိုးထဲမှာ ပြန်ဖြန့်ထည့်ပါ။ ပြီးရင် ထမင်းပေါ်ကို အနီရောင် ဆေးလေးကို ဟိုတကွက်ဒီတကွက် နည်းနည်းစီ ဖျန်းလိုက်တယ်။ နောက် အစိမ်းရောင်နဲ့ အ၀ါရောင်ကိုလည်း အဲလိုပဲ ဟိုတကွက် ဒီတကွက် မထပ်အောင် လိုက်ဖျန်းတယ်။

၆) ပြီးရင် အဲဒီအပေါ်ကို ကြက်သွန်နီနဲ့ ဟင်းခတ်အဆာပလာတွေ ရောထားတဲ့ ဇလုံထဲကနေ ကြက်သွန်နီကြော် သုံးပုံပုံပြီး တစ်ပုံကို ဇွန်းနဲ့ လိုက်ဖြန့်လိုက်တယ်။ ကြက်သားဟင်း သုံးပုံတစ်ပုံကို ဖြန့်ထည့်တယ်။

ရ) ပြီးရင် အပေါ်က ထမင်းနောက်သုံးပုံတစ်ပုံကို ယူပြီး ထပ်ဖြန့်တယ်။ အနီ၊ အ၀ါ၊ အစိမ်း ကိုလည်း အပေါ်ကအတိုင်း လိုက်ဖြန်းတယ်။

၈) အပေါ်ကနေ ကြက်သွန်နီကြော် နောက်သုံးပုံတစ်ပုံ ကို ယူပြီး ဇွန်းနဲ့ လိုက်ဖြန့်တယ်။ ကြက်သားဟင်း သုံးပုံတစ်ပုံကို ဖြန့်ထည့်တယ်။

၉) နောက်ထပ် ကျန်ထမင်းနဲ့ ဟင်းတွေကိုလည်း အပေါ်ကအတိုင်း ထမင်းတထပ်၊ ကြက်သွန်နီကြော် တထပ်၊ ကြက်သားဟင်းတထပ် ဆိုတဲ့ ပုံစံနဲ့ လိုက်ထည့်လိုက်ပါ။

၁၀) ပြီးရင် ပေါင်းအိုးထဲ ထည့်၊ cook ခလုပ်နှိပ်၊ ၁၅ မိနစ်လောက် ထားလိုက်တယ်။ ၁၅ မိနစ်ပြည့်တော့ warm ခလုပ်ပြောင်းနှိပ်ပြီး ထားလိုက်ပါ။ စားလို့ရပါပြီး)))

အအီပြေ အချဉ်အတွက်တော့ အဲဒီနေ့က သရက်ချဉ် ၀ယ်လို့ရတာနဲ့ သုတ်ဖြစ်သွားတယ်။ နောက်ပြီးတော့ အိစံက သခွားသီးနဲ့ အချဉ်သုတ်လုပ်ပေးပါတယ်။ ဒီတခါ ချက်တာ အဆင်ပြေသွားတော့ တော်တော်စားကောင်းတယ်။ မအီလည်း မအီဘူး။ ကဲ အားလုံး ချက်စားကြည့်လိုက်ကြနော်။

မအားတဲ့ကြားကပဲ မဖြစ်မနေ လာရောက်ပြီး အားပေးသွားတဲ့ သူငယ်ချင်း နှစ်ယောက်ကို အရမ်းကို ကျေးဇူးတင်ပါတယ်..။ ပျော်စရာလည်း ကောင်းတဲ့ တကယ့်ကို အမှတ်တရ နေ့ တစ်နေ့ပါ။

လသာည လျှောက်ချက်တာ ဖြစ်ပါတယ်။

Wednesday, August 4, 2010

နားလည်ပေးပါ ပိတ်သတ်ကြီးရယ်



ဟာ.. တူးသွားပြန်ပြီ ပဲအိုး |(!!)/...။ ကဗျာဆရာ မိဆိုးလေး ကြားရင် ငါတော့ ခက်တော့မယ်..။

၈ လပိုင်း ၄ ရက်
ပဲအိုးလေး တူးခဲ့..

နားလည်ပေးပါ ပိတ်သတ်ကြီးရယ်..
ကျွန်တော် ဒီလောက်ပဲ ခြစ်တဲ့ဟာကို... (ဟိ..ဟိ)


ဟေ့..
မင်းက ဘာကို အထင်ကြီးတာလဲ..
မင်းက ဘာကို မက်မောတာလဲ..
မကြားချင်လည်း နားပိတ်ထားလိုက်..
ငါ့လို ကောင်က ဆက်တူးမှာပဲ..။ (စိုင်းစိုင်း လသာညကွ)

တောင်းပန်တယ်ကွာ တောင်းပန်တယ်ကွာ..
တလောကလုံးကို တူးခါးနေတာပဲ “(ဓ-ဓ)”

လသာည တူးသည်..း)))))
(၂၀၁၀. ၈ လပိုင်း ၄ ရက် မနက် ၉နာရီ)
ဘာပဲဖြစ်ဖြစ် ပျော်ပျော်နေ သေခဲတဲ့ ..။

Saturday, June 26, 2010

ဟီရိုရှီးမားနဲ့ အိုင်စတိုင်း

နာမည်ကြီး ရူပဗေဒ ပညာရှင် အိုင်စတိုင်းက သူမသေခင် ၅လအလိုမှာ “ကျွန်တော့်ဘ၀ရဲ့ အကြီးမားဆုံးသော မဟာအမှားက သမ္မတ ရုစဗဲ့ကို ပေးတဲ့စာမှာ လက်မှတ်ထိုးမိသွားတာပါပဲဗျာ” လို့ ကြေကြေကွဲကွဲ ပြောသွားခဲ့တယ်။

သူကြေကွဲနေခဲ့တာကတော့ သူဟာ လူသားတွေအတွက် အကျိုးပြု ရူပဗေဒ သီအိုရီတွေကို တီထွင့်ခဲ့သူ၊ စစ်ကို မလိုလားသူလို့ သူ့ကိုယ်သူ သတ်မှတ်ထားပေမယ့်၊ လူသတ်လက်နက် အနုမြူဗုံးကို တီထွင်ရာမှာလည်း သူဟာ ပါဝင်ပတ်သက်နေခဲ့လို့ပဲ ဖြစ်ပါတယ်။

အိုင်စတိုင်းဟာ E=mc2ဆိုတဲ့ Relativity Theory ကို လေ့လာသိရှိခဲ့ပြီးနောက် သေးငယ်တဲ့အရာတွေကနေ ကြီးမားတဲ့ စွမ်းအင်တွေကို ရရှိနိုင်တယ်ဆိုတာကို သတိထားမိခဲ့တယ်။
ဒုတိယကမ္ဘာစစ်အတွင်း နေ့တနေ့မှာ သူ့ဆီကို သူလိုရူပဗေဒ ပညာရှင်ဖြစ်တဲ့ Leo Szilard ရောက်လာခဲ့တယ်။ အဲဒါဟာ ကမ္ဘာကို တုန်လှုပ်ခြောက်ခြားသွားစေမယ့် ဟီရိုရှီးမားနဲ့ နာဂဆဂီကို ပြာကျစေခဲ့တဲ့ အနုမြူဗုံးတစ်ခုကို တီထွင်ဖို့ အစပဲ ဖြစ်ခဲ့ပါတယ်။ Leo Szilardနဲ့ အိုင်စတိုင်းတို့ဟာ မလူးမလွန့်သာတဲ့ အခြေအနေများအရ အရေးပေါ်ဗုံးတစ်ခုကို တီထွင့်ပေးရဖို့ ဖြစ်လာခဲ့လို့ပါ။

ဓါတ်ပုံထဲကအတိုင်း အိုင်စတိုင်းနဲ့ နှစ်ဦးသား ဆွေးနွေးတိုင်ပင်ပြီးတော့ သမ္မတ ရူစဗဲ့ဆီ အနုမြူဗုံးတီထွင်ပေးနိုင်ကြောင်း စာရေးကြတယ်။ ရေးတာက Szilardဖြစ်ပေမယ့် အိုင်စတိုင်းက လက်မှတ်ထိုးပေးခဲ့တယ်..။ အောက်က ပုံက စာကတော့ အိုင်စတိုင်းရဲ့ လက်မှတ်နဲ့ စာပါ။
အဲဒီနောက် ဗုံးတီထွင်ဖို့ ဖော်မြူလာကို အိုင်စတိုင်းက ၂ရက်နဲ့ အပြီးရေးသားခဲ့တယ်။ ဗုံးရဲ့ ပေါက်ကွဲအားအပြင် ဓါတ်ငွေ့အဆိပ်တွေ ဘယ်လိုပျံနှံနိုင်ကြောင်းကိုပါ သတိပေးပြောဆိုတဲ့ အိုင်စတိုင်းကို ကျန်သူတွေက နောက်ပိုင်း မယုံကြည်တာမို့ ဗုံးတီထွင်တဲ့ ထိပ်တန်းလျိုဝှက်အဖွဲ့ထဲကနေ ဖယ်ရှားခဲ့တယ်လို့လည်း ဆိုကြတယ်။


အဲဒီနောက်တော့ အပေါ်က ပုံထဲကအတိုင်း စစ်ရေးခေါင်းဆောင်တွေ အနုမြူဗုံးကိစ္စတွေကို လျိုဝှက်ဆွေးနွေးခဲ့ကြတယ်။ ပထမတော့ ဂျာမဏီကို စမ်းသပ်ဗုံးကြဲဖို့ ဖြစ်ပေမယ့် နောက်ဆုံးမှာ ဂျပန်မှာ ကြဲဖို့ ဖြစ်လာခဲ့တယ်။


ဂျပန်မှာ ဗုံးကြဲဖို့မြို့တွေကို ရွေးကြတဲ့အခါ ကျိုတို၊ နိဂတ၊ ရာမဂုချိ၊ ခုမမိုတို၊ ဖူကူအိုကာ၊ နာဂိုယာ၊ ယိုကိုဟားမား၊ တိုကျိုဘေး စတဲ့ မြို့ပေါင်းများစွာ ရွေးခဲ့ပေမယ့် နောက်ဆုံးတော့ ဟီရိုရှီးမားနဲ့ နာဂဆကီကို ကြဲဖြစ်ခဲ့တယ်။
အဲဒီမြို့တွေကို ကြဲဖြစ်သွားရတဲ့ အကြောင်းရင်းများစွာထဲမှာ အဲဒီအချိန် ရာသီဥတု သာယာနေခဲ့တဲ့အချက်လည်းပါဝင်ခဲ့တယ်။ ဒါဟာ ၎င်းမြို့သူမြို့သားတွေ ရဲ့ အသက်တွေ မိနစ်ပိုင်းအတွင်း ပြာကျစေအောင် ကံဆိုးခဲ့တာလည်း ဖြစ်ပါတယ်။
၁၉၄၅ သြဂုတ်လ ၆ ရက်နေ့ ဗုံးမကြဲခင် ဟီရိုးရှီးမားမြို့က နေရောင်ရဲ့အလင်းအောက်မှာ သာယာနေခဲ့တယ်။ ပုံကို ပုံဖော်ပြသရရင် အပေါ်က ပုံအတိုင်း ရှိနေခဲ့တယ်..ဗုံးကြဲပြီးပြီးချင်းက ခဏလေးက ဟီရိုးရှီးမား မြို့သူမြို့သားတွေရဲ့ ကံဆိုးမူ.ကတော့ တကယ့်ကို ပြာအတိ.။
ဗုံးရဲ့ ပေါက်ကွဲအပူချိန်က 7200 ကနေ 1000 ဒီဂရီဖာရင်ဟိုက်တောင် ရှိတယ်။ ဗုံးကြဲပြီးပြီးချင်း မြို့တ၀က်ကျော်ကျော်က လူတွေ ပွဲချင်းပြီး သေဆုံးသွားတယ်။
နောက်ပိုင်းမှာလည်း ဓါတ်ငွေ့အဆိပ်သင့်ပြီး သေဆုံးသူ၊ ဗုံးဒဏ်ရာကြောင့် သေဆုံးသူများတွေနဲ့ ဗုံးကြဲပြီးနောက်နှစ်လအတွင်း တစ်သိန်းခြောက်သောင်းကျော်ရှိခဲ့တယ်။ ကလေးတွေလည်း ပါတာပေါ့...။ မိခင်တစ်ဦးက သူ့ကလေးကို မီးလောင်ပြင်မှာ လိုက်ရှာချိန်မှာ သူ့ကလေးရဲ့ခေါင်းကို ရေဘ၀ဲတစ်ကောင်လို့ အပိုင်းပိုင်းအစိတ်စိတ်တွေ့ရတယ်ဆိုတဲ့ ရင်ကွဲစရာ အဖြစ်အပျက်တွေကလည်း မနည်းပါဘူး..။

ဘယ်သူတွေက ဘာကြောင့် အနုမြူဗုံးကို တီထွင်ရသလဲ၊ ဘာကြောင့် ဂျပန်ဟာ ဗုံးကြဲခံရသလဲ။ ဘယ်သူက ဗုံးကြဲဖို့ အမိန့်ချသလဲ၊ ဘယ်လိုအကျိုးဆက်တွေရသလဲ..ဆိုတဲ့ အကြောင်းတွေကို စစ်အတွင်းက အနုမြူဗုံးဒဏ်ခံရတဲ့ ဟီရိုရှီးမားမြို့က ပြတိုက်မှာ အများကြီး ရေးသားပြသထားတယ်။

ဂျပန်ရောက်ကတဲက အဲဒီနေရာကိုတော့ မဖြစ်ဖြစ်အောင် သွားလေ့လာချင်တဲ့ ဆန္ဒတစ်ခု အမြဲရှိခဲ့ပေမယ့် မရောက်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ အပတ်ကတော့ ကိစ္စတစ်ခုနဲ့ အဲဒီမြို့ကို ရောက်တုန်း ပြတိုက်ကို ရောက်အောင်သွားခဲ့ပါတယ်။

ပြတိုက်က ဓါတ်ပုံတွေက မြင်ရသူကို ကြောက်စရာ ကြေကွဲံဝမ်းနည်းစရာတွေနဲ့ ပြည့်နေခဲ့တယ်..။ ဓါတ်ပုံတွေကြည့်ပြီး နှလုံးကမကောင်းတော့ မျက်ရည်က အလွဲတကူဝဲလာတာမို့ မြန်မြန်ပြန်ထွက်ခဲ့တယ်။ လက်နှစ်ချောင်းကတော့ ဓါတ်ပုံရိုက်တိုင်း ထောင်နေကျ အကျင့်ပါနေလို့ ဖြုတ်မရခဲ့ဘူးး)

ဒါက အသက်နှစ်နှစ်အရွယ်မှာ အနုမြူဗုံးဒဏ်ကြောင့် အဆိပ်သင့်ခဲ့ရတဲ့ Sadakoဆို့တဲ့ ကလေးငယ်မလေးက ကျောင်းတက်ရင်း သေဆုံးသွားတော့ သူ့သူငယ်ချင်းတွေက အမှတ်တရ စိုက်ထူခဲ့တဲ့ ကျောက်တိုင်ဖြစ်ပါတယ်။

ဆာဆကိ ဆဒါ့ကိုကို ၁၉၄၃ မှာ မွေးပြီး ၁၉၄၅ (သူမ အသက် နှစ်နှစ်မှာ) အနုမြုအဆိပ်သင့်သွားတယ်။ ဒါပေမယ့် အရိပ်လက္ခဏာ မပြတော့ မသိခဲ့ရဘူး။ ၁၉၅၄မှာ သြဂုတ်လ နောက်ပိုင်းမှ အဆိပ်သင့်တဲ့ ရောဂါလက္ခဏာက စပြတယ်။ ၁၉၅၅ မှာ သေဆုံးသွားတယ်..။ သေတော့ အသက် ၁၂နှစ်။ မူလတန်း-ခြောက်တန်းကျောင်းသူ ပေါ့နော်။ (ဂျပန်က မူလတန်းက ခြောက်တန်းအထိ ရှိတယ် )

ဆဒါ့ကိုလေး ဆေးရုံတက်နေချိန်တွေမှာ သူ့မရောဂါမြန်မြန်သက်သာ မြန်မြန်နေကောင်းလာဖို့ စက္ကူ ကြိုးကြာဌက်ပေါင်းများစွာ သူကိုယ်တိုင် ချိုးပြီး ဆုတောင်းခဲ့ရှာပါတယ်။ ဒါပေမယ့် နောက်၅လအကြာ ဆေးရုံပေါ်မှာပဲ သူမ သေဆုံးသွားခဲ့တယ်။ကျောက်တိုင်အတွက် ဂျပန်တနိုင်ငံလုံးက အခြေခံပညာကျောင်းပေါင်း ၃၂၀၀ က ကလေးတွေက ထည့်လှူပြီး ဆောက်ခဲ့တာ ဖြစ်ပါတယ်။ နောက်နောင် ဒီလိုအဖြစ်မျိုးတွေ မတွေ့ကြုံရပဲ ငြိမ်းချမ်းတဲ့ ကမ္ဘာလေးတစ်ခုတည်ဆောက်ကြပါစို့လို့ ကလေးတွေက ရေးသားခဲ့ကြတယ်။နောက်ပိုင်းတော့ Sadako အပါအ၀င် သေဆုံးသွားတဲ့ ကလေးငယ်အားလုံးကို ရည်စူးတဲ့ Children's Peace Monument အဖြစ် သတ်မှတ် စိုက်ထူခဲ့တယ်လို့ ဆိုပါတယ်။


သေဆုံးသွားတဲ့ ဆဒါကိုနဲ့တကွ အားလုံးအတွက် အေးချမ်းတဲ့ ဘ၀ကို ရရှိစေဖို့ စက္ကူ ကြိုးကြာဌက်ပေါင်း တစ်ထောင်ကျော် ချိုးပြီး အမှတ်တရ ဆုတောင်းကြတယ်။ သူတို့အားလုံး ဆင်းရဲဒုက္ခအပေါင်းကနေ လွတ်မြောက် ငြိမ်းချမ်းပါစေ.. လူသားအားလုံး ငြိမ်းချမ်းပါစေ..

ပန်းကလေးတိုင်း လန်းပါစေ.......

ဟီရိုရှီးမား အမှတ်တရပါ...။ (အနုမြူပုံနဲ့ အိုင်စတိုင်းပုံစသည်တို့ကို ပြတိုက်ကနေ ကိုယ်တိုင်ရိုက်ယူခဲ့ပါတယ်။ ဓါတ်ပုံပေါ်ကို ကလစ်နှိပ်လို့ အကြီးချဲ့ကြည့်လို့ ရပါတယ်)
လသာည ဖြစ်ပါတယ်။

Wednesday, June 23, 2010

အိုခအဲရီ

ဒီနေ့ ခရီးထွက်နေတဲ့ ညီမလေးများ ပြန်လာတဲ့အတွက် ကြိုဆိုချက်ပြုတ်နေတာလေးပြမလို့... (うそ! ) kenyit


ဘာတွေချက်နေလဲ မြင်ရတယ်ဟုတ် ။ လာစားပါလား ?

သူငယ်ချင်းကလာချက်ပေးတာ ..။ လသာညက မွှေပေးတာလေ..လက်ရာပါအောင်..jelir
ဘာတွေလည်း သိချင်ရင်လာစားနော်.။ ဧည့်သည့်မျှော်နေ၏...။minumlove
အိုခအဲရီနာဆိုင်း...။menari

Sunday, April 11, 2010

ဟာနမိ-ချယ်ရီ

မနေ့က ချယ်ရီတွေ မကြွေခင် ပန်းကြည့်ဖြစ်ခဲ့ပါတယ်။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်လို့ ပန်းကြည့်လာသူတွေ များတာကြောင့် ပန်းခြံထဲဝင်ပြီး ပန်းကြည့်ရဖို့အတွက် ကားတန်းရှည်ကြီးနဲ့ ကားပေါ်မှာ တစ်နာရီလောက်ရပ်စောင့်ခဲ့ရတယ်။ ပန်းတွေကလည်း တကယ်လည်း လှတာမို့ စောင့်ရကျိုးနပ်တယ် ပြောရပါမယ်။ အမှတ်တရ..ပါပဲ..။
ဂျပန်လူမျိုးတွေက ဆာကုရလို့ ခေါ်တဲ့ ချယ်ရီ.ပန်းဟာ Heian Period (794–1191)မှာ တရုတ်ပြည်ကနေပြီးယူလာစိုက်ပျိုးခဲ့တဲ့ပန်းဖြစ်ပါတယ်။လှပတဲ့ပန်းမို့ တော်ဝင်ပန်းလိုမျိုး ဘုရင်နန်းတော်ထဲမှာ စိုက်ပျိုးထားခဲ့ပြီး ဆာကုရပွင့်ချိန်တိုင်းမှာ ဘုရင်က ဆာကုရပန်းလေးတွေကို ကြည့်ဖို့ ထွက်ပါတယ်။ ဒီအချိန်မှာ စာဆိုတော်တွေ၊ ပန်းချီဆရာတွေက ဆာကုရအကြောင်းကို ဖွဲ့နွဲ့ရေးချယ်ပြီး ဘုရင်ကို တင်ဆက်ရအောင် မြင့်မြတ်တဲ့ နန်းဆန်တဲ့ ပန်းလေးလည်း ဖြစ်ခဲ့တယ်။နောက်ပိုင်း အရပ်ထဲမှာပါ အလေးအမြတ်ထား တယုတယ စိုက်ပျိုးလာခဲ့ကြပြီး နေရာအနှံမှာ ဆာကုရပန်းကြည့်ပွဲ (hanami) ကို ပြုလုပ်လာခဲ့ကြပါတယ်။ဆာကုရပန်းဟာ ဂျပန်နိုင်ငံမှာ တချိန်တည်းပွင့်တာတော့ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံတောင်ဖျား အိုကီနာဝါမှာ Januaryမှာ စတင်ပွင့်ပြီး တဖြည်းဖြည်း ကျိုတို၊ နောက် တိုကျိုစသည်ဖြင့် တရွှေရွေ့ ပွင့်သွားတာဖြစ်ပါတယ်.။
တိုကျိုမှာ March လကုန် April လဆန်းမှာ အပြီးပွင်ပြီး တဖြေးဖြေး ဂျပန်နိုင်ငံ မြောက်ဖျားကို ပွင့်သွားပါလိုက်တာ မြောက်ဖျားပိုင်း Hokkaido ကတော့ ဧပြီလ အကုန်ကျလောက်ကို ရောက်သွားပါတယ်။ ပန်းပွင့်ချိန်ဆိုရင် ဂျပန်သတင်းဌာနတွေက မိုးလေ၀သသတင်းနဲ့အတူ ပန်းသတင်းကို ကြေငြာလေ့ ရှိပါတယ်။

ကျွန်မ လက်ရှိနေတဲ့ အိုခရာမမှာတော့ ပြီးခဲ့တဲ့တပတ်အတွင်း ပွင့်သွားပြီး ဒီနေ့မနက်စောစောရွာတဲ့ မိုးနဲ့အတူ ကြွေကျသွားတာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။ ဒီလို “ခဏလေးပွင်ပြီး ခဏလေး ကြွေကျသွားတဲ့ပန်း”လေးဖြစ်လို့ “တိုတောင်းတဲ့ လူ့ဘ၀”နဲ့ နှိုင်းယှဉ်ပြီး သံဝေင်္ဂယူကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပွင့်ချိန်တော့ သူတို့တာဝန်ကို သူတို့ယူနေသလို အစွမ်းကုန်လှပစွာ ပွင့်ကြတယ်။ လူတွေဟာလည်း တိုတောင်းတဲ့ ဘ၀လေးကို ကိုယ့်တာဝန်ကိုယ်ယူပြီး ပျော်ရွင်စွာ အချိန်ကုန်သင့်တယ်လို့ ဘာသာရေးစာအုပ်တွေမှာ ဆာကုရပန်းနဲ့ နှိုင်းယှဉ် ဆုံးမကြတယ်လို့ ဆိုပါတယ်။
စစ်အတွင်းကဆို ချယ်ရီပန်းဟာ ဂျပန်လူမျိုးတွေရဲ့ မျိုးချစ်စိတ်ကို လှုံဆော်ပေးတဲ့အရာတစ်ခုဖြစ်ခဲ့တယ်။ စစ်ထဲကို ၀င်ရောက်ဖို့ ဂျပန်လူမျိုးရေးစိတ်ကို လှုံ့ဆော်တိုင်း ချယ်ရီဟာ ဂျပန်လူမျိုးကို ကိုယ်စားပြုတဲ့ပန်းအဖြစ် လှုံဆော်ခဲ့ကြတယ်။ ဒီနှစ်ချယ်ရီပွင့်သလို နောက်နှစ်ချယ်ရီလှပစွာပွင့်နိုင်နေသ၍ ဂျပန်ဟာ အဓွန်ရှည်မယ်လို့ ယုံကြည်တယ်။ ချယ်ရီလှလှပပပွင့်တာဟာ ဂျပန်တွေ တိုးတက်ဖို့ လက္ခဏာ၊ လှပစွာ မပွင့်နိုင်တာဟာ ဆုတ်ယုတ်တဲ့လက္ခဏာဖြစ်တယ် စသည်ဖြင့် ဂျပန်နဲ့ ချယ်ရီ တထပ်တည်းဖြစ်အောင် ချစ်ခဲ့ကြတယ်လို့ ဆိုတယ်။နောက်ပြီး ချယ်ရီပန်းကို ဂျပန်လူမျိုးတွေက အရမ်းနှစ်သက်တန်ဖိုးထားရတဲ့ နောက်တချက်ကတော့ ဆာကုရပွင့်ချိန်မှာ မိသားစုလိုက် ချယ်ရီပန်းတွေအောက်မှာ အနားယူလို့ စိတ်ဓါတ်ခွန်အားကို ရယူနိုင်လို့ လို့ ဆိုပါတယ်။ ဆာကုရပွင့်ပြီးချိန်ဟာ ကျောင်းသားတွေဆို စာသင်နှစ်အသစ်ကို စတင်ရတော့မယ်။ အလုပ်သမားတွေ၊ ရုံးဝန်ထမ်းတွေကလည်း နေရာအကူးအပြောင်းတွေနဲ့ အလုပ်တွေရှုပ်တော့မယ်။ ဒီလိုနဲ့ တစ်နှစ်စာ အလုပ်တွေအတွက် ချယ်ရီပန်းကနေ အားသစ်ယူတယ်လို့ ဆိုပါတယ်။ ချယ်ရီပန်းရဲ့အထိမ်းအမှတ်အနေနဲ့ ဂျပန်ပိုက်ဆံ ယမ်းတစ်ရာစေ့မှာ ချယ်ရီပန်းပုံတင်ထားပါတယ်။
ချယ်ရီပန်းဟာ အလှသက်သက်တင်မဟုတ်ပါဘူး။ သူ့ရဲ့ အရွက်နဲ့ ပွင့်ဖတ်တွေဟာလည်း အသုံးဝင်ပါတယ်။ အရွက်ကို မုန့်ဖက်ထုပ်လိုမျိုး ထုပ်ပြီး( sakuramochi) စားကြသလို၊ အပွင့်ကို ဆားနဲ့အချဉ်ထည်ပြီး စားကြတယ်။ ဘီစကစ်ထဲမှာ အနံ့ထည့်ဖို့ သုံးကြပါတယ်။ နောက်ပြီး Oshima လို့ခေါ်တဲ့ ချယ်ရီပန်းရဲ့ ပွင့်ဖတ်တွေဟာပို နှုးညံ့လို့ လက်ဖက်ခြောက်လိုမျိုး အခြောက်ခံပြီး မင်္ဂလာပွဲတွေမှာ ရေနွေးကြမ်းလိုမျိုးသောက်တတ်ကြတယ်။ ဒါပေမယ့် ချယ်ရီကို အများကြီးမစားမိ၊ မသောက်သင့်ဖူးလို့ သတိပေးထားတာလည်း တွေ့ရပါတယ်။


ဂျပန်သတိုးသားနဲ့ သတိုးသမီးကလည်း ချယ်ရီပန်းကြည့်ရင်း.
သူတို့လေးတွေကလည်း အားကျမခံပေါ့...း)ကျွန်မလည်း အားကျမခံ ဘလော့ဂါ ညီမလေးတစ်ယောက်အတူ.... ;))

ဒါကတော့ အိုခရာမ မောင်နှမများနှင့် ဂျပန်မိတ်ဆွေ အာစမိ စံ..တို့နဲ့အတူ ပါ။

ချယ်ရီတွေကို ကြည့်လို့ ချယ်ရီအကြောင်းကို ရေးချနေရင်းက ကျွန်မ မြန်မာပြည်က ပိတောက်ကို အရမ်းကို လွမ်းနေမိပါတယ်..။ အခုလောက်ဆို မြန်မာပြည်မှာ သင်္ကြန်သီချင်းတွေနဲ့အတူ ပိတောက်နံတွေ သင်းနေရောပေါ့..။ အခြေအနေအရ မြန်မာပြည်ရဲ့အဝေးမှာ ရောက်နေတဲ့ ကျွန်မအတွက် တစ်ပတ်ခံတဲ့ ပန်းချယ်ရီထက် တစ်ရက်ခံပန်း ပိတောက်ကိုသာ ပိုမြတ်နိုးလို ပိုလွမ်းမိတာ မဆန်းတော့မဆန်းပါဘူးနော်..။

လသာည..