Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Sunday, January 26, 2014

တစ်ရက်ပဲဖြစ်ဖြစ်၊ တစ်လပဲဖြစ်ဖြစ်


ကိုယ်ဝန် ၅ လမှာ နာကျင်လွန်းတဲ့ ကျောရိုးစစ်ကြောင့် လမ်းလျှောက်ရင်းက လဲကျခဲ့တယ်။ ဆေးရုံသွားပြတဲ့အခါ အရိုးကင်ဆာလို့ ထင်ရတဲ့ ရောဂါတစ်ခုကို သံသယ ဖြစ်စရာ တွေ့ခဲ့ရတယ်.. ။ ဖြစ်နိုင်သ၍ မြန်မြန် ကုသမှသာ ရောဂါပျောက်ကင်းမှာဖြစ်လို့ ဖြစ်နိုင်သ၍  အမြန်ဆုံး....   ရောဂါစတင်ကုဖို့ ဆရာဝန်ကတိုက်တွန်းခဲ့တယ်။ ။
ဒီတော့ ကိုယ်ဝန်ဆောင်က အရေးတကြီး ပြန်မေးလိုက်တယ်။
"ဒါဆို ဗိုက်ထဲက ကိုယ်ဝန်ကရော…"
"ဆေးစကုပြီဆိုတာနဲ့ ကင်ဆာဆေးတွေကြောင့် ဖြစ်လာမယ့် အကျိုးဆက်အရ ကိုယ်ဝန်ကိုတော့ လက်လျှော့လိုက်ပါ။"
ကိုယ်ဝန်ဆောင်မိခင်က...
"ကျွန်မ ဒီကလေးကို မွေးမှဖြစ်မယ်။ ကျွန်မ မစွန့်လွှတ်နိုင်ဘူး။ ရောဂါကတော့ ကလေးမွေးပြီး မှ ကုပါရစေ။ ကိုယ်ဝန်ကိုသာ ဂရုစိုက်ပေးပါ။"
ဒီလိုနဲ့ သမီးကို ပိုချစ်ခဲ့တယ်..။
အောင်မြင်စွာ သမီးကို မီးဖွားခဲ့တယ်။ သမီးကို ဘေးမသီရန်မခ မွေးနိုင်လို့ ၀မ်းသာပြီး၊ ကျောရိုးဆစ်က နာကျင်မှုကိုတောင် မိခင်ဖြစ်သူ မေ့သွားတယ်..။ သမီးဟာ  မိခင်ဖြစ်သူအတွက်တော့ မသေခင်ပေးတဲ့ ဘုရားရဲ့ဆု ပါပဲ။
ရောဂါကြောင့် သမီးကို မချီ ပိုးနိုင်ပေမယ့် သမီးမျက်နှာလေး မြင်ရတာနဲ့ကို မိခင်ဖြစ်သူ ကျေးဇူးတင်နေပါပြီ။
အလျင်အမြန်ကုရမယ့် ရောဂါက ချက်ချင်း မကုသနိုင်ခဲ့တဲ့အတွက် ကျောရိုးတစ်လျောက်မှာ ကင်ဆာကျိတ်တွေ အခိုင်အမာ အမြစ်တွယ်နေခဲ့ပြီ။  မိခင်ဖြစ်သူ လူ့လောကကို ခွဲခွာဖို့ အချိန်တွေ နီးကပ်လာပြီ.။ သမီးလေးအတွက် တစ်ခုခု လုပ်ခဲ့မှ ရတော့မယ် လို့ သူ ဆုံးဖြတ်ခဲ့တယ်။
..............................................................................................
"သမီးYurichika အတွက် မှာတမ်း"  
 

သမီး.. 
သမီး ရယ်သံလေးတွေက မေမေ့အတွက် ဘုရားပေးတဲ့လက်ဆောင်ပါ..။ မေမေ့ကို ပျော်ရွှင်စေတဲ့ လက်ဆောင်ပါ။ ဒါပေမယ့် အဲဒီလက်ဆောင်ကို ဘယ်အချိန်ထိ မေမေပိုင်ဆိုင်နိုင်မလဲဆိုတာကို မသိတော့တဲ့အခြေအနေတစ်ခု ရှိနေတယ်။ ဒါကြောင့် သမီးလေးကို မှာချင် ပြောချင်တာတွေကို စာတွေ ရေးထားခဲ့တယ်..။

သမီး လူဆိုတော့လည်း တချိန်ချိန်တော့ သေချာပေါက် စိတ်ညစ်စရာတွေ တွေ့လာဦးမှာ။ မေမေ အနားမှာ နေပေးချင်လိုက်တာ။ မနေပေးနိုင်ပေမယ့်လည်း မေမေက နည်းလမ်းပေးမယ်။ လောကမှာ သေတာလောက် စိတ်ညစ်စရာ ကောင်းတာ ရှိဦးမှာလား။ လုပ်ချင်တာ ဘာမှ လုပ်လို့မရတော့ဘူး။ ဒီတော့ ရှင်သန်နေတဲ့ လူတွေအတွက် ကျန်တဲ့ စိတ်ညစ်စရာဆိုတာ အသေးအမွှား ဟာသလောက်ပဲလေ။ ဟုတ်တယ်မို့လား။ စိတ်ညစ်ရင် အားရပါးရ ရယ်သာပစ်လိုက်။
သမီးမှာ သူငယ်ချင်းကောင်းတွေလည်း အများကြီး ရှိစေချင်တယ်။ သူငယ်ချင်းကောင်းရဖို့ သမီးကိုယ်တိုင်က သူများတွေအတွက် သူငယ်ချင်းကောင်းဖြစ်အောင် ပြုမူရမယ်။ လူဆိုတာက မွေးလာတော့လည်း တစ်ယောက်တည်း၊ သေသွားလည်း တစ်ယောက်တည်း.. ။ အထီးကျန်စရာ မဟုတ်လား။ ဒီတော့ ရှင်သန်နေတုန်း ဘ၀လေးမှာ ပတ်ဝန်ကျင်က လူများစွာနဲ့ ပြေလည်အောင် ဆက်ဆံပြီး မိတ်ဆွေကောင်း များများရအောင် မိတ်ဖွဲ့နေထိုင်တာက သဘာဝအကျဆုံး မဟုတ်လား။
နောက်ပြီးတော့ စိတ်ထားကောင်းကောင်းထားတတ်ရမယ်။ အကောင်းမြင်စိတ်တွေ တွေးတဲ့အကျင့် မွေးမြူရမယ်။ အရေးကြီးဆုံး အချက်က ဟောဒီလောကကြီးမှာ သမီးက ကိုယ်ပွားမရှိတဲ့ ပန်းပွင့်တပွင့်ဆိုတာ မမေ့ဖို့ပဲ။ သမီးဟာ သမီးပဲမို့ ဘယ်သူငယ်ချင်းနဲ့မှကိုယ့်နဲ့ မနှိုင်းယှဉ်မိစေနဲ့။.
ဘုရားက မိန်းခလေးတွေကို လှလှပပ နေခွင့်ပေးထားတယ်။  နေ့စဉ် ကျော့ကျော့မော့မော့လေး နေထိုင်ဖို့ဆိုရင် လုပ်စရာတွေ အများကြီးဆိုတော့ သမီးပျင်းချိန်တောင် မရပါဘူး။ ။

မေမေ့ မျက်စိထဲတော့ သမီးက ဘုရင်သမီးတော်လေးလိုမျိုး၊ အားလုံး ငေးနေတဲ့ မင်းသမီးလေးတစ်ပါးပေါ့၊ မေမေကိုယ်တိုင် အလှပြင်ဆိုင်တွေ လိုက်ပို့၊ ရှော့ပင်းတွေ လိုက်ပို့ လုပ်ပေးချင်လိုက်တာ…။ နေ့တိုင်း ဒီဇိုင်း တမျိုးစီ မထပ်အောင် ပေးဆင်ပြီး မေမေက သမီးရဲ့ ဒီဇိုင်နာ လုပ်ချင်တာ။ ဖေဖေ့ကိုလည်း မေမေပြောခဲ့တယ်။ သမီးမိန်းခလေး မွေးထားတာဆိုတော့ ပိုက်ဆံတော့ ပိုရှာပြီး ပိုဆင်ပါလို့..။ လိုအပ်ရင် မေမေ့ လက်ဝတ်ရတနာ အားလုံး ယူဝတ်နော်။
သမီးရယ်.. သမီးကို နောက်ထပ်မှာစရာတွေ အများကြီး ရှိသေးတယ်။ သမီးကို စိတ်မချဘူး။
ဘုရားသခင် ကျွန်မကို အသက် တစ်ရက်ပဲဖြစ်ဖြစ်၊ တစ်လပဲဖြစ်ဖြစ် ဆက်ရှင်ခွင့်ပေးပါဦး…။
Yurichika 2012
.........................................................................
အဲဒီ နိုင်ငံမှာ တစ်နှစ်ကို လူပေါင်း သုံးသောင်းခွဲလောက်က စိတ်ဖိအားတွေ များလွန်းလို့ ကိုယ့်ကိုယ့်ကိုယ် သတ်သေနေတဲ့အချိန်မှာ မိန်းမတစ်ယောက်ကတော့ သူ့အသက်ကို တစ်ရက်ပဲဖြစ်ဖြစ်၊ တစ်လပဲဖြစ်ဖြစ် သမီးအတွက် ဆက်ရှင်ခွင့် ရပါစေ..လို့ တဖွဖွ ရေရွတ်ရင်း သမီးအတွက် အသက်ပေးသွားခဲ့တယ်။ သူရေးခဲ့တဲ့  "သမီးYurichika အတွက် မှာတမ်း" စာအုပ်လေးကတော့ ရောင်းမလောက်နှိုင်ပဲ အကြိမ်ကြိမ် ထုတ်ဝေလို့ ဂျပန်ပြည်သူတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်သွားခဲ့လေရဲ့...။


Sunday, June 12, 2011

ကံကောင်းသော စက်ရုပ်.

အဲဒီနေ့က အဲဒီကံစမ်းမဲကို မနှိုက်ခဲ့မိရင် အကောင်းသား..။ အခုတော့ သူ့အဖြစ်က.

(၁)
မျက်နှာပေါ်စူးစူးရဲရဲ ကျလာတဲ့အပူရှိန်ကြောင့် ညက ပြတင်းပေါက်မပိတ်ပဲ အိပ်ပျော်သွားတာကို သတိရမိတယ်။ အခုတလော သတိလက်လွတ် ဖြစ်ရတာတွေ များများလာပါလား..။ ပြီးတော့ အခုတလော ထူးဆန်းစွာ ကံတွေကလည်း ကောင်းနေတယ်။ မနေ့ကတင် ထီ ၅ သိန်း ပေါက်တယ်။ ဆုကြေးရတယ်။ ဘောက်ဆူးတွေလည်း နေ့တိုင်းလိုလို၊ ကံအကောင်းဆုံးက လွန်ခဲ့တဲ့တပတ်ကတင် အရုပ်မလေးလို လှပချောမောသူလေး တစ်ယောက်က သူ့နားကို ရောက်လာတယ်။ သူမက..
"ကိုကို့ကို သိပ်ချစ်တာ၊ ကိုကိုမရှိရင် မေလေး သေလိမ့်မယ်သိလား"တဲ့..

(၂)
"ကလင် ကလင်"
အိမ်ရှေ့က လူခေါ်ဘဲလ် အဆက်မပြတ်တီးသံကြောင့် ရေချိုးခန်းထဲမှ ကဗျာကသီ အ၀တ်ဝတ်ပြီး ထွက်လာလိုက်တော့..
"မင်္ဂလာရှိသော နံနက်ခင်းပါ ဦးည"
"ဟုတ်ကဲ့ မင်္ဂလာပါ။ ကျွန်တော်ဘာများကူညီရမလဲ ခင်ဗျာ"
"ဟာ.. မကူညီရပါဘူးဗျာ။ ကျွန်တော်တို့က ခင်ဗျားကို ကံကောင်းခြင်း လက်ဆောင်တွေ လာပေးတာပါ"
"ဗျာ"
"ကျွန်တော်တို့က အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ကပါ။ "
"အဲဒါနဲ့ ကျွန်တော်နဲ့ ဘယ်လိုများ ပတ်သတ်နေပါလဲ။ ကျွန်တော်က အာကာသစူးစမ်းလေ့လာရေးတွေ နားမလည်ပါဘူး"
"ဟုတ်ကဲ့။ ကျွန်တော်တို့ သိပါတယ်။ လောလောဆယ် ခင်ဗျားကို ကျပ်သိန်းတစ်ထောင်တန်နဲ့ အမေရိကားကို ပညာတော်သင် သွားခွင့် ကံစမ်းမဲ လာပေးတာပါ။ ဒါက ကျွန်တော်တို့ ရုံးဖုန်းနံပါတ်ပါ။ ကံစမ်းမဲပေါက်ရင် ကျွန်တော်တို့က ဆက်သွယ်ပါ့မယ်။ တီဗွီအစီအစဉ်မှလည်း တရားဝင်ကြေငြာပေးပါ့မယ်"

(၃)
"ကိုကို့ကို ဒီမနက်စောစောစီးစီး သိန်းတစ်ထောင်တန် ကံစမ်းမဲ လာပေးသွားတယ် မေလေး..၊ အခုတလော ကိုကို့ကံတွေ ကောင်းလွန်းနေတာ နည်းနည်း ထူးဆန်းနေတယ်လို့ မထင်ဘူးလားဟင် "
"ဟာ သိန်းတစ်ထောင် ဟုတ်လား။ ပေါက်လို့ကတော့ ကိုကိုနော် မေလေးကို ရေကူးကန်နဲ့ အိမ်လှလှလေးတစ်အိမ် ၀ယ်ပေးရမယ်..နော်.."
"ဟုတ်ပါပြီဗျာ..။ ဟုတ်ပါပြီ..။ ဟော.. ဖုန်းမြည်နေလို့ ခဏနော်"
"ဟယ်လို ဟုတ်ကဲ့ ကိုညပါ။ ဗျာ.. ကံစမ်းမဲပေါက်တယ်။ မဲက ချက်ချက်ကြေငြာတာလား။ အော်..ဟုတ်လားဗျာ. ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ ဟုတ်ကဲ့ အခု တီဗွီလည်း ဖွင့်ထားပါတယ်။ ချန်နယ်ဘယ်လောက်မှာ ကြေငြာတာပါလဲ။ ချန်နယ်သုံး?.. ဟုတ်ကဲ့ဟုတ်ကဲ့"

(၄)

"ဟုတ်ကဲ့ NN သတင်းဌာနမှ ဒီမနက်မှာ အားလုံးအတွက် အထူးအဆန်းဖြစ်စေမယ့် သတင်းကို ကြေငြာပါ့မယ်..။ အခုမနက်မှာ အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ မှ ကံထူးသူတစ်ဦးကို သိန်းတစ်ထောင်နှင့် ကံစမ်း ရွေးချယ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်း သတင်းပဲဖြစ်ပါတယ်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကံစမ်းမဲပေါက်သူဟာ ကံသာ ရပ်ကွက်က ဦးည ပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်နံပါတ်ကတော့ (၈/...၀၀၀၁၁၁).ဖြစ်ပြီး အသက်အားဖြင့် ငယ်ရွယ်ထက်မြက်သူဖြစ်တယ်လို့ ဆိုပါတယ်။ ထို့ပြင် သုတေသနအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဦးညအနေဖြင့် အမေရိကန်နိုင်ငံက အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ဌာနချူပ်မှာ သင်တန်းတက်ခွင့်လည်း ရရှိမှာဖြစ်ပါတယ်။

သင်တန်းကတော့ အာကာသစက်ရုပ်အဖြစ် လေ့ကျင့်သင်တန်းပေးမှာဖြစ်ပြီး အခုလိုသင်တန်းမျိုးအတွက် တစ်နိုင်ငံကို တစ်ဦးသာရွေးချယ်တာ ဖြစ်တဲ့အတွက်ကြောင့် သူ့ကို ကျွန်တော်တို့နိုင်ငံရဲ့ တစ်ဦးတည်းသော သူရဲကောင်းလေး အဖြစ်လည်း သတ်မှတ် ကြေငြာထားကြောင်းလည်း သတင်းရရှိပါတယ်ခင်ဗျာ။

ဒါကြောင့် ကျွန်တော်တို့ NN သတင်းဌာနအနေဖြင့် သူရဲကောင်းလေး ဦးညကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ နောက်ပြီး သူရဲကောင်းလေးရဲ့ ရင်ထဲက စကားလေးကို အင်တာဗျူးဖို့အတွက် ကျွန်တော်တို့ သတင်းဌာနမှ လူများ သွားရောက်နေပြီ ဖြစ်ပါတယ်။

(၅)
တီဗွီသတင်းကြားပြီးကတဲက.. ချက်ချင်းပဲ ခေါင်းမူးလာသလိုလို၊ အိမ်သာပဲ တက်ချင်သလိုလို... သူတအားကို စိတ်လှုပ်ရှားနေပါတယ်။ သူ ကံစမ်းမဲပေါက်တာက ရပ်ကျော်ရွာကျော် နိုင်ငံကျော် ဖြစ်နေပြီး သူရဲကောင်းအဖြစ် နေ့ချင်းညချင်းရောက်သွားရတဲ့အဖြစ်။ သူ့အနေနဲ့က မေလေးနားမှာ အခုလိုပဲ နေချင်ပါတယ်။ သူရဲကောင်းလည်း မဖြစ်ချင်ပါ။ အာကာသသွားဖို့မပြောနဲ့ လေယာဉ်တောင် မစီးရဲသူ။ အခုတော့ သူရဲကောင်းအဖြစ် သတ်မှတ်ပြီး ကြေငြာခံရတယ်။

နေမရထိုင်မရဖြစ်လာတဲ့အဆုံး ကံစမ်းမဲကို လက်မခံလိုပါကြောင်း ငြင်းဖို့ မေလေးကို အဖော်စပ်တဲ့အနေနဲ့ ကြည့်လိုက်တော့ မေလေးက သူ့ခံစားချက်ကို ဂရုစိုက်မိပုံမပေါ်၊ သူ့အတွေးနဲ့သူ. သူရဲကောင်းရဲ့ ရည်စားအဖြစ်နဲ့ လက်ချင်းချိတ်ပြီး အိမ့်အပြင်ထွက်နိုင်ဖို့ သူမ့အ၀တ်အစားကို ပြန်လဲပြီး အလှဆုံးဖြစ်အောင် ပြင်နေတာကို တွေ့ရပါတယ်။

"ကိုကို.. လာ၊ သွားစို့။ အိမ်အပြင်မှာ အင်တာဗျူးမယ့်သူတွေ စောင့်နေပြီ"
"နေ.. နေပါဦးကွာ။ ကိုကို ခေါင်းနည်းနည်းမူးသလိုဖြစ်ပြီး ရေဆာလို့ ရေလေးတစ်ခွက်လောက်သောက်ပါရစေဦး"

"ကိုကိုကလည်း ဘာတွေဖြစ်နေတာလဲ။ ချက်ချင်းကြီး ဘာဖြစ်သွားတာလဲ။ ဒီမှာ. ပိုက်ဆံလည်း သိန်းတစ်ထောင်ရ၊ မေလေးလည်း သူရဲကောင်းရဲ့ ရည်းစားဖြစ်။ ဘယ်လောက်ပျော်ဖို့ကောင်းလဲလို့."

(၆)
" ကျွန်တော်တို့ NNသတင်းဌာနက ဦးညရဲ့ အိမ်ရှေ့ကနေပြီး တိုက်ရိုက်တင်ဆက်နေတာ ဖြစ်ပါတယ်။ ဦးည အိမ်ရှေ့မှာဆိုရင် သူရဲကောင်းလေးကို လက်ခုပ်တီးဂုဏ်ပြုဖို့ သူ့၏ မိတ်ဆွေသူငယ်ချင်းများစွာ လာရောက်စောင့်စား တန်းစီနေတာကို အခုလို တွေ့ရမှာ ဖြစ်ပါတယ်။ စောင့်နေသူတွေထဲက ဦးညရဲ့သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံပြီး ဦးညရဲ့အကြောင်းကို အခုလို မေးမြန်းခဲ့ပါတယ်။"

"ဟုတ်ကဲ့။ ကိုညနဲ့ ကျွန်တော်က ငယ်ငယ်ကတဲက သူငယ်ချင်းတွေပါ။ ပြောရရင်ဗျာ ပြောမနာဆိုမနာ ညီအစ်ကိုတွေဆိုလည်း မမှားပါဘူး။ အခုလို အာကာသ စူးစမ်းလေ့လာရေး သုတေသနလုပ်ငန်း အတွက် ရွေးချယ်ခံရသူ သူရဲကောင်းအဖြစ် ကျွန်တော်တကယ် ဂုဏ်ယူတယ်ဗျာ"

မြတ်စွာဘုရား... ကိုယ် သူ့ကို မသိပါဘူး။ သူက ဘယ်ကဘယ်လို အခုမှ သူငယ်ချင်းပါဆိုပြီး လာပြောနေတာပါလိမ့်.။ ဘာ..တွေဖြစ်ကုန်ပြီလဲ.. ငါ အိပ်မက် မက်နေတာလား...

"ဟုတ်ကဲ့.။ ကျွန်မကတော့ ကိုညနဲ့ တက္ကသိုလ်အတူတူတက်ခဲ့ဖူးသူပါ၊ သူက တက္ကသိုလ်မှာကတဲက အတန်းထဲမှာ အများအတွက်ဆို တာဝန်ယူ ဦးဆောင်သူ တစ်ဦးဖြစ်ပါတယ်။ ကျွန်မ ကိုညအတွက် ဂုဏ်ယူလွန်းလို့ အခုလို လာရောက်နှုတ်ဆက်ဖို့ တန်းစီစောင့်နေရတာပါ"

မဟုတ်ဖူး... မဟုတ်ဖူး..။ ဘယ်တုန်းကမှ အီးစီမလုပ်ဖူးပါဘူး။ အခုလည်း ငါသူရဲကောင်း မလုပ်ချင်ဘူး..

စိတ်ပျက်လက်ပျက်နဲ့ အိမ်အပြင်ကလူတွေကို ပြတင်းပေါက်ကနေ လှမ်းအကြည့်..အောက်က လူအုပ်ကြီးမှ သံပြိုင် အော်သံကို ကြားလိုက်ရတယ်။

"ဦးည..
ဦးည..
ဦးည..
သူရဲကောင်း ဦးည
ဖြောင်းဖြောင်းဖြောင်း"

(၇)
"ဟုတ်ကဲ့..။ အခုဆိုရင် ဦးညဟာ သူရဲ့ချစ်သူလေးနဲ့အတူ အိမ်အပြင်ကို ထွက်လာပြီ ဖြစ်ပါတယ်။ အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ အနေနှင့်လည်း သူရဲကောင်းလေးကို ဆုချဖို့ ဆုငွေသိန်းတစ်ထောင်နဲ့ သူရဲကောင်းဘွဲ့တံဆိပ်ကို အပ်နှင်းဖို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကဲ ဦးညရဲ့ သူရဲကောင်းရင်ခုန်သံလေးကို တနိုင်ငံလုံးက ပြည်သူတွေ ကြားအောင် ပြောပြပါဦးနော်"

"ဟုတ်ကဲ့.. ကျွန်..ကျွန်တော် ပျော်ပါတယ်။"

"ကျွန်မချစ်သူက တကယ့်သူရဲကောင်းပါ။ ကျွန်မကတော့ ကျွန်မချစ်သူအတွက် သိပ်ကို ဂုဏ်ယူမိပါတယ်။"

(၈)
"ကိုကို.. ကိုကိုကလည်း ဘာငိုင်နေတာလဲ..လုပ်တော့လေ။ ခရီးထွက်ဖို့ အထုတ်အပိုးပြင်တော့လေ။ တကယ်ဆို မေလေးက ကိုကို့ကို တကယ်မခွဲနိုင်ပါဘူး. ။ အများအကျိုးမို့သာ ဇွတ်မှိတ်ခွဲရတာ။ ကိုကိုမေလေးကို မမေ့နဲ့နော်။ နောက်ပြီး ကိုကိုအခုဝယ်ပေးတဲ့ ဒီအိမ်လေးထဲမှာ မေလေးကကိုကိုပြန်လာတဲ့အထိ ကိုကို့ကို စောင့်နေမှာပါ။ ဒါနဲ့ မေမေကလေ မေလေးတစ်ယောက်တည်းဆို စိတ်မချလို့တဲ့ မေမေတို့လည်း လာနေမယ်တဲ့။ ကိုကို စိတ်ချလက်ချသာ သွားနော်"

"..........."

(၉)
"....။ သူရဲကောင်းလေး ဦးညဟာ ဒီကနေ့ညနေ ၃ နာရီမှာပဲ အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ချူပ်ဆီကို ထွက်ခွာ သွားတော့မှာဖြစ်ပါတယ်..။ ထိုကြောင့် သူရဲကောင်းလေးအတွက် ဂုဏ်ပြုနေ့လည်စာ စားပွဲကို မဟာအာဠာဝက ခန်းမဆောင်မှာ နိုင်ငံတော် သမ္မတကြီးမှ ဂုဏ်ပြုဧည့်ခံပွဲဖြင့် ဂုဏ်ပြုခဲ့ပြီး အခုလို ဦးညရဲ့ မွန်မြတ်တဲ့ သူရဲကောင်းစိတ်ထားလေးကို အမြဲရှင်သန်နေစေဖို့နဲ့ စေလွှတ်လိုက်တဲ့ အမိနိုင်ငံနဲ့ နိုင်ငံတော် အကြီးအကဲများရဲ့ ကျေးဇူးကို အစဉ် ဦးထိပ်မှာပန်ဆင်ပြီး အများအကျိုးအတွက် ကြိုးစားစေလိုကြောင်း အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်ရှင်"

(၁၀)
ဒီလိုနဲ့.. လူသားစက်ရုပ်တစ်ရုပ် ပေးအပ်တဲ့တာဝန်ထမ်းဆောင်ဖို့ လူသားတိုင်းပြည်မှ အပြီးအပိုင် ထွက်ခွာသွားရတယ်ဆိုတဲ့အကြောင်း.. နောက် တစ်လလောက် အကြာမှာတော့ အားလုံးကမေ့သွားပါတော့တယ်..

Sunday, November 29, 2009

ခြေထောက်တွေဟာ ဘယ်ထိရှည်သင့်သလဲ

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေးထားတာကြာပါပြီ။ အဆုံးထိ ဘာသာမပြန်ဖြစ်တာမို့ ကြာသွားရတာပါ။ ဒါပေမဲ့ မနက်ဖြန် စာအုပ်ပြန်အပ်ရတော့မှာမို့ အပြီးသတ်ရေးလို့ တင်လိုက်ပါတယ်။ (လသာည)
တကယ်တော့ ဒီအဖြစ်အပျက်ဟာ သမ္မတကြီးရဲ့ ဘ၀တစိတ်တပိုင်းကို အခြေခံထားခြင်းဖြစ်ပါတယ်။

အပိုင်း (၁)
ဂျဲနီစ်း၊ ။သမ္မတကြီးခင်ဗျား ကျွန်တော်ကို ခေါ်ပါသလားခင်ဗျာ
လင်ကွန်း။ ။ဟုတ်တယ် ဂျဲနီစ်း၊ ၀င်ခဲ့ပါ။ ခင်ဗျားနဲ့ ဆွေးနွေးစရာရှိလိုပါ။
ဂျဲနီစ်း၊ ။ ဟုတ်ကဲ့။
လင်ကွန်း။ ။ထိုင်ဗျာ။ နောက်တကြိမ် ကျွန်တော်တို့ စည်းဝေးပွဲလုပ်ချိန်ကျရင် ခင်ဗျားက မေးခွန်းတစ်ခုမေးပေးပါ။
ဂျဲနီစ်း၊ ။ ဘာမေးရမလဲ ခင်ဗျာ။
လင်ကွန်း။ ။ “သမ္မတကြီးခင်ဗျာ၊ လူတစ်ယောက်ရဲ့ ခြေထောက်က ဘယ်လောက်ရှည်သင့်ပါသလဲ”လို့..
ဂျဲနီစ်း၊ ။ခင်ဗျာ.. ဘယ်လို....
လင်ကွန်း။ ။“သမ္မတကြီးခင်ဗျာ၊ လူတစ်ယောက်ရဲ့ ခြေထောက်က ဘယ်လောက်ရှည်သင့်ပါသလဲ”လို့..မေးပါ။
ဂျဲနီစ်း၊ ။ ဘာ..ဘာဖြစ်လို့ မေးရမှာလဲ။
လင်ကွန်း။ ။ ဘာဖြစ်လို့လည်း ဆိုတော့ ငါ့မှာ အဖြေကောင်းတစ်ခု ရှိနေလို့ပါ။ အဲအဖြေကို ပြန်ဖြေကြည့်ချင်လို့
ဂျဲနီစ်း၊ ။အဖြေကို အမိန်ရှိပါဦးခင်ဗျာ..
လင်ကွန်း။ ။အဖြေက “ခြေထောက် မြေကြီးရောက်တဲ့အထိ ရှည်သင့်တယ်”
ဂျဲနီစ်း၊ ။ ဗျာ.. (အနည်းငယ် ရယ်ချင်စိတ်ကို အတင်းမြိုသိပ်ရပုံဖြင့်) အဲဒါအဖြေလား။
လင်ကွန်း။ ။ ဟုတ်တယ် “သမ္မတကြီးခင်ဗျာ၊ လူတစ်ယောက်ရဲ့ ခြေထောက်က ဘယ်လောက်ရှည်သင့်ပါသလဲ”ရဲ့ အဖြေလေ။ဘာလဲ အဖြေက ရယ်စရာဖြစ်နေလို့လား
ဂျဲနီစ်း၊ ။ ဟုတ်ကဲ့။ (ပြုံးလိုက်ရင်း) ပွင့်ပွင့်လင်းလင်း ပြောရရင် ရယ်စရာကောင်းသလားလို့ပါ။
လင်ကွန်း။ ။ အင်း.. ဒီနေ့ စည်းဝေးပွဲမှာ အဲဒီအဖြေက ရယ်စရာသွားခဲ့တယ်..။ ငါက အဲဒီမေးခွန်းကို အခုပြန်စဉ်စားနေတာ....

အဲဒီနေ့က သမ္မတကြီးက သူ့ရဲ့ကိုယ်ရေးအရာရှိနဲ့ ပြောဖြစ်တဲ့ စကားပါ။

အပိုင်း(၂)
သမ္မတကြီးဟာ အိမ်ကို ပြန်လာပြီးနောက်လည်း မေးခွန်းနဲ့ အဖြေအကြောင်းကို ဆက်စဉ်းစားနေခဲ့တယ်။ အဲဒီနေ့မနက် သူတို့ စည်းဝေးခန်းမထဲမှာ စည်းဝေးပွဲစခါနီး လယ်သမားတစ်ယောက်က သမ္မတကြီးနဲ့ အရေးတကြီး တွေချင်ကြောင်း အစောင့်က လာအကြောင်းကြားပါတယ်။ ဒါနဲ့ လယ်သမားကို ၀င်ခွင့်ပြုလိုက်ပါတယ်။

ဝင်လာတဲ့လယ်သမားဟာ သူ့မျက်နှာကို ကြည့်ရင်းမေးခဲ့တဲ့ မေးခွန်းက “သမ္မတကြီးခင်ဗျာ၊ လူတစ်ယောက်ရဲ့ ခြေထောက်က ဘယ်လောက်ရှည်သင့်ပါသလဲ”တဲ့..။
ခန်းမတွင်းက လူတွေက သူမေးခွန်းကို အံအားတကြီးဖြစ်သွားစဉ် သူက ပြန်ဖြေခဲ့တယ်။ “ခြေထောက် မြေကြီးရောက်တဲ့အထိ ရှည်သင့်တယ်လေ”

တခန်လုံးရှိ လူအားလုံး ရယ်မောပွဲကျသွားကြတယ်။ သူ့အဖြေကို ရပြီး လယ်သမားဟာ ခန်းမထဲကနေ ပြန်ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် ထုံးစအတိုင်း သူတို့ စည်းဝေးပွဲကို ဆက်လုပ်လိုက်ကြတယ်။ သမ္မတကြီးဟာ စည်းဝေးပွဲပြီးနောက် တောက်လျှောက် လယ်သမားရဲ့ မေးခွန်းကိုပဲ ပြန်စဉ်းစားနေမိတယ်။
သူဘာကြောင့် အဲလိုဖြေခဲ့မိတာလဲ ဆိုတာလဲ သူကိုယ်သူ ပြန်တွေးမိတယ်။

သူစဉ်းစားလို့ရတာက လယ်သမားရဲ့ မျက်လုံးတွေဟာ ၀မ်းနည်းနေခဲ့လို့ဖြစ်မယ်ဆိုတာပါပဲ။ သူဘာကြောင့် ၀မ်းနည်းနေတာလဲ ဆိုတာ သူမသိပါ။ ဒါပေမဲ့ သူက အနည်းငယ်ဖြေပျောက်ပေးလိုစိတ်နဲ့ အဖြေတစ်ခုကို အလျင်အမြန်စဉ်းစားပေးမိသွားတာပါ။ ရလာဒ်က အားလုံးက ရယ်စရာအဖြစ်နဲ့ ဇာတ်သိမ်းသွားတယ်။ ဟင်း.......သူဘာကို မေးချင်ခဲ့တာပါလိမ့်။

ထိုင်တွေးနေတဲ့ သမ္မတကြီးကို သမ္မတကတော် မေရီလင်ကွန်းက သိပ်မတွေးဖို့ ပြောခဲ့တယ်။ “ဘာပဲဖြစ်ဖြစ် ရှင့်အဖြေက ရယ်စရာတော့ ကောင်းတယ်နော်။ နောက်တမျိုးဖြေကြည့်ရင် ခြေထောက်က လူခန္တာကိုယ်နဲ့ ထိတဲ့အထိ အပေါ်ကို ပြန်ရှည်သွားတာမဟုတ်ဘူးလား။ မြေကြီးထိရောက်အောင် ရှည်သင့်တာမဟုတ်ပဲ ခန္တာကိုယ်အပေါ်ပိုင်းနဲ့ ထိအောင် ရှည်သင့်တာလေ”
သမ္မတကြီးကတော့ ထိုအဖြေအတွက် မရယ်ခဲ့ပါ။

အပိုင်း(၃)
လယ်သမား Heinzတို့ ဇနီးမောင်နှံအိမ်မှာ ဖြစ်ပါတယ်။ လယ်သမားဟာ အသုံးမကျသူပဲလို့ သူကိုယ့်သူ စိတ်ဆိုးနေခဲ့ပါတယ်။ သူက သမ္မတကြီးကို အရေးတကြီးသွားတွေ့ခါနီးတော့ သူပြောချင်တာတွေကို ပြောဖို့ တန်းစီတွေးထားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ပဲ သမ္မတကြီးနဲ့ တွေ့တော့ သူပြောချင်တာ မပြောနိုင်ခဲ့ပဲ ပါးစပ်ထဲတွေ့တဲ့ မေးခွန်းတစ်ခုကိုပဲ မေးမိခဲ့တယ်။ မေးပြီးတော့ မှားသွားပြီလားလို့ သူစိုးရိမ်သွားချိန်မှာ သမ္မတကြီးက အဖြေကို အလွယ်တကူဖြေပေးခဲ့တယ်။

သူ့မိန်းမက သူ့ကို အပြစ်တင်နေခဲ့တယ်။။
“ရှင်က ကျွန်မသားလေးကို အပြစ်ကလွှတ်အောင် ပြန်လွှတ်ဖို့ တောင်းဆိုမယ်ဆိုပြီး သွားတာမဟုတ်လား။ အခုတော့ အရှုးတစ်ယောက်လို ပေါက်ကရမေးခွန်းမေးပြီး ပြန်လာခဲ့တယ်။ ရှင် ဘာအသုံးကျသလဲ။ အဲဒီ ခြေထောက် ဘယ်အထိရှည်သင့်မသင့်က ဘယ်လောက်အရေးကြီးတဲ့ မေးခွန်းလဲ. ။ ရှင် အရှုးပဲ။ ရှင့်ကို အလုပ်ကို လာနှောက်ယှက်မှုနဲ့ တရားစွဲခံခဲ့ရရင် ကျွန်မတော့ အမှုကြီး တစ်ခု ထပ်ကြုံရတော့မှာပဲ..။ ရှင် လူညံ။ ရှင်ဟာ အသုံးမကျတဲ့သူ။ ရှင်ဟာ....”

“တော်ပါတော့ကွာ။ ငါ့အပြစ်တွေပါ။ ငါ အသုံးမကျသူပါ။ ငါ့လို အသုံးမကျသူတစ်ယောက်က ပေါက်ကရမေးခွန်းမေးတာကို အပြစ်မယူပဲ ရယ်စရာလုပ်လို့ ဖြေရှင်းပေးသွားတဲ့ သမ္မတကြီးကို ငါအရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ့သားလေး...ငါ့သားလေး ..” စကားဆုံးအောင် မပြောနိုင်တော့ပဲ လယ်သမား ငိုချလိုက်ပါတော့တယ်။

ဒီအချိန်မှာပဲ တံခါးခေါက်သံကြားလိုက်ရပါတယ်။ ဒီလို ညကြီးမင်းကြီး တံခါးလာခေါက်တာဆိုရင်တော့..။ လင်မယားနှစ်ယောက် အပြန်အလှန်ကြည့်ရင်း စိုးရိမ်ကြောက်လန့်စွာ တံခါးကို ဖွင့်ပေးလိုက်တယ်။ အပြင်မှာ တွေ့လိုက်ရတာက...
“ သမ္မတကြီး”

ဟုတ်ပါတယ်။ သမ္မတကြီးပဲ ဖြစ်ပါတယ်။ သူဟာ ထိုင်ပြီး စဉ်းစားပေမဲ့ အဖြေမရတဲ့အဆုံး သူ့အစောင့်ကို ခေါ်ပြီး လယ်သမားအိမ်ကို စုံစမ်းပြီး ရောက်လာတာပဲ ဖြစ်ပါတယ်။

“ညကြီးမင်းကြီး အနှောက်အယှက်ပေးသလို ဖြစ်ရင် အားနာပါတယ်။ ဒါနဲ့ ခင်ဗျားရဲ့ ဟိုမေးခွန်းက........”
“သမ္မတကြီးခင်ဗျား ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော်ရဲ့ ရှုးကြောင်ကြောင်မေးခွန်းအတွက် အပြစ်ကို ခွင့်လွှတ်ပေးပါ”လို့ ဒူးထောက်ပြောရင်း လယ်သမားဟာ ငိုချလိုက်ပါတယ်။ ထိုအဖြစ်ကို ကြည့်ပြီး သမ္မတကြီးပါ မျက်ရည်တွေကျလာခဲ့ပါတယ်။

“ရပါတယ်။ မငိုပါနဲ့။ ထ ရပ် ပြီး ပြောပါ။”
“ဟုတ်ကဲ့..။ ကျွန်တော်ကို ခွင့်လွှတ်ပါခင်ဗျာ”
“ကဲ စိတ်မညစ်ပါနဲ့ဗျာ။ ခင်ဗျားသားနဲ့ တကွ တကြိမ်တခါ မှားသူ လူငယ်တွေကို ကျွန်တော်ခွင့်လွှတ်ပါတယ်။ မနက်ဖြန် ခင်ဗျားသား လွတ်လာမှာပါ၊ ပြီးတော့ ခင်ဗျားရဲ့မေးခွန်းအတွက်လည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ အဲဒီမေးခွန်းက ကျွန်တော့်ဘ၀ကို နောက်တကြိမ် ပြန်စဉ်းစားဖို့ သတိပေးလိုက်သလို ဖြစ်လို့ပါ။ ကျွန်တော့်အဖြေလည်း ခင်ဗျား ကျေနပ်မယ်ထင်ပါတယ်။ “ခြေထောက်တွေဟာ မြေကြီးအထိ ရှည်သင့်တယ်”ဆိုတာလေ..။

“ဟာ..ကျေနပ်ပါတယ် ခင်ဗျာ။ အဲဒီအဖြေဟာ အဖြေမှန်ပဲ ဖြစ်မှာပါ ခင်ဗျာ”
“ဒါဆိုလည်း ကျွန်တော်ဖြေရကြိုးနပ်ပါပြီ။ ဒါနဲ့ ခင်ဗျားတို့မှာ စားစရာတစ်ခုခု မရှိဘူးလားဗျာ။ ခရီးဝေးကလာရတဲ့ လူတစ်ယောက်အတွက် တစ်ခုခုတော့ ဂုဏ်ပြုသင့်တယ် ထင်တာပဲ”
“ဟာ.. ရှိပါတယ်သမ္မတကြီး၊ ရှိပါတယ်။ အိမ်ထဲကို ကြွပါခင်ဗျာ”
သိပ်မကြာခင်အချိန်အတွင်းမှာပဲ လယ်ယာဖြစ်ဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ညိုနဲ့ ချိစ်ကို သမ္မတကြီးအတွက် စီစဉ်ပေးခဲ့ပါတယ်။
............................................................

ပြဇာတ်အသွင် ရေးထားတဲ့ ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး စာရေးဆရာ (Noody Allen)က “ဒီဖြစ်ရပ်မျိုးဟာ သမ္မတကြီး လင်ကွန်းရဲ့ ဘ၀များထဲက တစ်ခုကို အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။ တကယ်ပဲ ထပ်တူဖြစ်ခဲ့မဖြစ်ခဲ့ကတော့ ဒါကို ရေးသူ ကျွန်တော် ခေါင်းစားနေဆဲ အချက်ပဲ ဖြစ်ပါတယ် ခင်ဗျာ”လို့ ဇာတ်လမ်းအစမှာ နိဒါန်းချီထားပါတယ်။ ၀တ္တုနာမည်က “The question” ဖြစ်ပါတယ်။

ဘာသာပြန်.. လသာည ဖြစ်ပါတယ်။
ဘာရယ်မဟုတ်ပါဘူး။ နာမည်ကြီးသမ္မတကြီးတစ်ဦးရဲ့ ဘ၀တစိတ်တဒေသကို ဖတ်ရတာ စိတ်ဝင်စားမိလို့ ဘာသာပြန်မျှဝေရုံသက်သက်ပါ။ဒီဝတ္တုက ပြဇာတ်အသွင် ရေးထားတာဖြစ်လို့ ဖတ်ကောင်းအောင် နည်းနည်းပြောင်းထားပါတယ်။

Saturday, November 21, 2009

လွတ်လပ်မှုကို ခုံမင်သွားပြီ..

မြင့်မားတဲ့ နော်ဝေးတောင်တန်းကြီးက အမြဲ နှင်းဖုံးနေသလို နွေရာသီဆိုရင်လည်း တညလုံး နေထွက်နေတတ်တယ်။ သာယာတဲ့ နွေရာသီတစ်ခုမှာ.. နက်မှောင်တဲ့ မျက်ဝန်း၊ အညိုရောင်တောက်တောက် နှုးညံတဲ့ အမွေးတွေပိုင်ဆိုင်တဲ့ရိန်းဒါး သမင်လေး ကီလိ ဟာ သမင်အုပ်စုနဲ့အတူ Laplander လူမျိုး သခင်တွေဆီမှာ ကြီးပြင်းခဲ့တယ်။ Laplander လူမျိုးတွေက fjord ဒေသတစ်လျှောက် ခရီးလှည့်လည် သွားလာနေကြသူတွေ ဖြစ်တယ်။ ခရီးသွားရင်း ကီလိရဲ့သခင်တွေက တဲကြီးတွေ ဆောက်ပြီး စခန်းချတဲ့အချိန် ကီလိတို့ကို အနားပေး လွှတ်ပေးလေ့ရှိတယ်။ အဲဒီအချိန်တွေဟာ ကီလိရဲ့ အပျော်ဆုံး အချိန်တွေပါပဲ..။

နွေရာသီကုန်ခါနီး တညနေမှာ ကီလိဟာ စခန်းချရာတဲနောက်က တောင်ကုန်းလေးပေါ်မှာ လျှောက်ပြေးနေခဲ့တယ်။ ပါးလွှာတဲ့ နှင်းလွှာချပ်တွေပေါ်ကို ခုန်ကျော်လိုက်၊ မြစ်ကျဉ်းကိုဖြတ်ပြေးလိုက်နဲ့ တအားပျော်နေခဲ့တယ်။တချီမှာတော့ ရုတ်တရက် ကီလိဟာ ခြေချော်ပြီး နှင်းစောက်တစ်ခုထဲကို ဒလိမ့်ခေါက်ကွေး ကျသွားခဲ့တယ်။ ပြန်တက်ဖို့ ကြိုးစားလိုက်တော့ ခြေထောက်က အသည်းခိုက်အောင် နာနေခဲ့တယ်။ ဒါပေမဲ့လည်း ဖြေးညင်းစွာ တရွေ့ရွေ့ ထောက်ပြီး လမ်းလျှောက်ကြည့်ရင်း စခန်းဘက်ကို လှည့်ပြန်ခဲ့တယ်။

ခြေထောက်နာနေတာမို့ အချိန်အများကြီးနောက်ကျပြီးမှ စခန်းကိုပြန်ရောက်ခဲ့တယ်။ ဒါပေမဲ့ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူကြောက်ရွံတုန်လှုပ်သွားမိတယ်။ စခန်းမှာ ဘယ်သူမှ မရှိတော့ပါ။ သူ့သခင်တွေက တဲတွေကိုဖျက်သိမ်းပြီး သူ့မိသားစု အဖော်သမင်တွေကို ခေါ်လို့ တခြားကို ထွက်သွားနှင့်ကြပြီ။ မွေးကတဲက တခါမှ တစ်ယောက်တည်း မနေဖူးတဲ့ ကီလိဟာ ကြောက်ရွံတုန်လှုပ်စွာ ဆောက်တည်ရာမရ အော်ဟစ်မိတယ်။ သူ့သမင်အုပ်ထဲက အကြီးတွေပြောသလိုဆိုရင် မကြာခင်ဆို ဆောင်းဝင်တော့မယ်။ ဆောင်းမ၀င်ခင် သမင်အုပ်တွေနဲ့သာ မတွေ့ရင် မှောင်မိုက်တဲ့ ဆောင်းညတွေမှာ သူတစ်ကောင်တည်း ဘယ်လိုရှင်သန်ရမလဲ....

သင်းကွဲသမင်လေး ကီလိဟာ သူ့ရှေ့က ထွက်သွားတဲ့ သူ့သခင်များနဲ့ သမင်အုပ်ရဲ့ လမ်းကြောင်းကို ခြေရာခံပြီးလိုက်ခဲ့တယ်။ ထွက်သွားတဲ့အဖွဲဟာ မြန်လွန်းလို့ သူဘယ်လိုမှ မှီအောင် မလိုက်နိုင်ခဲ့ဘူး။ နောက်ပြီး သူက ခြေထောက်နာနေခဲ့တယ်လေ..။နှစ်ရက်လောက်ကြာတော့ နှင်းတွေက ကျလာပြီ။ အသည်းခိုက်အောင် အေးတဲ့ နှင်းဖတ်တွေက သည်းသည်းမဲမဲ ကျနေတာကြောင့် တုန်ခိုက်အောင် အေးနေခဲ့တယ်။ သူ့ပတ်ဝန်းကျင်ကလည်း မြင်မြင်သမျှ ဖြူဖွေးနေတယ်။ သူခြေရာခံနေတဲ့ သူ့သခင်တွေရဲ့ ခြေရာတွေလည်း နှင်းတွေအောက်မှာ ပျောက်ကွယ်သွားပြီဖြစ်တယ်။ သူ ရပ်ပြီး ဘေးဘီဝဲယာ မျက်လုံးစွေကြည့်လည်း သူ့မိသားစု ရဲ့ အရိပ်အယောင်ဆိုတာ လုံးဝမမြင်ရတော့ဘူး။ သူလမ်းပျောက်ပြီ..။ သူဘာဆက်လုပ်ရမလဲ..။ ကြောက်ရွံအားငယ်စွာ သူအော်ခဲ့တယ်။ ဒါပေမဲ့လည်း ဘာတုန့်ပြန်သံမှ မကြားရတော့ဘူးရယ်...။

သဘာဝအသိကြောင့် ဘယ်လိုပဲဖြစ်ဖြစ် သူရပ်နေလို့ မဖြစ်ဘူး၊ ပုန်းခိုစရာ ရှာရမယ်ဆိုတာ သူတွေးမိလာတယ်။ ဆောင်းတွင်းကို သူတစ်ကောင်တည်း ဘယ်လိုမှ မဖြတ်သန်းနိုင်ဘူးဆိုတဲ့ အတွေးကို ဖျောက်လိုက်ရင်း ရှေ့ကို တလှမ်းချင်းတလှမ်းချင်း ရွေ့လာခဲ့တယ်။

တနေ့ထက်တနေ့ နှင်းတွေက ပိုပိုပြီး သိပ်သည်းစွာကျလာပြီ။ နေ့တွေကလည်း မှောင်သထက်မှောင်လာပြီ။ ကီလိရဲ့ အမွေးလေးတွေကလည်း တောက်ပြောင်တဲ့ အညိုရောင်နုနုကနေ နှင်းရောင်လို ဖြူဆွတ်လို့ နေပါပြီ။ တရက်ပြီးတရက် တနေ့ပြီးတနေ့ ရက်တွေလတွေ ကြာလာခဲ့ပြီ..။ သူလည်း အန္တရယ်အတွေ့အကြုံအမျိုးမျိုးမှာ ဆက်လက်ရှင်သန် ရပ်တည်နိုင်ဖို့ ကြိုးစားနေခဲ့တယ်။ ဆက်လက်လည်း ကြိုးစားဆဲ...။

တကြိမ်မှာတော့ ရှည်လျားပြီး ချောမွေပြောင်လက်နေတဲ့ နှင်းလျှောစောက်ရှည်တစ်ခုပေါ်ကနေ မိသားစုကို လွမ်းဆွတ်စွာ ဘေးပတ်ဝန်းကျင်ကို ငေးကြည့်လိုက်တယ်။ ဟာ.. လူတစ်ချို့ နှင်းလျှောစီးနေကြတာပါလား.။ သူတို့ဟာ သူဘေးကနေ ဖြတ်သွားတာကို ငေးရင်း လူတွေသွားတာ သိပ်မြန်တာပဲလို့ သဘောကျနေမိတယ်။ လူတွေက ခဏလေးနဲ့ တောင်ပေါ်ကိုတက်လိုက် တောင်အောက်ကို ဆင်းလိုက်နဲ့..မြန်လိုက်တာ၊ အရမ်းကို မြန်တာပဲ။
တခါမှာ ကလေးမလေးတစ်ယောက်က နှင်းလျှောစီးရင်း သူ့ဘေးနား ရောက်လာတယ်။ သူ့ကိုမြင်တော့ သူ့ကိုရယ်ပြပြီး အနားထိကပ်လာတယ်။ ပြီးတော့ သူအိပ်ကပ်လေးထဲက အသားညှပ်ပေါင်မုန့်ကို ထုတ်ကျွေးတယ်။ ကီလိက မုန့်ကို ပါးစပ်နဲ့ လှမ်းဟပ်လိုက်တော့ သူမလေးက လက်ကို ဝှေ့ယမ်းလို့ သူဘေးက လျင်မြန်စွာ ထွက်ပြေးပျောက်ကွယ်သွားခဲ့တယ်။

အဲဒီညက ၀ံပုလွေတစ်အုပ်က ၀ိုင်းလိုက်လို့ သူသေပြေးရှင်ပြေး ထွက်ပြေးခဲ့ရတယ်။ သူတို့က နှင်းတွေကို ဖြတ်လို့ သူနောက်က သူမောတဲ့အထိ လိုက်ဖို့ရည်ရွယ်ချက်နဲ့ လိုက်ခဲ့တာပါ။ ဒါပေမဲ့ ကီလိက ဒီဆောင်းတစ်ခုလုံး ပြေးလွှားအသက်ရှင်ခဲ့သူဖြစ်လို့ သူ့ခြေထောက်တွေက သန်မာကြံ့ခိုင်စွာ လျင်မြန်စွာ ပြေးနိုင်ခဲ့တယ်။ နောက်ဆုံးတော့.. သူ့ရဲ့ခြေထောက်တွေက သူ့အသက်ကို ကယ်နိုင်ခဲ့ပါတယ်။ ကီလိက ပျော်ရွှင်စွာ ဆက်လက်ပြေးနေခဲ့တယ်၊ ရွရွလေး ဖွဖွလေး...လေ..။

ဒီလိုနဲ့ တစ်နေ့မှာ သူက တောင်ပေါ်ကနေ တောင်အောက်ကို ငုံကြည့်လိုက်တဲ့အချိန် သူ့မျက်လုံးကို သူမယုံကြည်နိုင်လောက်အောင် ဖြစ်သွားတယ်။ ဟုတ်တယ် အောက်မှာ သူရက်ပေါင်းများစွာ လွမ်းဆွတ်ခဲ့ရတဲ့ သူမိသားစု နဲ့ သူ့သခင်တို့ စခန်းချနေပါတယ်။ သမင်အုပ်က အုပ်စုလိုက် တရွေ့ရွေ့အစာစားရင်း အနားယူနေကြတယ်။ လူတွေကလည်း ဟိုနားတစု ဒီနားတစု တဲကြီးတွေဆောက်နေကြတယ်.။

ကီလိဟာ သူတချိန်ခိုလှုံခဲ့ဖူးတဲ့ သမင်အုပ်ကို ငေးကြည့်နေမိတယ်။ နောက်ပြီးတော့ သူ့နောက်ဖက်က တောင်ကုန်းကို ပြန်လှည့်ကြည့်မိတယ်။ ဆောင်းတွင်းတစ်ခုလုံး ခိုလှုံခဲ့တဲ့ ဒီတောင်ကုန်းမှာ သူဟာ အထီးကျန်စွာ နေခဲ့ရတယ်။ အန္တရယ်လွတ်အောင် သေပြေးရှင်ပြေး ပြေးခဲ့ရတယ်။ အဲဒီလို အသက်ဘေးနဲ့ လုပြေးရတဲ့တစ်ခါကြုံတိုင်း သူတစ်ခါ အားသန်လာခဲ့တယ်။ သူတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံများက သူ့ကို ပိုပြီးစိတ်ဓါတ်ကြံခိုင်စေခဲ့တယ်။ သူ့အတွက် ဘ၀နဲ့ရင်းခဲ့တဲ့ ပြိုင်ပွဲများပါ။

သူသာ သမင်အုပ်ထဲမှာ နေခဲ့ရရင် သက်တောင့်သက်သာနဲ့ လုံခြုံစွာ နေရမှာ အသေအချာပါ။ ဒါပေမဲ့ သူအခု မသွားချင်တော့ပါ။ သူလိုချင်တာ လွတ်လပ်မှုပါ။ မကြာခင် နွေဦးရောက်တော့မယ်။ နွေဦးမှာ လွတ်လပ်စွာ ပျော်နိုင်တော့မယ်။ ဘယ်အန္တရယ်ကိုမှလည်း သူမကြောက်တော့ပါ။ သူ စွန့်စားမှုကို ပျော်ပိုက်သွားပြီ။ တခါတလေ အန္တရယ်နဲ့ ကြုံရနိုင်လည်း တခါတလေ ကြင်နာမှုတချို့တလေကိုတောင် သူရနိုင်သေးတယ်။

ဒီနောက်တော့ စခန်းဘက်ကို သူ ကျောခိုင်းလိုက်ပါတယ်။ သူတဆောင်းခိုလှုံခဲ့၊ ကျင်လည်ခဲ့သော အန္တရယ်ပေါင်းစုံရာဘ၀တွေရှိရာ အရိုင်းတောင်ကုန်းဆီ ..ပြေးလျှောက်ရင်း သင်းကွဲဘ၀ဖြစ်လည်း ရှိပါစေတော့.. ကြုံရာဘ၀တွေမှာ ကြုံသလို သူပျော်အောင် နေတတ်သွားပြီ...။

လသာည.. ဖြစ်ပါတယ်။
မှတ်ချက်..။ ။ English Street Reading, no. 183, lesson-16 Reindeer Winter!!ကို ဘာသာပြန်တာပါ။
Laplander လူမျိုးတွေအကြောင်း အသေးစိတ်က ဒီနေရာမှာ)
Reindeer သမင်တွေအကြောင်း အသေးစိတ်က ဒီနေရာမှာ)

Wednesday, November 18, 2009

ကျေးဇူးတင်ပါတယ်

ရုံးတစ်ရုံးမှာ အလုပ်လုပ်တဲ့ မန်နေဂျာတစ်ယောက်ဟာ အလွန်အလုပ်ကြိုးစားသူဖြစ်ပါတယ်။ အလုပ်ချိန်တိကျသူ၊ ရိုးသားသူ၊ သပ်ရပ်စွာဝတ်ဆင်တတ်ပြီး ဥာဏ်ထက်မြက်သူလည်း ဖြစ်ပါတယ်။ သို့သော် လူယဉ်ကျေးအသိုင်းအ၀ိုင်းမှာ အရေးပါတဲ့ ပညာတစ်ခုကိုတော့ သူမတတ်ပါ။ အဲဒီပညာက ယဉ်ကျေးချိုသာစွာ ပြောဆိုတတ်ခြင်းပဲ ဖြစ်ပါတယ်။

သူဘယ်တော့မှ ချိုချိုသာသာပြောဖို့ စိတ်မကူးတတ်ပါ။ လက်အောက်ငယ်သားများရဲ့ ခံစားချက်စသည်တို့ကိုလည်း ကိုယ်ချင်းစာလေ့မရှိ။ “ဒါလေး လုပ်ပေးမလား”လို့ မပြောတတ်ပဲ.။ “ဒါကို ချက်ချင်းလုပ်ပါ” ဆိုတာမျိုးကိုပဲ သူပြောတတ်ပါတယ်။ တဖက်လူရဲ့ စကားကို နားမလည်တဲ့အခါမျိုးမှာလည်း “နားမလည်လို့ ပြန်ပြောပြပါဦး”လို့ သူမဆိုတတ်ပဲ “ဘာလဲ”ဆိုတဲ့ တုံးတိတိ စကားကိုပဲ သူတုန့်ပြန်တတ်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားမျိုးကတော့ သူ့ဆီက လုံးဝမကြားရတတ်တဲ့ စကားလုံးပါပဲ။ ဒါကြောင့်လည်း သူ့လက်အောက်က အလုပ်သမားမမြဲတတ်ပါဘူး။

သူ့ရဲ့ လက်အောက်ကစာရေး ဒေးဗစ်က မန်နေဂျာနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်လာသူဖြစ်ပါတယ်။ မန်နေဂျာရဲ့ အပြောဆိုးတာကို သည်းညည်းခံရလွန်းလို့ ဒီအလုပ်ကို စိတ်ပျက်နေပြီ။ အလုပ်သမားအားလုံးက မန်နေဂျာကို မကျေနပ်ရင် သူ့ကိုပဲ လာတိုင်ကြတယ်။ ဒါပေမဲ့လည်း ဒေးဗစ်တစ်ယောက် မန်နေဂျာကို ပြန်ပြောဖို့ သတ္တိမရှိပါဘူး.. အဲ.. တစ်ခုသော သောကြာနေ့ ညနေခင်း မရောက်ခင်အထိပေါ့။

ထိုသောကြာနေ့အမှီ အပြီးလိုချင်တယ်လို့ မှာကြားထားတဲ့ မန်နေဂျာရဲ့ အမိန့်အတွက် ရုံးရဲ့စာရင်းရှင်းတမ်းတွေကို နေရာညပါ အိပ်ပျက်ခံလို့ ဒေးဗစ်အများကြီး ကြိုးစားလုပ်ခဲ့တယ်။ နောက်ဆုံးတော့ အလုပ်အားလုံးကို အပြီးသတ်အောင် သူအားထုတ်နိုင်ခဲ့တယ်။ ဒါနဲ့ စိတ်လက်ပေါ့ပါးစွာနဲ့ မန်နေဂျာအခန်းကို သွားပြီး ဖိုင်အားလုံးကို အပ်လိုက်ပါတယ်။ အမှန်အတိုင်းပြောရရင် သူ့အားထုတ်မှုအတွက် မန်နေဂျာဆီမှ တစုံတရာ စကားလေးတစ်ခွန်းတော့ သူရလိမ့်မယ်လို့ မျှော်လင့်မိတယ်။ ဒီအလုပ် ဘယ်လောက်ပင်ပန်းကြောင်း မန်နေဂျာသိတာပဲ။

ဒါပေမဲ့လည်း မန်နေဂျာက ဖိုင်တွေကို မျက်စိစွေကြည့်လိုက်ရုံကလွဲရင် ဘာတစ်ခုမှ မပြောပါဘူး..။ ဒါနဲ့ စာရေးဟာ သူနေရာကို ပြန်ဖို့လှည့်ထွက်လာလိုက်တယ်။ မန်နေဂျာရဲ့ ရုံးခန်းတံခါးနားကို အရောက်မှာ ရုတ်တရက် သူက မန်နေဂျာဘက်ကို လှည့်ရင်း ပြန်မေးလိုက်တယ်။

“ခင်ဗျာ..၊..ဟာ ဆောရီး ဆရာ။ ဘာပြောတာလဲ ခင်ဗျာ”
“ငါ ဘာမှမပြောဘူး”လို့ မန်နေဂျာက တိုပြတ်ပြတ် ပြန်ပြောတယ်။

ဒီတော့ ဒေးဗစ်က “သြော်...ကျွန်တော့်ကို “ကျေးဇူးပဲကွာ”လို့ လှမ်းပြောလိုက်တယ်ထင်လို့ပါ။ အဲဒီစကားလုံးက ကျွန်တော်ကို ဆုချီးမြှင့်သလို ပျော်သွားစေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ဆရာ”

တကယ်တော့ စကားလေးတစ်ခွန်းကို နေရာတစ်ကျ သုံးစွဲလိုက်ရုံလေးနဲ့ တစ်ဖက်လူရဲ့ စိတ်ထား၊ ခံစားချက်ကို ပြောင်းလဲစေတယ် မဟုတ်ပါလား။ စကားပုံတောင် ရှိတယ်။ နှုတ်ချို သျှိတစ်ပါး တဲ့..လသာည ဖြစ်ပါတယ်။
မှတ်ချက်။ ။အခုတလော TOEFL test ဖြေမယ့် ဂျပန်ကောင်မလေးတစ်ယောက်က အကူအညီတောင်းလို့ သူမနဲ့ အတူ Reading English ပုံနှိပ်စာအုပ်တွေကို စာကူ ဖတ်ပေးနေဖြစ်ပါတယ်။ သူ့ကို ဂျပန်လိုရော အင်္ဂလိပ်လိုရော တတ်သရွေ့မှတ်သရွေ့ လျှောက်ဖြီးရင်း ကူဖတ်ပေးတာမျိုးပါ။ (အထင်ကြီးသွားမှာစိုးလို့ အမြန်ရှင်းပြတား) အဲဒီစာအုပ်တွေထဲက တချို့တချို့ဟာ စိတ်ဝင်စားစရာကောင်းနေတာမို့ တခါတရံ ဘာသာပြန်ပြီး တင်မယ်လို့ စိတ်ကူးဖြစ်ပါတယ်။ ဒီအပေါ်ကပို့စ်ကတော့ English Street Reading, no. 183, lesson-5 Thank you!!ကို ဘာသာပြန်တာပါ။ လသာည.. နားလည်သလို ဘာသာပြန်တာဖြစ်လို့ အဆီအငေါ်မတည့်ရင် ခွင့်လွှတ်ပါ။ လာဖတ်တဲ့ သူငယ်ချင်း အားလုံးကို Thank you!!ပါလို့...

Saturday, November 7, 2009

ဌက်ဖြူ

ဇွန်လရဲ့ တစ်ခုသော ည ၈ နာရီမှာ ဖြစ်ပါတယ်။ နေလုံးကြီးလည်း ၀င်သွားပြီဆိုတော့ သစ်တောတစ်ခုလုံး အမှောင်ထဲမှာ တိတ်ဆိတ်နေခဲ့တယ်။ ကလေးမလေးဆစ်ဗီးယားတစ်ယောက်ကတော့ သူမရဲ့နွားမလေးနဲ့အတူ မှောင်နေတဲ့ သစ်တောထဲကို ဖြတ်လို့ အိမ်ကို ပြန်လာခဲ့တယ်။

ဆစ်ဗီးယားတို့ တောအုပ်ထဲကဖြတ်လာစဉ် သိပ်မဝေးလှတဲ့တနေရာက အသံတစ်သံကို ကြားလိုက်မိတာမို့. တောလမ်းမှောင်ရိပ်ထဲမှနေပြီး အသံနားစွင့်လိုက်တယ်။
ဒါ.. လူတစ်ယောက်ရဲ့ အသံပဲ..
ဒါနဲ့ ချက်ချင်းဆစ်ဗီးယားဟာ နွားကို နေရာမှာ ခဏထားခဲ့ပြီး ချုံပုတ်နားမှာ ပုန်းမလို့ လုပ်လိုက်တယ်။ ဒါပေမယ့် သူမနောက်ကျသွားတယ်။ တဖက်က သူမကို မြင်သွားပြီဖြစ်ပါတယ်.။

“ မိန်းကလေး လမ်းမကြီးရောက်ဖို့ ဘယ်လောက်လိုသေးလဲကွ”
ဆစ်ဗီးယားက “လမ်းမကြီးရောက်ဖို့ တော်တော်လှမ်းပါသေးတယ်”လို့ တုန်လှုပ်စွာဖြေလိုက်ပါတယ်။

အရပ်ရှည်ရှည်နဲ့ တစိမ်းလူငယ်ကို သူမ မျက်နှာချင်းဆိုင် မကြည့်ရဲခဲ့ဘူး။ ချုံပုတ်နားက ခွာလို့ သူမရဲ့ နွားဆီပြန်လျှောက်လာခဲ့တော့ သူကပါ သူမဘေးက လိုက်ပါလာပါတယ်။ လူငယ်ရဲ့ ပုခုံးပေါ်မှာ သေနတ်တစ်လက်ကို ထမ်းထားတာကို သူမ လမ်းလျှောက်ရင်း သတိထားမိသွားတယ်။

“ငါက ဌက်ပစ်သမားပါ” လို့ သူက ပြုံးရင်း ပြောလာတယ်။ ပြီးတော့ “ ငါ ..လမ်းမှားမျက်စိလည်ပြီး ရောက်လာတာပါ။ ငါ့ကို မကြောက်ပါနဲ့။ ငါ့မှာ လမ်းပြမိတ်ဆွေလိုနေလို့ပါ။ မင်း ငါ့ကို ကူညီနိုင်မလား”

ဆစ်ဗီးယား က ဘာမှပြန်မဖြေခဲ့ပါ။ ဒီတော့ လူငယ်က ဆက်ပြောတယ်.။
“ ငါ မင်းအိမ်မှာ တစ်ညလောက် တည်းလို့ရမလားဟင်”
ထုံးစအတိုင်း ဆစ်ဗီးယားကတော့ ဘာမှ ပြန်မပြောပါ. လူငယ် ဇွဲမလျှော့ပဲ ဆက်မေးလာပါတယ်။ “မင်းနာမည် ဘယ်သူလဲ”တဲ့။
ဆစ်ဗီးယားဟာ ကြောက်သထက် ကြောက်လာတယ်။ နောက်ဆုံးတော့ အားတင်းပြီး ဖြေလိုက်တယ် တိုးတိုးလေး.. “ဆစ်ဗီးယား”သူမ့အဖွားက အိမ်အ၀င်ကနေ ရပ်စောင့်နေခဲ့တယ်။ လူငယ်က သူ့သေနတ်ကို တံခါးဝမှာ ထောင်လိုက်ပြီး လွယ်လာတဲ့ ကျောပိုးအိပ်ကြီးကို လေးပင်စွာချလိုက်တယ်။ ပြီးတော့ အဖွားဘက်လှည့်လို့ မင်္ဂလာညနေခင်းပါ အဖွားလို့ နှုတ်ဆက်ပြီး သူ့အကြောင်းအခုနကလို့ ပြောပြပါတယ်။ ပြီးတော့ တစ်ညတည်းခွင့်ရှိမရှိပါ မေးတယ်။

“တည်းလို့ရပါတယ်”လို့ အဖွားကဖြေလိုက်တယ်။ “မိန်းလမ်းမကြီးကိုတော့ မင်းဘာသာရှာဖွေရင် ပိုကောင်းပါတယ်။ တည်းတာကတော့ လွတ်လွတ်လပ်လပ်တည်းပါ။ ဆစ်ဗီးယား- ဒီလူကြီးမင်းအတွက် စားပွဲတစ်လုံးစီစဉ်ပေးလိုက်ပါ။”

ဆစ်ဗီးယားက သူ့အဖွားပြောတဲ့အတိုင်း လုပ်ပေးလိုက်တယ်။ သူမ့အဖွားက လူငယ်ကို မကြောက်တာကို မြင်တော့ သူမ့ရဲ့ ကြောက်ရွံမှုလည်း လျော့သွားတယ်။အဖွားက ဆက်ပြောတယ်။ “ဆစ်ဗီးယားက ဒီသစ်တောထဲက အသီးအနှံတွေအကြောင်းကို ကောင်းကောင်းသိသလို ကျေးဌက်လေးတွေ၊ တောရိုင်းတိရစ္ဆာန်လေးတွေအကြောင်းလည်း သိတယ်။ ဌက်လေးတွေဆိုရင် သူမဆီပျံလာပြီး သူမလက်ပေါ်အစာလာစားတာ”

“အိုး ဒါဆို ဆစ်ဗီးယားက ဌက်အားလုံးအကြောင်းကို အကုန်သိတယ်ပေါ့ ဟုတ်လား” လို့ အဖွားကို ပြောရင်း သူမဖက်ပါလှည့်လာတယ်။ “ငါက အခု ဌက်မျိုးစုံကို စုဆောင်းတဲ့သူလေ။ ကလေးဘ၀ကတဲက ဌက်စုဆောင်းလာတာကွ”

အဖွားက “ ဌက်ကို လှောင်အိမ်ထဲ ထည့်မွေးတာလားကွဲ့” လို့ မေးတယ်။
“ဟာ မဟုတ်ပါဘူး။ သူတို့ကို ချက်စားတဲ့သူဆီ ရောင်းတာပါ၊ မကုန်ရင် အခြောက်လှမ်းတာလေ။ ပြီးတော့ ကျွန်တော့်အတွက် ဌက်တစ်မျိုးကို တစ်ကောင်နှုန်း ယူထားတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဒီနေရာကနေ ၃ မိုင်လောက်ဝေးတဲ့နေရာမှာ ဌက်ဖြူတစ်ကောင်တွေ့တယ်။ ဒါနဲ့ နောက်ကနေ လိုက်သွားတာ လုံးဝကို ပေါ်မလာတော့ဘူး။ ဒီနေရာတ၀ိုက်မှာပဲ ရှိမလားမသိဘူး”

လူငယ်က ပြောရင်း ဆစ်ဗီးယားကိုလည်း လှမ်းကြည့်လိုက်ပါတယ်။ ဒီလို ရှားပါးတဲ့ ဌက်ဖြူဟာ ဆစ်ဗီးယားဆီ မလာတတ်ဘူးလားဆိုသည့် အမေးမျှော်လင့်ချက်နဲ့ပါ။

ဆစ်ဗီးယားကတော့ လူငယ်ပြောတဲ့စကားတွေကို ကြားဟန်မပေါ်ပါဘူး။သူမ.. ရင်တွေ ခုန်ပြီးရင်း ခုန်လာခဲ့တယ်။ သိတယ်လေ အဲဒီဌက်ကို..။ လူငယ်က ဌက်အကြောင်း စကားတွေ ဆက်ပြောနေပေမဲ့ သူမကတော့ စိတ်ဝင်စားဟန် မပြဖြစ်တော့ပါဘူး။ သူမဘာသာ အတွေးထဲ နှစ်မြောနေသလိုပါပဲ..။

နောက်တနေ့ရောက်တော့ လူငယ်ဟာ တောအုပ်ကိုသွားပါတယ်။ ဆစ်ဗီးယားက သူ့ဘေးမှာ အတူလိုက်ပါလာခဲ့တယ်။ ဒီနေ့တော့ သူမကို ကြည့်ရတာ လုံးဝကြောက်ရွံပုံ မပေါ်တော့တဲ့အပြင် ဂရုစိုက်ကြင်နာတတ်သူလေး ဖြစ်နေပါတယ်။ သေနတ်တာမပါရင် ဒီထက်ပိုပြီး လူငယ်ကို ခင်ဖြစ်မယ့်ထင်ပါတယ်။ တစ်ခုတော့ သူမနားမလည်ပါဘူး။ သူဟာ ဌက်ကလေးတွေကို ချစ်တတ်ပုံရပြီး ဘာကြောင့်များ ဌက်ကလေးတွေ သေနတ်နဲ့ ပစ်ခတ်ဖမ်းရသလဲဆိုတာ.. သူမစဉ်းစားလို့ မရတော့ပါ။ နေမြင့်လာသည်နှင့်အမျှ သူမ လူငယ်ကိုသဘောကျလာခဲ့တယ်။ သူဟာ တကယ့်ကိုကြင်နာပြီး သဘောကောင်းမယ့် လူကောင်းတစ်ဦးဖြစ်နေတာကို တွေ့ရလို့ပါ။

ရှာနေတဲ့ ဌက်ဖြူအတွက်တော့ သူမစိတ်မကောင်းဖြစ်မိတယ်။ လမ်းခရီးကို လူငယ်က ဦးဆောင်သူဖြစ်ပြီး သူမကတော့ နောက်ကလိုက်ပေးခဲ့တယ်။ ညနေခင်းကို ရောက်တဲ့အထိ ဌက်ဖြူကို မတွေ့တော့ နွားကို ဆွဲလို့ သူတို့နှစ်ယောက်အိမ်ကို အတူတူ ပြန်လာခဲ့ကြတယ်။ လူငယ်က သူမတို့အိမ်မှာ တစ်ညထပ်တည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဆစ်ဗီးယားတို့ရဲ့ အိမ်ကနေမိုင်ဝက်လောက်၊ ဒီဒေသရဲ့ အမြင့်ဆုံးတစ်နေရာ၊ သစ်တောအုပ်ရဲ့ အစွန်မှာ အလွန် ကြီးမားတဲ့ ထင်းရှုးပင်ကြီးတစ်ပင်ရှိပါတယ်။ သူမ အဲဒီ ထင်ရှုးပင်ကြီးအကြောင်းကို စိတ်လှုပ်ရှားစွာ တွေးနေမိတယ်။ တကယ်လို့ အာရုဏ်တက်မှာ အဲဒီသစ်ပင်ပေါ်တက်ပြီးကြည့်ရင် သူမအိမ်ရှိရာ နေရာတ၀ိုက်ကို အထက်စီးကနေမြင်ရတယ်။ ဒါဆိုရင် ဌက်ဖြူကိုလည်း သူမအလွယ်တကူရှာတွေ့နိုင်မယ်။ သူမရဲ့ မိတ်ဆွေသစ်ရဲ့ ပြောစကားအရ ဌက်ဖြူဟာ အာရုဏ်ဦးမှာ အသိုက်ကနေ စောစောထွက်သွားတတ်တယ်လို့ ပြောတာပဲ။ ဌက်ဖြူရှာပုံတော်က ဘယ်လောက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေမလဲ..

နောက်တနေ့ မနက်အစောကြီး နေမထွက်ခင် ဆစ်ဗီးယားဟာ အိမ်ကနေ တစ်ယောက်တည်း တိတ်တဆိတ်ထွက်ခဲ့တယ်။ ပြီးတော့ ထင်းရှုးပင်ကြီးနားရောက်တော့ ၀က်သစ်ချပင်ပေါ်ကတဆင့် ထင်းရှုးပင်ပေါ်တက်ဖို့ဆုံးဖြတ်လိုက်တယ်။ ၀က်သစ်ချပင်ရဲ့ အကိုင်းတွေက ထင်ရှုးပင်အကိုင်းနဲ့ ထိနေတာကို သူမတွေ့ထားလို့ပါ။ ထင်ရှုးပင်ကို ခက်ခက်ခဲခဲ အမြင့်ကြီးထိ တက်ခဲ့တယ်။ အကိုင်းတိုတိုတွေက သူမအင်္ကျီနဲ့ ဆံပင်တွေကို ခဏခဏညိုနေလို့ ဖြုတ်နေရသေးတယ်။

နောက်ဆုံး အမြင့်ဆုံးအကိုင်းပေါ် သူမရောက်တော့ သူမတော်တော်အားလျော့နေပါပြီ။ သစ်ကိုင်းကို ခွလို့ မတ်တပ်ရပ်ရင်း ပင်လယ်ဘက်ကို ငေးမိတယ်။ ဟုတ်တယ်..သစ်တောရဲ့တဖက်မှာ ပင်လယ်ကို လှမ်းမြင်နေရတယ်။ ပင်လယ်ထဲမှာ ထွက်ပေါ်စ နေမင်းကြီးရဲ့ အာရုဏ်ဦး အလင်းရောင်ပြန်ကို တွေ့နေရတယ်။ ပင်လယ်ကတဆင့် တောအုပ်တန်းကြီးတစ်ခုလုံး နောက် အခုသူမတို့နေတဲ့ နေရာလေးအထိ အကုန်လုံးကို အပေါ်စီးကနေ မြင်နေရတယ်။တဖြည်းဖြည်းနဲ့ နေမင်းကြီးက နေရောင်ခြည်အပြည့်အ၀နဲ့တောက်ပစွာ ထွက်ပေါ်လာပါတယ်။ အင်း ဌက်ဖြူရဲ့ အသိုက်က ဘယ်မှာပါလိမ့်..။ သူမ ဂရုတစိုက်သေချာရှာကြည့်လိုက်တော့ နောက်ဆုံးမှာ အဖြူရောင် အစက်အပြောက်ကလေးတစ်ခုကို သွားတွေ့တယ်။ အဖြူစက်ကလေးဟာ မြင့်တက်လာပြီး တဖြည်းဖြည်း သူမနဲ့ နီးလာတယ်။ ပြီးတော့ အဲဒီအရာဟာ ထင်းရှုးပင်ကို ဖြတ်သန်းသွားတယ်။ ရုတ်ချင်းဆိုသလိုပဲ ဌက်ဖြူဟာ သူမတို့ အိမ်ဖက်ဆီကို ပျံသန်းသွားတာကို တွေ့လိုက်ရတယ်။ အခုအချိန်မှာတော့ ဌက်ဖြူရဲ့ လှိုဝှက်ချက်ကို သူမသိလိုက်ပါပြီ။ သူမကျေနပ်စွာ သစ်ပင်အောက်ကိုဆင်းခဲ့တယ်။

သူမအိမ်ပြန်ရောက်တော့ တံခါးဝမှာ အဖွားနဲ့ လူငယ်က “ဘယ်ကိုသွားနေသလဲလို့”မေးလို့ စိတ်ပူစွာ စောင့်နေကြတယ်။ လူငယ်က သူမကို ခင်မင်ဖွယ် ကြင်နာတဲ့ အကြည့်နဲ့ စကားတွေ လာပြောတယ်။ ဒါပေမဲ့ သူမကတော့ ဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး။

ဟုတ်တယ်။ သူမ တိတ်တိတ်နေမှ ဖြစ်မယ်။ ထင်ရှုးပင်ရဲ့ ကိုင်းစိမ်းစိမ်းတွေကြားထဲကနေ သူမအသံတစ်သံကို အခုထိ ကြားယောင်နေတယ်။ နေရောင်အောက်က ဌက်ဖြူက ရွှေရောင်အလင်းတန်းကို ဖြန့်လို့ သူမဆီကို ဘယ်လို ပျံသန်းလာခဲ့တာ၊ နောက်ပြီး သူတို့ အတူတူ ပင်လယ်ကို လှမ်းကြည့်ရင်း နေထွက်တာကို အတူတူကြည့်ခဲ့တာ စတဲ့ သူမနဲ့ ဌက်ဖြူရဲ့ လျိုဝှက်ချက်ကို သူမတသက် ဘယ်သူ့ကိုမှ ပြောဖြစ်တော့မယ် မဟုတ်ပါ။ သူမတသက်စာ ထိန်းသိမ်းသွားတော့မယ် .။

အဲဒီနေ့ ညနေစောင်းမှာပဲ ဧည့်သည်လူငယ်ဟာ စိတ်ပျက်လက်ပျက် ပြန်သွားပါတယ်။ ထွက်ခွာသွားတဲ့ ထိုလူငယ်တစ်ယောက် မြင်ကွင်းက ပျောက်သွားတဲ့အထိ လက်ပြနှုတ်ဆက်နေမိတယ်။ မျက်ရည်တွေက ပါးနှစ်ဖက်မှာ တလိမ့်လိမ့်စီးကျသွားတယ်။ ဒီခွဲခွာခြင်းဟာ သူမဘ၀မှာ ၀မ်းအနည်းဆုံးဖြစ် ကျန်ရစ်တော့မှာပါ။ ထိုလူငယ်ကို ခင်တွယ်မိတဲ့ သူမရဲ့ သံဃောဇဉ်ကို သူမအသိဆုံးပါ။ ဒါပေမဲ့ ဒီတောအုပ်ထဲက တောရိုင်းဌက်ငယ်လေးတွေကို သူမမြတ်နိုးတာလောက်တော့ မမှီနိုင်ပါ။ သူမရှိနေသ၍ သူမဌက်ကလေးတွေ ဘယ်တစ်ကောင်ကိုမှ အနာတရမဖြစ်စေချင်ပါ။

ဘာသာပြန်သူ လသာည.. ဖြစ်ပါတယ်

မူရင်း- A white Heron ( English Reading 1, Lesson 5, Grade -10 Textbook, Japan)

Friday, November 6, 2009

၅-နှစ်သား လူရွှင်တော်

အဲဒီနေ့က အမေက စင်မြင့်ပေါ်မှ သီချင်းဆိုနေတုန်း ရုတ်တရက် အမေ့အသံ အက်ကွဲကွဲဖြစ်သွားခဲ့တယ်။ လမ်းလျှောက်စင်မြင့်ပေါ် လျှောက်လာတဲ့အထိ အသံက မကောင်းလာသေးဘူး။ ဒီတော့ ပရိတ်သတ်တွေ ၀ိုင်းဟားကြတယ်။ ပွဲတစ်ခုလုံးဆူသွားအောင် အော်ဟစ်ကြတယ်။ ဘာတွေအော်ကြသလဲဆိုတာတော့ အသက်၅-နှစ်ပဲရှိသေးတဲ့ ကျွန်တော်နားမလည်ခဲ့ပါဘူး။

ကျွန်တော်နဲ့အတူ ကြည့်နေတဲ့ အမေ့သူငယ်ချင်းက ကျွန်တော့်ကို ချီပြီး စတိတ်ခုံနားကို လူတွေကြားထဲက လျှောက်သွားပါတယ်။ အပေါ်က အစီအစဉ်ကြေငြာသူက ကျွန်တော်ကို လှမ်းခေါ်ပြီး အမေ့ကိုယ်စားဆိုဖို့ ပြောတဲ့အခါ အမေ့သူငယ်ချင်းက ကျွန်တော့်ကို စင်ပေါ်မှာ တစ်ယောက်တည်း တင်ထားပေးခဲ့တယ်။

ဒါနဲ့ ကြောက်ကြောက်နဲ့ပဲ မိုက်ကိုကိုင်လို့ အမေဆိုနေကျသီချင်းကို ကျွန်တော်ဆိုပြလိုက်တယ်။ သီချင်းတစ်ဝက်လောက်ရောက်တော့ အောက်ကပရိတ်သတ်တွေက စင်မြင့်ပေါ်ကို ပိုက်ဆံတွေ လှမ်းကျဲကြပါတယ်။ ဒါနဲ့ ကျွန်တော်က...

“အခု.. ကျွန်တော်သီချင်းဆိုတာရပ်ပြီး ပိုက်ဆံတွေကောက်ရပါလိမ့်မယ်။ ကျွန်တော်ကို ခွင့်ပြုပါခင်ဗျာ..”

ပြောပြီးတော့ တကယ်ပဲ ပိုက်ဆံလိုက်ကောက်တော့ ပရိတ်သတ်က လက်ခုပ်လက်ဝါးတီးလို့ ရယ်ကြပါတယ်။ ကျွန်တော့်စကားမှာ ရယ်စရာပါမပါ ကျွန်တော်မစဉ်းစားတတ်ပေမဲ့ သူတို့ရယ်တော့ ကျွန်တော်ပျော်သွားတယ်။

ကျဲထားတဲ့ ပိုက်ဆံတွေကများတော့ ကျွန်တော်တစ်ယောက်တည်း ကောက်မနိုင်မှာစိုးလို့ဆိုပြီး အစီအစဉ်ကြေငြာတဲ့ ဦးဦးက လက်ကိုင်ပုဝါလေးတစ်ထည်လာပေးပြီး အတူကောက်ပေးပါတယ်။ ကျွန်တော်က အဲဒီဦးဦးက ကျွန်တော့ပိုက်ဆံတွေကို ကောက်ပြီး မပေးပဲယူသွားမှာစိုးလို့ သူလက်ကိုလိုက်ကြည့်နေလိုက်တော့ ပရိတ်သတ်က ရယ်ကြပြန်ရောဗျ...

ကျွန်တော်ကတော့ ဇွဲမလျှော့ပဲ အဲဒီပိုက်ဆံတွေကို ကျွန်တော့်အမေလက်ထဲ သွားမအပ်မချင်း သူ့ကိုပဲလိုက်ကြည့်ပြီး သီချင်းဆက်မဆိုပဲနေခဲ့ပါတယ်။ အဲဒါကိုပဲ ပရိတ်သတ်ကလည်း တ၀ါးဝါးပွဲကျနေခဲ့ပါတယ်။

အဲင်္ဒိနေ့က ကျွန်တော်သီချင်းတွေအများကြီးဆိုခဲ့တယ်။ အမေဆိုနေကျသီချင်းတွေရော၊ တခြားနာမည်ကြီးအဆိုတော်တွေရဲ့သီချင်းတွေကိုပါ အမူအရာတုပြီး ဆိုတတ်သလောက် ဆိုပြခဲ့ပါတယ်။ သူတို့လည်း ပျော်ကြတယ်၊ ကျွန်တော်လည်းပျော်တယ်။ အမေလည်း ပျော်လို့...။ တကယ်တော့ အဲဒီနေ့ဟာ ကျွန်တော်စတိတ်ပေါ်စတက်ခဲ့တဲ့နေ့ ဖြစ်ပြီး အမေကစင်ပေါ်ကအပြီးဆင်းခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။

မူရင်း - Charlie chaplin၏ My Autobiography မှ

ဘာသာပြန်- လသာည ဖြစ်ပါတယ်..

Sunday, November 1, 2009

ဘယ်သူဆုံးဖြတ်မလဲ

“အငယ်မ. သွားအိပ်တော့မလား မအိပ်သေးဘူးလား”
“ဟင် ဘာလုပ်ရမလဲ မမကြီး။ အိပ်ရမလား”
“ဟဲ့ ငါမေးနေတာ နင်ဘာလုပ်မှာလဲလို့။ ”
“ဟို .. သမီးက မမကြီး ဘာလုပ်စေချင်သလဲလို့ မေး...”
“တော်စမ်းဟာ။ ကဲ သွားအိပ်တော့ သွားအိပ်တော့။ အိပ်တဲ့ကိစ္စလေးတောင် ငါ့ပြန်မေးနေတယ်။ အိပ်ရင်အိပ်မယ် မအိပ်ရင်မအိပ်ဘူး၊ အဖြေတစ်ခုပဲပြောတာမဟုတ်ဘူး။ ”
“ဟုတ်ကဲ့”
“ဘာဟုတ်ကဲ့လဲ၊ အသက်က မငယ်တော့ဘူး။ ကိုယ့်ဘာသာဆုံးဖြတ်တတ်အောင်လုပ်ပါ။ အိမ်ကိစ္စလည်းငါဆုံးဖြတ်ရတယ်။ ညည်းကိစ္စလည်း ငါဆုံးဖြတ်ရမယ်ဆို လူကြားလို့ မကောင်းဘူး၊ ငါသာဆိုဘာပဲလုပ်လုပ် ကိုယ့်ဘာသာဆုံးဖြတ်ပြီးတော့ လုပ်တာပဲ။ အသေအချာစဉ်းစားပြီးမှ လုပ်တာဆိုတော့ ငါလုပ်လို့ မှားတောင် ငါတာဝန်ယူရဲတယ်။ ညည်း.. ကျပ်ကျပ်ဂရုစိုက်၊ အစစအရာရာ ငါ့ကိုဆုံးဖြတ်ခိုင်းပြီး မှားရင် ငါ့တာဝန်ဖြစ်အောင် မလုပ်နဲ့”
“မလုပ်ပါဘူး”
“တော်တော့ မပြောနဲ့တော့။ သွားအိပ်တော့ ရပြီ”

ခေါင်းငုံလို့ သူမရှေ့ကထွက်ခွာသွားတဲ့ အငယ်မကို ကြည့်ရင်း သူမ သက်ပြင်းချလိုက်မိတယ်။ သူမနဲ့ အငယ်မက ၁၀နှစ်ကွာတယ်။ သူမအဖော်ရအောင်လို့တဲ့ အမေက အသက် ၅၀ကျမှ နောက်ထပ်ကလေးယူတာလေ။ သူမနဲ့ အငယ်မက ညီအစ်မအရင်းပေမဲ့ စိတ်ဓါတ်ချင်းက လုံးဝမတူပါဘူး။ သူမက အရာရာကို စနစ်တကျစဉ်းစားတွေးခေါ်ပြီးမှ လုပ်တတ်တယ်။ ဘာကိုမဆို ဆုံးဖြတ်ချက်ပြတ်တယ်။ သူမကတော့ အခု အသက် ၁၈ ကျော်တဲ့အထိ ကလေးလိုပဲ နေတုန်းလေ။ အရာရာကို သူသဘောနဲ့သူကို မလုပ်တတ်ဘူး။

အိမ်ကိစ္စတစ်ခုခုပြောလိုက်ရင် မမကြီးသဘောလေ၊ သမီးမသိဘူး၊မမကြီးလုပ်ပါလို့ ပြန်ပြောတာချည်းပဲ။ စီးပွားရေးကိစ္စဆိုလည်း ဘာမှတိုင်ပင်လို့မရဘူး။ အမြဲနောက်လိုက်လုပ်တတ်တယ်။ ယုတ်စွအဆုံး သူ့အ၀တ်အစားဝယ်တာကအစ မမကြီးဝယ်ပေးပါတဲ့။ ၀ယ်လာလို့ မကြိုက်ရင် ရှေ့မှာသာ အင်းအင်းနဲ့ ကွယ်ရာမှာ ပွစိပွစိလုပ်သေးတာ။ အခုလောက်ဆို သူ့အခန်းထဲမှာ သူ့ကိုဆူလို့ ပွစိပွစိလုပ်နေရောပေါ့..ဟွန်း..

အကြီးဖြစ်တဲ့သူမက ငယ်ငယ်လေးကတဲက စာကိုတအားကြိုးစားခဲ့တယ်။ စာဆိုရင် ပထမရမှ ကျေနပ်တတ်သူ။ အလုပ်ဆိုရင်လည်း သူများထက်သာမှ။ သာနေအောင်လည်း ကြိုးစားတတ်သူဆိုတော့ အခုသူမတို့မြို့မှာဆို သူမတို့ပွဲရုံဟာ နာမည်အကြီးဆုံး အအောင်မြင်ဆုံးပဲ။ အငယ်မကတော့ အငယ်ပီပီ စာကလွဲလို့သိပ်မစိတ်မ၀င်စားသလိုပဲ မိဘတွေနားပဲ ကပ်ချွဲနေတတ်တာ.. ။ မိဘဆိုမှ မေမေနဲ့ ဖေဖေ ကားအက်ဆီးဒင့်နဲ့ ဆုံးပါသွားတာ နောက်လဆို ၃နှစ်ပြည့်တော့မှာပါလား။ ဆွမ်းကျွေးလေးတော့ သေသေချာချာစီစဉ်ဦးမှပါ။ ဘယ်ဘုန်းကြီးကျောင်းမှာ လုပ်ရမလဲ အငယ်မကိုမေးရင်ကောင်းမလား။ အင်း မမကြီးသဘောလို့ပဲ ပြောဦးမှာ သေချာတယ်။ ဘာမှကိုတိုင်ပင်လို့မရပါဘူး..။

အတွေးနဲ့ အငယ်မအိပ်ခန်းနားရောက်လာတော့ အထဲက စကားသံတချို့ကြားတာမိုလို့ နားစွင့်လိုက်ပါတယ်။
“ဟွန်း.. မမကြီး.. သမီးကိုဆူတယ်။ သမီးမှာဖြင့် သူ့စိတ်ကြိုက်ဖြစ်ပါစေတော့လို့ ဘာဖြစ်ဖြစ်သူ့သဘောလို့ သူ့ကိုဦးစားပေးပြောတာကို ကိုယ်ဘာကိုယ် မဆုံးဖြတ်လို့တဲ့ လာဆူတယ်။ အကြီးဆိုပြီး အနိုင်ကျင့်တာ.. သွား ချစ်ကို မချစ်ဘူး..၀ုန်း”

စကားပြောသံအဆုံးမှာ ၀ုန်းကနဲ့ အသံမြည်သွားတာမို့ တံခါးပေါက်အသာဟပြီး ချောင်းကြည့်လိုက်ပါတယ်။ အ..လားလား.. အငယ်မက သူမ၀ယ်ပေးထားတဲ့ ၀က်ဝံရုပ်ကို ကြမ်းပြင်ပေါ်ကိုင်ပေါက်ပြီး စကားပြောနေတာကိုး။

“မမကြီး သိလား..။ သမီးရှိလို့ မမကြီးက အကြီးရာထူးရနေတာ။ သမီးကိုသာ မွေးမလာရင် မမကြီးက တစ်ကောင်ကြွက်ဖြစ်မှာ သိလား”
နားထောင်ရင်း သူမပြုံးချင်မိသွားပါတယ်။ သူရှိလို့ အကြီးရာထူးရနေတာဆိုပဲ ..တော်တော်ကောင်းတဲ့ ရာထူးကြီး...။

“ မမကြီး မှားလည်း သမီးက ခေါင်းညိတ်ပေးတာ မမကြီး စိတ်ညစ်မှာစိုးလို့။ ဒါများ သူက ဘယ်တော့မှ မမှားဘူးလို့ယုံနေတယ်။ ဘ၀င်မြင့်နေတာ။ မမကြီး ဒေါ်ဘ၀င်..။ သွားဆို သွား”

ဒီစကားအဆုံးမှာတော့ သူမ သည်းမခံနိုင်တော့သလို တံခါးကို လှပ်လိုက်ပါတယ်။ အငယ်မက သူမကို ကျောခိုင်းပြီး စကားဆက်ပြောနေတာဆိုတော့ တံခါးပေါက်မှာ သူမရပ်လာတာကို သိပုံမရဘူး။ ဒေါသနဲ့ မာန်မလို့ ပါးစပ်ဟန်ပြင်လိုက်စဉ်မှာပဲ အငယ်မဆီမှ ငိုသံထွက်လာတာကြောင့် မပြောသေးပဲ ဒေါသကို မြိုသိပ်လို့ နေရာမှ ဆက်ရပ်လိုက်နေလိုက်မိတယ်။

“အီး...ဟီး မမကြီးရယ် သမီးမှာ မမကြီးကလွဲလို့ မမကြီးလို့ ခေါ်စရာမရှိပါဘူး။ မမကြီး ဘာပြောပြော မမကြီး သမီးကို ချစ်တယ်ဆိုတာ သမီးသိပါတယ်။ သမီးအတွက် အမြဲစိုးရိမ်ပေးတယ်ဆိုတာ သမီးသိပါတယ်။ သမီးကို ဆူတာ သမီးအတွက်ဆိုတာ သမီးသိပါတယ်။ မေမေရေ.. အီးဟီး ဖေဖေရေ.. သမီးကို “မမကြီးက သမီးငယ်ကို အရမ်းချစ်တာ”လို့ လာပြောပါဦး။ သမီးကို မမကြီးက ချစ်တော့ချစ်တယ်မို့လားဟင်”

“အင်း.. ချစ်ပါတယ်။ မမကြီးက သမီးငယ်ကို ချစ်ပါတယ်ကွယ်”

နားထောင်ရင်း ရင်ထဲမှာ စိတ်မကောင်းဖြစ်သွားတဲ့အတွက် အငယ်မအနားကို ရောက်လာပြီး အငယ်မကို ဖက်လို့ မျက်တောင်ဖျားမှာ ၀ဲလာတဲ့ မျက်ရည်ကို မျက်တောင်တဖျက်ဖျက်ခတ်သိမ်းရင်း ၀င်ပြောလိုက်တာဖြစ်ပါတယ်။

“ကဲကဲ မငိုနဲ့တော့ တိတ်တိတ်”
“ဟုတ်ကဲ့..”
“အခုပြောစရာရှိလို့၊ နောက်လကို မမကြီးတို့ ဖေဖေနဲ့ မေမေအတွက် ဆွမ်းကျွေးလေးလုပ်ချင်တာ ဘယ်ကျောင်းကို လုပ်ရင်ကောင်းမလဲ”
“ဟင်..မမကြီး ဘယ်ကျောင်းကြိုက်လဲ..ရွေးလေ”

သူမထင်တဲ့အတိုင်းပါပဲ. မမကြီးပဲ ရွေးလို့ပြောတာပါပဲ။ ဒါပေမဲ့ အခုနက သူပြောရှာသားပဲ သူ့စိတ်ကြိုက်ဖြစ်စေချင်လို့ဆိုတာ။ ဒါတော့ ရှိစေတော့..။

“ကဲ ဒါဆိုရင် မြင်သာဘုန်းကြီးကျောင်းပဲ ရွေးကြတာပေါ့”
“ဟုတ်ကဲ့”

“ကုသိုလ်က မုန်ဟင်းခါးလုပ်ရရင်ကောင်းမလား အုန်းနို့ခေါက်ဆွဲံ ကျွေးရင်ကောင်းမလား (ပြောရင်း အငယ်မမျက်နှာ လှမ်းကြည့်လိုက်ရင်း ယတိပြတ်သက်ပြင်းချပုံနဲ့) အုန်းနို့ခေါက်ဆွဲပဲ လုပ်မယ်။ အဲဒီနေ့ဝတ်မယ့် အ၀တ်အစားအတွက်တော့ ကိုယ့်စိတ်ကြိုက်ကို ကိုယ့်ဘာသာရွေးဝယ် ဒါပဲ”

“ဟင်.. မမကြီးကလည်း သမီးက ရွေးမှ မရွေးတတ်တာ။ အမြဲ မမကြီးပဲ ၀ယ်ပေးနေကြကို။ သမီးဝယ်ရင် ဈေးများတာနဲ့ အရောင်ကလည်း လိုက်အောင်မရွေးတတ်ဘူး”
“ကဲ ပြီးရောပြီးရော မချော။ ကျွန်မပဲ အားလုံးစီစဉ်လိုက်ပါ့မယ်နော်။ စိတ်အေးလက်အေးသာ အိပ်ပါတော့”

သူမပြောပြီးတော့ အငယ်မအခန်းထဲက ထွက်ခဲ့လိုက်ပါတယ်။ ခေါင်းထဲမှာလည်း မနက်ဖြန်အလုပ်က အပြန် အငယ်မနဲ့ သူမအတွက် အ၀တ်အစား ၀င်ဝယ်ဖို့ အစီအစဉ်ဆွဲနေလိုက်ပါတယ်။

အငယ်မအခန်းကတော့ တိတ်ဆိတ်စွာကျန်ရစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူမသာ နောက်တစ်ခေါက် ပြန်ကြည့်ရင် အငယ်မတစ်ယောက်ဝက်ဝံရုပ်ကို ဖက်လို့ အောင်နိုင်ပြုံးနဲ့ တစ်ယောက်တည်း ရယ်ရင်း ပြောနေတဲ့ စကားတစ်ခွန်းကို ကြားရမှာပါ။

“သမီးကလည်း မမကြီးရဲ့ ညီမပဲလေ အသေအချာစဉ်းစားပြီးမှ အလွတ်ကျက်ပြောတာ ဟာဟား”

အငယ်မတစ်ယောက် အခုနက မမကြီးတံခါးဝရောက်လာတာကို မှန်ကနေတဆင့်မြင်နိုင်အောင် ကြိုတင်ထောင်ထားတဲ့ မှန်မှတဆင့် သူမတံခါးဝရောက်လာတာကို မြင်လိုက်ပြီး စကားလုံးအကွက်ဆင်လို့ ငိုပြလိုက်တာဖြစ်ပါတယ်။

ခဏနေတော့ အပူပင်မဲ့ အိပ်ပျော်သွားပြီဖြစ်တဲ့ အငယ်မတစ်ယောက်“မမကြီးကို အရမ်းချစ်တယ်”လို့ ဆက်လက်တီးတိုး ယောင်ယမ်းနေလေရဲ့..။

...........................................................................................

လသာည.. ခံစားရေးသည်။

Friday, October 30, 2009

အမြဲ..တမ်း အမြဲတမ်း

အဲလ်ဖီအကြောင်း ပြောပြချင်တာ နားထောင်မလားဟင်။ အဲလ်ဖီက ဟောဒီကမ္ဘာကြီးမှာ ချစ်စရာအကောင်းဆုံး ခွေးလေးပေါ့။

ကျွန်တော်ကို မွေးတုန်းက အဲလ်ဖီလည်း ခွေးပေါက်လေးအဖြစ် အိမ်ကို ရောက်လာခဲ့ပြီး ကျွန်တော်နဲ့ အတူတူ ကြီးပြင်းလာခဲ့တယ်။ ဒါပေမဲ့ အဲလ်ဖီက ကျွန်တော်ထက် ပိုထွားမြန်တယ်။ ကျွန်တော်က သူဘေးမှာနေပြီး နွေးနေတဲ့ သူဗိုက်ကို ခေါင်းအုံးအမှတ်နဲ့ အိပ်ရာတာကို ပျော်တယ်။ ပြီးရင် အတူတူအိပ်ပျော်သွားလေ့ရှိတယ်။ အိပ်မက်ထဲတောင် ကျွန်တော်တို့နှစ်ယောက်က အတူတူပဲ။
ကျွန်တော့်အစ်ကိုနဲ့ အစ်မကလည်း အဲလ်ဖ် ကို အရမ်းချစ်တယ်ဗျ။ ဒါပေမဲ့ အဲလ်ဖီက သူတို့အဲလ်ဖီမဟုတ်ဘူး။ ကျွန်တော့ရဲ့အဲလ်ဖီ ပဲ..လေ။
အဲလ်ဖီ နဲ့ ကျွန်တော်က နေ့ရောညရော မခွဲဘူး အမြဲတူတူကစားလေ့ရှိတယ်။
အဲလ်ဖီ ကလေ ရှဉ်လေးတွေကို လိုက်တမ်းကစားရတာကို သိပ်ပျော်ပုံရတယ်။ နောက်ပြီး မေမေ့ရဲ့ ပန်းခင်းကို သူ့ခြေထောက်တွေနဲ့ယက်ရတာကို သဘောကျသူဗျ။

အဲလိုလုပ်တတ်လို့ အိမ်သားအားလုံးက သူ့ကိုဆူကြတယ်။ ဆူပေမဲ့ သူတို့အားလုံး အဲလ်ဖီကိုချစ်ကြတယ်။ သူတို့ကလေ အဲလ်ဖီ ကို ချစ်ရဲ့သားနဲ့ ချစ်တယ်လို့ သိပ်မပြောကြဘူး။ ချစ်ရင်လည်း ချစ်တယ်လို့ ပြောလို့ရရဲ့သားနဲ့ ဘယ်သူမှ အဲလ်ဖီကို အရေးလုပ်မပြောကြဘူး။ သူတို့ပြောရင် ကျွန်တော့်အဲလ်ဖီ က ပြန်မပြောလည်း နားလည်တယ်လို့ ထင်ပါတယ်။

ဒီလိုနဲ့ ကျွန်တော်အရပ်က တဖြည်းဖြည်းရှည်လာချိန်မှာ သူကပို ၀ ၀လာတယ်။ နောက်ပြီး သူက အသက်ကြီးလာလို့ထင်တယ် အိပ်တဲ့အချိန်က ပိုများလာတယ်။ လမ်းလျှောက်လည်း မထွက်ချင်သလိုပဲ ဖြစ်လာတယ်။ ကျွန်တော်က သူနေမကောင်းမှာကို စိတ်ပူမိတယ်။

ကျွန်တော်တို့က သူ့ကို တိရစ္ဆာန်ဆရာဝန်ဆီ သွားပြတော့ အဲလ်ဖီကအသက်ကြီးလို့ နေမကောင်းတာမိုလို့ ကုစရာဆေးက မရှိဘူးတဲ့။

“အဲလ်ဖီ က အသက်ကြီးပြီ ကလေးရယ်”တဲ့ ဆရာဝန်ဦးဦးက ပြောတယ်။ ကျွန်တော်စိတ်မကောင်းဘူးဗျာ.။

သိပ်မကြာခင်မှာပဲ အဲလ်ဖီက လှေကားထစ်ကလေးတွေကိုတောင် မတက်နိုင်တော့ဘူး။ အဲလ်ဖီက နေမကောင်းပေမဲ့ ကျွန်တော့်အိပ်ခန်းထဲမှာပဲ လာအိပ်ပေးပါတယ်။ ကျွန်တော်က အိစက်တဲ့ခေါင်းအုံးလေးတွေ ခင်းပေးပြီး အိပ်ခါနီးတိုင်း သူ့ကို ပြောဖြစ်တယ်။

“ အဲလ်ဖီ .. ငါလေ မင်းကို အမြဲ..တမ်း အမြဲတမ်းချစ်နေမှာနော်”

ကျွန်တော်ပြောတာကို အဲလ်ဖီက သေသေချာချာ နားလည်နေသလိုပဲ။တနေ့မနက်အစောကြီးမှာတော့ အိပ်ရာကနိုးနိုးချင်း အဲလ်ဖီကို ကြည့်လိုက်တော့ အဲလ်ဖီက သေနေတာကို တွေ့ရတယ်. ။ ကျွန်တော်တို့အိပ်ပျော်နေတုန်း သူသေသွားတာပါ။

ကျွန်တော်တို့အားလုံးက သူ့ကိုပန်းခြံထဲမှာပဲ မြေတူးပြီး မြုပ်လိုက်တယ်။ အားလုံးငိုရင်း အဲလ်ဖီကို ဖြေဖို့လိုက်ကြတယ်။

သူတို့ဗျာ..အစ်ကိုနဲ့အစ်မပေါ့ အဲလ်ဖီကို ချစ်ရဲ့သားနဲ့ ချစ်တယ်လို့ မပြောလိုက်ကြဘူး။ အခု သူတို့ဝမ်းနည်းနေကြတယ်။ ကျွန်တော်လည်း ၀မ်းနည်းနေပေမဲ့ ကျေနပ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နေ့တိုင်း “အဲလ်ဖီ၊ ငါ မင်းကို အမြဲ..တမ်း အမြဲတမ်း ချစ်နေမှာနော်”လို့ ကျွန်တော့်ရင်ထဲမှာ ရှိတာကို ပြောဖြစ်တယ်လေ။

အိမ်နားက ကောင်မလေးက ကျွန်တော့်ကို ခွေးပေါက်စလေးတစ်ကောင်ပေးမယ်လို့ ပြောတယ်။ တကယ်တော့ အဲလ်ဖီက ကျွန်တော်ကတခြားခွေးတစ်ကောင်ကို ချစ်လည်း ခွင့်လွှတ်မယ့်သူပါ။ ဒါပေမဲ့ ကျွန်တော်က ခွေးပေါက်စလေးကို မယူပဲ “နေပါစေ”လို့ ပြောလိုက်တယ်။ ပြီးတော့ အဲလ်ဖီအိပ်ရာခြင်းတောင်းလေးကို ပေးလိုက်တယ်။ ကျွန်တော့်ထက်စာရင် အဲဒီကောင်မလေးရဲ့ ခွေးပေါက်စလေးတွေအတွက် အရေးကြီးတယ်မို့လား။

နောင်တချိန် ကျွန်တော်ကြီးလာရင် တခြားတိရစ္တာန်လေးတွေ မွေးချင်မွေးဦးမှာပါ။ အဲဒီအခါကျရင်လည်း သူတို့တွေကို ကျွန်တော်ချစ်ရင် ချစ်တယ်လို့ ကျွန်တော်က ပြောဦးမှာပဲ။

“ငါ မင်းကို အမြဲ..တမ်း၊ အမြဲတမ်းချစ်နေမှာနော်”လို့..။ သူတို့တွေနဲ့မခွဲခွာခင် ကျွန်တော်ချစ်တာကို သိသွားစေချင်တယ်...

တကယ်တော့ ကျွန်တော်တို့တွေက အမြဲတမ်း ကိုယ့်အနားကရှိနေသူတွေကို သိပ်ပြီးဂရုမစိုက်ကြဘူး။ ချစ်တယ်လို့ သိပ်မပြောကြဘူး။ ရင်ထဲကနေပြောကြည့်စမ်းပါ “ချစ်တယ်”လို့လေ။ ကြားရသူတိုင်း အရမ်းကို နွေးထွေးကြည်နှုးဖွယ်ရာ စကားလေးနှစ်လုံးပါ။ အခုတော့ ဝေးသွားမှ၊ သေသွားမှ၊ ၀မ်းနည်းစိတ်မကောင်းဖြစ်ကြတယ်။ အဲဒီအချိန်ကျ ဒီစကားတွေက ပြောဖို့ အချိန်နှောင်းနေပြီမို့လား.............

အခုလည်း တို့တတွေဟာ တိုက်ဆိုင်စွာ ဒီအချိန်ဒီနေရာမှာ လာတွေ့ကြတယ်နော်။ အကြောင်းအမျိုးမျိုးနဲ့ တချိန်ချိန်မှာ မဖြစ်မနေ ခွဲခွာကြရဦးမယ်.. ။ မခွဲခွာခင် ပြောခွင့်ပေးပါ.. သူငယ်ချင်း.။

“လသာညရဲ့ သူငယ်ချင်းအားလုံးဟာ လသာညအတွက်တော့ အရေးပါသူတွေချည်းပါ. အားလုံးကို အမြဲချစ်ခင်လေးစားပါတယ်” လို့.....

လသာည ဖြစ်ပါတယ်။
မှတ်ချက်။ ။ ဂျပန်နိုင်ငံက မူလတန်းကျောင်းသုံးစာအုပ် ပထမတန်းက ずうっと、ずっと、だいすきだよ!ကို ဘာသာပြန်တာဖြစ်ပါတယ်။

Sunday, October 25, 2009

မစ္စခိန

အားလပ်ရက်မှာ မိုးအေးအေးနဲ့ ဇိမ်နဲ့ ဖတ်လို့ရအောင် ဘာသာပြန်စုံထောက်ဝတ္တုရှည်ရှည်လေးကို တင်လိုက်တယ်။ (ဟိ ရှည်ရှည်မကြိုက်တဲ့ သူငယ်ချင်းလေးများ ဆောတီး နော် ဒီတခါခွေးလွှတ်ပါ။ .. :D)

ဒီပို့စ်ကတော့ တကယ်က အသစ်မဟုတ်ပါဘူး။ လသာည ဆိုတဲ့ဒီဘလော့ကို စဖွင့်ဖွင့်ချင်းတုန်းက မြန်မာစာ မရိုက်တတ်သေးလို့ လက်ညိုးနဲ့ စာလုံးတစ်လုံးချင်းရိုက်လို့ ရေးခဲ့တဲ့ ပထမဆုံးဘာသာပြန်ပို့စ်ပါ။ ဂျပန်စာလည်း မကျွမ်းသေးတော့ အဘိဓါတ်စာအုပ်နဲ့ ၅ရက်ဆက်တိုက် ဘာသာပြန်ခဲ့ရတယ်။ အဲဒီတုန်းက ကိုယ့်ရဲ့ အားစိုက်ဘာသာပြန်မှုလေးကို အားပေးလက်ခုပ်တီးခဲ့သူစာဖတ်ပရိတ်သတ်က ၃-ယောက်ကြီးများတောင် ရှိခဲ့တယ်။ (နာမည်ပြောတော့ဘူး.. သက်ဆိုင်ရာသူတွေက သိပြီးသားဆိုတော့.. :D)။ အဟား....၀တ္တုကြော်ငြာဝင်တာ များသွားပြီ အရင်တုန်းက အကြောင်းတွေကို ပြန်လွမ်းမိလို့ပါ။

အပိုင်းခွဲမတင်ချင်လို့ အကုန်တင်လိုက်တော့ နည်းနည်းတော့ ရှည်သွားတယ်။ တကယ်ဆောရီးနော်။ အချိန်မရရင် နောင်အေးအေးဆေးဆေး ရှိမှ လာဖတ် သိလား။ ရတယ်.. အခု ကော်ဖီသောက်သွား.... :D

အပိုင်း(၁)

တနေ့မှာ ပရော်ဖဆာတစ်ယောက်သည် ကျောင်းသင်င်္ခန်းစာကို စိတ်ပါလက်ပါ သင်ကြားနေရင်းမှ မိမိရဲ့အတန်းသားများကို ဂရုစိုက်ကြည့်လိုက်တယ်။ သူကသာ စိတ်ပါလက်ပါ သင်ကြားနေတာ ကျောင်းသားတွေကတော့ စကားပြောတဲ့သူကပြော၊ အိပ်တဲ့သူကအိပ်၊ မုန့်စားတဲ့သူကစား၊ ဆော့တဲ့သူကဆော့နေကြလို့ပါလား.. သူ ခေါင်းကို ခါရမ်းလိုက်တယ်။ “ဒီပုံစံအတိုင်းသာဆိုရင် လူတွေရဲ့အနာဂတ်ဟာ မလွယ်ပါလား၊”

နောက်များမကြာခင်နေ့တနေ့မှာပဲ မြို့ ကြီးတစ်မြို့  ရဲ့ မြို့ လယ်ခေါင်က ရုပ်ရှင်ရုံကြီးတစ်ရုံရှေ့  မှာ လူတစ်ယောက်သည် လမ်းလျှောက်နေရင်းမှ အင်္ကျီကို အလိုလိုမီးစွဲလောင်ပြီး လဲကျသွားတယ်။ ရုပ်တရက်အဖြစ်အပျက်ကြောင့် ပတ်ဝန်းကျင်မှ လမ်းသွားလမ်းလာများသည် အံအားသင့် ငေးကြောင်ကြည့်နေစဉ်မှာပဲ ထိုသူသည် ကြီးမားတဲ့ မီးတောက်ထဲမှာ “ကယ်ကြပါ၊ ကယ်ကြပါ”လို့ ကြောက်လန့်တကြား အော်ဟစ်ရင်း သုံးမိနစ်အတွင်း သေဆုံးသွားခဲ့ပါတယ်။ မမျှော်လင့်သော အဖြစ်အပျက်ကြောင့် လူများအံအားသင့်သွားကြတယ်။

ပရော်ဖက်ဆာလည်း သွားကြည့်လိုက်တယ်။ လမ်းသွားလမ်းလာ ပတ်ဝန်းကျင်ကို ကြည့်ရင်း မမျှော်လင့်တဲ့ အဖြစ်အပျက်ကြောင့် လူတွေအနည်းငယ်တုန်လှုပ်သွားကြရှာမှာပဲလို့ သူတွေးတောနေမိတယ်။

ဒါပေမဲ့ နောက်တစ်ပတ်ခန့်ကြာပြီးနောက် ၎င်းမြို့ မှ လူ၃၀၄ယောက်သည် အလိုလိုပျောက်ဆုံးသွားခဲ့ပါတယ်။ သက်ဆိုင်ရာ မိသားစုများမှာ နည်းမျိုးစုံဖြင့် ရှာဖွေပါသော်လည်း သတင်းအစအနမှ မရခဲ့ကြပါ။ မြို့ ၏ သက်ဆိုင်ရာအာဏာပိုင်များ၊ ရဲစုံထောက်များမှာလည်း ခရီးသွားကုမဏီများ၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး နှင့်စုံစမ်းရေး အဖွဲ့အစည်းများ၏ အကူအညီဖြင့် လူ၃၀၄ယောက်ရဲ့ သတင်းကို ပိုက်စိတ်တိုက် ရှာဖွေနေခဲ့ကြတယ်။ ဒီလိုနဲ့ပဲ ၂ ရက်တိတိ ကြာသွားခဲ့တယ်။ လူ၃၀၄ ယောက်ကိုတော့ သတင်းအစအနပျောက်လို့ ရှာမတွေ့ခဲ့ဘူး။
“လူ ၃၀၄ ယောက်ဘယ်ကို ရောက်သွားတာလဲ”

အပိုင်း (၂)
စုံထောက်ကျော် မစ္စခိနဖြစ်ပါတယ်။ သူမက ရုပ်ရှင်ရုံတစ်ရုံထဲမှာ ဒီတစ်ပတ်ပြသခဲ့သော ရုပ်ရှင်ကားတွေကို တစ်ကားပြီး တစ်ကားထိုင်ကြည့်နေခဲ့တယ်။

“အင်း..ဒီတစ်ပတ်ပြသခဲ့သော ရုပ်ရှင်ကားတွေထဲက အက်ရှင်ကားကနှစ်ကား၊ အိမ်ထောင်ရေးကားက တစ်ကား နှင့် သဘာဝပတ်ဝန်းကျင်ကားက တစ်ကားပဲ”

သူ့နောက်လိုက်က “မစ္စခိန ကျွန်တော်တို့ ဟိုကိစ္စစုံစမ်းဖို့ ကြန့်ကြာနေမယ် ခင်ဗျ။” သူမက“အဲဒါအသာထားစမ်းပါ။ ဒီကားကို အရင်ဖွင့်စမ်း။ ဒီကားက ရယ်ရတယ်။ ဟာသကား”
ဇာတ်လမ်းက သူမကို တ၀ါးဝါး ပွဲကျစေခဲ့ပါတယ်။ တ၀ါးဝါး ရယ်နေတဲ့သူ ကို သူနောက်လိုက်က စိတ်ပျက်လက်ပျက် ခေါင်းခါနေလိုက်တယ်။
အင်း.... ဒီလောက်အရေးကြီးနေတဲ့အချိန်မှာ သူမိုလို့ ရယ်နေနိုင်တယ်နော်။

နောက်ကား၂နှစ်ကားကိုလည်း သူမဆက်ကြည့်ပါတယ်။ နောက်၂ကားက အလွမ်းအဆွေးကား၊ ဒီကားမှာတော့ စုံထောက်နှင့်အတူ သူနောက်လိုက်ပါ မျက်ရည်သုတ်ရင်း ဇာတ်ကားကို ဆုံးအောင် ကြည့်လိုက်ကြပါတယ်။

၎ ကားမြောက် နောက်ဆုံးကားကတော့ သဘာဝပတ်ဝန်းကျင် အကြောင်း ကို ပြသထားခြင်းဖြစ်ပါတာယ်။ တောတောင်ရေမြေ သဘာဝအကြောင်း နှင့် သတ္တ၀ါတွေရဲ့ ဖြစ်စဉ်ကို ပြသထားတာဖြစ်ပါတယ်။

ပထမ၃ကားလောက် စွဲဆောင်မှု မရှိခဲ့ပါဖူး။ နောက်လိုက်ကတော့ ကြည့်ရင်းမှ အိပ်ပျော်သွားခဲ့ပါတယ်။

ဒါပေမဲ့ စုံထောက်မစ္စခိနကတော့ ဒီဇာတ်ကားက သူမအတွက် စွဲဆောင်မှုအရှိဆုံးလို့ မှတ်ချက်ချလိုက်တယ်။ “ကောင်းလိုက်တဲ့ ဇာတ်ကား”
သူမက နောက်လိုက်ဖက်ကို လှည့်လို့ “ ဒီဇာတ်ကားကို တည်းဖြတ်သူ ဟာ ဘယ်သူဖြစ်တယ် ဆိုတာကို လိုက်လံစုံစမ်းပြီး၊ ဖမ်းလိုက်ပါ။ အဲဒါ လူ၃၀၄ယောက် ပျောက်ဆုံးမှု့ အတွက် အဓိကတရားခံပဲ”။
“ဗျာ”

ဟုတ်ပါတယ်။ ထိုတရားခံဆိုသူကို ဖမ်းလိုက်ပြီးသိပ်မကြာခင်မှာပဲ နာရီပိုင်းအတွင်း ပျောက်ဆုံးနေသော လူ၃၀၄ ယောက် ကို မြို့လယ်ခေါင် ရုပ်ရှင်ရုံကြီးဘေးရှိ မြေအောက်အခန်းကြီးအတွင်းမှာ ပြန်တွေ့ခဲ့ပါတော့တယ်။ လူ၃၀၄ ယောက် ပျောက်ဆုံးမှု တရားခံကတော့ ပရော်ဖက်ဆာ မစ္စတာ တနက ဖြစ်ပါတယ်။

အပိုင်း (၃) ပရော်ဖက်ဆာမစ္စတာတနကရဲ့ လူသားနှလုံးသားကို ထိန်းချုပ်ခြင်း သုတေသနစီမံကိန်း

ပရော်ဖဆာ မစ္စတာ တနက ရဲ့ အမြင်မှာ လူတွေဟာ ဘာကိုမှ အလေးအနက် ထားကြတာမတွေ့ဖူး။
သဘာဝလောကကြီးရဲ့ ဖြစ်စဉ်တွေကို တကယ်ဆို လူသားတွေက ဖန်ဆင်းနေတာ။ သဘာဝလောကကြီးက တကယ်ဆို အရမ်းလှပတာပါ။ တောတောင်ရေမြေ အားလုံးက လူသားတွေအတွက် လိုတရအိုးကြီးဆိုရင်လည်း မမှားဖူး။ လူသားတွေအတွက် ရှင်သန်ဖို့ ရေ၊လေ၊မြေတွေ ပေးထားတယ်။ လူသားတွေအတွက် စားနပ်ရိက္ခာအဖြစ် သဘာဝသီးနှံနဲ့ သားကောင်တွေ ဖန်းတီးပေးထားတယ်။ အလှအပအဖြစ် သဘ၀ရှုခင်း၊ တောတောင်ပန်းမန် တွေ ပေးထားတယ်။

ဒါပေမဲ့ တချို့ လူတွေက လောဘတက်ပြီး ပိုလှအောင်၊ ပိုကောင်းအောင် ဆိုပြီး သူဘာသာလှနေတဲ့ ဒီကမ္ဘာကြီး ကို ပြုပြင်ဖို့ ကြိုးစားကြတယ်။ ဒီလိုကြိုးစားကြတော့ ကမ္ဘာကြီး မှာ လူအမျိုးမျိုးရဲ့ ဆန္ဒအမျိုးမျိုးအရ အစမ်းသပ်ခံကြီး အဖြစ်နဲ့ ဘ၀အမျိုးမျိုး၊ ဖြစ်စဉ်အမျိုးမျိုး ပြောင်းလဲနေခဲ့ရပါတယ်။ ဒီလိုသာ ဆိုရင်တော့ ဒီလောကကြီးဟာ မကြာခင် လုံးပါးပါးပြီး၊ ပျောက်ကွယ်တော့မယ်။

တကယ်ဆို ဒီကမ္ဘာကြီး ရဲ့ အကောင်းအဆိုးကို လူသားတွေကပဲ လုပ်ပြီး၊ လူသားတွေပဲ ခံစားနေရတာ။ ဒီအချိန်မှာ လူသားအားလုံးက ဒီကမ္ဘာကြီးအတွက် အကောင်းဆုံးကို စိတ်တူကိုယ်တူ နှလုံးသားတူ နဲ့ လုပ်ဖို့အချိန်တန်နေပြီ။ အခုတော့.. ဒီကမ္ဘာကြီး ပျောက်ကွယ်တော့မယ် အရေးကို ဘယ်သူမှ အလေးအနက် မထားကြဖူး။ စားလိုက်၊သောက်လိုက်၊အိပ်လိုက် နဲ့ နေနေကြတယ်။

ဒါကြောင့် ကျုပ်က လူသားအားလုံးကို စိတ်တူကိုယ်တူ နှလုံးသားတူ ဖြစ်အောင် နှလုံးသားကိုထိန်းချုပ်ဖို့အတွက် ပထမဆုံးစမ်းသပ်ချက် ကို လုပ်ဆောင်ကြည့်လိုက်တာပါ၊
ဟားဟားဟား...အောင်မြင်သွားတယ်လေဗျာ၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ။

အခု ၃၀၄ ယောက်၊ နောက် အယောက် ၁၀၀၀၊နောက် ၁ သောင်း၊ နောက်..... တစ်ကမ္ဘာလုံးရှိလူသားတွေရဲ့နှလုံးသားကို ထိန်းချုပ်နိုင်ဖို့ ကျုပ်ကြိုးစားရဦးမယ်။

ကျုပ်က လောကကြီးအတွက် လုပ်တာ၊ လူသားအားလုံးအတွက် လုပ်တာ....၊ကျုပ်လုပ်စရာတွေရှိသေးတယ်၊ ကျူပ်ကိုပြန်လွှတ်ကြပါ။

အပိုင်း(၄) တနက၏ စီမံကိန်းကိုအကောင်အထည်ဖော်ခြင်း

မစ္စတာ တနကသည် ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် လူသားအားလုံး၏နှလုံးသားကို ထိန်းချုပ်ရန် ဆိုသော သူ၏မဟာရည်မှန်းချက်အတိုင်း စမ်းသပ်ချက်ပထမအဆင့် ကို လူအများဆုံရာ မြို့လယ်ခေါင် ရုပ်ရှင်ရုံရှေ့  မှာ စတင်ခဲ့ပါတယ်။

ရပ်ရှင်ရုံရှေ့ လူုအများထဲမှ မီးလောင်လွယ်သော သိုးမွှေးအင်္ကျီဝတ်ထားသော လူတစ်ဦးကို ရွေးချယ်၍ သားကောင်အဖြစ် သတ်မှတ်ခဲ့တယ်။ ထိုသူအနားမှ ဖြတ်လျှောက်ရင်း မီးခြစ်နှင့် မီးတို့ခဲ့ပါတယ်။ မီးကချက်ချင်းထမလောင်ခင်၊ ကာယကံရှင်နှင့်တကွ ပတ်ဝန်းကျင်မှလူများ သတိမပြုခင် အလျှင်အမြန် ထွက်ခွါခဲ့တယ်။

ဒါပေမဲ့ ရုပ်ရှင်ရုံရှေ့  ကင်မရာက မှတ်တမ်းတင်မိသွားခဲ့ပါတယ်။ မီးလောင်လွယ်သော သိုးမွှေးအင်္ကျီဝတ်ထားလို့ အရှိန်ရလာတဲ့မီးက လျင်မြန်စွာ လောင်ကြွမ်းခဲ့တာကြောင့်၊ ဘယ်သူမှ မကယ်လိုက်နိုင်ခဲ့ပါဖူး။ ထိုသူသည် ၎င်းမီးဒဏ်ရာနဲ့ပဲ နောက်ဆုံးမှာသေဆုံးသွားခဲ့ရပါတယ်။

၎င်းအဖြစ်အပျက်က မတော်တဆလိုလိုနဲ့ မြို့ နေလူအများရဲ့ရင်ထဲမှာ အမှတ်တမဲ့ ပြီးသွားခဲ့တဲ့အတွက် မကျေနပ်ခဲ့သူက ပရော်ဖဆာ မစ္စတာ တနက ပေါ့။ ဒါကြောင့် ဒုတိယအဆင့်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့တယ်။ ၎င်း၏တပည့်ဖြစ်ခဲ့သူ ရုပ်ရှင်ရုံဝန်ထမ်းမှတဆင့် သူကိုယ်တိုင်တည်းဖြတ်စီစဉ်ထားသော သဘာဝပတ်ဝန်းကျင်နှင့် လူသား အမည်ရ ဇာတ်ကားကို တခြားဇာတ်ကားများနှင့် အတူ ပြသဖို့ စီစဉ်နိုင်ခဲ့ပါတယ်။

ထိုနေ့မှာ မြို့ လယ်ခေါင် ရုပ်ရှင်ရုံကြီး၌ ၎င်း၏ မူရင်းအကြံအစည် အတိုင်း ပထမ ဟာသကားဖြင့် ဖြေဖျော်ခဲ့ပါတယ်။

အပျော်ပြီးရင်၊ ငိုရမယ်ပေါ့...။ နောက် စစ်အက်ရှင်နှင့် အိမ်ထောင်ရေးကား။ စစ်အက်ရှင်ကားက သွေးသံတရဲရဲ ၊ အိမ်ထောင်ရေးကားကလည်း လူရဲ့လောဘ၊ဒေါသ၊မောဟ တိုဖြင့် ဇာတ်နာလှသော သနားစရာ၊ အမိမဲ့ ကလေးတစ်ယောက်ရဲ့ ကား။

ဇာတ်ကား၃ကားအပြီးမှာတော့ ရုပ်ရှင်ကြည့်ပရိတ်သတ်မှာ ခံစားမှုအမျိုးမျိုးဖြင့် အနည်းငယ် မောလျှနေခဲ့ပါပြီ။ ဆက်မကြည့်ပဲ ပြန်လို့ရပေမဲ့၊ အများစုက စိတ်ပြေလက်ပျောက်ဆိုပြီး ဆက်ထိုင်ကြည့်နေခဲ့ကြပါတယ်။ ထိုသို့ဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူသား အမည်ရ ဇာတ်ကားကို ဆက်ထိုင်ကြည့်နေခဲ့ကြသူပေါင်းက စုစုပေါင်း၃၀၄ယောက် ပါ။

အပိုင်း (၅)

စုံထောက် မစ္စခိန က ဆက်ပြောတယ်။ ဒီပရော်ဖက်ဆာက လူတွေရဲ့စိတ်ကို နားလည်နေသူဖြစ်နေတော့ ဒီမှုခင်းဖြစ်ပွားရတာပါပဲ..။

လူသားတိုင်းမှာ ပြင်ပ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လုံခြုံမှု နှင်၊့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ဆိုတဲ့ ခံစားချက် ၂မျိုး ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုစိတ်အားကောင်းနေခဲ့သ၍ ပြင်ပရှိရန်သူ(ဘေးအန္တရာယ်)ကို ခုခံ ကာကွယ်နိုင်စွမ်းတဲ့ သတ္တိရှိနေမှာပါ။ ခုခံ ကာကွယ်နိုင်စွမ်းတဲ့ သတ္တိနှင့် ကိုယ်ကိုယ်ကို လုံခြုံမှုရှိနေဖို့ အားထုတ်နေမှာပါ။

ဒါပေမဲ့ လူဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုစိတ်မရှိတော့ဖူး.. ဒါမှမဟုတ် လုံခြုံမှုစိတ် အားနည်းသွားပြီဆိုရင်တော့ အဲဒီလူဟာ ဘယ်လောက်လုံခြုံမှုရှိတဲ့နေရာမှာပဲ ရှိနေပါစေ လုံခြုံတယ် လို့ မခံစားရတော့ပါဖူး။ သောကတွေ စိုးရိမ်စိတ် ကြောက်လန့်စိတ်တွေ ရှိနေတဲ့အတွက် သူကို လုံခြုံမှုပေးမဲ့သူ၊ လုံခြုံမှုပေးမဲ့နေရာ၊ အကာအကွယ်ပေးမဲ့သူ၊ အကာအကွယ်ပေးမဲ့နေရာ ကိုပဲ ရှာဖွေတော့မယ်။ ဒီအချိန်မှာ လုံခြုံမှုပေးမယ်၊ အကာအကွယ်ပေးမယ် ဆိုပြီး ထိုလူရဲ့စိတ်နှလုံးကို ထိန်းချုပ်ဖို့ ကြိုးစားရန် အကောင်းဆုံးအချိန်ပါပဲ။

ဒီနည်းကို မစ္စတာ တနက သုံးခဲ့တာပဲ ဖြစ်ပါတယ်။ မူလ “ သဘာဝပတ်ဝန်းကျင်နှင့် လူသား “ ဇာတ်ကား က ရိုးရိုး သဘာဝလောက၏ဖြစ်စဉ် ကိုသာ ရိုက်ကူးထားခဲ့တာပါ။

ဒါကို မစ္စတာ တနက က အကြံအစည်နဲ့ ဇာတ်ကားကိုသူလိုသလို တည်းဖြတ်ပြုပြင်ခဲ့ပါတယ်။ သိပ်အခက်ကြီးတော့ မဟုတ်ပါဖူး။ ကမ္ဘာကြီးရဲ့သဘာဝ၏ဖြစ်စဉ်အကြောင်းထဲမှ ကြီးမားသော ငလျှင်ကြီးများအကြောင်း၊ မီးလောင်မှုကြီးများအကြောင်း စသည်သဘာဝဘေးအန္တရာယ်များအကြောင်းကို ဇာတ်ကားတလျှောက် ကြော်ငြာဝင်သလို “ဒါဟာ တကယ့်အဖြစ်အပျက်တွေ ဖြစ်တယ်၊ ဒါမျိုးတွေ နောက်ထပ် နောက် ထပ် ဖြစ်နိုင်တယ်“ ဆိုတဲ့ စာတမ်းကို မကြာခဏ ပြသခဲ့ပါတယ်။

ဇာတ်ကားအဆုံးမှာတော့..
“အခု ကမ္ဘာကြီးက ပျက်စပြုနေပြီ ဖြစ်တယ်။ အခုတလောမှာ ခန္ဓာကိုယ်ကနေ အလိုလိုမီးထလောင်တာမျိုးတွေ ဖြစ်နေပြီ။ သိပ်မကြာခင် ငလျှင် အကြီးအကျယ် လှုပ်တော့မယ်။ လုံခြုံမှုပေးရှိတဲ့နေရာမှာ မပုန်းခိုနိုင်ရင် လူသားမျိုးနွယ်အားလုံး ပျက်စီးတော့မယ်။ သိပ်မကြာခင် လှုပ်တော့မဲ့ ငလျှင်အတွက် ဆိုရင်တော့ အခု မျှားပြထားတဲ့ နေရာကလွဲရင် ကျန်နေရာအားလုံး ပြိုကျပျက်စီးလိမ့်မယ်။ အဲဒီနေရာကို ဒီနေရာကနေ မြေအောက်လှိုင်ဂူလမ်းနဲ့ သွားလို့ရတယ်” .. ဆိုတဲ့ စာသားနဲ့ မြေပုံ ကို ၁၀မိနစ်ခန့် ပြသပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ထိုနောက်မှာတော့ လူ၃၀၄ယောက်ဟာ မိမိဆန္ဒနှင့်မိမိ မြေအောက်လှိုင်ဂူခန်းထဲမှာ သွားရောက် ပုန်းအောင်း ခဲ့ကြပါတော့တယ်။

ဇာတ်သိမ်းပိုင်း

အင်း....မစ္စတာ တနက၊ ကမ္ဘာကြီးကို ကယ်တင်ချင်တဲ့ ရှင့်ရဲ့စေတနာကို တော့ လေးစားပါတယ်။

ဒါပေမဲ့ ရှင်ရဲ့ နည်းလမ်းကိုတော့ လက်မခံနိုင်ပါဖူး။ တကယ်ဆိုရင် ကမ္ဘာကြီးက သူ့သဘာဝဖြစ်စဉ်နဲ့သူ ဖြစ်ပျက်ပြောင်းလဲနေတာပါ။ လူတွေကြောင့် ကမ္ဘာကြီး ဖြစ်လာတာ မဟုတ်သလို လူတွေကြောင့်ကမ္ဘာကြီးပျက်ရတာ မဟုတ်ပါဖူး။

ဒီသဘာဝဖြစ်စဉ်ထဲမှာ ဖြစ်တည်လာရတဲ့ ကျွန်မတို့ လူသားတွေကသာ ဖြစ်စဉ်ထဲမှာ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားရပ်တည်နေခဲ့ရတာပါ။ အခက်အခဲတွေကို အတူတူ ဖြေရှင်းကြရင်း၊ မှားတဲ့အခါ အတူတူ ခံစား၊ မှန်တဲ့အခါ အတူတူ စံစားရင်း၊ ဘ၀တွေကို ရှင်သန်လာခဲ့ကြတာ အခုအထိပါပဲ။ နောင်လည်း ဒီလိုပဲ အတူတူ ခံစား၊ အတူတူ စံစားကြရင်း ဘ၀တွေကိုကြိုးစားရပ်တည်သင့်တယ်လို့ ကျွန်မယူဆပါတယ်။ နောက်ဆုံးအဆင့် လူသားအားလုံး အတူတူကြိုးစားရဲ့သားနဲ့ ရပ်တည်မရလို့ သေရရင်တောင်မှ အတူတူသေကြရလည်း ၀မ်းနည်းစရာမရှိပါဖူး။

ဒီလိုမဟုတ်ပဲ ကမ္ဘာကြီးပျက်ရတာ ဘယ်သူကြောင့် ဘယ်ဝါကြောင့် လို အပြစ်တင်နေပြီး၊ လူသားအချင်းချင်းကို သောကတွေ စိုးရိမ်စိတ်နှင့် ကြောက်လန့်စိတ်တွေ ပေးပြီး စိတ်နှလုံးကိုထိန်းချုပ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ကျွန်မတို့အနေနှင့် ခွင့်မလွှတ်နိုင်ပါဖူး။

လူသားတွေဟာ တကယ်ဆိုရင် ကမ္ဘာကြီးရဲ့သူ့သဘာဝဖြစ်စဉ်အပြင် အဲဒီနေ့က ရှင့်ဇာတ်ကားမပြခင် ပြသခဲ့တဲ့ ဇာတ်ကား၃ကားထဲကလို လူလောကရဲ့ အထွေထွေ ဖြစ်စဉ်ထဲမှာပါ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရပ်တည်နေကြရရှာတာပါ။ ထပ်ပြီး သောကတွေ စိုးရိမ်စိတ်နှင့် ကြောက်လန့်စိတ်တွေ မပေးပါတော့နဲ့ ရှင်..

“ဒါနဲ့ ကျုပ်တစ်ခုလောက်မေးပါရစေ။ အဲဒီနေ့က ကျုပ်ပြုပြင်ထားတဲ့ သဘာဝပတ်ဝန်းကျင်နှင့် လူသား ဇာတ်ကားကို ရိုးရိုးမူရင်းခွေနဲ့ ပြန်လဲခဲ့ရဲ့သားနဲ့ ခင်ဗျား ဘယ်လိုလုပ်ပြီး၊ဒီအမှူကို ခြေရာကောက်နိုင်ခဲ့ရတာလဲ။

သူမက ထုံးစံအတိုင်း မှုန်တေတေမျက်နှာနဲ့ ပြန်ဖြေလိုက်တယ်။ “ကျွန်မကမစ္စခိန လေ”

ပြီးပါပြီ။
“ခိန“ဟု အမည်ရသော ဂျပန်စုံထောက်ဇာတ်လမ်းကို နားလည်သလို ဘာသာပြန်သည်။

ဘာသာပြန်သူ..... လသာည ဖြစ်ပါသည်။ :P

Friday, October 9, 2009

တကနို စံ

တကနိုစံ ငယ်ငယ်မှာပဲ ဖခင်က အခြားအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်သွားပြီး မိခင်က ရှက်လွန်းလို့ ကိုယ့်ကိုယ့်ကို သေကြောင်းကြံသွားခဲ့ပါတယ်။ သူ့အမေမသေခင်မှာ မှာသွားတဲ့စကားက......

“သမီး .. ဘယ်တော့မှ ယောင်္ကျားတွေကို မယုံနဲ့။ တသက်လုံး ကိုယ့်အားကိုယ်ကိုးပါ။ သူများကို အားကိုးရမှ ဘ၀မှာရှင်သန်ရတာမဟုတ်ဘူး၊ မှတ်ထား”

သူမ တသက်တာစွဲသွားတဲ့ စကားတွေပါပဲ။ သူမအမေဆုံးသွားပြီး နောက်ပိုင်းမှာ သူက ဘယ်ဆွေမျိုးကိုမှ အကူအညီမတောင်းခဲ့ပဲနဲ့ ကိုယ့်အားကိုယ်ကိုးရင်း ကျောင်းတက်ခဲ့ပါတယ်။ (ဂျပန်မှာ မိဘမဲ့သားသမီးတွေကို အစိုးရက ထောက်ပံ့တာရှိတယ်၊ မိခင်ရဲ့ အသက်အာမခံ ခံစားခွင့်ကိုလည်း ရခဲ့တယ်)။ သူမမှာရှိတဲ့ ငွေနဲ့ ကျောင်းလခကိုသွင်းပြီး မနက်နဲ့ ညနေပိုင်းတွေမှာ အလှပြင်ဆိုင်မှာ အချိန်ပိုင်းအလုပ်ကို လုပ်ခဲ့တယ်။

နောက်ဘွဲ့တစ်ခုရပြီးတော့ အီတလီကို အလှပြင်သင်တန်းတက်ဖို့ သွားခဲ့တယ်။ နိုင်ငံခြားသွားဖို့ ပိုက်ဆံလား? သူမဘာသာ အလုပ်လုပ်စုခဲ့တာပါ..။ ၂ နှစ်အကြာမှာ ဂျပန်ကို ပြန်လာခဲ့ပြီး အလှပြင်ဆိုင်ဖွင့်တယ်။ အလှပြင်ဆိုင်ဟာ သူမရဲ့ ကြိုးစားမှုနဲ့ ချက်ချင်းနာမည်ကြီးလာပြီး ဆိုင်ခွဲတွေ ဖွင့်နိုင်လာတာ သူမအသက် ၃၅ နှစ်မှာ ဆိုင်ခွဲပေါင်း ၁၅ဆိုင်ကို ပိုင်ဆိုင်ခဲ့တယ်။

ဒီတော့ သူမမှာ ဆိုင်ဝန်ထမ်းတွေ အများကြီးရှိနေပြီပေါ့..။ တနေ့မှာ ဆိုင်ဝန်ထမ်းတစ်ယောက်က သူမကို ပြောတယ်... “ ကျွန်မတော့ ရှင့်ကို အားလည်းမကျဘူး၊ ရှင့်အလုပ်မှာလည်း မပျော်ဘူး၊ ရှင်ဟာ ဘယ်တော့မှ သူများအတွက် ထည့်စဉ်းစားတဲ့သူမဟုတ်ဘူး။ အလုပ်ကထွက်မယ်”တဲ့..

သူမအံ့အားသင့်သွားတယ်။ တခြားသူတွေကို ကြည့်လိုက်တော့လည်း အဲဒီလိုပြောချင်တဲ့ အမူအရာမျိုးရှိနေတာကို တွေ့ရတယ်။ ဘာဖြစ်လို့လဲလို့ သူမဘာသာ အပြန်ပြန်အလှန်လှန် စဉ်းစားမိတယ်။ ငါက သူတို့ကို ငါ့လိုပဲ ကြိုးစားစေချင်တယ်။ ဒါကြောင့်လည်း ငါထားတဲ့စိတ်အတိုင်း ကိုယ်တတ်နိုင်တဲ့ကိစ္စကို ဘယ်တော့မှ သူများကို အကူအညီမတောင်းနဲ့လို့တောင် သွန်သင်မိတယ်။ ကိုယ်ကိုယ်တိုင်လည်း ပျော့ညံ့တဲ့ မိန်းမ မဖြစ်ချင်ဘူး။ သူတို့မြင်အောင်လည်း ကိုယ်လုပ်နိုင်တဲ့အရာတွေကို သူတို့ကို အကူအညီမတောင်းဘူး။

အဲဒါ ငါဘာမှားသလဲ.. ငါ့ကို ဘာကြောင့်နားမလည်ကြတာလဲ...

တကနိုစံဟာ အမျိုးမျိုးတွေးပေမဲ့လည်း အဖြေက မထွက်လာခဲ့ဘူး။ တခါမှ ၀မ်းမနည်းစဖူး ၀မ်းနည်းသလို အားငယ်သလို ဖြစ်ခဲ့တယ်။ မေမေ့စကား မှားသလားမေမေ..လို့ အမေ့ကိုလည်း တမ်းတမိတယ်။ နောက်တော့လည်း ထွက်ချင်သူထွက်၊ နေချင်သူ နေပါစေလေလို့ ဥပက္ခာပြုလိုက်ပြီး သူမက အလုပ်ကို ပိုကြိုးစားခဲ့တယ်။ သူမတစ်ယောက်လုပ်တဲ့ အလုပ်က ၀န်ထမ်း၅ ယောက် လုပ်သလောက်ထက် မကပါဘူး။

တနေ့တော့ သူမအလုပ်လုပ်နေရင်း ခါးကမျက်သွားတယ်။ ဆေးရုံကို တင်လိုက်တော့ အရိုးအဆစ်မှာ ရောဂါဖြစ်တာပါ။ ဆေးရုံမှာ ၂ လ အချိန်ကုန်ခဲ့တယ်။ ဆေးရုံကဆင်းတော့ (ဂျပန်နိုင်ငံရဲ့ ထုံးစံအရ) လူမမာတွေ ဆက်လက်ခန္တာကိုယ် ကြံခိုင်အောင်လို့ဆိုပြီး သင်တန်းတစ်ခု ထပ်တက်ရတယ်။ တစ်လပါ။

သင်တန်းက (မြန်မာပြည်က စစ်ရေးပြသင်တန်းလိုမျိုး) မနက်တိုင်း တန်းစီရတယ်။ ပြေးရတယ်။ ခန္တာကိုယ်ကြံခိုင်ရေးကို လေ့ကျင့်ပေးတယ်။ အမှတ်စဉ်ခေါ်လူစစ်တော့ အသံတိုးလို့ အငေါက်ခံရသေးတယ်။ အခုငါ့စိတ်ဓါတ်ပျော့ညံနေသလိုပဲလို့ သတိထားမိသွားပြီး မူရင်းစိတ်ဓါတ်အတိုင်း ပြန်ဖြစ်အောင် နေပြလိုက်တယ်။ သင်တန်းသားအားလုံးမှာ သူမဟာ အသံအအောင်ဆုံးပေါ့..

သင်တန်းဆင်းခါနီးတော့ စာမေးပွဲစစ်တယ်။ အောင်ရင် သင်တန်းဆင်းလက်မှတ်ပေးမှာ ဖြစ်ပြီး ရှုံးရင် နောက်တစ်လထက်နေရမှာ ဖြစ်ပါတယ်။ စာမေးပွဲက ညဘက်လမ်းလျှောက်ခြင်းပါ။ လမ်းအရှည်က ကီလိုမီတာ ၄၀၊ တောင်တက်လမ်းကို လမ်းလျှောက်ရမှာဖြစ်ပါတယ်။ တဖွဲ့ကို ၂ ယောက်တွဲပေးပါတယ်။

သူမနဲ့ အတွဲကျသူက “ကိုဘရာရှိစံ”ပါ။ ခန္တာကိုယ်တောင့်တောင့်တင်းတင်း၊ အသားညိုညိုနဲ့ ကိုဘရာရှိစံကို သူမက သဘောမကျပါဘူး။ ဒါပေမဲ့ မငြင်းခဲ့ပဲ လက်နှိပ်ဓါတ်မီးတစ်လက်နဲ့ ကျောပိုးအိတ်ကိုယ်စီ လွယ်ရင်း သူမက ရှေ့ကနေ ဦးဆောင်ထွက်ခဲ့တယ်။ လမ်းခရီးက တောလမ်းဆိုတော့ အရမ်းကို ကြမ်းပါတယ်။

ကိုဘရာရှိစံက စကားအလွန်များပါတယ်။ တချိန်လုံးစကားတွေ ပြောနေတယ်။ “နားငြီးတယ်”လို့ ထအော်ချင်လောက်အောင်ပါပဲ။ ဒါပေမဲ့ နားပင်းချင်ယောင်ဆောင်လိုက်တယ်။ ခရီးစလို့ ၆ နာရီလောက်ကြာတော့ သူမတအားကို နားချင်လှပါပြီ။ အသက်ရှုရတာလည်း မောလာတယ်။

သူမအခြေအနေကို ကြည့်ပြီး ကိုဘရာရှိစံက “ခင်ဗျား အဆင်ပြေရဲ့လား။ နားမလား၊ ဒါမှမဟုတ် ကျောပိုးအိပ်လွယ်ပေးရမလား” မေးပါတယ်။ ဒါပေမဲ့ သူမက ပြန်မပြောခဲ့ဘူး။ သူမကိုသူမ အားပေးလိုက်တယ်.. သွားစမ်း နင်သွားနိုင်တယ်။ ဘေးနားကလူတောင် လျှောက်နိုင်သေးတာ နင်က ဘာလို့ မသွားနိုင်ရမှာလဲ။ ပြီးတော့ အကူအညီလည်း မတောင်းဘူး။ သူ့ရှေ့မှာ အားမနွဲ့ချင်ဘူး။ သူဟာ ယောင်္ကျားတစ်ယောက်။ မေမေက ပြောတယ် ဘယ်ယောင်္ကျားကိုမှ အကူအညီမတောင်းနဲ့တဲ့။ ငါလုပ်နိုင်တယ်.. ငါလျှောက်နိုင်တယ်။

ဒီလိုနဲ့ မနားပဲနဲ့ ဆက်တိုက်လိုလို ဖြေးဖြေးချင်း သူမ လျှောက်ခဲ့တယ်။ ဘေးနားက ကိုဘရာရှိစံကလည်း တချိန်လုံး “ခင်ဗျား အဆင်ပြေလားဗျ”လို့ မကြာခဏမေးတယ်။ မေးခံရတိုင်း သူမစိတ်တိုမိတယ်။ ငါ့ကို ဒီလောက်တောင် အားနွဲ့တယ်လို့ ဒီလူထင်နေတယ်။ တော်တော်နားငြီးဖို့ ကောင်းတာပဲ။ မြန်မြန်ရောက်ရင်ကောင်းမယ်..

ဒီလိုနဲ့..... ခရီးအစကနေ ၁၂ နာရီတိတိ ကြာပြီးမှာ ခရီးအဆုံးကို ရောက်ခဲ့ပါတယ်။ စောင့်နေသူအားလုံးက လက်ခုပ်တီးကြပါတယ်။ သူမလည်း “ငါဟာ ဒီခရီးကို ဘယ်သူ့အကူအညီကိုမှ မယူပဲ ရောက်အောင် လာခဲ့နိုင်တယ်”လို့ ကျေနပ်စွာပြုံးလိုက်တယ်။

ဒီအချိန်မှာပဲ သင်တန်းနည်းပြဆရာက စကားတခွန်းပြောလိုက်တယ်။
“ ကျွန်တော်တို့က တကနိုစံကို စိတ်ပူနေတာ။ လမ်းမှာ ချော်လဲတာမျိုး မောသွားတာမျိုး ဖြစ်မှာစိုးလို့ တစ်ခုခုဆို ထမ်းခေါ်နိုင်အောင် ဗလတောင့်တဲ့ ကိုဘရာရှိစံကို အတူထည့်ပေးလိုက်တာဗျ”

ဒီအခါ ကိုဘရာရှိစံက “ ဒါပေမဲ့ သူမက ကျွန်တော့်အကူအညီမလိုပဲ ဒီကို ရောက်အောင် လာနိုင်တာပါဗျာ၊ ဟုတ်တယ်မို့လား တကနိုစံ၊ အော်.. တောင်းပန်ရဦးမယ် ကျွန်တော် လမ်းမှာ စကားများနေမိတာကိုပါ။ တကယ်က တောလမ်းခရီးမှာ စကားမပြောပဲ ဒီအတိုင်းသွားနေရင် ခင်ဗျားပျင်းမှာစိုးလို့၊ ခင်ဗျား အားရှိအောင်လို့ပါ။”

သူမ အံ့အားသင့်သွားတယ်။ အိုး.. တခါမှ မတွေးခဲ့မိတဲ့ သူမရဲ့အားနည်းချက်ကို တွေ့သွားလိုက်သလိုပဲ.

ငါ....ခုအထိ ဘ၀ခရီး အတူတူလျှောက်ခဲ့ကြသူတွေ ဘယ်လောက်များပြီလဲ။ ငါတစ်ခါမှ အဖော်တွေဘက်ကို မစဉ်းစားခဲ့ပါလား။ အခု ခရီးမှာ ငါက ကိုဘရာရှိစံကို စိတ်နဲ့ အပြစ်တင်ဝေဖန်နေခဲ့တယ်။ ဒါပေမဲ့ သူသာအဖော်မလုပ်ခဲ့ရင် ငါတစ်ယောက်တည်း ကီလို၄၀ တောလမ်းညခရီးကို ဘယ်လိုဖြတ်နိုင်မလဲ။ အို..ငါ တော်တော် စိတ်ထားညံ့သူပါလား။ ဒါတောင် အဖော်အဖြစ်လိုက်ပေးတဲ့ ကိုဘရာရှိစံက ငါ့အတွက် စိုးရိမ်ပေးခဲ့တယ်။ အဆင်ပြေရဲ့လားလို့ အကြိမ်များစွာမေးခဲ့တာ သူမှာ တာဝန်ရှိလို့ဆိုတဲ့ တစ်ခုထဲမဟုတ်ဘူး။ မောပန်းနေတဲ့လူချင်းအတူတူ ခရီးလမ်းကို အတူတူသွားနေတာချင်းအတူတူ ကိုယ်ကကိုယ့်အတွက်ပဲ အာရုံစိုက်နေချိန်မှာ ကိုယ့်နားကသူက ကိုယ့်အတွက်စိုးရိမ်ပေးနေခဲ့တယ်။

ငါ.. အခုထက်ထိ ငါ့ကိုငါပဲ အားတင်းဖို့ ကြိုးစားခဲ့တယ်။ ပတ်ဝန်းကျင်ကို လှည့်မကြည့်ခဲ့ဘူး။ ငါအောင်မြင်တာ ငါကြိုးစားလို့လို့ပဲ တွေးခဲ့တယ်။ တကယ်ဆို ငါအောင်မြင်ဖို့အတွက် ငါကြိုးစားဖို့အတွက် ငါ့မှာ ဆရာများစွာက ထောက်ပံ့ပေးခဲ့တယ်။ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေက အားဖြည့်ပေးခဲ့တယ်။ ငါ့အောက်က ၀န်ထမ်းများစွာက ငါ့အတွက် စဉ်းစားပြီးလုပ်ပေးခဲ့ကြတယ်။ ဒါကြောင့် ငါအောင်မြင်တာ..။ သူတို့အားလုံးက ငါ့အတွက်လို့ ငါဘက်ကစဉ်းစားမပေးခဲ့ရင် ငါဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်နိုင်ဘူးပဲ..ခုအထိ ငါ့ရဲ့ဘ၀ခရီးမှာ အတူတူလျှောက်ခဲ့ကြသူတွေ ဘယ်လောက်များပြီလဲ။ သူတို့အားလုံးဟာ ငါ့အနားမှာ အဖော်အဖြစ် ရှိနေပေးခြင်းနဲ့ ငါ့အတွက် အနည်းဆုံး စိတ်ခွန်အားတော့ ပေးသွားကြတာပဲ. ဘ၀ဆိုတာ တစ်ယောက်တည်း မရပ်တည်နိုင် မအောင်မြင်နိုင်ဘူး။ ဒီနေ့ကစလို့ ငါဟာ ခရီးတူအဖော်တွေအတွက် အကောင်းဆုံးအဖော်အဖြစ် နေသွားရမယ်......

ဒါက..လွန်ခဲ့သော ၂၅ နှစ်က တကယ့်အဖြစ်အပျက်ပါ။ အခုဆိုရင် တကနိုစံရဲ့ စီးပွားရေးလုပ်ငန်းဟာ အများကြီးအောင်မြင်နေပါပြီ။ တနေ့ဝင်ငွေ ယမ်းတစ်ကုဋေရှိတယ်တဲ့..။ ဒါပေမဲ့ တ၀က်ကို ကျောင်းအလှုတွေနဲ့ လူမှုရေးတွေမှာ သုံးစွဲတယ်။ ၀န်ထမ်းတွေကို ၃လတစ်ခါ ဘောနပ်ဆုချတယ်။ မကြာခဏလည်း အပန်းဖြေခရီးစီစဉ်ပေးတယ်. သူမဘ၀ဟာ အခုဆိုရင် ခရီးဖော်များစွာနဲ့ ပျော်ရွင်စွာရှိနေပါပြီ..

ဘ၀အခက်အခဲတွေ လူတိုင်းမှာ ရှိနေတာချင်းအတူတူဖြစ်ပေမဲ့ ဘ၀ခရီးကိုအတူတူလျှောက်နေတဲ့ ခရီးဖော်သူငယ်ချင်းတွေကို လှည့်ကြည့်ဂရုစိုက်ကြင်နာပေးတတ်ကြတဲ့ သူငယ်ချင်းမိတ်ဆွေများ အားလုံးကို အများကြီး ကျေးဇူးတင်ရပါတယ်လို့...

လသာည..ဖြစ်ပါတယ်။

Reference: NHK (၂၀၀၉.၁၀.၇) အစီအစဉ်ပါ။ တကနိုစံရဲ့ ဓါတ်ပုံကို တင်ဖို့ အင်တာနက်မှာ ရှာသော်လည်း နာမည်အပြည့်အစုံရဲ့ ခန်းဂျီးစာလုံးပေါင်းကို မပေါင်းတတ်လို့ ရှာမတွေ့ပါ။ တွေ့တဲ့အခါ တင်ပေးမယ်နော်..

Tuesday, October 6, 2009

ကျွန်မရဲ့ အိမ်နီးချင်း

ကျွန်မနဲ့သူမက အိမ်နားနီးချင်းတွေပါ။ ကျွန်မနဲ့ သက်တူရွယ်တူလည်းဖြစ်၊ သဘောလည်းကောင်းပြီး အမြဲပြုံးနေသူလည်း ဖြစ်ပါတယ်။ ကျွန်မက ဒီရပ်ကွက်ကို ရောက်ပြီး ၁ လ ၂လ အတွင်း သူမနဲ့ မိတ်ဆွေဖြစ်ပြီး ရင်းနှီးသွားခဲ့တယ်။ အလုပ်ကပြန်လာတိုင်း ညနေခင်းတွေမှာ သူမနဲ့ အိမ်ရှေ့က ခုံရှည်လေးမှာ အတူတူထိုင်ဖြစ်တယ်။ စကားလည်း ပြောဖြစ်တယ်။ ဟိုရောက်ဒီရောက်ပေါ့။ ရုံးအကြောင်း၊ ရပ်ကွက်အကြောင်း၊ ဆွေမျိုးနဲ့ သူငယ်ချင်းတချို့အကြောင်းပါ။

ဒါပေမဲ့ ခင်မင်တာကြာလာတော့ ကျွန်မက သူ့ကို သိပ်ပြီး သဘောမကျဖြစ်လာခဲ့ပါတယ်။ ကျွန်မက စိတ်မြန်သူပါ။ အရာရာကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်လုပ်တတ်သူပါ။ သူမကတော့ အေးဆေးလွန်းတယ်လို့ ထင်ပါတယ်။ လုပ်တာကိုင်တာကအစ လှုပ်တိလှုပ်လဲ့ အေးတိအေးစက်။ တစ်ခုခုလုပ်တိုင်း ကျွန်မက အမြဲစောင့်ရတယ်။

နောက်တစ်ခုက သူမရဲ့ အပြုံးပါ။ အမြဲပြုံးနေတာကို သဘောမကျမိတာပါ။ အမြဲပြုံးနေတော့ လူက ငပေါကြီးပုံစံပေါက်နေသလိုပဲလို့ ကျွန်မထင်တယ်။ ကျွန်မက အဲလို့ တိုက်ရိုက်ဝေဖန်လည်း သူမကပြုံးနေတာပဲ။ အဲဒီအပြုံးကြောင့်ပဲ တချို့က သူ့ကို ငတုံးငအလို ဆက်ဆံခံရတာလည်း မျက်မြင်ကြုံဖူးတယ်။

တခါက စက်ဘီးစီးသွားရင်း သူမက လူတစ်ယောက်ကို ရှောင်လိုက်တာ တခြားတစ်ယောက်နဲ့ တိုက်မိတယ်။ နှစ်ယောက်လုံး မှားတာဖြစ်ရဲ့သားနဲ့ ဟိုကအရင် သူမကို ကြိမ်းမောင်းဆဲဆိုသွားတယ်။ အဲဒါကို ပြန်မပြောပဲနဲ့ ပြုံးပြီး “မတော်လို့ပါရှင်၊ ကျွန်မ မှားတာပါ”လို့ ပြန်တောင်းပန်လိုက်တယ်။ ကျွန်မက ၀င်ပြောမလို့လုပ်တော့ သူမက “လာ လာ ပြောမနေနဲ့”တဲ့။ ကျွန်မ သူမကို့ လုံးဝကို အားမရဘူး..။ ကျွန်မက ထက်မြက်တဲ့ အမျိုးသမီးမျိုးကိုပဲ သဘောကျတာ။ အဲလို မပြောရဲမဆိုရဲ ကြောက်တတ်တဲ့လူမျိုးဆို အရမ်းစိတ်ပျက်တယ်။

နောက်တစ်ခုက ကျွန်မက ရုံးမှာတစ်ခုခုဖြစ်လာတဲ့အခါ သူမကို ရင်ဖွင့်ဆွေးနွေးဖူးတယ်။ ဥပမာ “ငါရုံးက ဦးစီးက လုံးဝမျက်နှာလိုက်တယ် သိလား၊ ဒီလို မျက်နှာလိုက်တာမျိုးကို ငါလေ ကြိုက်ကို မကြိုက်ဖူး” လို့ ပြောမိရင် သူမက ရယ်ရင်း “ဟုတ်လား”ဆိုတာပဲ ပြန်ပြောတယ်။ တကယ်ဆို ကျွန်မရဲ့ တခြားမိတ်ဆွေတွေလို “အေးဟာ အဲဒီလူကြီးက မတရားတာပါ”ဆိုတာမျိုးဖြစ်ဖြစ်၊ “ဘယ်လိုဖြစ်တာလဲ ငါ့ကို ပြောပြပါဦး။ ဘယ်သူ့ကို မျက်နှာလိုက်တာလဲ”လို့ ဖြစ်ဖြစ် ပြန်ပြောသင့်တာပေါ့။ အခုတော့ စပြောတဲ့ ကျွန်မက တစ်ယောက်တည်း ဒေါသဖြစ်နေသလို သူက ရယ်ရက်တယ်။

သူမဟာ အဲလိုမျိုး ကျွန်မတိုင်ပင်လို့ရတဲ့သူမဟုတ်သလိုပဲ သူများကိုလည်း သိပ်ပြီး နားလည် စာနာတတ်သူလည်း မဟုတ်တာ သေချာတယ်။ သူမဆီက တခါမှသူများအကြောင်း အရေးတယူပြောတာ မကြားဖူးဘူး။ သူမ့ရဲ့ ခွေးလေး ဘိုညို အကြောင်း၊ ရာသီဥတုအကြောင်း ... ဒါတွေပဲ ကြားရတတ်တယ်။ နေ့စဉ်ကြားရတဲ့ အကြောင်းအရာတွေက ရိုးစင်းလွန်းပြီး ဘာ ဗဟုသုတမှ မရဘူး။

နောက်ပိုင်းတော့ ကျွန်မနဲ့ သူမ လုံးဝကို စိတ်ဓါတ်လည်း မတူ၊ စရိုက်လည်းမတူဘူးဆိုတာ ပိုသိလာပြီးတော့ သူမကို ခပ်တန်းတန်းနေဖြစ်သွားပါတယ်။ သူမကတော့ ပုံမှန်အတိုင်း ခုံရှည်လေးမှာ လာလာစောင့်နေတာ တွေ့ပေမဲ့ ကျွန်မ မသွားဖြစ်တော့ဘူး။ ကျွန်မ အကြိုက် မြန်မြန်ဆန်ဆန် ထက်ထက်မြက်မြက် တစ်ယောက်သဘော တစ်ယောက်နားလည်ပေးနိုင်တဲ့ သူငယ်ချင်းတွေကိုပဲ အဖော်ပြုနေလိုက်ပါတော့တယ်။

တနေ့မှာတော့ မဖြစ်မနေ သူမနဲ့သွားရမယ့် ပွဲတစ်ခုရှိလာခဲ့တယ်။ ကျွန်မ မူလတန်းတုန်းက အတန်းပိုင်ဆရာမရဲ့ မွေးနေ့ပွဲကို လာဖို့ ဆရာမဆီက ဖိတ်စာကို ရခဲ့တယ်။ အဲဒီမှာ တိုက်ဆိုင်စွာ ဆရာမက “သမီးရေ သမီးတို့ အိမ်နားမှာ တီချယ့် တူမ ရှိတယ်။ သမီး သူနဲ့အတူလာခဲ့နော်” တဲ့။ အာ.. စိတ်ရှုပ်လိုက်တာ...နော်။ ဘာဖြစ်လို့ ဒီတစ်ယောက်က တီချယ်တူမ ဖြစ်နေရတာလဲ။ တီချယ်လို သွက်သွက်လက်လက် ထက်ထက်မြက်မြက် ဆရာမနဲ့က ဘယ်လိုလုပ် အမျိုးတော်နေရတာလဲ မသိဘူး။ မလာတော့ဘူး ပြောရမှာလဲ တီချယ်ဆိုတော့ အားနာဖို့ ကောင်းတယ်။ သူမလို့ တိုက်ဂေါ အေးတိအေးစက်နဲ့ တွဲသွားရမှာ တော်တော်တော့ အောက်နေပြီ၊ ကျွတ်.....။

စိတ်ပျက်လက်ပျက်နဲ့ အိမ်ရှေ့ခုံပေါ်မှာ ထိုင်နေတဲ့သူမဆီကို ထွက်လာခဲ့တယ်။ မပြောင်းမလဲ ပြုံးနေတဲ့ သူမမျက်နှာကို တချက်ပဲ ကြည့်ဖြစ်ပြီး မျက်နှာလွှဲလို့ ပြောဖြစ်တယ်။ “မနက်ဖြန် မွေးနေ့ပွဲ အတူတူ သွားရအောင်။ မနက် ၇ နာရီ အိမ်က ထွက်မယ်။ ဒီ ခုံရှည်ပေါ်က စောင့်နေမယ်” လို့ ပြောတော့ သူမက ထုံးစံအတိုင်း ပြုံးပြီး ”အင်း အတူတူ သွားကြရအောင်” တဲ့။ ဟင်း.. ဒါပဲမို့လား။ “နင်. ဘာလို့ ငါ့နဲ့ စကားလာမပြောတာလဲ” ဘာညာတောင် ပြန်မမေးဘူး၊ နေပေါ့။ ငါကလည်း နင့်အကြောင်း ခေါင်းထဲ သိပ်မထည့်ပါဘူး၊ မဖြစ်သာလို့သာပါ။

အဲဒီညက ကျွန်မက သူမအကြောင်း ဖေဖေနဲ့မေမေကို စိတ်ပျက်လက်ပျက်ပြောပြဖြစ်ပါတယ်။ ပြီးတော့ အိပ်ရာဝင်မလို့ လုပ်တုန်း ဖုန်းတစ်ခုဝင်လာတယ်။ ရုံးက အလုပ်တစ်ခုကို တင်ဖို့ နောက်ကျနေလို့ ဦးစီးက ဖုန်းဆက်ပြီး ကြိမ်းတာပါ။ ဟုတ်သားပဲ ပရောဂျက်တစ်ခုကို အပြီးအချောသတ်တင်ပေးရမှာ ကျွန်မ လုံးဝကို မေ့သွားတာပါ။ နောက်ဆုံးတင်ရမယ့်ရက်ထက်တောင် ၂ ရက်နောက်ကျနေပြီ။ တစ်ခါမှ အလုပ်နဲ့ ပတ်သက်ပြီး နောက်ကျလို့ အပြောအဆိုမခံရဖူးတဲ့အတွက် ကျွန်မအရမ်းကို တှုပ်လှုပ်ခြောက်ခြားစွာ ဘယ်က ဘယ်လိုစကိုင်ရမှန်းမသိအောင် ဖြစ်သွားပါတယ်။

တော်သေးတယ်။ ဒီနေ့မှ ပရောဂျက်ဖိုင်ထည့်ထားတဲ့ memory stick ကို အိမ်အထိ သယ်လာမိလို့..။ ကျွန်မ စိတ်ပူစွာ ဆက်တိုက်လုပ်လိုက်ပါတယ်။ လုပ်သာလုပ်နေရတာ စိတ်ကလည်း ပူထူနေမိတယ်။ တကယ်ဆို ဦးစီးကယုံကြည်လို့ ခိုင်းတာကို အခုလို ဖြစ်သွားတော့ ရှေ့လျှောက် တက်လမ်းတော့ပိတ်ပြီပေါ့။

မနက်မိုးလင်းတဲ့အထိ ကျွန်မရဲ့အချောကိုင်တာက ပြီးမသွားပါဘူး။ စိတ်ပူနေတဲ့အတွက်လည်း အမှားအယွင်းတွေက များနေတော့ အချောသတ်လို့ မရခဲ့ဘူး။ ဒီအချိန်မှာပဲ အိမ်ရှေ့က ဘဲလ်တီးသံကြားလိုက်ပါတယ်။ သူမ..ပါ။ ကျွန်မက စိတ်ရှုပ်နေတာမို့ သူမကို သေသေချာချာ ပြောပြမနေတော့ပဲ “မလိုက်တော့ဘူး”ဆိုတာကိုပဲ လှမ်းအော်ပြောလိုက်ပါတယ်။

ခဏနေတော့ အိမ်ရှေ့တခါးမှာ သူမရောက်လာပြီး
“ငယ်ငယ်.. ငါ ၀င်ခဲ့မယ်နော်”
ကျွန်မ ပြန်မပြောဖြစ်ဘူး။ တံခါးတော့ ထဖွင့်ပေးလိုက်တယ်။ အပြင်ဖက်ကသူမက အိုဗာတင်း ဖျော်ရည်ခွက်လေးနဲ့ ပေါင်မုန့်ကြက်ဥကြော်လေးကို ကိုင်ရက်သားတွေ့ရတယ်။

“ဟိုလေ.. ညကတဲကငယ်ငယ်အခန်းက မီးလင်းနေတာ မနက်အထိဖြစ်နေတာဆိုတော့ ငယ်ငယ်တစ်ခုခု အလုပ်ရှုပ်နေတာ သိတယ်။ အခုထိ ဘာမှ မစားရသေးဘူးမို့လား။ ဒါလေး စားလိုက် အားရှိသွားအောင်”

ကျွန်မ သူမကို ဘာမှ မပြောနိုင်ခင်မှာပဲ.. သူမက ဆက်ပြောတယ်။ “စာရင်းဇယားတွေကို စစ်ရတာလောက်ဆိုရင် ငါ လုပ်ပေးရမလား။ ဟားဟား ငါ့ကို ယုံတယ်ဆိုရင်ပေါ့။ ငါ အီကိုနဲ့ ကျောင်းပြီးတာပါ။”

ဒါနဲ့ ကျွန်မကိုယ်ကျွန်မ သတိမထားမိခင်မှာပဲ သူမကို အားကိုးတကြီး အကူအညီတောင်းပြီး ဖြစ်သွားပါတယ်။ ကျွန်မ တညလုံး ခြာလည်လည်နေခဲ့တဲ့ ဒီအလုပ်ကို သူမက နာရီဝက်နဲ့ ပြီးအောင် အေးအေးဆေးဆေး စိစစ်ပြီး လုပ်ပေးခဲ့ပါတယ်။ အလုပ်လုပ်နေချိန်တလျှောက်လုံးလည်း သူမမျက်နှာလေးက အပြုံးပျက်မသွားဘူး။

“ငယ်ငယ်.. ကဲ ရေချိုး။ အလှပြင်တော့ အိပ်ချင်ရင် ကားပေါ်မှာအိပ်။ ငါ ကားမောင်းပေးမယ်။ အဟိ ဒီမှာကြည့် နင်မရယ်နဲ့နော်။ ငါက နင့်နဲ့သွားရမှာဆိုတော့ အတွဲညီအောင် ဒီ အင်္ကျီလေးပါ ၀ယ်ထားတာ။ ဒါလေးနဲ့ဆိုရင် နင်သဘောကျတယ်မို့လား”

ကျွန်မ ရင်ထဲမှာ ဖော်မပြတတ်အောင် လှိုက်လှဲစွာ ခံစားသွားရပြီး မျက်လုံးက မျက်ရည်တွေ စီးကျလာခဲ့တယ်။ သူမကိုလည်း တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပါတယ်။ “ငါ့ကို ခွင့်လွှတ်ပါဟာ။ ငါ အရမ်းမှားသွားပါတယ်”

“ဟားဟား ဘာလဲ ဘာလို့ငိုနေတာလဲ။ ဒီအကျီ ငါနဲ့လိုက်လားဆိုတာကို ပြောပါဆို”

ကျွန်မ သူမကို မျက်ရည်ထဲကပဲ ပြုံးပြလိုက်ရင်း “သိပ်လိုက်တာပေါ့ဟာ။ ဒီအကျီနဲ့တင် မဟုတ်ဘူး။ နင့်ရဲ့ အပြုံးနဲ့ နင့်ရဲ့စိတ်ထားလေးနဲ့ ဘယ်အကျီနဲ့မဆို သိပ်လိုက်ပါတယ်။
..........................................................

လသာည.. ခံစားရေးသည်။
မှတ်ချက်။ ။ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ကို အမှတ်တရ တင်လိုက်ပါတယ်။ မနက်ကမှ သူ့မွေးနေ့ကို သတိရလို့ ချက်ချင်းရေးတင်ဖြစ်သွားတယ်။

Sunday, August 16, 2009

စမ်းသပ်ခံလူသား

ချာလီCharlie Gordonဟာအသက်၁၇ ခုနှစ်ရှိပြီး IQ(ဥာဏ်ရည်) ၆၈ပဲရှိတဲ့ ဥာဏ်ရည်နိမ့် ကျပ်မပြည့်သူ လူငယ်လေးတစ်ယောက်ပါ။ သူ့မိဘတွေက သူ့ကို ဥာဏ်ရည်နိမ့်လို့ ဆိုပြီး မွေးပြီးကတဲက ပြစ်ထားခဲ့တဲ့အတွက် သူဟာ သူ့ဦးလေးနဲ့အတူ ကြီးပြင်းခဲ့ရပါတယ်။ သူအရွယ်ရောက်တော့လည်း ကျေးဇူးဆပ်တဲ့ အနေနဲ့ သူ့ဦးလေးရဲ့ အလုပ်ရုံမှာ တောက်တိုမယ်ရလုပ်ရပါတယ်။ သူဟာ ကျောင်းတအားနေချင်ရှာပေမဲ့ ကျောင်းတက်ခွင့်မရခဲ့ပါဘူး။

ချာလီဟာ ကိုယ့်ဘာသာ တိုးတက်ချင်စိတ် အရမ်းရှိတယ်။ ဒါကြောင့်လည်း ဥာဏ်ရည်နိမ့်သူတွေနေတဲ့ ကျောင်းကိုတက်ပြီး အရေးအဖတ်တတ်အောင် ကြိုးစားသင်ယူခဲ့တယ်။ အဲဒီကျောင်းက သူ့ဆရာမနာမည်က အဲလစ် (Alice Kinnian)တဲ့။ အဲလစ်ဟာ ငယ်ရွယ်ချောမောလှပတဲ့သူ မိန်းမချောလေးဖြစ်ပါတယ်။

တနေ့ပေါ့..။ အဲဒီတနေ့ဟာ ချာလီရဲ့ဘ၀ကို အသွင်ပြောင်းခဲ့တဲ့နေ့လို့ ဆိုလို့ရပါတယ်။

သိပ္ပံပညာရှင် နှစ်ဦး ဖြစ်တဲ့ Professor Nemur နဲ့ Doctor Straussဟာ ကြွက်ကလေး Algernonရဲ့ မှတ်ဥာဏ်ကို ပုံမှန်ထက်တက်အောင် လုပ်တဲ့ စမ်းသက်ချက် အောင်မြင်ခဲ့ပါတယ်။ ဒီတော့ သူတို့နှစ်ဦးဟာ တဆင့်တက်စမ်းသက်ချက် အဖြစ် လူသားတွေရဲ့ IQကို မြင့်အောင် လုပ်နိုင်မနိုင် စမ်းသပ်ဖို့ စီစဉ်ကြတယ်။ ဒီမှာ စမ်းသပ်ခံလူသားအဖြစ် ချာလီကို ရွေးကြပါတယ်။

အစတော့ ချာလီကြောက်ရွံစွာ တွေဝေခဲ့တယ်။ ချာလီကို စမ်းသပ်ခံလူသား အဖြစ် လက်ခံဖို့ သူ့ဆရာမ အဲလစ်က တိုက်တွန်းအားပေးခဲ့တယ်။

“ချာလီ ဒီစမ်းသပ်ချက်အောင်မြင်ခဲ့ရင် မင်းဖတ်ချင်တဲ့ စာတွေ မင်းဖတ်လို့ရပြီလေ၊ တွေးကြည့်စမ်း၊ ပျော်စရာ မကောင်းဘူးလား”

တကယ်ဆို အဲလစ်ရဲ့ စကားထဲမှာ မအောင်မြင်ခဲ့ရင်..ဆိုတဲ့ စကားလုံး မပါခဲ့ဘူး။ နောက်ဆုံးတော့ ချာလီဟာ သူ့ဆရာမလေးရဲ့ စကားအတိုင်း သူနာခံခဲ့ပါတယ်။

သူကံကောင်းခဲ့တယ်ထင်တယ်။ စမ်းသပ်ချက်က အောင်မြင်သွားခဲ့ပါတယ်။ ၃ လ အတွင်း သူ့ရဲ့ IQ ဟာ ၁၈၅ အထိ ရောက်ခဲ့ပါတယ်။ (ကြော်ငြာ။ ။ IQ သတ်မှတ်ချက်အကြောင်းကို အောက်ဆုံးမှာ ရေးထားတယ်နော်။ :P)။

ပျော်စရာကြီးပါ။ သူဖတ်ခဲ့ချင်တဲ့ စာတွေကို သူခဏလေးအတွင်း ဖတ်နိုင်ခဲ့တယ်။ သူလုပ်ချင်တဲ့ သူလေ့လာချင်တဲ့ဘာသာရပ်တွေကို သူက ခဏလေးအတွင်း တတ်မြောက်ခဲ့ပါတော့တယ်။ သူမှာ ပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါပြီ။ သူ့အနာဂတ်က တောက်ပနေပြီပေါ့။

ဒါပေမဲ့ ဘ၀ ကြီးက အဲလို လွယ်လွယ်ကူကူ ကြိုတင်ခန့်မန်းလို့မရပါခဲ့ဘူး။ သူရဲ့ ဥာဏ်ရည်ကောင်းလာခြင်း၊ ပညာပိုတတ်လာခြင်းဟာ ပတ်ဝန်းကျင်ကလူတွေနဲ့ သူ့ကို ခွဲထုတ်သလို ဖြစ်လာခဲ့ပါတယ်။


သူတစ်ယောက်ဥာဏ်ရည်နိမ့်ကျနေစဉ်က နှိမ်ချပြီး အစေအပါးလို ပြောင်လှောင်ခဲ့သူတွေဟာ အခုအချိန်မှာ သူ့ကို ပညာရှင်တစ်ယောက်အနေနဲ့ မဆက်ဆံလိုကြပါဘူး။
လူလူသူသူနေရာပေးရမှာကို သူတို့ကြောက်ကြတယ်။ သူ့ကို အရင်လိုပဲ လူနုံလူအ အသွင်ပဲ ဆက်ဆံလိုတယ်။ ဆက်ဆံခွင့် မရရင် သူ့ကို ရှောင်ခွာသွားကြပါတော့တယ်။

တချိန်က သူ့ကို သနားလို့ဆိုပြီး ပေးကမ်းခဲ့သူအချို့ က လည်း သူလူလူသူသူ ဖြစ်သွားချိန်မှာ တချိန်ကကျေးဇူးတွေကိုတင်ပြပြီး သူ့ဥာဏ်ရည်ကို အသုံးချသွားတာက လွဲရင်
သူ့ကို အရင်လို မနွေးထွေးကြတော့ဘူး။

သူသိသလို မသိတဲ့သူတွေကြားထဲမှာ သူဟာ ရပ်တည်ရခက်လာခဲ့ပါတယ်။
မွန်းကျပ်တဲ့ ခံစားချက်က နေ့တိုင်းရှိလာခဲ့တယ်။ သူရဲ့စွမ်းရည်အပေါ် တိုက်ခိုက်မှုများစွာက ဆက်တိုက်ဖြစ်လာခဲ့တယ်။ သူ့ဆရာမ အဲလစ်နဲ့တောင် သူအဆင်မပြေဖြစ်လာခဲ့ပါတယ်။ စိတ်ပြေလက်ပျောက်သဘောနဲ့ Lillmanဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်မိသေးတယ်။

တနေ့မှာတော့ သူ့ရဲ့ ကျေးဇူးရှင် သိပ္ပံပညာရှင် ပါမောက္ခ Nemurနဲ့ တွေ့တယ်။
ပါမောက္ခ Nemurဆီမှ သတင်းဆိုးတစ်ခုကို သူကြားခဲ့ရတယ်။ သူ့အရင် စမ်းသပ်ခံ Algernon ကြွက်ကလေးဟာ ပြုပြင်ထားတဲ့ IQကနေ ပြန်လျော့ကျသွားပြီး သေဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းပါ။

ချာလီဟာ တုန်လှုပ်လွန်းပြီး စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး။

“ဒါဆိုရင် ငါရော.. ငါကရော..”

သူ့ကို
ဥာဏ်ရည်နိမ့်လို့ ဆိုပြီး မွေးပြီးကတဲက ပြစ်ထားခဲ့တဲ့ မိဘတွေကိုလည်း ချက်ချင်း ပြန်ရှာခဲ့တယ်။

“မေမေ သားပါမေမေ။ ချာလီပါ။ သားကို မှတ်မိလားဟင်”


မင်းဟာ ငါ့သားမဟုတ်ဘူး မင်းထွက်သွား”


သူ့ဖေဖေသည်လည်းကောင်း၊ သူရဲ့ တစ်ဦးတည်းသော နှမလေးသည် လည်းကောင်း သူ့ကို အသိအမှတ်မပြုခဲ့ပါဘူး။


နောက်ဆုံးတော့ သူဟာ ပါမောက္ခ Nemurဆီကို သွားပြီး သူ့ကို မူရင်း ဘ၀လေးကို အမြန်ဆုံးပြန်ရောက်အောင် လုပ်ပေးဖို့ ပြောခဲ့ပါတယ်။

“ကျွန်တော့ကို IQ ၆၈ ဆိုတဲ့ အဆင့်ကိုပဲ ပြန်ပို့ပေးပါခင်ဗျာ။ အဲဒီတုန်းက ဘ၀လေးကို ပြန်ပေးပါခင်ဗျာ”
ဒါပေမဲ့ ပြန်ဆုတောင်းစရာ မလိုအောင်ပဲ အဲဒီအချိန်ဟာ တဖြေးဖြေး ရောက်လာခဲ့ပါတယ်။ ပါမောက္ခ Nemur က ဘာမှ ပြန်လုပ်ပေးစရာမလိုခဲ့ဘူး။ ဥာဏ်ရည်တွေ လျော့ကျလာတာကြောင့် လူနုံလူအ အသွင် ပြောင်းလာတဲ့ သူ့ရဲ့ အပြုအမူ အကျင့်တွေဟာ သူ့ရဲ့လက်ရှိချစ်သူ Lillmanကို ကြောက်ရွံစွာ သူ့နားက စွန်ခွာသွားစေခဲ့ပါတယ်။

ချာလီကတော့ ၀မ်းမနည်းတော့ပါဘူး။ သူ့ဥာဏ်ရည်ဟာ နိမ့်ကျသွားပေမဲ့ သူ့စိတ်ဓါတ်ကတော့ ရင်ကျက်သွားခဲ့ပြီလို့ ပြောလို့ရပါတယ်။

သူ့ဟာ တချိန်တခါတုန်းက စမ်းသပ်ခံဥာဏ်ရည်ကို ရခဲ့တဲ့ အကြောင်းကို မမေ့ခဲ့ပါဘူး။ သူ့အပေါ်သဘောထားပြောင်းလဲခဲ့တဲ့ လူတစ်ချို့အကြောင်းကိုလည်း မမေ့ခဲ့ပါဘူး။

သူ့ရဲ့ဆင်ခြင်ဥာဏ်ထဲကရလာတဲ့ အသိတွေနဲ့အတူ သူအမြဲ ရေရွတ်နေတာကတော့

“...ဘယ်အရာမှ မမြဲဘူး။ လောကကြီးမှာ ဘယ်အရာမှ မမြဲဘူး။ ဒါကြောင့် လူတွေရဲ့ သဘောထားမမြဲတာဟာ သဘာဝပဲ၊ ဒါဟာခွင့်လွှတ်သင့်တယ်။ ဒီအသိကို ငါသိခွင့်ရအောင် ဘ၀နဲ့ရင်းပြီး ရှေ့ကနေ လမ်းပြသွားတဲ့ ကြွက်ကလေးကို ငါကျေးဇူးတင်ပါတယ်။ ကြွက်ကလေး ရဲ့ အုတ်ဂူကို တွေ့ရင် ငါ့ကို လာပြောကြပါ။ ငါပန်းစည်းတစ်စည်းလောက် ချပေးချင်လို့ပါ................”

လသာည.. ပါ။

မှတ်ချက်။ ။ မှတ်ဥာဏ်အကြောင်းနဲ့ ပတ်သက်ရင် နာမည်ကြီးတဲ့ ၀တ္တူ flowers for Algernonကို ဘာသာပြန်ထားပါတယ်။ စာရေးဆရာ Daniel Keyesပါ။ (IQ ရဲ့သတ်မှတ်ချက်ကို သိပ်နားမလည်တဲ့သူငယ်ချင်းလေးများအတွက် ကြော်ငြာဝင်ပါတယ်။ စိတ်မရှိနဲ့နော်။ :P။ သာမာန်လူတစ်ဦးအတွက် ပျမ်းမျှအဖြစ်သတ်မှတ်ထားတဲ့ IQဟာ ၉0မှ ၁၀၉ကြားပါ။ ၈၀-၈၉ ဆိုရင် ဥာဏ်ထိုင်းသူ၊ ၇၀-၇၉ ဆိုရင် ဥာဏ်ရည် ချို့ ယွင်းသူ၊ ၇၀ အောက်နိမ့်ရင် ကျပ်မပြည့်သူ။ အပေါ်ကို ပြန်တက်ကြည့်ရင် ၁၁၀-၁၁၉ ဆိုရင် ဥာဏ်ကောင်းသူ၊ ၁၂၀-၁၄၀ ဥာဏ်ရည်တော်တော် ထက်မြက်သူ၊ ၁၄၀ ကျော်ရင်တော့ Genius or almost geniusပါ။)