Sunday, May 19, 2013

တကယ်ဆို ကျွန်မက လူမိုက်ပါ

တိုကျို တက္ကသိုလ် Todaimae stationရဲ့ လက်မှတ်ထွက် အပေါက်နားမှာ မည်သူမဆို ၀င်ရောက်နားနေနိုင်ပြီး၊ ဖတ်ရှူနိုင်ဖို့ထားတဲ့ စာအုပ်စင်လေးလည်း ရှိပါတယ်။  စာကြည့်ဖို့ စားပွဲလေးနဲ့ ထိုင်ခုံလေးတွေလည်း ထားပါတယ်။ ကျွန်မ ကျောင်းကနေ အဆောင်အပြန် သူငယ်ချင်းတစ်ယောက်ကို ထိုင်စောင့်ရင်း အဲဒီမှာ စာဖတ်လေ့ရှိပါတယ်။ တခါတလေလည်း ထိုင်ခုံလေးမှာ ထိုင်ရင်း အဲဒီနားက နံရံအပြည့် ရေးချယ်ထားတဲ့ ပန်းချီကားကြီးကို လှမ်းကြည့်မိလေ့ ရှိတယ်။ အဲဒီ ပန်းချီကားကြီးထဲမှာ လူများစွာကို စရိုက်များစွာနဲ့ ဆွဲထားတာဆိုတော့ တစ်ဦးချင်းစီကို ကြည့်ရတာ စိတ်ဝင်စားဖို့ တအားကို ကောင်းပါတယ်။ လူတစ်ဦးချင်းစီရဲ့ စရိုက်ကို သေချာလိုက်ကြည့်ရင်း၊ ကြည့်လို့ မပြီးနိုင်ပဲ ဖတ်လို့ မပြီးနိုင်တဲ့ စာအုပ်တစ်အုပ်လို့ နေ့တိုင်း ကြည့်မ၀၊ ဖတ်မပြီး ဖြစ်ခဲ့ရပါတယ်။

အဲဒီ ပန်းချီ (Painting) က Pieter Bruegel ရဲ့ ပန်းချီ ဖြစ်လိမ့်မလားလို့ တွေးရင်း ပန်းချီဆရာလက်မှတ်ကို ရှာခဲ့ပေမယ့် ကျွန်မ တွေ့အောင် မရှာနိုင်ခဲ့ပါဘူး။
.............................................................

Pieter Bruegelရဲ့ Paintingsတွေ ထဲမှာ ကျွန်မအခုထိ ဖတ်လို့မပြီးနိုင်တဲ့ ပန်းချီကားတစ်ခုရှိပါတယ်။ လူမိုက်တွေအကြောင်း ဆွဲထားတာပါ။ အဲဒါက အောက်က ပန်းချီကားပါ။ Pieter Bruegelက ပုံထဲက လူတစ်ယောက်စီအတွက်  အဆိုအမိန့် Proverb တွေ ရေးထားတဲ့အတွက် လိုက်လံကြည့်ရင်း စိတ်ဝင်စားစွာ ပန်းချီကားထဲမှာ အကြိမ်များစွာ နစ်မြောနေခဲ့ဖူးပါတယ်။

ပန်းချီကားထဲမှာ  လူမိုက်ပေါင်းများစွာရှိတယ်။ အဲဒီအထဲက လူမိုက်ကြီး ခြောက်ယောက်အကြောင်းကို ဖော်ပြထားပုံကို ကျွန်မအထူး စိတ်ဝင်စားမိပါတယ်။

လူမိုက်ကြီး (၆) ယောက်

အရင်ဆုံး စိတ်ဝင်စားမိတဲ့ လူမိုက်ကြီး နံပါတ် (၁)က တော့ အထက်ဖော်ပြပါပုံရဲ့ အောက်ခြေအလယ်နားမှာ လူတစ်ယောက် ၀က်တွေကို (၀က်တွေပဲ ခေါ်ကြပါစို့) နှင်းဆီပန်းပွင့်လေးတွေ ချပေးနေတာကို တွေ့ရပါတယ်.။ အဲဒီလူအတွက်  ပန်းချီဆရာရဲ့ အဆိုအမိန့်က "Throwing rose before swine" ပါတဲ့။


တကယ့်မူရင်းအဆိုအမိန့်က Bible ကလာတာပါ။ Don't throw pearl before swine ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ပုလဲလို တန်ဖိုးရှိတဲ့အရာတွေကို ၀က်ရှေ့ ပစ်ချမပေးပါနဲ့။ ပုလဲဆိုတာ ၀က်နဲ့ ဘာမှမဆိုင်ဘူး၊ ၀က်အတွက်အသုံးမ၀င်ပါဘူးတဲ့။ ပြောချင်တာကတော့ တဖက်သားအတွက် တကယ်အသုံးဝင်ရဲ့လား၊ သူကတကယ် တန်ဖိုးထားမှာလားဆိုတာကို မစူးစမ်းပဲ ကိုယ့်ရဲ့အချိန်တွေ၊ အင်အားတွေ ပေးနေသူတွေဟာ လူမိုက်ပါတဲ့။

အဲဒါကို Pieter Bruegelက ပုလဲအစား နှင်းဆီပန်းနဲ့ အစားထိုးသုံးထားတယ်လို့ ယူဆရပါတယ်။ သင်းပျံမွှေးကြိုင်ပြီး သိပ်ကို လှပတဲ့ နှင်းဆီပန်းလေးတွေကို တယုတယ တန်ဖိုး ထားမယ့် သူတွေကို မပေးပဲ၊ တန်ဖိုးကို မသိတဲ့ ၀က်တွေကို ပေးနေသူဟာ လူမိုက်ပါပဲလို့ ဆိုလိုချင်တာပါ။ မဆိုးပါဘူး တစ်ခုတော့ ရှိတယ်။ ပုံထဲက ၀က်တွေကတော့ ပုလဲတွေကို စိတ်မ၀င်စားဘူးဆိုတာ ဖြစ်နိုင်ပေမယ့် နှင်းဆီပန်းကိုတော့ အနည်းအကျင်း စိတ်ဝင်စားပုံပါပဲ..။


လူမိုက်ကြီး နံပါတ် ၂ ကတော့ မြစ်လယ်ခေါင်မှာ ကူးခတ်နေတဲ့ လူတစ်ယောက်ပါ။ သူ့ပုံစံကြည့်ရတာ တစ်ခုခု အကူအညီတောင်းနေသလိုပဲ။ သူ့အတွက် အဆိုအမိန့်ကတော့ "swimming against the tide" တဲ့။ ဒီရေ ရေစီးချောင်းကို အတည့် ဆန်ကူးနေသူတစ်ဦး ပါ။ ပန်းချီဆရာ ဆိုလိုတာကတော့ ဒီရေဆိုတာ ပတ်ဝန်းကျင်က လူအများကို ဆိုလိုတာပါတဲ့။ ပတ်ဝန်းကျင်က လူတွေလုပ်သမျှ အမှားတွေ၊ ငါလုပ်တာကမှ အမှန်ကွလို့ အများကို ဆန်ကျင့်ဂွတိုက်ရင်း အားအင်ရှိပေမယ့် နောက်ဆုံးမှာဘ၀ဆုံးရှူံးသွားရတဲ့.. ခေါင်းမာတဲ့ လူတစ်ယောက်ဟာ လူမိုက်ပါလို့ ဆိုလိုချင်ပုံပါပဲ။


နောက်လူမိုက်ကြီး နံပါတ် ၃ပုံကတော့ နံရံကို ခေါင်းနဲ့တွန်းတိုက်နေတဲ့ လူတစ်ယောက်နဲ့ ပတ်သက်ပါတယ်။"Banging his head against wall" ပါ။  ဒီလူမိုက်ကတော့ ဘယ်လောက် ကြိုးစားကြိုးစား ဘာအကျိုးရလာဒ်မှ မရှိတဲ့အဖြစ်ကိုမသိပဲ အစွမ်းကုန် ကြိုးစားလုပ်နေသူပါ။ ကိုယ့်ကြိုးစားမှုဟာ အချည်းနှီးပဲ၊ အချိန်တွေကုန်သွားရုံပဲ.. ဆိုတာတောင် မသိတဲ့သူ. အဲဒါ တကယ်ပဲ လူမိုက်ပါလို့ ပန်းချီဆရာက ပြောချင်နေတယ် ထင်ပါရဲ့.။


နောက်ပုံက ပိုလို့တောင်စိတ်ဝင်စားစရာ ကောင်းသေးတယ်။ ပန်းချီကားရဲ့ လက်ယာ အပေါ်ဘက်နားမှာ လူတစ်ယောက်က ပိုက်ဆံတွေကို မြစ်ထဲသွန်ချနေတာကို တွေ့ရပါလိမ့်မယ်။ ကိုယ်ကြိုးစားရှာဖွေသမျှကို မြစ်ထဲသွန်ချနေတဲ့ လူမိုက်ပေါ့။ မြန်မာစကားပုံတစ်ခုဖြစ်တဲ့ သဲထဲရေသွန် နဲ့ ခပ်ဆင်ဆင်ပေါ့နော်။ ကြိုးစားသမျှ အရာမထင် အချည်းနှီးဖြစ်သွားအောင် လုပ်နေတဲ့ လူမိုက်ကြီးပေါ.။


နောက်လူမိုက်ကတော့ မြစ်နားမှာ ငါးရှဥ့်အမြီးကို ဖမ်းနေတဲ့ လူပါပဲ။ သူ့အတွက် အဆိုအမိန့်ကတော့ "An eel caught by the tail is only half caught" တဲ့။ ငါးရှဥ့်ကို အမြီးကနေ ဖမ်းမိတာဟာ တကယ်မိပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ မိပြီလို့ ၅၀%ပဲ ပြောနိုင်သေးတာပါ။ အချိန်မရွေး ကိုယ့်လက်ကနေ ထွက်သွားမယ့် အရာအတွက် ငါပိုင်ပြီလို့ မတွေးသင့်ဘူးတဲ့။

နောက်ဆုံးလူမိုက်ကတော့ ပန်းချီကားရဲ့ လက်ဝဲဘက်က လူတစ်ယောက်ပါပဲ။ သူကတော့ အနားက ကြက်ကို  လက်နဲ့စမ်းရင်း ဒီကြက်တွေကနေ ငါ ကြက်ကလေး ဘယ်နှစ်ကောင် ထပ်ရမလဲဆိုပြီး မပေါက်လာသေးတဲ့၊ ဒီထက် ပိုပြောရရင် ဥတောင် မဥရသေးတဲ့ ကြက်ဥတွေကို စိတ်ကူးယဉ်ပြီး နောက်ဆို ငါ့မှာ ကြက်ကလေး ဘယ်နှစ်ကောင်ရှိမှာလို့ ရေတွက်နေသူပါ။ တော်တော် မိုက်တဲ့လူမိုက်ပါ...
...............................................

တကယ်ဆို .. ကျွန်မလည်းပဲ လူမိုက်ပါပဲ။

ကျွန်မလေ..  ကိုယ့်အတွက် တန်ဖိုးရှိတဲ့အရာတွေဟာ သူများတွေအတွက်လည်း တန်ဖိုးရှိလိမ့်မယ်လို့ထင်ပြီး ၀က်တွေရှေ့နှင်းဆီပန်း ချပေးသလိုမျိုး ခဏခဏ လုပ်ဖူးခဲ့တယ်။ ကျွန်မဟာ လူမိုက်ပါ။

ကျွန်မလေ.. ကျွန်မသိတဲ့ လူအများက ဒီအယူအဆ မှန်တယ်လို့ ဆိုနေတာကို ဒါဟာ မှားနေတယ်လို့ သက်သေပြချင်စိတ်ကြောင့် စိတ်ရောလူရော ပင်ပန်းခဲ့ရဖူးတယ်။ ကျွန်မဟာ လူမိုက်ပါ။

ကျွန်မလေ.. ကျွန်မရှေ့မှာ နှစ်ရှည်လများ စွဲမြဲခိုင်ခံ့နေတဲ့ ပိတ်ထားတဲ့အရာတွေကို မတောက်တခေါက် ပညာလေးနဲ့၊ ရှိသမျှ ခွန်အားနဲ့ မကြာခဏ ကြိုးစားပြီး တွန်းဖယ်နေမိခဲ့တယ်။ မဖြစ်နိုင်ဖူး ဆိုတာ သိလျှက်နဲ့လေ...။ တကယ်ပဲ ကျွန်မဟာ လူမိုက်ပါ။

ကျွန်မလေ.. ကြိုးစားသမျှ အရာမထင်နိုင်တာတွေကို သိထားရဲ့နဲ့လည်း အရာထင်လိုထင်ငြားဆိုပြီး ကြိုးစားလိုက် သွန်ချလိုက်နဲ့ လုံးခြာလည်နေခဲ့တာပါ။ တကယ့် လူမိုက်ကြီးပါပဲ။

ကျွန်မလေ.. ငါးရှဥ့်ကို အမြီးက ဖမ်းမိထားတာလေးကို ဘယ်တော့မှ မလွတ်တော့ဘူးလို့ ထင်တဲ့လူမိုက်လိုပဲ ကိုယ့်ရထားတဲ့ ရာထူး/ စည်းစိမ်/ နေရာတစ်ခုဟာ ကိုယ်အပိုင်ပဲ တွက်ထားမိထားခဲ့တာလည်း အခုထိပါပဲ။ ကျွန်မထက် ပိုမြင့်တဲ့သူတွေတောင် မကြာခဏ သူတို့ရဲ့ ငါးရှဉ်တွေ လွတ်လွတ်သွားတာကို မြင်ထားရက်နဲ့လေ။ တကယ်ပါ.. ကျွန်မက လူမိုက်ပါ။

ကျွန်မလေ.. ရှေ့အနာဂတ် ဘာဖြစ်မလဲ မသိဘဲနဲ့လည်း  လက်ရှိဘ၀မှာ ထိုင်နေရင်း ဘယ်လောက်နေရင် ရာထူးတိုးလိမ့်မယ်၊ ဘယ်တော့ကျရင် ငါ လစာတိုးတော့မယ် စသည်ဖြင့် မပိုင်ကြက်မွေး လုပ်နေမိတာ အခုထိပါ။ ဘယ်လိုမှ မငြင်းနိုင်အောင် ကျွန်မက လူမိုက်ပါ။
ဟုတ်ကဲ့... လူမိုက်ကြီး လသာည ဖြစ်ပါတယ် ရှင်။
References: Pieter Bruegel's paintings, Oil on oak panel,Staatliche Museen zu Berlin - Gemaldegalerie, Berlin

Wednesday, May 15, 2013

သိစိတ်ကို ဖမ်းမယ့် ဆော့ဖ်ဝဲ

photo: http://nuclearfissionary.com/
တကယ်ဆို ဒီဘာသာကို ကျွန်မ လေ့လာဖို့ မသင့်ခဲ့ပါ..။

ပရိုတွန် (proton)၊ အီလက်ထရွန် ( electron)၊ နယူထရွမ် (neutron) ဆိုပြီးတော့ စသိခဲ့ရတဲ့ အက်တမ်များရဲ့ဖွဲစည်းပုံများအကြောင်း....။ စသိခဲ့တဲ့ အထက်တန်းကျောင်းသူဘ၀တုန်းကတော့ အမှုမဲ့ အမှတ်မဲ့ပါပဲ..။ အခုနှစ်ပိုင်းတွေထဲမှာမှ နယူထရွမ်လေးများအကြောင်းကို ကျွန်မပိုစိတ်ဝင်စားလာမိပါတယ်။ ကြီးမားတဲ့ ပေါက်ကွဲမှုတွေကို ဖြစ်စေတဲ့ နယူးကလီးယား စွမ်းအင်တွေဟာ တကယ်တော့ နယူထရွန်လေးတွေ ရွေ့လျားမှုကြောင့်ဖြစ်ရတာ မဟုတ်လား..။

မြင်သာအောင် ပြောပြရရင် အက်တမ်တစ်ခုမှ နယူထရွန်လေးအဖြစ် ခွဲထုတ်လိုက်တဲ့အခါ ရလာလာချင်း နယူထရွန်ကို fast neutron လို့ ခေါ်ပြီး သူရွေလျားမှုကြောင့် ဖြစ်လာတဲ့ စွမ်းအင်က 1 MeV (Million Electron Volts) ဖြစ်တယ်။ အဲဒီ စွမ်းအင်က နယူထရွန်လေးက တစ်နာရီမှာ မိုင်သန်းပေါင်း ၃၁.၃ နှုန်းနဲ့ ရွေ့လျားနေတဲ့ပမာဏဖြစ်ပါတယ်။ အင်မတန်မှ လျင်မြန်တဲ့ နှုန်းနဲ့ ရွေ့လျားနေတာပေါ့..။

အဲဒီ နယူထရွန်ရွေ့လျားမှုက စိတ်ပညာ ဘာသာရပ်ထဲက ကျွန်မလေ့လာနေသော “လူ၏စိတ်နေစိတ်ထားနှင့် ဦးနှောက်လုပ်ငန်းစဉ်များအကြောင်း” လေ့လာချက်နဲ့ အလွန်အမင်း ဆက်နွယ်လာလိမ့်မယ်လို့ မထင်ခဲ့မိပါ။

တနေ့တော့ ပရော်ဖက်ဆာ ရာမမိုတိုက လူတွေ၏ မသိစိတ်နဲ့ သိစိတ်ပြောင်းလဲမှုကို ခွဲခြမ်းစိတ်ဖြာလို့ ရကြောင်း၊ ဆော့ဖ်ဝဲတစ်ခုကို သုံးပြီးရှာရတာ ဖြစ်ကြောင်း၊ အဓိကကတော့ သိစိတ်နယူထရွန်လေးများ ရွေ့လျားမူကို လေ့လာခြင်း ဖြစ်ကြောင်း ရှင်းလင်းသင်ကြားပါတယ်။ ပရော်ဖက်ဆာ၏ ဦးနှောက်နယူထရွန် သီအိုရီအရ လူများ၏ သိစိတ်နဲ့ မသိစိတ်က အလှည့်ကျဖြစ်နေတာ ဖြစ်ပါတယ်။ ဥပမာ.. မိမိရှေ့မှ သူငယ်ချင်းက ပြောလာတဲ့စကားတွေကို ကိုယ်က နားထောင်တဲ့အခါ ကိုယ်ကတော့ တောက်လျှောက် ကြားရသလို ထင်မှတ်ရပေမယ့် တကယ်က ကြားတာကို သိတဲ့နယူထရွန်နဲ့ မသိစိတ်နယူထရွန်လေးတွေ အလည့်ကျဖြတ်သန်းသွားနေခိုက် နယူထရွန်လေးတွေက ရွေ့လျားတာ လျင်မြန်လွန်းတာမို့ တောက်လျှောက်ကြားနေရသလို ထင်ရတာ ဖြစ်ပါတယ်။ ၎င်းကို အနုစိတ်တွက်ချက်ပေးတဲ့ ဆော့ဖ်ဝဲ တစ်ခုကို အခု တီထွင်နိုင်ခဲ့ပြီ ဆိုပဲ။

 သိစိတ်တွေကို လိုက်ဖမ်းမယ့် ဆော့ဖ်ဝဲ..တဲ့..။

အဲဒီတွေ့ရှိချက်က ကျွန်မကို မိုက်မဲတဲ့ ကြိုးစားမှုတစ်ခုကို အစပြုဖို့ နိုးဆွပေးတဲ့ အချက်ပဲဖြစ်ခဲ့ပါတော့တယ်..။

Friday, October 19, 2012

အခမ်းနားဆုံး လက်ခုပ်သံများ

တခါက ဖေဖေခြင်က သားခြင်လေး ပထမဆုံး ပျံသန်းမှုခရီးရဲ့ ရင်ခုန်သံစဉ်ကို မေးခဲ့သတဲ့..။
ဒီတော့ သားလေးက စိတ်လှုပ်ရှားပျော်ရွှင်သံနှင့် ဒီလိုပြန်ပြောခဲ့တယ်..

"ဒီနေ့လို စိတ်လှုပ်ရှားစရာ ကောင်းတာမျိုး မတွေ့ဖူးခဲ့ဘူး ဖေဖေ၊ သားပျံသန်းရာ လမ်းတစ်လျှောက် လူအားလုံးက လက်ခုပ်ဖြောင်းဖြောင်းတီးလို့ တခဲနက် အားပေးခဲ့ကြတယ်လေ။"

...................................
ကျွန်မရဲ့ သူငယ်ချင်းတွေရော..
 ခြင်လေးလို လက်ခုပ် ဖြောင်းဖြောင်းတီးပြီး အားပေးခံရတာမျိုး ကြုံဖူးလား ဟင်.. /('-')\


 ................................................................................

Friday, July 27, 2012

ယုံကြည်ချက်မှ တဆင့်


Pygmalionဆိုတဲ့ ဝေါဟာရကတော့ ဂရိစကားဖြစ်ပါတယ်။ ပုံပြင်လေးတစ်ခုမှ စတယ်။ ပုံပြင်အရ ဘယ်မိန်းမကိုမှ စိတ်မ၀င်စားတဲ့ ပန်းပုသမားလေး Pygmalion ဟာ သူကိုယ်တိုင် ထုစစ်ထားတဲ့ ရုပ်ထုလေးအပေါ်မှာ မေတ္တာသက်ဝင်မိသွားခဲ့တယ်။ နေ့စဉ်နဲ့အမျှ စွဲလန်းတမ်းတနေတဲ့ သူရဲ့စွဲလန်းယုံကြည်မှုအပေါ် ဘုရားသခင်က ဂရုဏာသက်သွားတဲ့အတွက် နောက်ဆုံးမှာ သူရဲ့ရုပ်ထုကို လူဘ၀အသက်သွင်းပေးလိုက်ခြင်းဖြင့် ပျော်ရွှင်စွာ ဇာတ်ပေါင်းသွားလေသတည်းပေါ့။

ဂရိပုံပြင်ထဲမှ Pygmalion ပန်းပုသမားနာမည်ကိုယူပြီး စိတ်ပညာဗေဒမှာ Pygmalion effectsလို့ဆိုတဲ့ ဝေါဟာရကို စတင်သုံးစွဲခဲ့သူက အမေရိကန် စိတ်ပညာရှင်Mr.Robert Rosenthal ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ တစ်စုံတစ်ယောက် အပေါ်ထားတဲ့ မင်းရဲ့ ယုံကြည်ချက်ဟာ အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်စေပါတယ်။ ၎င်း ကို စိတ်ပညာအခေါ်နဲ့ Pygmalion effectsလို့ ခေါ်တယ်။စိတ်ပညာရှင် Mr.Robert လုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ကျောင်းတစ်ကျောင်းမှာ စာမေးပွဲတစ်ခုစစ်လိုက်တယ်။ မစစ်ခင် တပတ်လောက်မှာ တချို့ကျောင်းသားတွေကို တွေ့ဆုံပြီး ဒီလိုပြောလိုက်တယ်။

“ကလေးတို့။ မင်းတို့ကို အသိပေးစရာရှိတယ်။ ဦးက (Researcher Mr. Robertက) ဒီစာမေးပွဲကို ဘယ်သူတွေ ဖြေဆိုနိုင်မယ်လို့ ထင်ပါသလဲလို့ မင်းတို့ အတန်းပိုင်ဆရာကို မေးတော့ မင်းတို့ဆရာက ဒီစာမေးပွဲကို သေချာပေါက် အမှတ်ကောင်းကောင်းနဲ့ ဖြေဆိုနိုင်မယ်သူဟာ မင်းတို့ပါ .. လို့ ပြောပြတယ်။ မင်းတိုလို ကလေးတွေရှိတဲ့အတွက် မင်းတို့ ဆရာကတော့ ဂုဏ်ယူလို့ မဆုံးအောင်ပါပဲကွာ။ ကဲ..ကဲ ကြိုးစားဖြေကြနော်။ ”

တကယ်တော့ အတန်းပိုင်ဆရာကို ဘာမှ မေးထားတာမဟုတ်ခဲ့ပါဘူး။ စာမေးပွဲက နည်းနည်းခက်လို့ စာမေးပွဲ ဖြေချင်အောင် စိတ်ပညာရှင်က အကွက်ဆင်လိုက်တဲ့ စကားလုံးလေးတွေပါ။

ဒီနောက် စာမေးပွဲကို ဖြေဆိုပြီးဆုံးပြီး ရလာဒ်တွေကို အမှတ်စစ်ခဲ့တယ်။
ခေါ်တွေ့တဲ့ ကျောင်းသားတွေနဲ့ ခေါ်မတွေ့တဲ့ ကျောင်းသားတွေရဲ့ ရလာဒ်ကို ယှဉ်ကြည့်လိုက်တယ်။ သူ မရဲတရဲ မျှော်လင့်ထားတဲ့ ရလာဒ်တစ်ခုကို အံ့သြဖွယ်ရာ တွေ့ရလို့ စိတ်ပညာရှင်ကြီး ပျော်ရွှင်သွားခဲ့တယ်။

သူက ခေါ်တွေ့တဲ့ ကျောင်းသားအများစုဟာ တကယ်ပဲ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်တာကို တွေ့ရတယ်။ ခေါ်တွေ့ပြီး မပြောခြင်းမခံခဲ့ရတဲ့ ကလေးတွေ (တနည်းပြောရရင် ဆရာရဲ့ ယုံကြည်ချက်ကို မရတဲ့ကလေးတွေ)ဟာ ပုံမှန် ယခင့်ယခင် စာမေးပွဲတွေအတိုင်း ရလာဒ် မပြောင်းမလဲ ရှိနေခဲ့တာကို တွေ့ခဲ့ရတယ်။

ဒါဆို ယုံကြည်ခြင်းခံရတဲ့ကလေးတွေဟာ အရည်အချင်းတွေ တက်လာပြီး၊ မခံရတဲ့ကလေးဟာ အရည်အချင်းတွေကျသွားတာလား။ တကယ်တော့ အရည်အချင်းက ဒီလောက် ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ အခြားသူတစ်ဦးတစ်ယောက်ရဲ့ ယုံကြည်ချက်ကို ရလိုက်တဲ့ အခါ ကျွန်မတို့ လူသားတွေဟာ ကိုယ်အားဥာဏ်အားရှိသ၍ အားထုတ် ကြိုးစားကြလို့သာ ဖြစ်ပါတယ်။

အခြားသူရဲ့ ယုံကြည်ချက်က ကာယကံရှင် ကို တွန်းအား ပေးနိုင်ပါတယ်။

လက်တွေ့နယ်ပယ်မှာ ဆရာက တပည့်ကို ၊ မိဘက သားသမီးကို၊ အကြီးအကဲက လက်အောက်ငယ်သားကို၊ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ကိုယ့်စိတ်ကြိုက် ကြိုးစားစေချင်တဲ့အခါ အများကြီး အားထုတ် ဆုံးမစရာမလိုပါဘူး။ သူကို အားပေးတဲ့အနေနဲ့ သူ့ကြိုးစားမှုကို အသိအမှတ်ပြုပြီး ယုံကြည်ချက်ကလေး ပေးလိုက်ရုံပါပဲ..တဲ့။

ဟုတ်ကဲ့.. You can do it!!

.................
လသာည. ဖြစ်ပါတယ်။