Monday, June 21, 2010

နားလည်ပေးသည်ဆိုရာဝယ်..

(တစ်စုံတစ်ယောက်ကို နားလည်မှုအပြည့်အ၀ပေးချင်တယ်။ သူ့ကို နားလည်အောင် ကြိုးစားရင်း နားမလည်နိုင်ဘူး..။ အပြန်အလှန်နားလည်နိုင်ဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ.. ။ ကျေးဇူးပြုပြီး အကြံပေးပါဦး..) လို့ ကွန်မန့်မှာ မေးလာတာကို တွေ့ရလို့ ဘာပြောရမှန်းမသိအောင် ဖြစ်သွားတယ်။ တစ်စုံတစ်ဦးကို အပြည့်အ၀ နားလည်ပေးချင်တဲ့ စိတ်ထားလေးကို လေးစားအားကျတာရော၊ ကိုယ့်ကို အားကိုးတကြီး လာမေးတဲ့အတွက် အံ့သြသွားတာရောပါ.. (နာမည်ရေးမထားလို့ ဘယ်သူမှန်းမသိပေမယ့် တရင်းတနှီး လာမေးတာမို့ တရင်းတနှီး မောင်နှမလို ပြောခွင့်ပြုပါ.နော်.။)

တကယ်တော့ သူတပါးကို နားလည်ပေးခြင်းဆိုတာနဲ့ ပတ်သက်ပြီး လသာည သိပ်မသိပါဘူး။ အခုအထိလည်း သူတပါးကို နားလည်ပေးဖို့ များသောအားဖြင့် ကြိုးစားခဲ့ပေမယ့် အမြဲနားလည်ပေးနိုင်သူ မဖြစ်သေးပါဘူး။ တကယ်လည်း သူများကို အပြည့်အ၀ နားလည်ပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်မိတယ်.. ။ တို့ ဖတ်မိသလောက် ဗဟုသုတအရ ပြောပြရရင်..

၁) ကိုယ့်ထက် အသက်ကြီးသူမို့ ကိုယ့်ကိုနားလည်နိုင်လိမ့်မယ်လို့ မယူဆပါနဲ့..
ကိုယ့်ထက် အသက်အရွယ်ကြီးတိုင်း ကိုယ့်ကို နားလည်မပေးနိုင်ဘူး..။ လူတိုင်းဟာ ကိုယ့်အသက်အရွယ် ကိုယ့်အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး သူများကို နားလည်ပေးဖို့ စဉ်းစားတာပါ။ အခု လသာည အသက်၃၀ကျော် အရွယ်ကနေ ကိုယ့်အောက်က အသက်၂၀ကျော် ညီမကို အပြည့်အ၀ နားမလည်ပေးနိုင်သေးသလို ကိုယ့်အထက်က အသက်၄၀ ကျော်အစ်မကို အပြည့်အ၀ နားမလည်သေးဖူး..။ အသက် ၆၀ ကျော် မိဘတွေကို အပြည့်အ၀နားလည်ပေးဖို့ ဆိုတာ ပိုမဖြစ်နိုင်ဖူး..။ ကိုယ့်အသက်၃၀ ကျော်က ၃၀ကျော်အထိ သိလာတဲ့အသိနဲ့ ပဲ သူတို့ကို မြင်တာဆိုတော့ သူ့တို့အသက်အရွယ် သူတို့အတွေ့အကြုံအရ သူတို့နဲ့ကိုယ် တွေးခေါ်တာ မတူနိုင်ဖူး..။

၂) ကိုယ့်နဲ့ တအားခင်တဲ့ သူငယ်ချင်းမို့ ကိုယ့်ကိုအမြဲနားလည်လိမ့်မယ်လို့ မယူဆပါနဲ့..
ဒါကတော့ သိသာတယ်လေ..။ လူဆိုတာ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်နဲ့ မျိုးရိုးဗီဇ ပေါ်မှာ မူတည်ပြီး ကိုယ်ကျင့်တရား၊ စိတ်နေစိတ်ထား အမျိုးမျိုးရှိသတဲ့..။ လည်ပင်းဖက် ပေါင်းလာတဲ့ သူငယ်ချင်းဖြစ်ပါစေ..။ သူ့မိသားစုအသိုင်းအ၀ိုင်း၊ သူကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မတူတော့ စိတ်ထားမတူနိုင်ဘူး..။ ခံယူချက်မတူဘူး..။ မိဘအပြည့်အစုံနဲ့ ကြီးပြင်းရတဲ့ ကလေးက မိဘ မစုံမလင် (ဒါမှမဟုတ် အမိမဲ့ အဖမဲ့) ကြီးပြင်းလာရတဲ့ ကလေးရဲ့ မေတ္တာငတ်တဲ့ ခံစားချက်ကို အပြည့်အ၀ နားလည်ပေးနိုင်မှာ မဟုတ်ဖူး..။ ဆင်းရဲစွာ ကြီးပြင်းလာရတဲ့ကလေးရဲ့ ငွေမက်မောမှုအပေါ် ရွှေပုံပေါ်မှာ မွေးဖွားလာတဲ့ လိုတရဘ၀က ကလေးက နားလည်နိုင်မှာ မဟုတ်ဖူး.. ။ “ငွေကို နှမြောစေးနည်းတယ်၊ ပိတ်ချီးကပ်တယ်”လို့ ပဲ သုံးသပ်မှာပဲ..။

၃) မောင်နှမအရင်းမိုလို့ ကိုယ့်ကိုနားလည်မှာပဲလို့ မထင်ရဘူး။
မိသားစုတစ်ခုမှာပဲ အစဉ်လိုက်မွေးဖွားလာကြတဲ့ မောင်နှမတွေဟာ တမိတည်းပေမယ့် စိတ်နေစိတ်ထား စွမ်းဆောင်နိုင်ရည်နဲ့ စရိုက်လက္ခဏာ မတူဘူးနိုင်ရယ်။ အကြီးဆုံးဖြစ်ရတဲ့အတွက် အငယ်ကို ညှာရမယ်လို့ သွန်သင်ခံရတဲ့ ကလေးတစ်ယောက်ရဲ့ ဆုံးရှုံးသွားတဲ့ အတ္တမဲ့ခံစားချက်ကို အကြီးဆုံးသားဖြစ်ဖူးတဲ့ သူကမှ သိနိုင်မယ်။ ကျန်တဲ့ မောင်နှမတွေက မသိနိုင်ဖူး။

အငယ်ဆုံးဖြစ်လို့ အလိုလိုက်ခံရတဲ့အတွက် အရာရာကို ဦးမဆောင်နိုင်တဲ့ ညီမထွေးကို “ငါမပြောပဲ ကိုယ့်ဘာသာ မလုပ်နိုင်ရင် တသက်လုံး နင်ဒီလိုပဲ နေတော့မှာ”လို့ ဆူပူနေတဲ့ အကိုကြီးကို ညီမတွေအပေါ်နားလည်မှုမရှိဘူးလို့ ပြောလို့မရဘူး.။ သူတကယ် မသိဘူးလေ..။ သူ့စိတ်နဲ့ သူ့စွမ်းရည်နဲ့ နှိုင်းကြည့်ပြောနေတာ မို့လား။

၎) ကိုယ့်မိဘမို့ ကိုယ့်ကို နားလည်မှာပဲလို့ အမြဲမတွေးရဘူး..။
မိဘကလည်း သူ့ကြီးပြင်းလာခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ကိုယ့်ကိုနှိုင်းယှဉ်ဆုံးမလိမ့်မယ်။ လသာညရဲ့ အဖေက သူ့မိသားစုမှာ အလတ်ဖြစ်ခဲ့တယ်။ အကိုကြီးနဲ့ ညီထွေးကြားမှာ ကြီးပြင်းခဲ့တဲ့ အဖေ့ရဲ့ မသိစိတ်မှာ “အလတ်တွေ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အထီးကျန်စိတ်” ရှိနေခဲ့တယ်။ ဒါကြောင့်လည်း ရင်ထဲကမသိစိတ်နဲ့ သားလတ်၊ သမီးလတ်ဖြစ်သူ အပေါ် ပိုညှာတာနေခဲ့ပြီး၊ သူ မခံစားခဲ့ရတဲ့ မေတ္တာကို ပိုပေးနေမိမယ်။ သမီးငယ်ဖြစ်သူရဲ့ ခံစားမှုကို သူသိပ်နားမပေးနိုင်တာဟာ သူ့မကြုံဖူးတဲ့သူ့ဘ၀ အတွေ့အကြုံကြောင့်ဖြစ်ပါတယ်။ သူ့က သမီးငယ်ကို မချစ်လို့ နားလည်မပေးချင်လို့ မဟုတ်ဖူးရယ်။

၅) ကိုယ်အားငယ်တိုင်း အားပေးတတ်သူက အားမပေးတော့တဲ့အခါ ကိုယ့်ကိုနားမလည်တော့ဘူးလို့ ကောက်ချက်မချနဲ့..။
ကိုယ်အားငယ်တဲ့အချိန် လာအားပေးတတ်တဲ့ မိတ်ဆွေတွေ ရှိတယ်။ ဒါပေမယ့် တခါတလေ ကိုယ်အားငယ်ချိန် သူက အားပေးချင်မှ အားပေးလာလိမ့်မယ်။ အဲဒီအခါ သူက ငါ့ကိုနားလည်မပေးနိုင်တော့ဘူး။ ငါ့ကို မခင်တော့ဘူးလို့ တွေးတတ်တယ်။ ဒါပေမယ့် အဲဒါဟာ ကိုယ့်အပေါ်စိတ်ထားပြောင်းသွားလို့၊ မခင်လို့ မဟုတ်ပဲ ကိုယ့်ကို သူတကယ် အားပေးရမှန်း မသိလို့ လည်း ဖြစ်နိုင်တယ်။ လက်ရှိ ကိုယ်အားငယ်နေတဲ့ အကြောင်းအရာက သူ့အတွက် အားငယ်စရာမဟုတ်ဖူးလို့ သူခံယူထားသူဖြစ်နိုင်တယ်လေ..။

၆) ကိုယ့်ကို တအားချစ်ပါတယ်ဆိုတဲ့ ချစ်သူကလည်း ကိုယ့်ကို အမြဲ နားလည်နိုင်မှာ မဟုတ်ဖူး..
ဒါကတော့ သိတဲ့အတိုင်း ယောက်ျားနဲ့ မိန်းမ ဇီဝဖွဲ့စည်းပုံမတူတဲ့ အတွက် အတွေးအခေါ်၊ စွမ်းဆောင်နိုင်ရည်၊ ပတ်ဝန်းကျင်က သတ်မှတ်ချက် ကွဲပြားတယ်မဟုတ်လား..။ ဒါပေမယ့် နောက်ဆုံးထွက်သက်အထိ သေတပန် သက်တဆုံး ပေါင်းသင်းသွားကြတဲ့ အဘိုးအဘွားတွေ အများကြီးရှိတယ်။ သူတို့လည်း တစ်ဦးကိုတစ်ဦး “အပြည့်အ၀”နားလည်ပေးနိုင်သွားတာ မဟုတ်ပါဘူး။။

အတူတူ ယှဉ်ထိုင်ပြီး အကြောင်းအရာတစ်ခုကို ဆုံးဖြတ်တာတောင် ရှူထောင့်က မတူတော့ ညှိနှိုင်းရတာတွေ အများကြီးရယ်။ သူ့မြင်တာကို ကိုယ်က လက်ခံပေးလိုက်၊ ကိုယ်မြင်တာကို သူ့ကလျှော့ပေးလိုက်နဲ့ ပဲ တစ်သက်တာကို လက်တွဲကြတာပါ..

ရ) ကိုယ့်ကိုယ်တောင် နားလည်မှုအပြည့်အ၀ မပေးနိုင်ဖူး..
လူရဲ့ စိတ်က အမျိုးမျိုးပြောင်းလဲနေတာ..။ ကောင်းကင်က တိမ်တွေနဲ့တောင် နှိုင်းကြတယ်မို့လား..။ မနက်ဖက် သာယာတဲ့ စိတ်ကလေးနဲ့ ရုံးကို အသွားမှာ ရှိနေတဲ့ကိုယ့်စိတ်ထားနဲ့ ညနေဘက် ရုံးကနေ ပင်ပန်းပြီး stress အပြည့်နဲ့ ပြန်လာတဲ့အချိန်မှာ ရှိနေတဲ့ ကိုယ့်စိတ်ထား ဘယ်လိုမှ မတူနိုင်ဖူး..။ တခါတလေ ပင်ပန်းလွန်းလို့ ဘေးနားကလူတွေကို ပြန်အော်မိတယ်။ နောက်ပြန်တွေးကြည့်ပြီး အော် ငါ့နှယ် ဘာလို့ သူ့ကိုအဲလို အော်မိပါလိမ့်လို့ ကိုယ့်ကိုနားမလည်နိုင်အောင် ဖြစ်ရတယ်။

ခန္ဓာဗေဒအားဖြင့်လည်း မိန်းခလေးတွေဆိုရင် ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာခါနီးအချိန်တွေဆို ပုံမှန်ထက် အားငယ်စိတ် သိမ်ငယ်စိတ်ဖြစ်ရတယ်။ အဲဒီအချိန်ဆို အလိုလို ကိုယ့်ကိုယ့်ကို အားမရသလို သူများတွေကိုလည်း မကျေမနပ်ဖြစ်ရတယ်။ စကားတွေ အကျကောက်တယ်။ ဒါဟာ ဒါကြောင့်ဖြစ်နိုင်တယ်လို့ စာတွေဖတ်ပြီး ကိုယ့်စိတ်ကိုနားလည်အောင် ကြိုးစားကြပေမယ့် အခါခပ်သိမ်းနားလည်နိုင်သလားဆိုတော့ မိန်းခလေးတိုင်း နားမလည်နိုင်ကြဘူးရယ်။

၈) အပြည့်အ၀ ၁၀၀% နားလည်ဖို့ဆိုတာ ဘယ်နယ်ပယ်မှာမှ မဖြစ်နိုင်ဖူး။
အောင်မြင်တဲ့ ဆေးတစ်ခုဟာ သက်ဆိုင်ရာလူနာ ၁၀၀%ကို ကုသပျောက်ကင်းနိုင်လိမ့်မယ်လို့ ဘယ်သူမှ မပြောနိုင်ဖူး..။ ဘယ်သုတေသန မဆို အောင်မြင်မှုကို ရာခိုင်နှုန်းနဲ့ပဲ ပြောကြရတယ်။ ဒီဆေးဟာ (ဥပမာဆိုပါစို့) ၉၀ ရာခိုင်နှုန်းသော ဒီဝေဒနာရှင်တွေကို ပျောက်ကင်းနိုင်ပါတယ်လို့သာ ကြေငြာရပါတယ်။ ကျန်တဲ့ ၁၀ရာခိုင်နှုန်းကတော့ မသေချာတဲ့ error အဖြစ်သတ်မှတ်ကြရတယ်။ တခြား သိပ္ပံနယ်ပယ်တွေမှာ သီအိုရီအသစ် ထုတ်တိုင်းမှာလည်း ဒီအတိုင်းပါပဲ..။

သိပ္ပံပညာလို တိကျတဲ့ နေရာမှာတောင် ၁၀၀% ဆိုတာကို မပြောကြဘူးဆိုတော့ အပြောင်းအလဲမြန်တဲ့ “လူရဲ့စိတ်နေစိတ်ထား”ကို နားလည်ဖို့ဆိုရင် ပိုဆိုးပြီပေါ့..။ စိတ်ပညာထဲက သုတေသနတွေမှာ ၇၀% အထက်ကို အများဆုံး မှန်ကန်မှုလို့ သတ်မှတ်ရတယ်လေ..။

ဒါကြောင့်.. တစ်စုံတစ်ယောက်ကို နားလည်ပေးဖို့ဆိုတာ အပြည့်အ၀ ၁၀၀% မဖြစ်နိုင်ပါဘူး..။ အကြိမ်အရေအတွေအနေနဲ့ ၁၀ကြိမ်မှာ ၇ ကြိမ်လောက် နားလည်မှုထားနိုင်ရင်ကို အများကြီး နားလည်ပေးနိုင်တယ်လို့ ယူဆရမှာပါ။ ကျန်တဲ့ ၃ကြိမ်ကတော့ ကိုယ်နားမလည်နိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မျိုးရိုးဗီဇ၊ တွက်ချက်မရနိုင်တဲ့ ကံတရားတွေ စတာတွေနဲ့ ကိုယ်တကယ်နားမလည်နိုင်တာတွေ အရာတွေမို့ “ငါဟာ သူ့ကို အပြည့်အ၀ နားလည်မှုမပေးနိုင်ပါလား”လို့ စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကို ညှင်းဆဲစရာ မလိုသလို၊ သူများက ကိုယ့်ကို နားလည်မပေးနိုင်တဲ့အခါလည်း “သူ့က ငါ့ကို ဒါလေးတောင် နားမလည်ပေးနိုင်ဘူး”လို့ စိတ်မဆိုးမိပဲ လိုပါတယ်..။

အနောနိမတ်စေလေးရေ.. တကယ်တော့ မိဘနဲ့ သားသမီးပဲ ဖြစ်ဖြစ်၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအချင်းချင်းပဲ ဖြစ်ဖြစ်၊ အိမ်သူသက်ထား ဇနီးခင်ပွန်းပဲ ဖြစ်ဖြစ်.. နားလည်ပေးနိုင်သလောက် နားလည်ပေးပြီး ကျန်တာတော့ ခွင့်လွှတ်ပေးခြင်းနဲ့ပဲ လက်ရှိသံဃောဇဉ်ကို ထိန်းသိမ်းနိုင်မယ်လို့ အစ်မ ထင်မြင်မိပါတယ်။ အစ်မ ဖတ်မှတ်နားလည်တာတော့ ဒီလောက်ပဲရယ်..။ အစ်မလည်း အဲဒီအတိုင်း လိုက်နာနိုင်သေးတာ မဟုတ်လို့ အခုထိ မိဘတွေကို စိတ်ကောက်တုန်း၊ သူငယ်ချင်းတွေနဲ့ စကားနိုင်လုတုန်း၊ အမျိုးသားကို ရန်ဖြစ်ချင်တုန်းသာ ဖြစ်ပါတယ်လို့နော်းD
အစစ စိတ်ချမ်းမြေ့ပါစေ..
လသာည ဖြစ်ပါတယ်

40 comments:

သဒ္ဓါလှိုင်း said...

သူတပါးကိုအပြည့်အ၀နားလည်ဖို့ကြိုးစားနေဆဲပါ.။
နားလည်နိုင်အောင်လည်းကြိုးစားပါတယ်..။
အသိပေးတဲ့ပိုစ့်လေးအတွက်ကျေးဇူးနော်..။
လင့်ချိတ်ခွင့်ပြုပါနော်...
ခင်တဲ့
သဒ္ဓါ

Crystal said...

ဟုတ်ပါ့တော် မှန်ပါ့နော်။
ဟုတ်လိုက်လေ မှန်လိုက်လေ။

ချစ်ကြည်အေး said...

ဟုတ်တာပေါ့ ညီမ လသာညရယ်...နားလည်မှု ဆိုတာ စာလုံးလေး ၃လုံးထဲပေမဲ့ နက်ရှိုင်းတဲ့ စိတ်အနေ ရှိတယ် ဆိုတော့ ပြောဖို့ခက်ခက်ပဲ၊ အမကို လာမေးရင်တောင် ညီမရေးထားသလောက် ဖြေချင်မှ ဖြေတတ်မှာ...:P

Anonymous said...

ကျေးဇူးအများကြီးတင်ပါတယ် အစ်မ..။
အချိန်ပေးပြန်ဖြေပေးတာအတွက် တကယ်ကိုလေးစားမိပါတယ်။ အမှတ်တရမို့ ကူးယူသွားပါတယ်။

ကျေးဇူးတင်ပါတယ်

ချိုကျ said...

နားလည်မှုဆိုတာကို ခွင့်လွှတ်ခြင်းနဲ့ ပေါင်းပါမှ လူမှုဆက်ဆံရေးမှာ အစဉ်ပြေနိုင်မယ်လို့ဆိုတာပေါ့နော် အစ်မ ဟီး ရမ်းပြောကြည့်တာ

ခင်တဲ့(ချိုကျ)

chindwinthu said...

အမရဲ့စာလေးကိုဖတ်လိုက်ရတာအားအင်တွေပြည့်လာသလိုဘဲ....။အရမ်းပြည့်ဝတဲ့အဓိပ္ပါယ်တွေပါဝင်နေတယ်...။

Anonymous said...

လသာညရယ်
ကောင်းလိုက်တဲ့နားလည်မှုလေးတွေ။
ဖတ်သွားမှတ်သွားပါတယ်နော်။
ချစ်ခင်စွာဖြင့်
လုလု

Vista said...

နားလည်လိုက်မလည်လိုက်ပါပဲ ..ကြိုးစားပေးပါတယ်။
ကိုယ်ကိုလည်းနားလည်မယ်လို့ တော့မမျှော်လင့်ဘူး။

ကျော်နှင်းဆီလွင် said...

မပြောမှနားလည်ပေးရကောင်းမှန်းနားလည်သွားပြီ ကျေးဇူးနော်မ

SHWE ZIN U said...

လသာည ရေ

ရွှေစင်ဦး ကိုနားလည်ပေးနော် နားမလည် ရင် နာအောင် ဆွဲလိမ့်လိုက်မှာဗျ

ခင်မင်စွာဖြင့်
ရွှေစင်ဦး ဖြစ်ပါတယ်

rose of sharon said...

နားလည်မှု... နားလည်မှု ... အပြောလွယ်သလောက် လက်တွေ့မှာ တကယ်ခက်ပါတယ်... ကြိုးစားကြတာပေါ့

Shinlay said...

ကိုယ့်ကိုကိုယ်တောင် တခါတလေ နားမလည်နိုင်ဘူး။
ငါဘာလို့ ဒီလိုလုပ်မိပါလိမ့် လို့ တခါတလေစဉ်း စားမိသေးတာ။ သူများကို နားလည်ဖို့ တော့ ....

အကြမ်းထည် said...

ဘာရယ်..မကြား လိုက် လို့ ထပ် ပြော ပါ အုံး။
အော်....အင်းလေ...သိပါပြီ...ရှင်းပါတယ်ဆိုနေ မှ ဒါ နဲ့ တခုမေး ပါရ စေ အုံး..အခုနက.. ဘာ အကြောင်း ပြော တာ ...:) :P :D :)

ကျွန်တော့်ဆောက်လက်စ အိမ်သေးသေးလေးဆီ
တကူးတက လာလည်ပြီး မျက်စိမျက်နှာ ပြာသွားတယ် ဆိုတဲ့ အတွက် တကယ် စိတ်မကောင်းပါဘူး။ အဲဒီ အတွက် နားလည် မှု ပြန် ပေး ကာ ”ဖြူ”လိုက်ပါသည်.:D ။ဘလော့ အဟောင်း က အမှိုက် သိမ်းတဲ့ အဖွဲ့တွေ သိမ်းသွား သ မို့ အ ခု အသစ် ကို စ တင် ခြေ စမ်း ရ ခြင်း သာ ဖြစ် ပါ သည်။....ဆရာမ လသာည လည်း ပျော်ရွှင်ချမ်းမြေ့ စာပေလောက ခရီှးရှည် စဉ်ဆက် ချီတက် နိုင်ပါစေဗျား။

:) :P :D
(အကြမ်းထည်)

ကိုဇော် said...

နားလည်မှု ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ မတူနိုင်ဘူး ဆိုတာ အဟုတ်ပဲဗျ။
အဲဒီအထဲမှာမှ ငါက သိပါတယ် ဆိုတဲ့ လူတွေက သူများပြောတာ ဆိုရင် သူတို့ရဲ့ စံတွေနဲ့ မကိုက်ရင် နားလည်မပေးနိုင်တော့ဘူး။ ဒါက မဆိုးဆုံးပါပဲ။
ရေးထားတာလေးတွေ ကောင်းတယ်ဗျာ။

လသာည said...

သဒ္ဒါလှိုင်း>သူတပါးကိုအပြည့်အ၀နားလည်ဖို့ကြိုးစားနေတဲ့အတွက် လေးစားပါတယ်။ လင့်အတွက်လည်း ကျေးဇူးနော်။
crystal> ဟုတ်လိုက်လေ ဟုတ်လိုက်ဟုတ်လိုက်လေးD

ချစ်ကြည်အေး> အစ်မချစ်.အခုလို လာရောက်အားပေးတာ ကျေးဇူးတင်ပါတယ်နော်
anonymous> အစ်မကလည်း ပြန်ကျေးဇူးတင်ပါတယ်။ ပိုစ်တစ်ခုရသွားတယ်လေး))
ချိုကျ> အင်း ဟုတ်တယ်ထင်တာပဲ အစ်မလည်းတိဘူး ဟားဟား

chindwinthuညီမလေး ကျေးဇူးနော်။ လုလုရေ ကျေးဇူးနော်။
Vista> အစ်မလည်း ဒီလိုပါပဲ နားလည်လိုက်မလည်လိုက် မောင်နှမတွေနဲ့ အော်လိုက်ဟစ်လိုက်
ကျော်> နားလည်မှုအကြောင်း နားလည်သွားပြီလား :D

အစ်မရွှေစင်> လည်တယ် လည်တယ် အစ်မကို နားလည်တယ်..ဆွဲတော့မလိမ့်ပါနဲ့း)))))
ရိုစ်၊ မရှင်လေး> ကျေးဇူးနော်။နားလည်ပေးနိုင်သလောက်ပဲ နားလည်ပေးဖို့ ကြိုးစားကြတာပေါ့.

အကြမ်းထည်>ဖြူကာပြာကာ ကျတယ်ဆိုတာ အဲဒါပြောတာ ထင်တယ်နော် (နောက်တာပါ။)အကြမ်းထည်လည်း ပျော်ရွှင်ချမ်းမြေ့ပါစေ
ကိုဇော်> သူတို့ကိုလည်း နားလည်နိုင်သလောက် နားလည်ပေးလိုက်ပြီး ကျန်တာတော့ ကော်ဖီနဲ့သာ မျှောသောက်ပစ်လိုက်း))

အားလုံးကို ကျေးဇူးအများကြီး အများကြီး တင်ပါတယ်

Anonymous said...

နားမလည်တာတွေကို များများ နားလည်ပေးနိုင်အောင် လုပ်ရတာကိုတော့ သိသွားပါပြီ။ နားလည်နေတာတွေကို တခါတလေ နားမလည်ချင်တဲ့အခါ ဘယ်လိုလုပ်ရမလဲ ဖြေပါ ဟီးဟီး..

စာဖတ်ပိတ်သတ်လေး

ဧပရယ်လ်ပူး@ပူးတေ said...

ဟုတ်တယ်....အကုန်နီးပါးတူတယ်။

လသာညဖေဖေက သားအလတ်ဆိုတော့ ဆိုပြီး အလတ်တွေအကြောင်းရေးထားတာ ပူးတေနဲ့ တော်တော်တူတယ်... သိလား... ပူးတေလဲ သမီးအလတ်ပဲ။ ဒါကြောင့်ထင်တယ်.. အလတ်တွေအချင်းချင်းဆို ပိုပေါင်းမိတယ်... ပိုနားလည်ပေးမိတယ်... အတ္တ ပါတဲ့ နားလည်မှုများဖြစ်နေမလားပဲ...း)))))

Anonymous said...

ကြီးဒေါ်လသာည

နားလည်တာ ကောင်းပေမယ့် မျက်စေ့လည်ရင်တော့ မကောင်းပြန်ဘူး comment ရေးတဲ့အတွက် ပို့စ်တစ်ခု ရသွားတော့ ကြီးဒေါ်ဥရဲ့ မှားလို့ ကြီးဒေါ်လသာညရဲ့ ရေနွေးကြမ်းလေး သောက်လို့ရသွားပြီး


ရေနွေးကြမ်း ကြိုက်တဲ့ ဘလော့ဂါရပ်ကွက်တွင်နေထိုင်သူ
seesein

Anonymous said...

ကြီးဒေါ်ရေ ပို့စ်အသစ်လေးဖြစ်သွားလည်း ကောင်းတာဘဲ
လက်ဆောင် သို့ အဆစ် ထည့်ပေးလိုက်ပါတယ်

အနေစိမ်းခဲ့သူ

ရွာဦးကျောင်းမှ
တုံးမောင်းကလက်တက်
မြည်ဟီးနှက်သော်
မျက်စိနှစ်ကွင်း
အတင်းဖွင့်ရ
ပြတင်း၀၀ယ်
မှုန်ပျရောင်ခြည်ပြူ
အရုဏ်ဖြူပြီ
သူနှင့်စိမ်းစိမ်း
မချိန်းမချက်
အဖက်မတန်
နေခဲ့မှန်လည်း
ဧကန်ဧက
မုချတစ်ကွေ့
သူနှင့်တွေ့ရန်
တစ်နေ့နီးကပ်လာချေပြီ။

ကဗျာဆရာ ညွှန့်ဝေ (ကသာ)

ခင်မင်စွာဖြင့်
seesein

ထား said...

နားလည်မှု ရှိဘို့ဆိုတာ ၁၀၀% တော့ မလွယ်ဘူး လသာညရေ။
လသာည ပြောသလို အသက်အရွယ်လဲ မဆိုင်ဘူး။
မွေးဖွား ကြီးပြင်းလာတဲ့အပေါ်မှာလဲ အခြေ
ခံတယ်နော်။
ပြောရရင်အများကြီးပါပဲ။ အများကြီးထဲကမှ
အဆင်ပြေအောင် နေရတော့တာပေါ့လေနော်။

ချစ်တဲ့

ထား

ချော(အစိမ်းရောင်လွင်ပြင်) said...

လသာည ရေးထားတာဖတ်ရမှ သေချာစဉ်းစားဖြစ်တယ်
ဟုတ်တယ်.. များများနားလည်ပေးပါလို့ တောင်းဆိုတဲ့သူတွေကို မေးကြည့်ချင်တယ်
ကိုယ်တိုင်ကရော သူများကို ဘယ်လောက်တောင်များ နားလည်မှုပေးနိုင်ပါသလဲလို့... အပြည့်အ၀နားလည်မှုပေးနိုင်တဲ့သူဆိုတာ သိပ်ကိုရှားပါတယ်နော်...
ဒီပိုစ့်လေးကို သိပ်သဘောကျမိတယ်..
အမှန်တရားတွေပါဘဲ...

ခိုင်နုငယ် said...

အမရေ..မနေ့ကတည်းကလာဖတ်တာ..
အရေးတကြီးနဲ့မန့်မသွားခဲ့ရဘူး။
ဒီနေ့တော့နောက်တစ်ခေါက်ပြန်ဖတ်ရင်း
မန့်ခဲ့ပါတယ်။
နားလည်မူ့ဆိုတာကိုယ့်စိတ်နဲ့ခန္ဓာတာတောင်နားလည်နိုင်
ဖို့ကြိုးစားရသလို။သူများဆီကနားလည်မူ့ကိုအပြည့်အ၀မခံယူဝင့်သလို၊ကိုယ်ကလည်းသူများကိုနားလည်မူ့အပြည့်အ၀မပေးနိုင်ဘူးပေါ့။
အမရေးထားတာလေးတွေပြည့်စုံမူ့ရှိတယ်။
ဂွတ်ပိုစ့်...

လသာည said...

စာဖတ်ပိတ်သတ်လေး..နားလည်တာကို နားမလည်ချင်ဖြစ်တဲ့အခါ ကော်ဖီနဲ့ မျှောလိုက်ပါဆိုး))

ပူးတေ.. long time no see နော်။ မင်္ဂလာပါ။ အစ်မလည်း အလတ်ပဲ ဟဲဟဲ..

တူမကြီးစည်စိမ်ရေ.. ကြီးဒေါ်ဥအတွက် ကဗျာလေးပါ ချန်ထားခဲ့တာ ကျေးဇူးနော်။ ရေနွေးကြမ်းကို ပူအောင် တိုက်ဦးမှား))

ထား..ရေ .လသာညအပေါ် အမြဲနားလည်ပေးနေတာကို ဒီကလည်း အမြဲ ကျေးဇူးတင်နေတာပါလို့နော်။

ချော..ခရီးက ပြန်ရောက်ပြီလား..။ ကျေးဇူးနော်။
ခိုင်နုငယ်.. ကျေးဇူးနော် ညီမလေး..၊ ကျေးဇူးပါ

မောင် လေး said...

ဟုတ်လိုက်တာအစ်မရေ အပြည့်အဝနားလည်မှုပေးဖို့
ဆိုတာမလွယ်လှဘူးဗျနော်။နားလည်အောင်ကြိုးစားရင်း
နားမလည်နိုင်တာတွေဖြစ်လာတာမျိုးကျွန်တော်လည်း
ကြုံခဲ့ဘူးပါရဲ့

နံပါတ် ၂ said...

ကြိုက်ပါ၏ ။
သတိထား လေ့လာရင်တော့ နားလည်မှုက ရလောက်ပါတယ်။ လက်ခံဖို့တော့ မလွယ်ဖူး။..... နားလည်ခြင်းနဲ့ လက်ခံခြင်း ၂ ပိုင်းရှိသလားလို့။

နံပါတ် ၂ said...

ကြိုက်ပါ၏ ။
သတိထား လေ့လာရင်တော့ နားလည်မှုက ရလောက်ပါတယ်။ လက်ခံဖို့တော့ မလွယ်ဖူး။..... နားလည်ခြင်းနဲ့ လက်ခံခြင်း ၂ ပိုင်းရှိသလားလို့။

လသာည said...

ချစ်-၂..ဟုတ်တယ်ဗျ။ ၂ ပိုင်းရှိတယ်။ တစ်ပိုင်းကို ချစ်-၂ ကို ပေးထားတယ်လေ ဟိးD

မောင်လေးရေ.. ကျေးဇူး..

မယ့်ကိုး said...

chit ma lay, in these days , i can't use internet and write mm font =( .... but i can read ur article and like so much.
i think understanding is kind of patient , love and optimism . i want to say more but now i can't how to write =(

ရေသန့်  said...

လူရဲ့ စိတ် ဟာနားလည်ရခက်ပါတယ်လေ ...ဟူးးးးးးးး

လသာည said...

Dear sis Mae coe, thanks for visiting and for your comment.

"Understanding is a kind of patient, love and optimism."
Yeah, right!!!! I totally agree with you. Now,I believe I can get peace of mind by understanding other people and by myself as possible as I can.

Thanks, Mae. =))

လသာည said...

ရေသန်ရေ.. ကျေးဇူးနော်။ နားလည်သလောက်ပေါ့ကွား)))

သိင်္ဂါကျော် said...

တတ်နိုင်သလောက် နားလည်ပေးဖို့ ကြိုးစားရမှာပေါ့နော်..
ကိုယ့်မိဘတွေနဲ့ အမြင်မတူတာ.. ကိုယ့်ထက် အသက်ငယ်သူတွေနဲ့ အမြင်မတူတာ.. မတူတာတွေတော့ အများကြီးပဲလေ..

ShwunMi- said...

အစ်မရေးတာ ဖတ်ပြီးမှ ပိုနားလည်လာသလိုပဲ =)

ရွှေရတုမှတ်တမ်း said...

ဘောပွဲတွေကြည့်နေလို့ နားနားပြီး လည်ရတာ..
နားလည်ပေးပါ ခင်ဗျာ..

လသာည said...

သိင်္ဂါကျော် ရွှန်းမီ.. နားလည်ပေးသွားတာ ကျေးဇူးနော်။
ဘကြီးကျောက်ကိုလည်း နားလည်ပါတယ် နားလည်ပါတယ်း))))))

Myanmar Good Knowledg Co., Ltd said...

လသာညရေ
ကျွန်မလည်း သူများကို အပြည့်အ၀နားလည်ပေးတာ မရသေးဘူး။
သူများကို နားလည်ပေးဘို့ထက် ကျွန်မကို နားမလည်ပေးသူကိုပဲ နားမလည်နိုင်ဘူးဖြစ်နေတယ်။
ဒါပေမယ့် ပို့စ်မှာရေးတာတွေကိုတော့ အပြည့်အ၀နားလည် (ထောက်ခံ)တယ်။
ခင်မင်လျှက်

Orange Chit Thu said...

Sister,
I read your this post & it is so touching to me...about Understanding...
I really really like this post & share my Facebook & Credit to you, I hope you will allow it Ma Ma :)
And most of my friends read and like your post too....
Sometimes, I also need understanding from my surroundings and sometimes I need to give understanding to my hubby for some case about his family :(
.....after I read ur post, I am a bit released, and I show him your post too...he says that post quite true...thks u Ma Ma :)

လသာည said...

Wow, what can I say. Thanks you so much for the words of encouragement, Nyimalay- Orange Chit Thu. I'm so glad you enjoy reading my post.

I appreciate the time you read my post and Thanks again for sharing this post to others.

Anonymous said...

plz understand to me foe belated comment. :P

great post.


MN

လသာည said...

of course.(^^;) Thanks, MN