Saturday, November 27, 2010

ဂျပန်လာမယ်ဆိုရင်

“အစ်မ စကားမစပ် ကျွန်တော့် သူငယ်ချင်းက ဂျပန်လာချင်တာ ပွဲစားနဲ့ ပြောထားတယ်လို့ ပြောတာဗျ။ ပွဲစားရဲ့ တူမအဖြစ်နဲ့ လာရမှာတဲ့။ အဲဒီပွဲစားက စိတ်မချရမှာစိုးလို့ ကျွန်တော်က ခဏစောင့်ဦးလို့ ပြောထားတယ်။ အစ်မသိတဲ့ ဂျပန်ကို ကျောင်းလာတက်နည်းလေးဖြစ်ဖြစ် အားတဲ့အချိန် ပြောပြပါဦး”

တကယ်တော့ အဲလိုမျိုး ပွဲစားရဲ့ တူမဆိုတာမျိုးနဲ့ လာတာ တကယ်တော့ အန္တရယ်များပါတယ်။ ဒီရောက်ပြီး စစချင်း ရပ်ကွက်ရုံးမှာ မှတ်ပုံတင်ရတာကစပြီး ထိုသူရဲ့မိသားစုဝင်အဖြစ်နဲ့ မှတ်တမ်းတင်ပြီး အတူတူနေဖို့ ဖြစ်လာတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အတူတူနေဖို့ မဖြစ်နိုင်တဲ့အတွက် ပြဿနာစပါတယ်။ အဲဒီအကြောင်းတွေက ကြားဖူးသမျှပြောရရင် အများကြီးမို့ အချိန်မရလို့ အသေးစိတ် မပြောပြတော့ပါဘူး။

ဖြစ်ရပ်မှန်လေး တစ်ခုကိုပဲ ကြားဖူးသလောက် ပြောပြချင်တယ်။ တခါက ဖေဖေရယ်၊ မေမေရယ်၊ ရှစ်နှစ်အရွယ် သမီးငယ်လေး တစ်ယောက်ရယ် ရှိတယ်။ ဖေဖေရော မေမေပါ ဆရာဝန်ပါ။ ထိုက်သင့်သလောက် ချမ်းသာကြပါတယ်။ မေမေ့နာမည်က “မေ” ဆိုပါတော့။ တခါမှာ သူငယ်ချင်း “ဝေ”က ဂျပန်ကို သွားရတယ်။ နောက် “ဝေ”က ဂျပန်အမျိုးသားနဲ့ အိမ်ထောင်ကျတယ်။ နောက်တော့ ကလေးမွေးတော့ ကလေးထိန်းဖို့ ညီမကို ခေါ်တယ်ဆိုပြီး “မေ”က “ဝေ”ရဲ့ ညီမအဖြစ်နဲ့ ဂျပန်လာဖို့ လှမ်းခေါ်တယ်။ မိသားစုဘ၀ ပိုတိုးတက်ချင်တဲ့ မေ ဟာ အခွင့်အရေးရတုန်း ကြိုးစားဖို့ ဝေတို့မိသားစုရဲ့ အိမ်ထောင်စုဇယားကညီမ  နာမည်နဲ့ ညီမအတုလုပ်လို့ ဂျပန်ကို လိုက်လာတယ်။ (ဝေ့ကို ပိုက်ဆံ  မြန်မာငွေ သိန်း ၉၀ ပေးရတယ်။ လွန်ခဲ့သော ၁၀ နှစ်ကျော်က သိန်း၉၀ ပါ။)

နောက်တော့ ဝေတို့အိမ်မှာပဲ ကလေးထိန်းရင်း အလုပ်ရှာသလိုလို၊ ဂျပန်စာသင်သလိုလိုနဲ့ ရက်ကြာလာတယ်။ စားစရိတ်၊ နေစရိတ်ကလည်း လိုတယ်ဆိုတော့ ဝေကလည်း ကြာတော့ ငြိုငြင်လာတယ်။ အိမ်မှာ အိမ်ဖော်သာသာလုပ်နေတာတောင် ရပ်တည်ဖို့ ပြဿနာအမျိုးမျိုး ကြုံခဲ့တယ်။  အပြင်ထွက်ပြီး အလုပ်ရှာလုပ်ခဲ့တယ်။ အလုပ်ကရှား၊ အလုပ်လုပ်ခွင့်ပါမစ်ကလည်း တော်တော်နဲ့မရ၊ ဒီလိုနဲ့ အမျိုးသားနဲ့ သမီးငယ်ကို လွမ်းလည်းပဲ သူမပြန်နိုင်ခဲ့ဘူး။ နောက်တော့ သူရဲ့ ဗီဇာသက်တမ်းပြည့်သွားတယ်။ ဒီအတိုင်းပြန်ရမှာ မြန်မာပြည်က အသိုင်းအ၀ိုင်းကြားမှာ မာနအခံနဲ့ ရှက်တာကြောင့် သူက အာ (Refugee) ခံယူလိုက်တယ်။

နောက်တော့ အနေဝေးတဲ့ အိမ်ထောင်ရေးမှာ မြန်မာပြည်နှစ်ဖက်မိဘ၊ (ယောက္ခမတွေ)ကြားထဲမှာ အတင်းစကား၊  ကောလဟလတွေနဲ့ လင်မယား အဆင်မပြေဖြစ်လာတယ်။ သမီးလေးကလည်း သူမကို စိမ်းလာတယ်။ နောက်တော့ မြန်မာပြည်ကို အလည် ပြန်လို့ရအောင် စဉ်းစားတယ်။ (R နဲ့က မြန်မာပြည်ပြန်လို့ မရဘူး။ ) နောက်တော့ အများ ၀ိုင်းစဉ်းစားပေးလို့ ရတဲ့ အကြံက ဂျပန်ယောက်ျားကို အဌားယူပြီး (ဂျပန်အမျိုးသားကို ပိုက်ဆံပေးပြီး လက်ထပ်စာချူပ် အတုလုပ်တာ) အလည်ဗီဇာနဲ့ ပြန်တဲ့နည်းတဲ့။ ဒါနဲ့ လက်ထပ်စာချူပ်အတု အသေအချာလုပ်တယ်။ ဂျပန်မှာ အဲလိုလုပ်ရတာ ပိုက်ဆံအများကြီး ကုန်သတဲ့။ စလုပ်တုန်းကတော့ မြန်မာပြည်ကို ပြန်ဖြစ်ရုံ  ဂျပန်အမျိုးသားကို ပိုက်ဆံပေးပြီး လက်ထပ်စာချူပ် အတုလုပ်ပြီး သွားခဲ့တာဖြစ်ပေမယ့် မြန်မာပြည်ရောက်တော့ အားလုံးက လက်မခံတော့ဘူး။ 

ကိုယ့်အိမ်လည်း သွားတည်းလို့ မရဘူး။ ဟော်တည်မှာ တည်းရတယ်။ လင်မယားချင်းကလည်း အဆင်မပြေ၊ အသိုင်းအ၀ိုင်းက လက်မခံတော့ ဂျပန်ကို ပြန်ပြီး ဂျပန်ကြီးနဲ့ အတည်ယူဖြစ်သွားတယ်ဆိုလား။ သူ့သမီးလေးကိုတော့ ချစ်လွန်းလို့ အခုထိ လစဉ် ထောက်ပံ့တုန်းတဲ့။ သူမ ထားခဲ့တဲ့ သမီးငယ်လေးက အခု နိုင်ငံတစ်ခုမှာ ကျောင်းတက်နေပြီ။ သူမက “မေမေ့အကြောင်းကဆို လာမပြောနဲ့”လို့ ငိုပြောလေ့ ရှိတယ်တဲ့။

ဒါကတော့ “မေ”ဆိုသောသူတစ်ဦးက ပြောပြတဲ့ ဖြစ်ရပ်မှန်လေးပါ။ အခုဖြစ်ရပ်ကို တဆင့်ပြောပြတာက ကာယကံရှင်“မေ”ကို ဝေဖန်ချင်တာ မဟုတ်ပါဘူး။ (ကျွန်မမှာ ဝေဖန်နိုင်တဲ့ အစွမ်းလည်း မရှိပါဘူး။ သူမရဲ့ တွေ့ကြုံရတဲ့ အခက်အခဲကို သူမပဲ သိမှာကိုး။) ကျောင်းတက်ချင်လိုပဲဖြစ်ဖြစ်၊ အလုပ်လုပ်ချင်လို့ပဲ ဖြစ်ဖြစ်၊ အဲဒီလို သူများရဲ့ မိသားစုအဖြစ်နဲ့ လာရင် နောက်ဆက်တွဲ သောကတွေ၊ အခက်အခဲတွေ အများကြီး ဖြစ်နိုင်တယ်ဆိုတာလေးကို ပြောပြချင်တာပါ။ ယောက်ျားလေးဆို တော်သေးပါတယ်။ မိန်းကလေးဆိုရင်တော့ ပိုပြီး ခက်ခဲနိုင်တယ်လို့ ထင်မိတယ်။ (ကျွန်မရဲ့ အထင်ပါ)

တကယ်လို့များ ကျောင်းတက်လာချင်တယ်ဆိုရင်..  ဂျပန်အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးရတဲ့ ပညာတော်သင် လျှောက်တာ အကောင်းဆုံးလို့ ထင်ပါတယ်။ (ကျွန်မလည်း အဲလို လျှောက်ပြီး လာတာပါ)။

 ပညာတော်သင်လျှောက်တာလည်း လွယ်တော့မလွယ်ဘူးပေါ့။ အခက်အခဲတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အဲဒါကို ကြိုးစားကြည့်စေချင်တယ်။ သူနဲ့ ပတ်သက်ပြီး သိချင်ရင် အောက်ကလင့်ခ်တွေမှာ ခေါင်းစဉ်ကို ကလစ်ပြီး ဆက်လက် သွားလေ့လာနိုင်ပါတယ်လို့...။
 ...........................................................................


ဒီပိုစ်ကို ရေးတဲ့ ရည်ရွယ်ရင်းကတော့ Monbusho scholarship လို့ ခေါ်တဲ့ ဂျပန် အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးနဲ့ ဂျပန်ကို ပညာတော်သင် လျှောက်လိုသူများ သိသင့်တဲ့ အချက်အလက်များ ဗဟုသုတ ရစေဖို့ ဖြစ်ပါတယ်။
............................................................
မိုးမိဂျိ (မြတ်နိုး)

ဂျပန်ကို ပွဲစားနှင့်လုံးဝ (လုံးဝ) မလာသင့်ပါ။ စကော်လာရအောင်ရှာ။ ဒါမှမဟုတ် မိဘက တတ်နိုင်ရင် ကျောင်းကို သေချာလှမ်းလျှောက်ပြီး ဒီဖက်က ဆရာက လက်ခံပြီဆိုမှ လာပါ။ ဖြစ်နိုင်လျှင် ဂျပန်မှာ ပညာသင်ခြင်းထက် အခြားနိုင်ငံများက ပိုသင့်တော်မယ်လို့ထင်ပါတယ်။ ဂျပန်မှာ အင်္ဂလိပ်လို ဘယ်သူမှ မသုံးကြတော့ စကားအခက်အခဲ ရှိပါတယ်။

ပွဲစားတွေကို မယုံပါနဲ့။ ပွဲစားတွေကိုပေးရတဲ့ ပိုက်ဆံက ဒီမှာ ဂျပန်စာသင်တဲ့ကျောင်းကို ၂နှစ်စာပေးရတဲ့ ပိုက်ဆံနဲ့တူတူပါပဲဆိုတာ...သိစေချင်ပါတယ်။ (မှတ်ချက်။ ဟိုးတနေ့ကတင် ကောင်မလေးတယောက် ပြောပြချက်အရ) ပြီးတော့ ခု ဂျပန်မှာ အလုပ် ရှားလို့..မိဘဆီကပိုက်ဆံပြန်တောင်းနေရတယ်တဲ့။
..................................................


ဂျပန်နိုင်ငံတွင် နိုင်ငံတကာကျောင်းသားများအတွက် တရားဝင် အချိန်ပိုင်း အလုပ်လုပ်ခွင့် တစ်ရက်လျှင် လေးနာရီနှင့် တစ်ပတ်လျှင် ၂၈ နာရီ လုပ်ခွင့်ရကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်းမှစ၍ အလုပ်အကိုင်ရှားပါးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုနှစ်ပိုင်းတွင် ဂျပန်သို့ ပို့ဆောင်ပေးသော ဂျပန်ဘာသာစကား ကျောင်းများနှင့် ၎င်းတို့ဖွဲ့စည်းထားသောအဖွဲ့အချို့မှ အလုပ်အကိုင်ရှာဖွေ ပေးနိုင်ရေးကိုပါ လုပ်ဆောင်ပေးရန် စီစဉ်လာကြသည်ဟု သိရသည်။

"အရင်နှစ်တွေက ဂျပန်ကိုကျောင်း သွားတက်ဖို့အတွက် ဗီဇာခက်ခဲပါတယ်။ အခုနောက်ပိုင်းမှာ ကျောင်းတက်ဖို့ ပညာသင်ယူဖို့ဆိုရင် ၁၀၀ ရာခိုင်နှုန်းနီးပါး သွားခွင့်ရကြတယ်။ ကျောင်းသား ဗီဇာလျှောက်ထားတာ နှစ်ပတ်လောက် နဲ့ ကျနိုင်ပါတယ်။ နောက်ပြီး ဒီ တစ်နှစ် နှစ်နှစ်အတွင်းမှာ မြန်မာကျောင်းသားတွေ ဂျပန်ကို ကျောင်းသွားတက်တာ ၂၀ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်"ဟု Galaxy Matrix Interna-tion Co., Ltd အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်သူက ပြောကြားသည်။
...................................................
 (လသာည)
ပြည်ပမှ ပညာတော်သင်များကို တိုးခေါ်နေသော်လည်း ပြည်တွင်းရှိ ပညာတော်သင်ထောက်ပံ့ကြေးနဲ့ ပညာတော်သင်ဦးရေကိုတော့ နောက်နှစ်ကစပြီး လျှော့ချနေပါတယ်။

.........................................................

ကျောင်းတက်နေရင်းနဲ့ Japanese government scholarship နဲ့ private scholarships တွေလျှောက်နိုင်ပေမယ့် အပြိုင်အဆိုင်များပါတယ်။ သုတေသနအတွေ့အကြုံရှိသူတွေ၊ စာတမ်းဖတ်ကြား၊ တင်သွင်းဖူးသူတွေက အမှတ်ပိုရပြီး စကောလားရှစ်ရလွယ်ပါတယ်။ Japanese government scholarship ရရင်တော့ ကျောင်းလခအားလုံး-လုံးဝသွင်းစရာမလိုတော့ပါဘူး။ private scholarships တွေထဲက ရရင်တော့ ကျောင်းလခဆက်သွင်းနေရမှာဖြစ်ပါတယ်။

အမျိုးသားတက်နေတဲ့ကျောင်းအပါအ၀င်၊ တချို့ကျောင်းတွေမှာ Global Center of Excellence Program ဆိုတဲ့အစီအစဉ်ကို ဂျပန်အစိုးရကချပေးထားပါတယ်။ အဲဒီအစီအစဉ်က ထူးချွန်တဲ့ကျောင်းသားတွေကို super-students အဖြစ်ရွေးပြီး ကိုယ့်စားရိတ်နဲ့ကိုယ်ကျောင်းတက်နေရတဲ့သူကို တစ်လ ၁၆ သောင်း၊Japanese government scholarship ကျောင်းသားကို တစ်လ ၅သောင်းပညာသင်ဆုပေးပါတယ်။ အများကြီးအထောက်အကူရတာမို့ အဲလိုအစီအစဉ်မျိုး ကိုယ်လျှောက်မယ့်ကျောင်းမှာရှိမရှိလည်း home page မှာစုံစမ်းထားသင့်ပါတယ်။
.....................................................

ဂျပန်ပညာတော်သင် အကြောင်း တခြား လေ့လာစရာ လင့်ခ်များ
  1. ၂၀၁၀ ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ
  2. ကျော်နှင်းဆီလွင် နိုင်ငံရပ်ခြားပညာသင်
  3. မြရွက်ဝေ ဂျပန်မှာ ကျောင်းတက်မယ်ဆို 
  4. ကိုကလိုစေးထူးရဲ့ ဂျပန် ပညာရေး ပို့စ် 

ဂျပန်မှာ နေထိုင်စားသောက်ရေးအကြောင်း လေ့လာစရာ လင့်ခ်များ
  1. မြန်မာတိုင်း(မ်)ဂျပန်မှာနေမယ်ဆိုရင်
  2. Megumi ရင်မှအထီးကျန်ခံစားမှုများ
  3. Megumi ဂျပန်နှင့်မြန်မာ ကွာခြားချက်
  4. မမ၀ါ ဂျပန်လာမယ်ဆိုရင်
ဂျပန်အကြောင်း အတွေ့အကြုံလေးများကို မှတ်တမ်းတင်ပေးတတ်သော အခြားဘလော့များ
  1. ကိုပီတိ ဘလော့
  2. ကိုလုံးတုံး ဘလော့
  3. ကိုနေ၀သန် ဘလော့
  4. ကိုဧည့်သည် ဘလော့
  5. မနုစံဘလော့
  6. မကောင်းမွန်ဝင်း ဘလော့
  7. မိုးမိဂျိ ဘလော့
  8. ခွန်သဒ္ဒါ ဘလော့
  9. မီးငယ်လေး ဘလော့
  10. ချင်းတွင်းသူ ဘလော့
    လက်လှမ်းမှီရာ သိသလောက် ပြောပြတာပါ။ တခြားလည်း ရေးတဲ့သူတွေ ရှိနိုင်ပါတယ်။ သိတဲ့သူ ရှိရင် ဖြည့်စွက်ပြောပြပေးကြပါ။ ဂျပန်မလာခင် ဂျပန်နိုင်ငံအကြောင်း အရင်လေ့လာထားတာ ကိုယ့်အတွက် အများကြီး အကျိုးရှိမယ်လို့ ထင်ပါတယ်။ 
    ပိတ်သတ်လေးရေ အဲလောက်ဆို အဆင်ပြေပြီထင်ပါတယ်နော်။

    လသာည ဖြစ်ပါတယ်..

    Tuesday, November 23, 2010

    မျက်လှည့်

    (၁)
    မျက်လှည့်ဆရာလို့ ပြောရင် တချို့က သိပ်သဘောမကျဘူး၊ မျက်လှည့်ဆရာဆိုတာ လူလိမ်တွေလို့ ဆိုကြပါတယ် ။ ဒါပေမယ့် မျက်လှည့်ပညာဟာ ဖျော်ဖြေရေးအဖြစ် တည်ရှိနေခဲ့တာ လွန်ခဲ့သော နှစ်ပေါင်းများစွာထဲကပါ။

    ငယ်ငယ်တုန်းက မျက်လှည့်ပွဲ သွားရင် ရင်ထဲမှာ ဒိန်းဒိန်း ဒိန်းဒိန်းနဲ့နေအောင် တအားပျော်ခဲ့ဖူးတယ်။ ကိုယ့်မျက်စိအောက်တင် မယုံနိုင်အောင် ပြောင်းလဲသွားတာတွေကို မြင်တိုင်း မခံချင်စိတ်နဲ့ ဒီတခါ သူဘယ်လိုလုပ်တာလဲဆိုတာ သေချာကြည့်မယ်လို့ ကြိမ်းဝါးပြီး ကြည့်လည်း အဖြေမှန်ကို မသိဘူး။ ကိုယ်ဘယ်လိုမှ မသိတော့လည်း ထုံးစံအတိုင်း “မြေခွေးက စပျစ်သီးချဉ်တယ် ပြောသလိုမျိုး” မျက်လှည့်ဆရာတွေက လူညာတွေလို့ အော်ပစ်လိုက်တယ်း))

    ငယ်ငယ်က အရပ်ထဲမှာ ပြတဲ့ မျက်လှည့်အမျိုးမျိုးကို မလွတ်အောင် လိုက်ကြည့်ဖူးတယ်။ ဖဲချပ်ဝေပြီး ဖဲချပ်အဖြေရွေးတာကအစ၊ လူအရှင်ကို မီးရှို့ပြီး အဲဒီလူက ပွဲကြည့်ပရိတ်သတ်ထဲကနေပြီး ပြန်ထွက်လာတွေအဆုံး ကြည့်တယ်။ ကြည့်ပြီးရင် စိတ်ထဲက အဖြေမသိလို့ မခံချိမခံသာဖြစ်တာက သပ်သပ်၊ သဘောကျတာက သပ်သပ်။ လက်ခုပ်လက်ဝါးတီးပြီး ဒီလူတော်တော် စွမ်းတာပဲလို့ အော်ချီးကျူးမိတယ်။

    David Copperfield ရဲ့ မျက်လှည့်ခွေတွေ တီဗွီမှာလာတော့ နေ့တိုင်း စောင့်ကြည့်ခဲ့တယ်။ သူ့ခွေထွက်တော့လည်း ၀ယ်ကြည့်သေးတာ။ သူ့ကျတော့ လူညာလို့ကို မပြောနိုင်အောင်ပဲ သဘောကျမိတယ်။ အဲဒီလူ မျက်လှည့်ပညာထက် စိတ်စွမ်းအင်တွေများ ရနေတယ်ထင်ပါ့လို့လည်း အံ့သြချီးကျူးမိတယ်။
    ........................................................
    (၂)
    ၉တန်းကျောင်းသူဘ၀တုန်းက ဖေဖေ့မိတ်ဆွေ မျက်လှည့်ဆရာ ဦးလေးကြီးတစ်ယောက်က မျက်လှည့်သင်ပေးခဲ့ဖူးတယ်။ မျက်လှည့်နည်း လေးငါးမျိုးကို သင်ပေးတယ်။ အဲဒီလေးငါးမျိုးကိုပဲ နေ့တိုင်းလေ့ကျင့်ရင်း တတ်သွားတယ်ဆိုပါတော့..။ တတ်လည်းတတ်ရော ငါကွဆိုပြီး ကိုယ့်ဘာသာချီးကျူးလို့ တအိမ်လုံးကို မျက်လှည့် လိုက်ပြတယ်၊ ကိုယ့်အနားလာတဲ့သူ၊ ကျောင်းက သူငယ်ချင်းတွေနဲ့ အိမ်ရှေ့ဖြတ်သွားတဲ့သူအားလုံးကို လှမ်းခေါ်ပြီးကို မျက်လှည့်လိုက်ပြရတာ အမော။

    သူတို့တွေက “ဟယ် တအားတော်တာပဲ”လို့ ချီးကျူးလိုက်ရင် ကိုယ့်မှာ မျက်နှာကို ပုရွက်ဆိတ် တက်ကိုက်လောက်အောင် ချိုပြုံးနေခဲ့တာပေါ့၊ နောက်ပြီး သူတို့က “အဲဒါ ဘယ်လိုလုပ်တာလဲ ငါ့ကိုသင်ပေး၊ အခုသင်ပေး”ဆိုပြီး ဆရာတင်လာရင်လည်း သင်ပေးလိုက်သေးတယ်.. (နာမည်ကြီးချင်တော့လည်း ဂလို ဂလို အရပ်ထဲမှာ ဂျိုကာ (joker)ဖြစ်ခဲ့ရတယ်း)))

    ခက်တယ်.. မျက်လှည့်ဆိုတာက လုပ်ပြပါများတော့ ကြည့်တဲ့သူက အဖြေ သိသွားရော၊ နောက်ပြီး မျက်လှည့်က အဖြေမသိခင်သာ စိတ်ဝင်စားဖို့ ကောင်းတာလေ၊ အဖြေသိသွားရင် စိတ်ဝင်စားစရာ မကောင်းဘူးမဟုတ်လား..။ အဲဒီတော့ အိမ်ကလူတွေက ကိုယ့်မျက်လှည့်ကို စိတ်ဝင်တစားလှည့်မကြည့်တော့ဘူး..။ ကျောင်းက သူငယ်ချင်းတွေကဆို မျက်လှည့်ကို သူတို့က (ကိုယ်သင်ထားတဲ့အတိုင်း ပြန်လုပ်ပြီး) ကိုယ့်ကိုတောင် ပြန်သင်ပေးလိုက်သေးတယ် :"(

    ဒါနဲ့ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်နေသွားမိပါတယ်။
    .....................................................
    (၃)
    အဲလိုမေ့နေတဲ့ မျက်လှည့်ရောဂါပိုးကို အခုရက်ကျမှ လာပြီး နှိုးဆွသွားတဲ့သူက ရှိလာပါတယ်။ ကျောင်းက သူငယ်ချင်းတစ်ယောက်ပါ။ သူက ဂျပန်မျက်လှည့်ဆရာတစ်ယောက်ရဲ့ မျက်လှည့်စာအုပ်လေးတစ်အုပ်ကို လက်ဆောင်ပေးလာပါတယ်။ သိတဲ့အတိုင်း လူကနေပေမယ့် ပိုးကမနေဘူး..၊ အဲဒီစာအုပ်ကိုရကတဲက အိပ်ယာဘေးချပြီး အိပ်ခါနီးတိုင်း ဖတ်နေတာ တစ်ပတ်ရှိသွားပါပြီး)))။

    မျက်လှည့်စာအုပ်က ကောင်းပေမယ့် မျက်လှည့်အတတ် လုံးဝမသိတဲ့ မျက်လှည့်ပညာဇီးရိုး တွေအတွက် ရည်ရွယ်ထားတဲ့ မျက်လှည့်စာအုပ်ဖြစ်နေတော့ (David Copperfield ရဲ့ မျက်လှည့်ခွေတွေ မပြတ်ကြည့်ထားတဲ့ ကိုယ့်အတွက်တော့) အင်မတန်မှ ပျင်းစရာကောင်းပါတယ် (မယုံနဲ့..။ ကိုယ့်ကိုယ့်ကို ဂုဏ်တင်ကြည့်တာ၊ တကယ်တော့ ကိုယ်မသိတာတွေချည်းပဲ ;P) ။

    အခု အဲဒီစာအုပ်က မျက်လှည့်ပညာအကြောင်းလေး သူငယ်ချင်းတွေကို ပြန်ပြောချင်နေတာနဲ့ (ငယ်ငယ်ကအကျင့်အတိုင်း လာလည်သူကို မျက်လှည့်ပြချင်စိတ် ပေါက်နေမိတာမို့) ပိုစ်တင်ချင်ပါတယ်.. ခွင့်လွှတ်ပါ.. နော်း)))

    လသာညက မျက်လှည့်ကို ပြရုံမဟုတ်ပါဘူး။ သင်ပေးမှာပါ၊ တခြား ကိုယ့်သူငယ်ချင်းတွေကို ပြန်ပြီး မျက်လှည့်ပြစားလို့ ရတာပေါ့။ ကော်ဖီတိုက်ကြေးလောက်တော့ ရလောက်တယ်..း)))
    ..........................................
    မျက်လှည့် သင်ခန်းစာ-၁

    ဒီနေ့ကတော့ မျက်လှည့်မဟုတ်တဲ့ မျက်လှည့်.. (အ၀ကျဉ်းတဲ့ ပုလင်းထဲကို ကြက်ဥပြုတ်ထည့်ပြနည်း..)

    အောက်က ဓါတ်ပုံထဲကလို အ၀ကျဉ်းပုလင်းထဲကို ကြက်ဥပြုတ်ကို ပုံမပျက် ထည့်ပြမယ်လို့ အရင်ပြောပါ။


    ဘယ်လိုမှ ထည့်လို့မရဘူးလို့ ငြင်းနိုင်ပါတယ်။ ငြင်းလာတဲ့သူကို ပြုံးပြီး ကြည့်လိုက်ပါ အဲ ငါးခူပြုံးလေးလောက်နဲ့ ။ နောက်ပြီး.. သတ္တိရှိရင် ကော်ဖီတစ်ခွက်ကြေး...လို့ အော်လိုက်ဦး.. ဖြစ်သေးတယ်း)))

    ကဲ... ပွဲ စမယ်...အဲ.. နေဦး ပွဲမစခင် အောက်ကအတိုင်း ကိုယ်တိုင် လေ့ကျင့်ထားပါဦး)

    ခွက်နှစ်ခွက် အရင်ပြင်ပါ၊ တခွက်ထဲကို ရေနွေးဆူဆူ (၆၀ဒီဂရီဖာရင်ဟိုက်လောက်)ကိုထည့်ထားပြီး ကျန်တခွက်ထဲကို ရေခဲတုံးလေးတွေပါတဲ့ ရေခဲရေ ထည့်ထားပါ။ ပြီးရင် ပုလင်းလွတ်ကို ရေပူထဲကို ထည့်ပြီး ပုလင်းပူအောင် ထားပေးပါ။
    ပုလင်းအ၀မှာ ကြက်ဥပြုတ်လေးကို တင်ရုံလေးတင်လိုက်ပါ။

    ရေပူခွက်ထဲမှနေပြီး ပုလင်းနဲ့ ကြက်ဥကို တွဲရက်သား ဆယ်လိုက်ပါ။

    ရေခဲရေခွက်ထဲကို ဖြေးဖြေးချင်းနှစ်ပါ။

    ကြက်ဥလေးက တဖြေးဖြေးချင်းပုံပြောင်းပြီး .

    ............................................................

    ကဲ.. လုပ်နည်းသိပြီဆိုရင် မျက်လှည့်ပွဲကို ပြကြည့်ရအောင်

    မျက်လှည့်ဆိုတာ မျက်လှည့်ဆရာရဲ့ ဟိတ်ဟန်ကလည်း အရေးကြီးသေးတာ။ အပေါ်ကအတိုင်း လုပ်ပြရင် ပရိတ်သတ်ကို မျက်လှည့်ပြတာနဲ့ မတူဘူး။ အဖြေကို ပြောပြတာပဲ ဖြစ်တယ်။ သိပ်ပျော်စရာမကောင်းဘူး။ လူတိုင်းက အဖြေကို ချက်ချင်းသိရင် သိပ်မဟုတ်ဘူး။ အဖြေကို မသိလေ စိတ်ဝင်စားလေ...။ ဒါကြောင့် မျက်လှည့်ပြတဲ့အခါကျတော့ အောက်ကအတိုင်း လုပ်ပြီးမှ မျက်လှည့်ပွဲကို ခင်းကျင်းနော်။

    ၁) ရေပူရေအေးတွေကို ပရိတ်သတ်မမြင်ရအောင် ကတ္တူစက္ကူဗူးကြီးကြီးထဲ အရင်ထည့်ထားပါ။
    ၂) နောက်ပြီးရင် ပုလင်းလွတ်လေးကိုလည်း ကတ္တူစက္ကူဗူးကြီးထဲမှာ ရေပူခွက်ထဲကို ချထားလိုက်ပါ။ (ပရိတ်သတ်က ပုလင်လေးလည်ပင်းလေးပဲ မြင်နေရမှာပါ။)

    ၃) အဲဒီအချိန် ပါးစပ်ကနေ “ငါ အခု စိတ်စွမ်းအင်ကို သုံးပြီး ပုလင်းကို စကားပြောနေတယ်”ဘာညာပြောပြီး ပွစိပွစိ တိုးတိုးလေး [အုံဖွံ #@$%%]ရွတ်နေပါ။
    ၄) ပြီးရင် ကြက်ဥပြုတ်ကို တင်ပါ။ “အခု ကြက်ဥပြုတ်က ငါ့စကားကို နားထောင်အောင် အရင် စိတ်ညှို့ နေတာ”လို့ ပြောမယ်။ မျက်လုံးလေးမှိတ်ပြီး ဘာညာ ပြောမယ်..။

    ၅) ကြက်ဥကြည့်သလိုလိုနဲ့ ပုလင်းကို ပြန်အချမှာ ရေခဲရေခွက်ဖက်ထဲကို ထည့်လိုက်ပါ။
    ၆) ကြက်ဥပြုတ်ကို မန်းမှုတ်သလိုလိုနဲ့ “ငါ အခု စိတ်စွမ်းအင်ကို သုံးပြီး ကြက်ဥပြုတ်ကို အမိန့်ပေးနေတယ်”ဘာညာပြောပြီး ပွစိပွစိ တိုးတိုးလေး [အုံဖွံ #@$%%]ရွတ်နေပါ။
    ၇) ကြက်ဥပြုတ်က ပုလင်းထဲ ၀င်သွားချိန်ကျမှ ဆယ်ပြီး ပရိတ်သတ်ကို မြှောက်ပြလိုက်ပါ။

    ၈) ပရိတ်သတ်က “၀ိုးးးးးးးးးးးးးးးးး ဖြောင်းဖြောင်းဖြောင်း၊ တော်လိုက်တာ” ဆိုတဲ့ လက်ခုပ်တီးသံကို အရသာခံ နားထောင်လိုက်ရင်း စက္ကူဗူးထဲက ရေပူရေအေးခွက်တွေကို ဘေးကအကူ သူငယ်ချင်းကို သိမ်းခိုင်းလိုက်တော့..
    ...................................................................

    ကဲ အိုကေနော်း))) အားတဲ့အခါ မျက်လှည့်ပြကြည့်လိုက်..
    ချစ်ရတဲ့ သယ်ရင်းအားလုံး ပျော်ရွှင်ပါစေ..။

    နောက်အချိန်ရတဲ့အခါကျရင် အများရှေ့တင် ဇွန်းအသစ်လေးက ကိုယ့်စိတ်စွမ်းအင်နဲ့ ကွေးကျသွားအောင် လုပ်ပြတဲ့နည်းကို သင်ပေးဦးမယ် (ဤကား မက်လုံးဖြစ်၏)

    လသာည ဖြစ်ပါတယ်။
    မှတ်ချက်.. မျက်လှည့်တချို့ကို pdf လုပ်ပြီး side bar မှာတင်ထားပါတယ်။ မည်သူမဆို ဒေါင်းလော့လုပ်ယူနိုင်ပါတယ်း))

    Wednesday, November 10, 2010

    ထိုအရာကြောင့်

    သီတင်းကျွတ်ပြီးနောက်ပိုင်း.. ဟိုမှသည်မှ “အပျိုကြီး၊ လူပျိုကြီး”အကြောင်း စာဖွဲ့တဲ့ ခနဲ့တဲ့စာလေးတွေ ထွက်လာပါတယ်။ ကျွန်မမှာလည်း သူငယ်ချင်း “အပျိုကြီး၊ လူပျိုကြီး” အဲလေ မှားလို့ “အပျိုလေး၊ လူပျိုလေး”တွေ ရှိနေတော့ သူတို့ကိုကြည့်ပြီး အားနာမိတယ်။ ဒါနဲ့ နည်းနည်းပါးပါး သူတို့အတွက် အထောက်အကူဖြစ်လေမလားဆိုပြီး ကိုယ်သိတာလေး တစ်ခုနှစ်ခု ပြောပြချင်တာနဲ့ ဒီပိုစ်ကို တင်လိုက်ပါတယ်။

    တချို့သူတွေက တအားစွံပြီး ချစ်သူခင်သူတွေများကြပါတယ်။ အဲဒါသူတို့မှာ ရုပ်ရည်ရူပကာ၊ ဂုဏ်ပကာသနအပြင် ကိုယ့်ထက် တစ်စုံတစ်ခု ပိုသာနေလို့ ဖြစ်နိုင်ပါတယ်။ တခြားမဟုတ်ပါဖူး Pheromones လို့ခေါ်တဲ့အရာပါ။ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း Pheromonesဆိုတာက သာမန်အားဖြင့် ချွေးထဲမှာ ပျော်ဝင်နေတဲ့ ဓါတ်တမျိုးလည်း ဖြစ်ပြီး ခန္ဓာကိုယ်က ထွက်တာဖြစ်ပါတယ်။ ကိုယ်က Pheromones ထုတ်လွှင့်မှု ပိုများလေ၊ ဆန့်ကျင်ဘက်လိင်က ကိုယ့်ကို ချစ်ခင်စိတ်ပိုဖြစ်လေလို့ ဆိုတယ်။ Pheromones ထုတ်လွှင့်မှုများသူဟာ ချစ်ခင်ဖွယ်ဟန်ပန်အမူအရာကို ပိုလုပ်မိစေတယ်တဲ့။

    Pheromonesဆိုတာကို အယင်က ပျားလိုမျိုး အင်းဆက်သတ္တ၀ါအချင်းချင်း ဆက်သွယ်တဲ့အခါ ထုတ်လွှင့်တဲ့ပစ္စည်းအဖြစ် ယူဆခဲ့တယ်။ သူတို့က လူတွေလို ဆက်သွယ်စကားမပြောနိုင်ဘူးလေ။ လူကျတော့ Pheromonesမပါပဲ ဆက်သွယ်နိုင်တော့ လူမှာ Pheromones မရှိဘူးလို့ယူဆလာရာက ၁၉၈၇ ခုနှစ်လောက်ကျမှ လူသတ္တ၀ါတွေမှာလည်း Pheromonesရှိတယ်လို့ ဆိုလာကြတာဖြစ်ပါတယ်။

    လူသား Pheromones စတင်တွေ့ရှိပုံက ဆန်းတယ်။ Utah University က ပရော်ဖက်ဆာတစ်ဦးက ခြေထောက်ကျိုးရာမှ ထွက်လာတဲ့ အသားစလေးတွေကို ကြည့်ရင်း လူသားရဲ့အသားမှာ ဘယ်လိုဓါတ်တွေပါနေမလဲလို့ စမ်းသပ်ရှာဖွေခဲ့တယ်။ အဲဒီထဲက ဓါတ်တစ်မျိုးကို သီးသန့်ခွဲထုတ်ပြီး ပုလင်းတစ်ခုထဲထည့်ပြီး ထပ်မံစစ်ဆေးနေခဲ့ပါတယ်။

    အဲလို ရှာဖွေနေစဉ်အတွင်း ၎င်းပုလင်းအဖုံးကို ဖွင့်ထားမိချိန်တွေမှာ သူ့ရဲ့စမ်းသပ်ခန်းက အခန်းဖော်များရဲ့အပြုအမူက ထူးခြားစွာ ပြောင်းလဲနေတတ်တာကို သတိထားမိတယ်။

    အခန်းဖော်အချင်းချင်းက ပိုပြီးတရင်းတနှီးရယ်မော ပြောဆိုနေကြတာ၊ စကားနည်းသူ အမျိုးသမီးဆိုရင် သူကပဲ စပြီး နှုတ်ဆက်စကားပြော၊ မုန့်အတူစားဖို့ ကမ်းလှမ်းတာမျိုးကို တွေ့ရတာဖြစ်ပါတယ်။ ၎င်းပုလင်းအဖုံးကို ပိတ်ထားချိန်ဆိုရင်တော့ အခန်းဟာ ယခင်အတိုင်းပဲ ပြန်ဖြစ်သွားတာကို သတိထားမိတယ်။

    အဲဒီဓါတ်ဟာ Human Pheromonesဖြစ်ပြီး နောက်ပိုင်းမှာ လူတွေကို ချစ်ခင်ရင်းနှီးစေတဲ့ Human Pheromones အကြောင်း သုတေသနတွေ ဆက်တိုက်ထွက်လာပါတယ်။ အရင်က နှာခေါင်းထဲက vomeronasal organ (VNO) ဆိုတဲ့အရာဟာ သိပ်အသုံးမ၀င်ဘူးလို့ ထင်လာရမှ အဲဒီအပိုင်းဟာ Pheromonesကို အဓိကခံစားနိုင်တဲ့နေရာဆိုတာကို သိရှိလာခဲ့ရပါသတဲ့။ (Photo from http://www.pherx.com/)

    Pheromonesဆိုတဲ့အရာက အမျိုးသမီးချွေးထက် အမျိုးသားချွေးမှာ ပိုများပါတယ်။ ဒီတော့ အမျိုးသားများက အမျိုးသမီးများကို ချွေးနဲ့ စွဲဆောင်သတဲ့။ ဒါနဲ့ တန်းတူဖြစ်အောင် အမျိုးသမီးများအတွက်လည်း Pheromones ပါတဲ့ ရေမွှေးတွေ ထုတ်လုပ်ရောင်းချလာတယ်။ အခုတော့ အမျိုးသားအတွက်ရော၊ အမျိုးသမီးအတွက်ပါ Pheromones ပါတဲ့ရေမွေးတွေရောင်းနေကြပြီ။ ဂျပန်နိုင်ငံမှာတော့ အမျိုးသား/အမျိုးသမီးများအတွက် ချစ်သူခင်သူပိုများစေဖို့ Pheromones ရေမွှေးဖြင့် ( ဒီနေရာ)က ကူညီနေတယ်တဲ့။

    Pheromonesကို ဆေးအဖြစ် သုံးလို့ရတယ်လို့ ဆိုပါတယ်။ ဥပမာ . ဓမ္မတာမမှန်တဲ့ အမျိုးသမီးများက အမျိုးသားတစ်ဦးဦးရဲ့ ချိုင်းချွေး (ဂျိုင်းချွေး) ကို ရှူရှိုက်ပါက ဓမ္မတာမှန်တယ်လို့ဆိုပါတယ်။ ထိုချွေးမှာ Pheromones ပါလို့ ဆိုပဲ.။ ဘယ်လိုဆက်စပ်သွားတာကြောင့်လည်းတော့ မပြောတတ်ပါ။ နောက်ပြီး အမျိုးသမီးများက ဓမ္မတာလာခါနီးနဲ့ လာနေချိန်ဆိုရင်လည်း ချွေးမှာ Pheromones များလို့ ပိုပြီး ဟန်ပန်မူရာက ပိုချစ်စဖွယ်ဖြစ်သတဲ့..။

    ၂၀၀၅ ခုနှစ်တုန်းက ကြွက်အဖိုတွေရဲ့ မျက်ရည်မှာ Pheromones ပါတယ်ဆိုတာ စတင်တွေ့ခဲ့ရလို့ အချစ်ဆေးဖော်ချင်သူ သုတေသနပညာရှင်တွေက လူတွေအတွက်ပါ ကြိုးစားပမ်းစား စမ်းသပ်ချက်တွေ လုပ်ခဲ့ကြပါတယ်။ ဟော အခု သိရပါပြီ။ ယခုနှစ် တိုကျိုတက္ကသိုလ်က ပါမောက္ခတစ်ဦးက ကျောင်းသားပေါင်း ၁၅၅၀ယောက်နဲ့ စမ်းသပ်ချက်မှာ ကြွက်အဖိုများနည်းတူ အမျိုးသားများ၏ မျက်ရည်ထဲမှာ Pheromones ပါတယ်ဆိုတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

    ဒီတော့ အမျိုးသားများက ချွေးတင်မက မျက်ရည်နဲ့ပါ အမျိုးသမီးများထက် ချစ်ဆေးဖော်နိုင်စွမ်းရှိတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီတော့ အမျိုးသားများက “မင်း ငါ့ကို မချစ်ရင် ငိုလိုက်မှာနော်”လို့များ ဟန်ပိုပို ဆိုလာခဲ့ရင်ဖြင့် သတိနဲ့ mask လေးနဲ့ ကာကွယ်ထားသင့်ပါပြီ။ သူ့မျက်ရည်မှ တဆင့် ချစ်ခြင်းကို ဖြစ်စေတဲ့ Pheromonesတွေပါ ထုတ်လွင့်လိမ့်မယ်ဆိုတာ သတိရလိုက်ပါ။ အချိန်မီ မကာမိလို့ Pheromonesတွေ ကိုယ့်ဆီ ရောက်လာရင်တော့ သူငယ်ချင်းလေးများ ကိုယ့်ထိုက်နဲ့ကိုယ်ကံ လူပျိုကြီး အပျိုကြီးဘ၀က ကျွတ်သွားကောင်း ကျွတ်သွားပါလိမ့်မယ်လို့ သတင်းကောင်းပါးလိုက်ရပါတယ်း))

    မှတ်ချက်။ ။ (ဒီနေ့ လသာညရဲ့ဆရာက အတန်းထဲမှာ စိတ်ပြောင်းလဲမှုဖြစ်စဉ်များအကြောင်း ပြောနေရင်းကနေ Pheromonesဖက်ကို ဆက်စပ်ပြီး ပြောသွားတာလေးကို သူငယ်ချင်းတွေကို ပြန်မျှချင်တာနဲ့ ပိုစ်တင်လိုက်ပါတယ်။ ဆရာပြောတုန်းက သိပ်နားမလည်တာတွေကိုတော့ အောက်က နေရာလေးတွေမှ ဆက်ဖတ်ပြီး ပြောပြတာ ဖြစ်ပါတယ်။ )

    Reference: http://www.pherx.com/faq.html
    http://www.prosty.com/pheromone/column_pheromone/tokkyo/
    .................................................................

    အောက်က ကောက်နှုတ်ချက်များကတော့ pheromonesအကြောင်း ရေးသားဖူးသူများရဲ့ ဘလော့ပိုစ်များမှ ကောက်နှုတ်ဖော်ပြထားတာပါ။ သူတို့ရေးသားထားချက်များမှာ အလွန် စိတ်ဝင်စားစရာ ကောင်းတဲ့အတွက် ပူးတွဲပါလင့်ခ်မှတဆင့် သွားရောက်လေ့လာနိုင်ကြပါတယ်လို့..။

    ...........................................................

    “ယောက်ျားတွေရဲ့ ချွေးထဲမှာ Pheromone ဆိုတဲ့ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့ ဟော်မုန်း သဘော ဆောင်တဲ့ သတ္တိ ရှိတယ်လို့ ယုံကြည်ရတယ်။ အမြဲထွက်နေတာတော့ မဟုတ်ဘူး။ လိင်စိတ်အရ ထွက်တဲ့အခါမှာ၊ သူ့ (ပါတနာ) က သိပ်သဘောကျပါမယ်။ ” Dr. တင့်ဆွေ (၁-၁၁-၂၀၁၀)
    .........................................................

    “ယောက်ျားတွေ ထွက်တဲ့ချွေးဟာ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်မှု သဘောဆောင်တဲ့ pheromone ကိုပါ ထုတ်တယ်လို့ ယုံကြည်ကြတယ်။ ဒီအစွမ်းဟာ သေးငယ်တဲ့ အကောင်လေးတွေမှာ သိသိသာသာရှိတာမျိုးဖြစ်တယ်။” မိုးယံ (၁၅-၅-၂၀၁၀)
    ....................................................................

    “ပြောရမယ်ဆိုရင် ကျွန်မတို့တွေ ဒီလို စွဲမက်ဖွယ် ကောင်းတဲ့ ရနံ့တွေကို ကြိုက်နှစ်သက်မှုဟာ ချွေးကနေတစ်ဆင့်ဖြတ်သန်းသွားတဲ့ pheromone လို့ခေါ်တဲ့ မမြင်နိုင်တဲ့အနံ့မော်လီကျူးလီးတွေကြောင့် ဖြစ်ပါတယ်။ Pherin ဆိုတာဂရိဘာသာစကားဖြစ်ပြီး သယ်ဆောင်တယ်လို့ ခေါ်ပါတယ်။ Hormone ကတော့ စိတ်လှုပ်ရှားမှုဖြစ်ပြီး sexual communication မှာသူက အဓိကတာဝန်ယူ ဆောင်ရွက်ပေးတာဖြစ်ပါတယ်တဲ့။

    သဘာဝအားဖြင့်တော့ လူတွေရဲ့ချွေးမှာရှိတဲ့ acidic nature မတူညီတာကြောင့် pheromones အားလုံးဟာ မတူညီကြပါဘူး။ အမျိုးသားတွေရဲ့ ၄င်းအနံ့ မော်လီကျူးလေးတွေဟာ အမျိုးသမီးတွေထက်စာရင် ကတိုးနံ့ ပိုပြီးပါဝင်ပါတယ။် ကတိုးနံ့နဲ့ စန္ဒကူးနံ့ တွေဟာ အမျိုးသမီးတွေကို ချစ်ရေးချစ်ရာနဲ့  ပတ်သက်လာရင် ပိုပြီးတော့ ဆွဲဆောင်နိုင်တယ်လို့ ပြောကြပါတယ်။ ပင့်ခ်ဂိုး (၁၃-၉-၂၀၀၇)
    .........................................................................
    ဗမာလို ပြောကြမယ်ဆိုရင်တော့ ဒါကို ချွေးနံ့ ဆိုတာထက် ကိုယ်သင်းနံ့လို့ ပြောရမယ် ထင်တယ်။ ကြာညိုနံ့ လို့ ဆိုကြတယ် မလား။ မမအယ် ( ၁၈-၁၁-၂၀၁၀)
    .............................................................................

    သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ရှိပါတယ်နော်။
    လသာည ဖြစ်ပါတယ်...



    Friday, November 5, 2010

    ခြင်္သေ့တစ်ကောင်၏ ဖြစ်ရပ်မှန်

    တခါက နိုင်ငံတစ်နိုင်ငံရဲ့ ဆင်းရဲတဲ့ တိရိစ္ဆာန်ဥယျာဉ်ထဲမှာ ခွန်အားနဲ့ပြည့်စုံပြီး ပျိုမြစ်တဲ့ ခြင်္သေ့လေးတစ်ကောင် ရှိခဲ့တယ်။ ခြင်္သေ့ဆိုပေမယ့်လည်း တိရစ္ဆာန်ဥယျာဉ်က ဆင်းရဲတော့ တနေ့မှ အသားတစ်ကီလိုပဲ စားခွင့်ရတယ်။ ခြသေ့င်္လေးဟာ အသားများများစားရတဲ့ ဘဝကို တမ်းတရင်း ကယ်တင်ရှင် မြန်မြန်လာပါစေလို့ ဆုတောင်းနေမိတယ်။

    တနေ့တော့ ဂျပန်နိုင်ငံက တိရိစ္ဆာန်ဥယျာဉ်များကြီးကြပ်ရေး အရာရှိက အဆိုပါတိရိစ္ဆာန်ဥယျာဉ်လေးကို လာလည်ရင်း ခွန်အားနဲ့ပြည့်စုံပြီး ပျိုမြစ်တဲ့ ခြင်္သေ့လေးကိုသဘောကျသွားတယ်။ နောက်တော့ တိရိစ္ဆာန်ဥယျာဉ်လေးရဲ့အရာရှိကို မေးမြန်းပြီး ခြင်္သေ့လေးကို သူတို့နိုင်ငံကို ခေါ်သွားဖို့ စီစဉ်တယ်။ ဒီလိုနဲ့ ကယ်တင်ရှင်မျှော်နေတဲ့ခြင်္သေ့လေးရဲ့ ဆုတောင်းပြည့်သွားတယ်ဆိုပါတော့..

    “ဂျပန်ရောက်ရင် သူတို့က ငါ့ကို တနေ့ဆိတ်တစ်ကောင် ဒါမှမဟုတ် နှစ်ကောင်နှုန်းပေးမှာသေချာတယ်။ တိရိစ္ဆာန်တွေကို ပေးသုံးတဲ့ အကြွှေးကဒ်(credit card) (လည်စည်းမှာ မြုပ်ပြီး တပ်ပေးတဲ့ name credit card)နဲ့ ငါကြိုက်သလောက် စားချင်တာ စားခွင့်လည်း ရတော့မယ်”

    ဒီလိုနဲ့ လေယာဉ်ကြီးနဲ့ ဂျပန်နိုင်ငံကို သူရောက်ခဲ့တယ်။

    ဂျပန်ကိုရောက်ပြီး ပထမဆုံးနေ့မှာပဲ မနက်စာအဖြစ် လှပစွာထုတ်ပိုးထားတဲ့ အစာအိတ်အကြီးကြီး သူ့ဆီကိုရောက်လာတယ်။ အပေါ်မှာလည်း ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတိရိစ္ဆာန်ဥယျာဉ်ရဲ့ တံဆိပ်တုံးကို သေသပ်လှပစွာ နှိပ်လို့ထားတယ်။ ဝမ်းသာအားရနဲ့ အိတ်ကိုဖွင့်လိုက်တဲ့အချိန်..

    သူ မမျှော်လင့်ထားတဲ့အဖြစ်အပျက်ကြောင့် ရှော့ဖြစ်သွားတယ်။ အိတ်ထဲမှာတွေ့ရတာက ဌက်.. ပျော.. သီး.. တွေ..

    ခြင်္သေ့ကို ဌက်ပျောသီးလာကျွေးတဲ့အတွက် သူဒေါသထွက်သွားတယ်။ ဒါပေမယ့် ချက်ချင်း တစ်စုံတစ်ခုကို သူစဉ်းစားမိတယ်။ သူက တောကနေ ခရီးဝေးကို လေယာဉ်နဲ့ လာရတာမို့ ခရီးပန်းလာတယ်၊ နောက်ပြီး ဆင်းရဲ့တဲ့ ဥယျာဉ်လေးမှာ တစ်နေ့ အစာနည်းနည်းပဲ စားခဲ့ရသူဆိုတော့ အစာအိမ်က ကျဉ်းနေတယ်။ ဒီတော့ အစာအိမ်ကို အရင် ဆေးကြောတဲ့ အနေနဲ့ ဌက်ပျောသီးအရင် ကျွေးတာ ဖြစ်လိမ့်မယ် လို့ စဉ်းစားမိတယ်..။

    ဒါပေမယ့် ဒုတိယနေ့မှာလည်း.. ပထမနေ့ကအတိုင်း သေသပ်စွာ ထုပ်ပိုးထားတဲ့ ဌက်ပျော်သီးအိတ်ပဲ ထပ်ရောက်လာတယ်။

    တတိယနေ့.. ထိုနည်းလည်းကောင်း..
    ခြင်္သေ့လေးဟာ ထိန်းမရအောင် ဒေါသထွက်လို့နေပါပြီ။ ဒါဟာ ခြင်္သေ့တစ်ကောင်ကို သက်သက် စော်ကားတာပဲ မဟုတ်လား...သူက တိရိစ္ဆာန်ဥယျာဉ်က ဝန်ထမ်းကို ခုန်အုပ်လိုက်ပြီး ဒေါသကုန် ဟိန်းဟောက်လိုက်တယ်/

    “ဝေါင်း....ဒီမှာ ကျူပ်ဟာ ခြင်္သေ့ဗျ၊ တောသုံးထောင်အုပ်စိုးတဲ့ တောဘုရင် ခြင်္သေ့ဆိုတာ ခင်ဗျားနည်းနည်းမှ မသိဘူးလား..။ အဓိပ္ပါယ်မရှိ လုပ်နေတာတွေကို ရပ်တန်းက ရပ်လိုက်ပါ။ ကျူပ်လို ခြင်္သေ့ကို ဌက်ပျောသီးကျွေးတာဟာ တော်တော် မခန့်လေးစားလုပ်တဲ့ အပြုအမှုပဲ၊ ခင်ဗျား နားလည်လား”

    ဒီတော့ အစာကျွေးသူ ဝန်ထမ်းက ရိုသေစွာ ပြန်ပြောတယ်။
    “အရှင်ဟာ တောဘုရင် ခြင်္သေ့မှန်း ကျွန်ုပ်သိပါတယ်။ သို့သော်လည်း သင့်ကို ဒီနိုင်ငံသယ်လာတုန်းက မျောက်ဗီဇာနဲ့သယ်လာတယ်ဆိုတာကိုရော သင်သိပါသလား အရှင်”
    (++) ..............................................

    တခြားနေရာမှာ မျောက်ဖြစ်ရတာထက်စာရင် ကိုယ့်နေရာမှာ ခြင်္သေ့ဖြစ်ရတာ သာကောင်းပေ၏။ 
    ..................................

    လသာည ဖြစ်ပါတယ်။
    Posted by လသာည   Labels: အတွေး at 10:57 AM
    (++) ..............................................
    ..................................

    လသာည ဖြစ်ပါတယ်။