Sunday, March 29, 2009

တူညီတဲ့အရာတွေလည်း မတူညီတတ်ဘူး။


အရာဝတ္ထုတစ်ခုတည်းကို နေရာနှစ်ခုမှ နှစ်ခါတိုင်းကြည့်ရင် ရလဒ်က နှစ်မျိုးဖြစ်မယ်။ အဲဒါ အမြင်အာရုံ ကွဲပြားမှုကြောင့်ပါ။ (spatial heterogeneity)

တူညီတဲ့ အရာဝတ္ထုတစ်ခုတည်းကိုပဲ အချိန်ကာလနှစ်မျိုးမှာ တိုင်းကြည့်ရင် ရလဒ်က နှစ်မျိုးဖြစ်နေဦးမယ်။ဘာဖြစ်လို့လဲဆိုရင် အချိန်ကာလကြောင့် အသက်ကြီးလာလို့ပါ။ (temporal heterogeneity)

ထို့အတူ လူနှစ်ယောက်ကို တိုင်းကြည်ရင်လည်း ဘယ်လိုမှမတူညီနိုင်ဘူး။ မျိုးရိုးဗီဇ၊ ကိုယ်ရည်ကိုယ်သွေး၊ ပတ်ဝန်းကျင်၏ သက်ရောက်မှု (nature and nuture) စသည်တို့ကြောင့် ဖြစ်ပါတယ်။

သွေးအမျိုးအစားမတူလို့ပဲ ဖြစ်ဖြစ်၊သွေးအမျိုးအစားတူပေမဲ့ ကျန်တဲ့အချက်တွေဖြစ်တဲ့ မျိုးရိုးဗီဇမတူလို့ပဲ ဖြစ်ဖြစ်၊ ကိုယ်ရည်ကိုယ်သွေး၊ လူမျိုးဘာသာလူနေမှုအဆင့်အတန်းနှင့် အသက်အရွယ်စသည် မတူလို့ဖြစ်ဖြစ်၊ လူတွေ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။

ဒါကြောင့် လူတစ်ဦးကို အခြား တစ်ဦးနှင့် နှိုင်းယှဉ်ကြည့်ပြီး ကိုယ်သိထားတဲ့ပေတံတွေနဲ့ တိုင်းတာကြည့်တာမျိုး၊ သူများနဲ့ တူအောင် မစွမ်းဆောင်နိုင်ရကောင်းလားလို့ ကိုယ်ကိုယ်ကိုမဝေဖန်မိဖို့ အရေးကြီးသလို၊ သူများကိုလည်း မဝေဖန်မိဖို့ အရေးကြီးတယ်။ ကိုယ်စွမ်းနိုင်သလောက် အကောင်းဆုံးလုပ်နိုင်ရင် ပြီးတာပဲလေ။

တကယ်ဆို ကွဲပြားမှုဟာ အမှန်တရားပါ။ (Heterogeneity is universal.)

လသာည ဖြစ်ပါသည်။ပုံကိုforwarding mail တစ်ခုမှကူးယူသည်။

Thursday, March 26, 2009

စာတစ်စောင်

အနာဂတ်သို့ စာတစ်စောင်
(手紙 ~拝啓 十五の君へ~)

တေးရေး၊ တေးဆို အန်ဂျယ်လာအာခိ (အကယ်၍ ဖွင်မရခဲ့လျှင် http://www.youtube.com/watch?v=qv-OKEM9I7Iမှာ ကြည့်နိုင်ပါတယ်။)


ငယ်ငယ်တုန်းက ကိုယ်တကယ်ခင်တဲ့ သူငယ်ချင်းတစ်ယောက်ယောက်ကို ဒါမှမဟုတ် အိမ်ကမိဘတွေကို ဘာမှမဟုတ်ပဲ စိတ်ကောက်ပြီး မခေါ်မပြောပဲနေဖူးလား။ နောက်ပြီး ဘာမှမဟုတ်ပဲ ငိုချင်သလိုလို ရယ်ချင်လိုလိုဖြစ်တယ်။ ငါက သူများတွေနဲ့မတူပဲ ဘာဖြစ်လို ဒီလိုပုံစံကြီး ဖြစ်နေတာလဲလို့ ကိုယ်ကိုယ်ကို စိတ်တိုင်းမကျတာမျိုးဖြစ်ဖူးလား?(တချို့ ဆို အခုထိ ဖြစ်ကြသေးတယ်။...)

အခုလူကြီးဖြစ်နေကြတဲ့ လူတိုင်းမဖြစ်မနေ ကြုံဖူးကြမှာ။ဘယ်အရွယ်ကလဲဆိုတော အသက်ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် လူုပျို/အပျိုသင်ကာစအရွယ်၊ မြီးကောင်ပေါက်စအရွယ်ပါ။ သစ်ရွက်ကလေးလှုပ်တာကအစ ရယ်ချင်တယ်၊ လေတိုက်လို့ သစ်ရွက်ကြွေရင် ငိုချင်တယ်၊ဆိုတဲ့အရွယ်ပါ။

အဲဒီအရွယ်ဟာ ကလေးဘ၀ကနေ လူကြီးဘ၀ကို ပြောင်းရန် ပြင်ဆင်ချိန်-ကူးပြောင်းကာလ-ပါ။ သူတို့အရွယ်ရဲ့ သူတို့သောကဟာ အကြောင်းအရာအမျိုးမျိုး၊ ခံစားချက်အမျိုးမျိုးနဲ့ မို့ အရွယ်နဲ့မမျှ ကြီးမားလှပါတယ်။ ဒါကို ပတ်ဝန်းကျင်က လူကြီးတွေဖြစ်တဲ့ မိဘတွေ၊ဆရာတွေက နားလည်မှု ပေးနိုင်ဖို့ လိုအပ်ပါတယ်။

ကိုယ်ခန္ဓာအပြောင်းအလဲနှင့်အတူ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ တွေ ကို နေသားကျဖို့ ကြိုးစားရင်း ကိုယ်ကိုယ်ကိုလည်း ငါကဘာလဲ? (who I am?)ဆိုတာကို မေးခွန်းအမျိုးမျိုးမေးရင်း ကိုယ်ကိုယ်ကို နားလည်နိုင်ဖို့ ကြိုးစားရပါသတဲ့။သူများကိုလည်း နားလည်နိုင်ဖို့ ကြိုးစားရပါသတဲ့။ အဲဒီလို ကြိုးစားရင်း သူရဲ့ personality ကတဖြည်းဖြည်း ပုံပေါ်လာတာပါ။

အဲဒီအရွယ်ကို အဆင်ပြေပြေ ဖြတ်သန်းနိုင်မှသာ ရင့်ကျက်တဲ့လူကြီးဘ၀ကို ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကာလလေးဟာ ဘ၀ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါတဲ့။ (အခု ကျပ်မပြည့်တဲ့ လူတွေဟာ အဲဒီကာလကို အဆင်ပြေပြေ မဖြတ်သန်းခဲ့ရလို့ဖြစ်ရတာမို့လို့ စိတ်ပညာရှုထောင့်မှ နားလည်ပေးရန် ဖြစ်ပါတယ်။)

အဲဒီကာလလေးကို တင်စားထားတဲ့ သီချင်းတစ်ပုဒ် ရှိပါတယ်။ စာသားက ယခု အသက် ဆယ်ငါးနှစ်ပြည့်ပြီဖြစ်တဲ့ ကောင်မလေး တစ်ယောက်က လက်ရှိအချိန်က“ငါ”ကနေပြီး လူကြီးဘ၀ကို ရောက်ပြီဖြစ်တဲ့ အနာဂတ်က “ငါ”ဆီသို့ ရည်မှန်းပြီး ရေးတဲ့စာပါ။ ဂျပန်မှာ အလယ်တန်း/ အထက်တန်းကျောင်းရဲ့ ကျောင်းဆင်းပွဲ ဖြေဖြော်ရေးတွေမှာ ကျောင်းသား၊ကျောင်းသူလေးတွေ ကိုယ်တိုင် နှစ်သက်စွာ သီဆိုကြလေ့ ရှိပါတယ်။ Minna no uta တေးစီးရီးထဲကတပုဒ်ပါ။ တေးရေး၊ တေးဆို အန်ဂျယ်လာ အာခိ ပါ။ စာသားနဲ့ အဓိပ္ပါယ်လေးကို ကြိုက်လို့ ဆီလျှော်သလို ဘာသာပြန်ထားတာပါ။

စာရေးလိုက်ပါတယ်။
အခု ဒီစာကို ဖတ်နေတဲ့ မင်းက ဘယ်နေရာမှာလဲ။
ု အသက်ဆယ်ငါးနှစ်ပြည့်ပြီးတဲ့ ငါ့မှာ ဘယ်သူကိုမှ မပြောပြနိုင် တဲ့ သောကတွေ အများကြီးရှိနေတယ်။
အနာဂတ်က “ငါ”ဆီသို့ ရည်မှန်းပြီး ရေးလိုက်တဲ့ စာမို့် မင်းကတော့ သေချာပေါက် (ငါ့ခံစားချက်ကို ) ယုံကြည်ပေးမယ်မဟုတ်လား။
ယခု (လက်ရှိဘ၀မှာ) ရှုံးနိမ့်လုဆဲဆဲ၊ ငိုရတော့မယ်ဆဲဆဲ၊ ထွက်ပြေးချင်လုဆဲဆဲဖြစ်နေတဲ့ ငါ လေ ဘယ်သူစကားကို လက်ခံယုံကြည်ပြီး လျှောက်လှမ်းရင်ကောင်းမလဲ?
တစ်ခုထဲသော ဒီနှလုံးသားဟာ (အကြောင်းအမျိုးမျိုးနှင့်) အကြိမ်ကြိမ်အခါအခါ ကွဲအက်လို့ ဝေဒနာတွေနဲ့ငါလေ လက်ရှိဘ၀ကြီးကို ရှေ့ ဆက်လျှောက်နေရတယ်။

စာပြန်လိုက်ပါတယ်။ ငါ့ဆီကို စာရေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အသက်တစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်တဲ့ မင်းကို ပြောစရာတွေ အများကြီးရှိတာပေါ့။
ငါဆိုတာ ဘာလဲ? ငါ ဘယ်ကို သွားမလို့လဲ? ဘယ်ကို ဦးတည်ပြီးသွားရမှာလဲ? မေးခွန်းများစွာနဲ့ ဘာလုပ်ရမှန်းမသိတော့ဖူးလား? တကယ်ဆို (လောကပင်လယ်ထဲကိုပျံသန်းမဲ့) အပျံသင်စငှက်ငယ်လို ကြီးကောင်ပေါက်စ (အပျို/လူပျိုပေါ်ဝင်စ)အရွယ် ရဲ့ သောကပင်လယ်ဟာ ကျယ်ဝန်းလွန်းပါတယ်။
(ဘယ်လိုပဲဖြစ်ဖြစ်) ရည်မှန်းချက်အိပ်မက်သင်္ဘော ကို စီးပြီး အနာဂတ်ရဲ့ ကမ်းစပ်ဆီ ဦးတည်ခုတ်မောင်း ပါ။
အခု အရှုံးမပေးပါနဲ့၊ မငိုပါနဲ့။ ထွက်ပြေးသွားချင်လောက်အောင် စိတ်ညစ်လာခဲ့ရင် ကိုယ်ရဲ့အသံနဲ့ ကိုယ်အားပေးလို့ (ကိုယ်ကိုယ်ကို ယုံကြည်စိတ်နဲ့) ရှေ့ ဆက်လျှောက်တာက အကောင်းဆုံးပါ။

လူကြီးဖြစ်တဲ့ ငါလည်းပဲ စိတ်ဒဏ်ရာတွေနဲ့ အိပ်မပျော်တဲ့နေ့တွေ ရှိတာပေါ့။
ကြမ်တမ်းတဲ့ဒီဘ၀ကိုဖြတ်ကျော်ရင်း ရှင်သန်လျှက်ရှိတယ်။

လူ့ဘ၀တစ်ခုလုံး(အစိတ်အပိုင်းအားလုံး)မှာ အဓိပ္ပါယ်ရှိတယ်။ဒါကြောင့်မိုလို့ ဘာကိုမှမကြောက်ပဲနဲ့ ကိုယ့်အိပ်မက်အတိုင်း ရဲရဲရှေ့ ဆက်လျှောက်ပါ။ ယုံကြည်ချက် ဆက်ထားပါ။

ယခု (လက်ရှိဘ၀မှာ) ရှုံးနိမ့်လုဆဲဆဲ၊ ငိုရတော့မယ်ဆဲဆဲ၊ ထွက်ပြေးချင်လုဆဲဆဲဖြစ်နေတဲ့ ငါ လေ ဘယ်သူစကားကို လက်ခံယုံကြည်ပြီး လျှောက်လှမ်းရင်ကောင်းမလဲ?

အခု အရှုံးမပေးပါနဲ့၊ မငိုပါနဲ့။ ထွက်ပြေးသွားချင်လောက်အောင် စိတ်ညစ်လာခဲ့ရင် ကိုယ်ရဲ့အသံနဲ့ ကိုယ်အားပေးလို့ (ကိုယ်ကိုယ်ကို ယုံကြည်စိတ်နဲ့) ရှေ့ ဆက်လျှောက်တာက အကောင်းဆုံးပါ။

ဘ၀ရဲ့ဘယ်အပိုင်းပဲ ဖြစ်ဖြစ်၊ အခက်အခဲဆိုတာရှိတာပဲ။ ထွက်ပြေးလို့မရဖူး ဆိုတော့ အပြုံးနဲ့ပဲ လက်ရှိဘ၀ကို ဖြတ်သန်းသွားကြစို့်။ လက်ရှိဘ၀ကို ကျော်ဖြတ်သွားကြစို့်။

ယခုပြန်စာကို ဖတ်နေမဲ့ မင်းတစ်ယောက် ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းရင်း။
( အနာဂတ်မှ ငါ)

တကယ်တော့ ဘ၀ရဲ့အစိတ်အပိုင်းတိုင်းဟာ ကျန်အစိတ်အပိုင်းတိုင်းအတွက် အရေးကြီးတာပါပဲ။ ကိုယ်မှာ အားငယ်စရာ၊ငိုချင်စရာတွေ ကြုံလာတိုင်း( ဒီ သီချင်းထဲကအတိုင်း) အခက်အခဲထဲက ထွက်ပြေးလို့မရမဲ့အတူတူ အပြုံးနဲ့ ရင်ဆိုင်နိုင်အောင်ကိုယ်ကိုယ်ကို(ကိုယ်ကိုယ်တိုင်ကပဲ) အားပေးရင်း ကိုယ့်ယုံကြည်ချက်၊ ရည်မှန်းချက်အတိုင်း ကြိုးစားရမယ်။

လသာည

Sunday, March 22, 2009

သွေးအမျိုးအစားနှင့် စရိုက်လက္ခဏာ

သွေးအမျိုးအစားကွဲပြားမှုအကြောင်းကို ၁၉၁၁ ခုနှစ်ဝန်းကျင်ကနေပြီး လေ့လာတွေ့ရှိလာခဲ့ပြီး ယခုအချိန်မှာတော့ သွေးအမျိုးအစားမှ လူ့စရိုက်လက္ခဏာ၊စိတ်နေစိတ်ထား၊ အပြုအမူ အကြောင်း သီအိုရီအမျိုးမျိုးနဲ့ ခန့်မှန်းချက်တွေဟာ ပလူပျံနေအောင် တွေ့ရှိရမှာ ဖြစ်ပါတယ်။

ယခုဂျပန်နိုင်ငံတိုကျိုမှာ ဆိုရင် ရာမာနိုတယ်ရထားလိုင်းနံရံတီဗွီမှာ တနေ့တာ မိုးလေ၀သခန့််မှန်းချက်တွေနဲ့အတူ ဒီတနေ့တာ Aသွေးအမျိုးအစား၊ Bသွေးအမျိုးအစား၊ Oသွေးအမျိုးအစားနှင့် ABသွေးအမျိုးအစားလူတွေအတွက် တွေ့ကြုံရမယ့်အခြေအနေ၊စိတ်နေစိတ်ထားကို ခန့်မှန်းရေးထားတဲ့ ဗေဒင်ကို နေ့စဉ်မြင်နေရမှာ ဖြစ်ပါတယ်။

ဥပမာ မနေ့ကဆိုရင်
...ဒီနေ့အဖို့ Aသွေးအမျိုးအစားတွေ ပျော်ရမဲ့နေဖြစ်ပါတယ်။ အထက်လူကြီးမှ ချီးကျူးစကားကြားရလိမ့်မယ်။ ချစ်သူထံမှ ပန်းလက်ဆောင်ရလိမ့်မယ်။ ဒါပေမဲ့ Aသွေးအမျိုးအစားတူ သူငယ်ချင်းနှင့် စကားများရလိမ့်မယ်။ ပင်ကိုယ်က စိတ်မြန်သောစရိုက်ရှိသူများမို့ Aသွေးအမျိုးအစားများအနေနဲ့ ဒီတနေ့တာ စိတ်ကိုယ်တည်တည်ငြိမ်ငြိမ်ထားဖို့ ခက်ခဲပါလိမ်မယ်။.......စသည်စသည်

စိတ်ဝင်စားစရာ တော်တော်ကောင်း ပါတယ်။ (^^;) ဒါပေမဲ့ ကိုယ်နဲ့တော့ တခုမှမကိုက်ညီခဲ့ဖူး။ Aသွေးအမျိုးအစားညီမလေးတစ်ယောက်ကိုတောင် သတိရလိုက်သေးတယ်။ သူကော ပန်းလက်ဆောင် ရသေးလား မသိဖူး လို့...

လသာည ဖြစ်ပါသည်။

Saturday, March 21, 2009

နှလုံးသားလား၊ ဦးဏှောက်လား။

လူတွေကပြောကြတယ်၊ နှလုံးသားနဲ့ မဆုံးဖြတ်နဲ့၊ ဦးဏှောက်နဲ့ ဆုံးဖြတ်ပါ တဲ့။ နောက်တစ်ခု ရှိသေးတယ်၊ ရင်နာတယ် တဲ့၊ my heart is hurt!!တဲ့။ တစုံတခုကို အရမ်းခံစားရတဲ့အခါ ရင်ထဲက (ရင်ဘတ်ထဲက) နှလုံးသားက နာတယ်လို ပြောကြတယ်။

ဒါပေမဲ့ စိတ်ပညာအမြင်အရ လူသားတွေရဲ့ စိတ်နဲ့ ခံစားချက်တွေအားလုံးကို ဦးဏှောက်အစိတ်အပိုင်း တစ်ခုက တာဝန်ယူလုပ်နေရတာမို့ ပြောရရင် နှလုံးသားဆိုတာ ဦးဏှောက်ကတာဝန်ယူထားတဲ့ဦးဏှောက်ရဲ့ လုပ်ငန်းခွဲ တစ်ခု ပါတဲ့။

တကယ်တော့ နှလုံးသားကအဓိက တာဝန်ယူထားတဲ့ လုပ်ငန်းက ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်ရန် သွေးကြောအတွင်း သွေးအသွင်းအထုတ် လုပ်ငန်းပါ။နှလုံးရဲ့တာဝန်ကို ဒီနေရာhttp://www.ivy-rose.co.uk/Topics/Heart_Structure.htmမှာ ကြည့်ပါ။

အလုပ်တစ်ခုကို လုပ်တယ်၊ စာကြည့်တယ်၊ တစ်ခုခုစားတယ်၊ တစ်ယောက်ယောက်ကို ချစ်တယ်၊ တစ်ခုခုကို စဉ်းစားတယ်၊ တစ်ခုခု ကို ခံစားတယ်၊... အားလုံးကို ဦးဏှောက်က ထိန်းချုပ်လုပ်နေတာပါ။

ဦးဏှောက်ကြီးရဲ့ ညာဦးဏှောက်က ခံစားချက်နဲ့ ပတ်သက်တာကို တာဝန်ယူတယ်။ ဘယ် ဦးဏှောက်က ဘာသာစကားနှင့် ပတ်သက်တာကို တာဝန်ယူတယ်။

ဒါကြောင့် ဘာကိုပဲ ဆုံးဖြတ်ဆုံးဖြတ် ဦးဏှောက်နဲ့ပဲ ဆုံးဖြတ်နေတာဖြစ်လို့ ခံစားချက်နဲ့ ဆုံးဖြတ်နေတာလား၊ ဆင်ခြင်ဥာဏ်နဲ့ ဆုံးဖြတ်နေတာလား......အဲဒါပဲ ပြောရမှာပါတဲ့.....။

...............................................................................................

Mr. Fukahori Motofumi၏ 「心とは何かと脳の仕組み」ကို နားလည်သလို ဘာသာပြန်သည်။

လသာည ဖြစ်ပါသည်။