Sunday, January 26, 2014

တစ်ရက်ပဲဖြစ်ဖြစ်၊ တစ်လပဲဖြစ်ဖြစ်


ကိုယ်ဝန် ၅ လမှာ နာကျင်လွန်းတဲ့ ကျောရိုးစစ်ကြောင့် လမ်းလျှောက်ရင်းက လဲကျခဲ့တယ်။ ဆေးရုံသွားပြတဲ့အခါ အရိုးကင်ဆာလို့ ထင်ရတဲ့ ရောဂါတစ်ခုကို သံသယ ဖြစ်စရာ တွေ့ခဲ့ရတယ်.. ။ ဖြစ်နိုင်သ၍ မြန်မြန် ကုသမှသာ ရောဂါပျောက်ကင်းမှာဖြစ်လို့ ဖြစ်နိုင်သ၍  အမြန်ဆုံး....   ရောဂါစတင်ကုဖို့ ဆရာဝန်ကတိုက်တွန်းခဲ့တယ်။ ။
ဒီတော့ ကိုယ်ဝန်ဆောင်က အရေးတကြီး ပြန်မေးလိုက်တယ်။
"ဒါဆို ဗိုက်ထဲက ကိုယ်ဝန်ကရော…"
"ဆေးစကုပြီဆိုတာနဲ့ ကင်ဆာဆေးတွေကြောင့် ဖြစ်လာမယ့် အကျိုးဆက်အရ ကိုယ်ဝန်ကိုတော့ လက်လျှော့လိုက်ပါ။"
ကိုယ်ဝန်ဆောင်မိခင်က...
"ကျွန်မ ဒီကလေးကို မွေးမှဖြစ်မယ်။ ကျွန်မ မစွန့်လွှတ်နိုင်ဘူး။ ရောဂါကတော့ ကလေးမွေးပြီး မှ ကုပါရစေ။ ကိုယ်ဝန်ကိုသာ ဂရုစိုက်ပေးပါ။"
ဒီလိုနဲ့ သမီးကို ပိုချစ်ခဲ့တယ်..။
အောင်မြင်စွာ သမီးကို မီးဖွားခဲ့တယ်။ သမီးကို ဘေးမသီရန်မခ မွေးနိုင်လို့ ၀မ်းသာပြီး၊ ကျောရိုးဆစ်က နာကျင်မှုကိုတောင် မိခင်ဖြစ်သူ မေ့သွားတယ်..။ သမီးဟာ  မိခင်ဖြစ်သူအတွက်တော့ မသေခင်ပေးတဲ့ ဘုရားရဲ့ဆု ပါပဲ။
ရောဂါကြောင့် သမီးကို မချီ ပိုးနိုင်ပေမယ့် သမီးမျက်နှာလေး မြင်ရတာနဲ့ကို မိခင်ဖြစ်သူ ကျေးဇူးတင်နေပါပြီ။
အလျင်အမြန်ကုရမယ့် ရောဂါက ချက်ချင်း မကုသနိုင်ခဲ့တဲ့အတွက် ကျောရိုးတစ်လျောက်မှာ ကင်ဆာကျိတ်တွေ အခိုင်အမာ အမြစ်တွယ်နေခဲ့ပြီ။  မိခင်ဖြစ်သူ လူ့လောကကို ခွဲခွာဖို့ အချိန်တွေ နီးကပ်လာပြီ.။ သမီးလေးအတွက် တစ်ခုခု လုပ်ခဲ့မှ ရတော့မယ် လို့ သူ ဆုံးဖြတ်ခဲ့တယ်။
..............................................................................................
"သမီးYurichika အတွက် မှာတမ်း"  
 

သမီး.. 
သမီး ရယ်သံလေးတွေက မေမေ့အတွက် ဘုရားပေးတဲ့လက်ဆောင်ပါ..။ မေမေ့ကို ပျော်ရွှင်စေတဲ့ လက်ဆောင်ပါ။ ဒါပေမယ့် အဲဒီလက်ဆောင်ကို ဘယ်အချိန်ထိ မေမေပိုင်ဆိုင်နိုင်မလဲဆိုတာကို မသိတော့တဲ့အခြေအနေတစ်ခု ရှိနေတယ်။ ဒါကြောင့် သမီးလေးကို မှာချင် ပြောချင်တာတွေကို စာတွေ ရေးထားခဲ့တယ်..။

သမီး လူဆိုတော့လည်း တချိန်ချိန်တော့ သေချာပေါက် စိတ်ညစ်စရာတွေ တွေ့လာဦးမှာ။ မေမေ အနားမှာ နေပေးချင်လိုက်တာ။ မနေပေးနိုင်ပေမယ့်လည်း မေမေက နည်းလမ်းပေးမယ်။ လောကမှာ သေတာလောက် စိတ်ညစ်စရာ ကောင်းတာ ရှိဦးမှာလား။ လုပ်ချင်တာ ဘာမှ လုပ်လို့မရတော့ဘူး။ ဒီတော့ ရှင်သန်နေတဲ့ လူတွေအတွက် ကျန်တဲ့ စိတ်ညစ်စရာဆိုတာ အသေးအမွှား ဟာသလောက်ပဲလေ။ ဟုတ်တယ်မို့လား။ စိတ်ညစ်ရင် အားရပါးရ ရယ်သာပစ်လိုက်။
သမီးမှာ သူငယ်ချင်းကောင်းတွေလည်း အများကြီး ရှိစေချင်တယ်။ သူငယ်ချင်းကောင်းရဖို့ သမီးကိုယ်တိုင်က သူများတွေအတွက် သူငယ်ချင်းကောင်းဖြစ်အောင် ပြုမူရမယ်။ လူဆိုတာက မွေးလာတော့လည်း တစ်ယောက်တည်း၊ သေသွားလည်း တစ်ယောက်တည်း.. ။ အထီးကျန်စရာ မဟုတ်လား။ ဒီတော့ ရှင်သန်နေတုန်း ဘ၀လေးမှာ ပတ်ဝန်ကျင်က လူများစွာနဲ့ ပြေလည်အောင် ဆက်ဆံပြီး မိတ်ဆွေကောင်း များများရအောင် မိတ်ဖွဲ့နေထိုင်တာက သဘာဝအကျဆုံး မဟုတ်လား။
နောက်ပြီးတော့ စိတ်ထားကောင်းကောင်းထားတတ်ရမယ်။ အကောင်းမြင်စိတ်တွေ တွေးတဲ့အကျင့် မွေးမြူရမယ်။ အရေးကြီးဆုံး အချက်က ဟောဒီလောကကြီးမှာ သမီးက ကိုယ်ပွားမရှိတဲ့ ပန်းပွင့်တပွင့်ဆိုတာ မမေ့ဖို့ပဲ။ သမီးဟာ သမီးပဲမို့ ဘယ်သူငယ်ချင်းနဲ့မှကိုယ့်နဲ့ မနှိုင်းယှဉ်မိစေနဲ့။.
ဘုရားက မိန်းခလေးတွေကို လှလှပပ နေခွင့်ပေးထားတယ်။  နေ့စဉ် ကျော့ကျော့မော့မော့လေး နေထိုင်ဖို့ဆိုရင် လုပ်စရာတွေ အများကြီးဆိုတော့ သမီးပျင်းချိန်တောင် မရပါဘူး။ ။

မေမေ့ မျက်စိထဲတော့ သမီးက ဘုရင်သမီးတော်လေးလိုမျိုး၊ အားလုံး ငေးနေတဲ့ မင်းသမီးလေးတစ်ပါးပေါ့၊ မေမေကိုယ်တိုင် အလှပြင်ဆိုင်တွေ လိုက်ပို့၊ ရှော့ပင်းတွေ လိုက်ပို့ လုပ်ပေးချင်လိုက်တာ…။ နေ့တိုင်း ဒီဇိုင်း တမျိုးစီ မထပ်အောင် ပေးဆင်ပြီး မေမေက သမီးရဲ့ ဒီဇိုင်နာ လုပ်ချင်တာ။ ဖေဖေ့ကိုလည်း မေမေပြောခဲ့တယ်။ သမီးမိန်းခလေး မွေးထားတာဆိုတော့ ပိုက်ဆံတော့ ပိုရှာပြီး ပိုဆင်ပါလို့..။ လိုအပ်ရင် မေမေ့ လက်ဝတ်ရတနာ အားလုံး ယူဝတ်နော်။
သမီးရယ်.. သမီးကို နောက်ထပ်မှာစရာတွေ အများကြီး ရှိသေးတယ်။ သမီးကို စိတ်မချဘူး။
ဘုရားသခင် ကျွန်မကို အသက် တစ်ရက်ပဲဖြစ်ဖြစ်၊ တစ်လပဲဖြစ်ဖြစ် ဆက်ရှင်ခွင့်ပေးပါဦး…။
Yurichika 2012
.........................................................................
အဲဒီ နိုင်ငံမှာ တစ်နှစ်ကို လူပေါင်း သုံးသောင်းခွဲလောက်က စိတ်ဖိအားတွေ များလွန်းလို့ ကိုယ့်ကိုယ့်ကိုယ် သတ်သေနေတဲ့အချိန်မှာ မိန်းမတစ်ယောက်ကတော့ သူ့အသက်ကို တစ်ရက်ပဲဖြစ်ဖြစ်၊ တစ်လပဲဖြစ်ဖြစ် သမီးအတွက် ဆက်ရှင်ခွင့် ရပါစေ..လို့ တဖွဖွ ရေရွတ်ရင်း သမီးအတွက် အသက်ပေးသွားခဲ့တယ်။ သူရေးခဲ့တဲ့  "သမီးYurichika အတွက် မှာတမ်း" စာအုပ်လေးကတော့ ရောင်းမလောက်နှိုင်ပဲ အကြိမ်ကြိမ် ထုတ်ဝေလို့ ဂျပန်ပြည်သူတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်သွားခဲ့လေရဲ့...။


7 comments:

စံပယ်ချို said...

Yurichika တော့ ဂျက်ကတော့ မျက်ရည်လည်ပြီးစိတ်ထဲကလဲဝမ်းနည်းနေမိတယ်-----ရင်ကိုတကယ်ထိစေတာပဲ

သဒ္ဓါလှိုင်း said...

ဖတ်ရင်း ဝမ်းနည်းရတယ်... မလသာ

ချစ်ခင်စွာ
သဒ္ဓါ

လသာည said...

စံပယ်ချို သဒ္ဒါ ..

ဟုတ်တယ် စာအုပ်ဖတ်မိတဲ့ လူတိုင်း ငိုသွားစေတယ် လေ။ မိခင် မေတ္တာ ဆိုတာ...


ကျေးဇူးနော်။

နောင်ဂျိန် said...

ဖတ်ပီး ရင်နင့်သွားတယ်..လသာရယ်...

လသာည said...

နောင်ဂျိန်>> မိဘမေတ္တာကို ကိုယ်တိုင်မိဘဖြစ်မှ ပိုပိုနားလည်လာမိတာနဲ့ ကွာ

ဘုန်းဘုန်းတောက် said...

ဖတ်ပြီး တကယ်ခံစားရတယ်။ ကြားဖူးတယ် ကိုးရီးယားတို့ ဂျပန်တို့ဟာ ကိုယ့်ကိုယ်ကို Suicide လုပ်တာ များတယ်ဆိုပဲ။

လသာည said...

ဘုန်းဘုန်းတောက်.. ဟုတ်တယ် သူတို့ဆီကလေ။

မတွေ့ရတာကြာပြီ ဘုရား၊ နေကောင်းရဲ့လား