Friday, October 30, 2009

အမြဲ..တမ်း အမြဲတမ်း

အဲလ်ဖီအကြောင်း ပြောပြချင်တာ နားထောင်မလားဟင်။ အဲလ်ဖီက ဟောဒီကမ္ဘာကြီးမှာ ချစ်စရာအကောင်းဆုံး ခွေးလေးပေါ့။

ကျွန်တော်ကို မွေးတုန်းက အဲလ်ဖီလည်း ခွေးပေါက်လေးအဖြစ် အိမ်ကို ရောက်လာခဲ့ပြီး ကျွန်တော်နဲ့ အတူတူ ကြီးပြင်းလာခဲ့တယ်။ ဒါပေမဲ့ အဲလ်ဖီက ကျွန်တော်ထက် ပိုထွားမြန်တယ်။ ကျွန်တော်က သူဘေးမှာနေပြီး နွေးနေတဲ့ သူဗိုက်ကို ခေါင်းအုံးအမှတ်နဲ့ အိပ်ရာတာကို ပျော်တယ်။ ပြီးရင် အတူတူအိပ်ပျော်သွားလေ့ရှိတယ်။ အိပ်မက်ထဲတောင် ကျွန်တော်တို့နှစ်ယောက်က အတူတူပဲ။
ကျွန်တော့်အစ်ကိုနဲ့ အစ်မကလည်း အဲလ်ဖ် ကို အရမ်းချစ်တယ်ဗျ။ ဒါပေမဲ့ အဲလ်ဖီက သူတို့အဲလ်ဖီမဟုတ်ဘူး။ ကျွန်တော့ရဲ့အဲလ်ဖီ ပဲ..လေ။
အဲလ်ဖီ နဲ့ ကျွန်တော်က နေ့ရောညရော မခွဲဘူး အမြဲတူတူကစားလေ့ရှိတယ်။
အဲလ်ဖီ ကလေ ရှဉ်လေးတွေကို လိုက်တမ်းကစားရတာကို သိပ်ပျော်ပုံရတယ်။ နောက်ပြီး မေမေ့ရဲ့ ပန်းခင်းကို သူ့ခြေထောက်တွေနဲ့ယက်ရတာကို သဘောကျသူဗျ။

အဲလိုလုပ်တတ်လို့ အိမ်သားအားလုံးက သူ့ကိုဆူကြတယ်။ ဆူပေမဲ့ သူတို့အားလုံး အဲလ်ဖီကိုချစ်ကြတယ်။ သူတို့ကလေ အဲလ်ဖီ ကို ချစ်ရဲ့သားနဲ့ ချစ်တယ်လို့ သိပ်မပြောကြဘူး။ ချစ်ရင်လည်း ချစ်တယ်လို့ ပြောလို့ရရဲ့သားနဲ့ ဘယ်သူမှ အဲလ်ဖီကို အရေးလုပ်မပြောကြဘူး။ သူတို့ပြောရင် ကျွန်တော့်အဲလ်ဖီ က ပြန်မပြောလည်း နားလည်တယ်လို့ ထင်ပါတယ်။

ဒီလိုနဲ့ ကျွန်တော်အရပ်က တဖြည်းဖြည်းရှည်လာချိန်မှာ သူကပို ၀ ၀လာတယ်။ နောက်ပြီး သူက အသက်ကြီးလာလို့ထင်တယ် အိပ်တဲ့အချိန်က ပိုများလာတယ်။ လမ်းလျှောက်လည်း မထွက်ချင်သလိုပဲ ဖြစ်လာတယ်။ ကျွန်တော်က သူနေမကောင်းမှာကို စိတ်ပူမိတယ်။

ကျွန်တော်တို့က သူ့ကို တိရစ္ဆာန်ဆရာဝန်ဆီ သွားပြတော့ အဲလ်ဖီကအသက်ကြီးလို့ နေမကောင်းတာမိုလို့ ကုစရာဆေးက မရှိဘူးတဲ့။

“အဲလ်ဖီ က အသက်ကြီးပြီ ကလေးရယ်”တဲ့ ဆရာဝန်ဦးဦးက ပြောတယ်။ ကျွန်တော်စိတ်မကောင်းဘူးဗျာ.။

သိပ်မကြာခင်မှာပဲ အဲလ်ဖီက လှေကားထစ်ကလေးတွေကိုတောင် မတက်နိုင်တော့ဘူး။ အဲလ်ဖီက နေမကောင်းပေမဲ့ ကျွန်တော့်အိပ်ခန်းထဲမှာပဲ လာအိပ်ပေးပါတယ်။ ကျွန်တော်က အိစက်တဲ့ခေါင်းအုံးလေးတွေ ခင်းပေးပြီး အိပ်ခါနီးတိုင်း သူ့ကို ပြောဖြစ်တယ်။

“ အဲလ်ဖီ .. ငါလေ မင်းကို အမြဲ..တမ်း အမြဲတမ်းချစ်နေမှာနော်”

ကျွန်တော်ပြောတာကို အဲလ်ဖီက သေသေချာချာ နားလည်နေသလိုပဲ။တနေ့မနက်အစောကြီးမှာတော့ အိပ်ရာကနိုးနိုးချင်း အဲလ်ဖီကို ကြည့်လိုက်တော့ အဲလ်ဖီက သေနေတာကို တွေ့ရတယ်. ။ ကျွန်တော်တို့အိပ်ပျော်နေတုန်း သူသေသွားတာပါ။

ကျွန်တော်တို့အားလုံးက သူ့ကိုပန်းခြံထဲမှာပဲ မြေတူးပြီး မြုပ်လိုက်တယ်။ အားလုံးငိုရင်း အဲလ်ဖီကို ဖြေဖို့လိုက်ကြတယ်။

သူတို့ဗျာ..အစ်ကိုနဲ့အစ်မပေါ့ အဲလ်ဖီကို ချစ်ရဲ့သားနဲ့ ချစ်တယ်လို့ မပြောလိုက်ကြဘူး။ အခု သူတို့ဝမ်းနည်းနေကြတယ်။ ကျွန်တော်လည်း ၀မ်းနည်းနေပေမဲ့ ကျေနပ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နေ့တိုင်း “အဲလ်ဖီ၊ ငါ မင်းကို အမြဲ..တမ်း အမြဲတမ်း ချစ်နေမှာနော်”လို့ ကျွန်တော့်ရင်ထဲမှာ ရှိတာကို ပြောဖြစ်တယ်လေ။

အိမ်နားက ကောင်မလေးက ကျွန်တော့်ကို ခွေးပေါက်စလေးတစ်ကောင်ပေးမယ်လို့ ပြောတယ်။ တကယ်တော့ အဲလ်ဖီက ကျွန်တော်ကတခြားခွေးတစ်ကောင်ကို ချစ်လည်း ခွင့်လွှတ်မယ့်သူပါ။ ဒါပေမဲ့ ကျွန်တော်က ခွေးပေါက်စလေးကို မယူပဲ “နေပါစေ”လို့ ပြောလိုက်တယ်။ ပြီးတော့ အဲလ်ဖီအိပ်ရာခြင်းတောင်းလေးကို ပေးလိုက်တယ်။ ကျွန်တော့်ထက်စာရင် အဲဒီကောင်မလေးရဲ့ ခွေးပေါက်စလေးတွေအတွက် အရေးကြီးတယ်မို့လား။

နောင်တချိန် ကျွန်တော်ကြီးလာရင် တခြားတိရစ္တာန်လေးတွေ မွေးချင်မွေးဦးမှာပါ။ အဲဒီအခါကျရင်လည်း သူတို့တွေကို ကျွန်တော်ချစ်ရင် ချစ်တယ်လို့ ကျွန်တော်က ပြောဦးမှာပဲ။

“ငါ မင်းကို အမြဲ..တမ်း၊ အမြဲတမ်းချစ်နေမှာနော်”လို့..။ သူတို့တွေနဲ့မခွဲခွာခင် ကျွန်တော်ချစ်တာကို သိသွားစေချင်တယ်...

တကယ်တော့ ကျွန်တော်တို့တွေက အမြဲတမ်း ကိုယ့်အနားကရှိနေသူတွေကို သိပ်ပြီးဂရုမစိုက်ကြဘူး။ ချစ်တယ်လို့ သိပ်မပြောကြဘူး။ ရင်ထဲကနေပြောကြည့်စမ်းပါ “ချစ်တယ်”လို့လေ။ ကြားရသူတိုင်း အရမ်းကို နွေးထွေးကြည်နှုးဖွယ်ရာ စကားလေးနှစ်လုံးပါ။ အခုတော့ ဝေးသွားမှ၊ သေသွားမှ၊ ၀မ်းနည်းစိတ်မကောင်းဖြစ်ကြတယ်။ အဲဒီအချိန်ကျ ဒီစကားတွေက ပြောဖို့ အချိန်နှောင်းနေပြီမို့လား.............

အခုလည်း တို့တတွေဟာ တိုက်ဆိုင်စွာ ဒီအချိန်ဒီနေရာမှာ လာတွေ့ကြတယ်နော်။ အကြောင်းအမျိုးမျိုးနဲ့ တချိန်ချိန်မှာ မဖြစ်မနေ ခွဲခွာကြရဦးမယ်.. ။ မခွဲခွာခင် ပြောခွင့်ပေးပါ.. သူငယ်ချင်း.။

“လသာညရဲ့ သူငယ်ချင်းအားလုံးဟာ လသာညအတွက်တော့ အရေးပါသူတွေချည်းပါ. အားလုံးကို အမြဲချစ်ခင်လေးစားပါတယ်” လို့.....

လသာည ဖြစ်ပါတယ်။
မှတ်ချက်။ ။ ဂျပန်နိုင်ငံက မူလတန်းကျောင်းသုံးစာအုပ် ပထမတန်းက ずうっと、ずっと、だいすきだよ!ကို ဘာသာပြန်တာဖြစ်ပါတယ်။

Thursday, October 29, 2009

မျက်ဝန်းလေးမှတဆင့်

ကျွန်မတို့တွေ တစ်ဦးနဲ့ တစ်ဦး ပြောဆိုဆက်ဆံကြတဲ့အခါ ဘယ်အရာကို ကြည့်ပြီး ဆက်ဆံကြသလဲ၊ ဘယ်အရာကို ကြည့်ပြီး ပေါင်းသင်းဆက်ဆံရင် အဆင်ပြေဆုံးဖြစ်မလဲဆိုတဲ့ မေးခွန်းလေးက ကျွန်မမကြာခဏတွေးမိတဲ့ အကြောင်းအရာပါပဲ.. နောက်ပြီး လူတစ်ယောက်နဲ့ တစ်ယောက် တွေ့လိုက်တာနဲ့ ဘာကိုစိတ်ဝင်စားသလဲဆိုတဲ့ မေးခွန်းကိုလည်း ကျွန်မခင်မင်တဲ့ မိတ်ဆွေတချို့ကို မေးဖူးတယ်။

တချို့ က ပြောတယ်။ တဖက်လူရဲ့ ရုပ်ရည်သွင်ပြင်ပေါ့တဲ့..။ လူတချို့မှာ နှစ်လိုဖွယ် အသွင်ပြင်ရှိတယ်။ တချို့က ခန့်ညားတဲ့ အသွင်အပြင်ရှိတယ်။ တချို့က ဂျစ်ကန်ကန်စတိုင်လေး ယူထားတယ်။ ဒါကိုကြည့်ပြီး ဆက်ဆံတာလား... အဲလိုလည်း မဟုတ်သေးဘူးထင်တယ်။ နှစ်လိုဖွယ်ဆိုတာ ဘာလဲ? လူတကိုယ် အကြိုက်တမျိုးဆိုတော့ ဒီလူတစ်ယောက်ရဲ့ နှစ်လိုဖွယ်ဟာ နောက်လူတစ်ယောက်ရဲ့ နှစ်လိုဖွယ်ဖြစ်ချင်မှ ဖြစ်မှာလေ။ ခန့်ညားတိုင်းရော ဆက်ဆံလို အဆင်ပြေသလား။ ဘယ်အသွင်အပြင်ကို ခန့်ညားသလဲ..။ ဂျစ်ကန်ကန်နေတိုင်းလည်း ဂျစ်ကန်ကန်စရိုက်ရှိချင်မှ ရှိနိုင်တာ။ ဒါဆို အသွင်အပြင် တစ်ခုထဲကနေ လူကို ပေါင်းသင်းဆက်ဆံလို့ ရပါသလား... ဒီအမေးက အဖြေမထွက်နိုင်ဘူး ဖြစ်နေတယ်။

တချို့ကလည်း ရယ်စရာလိုလိုတကယ်လိုလို ဖြေတယ်။ အ၀တ်အစားပေါ့တဲ့။ အပြုအမှုစတိုင်ပေါ့တဲ့။ အင်း..ဒါလည်း လက်ခံချင်သလိုလိုနဲ့ လက်မခံနိုင်ပြန်ဘူး။ အ၀တ်အစားတဲ့.. ခေတ်အလိုက် စတိုင်က အမြဲပြောင်းလဲနေတာ မဟုတ်လား။ ခေတ်ထိအောင် မပြောနဲ့ဦး။ ကျွန်မတို့ တစ်ဦးချင်းရဲ့ စိတ်က ၀တ်ချင်တဲ့ စတိုင်က မတူဘူး။ နေ့တိုင်း ပြောင်းလဲတတ်တယ်။ တခါတလေ ရိုးရိုးလေး ၀တ်ချင်စိတ်ပေါက်ပြီး တခါတလေ ဆန်းဆန်းလေး၊ တခါတလေ မရိုးမဆန်းလေး။ အမြဲပြောင်းနေတယ်..။

ဒါဆို တဖက်လူရဲ့ နောက်ခံရာထူး၊ ဂုဏ်အင်္ဂါတွေလား..။ ဒါလည်းပဲ.. အခါခပ်သိမ်း မမှန်ဘူးထင်တာပဲ..။ ကိုယ့်အရာရှိမိုလို့ ဒီလိုပြုမူတာ၊ ကိုယ့်ထက်အငယ်မိုလို့ ဒီလိုပြောတာ စတဲ့ အပြောအဆိုကွာတာပဲ ရှိမယ်။ ပြောလိုတဲ့ လိုရင်းကို ပြောပြနိုင်ဖို့၊ ဒါမှမဟုတ် တဖက်လူပြောဆိုဆက်ဆံနေတာကို နားလည်ဖို့က အဓိကထားပြီး လူတွေကြည့်တဲ့ တနေရာရှိနေရမယ်..။ အဲဒါဘာလဲ??????

စိတ်ပညာရှင် Fantz က မွေးစကလေးတွေ အကြောင်းကို သုတေသနလုပ်ခဲ့တယ်။ မွေးစကလေးတွေက မျက်လုံးအမြင်အားကောင်းလာတဲ့ အခါ ဘာတွေကို အရင်ဆုံးကြည့်တတ်သလဲ၊ ဘယ်အရာကို ကြာကြာကြည့်တတ်သလဲဆိုတာကို သုတေသနလုပ်ခဲ့တာပါ။ သူက ရရက်သားကနေပြီး လသားရှိတဲ့ ကလေးတွေကို စမ်းသပ်ချက်တစ်ခုလုပ်ခဲ့တယ်။ အခုပါတဲ့ ပုံက ၂ခုတွဲ အရာတွေကို ပြပြီးတော့ ဘယ်အရာကို ပိုကြည့်သလဲလို့ စောင့်ကြည့်ခဲ့တာပါ။ အောက်ဆုံး တြိဂံနှစ်ခုကတော့ ကာလာ(အနီနဲ့ လိမ္မော်) ကွဲတယ်ပေါ့နော်။

ရလာဒ်က ပုံမှာတွေ့တဲ့အတိုင်း အပေါ်ဆုံးကအ၀ိုင်းပုံကို အကြာကြီးပိုကြည့်တာကို တွေ့ရတယ်။ အ၀ိုင်းပုံ နှစ်မျိုးပါရဲ့သားနဲ့ ဘာကြောင့် အပေါ်ပုံကို ပိုကြည့်သလဲဆိုတဲ့ အဖြေကို စဉ်းစားတဲ့အခါ လူမျက်နှာနဲ့ တူလို့များလားလို့ သုတေသနရှင်က တွေးမိသွားတဲ့အတွက် နောက်ထပ် သုတေသနတစ်ခုလုပ်ခဲ့ပါတယ်။

အဲဒါကတော့ ၄ရက်သားကနေပြီး ၅လသားအရွယ် ကလေးငယ်တွေကို မျက်နှာပုံဆွဲထားတဲ့ အရာလေးတွေပြပြီး စမ်းသပ်တာဖြစ်ပါတယ်။ မျက်နှာနဲ့တူအောင် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် သူနေရာနဲ့သူ ဆွဲပြီး ပြတဲ့ပုံရယ်၊ နေရာတကျမဟုတ်ပဲ ဆွဲထားတဲ့ပုံရယ်၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်မပါပဲ ထားတဲ့ အရာရယ်တွေကို ပြတဲ့အခါ မျက်နှာပုံစနစ်တကျ ဆွဲထားတာကို ကြာကြာကြည့်ကြတာကို တွေ့ရပါတယ်။ မှိန်မှိန်လေးက မျက်လုံးချည်းပဲ လှမ်းကြည့်ချိန်၊ အနက်ရောင်ခြယ်ထားတဲ့ ဂရပ်က ဦးခေါင်းကို လှမ်းကြည့်ချိန်ဖြစ်ပါတယ်။

ဒါနဲ့ Fantzက ကလေးတွေဟာ မျက်နှာရဲ့ ဘယ်အပိုင်းကို ပိုကြည့်သလဲဆိုတာကို ထပ်စမ်းသပ်ပါတယ်။ စမ်းသပ်နည်းက ၀လုံးတစ်ခုဆွဲပြီး အထဲမှာ မျက်နှာပုံ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် ဆွဲထားတယ်။ မျက်လုံးကို ဖျက်ထားပြီး နှာခေါင်းနဲ့ ပါးစပ်ကိုဆွဲထားတာကို ပြကြည့်တယ်။ နောက် နှာခေါင်းကို ဖျက်ပြီး (မျက်လုံး၊ ပါးစပ်ကို ချန်ထားပြီး) ပြကြည့်တယ်။ နောက် ပါးစပ်ကို ဖျက်ပြီး(မျက်လုံး၊ နှာခေါင်းချန်ပြီး) ပြကြည့်တယ်။

အဲဒီအခါ ကလေးဟာ မျက်လုံးပါတဲ့ ပုံကိုသာ ကြာကြာကြည့်လို့ နှစ်လိုဖွယ်ရာ ပြုံးပြပေမဲ့၊ မျက်လုံးမပါတဲ့ ပုံတွေကို ကြောက်ရွံစွာငိုတတ်တယ်ဆိုတာကို တွေ့ရပါတယ်။ (သုတေသနလုပ်နေတဲ့ ဗွီဒီယိုပုံကို ပြချင်သော်လည်း ထပ်တူတူတဲ့ပုံက မရှိလို့ မတင်လိုက်ဘူးနော် :) စိတ်ဝင်စားသူရှိရင် Fantz 1961 လို့ရိုက်ပြီး ရှာရင် သုတေသနတွေလုပ်ချက် အသေးစိတ်ကို အင်တာနက်ထဲမှာ တွေ့နိုင်ပါတယ်.google ဖြစ်ဖြစ်ပေါ့.)

ဒီလိုတွေ့ရှိချက်တွေမှတဆင့် စိတ်ပညာရှင်တွေ ကောက်ချက်ချတာက လူတွေ စိတ်ဝင်စားဆုံးအရာဟာ တခြားလူရဲ့မျက်လုံးဖြစ်တယ်.. ဆိုတာပါပဲ။
အင်း....“မျက်လုံး”တဲ့။ လူတွေအချင်းချင်း တွေ့ရင် ပထမဆုံး စိတ်ဝင်စားစွာ ကြည့်ဖြစ်တာဟာ မျက်လုံးပါတဲ့... ဒါဆို မျက်လုံးကို စိတ်ဝင်စားရတဲ့ အကြောင်းအရင်းကရော..။ အဲဒါကတော့ မျက်လုံးဟာ သိထားတဲ့အတိုင်း စိတ်ရဲ့တံခါးပေါက်ဖြစ်နေလို့ပါ။

မျက်နှာချင်းဆိုင် တွေ့လိုက်တာနဲ့ တဖက်သားကို အရင်ကြည့်ဖြစ်တာက အ၀တ်အစား မဟုတ်ဘူး။ ဂုဏ်ပကာသနလည်း မပါသေးဘူး။ မျက်လုံးမှတဆင့် သူက မာနကြီးမယ့်ရုပ်လား.. ကိုယ့်ကို ခင်မင်ချင်စိတ်ရှိရဲ့လား။ (ဒါမှမဟုတ် အရင်ကတဲ့က သိပြီးသားလူဖြစ်နေရင်လည်း) သူဒီနေ့ စိတ်ကြည်လင်ရဲ့လား ပျော်နေသလား စိတ်ညစ်နေသလား၊ ကိုယ်နဲ့ စကားပြောလိုစိတ်ရှိရဲ့လား၊ (စကားပြောနေတုန်းတန်းလန်းဆိုရင်လည်း) သူက ကိုယ်ပြောတာကို တကယ်ကော နားထောင်နေရဲ့လား။ စိတ်ဝင်စားချင်ယောင်ဆောင်ပြီး သဘောတူသလိုလုပ်နေတာလား.. အကုန်မြင်နိုင်တယ်။ ဒါကြောင့် မျက်လုံးတံခါးပေါက်ကတဆင့် တခြားသူရဲ့ လက်ရှိစိတ်အခြေအနေ၊ သဘောထား စတာတွေကို သိနိုင်တယ် မဟုတ်ပါလား..။

ဒီလိုစိတ်ကို လေ့လာတတ်တာကိုတော့ ကလေးဘ၀က စခဲ့တာပါ။ . သုံးလသားကလေးအနေနဲ့ ငါ့အမေလား အမေမဟုတ်ဘူးလားဆိုတာကို မျက်လုံးနဲ့ခွဲခြားတတ်တယ်။ (အနံ့နဲ့လည်း ခွဲခြားတတ်တယ်) ။ မိခင်က သားသမီးကို ကြည့်တဲ့မျက်လုံးထဲမှာ မေတ္တာတွေ ပျော်ဝင်နေတာ ကလေးက ပိုသိတယ်လေ.။ တဖြည်းဖြည်းကြီးရောက်လာတော့ လူတစ်ယောက်က ကိုယ့်ကို စနောက်ရင်တောင် တကယ်ပြောတာလား ကိုယ့်ကို စနောက်နေတာလားကို ကလေးတို့ သိတတ်လာကြတယ်..။ နောက်ပိုင်းလည်း လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတိုင်း ထိုအလေ့အကျင့်လေးအရ တဖက်လူရဲ့ စိတ်ကို ဖတ်ရှုသိရှိနိုင်ဖို့ မျက်လုံးကိုကြည့်လို့ အကဲခတ်တတ်လာကြတယ်..တဲ့။ မျက်လုံးလေးများမှ တဆင့် ပေါ့..

လသာညဖြစ်ပါတယ်..

Tuesday, October 27, 2009

ပေါင်မုန့်ကြက်ဥကြော်၏ နောက်ကြောင်း

မြန်မာပြည်မှာ နေတုန်းက တီဗွီကြည့်ရင် ကိုးရီးယား ဇာတ်လမ်းတွဲချိန်လေးပဲ ကြည့်ဖြစ်ခဲ့မိတယ်။ ကျန်တဲ့အချိန်တော့ တီဗွီပိတ်ပြီး ဗွီစီဒီကြည့်နေဖြစ်တယ်.. သီချင်းခွေဖြစ်ဖြစ်ပေါ့.. ဒီရောက်တော့ ဂျပန်စာရအောင်ဆိုပြီး တီဗွီကို နားထောင်ထောင် မထောင်ထောင် အချိန်တိုင်း ဖွင့်ထားဖြစ်တယ်။ ဖွင့်ထားတော့လည်း ကြားနေရတယ်ပေါ့။ နေ့တိုင်းဆိုတော့ ကြားရတဲ့စကားလုံးတိုင်းရဲ့ အဓိပ္ပါယ်တာမသိတာပါ။ လေယူလေသိမ်းတွေက ရင်းနှီးလာသလိုပဲလေ။ နောက်တော့ သိသိမသိသိ အာရုံစိုက်ရင်း သတင်းကအစ ကြည့်ဖြစ်လာခဲ့တယ်။ အခုတော့ သတင်းကိုပဲ စွဲစွဲလမ်းလမ်းကြည့်ဖြစ်လာခဲ့တယ်..။

ဒီနေ့လည်း ကျောင်းကကျူတာက အိမ်လည်လိုက်လာလို့ ရှိတဲ့ ကော်ဖီနဲ့ ဧည့်ခံနေရင်း သတင်းဖွင့်ထားမိတယ်။ သတင်းတွေကလည်း တော်တော်စုံပါတယ်။ ဒီနေ့ပဲ ထူးဆန်းတဲ့ သတင်းလေးတွေပါလာတယ်။ စိတ်နည်းနည်းအိုက်သွားတာလေးပါလို့ ပြောပြမယ်နော်.

ပထမဆုံးသတင်းက ချီဘမြို့မှာ တိုက်ခန်းတွဲတစ်ခုမှာ မီးလောင်မှုဖြစ်တယ်။ လူတစ်ယောက်သေဆုံးသွားတယ်။ သေဆုံးသွားသူက ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူဖြစ်ပြီး Ochanomizu Universityက နောက်ဆုံးနှစ်ကျောင်းသူ ဖြစ်ပါတယ်။ မီးလောင်လို့ဆုံးတယ်လို့ ထင်ရပေမဲ့ သေချာစစ်လိုက်တော့ မီးမလောင်ခင် ဓါးဒဏ်ရာကြောင့် သွေးထွက်လွန်လို့ သေတာဖြစ်ပြီး မဒိန်းကျင့်ခံရတယ်လို့ ထင်ရပါတယ်တဲ့။ ကိုယ်မှာ..အ၀တ်မရှိလို့လေ..။ အဲဒါကို ကြားတဲ့မိဘတွေက လူသတ်သမားကို မကျေနပ်လို့ ပြန်သတ်မယ်လို့ ကြုံးဝါးနေကြောင်းလည်း သတင်းထဲမှာ ပါလာပါတယ်။ အင်း... ကျူတာက “.....စံ အိမ်တံခါးကို လုံခြုံအောင်ပိတ်အိပ်နော်။ လူဆိုးဆိုတာ စာတမ်းဆွဲလာတာမဟုတ်ဘူး”တဲ့..။

နောက်တစ်ခုကတော့ ဂျပန်နိုင်ငံရဲ့ လက်ရှိအာဏာရ Democratic Party ရုံးချုပ်ကို အသက်၂၀ အရွယ်လူငယ်တစ်ယောက်က ၀င်ပြီး အားလုံးကို သတ်မယ်လို့ ကြုံးဝါးပြီး ဓါးလွတ်ကိုင် ၀င်သတဲ့။ အစောင့်အကြပ်ထူတဲ့ အ၀င်ဝကို ကျော်ပြီး ခုန်ပြန်ဝင်လာတဲ့ လူငယ်ကို နောက်ဆုံးမှာ ရဲက ဖမ်းမိသွားတယ်။ ဒဏ်ရာရသူ မရှိလို့ တော်သေးတယ်လို့ ကြေငြာသွားပါတယ်။ အော်...အင်း......ခက်တာပဲ. ကျူတာက ပြောတယ်။ တို့နိုင်ငံလည်း မလွယ်ဘူးနော်။ အဲဒါတွေရှိတယ်တဲ့ သူက မျက်နှာပူပုံနဲ့ ပြောတယ်။

နောက်သတင်းကတော့ Australiaနဲ့ တိုင်ဝမ်ကနေပြီး ရွှေချောင်း (၁၂၀၀ကီလိုဂရမ်)ကို ခိုးသွင်းမှုနဲ့ လင်မယားနှစ်ယောက်ကို ဖမ်းလိုက်တယ်တဲ့။ တစ်ကြိမ်တည်းတော့မဟုတ်ဘူး ၅၁ကြိမ်သွင်းယူခဲ့တဲ့ အရေအတွက် ဖြစ်ပါတယ်။ အခွန်ရုံးက တရားစွဲတာဖြစ်ပါတယ်။ ကျူတာက ပြောပြန်တယ်။ “ဂျပန်တွေက စည်းကမ်းပျက်လာပြီ ဒီလိုလူတွေရှိလို့ ဂျပန်လူမျိုးနာမည်ပျက်တော့မယ်”တဲ့..။ သူပြောသမျှ ကိုယ်ဘာမှ မဝေဖန်တတ်ခဲ့ဘူး..။

နောက်ဆုံးမှာ တိုက်ဆိုင်စွာ (ဒီနေ့မှကွာ..) မြန်မာနိုင်ငံသတင်းပါလာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ရန်ကုန်ကဆန္ဒပြပွဲမှာ သေနတ်မှန်ပြီး သေဆုံးသွားတဲ့ သတင်းထောက်Mr.Nagai Kenji နဲ့ပတ်သက်တဲ့သတင်းဖြစ်နေတယ်။ ထိုအချိန်က သူယူလာဆောင်သွားတဲ့ ဗွီဒီယိုကင်မရာ၊ ဟန်းဖုံး၊ ပတ်စပို့စတာတွေကို ရိုက်ထားတဲ့ ဓါတ်ပုံကို သူတို့ ရရှိထားကြောင်းဖြစ်ပါတယ်။ ဓါတ်ပုံပါ ထိုပစ္စည်းတွေကို ဂျပန်က ပြန်တောင်းသော်လည်း မြန်မာဘက်က ပြန်မပေးတဲ့အတွက် သတင်းကုမ္ပဏီက နိုင်ငံခြားရေးဝန်ကြီးဌာနအားအဲဒါကို တောင်းဖို့တိုက်တွန်းလိုက်ကြောင်း ဆိုတာလည်းပါပါသေးတယ်။

ဒီသတင်းလာတော့ ကျူတာက ကိုယ့်ဘက်ကိုလှည့်ကြည့်လာတယ်။ သူဘာပြောမလဲကိုယ်မသိခင် ဒီတခါ မျက်နှာပူသူက ကိုယ်ဖြစ်နေတယ်။ ကိုယ်က သူ့အစိုးရ စကော်လာနဲ့ လာနေတာဆိုတော့ ..။ ဘာပြောရင်ကောင်းမလဲ စဉ်းစားရင်း သူ့ကို လှည့်ကြည့်လိုက်တယ်။။
“......စံ”
“ဟင်”
သူက အနည်းငယ်စဉ်းစားနေပုံရတာမို့ ကိုယ်လည်း သူကို အားပေးတဲ့ ပုံစံနဲ့ ..မျက်စိမှိတ်ပြီး..ခပ်ပြတ်ပြတ် ဒီလိုပြောလိုက်တယ်။
“ပြောချင်တာရှိတာ ပြောပါ အားမနာပါနဲ့.. ပြောလို့ရပါတယ်”
“ငါ...”
“အင်း.. ပြော..”
“ငါ ဗိုက်ဆာနေလို့.. စားစရာတစ်ခုလောက် လုပ်မကျွေးချင်ဘူးလားဟင်။ ငါ .. နင့်ကို အားတော့နာပါတယ်”

အော်.. ဟော်ဟော........ဟားဟား ဂျပန်တွေများ စကားပြောလည်ဝယ်လိုက်ကြတာ.နော်။ ငါ့လောက်နီးနီးပဲ..:P

“ရတယ်ရတယ်။ ငါ့မှာ ပေါင်မုန့်ရှိတယ်။ ပေါင်မုန့်ကြက်ဥကြော်ကျွေးမယ်နော်..

ဤတွင် သတင်းပြီး၏..
အားလုံးရွင်လန်းချမ်းမြေ့ကြပါစေ.. "D

လသာည ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဒီနေ့လာသွားတဲ့ မြန်မာနိုင်ငံသတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

Sunday, October 25, 2009

ပြန်ချစ်ပါ

ဒီမှာ မိန်းကလေး ကိုယ်မင်းကို ပြောစရာရှိတယ်။ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ကိုယ်မင်းကို စတွေ့တဲ့နေ့ကလေ ကိုယ့်ရင်ထဲမှာ နာဂစ်မုန်တိုင်းဖြစ်လိုက်သလို ၀ုန်းဒိုင်းကြဲသွားတယ်။ အဲဒါ.. ဘာဖြစ်လို့လဲ။

မင်းရဲ့အပြုံးကို အမြဲတမ်း မြင်ချင်တယ်။ မင်းနဲ့အတူ J Donutစားပြီး Happy Worldသွားမယ်။ Power Rangerလည်း အတူကြည့်ချင်တယ်။ မင်းကိုအရမ်းချစ်တယ်။ မင်းကိုယ့်ကို ပြန်ချစ်ရမယ်နော်..။ ပြန်မချစ်ရင် ငိုမှာပဲ...

ဟားဟားဟား ..... ဘယ်သူ့ဘယ်သူမှ မငိုရအောင် ပြန်ချစ်ပေးလိုက်ကြပါ..။

မနက်ဖြန် presentation အတွက် စာရိုက်ရင်း အဖြူရောင်သံစဉ်ကို နားထောင်နေတာ ဒီသီချင်းလာလို့ တစ်ယောက်တည်း ရယ်ဖြစ်သွားတယ်။ လသာညရဲ့ သူငယ်ချင်းပေါက်စလေးများအတွက် တင်ပေးလိုက်တယ်။
လသာည... ဖြစ်ပါတယ်။။

မစ္စခိန

အားလပ်ရက်မှာ မိုးအေးအေးနဲ့ ဇိမ်နဲ့ ဖတ်လို့ရအောင် ဘာသာပြန်စုံထောက်ဝတ္တုရှည်ရှည်လေးကို တင်လိုက်တယ်။ (ဟိ ရှည်ရှည်မကြိုက်တဲ့ သူငယ်ချင်းလေးများ ဆောတီး နော် ဒီတခါခွေးလွှတ်ပါ။ .. :D)

ဒီပို့စ်ကတော့ တကယ်က အသစ်မဟုတ်ပါဘူး။ လသာည ဆိုတဲ့ဒီဘလော့ကို စဖွင့်ဖွင့်ချင်းတုန်းက မြန်မာစာ မရိုက်တတ်သေးလို့ လက်ညိုးနဲ့ စာလုံးတစ်လုံးချင်းရိုက်လို့ ရေးခဲ့တဲ့ ပထမဆုံးဘာသာပြန်ပို့စ်ပါ။ ဂျပန်စာလည်း မကျွမ်းသေးတော့ အဘိဓါတ်စာအုပ်နဲ့ ၅ရက်ဆက်တိုက် ဘာသာပြန်ခဲ့ရတယ်။ အဲဒီတုန်းက ကိုယ့်ရဲ့ အားစိုက်ဘာသာပြန်မှုလေးကို အားပေးလက်ခုပ်တီးခဲ့သူစာဖတ်ပရိတ်သတ်က ၃-ယောက်ကြီးများတောင် ရှိခဲ့တယ်။ (နာမည်ပြောတော့ဘူး.. သက်ဆိုင်ရာသူတွေက သိပြီးသားဆိုတော့.. :D)။ အဟား....၀တ္တုကြော်ငြာဝင်တာ များသွားပြီ အရင်တုန်းက အကြောင်းတွေကို ပြန်လွမ်းမိလို့ပါ။

အပိုင်းခွဲမတင်ချင်လို့ အကုန်တင်လိုက်တော့ နည်းနည်းတော့ ရှည်သွားတယ်။ တကယ်ဆောရီးနော်။ အချိန်မရရင် နောင်အေးအေးဆေးဆေး ရှိမှ လာဖတ် သိလား။ ရတယ်.. အခု ကော်ဖီသောက်သွား.... :D

အပိုင်း(၁)

တနေ့မှာ ပရော်ဖဆာတစ်ယောက်သည် ကျောင်းသင်င်္ခန်းစာကို စိတ်ပါလက်ပါ သင်ကြားနေရင်းမှ မိမိရဲ့အတန်းသားများကို ဂရုစိုက်ကြည့်လိုက်တယ်။ သူကသာ စိတ်ပါလက်ပါ သင်ကြားနေတာ ကျောင်းသားတွေကတော့ စကားပြောတဲ့သူကပြော၊ အိပ်တဲ့သူကအိပ်၊ မုန့်စားတဲ့သူကစား၊ ဆော့တဲ့သူကဆော့နေကြလို့ပါလား.. သူ ခေါင်းကို ခါရမ်းလိုက်တယ်။ “ဒီပုံစံအတိုင်းသာဆိုရင် လူတွေရဲ့အနာဂတ်ဟာ မလွယ်ပါလား၊”

နောက်များမကြာခင်နေ့တနေ့မှာပဲ မြို့ ကြီးတစ်မြို့  ရဲ့ မြို့ လယ်ခေါင်က ရုပ်ရှင်ရုံကြီးတစ်ရုံရှေ့  မှာ လူတစ်ယောက်သည် လမ်းလျှောက်နေရင်းမှ အင်္ကျီကို အလိုလိုမီးစွဲလောင်ပြီး လဲကျသွားတယ်။ ရုပ်တရက်အဖြစ်အပျက်ကြောင့် ပတ်ဝန်းကျင်မှ လမ်းသွားလမ်းလာများသည် အံအားသင့် ငေးကြောင်ကြည့်နေစဉ်မှာပဲ ထိုသူသည် ကြီးမားတဲ့ မီးတောက်ထဲမှာ “ကယ်ကြပါ၊ ကယ်ကြပါ”လို့ ကြောက်လန့်တကြား အော်ဟစ်ရင်း သုံးမိနစ်အတွင်း သေဆုံးသွားခဲ့ပါတယ်။ မမျှော်လင့်သော အဖြစ်အပျက်ကြောင့် လူများအံအားသင့်သွားကြတယ်။

ပရော်ဖက်ဆာလည်း သွားကြည့်လိုက်တယ်။ လမ်းသွားလမ်းလာ ပတ်ဝန်းကျင်ကို ကြည့်ရင်း မမျှော်လင့်တဲ့ အဖြစ်အပျက်ကြောင့် လူတွေအနည်းငယ်တုန်လှုပ်သွားကြရှာမှာပဲလို့ သူတွေးတောနေမိတယ်။

ဒါပေမဲ့ နောက်တစ်ပတ်ခန့်ကြာပြီးနောက် ၎င်းမြို့ မှ လူ၃၀၄ယောက်သည် အလိုလိုပျောက်ဆုံးသွားခဲ့ပါတယ်။ သက်ဆိုင်ရာ မိသားစုများမှာ နည်းမျိုးစုံဖြင့် ရှာဖွေပါသော်လည်း သတင်းအစအနမှ မရခဲ့ကြပါ။ မြို့ ၏ သက်ဆိုင်ရာအာဏာပိုင်များ၊ ရဲစုံထောက်များမှာလည်း ခရီးသွားကုမဏီများ၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး နှင့်စုံစမ်းရေး အဖွဲ့အစည်းများ၏ အကူအညီဖြင့် လူ၃၀၄ယောက်ရဲ့ သတင်းကို ပိုက်စိတ်တိုက် ရှာဖွေနေခဲ့ကြတယ်။ ဒီလိုနဲ့ပဲ ၂ ရက်တိတိ ကြာသွားခဲ့တယ်။ လူ၃၀၄ ယောက်ကိုတော့ သတင်းအစအနပျောက်လို့ ရှာမတွေ့ခဲ့ဘူး။
“လူ ၃၀၄ ယောက်ဘယ်ကို ရောက်သွားတာလဲ”

အပိုင်း (၂)
စုံထောက်ကျော် မစ္စခိနဖြစ်ပါတယ်။ သူမက ရုပ်ရှင်ရုံတစ်ရုံထဲမှာ ဒီတစ်ပတ်ပြသခဲ့သော ရုပ်ရှင်ကားတွေကို တစ်ကားပြီး တစ်ကားထိုင်ကြည့်နေခဲ့တယ်။

“အင်း..ဒီတစ်ပတ်ပြသခဲ့သော ရုပ်ရှင်ကားတွေထဲက အက်ရှင်ကားကနှစ်ကား၊ အိမ်ထောင်ရေးကားက တစ်ကား နှင့် သဘာဝပတ်ဝန်းကျင်ကားက တစ်ကားပဲ”

သူ့နောက်လိုက်က “မစ္စခိန ကျွန်တော်တို့ ဟိုကိစ္စစုံစမ်းဖို့ ကြန့်ကြာနေမယ် ခင်ဗျ။” သူမက“အဲဒါအသာထားစမ်းပါ။ ဒီကားကို အရင်ဖွင့်စမ်း။ ဒီကားက ရယ်ရတယ်။ ဟာသကား”
ဇာတ်လမ်းက သူမကို တ၀ါးဝါး ပွဲကျစေခဲ့ပါတယ်။ တ၀ါးဝါး ရယ်နေတဲ့သူ ကို သူနောက်လိုက်က စိတ်ပျက်လက်ပျက် ခေါင်းခါနေလိုက်တယ်။
အင်း.... ဒီလောက်အရေးကြီးနေတဲ့အချိန်မှာ သူမိုလို့ ရယ်နေနိုင်တယ်နော်။

နောက်ကား၂နှစ်ကားကိုလည်း သူမဆက်ကြည့်ပါတယ်။ နောက်၂ကားက အလွမ်းအဆွေးကား၊ ဒီကားမှာတော့ စုံထောက်နှင့်အတူ သူနောက်လိုက်ပါ မျက်ရည်သုတ်ရင်း ဇာတ်ကားကို ဆုံးအောင် ကြည့်လိုက်ကြပါတယ်။

၎ ကားမြောက် နောက်ဆုံးကားကတော့ သဘာဝပတ်ဝန်းကျင် အကြောင်း ကို ပြသထားခြင်းဖြစ်ပါတာယ်။ တောတောင်ရေမြေ သဘာဝအကြောင်း နှင့် သတ္တ၀ါတွေရဲ့ ဖြစ်စဉ်ကို ပြသထားတာဖြစ်ပါတယ်။

ပထမ၃ကားလောက် စွဲဆောင်မှု မရှိခဲ့ပါဖူး။ နောက်လိုက်ကတော့ ကြည့်ရင်းမှ အိပ်ပျော်သွားခဲ့ပါတယ်။

ဒါပေမဲ့ စုံထောက်မစ္စခိနကတော့ ဒီဇာတ်ကားက သူမအတွက် စွဲဆောင်မှုအရှိဆုံးလို့ မှတ်ချက်ချလိုက်တယ်။ “ကောင်းလိုက်တဲ့ ဇာတ်ကား”
သူမက နောက်လိုက်ဖက်ကို လှည့်လို့ “ ဒီဇာတ်ကားကို တည်းဖြတ်သူ ဟာ ဘယ်သူဖြစ်တယ် ဆိုတာကို လိုက်လံစုံစမ်းပြီး၊ ဖမ်းလိုက်ပါ။ အဲဒါ လူ၃၀၄ယောက် ပျောက်ဆုံးမှု့ အတွက် အဓိကတရားခံပဲ”။
“ဗျာ”

ဟုတ်ပါတယ်။ ထိုတရားခံဆိုသူကို ဖမ်းလိုက်ပြီးသိပ်မကြာခင်မှာပဲ နာရီပိုင်းအတွင်း ပျောက်ဆုံးနေသော လူ၃၀၄ ယောက် ကို မြို့လယ်ခေါင် ရုပ်ရှင်ရုံကြီးဘေးရှိ မြေအောက်အခန်းကြီးအတွင်းမှာ ပြန်တွေ့ခဲ့ပါတော့တယ်။ လူ၃၀၄ ယောက် ပျောက်ဆုံးမှု တရားခံကတော့ ပရော်ဖက်ဆာ မစ္စတာ တနက ဖြစ်ပါတယ်။

အပိုင်း (၃) ပရော်ဖက်ဆာမစ္စတာတနကရဲ့ လူသားနှလုံးသားကို ထိန်းချုပ်ခြင်း သုတေသနစီမံကိန်း

ပရော်ဖဆာ မစ္စတာ တနက ရဲ့ အမြင်မှာ လူတွေဟာ ဘာကိုမှ အလေးအနက် ထားကြတာမတွေ့ဖူး။
သဘာဝလောကကြီးရဲ့ ဖြစ်စဉ်တွေကို တကယ်ဆို လူသားတွေက ဖန်ဆင်းနေတာ။ သဘာဝလောကကြီးက တကယ်ဆို အရမ်းလှပတာပါ။ တောတောင်ရေမြေ အားလုံးက လူသားတွေအတွက် လိုတရအိုးကြီးဆိုရင်လည်း မမှားဖူး။ လူသားတွေအတွက် ရှင်သန်ဖို့ ရေ၊လေ၊မြေတွေ ပေးထားတယ်။ လူသားတွေအတွက် စားနပ်ရိက္ခာအဖြစ် သဘာဝသီးနှံနဲ့ သားကောင်တွေ ဖန်းတီးပေးထားတယ်။ အလှအပအဖြစ် သဘ၀ရှုခင်း၊ တောတောင်ပန်းမန် တွေ ပေးထားတယ်။

ဒါပေမဲ့ တချို့ လူတွေက လောဘတက်ပြီး ပိုလှအောင်၊ ပိုကောင်းအောင် ဆိုပြီး သူဘာသာလှနေတဲ့ ဒီကမ္ဘာကြီး ကို ပြုပြင်ဖို့ ကြိုးစားကြတယ်။ ဒီလိုကြိုးစားကြတော့ ကမ္ဘာကြီး မှာ လူအမျိုးမျိုးရဲ့ ဆန္ဒအမျိုးမျိုးအရ အစမ်းသပ်ခံကြီး အဖြစ်နဲ့ ဘ၀အမျိုးမျိုး၊ ဖြစ်စဉ်အမျိုးမျိုး ပြောင်းလဲနေခဲ့ရပါတယ်။ ဒီလိုသာ ဆိုရင်တော့ ဒီလောကကြီးဟာ မကြာခင် လုံးပါးပါးပြီး၊ ပျောက်ကွယ်တော့မယ်။

တကယ်ဆို ဒီကမ္ဘာကြီး ရဲ့ အကောင်းအဆိုးကို လူသားတွေကပဲ လုပ်ပြီး၊ လူသားတွေပဲ ခံစားနေရတာ။ ဒီအချိန်မှာ လူသားအားလုံးက ဒီကမ္ဘာကြီးအတွက် အကောင်းဆုံးကို စိတ်တူကိုယ်တူ နှလုံးသားတူ နဲ့ လုပ်ဖို့အချိန်တန်နေပြီ။ အခုတော့.. ဒီကမ္ဘာကြီး ပျောက်ကွယ်တော့မယ် အရေးကို ဘယ်သူမှ အလေးအနက် မထားကြဖူး။ စားလိုက်၊သောက်လိုက်၊အိပ်လိုက် နဲ့ နေနေကြတယ်။

ဒါကြောင့် ကျုပ်က လူသားအားလုံးကို စိတ်တူကိုယ်တူ နှလုံးသားတူ ဖြစ်အောင် နှလုံးသားကိုထိန်းချုပ်ဖို့အတွက် ပထမဆုံးစမ်းသပ်ချက် ကို လုပ်ဆောင်ကြည့်လိုက်တာပါ၊
ဟားဟားဟား...အောင်မြင်သွားတယ်လေဗျာ၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ။

အခု ၃၀၄ ယောက်၊ နောက် အယောက် ၁၀၀၀၊နောက် ၁ သောင်း၊ နောက်..... တစ်ကမ္ဘာလုံးရှိလူသားတွေရဲ့နှလုံးသားကို ထိန်းချုပ်နိုင်ဖို့ ကျုပ်ကြိုးစားရဦးမယ်။

ကျုပ်က လောကကြီးအတွက် လုပ်တာ၊ လူသားအားလုံးအတွက် လုပ်တာ....၊ကျုပ်လုပ်စရာတွေရှိသေးတယ်၊ ကျူပ်ကိုပြန်လွှတ်ကြပါ။

အပိုင်း(၄) တနက၏ စီမံကိန်းကိုအကောင်အထည်ဖော်ခြင်း

မစ္စတာ တနကသည် ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် လူသားအားလုံး၏နှလုံးသားကို ထိန်းချုပ်ရန် ဆိုသော သူ၏မဟာရည်မှန်းချက်အတိုင်း စမ်းသပ်ချက်ပထမအဆင့် ကို လူအများဆုံရာ မြို့လယ်ခေါင် ရုပ်ရှင်ရုံရှေ့  မှာ စတင်ခဲ့ပါတယ်။

ရပ်ရှင်ရုံရှေ့ လူုအများထဲမှ မီးလောင်လွယ်သော သိုးမွှေးအင်္ကျီဝတ်ထားသော လူတစ်ဦးကို ရွေးချယ်၍ သားကောင်အဖြစ် သတ်မှတ်ခဲ့တယ်။ ထိုသူအနားမှ ဖြတ်လျှောက်ရင်း မီးခြစ်နှင့် မီးတို့ခဲ့ပါတယ်။ မီးကချက်ချင်းထမလောင်ခင်၊ ကာယကံရှင်နှင့်တကွ ပတ်ဝန်းကျင်မှလူများ သတိမပြုခင် အလျှင်အမြန် ထွက်ခွါခဲ့တယ်။

ဒါပေမဲ့ ရုပ်ရှင်ရုံရှေ့  ကင်မရာက မှတ်တမ်းတင်မိသွားခဲ့ပါတယ်။ မီးလောင်လွယ်သော သိုးမွှေးအင်္ကျီဝတ်ထားလို့ အရှိန်ရလာတဲ့မီးက လျင်မြန်စွာ လောင်ကြွမ်းခဲ့တာကြောင့်၊ ဘယ်သူမှ မကယ်လိုက်နိုင်ခဲ့ပါဖူး။ ထိုသူသည် ၎င်းမီးဒဏ်ရာနဲ့ပဲ နောက်ဆုံးမှာသေဆုံးသွားခဲ့ရပါတယ်။

၎င်းအဖြစ်အပျက်က မတော်တဆလိုလိုနဲ့ မြို့ နေလူအများရဲ့ရင်ထဲမှာ အမှတ်တမဲ့ ပြီးသွားခဲ့တဲ့အတွက် မကျေနပ်ခဲ့သူက ပရော်ဖဆာ မစ္စတာ တနက ပေါ့။ ဒါကြောင့် ဒုတိယအဆင့်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့တယ်။ ၎င်း၏တပည့်ဖြစ်ခဲ့သူ ရုပ်ရှင်ရုံဝန်ထမ်းမှတဆင့် သူကိုယ်တိုင်တည်းဖြတ်စီစဉ်ထားသော သဘာဝပတ်ဝန်းကျင်နှင့် လူသား အမည်ရ ဇာတ်ကားကို တခြားဇာတ်ကားများနှင့် အတူ ပြသဖို့ စီစဉ်နိုင်ခဲ့ပါတယ်။

ထိုနေ့မှာ မြို့ လယ်ခေါင် ရုပ်ရှင်ရုံကြီး၌ ၎င်း၏ မူရင်းအကြံအစည် အတိုင်း ပထမ ဟာသကားဖြင့် ဖြေဖျော်ခဲ့ပါတယ်။

အပျော်ပြီးရင်၊ ငိုရမယ်ပေါ့...။ နောက် စစ်အက်ရှင်နှင့် အိမ်ထောင်ရေးကား။ စစ်အက်ရှင်ကားက သွေးသံတရဲရဲ ၊ အိမ်ထောင်ရေးကားကလည်း လူရဲ့လောဘ၊ဒေါသ၊မောဟ တိုဖြင့် ဇာတ်နာလှသော သနားစရာ၊ အမိမဲ့ ကလေးတစ်ယောက်ရဲ့ ကား။

ဇာတ်ကား၃ကားအပြီးမှာတော့ ရုပ်ရှင်ကြည့်ပရိတ်သတ်မှာ ခံစားမှုအမျိုးမျိုးဖြင့် အနည်းငယ် မောလျှနေခဲ့ပါပြီ။ ဆက်မကြည့်ပဲ ပြန်လို့ရပေမဲ့၊ အများစုက စိတ်ပြေလက်ပျောက်ဆိုပြီး ဆက်ထိုင်ကြည့်နေခဲ့ကြပါတယ်။ ထိုသို့ဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူသား အမည်ရ ဇာတ်ကားကို ဆက်ထိုင်ကြည့်နေခဲ့ကြသူပေါင်းက စုစုပေါင်း၃၀၄ယောက် ပါ။

အပိုင်း (၅)

စုံထောက် မစ္စခိန က ဆက်ပြောတယ်။ ဒီပရော်ဖက်ဆာက လူတွေရဲ့စိတ်ကို နားလည်နေသူဖြစ်နေတော့ ဒီမှုခင်းဖြစ်ပွားရတာပါပဲ..။

လူသားတိုင်းမှာ ပြင်ပ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လုံခြုံမှု နှင်၊့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ဆိုတဲ့ ခံစားချက် ၂မျိုး ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုစိတ်အားကောင်းနေခဲ့သ၍ ပြင်ပရှိရန်သူ(ဘေးအန္တရာယ်)ကို ခုခံ ကာကွယ်နိုင်စွမ်းတဲ့ သတ္တိရှိနေမှာပါ။ ခုခံ ကာကွယ်နိုင်စွမ်းတဲ့ သတ္တိနှင့် ကိုယ်ကိုယ်ကို လုံခြုံမှုရှိနေဖို့ အားထုတ်နေမှာပါ။

ဒါပေမဲ့ လူဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုစိတ်မရှိတော့ဖူး.. ဒါမှမဟုတ် လုံခြုံမှုစိတ် အားနည်းသွားပြီဆိုရင်တော့ အဲဒီလူဟာ ဘယ်လောက်လုံခြုံမှုရှိတဲ့နေရာမှာပဲ ရှိနေပါစေ လုံခြုံတယ် လို့ မခံစားရတော့ပါဖူး။ သောကတွေ စိုးရိမ်စိတ် ကြောက်လန့်စိတ်တွေ ရှိနေတဲ့အတွက် သူကို လုံခြုံမှုပေးမဲ့သူ၊ လုံခြုံမှုပေးမဲ့နေရာ၊ အကာအကွယ်ပေးမဲ့သူ၊ အကာအကွယ်ပေးမဲ့နေရာ ကိုပဲ ရှာဖွေတော့မယ်။ ဒီအချိန်မှာ လုံခြုံမှုပေးမယ်၊ အကာအကွယ်ပေးမယ် ဆိုပြီး ထိုလူရဲ့စိတ်နှလုံးကို ထိန်းချုပ်ဖို့ ကြိုးစားရန် အကောင်းဆုံးအချိန်ပါပဲ။

ဒီနည်းကို မစ္စတာ တနက သုံးခဲ့တာပဲ ဖြစ်ပါတယ်။ မူလ “ သဘာဝပတ်ဝန်းကျင်နှင့် လူသား “ ဇာတ်ကား က ရိုးရိုး သဘာဝလောက၏ဖြစ်စဉ် ကိုသာ ရိုက်ကူးထားခဲ့တာပါ။

ဒါကို မစ္စတာ တနက က အကြံအစည်နဲ့ ဇာတ်ကားကိုသူလိုသလို တည်းဖြတ်ပြုပြင်ခဲ့ပါတယ်။ သိပ်အခက်ကြီးတော့ မဟုတ်ပါဖူး။ ကမ္ဘာကြီးရဲ့သဘာဝ၏ဖြစ်စဉ်အကြောင်းထဲမှ ကြီးမားသော ငလျှင်ကြီးများအကြောင်း၊ မီးလောင်မှုကြီးများအကြောင်း စသည်သဘာဝဘေးအန္တရာယ်များအကြောင်းကို ဇာတ်ကားတလျှောက် ကြော်ငြာဝင်သလို “ဒါဟာ တကယ့်အဖြစ်အပျက်တွေ ဖြစ်တယ်၊ ဒါမျိုးတွေ နောက်ထပ် နောက် ထပ် ဖြစ်နိုင်တယ်“ ဆိုတဲ့ စာတမ်းကို မကြာခဏ ပြသခဲ့ပါတယ်။

ဇာတ်ကားအဆုံးမှာတော့..
“အခု ကမ္ဘာကြီးက ပျက်စပြုနေပြီ ဖြစ်တယ်။ အခုတလောမှာ ခန္ဓာကိုယ်ကနေ အလိုလိုမီးထလောင်တာမျိုးတွေ ဖြစ်နေပြီ။ သိပ်မကြာခင် ငလျှင် အကြီးအကျယ် လှုပ်တော့မယ်။ လုံခြုံမှုပေးရှိတဲ့နေရာမှာ မပုန်းခိုနိုင်ရင် လူသားမျိုးနွယ်အားလုံး ပျက်စီးတော့မယ်။ သိပ်မကြာခင် လှုပ်တော့မဲ့ ငလျှင်အတွက် ဆိုရင်တော့ အခု မျှားပြထားတဲ့ နေရာကလွဲရင် ကျန်နေရာအားလုံး ပြိုကျပျက်စီးလိမ့်မယ်။ အဲဒီနေရာကို ဒီနေရာကနေ မြေအောက်လှိုင်ဂူလမ်းနဲ့ သွားလို့ရတယ်” .. ဆိုတဲ့ စာသားနဲ့ မြေပုံ ကို ၁၀မိနစ်ခန့် ပြသပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ထိုနောက်မှာတော့ လူ၃၀၄ယောက်ဟာ မိမိဆန္ဒနှင့်မိမိ မြေအောက်လှိုင်ဂူခန်းထဲမှာ သွားရောက် ပုန်းအောင်း ခဲ့ကြပါတော့တယ်။

ဇာတ်သိမ်းပိုင်း

အင်း....မစ္စတာ တနက၊ ကမ္ဘာကြီးကို ကယ်တင်ချင်တဲ့ ရှင့်ရဲ့စေတနာကို တော့ လေးစားပါတယ်။

ဒါပေမဲ့ ရှင်ရဲ့ နည်းလမ်းကိုတော့ လက်မခံနိုင်ပါဖူး။ တကယ်ဆိုရင် ကမ္ဘာကြီးက သူ့သဘာဝဖြစ်စဉ်နဲ့သူ ဖြစ်ပျက်ပြောင်းလဲနေတာပါ။ လူတွေကြောင့် ကမ္ဘာကြီး ဖြစ်လာတာ မဟုတ်သလို လူတွေကြောင့်ကမ္ဘာကြီးပျက်ရတာ မဟုတ်ပါဖူး။

ဒီသဘာဝဖြစ်စဉ်ထဲမှာ ဖြစ်တည်လာရတဲ့ ကျွန်မတို့ လူသားတွေကသာ ဖြစ်စဉ်ထဲမှာ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားရပ်တည်နေခဲ့ရတာပါ။ အခက်အခဲတွေကို အတူတူ ဖြေရှင်းကြရင်း၊ မှားတဲ့အခါ အတူတူ ခံစား၊ မှန်တဲ့အခါ အတူတူ စံစားရင်း၊ ဘ၀တွေကို ရှင်သန်လာခဲ့ကြတာ အခုအထိပါပဲ။ နောင်လည်း ဒီလိုပဲ အတူတူ ခံစား၊ အတူတူ စံစားကြရင်း ဘ၀တွေကိုကြိုးစားရပ်တည်သင့်တယ်လို့ ကျွန်မယူဆပါတယ်။ နောက်ဆုံးအဆင့် လူသားအားလုံး အတူတူကြိုးစားရဲ့သားနဲ့ ရပ်တည်မရလို့ သေရရင်တောင်မှ အတူတူသေကြရလည်း ၀မ်းနည်းစရာမရှိပါဖူး။

ဒီလိုမဟုတ်ပဲ ကမ္ဘာကြီးပျက်ရတာ ဘယ်သူကြောင့် ဘယ်ဝါကြောင့် လို အပြစ်တင်နေပြီး၊ လူသားအချင်းချင်းကို သောကတွေ စိုးရိမ်စိတ်နှင့် ကြောက်လန့်စိတ်တွေ ပေးပြီး စိတ်နှလုံးကိုထိန်းချုပ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ကျွန်မတို့အနေနှင့် ခွင့်မလွှတ်နိုင်ပါဖူး။

လူသားတွေဟာ တကယ်ဆိုရင် ကမ္ဘာကြီးရဲ့သူ့သဘာဝဖြစ်စဉ်အပြင် အဲဒီနေ့က ရှင့်ဇာတ်ကားမပြခင် ပြသခဲ့တဲ့ ဇာတ်ကား၃ကားထဲကလို လူလောကရဲ့ အထွေထွေ ဖြစ်စဉ်ထဲမှာပါ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရပ်တည်နေကြရရှာတာပါ။ ထပ်ပြီး သောကတွေ စိုးရိမ်စိတ်နှင့် ကြောက်လန့်စိတ်တွေ မပေးပါတော့နဲ့ ရှင်..

“ဒါနဲ့ ကျုပ်တစ်ခုလောက်မေးပါရစေ။ အဲဒီနေ့က ကျုပ်ပြုပြင်ထားတဲ့ သဘာဝပတ်ဝန်းကျင်နှင့် လူသား ဇာတ်ကားကို ရိုးရိုးမူရင်းခွေနဲ့ ပြန်လဲခဲ့ရဲ့သားနဲ့ ခင်ဗျား ဘယ်လိုလုပ်ပြီး၊ဒီအမှူကို ခြေရာကောက်နိုင်ခဲ့ရတာလဲ။

သူမက ထုံးစံအတိုင်း မှုန်တေတေမျက်နှာနဲ့ ပြန်ဖြေလိုက်တယ်။ “ကျွန်မကမစ္စခိန လေ”

ပြီးပါပြီ။
“ခိန“ဟု အမည်ရသော ဂျပန်စုံထောက်ဇာတ်လမ်းကို နားလည်သလို ဘာသာပြန်သည်။

ဘာသာပြန်သူ..... လသာည ဖြစ်ပါသည်။ :P

Saturday, October 24, 2009

ကံကောင်းအောင် အတွေးကစမှ

အတွေး... မိမိရဲ့အတွေးတွေကို ဆင်ခြင်မှ။ အတွေးကတဆင့် စကားလုံးအဖြစ် အသွင်ပြောင်းတတ်တယ်လေ..
自分の考えに気をつけて!考えは言葉になるから。

စကားလုံး.. မိမိရဲ့စကားလုံးတွေကို ဆင်ခြင်မှ၊ စကားလုံးကတဆင့် အပြုအမှုကို အသွင်ပြောင်းတတ်လို့လေ..
自分の言葉に気をつけて!言葉は行動になるから。


အပြုအမှု.. မိမိရဲ့အပြုအမှုကို ဆင်ခြင်မှ၊ အပြုအမှုတစ်ခုက (ကြာရင်) အလေ့အကျင့်အဖြစ်ပြောင်းတတ်လို့လေ.
自分の行動に気をつけて!行動は習慣になるから。


အလေ့အကျင့်.. မိမိရဲ့အလေ့အကျင့်ကိုလည်း ဆင်ခြင်မှ၊ အလေ့အကျင့်မှသည် အကျင့်သီလအဖြင့် အသွင်ပြောင်းတတ်လို့လေ..
自分の習慣に気をつけて!習慣は品格になるから。


အကျင့်သီလ.. မိမိရဲ့ အကျင့်သီလကိုလည်း ဆင်ခြင်မှ၊ အကျင့်သီလက မိမိအတွက် ကံတရားကိုစီရင်တတ်လို့လေ..
自分の品格に気をつけて!品格は運命を創るから。


ဒါကြောင့် ကံကောင်းအောင် အတွေးကစ ဆင်ခြင်မှဖြစ်မယ်...

မှတ်ချက်။ ။ Character Education ရဲ့ ဆောင်ပုဒ်လေးကို သဘောကျလို့ ဘာသာပြန်လိုက်တာပါ။
ဘာသာပြန်သူ ...လသာည.. ဖြစ်ပါတယ် :D

ငပျင်း နဲ့ ဘရာဇီယာသတင်း

လူတွေဟာ အကြောင်းမရှိပျင်းတတ်တယ်နော်။ သင်စရာမလိုပဲလေ..

မနေ့က ပြောပါတယ်။ တီဗွီကြည့်တာ သတင်းလာနေတယ်။ ချန်နယ်မပြောင်းပဲ ပျင်းပြီးတော့ ဆက်ကြည့်လိုက်တာ။ ဂျပန်တွေက သတင်းကို စိတ်ဝင်စားစရာကောင်းအောင် ကြော်ငြာတာတဲ့။ ဖြေးဖြေးချင်း။ သူတို့ကြော်ငြာပုံ မင်းနားထောင်ကြည့်သွားပါဦး..

မနေ့က လမ်းဘေးအ၀တ်လျှော်စက်နားမှာ မီးလောင်မှုဖြစ်တယ်တဲ့။ (ဒါများ မီးလောင်တာ အထူးအဆန်းကျနေတာပဲ.. တနေရာမဟုတ် တနေရာ နေတိုင်းဖြစ်နေတာများ။) ဟာ.. ဒီသတင်းက နည်းနည်းထူးဆန်းတယ်။ မီးရှို့တဲ့ တရားခံက ၄၉နှစ်တဲ့။ (အော် မထူးဆန်းသေးဘူး။) နေဦး.. ထူးဆန်းတယ်။ သူက အ၀တ်လျှော်စက်ထဲမှာ သူလိုချင်တဲ့ ဘရာဇီယာမတွေ့လို့တဲ့။

သြော်.. ဘရာဇီယာများ အ၀တ်လျှော်စက်ထဲသွားရှာတာကိုး။ ဈေးမှာရောင်းနေတာ ပုံလို့ မသိလေသလား..။ ဆက်နားထောင်တော့.. ဟာ ထူးဆန်းပြန်ပြီ..။ သူက ဘရာဇီယာရှာတာ ဘယ်တွေ့မလဲ သူက ယောက်ျားလေးတစ်ယောက်ရဲ့ အ၀တ်လျှော်စက်ထဲ သွားရှာတာကိုး။ သြော်.. ဒါတောင်ပြောသေးတာ သူလိုချင်တဲ့ ဘရာဇီယာဆိုဒ်မရှိလိုတဲ့..။ ဒွတ်ခ....

သူလိုချင်တဲ့ ဆိုဒ်လား သူက အခု ၄၉နှစ်တောင် ရှိပြီဆိုတော့ အင်း..သိဘူးလေ။ သူက ဘာဆိုဒ်ကို လိုချင်တာလဲ ဘယ်သိပါ့မလဲ..။ သတင်းက သိချင်ပါတယ်ဆို စလိုးမိုးရှင်း ကြေငြာနေတာကိုး။ အင်း..ဆက်ပြောတယ်။ ဘာလို့ ယောက်ျားလေးအ၀တ်လျှော်စက်ထဲသွားရှာသလဲဆိုတော့ သူကိုယ်တိုင်က ယောက်ျားကြီးဖြစ်နေလို့တဲ့။ ဟာ.. ဘာတွေလဲဟ..

ဟာ သိချင်ပါတယ်ဆို.. သတင်းက ကြော်ငြာဝင်သွားပြန်ပြီ..။ ကြော်ငြာလေးနားထောင်သွားပါဦး..


အပျင်းပြေ ပျင်းသွားပါဦး အဲ .. :P

အဲဒါ.. သတင်းဆက်ရရင်... ၄၉နှစ် ယောက်ျားကြီးက အ၀တ်လျှော်စက်ထဲ ဘရာဇီယာ သွားရှာတာ မတွေ့လို့ စက်ကို မီးရှို့တာ စက်ကမီးလောင်သွားတယ်။ ရဲတွေ လာကြည့်တော့ လူကမရှိတော့ဘူး စက်ပဲ ရှိတော့တယ်။ စက်ပျက်ကြီးလေ။ ကံမကောင်းသော်လည်း ကံကောင်းစွာ စက်အပေါ်မှာ တပ်ထားတဲ့ ဗွီဒီယိုကင်မရာက အကောင်းအတိုင်း ကျန်နေတော့ တရားခံမိသွားတာပေါ့နော်။

ရဲတွေက အိမ်လိုက်သွားတော့.. ဟာ မြန်မြန်မပြဘူး။ သတင်းသမားတွေက အချင်းချင်းစကားပြောနေကြတယ်။ နေဦး လသာည ဗိုက်ဆာလို့ ကော်ကော်သွားသောက်လိုက်ဦးမယ်။ သီချင်းလေး ဖွင့်ထားလိုက်ဦးမယ်.. နားထောင်နှင့်နော်...။


ဆောတီးနော်.. လိုရင်းမရောက်သေးဘူး။
ပျင်းသွားပြီလား..။ သတင်းပြန်ဆက်မယ်။ရဲက အိမ်ရောက်တော့ အဲဒီလူကြီးကို စစ်လိုက်တော့ သူ့မိန်းမက ၀ယ်ခိုင်းတဲ့ ဘရာဇီယာကို လိုက်ရှာတာ လိုချင်တဲ့ဆိုဒ်မတွေ့လို့တဲ့.. ဘယ်တွေ့မလဲ.. နားထောင်ဦး.. သူ့မိန်းမက ကီလို ၃၀၀ရှိအောင် “၀”နေတာဆိုတော့...။

အဲဒါသူက ဘရာဇီယာရှာရတာ နေတိုင်းဖြစ်နေတော့ ပင်ပန်းလွန်းပြီး စိတ်ဖောက်သွားတာတဲ့..။ သူ့ကို ဖမ်းတော့ ငိုရှာတယ်။ သူ့ကို ဖမ်းရင် သူ့မိန်းမကို ဘရာဇီယာ ဘယ်သူဝယ်ပေးမလဲတဲ့..။ (ဟုတ်သားပဲ.. ဘယ်သူဆက်ဝယ်ပေးမလဲ.. ၀ယ်ပေးဖို့ စိတ်ဝင်စားသူရှိရင် ANNသတင်းဌာနကို ဆက်သွယ်ရင် ရလောက်တယ်:D)

သူတို့လင်မယားဟာ တချိန်က တော်တော်ချမ်းသာခဲ့တယ်တဲ့။ နောက်ပိုင်း သူချမ်းသာသမျှ သူ့မိန်းမက ထိုင်ရာမထ (ပျင်းပြီး) အစားတအားစားပြီး မထိန်းနိုင်မသိမ်းနိုင် “၀”လာပြီးမှ သူတို့အခုလိုဖြစ်သွားရတာပါတဲ့..။ ရဲကိုလည်း သူကဒီလိုမှာသေးတာ..“ ခင်ဗျားတို့ မိန်းမရရင် မိန်းမကို ကြိုပြောထားဗျာ။ ပျင်းရုံပျင်းပါ၊ အစားလည်းစားပါ ဒါပေမဲ့ မ“၀”စေနဲ့လို့”

ရဲတွေနဲ့ သတင်းကြေငြာသူတွေလည်း မျက်ရည်လေးတွေ တ၀ဲသားနဲ့ သနားသွားကြတယ်။ ဂျပန်တွေ မျက်ရည်အကျမှာ လသာညလည်း ငိုက်ကျပြီး အိပ်ပျော်သွားမိသွားပါတယ်။ အားလုံးပျင်းနိုင်ကြပါစေသတည်း..:P

လသာည... ဖြစ်ပါသည်။။

Wednesday, October 21, 2009

အပြစ်မဲ့ပန်းခင်းလေးများ

ဒီကမ္ဘာမြေရဲ့ နေရာတိုင်းမှာ ချစ်စရာ အပြစ်ကင်းတဲ့ ပန်းခင်းကလေးတွေ ရှိတယ်..။ အဲဒါ ငါတို့ရဲ့ အနာဂတ်ပိုင်ရှင် “ကလေးငယ်များ”ပေါ့။ ဒီပန်းခင်းလေးတွေ တချိန်မှာ ရောင်စုံဖူးပွင့်ဝေဆာသွားနိုင်ဖို့ က ငါတို့အားလုံးအတွက် အရမ်းကို အရေးကြီးပါတယ်။

ဒါပေမဲ့ပေါ့လေ.. ဥယျာဉ်မှုးတွေရဲ့ ဒေါသတွေ၊ မောဟတွေကြောင့် အဲဒီပန်းကလေးပေါင်းများစွာ ညိုးနွမ်းပျက်စီးရတယ်။
မျက်ရည်တွေနဲ့နေ့ပေါင်းများစွာကို တချို့ဖြတ်သန်းနေကြရတယ်..

ပန်းကလေးအားလုံးလည်း ရောက်ရာဘ၀မှာ သူတို့စောဒက မတက်တတ်ပဲ တကယ်ဆို အပေါင်းအသင်းဖွဲ ပျော်ရွှင်တတ်တာပါပဲ..

ဒါပေမဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေကျတော့ သူတို့ခမြာ ပြစ်ဒဏ်တစ်ခုလို့ မနိုင်ဝန်ထမ်းနေရသလိုပဲ.. ။ ဘယ်သူကမှ တာဝန်ယူမဖြေရှင်းပေးနိုင်တဲ့အခါ.. သူတို့ကိုယ်တိုင်ပဲ ..ဖြတ်သန်းကျော်လွှားနေကြရတာ.. နေ့စဉ်ပေါ့..

ဒေါသ၊ မောဟနဲ့ မာန်မာနတွေကြောင့် အပူမီးတွေ တောက်လောက်နေတဲ့ ကမ္ဘာကြီးမှာ...

သူတို့တွေ ကြောက်ရွံမှု၊ ပူပန်မှုကင်းစွာ ပျော်ရွှင်နိုင်ပါရဲ့လား...

တကယ်တော့ ဥယျာဉ်မှုးတွေအားလုံးရဲ့ ဒေါသ၊မောဟတွေ ငြိမ်းစေဖို့ အရေးတကြီးလိုအပ်နေတယ်။ ဥယျာဉ်မှုးတွေသာ သူတို့လေးတွေအပေါ် (ကျောသားရင်သားမခွဲခြားပဲ) စာနာမေတ္တာထားနိုင်ခဲ့ရင် အခုလိုပြဿနာတွေရဲ့ အရင်းခံပြဿနာဟာ ပြေလွယ်သွားမယ်မဟုတ်ပါလား..။

ဒီကလေးငယ်လေးလို့ လသာညလည်း ဆုတောင်းချင်ပါတယ်။ မေတ္တာငတ်နေတဲ့ ကလေးငယ်တွေကို မေတ္တာတွေ ဖြန့်ဝေပေးတတ်အောင် ဥယျာဉ်မှုးတွေဆီ ..မေတ္တာတရားထပ်မံဟောပေးပါဦး.. ဘုရားသခင်လို့...

အနာဂတ်ကလေးများအတွက် ခံစားမိတဲ့ သီချင်းလေးပါ... ဘာရယ်တော့ဟုတ်ဘူး။ ရင်ထဲခံစားမိသွားလို့ တင်လိုက်တာပါ။
လသာည....ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဓါတ်ပုံအားလုံ google မှ ယူပါသည်။

Monday, October 19, 2009

အနိုင်ကျင့်ခံရသူ ကလေးများ

“နင်.. ငါ့နားကို သိပ်မကပ်နဲ့။ သွား.. နင့်ဆီက အမြဲနံစော်နေတာပဲ.”
ဆရာမ ဒေါ်ကေသီ အသံကုန်အော်လိုက်ပြီးတော့ လာပြတဲ့ သူမရဲ့ လေ့ကျင့်ခန်းစာအုပ်ကို သေချာမစစ်တော့ပဲ မြန်မြန်ခြစ်ပြီး ပစ်ပေးလိုက်တယ်။ သူပစ်ပေးလိုက်တဲ့ စာအုပ်ကို မျက်ရည်ဝဲစွာ ကောက်ယူပြန်သွားတဲ့ ပုတုဆိုတဲ့ ကလေးကို ကြည့်ရင်း သက်ပြင်းချလိုက်တယ်။

တကယ်တော့ ပုတုဟာ မိဘတွေ့မရှိတော့ပဲ အဖွားအိုတစ်ဦးနဲ့ နေထိုင်ရသူဖြစ်ပြီး အဖွားအိုက အသက်၇၀ကျော်ပြီ ဆိုတော့ ကလေးရဲ့အင်္ကျီ စတာတွေ ဂရုတစိုက်မလျှော်ပေးနိုင်တဲ့ အတွက် အမြဲနံစော်နေတတ်သူ ၃-တန်းကျောင်းသူလေးပါ။ ဒါပေမဲ့ ပုတုရဲ့ အားသာချက်က ဘာစာကိုပဲ ဖြစ်ဖြစ် တစ်ခေါက်ထဲနဲ့ ရသွားအောင် မှတ်ဥာဏ်ကောင်းသူလေးဖြစ်ပြီး ဘာသာရပ်တိုင်းမှာ အတန်းထဲမှာ စာအတော်ဆုံးလည်း ဖြစ်ပါတယ်။

ပုတုရဲ့ အတန်းပိုင်ဆရာမဒေါ်ကေသီဟာ ကလေးချစ်တတ်တဲ့ဆရာမတစ်ယောက်ပါ။ အသင်အပြလည်း ကောင်းတယ်။ ဒီ ပုတု ဆိုတဲ့ ကလေးမလေးကိုလည်း သူမက ရောက်စက ဂရုစိုက်ပြီးချစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရက်တွေလတွေ ပြောင်းလာတော့ သူမစာတော်တာထက် သူမရဲ့ နံစော်မှုက ဖုံးလွှမ်းသွားပြီး အခုလိုပဲ မကြာခဏအော်ပစ်တတ်လာခဲ့ပါတယ်။။

ဒီလိုနဲ့ ၅လလောက်ကြာပြီး တနေ့မှာ သူမကျောင်းကို တာဝန်တစ်ခုနဲ့ စောစောရောက်ဖြစ်ခဲ့ပါတယ်။ သူမက ၃ တန်းဖက်က ဖြတ်အသွား ဆူညံတဲ့ စကားသံတချို့ကို ကြားလိုက်ရတယ်။
“ သွား.. ငါတို့နားကို မလာနဲ့။ နင့်ဆီက နံတယ်”
“ဟုတ်တယ်။ သွား.. အမှိုက်ပုံနားမှာနေ.. သွားဆိုသွား”
“အီး..ဟီးဟီး မသွားဘူး မသွားဘူး၊ ဒါငါ့နေရာ..”
“၀ိုင်းတွန်းကြကွ၊ အပုပ်မ”
“အီး..ဟီးဟီး အဖွားရေ..”

ဒေါ်ကေသီမှင်သက်နေရာက ကျောင်းခန်းထဲကို အမြန်ဝင်လိုက်ပါတယ်။
“တော်ကြစမ်း။ ဘာလို့ အဲလိုလုပ်တာလဲ”
ကလေးတွေအားလုံးက
“သူ့ဆီက နံလို့ပါဆရာမ”
“အိုး နံတိုင်းအဲလိုလုပ်ရသလား..”
ဒီနောက်ဆုံးစကားကိုပြောရင်းက သူမ မလုံမလဲ ဖြစ်သွားခဲ့ပါတယ်။ ပုတုလေးကို ကြည့်လိုက်တော့ သူမနဲ့ ဝေးရာမှာ ရပ်ရင်းသူမကို ကြည့်နေခဲ့တယ်။ ၀မ်းနည်းတဲ့ အားငယ်တဲ့ ကူကယ်ရာမဲ့မျက်ရည်တွေနဲ့ ပုတုဆိုတဲ့ မိဘမဲ့ ကလေးငယ်လေးရဲ့ အကြည့်ဟာ ဒေါ်ကေသီကို အဆုံးစွန်ကြေကွဲ သွားစေခဲ့ပါတယ်။ ဒါကြောင့်လည်း ပွေ့ဖက်တောင်းပန်မလို့ ပုတုနားကို ချည်းကပ်လိုက်ချိန်မှာပဲ ပုတုလေးဟာ သူမရဲ့ လွယ်အိတ်နွမ်းနွမ်းလေးကို ပိုက်ပြီး အတန်းထဲက ထွက်ပြေးသွားပါတော့တယ်။

အဲဒီနေ့ဟာ သူမရဲ့ နောက်ဆုံးကျောင်းတက်ရက်သာဖြစ်သွားပါတယ်။ သူမကျောင်းကို ဘယ်တော့မှ မလာတော့ပါ။ မလာတာထက် မလာနိုင်တော့တာပါ။ ဟုတ်ပါတယ်။ သူမက လွယ်အိတ်လေးပိုက်ပြီး ကျောင်းထဲက ထွက်အပြေးမှာ ဖြတ်မောင်းလာတဲ့ ကားတစ်စီးနဲ့ တိုက်မိသွားပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ဆရာမဒေါ်ကေသီလည်း သူမကြောင့်ဖြစ်ရတာဆိုပြီး တော်တော်လေးခံစားသွားရပြီး နောက်ပိုင်းတော့ အလုပ်ကထွက်သွားပြီး ရိပ်သာတစ်ခုကို ၀င်သွားပါတယ်။ နောက်တော့ သီလရှင်အဖြစ် အပြီးဝတ်လိုက်တယ်တဲ့..။

ဒါကတော့ ဆရာမတစ်ယောက်အနေနဲ့ နုနယ်တဲ့ ကလေးတစ်ယောက်ရဲ့ အားနည်းချက်ကို စာနာစွာဖြေရှင်းနိင်ဖို့ မကြိုးစားမိပဲ အားသာချက်ထက်အားနည်းချက်ကိုပဲ ပြစ်တင်ဖော်ပြမိတဲ့အတွက် တခြားကလေးတွေကပါ ဆရာမလိုမျိုး အတုယုပြီး အားနည်းချက်ရှိတဲ့ ကလေးကို ပြစ်တင်ဝိုင်းပယ်တဲ့ အခြေအနေထိရောက်သွားရတဲ့ သာဓကပါ။

ဂျပန်နိုင်ငံက အဖြစ်အပျက်တစ်ခုကတော့ လူငယ်ပြုပြင်ရေးကျောင်းက ကျောင်းဆရာတစ်ဦးကတော့ တပည့်ဖြစ်သူကို...
“ငတုံးငအ.. အခုဒါကို သောက်သေစမ်း”
..ဆိုပြီး မသန်ရှင်းတဲ့ရေ (လက်ဆေးရေ။ ဆပ်ပြာရည်..စသည်)ကို ပါးစပ်ထဲ လောင်းချတာမျိုး၊ ရေမရှိတဲ့ ရေဇလားထဲကို တွန်းချပြီး ခေါင်းကနေရေကိုလောင်းပြီး ပစ်ဒဏ်ပေးတာမျိုးကို လုပ်ခဲ့ပါတယ်။

ဒီအတွက် ၎င်းကျောင်းဆရာဟာ ကလေးမိဘများမှ တရားဆွဲခံရပြီး ထောင် ကိုးလ ပြစ်ဒဏ်ချခံလိုက်ရကြောင်း ယနေ့ပဲ သတင်းပါလာပါတယ်။ တပည့်တွေဟာ ပြောစကားကို နားမထောင်ပဲ မိမိကို မျက်နှာပျက်အောင်လုပ်သူတွေလို့ သတ်မှတ်ပြီး မိမိမာနကို အထိမခံလိုသော အငြိုးတစ်ခုကြောင့် လုပ်သော ရာဇ၀တ်မှုဖြစ်တယ်လို့ တရားသူကြီးကဆိုပါတယ်။ ဒီနေရာလေးမှာ သတင်းဗွီဒီယိုရှိပါတယ်။

ကျောင်းတွေမှာ အနိုင်ကျင့်မှုတွေဟာ တကမ္ဘာလုံးအဆင့် တနှစ်ထက်တနှစ်တိုးတက်လာပါတယ်။ လက်ရှိမှာ ဆိုရင် အချိန် ၇မိနစ်တိုင်းမှာ အနိုင်ကျင့်မှုတစ်ခုဖြစ်ပွားနေပါတယ်။ ဖြစ်ပွားခဲ့တဲ့အနိုင်ကျင့်မှုရဲ့ ၁၁%ဟာ ဆရာတွေ (လူကြီးတွေ)ရဲ့ ဝေဖန်ချက်ပြုမူချက်တွေကြောင့် ဖြစ်တာလို့ ဆိုပါတယ်။ ကလေးဆိုတာက လူကြီးခိုင်းတာထက် လူကြီးလုပ်တာကို အတုယူချင်သူမို့လား။

ထိုကဲ့သို ပြုမှုသည့်အတွက် သက်ဆိုင်ရာ ကလေးများမှာ ကိုယ်၊ စိတ် ထိခိုက်စေရတဲ့ အတွက် လက်ရှိလူမှုပတ်ဝန်းကျင်ဖြစ်တဲ့ ကျောင်းကို ရှောင်ခွာလို့ အိမ်တွင်းပုန်းလေးတွေ ဖြစ်ကုန်ရပါတယ်။ NHK သတင်းအရ ဂျပန်နိုင်ငံမှာဆိုရင် ၂၀၀၅ခုနှစ်တုန်းက အိမ်တွင်းပုန်းကလေးပေါင်း တစ်ဆယ့်ခြောက်သိန်းကျော်ကျော် ရှိခဲ့ပြီး ဒီနှစ်မှာတော့ အိမ်တွင်းပုန်းကလေးပေါင်း သိန်းနှစ်ဆယ် ကျော်သွားပြီ လို့ဆိုပါတယ်။ (မြန်မာနိုင်ငံမှာတော့ အဲဒီလောက် မရှိလို့ တော်ပါသေးတယ်)

အခုလက်ရှိဂျပန်နိုင်ငံမှာ ကလေးများ၏ အနိုင့်ကျင့်တတ်ခြင်း၊ ကလေးများ (လူကြီးမှ၊ ရွယ်တူမှ) အနိုင်ကျင့်ခံရခြင်း နဲ့ အိမ်တွင်းပုန်းပြဿနာဟာ နှစ်စဉ်တိုးတက်နေလျက် စိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်ဆိုတာကို ဗဟုသုတအဖြစ် ရှယ်လိုက်ပါတယ်။

လသာည.. ဖြစ်ပါတယ်။

စာကြွင်း။ ။ဂျပန်နိုင်ငံမှာ အိမ်တွင်းပုန်းကလေးများအတွက် သီးသန်ပညာရေး အစီအစဉ်တွေ ထားရှိပေးထားပါတယ်..။ ဒေါ်ကေသီအကြောင်းကတော့ ကျွန်မရဲ့ ပါမောက္ခဆရာမကြီး ပြောလေ့ရှိတဲ့ ဥပမာပါ။ တကယ်အဖြစ်အပျက်ဟုတ်မဟုတ်တော့ မသိပါ။

Sunday, October 18, 2009

ကံမကောင်းသေးဘူးဗျာ

လူငယ်တစ်ယောက်က အရက်ဆိုင်ထဲမှာ သူသောက်တော့မယ့် အရက်ခွက်ကို ငုံကြည့်နေတယ်။ သူအရက်ခွက်ကို ငုံ့ကြည့်ရင်း ငိုင်နေတာ နာရီဝက်ကျော်သွားပြီ ဖြစ်ပါတယ်။

ဒီအချိန်မှာ ထရပ်ကားမောင်းသမားတစ်ယောက်ဟာ ဆိုင်ထဲဝင်လာပြီး လူငယ်ဘေးမှာ ထိုင်ချလိုက်တယ်။ ပြီးတော့ လူငယ်လက်ထဲက အရက်ခွက်ကိုပါ ယူသောက်ပစ်လိုက်တယ်။ ဒါကို မြင်တဲ့ လူငယ်ဟာ ကလေးတစ်ယောက်လို ချုံးပွဲချငိုရှာတယ်။

ထရပ်မောင်းသမားဟာ လူငယ်ကိုကြည့်ပြီး အရမ်းကို စိတ်မကောင်းဖြစ်သွားပြီး ..
“မငိုပါနဲ့ကွာ၊ မင်းကို သက်သက်နောက်တာပါ။ မင်းအတွက် နောက်တခွက်ဝယ်တိုက်ပါ့မယ်။ ယောက်ျားလေးတွေငိုရင် သိပ်ကြည့်မကောင်းပါဘူးကွာ”

“မဟုတ်ဘူးဗျ။ အဲဒါကြောင့် မဟုတ်ပါဘူး။ ဒီနေ့ကျွန်တော်ကံမကောင်းလွန်းလို့ ငိုမိတာပါဗျာ၊ ဒီမနက်က အိပ်ရာထနောက်ကျလို့ အလုပ်နောက်ကျတယ်။ သူဌေးက ဒီလိုအရေးကြီးတဲ့နေ့ကို နောက်ကျရပါ့မလားဆိုပြီး ရစရာမရှိအောင် ကြိမ်းမောင်းပြောဆိုပြီး အလုပ်ကထုတ်လိုက်တယ်။ ဒါနဲ့ အလုပ်ထဲက ထွက်လာပြီး ကားဆီပြန်လာတော့ ကျွန်တော့်ကားကို သူခိုးခိုးသွားတာတွေ့ရတယ်။ ရဲကိုတိုင်တော့ VIPလူကြီးခရီးစဉ်ကြောင့် အလုပ်ရှုပ်နေလို့ ကျွန်တော့်ကားကို ရှာမပေးနိုင်ဘူးတဲ့ဗျာ။

ဒါနဲ့ ကိုယ့်ကားမရှိတော့လို့ တက္ကစီကားဌားပြန်လာခဲ့တယ်။ အိမ်ဝရောက်မှ သတိရတယ်။ တက္ကစီကားထဲမှာ ပိုက်ဆံအိတ်ကျန်ခဲ့တယ်။ ပိုက်ဆံအိတ်ထဲမှာလည်း ခရက်တစ်ကဒ်တွေပါ ပါသွားတယ်။ ကားသမားကို ကျွန်တော်လှမ်းခေါ်ပေးမဲ့ သူက ကားကို မရပ်တော့ပဲ မောင်းပြေးတယ်။ ဒါနဲ့ အိမ်ထဲဝင်လာတော့ ကျွန်တော့်မိန်းမက တခြားလူတစ်ယောက်နဲ့ အိပ်နေတယ်ဗျာ။

နောက်ဆုံးတော့ ဒီအရက်ဆိုင်ကို ထွက်လာခဲ့တယ်။ ဒီလောက်ကံဆိုးတဲ့ကျွန်တော် သေတာပဲကောင်းတယ်လို့ တွေးမိတယ်။ ဒါနဲ့ အရက်ခွက်ထဲ အဆိပ်ထည့်ပြီး သောက်မလို့လုပ်နေတာကို အခုခင်ဗျားက ယူသောက်သွားတယ်။ သေချင်တာတောင် သေခွင့်မရတဲ့ကျွန်တော် ၊ ဒီလောက်ကံဆိုးတာ ကျွန်တော်မှမ၀မ်းနည်း ဘယ်သူပိုဝမ်းနည်းမလဲဗျာ။ ကျွန်တော့်ကို ငိုခွင့်ပေးကြပါဗျာ... အီး..ဟီးဟီး။။။

“တကယ်တော့ ကံဆိုတာ ကံဆိုးကံကောင်းဒွန်တွဲနေတတ်ပါတယ်။”


လသာည..ပါ။ ဘော်ဘော်အားလုံးကတော့ ကံကောင်းကြတယ်မဟုတ်လား :P ။ အားလုံးကံကောင်းကြပါစေ.... အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ..

Reference : : http://www.coolfunnyjokes.com/

ကြေကွဲစရာ

မြင်နေသူချင်း မြင်ယောင်ရင်းပဲ..ပြတ်တောက်မှာလား..
ဆုံဆည်းတွေ့ရခြင်းက ကြေကွဲစရာ..ချန်ထားရစ်ခဲ့ပြီးမှ ကြေကွဲစရာ..

Thursday, October 15, 2009

လူနဲ့ မျောက်

ဒီနေ့ သတင်းတစ်ခုမှာ စိတ်ပညာရှင်အများစုက အသေစွဲလက်ခံထားတဲ့ အယူအဆတစ်ခုကို ပြန်ပြောင်းသတ်မှတ်စရာ သတင်းတစ်ခုထွက်လာပါတယ်။ စိတ်ဝင်စားစရာမိုလို့ မျှဝေလိုက်ပါတယ်။

အများက လက်ခံထားကြတဲ့အတိုင်း လူဆိုတာ မျောက်က ဖြစ်တာတဲ့။ ဒါပေမဲ့ မျောက်ဘ၀ကနေ လူဘ၀အထိ မျိုးရိုးဗီဇ အဆင့်ဆင့် ပြောင်းလဲဖို့က ရာစုနှစ်များစွာ ကြာပါတယ်။ အဲဒီကြားကာလရဲ့ အတိုင်းအတာအရ အသိဥာဏ်၊ ခံစားချက်အဆင့်၊ ဆင်ခြင်တွေးခေါ်နိုင်မှုဆိုတာလည်း အများကြီးကွာတာပေါ့။

မျောက်ဟာ မျောက်သဘာဝရှင်သန်တယ်။ ပတ်ဝန်းကျင်သဘာဝကို လိုက်ပြီး အလိုက်သင့်နေထိုင်တတ်တယ်။ အပေါင်းအသင်းနဲ့ အုပ်စုလိုက်နေတတ်တယ်။ အများလုပ်တာကို အတုယူတတ်တယ်။ တီထွင်ဥာဏ် အဆင့်နိမ့်သေးပေမဲ့ စူးစမ်းချင်စိတ်ရှိတယ်။ မိခင်စိတ်လည်း ရှိတယ်။ ဒါပေမဲ့ အချင်းချင်း ခံစားနားလည်ပေးနိုင်မှုဆိုတဲ့ အဆင့်မှာ အများကြီး နှောင့်နှေးပါတယ်။ တချို့က “မျောက်မျိုးစိတ်ဘ၀မှာ ခံစားနားလည်ပေးတတ်မှု မရှိသေးဘူး”လို့တောင် ဆိုပါတယ်။ အဆင်မြင့်မျိုးစိတ်ရှိတယ်လို့ဆိုတဲ့ ချန်ပန်ဇီ မျောက်ဝံတွေလည်းပဲ “လူတွေလို အပြန်အလှန်ခံစားပေးလောက်အောင် မမြင့်သေးဘူး”လို့ အခုထိ သတ်မှတ်ထားခဲ့ပါတယ်။

ဥပမာဆိုပါတော့ လူက တခါတခါ ကိုယ့်အတွက် အကျိုးအမြတ်မရမှန်း သိပေမဲ့ သူများကို ပျော်ရွှင်စေလိုတဲ့စိတ်တစ်ခုတည်းနဲ့ ကူညီပေးတတ်တယ်။ မျောက်ကတော့ အဲလိုနားလည်မပေးတတ်ဘူး။ ဌက်ပျောသီးကျွေးပြီး ခိုင်းရင်တော့ တစ်မျိုးပေါ့။ ဒါတောင် သူ့သခင်ခိုင်းတာမှ လုပ်ပေးတာပါ။ သူမသိတဲ့ တခြားမျောက်တစ်ကောင်ဆိုရင် ရှောင်ပြေးမှာ သေချာတာပေါ့။ လူက လမ်းမှာ အခြားလူတစ်ယောက်က ဒုက္ခရောက်နေရင် ကိုယ်နဲ့မသိပေမဲ့ အကူအညီပေးတတ်တယ်။ မျောက်ကတော့ အဲလိုမလုပ်တတ်ဘူး။ အဲဒီလို လူနဲ့မျောက် လုံးဝကွာခြားတဲ့အချက်က “တခြားသူရဲ့စိတ်ကို နားလည်ပေးတတ်ခြင်း။ တဖက်လူက ဖွင့်မပြောပေမဲ့ တဖက်လူနေရာကနေ ပြန်စဉ်းစားပေးတတ်ခြင်း”ပဲ ဖြစ်ပါတယ်။

အဲဒါက အခုအထိ လက်ခံထားတဲ့ အယူအဆဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ကြေငြာတဲ့သတင်းကတော့ ချန်ပန်ဇီမျောက်ဝံတွေဟာ ကိုယ့်အတွက် မရမှန်းသိပေမဲ့ သူတပါးကို ကူညီပေးတတ်ပါတယ်ဆိုတာပါပဲ။ တိုကျိုတက္ကသိုလ်နဲ့ ကျိုတိုတက္ကသိုလ်နှစ်ခုက ပူးပေါင်းလုပ်တဲ့ သုတေသနတစ်ခုက ကြေငြာတဲ့ သတင်းဖြစ်ပါတယ်။

သုတေသနမှာ ချန်ပန်ဇီ နှစ်ကောင်ကို ကပ်လျက်မှာတခန်းစီထားပြီး တခန်းနဲ့တခန်းကို သံဇကာခြားထားပါတယ်။ သူတိုနှစ်ကောင်ရဲ့ အခန်းရှေ့မှာ ကော်ရစ်ဒါရှိပါတယ်။ တစ်ကောင်ရဲ့ရှေ့က ကော်ရစ်ဒါမှာ ဖျော်ရည်ပုလင်းလေးကို မမှီတမှီချပေးပြီး အခြားတစ်ကောင်ရဲ့ရှေ့က ကော်ရစ်ဒါမှာ တံချူတုတ်ကောက်လေးကို သူ့လက်တကမ်းမှာ ချပေးလိုက်ပါတယ်။

ဖျော်ရည်ပုလင်းရှေ့က ချန်ပန်ဇီဟာ သူလက်နဲ့ ဖျော်ရည်ကို လှမ်းယူဖို့ မမှီပါဘူး။ တံချူကလည်း မရှိဘူးဖြစ်နေချိန် တဖက်က မျောက်က သူ့ရှေ့က တံချူကို ယူပြီး လှမ်းပေးလိုက်ပါတယ်။ အဲဒါကို ယူပြီး ဖျော်ရည်ကို သောက်လို့ရသွားပါတယ်။ တဖက်က ချန်ပန်ဇီဟာ ဖျော်ရည်ပုလင်းကို သူပါသောက်ရမယ်ထင်လို့ ယူပေးတာလားလို့ သံသယ၀င်တာမို့ နောက်ထပ်စမ်းသပ်ကြည့်ခဲ့ပါတယ်။ နောက်ထပ်လည်း သူက ကူညီတာကို တွေ့ရပါတယ်။ ဒီအချက်က ချန်ပန်ဇီမျောက်တွေဟာလည်း “ အခြားသူရဲ့စိတ်ကို နားလည်ဖတ်ရှုနိုင်စွမ်း ရှိတယ်။ ကိုယ့်အတွက် ဘာမှမရနိုင်ဘူးဆိုတာ သိပေမဲ့ အခြားသူအဆင်ပြေဖို့ ကူညီပေးလိုစိတ်ရှိခြင်းဆိုတဲ့ အဆင့်မြင့်ဆင်ခြင်ဥာဏ်ရှိတယ်ဆိုတာကို လက်ခံသိရှိသွားပါတယ်။

စိတ်ဝင်စားသူများ ဒီနေရာလေးမှာ ဗွီဒီယိုလေးရှိပါတယ်။ သွားရောက်ကြည့်ရှုနိုင်ပါတယ်..။ ကူညီနေတဲ့ မျောက်ဝံကလေးတွေရဲ့ ပုံစံလေးက အရမ်းကို ချစ်စရာကောင်းပါတယ်။ နောက်ထပ်လည်း တခြား ချန်ပန်ဇီများနဲ့ စမ်းသပ်ရာမှာလည်း ၇၅% ကူညီချင်စိတ်ရှိတယ်လို့ ဆိုသွားပါတယ်။ မိဘချန်ပန်ဇီနဲ့ ကလေးချန်ပန်ဇီ အတွဲတွေကို စမ်းသပ်ရာမှာ ၉၀% ကူညီပေးလိုစိတ်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီခံစားချက်ဟာ “လူသားတွေမှာမြင်ရတဲ့ အပြန်အလှန်ကူညီတတ်တဲ့societyကို (ချန်ပန်ဇီနွယ်တွေမှာ)ဖန်တီးဖို့ အစပဲ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်”လို့ သုတေသနအဖွဲ့က ကြေငြာလိုက်ပါတယ်။

Reference။ ။ ANNသတင်းဌာန(၁၄.၁၀.၂၀၀၉)

သူငယ်ချင်းတို့ရော မှတ်ထားဦးနော်။ မျောက်ဝံတွေတောင် သူများစိတ်ကို နားလည်ခံစားပေးတတ်တယ်တဲ့။ နေ့စဉ်ဘ၀တွေထဲမှာ ပုံမှန်အားဖြင့် အများနားလည်ပေးနိုင်တဲ့ကိစ္စတစ်ခုကို နားလည်မပေးနိုင်တတ်တာတွေကို တွေ့တဲ့အခါ ထိုသူတွေဟာ မျောက်ဝံဘ၀ထက် စောတဲ့ မျိုးစိတ်ကို ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်နေလို့နေလိမ့်မယ်လို့ သဘောထားကြီးစွာ ခွင့်လွှတ်ပေးလိုက်ပါ။ ( ရယ်စရာ နောက်တာနော်။ Human Evolution ကို သိပ်မသိပါ။ ဟုတ်မဟုတ် လသာညလည်း သိဘူး ဟားဟား)

လသာည ... ဖြစ်ပါတယ်။

အခုတလော အခြေအနေတစ်ခုကြောင့် ဘလော့ရေးတာလေး နားဦးမယ်လို့ ဆုံးဖြတ်ထားတယ်။ (ဒါပေမဲ့ အခုရေးလိုက်ပြန်ပြီ။ အသစ်မတင်နိုင်ပေမဲ့ လာလည်အားပေးတဲ့ သူငယ်ချင်းလေးတွေကို မြင်တဲ့အခါ အလိုလို အားနာသလိုဖြစ်ပြီး စာကရေးမိနေတယ် အဟီး) ဒီတခါတကယ် နည်းနည်း နားဦးမယ်နော်..။ အားလုံးကို ကျေးဇူးတင်ချစ်ခင် နောက်ပြီး အားနာစွာဖြင့်...

လသာည..ပါ။

Wednesday, October 14, 2009

မန်းလေရူးလေးရဲ့ တဂ်ပို့စ်

1. What is your name – Latharnya
2. A four letter word – Love
3. A boy’s name – L lwinwar
4. A girl’s name - L saizi
5. An occupation – Lawyer
6. A color – Lavender rose
7. Something you’ll wear - lavalier
8. A food – lasagna (Italian food)
9. Something found in the bathroom – Lux soap
10. A place – Los Angeles
11. A reason for being late – Long for you (လွမ်းနေမိလို့ပါ။)
12. Something you’d shout – Love you forever.
13. A movie title – (The) Lion King
14. Something you drink – Lychee Juice
15. A musical group – Lazy club
16. An animal – Lion
17. A street name – Lathar
18. A type of car – Land cruiser
19. The title of the song – Love Song
20. A verb – Like
ခင်မင်စွာ တဂ်လာတဲ့ မန်းလေရူးလေးအတွက် တဂ်ပို့စ်ပါ။
လသာည...

Monday, October 12, 2009

အကြင်နာကို ၀ယ်ဖူးခဲ့ပြီ

“သမီးတို့ လာလာ။ အမေ့ဆိုင်ကလေ အင်တာနက်မှာတောင် အကြိမ် ၂သောင်းကျော် ဖော်ပြခံရတာ။ NHKကတောင် လာလာပြီး အင်တာဗျူးတယ်။ အမေက သေချာချက်ထားတာမို့လို စားသွားစမ်းပါ။ အရမ်းကောင်းတာ။ ဒီနားက ဘယ်သူ့ကိုမေးမေး၊ အမေ့နာမည် ပြောလိုက်၊ လူတိုင်းသိတယ်။”

ဂျပန်တုတ်ထိုးဆိုင်တန်းရှေ့က ဖြတ်အလျှောက် ဆိုင်တစ်ဆိုင်ထဲက အဖွားတစ်ယောက်ထွက်လာပြီး ပြောတာဖြစ်ပါတယ်။ ဒီတုတ်ထိုးဆိုင်တန်းက မြန်မာပြည်မှာ ပွဲဈေးဆိုင်တွေလို ခပ်နိမ့်နိမ့်တဖက်ရပ် တဲသာသာလေးပါ။ ဆိုင်လေးတွေက မျက်နှာချင်းဆိုင် တဖက် ၅ဆိုင်ရှိပြီး တုတ်ထိုးဆိုင်ချည်းပဲ။

သူငယ်ချင်းက “ဘယ်လိုလဲ နင်စားမှာလား”လို့ လှမ်းမေးတယ်။
ဗိုက်ကသိပ်မဆာသေးတာမို့ သူငယ်ချင်းနဲ့ နှစ်ယောက်သား ကော်ဖီဆိုင်ပဲ ထိုင်ဖို့ စိတ်ကူးရှိတာမို့ ပြန်လှည့်ဖို့ လုပ်ပေမဲ့..

“ လာပါ၊ စားကြည့်ပါဦး။ အမေကလေ ဆိုင်ဖြစ်လုပ်ထားတာ မဟုတ်ဘူး။ ကိုယ့်သားသမီးတွေကို ချက်ကျွေးသလို စေတနာတွေထည့်ချက်ထားတာ။”

အမေကလို့ (အိုခါးစံကလို့) အကြိမ်များစွာ ထည့်ပြောနေတဲ့ ကြင်နာတဲ့ အပြုံးပိုင်ရှင်ရဲ့ စကားအဆုံးမှာ ကိုယ်ဘယ်လိုမှ မငြင်းနိုင်တော့ပဲ ထိုဆိုင်ထဲကို လှမ်းဝင်လိုက်ပါတယ်။ သူငယ်ချင်းကလည်း ပြုံးစိပြုံးစိနဲ့ ၀င်လိုက်လာတယ်။

ကိုယ်က ရယ်ရင်း “ဘာလဲ ဘာလို့ ပြုံးနေတာလဲ။ အမေ့အိမ်က တုတ်ထိုးကို စားမလို့လေ..”လို့ ပြောတော့..
သူငယ်ချင်းက သဘောတကျ ထပ်ပြုံးရင်း
“ပြောတတ်တယ်နော် သူက... စေတနာတွေ ထည့်ချက်ထားတာတဲ့..။ ဒါနဲ့ နင်က အစကတော့ တုတ်ထိုး မကြိုက်ဘူးဆို..”

သူကို့ ရှင်းမပြခင် ခပ်တည်တည် ခုံပေါ်ကို အရင် အကျအနတက်ထိုင်လိုက်ချိန် ဆိုင်ရှင်အိုးခါးစံက ၀င်ပြောပါတယ်။
“အို.. အမေ့တုတ်ထိုး မစားဖူးလို့ပါ။ စားမိရင် နေ့တိုင်းလာစားချင်သွားမှာ။ ကဲ.. ရော့..စား”

ပြောပြောဆိုဆို တုတ်ထိုး တပန်းကန်စီက နှစ်ယောက်သားရှေ့ ရောက်လာပါတယ်။ ဂျပန်က တုတ်ထိုးက အသားတစ်မျိုးတည်း မဟုတ်ပါဘူး။ ဂျပန်တုတ်ထိုးကို (おでん)လို့ ခေါ်ပါတယ်။ အစားအစာနဲ့ ပတ်သက်ရင် လသာညက ဗဟုသုတ နည်းပါတယ်။ တုတ်ထိုးက အခုဓါတ်ပုံထဲက အရာတွေပဲလို့ပဲ မှတ်ထားပေးပါ။ အဲဒီမှာ အ၀ါရောင်လေးက ခါရရှိလို့ ခေါ်တဲ့ နည်းနည်းပူရှိန်းတဲ့အရသာမျိုးရှိ အရာပါ။

“စား သမီး။ သမီးတို့နာမည် ဘယ်လိုခေါ်လဲ။ စားကောင်းတယ်မို့လား။ ဒါကြောင့် အမေ့ဆိုင်က နာမည်ကြီးတာလေ”
သူငယ်ချင်းက “ အခုက နေ့လည်မို့လို ထင်တယ်။ လူရှင်းနေတယ်နော်”
“ဟုတ်တယ်။ ညနေစောင်းလာရင် အခုလို အမေနဲ့ အေးအေးဆေးဆေး စကားပြောလို့ မရဘူးပေါ့။ သမီးတို့က ကံကောင်းတာ။ မနေ့ကဆို NHKက လာတာ.သူတို့က ပြောတယ် အမေက အရမ်းကြင်နာတတ်တာပဲတဲ့။ ဟုတ်တယ်လေ သမီးရယ် ဖောက်သည်တစ်ယောက်ချင်းစီကို ကိုယ့်သားသမီးတွေလို့ တွေးလိုက်ရင် တုတ်ထိုးကို သားသမီးအတွက်ချက်တာဖြစ်သွားတာပေါ့။ အမေ့တုတ်ထိုးမှာ အကြင်နာပါတယ်လေ...”

ဒီလိုနဲ့ သူငယ်ချင်းနဲ့ ဆိုင်ရှင် အိုခါးစံတို့ စကားပြောတာကို တိတ်ဆိတ်စွာ နားထောင်ရင်း မြန်မာပြည်က အမေ့အိမ်ကို လွမ်းမိနေတယ်..။ အမေလည်း ဒီလိုပဲ ထမင်းဝိုင်းမှာ စကားတပြောပြောနဲ့ ယပ်တခပ်ခပ်နဲ့ ဂရုစိုက်တတ်တာ...

ဒီလိုနဲ့ ကိုယ်လွမ်းကောင်းနေချိန်မှာ အိုခါးစံက နောက်တစ်ပန်းကန် လာချပေးတယ်။ ကိုယ်ကတော့ အိမ်လွမ်းကောင်းနေတော့ တုတ်ထိုးထဲက အသားတုတ်ထိုးကို ပဲ နည်းနည်းစားဖြစ်တယ်။ ကျန်နေတာကို ဘယ်လိုလုပ်ရမှန်း မသိခင် သူငယ်ချင်းက ကျန်တာကို ကူစားပေးသွားလို့ တော်သေးတယ်။ ကျန်နေရင် အိုးခါးစံကို အားနာစရာလေ..၊

ဒီလိုနဲ့ တစ်နာရီလောက်ကြာသွားတော့ သူငယ်ချင်းက ပြန်ဖို့ အချက်ပြတယ်။ ထပြီး နှုတ်ဆက်ကြတယ်။ ကျသင့်ငွေကို ရှင်းဖို့ အိုခါးစံဆီ ဘယ်လောက်ကျလဲလို့ မေးလိုက်တယ်။
“ယမ်း၃၅၀၀ကျပါတယ်”
သူငယ်ချင်းက တိုးတိုးကပ်ပြီး “ဟယ်.. ဈေးကြီးတယ်နော်..။ ဒါပေမဲ့ စားကောင်းတာပဲဟာ။ နင်စိုက်ပေးနှင့်နော်”တဲ့ ။

ဒါနဲ့ ကောင်တာနဲ့ နီးတဲ့ ကိုယ်က ယမ်း၃၅၀၀လုံးကို ရှင်းပါတယ်။ ဒီအချိန် အိုးခါးစံက ..
“ဟုတ်ဖူးလေ။ တစ်ယောက်ကို ယမ်း ၃၅၀၀လေ သမီးရဲ့”
“ဟိုက်............................? ”
“ယမ်း ၇၀၀၀ ကျတယ်”
“အော်... ဟုတ်”
ပြီးတော့ သူငယ်ချင်းကို လှမ်းကြည့်လိုက်ချိန် သူကလည်း ကိုယ့်ကို ကြည့်ရင်း ပြုံးစိပြုံးစိဖြစ်နေတာမို့ သဘောပေါက်စွာ ကိုယ်ပါရောပြီး ရယ်ချလိုက်တယ်။
“ဟားဟားဟားဟား”
ဟဲဟဲ..ရယ်သံက အဆုံးမှာ တုန်နေသလိုပဲ။

ငွေရှင်းပြီး ဆိုင်ထဲက အထွက်မှာ ဆိုင်ထဲမှ အမေက လှမ်းပြောလိုက်ပါသေးတယ်။
“နောက်လည်း လာစားနော်။ အမေက ဆိုင်ချက်မဟုတ်ဘူး။ သားသမီးတွေအတွက် ချက်သလို ချက်ထားတာ၊ နေ့တိုင်းလာစားလည်း ရတယ်သိလား”

ဒါနဲ့ နှစ်ယောက်သား နောက်ကို တပြိုင်တည်း လှည့်ပြီး ပြိုင်တူပြောလိုက်တယ်။
“ ဟိုက်.. အာရိကတိုး ဂိုးဇိုင်းမတ်ရှိတ..............................................................
:'(

မှတ်ချက်။ ။ အပြင်မှာ အသားတုတ်ထိုး တစ်ခု ယမ်း၁၅၀နဲ့ မုန်လာဥဖြူပါ ပေါင်းစုံတုတ်ထိုးကတော့ တစ်ချောင်းကို ယမ်း၈၀လောက်ရှိပါတယ်။ အဲဒီဆိုင်မှာ မှတ်မှတ်ရရ အသားတုတ်ထိုး ၂ချောင်းနဲ့ မုန်လာဥပါ ပေါင်းစုံတုတ်ထိုးက ၈ချောင်းကိုပဲ စားခဲ့ရတာ ဖြစ်ပါတယ်။ တကယ်ဆို ဈေးကြီးလွန်းတောင် ယမ်း၂၀၀၀ထက် ပိုမကျတတ်ပါဘူး။ ဒီဆိုင်ကတော့ ၃၅၀၀တောင် ကျတာမို့ တုတ်ထိုးခ အပြင် သူမရဲ့ အပြောချိုချို အကြင်နာအတွက် ပေးဝယ်ခဲ့ရသလိုမျိုးပါ။ ယမ်း ၃၅၀၀ဆိုတော့ ကိုယ့်အတွက် ထမင်း၅နပ်စာမကတဲ့ မုန်ဖိုး။
အို.. ဘယ်လိုပဲ ဖြစ်ဖြစ် အမေ့မေတ္တာကို တနေ့ခင်းလောက် ရလိုက်တာပေါ့။

အဲဒီလိုမျိုး.. လသာညတော့ အကြင်နာကိုလည်း ၀ယ်ဖူးသွားခဲ့တယ်။ သူငယ်ချင်းများလည်း အမေ့လွမ်းချိန် (ကံကောင်းစွာ?) အခုလို အကြင်နာရောင်းသူနဲ့ တွေ့ရင် လသာညကို သတိရလိုက်ကြပါဦးနော်။ :P

လသာည.. ဖြစ်ပါတယ်။

Saturday, October 10, 2009

ရာနိုမမို

ရာနိုမမို ဆိုတဲ့ လူမျိုးတစ်မျိုးနဲ့ ပတ်သက်ပြီး လူအများက ပြောကြတယ်။ သစ်တောမှာနေ သစ်တောမှာကြီး သစ်တောကိုစားလို့ သစ်တော့ရဲ့ စားခြင်းကို ခံရတဲ့ လူမျိုးတဲ့.. ဒါပေမဲ့ သူတို့က သဘာဝတရားကို အမှန်အတိုင်း လက်ခံလို့ သဘာဝကို ချစ်တတ်သူတွေလို့ သူတို့ကို သူတို့ယုံကြည်ကြတယ်။ ရာနိုမမိုလူမျိုးတွေက နိုင်ငံတကာက အင်္ဂလိပ်လို Yanomamo Yanomami နှစ်မျိုး ခေါ်ပေမဲ့ ဂျပန်တွေကတော့ ရာနိုမမိ ヤノマミ လို့ပဲခေါ်ပါတယ်။ ရာနိုမမိုဆိုတဲ့ အဓိပ္ပါယ်ကတော့ သူတို့ဘာသာစကားရဲ့ အဓိပ္ပါယ်အတိုင်း ပြောရရင် “လူသား”လို့ ဆိုလိုပါတယ်။

သူတို့ဟာ ဘရာဇီးနိုင်ငံနဲ့ ဗနဲဇွဲလားနိုင်ငံ (စာလုံးပေါင်းမှားရင် ပြင်ဖတ်ပေးပါနော်) ကြား နယ်စပ်က အမေဇုံတောထဲမှာ နေထိုင်ကြတယ်။ ကြီးမားနက်ရှိုင်းလှတဲ့ အမေဇုံတောထဲက ရာနိုမမို လူမျိုးတွေဟာ ၂၀ရာစုအစောပိုင်းအထိ ပြင်ပကမ္ဘာနဲ့ အဆက်အစပ်မရှိပဲ တသီးတခြား ကမ္ဘာလေးတည်ထောင်ပြီး နေထိုင်ကြီးပြင်းခဲ့ကြတယ်.။ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို အစဉ်အဆက် (အခုထိ) ထိန်းသိမ်းခဲ့ကြတယ်။

၂၀ ရာစုရဲ့ နှောင်းပိုင်း ကာလတွေမှာတော့ ခေတ်သစ်ကမ္ဘာက လူသားတွေက သူတို့ကို တွေ့ရှိသွားပြီး လေ့လာစရာ သတ္တ၀ါတစ်မျိုးကို တွေ့သလို အမျိုးမျိုးလေ့လာသုတေသနလုပ်နေကြတဲ့အတွက် အခုခေတ်မှာတော့ ဒီလူမျိုးတွေဟာ နာမည်ကြီးလာခဲ့တယ်ပေါ့..။

သူတို့စုပေါင်းနေထိုင်တဲ့ ဘဲဥပုံသဏ္ဍန်အိမ်လိုအရာကို shabono လို့ ခေါ်တယ်။ shabonoဆိုတဲ့ ကြီးမားတဲ့ အဆောက်အဦးတစ်ခုထဲအောက်မှာ လူ၅၀ကနေ လူ၄၀၀ အထိ စုပေါင်းနေထိုင်ကြပြီးတော့ အလုပ်တာဝန်ကိုယ်စီကို ခွဲထားတယ်။ အဲဒီ ကြီးမားတဲ့ အိမ်ကို သစ်တောထဲမှာ ရှိတဲ့ သစ်ပင် သစ်ရွက် သစ်ခက်နဲ့ ဆောက်ကြတာ ဖြစ်လို့ မုန်တိုင်းနဲ့ အင်းဆက်ပိုး စသည့်ဒဏ်ကို ခံနိုင်လောက်အောင် တာရှည်မခံကြဘူး။ ဒါကြောင့် အိမ်တခါဆောက်ရင် တစ်နှစ် နှစ်နှစ်ပဲ သုံးပြီး စွန်ပစ်တတ်ကြတယ်။

စားဝတ်နေရေးအတွက်တော့ အမဲလိုက်တယ်။ ငါးဖမ်းတယ်။ မွေးမြူရေးတော့ မလုပ်တတ်ဘူး။ နောက်ပိုင်းမှာ ရွှေ့ပြောင်းတောင်ယာ အလုပ်ကို လုပ်လာကြတယ်လို့ ဆိုပါတယ်။ ပွဲတော်တွေ လုပ်တဲ့အခါ ရွာနားနီးစပ်တွေကို ဖိတ်ပြီး အကြီးအကျယ်လုပ်လေ့ ရှိတယ်။ သမိုင်းအရ သူတို့လူမျိုး သုံးပုံတစ်ပုံလောက်ဟာ စစ်တိုက်ရင်း သေကြရတယ်။ စစ်ပွဲမှာ အောင်နိုင်သူတွေမှာ မိန်းမများများနဲ့ ကလေးများများယူနိုင်တယ်။

လသာည ဖတ်ရင်း မျက်လုံးပြူးသွားရတဲ့ စိတ်ဝင်စားတဲ့ အချက်တစ်ခု သွားတွေ့ပါတယ်။ အဲဒါက မိန်းမကို ယောင်္ကျားက စိတ်တိုင်းကျ ရိုက်ခွင့်ရှိတယ်၊ (ဒါလောက်က မျက်လုံးမပြူးသေးဘူး။ လာမယ်..ဆက်ဖတ်ကြည့်ပါဦး ) အဲဒါကို မိန်းမက ကျေနပ်စွာ ခွင့်ပြုရတယ်၊ ဒါဟာ ချစ်ခြင်းကို ကိုယ်စားပြုတယ်လို့ ခံယူတဲ့အတွက်ကြောင့် ဖြစ်ပါတယ်တဲ့၊ အရိုက်ခံရပြီးရင်လည်း သူတို့အရိုက်ခံရကြောင်း (သူတို့အချစ်ခံရကြောင်း) ပြသဖို့အတွက် သူတို့ဦးခေါင်းကို ကတုံးရိတ်ရတယ်တဲ့ အော်.. အဲဒီလူမျိုးထဲမှာ လူမဖြစ်ခဲ့တာ လသာည. သိပ်ကံကောင်းပါလား... :P

ရာနိုမမိုလူမျိုး အယူတွန် ခလက်နတ်ခ် က ပြောတယ်။ ကျွန်တော်သိတဲ့ ကမ္ဘာကြီးဟာ ရိုးရိုးစင်းစင်း မျဉ်းတစ်ကြောင်း မဟုတ်တာသေချာပါတယ်။ စက်ဝိုင်းတစ်ဝိုင်းလို သံသရာလည် ကျက်စားနေရတဲ့ အိမ်ကြီးပါလို့ ပြောသွားတယ်။ ဒါဟာ ခေတ်နောက်ပြန်ကျနေတယ်လို့ ယူဆရတဲ့ ရှေးဟောင်းကမ္ဘာက လူသားလေးက ကမ္ဘာကြီးဟာ လုံးတယ်ဆိုတာ ကျွန်တော်တို့သိပြီးသားလို့ ပြောချင်တာလား။ ဒါမှမဟုတ် ခင်ဗျားတို့လို တိုးတက်နေတဲ့ လူတွေလည်း တစ်နေ့ ကျွန်တော်တို့လို နေထိုင်စားသောက်ရလိမ့်မယ်လို့ ပြောချင်တာလား စဉ်းစားစရာပါ။ ယခုအထိတော့ သူတို့ဟာ သူတို့ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းနေတုန်းပါပဲ..တဲ့။

မှတ်ချက် : : မယဉ်ကျေးသေးတဲ့ အတွက် ယောင်္ကျားမိန်မ ဘယ်သူမှ အ၀တ်မ၀တ်ပါဘူး။ (ခါးမှာတော့ ကြိုးလိုမျိုး အရာကို စည်းထားတယ်။) ဒါကြောင့် တကိုယ်လုံးပုံ ဓါတ်ပုံလေးတွေကို ပို့စ်မှာ မတင်လိုက်သော်လည်း ဗဟုသုတအလိုဌာ မြင်ဖူးချင်ရင် ဒီနေရာမှာ သွားကြည့်လိုက်ပါနော်။ ရာနိုမမိုသူလေးတွေလည်း ချောတာကို တွေ့ရလိမ့်မယ်။

Reference: ရာနိုမမို လူမျိုးအကြောင်း အကျယ်ဆက်ဖတ်ရန်ဒီနေရာမှာ နဲ့ .ဒီနေရာမှာ (ဂျပန်လို ) ဒီနေရာမှာ ( English လို )

လသာည..ဖြစ်ပါတယ်

Friday, October 9, 2009

တကနို စံ

တကနိုစံ ငယ်ငယ်မှာပဲ ဖခင်က အခြားအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်သွားပြီး မိခင်က ရှက်လွန်းလို့ ကိုယ့်ကိုယ့်ကို သေကြောင်းကြံသွားခဲ့ပါတယ်။ သူ့အမေမသေခင်မှာ မှာသွားတဲ့စကားက......

“သမီး .. ဘယ်တော့မှ ယောင်္ကျားတွေကို မယုံနဲ့။ တသက်လုံး ကိုယ့်အားကိုယ်ကိုးပါ။ သူများကို အားကိုးရမှ ဘ၀မှာရှင်သန်ရတာမဟုတ်ဘူး၊ မှတ်ထား”

သူမ တသက်တာစွဲသွားတဲ့ စကားတွေပါပဲ။ သူမအမေဆုံးသွားပြီး နောက်ပိုင်းမှာ သူက ဘယ်ဆွေမျိုးကိုမှ အကူအညီမတောင်းခဲ့ပဲနဲ့ ကိုယ့်အားကိုယ်ကိုးရင်း ကျောင်းတက်ခဲ့ပါတယ်။ (ဂျပန်မှာ မိဘမဲ့သားသမီးတွေကို အစိုးရက ထောက်ပံ့တာရှိတယ်၊ မိခင်ရဲ့ အသက်အာမခံ ခံစားခွင့်ကိုလည်း ရခဲ့တယ်)။ သူမမှာရှိတဲ့ ငွေနဲ့ ကျောင်းလခကိုသွင်းပြီး မနက်နဲ့ ညနေပိုင်းတွေမှာ အလှပြင်ဆိုင်မှာ အချိန်ပိုင်းအလုပ်ကို လုပ်ခဲ့တယ်။

နောက်ဘွဲ့တစ်ခုရပြီးတော့ အီတလီကို အလှပြင်သင်တန်းတက်ဖို့ သွားခဲ့တယ်။ နိုင်ငံခြားသွားဖို့ ပိုက်ဆံလား? သူမဘာသာ အလုပ်လုပ်စုခဲ့တာပါ..။ ၂ နှစ်အကြာမှာ ဂျပန်ကို ပြန်လာခဲ့ပြီး အလှပြင်ဆိုင်ဖွင့်တယ်။ အလှပြင်ဆိုင်ဟာ သူမရဲ့ ကြိုးစားမှုနဲ့ ချက်ချင်းနာမည်ကြီးလာပြီး ဆိုင်ခွဲတွေ ဖွင့်နိုင်လာတာ သူမအသက် ၃၅ နှစ်မှာ ဆိုင်ခွဲပေါင်း ၁၅ဆိုင်ကို ပိုင်ဆိုင်ခဲ့တယ်။

ဒီတော့ သူမမှာ ဆိုင်ဝန်ထမ်းတွေ အများကြီးရှိနေပြီပေါ့..။ တနေ့မှာ ဆိုင်ဝန်ထမ်းတစ်ယောက်က သူမကို ပြောတယ်... “ ကျွန်မတော့ ရှင့်ကို အားလည်းမကျဘူး၊ ရှင့်အလုပ်မှာလည်း မပျော်ဘူး၊ ရှင်ဟာ ဘယ်တော့မှ သူများအတွက် ထည့်စဉ်းစားတဲ့သူမဟုတ်ဘူး။ အလုပ်ကထွက်မယ်”တဲ့..

သူမအံ့အားသင့်သွားတယ်။ တခြားသူတွေကို ကြည့်လိုက်တော့လည်း အဲဒီလိုပြောချင်တဲ့ အမူအရာမျိုးရှိနေတာကို တွေ့ရတယ်။ ဘာဖြစ်လို့လဲလို့ သူမဘာသာ အပြန်ပြန်အလှန်လှန် စဉ်းစားမိတယ်။ ငါက သူတို့ကို ငါ့လိုပဲ ကြိုးစားစေချင်တယ်။ ဒါကြောင့်လည်း ငါထားတဲ့စိတ်အတိုင်း ကိုယ်တတ်နိုင်တဲ့ကိစ္စကို ဘယ်တော့မှ သူများကို အကူအညီမတောင်းနဲ့လို့တောင် သွန်သင်မိတယ်။ ကိုယ်ကိုယ်တိုင်လည်း ပျော့ညံ့တဲ့ မိန်းမ မဖြစ်ချင်ဘူး။ သူတို့မြင်အောင်လည်း ကိုယ်လုပ်နိုင်တဲ့အရာတွေကို သူတို့ကို အကူအညီမတောင်းဘူး။

အဲဒါ ငါဘာမှားသလဲ.. ငါ့ကို ဘာကြောင့်နားမလည်ကြတာလဲ...

တကနိုစံဟာ အမျိုးမျိုးတွေးပေမဲ့လည်း အဖြေက မထွက်လာခဲ့ဘူး။ တခါမှ ၀မ်းမနည်းစဖူး ၀မ်းနည်းသလို အားငယ်သလို ဖြစ်ခဲ့တယ်။ မေမေ့စကား မှားသလားမေမေ..လို့ အမေ့ကိုလည်း တမ်းတမိတယ်။ နောက်တော့လည်း ထွက်ချင်သူထွက်၊ နေချင်သူ နေပါစေလေလို့ ဥပက္ခာပြုလိုက်ပြီး သူမက အလုပ်ကို ပိုကြိုးစားခဲ့တယ်။ သူမတစ်ယောက်လုပ်တဲ့ အလုပ်က ၀န်ထမ်း၅ ယောက် လုပ်သလောက်ထက် မကပါဘူး။

တနေ့တော့ သူမအလုပ်လုပ်နေရင်း ခါးကမျက်သွားတယ်။ ဆေးရုံကို တင်လိုက်တော့ အရိုးအဆစ်မှာ ရောဂါဖြစ်တာပါ။ ဆေးရုံမှာ ၂ လ အချိန်ကုန်ခဲ့တယ်။ ဆေးရုံကဆင်းတော့ (ဂျပန်နိုင်ငံရဲ့ ထုံးစံအရ) လူမမာတွေ ဆက်လက်ခန္တာကိုယ် ကြံခိုင်အောင်လို့ဆိုပြီး သင်တန်းတစ်ခု ထပ်တက်ရတယ်။ တစ်လပါ။

သင်တန်းက (မြန်မာပြည်က စစ်ရေးပြသင်တန်းလိုမျိုး) မနက်တိုင်း တန်းစီရတယ်။ ပြေးရတယ်။ ခန္တာကိုယ်ကြံခိုင်ရေးကို လေ့ကျင့်ပေးတယ်။ အမှတ်စဉ်ခေါ်လူစစ်တော့ အသံတိုးလို့ အငေါက်ခံရသေးတယ်။ အခုငါ့စိတ်ဓါတ်ပျော့ညံနေသလိုပဲလို့ သတိထားမိသွားပြီး မူရင်းစိတ်ဓါတ်အတိုင်း ပြန်ဖြစ်အောင် နေပြလိုက်တယ်။ သင်တန်းသားအားလုံးမှာ သူမဟာ အသံအအောင်ဆုံးပေါ့..

သင်တန်းဆင်းခါနီးတော့ စာမေးပွဲစစ်တယ်။ အောင်ရင် သင်တန်းဆင်းလက်မှတ်ပေးမှာ ဖြစ်ပြီး ရှုံးရင် နောက်တစ်လထက်နေရမှာ ဖြစ်ပါတယ်။ စာမေးပွဲက ညဘက်လမ်းလျှောက်ခြင်းပါ။ လမ်းအရှည်က ကီလိုမီတာ ၄၀၊ တောင်တက်လမ်းကို လမ်းလျှောက်ရမှာဖြစ်ပါတယ်။ တဖွဲ့ကို ၂ ယောက်တွဲပေးပါတယ်။

သူမနဲ့ အတွဲကျသူက “ကိုဘရာရှိစံ”ပါ။ ခန္တာကိုယ်တောင့်တောင့်တင်းတင်း၊ အသားညိုညိုနဲ့ ကိုဘရာရှိစံကို သူမက သဘောမကျပါဘူး။ ဒါပေမဲ့ မငြင်းခဲ့ပဲ လက်နှိပ်ဓါတ်မီးတစ်လက်နဲ့ ကျောပိုးအိတ်ကိုယ်စီ လွယ်ရင်း သူမက ရှေ့ကနေ ဦးဆောင်ထွက်ခဲ့တယ်။ လမ်းခရီးက တောလမ်းဆိုတော့ အရမ်းကို ကြမ်းပါတယ်။

ကိုဘရာရှိစံက စကားအလွန်များပါတယ်။ တချိန်လုံးစကားတွေ ပြောနေတယ်။ “နားငြီးတယ်”လို့ ထအော်ချင်လောက်အောင်ပါပဲ။ ဒါပေမဲ့ နားပင်းချင်ယောင်ဆောင်လိုက်တယ်။ ခရီးစလို့ ၆ နာရီလောက်ကြာတော့ သူမတအားကို နားချင်လှပါပြီ။ အသက်ရှုရတာလည်း မောလာတယ်။

သူမအခြေအနေကို ကြည့်ပြီး ကိုဘရာရှိစံက “ခင်ဗျား အဆင်ပြေရဲ့လား။ နားမလား၊ ဒါမှမဟုတ် ကျောပိုးအိပ်လွယ်ပေးရမလား” မေးပါတယ်။ ဒါပေမဲ့ သူမက ပြန်မပြောခဲ့ဘူး။ သူမကိုသူမ အားပေးလိုက်တယ်.. သွားစမ်း နင်သွားနိုင်တယ်။ ဘေးနားကလူတောင် လျှောက်နိုင်သေးတာ နင်က ဘာလို့ မသွားနိုင်ရမှာလဲ။ ပြီးတော့ အကူအညီလည်း မတောင်းဘူး။ သူ့ရှေ့မှာ အားမနွဲ့ချင်ဘူး။ သူဟာ ယောင်္ကျားတစ်ယောက်။ မေမေက ပြောတယ် ဘယ်ယောင်္ကျားကိုမှ အကူအညီမတောင်းနဲ့တဲ့။ ငါလုပ်နိုင်တယ်.. ငါလျှောက်နိုင်တယ်။

ဒီလိုနဲ့ မနားပဲနဲ့ ဆက်တိုက်လိုလို ဖြေးဖြေးချင်း သူမ လျှောက်ခဲ့တယ်။ ဘေးနားက ကိုဘရာရှိစံကလည်း တချိန်လုံး “ခင်ဗျား အဆင်ပြေလားဗျ”လို့ မကြာခဏမေးတယ်။ မေးခံရတိုင်း သူမစိတ်တိုမိတယ်။ ငါ့ကို ဒီလောက်တောင် အားနွဲ့တယ်လို့ ဒီလူထင်နေတယ်။ တော်တော်နားငြီးဖို့ ကောင်းတာပဲ။ မြန်မြန်ရောက်ရင်ကောင်းမယ်..

ဒီလိုနဲ့..... ခရီးအစကနေ ၁၂ နာရီတိတိ ကြာပြီးမှာ ခရီးအဆုံးကို ရောက်ခဲ့ပါတယ်။ စောင့်နေသူအားလုံးက လက်ခုပ်တီးကြပါတယ်။ သူမလည်း “ငါဟာ ဒီခရီးကို ဘယ်သူ့အကူအညီကိုမှ မယူပဲ ရောက်အောင် လာခဲ့နိုင်တယ်”လို့ ကျေနပ်စွာပြုံးလိုက်တယ်။

ဒီအချိန်မှာပဲ သင်တန်းနည်းပြဆရာက စကားတခွန်းပြောလိုက်တယ်။
“ ကျွန်တော်တို့က တကနိုစံကို စိတ်ပူနေတာ။ လမ်းမှာ ချော်လဲတာမျိုး မောသွားတာမျိုး ဖြစ်မှာစိုးလို့ တစ်ခုခုဆို ထမ်းခေါ်နိုင်အောင် ဗလတောင့်တဲ့ ကိုဘရာရှိစံကို အတူထည့်ပေးလိုက်တာဗျ”

ဒီအခါ ကိုဘရာရှိစံက “ ဒါပေမဲ့ သူမက ကျွန်တော့်အကူအညီမလိုပဲ ဒီကို ရောက်အောင် လာနိုင်တာပါဗျာ၊ ဟုတ်တယ်မို့လား တကနိုစံ၊ အော်.. တောင်းပန်ရဦးမယ် ကျွန်တော် လမ်းမှာ စကားများနေမိတာကိုပါ။ တကယ်က တောလမ်းခရီးမှာ စကားမပြောပဲ ဒီအတိုင်းသွားနေရင် ခင်ဗျားပျင်းမှာစိုးလို့၊ ခင်ဗျား အားရှိအောင်လို့ပါ။”

သူမ အံ့အားသင့်သွားတယ်။ အိုး.. တခါမှ မတွေးခဲ့မိတဲ့ သူမရဲ့အားနည်းချက်ကို တွေ့သွားလိုက်သလိုပဲ.

ငါ....ခုအထိ ဘ၀ခရီး အတူတူလျှောက်ခဲ့ကြသူတွေ ဘယ်လောက်များပြီလဲ။ ငါတစ်ခါမှ အဖော်တွေဘက်ကို မစဉ်းစားခဲ့ပါလား။ အခု ခရီးမှာ ငါက ကိုဘရာရှိစံကို စိတ်နဲ့ အပြစ်တင်ဝေဖန်နေခဲ့တယ်။ ဒါပေမဲ့ သူသာအဖော်မလုပ်ခဲ့ရင် ငါတစ်ယောက်တည်း ကီလို၄၀ တောလမ်းညခရီးကို ဘယ်လိုဖြတ်နိုင်မလဲ။ အို..ငါ တော်တော် စိတ်ထားညံ့သူပါလား။ ဒါတောင် အဖော်အဖြစ်လိုက်ပေးတဲ့ ကိုဘရာရှိစံက ငါ့အတွက် စိုးရိမ်ပေးခဲ့တယ်။ အဆင်ပြေရဲ့လားလို့ အကြိမ်များစွာမေးခဲ့တာ သူမှာ တာဝန်ရှိလို့ဆိုတဲ့ တစ်ခုထဲမဟုတ်ဘူး။ မောပန်းနေတဲ့လူချင်းအတူတူ ခရီးလမ်းကို အတူတူသွားနေတာချင်းအတူတူ ကိုယ်ကကိုယ့်အတွက်ပဲ အာရုံစိုက်နေချိန်မှာ ကိုယ့်နားကသူက ကိုယ့်အတွက်စိုးရိမ်ပေးနေခဲ့တယ်။

ငါ.. အခုထက်ထိ ငါ့ကိုငါပဲ အားတင်းဖို့ ကြိုးစားခဲ့တယ်။ ပတ်ဝန်းကျင်ကို လှည့်မကြည့်ခဲ့ဘူး။ ငါအောင်မြင်တာ ငါကြိုးစားလို့လို့ပဲ တွေးခဲ့တယ်။ တကယ်ဆို ငါအောင်မြင်ဖို့အတွက် ငါကြိုးစားဖို့အတွက် ငါ့မှာ ဆရာများစွာက ထောက်ပံ့ပေးခဲ့တယ်။ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေက အားဖြည့်ပေးခဲ့တယ်။ ငါ့အောက်က ၀န်ထမ်းများစွာက ငါ့အတွက် စဉ်းစားပြီးလုပ်ပေးခဲ့ကြတယ်။ ဒါကြောင့် ငါအောင်မြင်တာ..။ သူတို့အားလုံးက ငါ့အတွက်လို့ ငါဘက်ကစဉ်းစားမပေးခဲ့ရင် ငါဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်နိုင်ဘူးပဲ..ခုအထိ ငါ့ရဲ့ဘ၀ခရီးမှာ အတူတူလျှောက်ခဲ့ကြသူတွေ ဘယ်လောက်များပြီလဲ။ သူတို့အားလုံးဟာ ငါ့အနားမှာ အဖော်အဖြစ် ရှိနေပေးခြင်းနဲ့ ငါ့အတွက် အနည်းဆုံး စိတ်ခွန်အားတော့ ပေးသွားကြတာပဲ. ဘ၀ဆိုတာ တစ်ယောက်တည်း မရပ်တည်နိုင် မအောင်မြင်နိုင်ဘူး။ ဒီနေ့ကစလို့ ငါဟာ ခရီးတူအဖော်တွေအတွက် အကောင်းဆုံးအဖော်အဖြစ် နေသွားရမယ်......

ဒါက..လွန်ခဲ့သော ၂၅ နှစ်က တကယ့်အဖြစ်အပျက်ပါ။ အခုဆိုရင် တကနိုစံရဲ့ စီးပွားရေးလုပ်ငန်းဟာ အများကြီးအောင်မြင်နေပါပြီ။ တနေ့ဝင်ငွေ ယမ်းတစ်ကုဋေရှိတယ်တဲ့..။ ဒါပေမဲ့ တ၀က်ကို ကျောင်းအလှုတွေနဲ့ လူမှုရေးတွေမှာ သုံးစွဲတယ်။ ၀န်ထမ်းတွေကို ၃လတစ်ခါ ဘောနပ်ဆုချတယ်။ မကြာခဏလည်း အပန်းဖြေခရီးစီစဉ်ပေးတယ်. သူမဘ၀ဟာ အခုဆိုရင် ခရီးဖော်များစွာနဲ့ ပျော်ရွင်စွာရှိနေပါပြီ..

ဘ၀အခက်အခဲတွေ လူတိုင်းမှာ ရှိနေတာချင်းအတူတူဖြစ်ပေမဲ့ ဘ၀ခရီးကိုအတူတူလျှောက်နေတဲ့ ခရီးဖော်သူငယ်ချင်းတွေကို လှည့်ကြည့်ဂရုစိုက်ကြင်နာပေးတတ်ကြတဲ့ သူငယ်ချင်းမိတ်ဆွေများ အားလုံးကို အများကြီး ကျေးဇူးတင်ရပါတယ်လို့...

လသာည..ဖြစ်ပါတယ်။

Reference: NHK (၂၀၀၉.၁၀.၇) အစီအစဉ်ပါ။ တကနိုစံရဲ့ ဓါတ်ပုံကို တင်ဖို့ အင်တာနက်မှာ ရှာသော်လည်း နာမည်အပြည့်အစုံရဲ့ ခန်းဂျီးစာလုံးပေါင်းကို မပေါင်းတတ်လို့ ရှာမတွေ့ပါ။ တွေ့တဲ့အခါ တင်ပေးမယ်နော်..

ရယ်ရအောင်

ပိုက်ဆံလေးတွေ့လို့ ကောက်မလို့ဟာကို လူမရှိတဲ့ကားက ဟွန်းထမြည်တယ်.. လူမိသွားတယ် ဟိ. :P

Just for laughအစီအစဉ်လေးတွေက သရုပ်ဆောင် အချင်းချင်း ဇာတ်တိုက်ပြီး ဖြတ်သွားဖြတ်လာတွေကို (တစ်ယောက်ပြီး တစ်ယောက် မသိမသာခေါ်ပြီး) အတည်ပေါက်နဲ့ စတာလေ။ မသိတော့ တကယ်ထင်ပြီး သူတို့ဇာတ်လမ်းတွေထဲမှာ မျောပါသွားပြီး အမူအရာအမျိုးမျိုး ပြောင်းသွားကြတယ်။ စိတ်ညစ်တာ စိတ်ဆိုးတာ စတဲ့ ခံစားချက်ပကတိတွေကို မြင်ရတယ်လေ။

အင်တာနက်သိပ်မကောင်းတဲ့ သူငယ်ချင်းလေးများ ကြည့်လို့ မရရင်ခွင့်လွှတ်ပါ. :( ဘလော့မှာ မမြင်ရရင် youtubeကို နှိပ်ပြီး သွားကြည့်လည်း ရတယ်။ အဲဒီမှာ အများကြီးပဲ..

လသာည... ပျင်းနေလို့ ကြည့်ဖြစ်တဲ့ ဟာသလေးကို မျှတာပါ...ပိတ်ရက်မှာ ပျော်ရွှင်ကြပါစေ.. :P အခုနက ဒုတိယပုံက မရယ်ရဘူးဆိုလို့ နောက်တစ်ခု ပြောင်းလိုက်တယ်နော်။

Thursday, October 8, 2009

တိုင်ဖုန်း နံပါတ် ၁၈

မနေ့က တိုင်ဖုန်းအမှတ်၁၈ လာနေပြီဆိုတဲ့ သတင်းကြောင့် ကျူတာက “မုန်တိုင်းက အိုခရာမကို ညကြီးဖြတ်မှာ ဂရုစိုက်နေပါ” ဆိုတဲ့ မေးလ်ကို တချိန်လုံးပို့နေလို့ ဂရုစိုက်ပြီး တီဗွီရှေ့က မခွာဖြစ်ခဲ့ပါ။ သတင်းကြည့်တယ်လို့ ယူဆရနိုင်သော်လည်း ဇာတ်လမ်းကြည့်နေခဲ့တယ်။ :D (ဇာတ်လမ်းက ကြော်ငြာဝင်ချိန်တော့ သတင်းပေါ့။ ) မုန်တိုင်းသတင်းကြောင့် ဒီနေ့ လုပ်ရမဲ့ seminarကို နောက်တပတ်ရွေ့ဆိုင်းလိုက်ပြီး၊ မနက်အစောကြီး အတန်းကိုပါ ပိတ်ပေးလိုက်ပါတယ်။ ဒါနဲ့ တီဗွီဇာတ်လမ်းကြည့်ရင်း၊ ပုံပြင်စာအုပ်တစ်အုပ်ကိုဖတ်ရင်း မုန်တိုင်းကို စောင့်နေခဲ့တယ်။

ဒါပေမဲ့ မနက်၃ နာရီမှာ နှစ်ခြိုက်စွာအိပ်ပျော်သွားတယ်။ အိပ်မက်ထဲထိ မုန်တိုင်းကရောက်နေပြီး အိပ်မပျော်သလို ပျော်သလိုဖြစ်နေတုန်း အနားမှာ “ဂီးဂီးဂီး”ဆိုတဲ့ အသံတစ်ခုကြားလိုက်တာနဲ့ အလန်တကြားထထိုင်လိုက်မိတယ်။ မုန်တိုင်းကျပြီထင်တယ်လို့..ပါ။ ကြည့်လိုက်တော့ ဖုန်းမြည်တာပါ။ အိပ်ခါနီး vibratorပေးထားမိပြီး စားပွဲပေါ်မှာထားမိလို့ အသံကအကျယ်ကြီးဖြစ်နေတာ။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာကို သတိထားမိတယ်။ ချက်ချင်း ဒီလိုလည်း တွေးမိတယ် မုန်တိုင်းရဲ့ မျက်စိ (လေဆင်နှာမောင်း မျက်စိနဲ့ မှားတွေးမိတယ်)က အိုခရာမကို ရောက်နေပြီထင်တယ်လို့။

ဖုန်းကိုင်လိုက်တော့ တိုကျိုက သူငယ်ချင်းတစ်ယောက်။ သူက “ ဟင် အခုထိ အိပ်ရာမထသေးဘူးလား။ ဒီမှာတော့ မုန်တိုင်းရောက်နေလို့ ကျောင်းသွားရမလား မသွားရဘူးလား စဉ်းစားနေတာ”တဲ့..။

သြော်... ဒါများ ကိုယ့်ဘာသာအခြေအနေကြည့်သွားလဲ ရတာကို ငါ့ကို လှမ်းဖုန်းဆက်ပြီး စဉ်းစားဆုံးဖြတ်ခိုင်းနေတယ်..ငါလည်း ဒီကနေတိုကျိုကိုမြင်ရတာမဟုတ်.လို့ တွေးပြီး အိပ်ချင်မူးတူးနဲ့ သူကို ဒီလိုပြန်ပြောလိုက်တယ်။ “ အေး မုန်တိုင်းဖြတ်တယ်ဆိုရင် မသွားနဲ့ပေါ့၊ ကျောင်းက အရေးကြီးရင်လည်း သွားချင်သွားပေါ့။ အခြေအနေကို စုံစမ်းပေါ့။ ငါတို့ကျောင်းတော့ပိတ်လို့ ငါတော့ အိပ်ပြီ.. နောက်မှ အခြေအနေ လှမ်းမေးဦးမယ်လို့။ (အားကိုးတကြီး ဖုန်းဆက်တဲ့ သူငယ်ချင်းတော့ တော်တော်စိတ်ပျက်သွားလောက်တယ်။ သူက “တော်ပြီ..နောက်ဖုန်းမဆက်တော့ဘူး.သူငယ်ချင်းအဖြစ် တသက်စာရှင်ခန်းဖြတ်ပဲ”ဆိုရင် ဒုက္ခ။ နောက်မှ တောင်းပန်ရဦးမယ်။ )

အင်း..ဒါဆို မုန်တိုင်းက အိုခရာမကို ဖြတ်ပြီးသွားတာ သေချာသွားတယ်။ (မုန်တိုင်းလမ်းကြောင်းက အိုခရာမပြီးမှ တိုကျိုရောက်တာမိုလို့လေ။) တညလုံးထိုင်စောင့်ခဲ့တဲ့ မုန်တိုင်းက ကိုယ်မအိပ်ခင် အိုခရာမကို မဖြတ်ပဲ ကိုယ်အိပ်ပျော်ချိန်မနက်၎နာရီကျမှ လာသွားတယ်။ ဘာမှတောင်မသိလိုက်ဘူး။ အေးအေးဆေးဆေးပဲ အိုခရာမကို ဖြတ်သွားတယ်။

ဒါပေမဲ့ အခုနက သူငယ်ချင်းရဲ့ဖုန်းကြောင့် တိုကျိုကအခြေအနေကို သိချင်တာနဲ့ ထထိုင်ပြီး သတင်းထကြည့်တယ်။ တိုကျိုမှာက လသာညရဲ့ ချစ်လှစွာသော လူကြီးနဲ့ ချစ်လှစွာသော သူငယ်ချင်းများစွာ (pps အိစံ ညိုချိုကအစ အများကြီး) ရှိနေတယ်လေ။ စိတ်ပူရတာပေါ့ ။ သတင်းအရ တိုကျိုမြို့ပေါ်လည်း တွေးသလောက်တော့ ဘာမှမဖြစ်ပါဘူး။ လေယာဉ်လိုင်း ခဏနားတာရယ်၊ ရထားလမ်း ရပ်ထားတာလောက်တော့ ဖြစ်တယ်။ (မှတ်ချက်။ ။ ပင်လယ်နဲ့ ပိုနီးတဲ့အခြမ်းတော့ ကြမ်းတယ်။ လူအသေအပျောက်နဲ့ ပစ္စည်းအပျက်အစီးအများကြီး ဖြစ်တယ်တဲ့။ အဲဒီက သူငယ်ချင်းတွေ အဆင်ပြေကြလားမသိရဘူး)

မနေ့ကတဲက ဖျားလို့ပါလို့ လာသတင်းပေးသွားတဲ့ အိစံကို သတိထားမိတော့လဲ တချိန်လုံး အွန်လိုင်းမှာ စိမ်းနေလို့ အခြေအနေကောင်းတာတွေ့ပါတယ်။ :P စိတ်အေးသွားပြီမို့ နှုတ်တောင်မဆက်နိုင်ပဲ မနက် ၁၀နာရီလောက် ပြန်အိပ်တယ်။ ပြီးတော့ကျောင်းကို သွားပါတယ်။

ကျောင်းမှာ ဆရာက မုန်တိုင်းပြီးလို့ ရာသီဥတုသာယာသွားတာတောင် ကျောင်းကို မလာပါလားတဲ့ နောက်သလိုလို အတည်လိုလိုနဲ့ ပြောသေးတယ်။ ဒါပေမဲ့ seminarကတော့ နောက်တပတ်ကျမှ ဖြစ်သွားတယ်။ ဒီနေ့ကတော့ အရမ်းကို သက်သာတဲ့ နေ့တနေ့ပါပဲ..။

မုန်တိုင်းက Kyoto, Nigata Sendai Yamagata Fukuoka kyuushuu ဆက်သွားတာမို့ အဲဒီက သူငယ်ချင်းများ ဂရုစိုက်ကြနော်..

လသာည..

Tuesday, October 6, 2009

ဂျပန်က ပစ်တိုင်းထောင်လေးများ

ပစ်တိုင်းထောင်လေးတွေကို ကျွန်မအရမ်းနှစ်သက်ပါတယ်။ ဘယ်နေရာကနေ ပစ်လိုက်ပစ်လိုက် ပစ်လိုက်တိုင်း အမြဲထောင်နေတတ်တယ်။ ဘယ်လိုကျကျ လဲမသွားတာလေးကို အရမ်းသဘောကျပါတယ်။ ကျွန်မတို့ မြန်မာတွေက ဘ၀မှာ အနိမ့်အမြင့် သဘောလေးတွေ ကြုံတိုင်း စိတ်ဓါတ်မကျဖို့အတွက် ပစ်တိုင်းထောင်လေးနဲ့ တင်စားကြတယ်။

ဂျပန်မှာလည်း ပစ်တိုင်းထောင်လေးတွေ ရှိတယ်။ ရောက်စကတဲက ပစ်တိုင်းထောင်လေးတွေကို တွေ့တိုင်း ကျွန်မအံ့သြစွာ အမြဲရပ်ကြည့်တတ်ပါတယ်။ ပစ်တိုင်းထောင်ကို ဂျပန်လို daruma(だるま)လို့ ခေါ်ပါတယ်။မြန်မာ ပစ်တိုင်းထောင်နဲ့ မတူတာက မြန်မာပစ်တိုင်းထောင်ရုပ်လေးတွေက ကလေးမျက်နှာ ချစ်စဖွယ် အသွင်အပြင် ရှိပြီး၊ ဂျပန်က ပစ်တိုင်းထောင်ကတော့ အများအားဖြင့် ယောင်္ကျားကြီးတစ်ယောက်လို့ နှုတ်ခမ်းမွေးနဲ့ ( ခန့်ခန့်ညားညား ? :P ) ရှိနေပါတယ်။

ဝယ်ရင် ဈေးနှုန်းကတော့ အရမ်းကြီးတဲ့ပစ်တိုင်းထောင်တစ်ခုကို ယမ်း ၄ သောင်းကနေ ၅ သောင်းထိ ရှိတတ်ပြီး ဈေးချိုတဲ့ ပစ်တိုင်းထောင်လေးတွေက ယမ်း၁၂၀၀ လောက်ရှိပါတယ်။ ဟန်းဖုန်းချိတ်တဲ့ ဟန်းချိန်းကြိုးလေးလောက် ပိစိကွေး ချစ်စရာလေးတွေက ယမ်း၄၀၀ လောက်ရှိတတ်ပါတယ်။

နောက်တစ်ခုက ကိုယ့်လိုအင်အလိုက် ပစ်တိုင်းထောင် အမျိုးမျိုးကို အဆောင်အဖြစ် ရောင်းတာလည်း ရှိပါတယ်။ အပေါ်က လှလှပပလေးတွေကတော့ ကြင်သူ ဇနီးမောင်နှံလေးတွေကို ပေးတတ်တာဖြစ်ပြီး လာဘ်ကောင်းခြင်းနဲ့ ချစ်ခြင်းကို ရစေတယ်လို့ ဆိုပါတယ်။

အောက်ပုံကလို မျက်လုံး တစ်ဖက်လပ်နဲ့ ပစ်တိုင်းထောင်တွေကတော့ ကိုယ့်လိုအင်တွေက အဲဒီလပ်နေတဲ့ မျက်လုံးနေရာကနေ ၀င်လာတယ်လို့ အယူရှိတယ်တဲ့..။ အများအားဖြင့် ညာမျက်လုံးလပ်တာက များတယ်။ ဘယ်မျက်လုံးလပ်နဲ့ ပစ်တိုင်းထောင်က လွတ်လပ်ခြင်း၊ ကိုယ့်အားကိုယ်ကိုးနိုင်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်တယ်။ ဒါပေမဲ့ တချို့က ဘယ်မျက်လုံးလပ်တာက ညာမျက်လုံးကနေ ပြန်ထွက်နိုင်တယ်လို့ ယူဆပြီး မကြိုက်ဖူး..။
ဒါလေးကတော့ မျက်လုံး နှစ်ဖက်လုံး မျက်ဆန်မရှိရှာဘူး။ လာဘ်ဝင်စေတဲ့ အဆောင်ပါ။ မျက်လုံး နှစ်လုံးစလုံးက လာဘ်ဝင်စေတယ်တဲ့..။ တခါတခါ ရင်ဘတ်မှာ “အောင်ခြင်း 合格”ဆိုတာရေးထားရင် စာမေးပွဲအောင်ဖို့ အဆောင်အဖြစ်သုံးတာလေးပါ..။

ပစ်တိုင်းထောင် ရောင်းတဲ့ နေရာပေါ့။ ရောင်းရတာ လက်မလည်ဘူးတဲ့..။
ဒါပေမဲ့လည်း ၀ယ်လို့ တစ်နှစ်ကျော်သွားရင်တော့ သူတို့က ပြန်ရောင်းကြပြန်ရော။

တချို့မြို့တွေကျတော့လည်း ပြန်မရောင်းစေပဲ ပွဲတော်လုပ်လို့ အောက်ကလို့ မီးရှို့ပူဇော်လိုက်ကြတယ်။
သွားလေရော.. ပစ်တိုင်းထောင်ရယ် တနှစ်စာကြုံခဲ့သမျှ အဆိုးတွေ ဒီမှာတင်ပဲ ကြေပါစေတော့ ဒီဘ၀ဒီမျှသာပေါ့လေ..
လာဘ်ဆိုးတွေ သွားလို့ လာဘ်ကောင်းတွေ လာစေဖို့ ပစ်တိုင်းထောင် မီးရှို့ပွဲလေးပါ..။

လသာညအနေနဲ့တော့ ကိုယ်နှစ်သက်တဲ့ ပစ်တိုင်းထောင်လေးတွေ မီးရှိုပစ်တာ မြင်ရတော့ တမျိုးပဲ ခံစားရတယ်။ အင်း..ဒါပေမဲ့လည်း. လူမျိုးတစ်မျိုး ယုံကြည်မှု့တစ်မျိုးပေါ့နော်။ ကောင်းတယ်ဆိုးတယ် ဝေဖန်လို့ မရဘူးမို့လား..။

ဒီနေ့ သူငယ်ချင်း တစ်ယောက်ဆီကနေ အောက်က ပစ်တိုင်းထောင် ရုပ်ကလေးကို လက်ဆောင်ရခဲ့တယ်။ ဒါလေး ဘယ်လိုလဲ ချစ်စရာကောင်းတယ်မို့လား...။ ဒီပစ်တိုင်းထောင်လေးကို သဘောတကျ ကြည့်ပြီး ဂျပန်ပစ်တိုင်းထောင်အကြောင်းတွေ လျှောက်ဖတ်ဖြစ်သွားတယ်။ ဒီအကြောင်းတွေမသိသေးတဲ့ သူငယ်ချင်းလေးတွေအတွက် ဗဟုသုတမျှဝေဖြစ်သွားပါတယ်။ စာသားတွေချည်းဆိုတော့ ဖတ်ရတာ ပျင်းမောဖြစ်သွားပြီလား.. :P ကော်ဖီသောက်သွားနော်..။

လသာည..ဖြစ်ပါတယ်။။
ဒီနေရာလေးက ပုံလေးတွေကို ယူသုံးထားပါတယ်။