Friday, October 19, 2012

အခမ်းနားဆုံး လက်ခုပ်သံများ

တခါက ဖေဖေခြင်က သားခြင်လေး ပထမဆုံး ပျံသန်းမှုခရီးရဲ့ ရင်ခုန်သံစဉ်ကို မေးခဲ့သတဲ့..။
ဒီတော့ သားလေးက စိတ်လှုပ်ရှားပျော်ရွှင်သံနှင့် ဒီလိုပြန်ပြောခဲ့တယ်..

"ဒီနေ့လို စိတ်လှုပ်ရှားစရာ ကောင်းတာမျိုး မတွေ့ဖူးခဲ့ဘူး ဖေဖေ၊ သားပျံသန်းရာ လမ်းတစ်လျှောက် လူအားလုံးက လက်ခုပ်ဖြောင်းဖြောင်းတီးလို့ တခဲနက် အားပေးခဲ့ကြတယ်လေ။"

...................................
ကျွန်မရဲ့ သူငယ်ချင်းတွေရော..
 ခြင်လေးလို လက်ခုပ် ဖြောင်းဖြောင်းတီးပြီး အားပေးခံရတာမျိုး ကြုံဖူးလား ဟင်.. /('-')\


 ................................................................................

Friday, July 27, 2012

ယုံကြည်ချက်မှ တဆင့်


Pygmalionဆိုတဲ့ ဝေါဟာရကတော့ ဂရိစကားဖြစ်ပါတယ်။ ပုံပြင်လေးတစ်ခုမှ စတယ်။ ပုံပြင်အရ ဘယ်မိန်းမကိုမှ စိတ်မ၀င်စားတဲ့ ပန်းပုသမားလေး Pygmalion ဟာ သူကိုယ်တိုင် ထုစစ်ထားတဲ့ ရုပ်ထုလေးအပေါ်မှာ မေတ္တာသက်ဝင်မိသွားခဲ့တယ်။ နေ့စဉ်နဲ့အမျှ စွဲလန်းတမ်းတနေတဲ့ သူရဲ့စွဲလန်းယုံကြည်မှုအပေါ် ဘုရားသခင်က ဂရုဏာသက်သွားတဲ့အတွက် နောက်ဆုံးမှာ သူရဲ့ရုပ်ထုကို လူဘ၀အသက်သွင်းပေးလိုက်ခြင်းဖြင့် ပျော်ရွှင်စွာ ဇာတ်ပေါင်းသွားလေသတည်းပေါ့။

ဂရိပုံပြင်ထဲမှ Pygmalion ပန်းပုသမားနာမည်ကိုယူပြီး စိတ်ပညာဗေဒမှာ Pygmalion effectsလို့ဆိုတဲ့ ဝေါဟာရကို စတင်သုံးစွဲခဲ့သူက အမေရိကန် စိတ်ပညာရှင်Mr.Robert Rosenthal ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ တစ်စုံတစ်ယောက် အပေါ်ထားတဲ့ မင်းရဲ့ ယုံကြည်ချက်ဟာ အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်စေပါတယ်။ ၎င်း ကို စိတ်ပညာအခေါ်နဲ့ Pygmalion effectsလို့ ခေါ်တယ်။စိတ်ပညာရှင် Mr.Robert လုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ကျောင်းတစ်ကျောင်းမှာ စာမေးပွဲတစ်ခုစစ်လိုက်တယ်။ မစစ်ခင် တပတ်လောက်မှာ တချို့ကျောင်းသားတွေကို တွေ့ဆုံပြီး ဒီလိုပြောလိုက်တယ်။

“ကလေးတို့။ မင်းတို့ကို အသိပေးစရာရှိတယ်။ ဦးက (Researcher Mr. Robertက) ဒီစာမေးပွဲကို ဘယ်သူတွေ ဖြေဆိုနိုင်မယ်လို့ ထင်ပါသလဲလို့ မင်းတို့ အတန်းပိုင်ဆရာကို မေးတော့ မင်းတို့ဆရာက ဒီစာမေးပွဲကို သေချာပေါက် အမှတ်ကောင်းကောင်းနဲ့ ဖြေဆိုနိုင်မယ်သူဟာ မင်းတို့ပါ .. လို့ ပြောပြတယ်။ မင်းတိုလို ကလေးတွေရှိတဲ့အတွက် မင်းတို့ ဆရာကတော့ ဂုဏ်ယူလို့ မဆုံးအောင်ပါပဲကွာ။ ကဲ..ကဲ ကြိုးစားဖြေကြနော်။ ”

တကယ်တော့ အတန်းပိုင်ဆရာကို ဘာမှ မေးထားတာမဟုတ်ခဲ့ပါဘူး။ စာမေးပွဲက နည်းနည်းခက်လို့ စာမေးပွဲ ဖြေချင်အောင် စိတ်ပညာရှင်က အကွက်ဆင်လိုက်တဲ့ စကားလုံးလေးတွေပါ။

ဒီနောက် စာမေးပွဲကို ဖြေဆိုပြီးဆုံးပြီး ရလာဒ်တွေကို အမှတ်စစ်ခဲ့တယ်။
ခေါ်တွေ့တဲ့ ကျောင်းသားတွေနဲ့ ခေါ်မတွေ့တဲ့ ကျောင်းသားတွေရဲ့ ရလာဒ်ကို ယှဉ်ကြည့်လိုက်တယ်။ သူ မရဲတရဲ မျှော်လင့်ထားတဲ့ ရလာဒ်တစ်ခုကို အံ့သြဖွယ်ရာ တွေ့ရလို့ စိတ်ပညာရှင်ကြီး ပျော်ရွှင်သွားခဲ့တယ်။

သူက ခေါ်တွေ့တဲ့ ကျောင်းသားအများစုဟာ တကယ်ပဲ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်တာကို တွေ့ရတယ်။ ခေါ်တွေ့ပြီး မပြောခြင်းမခံခဲ့ရတဲ့ ကလေးတွေ (တနည်းပြောရရင် ဆရာရဲ့ ယုံကြည်ချက်ကို မရတဲ့ကလေးတွေ)ဟာ ပုံမှန် ယခင့်ယခင် စာမေးပွဲတွေအတိုင်း ရလာဒ် မပြောင်းမလဲ ရှိနေခဲ့တာကို တွေ့ခဲ့ရတယ်။

ဒါဆို ယုံကြည်ခြင်းခံရတဲ့ကလေးတွေဟာ အရည်အချင်းတွေ တက်လာပြီး၊ မခံရတဲ့ကလေးဟာ အရည်အချင်းတွေကျသွားတာလား။ တကယ်တော့ အရည်အချင်းက ဒီလောက် ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ အခြားသူတစ်ဦးတစ်ယောက်ရဲ့ ယုံကြည်ချက်ကို ရလိုက်တဲ့ အခါ ကျွန်မတို့ လူသားတွေဟာ ကိုယ်အားဥာဏ်အားရှိသ၍ အားထုတ် ကြိုးစားကြလို့သာ ဖြစ်ပါတယ်။

အခြားသူရဲ့ ယုံကြည်ချက်က ကာယကံရှင် ကို တွန်းအား ပေးနိုင်ပါတယ်။

လက်တွေ့နယ်ပယ်မှာ ဆရာက တပည့်ကို ၊ မိဘက သားသမီးကို၊ အကြီးအကဲက လက်အောက်ငယ်သားကို၊ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ကိုယ့်စိတ်ကြိုက် ကြိုးစားစေချင်တဲ့အခါ အများကြီး အားထုတ် ဆုံးမစရာမလိုပါဘူး။ သူကို အားပေးတဲ့အနေနဲ့ သူ့ကြိုးစားမှုကို အသိအမှတ်ပြုပြီး ယုံကြည်ချက်ကလေး ပေးလိုက်ရုံပါပဲ..တဲ့။

ဟုတ်ကဲ့.. You can do it!!

.................
လသာည. ဖြစ်ပါတယ်။

Sunday, July 8, 2012

ဆော်လမွန်ကျွန်းသားများရဲ့ ကျိန်စာ

တောင်ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ဆော်လမွန်ကျွန်းစုလေးတွေ ရှိတယ်။ ကျွန်းသားတွေရဲ့ ကျိန်စာတစ်ခုအကြောင်း ကြားခါစက သိပ်အံ့အားသင့်မိတယ်။ 
သူတို့ဆီမှာ သစ်ပင်တစ်ပင် အသုံးမ၀င်တော့ဘူးလို့ ထင်ရင် ခုတ်လဲတာထက်ကောင်းတဲ့ ကျိန်စာတိုက်နည်းကို သုံးကြတယ်တဲ့..။ 

ကျိန်စာတိုက်မယ့် သစ်ပင်အတွက် အသံအင်အားကောင်းတဲ့ လူတွေစုပြီး မနက်အာရုံတက်မှာ အုပ်စုလိုက် ကျိန်ဆဲကြတယ်။ ဒီသစ်ပင်ကြီးဟာ အသုံးမ၀င်ဘူး၊ မြန်မြန်သေလေကောင်းလေပဲ။ မြန်မြန်သေစမ်း။ အစရှိသဖြင့်ပေါ့...။ သူတို့ကျိန်စာတိုက်တာက တစ်ရက်ထဲတော့ မဟုတ်ဖူး၊ ရက်သုံးဆယ်ပါ။

ထူးဆန်းစွာပဲ ရက်သုံးဆယ်ကျိန်စာပြီးနောက်မှာ သစ်ပင်ကြီးဟာ တရိရိညှိုးနွမ်းလာပြီး နောက်
ဆုံးမှာ သေသွားတော့တယ်။ "အသုံးမ၀င်တဲ့ သစ်ပင်မြန်မြန်သေစမ်း" လို့ ပြောခံရတာနဲ့ သေရတာလားကွယ်။
ကြောက်စရာကောင်းလိုက်တာ...။

........................................................

ရုပ်ရှင်ဇာတ်ကားတစ်ခုကို အမှတ်မထင် ကြည့်ဖြစ်သွားတယ်။ ဇာတ်လမ်းထဲမှာ ကလေးငယ်တစ်ယောက်က ပန်းချီပညာမှာ ပါရမီရှင်လို့ ပြောရလောက်အောင် သိပ်တော်တဲ့ကလေးပါ။ အရမ်းကို တက်ကြွတဲ့ကလေးလေး...။ ဒါပေမယ့် သူ့မှာ ပြင်လို့မရတဲ့ အားနည်းချက်တစ်ခု ရှိနေခဲ့ပါတယ်။ အဲဒါက စာလုံးတွေကိုမှတ်တဲ့ဉာဏ်ရည် ချို့ယွင်းနေခြင်းပါ။ သူ စာမှတ်လို့မရဘူး။ ဘယ်လောက်ကြိုးစားမှတ်မှတ် သူစာလုံးတွေကို မမှတ်မိနိုင်ရှာဘူး။ သူ့ရဲ့ ဉာဏ်ရည်ချို့ယွင်းမှုရောဂါကို မိဘတွေကလည်း မသိခဲ့ဘူး။ 

သူ့မှာ စာတော်တဲ့အစ်ကိုတစ်ယောက်လည်း ရှိတယ်။ ညီအစ်ကိုနှစ်ယောက် ယှဉ်လိုက်တိုင်း ကျောင်းစာမေးပွဲတွေမှာ အမြဲကျတဲ့သူဟာ အဆူခံရတယ်။ "သိပ်ပျင်းတဲ့ကလေး၊ အဖြစ်မရှိတဲ့ကလေးတဲ့.."။ မိဘတွေဘယ်လောက် ကျောင်းကောင်းကောင်းထားထား၊သူကတော့ တော်တဲ့ကလေးဖြစ်မလာခဲ့ဘူး။
နောက်တော့ ကျောင်းကဆရာ၊ ဆရာမက အစ သူကိုပေးတဲ့ မှတ်ချက်တွေက...
"သိပ်ပျင်းတဲ့ကလေး" 
 "သိပ်ဖျင်းတဲ့ကလေး" 
 "ဦးနှောက်ထိုင်းတဲ့ ကလေး" 
 "တစ်ဘ၀လုံး သုံးစားရမယ့် ကောင်မဟုတ်ဘူး" 

အဲလို ၀ိုင်းဝန်းမှတ်ချက်ပေးလိုက်ကြတာ အဲဒီကလေးဟာ သူပါရမီရှိတဲ့ ပန်းချီပညာပါ မရေးဆွဲနိုင်လောက်အောင် ဖြစ်သွားရတယ်။ 

အိုး...ဒါဟာ လူတွေရဲ့ မသိနားမလည်လို့ ဝေဖန်တဲ့စကားတွေပါ၊ ကျိန်စာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် လူအများရဲ့ မှတ်ချက်က လူတစ်ယောက်ရဲ့ ဘ၀ကို သေအောင် ကျိန်စာတိုက်သလိုပဲ မဟုတ်လား..။

.........................................................

မနေ့က ကျွန်မသူငယ်ချင်းတစ်ယောက်က ရင်ဖွင့်တယ်။သူက ပညာသာတတ်တာ သူ့မှာ စီးပွားရှာနိုင်တဲ့ အရည်အချင်းမရှိဘူးတဲ့။ ဘာဖြစ်လို့လဲ လို့ မေးမိတယ်.။ တကယ်ဆို သူလည်း ဘွဲ့ ၃ ခုနဲ့ အစိုးရဌာနတစ်ခုမှာ အလုပ်လုပ်နေသူ၊ သူ့အမျိုးသားက ကားအရောင်းအ၀ယ်လုပ်နေတဲ့ စီးပွားရေးသမားပဲ၊ သူမရှာနိုင်လည်း ဘာအရေးလဲ၊ သူ့အမျိုးသား ရှာနိုင်ရင်ပြီးရော မဟုတ်လားလို့ နားမလည်စွာ ပြန်မေးဖြစ်တယ်...
 ကျောင်းကတဲက စာကလွဲပြီး မလုပ်ခဲ့သူဆိုတော့ စီးပွားရေးအကြောင်း သူနားမလည်ဘူး၊ ဘယ်ပစ္စည်း ဘယ်အချိန် ရောင်းရမှ သူမြတ်မယ်ဆိုတာမျိုး သူမသိဘူး။ သူ့အမျိုးသားကတော့ စီးပွားရေး တအားလုပ်သူ။ စီးပွားရေးလောကကလည်း အပြိုင်အဆိုင်တွေ သိပ်များတော့ အခွင့်အရေးတစ်ခုပေါ်ရင် ချက်ချင်း၊ တခါတခါ ညတွင်းချင်း လုပ်နိုင်မှ ကိုယ့်ဘက်က ကျန်တာ..။ 

ဒီတော့ အမျိုးသားက သူ့ကို တခါတခါ တိုင်ပင်တတ်တယ်။ ဒါပေမယ့်  သူကလည်း နားမလည်တော့ ဘာအကြံမှ မပေးတတ်ဘူး။ ဒီအတွက် အမျိုးသားက အားမလိုအားမရ အမြဲပြောတယ်။ 

"မင်းကတော့ စီးပွားရေးအကြောင်း နားလည်အောင် မကြိုးစားတော့ဘူးလား၊ ဒီလောက်ပညာတွေ တတ်နေပြီး ကိုယ့်စီးပွားရေးအတွက်တော့ အရည်အချင်းမရှိတော့ဘူးတဲ့လား၊ သူများတကာ လင်မယားတွေ ဘယ်လောက် ဒိုးတူဘောင်ဘက်လုပ်နိုင်သလဲ"

အဲလို အမြဲပြောပြောနေတော့ သူလည်း နားလည်အောင်ကြိုးစားမယ်လို့ဆိုရင်း လိုက်လုပ်ကြည့်ပါတယ်။ ဒီလိုနဲ့ ကိစ္စတစ်ခုမှာ မထင်မှတ်ပဲ သူ့ကြောင့် သိန်း၂၀၀ကျော် ရှူံးသွားခဲ့တယ်။ 

ဒီအတွက် သူ့အမျိုးသားရဲ့ ဝေဖန်ရှူပ်ချမှုတွေက အရင်ထက် ပြင်းထန်လာခဲ့တယ်။ အကြောင်းကိစ္စရှိတိုင်း သိန်း၂၀၀ကျော်ကိစ္စနဲ့ ရန်ဖြစ်ကြတယ်။ မင်းဟာ အသုံးကို မကျဘူး၊ ဘာပညာတတ်လဲ၊ အဲဒီပညာတွေ ဘယ်နေရာသုံးစွဲနေသလဲ စသည်ဖြင့်....

 အခုတော့ သူက သူသင်ယူခဲ့တဲ့ ပညာတွေဟာ အဖိုးမတန်ဘူးလို့ ယူဆသွားခဲ့ပြီး အလုပ်ကထွက်လိုက်ကာ အိမ်မှာ ရိုးရိုးအိမ်ရှင်မတစ်ယောက်အနေနဲ့ နေသွားတယ်.. (. .)

တကယ်ဆို ကျွန်မသူငယ်ချင်းဟာ သူကျွမ်းကျင်ရာအပိုင်းမှာဆိုရင် တကယ်တော်တဲ့သူပါ။ သူ့ပညာတွေကို လိုအပ်နေသူတွေ အများကြီးရှိတာပါ..။

ကျွန်မ နှမြောလိုက်တာ...

အခြားသူရဲ့ အကြိမ်ပေါင်းများစွာ ဝေဖန်ရှူတ်ချမှုဟာ လူတစ်ယောက်ရဲ့ ရှိပြီးသားအရည်အချင်းတွေကို ဆွဲထုတ်ယူပြီး ဘ၀သေအောင် လုပ်နိုင်ပါလားလို့ ကျွန်မဆင်ခြင်မိပါတယ်။..

တကယ်ဆို လူတိုင်းမှာ သူ့နေရာနဲ့သူ အစွမ်းရှိနိုင်တာပဲ..။ ကိုယ်နဲ့ မတူလို့ဆိုပြီး ပြစ်တင်ရှုတ်ချပြီး ကျိန်စာတစ်ခုလို့တော့ မတိုက်သင့်ပါဘူး..

Everyone is special မဟုတ်ဘူးလား.။

လသာည ဖြစ်ပါတယ်..။

Tuesday, June 5, 2012

မှားတဲ့ဘက်မှာ

တခါက ကျောင်းဆရာတစ်ဦးဟာ ကျောင်းသားတွေရဲ့ အမြင်တွေကို သိချင်တာမို့ စမ်းသပ်မှုတစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ကျောက်သင်ပုန်း(Blackboard) မှာ မျဉ်းတစ်ကြောင်းကို ဆွဲပြလိုက်တယ်..။ အဲဒါကို ကြည့်မှတ်ခိုင်းပြီး ခဏနေတော့ ကျောက်သင်ပုန်းရဲ့ တခြမ်းမှာ မျဉ်းသုံးကြောင်းကို ယှဉ်ဆွဲပြလိုက်တယ်။ နောက်ဆွဲတဲ့ မျဉ်းသုံးကြောင်းထဲမှာ ပထမ မှတ်ခိုင်းတဲ့ မျဉ်းနဲ့ အရွယ်တူ အဖြေမှန်တစ်ခုပါတယ်ဆိုတာကိုလည်း အသိပေးလိုက်ပြီးတဲ့နောက် မျဉ်းသုံးကြောင်းထဲမှ အဖြေမှန်ကို ရွေးပေးဖို့ ကျောင်းသားအားလုံးကို ပြောလိုက်ပါတယ်။
(Solomon E. Asch's experiment) ဖြစ်ပါတယ်
ဒီမေးခွန်းဟာ အရမ်းလွယ်ပါတယ်။ အဖြေမှန်ဟာ B ဖြစ်ပါတယ်။ လူတိုင်းသိနိုင်တဲ့ မေးခွန်းကို မေးလိုက်တဲ့ ဆရာဟာ ဒီမေးခွန်းကို မမေးခင် လှည့်ကွက်တစ်ခုကို စီစဉ်ပြီးမှ မေးခဲ့တာဖြစ်ပါတယ်။ အဲဒီလှည့်ကွက်ကတော့ အတန်းထဲရှိ ကျောင်းသား တစ်ဦးကလွဲရင် ကျန်အတန်းသားအားလုံးကို မေးခွန်းရဲ့အဖြေကို A ကို ရွေးချယ်ပေးဖို့ ကြိုတင်သင်ကြားထားခဲ့ခြင်း ဖြစ်ပါတယ်..။ ဒါဆို A ကို ရွေးဖို့ အပြောမခံရတဲ့ တစ်ဦးတည်းသော ကျောင်းသားဟာ ဘယ်အဖြေကို ရွေးမယ်လို့ သင် ထင်ပါသလဲ..

ဝမ်းနည်းစရာကောင်းစွာပဲ.. ထိုကျောင်းသားဟာ အဖြေမှန်ကို ဖြေဖို့ကြိုးစားပြီးမှ အများအဖြေကို သာဖြေခဲ့ပါတယ်။

 ဆရာက ဒါဟာ အုပ်စုရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်မယ်လို့ တွေးမိတာမို့ သူ့အမြင် သေချာဖို့အတွက် စာသင်နှစ်တစ်နှစ်အတွင်း တစ်ဦးချင်းစီ (၁၈ကြိမ်) စမ်းသပ်မှန်း မသိအောင် တိတ်တိတ် စမ်းသပ်ခဲ့တယ်။ သူ စမ်းသပ်ခဲ့တာ ကျောင်းသားပေါင်း ၂၃၀ကို ဖြစ်ပါတယ်။

စမ်းသပ်ချက်အရ ၃၆ ရာခိုင်နှုန်းသော ကျောင်းသားတွေဟာ အုပ်စုကဖြေတဲ့အဖြေကိုပဲ တချိန်လုံး ရွေးချယ်ကြတာကို တွေ့ခဲ့ရတယ်။ ဆရာက အဖြေမှန်သိသာအောင် မျဉ်းရဲ့ အရွယ်ကို (အဖြေမှန်နဲ့ အဖြေမှား အရွယ်ကွာအောင် ) အမျိုးမျိုး ပြောင်းဆွဲခဲ့တယ်။ ဒါလည်းပဲ အုပ်စုရဲ့ group pressure က ဆက်ပြီး လွှမ်းမိုးနေတာကို တွေ့ခဲ့တယ်။ (တကယ်တော့ သူတို့ဟာ အဖြေကို သိရဲ့သားနဲ့ အုပ်စုထဲမှာ နေလိုစိတ်ကြောင့် အများစုကို အတိုက်အခံ မငြင်းလိုစိတ်ကြောင့် အဖြေမှားကို မစဉ်းစားပဲ ခေါင်းညိမ့်လိုက်ကြတာလို့ ဆရာ ကောက်ချက်ချလိုက်ရပါတယ်)

ဆရာ့စမ်းသပ်ချက်မှာ ကိုယ့်အမြင်အတိုင်း ဖြေတဲ့သူအနည်းငယ်ကတော့ ဆက်လက်ကျန်သေးတာမို့ သဘောကျစွာ သူတို့ရဲ့အမြင်ကို စောင့်ကြည့်စမ်းသပ်မှုကို ဆက်လက်လုပ်ခဲ့တယ်။

အဲဒါကတော့  ကိုယ့်အမြင်အတိုင်း အဖြေမှန်ကိုဖြေနေတဲ့ ကျောင်းသားကို အဖော်တစ်ယောက် တွဲပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက အဖြေမှန်ကို ဖြေသူနောက်တစ်ယောက် ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ အဖြေမှန်ကို ဖြေနေသူဟာ သူနဲ့ အဖြေတူ ကျောင်းသားရသွားတဲ့အခါ အဖြေမှန်ကိုပဲ အားရတက်ကြွစွာ တင်ပြလာတာကို တွေ့ရတယ်။

သူတို့နှစ်ယောက်ရင်းနှီးသွားပြီ ဆိုတဲ့အခါကျတော့ ဒုတိယအဆင့်အနေနဲ့ အဖော်ကျောင်းသားကို အဖြေမှားကို တမင်ပြောခိုင်းလိုက်တယ်။ ဒီအခါမှာ အဖြေမှန်ကို သာဖြေလေ့ရှိသူကျောင်းသား ဟာ သူ့အဖော်ပြောတဲ့ အဖြေမှားကို လိုက်လံရွေးချယ်လာတာကို တွေ့ခဲ့ရတယ်.. (အဖော်မင်တတ်တဲ့ စိတ်ထားလေးကြောင့် အမှန်တရားကို မျက်ကွယ်ပြုမိခြင်းဆိုတာကို ဆရာ လက်ခံလိုက်ရတယ်)

ဆရာဟာ ရလာဒ်တွေကို ကြည့်ပြီး စိတ်မကောင်း ဖြစ်လာခဲ့တာမို့... တကယ်လို့များ အဖော်မရှိတော့ရင် အရင်အတိုင်း ပြန်ဖြေဦးမလားလို့ တွေးမိတာကြောင့် ထပ်မံစမ်းသပ်ခဲ့ပြန်တယ်။ အဖော်ကျောင်းသားကို တခြားအခန်းမှာ အလုပ်တစ်ခုနဲ့ ခိုင်းလိုက်ပြီး အတန်းကို စာဆက်မေးတဲ့အခါ အဖြေမှန်ဖြေသူ ကျောင်းသားဟာ အရင်လို တစ်ဦးတည်းနဲ့ အဖြေမှန်ကို မှန်အောင် မဖြေနိုင်တော့ပဲ အုပ်စုရဲ့ အဖြေ ဒါမှမဟုတ် (သူ့အဖော် ဖြေမယ်ထင်သော) တခြား အဖြေမှားကိုသာ ဖြေတာကို တွေ့ခဲ့ရတယ်။ (အဖော်ရဲ့ စွန့်ပစ်ခြင်းကို မခံစားလို၊ မခံစားနိုင်တဲ့ စိတ်ထားလေးကြောင့် အမှန်တရားကို မျက်ကွယ်ပြုလိုက်ခြင်းဖြစ်လိမ့်မယ်ဆိုတာကို ဆရာ လက်ခံလိုက်ရတယ်)

အဆိုးဆုံးအခြေအနေကတော့ တကယ်လို့များ အဖော်ကျောင်းသားကို တခြားအခန်းကို သွားခိုင်းတာမဟုတ်ပဲ အဖြေမှားအုပ်စုထဲကို ပြန်ဝင်သွားစေပြီး အုပ်စုကအဖြေမှားကို ဖြေပြစေရင်တော့ “စမ်းသပ်စောင့်ကြည့်ခံ ကျောင်းသား”ဟာ အုပ်စုထဲက အဖြေမှားကိုသာ မျက်စိမှိတ်ဖြေဖို့ ရာခိုင်နှုန်းဟာ ၉၅ % အထိ ဖြစ်သွားခဲ့ပါတယ်.. ((..'))

Solomon E. Asch's experiment ကို ဖတ်ပြီး ကျွန်မသာ စမ်းသပ်စောင့်ကြည့်ခံ ကျောင်းသားဖြစ်ခဲ့ရင် ဘယ်လိုကျောင်းသားဖြစ်မှာလဲလို့ ကျွန်မကိုယ်ကျွန်မ ပြန်ဆန်းစစ်မိတယ်။ သေချာပါတယ် အကြိမ် ၁၀၀မှာ ၉၅ကြိမ်လောက် မှားတဲ့ဘက်မှာ ကျွန်မပါနေမှာပါ။

တကယ်ဆို အခုအသက်အရွယ်နဲ့ ကျွန်မမှာ အတွေ့အကြုံတွေ၊ ထိုက်သင့်တဲ့ အသိပညာတွေနဲ့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ရှိပေမယ့် များသောအားဖြင့် ကိုယ့်အမြင်ကို လွတ်လပ်စွာ ပေးမမြင်ဖြစ်ခဲ့ပါဘူး။ ကိုယ့်ရှေ့က မြင်နေရ၊ ကြားနေရတဲ့ အရာတွေထဲမှာ တခါတခါ အဖြေမှန် မဟုတ်တာတွေပါနေတဲ့အခါ အဖြေမှန် မဟုတ်ဘူးလို့ သိနေပေမယ့် အဖြေမှန်ကို ထုတ်မပြောဖြစ်ဘူး။ မမှန်ဘူးလို့ သံသယရှိနေတဲ့အရာတွေကို မှန်တဲ့အဖြေရတဲ့အထိ အချိန်ယူ မရှာမိပဲ အများ သတ်မှတ်ထားသလိုပဲ အလွယ်လက်ခံ သဘောတူပစ်လိုက်တယ်။ ဒါကိုဒီလိုနည်းနဲ့ ဖြေရှင်းရမယ်လို့ သိထားတာကို ဟိုလိုနည်းနဲ့ ပြောင်းလဲ အဖြေမရှာမိဘူး။

တကယ်တော့. အကြောင်းအရာတွေကိုထင်မြင်သုံးသပ်တဲ့အခါတိုင်းမှာ ကျွန်မရဲ့ အတွေးအခေါ်တွေ သဘောထားတွေဟာ ကိုယ့်အထင် ကိုယ့်အမြင်ပါလို့ ပြောဖြစ်ပေမယ့် ၅၀ ရာခိုင်နှုန်းကျော်ကျော်က သူများမြင်သလို၊ သူများတွေးသလို၊ အများသဘောထား.. အများအမြင်.. အများကိုယ်နဲ့ ငါ ဖြစ်နေခဲ့သလိုပဲ။ အမှန်တရားဆိုတာတွေကို ကိုယ့်အမြင်နဲ့ ကိုယ်တိုင်လေ့လာ သိဖို့၊ သိတဲ့အခါ ထုတ်ဖော်ပြောရဲဖို ဆိုတာတွေ အတွက် ငါ ..အများကြီးလိုနေသေးပါလား.လို့ ဒီနေ့ ကျွန်မကိုယ်ကျွန်မ ဝေဖန်နေမိခဲ့ပါတယ်..။

(Solomon E. Asch's experiment)က တဆင့် လသာည..ရဲ့ တွေးတာဖြစ်ပါတယ်။

Thursday, May 31, 2012

ပို့စ်မှားတင်မိလို့...

ချစ်ရတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာပါ။ မတွေ့တာကြာပြီနော်။ အဆင်ပြေနေကောင်းကြရဲ့လား။ လသာညလည်း အလုပ်တွေရှူပ်ပြီး အွန်လိုင်း မ၀င်မိတာကြာပြီ။ 

အခုမနက် သူငယ်ချင်းတစ်ယောက် က "မင်းဘလော့က အဆုံးမရှိ အစမရှိ ရေးထားတာ အဆက်က ဘယ်နားသွားရှာရမလဲ" လို့ မေးမှ သိတာ။ အားလုံးဆောရီးနော် _(^^)_..

ပို့စ်က မမရွှေစင်ဦးရဲ့ ပို့စ်ပါ။ မမရွှေစင်က မှားတင်မိတာပါတဲ့။

အမှန်တကယ် မှားသူက လသာညပါ။ မနေ့က မမရွှေစင်ဦးဆီ အလည်သွားရင်း မေးလ်စစ်တာ ပြန် sign out လုပ်ခဲ့ပေမယ့် မသေချာသွားခဲ့တဲ့အတွက်  မမရွှေစင်က သူ့ g-mailနဲ့ sign in လုပ်ထားတာလို့ ထင်ပြီး သူ့ပိုစ်ကို ဆက်တင်မိသွားတာတဲ့ :D 


အားလုံး ဆောရီးပါနော်.။ တကယ်ဆောရီး..။ မမရွှေစင်ဦးက လသာညဘလော့ကို ဖုံတက်ခါပေးတာ နေမှာပါ။ မမ ကျေးဇူးး))

 ဒီပို့စ်ရဲ့ အစနဲ့ အဆက်များကို ဆက်ဖတ်လိုသူများ မမရွှေစင်ဦးရဲ့ (http://www.shwezinu.com/)မှာ ဆက်လက် ဖတ်ရှူနိုင်ပါတယ်။ 

လသာည



............................................

လကာင်္ရည်ကျော်၏ တိမ်တွေ တောင်တွေနှင့် ခရီးသည် အပိုင်း (၁၂)


အာသာကို ကိုကို တကယ်ပဲ သိနေတာလား။ စာရွက်ကို ဆွဲထုတ်ကြည့်လိုက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ကွန်ပျူတာ စာစီထားသော စာလုံးများ ယူကေက ဖက်စ် ပါလား။ " အာသာ မြန်မာပြည် ခရီးစဉ်မှာ ခင်ဗျားညီမနှင့်အတူ ဖြစ်သည်။ အကြောင်းရင်းကို သေချာစွာ မသိရသေး သော်လည်း မန္တလေး မှ အဘိုး၊ အဘွားများကို စိမ်းဝေနှင့် မိတ်ဆက်ပေးရန် ကြိုးစားဖို့ ဟု ယူဆသည်" စိမ်းဝေ မျက်လုံးများ ပြာဝေသွားသည်။  အဲသည် အချိန်မှာပင် အိမ်အောက် က ကားဟွန်းသံကို ကြားရလေသည်။ ကို ဆက်ဖတ်ရန်.......

ရဲဝင့် (၁၂)

အိမ်အကူ မွန်မကလေးက တံခါး လာဖွင့်သဖြင့် ရဲဝင့် မျက်နှာ အနည်းငယ် အိုသွားသည်။ စိမ်းဝေ ညစာ မစားဘဲ သူ့ကို မျှော်နေလိမ့်မည်ဟု သူ ဘာကြောင့် ထင်မိရသလဲဟု မချင့်မရဲ တွေးမိသည်။
သို့သော် အိမ်ထဲ ၀င်လိုက်တော့ အတွင်း လှေကားမှ ဆင်းလာသော စိမ်းဝေကို တွေ့ရသည်။ စိမ်းဝေက ပြုံး နေသည်။ " စိမ်းဝေ မအိပ်သေးဘူးလား " " စားတောင် မစားရသေးဘူး၊ ကိုကို့ကို စောင့်နေတာ "
ရဲဝင့် နှလုံးသားတစ်စုံ နွေးထွေး သွားသည်။ " စားရောပေါ့ စိမ်းဝေရယ်၊ ညဥ့်နက်နေပြီ " စိမ်းဝေ က နှုတ်ခမ်းစူသည်။


ဆက်ရန်..
.