Showing posts with label လူအမျိုးမျိုး စိတ်အထွေထွေ. Show all posts
Showing posts with label လူအမျိုးမျိုး စိတ်အထွေထွေ. Show all posts

Thursday, April 1, 2010

ဘ၀ဆိုတာ အားကစားပြိုင်ပွဲလား

လောကကြီးမှာ ဘ၀ပြိုင်ပွဲတွေက ရှိနေတယ်။ အောင်မြင်သူ ရှိရင် ရှုံးနိမ်သူလည်း ရှိလာရတယ်..။

ပြိုင်ပွဲအပြီး အနိုင်မှာ သာယာလို့ ဆက်လက်နိုင်ချင်စိတ်နဲ့ ကြိုးစားကြသူတွေရှိတယ်၊
နိုင်နေတဲ့ခံစားမှုကို တခဏသာယာပြီး ဆက်လက်မကြိုးစားကြတော့လို့ ရှုံးနိမ်သွားသူလည်း ရှိတယ်။
တခါရှုံးသွားတာနဲ့ စိတ်ဓါတ်ကျပြီး ထပ်မကြိုးစားတော့ပဲ တသက်လုံး ရှုံးသူအဖြစ်နဲ့ နေသွားတဲ့ သူတွေ ရှိတယ်။
ရှုံးနေလည်း တချိန်ချိန် အနိုင်ရမယ့်အချိန်ကို မျှော်လင့်လို့ ကြိုးစားနေသူလည်း ရှိတယ်။
အနိုင်လိုချင်ပေမယ့် ရှုံးရမှာ ကြောက်လို့ ပြိုင်ပွဲဝင်ပြီး မကြိုးစားပဲ လက်လျော့လိုက်သူတွေလည်း ရှိတယ်။

တခါမှတော့ မနိုင်ဖူးသေးဘူး၊ ရှုံးနေတာတော့ ခဏခဏ၊ ဒါပေမယ့် လက်မလျော့ပဲ ကြိုးစားသူလည်း ရှိတယ်.။
ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုးစားဖို့က ငါ့တာဝန်လို့ တာဝန်အဖြစ်သတ်မှတ်ပြီး ကြိုးစားသူလည်း ရှိတယ်..။
အနိုင်၊ အရှုံးတစ်ခုခု ဆုံးဖြတ်ချိန်တိုင်းမှာ ရင်ခုန်ရတဲ့ ဖီလင်ကို gameစွဲသလို စွဲံပြီး သဘောကျနေလို့ ကြိုးစားနေသူလည်း ရှိသတဲ့..။ ဒါဖြင့် ငါကိုယ်တိုင်ကရော..????

ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုးစားနေသူတိုင်းမှာ သံလိုက်ဓါတ်တစ်ခု ရှိတယ်လို့ စိတ်ပညာက ဆိုပါတယ်။ အတိတ်မှာ ရှုံးရှုံး၊ နိုင်နိုင် လက်ရှိမှာ ကြိုးစားနေသူတိုင်းမှာ ပတ်ဝန်းကျင်ကလူတွေကို ဆွဲဆောင်နိုင်တဲ့ သံလိုက်ဓါတ်ရှိပါတယ်။ အလိုလို ခင်မင်လိုစိတ်၊ အားပေးလိုစိတ်၊ အပေါင်းအသင်းဖြစ်လိုစိတ်ကို ဖြစ်ပေါ်စေတယ်။ မကြိုးစားတော့ဘူးဆိုရင်တော့ အဲဒီ သံလိုက်ဓါတ်က နည်းသွားရမှာကတော့ ပြောစရာ မလိုတော့ဘူးပေါ့။

ကျွန်မက အားကစားကို ဒီလောက်ဝါသနာတော့ မပါပါဘူး။ ဒါပေမယ့် အားကစားတွေကို ကြည့်ဖြစ်တဲ့အခါတိုင်းမှာ အရှုံးအနိုင်ထက် ပြိုင်ပွဲအပြီးထားတဲ့ သူတို့ စိတ်ထားတွေကို လေ့လာရတာကို အရမ်းကို သဘောကျမိပါတယ်။

ဟိုတလောက အိုလံပစ်အားကစားပြိုင်ပွဲတွေကို ကြည့်ဖြစ်ပါတယ်။ ကြည့်ဖြစ်ရတာကလည်း ဂျပန်တီဗွီတွေက အားကစားကို နာရီမခြား လွှင့်နေတာမို့ ကိုယ်က ဖွင့်လိုက်တိုင်း အားကစားသတင်း ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ figure skater တွေကတော့ ငယ်လည်း ငယ်တော့ စိတ်ဝင်တစား ပိုကြည့်ဖြစ်တယ်။ ငယ်ငယ်ချောချော ချန်ပီယမ်လေးနှစ်ဦးဖြစ်တဲ့ Kim Yuna (ကိုရီးယား) နဲ့ Mao Asada (ဂျပန်)တို့ ပြိုင်ပွဲကတော့ တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တီဗွီကလည်း Maoကို ပြိုင်ပွဲမ၀င်ခင် ဘာတွေကျွေးသလဲဆိုတာတောင် သတင်းထဲမှာ ရေးပါတယ်။ Maoကို အသည်းစွဲ ချစ်သူ ဖြစ်တဲ့ သယ်ရင်းလေး KL ဆိုရင် အိုလံပစ် ပြိုင်ပွဲရက်က စာတမ်းတစ်ဖက်နဲ့ တီဗွီသတင်းတဖက် တော်တော် ဗျာများနေခဲ့လောက်တယ် :D

ဒါပေမယ့် ကင်မ်ယုနက ပထမ၊ မအို အာဆဒက ဒုတိယနဲ့ ပွဲသိမ်းသွားတယ်။
photo from here(L-R) Mao Asada of Japan, Kim Yu-Na of South Korea

သူ့တို့ နှစ်ယောက်လုံး လိုချင်တာက ရွှေတံဆိပ်ဆိုတော့ ဆုရသူ Kim ကပျော်လို့ မျက်ရည်တွေကျနေချိန်၊ ရွှေတံဆိပ်နဲ့ လွဲသူ Maoကလည်း ရှုံးလို့ မျက်ရည်တွေကျတယ်။ ဒါပေမယ့် ချစ်စရာ ကောင်းတာက ပြိုင်ပွဲအပြီး သူတို့ ပြောတဲ့ ခံယူချက်လေးတွေပါပဲ..။ ၁၉နှစ်အရွယ်ထားတဲ့သူတို့ စိတ်ထားတွေကို ကိုယ် အဲဒီအသက်အရွယ်တုန်းက ထားနိုင်ပါ့မလားလို့ တွေးမိပြီး အဲဒီစိတ်ဓါတ်လေးတွေကို တကယ်ပဲ နှစ်သက်မိခဲ့ပါတယ်။

ရွှေတံဆိပ် ဆုယူအပြီးမှာ Kim က ဒီလိုပြောပါတယ်။ “ဒီနှစ်စံချိန်သစ်တင်နိုင်တာ ကျွန်မမှာ ပြိုင်ဖက်ကောင်းတစ်ယောက် ရှိနေလို့ပါ။ ပြိုင်ဖက်ကို နိုင်ဖို့ ကျွန်မ အများကြီး ကြိုးစားရင်း စံချိန်သစ်ကို ရခဲ့ရပါတယ်”။ ငွေတံဆိပ်ရတဲ့ Maoက လည်း ဒီလို ပြောပါတယ်။ “ဒီနှစ် သူ့ကို မနိုင်ပေမယ့် နောက်အိုလံပစ်မှာ ဘယ်လိုပြိုင်ရမလဲဆိုတာကို ကျွန်မသိလိုက်ပါပြီ။ ကိုယ့်ရဲ့အားနည်းတဲ့ အကွက်တွေနဲ့ သူ့ရဲ့ အားသာတဲ့ အကွက်တွေကို ကျွန်မမြင်ခွင့်ရလိုက်တာ ကျွန်မအတွက် အမြတ်ပါပဲ။”တဲ့..။

တကယ်ပါ.. ပြီးခဲ့တဲ့အပတ်က လုပ်တဲ့ အီတလီနိုင်ငံက World Championships ပွဲမှာတော့ Mao က Kim ထက် ၇မှတ်အသာနဲ့ ရွှေတံဆိပ်ဆုကို ရသွားပါတယ်။ သတင်းမှာ ဒီလိုဖော်ပြထားတယ်။

“This year's world championships showed how difficult it is to stay at the top of the sport. Without rigorous, continuous training and a strong mentality, even a gold medalist can come up short.”

ဆုနဲ့ လွဲသွားတဲ့ Kim က သူမဘက်က ဒီပွဲစဉ်မှာ လေ့ကျင်မှုတွေ နည်းသွားရတာကြောင့်ဖြစ်ပါတယ်လို့ ၀န်ခံလိုက်ပြီး ကျွန်မ စိတ်ဓါတ်မကျပါဘူး၊ အခုကစလို့ အရင်ထက် ပိုကြိုးစားသွားမှာပါ.. လို့ ပြောသွားပါတယ်။ ( ဟုတ်တယ် Kim၊ တောင့်ထား ဆက်ကြိုးစား !!!)Photo: Kim Yu-na (left) and Mao Asada at the medals ceremony of the 2010 World Figure Skating Championships in Turin, Italy on Sunday /Reuters-Newsis

Maoကတော့ “ကျွန်မလိုချင်တာကို ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ လက်ရှိပြိုင်ပွဲရလာဒ်ကနေ နားလည်သွားတာကတော့ ရှုံးလို့ စိတ်ဓါတ်ကျမနေပဲ ဆက်လက်ကြိုးစားနေသူတိုင်းမှာ နိုင်အောင် ကြိုးစားနိုင်ခွင့် ရှိသေးတယ်ဆိုတာကို ပါ။ အခုလည်း နိုင်လို့ အရမ်းတော့ မတင်းတိမ်ရဲသေးပါဘူး။ ကျွန်မ ကြိုးစားနေသလို kim နဲ့တကွ ကျန်ပြိုင်ဖက်အားလုံး ကြိုးစားနေမယ်ဆိုတာ ကျွန်မသိထားပါတယ်။ ဘယ်သူ့ကိုမှ အထင်မသေးသလို ကျွန်မကိုယ်ကျွန်မလည်း အထင်မသေးဖြစ်ဖို့ ကျွန်မ ခံယူထားပါတယ်။ (အိုး.. အရမ်းကို ကောင်းတဲ့ စိတ်ထားလေးပါ Mao။ မင်းစိတ်ထားကို ငါလည်း အတုယူရမယ်။း)

ကဲ.. တို့လည်း ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘာတွေပဲ ဖြစ်ဖြစ် ကြိုးစားကြပါစို့........

Reference: http://english.chosun.com/ (KLရေ.. ရေးလိုက်ပြီ၊ ဖတ်ပြီး ဒီလောက်ဆို ကျေနပ်.တယ်ဟုတ်?..နော်.။ )

Tuesday, March 9, 2010

ဘဲဥပြုတ် မရောင်းတော့ပါ..

လောကကြီးက အဆင့်သင့် စားသုံးရတာ လွယ်သလောက် ဖန်တီးရတာ ခက်တယ်။ ခက်တယ်ဆိုတာမှာ ဖန်တီးတဲ့ ပညာရပ်အပြင်၊ တခြားအရာတွေလည်း ရှိတယ်။ ဥပမာပြောပြမယ်.. ရပ်ကွက်ထဲက ကိုမောင်အေး ဘဲဥပြုတ်ရောင်းတာကို ကြည့်...

ရုံးဝန်ထမ်း ကိုမောင်အေး.. က ဘဲဥပြုတ် အရမ်းကြိုက်သူ...။ ဒါကြောင့် အများက သူ့ကို ကိုဘဲဥလို့တောင် ပြောင်ခေါ်ကြတယ်။ သူက ဘဲဥပြုတ်ကို သူကိုယ်တိုင် စားရုံတင်မကဘူး၊ သူများတွေကိုပါ စားဖို့ တိုက်တွန်းတယ်။ တနေ့တနေ့ ဘဲဥပြုတ်ရဲ့ အာနိသင်ကို စာချဲ့မပြီးနိုင်တဲ့သူ့ကို နားညီးလာတဲ့ မိတ်ဆွေတွေက ဆိုင်ဖွင့်ရောင်းဖို့ ပြောကြတယ်။ မိတ်ဆွေတွေ့ နောက်ပြောင်ပြောတာ ဖြစ်ပေမယ့် ကိုမောင်အေး တကယ်ပဲ ဘဲဥပြုတ် ရောင်းဖြစ်သွားတယ်..။


ရပ်ကွက်ရဲ့ ညနေဈေးလေးက ဟင်းဆိုင်တန်းလေးမှာ ကိုမောင်အေး ဘဲဥပြုတ် အရောင်းဆိုင် ဖွင့်ပါတယ်။ သူ့ဆိုင်နားမှာက အသုပ်စုံသည် နဲ့ ကြက်သားဟင်းသည် ရှိတယ်။ ဈေးမရောင်းဖူးတော့ စရောင်းရောင်းချင်း နည်းနည်းရှက်ပေမယ့် သူပြောချင်တဲ့ ဘဲဥပြုတ်ရဲ့ အာနိသင်ကို ပြောရလို့ သူသဘောတွေကျခဲ့တယ်..။ မိတ်ဆွေတစ်ယောက်ပေးတဲ့ လော်စပီကာ အသေးလေးနဲ့ သူက ဒီလို အော်ရောင်းတယ်။

“ဘဲဥ.. ဘဲဥ..ဘဲဥ...။ စားကြည့် အားရှိ..။ အများသိစေဖို့ ဘဲဥအာနိသင်.. ဒီလိုတဲ့ဗျ..ဘဲဥသည် အားကို ဖြစ်စေ၏ ...အကျယ်မပြောဘူး၊ အကျယ်မပြောဘူး...။ လော်နဲ့ အော်လို့ ကျယ်နေတာ.။ ကဲ ..၀ယ်စားသွား....ပါ..။ နောက်ကျမှ နောက်ကျပြီမပြောနဲ့..။”

သူဘယ်လောက်အော်အော်.. ရောင်းရတဲ့ သူ့ဘဲဥက တနေ့မှာ ၁၀လုံးတောင် မပြည့်ချင်..။ ကိုမောင်အေး စိတ်ဓါတ်ကျသလိုဖြစ်ပေမယ် လွယ်လွယ်နဲ့ ဇွဲမလျော့ချင်ပါ..။ ဒါကြောင့် အရောင်းသွက်ဖို့ နည်းလိုတာဖြစ်ရမယ်လို့ တွေးမိတာမို့ ဘေးပတ်ဝန်းကျင်က ဆိုင်တွေက ဘယ်လိုရောင်းလဲဆိုတာကို လေ့လာကြည့်လိုက်တယ်။ အသုပ်စုံသည်က အသုပ်စုံတစ်ခုတည်းနဲ့ကို ချဉ်စပ်သုတ်၊ အချိုသုတ်၊ အစပ်သုတ်၊ သတ်သတ်လွတ်သုတ် စသည်ဖြင့် နာမည်မျိုးစုံနဲ့ ရောင်းလို့ လက်မလည်သလို၊ ကြက်သားဟင်းသည်မှာလည်း... ဆီပြန်အချိုချက်၊ ကာလသားချက်၊ ပြုတ်ကြော်ချက်၊ ကြက်သားလုံးကြော်၊ ကြက်သားကြာဆံချက်၊ ကြက်သားစွပ်ပြုတ်.. စသည်ဖြင့် ဟင်းမျိုးကို စုံလို့.. ..။သူကတော့ ဘဲဥပြုတ်တစ်မျိုးတည်း...

နောက်တော့ သူလည်း အကြံကောင်းရသွားပြီး ဘဲဥကို ဆားရေနွေးစိမ်ဘဲဥ၊ မကျက်တကျက်ပြုတ် ဘဲဥ၊ အကျက်ပြုတ် ဘဲဥဆိုပြီး လုပ်ရောင်းပါတယ်။ ဒီတော့ အရင်ထက်စာရင် နည်းနည်းပိုရောင်းရလာတယ်ပေါ့..။ မိတ်ဆွေတွေက သူ့ကို အကြံတစ်ခုပေးတယ် “လာဝယ်သူကို ဘယ်လို အရသာပိုကြိုက်သလဲ မေးပြီး လိုတာကို ပြင်ပေးလေ”တဲ့..။ ဒါနဲ့ သူက မေးတယ်..။

ဒီတော့ မိတ်ဆွေတစ်ယောက်က ”ခင်ဗျားဘဲဥ မကျက်တကျက်ပြုတ်က half မဟုတ်ပဲ အရည်ကြီးပဲ ရှိသေးတယ်”တဲ့။ ဒါနဲ့ ကိုမောင်အေးက နောက်တနေ့ ပြင်ပြုတ်ပေးလိုက်တယ်။ သူက ကျေနပ်သွားပေမယ့် အခြားတစ်ယောက်က ပြောလာတယ် “ခင်ဗျားဘဲဥ မကျက်တကျက်ပြုတ်က အကျက်ပြုတ်ကြီးဖြစ်နေပြီ ”တဲ့.။ ဒါနဲ့ “ဟုတ်ကဲ့.. ကျွန်တော် သတိထားပြုတ်ပါမယ့်.”လို့ ကိုမောင်အေး ပြန်ကတိပေးလိုက်တယ်..။

ဒီလိုနဲ့ ကိုမောင်အေးတစ်ယောက် ဘဲဥပြုတ်တဲ့ အလုပ်ကို ဂရုတစိုက် သေချာပြုတ်လိုက်တာ ဘဲဥပြုတ် ဟင်းအမယ်တောင် များလာတယ်။ ဘဲဥပြုတ် (ဆားရေနွေး သုံးမိနစ်စိမ်)၊ ဘဲဥပြုတ် (ဆားရေနွေး ၄မိနစ်စိမ်)၊ ဘဲဥမကျက်တကျက်ပြုတ် (1/4) ၊ဘဲဥမကျက်တကျက်ပြုတ် (1/2)၊ ဘဲဥအကျက်ပြုတ် (၅ မိနစ်)၊ ဘဲဥအကျက်ပြုတ် (၈ မိနစ်)တဲ့...။ အခုဆို ဘဲဥတစ်လုံးချင်းကို အသေအချာတွက်ချက်ပြုတ်နေရတဲ့ ကိုမောင်အေး ခမြာ ကြက်သားဟင်းသည်ထက်တောင် အလုပ်ရှုပ်ပါသေးတယ်.။

နောက်ရက်ကျတော့.. စားသောက်ဆိုင်တစ်ဆိုင်က စားပွဲထိုးကောင်လေးတစ်ဦးက သူကို စာအုပ်တစ်အုပ်လာရောင်းတယ်။ “ ဦး.. ဘဲဥကို ဒီအတိုင်းပြုတ်ရောင်းတာထက် ဘဲဥအခွံခွာပြီး အလှဆင်ပြီး ရောင်းပါလား၊ ပိုရောင်းရမှာ သေချာတယ်။ ဒီစာအုပ်ထဲမှာ လုပ်နည်းပါတယ်”တဲ့.. “ဟေ..”ကိုမောင်အေး အံ့သြသွားတယ်။ ကောင်လေး ပြောတဲ့အတိုင်း သူကလည်း စာအုပ်ကို အသေအချာဖတ်ပြီး ဘဲဥကို အခွံခွာပြီး အသားဖြူဖြူကို ကပ်ကျေးသေးသေးလေးနဲ့ အရာပေးကိုက်ထုတ်ပြီး သေချာ အလှဆင်ပါတော့တယ်။ ဌက်ရုပ်၊ ၀က်မျက်နှာရုပ်စသည်ဖြင့်ပေါ့... ။ တော်တော် လက်ဝင်တာပဲ.. အရုပ်မဖြစ်ပဲ ပျက်သွားတဲ့ အရုပ်တွေကို သူ့ပါးစပ်ထဲ ပြစ်ပြစ်ထည့်ရင်း.. ညနက်သန်းခေါင်တိုင်အောင် သူကြိုးစားပြီး ဘဲဥအလှဆင်ပါတော့တယ်။

ဒီလိုနဲ့ ကိုမောင်အေးတစ်ယောက် နေ့ရောညရော ဘဲဥပြုတ်ကမ္ဘာထဲကနေ့ တ၀ဲလည်လည်။ စားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်၊ နေ့လည်း အလုပ်ထဲမှာ ဘဲဥပြုတ်အကြောင်းတွေး၊ ညလည်း ညနက်သန်းခေါင် ဘဲဥပြုတ်လို့ အိပ်ရေးတွေ ပျက်လာခဲ့တယ်။ ညနက်မှအိပ်ဖြစ်လာတဲ့အတွက်၊ အလုပ်မှာ ငိုက်မိလို့ အရာရှိက လှမ်းသတိပေးတာ မကြာခဏ ခံရလာပါတယ်။ အော်.. တတ်နိုင်ဘူးလေ.. ။ ငါက ဘဲဥပြုတ်ရဲ့ အာနိသင်ကို လူတွေကို ပေးချင်တာကိုးးးး။

တစ်နေ့တော့ လူတစ်ယောက်က သူ့ဆီရောက်လာတယ်။ “ဒီမှာကိုမောင်အေး.. ခင်ဗျား ဘာလို အခုလို ဘဲဥပြုတ်ရောင်းနေတာလဲ။ ဘဲဥပြုတ်အလှဆင်ရောင်းတာကို ပြောတာဗျ.။ အဲဒါ ဟိုဘက်လမ်းမှာ လူတစ်ယောက်က အရင် လုပ်ရောင်းနေတာ။ ခင်ဗျား အခုလို လိုက်လုပ်တော့၊ မကောင်းဘူးပေါ့ဗျာ တဲ့.. ။ ကိုမောင်အေးက ကြားကြားချင်း အံသြသွားတယ်.. ။ သူများနဲ့ နှိုင်းယှဉ်သွားသူက တကယ့်ကိုယ့်မိတ်ဆွေ အရင်းခေါက်ခေါက်။ ဘယ်လိုလုပ်တူမလဲ သူကသူပဲ၊ ကိုယ်က ကိုယ်ပဲ။ သူ့အရသာကို ကြိုက်သူက သူ့ဆီသွားမှာပေါ့..။ ကိုယ်က ကိုယ့်ဘာသာကို လေ့လာပြီး လုပ်ရတာ၊ သူလုပ်တာ လိုက်လုပ်တာလည်း မဟုတ်ဘူး..လို့ ခပ်တည်တည် မျက်နှာထားနဲ့ ဆက်ရောင်းနေခဲ့တယ်..။

သို့သော် ဒီနောက်လည်း ကိုမောင်အေးရဲ့ မိတ်ဆွေတစ်ယောက်က လာပြောပြန်တယ်။ “တကယ်က ဟိုလူက ဘဲဥကို နှစ်ပေါင်းများစွာ ပြုတ်ရောင်းလာတာမို့ သူပြုတ်တာက ပိုကောင်းတယ်ဗျ။ ခင်ဗျားကိုအားနာလို့ မပြောတာ။ တကယ်ဆို ခင်ဗျားကို ခင်လို့သာ လာအားပေးနေရတာ။ ”

ဒီစကားအကြားမှာတော့ ကိုမောင်အေး တော်တော်လေး ၀မ်းနည်းသွားတယ်။ ရုတ်တရက် ပြောစရာ စကားလုံးရှာမရဘူး။ နောက်တော့ ချက်ချင်းပဲ မျက်နှာကို ပြင်လိုက်ပြီး ထိုမိတ်ဆွေကို ပြုံးပြလိုက်တယ်။

“အေးဗျာ.. ခင်ဗျားလို မိတ်ဆွေကိုယ်တိုင်က ဖွင့်ပြောလာတယ်ဆိုတော့ ကျွန်တော်လည်း အမြင်မှန်ရသင့်တာပေါ့ဗျာ..။ အခုလို အကြံပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်”

ပြီးတော့ သူက ဈေးတန်းလေးတစ်ခုလုံး ကြားအောင် သူ့လော်စပီကာသေးသေးလေးနဲ့ အော်လိုက်တယ်။

“ကျွန်တော် ကိုမောင်အေး.. ဒီနေ့မှ စပြီး ဘဲဥပြုတ် မရောင်းတော့ပါ..။ တကယ်တော့ ဘဲဥပြုတ်ဆိုတာ ၀ယ်စားရတဲ့ အရသာကောင်းသလောက် ပြုတ်ရောင်းရတဲ့ အရသာ မကောင်းဘူးဗျ။ အော်..ဘဲဥပြုတ်.. ဘဲဥပြုတ်..ဘဲဥပြုတ်...။ ကဲ ..၀ယ်သာစားကြဗျာ....။”

ထိုနေ့မှ စ၍ ကိုမောင်အေး ဘဲဥပြုတ်မရောင်းတော့ပါ....

Friday, February 5, 2010

မီဒီယာကြောင့် ကျဆုံးခြင်းလား

မွန်ဂိုလူမျိုး ဆူမို နပန်းသမား အာစရှောယူဟာ မနေ့က ဆူမိုလောက ကနေ အနားယူလိုက်ရပါတယ်။ဒီနေ့ ဂျီတော့မှာ သူငယ်ချင်းတစ်ယောက်က "Without you, sumo is so boring for me" လို့ တင်ထားတာ တွေ့ရတယ်။ ဟုတ်တယ် ကျွန်မလည်း အတူတူပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူရဲ့ ကြိုးစားမှု၊ ခံနိုင်ရည်၊ စတာတွေကို တအားကို သဘောကျနေမိလို့ပါ။

စိတ်မကောင်းစရာပါ။ ဆူမိုလောကက သူ့ထွက်သွားရတဲ့ အကြောင်း ပြောပြရရင်(နည်းနည်း ရှည်မှာမို့ ပျင်းရင်ဆက်မဖတ်နဲ့နော် :) ပြီးခဲ့တဲ့ ဆူမိုပြိုင်ပွဲမှာ ၂၅ ကြိမ်မြောက် ချန်ပီယမ်ဆုကို ရရှိပြီးတော့ ဂုဏ်ယူဝမ်းသာစွာ ပြုံးနေတဲ့ အပြုံးလေး မဆုံးခင်မှာ သတင်း တစ်ခုက ထွက်လာခဲ့တယ်။ ချန်ပီယမ်ဆုအတွက် သူ့ကိုသဘောကျတဲ့ သူ့ပရိတ်သတ်က စားသောက်ဆိုင်မှာ ဂုဏ်ပြုကြတဲ့ပွဲမှာ အာစရှောယူက မူးပြီး ဂျပန်တစ်ယောက်ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တာ ထိုသူက နှာခေါင်းရိုးကျိုးသွားတယ်ဆိုတဲ့ သတင်းပါ။

သတင်းအစတုန်းက ဆိုင်မန်နေဂျာနဲ့ ဖြစ်တယ်လို့ သတင်းစထွက်ခဲ့ပေမယ့် ဆိုင်မန်နေဂျာက အဲဒီသတင်းမဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့သလို အာစရှောယူရဲ့ အဖော်တွေကလည်း မဟုတ်ပါဘူးလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ သတင်းအစအနကို ရတဲ့ ဂျာနယ်တွေ၊ တီဗွီသတင်းစာဆရာတွေက အဲဒါကို အစအနကို အကြောင်းပြုပြီး သတင်းတွေထည့်ပါတယ်။ ဝေဖန်ပါတယ်။ ချန်ပီယမ်တစ်ယောက် လုပ်သင့်တဲ့အလုပ် မဟုတ်ဘူးဆိုပြီး ကြေငြာကြပါတော့တယ်။

ဒါနဲ့ အာစရှောယူက “ကျွန်တော် မလုပ်ပါဘူး။ မန်နေဂျာကလည်း မဟုတ်ဘူး ပြောနေတာကို ဘာကြောင့် ဒီလိုသတင်းထွက်သလဲ”လို့ ပြန်ချေပါတယ်။ အဲဒီစကားကို တီဗွီသတင်းထဲမှာ ထုတ်လွှင့်ပါတယ်။ ပြီး မကြာပါဘူး၊ ထိုနေ့ည သတင်းမှာပဲ “လူတစ်ယောက်က ရဲစခန်းတစ်ခုကို လာတိုင်ပါတယ်။ အာစရှောယူက အနိုင်ကျင့်ထိုးသူဟာ မန်နေဂျာမဟုတ်ပါဘူး၊ ကျွန်တော့်ကိုပါ။ ကျွန်တော် နှာခေါင်းရိုးကျိုးသွားလို့ ဆေးရုံမှာ ရ-ရက်လောက်နေရမှာပါ။ အာစရှောယူကို အရေးယူပေးပါ လို့ ပြောသွားပါတယ်” လို့ အစဟိ သတင်းစာက စကြေငြာပါတော့တယ်။

ဒီမှာတင် တီဗွီသတင်းစာ၊ ဂျာနယ်အားလုံးက “ဒီလို အနိုင်ကျင့်တတ်သူ၊ ဆူမိုတို့ထားအပ်တဲ့ အကျင့်သိက္ခာမရှိသူ အစရှောယူ”ကို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်၊ ထုတ်သင့်တယ် စသည်ဖြင့် ရေးသားပါတော့တယ်။ သူတို့အားလုံးက ဒီလိုပြောနေပေမယ့် လာတိုင်သူဟာ ဘယ်သူ၊ ဘယ်ဝါ ဖြစ်ပြီး ဘယ်လိုဘယ်ပုံ ဖြစ်တယ်ဆိုတာတွေက ပြသတာမရှိခဲ့ပါဘူးတဲ့။ အမြဲတမ်း တစ်ခုခုဆို အသေးစိတ် တင်တတ်တဲ့ ဂျပန်မီဒီယာတွေဟာ အခုတစ်ခါ ဘာကြောင့်များ အခုလို မတင်ပြတာလဲလို့ အာစရှောယူရဲ့ ပရိတ်သတ်တွေ သံသယဖြစ်နေချိန်မှာပဲ.. အာစရှောယူကို ဆူမိုအဖွဲချူပ်က တရားဝင် ခေါ်ဆွေးနွေးဖို့ ဖြစ်လာခဲ့တယ်။

တိုက်ဆိုင်ချင်တော့ ဆူမိုအဖွဲချူပ်ကလည်း လူကြီးအပြောင်းအလဲ ဖြစ်တယ်။ အရွေးခံရတဲ့ လူကြီးအသစ်က “ဆူမိုလောကကို မတရားမှုမရှိအောင် သန့်စင်သွားမယ်”လို့ ကြိမ်းဝါးတက်လာသူပါ။ လူကြီးဖြစ်ပြီး နောက်၂ ရက်အကြာမှာ (ခုံရုံးဖွဲ့ပြီး )အစည်းအဝေးလုပ်လို့ အာစရှောယူကို ခေါ်ယူစစ်ဆေးပါတော့တယ်။ သတင်းသမားတွေကလည်း တန်းစီလို့..။ သူက ကျွန်တော်မလုပ်ဘူးဆိုတဲ့ စကားတစ်ခွန်းကလွဲလို့ မပြောခဲ့ပါဘူး..။

ဒါပေမယ့် စည်းဝေးပွဲမှာ “.. အခုမလုပ်ဖူးမငြင်းနဲ့ အရင်ကလည်း ဒီလိုပဲ ပြဿနာတွေရှာခဲ့တယ်၊ မင်းဟာ ဆူမိုလောကကို နာမည်ဖျက်သူပဲ” ဆိုပြီး (ခုံရုံးအဖွဲ့ဝင်)ဆူမိုလူကြီးအများစုက တင်လိုက်တာ အာစရှောယူက ရှာခဲ့တဲ့ ပြဿနာပေါင်းက ၁၀၀ကျော်တဲ့။ အဲဒီနောက်တော့ စည်းဝေးပွဲကို ခဏ breakပေးပြီး လူဆိုး အာစရှောယူကို ပြစ်ဒဏ်ပေးဖို့ ဆူမိုလူကြီးတွေ ဆက်လက် စည်းဝေးကြတယ်လို့ ဆိုပါတယ်။ နောက်တကြိမ် စည်းဝေးပွဲပြန်စတော့ အာစရှောယူကပဲ “ကျွန်တော်.ဆူမိုလောကကနေ အနားယူပါတော့မယ်။ ကျွန်တော့်ကြောင့် ဖြစ်ခဲ့ရတဲ့ ပြဿနာအားလုံးအတွက် ကျွန်တော် တောင်းပန်ပါတယ်”လို့ ပြောလိုက်ပါတော့တယ်။

ဖြစ်ရလေ... ဆူမိုသူရဲကောင်းရယ်.. အများနဲ့ တစ်ယောက်ပွဲမှာ မင်းအရှုံးပေးလိုက်ပြီလား....

သတင်းကြားကြားချင်း သူ့ကို ချစ်တဲ့ ပရိတ်သတ်က ငိုပါတော့တယ်။ အဲဒီနေ့ စည်းဝေးပွဲ ခန်းမထဲက အထွက်မှာ သတင်းစာသမားတွေနဲ့ တွေ့တော့ သူမျက်နှာ ဟာ မထင်ရလောက်အောင် တည်ငြိမ်နေခဲ့တယ်။ အေးအေးဆေးဆေးပဲ ဒီလို ဖြေခဲ့တယ်။

Q: ဘယ်အချိန်ထဲက ဆူမိုကို နှုတ်ထွက်ဖို့ စဉ်းစားသလဲ? (မေးခွန်းရဲ့ အဓိပ္ပါယ်က မဖြေတတ်ရင် အပြစ်ထက်ဖြစ်နိုင်သေးတာ တွေ့နိုင်တယ်)

Asashoryu: စည်းဝေးပွဲခန်းထဲမှာ အများရဲ့ အမြင်ကို ကြားပြီးကတဲကပါ။

Q: ခင်ဗျား ဘာတွေ ဖြေခဲ့သလဲ

A: ကျွန်တော် မရိုက်ပါဘူး။ ကျွန်တော်က လူမှန်းမသိအောင် မူးနေလို့ မသိဘူးဆိုတဲ့ စွတ်စွဲချက်အတွက် ကျွန်တော် ဘာမှမပြောခဲ့ပါဘူး။ နောက်ပြီး အခု နှုတ်ထွက်ခဲ့တဲ့ ကိစ္စမှာ “ကျွန်တော်က ထိုလူကို ရိုက်လို့ မရိုက်လို့ ဆိုတာထက် “ကျွန်တော် က အများကို ဒုက္ခပေးခဲ့တဲ့၊ အများကို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေ”အတွက် တောင်းပန်စကားကို ပဲ ပြောခဲ့ပါတယ်။ ဖြစ်ရပ်များစွာကို လူကြီးတွေကပဲ တင်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီလောက် ဖြစ်ရပ်တွေအတွက် ချန်ပီယမ် တစ်ယောက်အနေနဲ့ ကျွန်တော် တာဝန်ယူသင့်တယ် မဟုတ်လား

Q: ဒီနေ့ ဆူမိုလောကကို နားမယ်လို့ ကြိုတွေးမိထားသလား?

A: မတွေးထားမိပါဘူး။ ဒါပေမယ့် အစည်းအဝေးပွဲ ခဏနားချိန် ကျွန်တော် အလွန်ပဲ စိတ်ထိခိုက်နေတာတော့ ဖြစ်သွားပါတယ်။ ဒီအစည်းအဝေးပွဲ ပြန်စရင် နောက်ထပ် ဘာတွေကြားရပြီး ဘာတွေ ပြောကြဦးမလဲ၊ ဘာတွေ ဆုံးဖြတ်ကြဦးမလဲလို့ စိတ်ချောက်ခြားခဲ့ရပါတယ်။ တကယ်တော့ တကယ့်ဖြစ်ရပ်နဲ့ သတင်းလောကဖြစ်ရပ်တွေကြားက ကွာခြားမှုတွေရှိနေတာ သေချာသလောက်ဖြစ်နေတယ်လေ..။ ဒီတော့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် နှုတ်ထွက်လိုက်တာ အားလုံးအတွက် အကောင်းဆုံးပဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒီလိုနေ့ဟာတချိန်ချိန် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် တွေးခဲ့ပြီးသားပါ။

Q: တကယ့်ဖြစ်ရပ်နဲ့ သတင်းလောကဖြစ်ရပ်တွေကြားက ကွာခြားမှုဆိုတာ ဘာပါလဲ?

A: ကျွန်တော် အနေနဲ့ ပြောဖို့ ခက်ပါတယ်..။

Q: အခုလို ဆုံးဖြတ်ချက်ချပြီးနောက် ခင်ဗျားဘယ်လို ခံစားရပါသလဲ?

A: ဒီလိုနေ့ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တွေးထားပေမယ့် ဒီလိုနည်းနဲ့ ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ချတဲ့ ဆုံးဖြတ်ချက်အတွက် ကျွန်တော် တာဝန်ယူပါတယ်။

Q: ခင်ဗျားဆုံးဖြတ်ချက်ကို ခင်ဗျား ကျေနပ်ပါသလား?

A: အမှန်အတိုင်း ပြောရရင် ကျွန်တော့်မှာ စိတ်ထိခိုက်မှုတွေ များလှပါပြီ။ အဲဒီလိုဘ၀က ခဏအနား ယူချင်နေပါပြီ။.

Q: နပန်းသမားတစ်ယောက်အနေနဲ့ ခင်ဗျားလုပ်ခဲ့တာတွေကို ခင်ဗျား ဘယ်လိုတွေးပါသလဲ?

A: ကျွန်တော်ကတော့ နပန်းသမားဘ၀ကို နှစ်သက်ပါတယ်။ လူအများကလည်း ကျွန်တော့်ကို နပန်းသမားအဖြစ်မြင်ခဲ့တယ်ဆိုရင် ကျွန်တော်ပျော်မှာပါ။

Q: ခင်ဗျားအတွက် ဆူမိုလောကက ဘယ်လိုအခန်းကဏ္ဍမှာ ရှိပါသလဲ?

A: ကျွန်တော့်ရဲ့ ဆရာ (အုပ်ထိန်းသူ Oyakata) က ဖုန်းဆက်ပြီး ကျွန်တော့်ကို လှမ်းခေါ်လိုက်တဲ့နေ့က စပြီး ဆူမိုလောကကို ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့ကျေးဇူး၊ အများကြီး ရှိပါတယ်။ လမ်းတွေအများကြီး လျှောက်နည်း အသွယ်သွယ်ကို သူသွန်သင်ခဲ့တာပါ။ စည်းဝေးပွဲခန်းမထဲမှာလည်း ကျွန်တော့်ဘေးမှာ သူလာထိုင်ပေးနေသလို တွေးမိရင် ကျွန်တော်တကယ် အားရှိပါတယ်။ (တကယ့်တော့ အဲဒီအချိန်က အာစရှောယူကို သဘောကျသူတွေ မပါဝင်တဲ့ ဆွေးနွေးပွဲကို လုပ်ခဲ့ကြတာပါ. (စကားချပ်)နောက်ပြီး ကျွန်တော်မှာ ကျေးဇူးတင်စရာလူတွေ များပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

တကယ်တော့ ဘ၀ဆိုတာ တကယ်တော့ ရှည်လျားပါတယ်။ ကျွန်တော် အခု အသက် ၂၉ထဲမှာပါ။ ကျွန်တော်ဘ၀အတွက် ကျွန်တော်ကတော့ ဆက်လက်ကြိုးစားနေဦးမှာပါပဲ။ ဘာတွေကြုံဦးမလဲဆိုတာထက် ဘာတွေဖြစ်လာဦးမလဲ ဆိုတာကို ပျော်ပျော်တွေးပြီး ကျွန်တော့်ရဲ့ ဘ၀တစ်ဆစ်ချိုးကို ကျွန်တော်ခွန်အားရှိသ၍ ကြိုးစားသွားမှာပါ။

Q: ဆူမိုဘ၀မှာ ခင်ဗျားရင်ထဲ အကျန်ဆုံးဖြစ်ရပ်ကလေးတစ်ခုလောက်ပြောပြပါ။

A: ကျွန်တော် ကျွန်တော့်မိဘ ၂ပါးလုံး ရှေ့မှာ..(အာစရှောယူဟာ ဒီနေရာမှာ မျက်ရည်ဝဲလို့ ၃၀စက္ကန့်လောက် စကားမပြောနိုင်အောင်ဖြစ်သွားပါတယ်).တဖက်ချန်ပီယမ်ကို အနိုင်ယူပြနိုင်ခဲ့တဲ့နေ့.ကျွန်တော် ပထမဆုံး ချန်ပီယမ်ဖြစ်တဲ့နေ့ ပါ။။ (၂၀၀၄က နာဂိုရာပြိုင်ပွဲစဉ်ပါ)

ကျွန်တော်က ရိုက်ခဲ့တဲ့ ဆိုတဲ့ ဒဏ်ရာရသူကိုရော၊ ကျွန်တော့်ကြောင့် စိတ်ညစ်ခဲ့ရသူအားလုံးကို၊ နောက်ပြီး ကျွန်တော်ကို ချစ်ပြီး ကျွန်တော်ကို အားပေးခဲ့တဲ့ ပရိတ်သတ်အားလုံးက ကျွန်တော့်အတွက် စိတ်ခံစားခဲ့ရတာတွေအားလုံးကို ခွင့်လွှတ်ဖို့ ကျွန်တော် တောင်းပန်ပါတယ်။ အားပေးခဲ့တဲ့ ကျေးဇူးရှင်ဆရာများအားလုံး၊ ကျွန်တော့်ပရိတ်သတ်များအားလုံးကို ကျေးဇူးအမြဲတင်နေမယ်ဆိုတဲ့ အကြောင်းလည်း လှိုက်လှိုက်လှဲလှဲ ကျွန်တော်ပြောပြချင်ပါတယ်။

..အားလုံးကို... ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ”

ဒါကတော့ အာစရှောယူနဲ့ သတင်းစာဆရာတို့ရဲ့ အင်တာဗျူးပါ။ တီဗွီသတင်းကို နားထောင်ပြီး ပြန်လည်ပြောပြတာဖြစ်ပြီး သတင်းဖတ်လိုသူများ ဒီနေရာလေး အင်္ဂလိပ်လို ရှိပါတယ်။


Sumo grand champion Asashoryu

"I will retire," he told reporters. "So many things have happened. I have caused a lot of trouble but I have no regrets about my sumo." Photograph: Toru Hanai/Reuters

နောက်သတင်းတစ်ခုမှာလည်း အာစရှောယူဟာ သတင်းသမားများ၊ လူမျိုးစွဲဂျပန်များရဲ့ ဖိအားများကြောင့် မခံနိုင်သည့်အဆုံး နောက်ဆုံးမှာ ထွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မွန်ဂိုနိုင်ငံက သတင်းစာတွေမှာ ဂျပန်က မွန်ဂိုလူမျိုး ဆူမိုနပန်းသမားကို ရက်စက်စွာ အပြစ်ရှာလွန်းတဲ့အတွက် အာစရှောယူ ထွက်ရတယ်ဆိုတာကို များပြားစွာ ဖော်ပြရေးသားကြတယ်။

ဂျပန်နိုင်ငံက သူ့ကို ချစ်တဲ့ ပရိတ်သတ်တွေက ဒီလို ပြောကြတယ်။
“ဘာလို့ အဲလို လုပ်ကြသလဲဗျာ။ သူဟာ တကယ်ဆို အမြဲအတိုက်အခိုက်ခံရတာတောင် စိတ်ဓါတ်ကြံခိုင်စွာ သူ့အလုပ်သူလုပ်ပြီး ကြိုးစားနေသူပါ။ ရက်စက်လွန်းကြတယ်ဗျာ။”

“အဖိုးတန် ဆူမိုတစ်ယောက် ဆုံးရှုံးသွားတာပေါ့ဗျာ။ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ကို ဆူမိုလောကက ဆုံးရှုံးသွားရတာပါ။ စီးပွားရေးအမြင်နဲ့ ကြည့်ရင် သူ့ကြောင့် ဆူမိုလောကအတွက် နေရာအသီးသီးက ကုမ္ပဏီတွေက စပွန်ဆာပေးပြီး ထောက်ပံနေကြတာလေ”

“ဆူမို အဖွဲ့အစည်း ခေါင်းဆောင်တွေက ဆူမိုလူငယ်ကို သင်ပြဖို့ထက် အပြစ်ရှာ၊ ဒဏ်ပေးနေခဲ့တာပါ။ အခုလည်း ချောင်ပိတ်ပြဿနာရှာ၊ သူ့မာနကို ရိုက်ချိုးပြီး အနိုင်ယူတာရော ကောင်းပါသလား။ တကယ်လို့ ဟိုလူဟာ တကယ်ပဲ အာစရှောယူရဲ့ လက်သီးဒဏ်မိခဲ့တယ်ဆိုရင်လည်း အာစရှောယူတစ်ယောက်တည်းရဲ့ အပြစ်လို့ ဘာကြောင့်ဆုံးဖြတ်ရမှာလဲ။ အဲဒီလူလည်း မူးနေမှာပဲ။ ဘာမှမလုပ်ရင် ဘာမှမဖြစ်နိုင်တာ လူတိုင်းစဉ်းစားလို့ ရတာကို။ ပြီးတော့ဗျာ.. သူဟာ တကယ်ဆို စိတ်ဓါတ်တက်စလူရွယ်ပဲ...ဘုန်းကြီးလည်း မဟုတ်ဘူးလေ..”

“အာစရှောယူလို လူဟာ ဒီလမ်းကွေ့နေလည်း ထိုင်စိတ်ညစ်နေမဲ့သူ မဟုတ်ဘူး၊ လမ်းသစ်ရှာမယ့်သူ။ ကျွန်တော်ကတော့ သူဆူမို မလုပ်လည်း ကျွန်တော့် စံ အဖြစ်ထားသူအဖြစ် သူကို သတိရနေမှာပါ”

ဟုတ်တယ်။ ဆူမိုလို့ အသံကြားတိုင်း လူတော်တော်များများက စိတ်ဓါတ်ပြင်းသူ လူကြမ်းကြီး သူ့ကို သတိရနေမှာကတော့ သေချာပါတယ်...

ဒီနေရာမှာလည်း အင်္ဂလန်နိုင်ငံထုတ် သတင်းစာ ရှိတယ်။

Monday, August 24, 2009

ကျွန်မ နိုင်သောသူ

လွန်ခဲ့တဲ သုံးလကျော်ကျော် လောက်တုန်းက ဖြစ်ခဲ့တာပါ။ အလုပ်တွေက စုပုံနေလို့ ခေါင်းမဖော်နိုင်အောင် ရှိနေဆဲမှာ ဖုန်းမြည်လာခဲ့တယ်။
မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းရဲ့ ဖုန်းဖြစ်နေတော့ ကျွန်မလည်း ၀မ်းသာအားရ.ပြန်နှုတ်ဆက်ဖြစ်တယ်။
(အင်း ... ဘယ်စာ၊ ဘယ်ဘာသာရပ်ကကော လွယ်တာရှိလို့လဲ.. ။ ဘာသာရပ်တိုင်း ခက်တယ်ဆိုတာ ပြန်ပြောရင် ကောင်းမလား.... နေပါစေလေ.. သူလည်း သူ့အကြောင်း အဓိက ရင်ဖွင့်ချင်တာ ထင်ပါရဲ့..။)
သူပင်ပန်းကြောင်း၊ သူတော်ကြောင်းကို ငါ့အချိန် ၂နာရီကျော် ပေးပြီး နားထောင်နေရပါလား... အော် သုခ သုခ..
ကျေးဇူးတင်လိုက်တာ သူ့ပရော်ဖက်ဆာကို...။ အခုမှပဲ စိတ်အေးလက်အေး စာလုပ်ရတော့မယ်။ ဒါနဲ့ စာအုပ်ကို စကောက်ကိုင်လိုက်တယ်။

ဒါပေမဲ့ ဖုန်းက ထပ်မြည်လာခဲ့တယ်... အော် ခက်ပြီ.. လာပြန်ပြီ။ ဒီတခါတော့ ပြောကို ပြောပစ်လိုက်မယ်..
အားရပါးရ ပြောချင်တာအားလုံး ပြောချလိုက်ရလို့ “ဟင်း.. မှတ်ထား...” လို့ ကျေနပ်သွားပေမယ့်...
လသာည ဖြစ်ပါတယ်။ ပုံထဲက စာမမြင်ရရင် ပုံပေါ်ကို ကလစ်လိုက်ရင် အကြီးကြီး မြင်ရလိမ့်မယ်။
အခုတလော figure test တစ်ခု လုပ်နေလို့ အရှိန်ပါပြီး ကာတွန်းပုံဆွဲကြည့်တဲ့ သဘောပါ။း) ရယ်ရယ်မောမောပေါ့ ...