Thursday, May 28, 2009

အဖော်

တခါက ကုန်သည်ကြီးတစ်ဦးမှာ ဇနီးလေးယောက်ရှိတယ်။

စတုတ္တမြောက်ဇနီးကို သူက အချစ်ဆုံး။ ဒါကြောင် အစွမ်းကုန် ဂရုစိုက်ပြီး သူမလိုချင်တာမှန်သမျှ အကုန်ဝယ်ပေးသတဲ့။

တတိယမြောက်ဇနီးကိုလည်း သူအရမ်းချစ်တယ်။ သူမကို ပိုင်ဆိုင်ရတဲ့အတွက် သူအရမ်းကျေနပ်တယ်။အများရှေ့ မှာ လက်တွဲသွားရတဲ့အချိန်တိုင်း သူသိပ်ပျော်တယ်။ ဒါပေမဲ့ တနေ့နေ့မှာ အခြားယောက်ျားတွေဆီ သူမ ထွက်သွားမှာလားလို့ အမြဲသောကရောက်မိတယ်။

ဒုတိယဇနီးကိုလည်း သူချစ်တာပဲ။ သူမဟာ ကိုယ်ချင်းစာစိတ် အရမ်းရှိတယ်။ သူ့အပေါ်စိတ်ရှည်သည်းခံသူလည်းဖြစ်တယ်။သူ့ဘ၀မှာ အခက်အခဲ ရှိတိုင်း၊ စိတ်ဆင်းရဲစရာတွေရှိတိုင်း သူ့ဘက်မှာ သူမအမြဲရပ်တည်လို့ သူ့ကိုကူညီပေးလေ့ရှိတယ်။

ပထမဇနီးကတော့ နှစ်ဘက်မိဘကပေးစားတဲ့ တရားဝင်ဘ၀အဖော် မယားကြီးဖြစ်တယ်။ သူ့ရဲ့ စည်းစိမ်ဥစ္စာထိန်းသိမ်းစောင့်ရှောက်ပေးသူ၊ အိမ်ထောင်ကို စီမံခန့်ခွဲသူဖြစ်တယ်။ဒါပေမဲ့ သူမက သူကိုတအားချစ်သလောက် သူကတော့တခါမှမချစ်ခဲ့ဘူး၊ ဂရုစိုက်ဖို့လည်းမကြိုးစားခဲ့ဘူး။

တနေ့မှာ သူနေမကောင်းဖြစ်တယ်။ အခြေအနေကဆိုးဝါးလာခဲ့တော့ သူဟာ မကြာခင်သေရတော့မယ်ဆိုတာ သူကိုယ်သူ ရိပ်မိလာခဲ့တယ်။ ဒါနဲ့ သူဟာ အခုလိုစဉ်းစားတယ်။

ငါဟာ ဇနီးလေးယောက်နဲ့ ချမ်းသာသူကုန်သည်တစ်ယောက်ဖြစ်တယ်။ ဒီလောက် ပျော်စရာကောင်းတဲ့ဘ၀ထဲကနေ ငါတစ်ယောက်တည်း အထီးကျန်စွာ သေရွာကို သွားရတော့မယ်။ ငါ့ဇနီးလေးယောက်ကော ငါနဲ့အတူ လိုက်ပါပြီး တမလွန်ကို လိုက်ပါရင်သိပ်ကောင်းမှာပဲလို့ စိတ်ကူးယဉ်မိတယ်။ ဒါနဲ့ သူ့ရဲ့ဇနီးတွေကိုခေါ်မေးတယ်။

စတုတ္ထဇနီးကိုပြောတယ်။ “မင်းဟာ ငါ့ရဲ့အချစ်ဆုံးဆိုတာ မင်းလည်းသိမှာပါ။ မင်းကို အကောင်းဆုံးဂရုစိုက်ခြင်းတွေနဲ့ ငါဂရုစိုက်ခဲ့ပါတယ်။ အခုငါသေတော့မယ်။ မင်းငါနဲ့အတူ တမလွန်ကို အဖော်လိုက်မလားဟင်။”

စတုတ္ထဇနီးက “အို. အဓိပ္ပာယ်မရှိတာ”လို့ပြောပြီး ဘာစကားမှမဆိုတော့ပဲ တခြားကိုထွက်သွားတော့တယ်။ ကုန်သည်ကြီးဟာ အရမ်းဝမ်းနည်းသွားခဲ့တယ်။

ဒါနဲ့ တတိယ ဇနီးကို ခေါ်မေးတယ်။ “ငါဟာ မင်းကို ငါ့ဘ၀တစ်ခုလုံးနှင့်ရင်းပြီးချစ်ခဲ့တယ်။ အခု ငါသေတော့မယ်။ မင်းငါနဲ့အတူ တမလွန်ကို အဖော်လိုက်မလားဟင်။”

“ မလိုက်နိုင်ဘူး”လို့ တတိယဇနီးက ချက်ချင်းပြန်ပြောတယ်။ ဒီဘ၀မှာ ပျော်လို့တောင်မဆုံးသေးဘူး၊ ရှင်မရှိလည်း ကျွန်မကတော့ နောက်ယောက်ျားယူရလိမ့်မယ်။ ကုန်သည်ကြီးရဲ့နှလုံးသားတွေဟာ ကြေမွသွားသလို ဖြစ်သွားတယ်။

နောက်ထပ် ဒုတိယဇနီးကို ခေါ်မေးတယ်။ မင်းဟာ ငါ့ဘ၀တစ်ခုလုံးမှာ အမြဲတမ်း ကူညီဂရုစိုက်ခဲ့သူဖြစ်တယ်။ မင်းကတော့ ငါသေရင် ငါနဲ့အတူ အဖော်လိုက်မယ်မဟုတ်လားဟင်”လို့ မရဲတရဲ မေးလိုက်တယ်။

ဒုတိယဇနီးကလည်း စိတ်မကောင်းဟန်နဲ့ ခေါင်းခါပြတယ်။ ဒါတော့ ကျွန်မ မကူညီနိုင်ပါဘူး။ ကျွန်မလုပ်ပေးနိုင်တာက ရှင်ကို သုဿန်ကို လိုက်ပို့ပေးဖို့ ဆိုတာပဲ ရှိတယ်။

သူမရဲ့အဖြေဟာ သူ့ရင်ထဲမှာ မိုးကြိုးပစ်သံလို ပြင်းထန်ကျယ်လောင်လွန်းတာမို့ မေ့မျောမတတ်ခံစားသွားတယ်။

ဒီအချိန်မှာ“ကျွန်မက ရှင်ဘယ်သွားသွား ရှင်နဲ့အတူလိုက်ဖို့ အဆင့်သင်ပါပဲ”ဆိုတဲ့ စကားသံတစ်ခုကို ကြားလိုက်ရတယ်။ ဟုတ်ပါတယ်။ပထမဇနီးက ပြောလိုက်တာဖြစ်ပါတယ်။

သူက၀မ်းသာအားရ သူမကို သေချာကြည့်လိုက်မိတယ်။

တကယ်ဆို သူမဟာ စတုတ္ထဇနီးကိုမေးနေကတဲက သူ့ဘေးနားမှာ ရပ်နေခဲ့တာပါ။သူမဟာ ပိန်လှီပြီး အဟာရချို့ တဲ့နေသူတစ်ယောက်လို ဖျော့တော့နေတာကို တွေ့ရတယ်။ သူမကိုကြည့်ပြီး ကုန်သည်ကြီးဟာ အလွန်အမင်း နောင်တရသွားတယ်။ “ငါ မင်းကို ဒီထက်ပိုပြီး ငါတတ်နိုင်သလောက် ဂရုစိုက်သင့်ခဲ့တာပါ။”

ထိုဇနီးလေးယောက်ဟာ ကျွန်မတို့ရဲ့ ဘ၀လေးခုလို့ ပြောရင်လည်းမမှားပါဘူး။

စတုတ္ထဇနီးက ကျွန်မတို့ရဲ့ ခန္တာကိုယ်ပါ။ ခန္တကိုယ်ကြီး လှဖို့ သက်တောင့်သက်သာရှိဖို့ ကျွန်မတို့ တစ်ချိန်လုံး ဂရုစိုက်နေခဲ့တယ်။ ဒါပေမဲ့ တမလွန်ကို တော့ သူမပါနိုင်ဘူးမဟုတ်လား။

တတိယဇနီးကတော့ စည်းစိမ်ချမ်းသာ၊ ဂုဏ်အဆင့်အတန်းတွေပဲ ဖြစ်တယ်။ သေရင် သူတို့က အခြားသူပစ္စည်းအဖြစ်နဲ့ ကျန်ရစ်ကြတာပဲမဟုတ်လား။

ဒုတိယဇနီးက မိသားစုနှင့် မိတ်ဆွေ၊အပေါင်းအသင်းများပဲ ဖြစ်ပါတယ်။ ကိုယ်အသက်ရှင်နေစဉ် ဘယ်လောက်ပဲ တွယ်တာတယ်လို့ပြောပြော ကိုယ်သေရင်သုဿန်ကို လိုက်ပို့ပေးဖို့ လောက်ပဲ သူတို့ တတ်နိုင်တာပါ။

ပုံပြင်ထဲမှ ပထမဇနီးလို ကိုယ်နဲ့အတူထာဝရပါမှာကတော့ စိတ်ဝိညာဉ်လေးသာဖြစ်ပါတယ်။

နေ့စဉ်နှင့်အမျှ ကိုယ်ခန္တာကြီးကိုသာ ချယ်သနေပြီး၊ စည်းစိမ်ချမ်းသာ ဂုဏ်ပကာသန နှင့် သံဃောဇဉ်တွေ နှောင်ဖွဲ့လို့ ရှုပ်ထွေးပွေလီတဲ့ ဘ၀သံသရာထဲမှာ ကျင်လည်နေရင်း ပင်ပန်းနေတဲ့မိမိရဲ့ စိတ်ဝိညည်လေးကို အနားပေးဖို့ တော့ အခါအားလျော်စွာ ကျွန်မတို့ မေ့လျော့နေခဲ့ကြတယ်မဟုတ်လား။

လသာည ဖြစ်ပါသည်။


No comments: