Sunday, May 31, 2009

ကံတရား

ခုနက ၈နာရီသတင်းနားထောင်ပြီး မမြင်နိုင်တဲ့ ကံတရားရဲ့အကြောင်းကို စဉ်းစားမိတယ်။ ဒါနဲ့ ဒီပို့စ်ကို ရေးဖြစ်သွားတယ်။

သတင်း(၃၀၊၅၊၂၀၀၉)က နှစ်ခု။
ပထမတစ်ခုက ဒီနေ့မနက်မနက်၈နာရီကျော်ကျော်က တိုကျို keio line က ဘူတာတစ်ခုမှာ အသက်၅၀ကျော်အမျိုးသမီးတစ်ဦးဟာ သူမရဲ့မိသားစုနှင့်အတူ ရထားစီးစောင့်နေခဲ့တယ်။ ရထားကကျပ်တော့ မိသားစုက ရထားထဲဝင်သွားနိုင်ပေမဲ့ သူက၀င်လို့မရလိုက်တာမို့ နောက်ရထားအလာကို စောင့်ရင်းကျန်ခဲ့တယ်။ ဒီလိုနဲ့ နောက်ရထားအလာမှာ ရထားကအဖွင့် နောက်က အရက်မူးနေတဲ့အသက်၂၀အရွယ်တက္ကသိုလ်ကျောင်းသားတစ်ယောက်က သူ့ကို နောက်ကနေ ဖက်ပြီး တွန်းချလိုက်ပါလေရောတဲ့။ ရထားက စထွက်စမို့ အရှိန်မများခင်ရပ်လိုက်နိုင်ပေမဲ့ သူမမှာတော့ အရိုးကျိုးသွားတဲ့ဒဏ်ရာတွေနဲ့ ဆေးရုံတင်လိုက်ရတယ်။ အခုအထိ သတိမရသေးဘူးတဲ့။ တွန်းချတဲ့လူကတော့ ဘာမှဒဏ်ရာမရလိုက်ဘူး။ သူ့ကို ရဲကဖမ်းသွားပါပြီ။

ပထမရထားကို ရအောင်မစီးနိုင်ခဲ့တာ သူ့ကံတရားလား? သူ့ကိုမစောင့်ပဲ သွားနှင့်လိုက်တဲ့ သူ့မိသားစုတွေကကော မစောင့်မိတဲ့အတွက် သူတို့ကိုယ်သူတို့ အပြစ်တင်နေမလား၊ဘယ်လိုတွေးနေမလဲ၊ သူမ သေများသွားရင် ဘယ်လောက်တောင် ယူကြုံးမရဖြစ်ကြမလဲနော်။

နောက်သတင်းက Niigataမှာ မနေ့က မိုးကြိုးမှန်လို့ လယ်ထဲမှာ လယ်ထွန်နေတဲ့ အမျိုးသားတစ်ဦးဆုံးသွားတယ်။ ဂျပန်မှာတော့ မိုးကြိုးမှန်တာ လူကြီးသူမပြစ်မှားလို့ စတဲ့ အယူအဆမရှိပါဘူး။ မိုးချုန်းချိန် ကွင်းလယ်ခေါင်မှာ ထီးထီးတည်းဖြစ်နေရင် မိုးကြိုးမှန်တတ်တယ်ဆိုတဲ့အတွေးပဲ ရှိကြတယ်။ သူကရော မိုးကြိုးမှန်မှန်းသိရင် အဲဒီနေ့ လယ်ထွန်မှာ မဟုတ်ဘူးပေါ့။ ဘယ်သူ့ကို တရားခံအဖြစ် သွားစွဲလို့ ရမလဲနော်။

အင်း တကယ်ပဲ ကံတရားဟာ မမြင်သာဘူး။ တို့တတွေရော ဘာတွေဖြစ်ဦးမလဲ မသိဘူး။ ဘုရား၊တရား များများလုပ်မှပါ။

လသာည ဖြစ်ပါသည်။
( သူငယ်ချင်း ဒီပို့စ်ကိုဖတ်ပြီး သင်္ကန်းတော့မစည်းသွားနဲ့ဦးနော်။ :D )

Friday, May 29, 2009

မြင်းနာမည်

“ဟိုဟာ လေ...ဘာတဲ့ စလုံးနဲ့ ဆုံးတဲ့ဟာလေကွာ၊ သြော်.သိပြီ. ဟိုဟာ မပု မပု”ဆိုတာမျိုး (:D ဆိုင်လည်းမဆိုင်ဘဲနဲ့နော..) တစ်စုံတစ်ခုကို ပြောခါနီးဆဲဆဲမှာ စကားလုံးက ထွက်မလာဘူးဆိုတာမျိုးဖြစ်ဖူးလား။

အဲဒီလိုမျိုး မှတ်ဥာဏ်က တခဏမှာ ရှုပ်ထွေးနေပြီး သိနေတဲ့စကားလုံးက လည်ချောင်းကနေ မထွက်လာတာမျိုးကို အင်္ဂလိပ်လို the tip of the tongue လို့ခေါ်တယ်။ စိတ်ပညာရှင်တွေကတော့ လွယ်လွယ်ကူကူ TOT လို့ ခေါ်ကြတယ်။

ဒီစကားလုံးဟာ ၁၈၈၅လောက်က ရုရှား စာရေးဆရာ Anton Chekhovရဲ့ "A horsey name"ဆိုတဲ့ ပြဇာတ်မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ စကားလုံးလေးပါ။

ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် တခါက အကြီးအကဲတစ်ယောက်ဟာ သွားနာတယ်။ အိမ်သားအားလုံးက သူ့ကို သွားဆရာဝန်နှင့်သွားနုတ်ပစ်ဖို့ ပြောပေမဲ့ သွားနူတ်ရမှာ ကြောက်လို့ မနုတ်ပဲ သွားနာတာကို အော်ညည်းနေခဲ့တယ်။ ဒီအခါမှာ အီဗင်ဆိုတဲ့ အစေခံကပြောပြတယ်။

“သခင်ကြီး .ဒီနိုင်ငံမှာ နာမည်ကြီး သွားဆရာဝန်ရှိတယ်။ သူဟာ သွားကိုမနူတ်ပဲနဲ့ သွားနာပျောက်အောင် ကုတတ်တယ်။ သူ့ဆီကို သံကြိုးရိုက်ရင် သူကိုယ်တိုင်လာကြည့်ပေးတယ်တဲ့။”

သခင်ကြီးဟာ ပထမငြင်းပေမဲ့ အီဗင်က အကြိမ်များစွာပြောနေတာရော၊ သွားကလည်းအရမ်းနာလာတာမို့ ထိုသွားဆရာဝန်ဆီ သံကြိုးရိုက်ဖို့ သဘောတူလိုက်တယ်။

“မိန်းမရေ သံကြိုးရိုက်။ ဒါနဲ့ သူနာမည်က ဘယ်သူလဲ ပြောလေ။”
“ဟုတ်ကဲ့၊ သခင်ကြီး။ သူ့နာမည်က ဂျက်ကော့ ဟ...အင်း family nameမေ့နေတယ်။ ဟ နဲ့စတဲ့ စကားလုံးမျိုး ။ မြင်းနာမည်လိုမျိုး၊ နေပါဦး..အင်း ဟော့စီ?. ဟောဒါ?..ဒါလည်း မဟုတ်သေးဘူး။ ပါးစပ်ဖျား တင်မေ့နေတယ်။”
အကြီးအကဲက “ဒါဆို ဟောကီ?”

မဟုတ်သေးဘူး သခင်ကြီး။

“ဟိုက်ဒီ?

အဲဒါလည်းမဟုတ်သေးပါဘူး။

ဒါဆို Hackett Bayley!"

မဟုတ်သေးဘူးခင်ဗျ။ အင်း..ဟို.?”

“အိုး..နာလွန်းလို့ သေတော့မယ်။ မြန်မြန်စဉ်းစားပါဟ”လို့ သခင်ကြီးကအော်လိုက်တယ်။

အီဗင်လည်း ခေါင်းကို အုပ်ပြီးစဉ်းစားတာပဲ မထွက်လာဘူး။

Tracey!

Bitter!

"Trotter!

ဒီလိုနဲ့ တအိမ်လုံးရှိရှိသမျှ ကလေးလူကြီးအားလုံး မြင်း နာမည်တွေကို စဉ်းစားပြောကြတယ်။
................
“Hackett!
...............
Horsely--?

အီဗင်ကလည်း ခေါင်းတခါခါနဲ့ ငြင်းတုန်းပဲ။

ဒီလိုနဲ့ မိုးချုပ်လို့ အားလုံးအိပ်ကုန်တဲ့အထိ အီဗင်စဉ်းစားမရလို့ သံကြိုးလည်း မရိုက်ရတော့ဘူး။ အကြီးအကဲဟာ ပါးကိုအုပ်ရင်း ညီးညူရင်း အိပ်လို့ မပျော်ဘူး။ အိပ်မရလို့ အီဗင်ရဲ့တံခါးကို သွားခေါက်ပါသေးတယ်။

အီဗင်က စဉ်းစားတုန်းပါ။
Harness-?

အကြီးအကဲဟာ နာလွန်းလို့ မခံမရပ်နိုင်လာတာကြောင့် နောက်တနေ့ မနက်စောစောမှာပဲ မြို့ ထဲကသွား ဆရာဝန်နဲ့ပဲ သွားနုတ်လိုက်ရတယ်။

အီဗင်က နာမည်ကို စဉ်းစားတုန်းပဲ Dunn--Sadler--Buckle--Coachman--?

သွားဆရာဝန်အပြန်မှာ အီဗင်က ခြံဝကို လုပ်ပို့တော့ ဆရာဝန်ကမေးတယ်။ ကျွန်တော့ မြင်းအတွက် ကောက်ရိုးလေး နည်းနည်းလောက်ရနိုင်မလားခင်ဗျာ၊ သူသိပ်ဆာနေသလားလို့ပါ။

အီဗင်ဟာ တခဏမှာ ကြောင်ငေးသွားရင်း သွားဆရာဝန်ကို ဘာမှပြန်မပြောနိုင်ပဲ အိမ်ထဲကို အလောတကြီးပြေးဝင်သွားရင်း လှမ်းအော်လိုက်တယ်။ “သခင်ကြီး သခင်ကြီး သူနာမည်က ဟေးပါ၊ ဂျက်ကော့ ဟေးပါ။” အခု သံကြိုးရိုက်ပါတော့”

ဒီတော့ အကြီးအကဲက
“တောက် .အီဗင် မင်းက မြင်းနာမည် လာပြောရဲသေးတယ်။ မင်းလည်ပင်းကို တချက်တည်းသေအောင်မညစ်မိခင် အခုချက်ချင်း ငါနဲ့ဝေးရာကို ထွက်သွား”
ဟူသတည်း။ :D

လသာည နားလည်သလို ဘာသာပြန်ပါသည်။

မှတ်ချက်။ ။၁၈၉၀ မှာ ပထမဆုံး စိတ်ပညာရှင် William James က TOT ရဲ့ သဘောသဘာဝကို သူ့ရဲ့စာအုပ်ထဲမှာ ရေးသားဖော်ပြခဲ့တယ်။ အဲဒီကစပြီး TOT ဟာ စိတ်ပညာဝေါဟာရလေး ဖြစ်လာခဲ့ပါတယ်။

Anton Chekhovရဲ့ "A horsey name"ဆိုတဲ့ ပြဇာတ်ကို http://www.ibiblio.org/eldritch/ac/horsey.htmမှာ ကြည့်ရှုနိုင်ပါတယ်။

Thursday, May 28, 2009

အဖော်

တခါက ကုန်သည်ကြီးတစ်ဦးမှာ ဇနီးလေးယောက်ရှိတယ်။

စတုတ္တမြောက်ဇနီးကို သူက အချစ်ဆုံး။ ဒါကြောင် အစွမ်းကုန် ဂရုစိုက်ပြီး သူမလိုချင်တာမှန်သမျှ အကုန်ဝယ်ပေးသတဲ့။

တတိယမြောက်ဇနီးကိုလည်း သူအရမ်းချစ်တယ်။ သူမကို ပိုင်ဆိုင်ရတဲ့အတွက် သူအရမ်းကျေနပ်တယ်။အများရှေ့ မှာ လက်တွဲသွားရတဲ့အချိန်တိုင်း သူသိပ်ပျော်တယ်။ ဒါပေမဲ့ တနေ့နေ့မှာ အခြားယောက်ျားတွေဆီ သူမ ထွက်သွားမှာလားလို့ အမြဲသောကရောက်မိတယ်။

ဒုတိယဇနီးကိုလည်း သူချစ်တာပဲ။ သူမဟာ ကိုယ်ချင်းစာစိတ် အရမ်းရှိတယ်။ သူ့အပေါ်စိတ်ရှည်သည်းခံသူလည်းဖြစ်တယ်။သူ့ဘ၀မှာ အခက်အခဲ ရှိတိုင်း၊ စိတ်ဆင်းရဲစရာတွေရှိတိုင်း သူ့ဘက်မှာ သူမအမြဲရပ်တည်လို့ သူ့ကိုကူညီပေးလေ့ရှိတယ်။

ပထမဇနီးကတော့ နှစ်ဘက်မိဘကပေးစားတဲ့ တရားဝင်ဘ၀အဖော် မယားကြီးဖြစ်တယ်။ သူ့ရဲ့ စည်းစိမ်ဥစ္စာထိန်းသိမ်းစောင့်ရှောက်ပေးသူ၊ အိမ်ထောင်ကို စီမံခန့်ခွဲသူဖြစ်တယ်။ဒါပေမဲ့ သူမက သူကိုတအားချစ်သလောက် သူကတော့တခါမှမချစ်ခဲ့ဘူး၊ ဂရုစိုက်ဖို့လည်းမကြိုးစားခဲ့ဘူး။

တနေ့မှာ သူနေမကောင်းဖြစ်တယ်။ အခြေအနေကဆိုးဝါးလာခဲ့တော့ သူဟာ မကြာခင်သေရတော့မယ်ဆိုတာ သူကိုယ်သူ ရိပ်မိလာခဲ့တယ်။ ဒါနဲ့ သူဟာ အခုလိုစဉ်းစားတယ်။

ငါဟာ ဇနီးလေးယောက်နဲ့ ချမ်းသာသူကုန်သည်တစ်ယောက်ဖြစ်တယ်။ ဒီလောက် ပျော်စရာကောင်းတဲ့ဘ၀ထဲကနေ ငါတစ်ယောက်တည်း အထီးကျန်စွာ သေရွာကို သွားရတော့မယ်။ ငါ့ဇနီးလေးယောက်ကော ငါနဲ့အတူ လိုက်ပါပြီး တမလွန်ကို လိုက်ပါရင်သိပ်ကောင်းမှာပဲလို့ စိတ်ကူးယဉ်မိတယ်။ ဒါနဲ့ သူ့ရဲ့ဇနီးတွေကိုခေါ်မေးတယ်။

စတုတ္ထဇနီးကိုပြောတယ်။ “မင်းဟာ ငါ့ရဲ့အချစ်ဆုံးဆိုတာ မင်းလည်းသိမှာပါ။ မင်းကို အကောင်းဆုံးဂရုစိုက်ခြင်းတွေနဲ့ ငါဂရုစိုက်ခဲ့ပါတယ်။ အခုငါသေတော့မယ်။ မင်းငါနဲ့အတူ တမလွန်ကို အဖော်လိုက်မလားဟင်။”

စတုတ္ထဇနီးက “အို. အဓိပ္ပာယ်မရှိတာ”လို့ပြောပြီး ဘာစကားမှမဆိုတော့ပဲ တခြားကိုထွက်သွားတော့တယ်။ ကုန်သည်ကြီးဟာ အရမ်းဝမ်းနည်းသွားခဲ့တယ်။

ဒါနဲ့ တတိယ ဇနီးကို ခေါ်မေးတယ်။ “ငါဟာ မင်းကို ငါ့ဘ၀တစ်ခုလုံးနှင့်ရင်းပြီးချစ်ခဲ့တယ်။ အခု ငါသေတော့မယ်။ မင်းငါနဲ့အတူ တမလွန်ကို အဖော်လိုက်မလားဟင်။”

“ မလိုက်နိုင်ဘူး”လို့ တတိယဇနီးက ချက်ချင်းပြန်ပြောတယ်။ ဒီဘ၀မှာ ပျော်လို့တောင်မဆုံးသေးဘူး၊ ရှင်မရှိလည်း ကျွန်မကတော့ နောက်ယောက်ျားယူရလိမ့်မယ်။ ကုန်သည်ကြီးရဲ့နှလုံးသားတွေဟာ ကြေမွသွားသလို ဖြစ်သွားတယ်။

နောက်ထပ် ဒုတိယဇနီးကို ခေါ်မေးတယ်။ မင်းဟာ ငါ့ဘ၀တစ်ခုလုံးမှာ အမြဲတမ်း ကူညီဂရုစိုက်ခဲ့သူဖြစ်တယ်။ မင်းကတော့ ငါသေရင် ငါနဲ့အတူ အဖော်လိုက်မယ်မဟုတ်လားဟင်”လို့ မရဲတရဲ မေးလိုက်တယ်။

ဒုတိယဇနီးကလည်း စိတ်မကောင်းဟန်နဲ့ ခေါင်းခါပြတယ်။ ဒါတော့ ကျွန်မ မကူညီနိုင်ပါဘူး။ ကျွန်မလုပ်ပေးနိုင်တာက ရှင်ကို သုဿန်ကို လိုက်ပို့ပေးဖို့ ဆိုတာပဲ ရှိတယ်။

သူမရဲ့အဖြေဟာ သူ့ရင်ထဲမှာ မိုးကြိုးပစ်သံလို ပြင်းထန်ကျယ်လောင်လွန်းတာမို့ မေ့မျောမတတ်ခံစားသွားတယ်။

ဒီအချိန်မှာ“ကျွန်မက ရှင်ဘယ်သွားသွား ရှင်နဲ့အတူလိုက်ဖို့ အဆင့်သင်ပါပဲ”ဆိုတဲ့ စကားသံတစ်ခုကို ကြားလိုက်ရတယ်။ ဟုတ်ပါတယ်။ပထမဇနီးက ပြောလိုက်တာဖြစ်ပါတယ်။

သူက၀မ်းသာအားရ သူမကို သေချာကြည့်လိုက်မိတယ်။

တကယ်ဆို သူမဟာ စတုတ္ထဇနီးကိုမေးနေကတဲက သူ့ဘေးနားမှာ ရပ်နေခဲ့တာပါ။သူမဟာ ပိန်လှီပြီး အဟာရချို့ တဲ့နေသူတစ်ယောက်လို ဖျော့တော့နေတာကို တွေ့ရတယ်။ သူမကိုကြည့်ပြီး ကုန်သည်ကြီးဟာ အလွန်အမင်း နောင်တရသွားတယ်။ “ငါ မင်းကို ဒီထက်ပိုပြီး ငါတတ်နိုင်သလောက် ဂရုစိုက်သင့်ခဲ့တာပါ။”

ထိုဇနီးလေးယောက်ဟာ ကျွန်မတို့ရဲ့ ဘ၀လေးခုလို့ ပြောရင်လည်းမမှားပါဘူး။

စတုတ္ထဇနီးက ကျွန်မတို့ရဲ့ ခန္တာကိုယ်ပါ။ ခန္တကိုယ်ကြီး လှဖို့ သက်တောင့်သက်သာရှိဖို့ ကျွန်မတို့ တစ်ချိန်လုံး ဂရုစိုက်နေခဲ့တယ်။ ဒါပေမဲ့ တမလွန်ကို တော့ သူမပါနိုင်ဘူးမဟုတ်လား။

တတိယဇနီးကတော့ စည်းစိမ်ချမ်းသာ၊ ဂုဏ်အဆင့်အတန်းတွေပဲ ဖြစ်တယ်။ သေရင် သူတို့က အခြားသူပစ္စည်းအဖြစ်နဲ့ ကျန်ရစ်ကြတာပဲမဟုတ်လား။

ဒုတိယဇနီးက မိသားစုနှင့် မိတ်ဆွေ၊အပေါင်းအသင်းများပဲ ဖြစ်ပါတယ်။ ကိုယ်အသက်ရှင်နေစဉ် ဘယ်လောက်ပဲ တွယ်တာတယ်လို့ပြောပြော ကိုယ်သေရင်သုဿန်ကို လိုက်ပို့ပေးဖို့ လောက်ပဲ သူတို့ တတ်နိုင်တာပါ။

ပုံပြင်ထဲမှ ပထမဇနီးလို ကိုယ်နဲ့အတူထာဝရပါမှာကတော့ စိတ်ဝိညာဉ်လေးသာဖြစ်ပါတယ်။

နေ့စဉ်နှင့်အမျှ ကိုယ်ခန္တာကြီးကိုသာ ချယ်သနေပြီး၊ စည်းစိမ်ချမ်းသာ ဂုဏ်ပကာသန နှင့် သံဃောဇဉ်တွေ နှောင်ဖွဲ့လို့ ရှုပ်ထွေးပွေလီတဲ့ ဘ၀သံသရာထဲမှာ ကျင်လည်နေရင်း ပင်ပန်းနေတဲ့မိမိရဲ့ စိတ်ဝိညည်လေးကို အနားပေးဖို့ တော့ အခါအားလျော်စွာ ကျွန်မတို့ မေ့လျော့နေခဲ့ကြတယ်မဟုတ်လား။

လသာည ဖြစ်ပါသည်။


Wednesday, May 27, 2009

ဘ၀ထဲက ဘီးများအကြောင်း



လောကမာယာများလွန်းတဲ့ အဲဒီ“ဘ၀” ဆိုတာကြီးကို တကယ်နားမလည်နိုင်သေးပါ။
လသာည ဖြစ်ပါသည်။

Monday, May 25, 2009

ရယ်ကြမယ်



Live Well, Love Much, Laugh Often ...

လသာည ဖြစ်ပါသည်။

Sunday, May 24, 2009

ဦးနှောက်

ဒီနေ့ စာအုပ်တစ်အုပ်ကို ဖတ်ရင်း သိပ္ပံပညာရှင်ကြီး အိုင်စတိုင်းရဲ့ အကြောင်း ဖတ်ဖြစ်သွားတယ်။ သူသေသွားပြီးနောက် သူ့ရဲ့ ဦးနှောက်ကို စစ်ဆေးလေ့လာတဲ့အခါ ဘယ်ဘက် ဦးနှောက်အစိတ်အပိုင်းဆဲလ်တွေဟာ မှုလရှိသင့်သည်ထက် ပိုများနေတာတွေ့ရတယ်လို ဆိုပါတယ်။ စိတ်ဝင်စားစရာကောင်းတာနဲ့ ဦးနှောက်အကြာင်း ဆက်ပြီးထပ်လေ့လာဖြစ်သွားတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်ကစပြီး ဦးနှောက်အကြောင်းကို သုတေသနတွေလုပ်လာခဲ့ကြတာ အခုထိလည်း လေ့လာစရာမကုန်သေးပါဘူးတဲ့။

ဦးနှောက်အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းစဉ်တွေအကြောင်း အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ လက်ဝဲဘက်ဦးနှောက်က ခွဲခြားစိတ်ဖြာနိုင်စွမ်းရည် ကို ကိုယ်စားပြုပြီးတော့ မျဉ်းဖြောင့်အတိုင်း၊ ကွင်းဆက်သဏ္ဍန် လုပ်ဆောင်တယ်။ step-by-stepသွားတယ်။ ထိုကြောင့် ဘာသာစကားကို ကိုယ်စားပြုတယ်။

အင်း.. လက်ဝဲဘက်ဦးနှောက်သန်တဲ့ လူတွေဟာ တီထွင်တွေးခေါ်မှုကောင်းတဲ့၊ အာရုံစူးစိုက်မှုကောင်းတဲ့လူတွေပေါ့။ အရာရာကို ထိုးထိုးဖောက်ဖောက် အလေးအနက်စဉ်းစားသူတွေပေါ့။ ယခင်က သတ်မှတ်ထားတဲ့ IQသတ်မှတ်ချက်တွေအတိုင်းဆို IQမြင့်သူတွေလို့ သတ်မှတ်ခံရတဲ့သူများ ဖြစ်ပါတယ်။

လက်ယာဘက်ဦးနှောက်ကတော့ patternသဏ္ဍန်နှင့် အစုအဖွဲ့ သဏ္ဍန်ရှိတယ်။ ဆက်စပ်ပြီးတွေးခေါ်နိုင်မှုကို လုပ်ဆောင်တယ်။ အမြင်အာရုံ၊ ပုံသဏ္ဍန် နှင့် အကွာအဝေးခန့်မှန်း တွက်ချက်ခြင်းဖြစ်စဉ်ကို တာဝန်ယူတယ်။ ဖြတ်ထိုးဥာဏ် ကောင်းသူများဖြစ်ကြပါတယ်။

လက်ယာဘက်ဦးနှောက်သန်တဲ့ လူတွေကတော့ အနုပညာရှင်တွေ၊ လူမှုရေး နိင်ငံရေး ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ယနေ့ခေတ် သတ်မှတ်ထားတဲ့ IQသတ်မှတ်ချက်တွေအတိုင်းဆိုရင် IQများထဲက EQ(emotional Intelligence) မြင့်သူများဖြစ်ပါတယ်။

ဒါဆို “တစ်ဖက်တည်းသန်တဲ့ ဦးနှောက်အစား နှစ်ဖက်လုံးသန်တဲ့ဦးနှောက်ရချင်တာ” လို့ တစ်ယောက်ယောက်က ခပ်ရွတ်ရွတ်မေးလာခဲ့ရင် .?
အဖြေက “ရပါတယ်။ နှစ်ဖက်လုံးသန်အောင်လေ့ကျင့်လို့ ရပါတယ်” တဲ့။
(^ー^) လေ့ကျင့်နည်းကတော့ ဟဲဟဲ နောက်မှပဲ.။

စကားမစပ် အမျိုးသမီးနဲ့ အမျိုးသားတွေရဲ့ ဦးနှောက်ကွဲပြားမှုတွေအကြောင်း အယင်ရေးထားတာ ရှိတယ်နော်။ ယောင်္ကျားနှင့် မိန်းမ
မတူညီသော ဦးနှောက်စွမ်းရည် အကြောင်း
စသည်..။

လသာညဖြစ်ပါသည်

စိတ်၏သီအိုရီ (Theory of Mind)

ကိုယ့်ကိုယ်ကို နားလည်ခြင်း၊ သူများကို နားလည်ခြင်း၊ နှင့် အပြန်အလှန်နားလည်ခြင်း

လူရဲ့စိတ်ဟာ တကယ်ဆန်းကြယ်ပါတယ်။ နေ့စဉ် ကျွန်မတို့တစ်တွေဟာ တစ်ဦးကိုတစ်ဦးမပြောပဲနဲ့ တစ်ဦးရဲ့စိတ်ကိုတစ်ဦးက အလိုလို နားလည်နေတာတွေရှိပါတယ်။ ကိုယ်ရှေ့ကလူက ပစ္စည်းတစ်ခုကို မ ရင်း ကိုယ်ကို ကြည့်လိုက်တဲ့အခါ ကိုယ်ကအလိုလို သူ့ကို ကူမ လိုက်တာမျိုး။ အကြာင်းအရာတစ်ခုအကြောင်း စိတ်ပါလက်ပါပြောရင်း သူ့လေသံပြောင်းသွားတဲ့အခါ သူပျင်းသွားပြီလို့ အလိုလို သိသလိုလို ဖြစ်လာကာ “အိုကေ နောက်မှ ပြောကြသေးတာပေါ့။” လို့ အလိုလိုနှုတ်ကထွက်သွားတာမျိုး။ ဒါဆိုရင် အဲဒီလို ဘာကြောင့်သိနေရတာလဲ။

အတွေအကြုံကြောင့်လား။ အတွေအကြုံကြောင့်ချည်းဆိုရင် တစ်နေ့တစ်နေ့ မိုးလင်းကနေ မိုးချုပ်ထိ ကျွန်မတို့တစ်တွေ တွေ့ကြုံရတဲ့ အကြောင်းအရာအဖြစ်အပျက်တွေ၊ တွေ့ကြုံရတဲ့လူတွေ နည်းမှမနည်းတာ။ စိတ်မှတ်ဥာဏ်က အလိုလို မေ့သင့်တာမေ့။ ဆက်သယ်သင့်တာသယ်သွားတာတွေ့ရတယ်လေ။ မှတ်ထားတဲ့ အကြာင်းအရာကိုလည်း ဘယ်အကြာင်းကဘာ ဆိုတာ ခွဲခြားသိမှတ်နိုင်တာ တွေ့ရတယ်။

အခုနက ရုတ်တရက်ကြီး ပုံကိုကြည့်ပြီး အဖြေပြောခိုင်းတာ စိတ်ညစ်သွားလား။ စိတ်၏သီအိုရီအကြောင်း ပြောပြချင်လို့ပါ။ စိတ်၏သီအိုရီဆိုတာ သူတစ်ပါးရဲ့ စိတ်ကို နားလည်ဖတ်ရှုနိုင်စွမ်းကို ဆိုလိုပါတယ်။ နားလည်ဖတ်ရှုနိုင်စွမ်း ရှိမရှိ၊ အရည်အချင်းကို စစ်ချင်တဲ့အခါ ဒီဓါတ်ပုံလေးပြပြီး စစ်ကြပါတယ်။
duck-rabbit figure လို့ခေါ်ပါတယ်။ ဒီပုံလေး ပြတဲ့အခါ ယုန်လို့ဖြေတဲ့လူ ရှိသလို ဘဲလို့ ဖြေတဲ့လူ ရှိပါတယ်။ တခြားအဖြေကို ဖြေတဲ့သူလည်း ရှိပါတယ်။ အဖြေတစ်ခုပဲ ဖြေပါလို့ ပြောလာတဲ့အခါ ကိုယ့်အဖြေအပြင် သူက ဒီလိုဖြေမှာ လို့ တွေးမိတတ်ပါတယ်.။ အဲဒီလို တွေးတတ်ခြင်းရဲ့အခြေခံဟာ စိတ်၏သီအိုရီ(theory of mind) ပါတဲ့။

အရပ်စကားနှင့် ပြောရရင် စိတ်၏သီအိုရီဆိုတာ နားလည်ပေးနိုင်စွမ်းကို ခေါ်တာပါ။ ဒီtestကို ၃နှစ်အရွယ်ကလေးကို မေးကြည့်ရင် လက်ညိုးတစ်ချောင်းထောင်ပြီး၊ အဖြေတစ်ခုကိုပဲ ရွေးချယ်တာ တွေ့ရပါတယ်တဲ့။ သူဖြေတာအမှန်၊ သူများဖြေတာ အမှားလို့ပဲ သူတွေးတာတွေ့ရတယ်။ ဒါပေမဲ့ ၄နှစ်ကျော်သွားရင်တော့ အဖြေနှစ်ခုလုံး(နှစ်ခုထက်လည်းကျော်ချင်ကျော်မယ်)ကို ရွေးချယ်ပေးနိုင်ကြပြီး ကိုယ်အဖြေလည်းမှန်တယ်၊ သူများအဖြေလည်းမှန်နိုင်တယ်ဆိုတဲ့ အချက်ကို နားလည်လက်ခံပေးနိုင်စွမ်း ရှိစပြုလာပြီလို့ ဆိုပါတယ်။ မှန်မှန်ကန်ကန် နားလည်မပေးနိုင်သေးတာပဲ ရှိမှာပါ၊ ကိုယ်နဲ့ အမြင်မတူပေမဲ့ သူက ဒီလိုမျိုးမြင်နိုင်တယ် လို့ နားလည်ပေးနိုင်စွမ်းဟာ တကယ်ဆို ကလေးအရွယ်က စတာပါ။ ( Doherty & Wimmer, 2005; Wimmer & Doherty, 2007).

တကယ်တော့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကိုယ်ကိုယ်ကို နားလည်နိုင်ဖို့ ကြိုးစားနေရသလို တပြိုင်နက်တည်းမှာ သူများကိုလည်း နားလည်နိုင်ဖို့ ကြိုးစားနေရတယ်။ နားလည်ပေးတဲ့ အကျင့်၊ အပြုအမူလေးဟာ နှစ်သက်စရာ၊ ချစ်စရာလေးပါ။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်နားလည်ပေးနိုင်ရင် သက်ဆိုင်ရာသူနှစ်ဦး (နှစ်ဦးထက်လည်း ပိုချင်ပိုမယ်)ရဲ့ ရင်ထဲမှာ ချမ်းမြေ့နေပြီး လောကကြီးဟာလည်း အလိုလို သာယာနေတယ်။

ဒါပေမဲ့ နားလည်ပေးဖို့ ကြိုးစားရတာ တကယ်တော့ မလွယ်ကူလှပါဘူး။ မှန်မှန်ကန်ကန် နားလည်ပေးနိုင်တာရှိသလို နားလည်မှုလွဲသွားတာလည်း ရှိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း နားလည်မှုလွဲတဲ့အခါ လွဲတယ်။

သူများကို နားလည်ပေးဖို့ကြိုစားရင်း တခါတခါ မာနကိုရင်းရတယ်။ တခါတခါ သောကကို ရင်းရတယ်။ တခါတခါ ချစ်ခြင်းမေတ္တာကို ရင်းရတယ်။ တချို့ဆို ဘ၀ကိုတောင် ရင်းကြရတယ်။ မှန်မှန်ကန်ကန် နားလည်ပေးနိုင်စွမ်းနဲ့ အမှန်တရားအတွက် ရင်းရကျိုးနပ်ရင် တော်ပါသေးတယ်။ တချို့ကျတော့ တနင့်တပိုး ရင်းလိုက်ရရဲ့သားနဲ့ နားလည်မှုလွဲကြလို့ အမုန်းတွေ ရပြီး တစ်သက်လုံးရန်သူတွေ ဖြစ်သွားကြတာတွေကလည်း လောကကြီးမှာ မနည်းဘူးမဟုတ်လား။

ကလေးမဟုတ်တော့တဲ့ အတွက် နားလည်ပေးနိုင်စွမ်း ရှိနေပေမဲ့ တခါတလေ နားလည်ပေးဖို့ ကိုယ်ကိုယ်တိုင်က မကြိုးစားချင်ဘူး။ အပြန်အလှန်သဘောလို ကိုယ်ကမှန်နေရဲ့သားနဲ့ ကိုယ်ကို နားလည်ပေးခြင်းမခံရတဲ့အခါလည်း ရှိတာပေါ့ ။ မကြာခဏပါပဲ။ ဒါဟာ အမှန်ကိုသိရဲ့နဲ့ နားမလည်နိုင်တဲ့ ကလေးကြီးတွေရဲ့ သဘောထားပါ။ ဒါကြောင့်လည်း မှန်ကန်တဲ့ နားလည်မှုတွေပေးပြီး၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်တဲ့ သူတွေကို အားကျသလို ကိုယ်ကိုယ်တိုင်လည်း အဲဒီလို ရင့်ကျက်ချင်တယ်။

ဒါပေမဲ့လည်း... စိတ်၏သီအိုရီကို ပြည့်ပြည့်၀၀ပိုင်ဆိုင်ပြီးသား လူကြီးတစ်ယောက်ရဲ့ ရင့်ကျက်ခြင်းမျိုးနဲ့ သူများကို ခွင့်လွတ်နားလည်ပေးနိုင်တဲ့သူဖြစ်ဖို့ အများကြီး ကြိုးစားရပါဦးမယ်.လို့ .။

လသာည ဖြစ်ပါသည်။


Saturday, May 23, 2009

တစ်ယောက်တည်း လည်း ဖြစ်ပါတယ်။



တစ်စုံတစ်ယောက်အတွက်၊ နှစ်စုံနှစ်ယောက် အတွက် ရည်ရွယ်ပါတယ်။
လသာည ဖြစ်ပါတယ်။

မြန်မြန်အဖြေပေးပါ။

သူငယ်ချင်းတို့ရေ ဒါလေးလည်း ဖြေကြပါဦး။ ဒါဘာသတ္တ၀ါလည်းဆိုတာ..။မြန်မြန်အဖြေပေးပါ။ အရေးကြီးလို့ ။ ဖတ်ပြီးပြီးချင်း အားတာနဲ့ အဖြေပို့ပေးနော်။
လသာည

Friday, May 22, 2009

အထင်နှင့် အမြင်



အခုတစ်လော ဟာသတွေချည်း လှိမ်တင်နေတာနဲ့ c-boxမှာ အော်ကြတော့မယ် ထင်တယ်။ ဆောရီး ။ ခွင့်လွတ်ပါရန်။
တကယ်မအားလို့ပါ \(^^)/
လသာည ဖြစ်ပါသည်။

ဝန်ခံချက်။ ။
ဒီကာတွန်းလေးက “ .www.myanmartoons.co.cc/2008/10/blog-post_16.html..”ကပါ။

ဟာသ-၃

အပေါ်က “ဟာသ-၃” ခေါင်းစဉ်ကို click လုပ်လိုက်ပါ။ စိတ်ဝင်စားစရာ တစ်ခု တွေ့ရလိမ့်မယ်။ :D

အင်း.. ဘာမှ ပြောတော့ဘူး။

\(^o^)/

လသာည
မှတ်ချက်။ ။ (api.ning.com)ကပါ။

Thursday, May 21, 2009

ဟာသ-၂


ဟိုတစ်လောက အင်တာနက်ထဲမှာ ဖတ်ဖြစ်တဲ့ဟာသတွေပါ။ shortjoke.comလို့ ရိုက်ပြီး ရှာခဲ့တယ် ထင်တယ်။ linkကို အတိအကျ မမှတ်မိတော့ဘူး။ စာချည်းပဲဆို ပျင်းစရာကြီးလေ၊ နော့။ ဒါကြောင့် တခါတလေ အပျင်းပြေဟာသလေး။ :P

ငါ့သားများဖြစ်နေမလားလို့
အဖိုးအိုတစ်ဦးသည် ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေစဉ် လိမ္မော်ရောင်၊ အစိမ်းရောင်၊ အပြာရောင် ကို စပ်တိစပ်ကြားဆံပင်ကို ဆေးဆိုးထားတဲ့ ကောင်လေးတစ်ယောက်ကို တွေ့တဲ့ အခါ စူးစူးစိုက်စိုက် အကြာကြီးကြည့်နေမိတယ်။ခဏကြာတော့ ကောင်လေးက “လူတစ်ယောက်ကို ဒီလောက်ပဲ ခေါတောကြည့်လာကြည့်နေရသလားဗျ၊ ခင်ဗျားကြီး တော်တော်ရိုင်းတာပဲ”
အဖိုးအိုက ပြုံးလိုက်ပြီး “စိတ်မရှိပါနဲ့ကွာ၊ ငါ တစ်ခါက ကြက်တူရွေးမ တစ်ကောင်နဲ့ ညားဖူးလို့ မင်းဟာ ငါ့သားများဖြစ်နေမလားလို့ပါ။”

နားညည်းသက်သာသွားတယ်
သတင်းထောက်တစ်ယောက်ဟာ အသက် ၁၀၄နှစ်ပြည့်သွားပြီ ဖြစ်တဲ့ အဖွားအိုတစ်ဦးကို အင်တာဗျူးပါတယ်။ “၁၀၄နှစ်ပြည့်သွားတဲ့အတွက် ကောင်းလိုက်တာလို့ ထင်တဲ့ အချက်က ဘာပါလဲ ခင်ဗျာ”
အဖွားအိုက ရိုးရိုးလေးပဲ ပြန်ဖြေပါတယ်။"No peer pressure."

အားနာလို့ပါ
လင်မယားနှစ်ယောက်ဟာ အိပ်ယာထဲမှာလှဲရင်း စကားပြောနေကြတယ်။
ယောကျာင်္းဖြစ်သူက “ငါလေ မင်းကို ကမ္ဘာပေါ်မှာ အပျော်ဆုံးအမျိုးသမီးဖြစ်စေချင်ပါတယ်။”
ဒီတော့ အမျိုးသမီးက ပြန်ဖြေလိုက်တယ်။ “ဒါပေမဲ့ ကျွန်မ ရှင့်ကို လွမ်းကျန်ခဲ့မှာပါ။”

အခု အဆင်ပြေသွားပါပြီ
လူတစ်ယောက်က အရေးပေါ်ဌာနကို ဖုန်းဆက်တယ်။
“ မြန်မြန်လေး ကူညီပါဦးခင်ဗျာ၊ ကျွန်တော့်သားလေး ကွန်ဒုံးတစ်ခုကို မြိုချလိုက်လို့ပါ။”
၅မိနစ်အကြာမှာ ထိုလူက ပြန်ဖုန်းဆက်ပါတယ်။
“တစ်ခြားကွန်ဒုံးတစ်ခုရလို့ အခုအဆင်ပြေသွားပါပြီ ခင်ဗျာ။”

ဘုရားသခင် ကူညီနိုင်အောင်
“ငါ ငယ်ငယ်တုန်းက ဆိုင်ကယ်လိုချင်လို့ ဘုရားသခင်ဆီ ဆုတောင်းတယ်။ ဒါပေမဲ့ ဘုရားသခင်က အဲလိုနည်းနဲ့ မကူညီနိုင်ဘူးဆိုတာ ငါနားလည်သွားတဲ့အခါ၊ အရင်ဆုံး ဆိုင်ကယ်ကိုခိုးတယ်။ ပြီးမှ ခွင့်လွတ်ဖို့ ဆုတောင်းလိုက်တယ်။

နှစ်ချို့ ၀ိုင်က ပိုကောင်းတယ်ဆိုလို့
ငါ့မိန်းမကို ငါက ရှင်းပြတယ်။ ယောကျာင်္းဆိုတာ နှစ်ချို့ ၀ိုင်နဲ့တူတယ်။ အသက်ကြီးလေလေ နှစ်သက်စရာကောင်းလေလေပေါ့.လို့။ နောက်တနေ့ကျ ငါ့မိန်းမက ငါ့ကို နှစ်ချို့ ၀ိုင်တွေ ထားတဲ့အခန်းထဲမှာ ငါ့ကို သော့ပိတ်ထားခဲ့တယ်ကွာ”

တစ်နေ့တာအမောများပြေပျောက်ပါစေ
လသာည

Sunday, May 17, 2009

ဘလော့ဂ်အကြောင်း ဟာသများ

ရှင့်ဘလော့ဂ်ကို လူတိုင်းစိတ်ဝင်စားမယ်ထင်နေလား


















ဂူးဂဲလ် ရှိမှဖြစ်မှာပါ။












ဘလော့ဂ်လုပ်နေသည်၊ သူ မအားပါ။










နိဗ္ဗာန်.com














တနေ့တလေ ပေါ့ပေါ့ပါးပါးလေး ရယ်ချင်တာနဲ့။ :P
အားလုံးလည်း တနေ့တာ အမောများ ပြေပျောက်ပါစေ။
လသာည ဖြစ်ပါသည်။

ကျန်းမာရေးအမြင်

ကိုယ်ဆီမှာတုန်းက မမြင်မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းအချင်းချင်း ပြန်တွေ့ကြတဲ့ အခါ သူငယ်ချင်းက ပိန်သွားရင် “ဟေး.. မတွေတာကြာပြီ။ ပိန်သွားတယ်နော်၊ နေမကောင်းဘူးလား” လို့ နှုတ်ဆက်စကားဆိုပြီး ၊ ၀နေတဲ့ သူငယ်ချင်းနဲ့ တွေ့ရင် “ ကြည့်စမ်း ၀လို့ လှလို့ပါလား၊ အရာရာအဆင်ပြေနေတယ်ထင်တယ်၊ မြင်ရတာ စိတ်ချမ်းသာစရာပဲ။ ၀မ်းသာပါတယ်ကွာ” လို့ ပြောလေ့ပြောထ ရှိကြတယ်။

ကာယကံရှင်နဲ့ မဟုတ်ပဲ တခြားသူတစ်ယောက်ယောက်ကတဆင့် မေးကြည့်ကြည့်ပါဦး...။
“မ.....လား၊ အမလေး ၀လို့လှလို့ပါတော်.။ စီးပွားရေးကလည်းကောင်းဆိုတော့.” ဆိုတာမျိုး
“ကို.... လား၊ ဟိုတလောက ဈေးထဲမှာတွေ့တယ်။ ပိန်သွားတယ်။ အဆင်မပြေဘူးထင်တယ်” ဆိုတာမျိုးကြားရတတ်တယ်။ တစ်ယောက်ယောက်က ၀နေလို့ နဲနဲ အလှလျောတာ(မလှတော့ဘူးဆိုတာ)ကို ခံစားမိတတ်ပေမဲ့ ၀နေလို့ သနားစရာလို့ ဘယ်သူမှမတွေးသလောက်ပဲ။

ယေဘုယျအားဖြင့် (ယေဘူယျအားဖြင့် ပြောတာပါ။ ) လူတစ်ယောက် ပိန်ခြင်းဟာ ရောဂါတစ်ခုခု ရှိနေခြင်း၊ နေမကောင်းခြင်း၊ အလုပ်များခြင်း၊ စိတ်ညစ်စရာ တစ်ခုခု ရှိနေခြင်း ဆိုတဲ့ အဓိပ္ပါယ်မျိုး ထွက်နေတတ်ပြီး၊ ၀နေတာဟာ သက်တောင့်သက်သာနေရခြင်း၊ စားနိုင်သောက်နိုင် စီးပွားရေးအဆင်ပြေခြင်း၊ စိတ်ချမ်းသာနေခြင်း ဆိုတဲ့ အဓိပ္ပါယ်ထွက်နေတတ်ပါတယ်။

ဂျပန်မှာတော့ အမြင်ချင်း ဆန်ကျင်ဘက်ဖြစ်နေတာ တွေ့ရပါတယ်။ ပိန်တဲ့လူက ပိုပြီး စမတ်ကျတယ်။ ကျန်းမာတယ်။ အထင်ကြီးခံရတတ်တယ်။ ၀တဲ့သူက ကျန်းမာရေးအသိချို့တဲ့သူ၊ ရောဂါတစ်ခုခု ရှိသူ၊ အခုမရှိသေးတောင် နောင်ကို ရှိလာမဲ့သူ၊ သနားစရာကောင်းသူ ဆိုတာမျိုး ခံစားရတယ်ဆိုပဲ။

ဂျပန်နိုင်ငံမှာ ကျန်းမာရေးတစ်နှစ်၂-ကြိမ် အနည်းဆုံး စစ်ရတာကိုး။ တကယ်လို့ အသက် ၄၅/၅၀မှာ ကီလို ၈၀ ကျော်နေရင် ကျန်းမာရေးဌာနက ၀ခြင်းရဲ့ဆိုးကျိုးတွေအကြာင်း ခေါ်ယူပညာပေးခြင်းခံရတယ်၊ မကြာခဏစာစောင်တွေ ပို့ခံရတယ် လို့ ဆိုပါတယ်.။ အဲဒီလို့ ကျန်းမာရေးဌာနက ခေါ်ယူပညာပေးခြင်းခံရင်၊ စာစောင်တွေ ပို့ခံရရင် တော်တော်ရှက်စရာလို့ ယူဆကြတယ်။ ဒါကြောင့် အခု ငယ်ငယ်ကတဲက စပြီး ကိုယ်အလေးချိန်ကို မထိန်းလို့ မရဘူးလို့ ဆိုပါတယ်။

သူတို့အချင်းနှုတ်ဆက်ရင် “ဟယ် ပိန်သွားလိုက်တာ။ sugoi ne တော်လိုက်တာ။ dietလား ၊ လေ့ကျင်ခန်းလုပ်နေတာလား။ ဘယ်နှစ်ကီလိုလျှော့သွားပြီလဲ” ဆိုပြီး အားကျတဲ့ မျက်လုံးနဲ့ ပြောလေ့ရှိသလို ၀နေရင်တော့ အလုပ်များနေသလား (လေ့ကျင့်ခန်းမလုပ်နိုင်အောင် အလုပ်များနေသလား) လို့ စိုးရိမ်တဲ့ မျက်လုံးနဲ့ ကြည့်လေ့ရှိတယ်။ မနေ့က ဆရာက အတန်းထဲမှာ သူနဲ့ သူမိန်းမ ၀ိတ်လျော့နေတာ တစ်လပြည့်ပြီဖြစ်ကြောင်း၊ သူမိန်းမက ၅ကီလို လျော့သွားပေမဲ့ သူက အစားမက်လို့ ၂ကီလိုပဲ လျော့ကြောင်း ရယ်စရာပြောပြပါသေးတယ်။

Dietဟာ လူငယ်လူရွယ်မရွေး သူတို့အတွက် အရေးကြီးသလို အသည်းအသန် ခံစားနေကြတယ်။ ဂျပန်သူငယ်ချင်းတစ်ယောက်ဆိုရင် သူခန္တာကိုယ်က မ၀ဘူး၊ (တော်တော်ပိန်တယ်လို့ တောင်ပြောလို့ရတယ်) ဒါပေမဲ့ ダイエットしなきゃ(DIET)မလုပ်လို့ မရလို့ ဆိုပြီး အမြဲ အစာနည်းနည်းပဲစားတယ်။ နောက်လည်းပြောသေးတယ်။ ရည်းစားထားရင်တောင် အရပ်မြင့်မြင့် ပိန်ပိန်လူကိုပဲ ရွေးမယ်လို့ အမြဲပြောလေ့ ရှိတယ်။ အင်း..၀တဲ့သူတွေ ရည်းစားရဖို့ မလွယ်ပါလားနော်. . :D

သူတို့နိုင်ငံမှာ dietအတွက် ကုန်ပစ္စည်းကြော်ညာတွေအများကြီးရှိတယ်။ diet ဆေးနဲ့ အစားအစာ တွေ ဖျော်ရည် diet coffee, diet juce, diet tea စသည်.စသည်.အများကြီး.ရှိတယ်။

၂၀၀၉ ခုနှစ် စစ်တမ်းအရ ဂျပန်မှာ လူ၁၀၀မှာ ၄ယောက်ပဲ ၀သူပြီး တိုးတက်ပြီး ကမ္ဘာနိုင်ငံတွေထဲမှာ ၀သူအနည်းဆုံးနိုင်ငံလို့ ဆိုပါတယ်။

အခု သူတို့ နည်းနည်းစိုးရိမ်လာတာ တစ်ခုကတော့ ငယ်တဲ့ လူငယ်တစ်ချို့ကတော့ ၀ခြင်းကို အကြာက်လွန်ပြီး အစားရှောင်ရာက တစ်ဖက်စွန်းရောက်ပြီး အပိန်လွန်ရောဂါရသူတွေတောင် ရှိနေပါပြီ၊ ဒါကြောင့် dietအလုပ်မလွန်ဖို့ ပညာပေးတွေ စတင်နေရပါပြီတဲ့။

ကိုယ်ကိုယ်တိုင်က ဆေးနှင့် ရောဂါတွေ၊ ၀ခြင်း၊ပိန်ခြင်းအကြောင်း သိပ်မသိလို့ အသေးစိတ် မပြောပြနိုင်ပေမဲ့ ကျန်းမာရေးအသိနှင့် ကိုယ်အလေးချိန်ထိန်းဖို့ အရေးကြီးတယ်လို့တော့ ခံစားမိလာပါကြောင်း ၊ ဒါကြောင့် လေ့ကျင့်ခန်း ဗွီဒီယိုလေးပါ တင်ပေးလိုက်ပါတယ်။

PS အရာရာ တစ်ဖက်စွန်းမရောက်ဖို့ လည်း အရေးကြီးတယ်ဆိုတာ သတိပြုဖို့ အရေးကြီးပါတယ်.။ :D



လသာည ဖြစ်ပါသည်။

Friday, May 15, 2009

ဆောင်းပါးရေးဖူးတယ်။

ဒီကို မလာခင်က ဆရာတစ်ယောက်က တိုက်တွန်းအားပေးမှု နှင့် ပညာတန်ဆောင်မှာ ဆောင်းပါးရေးဖူးတယ်။ ၂-ခါရေးတယ်။

မယ်ထွေး(ပညာရေးတက္ကသိုလ်) ဆိုပြီးတော့။ MEDတက်တုန်းက အတန်းထဲမှာ (အဲဒီတုန်းက) အငယ်ဆုံးဆိုတော့ ဆရာက မယ်ထွေးလို့ အမြဲ ခေါ်နေခဲ့တာမို့ အမှတ်တရ အဲဒီကလောင်ကို ယူဖြစ်သွားတယ်။ စာရေးတာ တော်မတော်တော့ မသိဘူး။ ပညာတန်ဆောင်ရဲ့ အကြောင်းပြန်စာမရခဲ့ဘူး။ အဲလိုတော်တာ။ ဆက်လည်း မရေးဖြစ်တော့ဘူး။ နောက်ပိုင်း ဒီကိုလာခဲ့တယ်။ ဒီမှာတင် ၂-နှစ်ကျော်သွားပြီ ဆိုတော့ ဆောင်းပါးရေးခဲ့တာ၃ နှစ်ရှိသွားပြီပေါ့။

ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်နေတာ။ လွန်ခဲ့သော ၃နှစ်က ရေးထားတဲ့ ဆောင်းပါးက ..ပညာတန်ဆောင်ရဲ့ ဒီလထုတ်မှာ ပါလာတယ်တဲ့။။ စာမူခလည်း ရတယ်။ ကျပ် ၂၀၀၀ ကြီးများတောင်။ ငွေတန်ဖိုးထက် ကိုယ့်နာမည်လေးပါလာလို့ ဖီလင်လေးဖြစ်သွားတယ်။ အဟဲ..ပျော်သွားတယ်ပေါ့.။

ညိုချို ရေ.. ညိုချိုက ကိုယ်ရေးကိုယ်တာ ရေးတာ မဖတ်ချင်ဘူးလို့ ပြောတဲ့နေ့မှပဲ ဒီပို့စ်ကို တင်လိုက်မိပြီ။ ဆော်ရီး..။ တိုင်ပင်ဖေါ်တိုင်ပင်ဖက် သူငယ်ချင်းတွေကို ကိုယ်အပျော်ကို မျှရုံလေးပါ။ (ခွင့်လွတ်ပါရန်) :D

လသာည ဖြစ်ပါသည်။

ဆုန်သင်း




တိုက်ဆိုင်တာရှိရင်ခွင့်လွတ်ပါ။ မတိုက်ဆိုင်ရင်လည်း ခွင့်လွတ်ပါ.။ :D
လသာည ဖြစ်ပါသည်။

Thursday, May 14, 2009

ရှင်နဲ့ကျွန်မ


ပျင်းနေမှာစိုးလို့ သီချင်းလေးတွေ တင်ထားတယ်။
လသာည ဖြစ်ပါသည်။

Wednesday, May 13, 2009

ယောင်္ကျားနှင့် မိန်းမ




ဒါကြောင့် ပြောတာ ယောင်္ကျားနှင့်မိန်းမ မတူပါဘူးဆို :D
လသာည ဖြစ်ပါသည်။

Tuesday, May 12, 2009

မုသား

လူတွေက မုသားတွေကို ပြောကြရာမှာ ရည်ရွယ်ချက်တစ်ခုခုနဲ့ ပြောတတ်ကြတယ်။

#ကိုယ်အပြစ်ကို ကာကွယ်ချင်လို့၊ (ဥပမာ..ဒီဟာ ကျွန်တော်ကြောင့် ကွဲတာမဟုတ်ဘူး လို့ပြောတာမျိုး၊) တကယ်က သူ့ကြောင့်ဖြစ်တာ။

#ကိုယ်ကိုယ်ကို လုံခြုံအောင်လို့ (အန္တရယ်မကျအောင်)(ဥပမာ.. အဲဒီလူနဲ့ ကျွန်မ မသိပါဘူး မေမေ)၊တကယ်က သူရည်းစား။

#မုသားမပါ လင်္ကာမချောဆိုတာလို မိမိစကားကို မုသားနှင့် တန်ဆာဆင်ချင်လို့၊(.ဥပမာ...ကိုယ်အချစ်နဲ့ မြင်မိုရ်တောင်ကြီး နှိုင်းယှဉ်ပြရင်ကွယ်...မြင်မိုရ်တောင်ကြီးက..ဇီးစေ့ဖြစ်သွားမယ်)

#အထင်ကြီးခံချင်လို့၊(ဥပမာ..ကိုယ်အိမ်မှာဆို နေတိုင်း အသားဟင်း၃-၄မျိုးနဲ့မပါရင် ထမင်းမစားဘူး)

# မုသားနှင့် သူများကို ဂျောက်ချင်လို့၊(ဥပမာ..မနေ့က သူကို ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်။ ပန်းခြံထဲမှာ ဖက်နမ်းနေကြတာ။ ) တကယ်က နောက်ကအကြောင်းအရာမပါဘူးရယ်

#ခင်မင်သူတစ်ယောက်ယောက်ရဲ့ စိတ်ဆင်းရဲနေတာကို အခိုက်အတန့် ဖြေဖျောက်ပေးချင်လို့ (ဥပမာ..အစ်မရယ၊် အစ်မ မ၀ပါဘူး၊ ကြည်ပျော်ရှုပျော်ရှိရုံပါ.) တကယ်က ပေါင်၁၅၀ဟာ၊ ဘယ်လိုမှ ကြည်ပျော်ရှုပျော် မဟုတ်ပါဘူး။

မုသားဖြူ-ဆေးမုသား
#သူတစ်ပါးကို နစ်နာစေလိုတဲ့ဆန္ဒနှင့် ပြောတာမဟုတ်ရင် မုသားဖြူပါလို့ တချို့ ကတင်စားကြတယ်။ အစစ်အမှန်မဟုတ်လို့ မုသားဖြစ်နေပေမယ့် သူတပါးအတွက်စေတနာပါတဲ့ မုသားဆိုရင် ဆေးတစ်ခွက် အဖြစ်ယာယီ သုံးလို့ အပြစ်မရှိဘူးလို့ လည်းဆိုကြပါတယ်။ ဆေး မုသားပေါ့လေ။

#နှစ်ထပ်ကွမ်း မုသား
တကယ်တော့ သူတစ်ပါးကို ထိခိုက်နာကျင်အောင် ရည်ရွယ်ချက်နဲ့ လုပ်တာ ဆိုရင် ဘယ်လိုမှမကောင်းဘူးပေါ့နော်။ ဒီထက်ပိုဆိုးတာက ကိုယ်လုပ်မိတဲ့ အပြစ်ကို ကာကွယ်ချင်လို့ သူတပါးလုပ်တာလို့ ညာပြောတဲ့ နှစ်ထပ်ကွမ်း မုသားပေါ့။

#ဟာသ
နောက်မုသားနှင့်ဆင်ဆင်တူတာတစ်ခုက ဟာသပါ။ သူကလည်း လိမ်ညာပြောတာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်က သူများကိုပျော်စေချင်လို့။ မုသားနှင့် လုံးဝကွဲပြားတဲ့အချက်က သူက သူလိမ်ညာပြောတာကို လိမ်ညာပြောခြင်းခံရသူကို တစ်နည်းနည်းနှင့် ပြန်အသိပေးခြင်းဖြင့် မုသားကနေ ဟာသအဖြစ်သို့ ပုံပြောင်းပေးလိုက်တာ (ဥပမာ..ဟေး.ငါပိန်သွားပြီကွ၊ ဒီမှာကြည့် ဆိုပြီးကိုယ်လုံးမှာ တင်းကျပ်နေတဲ့ အင်္ကျီကိုပြခြင်း)

#မုသား-ဟာသမျိုး
.. နောက်တစ်မျိုးက ပထမတော့ မုသား၊ နောက်မှ အခြေအနေအရ ဟာသအဖြစ်ပုံပြောင်းလိုက်တဲ့ မုသားဟာသမျိုး
၁).. ကိုကိုက ညီညီကို “မင်းစက်ရုပ်ကြီး ပျက်သွားတာနဲ့ ငါအမှိုက်ပုံထဲသွားပြစ်လိုက်ပြီ။”လို့ပြောတော့ ညီညီက ငိုမဲ့မဲ့ဖြစ်သွားတယ်။..ဒီတော့ ကိုကိုက “ဒီအမှိုက်ပုံထဲမှာ ပြစ်လိုက်တာလေ” လို့ပြောပြီး ကုတင်အောက်ကို လက်ညိုးထိုးပြတယ်။
ဒါမုသားကနေ ဟာသအဖြစ်သို့ ပုံပြောင်းပေးလိုက်တာပါ။ ကိုကိုဟာ တကယ်တော့ ညီညီချည်းပဲ ဆော့နေလို့ စိတ်တိုပြီး ညီညီမဆော့အောင်လုပ်တာပါ။ ဒါပေမဲ့ ငိုမဲ့မဲ့ညီညီကိုကြည့်ပြီး စိတ်ပြောင်းသွားပြီး၊ မုသားကို ဟာသလုပ်လိုက်တယ်။

၂) နောက်တစ်ခု ရှိပါသေးတယ်။ ပထမတော့ စနောက်ချင်လို့ ဟာသလုပ်တာဖြစ်ပေမဲ့ ဟာသလုပ်တာမဟုတ်ရပါဘူးလို တဆင့်လိမ်ညာရတာမျိုး။
ကောင်မလေးတစ်ယောက်ကို သူများတွေမြှောက်လို့ စနောက်ပြီး ရည်းစားစကားပြောတယ်။ ကွယ်ရာမှာ ဟာသလုပ်တယ်။ နောက်တော့ တကယ်ကြိုက်သွားရော။ အဲဒီအခါကျတော့ အစကတဲက အတည်ပါလို့ ကောင်မလေးကို (မုသား) မပြောလို့မရတော့ဘူး ထင်ပါရဲ့.။ (အင်း..မုသားနောက်ကြောင်း ကောက်ရတာ .တော်တော်ရှုပ်တာပဲနော်။ :D)
.. စသည်စသည် အမျိုးမျိုးရှိပါတယ်။

အရွယ်ရောက်တဲ့ လူတိုင်းကတော့ မုသားနဲ့ ဟာသကို ကိုယ်ကြုံတွေ့ရတဲ့ အခြေအနေကို မူတည်ပြီး မကြာခဏသုံးစွဲနေကြတယ်။ (အရွယ်မရောက်(သေး)တဲ့ လူတွေကတော့ ဒို့က မညာတတ်ဘူးလို့ ပြောမယ်ထင်တယ်။ အဲဒါလည်း မုသား? :P )

အဲဒီ မုသားနှင့် ဟာသကို စတင်သုံးစွဲတတ်တာဟာ ဘယ်အသက်အရွယ်က စခဲ့သလဲဆိုတာကို စိတ်ဝင်စားတာနဲ့ လေ့လာခဲ့ပါတယ်။ တကယ်တော့ မုသားစကားကို စတင်ခဲ့တာ ကလေးဘ၀ထဲကပါတဲ့ ။ မုသားနှင့် ဟာသကို လူကြီးလို ရေရေလည်လည် ခွဲခြားနားမလည်သော်လည်း နှစ်ခုလုံးကို စတင်သုံးစွဲတတ်တာ အသက် ၆နှစ်ခန့်က စတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

လသာည ဖြစ်ပါသည်။

Monday, May 11, 2009

တို့ လုပ်နိုင်တယ်။

စိတ်ဓါတ်အားပေးတဲ့ သီချင်းလေးပါ။
စိတ်ဓါတ်ကျနေချိန်လေးတွေမှာ ဒီသီချင်းလေး နားထောင်လိုက်နော်၊ အဟုတ် နေကောင်းသွားလိမ့်မယ်။ (^ー^)





လသာည ဖြစ်ပါသည်။

Friday, May 8, 2009

ကော်ဖီမကြိုက်သူများအတွက် ကိတ်မုန့်


ကော်ဖီမကြိုက်သူများအတွက် ကိတ်မုန့်ဖြစ်ပါသည်.။ အအေးနဲ့သာ သောက်လိုက်ပေတော့..။

ခင်လို့ စတာ..ဟဲဟဲ :D
တနေ့တာ အမောများ ပြေပျောက်ပါစေ.။
လသာည. ဖြစ်ပါသည်.။

ကော်ဖီခါးခါး

မသောက်ရင်မနေနိုင်တာက လွဲလို့.။
















ဆက်သောက်.ဆက်သောက်..:D














ဘယ်သူတားတား မဖြတ်နိုင်ဘူး.။။













ကော်ဖီကိုကတော့ မပြောင်းမလဲ အမြဲကြိုက်တယ်.။












လသာည ဖြစ်ပါသည်.။ :D

Thursday, May 7, 2009

psy- test 2


လသာည ဖြစ်ပါသည်။။

psy- test 1


၁) မင်း မျက်နာမူရာဘက်မှာ ပင်လယ်ကို မြင်ရမယ်...
ပင်လယ်ကို ကြည့်ပြီး ဘာကိုတွေးမိလဲ.။ စိတ်ထဲ ရှိတာ ရေးကြည့်လိုက်ပါ..
၂) ဖန်ခွက်ကလေးတစ်လုံး ရှိတယ်.။
ဘာကိုတွေးမိလဲ.။ စိတ်ထဲ ရှိတာ ရေးကြည့်လိုက်ပါ..
၃) ကော်ဖီ ကြိုက်လား၊ မကြိုက်ဖူးလား။ ဘယ်လောက်ကြိုက်လဲ.။
စိတ်ထဲ ရှိတာ ရေးကြည့်လိုက်ပါ..

မင်းရေးထားတဲ့ အဖြေကို လသာည ဆီ( မေးလ်နဲ့) ဒီနေ့ ပို့ပေးပါ.။

---------------------------------------------

အဖြေကို မနက်ဖြန်မှပြောရန်ဖြစ်သော်လည်း.. အဖြေမပြောလျှင် ဒီနေ့ည မအိပ်ပါ ဟု အနိုင်ကျင့်တောင်းဆိုချက် အရ မနက်ဖြန်ပြောမယ့်အဖြေကို ည၁၀နာရီိမှာ တင်ပြလိုက်ရပါတယ် ....။

အဖြေကတော့ ပင်လယ်သည်.. ဖြေဆိုသူ၏ ဘ၀ကို ရည်ညွန်းပါတယ်.။

ဥပမာ..ပင်လယ်မြင်တော့ “တစ်ယောက်ယောက်နှင့် အတူရေကူးချင်တယ်/ပင်လယ်ကူးသဘောင်္ကြီး စီးချင်တယ်လို့ ဖြေတဲ့ သူ ဆိုပါတော့..

“တစ်ယောက်ယောက်နှင့် အတူ” ဆိုတာက ဘ၀ကို ဖြတ်သန်းတဲ့နေရာမှာကိုယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ထက် အဖော်နဲ့ဆုံးဖြတ်ပြီးမှ.လို့ ဖော်ပြပါတယ်။.
“ရေကူးချင်တယ်” ဆိုတာက ကိုယ်ကိုယ်တိုင် ရုန်းကန်ပြီး ဖြတ်သန်းမယ် လို့ ဖော်ပြပါတယ်။.။
ပင်လယ်ကူးသဘောင်္ကြီး” ဆိုတာက အမှီတစ်ခုခု(မိဘ/ဇနီး-ခင်ပွန်းစသည်)ယူပြီး ဘ၀ကို တည်ဆောက်မယ်လို့ ဖော်ပြပါတယ်။.။

ဖန်ခွက်ကတော့ လက်ထပ်ခြင်း ကို ဆိုလိုပါတယ်။
ဖန်ခွက်မြင်ရင်တော့ ရေအေးအေးလေး သောက်ချင်တယ်လို့ ဖြေတဲ့လူ ရှိသလို၊ ရေခဲစိမ်ဘီယာလေး သောက်ချင်သူ၊ ဖန်ခွက်က ဒီဇိုင်းလှမလှ ကြည့်ပြီး လှရင်ဝယ်ချင်သူ စသည်..ရှိပါတယ်။။ ကဲ..အဖြေကို ကိုယ်ဘာသာကိုယ် အရင်ဆန်းစစ်ကြည်လိုက်နော်.။
မရတဲ့ အခါကျမှ လသာညဆီ မေးလ် လေး တစ်ချက်ပို့လိုက်ပါ..။အဟဲ .ဆရာစားချန်တာမဟုတ်ပါဘူး။ အားလုံးခန့်မှန်းတတ်မယ် ထင်လို့ပါ..။

နောက်ဆုံးအဖြေကိုတော့ လသာညက ကော်ဖီကြိုက်တဲ့သူဆိုတော့ အဖြေကို ဒီလိုဖြေမိသွားတယ်။
“ ကော်ဖီ အရမ်းကြိုက်၊ ထို့ကြောင့် တနေ့ကို ၃ခွက်အနည်းဆုံးသောက်သည် ဟု ဖြေလိုက်ပါသည်။။
....အဟားဟား........

နောက်ဆုံးအဖြေလည်း.... ...
ကိုယ်ဘာသာသာ စဉ်းစားကြည့်လိုက်ပါ။

တနေ့တာ အမောများ ပြေပျောက်ပြီး ပျော်ရွင်နိုင်ကြပါစေ။။။။

လသာည ဖြစ်ပါသည်။

Wednesday, May 6, 2009

မျှော်လင့်ချက်.

ဟေး ..စိတ်ဝင်စားစရာ တစ်ခုရလို့ အပြေးလာပြောတာ..

ချစ်သူမရှိသေးသူများ (၀ါ) ဂေါ်မစွံ အပျိုကြီး၊လူပျိုကြီးများအတွက်ပါ.။

လသာည (ဘလော့ဂ်နာမည်မဟုတ်ပါ) တစ်ညည မှာ
၁) ည ၁၂ နာရီမှာ
၂) ဘယ်လက်ခလယ် နဲ့
၃) နှာခေါင်းညာဘက်အပေါက်ထဲ ကို နှိုက်ပြီး
၎)ကိုယ်ကြိုက်နေသူကို အကြောင်းကို တွေးပါ..(မှတ်ချက် ဖြစ်နိုင်သူသာ စဉ်းစားပါ၊ ဥပမာ..အိုဘားမားဆို မဖြစ်နိုင်ဘူးလေ.အဟဲ)
မနက်ဖြန် သူဆီက ဖုန်းလာလိမ့်မယ်ဆိုပဲ..။ (အကြွေးတောင်းခြင်းမဖြစ်ပါစေနဲ့ လို့ လသာည က ကူဆုတောင်းပေးပါတယ်။)

good luck!!

လသာည ဖြစ်ပါသည်.။

Tuesday, May 5, 2009

သူငယ်ချင်းအတွက် လက်ဆောင်..



သီချင်းအဓိပ္ပါယ်က သူငယ်ချင်းအတွက် ဒီသီချင်းကို (တံဆိပ်ခေါင်းမကပ်တော့ပဲ ရင်ထဲကနေသီဆိုပြီး) ပို့လိုက်ပါတယ်. တဲ့ ။ .....

ဘ၀မှာကြုံခဲ့တဲ့ သူငယ်ချင်းအားလုံး အတွက် အမှတ်တရ...

လသာည ဖြစ်ပါသည်..။

Monday, May 4, 2009

ငြီးခြင်းသံစဉ်

နည်းနည်း ငြီး(ညီး)ချင်လို့ပါ။ ဒီနေ့ အမေကို အရမ်းလွမ်းတာ အကြောင်းပြပြီး ဘာစာမှ မယ်မယ်ရရ မဖတ်လိုက်ရဘူး။ ဆိုက်ကို testလေး ဖတ်ပြန်တော့. ရုပ်ပုံက စကန်ဖတ်မရပြန်ဘူး။ ဒါနဲ့ စိတ်ပျက်ပျက်နဲ့ အပြင်ထွက်တော့ ရဲသားကြီးက စက်ဘီးရှေ့ မီးမဖွင့်လို့ဆိုပြီး ငေါက်သွားတယ်။

ကော်ဖီဆိုင် တယောက်တည်း သွားထိုင်လိုက်တာ ကောင်းမယ်ဆိုပြီး ဆိုင်ထဲဝင်၊ ကောင်တာမှာ မှာပြီးမှ ပိုက်ဆံက ထုတ်ပြီးသားနည်းနေတယ်။ ဆော်ရီးပြောပြီး ပြန်အလှည့်မှာ ကိုယ်နောက်က တန်းစီနေတဲ့လူနဲ့ မျက်နှာချင်းဆိုင်မိတော့ ကျောင်းကအသိ ဖြစ်နေတယ်။ ဟိုဘက်လှည့် ပြီး ပြုံစိစိနဲ့လေ..သူက။ ရှက်ရှက်နဲ့ပဲ “ကွန်ဘန်ဝ” လုပ်ခဲ့ရတယ်။

စိတ်ပျက်ပျက်နဲ့ ပိုက်ဆံထုတ်ပြီး အိမ်မှာပဲ ကိုယ်ဘာသာဖျော်တဲ့ ရှယ်ကော်ဖီသောက်တော့မယ်လို့ ဆုံးဖြတ်ပြီးပြန်လာခဲ့တယ်။ ဖြစ်ပုံများတော့ အိမ်ရောက်တော့မှ အိမ်မှာ ကော်ဖီမှုန်ကုန်နေမှန်း သတိရတယ်..သြော်......ကဲ...(><)

Saturday, May 2, 2009

ဘလော့ဂ်အကြောင်း

မနေ့က စာလေးတစ်ကြောင်းတင်လိုက်တာနဲ့ ဒီနေ့ တစ်ခ်ပေးတဲ့သူတွေ ရှိလာပြီ.ဟားဟားဟား။ အမြင်ကပ်ကပ်နှင့် အကုန်လုံးမှာ တစ်ခ်ပေးသွားတယ်ထင်ပါရဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။တော်တော်ချစ်ဖို့ကောင်းတာပဲ.။..

သြော် စကားမစပ် (တကယ်က တမင်တကာစကားစပ်ပြီးတော့) ကိုယ့်ဘလောဂ် အကြောင်း (ဟာသ?) ပြောရဦးမယ်။

ဘလော့စရေးတုန်းက ရည်ရွယ်ချက်က မြန်မာစာမရိုက်တတ်လို့ မြန်မာလို့ လက်ကွက်လေ့ကျင့်ရန် ဖြစ်ပါတယ်။ တော်တော် ကြီးမားတဲ့ ရည်ရွယ်ချက်ပါ။ မြန်မာပြည်ကို reportတင်တုန်းက မြန်မာလို ရိုက်တင်ရဖို့ ဖြစ်လာတယ်။ မရိုက်တတ်တော့ လက်ကွက်စာရွက်ကြီးကို ကြည့်ပြီး တစ်လုံးချင်းရိုက်ရတာကိုး။

ဒါနဲ့ပဲ တနေ့ကို နည်းနည်း နည်းနည်းမြန်မာလို့ လက်ကွက်လေ့ကျင့်တော့မယ်လို့ ဆုံးဖြတ်ပြီး စလုပ်ခဲ့တယ်.။ ဒါပေမဲ့ အဓိပ္ပါယ်မရှိ လျှောက်ရိုက်နေရတော့ ပျင်းလာတယ်။ အဓိပ္ပါယ်ရှိတာလေးတွေ ရေးဖို့ကြံတော့လည်း ကိုယ်ရေးတာလေး သူများကို ပြချင်လာပြန်ရော.။ဒါနဲ့ပဲ ဘလော့ စရေးဖြစ်သွားတာပါ။

ဘလော့ စလည်းရေးရော အမျိုးသားက ကန့်ကွက်တယ်။ စာတွေနဲ့ အချိန်မလောက်ရတဲ့ အထဲ ဘလော့ရေးရင် နားချိန်ရမှာ မဟုတ်ဘူး။ စာကြည့်လို့ သူကို ဂရုမစိုက်နိုင်တာ ခွင့်လွတ်ပေမဲ့၊ ဘလော့ရေးရင်တော့ ခွင့်မလွတ်ဘူး.လို့ ဆူပါတော့တယ်။ နောက်တစ်ခုက ဘလော့က အင်တာနက်မှာ လူတကာကြည့်တာ၊ တချို့က ပေါက်ကရတွေရေးတာ။ ရှုပ်ရှုပ်ရှပ်ရှပ်တွေမိုလို့ မရေးပါနဲ့လို့ပြောပါလေရော။

ဒါပေမဲ့ လုပ်ချင်ရင် ဇွတ်လုပ်တတ်တဲ့ အကျင့်ကြောင့် ဂတိ သုံးခုပေးပြီးစခဲ့ပါတယ်။ သူရှိနေချိန် ဘလော့မရေးဘူး (စာကြည့်တယ်၊ သူမရှိမှ ဘလော့ရေးတယ်. :P) ဆိုတာရယ်။ ပေါက်ကရ ရေးမယ့်သူမရှိအောင် ကိုယ့်သူငယ်ချင်းလေးတွေ ကိုပဲ ဖိတ်မယ် ဆိုတာရယ်၊ ကိုယ့်အကြောင်းထက် စာအကြောင်း၊ ဗဟုသုတ ရစရာလေးတွေပဲ ရေးမယ်ဆိုတာကို ပါ ဂတိပြုခဲ့ရပါတယ်။

အဲဒီနောက်တော့ ကိုယ်ဘလော့ရဲ့ ပထမဆုံး စာဖတ်ပရိတ်သတ်က သူဖြစ်လာပါတယ်။။ စည်းရုံးရေးကောင်းတယ်မို့လား၊ :D (အခုသူနဲ့က တနေရာဆီဖြစ်နေပြီး သူ့ခင်မျာ အင်တာနက်သုံးချိန်မရတော့ မအားပေးနိုင်ရှာဘူး၊ အားအပေးဆုံး စာဖတ်ပရိတ်သတ်တစ်ယောက် ရော့သွေားတာပေါ့။ :( )

နောက်တော့ သူငယ်ချင်းနှစ်ယောက်ကို လင့်ခ်ပေးခဲ့တယ်။ ငါရေးထားတာလေးတွေ ဖတ်ကြည့်ပါဦးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါ။ တစ်ယောက်က ချက်ချင်းလက်ခံခဲ့တယ်။နောက်လည်း ကိုယ်ရေးတဲ့ ပို့စ်တွေကို e-mail နှင့် forwarding လုပ်ပေးပါတယ်..။ သူကျေးဇူးကြောင့် ကိုယ်စာရေးတော်တာ သူများတွေသိခွင့်ရသွားတာပါ။ (တော်သလားလို့ပါ:D) ကျေးဇူးပါ သူငယ်ချင်း..။

နောက် တစ်ယောက်ကတော့ ”လသာည”ဆိုတာ ဘူသူလဲ ဆိုပြီး ချက်ချင်းလက်မခံဘူးရယ်။ ဒါပေမဲ့ ကိုယ်မှန်းသိတော့ လက်ခံခဲ့ပါတယ်.။ နားငြီးလို့ထင်ပါရဲ့၊ ဟားဟား။ ဒီဘလော့ရဲ့ ဒီဇိုင်းတော်တော်များများက သူကျေးဇူးပါ။ သူက ဘလော့လုပ်နည်း အဖိုးတန် လင်ခ်တွေ သူရှာပေးတာပါ။ ကျေးဇူးပါ ညီမလေး..။ (သူပေးသမျှ ကိုယ်ကလိုက်မလုပ်နိုင်တော့ ဘလော့ဒီဇိုင်းက ဒီအတိုင်း အရိုးကျဲကျဲ နဲ့ ကဗျာမဆန်လှပါဘူး၊ ဒါကတော့ ကိုယ်ညံ့တာပါ...။ )

နောက်တယောက် ..ဘလော့ရေးတော့ သူသိမှာ တော်တော်စိုးရိမ်ခဲ့တာ၊ ဒါတောင် သူက သိဖြစ်အောင်သိသွားတယ်.။ ကြောက်တာက တခြားမဟုတ်ဘူး။ သူက အရယ်သန်လို့။ ကိုယ်ဘာလုပ်လုပ် ရယ်တော့တာပဲ..။ ဥပမာလသာည တဲ့ ဟားဟားဟား ဆိုတာမျိုး ပေါ့။ ရယ်တယ်.ရယ်တယ်.သူကို ဒီဘလော့ရဲ့ အရယ်တော်(အ၀ယ်တော်မဟုတ်ဘူး) အဖြစ် ခန့်ထားရတယ်..။ ဒါပေမဲ့ သူမရှိရင်လည်း ပွဲမစည်ဘူးဆိုတော့လည်း သူရယ်တာကို လက်ခံနေရတာပေါလေ။ သူက ရယ်ချင်ရယ်၊ မရယ်ချင်ငိုတဲ့သူပါ။ အင်း..ငိုတာထက်စာရင် ရယ်တာက တော်သေးတာပေါ့နော့။။ သူက ဒီဘလော့ရဲ့ မြန်မာစာဆရာမပါ.။ လသာည..ဘာဖြစ်လို့ “ဘူး”ကို “ဖူး”လို့ ရေးတာလဲဆိုလို့ အမြန်ဆုံး ပြန်ပြင်နိုင်ခဲ့ရတာ သူကျေးဇူးပါ။

အဲဒီနောက် သူငယ်ချင်း၃ယောက်ကို ထပ်ဖိတ်တယ်။ မိဆိုးလေး က ချက်ချင်း လာလည်သွားတယ်.။ တော်တော်ချစ်ဖို့ကောင်းပါတယ်။ နေ့တိုင်းလာသလို လာတိုင်းနှုတ်ဆက်တယ်။ ပျင်းပြီး အထီးကျန်သလိုဖြစ်နေပေမဲ့ c-boxထဲက စာတွေဖတ်ပြီး ကိုယ်အိမ်ကို အလည်လာပြောနေသလို ခံစားရတယ်.။ အိစံကိုရောပါ..တကယ် ကျေးဇူးတင်တယ်။ (နောက် c-boxမရေးပေမဲ့ လာလည်တဲ့ သူငယ်ချင်း အကုန်လုံးကို ကျေးဇူးတင်ပါတယ်။)

ကိုယ်က ဘလော့ကို စဖွင့် ပြီဆိုရင် ကိုယ်စာလေးတွေ ကိုယ်သူငယ်ချင်းတွေ လာဖတ်ရဲ့လားသိချင်တော့ လူဘယ်နှစ်ယောက်လာလဲဆိုတာ စစ်ရတာ အမော၊ ဘယ်သူလာတယ်ဆိုတာ မသိရပေမဲ့ လာတဲ့အကြိမ်တော့ မြင်ရတယ်လေ။ အရေအတွက်များတော့ သူငယ်ချင်းတွေ တော်တော်လာတာပဲလို့ ၀မ်းသာမလို့ ရှိတုန်း၊ တစ်ယောက်က ပြောတယ်၊ ဘလော့လာတဲ့အရေအတွက်များရတာ သူက အကြိမ်ကြိမ် ဖွင့်လိုက်ပိတ်လိုက်လုပ်နေလို့ပါ...တဲ..:D။

မသိဘူးလေ၊ ကိုယ်ရေးတာလေးတွေ တော်တော်ဆွဲဆောင်မှုရှိနေလို့ လူတော်တော်များများလာနေသလားရယ် လို့ ကိုယ်ကိုကိုယ် အထင်ကြီးသွားမိလို့ပါဟားဟား။ အင်း..သူကိုယ်တိုင်ကလည်း ကိုယ်ကို ခင်လို့တာ လာရတယ် ရေးတဲ့ဘလော့အကြောင်းကိုက သိပ်စိတ်ဝင်စားပုံ မပေါ်ဘူးရယ်။ c-boxမှာ အရုပ်နဲ့ ဆော့ပြီး ပြန်ရော။ တော်တော်အားပေးတယ်။

ရပါတယ်၊ရှိပါစေတော့.။ ဘယ်လိုပဲဖြစ်ဖြစ် လာနေတာကိုပဲ ကျေးဇူးတင်လှပါပြီ။ ( တဆင့်တက်ပြီး request -ကလေးက) ဖြစ်နိုင်ရင် လာလည်ကြောင်းနှုတ်ဆက်သွားပါနော်.။ ဒါမှမဟုတ်ကွန်မန့်ရေးပေးချင်မဲ့ နာမည်ရေးရမှာ ရှက်ရင် ပို့စ်အောက်မှာ anonymous နဲ့ ရေးနော်။ ဒါမှမဟုတ် reactionအကွက်လေးထဲမှာ တစ်ခ် လုပ်ပေးလည်းရတယ်။ (နည်းနည်းလူလည်ကျပြီး ကောင်းတာချည်းပဲရေးထားတယ်။ ခွင့်လွတ်..)
(reactionအကွက်လေးကို ပြန်ဖြုတ်လိုက်တယ်။ မအားတဲ့သူတွေကို အားနာလို့းဝ)

ဒီစာလေးတင်တာ အကြောင်းရှိပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ psy testလေးတွေရလို့ ဘာသာပြန်ပြီး အတူတူ စမ်းလုပ်ကြည့်ချင်စိတ်ပေါက်နေလို့ပါ။ ဒါနဲ့ ကိုယ်ဘလော့ကို လူဘယ်နှစ်ယောက်လာသလဲ၊ psyအကြောင်း စိတ်ဝင်စားရဲ့လား သိချင်တာနှင့် ရေးလိုက်တာပါ..။ တလွဲမတွေးပါနဲ့. :D ...။

အဲဒီpsy testကဂျပန်လို ရေးထားတာပါ။ စာလေးတွေက တော်တော်ကိုကောင်းတယ်။ အခုနည်းနည်း ဖတ်ထားလိုက်ရင် နောင်ဆို သူငယ်ချင်းတွေကို ဗေဒင်လိုလို အကြားအမြင်လိုလို ဟောစားလို့ရတယ်ရော။ ဒါက incentiveပေးတာပါ။ :D

ဂျပန်လိုကနေ ဘာသာပြန်ရမှာဆိုတော့ တပတ်တစ်ခုလောက်ပဲ ရေးဖြစ်မယ်ထင်တယ်။ သူငယ်ချင်းအားလုံး မအားတဲ့ကြားထဲက အချိန်ပေးပြီး လာတာ တကယ်ကို (တကယ့်ကို) ကျေးဇူးတင်ပါတယ်။

လသာည ဖြစ်ပါသည်.။