Sunday, May 30, 2010

မှတ်သားမိတဲ့ အတိုအစများ

အရင်တလော မျက်လုံးကြည့်မကောင်းလို့ ဆရာဝန်သွားပြတော့ အဝေးမှုန်တဲ့..။ (အနီးကတော့ မြင်ပါတယ်။ ကွန်ပျူတာဆို အနားကနေမခွာပဲ အမြဲ ကြည့်ဖြစ်နေတာပဲဟာ..)။ ဒါနဲ့ မဖြစ်မနေ အခု မျက်မှန်တပ်လိုက်ရတယ်..။ အခုတော့ လောကကြီးကို ဘောင်ခတ်လို့ ဘောင်ထဲကသာ ကြည့်နေရပါတယ်း))

ဆရာဝန်က ဆက်ပြောသေးတယ်။ ကွန်ပျူတာကြည့်တာ နည်းနည်း လျှော့ပါတဲ့.. ;'(။ ဒါနဲ့ မျက်လုံးနားတဲ့အနေနဲ့ အရင်ထက် ကွန်ပျူတာကို ကြည့်ချိန်လျှော့လိုက်ပြီး စာအုပ်တွေပဲ အဖတ်များသွားတယ်။ ဖတ်ဖြစ်တဲ့ စာများထဲက တချို့ကို မျှဝေချင်တာနဲ့ ပိုစ်တင်လိုက်ပါတယ်။ သိပြီးသားဖြစ်နေရင် ခွင့်လွှတ်ပါ.နော်..
....................................................x..........................................
(က)
သုတေသန မှတ်တမ်းတစ်ခုက.. သာမာန်အမျိုးသားတစ်ဦးထက် သာမာန်အမျိုးသမီးတစ်ဦးဟာ လေးဆ ငိုဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ အမျိုးသမီးတွေရဲ့ ဦးနှောက်လုပ်ငန်းစဉ်တွေဟာ တခြားသူ၏ မျက်နှာရိပ်မျက်နှာကဲ ဖတ်ခြင်း၊ စကားလုံး အနိမ့်အမြင့်ကနေ တဖက်လူရဲ့ စိတ်လှုပ်ရှားမှုကို သိနိုင်ခြင်းစတာတွေ (အမျိုးသားများထက်) ပိုပါတယ်။ ဆန့်ကျင်ဖက်အားဖြင့် အမျိုးသားများမှာတော့ တခြားသူရဲ့ ခံစားချက်ကို မျက်နှာရိပ် မျက်နှာကဲ (အမျိုးသမီးများလောက်) မဖတ်တတ်သလို၊ အသံအနိမ့်အမြင့်ကနေလည်း သိရှိနိုင်မှုအားနည်းပါတယ်။ တဖက်လူက တကယ်မျက်ရည်ကျတော့မှသာ ခြေမကိုင်မိ လက်မကိုင်မိ ပြာယာခတ်ပြီး ငါတစ်ခုခု အပြောမှားသွားပြီလို့ သိသွားတတ်တာပါ။ ဒါကြောင့်လည်း အမျိုးသားများ မြန်မြန်သိနိုင်ဖို့ အမျိုးသမီးများ ငိုငိုပြနေရတယ်။

(ခ)
ကျက်မှတ်ထားတဲ့စာကို စွဲမြဲစေချင်ရင် အနံ့နဲ့ တွဲမှတ်ပါတဲ့။ ကိုယ်ကျက်မှတ်ဖတ်တဲ့စာကို စွဲမြဲဖို့ စာဖတ်ချိန်မှာ ပန်းရနံ့ကဲ့သိုသော အမွေးရနံ့တစ်ခုနဲ့ စာကြည့်ပါ။ ဥပမာ.. နှင်းဆီပန်းအနံ့ ကြိုက်သူများက နှင်းဆီပန်းအိုးကို စာကြည့်စားပွဲပေါ်ထားရင်း စာကြည့်ပါ။ ပြီးရင် အဲဒီနှင်းဆီပန်းရနံ့နဲ့ပဲ အိပ်ပါ။( အိပ်ရာဘေး မနီးမဝေးမှာ နှင်းဆီပန်းထားပြီး အိပ်ပါ)။ ဦးနှောက်ရဲ့ ဖန်ရှင်တစ်ခုက အနံ့အာရုံနဲ့ တွဲထားတဲ့ စာတွေကို အနံ့အာရုံနဲ့ တွဲပြီး မှတ်တတ်တဲ့ အတွက် အိပ်မောကျချိန် (မသိစိတ်ထဲထိ) စာနဲ့ မွှေးရနံ့က တွဲမှတ်သွားပါလိမ့်မယ်။ ဒါဆို စာမေးပွဲ ဖြေချိန်မှာ ၎င်းရနံ့(နှင်းဆီပွင့်သေးသေးလေးဖြစ်ဖြစ်)နဲ့ သွားဖြေရင် ရနံ့နဲ့အတူ စာတွေက ခေါင်းထဲကနေ တန်းစီထွက်လာနိုင်မယ်လို့ ဦးနှောက်သုတေသန တစ်ခုက ဆိုပါတယ်။

(ဂ)
ခွေးတွေရဲ့ မှတ်ဥာဏ်အားဟာ နားမှာ ရှိပါတယ်။ အကြားအာရုံနဲ့ တွဲပြီး အားလုံးကို မှတ်တတ်တယ်။ အနံ့အာရုံက ဒုတိယအဆင့် အားကောင်းတယ်။ ခွေးတွေရဲ့ အနံ့ခံအားက ယေဘုကျအားဖြင့် နှာခေါင်းပေါ်မှာ မူတည်ပါတယ်။ နှာခေါင်းရှည်လေ အနံ့ခံအားကောင်းလေ ဖြစ်တယ်။ ခွေးတွေအချင်းချင်း စကားပြောတာဟာ အသံနဲ့မကပါဘူး။ အမြီးနဲ့ ပြောတာဖြစ်ပါတယ်။ ပျော်လို့ လှုပ်ရမ်းတဲ့ အမြီးလှုပ်ပုံနဲ့ ရန်သူတွေ့လို့ အမြီးလှုပ်ပုံဟာ မတူဘူးလို့ ဆိုပါတယ်။ ခွေးအမြီးလှုပ်ပုံကို လေ့လာတဲ့ သုတေသီက ပြောတာပါ။

(ဃ)
ဆိုရိုးရှိတယ် မျက်လုံးချင်း စကားပြောတယ် တဲ့..။ ချစ်သူချင်း တွေ့တဲ့အခါ တစ်ယောက်မျက်နှာ တစ်ယောက် စူးစူးစိုက်စိုက် မျက်လုံးချင်းဆုံပြီး ပြောကြသလို၊ မိခင်နဲ့ ကလေးငယ်ဆုံရင် မိခင်က ကလေးမျက်လုံးလေးကို လိုက်ကြည့်ပြီး ကလေးရဲ့လိုအပ်ချက်ကို နားလည်မှုယူတယ်။ ကလေးမျက်လုံးက သူလိုအပ်တာကို စကားပြောတယ်.။ ဒါက နှစ်သက်တဲ့ မျက်လုံးချင်း စကားပြောမှု..။

ဒါပေမယ့် မနှစ်သက်တော့ဖူးဆိုရင်လည်း မျက်လုံးချင်းဆုံပြီး မျက်လုံးချင်း စကားပြောကြတယ်။ မနှစ်သက်တဲ့အချိန် ဒေါသဖြစ်နေသူကိုလည်း ကြည့်ပါ။ ဥပမာ.. ဆရာက ကျောင်းသားတစ်ယောက်ကို ဆူနေချိန်ဆို သူ့မျက်လုံးဟာ ကျောင်းသားမျက်လုံးကနေ လုံးဝမခွာတော့ပဲ စူးစူးရဲရဲ စိုက်ကြည့်ပြောတတ်တယ်။ တခါတခါ အဲဒီ ဆရာ့မျက်လုံးရှေ့ကနေ ဘယ်လိုကိုယ်ပျောက်ဆေးသုံးပြီး ပျောက်အောင် လုပ်ရပါ့မလဲ တွေးမိအောင် ကလေးကို အနေရခက်စေပါတယ်။ မိဘက သားသမီးကို ပြောမရဆိုမရလို့ စိတ်ဆိုးနေပြီဆိုရင်လည်း အဲလိုပါပဲ။ ပေါက်ထွက်မတတ်ကြည့်တတ်တယ်ဆိုတာ အဲဒါပဲ ဖြစ်မယ်ထင်တာပါပဲး)..။ မနှစ်သက်လို့ ပြောတဲ့ မျက်လုံးချင်းစကားပြောမှု..ပါ။

(င)
ထိတွေမှုကလည်း စကားပြောတယ်..။ ကိုယ် ၀မ်းနည်းနေတဲ့အချိန် ကိုယ့်ပုခုံးကို တစ်ယောက်ယောက်က ညင်ညင်သာသာ ပုတ်ပြီး စကားလာပြောရင် ဒါဟာ ကိုယ့်ကို အားပေးနေတာ။ ကိုယ့်ဘေးနားမှာ ကပ်ထိုင်ပြီး စကားတခွန်းမထွက်ပဲ တိတ်တိတ်ဆိတ်ဆိတ် လာထိုင်ပေးနေတာဟာ ကိုယ့်လိုပဲ ထပ်တူခံစားနေရတယ်လို့ သူဆိုလိုချင်နေတာ..။ ကိုယ်ကလည်း ကိုယ်ရင်းနှီးတဲ့သူတွေကို အဲလိုနည်းနဲ့ အားပေးလို့ရတယ်။ တစ်ခုတော့ ရှိတယ်.. ကိုယ့်ထက်ကြီးတဲ့ အရာရှိလူကြီးကိုတော့ အဲလိုနည်းနဲ့ ပုခုံးပုတ် အားပေးလို့ မရဘူးရယ်။ သတိထားရမယ်း)

(စ)
အကွာအဝေးကလည်း စကားပြောတယ်..။ကိုယ် က ရုံးခန်းတစ်ခုခုကို ၀င်ဖို့ (ရုံးမဖွင့်သေးလို့) အပြင်မှာ ထိုင်စောင့်ချိန် တခြားသူတစ်ဦးဦး ထပ်ရောက်လာတယ်ဆိုပါတော့..။ သူကလည်း ကိုယ့်လိုမျိုး ရုံးထဲဝင်ဖို့ စောင်မယ့်သူ။ ထိုင်ခုံတွေလည်း လွတ်နေတယ်။ ကိုယ့်အနားက ထိုင်ခုံလွတ်နေသလို အဝေးတစ်နေရာကလည်း လွတ်နေချိန် သူ ဘယ်ကိုသွားထိုင်မလဲ.. ဆိုတာ ကြည့်လိုက်ရင်.. ထိုသူရဲ့ ထိုင်ခုံရွေးချယ်ဆုံးဖြတ်ချက်ကနေ သူဟာ “ကိုယ် နဲ့ ခင်ခင်မင်မင် လာစကားပြောချင်သူလား။ ကိုယ်နဲ့ စကားမပြောချင်သူလား”ဆိုတာကို သိနိုင်တယ်..။

(ဆ)
ဒီပုံထဲက ပုစ္ဆာမှာ ထရေစီ မှားပါတယ်။ ဘာကြောင့်မှားသလဲဆိုတာကို ကိုယ့်ဘာသာပဲ တွက်ချက်တွေးကြည့်လိုက်ပါး)) လသာညကတော့ တွက်ချက်ရမှာ ပျင်းသူမို့ ကလေးလေး ဖြေထားတဲ့ because she is a woman ဆိုတာကိုပဲ ဖတ်ပြီး ရယ်မောလိုက်ပါတယ်..။ (သတိ .. လသာည သည်လည်း woman ဖြစ်ပါတယ်.းD )
photo from here.

အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ..
လသာည ဖြစ်ပါတယ် ။

Monday, May 24, 2010

နံရံများနှင့် ကျနော်

နံရံအားလုံး..♪.. နားတွေ ရှိရင် ♫... ဘ၀ကို.♪. သီချင်းလုပ်.♪. ဆိုချင်တယ် ♪♪♪♪ ♪♫..... .

လသာည ဖြစ်ပါတယ်
...................................................X ........................................

Friday, May 21, 2010

အလကားရသော ပုံဆွဲတဲ့ ဆော့ဖ်ဝဲ

ကျွန်မက ပုံဆွဲရတာကို အရမ်းဝါသနာပါတာတော့ မဟုတ်ပေမယ့် ပုံလှလှလေးတွေတော့ တအားကြိုက်ပါတယ်..။ စာဖတ်ရတာ ပျင်းတဲ့အခါ ပုံတွေလိုက်ကြည့်ပြီး နေတတ်တဲ့ အကျင့်တော့ ရှိတယ်။ အခုရက် Thesis အတွက် လိုအပ်တဲ့ figure တွေ ဆွဲဖို့ လိုတဲ့အတွက် ပုံဆွဲတဲ့ ဆော့ဖ်ဝဲကို ရှာဖွေမိပါတယ်။

အဲဒါ.. ဒီနေ့ ဆော့ဖ်ဝဲကောင်းလေးတစ်ခု တွေ့လို့ ၀မ်းသာအားရ ရှယ်ပေးပါရစေ။ သူက 3 D ပုံဆွဲတာပါ။ တအားကောင်းပါတယ်။ ကျောင်းသားတွေလည်း သုံးတာမို့ ဗိုင်းရပ်မပါတာ သေချာတာရယ်၊ နောက်ပြီး install လုပ်စရာမလိုပဲ memory stick ထဲမှာ ကော်ပီကူးယူထားပြီး သုံးချင်တဲ့အချိန်သုံးရုံပဲ၊ နောက်ပြီး ဖျက်ချင်ရင် delect လုပ်ရုံပဲလေ။

သူက မောက်စ်ကို နှိပ်ရုံနဲ့ ကိုယ်ဆွဲချင်တာကို ဆွဲသွားလို့ရတယ်။ ပြီးတော့ အလကားလည်း ဒေါင်းလော့လုပ်ဖို့ ပေးထားတယ်။ ဒေါင်းလော့လုပ်ချင်တဲ့သူ ဒီနေရာကို ကလစ်ပါ။
ဂျပန်လို ရေးထားတာဖြစ်ပေမယ့် ဘေးက tool bar က ပုံတွေကို လျှောက်နှိပ်ပြီး စမ်းကြည့်လိုက်ရင် ရပါတယ်။ ပုံကို ကြီးချင်ရင် G ကို၊ သေးချင်ရင် F ကို နှိပ်ရုံပါပဲ ထက်အောက် ဘေးဘယ်ညာက A S D F ကီးကို နှိပ်ကြည့်လိုက်ပါ။ ပုံကို လှည့်ချင်ရင် မောက်စ်ကို right click လုပ်ပြီး နှိပ်လှည့်ရုံပဲ။ တအားကို လွယ်ပါတယ်။ လူပုံဖြစ်အောင် ဆွဲဖို့တော့ နည်းနည်းစိတ်ရှည်ရမယ် ထင်ပေမယ့် အပျင်းပြေ ဆော့ဖို့တော့ အဆင်ပြေမယ်ထင်တယ်။

ဒါက သူများဆွဲထားတာလေး နမူနာ ယူပြတာ။ ပုံလေးတွေ ဒီနေရာလေး မှာ ရှိတယ်။




အပေါ်ဆုံးက ပုံက လသာည ဆွဲထားတာ။ မိုက်တယ်ဟုတ်း)) ကိုယ့်ဘာသာ ချီးကျူးနေတာ အဟား။ ခွင့်လွှတ်ပါ။ ဘယ်သူပြောတာလဲတော့ မသိဘူး “ပုံဆွဲခြင်းဖြင့် stress တွေကို မေ့လျော့နိုင်တယ်”တဲ့.. ။ ဒါကြောင့် အားတဲ့အခါ သူ့ပုံတို့ ကိုယ့်ပုံတို့ ဆွဲကြည့်မယ်လို့ စိတ်ကူးနေတယ်.။ အခု ဆော့ဖ်ဝဲနဲ့ မနေ့ညက ဒီကိုလာ က ပုံတွေ ထပ်ဆွဲထားပါတယ်။ ပုံဆွဲဝါသနာပါသူလေးများ သွားရောက်လေ့လာဖို့ ညွှန်းပါတယ်..

လသာည ဖြစ်ပါတယ်။
မှတ်ချက်.. (3 D ကျွမ်းတဲ့ ပညာရှင်တွေ အတွက် တော့ ပျင်းစရာကောင်းချင် ကောင်းမှာပါ။ အပျင်းပြေ စိတ်ပြေလက်ပျောက် ပုံဆွဲချင်သူများအတွက်သာ သက်သက် သတင်းမျှဝေပေးတာပါ နော်း))

Wednesday, May 19, 2010

အပူဒဏ်

ကျွန်မ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး အဲဒီအကြောင်းကိုပဲ ခေါင်းထဲရောက်ရောက်နေပါတယ်။ မြန်မာပြည်မှာ မီးမလာ ရေရှားပြီး တအားပူနေတယ်ဆိုတဲ့ အကြောင်းပါ.။ ဂျပန်ကလည်း ဒီနေ့ သတင်းထဲမှာ ဒီနှစ် အရမ်းပူမတဲ့..။ သူတို့လည်း အပူချိန်မြင့်မှာကို စိုးရိမ်နေကြတယ်.. ။ တကယ်ဆို စက်မှုနည်းပညာတွေ တိုးတက်ခေတ်မှီတဲ့ ဂျပန်နိုင်ငံက ပူလည်း ဘာပူစရာရှိလဲနော်။..လျှပ်စစ်စွမ်းအားတွေ၊ လောင်စာစွမ်းအားတွေနဲ့ အပူဒဏ်ကို တွန်းလှန်နိုင်မှာပေါ့..။ အဲဒီလောက် မတိုးတက်သေးတဲ့ မြန်မာပြည်မှာသာ ပူရင် ကျောကော့ခံနေရတာလေ..

ဒါနဲ့ ကျွန်မစဉ်းစားကြည့်မိတယ်။ အခုလို စက်မှုနည်းပညာတွေ ခေတ်မမှီခင်က ကမ္ဘာတိုင်းပြည်တွေ ဘယ်လိုများ အပူဒဏ်ကို ခံနိုင်အောင်ကြိုးစားခဲ့ကြသလဲပေါ့..။ အပူချိန်ကာကွယ်နည်းနဲ့ပတ်သက်တဲ့ စာတွေလျှောက်ဖတ်ဖြစ်တယ်..။

မြန်မာနိုင်ငံအပါအ၀င် တောင်လတ္တီကျူ ၃၀ဒီဂရီနဲ့ မြောက်လတ္တီကျူ၃၀ ဒီဂရီကြား နိုင်ငံတွေဟာ အပူဒဏ်ကို အသေအချာခံစားကြရပါတယ်။ ဒီအတွက် အဲဒီနိုင်ငံတွေဟာ အပူဒဏ်ကို သဘာဝအားဖြင့် ကာကွယ်ပြီး အအေးဒဏ်ကို ရယူဖို့ နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြတယ် (အခုလည်း ကြိုးစားနေကြဆဲ..ဖြစ်ပါတယ်။)

Passive cooling ဆိုတဲ့ စာအုပ်တစ်အုပ်မှာ အပူဒဏ်ကို ကာကွယ်ပြီး အအေးဓါတ်ကို ထိန်းသိမ်းဖို့ ယေဘုယျအားဖြင့် နည်း ၂နည်း ရှိတယ်လို့ဆိုပါတယ်..။ တစ်နည်းကတော့ အိမ်အတွင်းကို အပူဝင်မလာအောင် ထိန်းထားခြင်းဖြစ်ပြီး ကျန်တစ်နည်းကတော့ သဘာဝအားဖြင့် အအေးဓါတ်ရယူခြင်း ပဲဖြစ်ပါတယ်။

ပထမဆုံးနည်းကတော့ အဒိုဘီလို့ခေါ်တဲ့ ရွံစေးမြေစသည်နဲ့ လုပ်တဲ့ အိမ်များ ဆောက်လုပ်နေထိုင်ခြင်းဖြစ်ပါတယ်။
အဲဒီအိမ်မျိုးကို မက္ကဆီကိုနိုင်ငံမှာ အများဆုံးတွေ့ရတယ်..။

မြေစေးအိမ်တွေရဲ့ မြေစေးနံရံတွေဟာ နေ့အခါမှာ အပူကို စုပ်ထားနိုင်တဲ့ အတွက် အိမ်အတွင်း အပူကို အေးထားနိုင်တာ တွေ့ရပါတယ်။ ဒုတိယနည်းကတော့ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ အများဆုံးတွေ့ရတဲ့ ၀ါး ထရံကာ၊ သက်ကယ်မိုး၊ ဓနိမိုးကာ အိမ်တွေပဲ ဖြစ်ပါတယ်။ သက်ကယ်အိမ်က လေအေးက ပြတင်းပေါက်မှသာမက နံရံ ဘေးဘယ်ညာ ကြမ်းခင်း အပေါက်များမှတဆင့် ၀င်နိုင်အောင် ဆောက်လုပ်နေထိုင်ကြခြင်းဖြင့် အပူဒဏ်ကို ကာကွယ်ကြတာပါ။ မြန်မာဆိုရိုးစကားတောင် ရှိတယ်မို့လား.. “ကြမ်းကြားလေက အေးတယ်၊ ..... က ဘာဖြစ်တယ်”ဆိုလား..းD။ နယ်တွေမှာ တအားပူတဲ့အချိန် ကြမ်းခင်းအေးအေးလေးမှာ အိပ်လိုက်ရတာဟာ အဲယားကွန်းလိုပဲ ဇိမ်ကျတယ်လို့ ဆိုကြတယ်။ အဲဒီအဆိုကတော့ နယ်မှာ ကြီးပြင်းခဲ့တဲ့အတွက် လက်တွေ့နေခဲ့ရသူမို့ ထောက်ခံမိပါတယ်..။

ဟိုဘက်ခြမ်းက နိုင်ငံတွေဖြစ်တဲ့ အီဂျစ်နဲ့ အီရန်နိုင်ငံတွေကတော့ နည်း၂ မျိုးလုံးကို သုံးစွဲပါတယ်။ မြေစေးနဲ့ အိမ်ဆောက်ပြီး အဆောက်အဦးအပေါ်ဖက်မှာ လေအ၀င်အထွက်အပေါက်များ ဖော်ထားခြင်းဖြစ်ပါတယ်။ wind catcher လို့ခေါ်တဲ့ လေ၀င်လေထွက် အပေါက်များကနေပြီး မနက်ခင်းမှာ လေအေးကို ရယူပြီး၊ နေ့လည် လေပူလာချိန်ကျတော့ ပူလာတဲ့လေက အထက်ကို တက်ပြီး အဆောက်အဦးအပေါ်ဘက်က လေတိုးပေါက်ကနေ အိမ်ပြင်ကို လေပူတွေကို ပြန်ထုတ်ပစ်တာပဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သစ်ပင်တွေပဲ ဖြစ်ပါတယ်။ သစ်ပင်တွေက အရိပ်ကို ပေးသလို၊ မြက်ခင်းတွေက နေရောင်ခြည်က အပူချိန် အလင်းတန်းပြန်ခြင်းကို လျော့နည်းစေတယ်။ လေထုကို စွတ်စိုစေတယ်..။ တအားနေပူတဲ့အချိန်တွေမှာ မြက်ခင်းတွေနားက လေထုဟာ အေးနေတာကို သတိထားကြည့်ရင် တွေ့ရလိမ့်မယ်။ ဒါကြောင့် မြက်ပင်သည်လည်း အရေးပါတယ်။ ပြီးတော့ တနိုင်တပိုင်စိုက်ထားတဲ့ အိမ်ဝန်းထဲက ပန်းခြံဟာ အေးမြတဲ့ အပန်းဖြေရာ ဖြစ်လိမ့်မယ်။

တအားပူတဲ့ ဒေသတွေမှာ အဆောက်အဦးတွေဟာ တစ်ခုနဲ့တစ်ခု အရိပ်ရအောင် ပေးနိုင်တဲ့ အကွာအဝေးနဲ့ နီးကပ်စွာ ဆောက်ထားခြင်းမျိုးဟာလည်း အပူကို ထိန်းရာရောက်ပါတယ်။ (မီးအန္တရယ်တော့
သတိပြုရလိမ့်မယ်ထင်တယ်) ဒါကတော့ အပူချိန်ကာကွယ်နိုင်အောင် အိမ်ခြေစိတ်ထားတဲ့ ဂရိနိုင်ငံ Mikono က အိမ်လေးတွေပါ။

နောက်တစ်ခုက အအေးကို ထိန်းနည်းကတော့ ကျောက်စရစ်ခဲလေးများပဲ ဖြစ်ပါတယ်။ Australian တွေကတော့ ကျောက်စရစ်အိပ်ရာ (pebble bed) ကို သုံးခဲ့ကြသတဲ့ (အခုရော သုံးသေးလား မသိဘူး)။ pebble bed ဆိုတာက မြေအောက်ထပ်မှာ ကျောက်စရစ်ခဲခင်းထားခြင်းကို ခေါ်တာပါ။ ညအခါမှာ လေက ကျောက်တုံးလေးတွေကြားဖြတ်သွားထားတော့ ကျောက်စရစ်လေးတွေက အအေးဓါတ်ကို ယူထားသလိုဖြစ်နေပြီး နေ့အခါ ပူတဲ့အချိန်မှာ ကျောက်စရစ်များရဲ့ အအေးဓါတ်က အိမ်ထဲကို ၀င်လာတဲ့နည်းပဲ ဖြစ်ပါတယ်။ ပိုသေချာအောင် ကျောက်တုံးလေးတွေကို ရေလောင်းပေးတာလည်းပဲ ကောင်းတဲ့နည်းလေး ဖြစ်ပါတယ်။

တအားခြောက်သွေ့ပူပြင်းလာတဲ့အခါ ရေငွေ့ပျံခြင်းနိယာမကို အသုံးချတဲ့နည်းလည်း ရှိပါသေးတယ်။ အဲဒါကတော့ အိမ်ရဲ့ ပြတင်းပေါက်တွေမှာ ရေစိုအ၀တ်ကို ကာထားခြင်းဖြစ်ပါတယ်။ ( မအယ် ဘလော့မှာ အဲဒါကို အညာအဲကွန်းလို့ ခေါ်ကြောင်း ရေးသားပေးထားပါတယ်)ပူနွေးတဲ့ လေက ရေစိုအ၀တ်ကို ကျော်ဖြတ်ပြီးမှ အိမ်ထဲဝင်ရတာ ဖြစ်တဲ့အတွက် အ၀တ်က အပူဓါတ်ကို စုပ်ယူထားသလို ဖြစ်ပြီး ၀င်လာတဲ့လေက အေးသွားတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပြတင်းပေါက်နား သို့မဟုတ် ပြတင်ပေါက်ပေါ်မှာ ရေစဥ့်အိုး (ဖြစ်နိုင်ရင် ကြီးကြီး) တစ်လုံးထားပေးခြင်းဖြစ်ပါတယ်။ တစ်ခုတော့ ရှိတယ်။ ရေကို ခဏခဏ မလဲပစ်ဖို့တော့ လိုပါတယ်တဲ့..။

ဒါ့အပြင် မကိ ဘလော့နဲ့ မငယ်နိုင် ဘလော့တွေမှာလည်း အပူကို ရှောင်နည်း၊ အပူဒဏ်ကို ကာကွယ်နည်းတွေကို ဆေးပညာဘက်မှ ထောင့်စုံအောင် တင်ပြထားတာ ဖတ်ဖြစ်သေးတယ်။ တော်တော်လေး ဗဟုသုတရလိုက်တာနဲ့ ကူးပြီး သိမ်းထားဖြစ်ပါတယ်။

ဖြစ်နိုင်ရင်တော့ လူတိုင်း ခေတ်မှီစွာ နေချင်မှာပါပဲ။ သိုသော်လည်း ကိုယ်မနေနိင်သေးခင်တော့ ဒီနည်းလေးတွေက အပူကိုနည်းနည်းတော့သက်သာရာ ရစေမယ်ထင်မိတယ်။ သူများတွေက ပူတဲ့အချိန်မှာ ခေတ်မှီနည်းနဲ့ လူအရိပ်မြင်ရုံနဲ့ အဲယားကွန်းက အလိုအလျောက်ဖွင့်ပြီးသား ဖြစ်အောင်ဆိုတာမျိုး တီထွင်နေချိန် ကိုယ်က သဘာဝအားဖြင့် အအေးဓါတ်ယူခြင်းကို လေ့လာနေမိတာ ရင်ထဲမှာ ၀မ်းနည်းတာတော့ အမှန်ပါပဲ.။

Reference : ပုံတစ်ချို့ကို ကိုယ်တိုင်၊ ပုံတစ်ချို့ကို google နဲ့ ဒီနေရာက ယူပြီး ဖတ်မိသမျှ ဗဟုသုတလေးကို မျှဝေတာပါ။

လသာညဖြစ်ပါတယ်။

Monday, May 17, 2010

ပျင်းကွက်ကိုရှာ

ပျင်းတယ်ဆိုတာ နာမည်သာဆိုးတာ လူသက်သာတယ်နော်။ အားလုံး အဆင်သင့်ရနေတဲ့ အဆင့်မြင့် နည်းပညာခေတ်ကြီးမှာတောင် တခါတလေ တစ်ထွာတစ်မိုက် လမ်းမလျှောက်ချင်အောင်၊ မလှုပ်ချင်အောင် ပျင်းမိတတ်တယ်။ အဲဒီအချိန်မျိုးမှာ ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်လိုက်နဲ့၊ ပျင်းတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဖူးရယ်.. သူများတွေလည်း ကိုယ့်လို ပျင်းကြတယ်။

ဟော..မယုံဘူးလား?? ကဲ.. သက်သေအထောက်အထား အဖြစ် .အောက်က ကိုယ့်လို ပျင်းဖော်ပျင်းဖက်လေးများရဲ့ အပျင်းထူပုံများကို ကြည့်သွားပါဦး.. :D
တီဗွီရမု သွားယူဖို့အထိ အန်နာဂျီ အကုန်မခံနိုင်ဘူး..ထိုင်ခုံနဲ့ ထိုင် ထုတ်ရတာ ဆိုတော့ ပိုအဆင်ပြေပုံပဲ..ကားမောင်းတဲ့ဘက်ခြမ်းက မြင်ရရင် တော်ပြီပေါ့...မားမား လည်း ညောင်းတယ် သမီးရယ်..
ဖ၀ါးထပ်ချပ် လိုက်ပါရစေ အဲလေ.. မင်းပျံသန်းရပ် ခိုလိုက်ပါရစေ..

စိတ်ဝင်စားစရာ ပုံလေးတွေ တွေ့လို့ မျှဝေလိုက်တာပါ..း))
source from http://www.dailycognition.com/

လသာည ဖြစ်ပါတယ်။

Saturday, May 15, 2010

အမြင်မှားတတ်တယ်

စိတ်အခံကြောင့် အမြင်တွေ မှားတတ်တယ်တဲ့..။ ဒါက စိတ်ပညာက နာမည်ကြီးတဲ့ ပုံလေးတွေပေါ့..


ဒီပုံကို တွေ့ရင် တချို့က မိန်းမပျိုလေးတစ်ဦးက ကိုယ့်ကို မကြည့်ပဲ တခြားတဖက်ကို ငေးနေတဲ့ပုံလို့ ဖြေကြသလို တချို့က အဖွားကြီးတစ်ဦး ခေါင်းငုံ့ စိတ်ဓါတ်ကျနေတဲ့ပုံလို့လည်း ဖြေတတ်တယ်။ သယ်ရင်း.. မင်းကော ဘယ်လိုမြင်ရသလဲ..။ ဒီပုံကိုလည်း ချက်ချင်းပြ၊ ချက်ချင်ပြန်သိမ်းလိုက်ပြီး ဘာပုံလဲလို့ မေးရင် တချို့က ယောက်ျားပုံလို့ ဖြေတယ်၊ တချို့က မိန်းမပုံလို့ ဖြေတယ်။ အဖြေမတူကြဘူး။ ကြည့်သူဟာ ဓါတ်ပုံကို မြင်မြင်ချင်း လျက်တပြတ်နဲ့ ပုံအလယ်ကို သာ မှန်းကြည့်လိုက်မိရင် ပုံအလယ်ကို ကြည့်မိရုံနဲ့ (အောက်ဆုံးက မိန်းမပျိုပုံကို မမြင်ပေမယ့်) မိန်းမပုံဆိုတာကို အမြင်ထဲမှာ ဆက်စပ်တွေးမြင်သွားတယ်။ ဦးနှောက်ရဲ့ functionတစ်ခု ကြောင့် ဖြစ်ပါတယ်။ (အဲဒီfunction အကြောင်းတော့ နောက်မှပြောတော့မယ်)။ အစကတဲက ပုံတစ်ပုံတွေ့ရင် အစအလယ်အဆုံး အသေးစိတ်ြ့ကည်တတ်သူကတော့ ယောကျာ်းပုံကိုစပြီး သတိထား ကြည့်မိတဲ့အတွက် ယောကျာ်းပုံလို့ ဖြေလိုက်တာ ဖြစ်နိုင်ပါတယ်။

စိတ်အခံကြောင့် မျက်လုံးအမြင်မှားတတ်သလို အလေ့အထကြောင့် အမြင်မှားသလို ဖြစ်တတ်တယ်။ အမြင်မှားတယ်ဆိုတော့ ဘယ်အမြင်မှန်သလဲလို့ လာမေးရင် နှစ်ခုလုံးက အမြင်မှန်တယ်လို့ ဖြေရမှာပါပဲ..။ တကယ်တော့ သူဘက်ကိုယ့်ဘက် သူ့ရှုထာင့်ကိုယ့်ရှုထောင့်ကနေ ကြည့်ရင် နှစ်ခုလုံးက အမြင်မှားဖြစ်နေနိုင်သလို နှစ်ခုလုံးက အမြင်မှန်လည်း ဖြစ်နေနိုင်တယ်လေ။ ဒါကြောင့် ကိုယ်မြင်တာဟာ အမှန်ဖြစ်နိုင်တယ်။ ဒီလိုပဲ သူများမြင်တာလည်း အမှန်ဖြစ်တယ်လို့ လက်ခံပေးလိုက်နိုင်ရင် အမြင်မှားတာ ရှိတော့ဘူးတဲ့... :D

လသာည.. ဖြစ်ပါတယ်။

အများသဘော

တခါက ကျောင်းဆရာတစ်ဦးဟာ ကျောင်းသားတွေရဲ့ အမြင်တွေကို သိချင်တာမို့ စမ်းသပ်မှုတစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ကျောက်သင်ပုန်း(Blackboard) မှာ မျဉ်းတစ်ကြောင်းကို ဆွဲပြလိုက်တယ်..။ အဲဒါကို ကြည့်မှတ်ခိုင်းပြီး ခဏနေတော့ ကျောက်သင်ပုန်းရဲ့ တခြမ်းမှာ မျဉ်းသုံးကြောင်းကို ဆွဲပြလိုက်တယ်..။ မျဉ်းသုံးကြောင်းထဲမှာ အဖြေမှန်တစ်ခုပါတဲ့အတွက် အဖြေမှန်ကို ရွေးပေးဖို့ ကျောင်းသားအားလုံးကို ပြောလိုက်တယ်။
(Solomon E. Asch's experiment) ဖြစ်ပါတယ်
ဒီမေးခွန်းဟာ အရမ်းလွယ်ပါတယ်။ အဖြေမှန်ဟာ B ဖြစ်ပါတယ်။ လူတိုင်းသိနိုင်တဲ့ မေးခွန်းကို မေးလိုက်တဲ့ ဆရာဟာ ဒီမေးခွန်းကို လှည့်ကွက်တစ်ခုနဲ့ မေးခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ သူက နောက်ဆုံးက လာဖြေတဲ့ ကျောင်းသား တစ်ဦးကလွဲရင် အတန်းသားအားလုံးကို မေးခွန်းရဲ့အဖြေကို A ကို ရွေးဖို့ ပြောဆိုခဲ့ပါတယ်..။ ဒါဆို A ကို ရွေးဖို့ အပြောမခံရတဲ့ ကျောင်းသားဟာ ဘယ်အဖြေကို ရွေးမယ်လို့ သင် ထင်ပါသလဲ..

ဝမ်းနည်းစရာကောင်းစွာပဲ.. ထိုကျောင်းသားဟာ အဖြေမှန်ကို ဖြေဖို့ကြိုးစားပြီးမှ အများအဖြေကို သာဖြေခဲ့ပါတယ်။ ဆရာက ဒါဟာ အုပ်စုရဲ့ လွှမ်းမိုးမှုကြောင့်သာ ဖြစ်မယ်လို့ တွေးမိတာမို့ သူ့အမြင် သေချာဖို့အတွက် စာသင်နှစ်တစ်နှစ်အတွင်း တစ်ဦးချင်းစီ (၁၈ကြိမ်) စမ်းသပ်မှန်း မသိအောင် တိတ်တိတ် စမ်းသပ်ခဲ့တယ်။ သူ စမ်းသပ်ခဲ့တာ ကျောင်းသားပေါင်း ၂၃၀ကို ဖြစ်ပါတယ်။

စမ်းသပ်ချက်အရ ၃၆ ရာခိုင်နှုန်းသော ကျောင်းသားတွေဟာ အုပ်စုကဖြေတဲ့အဖြေကိုပဲ တချိန်လုံး ရွေးချယ်ကြတာကို တွေ့ခဲ့ရတယ်။ ဆရာက အဖြေမှန်သိသာအောင် မျဉ်းရဲ့ အရွယ်ကို (အဖြေမှန်နဲ့ အဖြေမှား အရွယ်တအားကွာအောင် ) ပြောင်းဆွဲခဲ့တယ်။ ဒါလည်းပဲ အုပ်စုရဲ့ group pressure က ဆက်ပြီး လွှမ်းမိုးနေတာကို တွေ့ခဲ့တယ်။ (တကယ်တော့ သူတို့ဟာ အဖြေကို သိရဲ့သားနဲ့ အုပ်စုထဲမှာ နေလိုစိတ်ကြောင့် အများစုကို အတိုက်အခံ မငြင်းလိုစိတ်ကြောင့် အဖြေမှန်ကို မစဉ်းစားပဲ ခေါင်းညိမ့်လိုက်ကြတာလို့ ဆရာ ကောက်ချက်ချလိုက်ရပါတယ်)

ဆရာ့စမ်းသပ်ချက်မှာ ကိုယ့်အမြင်အတိုင်း ဖြေတဲ့သူအနည်းငယ်ကတော့ ဆက်လက်ကျန်သေးတာမို့ သဘောကျစွာ သူတို့ရဲ့အမြင်ကို စောင့်ကြည့်စမ်းသပ်မှုကို လုပ်ခဲ့တယ်။

အဲဒါကတော့ ပထမဆုံး ကိုယ့်အမြင်အတိုင်း အဖြေမှန်ကိုဖြေနေတဲ့ ကျောင်းသားကို အဖော်တစ်ယောက် တွဲပေးလိုက်တာပဲ ဖြစ်ပါတယ်။ အဖြေမှန်ကို ဖြေနေသူဟာ သူနဲ့ အဖြေတူ ကျောင်းသားရသွားတဲ့အခါ အဖြေမှန်ကိုပဲ အားရတက်ကြွစွာ တင်ပြလာတာကို တွေ့ရတယ်။ ဒုတယအဆင့်အနေနဲ့ ဒီလိုအနေအထားမှာ.. အဖော်ကျောင်းသားကို တဖက်လှည့်နဲ့ အဖြေမှားကို တမင်ပြောခိုင်းလိုက်တယ်။ ဒီအခါမှာ အဖြေမှန်ကို သာဖြေလေ့ရှိသူကျောင်းသား ဟာ သူ့အဖော်ပြောတဲ့ အဖြေမှားကို လိုက်လံရွေးချယ်လာတာကို တွေ့ခဲ့ရတယ်.. (အဖော်မင်တတ်တဲ့ စိတ်ထားလေးကြောင့် အမှန်တရားကို မျက်ကွယ်ပြုမိခြင်းဆိုတာကို ဆရာ လက်ခံလိုက်ရတယ်)

ဆရာဟာ ရလာဒ်တွေကို ကြည့်ပြီး စိတ်မကောင်း ဖြစ်လာခဲ့တာမို့... တကယ်လို့များ အဖော်မရှိတော့ရင် အရင်အတိုင်း ပြန်ဖြေဦးမလားလို့ တွေးမိတာကြောင့် ထပ်မံစမ်းသပ်ခဲ့ပြန်တယ်။ အဖော်ကျောင်းသားကို တခြားအခန်းမှာ အလုပ်တစ်ခုနဲ့ ခိုင်းလိုက်ပြီး အတန်းကို စာဆက်မေးတဲ့အခါ အဖြေမှန်ဖြေသူ ကျောင်းသားဟာ အရင်လို တစ်ဦးတည်းနဲ့ အဖြေမှန်ကို မှန်အောင် မဖြေနိုင်တော့ပဲ အုပ်စုရဲ့ အဖြေ ဒါမှမဟုတ် (သူ့အဖော် ဖြေမယ်ထင်သော) တခြားအဖြေမှားကိုသာ ဖြေတာကို တွေ့ခဲ့ရတယ်။ (အဖော်ရဲ့ စွန့်ပစ်ခြင်းကို မခံစားလို၊ မခံစားနိုင်တဲ့ စိတ်ထားလေးကြောင့် အမှန်တရားကို မျက်ကွယ်ပြုလိုက်ခြင်းဖြစ်လိမ့်မယ်ဆိုတာကို ဆရာ လက်ခံလိုက်ရတယ်)

အဆိုးဆုံးအခြေအနေကတော့ တကယ်လို့များ အဖော်ကျောင်းသားကို တခြားအခန်းကို သွားခိုင်းတာမဟုတ်ပဲ အဖြေမှားအုပ်စုထဲကို ပြန်ဝင်သွားစေပြီး အုပ်စုကအဖြေမှားကို ဖြေပြစေရင်တော့ “စမ်းသပ်စောင့်ကြည့်ခံ ကျောင်းသား”ဟာ အုပ်စုထဲက အဖြေမှားကိုသာ မျက်စိမှိတ်ဖြေဖို့ ရာခိုင်နှုန်းဟာ ၉၅ % အထိ ဖြစ်သွားခဲ့ပါတယ်.. ((..'))

Solomon E. Asch's experiment ကို ဖတ်ပြီး ကျွန်မသာ စမ်းသပ်စောင့်ကြည့်ခံ ကျောင်းသားဖြစ်ခဲ့ရင် ဘယ်အုပ်စုထဲမှာ ကျွန်မပါနေမလဲလို့ ပြန်ဆန်းစစ်မိတယ်။ သေချာပါတယ် ၉၅% ထဲမှာ ကျွန်မပါနေမှာပါ။ အခုအသက်အရွယ်မှာ ကျွန်မမှာ ထိုက်သင့်တဲ့ ကိုယ်တွေ့အတွေ့အကြုံတွေ၊ အသိပညာတွေနဲ့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ရှိပေမယ့် များသောအားဖြင့် ကိုယ့်အမြင်ကို လွတ်လပ်စွာ ပေးမမြင်ဖြစ်ဘူး။ ကိုယ့်ရှေ့က မြင်နေရ၊ ကြားနေရတဲ့ အရာတွေထဲမှာ တခါတခါ အဖြေမှန် မဟုတ်တာတွေပါနေတဲ့အခါ အဖြေမှန် မဟုတ်ဘူးလို့ သိနေပေမယ့် အဖြေမှန်ကို ထုတ်မပြောဖြစ်ဘူး။ မမှန်ဘူးလို့ သံသယရှိနေတဲ့အရာတွေကို မှန်တဲ့အဖြေရတဲ့အထိ အချိန်ယူ မရှာမိပဲ အများ သတ်မှတ်ထားသလိုပဲ အလွယ်လက်ခံ သဘောတူပစ်လိုက်တယ်။ ဒါကိုဒီလိုနည်းနဲ့ ဖြေရှင်းရမယ်လို့ သိထားတာကို ဟိုလိုနည်းနဲ့ ပြောင်းလဲ အဖြေမရှာမိဘူး။

တကယ်တော့. အကြောင်းအရာတွေကိုထင်မြင်သုံးသပ်တဲ့အခါတိုင်းမှာ ကျွန်မရဲ့ အတွေးအခေါ်တွေ သဘောထားတွေဟာ ကိုယ့်အထင် ကိုယ့်အမြင်ပါလို့ ပြောဖြစ်ပေမယ့် ၅၀ ရာခိုင်နှုန်းကျော်ကျော်က သူများမြင်သလို၊ သူများတွေးသလို၊ အများသဘောထား.. အများအမြင်.. အများကိုယ်နဲ့ ငါ ဖြစ်နေခဲ့သလိုပဲ။ အမှန်တရားဆိုတာတွေကို ကိုယ့်အမြင်နဲ့ ကိုယ်တိုင်လေ့လာ သိဖို့၊ သိတဲ့အခါ ထုတ်ဖော်ပြောရဲဖို ဆိုတာတွေ အတွက် ငါ ..အများကြီးလိုနေသေးပါလား.လို့ ဒီနေ့ ကျွန်မကိုယ်ကျွန်မ ဝေဖန်နေမိခဲ့ပါတယ်..။

(Solomon E. Asch's experiment)က တဆင့် လသာည..ရဲ့ တွေးတာဖြစ်ပါတယ်။

Saturday, May 8, 2010

self-esteem နိမ့်သူ

မနေ့က ပစ္စည်းအသစ်တစ်ခုအကြောင်း ကြော်ငြာတာလေးကို တွေ့လိုက်ရတယ်။ ပစ္စည်းက အပျော့စား..။ ကိုင်ကြည့်ရင် မုန့်နှစ်လို ပျော့တွဲတွဲဖြစ်ပြီး လက်နဲ့ ဖဲ့နယ်လို့ရတယ်၊ ရွှံ့ရုပ်လိုအမျိုးမျိုး လုပ်လို့ရတယ်။ ဒါပေမယ့် သူ့မှာ မမြင်ရတဲ့ စွမ်းအားတစ်ခုက ရှိနေတယ်။ သူ့ကို တစ်တောင်ဆစ်မှာ ကပ်ပြီး အုပ်ချပ်တွေကို ခွဲရင် အုပ်ချပ်တွေသာ ကွဲသွားတယ်။ လက်ကို မထိခိုက်ဘူး.လုံးဝနာကျင်မှုကို မခံစားရဘူး.တဲ့..။

ဘာဖြစ်လို့လဲဆိုရင် ပျော့ပြောင်းနေတဲ့ သူ့ရဲ့အတွင်းပိုင်းက မော်လီကျူးလေးတွေက အားနဲ့လာတိုက်ခိုက်တဲ့အရာတွေကို တွန်းကန်အားနဲ့ ပြန်တောင့်ထားလို့ လို့ ဆိုပါတယ်။ အဲဒီပစ္စည်းကို အားကစားသမားတွေ၊ အမြင့်တက်ပြီး လုပ်ရသူတွေ အတွက် အထိမနာအောင် ၀တ်စုံချုပ်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်..။

ဒါနဲ့ ကျွန်မအတွေးတစ်ခု ရသွားပါတယ်..သက်မဲ့ပစ္စည်းဖြစ်တဲ့ မာတဲ့အရာမှာ မာခြင်းရဲ့ အားသာချက်တွေ ရှိသလို ပျော့ပြောင်းတဲ့အရာမှာလည်း ပျော့ပြောင်းခြင်းရဲ့ အားသာချက်ရှိတယ်ဆိုတာ လူတိုင်း အနည်းနဲ့အများ သိကြတယ်။ ကျွန်မတို့ သက်ရှိလူသားတွေမှာရော..?.လူသားတိုင်းမှာလည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စွမ်းရည်အမျိုးမျိုးရှိတာပဲလေ။ တချို့က ရုပ်ရည်အားဖြင့် မြင်သူငေးအောင်လှတယ်။ တချို့က မလှဘူး။ တချို့က မှတ်ဥာဏ်မြင့်တယ်။ တချို့က မမြင့်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာနဲ့သူ အားသာချက် ရှိတယ်။ ဒါပေမယ့် သက်ရှိလူသားကတော့ အဲဒီအားသာချက်ကို သတိလက်လွတ် မေ့နေတတ်ကြတယ်.မဟုတ်ပါလား..။

ကျွန်မငယ်ငယ်က သူများတွေကို ကြည့်ကြည့်ပြီး ငါက ဘာဖြစ်လို့ ငါဖြစ်နေတာလဲလို့ တွေးဖြစ်တယ်။ သူ့လို ဆံနွယ်နုနုလေးနဲ့ ဆံပင်လေးရှိရင် ကောင်းမှာ၊ သူ့လို တစ်ဦးတည်းသောသမီးဘ၀ကို ငါရချင်တာ၊ သူ့လို အသားဖြူချင်တာ အဲလိုမျိုး မကြာခဏတွေးဖြစ်ပါတယ်။ တခါတလေများ လောဘကြီးပြီး အသားဖြူဖြူ၊ ဥာဏ်ကောင်းကောင်းနဲ့ တစ်ဦးတည်းသော သဌေးသမီးဖြစ်ချင်လိုက်တာလို့တောင် တွေးဖြစ်တယ်.း)).။

အဲဒါကို ကျွန်မက ကျွန်မတစ်ယောက်တည်း တွေးဖြစ်ခဲ့တယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုနောက်ပိုင်း စိတ်ပညာကိုလေ့လာတော့မှ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်မှာ လူတိုင်းကိုယ့်ကိုယ့်ကို တွေးဖြစ်ခဲ့ကြတယ်ဆိုတာ သိလာခဲ့တယ်။ ငါဟာ ဘာလဲ၊ ငါက ဘာလို့ ဒီလိုငါ ဖြစ်နေရတာလဲ ဆိုတာမျိုးပေါ့..။(တချို့ဆို အခုအသက်အရွယ်ရတဲ့အထိ “ငါက ဘာဖြစ်လို ဒီလို ငါ ဖြစ်နေရတာလဲ”ဆိုပြီး တွေးဖြစ်နေသေးတယ်တဲ့)။ အဲဒီလို တွေးတုန်းကတော့ အမျိုးမျိုးပါပဲ။ သိသွားသလားဆိုတော့လည်း မသိသလိုသိသလိုလို...။ ငါက ဘာလဲ ဆိုတာကို ငါ ကိုယ်တိုင် အမှန်အကန်သိသွားဖို့က တကယ်တော့ နောက်ပိုင်း ဘ၀မှာ အောင်မြင်ဖို့အတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။ အဲဒါက ဘာလဲဆိုရင် self-esteem ဆိုတာနဲ့ ပတ်သက်တယ်လို့ စိတ်ပညာမှာဆိုပါတယ်။

ဆက်ပြီး self-esteem အကြောင်း စဉ်းစားရင်း အိမ်နားက ကျွန်မအရင်းခင်တဲ့ အစ်ကိုကြီးတစ်ယောက်ကို သတိရမိတယ်။ သူက မှတ်ဥာဏ်တအားကောင်းသူပါ။ ကျောင်းစာဆို ခဏလေးရတယ်။ သူ့ရှေ့မှာ တစ်ယောက်ယောက်က လုပ်ပြတဲ့အရာကို သူက သူဘာသာသူ လိုက်လုပ်တတ်တယ်။ ဒါပေမယ့် ခက်တာက သူက အများရှေ့ဆို ဘာမှမသိချင်ယောင်ဆောင်နေတတ်တာပဲ။ သူသိတာကို ပတ်ဝန်းကျင် သိသွားပြီး ချီးကျူးလာရင် သူမနေတတ်ဘူး။ “ဟာ မဟုတ်ပါဘူး။ ဒါက လူတိုင်းလုပ်တတ်ပါတယ်။ ကံကောင်းပြီး ရသွားတာပါ” စသည်ဖြင့် ပြောပြီး သူ့တတ်တာကို သူသိတာကို ကာကွယ်တတ်တယ်။

သူ့မိဘတွေကတော့ သူ့ကို ဒီလိုပြောတယ်..“သူက မကြွားတတ်ဘူး၊ သူက သူများချီးကျူးတာကို မကြိုက်ဖူး၊ အင်း တကယ်တော့ ချီးကျူးစကားလည်း မလိုပါဘူး။ သူစိတ်ဝင်စားတာကို သူလုပ်ရင်ပြီးတာပဲ”။ သူကလည်း အဲလိုပဲ ပြောတတ်တယ်။ သူများချီးကျူးတာ သိပ်မလိုဘူး။ သူများသိဖို့ လုပ်တာမဟုတ်ဘူး..တဲ့။

ဒါပေမယ့် သူ့မှာ နောက်ခံစားချက်တစ်ခုက ရှိနေခဲ့တယ်။ အဲဒါက သူ့ရှေ့မှာ လုပ်နေသူက လုပ်နည်းမှားနေချိန် သူသိတာကို ပြောလိုက်လို့ သူများက တမျိုးတမည်ထင်မှာ(ဆရာလုပ်တယ်ထင်မှာ) တအားကြောက်တယ်၊ သူများမုန်းတာ ဝေဖန်ခံရမှာ မခံနိုင်ဘူးလို့ ဆိုပါတယ်။ ။ ဒါနဲ့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ပတ်ဝန်းကျင်ပြောသမျှ အားလုံး လက်ခံပြီး ကိုယ်ပိုင်အရည်အချင်းကို မပြသခဲ့ဘူး။ ဆယ်တန်းစာမေးပွဲတောင် ရသလောက်အကုန်မဖြေခဲ့ဘူးလို့ ပြောပါတယ်။ကျော်ကြားတာမကြိုက်လို့ လို့ ဆိုတယ်။ မြန်မာစာနဲ့ပဲ ရိုးရိုးဘွဲ့ကို ယူလိုက်တယ်။

ရပ်ကွက်က သူ့ကိုဘွဲ့ရ ပညာတတ်လူငယ်တစ်ယောက်အနေနဲ့ တစ်ခုခုကို ဦးဆောင်ခိုင်းရင် သူက မလုပ်ပါရစေနဲ့လို့ အမြဲငြင်းလို့ နောက်လိုက်ပဲ လုပ်တတ်တယ်။ အလုပ်လျှောက်ဖို့ အင်တာဗျူးမှာ သူသိတာကို မေးရင် သူမဖြေနိုင်ဘူး။ သူက သူဟာဘာကိုတော့ သူများထက်ပိုတတ်တယ်လို့ ခိုင်ခိုင်မာမာမထင်ထားလို့ သူတတ်သလောက်ကို အမှန်အတိုင်းမပြောရဲဘူး။ ဒါနဲ့ပဲ အလုပ်လျှောက်အင်တာဗျူးဖြေတာမျိုးမလုပ်ချင်တာမို့ အခုအထိ သူအလုပ်မရဘူး။ အခု ရပ်ကွက်ထဲက သာရေးနာရေးတွေမှာ အများနောက်က လိုက်လုပ်သူဖြစ်နေတုန်းပဲ။ သူ..ဘာကြောင့် အရည်အချင်းရှိရဲ့နဲ့ မအောင်မြင်ရတာလဲ..။ ဒါဟာလည်း self-esteem ဆိုတာနဲ့ ပတ်သက်နေပါတယ်။

စိတ်ပညာက ပြောတဲ့ self-esteem ဆိုတာ မိမိက မိမိအကြောင်းကို ဘယ်လိုတွေးသလဲဆိုတာ အချက်၊ နောက်တမျိုးပြောရရင် မိမိကိုယ်မိမိ ထင်မြင်မှုလို့ အနီးစပ်ဆုံး အဓိပ္ပါယ်ကောက်ရမယ်ထင်ပါတယ် ။ မိမိကိုယ်ကိုမိမိ တန်ဖိုးထားခြင်း၊ ကိုယ့်ကိုယ့်ကို လေးစားခြင်းဆိုတဲ့ အဓိပ္ပါယ်မျိုးကိုနဲ့လည်း နီးစပ်ပါတယ်။ မိမိကိုယ်မိမိ အထင်ကြီးခြင်းဆိုတဲ့ အဓိပ္ပါယ်မျိုးတော့ မဟုတ်ပါဘူး။ နောက်ပြီး ကိုယ့်ကိုယ့်ကို ယုံကြည်ခြင်း (self-confidence) နဲ့လည်း မတူပြန်ဘူး။ ကိုယ့်ကိုယ့်ကို ယုံကြည်ခြင်းဆိုတာက တစ်စုံတစ်ခုသော ပန်းတိုင်ရောက်ဖို့ စွမ်းရည် ငါ့မှာ ရှိတယ်လို့ ယုံကြည်ချက်သာဖြစ်ပြီး self-esteemကတော့ ကိုယ့်အရည်အချင်းကို တန်ဖိုးထားမှုခံစားချက်အမြင်ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဆရာတစ်ယောက်က ဒီလိုပြောဖူးပါတယ်။ တစ်စုံတစ်ယောက်က “.. ဒီအလုပ်ကို လူတိုင်း ညနေ ၅နာရီအတွင်း ပြီးအောင် လုပ်နိုင်တယ်။ .. ငါက ဘာလို့မလုပ်နိုင်ရမှာလဲ၊ အရင်လည်း လုပ်ဖူးတယ်။ အခုလည်း ငါလုပ်ကိုလုပ်နိုင်ရမယ်”လို့ ပြောလာခဲ့တဲ့အခါ သူဟာ self-confidenceတော်တော်မြင့်တာပဲလို့ ပြောနိုင်တယ်။ (ယုံကြည်မှုနဲ့ ဆိုင်တယ်)။

တကယ်လို့ လက်တွေ့လုပ်လိုက်ပြီး သူဟာ ၅နာရီအတွင်း ပြီးအောင်မလုပ်နိုင်ခဲ့ဘူးဆိုပါတော့ ၊ ရလာတဲ့ ရလာဒ်ကနေတဆင့် “ဟုတ်တယ်။ ငါ..ဒါ ပြီးရမှာကို မပြီးခဲ့ဘူး။ ဒါပေမယ့် ငါတကယ်ကြိုးစားလုပ်ခဲ့တာပဲ။ ဘယ်နေရာမှာ လိုသွားသလဲတာ မသိတာ ငါ ထိုက်သင့်သလောက် လုပ်နိုင်ခဲ့တယ်”လို့ သူတွေးရင် သူဟာ သူ့စွမ်းရည်ကို အမှန်အတိုင်းသိပြီး တန်ဖိုးထားသူ၊ self-esteemမြင့်တယ်လို့ ပြောနိုင်ပြီး၊ တကယ်လို့ “ငါ..ဒီအလုပ်ကို ပြီးသင့်ရဲ့နဲ့ မပြီးဘူး၊ ငါက သူများလို မတော်ဘူး။ ညံ့တယ်၊ ရှက်ဖို့ကောင်းလိုက်တာ” လို့ တွေးသွားရင်တော့ သူဟာ self-esteemနိမ့်တယ်။ သူ့ကိုယ်တိုင်လုပ်ခဲ့တဲ့ သူ့စွမ်းရည်ကို လျော့တွေးသွားပြီ သူ့ကိုယ်သူ တန်ဖိုးထားမှုလျော့တယ်လို့ ပြောနိုင်တယ်။ ဒါကြောင့် self-esteemက မိမိနဲ့ပတ်သက်တဲ့ ကိုယ်ပိုင် ခံစားချက်အမြင်နဲ့ဆိုင်တယ်...ဆိုတာပါပဲ.။

ဒီ ခံစားချက်ဟာ ကျွန်မတို့ လူမှုရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်မှာ အရမ်းကို အရေးကြီးပါတယ်။ ကိုယ်ပိုင် စွမ်းရည်ခြင်း ရှိတာခြင်း အတူတူ တချို့က အောင်မြင်တယ်၊ တချို့က မအောင်မြင်ဘူး။ self-esteemအနိမ့်အမြင့် နဲ့ဆိုင်တာဖြစ်ပါတယ်။ မိမိကိုယ်မိမိ တန်ဖိုးထားမှုအဆင့် -self-esteem နိမ့်သူတွေက အောက်က အချက်မျိုးတွေ ရှိတယ်လို့ ..ပြင်သစ်စိတ်ပညာရှင် Christophe Andreက ပြောပါတယ်..။ပုံလေးနဲ့ ဆွဲပြောရရင် အောက်ကအတိုင်းဖြစ်ပါတယ်..(ကျွန်မက ကိုယ့်ဘာသာနားလည်လွယ်အောင် self-esteemကို မိမိကိုယ်မိမိ တန်ဖိုးထားမှုအဆင့်လို့ ပုံထဲမှာ အလွယ်ရေးထားပါတယ်)
ပုံထဲက အတိုင်း မိမိကိုယ်မိမိ တန်ဖိုးထားမှုအဆင့် -self-esteem နိမ့်သူတွေ
  • တစ်စုံတစ်ခုကို မလုပ်ခင်ကတဲက ငါမလုပ်နိုင်ပါဘူးလို့ ကြိုတွေးပြီး စလုပ်ဖို့ကို မ၀ံမရဲ့တွန်ဆုတ် အချိန်ယူတယ်။
  • လုပ်သွားလို့ အောင်မြင်သွားရင်လည်း အဲဒါ ငါတော်လို့ မဟုတ်ဘူး၊ ကံကောင်းသွားတာ၊ တိုက်ဆိုင်သွားတာလို့ တွေးပြီး ကိုယ့်အောင်မြင်မှုကို ရဲရဲ မပျော်ရဲဘူး.။
  • ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုက အရှုံးနဲ့ ကြုံရပြီဆိုရင် အဲဒီအလုပ်ကို လုံးဝစိတ်လျော့ချလိုက်ပြီး နောက်တခါလုပ်ဖို့ ဆိုတာကို လုံးဝမတွေးတော့ဘူး။
  • အများနဲ့ပဲ ညှိယူဖို့ စဉ်းစားပြီး အများပြောတဲ့အတိုင်းပဲ သူတို့ပြောတာမှန်တယ်လို့ “ကိုယ့်ရဲ့မူပိုင်စွမ်းရည် သို့မဟုတ် အသိအမြင်”ကို ထုတ်ဖို့ မစဉ်းစားဖူး။
  • ကိုယ့်နဲ့ ပတ်သက်သမျှကို ကောင်းချက်၊ အားသာချက် (စွမ်းရည်၊ အသိပညာ)တို့ကို သူများရှေ့မှာ ထုတ်မပြရဲဘူး။
  • ကိုယ်က မကြိုက်တဲ့အလုပ်ကို အခြေအနေအရ လုပ်ဖြစ်သွားရင် အဲဒါကို အပြောင်းအလဲလုပ်ဖို့ မတွေးရဲတာကြောင့် လုပ်မိတဲ့အလုပ်တစ်ခု (အခြေအနေတစ်ခု)ကိုပဲ တသက်လုံးလုပ်ဖြစ်သွားတယ်။
  • သူများက မြှောက်ပင့်ပြောတဲ့စကားပြောလာရင် အလွယ်တကူ မြောက်သွားတတ်ပြီး ၊ နှိမ့်ချပြောတဲ့ စကားပြောတာခံရရင် လွယ်လွယ်စိတ်ဓါတ်ကျသွားလိမ့်မယ်။
တကယ်တော့ မိမိကိုယ်မိမိတန်ဖိုးထားမှု အဆင့် self-esteem နိမ့်နေသူ မအောင်မြင်ရခြင်းဟာ ကိုယ့်မှာ စွမ်းရည်ရှိနေပါသော်လည်း ကိုယ်ကိုယ်တိုင်ခံယူထားတဲ့ ကိုယ်ပိုင်တွေးတဲ့အတွေးကြောင့်သာ ကိုယ့်ရဲ့အောင်မြင်မှုလမ်းကို ပိတ်သွားစေတာဖြစ်တာပဲ ဖြစ်ပါတယ်။
မိမိကိုယ်မိမိတန်ဖိုးထားမှု အဆင့်self-esteem မြင့်မားသူကတော့ မိမိရဲ့လက်ရှိကိုယ့်အခြေအနေ(စွမ်းရည်၊ အသိအမြင်)ကို အမှန်အတိုင်း သိရှိတယ်၊ အလုပ်တစ်ခု ကိုယ်လုပ်လို့အောင်မြင်ရင် လွတ်လွတ်လပ်လပ် ပျော်ပစ်လိုက်တယ်။ ရှုံးတဲ့အခါလည်း ကိုယ့်ကိုယ့်ကို အပြစ်မတင်ပဲ ကိုယ်လုပ်တာ ဘာမှားသလဲဆိုတာကို ပြန်စစ်ဆေးတယ်။ ဒါကြောင့် ရှိတဲ့ကိုယ့်စွမ်းရည်ကို အထင်မသေးဘူး၊ အမှန်အတိုင်းသိတယ်။ လုပ်သမျှကို တန်ဖိုးထားလေးစားတယ်။ ဒါကြောင့်လည်း အောင်မြင်ကြတယ်..
ဒါဆိုရင် self-esteemအနိမ့်အမြင့်ဟာ ဘယ်လိုလုပ်ကွဲသွားရတာလဲ??
ဒါဟာ တကယ်တော့ မွေးရာပါ ဗီဇမဟုတ်တဲ့အတွက် အဆင့် နိမ့်နေလို့ စိတ်ဓါတ်ကျစရာတော့ မရှိပါဘူး..တဲ့၊ ပြုပြင်လို့ ရတယ်လို့ ဆိုပါတယ်။ အပေါ်က ပုံအတိုင်း တစ်စုံတစ်ခုကို လုပ်လိုက်လို့ မအောင်မြင်ခဲ့ရင် ငါဖျင်းလို့ ညံ့လို့လို့ မတွေးပဲ ဘာကြောင့်မအောင်မြင်တာလဲဆိုတာကို ပြန်စစ်ဆေးတတ်ရင်၊ အောင်မြင်တဲ့အခါကျရင်လည်း တိုက်ဆိုင်လို့၊ ကံကောင်းလို့လို့ နေမှာ၊ တကယ်က ငါက အဖြစ်မရှိဘူးရယ်လို့ ရှာကြံတွေးပူမနေပဲ လွတ်လွတ်လပ်လပ် ပျော်တတ်တဲ့ အလေ့အကျင့်ကို လုပ်ဖို့သာ လိုတာပါ။

အော်.. မေ့တော့မလို့ self-esteem နိမ့်လွန်းသူဟာ ရည်းစားစကားပြောရာမှာလည်း အဆင်မပြေတတ်ဘူး။ အိမ်ထောင်ဖက်ရွေးတဲ့အခါလည်း အရေးပါတယ်။ အဲဒါ လသာညရဲ့ သယ်ရင်လေးများ self-esteem အရမ်းမနိမ့်အောင် ကြိုးစားကြနော်းD။

ကဲ... မထူးပါဘူး ဖတ်ထားတာလေးကို ပြောလက်စနဲ့ ဆက်ပြောပြပါဦးမယ်။ စာဖတ်ရတာ မပျင်းသေးဘူးဆိုရင် ဒီပုံလေးကို ကြည့်ပါဦး။

S.Epstein & B.Morling in M.H.Kernis ရဲ့သုတေသနပါ။တဖက်လူက ကိုယ့်ကိုထင်တဲ့အထင်-နဲ့ ကိုယ်ကကိုယ့်ကိုယ်ကို ထင်ထားတဲ့အထင်self-esteemနဲ့ နှိုင်းယှဉ်ပြီး ပြထားပါတယ်။ တဖက်လူက ကိုယ့်ကကိုယ့်ကိုယ်ခံယူထားတဲ self-esteemထက် အဆင့်နိမ့်ပြီး ကိုယ့်ကိုတွေးသူဖြစ်ရင် တချိန်မှာ ပျင်းသူ- ငပျင်း သို့မဟုတ် ငဖျင်းလို့ ကိုယ့်ကိုအပြောခံရဖို့ ရာခိုင်နှုန်းနည်းတယ်။

နားလည်လွယ်အောင် ဥပမာပြောရရင် ဥပမာ ကိုယ်က ပန်းချီပညာမှာ တတ်တယ်။ တတ်တာကိုလည်း ကိုယ့်အရည်အချင်းကို ကိုယ်သိတယ်။ ပန်းချီပညာနဲ့ ကိုယ်မင်းကို ရှာကျွေးမယ် လို့ ပြောထားတယ်။ ဒီနယ်ပယ်က ကိုယ့်စွမ်းရည်ကို ကိုယ့်ဘာသာသိနေတယ်။ self-esteem ရှိတယ်။ တဖက်ကတော့ ဒီလောက်တော့ကိုယ့်ကို ထင်မထားဘူး။ အသင့်အတင့်လောက်ပဲ တွေးထားတယ်။ ကိုယ့် self-esteemထက် နိမ့်တွေးထားသူဖြစ်တယ်။ ဒါဆိုရင် တချိန်မှာ ကိုယ်မအောင်မြင်သေးတောင် ကိုယ့်ကို ငဖျင်းလို့ သတ်မှတ်လိမ့်မယ်မဟုတ်ဘူး။

ကိုယ့်ကကိုယ့်ကိုခံယူထားတာထက် အဆင့်မြင့်ပြီး သူက ကိုယ့်ကိုပိုတွေးထားရင် တချိန်ကျရင်တော့ ငပျင်း သို့မဟုတ် ငဖျင်းလို့ အပြောခံရဖို့ ရာခိုင်နှုန်းများနေပြီဖြစ်ပါတယ်။ ဒါကို နားလည်လွယ်အောင် ပြောရရင် ကိုယ်က ကိုယ့်ကိုယ့်ကို သိပ်အဖြစ်မရှိဘူးလို့ ထင်နေတယ်။ တတ်တာကိုလည်း သိပ်တတ်တယ်မထင်ဘူး။ ဘာကိုမှ သိပ်မသိဘူးလို့ တွေးထားတယ်။ self-esteem အရမ်းနိမ့်တယ်။ တဖက်လူကတော့ ကိုယ့်အကြောင်းကို ပိုတွေးထားတယ်။ ဒီနယ်ပယ်မှာ တတ်ကိုတတ်တယ် စသည်ဖြင့် အများကြီးပိုတွေးတောခံယူထားမယ်။ ချစ်သူအဖြစ်စဉ်းစားတုန်းတော့ “သူက သိတာကို မကြွားတတ်လို့ပါ၊ အေးတာပါ။”စသည်ဖြင့် တွေးထားနိုင်ပေမယ့် ရေရှည်ကျရင် သူထင်သလို မဟုတ်တဲ့အတွက် တချိန်မှာ ကိုယ့်ကို ငပျင်း ငဖျင်းလို့ အပြောခံရဖို့ များတယ်ပေါ့။ ဒါတောင် အပျော်တွေးပြီး တွဲသူဆိုရင် ပိုပြီး ငပျင်းလို့ အခေါ်ခံဖို့များတယ်။ တသက်တာအိမ်ထောင်ဖက်အဖြစ်တွေးရင်တော့ အချစ်သံဃောဇဉ်ကြောင့် အခေါ်ခံရဖို့ ရာခိုင်နှုန်းနည်းနိုင်ပါသေးတယ်)

အခု ကျွန်မက self-esteem မြင့်ဖို့ အကြောင်းချည်းပဲ ပြောသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို အားနည်းချက်၊ အားသာချက်။ တန်ဆေး၊ လွန်ဘေး ဆိုတာ ရှိတယ်ဆိုတော့ self-esteemမြင့်လွန်းရင်လည်း မကောင်းပါဘူး..တဲ့။ self-esteem မြင့်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်နဲ့ self-esteem နိမ့်ခြင်းရဲ့ အားနည်းချက်၊ အားသာချက်များကို နောက်ကြုံရင် ဗဟုသုတ မျှဝေပါဦးမယ်။ အခုတော့ ပိုစ်က ရှည်သွားပြီဆိုတော့ ပျင်းသွားပြီလို့ ယူဆတာမို့ ............. တော် သေး ...ပြီး))။

လသာည.. ဖတ်မိသမျှ ဝေမျှတာဖြစ်ပါတယ်..။

ကိုးကား။ ။ Christophe Andre & Francois Lelord ရဲ့ L'estime de soi (self-esteem)
Takano Yi ရဲ့ 自己評価の心理学