Wednesday, May 19, 2010

အပူဒဏ်

ကျွန်မ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး အဲဒီအကြောင်းကိုပဲ ခေါင်းထဲရောက်ရောက်နေပါတယ်။ မြန်မာပြည်မှာ မီးမလာ ရေရှားပြီး တအားပူနေတယ်ဆိုတဲ့ အကြောင်းပါ.။ ဂျပန်ကလည်း ဒီနေ့ သတင်းထဲမှာ ဒီနှစ် အရမ်းပူမတဲ့..။ သူတို့လည်း အပူချိန်မြင့်မှာကို စိုးရိမ်နေကြတယ်.. ။ တကယ်ဆို စက်မှုနည်းပညာတွေ တိုးတက်ခေတ်မှီတဲ့ ဂျပန်နိုင်ငံက ပူလည်း ဘာပူစရာရှိလဲနော်။..လျှပ်စစ်စွမ်းအားတွေ၊ လောင်စာစွမ်းအားတွေနဲ့ အပူဒဏ်ကို တွန်းလှန်နိုင်မှာပေါ့..။ အဲဒီလောက် မတိုးတက်သေးတဲ့ မြန်မာပြည်မှာသာ ပူရင် ကျောကော့ခံနေရတာလေ..

ဒါနဲ့ ကျွန်မစဉ်းစားကြည့်မိတယ်။ အခုလို စက်မှုနည်းပညာတွေ ခေတ်မမှီခင်က ကမ္ဘာတိုင်းပြည်တွေ ဘယ်လိုများ အပူဒဏ်ကို ခံနိုင်အောင်ကြိုးစားခဲ့ကြသလဲပေါ့..။ အပူချိန်ကာကွယ်နည်းနဲ့ပတ်သက်တဲ့ စာတွေလျှောက်ဖတ်ဖြစ်တယ်..။

မြန်မာနိုင်ငံအပါအ၀င် တောင်လတ္တီကျူ ၃၀ဒီဂရီနဲ့ မြောက်လတ္တီကျူ၃၀ ဒီဂရီကြား နိုင်ငံတွေဟာ အပူဒဏ်ကို အသေအချာခံစားကြရပါတယ်။ ဒီအတွက် အဲဒီနိုင်ငံတွေဟာ အပူဒဏ်ကို သဘာဝအားဖြင့် ကာကွယ်ပြီး အအေးဒဏ်ကို ရယူဖို့ နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြတယ် (အခုလည်း ကြိုးစားနေကြဆဲ..ဖြစ်ပါတယ်။)

Passive cooling ဆိုတဲ့ စာအုပ်တစ်အုပ်မှာ အပူဒဏ်ကို ကာကွယ်ပြီး အအေးဓါတ်ကို ထိန်းသိမ်းဖို့ ယေဘုယျအားဖြင့် နည်း ၂နည်း ရှိတယ်လို့ဆိုပါတယ်..။ တစ်နည်းကတော့ အိမ်အတွင်းကို အပူဝင်မလာအောင် ထိန်းထားခြင်းဖြစ်ပြီး ကျန်တစ်နည်းကတော့ သဘာဝအားဖြင့် အအေးဓါတ်ရယူခြင်း ပဲဖြစ်ပါတယ်။

ပထမဆုံးနည်းကတော့ အဒိုဘီလို့ခေါ်တဲ့ ရွံစေးမြေစသည်နဲ့ လုပ်တဲ့ အိမ်များ ဆောက်လုပ်နေထိုင်ခြင်းဖြစ်ပါတယ်။
အဲဒီအိမ်မျိုးကို မက္ကဆီကိုနိုင်ငံမှာ အများဆုံးတွေ့ရတယ်..။

မြေစေးအိမ်တွေရဲ့ မြေစေးနံရံတွေဟာ နေ့အခါမှာ အပူကို စုပ်ထားနိုင်တဲ့ အတွက် အိမ်အတွင်း အပူကို အေးထားနိုင်တာ တွေ့ရပါတယ်။ ဒုတိယနည်းကတော့ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ အများဆုံးတွေ့ရတဲ့ ၀ါး ထရံကာ၊ သက်ကယ်မိုး၊ ဓနိမိုးကာ အိမ်တွေပဲ ဖြစ်ပါတယ်။ သက်ကယ်အိမ်က လေအေးက ပြတင်းပေါက်မှသာမက နံရံ ဘေးဘယ်ညာ ကြမ်းခင်း အပေါက်များမှတဆင့် ၀င်နိုင်အောင် ဆောက်လုပ်နေထိုင်ကြခြင်းဖြင့် အပူဒဏ်ကို ကာကွယ်ကြတာပါ။ မြန်မာဆိုရိုးစကားတောင် ရှိတယ်မို့လား.. “ကြမ်းကြားလေက အေးတယ်၊ ..... က ဘာဖြစ်တယ်”ဆိုလား..းD။ နယ်တွေမှာ တအားပူတဲ့အချိန် ကြမ်းခင်းအေးအေးလေးမှာ အိပ်လိုက်ရတာဟာ အဲယားကွန်းလိုပဲ ဇိမ်ကျတယ်လို့ ဆိုကြတယ်။ အဲဒီအဆိုကတော့ နယ်မှာ ကြီးပြင်းခဲ့တဲ့အတွက် လက်တွေ့နေခဲ့ရသူမို့ ထောက်ခံမိပါတယ်..။

ဟိုဘက်ခြမ်းက နိုင်ငံတွေဖြစ်တဲ့ အီဂျစ်နဲ့ အီရန်နိုင်ငံတွေကတော့ နည်း၂ မျိုးလုံးကို သုံးစွဲပါတယ်။ မြေစေးနဲ့ အိမ်ဆောက်ပြီး အဆောက်အဦးအပေါ်ဖက်မှာ လေအ၀င်အထွက်အပေါက်များ ဖော်ထားခြင်းဖြစ်ပါတယ်။ wind catcher လို့ခေါ်တဲ့ လေ၀င်လေထွက် အပေါက်များကနေပြီး မနက်ခင်းမှာ လေအေးကို ရယူပြီး၊ နေ့လည် လေပူလာချိန်ကျတော့ ပူလာတဲ့လေက အထက်ကို တက်ပြီး အဆောက်အဦးအပေါ်ဘက်က လေတိုးပေါက်ကနေ အိမ်ပြင်ကို လေပူတွေကို ပြန်ထုတ်ပစ်တာပဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သစ်ပင်တွေပဲ ဖြစ်ပါတယ်။ သစ်ပင်တွေက အရိပ်ကို ပေးသလို၊ မြက်ခင်းတွေက နေရောင်ခြည်က အပူချိန် အလင်းတန်းပြန်ခြင်းကို လျော့နည်းစေတယ်။ လေထုကို စွတ်စိုစေတယ်..။ တအားနေပူတဲ့အချိန်တွေမှာ မြက်ခင်းတွေနားက လေထုဟာ အေးနေတာကို သတိထားကြည့်ရင် တွေ့ရလိမ့်မယ်။ ဒါကြောင့် မြက်ပင်သည်လည်း အရေးပါတယ်။ ပြီးတော့ တနိုင်တပိုင်စိုက်ထားတဲ့ အိမ်ဝန်းထဲက ပန်းခြံဟာ အေးမြတဲ့ အပန်းဖြေရာ ဖြစ်လိမ့်မယ်။

တအားပူတဲ့ ဒေသတွေမှာ အဆောက်အဦးတွေဟာ တစ်ခုနဲ့တစ်ခု အရိပ်ရအောင် ပေးနိုင်တဲ့ အကွာအဝေးနဲ့ နီးကပ်စွာ ဆောက်ထားခြင်းမျိုးဟာလည်း အပူကို ထိန်းရာရောက်ပါတယ်။ (မီးအန္တရယ်တော့
သတိပြုရလိမ့်မယ်ထင်တယ်) ဒါကတော့ အပူချိန်ကာကွယ်နိုင်အောင် အိမ်ခြေစိတ်ထားတဲ့ ဂရိနိုင်ငံ Mikono က အိမ်လေးတွေပါ။

နောက်တစ်ခုက အအေးကို ထိန်းနည်းကတော့ ကျောက်စရစ်ခဲလေးများပဲ ဖြစ်ပါတယ်။ Australian တွေကတော့ ကျောက်စရစ်အိပ်ရာ (pebble bed) ကို သုံးခဲ့ကြသတဲ့ (အခုရော သုံးသေးလား မသိဘူး)။ pebble bed ဆိုတာက မြေအောက်ထပ်မှာ ကျောက်စရစ်ခဲခင်းထားခြင်းကို ခေါ်တာပါ။ ညအခါမှာ လေက ကျောက်တုံးလေးတွေကြားဖြတ်သွားထားတော့ ကျောက်စရစ်လေးတွေက အအေးဓါတ်ကို ယူထားသလိုဖြစ်နေပြီး နေ့အခါ ပူတဲ့အချိန်မှာ ကျောက်စရစ်များရဲ့ အအေးဓါတ်က အိမ်ထဲကို ၀င်လာတဲ့နည်းပဲ ဖြစ်ပါတယ်။ ပိုသေချာအောင် ကျောက်တုံးလေးတွေကို ရေလောင်းပေးတာလည်းပဲ ကောင်းတဲ့နည်းလေး ဖြစ်ပါတယ်။

တအားခြောက်သွေ့ပူပြင်းလာတဲ့အခါ ရေငွေ့ပျံခြင်းနိယာမကို အသုံးချတဲ့နည်းလည်း ရှိပါသေးတယ်။ အဲဒါကတော့ အိမ်ရဲ့ ပြတင်းပေါက်တွေမှာ ရေစိုအ၀တ်ကို ကာထားခြင်းဖြစ်ပါတယ်။ ( မအယ် ဘလော့မှာ အဲဒါကို အညာအဲကွန်းလို့ ခေါ်ကြောင်း ရေးသားပေးထားပါတယ်)ပူနွေးတဲ့ လေက ရေစိုအ၀တ်ကို ကျော်ဖြတ်ပြီးမှ အိမ်ထဲဝင်ရတာ ဖြစ်တဲ့အတွက် အ၀တ်က အပူဓါတ်ကို စုပ်ယူထားသလို ဖြစ်ပြီး ၀င်လာတဲ့လေက အေးသွားတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပြတင်းပေါက်နား သို့မဟုတ် ပြတင်ပေါက်ပေါ်မှာ ရေစဥ့်အိုး (ဖြစ်နိုင်ရင် ကြီးကြီး) တစ်လုံးထားပေးခြင်းဖြစ်ပါတယ်။ တစ်ခုတော့ ရှိတယ်။ ရေကို ခဏခဏ မလဲပစ်ဖို့တော့ လိုပါတယ်တဲ့..။

ဒါ့အပြင် မကိ ဘလော့နဲ့ မငယ်နိုင် ဘလော့တွေမှာလည်း အပူကို ရှောင်နည်း၊ အပူဒဏ်ကို ကာကွယ်နည်းတွေကို ဆေးပညာဘက်မှ ထောင့်စုံအောင် တင်ပြထားတာ ဖတ်ဖြစ်သေးတယ်။ တော်တော်လေး ဗဟုသုတရလိုက်တာနဲ့ ကူးပြီး သိမ်းထားဖြစ်ပါတယ်။

ဖြစ်နိုင်ရင်တော့ လူတိုင်း ခေတ်မှီစွာ နေချင်မှာပါပဲ။ သိုသော်လည်း ကိုယ်မနေနိင်သေးခင်တော့ ဒီနည်းလေးတွေက အပူကိုနည်းနည်းတော့သက်သာရာ ရစေမယ်ထင်မိတယ်။ သူများတွေက ပူတဲ့အချိန်မှာ ခေတ်မှီနည်းနဲ့ လူအရိပ်မြင်ရုံနဲ့ အဲယားကွန်းက အလိုအလျောက်ဖွင့်ပြီးသား ဖြစ်အောင်ဆိုတာမျိုး တီထွင်နေချိန် ကိုယ်က သဘာဝအားဖြင့် အအေးဓါတ်ယူခြင်းကို လေ့လာနေမိတာ ရင်ထဲမှာ ၀မ်းနည်းတာတော့ အမှန်ပါပဲ.။

Reference : ပုံတစ်ချို့ကို ကိုယ်တိုင်၊ ပုံတစ်ချို့ကို google နဲ့ ဒီနေရာက ယူပြီး ဖတ်မိသမျှ ဗဟုသုတလေးကို မျှဝေတာပါ။

လသာညဖြစ်ပါတယ်။

22 comments:

Anonymous said...

မျှဝေတာကျေးဇူး...စေတနာတွေကိုတွေ့လိုက်ရတယ်..

အောက်ဆုံးနည်းက အညာအဲကွန်းတဲ့ ဟိုးတနေ့ကဖတ်လိုက်ရတယ်။ အညာမှာ နွေဆို စောင်တွေကိုရေစွတ် ပီးပြတင်းပေါက်မှာလှန်း ဒါမှမဟုတ် ရေပုံးတွေကို ပြူတင်းပေါက်နားထားပီး နေလေ့ရှိတယ်တဲ့။

မြတ်နိုး

ရွှေရတုမှတ်တမ်း said...

မြောက်ဝန်ရီုးစွန်းကိုပဲခေါ်ခေါ်..ပျော်တယ်မောင်ရယ်...
ခုချိန်မှာ..ရွာမှာဆေးမီးတိုနဲ့..အေးတာလဲမရဘူးတဲ့..

လသာည said...

မြတ်နိုးရေ..

ဟုတ်သား..မအယ်ဘလော့မှာ အဲလိုရေးထားတာပဲနော်။ ပိုစ်ထဲမှာ ထည့်ရေးဖို့ မေ့သွားတယ်။ အခုဖြည့်ရေးထားလိုက်ပြီ။။
ကျေးဇူးနော်

ကိုကြီးကျောက်>> ကျေးဇူးတင်ပါတယ်။ ပရိုဖိုင်းပုံ ပြောင်းထားပါလား :D

Anonymous said...

အစ်မရယ်
ကမ္ဘာကြီး စိမ်းလန်းစိုပြေရေးဆိုပြီး အခုခေတ်ခေတ်မှီတဲ့ နိုင်ငံတွေလည်း CO2 လျော့ချရေး၊ လောင်စာဆီချွေတာရေး၊ သဘာဝအားဖြင့် အအေးဓါတ်ရယူရေးတွေ လုပ်နေပြီဆိုတော့ အခုပိုစ်က ခေတ်နောက်မကျပါဘူး။ ခေတ်ရှေ့တောင် ရောက်နေသေးတယ်.။
ပုံတွေနဲ့ သေချာတင်ပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်လည်း သိမ်းထားချင်လို့ ကူးသွားပါတယ်။

အစ်မခေါ်တဲ့ စာဖတ်ပိတ်သတ်လေး

SHWE ZIN U said...

လသာည ရေ

စေတနာ တွေနဲ့ အပင်ပန်း ခံပြီး ရေးပေးထားတဲ့ အတွက် ကျေးဇူးပါနော် အားလုံးဖတ်မှတ်သွားတယ်

ကိုယ်ချင်းစာ တရားတွေ အများကြီး ရှိတဲ့ လသာည ကိုကျေးဇူးတင်တယ် အညာအဲကွန်းကတော့ အမြဲတန်းသုံးနေရတယ် လေအေးလေး ရတယ်..

မနေ့ညက မိုးရွာလို့ ဒီနေ့ နဲနဲ အေးသွားတယ် ပို့သတဲ့ မေတ္တာတွေကြောင့်လို့ထင်ပါတယ်

ရွှေစင်ဦး ဖြစ်ပါတယ်။

စတာနော်

SHWE ZIN U said...

လသာည ရေ ပြောစရာကျန်သွားတယ် မန်းလေး ရောက်ရင် တွေ့ကြမယ်နော် စားချင်တာ ချက်ကျွေးပါမယ်နော်

Flower said...

မည ရေ
ခုလိုချိန်မှာ လိုအပ်နေတဲ့အကြောင်းအရာလေးတွေမို့
အကျိုးရှိအဖိုးတန်ပါတယ်..
သူများနိုင်ငံတွေက အပူဒဏ်အတွက်ကြိုတင်ကာကွယ်ဖို့ နည်းလမ်းတွေရှာနေကြတယ်
ကိုယ့်ဆီမှာတော့ ကြိုကာကွယ်ဖို့မပြောနဲ့
ဖြစ်လာရင်တောင် ဖြေရှင်းနိုင်စွမ်းအား မရှိဘူး
ဘယ်လောက်တောင် ကွာခြားသလဲနော်..
စိတ်မကောင်းဘူး

Anonymous said...

ဟုတ်ပါ့ညီမရေ တချိန်လုံး တဖြုတ်ဖြုတ် ဖြစ်နေကြတော့ စိတ်ပူရတာပဲ။

သဘာဝနည်းက ကောင်းပါတယ်။ ပတ်ဝန်းကျင်လည်း ထိမ်းသိမ်းရာ ရောက်တယ်။
ဆောင်းတွင်းဆိုလည်း ခုက ဗမာပြည်မှာ တအားအေးလာပြီ။ ရန်ကုန်လည်း အေးတာပဲတဲ့။ အအေးလှိုင်း ဖြတ်တယ် ဆိုတာ ရှိလာတယ်လေ။

မအယ်

Anonymous said...

ဒီလိုလူတွေ ရှိပါရက်နဲ့ ငါတို့ တိုင်းပြည်ကြီးက ဘာလို့ ဒိအတိုင်းဖြစ်နေတာတုန်း ...........

စိတ်မကောင်းဘူး ရွှေရွှေရယ် နင် ရယ်လည်း .....မှ ငါတို့ရယ်လည်း ...........မှ အင်း အင်း

ဘာမှ ဆိုင်ဘူး ဒါပေမယ့် စိတ်တိုနေတယ် ဟာဟ

ပျော်ရွှင်ပါစေ

မင်းအိမ်

Anonymous said...

ဒီလိုလူတွေ ရှိပါရက်နဲ့ ငါတို့ တိုင်းပြည်ကြီးက ဘာလို့ ဒိအတိုင်းဖြစ်နေတာတုန်း ...........

စိတ်မကောင်းဘူး ရွှေရွှေရယ် နင် ရယ်လည်း .....မှ ငါတို့ရယ်လည်း ...........မှ အင်း အင်း

ဘာမှ ဆိုင်ဘူး ဒါပေမယ့် စိတ်တိုနေတယ် ဟာဟ

ပျော်ရွှင်ပါစေ

မင်းအိမ်

Anonymous said...

ဉေယျ (ခ)ညရေ

ညကြီးဘဲဖြစ်ချင်တော့တယ် နေ့မှာဆို ပူလွန်းလို့ လေ.....
ရွာပြန်ပြီး ရွှံ့ခူးအုံးမယ် ၊ သက်ငယ်ရိတ်မယ် အိမ်ကို ရွံ့နဲ့မံပြီး သက်ငယ်မိုးရအောင်လို့

ခင်တဲ့
seesein

မယ့်ကိုး said...
This comment has been removed by the author.
မယ့်ကိုး said...

ခုနက မှားရေးမိတာ ချစ်မလေးရေ။ စိတ်မရှိပါနဲ့နော်။

ဒီစာလေးဖတ်ပြီး မယ် တကယ်ပဲ ဝမ်းသာမိပါတယ်။
မမအယ်တို့ ရေးထားတဲ့ စာတွေကို fb မှာ ပြန်မျှဝေပေမယ့် ဒီလို အဆောက်အဦးအကြောင်းရေးဖို့ သတိမရခဲ့ဘူး။

ခုလို စေတနာထား မျှဝေပေးတဲ့ ချစ်မလေးကို ကျေးဇူးအထူးတင်ပါတယ်။

ShwunMi- said...

အစ်မရေ စာလာဖတ်ဖြစ်ပါတယ်..
အစ်မပြောတာဟုတ်တယ် မတွေ့တာ ကြာပြီနော်..
အိမ်ပုံလေးတွေ စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်..
အဆင်ပြေပျော်ရွှင်ပါစေနော်

ကျော်နှင်းဆီလွင် said...

မရေ
ခုတလောနေသိပ်မကောင်းလို့
အလည်ကျဲတာသိလား။
ခုရေးထားတာလေးက စုံလည်းစုံ
ဗဟုသုတလည်းအများကြီးရတယ် သိလား
အိမ်လေးတွေကနေချင်စရာလေးတွေရယ်
ပြီးတော့လေ အုတ်(အုတ်ကြွပ်ပြား)အမိုးတွေက
လေးပေမဲ့ သိပ်အေးတာ အဲဒါတော့ ကိုယ်တွေ့ပဲ။ အပူချိန်ကိုတအားညှိပေးတာမရဲ့။ အပြင်မှာအေးရင်လည်း အထဲမှာနွေး
အပြင်မှာပူရင် အထဲမှာအေးနေရော
ပြောရင်းနဲ့ အိမ်ကိုလွမ်းလာပြီ...
:D

အကြမ်းထည် said...

ဆရာမရေ...နွေအပူ..ဒဏ်တစ်ရာ
ဖန်ဆယ်ခါ မခံရအောင်လို့ မြန်ကောင်းသက်သာ
လက်မှူ နည်းပညာ လေးတွေ လား ဗျာ။ မြင်ရတာလေး က စိတ်ကြည်နူးစရာလေးနှယ်။

ပျော်ရွှင်အေးမြ နေထိုင် ကောင်းကြပါစေ။
with reps;

Shinlay said...

ဗဟုသုတတွေ အများကြီး ရသွား၊ယူသွားပါတယ်။
ကျေးဇူးတင်ပါတယ်။

လသာည said...

မမအယ် မမရှင်လေး မင်းအိမ် မယ်ကိုး ရွှန်းမီ အကြမ်းထည် ကျော်နှင်းဆီလွင် မမရွှေစင်နဲ့ စည်းစိမ် ချော နဲ့ စာဖတ်ပိတ်သတ်လေး.. နဲ့ သယ်ရင်းလေးများ အားလုံး..

အားလုံးကို ကျေးဇူးအထူးပဲ တင်ပါတယ်

မယ်ကိုး>> ရပါတယ် မယ်ရယ်..။ စိတ်ဆိုးစရာမှ မှုတ်တား))

သိင်္ဂါကျော် said...

အပူဒဏ် ရှောင်နည်းလေးတွေ ဖတ်ရတာ ကောင်းလိုက်တာ.. ပူတဲ့အချိန်ဆို ဘယ်မှကို မထွက်ချင်ဘူး၊ အရိပ်ထဲမှာ နေရတာပဲ ကောင်းတယ်နော်.။

ဧရာ said...

အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။

kiki said...

ရောက်တာ နောက်ကျသွားတယ် လသာည ရေ ..
အိမ်ဒီဇိုင်းလေးတွေ သဘောကျ တယ် ..
လသာည ...အာခီတက် လုပ်ပေးပါလားဟင် ..
မြန်မာ ပြည် ပြန် ပြီး တန်ဘိုးနဲ အိမ်ယာတွေ ဆောက်ပေးကြရအောင်လေ ..

နေ့အိပ်မက် said...

မမက စာအပုဒ်တိုင်းအပုဒ်တိုင်းကို သေချာအားထုတ်ပြီးရေးတာပဲနော်
ကျေးဇူးတင်ပါတယ်မမ ;)