Tuesday, September 13, 2011

အနီးစပ်ဆုံးတိုးတက်မှု နယ်ပယ် -ZPD

ပြဿနာတစ်ခုကို ဖြေရှင်းချင်တဲ့အခါပဲဖြစ်ဖြစ်၊ ပညာရပ်တစ်ခုကို သင်ယူတဲ့အခါပဲဖြစ်ဖြစ်၊ အနီးစပ်ဆုံး တိုးတက်မှု နယ်ပယ် ( Zone of proximal development-ZPD) ထဲမှာ ဖြေရှင်းရင်၊ သင်ယူရင် ပိုအဆင်ပြေတယ်လို့ ပညာရေး စိတ်ပညာရှင် Vigotsky က ဆိုပါတယ်။

အနီးစပ်ဆုံး တိုးတက်မှု နယ်ပယ်-ZPD ဆိုတာက ပြဿနာတစ်ခု/ ပညာရပ်တစ်ခုကို မိမိကိုယ်တိုင် မဖြေရှင်းနိုင်/ မတတ်မြောက်နိုင်သေးပေမယ့် မိမိထက် ပိုထူးချွန်သူ တစ်စုံတစ်ဦး၏ အကူအညီ/ လမ်းညွှန်မှု ရရင်တော့ ဖြေရှင်းဖို့ မိမိဘက်က စွမ်းရည်ပြည့်နေသော အခြေအနေ/အချိန် အကန့်အသတ်တစ်ခုကို ဆိုလိုတာပါ။ ZPD ထဲမှာ မိမိကို ထောက်ပံ့မှုကို ရရှိခဲ့ရင် လျှင်မြန်စွာ ပြဿနာကို ဖြေရှင်းနိုင်၊ ပညာသင်တာဆိုလျှင်လည်း လျှင်မြန်စွာ တတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ZPD ထဲက ထောက်ပံ့မှုပေးသည့်အရာများကို ငြမ်း (scaffolding)လို့ Vygotskyက သတ်မှတ်ထားပါတယ်။

Vygotsky က. အဆောက်အဦး တည်ဆောက်ဖို့ ငြမ်း ဆိုတဲ့ အထောက်အပံ့ လိုအပ်သလိုမျိုး ပညာသင်ယူတဲ့အခါ လည်း ငြမ်းကို အတိုင်းအတာတစ်ခုအထိ လိုကို လိုအပ်ပါတယ်၊ ထိုအတိုင်းအတာက ZPD ဖြစ်တယ်လို့ ဆိုပါတယ်. ..။

ပုံက Vygotsky ရဲ့ သီအိုရီကို ပုံဖော်ထားတာပါ။

ပုံထဲကအတိုင်း အဲဒီ ZPDရဲ့ အထက်နဲ့ အောက်မှာ အခြား နယ်ပယ်နှစ်ခုလည်း ရှိသေးတယ်။ ZPD အောက်က နယ်ပယ်က “မိမိကိုယ်တိုင် ဖြေရှင်းနိုင်သော၊ လုပ်နိုင်သော နယ်ပယ်” ဖြစ်ပြီး၊ ZPD အထက်က နယ်ပယ်ကတော့ “ကိုယ်တိုင် ဖြေရှင်းလို့မရသေးသော နယ်ပယ်” ဖြစ်ပါတယ်။ ဒီသီအိုရီဟာ ပညာရေး နယ်ပယ်မှာ အခု အရမ်းကို အရေးထားလာကြတာ တွေ့ရပါတယ်။

"ZPD ထဲက ငြမ်းများကတော့ မိဘဖြစ်ချင် ဖြစ်မယ်၊ ဆရာ ဖြစ်ချင်ဖြစ်မယ်၊ အတွေ့အကြုံရှိ မိမိရဲ့ အပေါင်းအသင်း သူငယ်ချင်း ဖြစ်ချင်လည်း ဖြစ်မယ်၊ ဒါမှမဟုတ် စာအုပ်တွေလည်း ဖြစ်နိုင်တယ်။ ငြမ်းများ၏ အကူအညီနဲ့ ZPD နယ်ပယ်ထဲမှာ သင်ယူတတ်မြောက်သွားပြီးတဲ့အခါ အဲဒါကို ကျေနပ်မနေပဲ ငြမ်းကို ဖယ်ရှားပြီး၊ (ငြမ်းမပါပဲ) ကိုယ်တိုင်လုပ်ဆောင်ရမှာ ဖြစ်တယ်။ ထို့နောက်တော့ အသစ်အသစ်သော ZPD တွေကို သတ်မှတ်ပြီး ကျွန်တော်တို့ ဆက်လက်ကြိုးစားရဦးမှာပါ......”

သေချာတာတစ်ခုက ငြမ်းဆိုတဲ့အရာတွေက လူသားတိုင်းရဲ့ဘ၀ ဘယ်အစိတ်အပိုင်းမှာမဆို ဆက်လက်
လိုအပ်နေဦးမှာပါပဲ မဟုတ်ပါလား……………….

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကို ဦးညွှတ်ကန်တော့လျှက်…
လသာည

13 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ယောင်းမ ရေးတဲ့ သဘောတရားလေး သဘောကျတယ်
ပညာရေးနယ်မှာ တြိဂံပုံလေးရှိတယ်နော်
မိဘရယ်ဆရာရယ် ကျောင်းသားရယ် ဒီသုံးခု ဟန်ချက်ညီညီ ဖြစ်နေမှ ကျောင်းသားရဲ့ ပညာရေး တိုးတက်မယ် ဆိုတာလေ
ငြမ်းနဲ့တူတဲ့ မိဘနဲ့ ဆရာရဲ့ ပူးပေါင်းမှုကလည်း မပါမဖြစ်ပါဘဲ
ဟုတ်တယ် ဒါကြောင့် ဘယ်နေရာမှာမဆို ငြမ်းတော့ လိုအပ်ကြတာရယ်။

Anonymous said...

ကျေးဇူးပဲ.. ဒီလို စာသံပေသံတွေ မကြားရတာကြာပြီ။

သဒ္ဓါလှိုင်း said...

ပြဿနာတခုခုဖြေရှင်းဖို့အတွက်လည်း ငြမ်းဆိုတာအဓိကပဲပေါ့နော်။ အဲဒီငြမ်းက ခိုင်ခံဖို့လည်း လိုမှာပဲ။
အကျိုးရှိတဲ့ ပိုစ့်လေးမို့ မလသာကို ကျေးဇူးတင်နေမိတယ်။
စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေနော်။
ချစ်တဲ့
သဒ္ဓါ

ဖိုးကြယ် said...

ဗဟုသုတရစရာပါ မလသာရေ....ဒါမှလည်း ချုပ်ထားတဲ့ ဘောင်တစ်ခုခု မျဉ်းတစ်ခုခုကို လွန်ပြီး တိုးတက်ဖြစ်ထွန်းမှုတွေရှိလားတော့မှာပေါ့။

ခင်တဲ့(ဖိုးကြယ်)

TZH1985 said...

ဘုရားပြီးရင် ငြမ်းဖျက်ရတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြစေချင်မိတယ်

အစဉ်အားပေးလျက်

ညီရဲ said...

ဘဝရဲ့ အချိန် တော်တော် များများမှာ လူတစ်ယောက်ဟာ အထောက်အကူ တစ်ခုခုတော့ လိုနေမှာပဲ။ ပတ်ဝန်းကျင်ရဲ့ အထောက်အကူ မပါဘဲ လူတစ်ယောက်ဟာ ဘယ်တော့မှ ထိပ်ဆုံးကို မရောက်နိုင်ဘူး။

SHWE ZIN U said...

ညီမ လသာည ရေ

ညီမ နဲ့ အတူ ပညာလိုလားသော သူအားလုံး လိုချင်တဲ့ ငြမ်း လေး တွေ နဲ့ ပြည့်စုံ စေကြောင်း ဆုမွန်တောင်း ပေးလိုက်တယ်


ချစ်တဲ့
အမရွှေစင် ဖြစ်ပါတယ်

Anonymous said...

ဖတ်မှတ်သွားပါတယ်အစ်မရေ
ပညာရေးအားနည်းသူမို့ ပညာရေးကိုအားပေးချင်သူပါ


မောင်ဘကြိုင်

seesein said...

ငြမ်း ငွေ လိုချင်တယ် ငြမ်းပါဝါလိုချင်ပါတယ် ........


စစဖြစ်ပါတယ်

တောက်ပကြယ်စင် said...

လသာညရေ မင်္ဂလာပါ မတွေ့တာလည်း ကြာပေါ့နော်။ ထူးထူးဆန်းဆန်းလေးတွေပါလား လသာညရေ။ ချောပြောသလိုပဲ ပညာအရာမှာတိုးတက်ဖို့ မိဘ၊ ဆရာ၊ ကျောင်းသား ဒီသုံးဦးတို့ ညီမျှနေဖို့ လိုမယ်နော်။ ကျန်းမာပျော်ရွှင်ပါစေ လသာညရေ။

ပေါ့ဆိမ့် said...

မရောက်တာလည်း ကြာခဲ့ပြီ မမလသာရေ...
ရောက်ရောက်ချင်း တန်ဖိုးရှိတဲ့ စာလေးတွေ ပြန်ဖတ်လိုက်ရတာ မေ့နေတာလေးအချို့ ပြန်သတိပေးခံလိုက်ရသလိုပဲ...
ကျေးဇူးတင်စွာဖြင့်
ဆင်တဲကဖေး

လသာည said...

အားပေးသွားတဲ့ အားလုံးအားလုံး ကျေးဇူးနော်။

မအိမ်သူ said...

အမြဲတမ်းငြမ်းဆင်ထားရမယ့် အမျိုးအစားထဲမှာ တို့ပါတယ်။း)) ဘာကိုဘဲဖြစ်ဖြစ် Self Study လုပ်ရင် အဆင့်တဆင့်မှာ အမြဲတမ်းရပ်သွားရော ဘာမှဆက်မလုပ်တတ်တော့ဘူး။ အဲဒီအချိန်မှာ တစ်ယောက်ယောက်က အသေအချာ မသင်ပေးဘူးဆိုရင် အဲဒီအဆင့်ကနေ လုံးဝရှေ့ဆက်တိုးလို့ကိုမရတော့တာ...