Showing posts with label ဇာတ်ကား. Show all posts
Showing posts with label ဇာတ်ကား. Show all posts

Tuesday, December 22, 2009

ရှောကိုဂျော့ ဆေဲလာ

နောက်တပတ် new year ကျောင်းပိတ်ရက် ရောက်ပြီနော်..။ သူငယ်ချင်းများ အားလုံး ၂၀၀၉ ခုနှစ်အတွင်း ပင်ပန်းသမျှ (otsukare sama desu) အမောပြေနိုင်ပါစေပါနော်..

ကျောင်းပိတ်ရက်တွေမှာ အင်တာနက်ရှိသူများ စိတ်ပြေလက်ပျောက် အပျင်းပြေ ကြည့်လို့ရအောင် ဇာတ်ကားလေးတစ်ခု အခုမိတ်ဆက်ပေးချင်တယ်။ အဲဒါက shokojo seira ဆိုတဲ့ ဇာတ်ကားလေးပါ။ ဂျပန်နိုင်ငံ ANNတီဗွီအစီအစဉ်က အပတ်စဉ်ပြသွားတဲ့ ဇာတ်လမ်းတွဲလေးပေမယ့် အခု အင်တာနက်ပေါ်ရောက်နေပါပြီ..။

ဇာတ်လမ်းအဖွင့်မှာ အိန္ဒိယကို အခြေခံထားပေမဲ့ ကျောရိုးက ဂျပန်က ကျောင်းတစ်ကျောင်းကို ဗဟိုပြုထားပါတယ်..။ ဒီဇာတ်ကားလေးထဲမှာ အခြွေအရံအပြည့်နဲ့ နေလာတဲ့ ကောင်မလေးတစ်ယောက်က အခြေအနေ အကြောင်းကြောင်းကြောင့် အစေခံဘ၀ကို ရောက်သွားရတယ်။ အဲဒီမှာ ပတ်ဝန်းကျင်နောက်ခံကို လိုက်ပြီး ပြောင်းလဲတတ်တဲ့ လူတချို့ရဲ့ စိတ်နေစိတ်ထားတွေကို တွေ့ရလိမ့်မယ်။ သူမပြောလေ့ရှိတဲ့ စကားက “မိန်းခလေးဆိုတာ ဘယ်သူမဆို သမီးတော် မင်းသမီး (princess)ပဲ”ဆိုတာပါပဲ..

ကျွန်မတို့တွေက သည်းခံပါလို့ ပြောလေ့ရှိကြတယ်။ ဒါပေမဲ့ သည်းခံခြင်းဟာ အရာခပ်သိမ်းမှာ ကောင်းတယ်လို့ ဆိုလို့မရကြောင်း တွေရတယ်။ လူတစ်ယောက်က အမြဲသည်းခံတတ်ရင် တဖက်က ပိုအနိုင်ယူချင်လာတယ်။ နောက်ပြီး အထင်သေးစိတ်ဖြစ်လာတယ်။ ကာယကံရှင်ကိုယ်တိုင်လည်း အမြဲသည်းခံနေရလွန်းရင် သိမ်ငယ်စိတ်ဖြစ်တတ်တယ်မဟုတ်လား။ အဲဒီအတွက် ဘယ်လို လုပ်သင့်သလဲ..

လူတွေက အမှန်တရားကို မြတ်နိုးကြတယ်တဲ့..။ လူတစ်ယောက်ယောက်က သူများမသိအောင် (သူရဲ့အားနည်းချက်ကို ဖုံးကွယ်ချင်လို့) ပုန်းလျှိုးကွယ်ရှိုးလုပ်နေတာ တွေ့ရင် ကိုယ်နဲ့မဆိုင်ပေမဲ့ (အမှန်တရားကို မြတ်နိုးသူမိုလို့) “ဟန်ဆောင်တာတွေ ရပ်လိုက်စမ်း၊ အခုဘာလုပ်နေတာလဲ အမှန်အတိုင်း ပြော”လို့ ၀င်ပြောတတ်တယ်။ ဒါပေမဲ့ အမှန်တရားကို ချစ်မြတ်နိုးသူအနေနဲ့ သူများရဲ့ အားနည်းချက်ကို သိလိုက်ရတော့ရော ဘာဖြစ်သွားသလဲ။ ပျော်စရာလား ၊ အမှန်တရားမြတ်နိုးသူအတွက် ဂုဏ်ယူစရာလား..။

နောက်ပြီး အမှန်တရားဆိုတာ တစ်ခုတည်းမဟုတ်ဘူး..။ ဘယ်အရာကိုမဆို ဘက်စုံထောင်စုံမှ ကြည့်တတ်ရင် အမှန်တရားတွေက အများသားပဲဆိုတာ တွေ့ရလိမ့်မယ်။

နောက်ပြီး “ကိုယ့်ထက်သာ မနာလို”ဆိုတဲ့ ဆိုရိုးစကားလေး ရှိတယ်မဟုတ်လား.။ အဲဒီမနာလိုခြင်းရဲ့ နောက်ကွယ်မှာ သိမ်ငယ်စိတ်ဆိုတာက ရှိနေတယ်လေ။ သူက ကိုယ်ထက်တော်နေလေ၊ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်လေ၊ သူများကို မနာလိုလေ ဖြစ်တတ်တယ်။ ဒီအခါကျတော့ ဘယ်လောက် ကြီးမြတ်တဲ့ဘ၀ကို ရနေပါစေ၊ သိမ်ငယ်စိတ်ကို ခံစားမိတာနဲ့ သူဟာ သူထက်တော်တဲ့တခြားသူတွေကို ရန်မှုဖို့ ကြိုးစားတာပါပဲ..

မိတ်ဆွေကဏ္ဍမှာလည်း အပြန်အလှန်ချစ်ခင်တတ်ရင် ရာထူးဂုဏ်သိမ်ဆိုတာ အလကားပါ၊ လက်တွဲမပျက်ပါဘူး ..လို့ ပြောပေမဲ့ အားကြီးသူက အုပ်စုဖွဲလာရင် အားမတန်မာန်လျော့ပြီး ချစ်ခင်သူကို လက်တွဲခေါ်ဖို့ အားမရှိပဲ မျက်ရည်နဲ့ ဥပက္ခာပြုရတာမျိုးတွေ ရှိတတ်တယ်။ ဒီလိုဆိုရင် လက်တွဲမခေါ်လို့ မိတ်ဆွေစစ်မဟုတ်ဘူးလို့ မင်းပြောမှာလား..

အဲလိုမျိုးတွေပေါ့.... ဒီဇာတ်ကားလေးက ဇာတ်လမ်းဆိုတော့ ဇာတ်လမ်းဆန်ဆန် ဇာတ်နာချင်နာနေမယ်။ ဒါပေမဲ့ ဘ၀ကို နေတတ်အောင်၊ ပတ်ဝန်းကျင်ကို အမှန်အတိုင်း မြင်တတ်အောင်၊ ရန်လိုမုန်းထားသူတွေအပေါ် စိတ်ထားတတ်အောင်..၊ နိမ့်ကျခြင်းဆိုတာ မိမိကိုယ်တိုင် နှိမ့်ချလိုက်မှ နိမ့်ကျခြင်းဖြစ်တယ်ဆိုတာမျိုးကို စကားလုံးလှလှလေးတွေနဲ့ ပညာပေးထားတယ်...။ တအားကောင်းလွန်းလို့ ငိုစရာတွေမှာ မျက်ရည်ကျအောင် ကောင်းသလို ပျော်စရာ ဟာသတွေလည်း အများကြီးပါတယ်။။

အချိန်ရရင် ကြည့်ဖြစ်အောင်ကြည့်လိုက်နော်..။ ကြည့်ပြီးရင် အခုထက် လောကဓံကို စိန်ခေါ်ရဲတဲ့ သတ္တိတွေရှိသွားလိမ့်မယ် သိလား..း)) ဒီလင့်လေး (http://www.mysoju.com/shokojo-seira/)မှာ သွားကြည့်လိုက်ပါ။ ၀န်ခံစရာ ရှိသေးတယ်၊ အဲဒါကဘယ်သူဆုံးဖြတ်မလဲ ဆိုတဲ့ပိုစ်က အဲဒီဇာတ်လမ်းထဲက အကြောင်းအရာတစ်ချို့ကို မှီငြမ်းထားတာပါ။

လသာညလည်း တိုကျိုရွာကို ပြန်ဦးမယ်..။ ၁၀ရက်လောက် ကြာမယ်ထင်တယ်..။ (ထင်တယ်လို့ ပြောရတာက ကျောင်းစာကိစ္စကြောင့် စောပြန်ချင်လည်း ပြန်မယ်ဆိုတော့ မသေချာလို့ ပြောတား) ဒါကြောင့် ဘလော့ကို မလာနိုင်လောက်ပြန်ဘူး...းD ခွင့်လွှတ်ပေးပါဦးနော်း))
(အချိန်ရရင် schedule postလုပ်ပြီး ကြိုတင်ခဲ့ပါ့မယ်..)

အားလုံးကို ချစ်ခင်တဲ့
လသာည.. ဖြစ်ပါတယ်...