Thursday, December 10, 2009

ဝေဖန်တော့မယ်ဆိုရင်

ဂျပန်မူလတန်းကျောင်းလေးသို့ စိတ်ပညာကျောင်းသားများ လေ့လာရေးသွားတုန်းကပေါ့။ အတန်းတစ်တန်းကို ၀င်လေ့လာတဲ့ အချိန်လေးမှာ ဆရာမက ခုံတန်းဘေးက ဖြတ်လျှောက်ရင်း ကလေးတွေရဲ့ သချာင်္အဖြေတွေ မှန်မမှန်စစ်ဆေးနေခဲ့တယ်။ အဲဒီမှာ နောက်ဆုံးတန်းက ကလေးလေး နှစ်ယောက်နားရောက်လာတယ်။ ပထမတစ်ယောက်ကို ဆရာမက မေးလိုက်တယ်..

“သား အဖြေ ဘယ်လောက်ရလဲ”
“၃၀၀ ပါ ဆရာမ”
“အိုး တော်လိုက်တာ။ အရမ်းတော်တာပဲ...။ အဖြေမှန်ရအောင် တွက်ထားတာပဲ”

ပြီးတော့ နောက်တစ်ယောက်နားကို သွားပြီး ဆက်မေးတယ်...
“အဖြေ ဘယ်လောက်ရလဲ”
“ ၃၀၀ ပါ ဆရာမ”
“ဟုတ်တယ်။ အဖြေမှန်တယ်”
ဆရာမက အဲဒါပဲ ဖြေပြီး တခြားခုံနားကို ထွက်သွားတယ်။

ဟင်.. လေ့လာရေးကျောင်းသားများ စိတ်ထဲမှာ တစ်စုံတစ်ခုကို ဘ၀င်မကျဖြစ်သွားတယ်။ အဖြေချင်းအတူတူ တစ်ယောက်ကိုတော့ အရမ်းတော်တယ်လို့ ချီးကျူးပြီး အခြားတစ်ယောက်ကိုတော့ ပုံမှန်ပဲ ပြောသွားတဲ့အတွက်ပါ။

ဒီနောက် ဆက်လက်လေ့လာနေစဉ်မှာပဲ ဆရာမက နောက်ထပ် ပုစ္ဆာတစ်ပုဒ်ကို ထပ်ပေးပါတယ်။ ကလေးအားလုံး တွက်ပြီးချိန်လောက်မှာ ဆရာမက အဖြေစစ်ဖို့ ခုံတန်းလိုက် လမ်းလျှောက်ကြည့်ပါတယ်။ နောက်ဆုံးခုံနားကို ရောက်တော့ အခုနကလိုပဲ ဆရာမက မေးပါတယ်..။
“အဖြေ ဘယ်လောက်ရလဲကွယ်”
“၄၅ ပါဆရာမ”
“ဟုတ်လား... အင်း.. အဲဒါ မှားနေတယ်။ ၄၅က အဖြေမှန်မဟုတ်ဘူးနော် ”

နောက် ဘေးနားက ကလေးကို ဆက်မေးပါတယ်.. “အဖြေဘယ်လောက်လဲကွယ်”
“၃၂ ပါဆရာမ”
“မှားတယ်၊ ဘာလို့ သေချာမတွက်တာလဲ..။ ဘာဖြစ်လို့ ပေါ့ပေါ့ရွှတ်ရွှတ်လုပ်နေတာလဲ”

ဒီတခါတော့ လေ့လာရေးကျောင်းသားတွေရဲ့ အတွေးက ပိုသေချာသွားသလိုခံစားနေကြတယ်။ “ဆရာမဟာ ကလေးအတူတူ မျက်နှာလိုက်တတ်တယ်၊ မှန်သူအချင်းချင်း ခွဲခြားပြီး ချီးကျူးတတ်တယ်။ အဖြေမှားသူချင်းကို တစ်ယောက်ကို မဆူပဲ အခြားတစ်ယောက်ကိုပဲ ဆူပူပြစ်တင်နေခဲ့တယ်။ ဒီဆရာမဟာ ကလေးတွေရဲ့စိတ်ကို နားမလည်သူ၊ ကျောင်းဆရာမမဖြစ်သင့်သူ.”.လို့ သုံးသပ်လိုက်ပါတယ်။

ဒီလိုနဲ့ နေ့လည်ထမင်းစားဆင်းချိန်ကျတော့ လေ့လာရေးကျောင်းသားတွေလည်း ပါမောက္ခနဲ့ ပြန်ဆုံပြီး မနက်ဖက် လေ့လာ တွေရှိချက်တွေကို ဆွေးနွေးကြတယ်။ သေချာတာပေါ့.. မျက်နှာလိုက်တဲ့ ဆရာမအကြောင်းလည်းပါတယ်။ ဆရာမ့အကြောင်းကို ကြားတော့ ပါမောက္ခဆရာကြီးက ဘာမှမဝေဖန်ပဲ ပြုံးနေခဲ့တယ်။

ဒီလိုနဲ့ နေလည်အတန်းပြန်တက်ချိန်ကျတော့ ဆရာကြီးပါ လေ့လာရေးကျောင်းသားတွေနဲ့အတူ မျက်နှာလိုက်တဲ့ဆရာမ သင်ခဲ့တဲ့အတန်းကို လိုက်လာပါတယ်။ နေ့လည်ချိန်ဆရာမ စာမသင်ခင် ခဏခွင့်တောင်းပြီး နောက်ဆုံးက ကျောင်းသားနှစ်ဦးအနက် ချီးကျူးခံသင့်လျက် ချီးကျူးမခံရသူ၊ မှားတဲ့အခါ ပြစ်တင်ခံရသူ ကလေးငယ်ကို အပြင်ကို ခဏခေါ်ပြီး ဒီလိုမေးပါတယ်။

“သားကို ဆရာမက ဒီနေ့ဆူတယ်ဆို၊ ဟုတ်လား ဘာဖြစ်လို့လဲကွ”
ကလေးက ရယ်ပြီးတော့ “ဒီနေ့ သချာင်္တွက်တာ မှားလို့ပါ ခင်ဗျာ”
“ဟေ.. မှားတာနဲ့ ဆူရသလား၊ မင်းဘေးက သူငယ်ချင်းကိုကျတော့ ဆရာမက မဆူဘူးဆို”
“ဟုတ်ကဲ့..၊ သားက သချာင်္အမှတ်ပြည့်ရနေကျသူဆိုတော့ ဒီနေ့မမှားသင့်ပဲ မှားလို့ ဆရာမက ဆူတာပါ၊ သူကတော့ သချာင်္မတော်ဘူး။ အမြဲမှားနေကျမိုလို့ ဆရာမက ဆူလည်း မောရုံပဲ ရှိမှာမိုလို့ မဆူတာပါ”

ပါမောက္ခဆရာကြီးက သဘောကျစွာ ပြုံးလိုက်ပြီးတော့ ဆက်မေးတယ်..
“ဒါနဲ့ ပုစ္ဆာအဖြေမှန်တော့လည်း သားကို ဆရာမက မချီးကျူးဘူးဆို၊ ဆရာမက မျက်နှာလိုက်တတ်တယ်ထင်တယ်”
“မဟုတ်ပါဘူး ခင်ဗျ။ အဲဒီပုစ္ဆာက လွယ်ပါတယ်။ အမြဲမှန်နေကျ ကျွန်တော့်အတွက် မထူးဆန်းပါဘူးခင်ဗျ။ ကျွန်တော့်ဘေးက သချာင်္မတော်တဲ့သူငယ်ချင်းကတော့ အဲဒီပုစ္ဆာကို ဒီနေ့ မှန်အောင်တွက်နိုင်လို့ ဆရာမက ချီးကျူးတာပါခင်ဗျ..။

ကလေးငယ်စကားအဆုံးမှာ ဆရာကြီးနဲ့တကွ လေ့လာရေးကျောင်းသားများအားလုံး လက်ခုပ်တီးလိုက်ကြပါတယ်..။ “ကလေး မင်း အရမ်းတော်တာပဲ”လို့လည်း ပြောလိုက်ကြတယ်။

လေ့လာရေးခရီးရဲ့ အပြန်လမ်းမှာ ဆရာကြီးက ဒီလိုပြောပါတယ်။

“ဒီနေ့လေ့လာရေးကနေပြီး သင်္ခန်းစာတစ်ခု ရသွားပြီလို့ ယုံကြည်ပါတယ်။ တကယ်တော့ အနေအထားတစ်ခုကို ဝေဖန်တော့မယ်ဆိုရင် အကြောင်းရင်းကို အရင်ရှာသင့်တယ်။ အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်သမျှဟာ အဖြေမှန်မဖြစ်နိုင်ဘူး..။ အခုနက ကလေးလေးဟာ သူနေ့စဉ်ကြုံနေကျ အခြေအနေကို အမှန်အတိုင်း သိရှိနေသူဖြစ်လို့ ဆရာမအပေါ်မှာ ဘယ်လိုမှမတွေးဘူး။ တကယ်လို့များ မင်းတို့က အပေါ်ယံကြည့်ပြီး “ဆရာမ မျက်နှာလိုက်တယ်”လို့ ယူဆတဲ့အတွက် အဲဒီအတိုင်း ကလေးကို သွားပြောရင် တကြိမ်မှာ ဘယ်လိုမှ မတွေးနိုင်ပေမဲ့ အကြိမ်များလာရင် သူ့ရဲ့ဖြူစင်တဲ့ မှန်ကန်တဲ့အတွေးကို အရောင်ဆိုးသလို ဖြစ်သွားနိုင်တယ်။ ဆရာမအပေါ်အမြင်မှားသွားနိုင်သလို ပတ်ဝန်းကျင်ကိုလည်း သံသယတွေပွားသွားနိုင်တယ်..။

ဒါကြောင့် သူများမိသားစုတစ်ခုက မောင်နှမတွေအကြောင်းပဲဖြစ်ဖြစ်၊ အဖွဲအစည်းတစ်ခုကိုပဲ ဖြစ်ဖြစ်၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ဖြစ် ဘေးကကြည့်ပြီး ဝေဖန်ခါနီးတိုင်း အတွင်းကျကျ မသိပဲနဲ့ အပေါ်ယံအမြင်နဲ့ မဆုံးဖြတ်မိပါစေနဲ့..။ တကယ်လို့များ ဆုံးဖြတ်ခဲ့မိရင်.. .........................................
.........................................................................................................................................။
လသာည... ဖြစ်ပါတယ်..။

လေ့လာရေးသွားစဉ်က ပါမောက္ခရဲ့စကားလေးများဖြစ်ပါတယ်။

12 comments:

နေ၀သန် said...

မှန်တာပေါ့ခင်ဗျာ... သေချာစိစစ်ပြီးမှ ဝေဖန်သင့်ပါတယ်... ဗဟုသုတလည်းရပါတယ်...

မိဆိုးလေး said...

အင်း..အရေးကြီးတဲ့ အချက်လေးတစ်ခုပေါ့အမ။သတိပြုနေပါ့မယ်။
ဖေကြီးကပြောဘူးတယ်...။ဘာပဲပြောပြော၊ဘာပဲလုပ်လုပ်
သတိနဲ့ သေသေချာချာစဉ်းစား ပြီးမှပြောပါ၊လုပ်ပါတဲ့..။
အမ ပို့ စ်ကိုဖတ်ပြီး ဖေကြီးကို သတိရသွားလို့ ..။

နေ့အိပ်မက် said...

ဒီလိုမျိုးဆရာက ကိုယ်တိုင်သင်ခဲ့ရဖူးလို့ အပေါ်က ဆူလိုက်မဆူလိုက်လုပ်နေကတည်းက ဒီလိုဆိုတာ ရိပ်မိသွားတယ်... မမရဲ့ဒီစာကို ခုခေတ်ထနေတဲ့ ဝေဖန်ရေးသမားဆိုတာတွေကို ပေးဖတ်လိုက်ချင်တယ်.. အဟုတ်

rose of sharon said...

ဟုတ်တယ်သူငယ်ချင်း... အတွင်းကျကျမသိတဲ့ကိစ္စတွေဆို ကိုယ်တော့ မသိချင်ယောင်ဘဲဆောင်နေလိုက်တယ်... သိမှမသိတာကိုနော်....

သိင်္ဂါကျော် said...

ဟုတ်တယ်နော်.. လူတွေက တစ်ခုခုဆို အပြစ်ပြောချင်တာက အရင်ဆိုတော့.. ဒီလိုမျိုး စဉ်းစားသင့်ပါတယ်..

ကျော်နှင်းဆီလွင် said...

မညရေ
တကယ်ပညာရပါတယ်
အရမ်းပဲနှစ်သက်မိကြောင်းပါ

kiki said...

ကိစ္စတခုကို စ. လယ် ..ဆုံး သေချာ သိမှ ဝေဖန် ရမယ်ဆိုတာကို ဝေဖန်ရေးသမားတိုင်း သတိပြုရမဲ့ အချက်ပါပဲ ။..
သူများကို မဝေဖန်မီ မိမိကိုယ်ကို လည်း အဝေဖန်ခံနိုင်ရဲ့လား ဆိုတာကိုလည်း အရင် ဦးဆုံး ပြန်ဆန်းစစ်သင့်ကြပါတယ် ။

အဲ... အခုတောင် ဝင်ပြော နေမိ ပြန် ပြီ ...း)))

နှင်းဟေမာ said...

မမလသာညရေ...
သင်ခန်းစာလေးတစ်ခုရလိုက်သလိုပါပဲ
တစ်ခါတစ်လေမှာ ဘာရယ်မဟုတ်ဘူး
အကြောင်းအရာတစ်ခုကို သေသေချာချာမလေ့ပဲ
ရမ်းပြီး သုံးသပ်လိုက်မိတယ် ....
ပညာပေးလေးတစ်ခုလိုပါပဲ ... ကျေးဇူးတင်ပါတယ် မမရေ....း))

မယ့်ကိုး said...

ချစ်မလေး အလုပ်တွေလျော့လို့ စာပြန်ရေးတာလား ဆိုပြီး ဝမ်းသာပါတယ်။ စာလေးဖတ်ရလို့လည်း ကျေးဇူးအထူးပါ မ။

ကိုလူထွေး said...

ဗဟုသုတနဲ့ ဆင်ခြင်စရာတွေ ပေးလိုက်တဲ့ စာပဲ...

လသာည said...

ကွန်မန့်လေးများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်... :D

မိုးထက်အိမ် said...

ဟုတ်တယ်နော် အမ..
တစ်ခါတစ်လေ ညီမလေးတွေကို ဆူမယ်ကြံတိုင်း ပြန်ပြန်တွေးကြည့်ရတယ် ... သူတို့ဘာလို့ အဲလိုလုပ်တာလဲ ဆိုပြီးလေ .... :)