Sunday, May 19, 2013

တကယ်ဆို ကျွန်မက လူမိုက်ပါ

တိုကျို တက္ကသိုလ် Todaimae stationရဲ့ လက်မှတ်ထွက် အပေါက်နားမှာ မည်သူမဆို ၀င်ရောက်နားနေနိုင်ပြီး၊ ဖတ်ရှူနိုင်ဖို့ထားတဲ့ စာအုပ်စင်လေးလည်း ရှိပါတယ်။  စာကြည့်ဖို့ စားပွဲလေးနဲ့ ထိုင်ခုံလေးတွေလည်း ထားပါတယ်။ ကျွန်မ ကျောင်းကနေ အဆောင်အပြန် သူငယ်ချင်းတစ်ယောက်ကို ထိုင်စောင့်ရင်း အဲဒီမှာ စာဖတ်လေ့ရှိပါတယ်။ တခါတလေလည်း ထိုင်ခုံလေးမှာ ထိုင်ရင်း အဲဒီနားက နံရံအပြည့် ရေးချယ်ထားတဲ့ ပန်းချီကားကြီးကို လှမ်းကြည့်မိလေ့ ရှိတယ်။ အဲဒီ ပန်းချီကားကြီးထဲမှာ လူများစွာကို စရိုက်များစွာနဲ့ ဆွဲထားတာဆိုတော့ တစ်ဦးချင်းစီကို ကြည့်ရတာ စိတ်ဝင်စားဖို့ တအားကို ကောင်းပါတယ်။ လူတစ်ဦးချင်းစီရဲ့ စရိုက်ကို သေချာလိုက်ကြည့်ရင်း၊ ကြည့်လို့ မပြီးနိုင်ပဲ ဖတ်လို့ မပြီးနိုင်တဲ့ စာအုပ်တစ်အုပ်လို့ နေ့တိုင်း ကြည့်မ၀၊ ဖတ်မပြီး ဖြစ်ခဲ့ရပါတယ်။

အဲဒီ ပန်းချီ (Painting) က Pieter Bruegel ရဲ့ ပန်းချီ ဖြစ်လိမ့်မလားလို့ တွေးရင်း ပန်းချီဆရာလက်မှတ်ကို ရှာခဲ့ပေမယ့် ကျွန်မ တွေ့အောင် မရှာနိုင်ခဲ့ပါဘူး။
.............................................................

Pieter Bruegelရဲ့ Paintingsတွေ ထဲမှာ ကျွန်မအခုထိ ဖတ်လို့မပြီးနိုင်တဲ့ ပန်းချီကားတစ်ခုရှိပါတယ်။ လူမိုက်တွေအကြောင်း ဆွဲထားတာပါ။ အဲဒါက အောက်က ပန်းချီကားပါ။ Pieter Bruegelက ပုံထဲက လူတစ်ယောက်စီအတွက်  အဆိုအမိန့် Proverb တွေ ရေးထားတဲ့အတွက် လိုက်လံကြည့်ရင်း စိတ်ဝင်စားစွာ ပန်းချီကားထဲမှာ အကြိမ်များစွာ နစ်မြောနေခဲ့ဖူးပါတယ်။

ပန်းချီကားထဲမှာ  လူမိုက်ပေါင်းများစွာရှိတယ်။ အဲဒီအထဲက လူမိုက်ကြီး ခြောက်ယောက် အကြောင်းကို ဖော်ပြထားပုံကို ကျွန်မအထူး စိတ်ဝင်စားမိပါတယ်။

လူမိုက်ကြီး (၆) ယောက်

အရင်ဆုံး စိတ်ဝင်စားမိတဲ့ လူမိုက်ကြီး နံပါတ် (၁)က တော့ အထက်ဖော်ပြပါပုံရဲ့ အောက်ခြေအလယ်နားမှာ လူတစ်ယောက် ၀က်တွေကို (၀က်တွေပဲ ခေါ်ကြပါစို့) နှင်းဆီပန်းပွင့်လေးတွေ ချပေးနေတာကို တွေ့ရပါတယ်.။ အဲဒီလူအတွက်  ပန်းချီဆရာရဲ့ အဆိုအမိန့်က "Throwing rose before swine" ပါတဲ့။

တကယ့်မူရင်းအဆိုအမိန့်က Bible ကလာတာပါ။ Don't throw pearl before swine ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ပုလဲလို တန်ဖိုးရှိတဲ့အရာတွေကို ၀က်ရှေ့ ပစ်ချမပေးပါနဲ့။ ပုလဲဆိုတာ ၀က်နဲ့ ဘာမှမဆိုင်ဘူး၊ ၀က်အတွက်အသုံးမ၀င်ပါဘူးတဲ့။ ပြောချင်တာကတော့ တဖက်သားအတွက် တကယ်အသုံးဝင်ရဲ့လား၊ သူကတကယ် တန်ဖိုးထားမှာလားဆိုတာကို မစူးစမ်းပဲ ကိုယ့်ရဲ့အချိန်တွေ၊ အင်အားတွေ ပေးနေသူတွေဟာ လူမိုက်ပါတဲ့။

အဲဒါကို Pieter Bruegelက ပုလဲအစား နှင်းဆီပန်းနဲ့ အစားထိုးသုံးထားတယ်လို့ ယူဆရပါတယ်။ သင်းပျံမွှေးကြိုင်ပြီး သိပ်ကို လှပတဲ့ နှင်းဆီပန်းလေးတွေကို တယုတယ တန်ဖိုး ထားမယ့် သူတွေကို မပေးပဲ၊ တန်ဖိုးကို မသိတဲ့ ၀က်တွေကို ပေးနေသူဟာ လူမိုက်ပါပဲလို့ ဆိုလိုချင်တာပါ။ မဆိုးပါဘူး တစ်ခုတော့ ရှိတယ်။ ပုံထဲက ၀က်တွေကတော့ ပုလဲတွေကို စိတ်မ၀င်စားဘူးဆိုတာ ဖြစ်နိုင်ပေမယ့် နှင်းဆီပန်းကိုတော့ အနည်းအကျင်း စိတ်ဝင်စားပုံပါပဲ..။


လူမိုက်ကြီး နံပါတ် ၂ ကတော့ မြစ်လယ်ခေါင်မှာ ကူးခတ်နေတဲ့ လူတစ်ယောက်ပါ။ သူ့ပုံစံကြည့်ရတာ တစ်ခုခု အကူအညီတောင်းနေသလိုပဲ။ သူ့အတွက် အဆိုအမိန့်ကတော့ "swimming against the tide" တဲ့။ ဒီရေ ရေစီးချောင်းကို အတည့် ဆန်ကူးနေသူတစ်ဦး ပါ။ ပန်းချီဆရာ ဆိုလိုတာကတော့ ဒီရေဆိုတာ ပတ်ဝန်းကျင်က လူအများကို ဆိုလိုတာပါတဲ့။ ပတ်ဝန်းကျင်က လူတွေလုပ်သမျှ အမှားတွေ၊ ငါလုပ်တာကမှ အမှန်ကွလို့ အများကို ဆန်ကျင် ဂွတိုက်ရင်း အားအင်ရှိပေမယ့်  နောက်ဆုံးမှာ ဘ၀ ဆုံးရှူံးသွားရတဲ့ ခေါင်းမာတဲ့ လူတစ်ယောက်ဟာ လူမိုက်ပါလို့ ဆိုလိုချင်ပုံပါပဲ။


နောက်လူမိုက်ကြီး နံပါတ် ၃ပုံကတော့ နံရံကို ခေါင်းနဲ့တွန်းတိုက်နေတဲ့ လူတစ်ယောက်နဲ့ ပတ်သက်ပါတယ်။"Banging his head against wall" ပါ။  ဒီလူမိုက်ကတော့ ဘယ်လောက် ကြိုးစားကြိုးစား ဘာအကျိုးရလာဒ်မှ မရှိတဲ့အဖြစ်ကိုမသိပဲ အစွမ်းကုန် ကြိုးစားလုပ်နေသူပါ။ ကိုယ့်ကြိုးစားမှုဟာ အချည်းနှီးပဲ၊ အချိန်တွေကုန်သွားရုံပဲ.. ဆိုတာတောင် မသိတဲ့သူ. အဲဒါ တကယ်ပဲ လူမိုက်ပါလို့ ပန်းချီဆရာက ပြောချင်နေတယ် ထင်ပါရဲ့.။


နောက်ပုံက ပိုလို့တောင်စိတ်ဝင်စားစရာ ကောင်းသေးတယ်။ ပန်းချီကားရဲ့ လက်ယာ အပေါ်ဘက်နားမှာ လူတစ်ယောက်က ပိုက်ဆံတွေကို မြစ်ထဲသွန်ချနေတာကို တွေ့ရပါလိမ့်မယ်။ ကိုယ်ကြိုးစား ရှာဖွေသမျှကို မြစ်ထဲသွန်ချနေတဲ့ လူမိုက်ပေါ့။ မြန်မာစကားပုံတစ်ခုဖြစ်တဲ့ သဲထဲရေသွန် နဲ့ ခပ်ဆင်ဆင်ပေါ့နော်။ ကြိုးစားသမျှ အရာမထင် အချည်းနှီးဖြစ်သွားအောင် လုပ်နေတဲ့ လူမိုက်ကြီးပေါ.။

နောက်လူမိုက်ကတော့ မြစ်နားမှာ ငါးရှဥ့်အမြီးကို ဖမ်းနေတဲ့ လူပါပဲ။ သူ့အတွက် အဆိုအမိန့်ကတော့ "An eel caught by the tail is only half caught" တဲ့။ ငါးရှဥ့်ကို အမြီးကနေ ဖမ်းမိတာဟာ တကယ်မိပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ မိပြီလို့ ၅၀%ပဲ ပြောနိုင်သေးတာပါ။ အချိန်မရွေး ကိုယ့်လက်ကနေ ထွက်သွားမယ့် အရာအတွက် ငါပိုင်ပြီလို့ မတွေးသင့်ဘူးတဲ့။


နောက်ဆုံးလူမိုက်ကတော့ ပန်းချီကားရဲ့ လက်ဝဲဘက်က လူတစ်ယောက်ပါပဲ။ သူကတော့ အနားက ကြက်ကို  လက်နဲ့စမ်းရင်း ဒီကြက်တွေကနေ ငါ ကြက်ကလေး ဘယ်နှစ်ကောင် ထပ်ရမလဲဆိုပြီး မပေါက်လာသေးတဲ့၊ ဒီထက် ပိုပြောရရင် ဥတောင် မဥရသေးတဲ့ ကြက်ဥတွေကို စိတ်ကူးယဉ်ပြီး နောက်ဆို ငါ့မှာ ကြက်ကလေး ဘယ်နှစ်ကောင်ရှိမှာလို့ ရေတွက်နေသူပါ။ တော်တော် မိုက်တဲ့လူမိုက်ပါ...
...............................................

တကယ်ဆို .. ကျွန်မလည်းပဲ လူမိုက်ပါပဲ။

ကျွန်မလေ..  ကိုယ့်အတွက် တန်ဖိုးရှိတဲ့အရာတွေဟာ သူများတွေအတွက်လည်း တန်ဖိုးရှိလိမ့်မယ်လို့ထင်ပြီး ၀က်တွေရှေ့နှင်းဆီပန်း ချပေးသလိုမျိုး ခဏခဏ လုပ်ဖူးခဲ့တယ်။ ကျွန်မဟာ လူမိုက်ပါ။

ကျွန်မလေ.. ကျွန်မသိတဲ့ လူအများက ဒီအယူအဆ မှန်တယ်လို့ ဆိုနေတာကို ဒါဟာ မှားနေတယ်လို့ သက်သေပြချင်စိတ်ကြောင့် စိတ်ရောလူရော ပင်ပန်းခဲ့ရဖူးတယ်။ ကျွန်မဟာ လူမိုက်ပါ။

ကျွန်မလေ.. ကျွန်မရှေ့မှာ နှစ်ရှည်လများ စွဲမြဲခိုင်ခံ့နေတဲ့ ပိတ်ထားတဲ့အရာတွေကို မတောက်တခေါက် ပညာလေးနဲ့၊ ရှိသမျှ ခွန်အားနဲ့ မကြာခဏ ကြိုးစားပြီး တွန်းဖယ်နေမိခဲ့တယ်။ မဖြစ်နိုင်ဖူး ဆိုတာ သိလျှက်နဲ့လေ...။ တကယ်ပဲ ကျွန်မဟာ လူမိုက်ပါ။

ကျွန်မလေ.. ကြိုးစားသမျှ အရာမထင်နိုင်တာတွေကို သိထားရဲ့နဲ့လည်း အရာထင်လိုထင်ငြားဆိုပြီး ကြိုးစားလိုက် သွန်ချလိုက်နဲ့ လုံးခြာလည်နေခဲ့တာပါ။ တကယ့် လူမိုက်ကြီးပါပဲ။

ကျွန်မလေ.. ငါးရှဥ့်ကို အမြီးက ဖမ်းမိထားတာလေးကို ဘယ်တော့မှ မလွတ်တော့ဘူးလို့ ထင်တဲ့လူမိုက်လိုပဲ ကိုယ့်ရထားတဲ့ ရာထူး/ စည်းစိမ်/ နေရာတစ်ခုဟာ ကိုယ်အပိုင်ပဲ တွက်ထားမိထားခဲ့တာလည်း အခုထိပါပဲ။ ကျွန်မထက် ပိုမြင့်တဲ့သူတွေတောင် မကြာခဏ သူတို့ရဲ့ ငါးရှဉ်တွေ လွတ်လွတ်သွားတာကို မြင်ထားရက်နဲ့လေ။ တကယ်ပါ.. ကျွန်မက လူမိုက်ပါ။

ကျွန်မလေ.. ရှေ့အနာဂတ် ဘာဖြစ်မလဲ မသိဘဲနဲ့လည်း  လက်ရှိဘ၀မှာ ထိုင်နေရင်း ဘယ်လောက်နေရင် ရာထူးတိုးလိမ့်မယ်၊ ဘယ်တော့ကျရင် ငါ လစာတိုးတော့မယ် စသည်ဖြင့် မပိုင်ကြက်မွေး လုပ်နေမိတာ အခုထိပါ။ ဘယ်လိုမှ မငြင်းနိုင်အောင် ကျွန်မက လူမိုက်ပါ။
ဟုတ်ကဲ့... လူမိုက်ကြီး လသာည ဖြစ်ပါတယ် ရှင်။
References: Pieter Bruegel's paintings, Oil on oak panel,Staatliche Museen zu Berlin - Gemaldegalerie, Berlin

11 comments:

Anonymous said...

တကယ်ကောင်းတဲ့ ပိုစ်လေးပါ။ အခုလို မဖတ်ရတာ ကြာပြီ။ ကျေးဇူးတင်ပါတယ်။

နော်နော် said...

အရမ်းကောင်းပါတယ်။ နောက်ဆုံးပိတ် တစ်ခုလေးပဲလိုသွားတာ။ ဘာလဲသိလား။ လသာညဖြစ်ပါတယ်ရှင် ဆိုတာလေးပေါ့။
နော်နော်

Anonymous said...

ညီမ ရဲ့ စာလေးကို အခုမှဘဲဖတ်မိတယ် တကယ်ကောင်းတဲ့ ပို့စ်လေးပါဘဲ အပေါ်က ညီမ ပရိတ်သတ် နော်နော် လည်း ညီမ ရေးနေကြလေး သတိရတယ်နော်



ချစ်တဲ့ အမကြီး
ရွှေစင်ဦး ဖြစ်ပါတယ်

seesein said...

မမိုက်ဘူးတဲ့သူရယ်လို့များ ရှိလို့လားဗျာ....
နောင်ကို ကျွန်မ မမိုက်တော့ပါဘူးလို့ ဆင်ခြင်နိုင်ရင် ကောင်းပါ့လေ.......ကျွန်တော်ကတော့ ဆက်လက်ပြီး မိုက်နေပါအုံးမယ်....

ကြီးခြောက်ကြီး ပိုင်တဲ့ လူမိုက်ကြီး.....

စစ

လသာည said...

အနောနိမတ်စ်..ကျေးဇူးနော်။ အခုတလောမှာကိုပဲ ခေါင်းမာမာနဲ့ ဆက်မိုက်ရဦးမယ့် အရာတစ်ခုရှိနေတာနဲ့ ရေးတင်လိုက်တာ။ ကျေးဇူးတင်ပါတယ်..

ဟုတ်သားပဲ နော်နော်ရယ်.. ထပ်ထည့်လိုက်ဦးမယ်။ :D

အဲဒါလေး သူများတွေ မေ့နေပြီမှတ်နေတာ.. အမှတ်တရ သတိရပေးတဲ့ နော်နော်နဲ့ မမကို ကျေးဇူးအထူးတင်ပါကြောင်း...

မိုက်ဖော်မိုက်ဖက် စစ ကိုလည်း ကျေးဇူးတင်ပါကြောင်း :D

လသာည ဖြစ်ပါတယ် ရှင်.

PhyoPhyo said...

ကြိုက်တယ်ကြိုက်တယ်။ စစ ညွှန်းလို့ ရောက်လာတာ။
ဖတ်လိုက်ဦးမယ် မပြီးသေးဘူး။ အရင်ပြောထားတာ
misss youuuuu

sosegado said...

အရမ်းကောင်းတဲ့ ပို့စ်ပါပဲ၊
ကျနော်ကတော့ ငါးကို ပိုက်ဆံကြွေးနေတယ်လို့မြင်တယ် ပုံ၃မှာပေါ့

လသာည said...

ဖြိုးရေ Miss you,too! ဟုတ်တယ်နော် မဆုံကြတာတောင် ကြာလှပြီကွာ။
ကိုsosegado.. ကျေးဇူးနော်/
လူမိုက် (၅)အတွက် ပန်းချီဆရာရဲ့ အဆိုအမိန့်က Throwing money down the riverတဲ့။

ငါးကြီးက ငါးလေးကို အခန့်သင်မျိုချနေတဲ့အတွက် ငါးကြီးကဲ့သို့သော လူမိုက်ကို သီးခြားရေးထားတာလည်း ရှိတယ်။

ကို sosegado ပြောသလို ငါးစားတဲ့ငါးအတွက် ပိုက်ဆံတွေ သွန်ချတာမျိုးလည်း ဖြစ်နိုင်တာပဲနော်။ ဥပမာ လူမိုက်အားပေးလုပ်နေသူ လူမိုက်ကြီးများ :D

Anonymous said...

ကောင်းတယ်ဗဗျို့

Anonymous said...

တကယ်ကောင်းတဲ့ ပိုစ်ပါ။

လသာည said...

ကျေးဇူးတင်ပါတယ်..