Tuesday, April 27, 2010

သူတို့ဆီမှ အတုယူစရာများ

အရာရာကို ပုံစံခွက်တစ်ခုလို သတ်မှတ်ပြီး နေလာရတဲ့အခါ သူတို့ကို သတိရတယ်။ ကြည့်လေ.. သူတို့က...လောကကြီးကို စောက်ထိုးကြည့်ချင် ကြည့်ပစ်တာပဲ..း)
အိပ်ချင်တဲ့အခါ ဘာမှနောက်ဆံတင်းနေစရာမလို နှစ်ခြိုက်စွာ အိပ်လိုက်တာပဲ။ အိပ်ရာနိုးမှ စားစရာကို ရှာဖွေဖို့ စဉ်းစားလိမ့်မယ်..
ပေါင်ချိန်စက်ဆိုတာကို ကန်ထုတ်ပြီး စိတ်ကြိုက်နေချင်သလို နေမယ်..
လိုအပ်တဲ့အခါ ကွန်ပျူတာကို ခေါင်းအုံးအဆင့်ထက် ပိုမတွေးဘူး။ အခုလို အိပ်ပစ်လိုက်မယ်...

သူများက အဓိပ္ပါယ် မရှိဘူး (သူနဲ့မအပ်စပ်ဘူးလို့ )သတ်မှတ်ထားထားပေါ့။ သူလုပ်ချင်ရင် လုပ်တယ်..။ (သူ့အတွက် အဓိပ္ပါယ် ရှိရင် ပြီးတာပဲ..)
ဘယ်နေရာမျိုးမှာ ဘယ်လိုနေရမယ်လို့ မကန့်သတ်ထားဘူး..။ (သူနေတဲ့ နေရာမှာ သူနေချင်သလို နေလိုက်ရတာဟာ သူ့အတွက် နိဗ္ဗာန်ပဲ..)ဒီလောက်တိုတဲ့ ဘ၀တိုတိုလေးထဲမှာ ရှားရှားပါးပါးလာတွေ့ရတဲ့ သူတွေကို ဘယ်သူနဲ့ မပေါင်းသင့်ဖူးရယ်လို့ သိပ်မရှိဘူး..။ သူနဲ့ အဆင်ပြေရင် တည့်အောင် ပေါင်းလိုက်တယ်။
ဒီကြားထဲ ရန်ဖြစ်ချင်လည်း ဖြစ်မယ်။ သံဃောဇဉ်အကြောင်းကို တွေးပြီး ပူဆွေးငိုနေစရာမရှိဘူး...

သူရယူချင်တဲ့ အခွင့်အရေး၊ သူလုပ်ချင်နေတဲ့ အလုပ်တစ်ခုကို မရလို့ ပူပန်မနေဘူး။ ရအောင် တိုက်ရိုက် ကြိုးစားမယ်။

သူမကျေနပ်တဲ့အခါ ၀င်းဝင်းတောက်တဲ့မျက်လုံးနဲ့ တရားဝင် ပြန်ကြည့်ရဲတယ်။
သူက ဘာအရည်အချင်းပဲ တတ်ရမယ်လို့ ကိုယ့်ကိုယ့်ကို ဘောင်ခတ်သတ်မှတ်မထားဘူး..။ သူသိချင်တာကို ရတဲ့နေရာက လေ့လာယူမယ်..။

အဲဒါတွေက.... သူ( တို့) ပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေပေါ့..း)
ကျွန်မလည်း သူတို့ရဲ့ တချို့သောအချက်တွေကို တချို့သောအချိန်အနေ၊ အချိန်အခါတွေမှာ အတုယူရမယ်.လို့ အခုတွေးဖြစ်နေတယ်......းD

stresss ဖြေနည်း ကြော်ငြာလေးကို သတိရလို့ နိုင်ပရဲ့ ကြောင်လေးတွေကို မော်ဒယ်အဖြစ် သုံးပြီး တင်လိုက်တာပါ.. ။ နိုင်ပ.. အာရိကတိုးးD (ကြောင်အားလုံးက ချစ်စရာကောင်းနေလို့ စကာတင်ရွေးတင်လိုက်တယ်။ ပုံအများစုက နိုင်ပရဲ့ကြောင်လေးတွေပါ)

လသာည.. ဖြစ်ပါတယ်။

Saturday, April 24, 2010

ဂျပန်ပြည်က ဟာသများ-၂

အိမ်ရှင်နိုင်ငံအဖြစ် ဂျပန်နဲ့ ကိုရီးယားနှစ်နိုင်ငံ တွဲဖက်ကျင်းပတဲ့ ကမ္ဘာ့ဖလာ့း ဘောလုံးပွဲတုန်းကပေါ့..။ အင်္ဂလန်က ဘောလုံးဘုရင် ဒေးဗစ် ဘက်ခမ်း(DavidBeckham)တို့အသင်းပါ တိုကျိုကို ရောက်လာခဲ့တယ်...။

ဘက်ခမ်းဟာ ဂျပန်နိုင်ငံတိုကျိုကို ပထမဆုံးရောက်ဖူးတာ ဖြစ်တဲ့အတွက် ဂျပန်နိုင့်ရဲ့ ရှုခင်းတွေဟာ အရမ်းကို ထူးဆန်းနေတယ်. ။ ဒါကြောင့် ပြိုင်ပွဲ မစခင် နေ့မှာ တိုကျိုမြို့ထဲကို လျှောက်လည်တယ်။ အရာရာကို ပျော်ရွင်စွာ ကြည့်ရှုလေ့လာနေခိုက် စိတ်ထဲမှာ အလွန်ထူးဆန်းစွာ ခံစားရတာ တစ်ခုကြောင့် သူစိတ်မလုံမလဲ ဖြစ်လာတယ်။ အဲဒါကတော့ သူကိုတွေ့တဲ့လူတွေက အရမ်းကို တိတ်ဆိတ်ပြီး မျက်လုံးချင်းဆုံရင် ခေါင်းငုံလို့ ခါးကိုင်းကိုင်းသွားတာကိုပါ။

ဒါနဲ့ ဘေးက လိုက်လာတဲ့ ဘာသာပြန်ကို မေးလိုက်တယ်။
“ဘာဖြစ်လို့ သူတို့က ကျွန်တော့်ကို ခေါင်းငုံငုံ ပြတာလဲဗျာ”
“အော်.. အဲဒါ ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုပါခင်ဗျာ။ တစ်ဦးနဲ့ တစ်ဦး ခေါင်းငုံ့၊ ခါးကိုင်းပြပြီး နှုတ်ခွန်းဆက်တဲ့ ယဉ်ကျေးမှုပါ။

ဘက်ခမ်းဟာ အဲဒီတော့မှ အဖြစ်မှန်ကို သဘောပေါက်သွားပြီး တွေ့သမျှလူကို ခေါင်းငုံ(ခေါင်းငြိမ့်)ပြပြီး နှုတ်ဆက်ပါ.တော့တယ်.။ ဂျပန်တွေကလည်း သဘောတွေကျပြီး ခေါင်းအပြန်အလှန်လှန်ငြိမ့်ပြပြီး ဘက်ခမ်း ဘက်ခမ်းလို့ အော်ကြပါတော့တယ်...။ ဘက်ခမ်း အနားမှာ ပွဲတော်တစ်ခုထက်ကို လူစည်သွားတာပေါ့..။

ဒီလိုနဲ့ ပြိုင်ပွဲစပြီး ဂျပန်နဲ့ အင်္ဂလန်ပွဲစဉ် အလှည့် ရောက်လာပါတော့တယ်။


ဂျပန်က ဘောလုံး အသင်းခေါင်းဆောင် ဟီဒဲတိုရှိ နကတ ဦးဆောင်တဲ့ ဂျပန်အသင်းဟာလည်း အစွမ်းကုန်ကြိုးစားကြတဲ့အတွက် ဘက်ခမ်းတို့အသင်းနဲ့ ပြိုင်ပွဲမှာ တစ်ဂိုးတစ်ဂိုးနဲ့ ကပ်ပြီး ပွဲစဉ်ပြီးခါနီးရောက်လာတယ်။ သရေပွဲ ဖြစ်နေတာမို့ နောက်ဆုံး ပနယ်တီကစားရပါတယ်..။ (ဘောလုံးအသုံးအနှုန်း မှားရင် ခွင့်လွှတ်ပါ)

ဘက်ခမ်းက ဘောလုံးကို ခြေထောက်လေးနဲ့ လှိမ့်ကစားရင်း ဘယ်ထောင့်ကနေ ဘယ်လို ဘောလုံးကို သွင်းရမလဲဆိုတာကို စဉ်းစားတယ်။ တဖက်က ဂျပန်ဘောလုံးသမားလေးတွေကလည်း အိမ်ရှင်နိုင်ငံ အနေနဲ့ မရှုံးချင်တာကြောင့် အစွမ်းကုန်ကြိုးစားကာကွယ်ဖို့ ပြင်ဆင်တယ်။ အားလုံး တန်းစီပြီး သူတို့ဂိုးတိုင်ကို ထောင့်စေ့အောင် ကာကွယ်ကြတယ်..။ တကယ့်ကို ဘယ်လိုမှ သွင်းဖို့ မလွယ်ကူအောင် ထောင့်စုံပိတ်ထားကြတဲ့အတွက် မှန်အောင် သွင်းဖို့ကတော့ တော်တော့်ကို ခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်..။

ဒီလိုအခြေအနေဆိုတော့ ဘက်ခမ်းဟာ ဒီပွဲတော့ ငါမနိုင်တော့ဘူးထင်ပါရဲ့လို့ တွေးပြီး မနိုင်ပေမယ့်လည်း မရှုံးအောင် လုပ်နိုင်ရင်လည်း ပြီးတာပဲလေ ဆိုပြီး “ဘယ်လိုဖြစ်ဖြစ် ရတယ်” ဆိုတဲ့ သဘောနဲ့ ဂျပန်ဘောလုံးသမားတွေကို သေသေချာချာ ကြည်ြ့ပီး ခေါင်းငြိမ့်ပြပြီး ဘောလုံးကို အားနဲ့ ကန်ထည့်လိုက်ပါတယ်။ အဲဒီ အခိုက်အတန့်လေးမှာပဲ.အဖြစ်အပျက်တစ်ခုက တိုက်ဆိုင်စွာ ဖြစ်သွားပြီး .....................

ဂိုးးးးးးးးးးးးးးးးးးးးးးးးး

ဟုတ်ပါတယ်။ ဒေးဗစ်ဘောလုံးဟာ ဂိုးတိုင်ကြားကို တန်းတန်းမတ်မတ်ဝင်သွားတာဖြစ်ပါတယ်။ အဖြစ်အပျက်ကတော့ ဂျပန်ဂိုးစောင့် ဂိုလီဘာကအစ ဂျပန်ဘောလုံးသမားအားလုံးဟာ သူတို့အလိုလို ရှိန်နေတဲ့ နာမည်ကြီး ဘောလုံးသမားက ခေါင်းငြိမ့်ပြလိုက်တာကို ကြည့်ပြီး အလိုလို ခေါင်းငြိမ့် (ခါးပါ နည်းနည်းကိုင်းမိသလားပဲ) ပြန်နှုတ်ဆက်လိုက်မိကြပြီး လက်ရှိအခြေအနေကို မေ့သွားကြတာကြောင့် ဆိုပါတယ်။

မမျှော်လင့်ပဲ ဘောလုံးရှုံးသွားရတဲ့အတွက်.... ဘောလုံးကွင်းတစ်ခုလုံးလည်း လက်ခုပ်သံလား တောက်ခေါက်သံလား မသေချာပဲ ကျွတ်ကျွတ်ညံ့သွားပါတော့တယ်....။ ရှုံးသွားတဲ့အတွက် တက်တခေါက်ခေါက် ကျန်နေခဲ့တာက ဂျပန်သတင်းမီဒီယာတွေပါပဲ...။. ပုံကတော့ သတင်းမီဒီယာတွေက ဘောလုံးရှုံးရခြင်းအကြောင်းရင်းကို ဂျပန်ပြည်သူတွေကို ဖော်ပြတဲ့ ကာတွန်းလေးပဲ ဖြစ်ပါတယ်းD

အဲဒါပြောတာ တစ်ခါတစ်လေလည်း ဒါမျိုးတွေ ဖြစ်တတ်တယ်လို့.. \(^0^)/

လသာည... ဖြစ်ပါတယ်။။

(ဓါတ်ပုံများကို google search ဖြစ်ပါတယ်။ ကာတွန်းကတော့ စာအုပ်မှ စကန်ဖတ်ထားတာပါ)

Monday, April 19, 2010

ရယ်စေသတည်းး)


အားလုံးကြားဖူးကြမယ်ထင်တယ်..ဂြိုလ်တစ်ခုပေါ်မှာ တစ်ဦးတည်း စံပျော်ရလွန်းလို့ အဖော်မရှိပျင်းရိနေတဲ့ မင်းသားငယ်လေးတစ်ဦးအကြောင်း...။

အင်း ... အဲဒီမင်းသားလေးက တနေ့မှာ သူနေရာကနေ တခြားဂြိုလ်တွေကို လှည့်လည်စူးစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။
ပထမဆုံး ဂြိုလ်
ပထမဆုံး ဂြိုလ် မှာတွေ့တာက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်။ သူက ကိန်းဂဏန်းတွေနဲ့ တစ်ယောက်တည်း စာရင်းမှတ်အလုပ်ရှုပ်နေတယ်.။
“သုံးနဲ့ ငါးနဲ့ပေါင်း ရှစ်။ ဆယ့်နှစ်နဲ့ လေးပေါင်း ဆယ့်ခြောက်..။ အင်း ဘာလိုလိုနဲ့ တစ်သန်းပြည့်တော့မယ်”

မင်းသားလေးက စိတ်ဝင်စားလို့ အခုလို မေးလိုက်တယ်..“ ဘာတစ်သန်းပြည့်တာကို ပြောနေတာလဲဗျ”
“ကြယ်တွေလေကွာ.။ ဟော ဟိုမှာ မြင်ရတဲ့ ကြယ်တွေအားလုံး ငါပိုင်တယ်”
“ဒီလောက်များတဲ့ ကြယ်တွေ ဘာလုပ်မလိုလဲဗျ။”
“ ရောင်းစားမယ်လေ”
“ဘာဖြစ်လို့”
“ချမ်းသာအောင်လို့”
“ဘာဖြစ်လို့ ချမ်းသာချင်တာလဲ”
“ဟ ချမ်းသာမှ ငါလိုချင်တဲ့ ကြယ်တွေ ထပ်ဝယ်လို့ ရမှာပေါ့”
“ဗျာ၊ ကြယ်တွေ ထပ်ရတော့ ဘာဖြစ်မလဲ”
“ဘာမှတော့မဖြစ်ဘူး၊ ငါက ကြယ်တွေကို ပိုင်တာပေါ့”
မင်းသားလေး ဘာမှဆက်မပြောနိုင်ပဲ ထွက်ခဲ့တယ်..။
“အင်း ...............................ရူးပါလား”
ဒုတိယမြောက်ဂြိုလ်

သူတွေ့တာက မူးနေတဲ့ အရက်သမားတစ်ယောက်...။
“ခင်ဗျား ဘာလုပ်နေတာလဲဗျ”
အရက်မူးသမားဟာ မူးလွန်းနေလို့ ခေါင်းတောင် မတ်မတ်မထောင်နိုင်တဲ့ကြားကနေ မင်းသားလေးကို သေချာကြည့်ပြီး ဖြေတယ်။
“ငါ အရက်သောက်နေတာ မမြင်ဘူးလား”
“ဘာဖြစ်လို့ အရက်ကိုသောက်တာလဲဗျာ”
“ငါ က မေ့ချင်တာတွေကို မေ့နိုင်အောင်လို့ပါ”
“ဘာကို မေ့ချင်တာလဲ”
“ရှက်စရာကောင်းတာတွေ လုပ်မိလို့”
“ဘာကို ခင်ဗျားက ရှက်နေတာလဲ” မင်းသားလေးက တတ်နိုင်ရင် ကူညီချင်လို့ မေးတာပါ..။
ဒါနဲ့ အရက်သမားကြီးက..
“အရက်ကို သောက်တတ်တဲ့ ငါ့ရဲ့ မကောင်းတဲ့အကျင့်ကိုလေ၊ ရှက်လွန်းလို့ပါကွာ”လို့ ပြန်ဖြေတယ်။ ပြီးတော့ နောက်တစ်ခွက်ထပ်မော့လိုက်တယ်။
မင်းသားလေး ဘာမှဆက်မပြောနိုင်တော့တာမို့ အသာပဲထွက်ခဲ့တယ်..။
“အင်း...............................ရူးပဲ”

တတိယမြောက်ဂြိုလ်
ဒီဂြိုလ်မှာတော့ သူက ဘုရင်တစ်ပါးကို တွေ့တယ်။ ဘုရင်က သူ့ကို တွေ့တွေ့ချင်း ပြောတာက
“ဒီကိုလာ ငါကိုယ်တော်မြတ် မိန့်တော်မူမယ်”
ဒါနဲ့ မင်းသားလေးက နှုတ်ဆက်လိုက်တယ်။
“ မင်္ဂလာပါ.. ခင်..........”
“ဟေ့ ရပ်စမ်း။ ငါက ဘာမှမမိန့်ပဲ မင်းဘာမှ ပြောခွင့်မရှိဘူး”
ဒါနဲ့ မင်းသားလေးဟာ တိတ်တိတ်နေရင်း သမ်းဝေလိုက်တယ်။ သူ ခရီးလှည့်ရတာ မောလာပြီ လေ..။
“ဟေ့.. မလုပ်နဲ့..။ မင်း ဟာ ငါ က ခွင့်မပြုမချင်း မင်း သမ်းဝေခွင့်မရှိဘူး။ ကဲ ပြန်လုပ်..ငါအခု အမိန့်ပေးမယ်။ အခု “၀ါး”ဆိုပြီး သမ်းတော့”
မင်းသားလေးဟာ ဘာမှ ပြန်မပြောတော့ပဲ ဘုရင်နဲ့ ဝေးရာကို ထွက်ခဲ့တော့တယ်။
“ဟင်း ...............................ရူး”
ကမ္ဘာဂြိုလ်
အဲဒီမင်းသားလေးဟာ ကျွန်မတို့ ကမ္ဘာကို လာလည်ပါတော့တယ်.. ။ ကျွန်မလသာညကို မြင်တော့ ဒီလိုမေးတယ်..
“ဘာလုပ်နေတာလဲ”
“ဘလော့ရေးနေတာ”
“ဘလော့ရေးတော့ ဘာဖြစ်လဲ”
“ဘလော့ရေးတော့ ဘလော့ဂါဖြစ်တာပေါ့”
“အဲဒီတော့”
“နာမည်ကြီးမှာပေါ”
“နာမည်ကြီးတော့”
“နာမည်ကြီးတော့ ဘလော့ပိုရေးဖြစ်မှာပေါ့”
..........................................................
ဟားဟား..ဟား..လသာညလည်း ....X.@.X............ရူး”
မင်းသားလေးဟာ ရယ်မောရင်း ခေါင်းခါလို့ ထွက်ခွာသွားပါတယ်..။ ဘာပဲဖြစ်ဖြစ် ကျွန်မ သူ့ကို ရယ်မောအောင် လုပ်နိုင်ခဲ့တယ် ထင်ရဲ့..းD))

ပျော်အောင် သက်သက်နောက်ရေးတာပါ။ အခုတလော မျက်လုံးကြောင့် စာရေး၊ စာဖတ်တာ နည်းနည်းနားဖြစ်နေတယ်။ ကျွန်မချစ်ခင်ရတဲ့ ကျွန်မရဲ့ မိတ်ဆွေသူငယ်ချင်း အားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ စိတ်နှလုံး ချမ်းမြေ့သာယာကြပါစေ..။

လသာည..

Sunday, April 11, 2010

ရယ်မောခြင်းကို ခွဲခြမ်းစိတ်ဖြာခြင်း

ရယ်ခြင်းဆိုတာမှာ သွားပေါ်အောင် ရယ်ခြင်း၊ အသံထွက်အောင် ရယ်ခြင်း၊ အူလှိုက်သည်းလှိုက်ရယ်ခြင်း၊ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ တခါတခါဆို ရယ်ချင်လွန်းလို့ ခုန်ပေါက်ပြီးတောင် ရယ်ကြတယ်မို့လား ;D တကယ်တမ်း ရယ်ချင်လာရင် ဒီလို ရယ်ပါ၊ ဟိုလို ရယ်ပါ လို့ စည်းကမ်းသတ်မှတ်လို့ မရပါဘူး။ ရယ်ချင်စိတ်ဖြစ်နေတာကို ပါးစပ်ကို ပိတ်ပြီး ဘယ်လိုရယ်လို့ရမှာလဲလို့ ဟုတ်တယ်မို့လားဟင် ကျွန်မတော့ ရယ်ချင်လာရင် ရယ်ချလိုက်တာပဲ ဟားဟားဟားဟား ကဲ..းD

ရယ်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းပါတယ်။ စိတ်ရဲ့တင်းအားတွေကို လျော့ကျစေတယ်။ အကြောတွေကို ပြေစေတယ်..။ ပြုံးရယ်ခြင်းဟာ ကျန်းမာခြင်းရဲ့ လက္ခဏာဖြစ်တယ်။ ဒါပေမယ့် တချိန်လုံး ပြုံးရယ်နေရင်တော့ ဒါဟာ သာမန်လက္ခဏာ မဟုတ်တော့ဘူး.။ ရူးနှမ်းတဲ့လက္ခဏာလို့ တောင် သတ်မှတ်တယ်မို့လား..။ ဒါဟာ ရယ်တာကို မထိန်းချူပ်နိုင်လို့ ဖြစ်ပါတယ်။

ဒီလိုပြောလိုက်လို့ “လသာညက အခုတစ်မျိုး၊ တော်ကြာတမျိုး ပြောတယ်။ အခုနကတော့ ရယ်တာကို ထိန်းလို့ မရဘူးဆိုပြီး။ အခုကျ ရယ်တာကို မထိန်းနိုင်ရင် ရူးတယ်လို့ ပြောတယ်။ ဘာလဲ ဟ”လို့ တွေးသွားနိုင်ပါတယ်။ စိတ်မဆိုးပါနဲ့..။ ခဏလေး ခဏလေး.. ပိုစ်ဆုံးအောင် ခဏစောင့်ဖတ်ပါဦးနော်..း)
သူက ရယ်ခိုင်းမှ ရယ်ရတာပါ
တကယ်တော့ ရယ်တော့မယ်ဆိုရင် ရယ်ခြင်းရဲ့ အကြောင်းရင်းက ရှိရမယ်မို့လားဟင်၊ ရယ်ရတဲ့ အကြောင်းရင်း (ဥပမာ ဟာသတစ်ခုခု )ကို လူရဲ့နားစည်က ကြားလိုက်ရတဲ့အချိန်မှာ ဦးနှောက်ကို သတင်းပို့ပါတယ်။ ဦးနှောက်ရဲ့တစ်နေရာကနေ ဒါဟာ ရယ်စရာဖြစ်တယ်၊ ရယ်သင့်တယ်လို့ အဖြေထုတ်လုပ်ချိန်မှာ အခြားတစ်နေရာမှာ ရယ်ဖို့ အမိန့်စာကပ်တယ်။ နောက်တော့ အဲဒီသတင်းကို အာရုံကြောတွေကတဆင့် အဆင့်ဆင့် လက်ဆင့်ကမ်း အမိန့်ဆက်ထုတ်သွားပြီး အားလုံးသိသွားချိန်မှာ မျက်လုံးကစပြီး မျက်ခုံး၊ မျက်လုံး ၊ နှဖူးကြော၊ ပါးစပ်၊ စသည်ဖြင့် စတင်အလုပ်လုပ် ရယ်တော့တာပါပဲ။ ဦးနှောက်က ရယ်ခိုင်းမှ ရယ်တာပါ..။

ဒါက ဆန်းစစ်ယူဆချက်သာဖြစ်ပေမယ့် တကယ်တမ်းကျတော့ ရယ်ခြင်းတစ်ခုရဲ့ အစကို ခန္တာဗေဒကနေ ရှာဖွေလို့ မရပါဘူး..။ ဘယ်အရာက စရယ်သလဲဆိုတာဟာ အခုအထိ ပဟေဠိဖြစ်နေကြဆဲ ဖြစ်ပါတယ်။
ရယ်ခြင်းဟာ ဦးနှောက်ရဲ့ ဘယ်အပိုင်းက စသလဲ
တကယ်တော့ ရယ်မောခြင်းဟာ မိမိရဲ့ စိတ်ခံစားမှုကို ပတ်ဝန်းကျင်ကို ဖော်ပြတဲ့ social cuesသာဖြစ်ပါတယ်။ ရယ်ခြင်းကို ဦးနှောက်ရဲ့ ဘယ်အပိုင်းက ထိန်းချူပ်အလုပ်လုပ်သလဲဆိုတာ အခုထိ အတိအကျ ဆုံးဖြတ်လို့ မရပါဘူး။ ဦးနှောက်ပျက်စီးပြီး သွတ်ခြာပါဒဖြစ်အောင် ရူးသွပ်နေတဲ့သူတွေဟာ ဘယ်လို အကြောင်းအချင်းအရာကြောင့် တစ်ယောက်တည်း ရယ်နေကြသလဲဆိုတာ စစ်ဆေးဖို့ အင်မတန်မှ ခက်ခဲလှပါတယ်။ ပုံမှန်လူတစ်ယောက်အနေနဲ့တော့ ရယ်ဖို့ အကြောင်းရင်း တစ်ခုခုတော့ သူမှာ ရှိနေမှာ သေချာတယ်မို့လား..။
ရယ်တိုင်း ပျော်လို့တော့ မဟုတ်ပါဘူး
ကျွန်မငယ်ငယ်က အိမ်နားမှာ အကြောအနှိပ်ကု ဆရာ ဦးလှသောင်းဆိုတာ ရှိပါတယ်။ သူ့က ဆေးခန်းလိုမျိုးဖွင့်ပြီး အနှိပ်နဲ့ ကုတာပါ။ လာကုသူတွေက လေဖြတ်သူတွေ၊ အကြောဆွဲသလို ခံစားရသူတွေ၊ ထိခိုက်ဒဏ်ရာကြောင့် အကြောသေသူတွေကို အကြောပြန်ဖွင့်ပေးတဲ့ နှိပ်နည်းနဲ့ ကုတယ်လို့ ဆိုပါတယ်။ သူက ဘယ်လို နှိပ်သလဲဆိုတာ သေချာ သွားမကြည့်ဖူးပေမယ့် သူ့ဆေးခန်းက အိမ်နားမှာမို့ ဆေးခန်းက အသံတွေတော့ အမြဲကြားနေရပါတယ်။ ထူးဆန်းတာက နှိပ်လိုက်လို့ နာလို့ ညည်းညူသံအပြင် ရယ်သံ၊ ရှိုက်ကြီးတငင် ငိုသံတွေကို အမြဲကြားရပါတယ်။ မေးကြည့်တော့ ရယ်တဲ့သူက ရယ်ကြောကို နှိပ်ထားလို့ ရယ်တာဖြစ်ပြီး ငိုတဲ့သူက ငိုကြောကို နှိပ်လို့ ငိုတာဖြစ်တယ်လို့ သိရပါတယ်။ တကယ့်ကို ထူးဆန်းတဲ့ အကြောနှိပ်နည်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ နှိပ်ခြင်ကြောင့်ရတဲ့ ငိုခြင်း၊ ရယ်ခြင်းဟာ ခန္တာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုရဲ့ လှုပ်ရှားမှုသက်သက်သာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနဲ့တော့ ဆက်စပ်လိမ့်မယ်မဟုတ်ဘူးဆိုတာ မြင်သာပါတယ်။

ဒါဆိုရင် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနဲ့ဆက်စပ်တဲ့ ရယ်ခြင်းက ဘာလိုအရာတွေလဲ..
ခန္တာကိုယ်ကို ခိုင်းစေလို့ ရယ်ခြင်းက စိတ်ပျော်ရွှင်ခြင်းကို မပေးနိုင်ပေမယ့် ရယ်ရွှင်ဖွယ်ရာ အကြောင်းအရာတွေကို တွေ့မြင်ရလို့ ရယ်တာကတော့ စိတ်ကျန်းမာခြင်းကို ဖြစ်စေပါတယ်။ ဒါဆို ဘယ်လိုအရာတွေမှာ လူတွေက ရယ်ကြသလဲ..။ ရယ်စရာတွေက တခါတခါ သဘာဝအတိုင်း ဖြစ်ရမယ့်အရာကို ပုံမှန်မဟုတ်ပဲ တွေ့ရတဲ့အခါတွေမှာ ရယ်ဖြစ်တယ်။ ဥပမာ လူတစ်ယောက်က သူ့သူငယ်ချင်းကို တွေ့တော့ ရယ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့သူငယ်ချင်းက အကျီင်္ကျယ်သီးကို ပြောင်းပြန်တပ်ထားလို့တဲ့။ တကယ်တော့ သိပ်တော့မထူးဆန်းသလိုပါ၊ ဒါပေမယ် ပုံမှန် အဲလို တပ်လေ့တပ်ထ မရှိတော့ ထူးဆန်းနေပြန်တယ်။ ဒါတော့ ရယ်စရာလုပ်ပြီး ရယ်လိုက်တယ်။ ဒါပါပဲ..

ဒါပေမယ့် ထူးဆန်းတာက ဦးနှောက်ကနေပြီး ဒါကို မရယ်နဲ့၊ သူက စိတ်ဆိုးလိမ့်မယ်လို့ ပြန်အကြောင်းပြန်ရင် မရယ်ပြန်ဘူး။ ထူးဆန်းတယ်နော်..။ အဲဒါကတော့ ဘေးပတ်ဝန်းကျင်ကြောင့် ရယ်တာပါ။
ကိုယ်ကိုယ်တိုင်က ပျော်နေလို့ ရယ်တယ်
နောက်တစ်ခုကတော့ ကိုယ်ကိုယ်တိုင်က ပျော်နေလို့ ရယ်တာလည်း ရှိတယ်။ ကိုယ်က စိုးရိမ်နေတဲ့ အကြောင်းအရာတစ်ခုကို ကျော်ဖြတ်လိုက်နိုင်တဲ့အချိန်မှာ လူဟာ ပျော်ရွှင်တဲ့ ခံစားမှုကြောင့် ရယ်မာတတ်တယ်။ ဥပမာ.. သတိုးသမီးအသစ်စက်စက်အနေနှင့် ဧည့်ခံပွဲဟာ သူမအတွက်တော့ တကယ့် စိတ်သောကကို ဖြစ်စေပါတယ်။ စားလို့ ကောင်းပါ့မလား၊ ဧည့်သည်တွေက သဘောကျပါ့မလား၊ ငါ အားလုံးကို ဧည့်ခံနိုင်ပါ့မလားလို့ လူကြီးတွေကကော စိတ်ကြည်ကြည်သာသာနဲ့ ပြီးဆုံးသွားပါ့မလား.. စသည်ဖြင့် စိတ်ပူနေမှာ အမှန်ပါပဲ..။ ဧည့်ခံပွဲပြီးသွားချိန်မှာ ပေါ့ပါးစွာ ရယ်မောလိုက်တဲ့ သူ့ပျော်ရွှင်မှုဟာ “သူဟာ သူ့သောကကို ကျော်လွှားနိုင်ပြီ ဆိုတဲ့ အောင်မြင်မှုကို ခံစားသိလိုက်လို့ ဖြစ်ပါတယ်။ သူမမှာ သောကသာ မရှိခဲ့ရင် အခုလို့ လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုကို ခံစားပြီး ထူးပြီး ရယ်မောခြင်းကို ပြုနေမှာ မဟုတ်ပါဘူး..။

နာမည်ကြီး စိတ်ပညာရှင် ဆစ်ဂမန် ဖရိုက် (Sigmund Freud) ကလည်း ရှင်းပြခဲ့ပါတယ်။ လူတွေဟာ အများက မလုပ်နဲ့လို့ သတ်မှတ်ထားတဲ့ အရာတွေကို လုပ်လိုတဲ့စိတ်ရှိတယ်။ အဲဒါကို ထွက်ပေါက်ပေးဖို့ အတွက် ဟာသတွေလုပ်တယ်လို့ဆိုပါတယ်။ သူကတော့ sex ကိစ္စတွေကို ပြောတာပါ။ အလိုမပြည့်တဲ့အခါ sex ဟာသများစွာကို ပြောပြီး လူဟာ ရယ်တတ်တယ်လို့ ဆိုပါတယ်။ တချို့က သူ့အယူအဆကို လက်ခံပေမယ့် တချို့က လက်မခံပါဘူး။ ဒါပေမယ့် လူတွေဟာ ကိုယ်လုပ်ချင်တာကို မလုပ်ရတဲ့အခါတွေမှာလည်း မလုပ်ရတဲ့အဲဒီအရာတွေကို ဟာသအဖြစ် ရယ်တတ်ကြသေးတယ်ဆိုတာကိုတော့ စိတ်ပညာရှင်အများက လက်ခံထားပါတယ်။ .. ဥပမာ.. “ငါကွာ ဟိုသစ်တောကို တစ်နာရီအတွင်း အပြီးဖြတ်ပြေးမယ်ဆုံးဖြတ်တာ မရပါဘူးကွာ။ ဟားဟား” “အေးလေ မင်းကလည်း မဖြစ်နိုင်တာ လုပ်တာကိုး ဟားဟား”လို့ ရယ်တာမျိုးပေါ့..။
ရယ်ခြင်းဟာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခု
ရယ်ခြင်းဟာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောရင် လွန်တယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရယ်ခြင်းကို လူတွေရဲ့ အသွေးအသားက တောင်းဆို နေတတ်လို့ပါ။ စိတ်သောကတွေ များလာတဲ့အခါ၊ ပင်ပန်းမှုတွေ များလာတဲ့အခါ၊ စိတ်သောကကို မဖြတ်ကျော်နိုင်သေးလည်းပဲ စိတ်တဒင်္ဂ မေ့ထားဖို့အတွက် လူတွေက ရယ်နိုင်ဖို့ ကြိုးစားကြပါတယ်။ သဘာဝအတိုင်း ပတ်ဝန်းကျင်ကို မရယ်နိုင်တော့တဲ့အခါ လူအများကို ရယ်စေဖို့ တမင်ရယ်စရာ ဖန်တီးပေးတဲ့ လူရွှင်တော်တွေဟာ ခေတ်အဆက်ဆက် နိုင်ငံတိုင်းမှာ ရှိလာကြတယ်။ ဟာသတွေကို လိုအပ်တဲ့အတွက်လည်း ဟာသ ပြဇာတ်တွေ၊ ဟာသမင်းသားတွေဟာ လူကြိုက်များရတာပေါ့။ လူတွေက အဲဒါတွေ၊ အဲလို လူတွေကို လိုအပ်တယ်လေ..

ရယ်ခြင်းဟာ ခံစားမှု တင်းအားတွေကို လျော့စေတယ်
ရယ်ခြင်းဟာ စိတ်ခံစားမှု တင်းအားတွေကို လျော့စေတယ်။ ဒါကြောင့်လည်း အစည်းအဝေးတွေမှာ စကားပြောကြတဲ့သူတွေဟာ အရေးကြီးတဲ့ တောင်းဆိုမှုတွေ၊ ဆွေးနွေးမှုတွေ မလုပ်မှီ ဟာသတွေ ပြောလို့ စကြတယ်။ ဟာသနွယ်လို့ စကားကို စပြောလိုက်တာဟာ ပရိတ်သတ်နဲ့ ကိုယ့်ရဲ့အကြား ရင်းနှီးမှုကို ရယူလိုက်တာဖြစ်သလို ပရိတ်သတ်ကို ရှိန်နေတဲ့ ကိုယ့်ရဲ့စိတ်လှုပ်ရှားမှုကို ဖြေဖျောက်လိုက်တာလည်း ဖြစ်ပါတယ်။
ကလေးဘ၀ကတဲက ရယ်တတ်ဖို့ အရေးကြီးတယ်
မွေးဖွားပြီး ၈ရက်သားကလေးလောက်က စပြီး ပြုံးခြင်းအတတ်ကို တတ်ကြတယ်။ တချို့ဆို အိပ်ရင်းတောင် ပြုံးနေတယ်။ နောက် ၁လသားလောက်ကလေးဆိုရင် အိပ်ရင်း ခိုးခိုးခစ်ခစ်အသံလေးတွေ တောင်ထွက်ပြီး ရယ်တာလည်း တွေ့ရလိမ့်မယ်။ ကျွန်မအဖွားကဆို အဲဒါ နတ်သူငယ်က ချစ်လို့ မြူနေလို့ ကလေးရယ်တာလို့ ပြောပြလေ့ရှိပါတယ်..။

စိတ်ပညာရှင် အများစုကတော့ ကလေးဟာ မိခင်နို့ကို စို့ပြီး ဗိုက်ဝသွားတဲ့အချိန်၊ နွေးထွေးမှုနဲ့ သက်တောင့်သက်သာ ရှိတဲ့အချိန်တွေမှာ ၎င်းခံစားချက်တွေကို သာယာလို့ (သဘောကျလို့) ကျေနပ်နေကြောင်း ဖော်ပြတဲ့ လက္ခဏာလို့ ဆိုပါတယ်။ ကလေးတွေ စတင်ပြုံးတတ်၊ ရယ်တတ်ခြင်းဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးနေခြင်းရဲ့ လက္ခဏာလို့ ဆိုပါတယ်။

အသက် ၆ လကနေ နည်းနည်း ပိုကြီးလာတဲ့အချိန်မှာ မိခင်မျက်နှာကို မြင်ရင် ပြုံးရယ်တတ်တာဟာ သူက သူ့ရင်ထဲက ရင်းနှီးမှုကို ဖော်ညွှန်းတာ ဖြစ်ပါတယ်။ နောက်ပြီး အသက် ၆ လကနေ တစ်နှစ်အကြားမှာတော့ သူ့ဘ၀တစ်လျောက်လုံးမှာ ဘယ်လိုအရာတွေကို ရယ်ရမယ်ဆိုတာကို စတင်သင်ယူနေပြီဖြစ်တယ်လို့ ယေးလ် တက္ကသိုလ်က စိတ်ပညာရှင် ဒေါက်တာ Levineက ဆိုပါတယ်။

ဥပမာ.. အဖေဖြစ်သူက ကလေးကို တူတူရေ ၀ါးဆိုပြီး မျက်နှာကို လက်ဝါးနဲ့ ကွယ်ပြီး မြူတဲ့အခါ ကလေးက ပထမဆုံး အတွေ့အကြုံမှာ သူ့အဖေ မျက်နှာပျောက်သွားမှာ စိုးလို့ စိတ်ပူတဲ့ ခံစားချက်ကို ခံစားရပါတယ်။ ဒါပေမယ့် လက်ဝါးနောက်ကနေ အဖေ့မျက်နှာ ထွက်လာချိန်မှာတော့ စိတ်အေးသွားပြီး လွတ်လပ်စွာ အသံထွက် ရယ်ပါတယ်။ ဒီလိုရယ်တာဟာ ပထမဆုံးအကြိမ်တင် မကပါဘူး၊ ဘယ်နှကြိမ်လုပ်လုပ် ရယ်တာပါပဲ။ အဖေ့မျက်နှာဟာ လက်ဝါးနောက်ကနေ ရုတ်တရက် ထွက်လာမယ်ဆိုတာ ကလေးဟာ သိပေမယ့် ဂိမ်းတစ်ခုလိုပဲ ပျော်ရွှင်စွာ ရယ်ဖို့ အသင့်ပြင်နေတာကို သတိထားမိလိုက်ပါလိမ့်မယ်။ အဲဒီလို ရယ်တတ်ခြင်းဟာ တချိန် (အသက်ကြီးသွားချိန်အထိ)မှာ စိတ်ညစ်ညူးစရာတွေကို ကျော်လွန်သွားတိုင်း ရယ်ဖြစ်ဖို့ သင်ယူသွားတာပါပဲ..။

Levineက “လူတွေဟာ စိတ်ညစ်စရာတစ်ခုကနေ လွတ်မြောက်သွားတဲ့အခါ ရယ်လေ့ ရှိတယ်”လို့ ဆိုပါတယ်။ အဲဒါကို ကလေး အသက် ၆ လသားက စပြီး တတ်မြောက်တတ်ပါတယ်။
ဘာကြောင့်ရယ်ရယ် ရယ်တာ ကောင်းပါတယ်
ဒါကြောင့် စိတ်ပညာရှင် ဒေါက်တာ Levine က ပြောပါတယ်။ ဘာကြောင့်ပဲ ရယ်ရယ်၊ ရယ်လိုက်ခြင်းဟာ ကောင်းပါတယ်။ စိတ်သောကကို ပူပန်နေချိန်ကို တိုနိုင်သလောက် တိုအောင် စောစောလေး ရယ်ပစ်လိုက်ကြပါ။ ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်မှာလည်း ခင်မင်စွာ အားရပါးရ ရယ်ပြီး ငြိမ်းချမ်းမှု၊ ရင်းနှီးတဲ့ ဆက်နွယ်မှု လေးတွေကို တည်ဆောက်ကြပါ...တဲ့

လသာည
Source: A. Arbor ရဲ့ Why we laugh (The University of Michigan Press, 2008)