Tuesday, March 9, 2010

ဘဲဥပြုတ် မရောင်းတော့ပါ..

လောကကြီးက အဆင့်သင့် စားသုံးရတာ လွယ်သလောက် ဖန်တီးရတာ ခက်တယ်။ ခက်တယ်ဆိုတာမှာ ဖန်တီးတဲ့ ပညာရပ်အပြင်၊ တခြားအရာတွေလည်း ရှိတယ်။ ဥပမာပြောပြမယ်.. ရပ်ကွက်ထဲက ကိုမောင်အေး ဘဲဥပြုတ်ရောင်းတာကို ကြည့်...

ရုံးဝန်ထမ်း ကိုမောင်အေး.. က ဘဲဥပြုတ် အရမ်းကြိုက်သူ...။ ဒါကြောင့် အများက သူ့ကို ကိုဘဲဥလို့တောင် ပြောင်ခေါ်ကြတယ်။ သူက ဘဲဥပြုတ်ကို သူကိုယ်တိုင် စားရုံတင်မကဘူး၊ သူများတွေကိုပါ စားဖို့ တိုက်တွန်းတယ်။ တနေ့တနေ့ ဘဲဥပြုတ်ရဲ့ အာနိသင်ကို စာချဲ့မပြီးနိုင်တဲ့သူ့ကို နားညီးလာတဲ့ မိတ်ဆွေတွေက ဆိုင်ဖွင့်ရောင်းဖို့ ပြောကြတယ်။ မိတ်ဆွေတွေ့ နောက်ပြောင်ပြောတာ ဖြစ်ပေမယ့် ကိုမောင်အေး တကယ်ပဲ ဘဲဥပြုတ် ရောင်းဖြစ်သွားတယ်..။


ရပ်ကွက်ရဲ့ ညနေဈေးလေးက ဟင်းဆိုင်တန်းလေးမှာ ကိုမောင်အေး ဘဲဥပြုတ် အရောင်းဆိုင် ဖွင့်ပါတယ်။ သူ့ဆိုင်နားမှာက အသုပ်စုံသည် နဲ့ ကြက်သားဟင်းသည် ရှိတယ်။ ဈေးမရောင်းဖူးတော့ စရောင်းရောင်းချင်း နည်းနည်းရှက်ပေမယ့် သူပြောချင်တဲ့ ဘဲဥပြုတ်ရဲ့ အာနိသင်ကို ပြောရလို့ သူသဘောတွေကျခဲ့တယ်..။ မိတ်ဆွေတစ်ယောက်ပေးတဲ့ လော်စပီကာ အသေးလေးနဲ့ သူက ဒီလို အော်ရောင်းတယ်။

“ဘဲဥ.. ဘဲဥ..ဘဲဥ...။ စားကြည့် အားရှိ..။ အများသိစေဖို့ ဘဲဥအာနိသင်.. ဒီလိုတဲ့ဗျ..ဘဲဥသည် အားကို ဖြစ်စေ၏ ...အကျယ်မပြောဘူး၊ အကျယ်မပြောဘူး...။ လော်နဲ့ အော်လို့ ကျယ်နေတာ.။ ကဲ ..၀ယ်စားသွား....ပါ..။ နောက်ကျမှ နောက်ကျပြီမပြောနဲ့..။”

သူဘယ်လောက်အော်အော်.. ရောင်းရတဲ့ သူ့ဘဲဥက တနေ့မှာ ၁၀လုံးတောင် မပြည့်ချင်..။ ကိုမောင်အေး စိတ်ဓါတ်ကျသလိုဖြစ်ပေမယ် လွယ်လွယ်နဲ့ ဇွဲမလျော့ချင်ပါ..။ ဒါကြောင့် အရောင်းသွက်ဖို့ နည်းလိုတာဖြစ်ရမယ်လို့ တွေးမိတာမို့ ဘေးပတ်ဝန်းကျင်က ဆိုင်တွေက ဘယ်လိုရောင်းလဲဆိုတာကို လေ့လာကြည့်လိုက်တယ်။ အသုပ်စုံသည်က အသုပ်စုံတစ်ခုတည်းနဲ့ကို ချဉ်စပ်သုတ်၊ အချိုသုတ်၊ အစပ်သုတ်၊ သတ်သတ်လွတ်သုတ် စသည်ဖြင့် နာမည်မျိုးစုံနဲ့ ရောင်းလို့ လက်မလည်သလို၊ ကြက်သားဟင်းသည်မှာလည်း... ဆီပြန်အချိုချက်၊ ကာလသားချက်၊ ပြုတ်ကြော်ချက်၊ ကြက်သားလုံးကြော်၊ ကြက်သားကြာဆံချက်၊ ကြက်သားစွပ်ပြုတ်.. စသည်ဖြင့် ဟင်းမျိုးကို စုံလို့.. ..။သူကတော့ ဘဲဥပြုတ်တစ်မျိုးတည်း...

နောက်တော့ သူလည်း အကြံကောင်းရသွားပြီး ဘဲဥကို ဆားရေနွေးစိမ်ဘဲဥ၊ မကျက်တကျက်ပြုတ် ဘဲဥ၊ အကျက်ပြုတ် ဘဲဥဆိုပြီး လုပ်ရောင်းပါတယ်။ ဒီတော့ အရင်ထက်စာရင် နည်းနည်းပိုရောင်းရလာတယ်ပေါ့..။ မိတ်ဆွေတွေက သူ့ကို အကြံတစ်ခုပေးတယ် “လာဝယ်သူကို ဘယ်လို အရသာပိုကြိုက်သလဲ မေးပြီး လိုတာကို ပြင်ပေးလေ”တဲ့..။ ဒါနဲ့ သူက မေးတယ်..။

ဒီတော့ မိတ်ဆွေတစ်ယောက်က ”ခင်ဗျားဘဲဥ မကျက်တကျက်ပြုတ်က half မဟုတ်ပဲ အရည်ကြီးပဲ ရှိသေးတယ်”တဲ့။ ဒါနဲ့ ကိုမောင်အေးက နောက်တနေ့ ပြင်ပြုတ်ပေးလိုက်တယ်။ သူက ကျေနပ်သွားပေမယ့် အခြားတစ်ယောက်က ပြောလာတယ် “ခင်ဗျားဘဲဥ မကျက်တကျက်ပြုတ်က အကျက်ပြုတ်ကြီးဖြစ်နေပြီ ”တဲ့.။ ဒါနဲ့ “ဟုတ်ကဲ့.. ကျွန်တော် သတိထားပြုတ်ပါမယ့်.”လို့ ကိုမောင်အေး ပြန်ကတိပေးလိုက်တယ်..။

ဒီလိုနဲ့ ကိုမောင်အေးတစ်ယောက် ဘဲဥပြုတ်တဲ့ အလုပ်ကို ဂရုတစိုက် သေချာပြုတ်လိုက်တာ ဘဲဥပြုတ် ဟင်းအမယ်တောင် များလာတယ်။ ဘဲဥပြုတ် (ဆားရေနွေး သုံးမိနစ်စိမ်)၊ ဘဲဥပြုတ် (ဆားရေနွေး ၄မိနစ်စိမ်)၊ ဘဲဥမကျက်တကျက်ပြုတ် (1/4) ၊ဘဲဥမကျက်တကျက်ပြုတ် (1/2)၊ ဘဲဥအကျက်ပြုတ် (၅ မိနစ်)၊ ဘဲဥအကျက်ပြုတ် (၈ မိနစ်)တဲ့...။ အခုဆို ဘဲဥတစ်လုံးချင်းကို အသေအချာတွက်ချက်ပြုတ်နေရတဲ့ ကိုမောင်အေး ခမြာ ကြက်သားဟင်းသည်ထက်တောင် အလုပ်ရှုပ်ပါသေးတယ်.။

နောက်ရက်ကျတော့.. စားသောက်ဆိုင်တစ်ဆိုင်က စားပွဲထိုးကောင်လေးတစ်ဦးက သူကို စာအုပ်တစ်အုပ်လာရောင်းတယ်။ “ ဦး.. ဘဲဥကို ဒီအတိုင်းပြုတ်ရောင်းတာထက် ဘဲဥအခွံခွာပြီး အလှဆင်ပြီး ရောင်းပါလား၊ ပိုရောင်းရမှာ သေချာတယ်။ ဒီစာအုပ်ထဲမှာ လုပ်နည်းပါတယ်”တဲ့.. “ဟေ..”ကိုမောင်အေး အံ့သြသွားတယ်။ ကောင်လေး ပြောတဲ့အတိုင်း သူကလည်း စာအုပ်ကို အသေအချာဖတ်ပြီး ဘဲဥကို အခွံခွာပြီး အသားဖြူဖြူကို ကပ်ကျေးသေးသေးလေးနဲ့ အရာပေးကိုက်ထုတ်ပြီး သေချာ အလှဆင်ပါတော့တယ်။ ဌက်ရုပ်၊ ၀က်မျက်နှာရုပ်စသည်ဖြင့်ပေါ့... ။ တော်တော် လက်ဝင်တာပဲ.. အရုပ်မဖြစ်ပဲ ပျက်သွားတဲ့ အရုပ်တွေကို သူ့ပါးစပ်ထဲ ပြစ်ပြစ်ထည့်ရင်း.. ညနက်သန်းခေါင်တိုင်အောင် သူကြိုးစားပြီး ဘဲဥအလှဆင်ပါတော့တယ်။

ဒီလိုနဲ့ ကိုမောင်အေးတစ်ယောက် နေ့ရောညရော ဘဲဥပြုတ်ကမ္ဘာထဲကနေ့ တ၀ဲလည်လည်။ စားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်၊ နေ့လည်း အလုပ်ထဲမှာ ဘဲဥပြုတ်အကြောင်းတွေး၊ ညလည်း ညနက်သန်းခေါင် ဘဲဥပြုတ်လို့ အိပ်ရေးတွေ ပျက်လာခဲ့တယ်။ ညနက်မှအိပ်ဖြစ်လာတဲ့အတွက်၊ အလုပ်မှာ ငိုက်မိလို့ အရာရှိက လှမ်းသတိပေးတာ မကြာခဏ ခံရလာပါတယ်။ အော်.. တတ်နိုင်ဘူးလေ.. ။ ငါက ဘဲဥပြုတ်ရဲ့ အာနိသင်ကို လူတွေကို ပေးချင်တာကိုးးးး။

တစ်နေ့တော့ လူတစ်ယောက်က သူ့ဆီရောက်လာတယ်။ “ဒီမှာကိုမောင်အေး.. ခင်ဗျား ဘာလို အခုလို ဘဲဥပြုတ်ရောင်းနေတာလဲ။ ဘဲဥပြုတ်အလှဆင်ရောင်းတာကို ပြောတာဗျ.။ အဲဒါ ဟိုဘက်လမ်းမှာ လူတစ်ယောက်က အရင် လုပ်ရောင်းနေတာ။ ခင်ဗျား အခုလို လိုက်လုပ်တော့၊ မကောင်းဘူးပေါ့ဗျာ တဲ့.. ။ ကိုမောင်အေးက ကြားကြားချင်း အံသြသွားတယ်.. ။ သူများနဲ့ နှိုင်းယှဉ်သွားသူက တကယ့်ကိုယ့်မိတ်ဆွေ အရင်းခေါက်ခေါက်။ ဘယ်လိုလုပ်တူမလဲ သူကသူပဲ၊ ကိုယ်က ကိုယ်ပဲ။ သူ့အရသာကို ကြိုက်သူက သူ့ဆီသွားမှာပေါ့..။ ကိုယ်က ကိုယ့်ဘာသာကို လေ့လာပြီး လုပ်ရတာ၊ သူလုပ်တာ လိုက်လုပ်တာလည်း မဟုတ်ဘူး..လို့ ခပ်တည်တည် မျက်နှာထားနဲ့ ဆက်ရောင်းနေခဲ့တယ်..။

သို့သော် ဒီနောက်လည်း ကိုမောင်အေးရဲ့ မိတ်ဆွေတစ်ယောက်က လာပြောပြန်တယ်။ “တကယ်က ဟိုလူက ဘဲဥကို နှစ်ပေါင်းများစွာ ပြုတ်ရောင်းလာတာမို့ သူပြုတ်တာက ပိုကောင်းတယ်ဗျ။ ခင်ဗျားကိုအားနာလို့ မပြောတာ။ တကယ်ဆို ခင်ဗျားကို ခင်လို့သာ လာအားပေးနေရတာ။ ”

ဒီစကားအကြားမှာတော့ ကိုမောင်အေး တော်တော်လေး ၀မ်းနည်းသွားတယ်။ ရုတ်တရက် ပြောစရာ စကားလုံးရှာမရဘူး။ နောက်တော့ ချက်ချင်းပဲ မျက်နှာကို ပြင်လိုက်ပြီး ထိုမိတ်ဆွေကို ပြုံးပြလိုက်တယ်။

“အေးဗျာ.. ခင်ဗျားလို မိတ်ဆွေကိုယ်တိုင်က ဖွင့်ပြောလာတယ်ဆိုတော့ ကျွန်တော်လည်း အမြင်မှန်ရသင့်တာပေါ့ဗျာ..။ အခုလို အကြံပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်”

ပြီးတော့ သူက ဈေးတန်းလေးတစ်ခုလုံး ကြားအောင် သူ့လော်စပီကာသေးသေးလေးနဲ့ အော်လိုက်တယ်။

“ကျွန်တော် ကိုမောင်အေး.. ဒီနေ့မှ စပြီး ဘဲဥပြုတ် မရောင်းတော့ပါ..။ တကယ်တော့ ဘဲဥပြုတ်ဆိုတာ ၀ယ်စားရတဲ့ အရသာကောင်းသလောက် ပြုတ်ရောင်းရတဲ့ အရသာ မကောင်းဘူးဗျ။ အော်..ဘဲဥပြုတ်.. ဘဲဥပြုတ်..ဘဲဥပြုတ်...။ ကဲ ..၀ယ်သာစားကြဗျာ....။”

ထိုနေ့မှ စ၍ ကိုမောင်အေး ဘဲဥပြုတ်မရောင်းတော့ပါ....

13 comments:

မိုးသီတာ တတ်ယောင်ကားလုပ်သည်။ said...

အော်။ ကိုမောင်အေးနှယ်။ :D :D စိတ်ကောက်ရန်ကော။ ၀န်ဆောင်မှုက ရှိသေးတယ်လေ။ အဲလို အတူတွေချည်းဆို မက်ဂ်ဒေါနားဆိုင် စီးရီးစ်တွေ ကွန်ဗီနီ စီးရီးစ်တွေ အသားကင်ဆိုင် စီးရီးစ်တွေ ပြုတ်တာ ကြာလှပေါ့။ ပွဲဈေးတန်းလို သဘောထားရမှာပေါ့ ကိုမောင်အေးရယ်။ မုန့်ဟင်းခါး ရန်ကုန်ချက် ကြိုက်တော့လဲ ရန်ကုန်ချက် သွားစားကြပါစေပေါ့။ ဖားအောက် ရေစိမ်မုန့်ဟင်းခါး ကြိုက်သူက ရန်ကုန်မုန့်ဟင်းခါးကို အလိုက်ပေးတောင် ဘယ်စားမှာလဲ။ ပြီးတော့ ဈေးသာရောင်းတာ ရည်ရွယ်ချက်တွေကလဲ မတူနိုင်ဘူးလေ။ ကိုမောင်အေးက ဘဲဥကြိုက်သူမို့  ရှယ်ချင်လို့ ရောင်းသူ။ အချို့က ငွေလိုချင်လို့ စီးပွါးရေးအနေနဲ့ ရောင်းသူ။ အချို့တွေက ပျင်းလွန်းလို့ ရောင်းသူ။ အချို့ကတော့ ဘဲဥပြုတ်ရောင်းရင်းနဲ့ အခြား အမယ်(ဥပမာ ကော်ဖီလေးပါ) တွေပါ ရောင်းဖို့ စိတ်ကူးကြံစည်သူ။ ဘဲဥပြုတ် ရောင်းရင်းနဲ့ အပြင်လောကကို ထိုင်ကြည့်ချင်သူ။ မျိုးစုံပေါ့ ကိုမောင်အေးရယ်။ ကိုယ့်ဘာသာကိုယ် ယုံကြည်ချက်လေးနဲ့ ကိုယ့်ဘဲဥပြုတ်ကို ကိုယ်ရောင်းသင့်ပါတယ်။ ကိုမောင်အေး ပြုတ်တဲ့ ဘဲဥမှ စားချင်သူတွေလဲ ရှိသေးတာကိုး။ ကိုမောင်အေးရဲ့။ :D :D :D

Anonymous said...

ဘယ်သူတွေ ဘာပြောပြော ကိုမောင်အေး ဆက်ရောင်းသင့်တယ်နော်။ မြန်မာပြည်မှာ မရောင်းချင်ရင် ဂျပန်မှာလာရောင်း ဂျပန်လူမျိုးတွေ ဘဲဥပြုတ်ကို ချေးမများပါဘူး။ ဟီးဟီး။နော်...လသာည။

ချစ်တဲ့

ထား

Flower said...

လူတွေရဲ့ စိတ်ကို ထင်ဟပ်စေမဲ့ စာလေးတစ်ပုဒ်ပါ
တွေးစရာတွေ ရသွားတယ်..
လူတွေဟာ ဘယ်တော့မှ စိတ်အလိုပြည့်စုံတယ်ဆိုတာ
မရှိကြပါဘူး...
သူတို့လိုအင်ကိုလိုက်ဖြည့်ဖို့ဆိုတာလည်း
ဘယ်သောခါမှ ပြည့်စုံနိုင်မယ် မထင်ပါဘူး....

မိဆိုးလေး said...

လသာည သည် ကိုမောင်အေးထံမှ ဘဲဥပြုတ်နည်းနိဿရည်းများကို အိပ်သွန်ဖာမှောက် တတ်မြောက်သူဖြစ်ကြောင်း အကယ်၍လိုအပ်ပါက မှာကြားနိုင်ပါကြောင်း မိဆိုးလေးမှ သတင်းပေးအပ်ပါသည်။
ပုံ
အရောင်းမြှင့်တင်ရေးတာဝန်ခံ :P

SHWE ZIN U said...

အင်း ကျနော်လည်း ဘဲဥပြုတ်ကြိုက်တယ်

Shinlay said...

ဒီမှာလာရောင်းပါလို့ ။
ဒီမှာ ဘဲဥမရှိဘူး။ ဆက်သာရောင်းလို့ အားပေးလိုက်ပါ
တယ်။ တခါတခါလည်း လူ့ အကြိုက်လိုက်လို့ ကိုပြီးမှာမဟုတ်တာတွေးမိတယ်။ ကိုယ်စတိုင်နဲ့ ကိုယ်
ပေါ့ကို မောင်အေးရယ်။

ရွှေရတုမှတ်တမ်း said...

ဘကျောက်ဘဲဥပြုတ်ကတော့ဆက်ရောင်းမှာပဲ..
ရောင်းတာမှ..ခုမှ၆လရှိသေး..

လသာည said...

မိုး>၀ုတ်ကဲ့ :D
ထား>yes ဖူကူအိုကာလာရောင်းမည်..၀ယ်ပါ
ချော>ကျေးဇူးနော်၊ ဟုတ်တယ်၊ လူအမျိုးမျိုးစိတ်အထွေထွေတဲ့၊ တို့လည်းအဲဒီအထွေထွေထဲက တစ်ထွေဖြစ်နေလို့ ရေးမိသွားတယ်:D
မိဆိုးလေး> အားဟား အရောင်းတာဝန်ခံ အလုပ်ကောင်းကောင်းမလုပ်ရင် လခဖြတ်မယ် ဒါပဲ :P
မရျွေစင်> အကြိုက်ချင်းတူနေပြီ :D
မမရှင်လေး> ဒါဆို ဂျာမဏီလာရောင်းမှာနော်.ဆားရေစိမ်ဘဲဥး))
ဘကျောက်> ဟုတ်ကဲ့ ဆက်ရောင်းပါ။ ဒါမှ ဘဲဥပြုတ်ချင်းလဲစားလို့ ရမှာ..:D

အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုမောင်အေးက ဘဲဥပြုတ်မရောင်းတော့ပေမယ့် လသာညကတော့ ရောင်းဦးမှာပါ..:D ။

လုလု said...

တို့လည်း ကြက်ဥထက်စာရင် ဘဲဥပြုတ်ကြိုက်တယ်။ ကိုမောင်အေးမရောင်းလည်း လသာည ရောင်းဦးမှာ ဆိုလို့ ဒီဘက်ကို အကာကျက် ၃ လုံး၊ အတွင်းသားအနှစ် ဂျယ်လီသားလိုအဖြစ် ၅လုံးနဲ့ အကျက်ပြုတ် ၂ လုံးပေးပါ။

T T Sweet said...

ဘဲဥပြုတ်လာဝယ်စား ... အဲလေ ... ဘဲဥပြုတ် ဇာတ်လမ်း လာဖတ်ပြီး ပြုံးသွားပါသည်။ ဘဲဥပြုတ်ရောင်းတာ အဲလောက်အလုပ်ရှုပ်မှန်း ကိုမောင်အေးသာမက ဒေါ်ဆွိတီပါ သိသွားပါင်္ပြီ။း)

kiki said...

ဪ.. အဲဒါကြောင့် လူတွေက ready made တွေ ပဲ ကြိုက်နေကြတာကိုး ... မြန် ကောင်း သက်သာ လေ ။။
ကိုယ်တိုင်လည်း သူများ လုပ်ပြီးသားပဲ .ပျင်းရိစွာ နဲ့  စားနေရတဲ့ ဘဝမို့ ၊ ...
ကိုမောင်အေး ခု ဘာရောင်းနေလည်း ၊ ဒါမှမဟုတ် သူကိုယ်တိုင်ပဲ ဝယ်စား နေပြီလား ၊း))

ပေါ့ဆိမ့် said...

အော် ကိုမောင်အေးရယ် ဝေးပါ့ဗျာ။ ဒီလောက် ရူးသွပ်စွာ ကြိုးစားပန်းစား ရောင်းလာပီးမှ လက်လျော့လိုက်ရတယ်လို့ ...
မကြီးလသာည ဆီမှာ အကြံဉာဏ်တောင်းပီး ပြန်ရောင်းကြည့်ပါလား ရောင်းရမှာပါဗျာ...

Nge Naing said...

ဘဲဥပြုတ်အကြောင်း သဘောကျစွာ ဖတ်သွားပါတယ်။