အခုတလော.. စာရေးတဲ့ဖက်ကို မရောက်ဖြစ်ပါ။ အလုပ်ရှုပ်တာကလည်း တကြောင်း၊ ရတဲ့ အချိန်လေး စာရေးမယ်ကြံတိုင်းလည်း .. စိတ်က မရေးချင်ဘူးဆိုပြီး တင်းခံနေတယ်။ ဗဟုသုတလေးတွေ တွေ့လို့ ရေးမယ်ကြံရင်လည်း ဒါက သိပ်ပြီး အရေးမပါဘူးလို့ တွေးလိုက်တဲ့အခါ ရေးနေတဲ့ လက်က အလိုလို ရပ်သွားမိတယ်။ စိတ်ပညာအကြောင်းလေး ရေးမလား စဉ်းစားတော့လည်း ဆိုက်ကိုစကားလုံးတွေများနေတယ် ပျင်းစရာကောင်းမယ် တော်ပါပြီဆိုပြီး ငြင်းပစ်မိပြန်ရော။
ကိုယ့်ကိုယ့်ကို စိတ်အားတက်အောင် စိတ်ဓါတ်တက်ကြွတဲ့ စာလေး ရေးမယ်ကြံပြန်တော့လည်း အင်း... တ၀က်လောက်ရောက်ရင် ဒါက လူတိုင်းသိပြီးသားပဲ ဒါတွေ ဒါတွေ အပ်ကြောင်းထပ်နေပြီဆိုပြီး... ဆက်မရေးပြန်ဘူး။ ဒီလိုနဲ့ပဲ အခုလက်ရှိမှာ စာရေးဖို့ ဈာဉ်ကို သွင်းလို့ မရပဲ ဖြစ်နေခဲ့တယ်..၊ ဒါပေမယ့် ဒီနေ့က ဘလော့ရေးလာတာ တစ်နှစ်ပြည့်တဲ့နေ့မို့ အမှတ်တရ ပိုစ်ကလည်းတင်ချင်တာမို့ စာကြမ်းထဲက
ဘဲဥပြုတ်မရောင်းတော့ပါဆိုတဲ့ တစ်ခုကို ဒီနေ့မနက်ပဲ အချောသပ်ပြီး တင်ဖြစ်လိုက်ပါတယ် .. :D
စာကြမ်းဆိုတဲ့အတိုင်း ရေးစမှာ ကိုယ့်ဘာသာ ရေးချင်စိတ်များတာနဲ့ ရေးထားလိုက်ပြီး ပြန်စစ်မယ်ဆိုပြီး မစစ်ဖြစ်တဲ့ပိုစ်တွေ၊ ရေးပြီးမှ ဆက်ရေးဖို့ စိတ်မပါတော့တဲ့ ပိုစ်တွေပါ။ အင်း အကြောင်းအမျိုးမျိုးနဲ့ မတင်ဖြစ်ခဲ့တဲ့ တခြားစာကြမ်းတွေကလည်း ရှိသေးတယ် ။ ဒီနေ့တော့ (ဘလော့တစ်နှစ်ပြည့်အဖြစ်) အဲဒါစာကြမ်းလေးတွေ နည်းနည်း ပြန်ရှင်းချင်စိတ်ပေါက်သွားတာနဲ့ စာကြမ်းရှင်းတဲ့ပိုစ် ဖြစ်သွားပါတယ်.. ။ (တကယ်တော့ ရေးစရာကုန်လို့ ဂဠန်ဆားချက်တဲ့ သဘောပါး)
၁) အလှတရားဆိုတာ..
Mother Teresa က နိုဗယ်ဆုရအပြီးမှာ ၁၉၈၁မှာ ဂျပန်ကို လာပါတယ်.။ သူ့မရဲ့ ဟောပြောချက် ထဲက တချို့ကို ကောက်နှုတ်ပြီး ရေးဖြစ်သွားတာပါ..။ ရေးလက်စ ..တပိုဒ်က
... ကျွန်မတသက် မမေ့နိုင်တဲ့ အကြောင်းအရာတစ်ခုကို မိတ်ဆွေတို့ကို ပြောပြပါရစေ..။ လောကမှာ အလှတရားဆိုတာ ဘာလဲဆိုတာကို သင်ကြားပေးသွားတဲ့ ၄ နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ ပြုမှုချက်ကလေးပါ။ အဲဒီတုန်းက ကျွန်မတို့ကျောင်းမှာ သကြားကုန်သွားပါတယ်။ ဒါကြောင့် ကျောင်းအိပ်ကျောင်းစား ဆင်းရဲသား တပည့်ကလေးတွေကို ကော်ဖီတိုက်ဖို့ အခက်အခဲဖြစ်ခဲ့ပါတယ်။ ကျွန်မ အကြံရခက်နေတုန်း..ကျွန်မရှေ့မှာ ထိုကလေးက သူ့အိမ်ကို ပြန်သွားခဲ့တယ်။ ခဏကြာတော့ သူ့လက်ထဲမှာ ပုလင်းသေးသေးလေး တစ်ခုကိုင်လို့ သူလေးပြန်ရောက်လာခဲ့တယ်..။ ပုလင်းထဲမှာ သကြားတွေ..။
ဟုတ်တယ်.. အဲဒီသကြားတွေက သူမိဘတွေဆီမှာ..“သား.. ၃ ရက် ကော်ဖီမသောက်ချင်ဘူး။ သားကို ၃ ရက် ကော်ဖီတိုက်မယ့် သကြားကို သားကိုပေးပါ။ ဒီသကြားကို ကျောင်းက မာသာကို ပေးချင်တယ်။ မာသာမှာ သကြားမရှိဘူး”ဆိုပြီး တောင်းလာတာပါတဲ့..။ အဲဒီသကြား ဘယ်လောက်များမလဲ မိတ်ဆွေတို့ တွေးကြည့်ပါ.. နည်းနည်းလေးပါ.. တကယ့်နည်းနည်းလေးပါ။ ဒါပေမယ့် ၄ နှစ်သားကလေးရဲ့ ရင်ထဲက မေတ္တာကတော့.. အိုးးး.. ကျွန်မကို တုန်လှုပ်စေခဲ့ပါတယ်......
၂။ အယူသည်းမှုများအကြောင်း
အရောင်၊ ကိန်းဂဏန်း၊ ကြောင်၊ ဌက်၊ မီး၊ ဆား၊ မှန်ကွဲခြင်း အစရှိတဲ့ အရာတွေနဲ့ ပတ်သက်ပြီး လူမျိုးအသီးသီး နိုင်ငံအသီးသီးမှာ အယူသည်းမှုများအကြောင်းကို ရေးခဲ့တာပါ။ ရေးအပြီး နောက်မှ ပြန်စစ်မယ်ဆိုပြီး မစစ်ဖြစ်ပဲနဲ့ စာကြမ်းအဖြစ်ကျန်နေခဲ့တာ ဖြစ်ပါတယ်။
....................ရှေး အီဂျစ်လူမျိုးတွေက ကြောင်တွေကို ရှိခိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြောင်ဆိုတာ အသိဥာဏ်မြင့်တဲ့ သတ္တ၀ါဖြစ်တယ်၊ မမြင်နိုင်တဲ့အစွန်းသတ္တိတွေ ရှိတယ်တဲ့.. ။ အခုခေတ်ကျတော့ တမျိုးပြောင်းသွားတယ်၊ ကြောင်ဆိုတာ မကောင်းဆိုးဝါးပဲလို့ ယူဆမှုက ပိုလာခဲ့တယ်။ သူတို့တွေးတာက ကြောင်ဟာ လူတွေးသလို တွေးတတ်တယ်။ မကောင်းတဲ့ ကံကြမ္မာတစ်ခုခုကပ်ရောက်ပြီဆို သူက လွတ်ရာကို ပြေးတတ်သူမိုလို့ပါ။................................
၃) ချာလီချက်ပလင်ရဲ့ ဆန္ဒ
“ကျွန်တော်.. ဘုရင် ဧကရာစ် မဖြစ်ချင်ပါဘူး..။ အဲဒါ ကျွန်တော့အလုပ် မဟုတ်ဘူး။ သန်းကြွယ် လူချမ်းသာကြီးလည်း မဖြစ်ချင်ဘူး။ ဖြစ်နိုင်ရင် ကျွန်တော်က လူတွေကို ပျော်အောင်လုပ်ပေးနိုင်သူပဲ ဖြစ်ချင်တယ်။ တောသား အရိုင်းအစိုင်းကိုပဲဖြစ်ဖြစ်၊ မြို့ပေါ် ပညာတတ်လူတန်းစားကိုပဲ ဖြစ်ဖြစ်၊ အသားဖြူတဲ့လူကိုပဲ ဖြစ်ဖြစ်၊ အသားမဲတဲ့ လူကိုပဲ ဖြစ်ဖြစ်၊ လူလို့ အမည်တတ်လို့ရတဲ့ ဘယ်သူ့ကို မဆိုပေါ့။ ပျော်စေချင်တယ်၊ ပျော်အောင် ကူညီချင်တယ်။ ပျော်ရွှင်မှုကို မျှဝေချင်တယ်။..
၎) ဘာကြောင့် ရယ်သလဲ
ဘာကြောင့်ရယ်သလဲဆိုတဲ့ မေးခွန်းကိုက အူကြောင်ကြောင်ရယ်။ ရယ်ချင်လို့ ရယ်တာပေါ့လို့ ပြန်ပြောခံရမှာ သေချာတယ်။ (ဟုတ်တယ်လေ၊ ရယ်ချင်လို့ ရယ်တာပေါ့း)။။ ဒါပေမယ့် စိတ်ပညာရှင်တွေက ပြောတယ်။ ရယ်တာလည်း ခွဲခြမ်းစိတ်ဖြာလို့ ရတယ်တဲ့..။
ကလေးဟာ မွေးဖွားပြီး ၈ ရက်လောက်က စပြီး ပြုံးရယ်ခြင်းအမှုကို ပြုတယ်။ အဲဒီ ပထမဆုံး ပြုံးရယ်ခြင်းရဲ့ အဓိပ္ပါယ်ထဲမှာ ဗိုက်ဝသွားလို့၊ နွေးထွေးလို့၊ သက်တောင့်သက်သာ ရှိလို့ ဆိုတဲ့ အဓိပ္ပါယ်တွေပါတယ်။ မွေးပြီး ၆ လနောက်ပိုင်း (တချို့နည်းနည်းစောတယ်) ပြုံးရယ်ခြင်းရဲ့ အဓိပ္ပါယ်ထဲမှာ မိခင်ရဲ့ ပြုံးနေတာကို မြင်ရလို့ ကိုယ်က လိုက်ပြုံးတာ ဖြစ်ပါတယ်။ ထိုအပြုံးဟာ နောက်တသက်တာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးဖို့ အတွက် အရေးပါဆုံး အပြုအမူပဲ ဖြစ်ပါတယ်......................
၅)ပျင်းရိခြင်းနှင့် စိတ်တက်ကြွမှု
တကယ်တော့ လူတွေဟာ သာမာန်အားဖြင့် မပျင်းပါဘူး။ တစ်စုံတစ်ခုအရာကို တစ်စုံတစ်ခုသော နည်းလမ်းတမျိုးဖြစ်သာ ထပ်ခါထပ်ခါ လုပ်နေရလို့သာ ပျင်းရိခြင်းဆိုတာ ဖြစ်လာရတာလို့ ဆိုပါတယ်။....
..............
ပျင်းရိခြင်းရဲ့ ဆန့်ကျင်ဖက် စိတ်လှုပ်ရှားတက်ကြွမှုကတော့ မူးယစ်ဆေးလိုမျိုး စွဲလန်းမှုကို ဖြစ်စေပါတယ်။ ဥပမာ ဂိမ်းကစားတဲ့ လူတစ်ယောက်က ဂိမ်းကို နိုင်ချင်တာက လွဲရင် ဘယ်လိုပုံစံမျိုးနဲ့ ကစားရမလဲဆိုတာ သူကျိမ်းသေ တွက်လို့မရဘူး။ ဂိမ်းရဲ့ အခြေအနေပေါ်မူတည်ပြီး နည်းလမ်းမျိုးစုံနဲ့ ကစားရတယ်။ ဒီတခါနိုင်ပေမယ့် နောက်တခါ နိင်ချင်မှနိုင်မယ်။ တစ်ခါနိုင်တိုင်း တခါ ပျော်တယ် ။ ဒီတော့ တစ်ပွဲနိုင်ရင်လည်း နောက်တပွဲကို ဆက်ကစားချင်တယ်။ ဒီထက် အဆင့်မြင့်တဲ့ ဂိမ်းကို ကစားချင်သေးတယ်။ “ဘာဖြစ်မလဲ ဘာဖြစ်မလဲ” ဆိုတဲ့ စိတ်လှုပ်ရှားမှုက သူ့ကို အဲဒီဂိမ်းမှာ နှစ်ဝင်သွားစေတာ ဖြစ်ပါတယ်။
ကဲ.. ပျင်းရိခြင်းဆိုတာ ဖြစ်လာခဲ့ရင်.....ဘာလုပ်ရမလဲဆိုတော့.....
(အဲဒီပိုစ်ကိုလည်း ရေးနေရင်းမှ ပျင်းတယ်ကွာ မရေးတော့ဘူးး ဆိုပြီး တန်းလန်းနဲ့ ကျန်နေခဲ့ပါတယ်။ အခုလည်း ပျင်းလို့ ဆက်မတင်ဖြစ်ဘူး နိဒါန်းတင်ပဲ :D
၎) သဲကန္တာရမှသည် တောအုပ်အဖြစ်သို့
စာအုပ်တစ်အုပ်ထဲကနေ ဖတ်မိတာပါ။ သိုးထိန်းအဘိုးအိုတစ်ဦးက သဲကန္တာရထဲမှာ လည့်လည်သွားလာရင်း တနေ့ကို သစ်စေ့ တစ်ရာကို စိုက်ပျိုးပြီး နှစ်ပေါင်း ၃၀အကြာမှာ တောအုပ်အဖြစ်ကို ရောက်သွားတဲ့ အကြောင်းပါ..
ဇာတ်လမ်းထဲက သိုးထိန်းက စကားနည်းပြီး သူလုပ်စရာရှိတာကိုပဲ လုပ်တဲ့သူပါ။ သဲကန္တာရထဲမှာ သစ်ပင်စိုက်သူဆိုပေမယ့် ဘယ်လိုနေရာမှာ ဘယ်လိုစိုက်ရမယ်ဆိုတဲ့ ဥာဏ်ပြည့်သူတစ်ဦးမို့ ဖတ်ရတာ တော်တော်စိတ်ဝင်စားစရာကောင်းသလို ပတ်ဝန်းကျင်က လူတချို့က ကိုယ်ကိုယ်တိုင်သာ ဘာမှမလုပ်တာ သူများလုပ်ရင် ကဲရဲ့တတ်တာကိုလည်း သူက အေးအေးဆေးဆေး တုန်ပြန်ပြီး သူလုပ်စရာရှိတာကို၊ လုပ်သင့်လုပ်ထိုက်တာကို၊ သူတတ်တဲ့ အသိနဲ့ ဘယ်သူကိုမှ အကူအညီမတောင်း၊ ဘာရလာဒ်ကိုမှ မမျှော်ကိုးပဲ လုပ်သွားတဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓါတ်ကလည်း အတုယူစရာ ကောင်းပါတယ်။ ဒါနဲ့ စာမျက်နှာ ၇ မျက်နှာရှိတဲ့ မူရင်းကို ဘာသာပြန်ဖို့ ကြိုးစားရင်း ကြိုးစားရင်း ပျင်းရိစွာ.. အဲဒါလည်း တန်းလန်း...။ ဒါပေမယ့် လိုရင်းကတော့ အပေါ်ကေ၇းထားတာပဲဆိုတော့........
၅) ပြေးလမ်းပေါ်မှာ
တာဝေးအပြေးသမားတစ်ယောက်က စံချိန်သစ်ကို ချိုးဖို့ ကြိုးစားခဲ့ပုံကို ရေးထားတာလေးပါ။ ဒါကလည်း ကျွန်မ စာမလုပ်ချင်အောင် ပျင်းနေတဲ့နေ့က စာလုပ်ချင်စိတ်ဖြစ်အောင် ကြိုးစားချင်စိတ်ဖြစ်အောင် လှုံဆော်ပေးတဲ့ ၀တ္တုလေးမို့ ဘာသာပြန်ဖြစ်ခဲ့ပေမယ့် လူပျင်းလုံလ တခဏဆိုတဲ့အတိုင်း ကျွန်မ အဆုံးမသတ်ဖြစ်ခဲ့ပါ..
“..ကျေးဇူးပြုပြီး လေလမ်းကြောင်းက အခုအတိုင်းပဲ ဖြစ်ပါစေ..။ ကျွန်တော့်ကို ဒီတခါ နိုင်ခွင့်ပေးပါ ဘုရားသခင်.........................
အိုး မဖြစ်ဘူး.. ငါနိုင်မှ ဖြစ်မယ်။ ဒီပြေးလမ်းပေါ်မှာ ငါ လဲကျသွားပါစေ ငါ ခြေလမ်းကိုတော့ အပျက်မခံနိုင်ဘူး...။ အဲဒီအချိန်မှာ ရင်ထဲမှာ အောင့်တဲ့ခံစားချက်ကလည်း ပျောက်သွားတယ်။ ကျွန်တော်ကိုယ်ကျွန်တော် သတိမထားမိခင်မှာ လေထဲမှာ လွင့်နေသလိုမျိုး ...... ”
၆)လွမ်းနေတယ် သူငယ်ချင်း
ဒါကတော့ ငယ်ငယ်က သူငယ်ချင်းတွေကို တအားလွမ်းနေတာနဲ့ ရေးမိသွားတာပါ..
“သူငယ်ချင်း... ငါ အခု.. နင့်ကို လွမ်းနေတယ်။ တို့တွေ အတူတူ ရှိတုန်းက ငါ့မှာ ငိုစရာရှိလို့ နင်ရှေမှာ ငိုမိရင်“ဟော ဘာဖြစ်လာပြန်တာလဲ ပြောစမ်း။ လူကြည့်တော့ ဂျစ်တူးရုပ်နဲ့ ငါ့ရှေ့လာနုနေတယ်။ သွားသွား မျက်နှာသစ်”နဲ့ အော်တတ်ပေမယ့် ငါငိုသမျှ နားထောင်ပေးတတ်တာလေ။ အခု ငါငိုချင်ပြန်ပြီ ..........................
.....နှစ်ယောက်သား မေမေတို့မသိခင် နှမ်းတွေခိုးပြီး နှမ်းပြစ်မုန့်လုပ်စားတုန်းက နှမ်းပြစ်က နှမ်းရေကျိုဖြစ်သွားတာလေ.. မှတ်မိလား.. ”
(အဲလိုမျိုး လျှောက်ရေးပြီးမှ “ငါနဲ့နော် သူ့ကို လွမ်းတာများ ဘလော့ပေါ်တင်တော့ သူသိတာလည်းမဟုတ်၊ ဖုန်းဆက်လိုက်ရတာပဲ ”လို့ အသိမှန်ရသွားပြီး နောက်တနေ့ သူ့ဆီကို ဖုန်းတစ်ကဒ် ကုန်အောင် စကားတွေ ပြောဖြစ်ခဲ့တယ်..ပိုစ်လည်း မတင်ဖြစ်ခဲ့ပါဘူး :D
၇) ပြိုင်ဖက်ပင်ဖြစ်ပါစေ..
ဒါကတော့ သိပ်မကြာသေးခင်ကမှ ရေးပြီး မတင်ဖြစ်ခဲ့တဲ့ စာကြမ်းလေးဖြစ်ပါတယ်။ ဒီနှစ်အိုလံပစ်မှာ နာမည်ကြီး အားကစားသမားလေး သုံးဦး ရဲ့ အတုယူချင်တဲ့ အချက်တွေကို ရေးဖြစ်သွားခဲ့တယ်။
“...ပြိုင်ပွဲမှာ အနိုင်နဲ့ အရှုံး နှစ်မျိုးပဲ ရှိတယ်။ .ကျွန်မကတော့ နိုင်တဲ့သူရော ရှုံးတဲ့သူရော ကြိုးစားသူအားလုံးကို သဘောကျမိတယ်။
...............တကယ်ဆို ရွှေတံဆိပ်ရသူရော၊ ငွေတံဆိပ်ရသူရော နှစ်ယောက်လုံးက ၁၉နှစ်ပဲ ရှိသေးတာ။ (ကိုယ့်အသက်နဲ့တွက်ရင် သူတို့ဟာ ခလေးတွေပါ။ ဒါပေမယ့် သူတို့ ကြိုးစားမှုကတော့ ကိုယ်တကယ် မလုပ်နိုင်တဲ့ အလုပ်မျိုးတွေ.. ) သူတို့က အလယ်တန်းကျောင်းသူဘ၀ထဲက ပြိုင်ဖက်တွေပါ။ ................................ ......................................... ............................... ........................... ရွှေတံဆိပ် ဆုယူအပြီးမှာ Kim က ဒီလိုပြောပါတယ်။ “ဒီနှစ်စံချိန်သစ်တင်နိုင်တာ ကျွန်မမှာ ပြိုင်ဖက်ကောင်းတစ်ယောက် ရှိနေလို့ပါ။ ပြိုင်ဖက်ကို နိုင်ဖို့ ကျွန်မ အများကြီး ကြိုးစားရင်း စံချိန်သစ်ကို ရခဲ့ရပါတယ်”။ ငွေတံဆိပ်ရတဲ့ Maoက လည်း ဒီလို ပြောပါတယ်။ “ဒီနှစ် သူ့ကို မနိုင်ပေမယ့် နောက်အိုလံပစ်မှာ ဘယ်လိုပြိုင်ရမလဲဆိုတာကို ကျွန်မသိလိုက်ပါပြီ။ ကိုယ့်ရဲ့အားနည်းတဲ့ အကွက်တွေနဲ့ သူ့ရဲ့ အားသာတဲ့ အကွက်တွေကို ကျွန်မမြင်ခွင့်ရလိုက်တာ ကျွန်မအတွက် အမြတ်ပါပဲ။”တဲ့..။
ချီးကျူးစရာ ကောင်းသူတစ်ဦး ရှိသေးတယ်။ ကြေးတံဆိပ်ရတဲ့ ကနေဒါသူလေးက “ကျွန်မကဖို့ အစီအစဉ် မတိုင်ခင်လေးတင် မေမေက ဘုရားသခင်နိုင်ငံကို ထွက်ခွာသွားတယ်ဆိုတာ ကြားသိလိုက်ရပါတယ်။ ကျွန်မ ငိုချင်ပေမယ့် မျက်ရည်မကျအောင်ထိန်းခဲ့ပါတယ်။ မေမေ့အတွက် မေမေ့ရဲ့ နောက်ဆုံးခရီးကို ကျွန်မကြိုးစားမှုနဲ့ ဂုဏ်ပြုချင်လို့ ပါ”
... ......................... ကျွန်မအတွက်တော့ ပြိုင်ပွဲကရွှေတံဆိပ် ရမရဆိုတာထက် အစွမ်းကုန် ကြိုးစားသွားကြတဲ့ စိတ်ဓါတ်တစ်ခုထဲနဲ့တင် သူတို့ အားလုံးကို ချီးကျူးလို့ မဆုံးပါဘူး.. ကျွန်မလည်း ဆုံးဖြတ်မိတယ်။ .............ကြိုးစားမှ ကြိုးစားမှ လို့ :D ”ဟုတ်ကဲ့.. အဲလိုမျိုး ကြိုးစားမှလို့ ကြွေးကြော်ရင်းကနေပဲ ကျွန်မ မကြိုးစားပဲ ပျင်းရိနေတာ အခုထိပါပဲ..း)
ကဲ တစ်နှစ်ပြည့်အဖြစ် ဗြုတ်စဗျင်းတောင်း စာကြွေးတွေ အားလုံး ရှင်းလိုက်ပါတယ်။ ဘလော့ရေးခဲ့တဲ့ တနှစ်တာ (ရက်ပေါင်း ၃၆၅ရက်)အတွင်း ရေးချင်တာတွေ လျှောက်ရေးရင်း ဘလော့ပေါ်တင်ခဲ့တဲ့ ပို့စ်ပေါင်း ၂၃၈ခုပါ။ ဖတ်ချင်တဲ့အချိန် ပြန်ဖတ်လို့ရအောင် ရေးချင်တာတွေ လျှောက်ရေးတဲ့သဘောမို့ အများစုက အရေမရ အဖတ်မရ တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စရေးစက မြန်မာစာရိုက်လေ့ကျင့်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် ဧရာမအကြီးကြီးနဲ့ စခဲ့သူဆိုတော့ ပိုစ် ဆယ်ခုဆိုတာတောင် တော်တော် ရိုက်ရမယ်လို့တွေးကြောက်ခဲ့တယ်။ အခု ပိုစ် ၂၀၀ ကျော်ဆိုတော့ ငါတော်တော် လျှောက်ရေးခဲ့တာပဲလို့ ကိုယ့်ဘာသာ သဘောကျပြီး ပြုံးမိတယ်။ :D
ဘလော့သက်တမ်း တစ်နှစ်အတွင်း အခုလို ရေးချင်တာ လျှောက်ရေးတာကို ကောင်းကောင်းဆိုးဆိုး အမြဲအားပေးလာခဲ့တဲ့ မူလလက်ဟောင်းသူငယ်ချင်းလေးများ၊ နောက်ပြီး အပြင်မှာ မမြင်ဘူးပေမယ့်အွန်းလိုင်းကနေ ချစ်ခင်ရတဲ့ ဘလော့မိတ်ဆွေသယ်ရင်းလေးများ၊ မတော်တဆ ရောက်လာရင်း အားပေးသွားတဲ့စာဖတ်မိတ်ဆွေသယ်ရင်းများ အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်..။ အမှတ်တရ ကွန်မန့်ရေးပေးသူအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။
အခုလောလောဆယ်တော့ အကြောင်းအမျိုးမျိုးကြောင့် စာရေးတာကို ခဏ ရပ်နားဖြစ်ပါဦးမယ်။ ( ဇွဲက တော်တော်လေး မကောင်းဘူး :D) ဒါပေမယ့် လောလောဆယ် စာရေးတာထက် စာဖတ်တဲ့အရသာကို ပိုကြိုက်နေပြန်တာမို့ စာမရေးဖြစ်ပေမယ့် အချိန်ရတိုင်း မိတ်ဆွေ ဘလော့တွေကို သွားလည်မှာပါ၊
အားလုံး ခေတ္တခဏ ဆာရိုနာရ...
လသာည..