Saturday, October 16, 2010

နောက်ဆက်တွဲ

ညီမ လသာည ရေ....
........
...
အမ သဘော ပြောရရင် တော့ ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေ မိတ်ဆွေ တွေ ကို ရှင်းပြပြီး မှ နားလိုက်ရင် ပိုကောင်း မလားလို့ပါ.. အမ ဆိုလည်း ညီမ နားလိုက်တော့ စိတ်ကိုပူသွားတာဘဲ ဘာများဖြစ်လို့လည်း ဆိုပြီး... အားလုံးလည်း ဒီလိုဘဲ နေကြမှာပါ.. အချိန်တချိန် မှာ မေ့ပျောက်သွားမြဲ ဆိုတာ မှန်ပေမဲ့ သေချာ နှုတ်ဆက်သွားတော့ အားလုံးကို လေးစားရာ ရောက်သလို ကိုယ်ကိုကိုယ့် လည်း လေးစားရာရောက်တာပေါ့နော်.. ကိုကြီးကျောက်လို ခရီးရှည် ကြီးသွားမဲ့ သူတောင် နှုတ်ဆက် သွားတယ်
မဟုတ်လား...
......................
လသာည ကို ထာဝရ ချစ်ခင်နေမဲ့
မမရွှေစင် ဖြစ်ပါတယ်
(လသာည ဖြစ်ပါတယ် လေးကို သတိရတယ်..)
...............................................................

ဆွဲလက်စ ဒီပုံလေးကို ထိုင်ဆွဲနေမိတာ ကြာပါပြီ။ တဖြောက်ဖြောက်ကျနေတဲ့ မိုးသံကလွဲပြီး တလောကလုံးက တိတ်ဆိတ်နေတယ်။ ကြားနေကျ ကားသံ၊ ဆိုင်ကယ်ကို အိပ်ဇောဖွင့် မောင်းတဲ့အသံတွေတောင် မကြားရဘူး။ ပီးပေါင် ပီးပေါင်နဲ့ အော်တဲ့ အရေးပေါ်ယဉ်ကားအသံလည်း မကြားရဘူး..။ ညဌက်လေးတွေ တေးသီသံတောင် မကြားရ၊ ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ...လို့ ခြောက်ခြောက်ခြားခြား တွေးမိတယ်။ တိတ်ဆိတ်မှုကို မနေတတ်သလို ချောင်းတချက်ရှင်းလိုက်ပေမယ့်၊ အသံထွက်မလာပဲ လည်ချောင်းဝတင် အသံက ပျောက်သွားခဲ့တယ်။ နောက်တော့ ဆွဲလက်စ ပုံလေးကို ပြန်ငေးကြည့်မိပါတယ်။

ဆွဲနေတာက... အမျိုးသမီး ငယ်တစ်ယောက်ရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာပုံလေးတစ်ခုပါ။ ဒီလိုပုံတွေကို အခုမှဆွဲတာတော့ မဟုတ်ပါဘူး။ ဆိုက်ကိုစစ်ဆေးလွှာတွေအတွက် လိုအပ်တိုင်းဆွဲပေးနေကြ။ အကြိမ်ပေါင်းများစွာ..။

ဒီတခါတော့ ခါတိုင်းလို ဆွဲလို့မရခဲ့ဘူး။ နှုတ်ခမ်းနေရာ အရောက်မှာ ဆက်မဆွဲနိုင်တော့သလို ရင်ထဲမှာ တင်းကျပ်လာသလို ခံစားမိတယ်။ ပြုံးနေတဲ့ ပုံတစ်ခုအတွက် နှုတ်ခမ်းတစ်စုံရဲ့ အလျားကို ခပ်ရှည်ရှည်လေးဆွဲပြီး ရွှင်မြူးတဲ့အရိပ်ပေါ်လွင်အောင် နှုတ်ခမ်းလွှာကို မဟတဟလေး....။ နှုတ်ခမ်းလွှာတစ်စုံကို စိတ်နဲ့ မှန်းဆအပြီး ခဲတံကို အသာကောက်ကိုင်လိုက်ရင်း.....

ပထမနှစ်တုန်းက စိတ်ကုဘာသာရပ်မှာ ဆရာက စာမေးဖူးတယ်။ လူတစ်ယောက် ပျော်ရွှင်တာကို သိနိုင်တာ လူတစ်ယောက်ရဲ့ဘယ်နေရာလဲ..တဲ့..။ ချက်ချင်းပဲ“နှုတ်ခမ်းနှစ်လွှာရဲ့ လှုပ်ရှားမှုပါ”လို့ ပြန်ဖြေခဲ့တော့ ဆရာက မင်း.. စာသေချာဖတ်ဦးတဲ့...။ အဲ့ဆရာကို ချက်ချင်းသတိရမိတယ်..။ ဆရာ နေကောင်းရဲ့လား.. မတွေ့ရတာတောင် ကြာပေါ့။

နှုတ်ခမ်းလွှာကို အပြီးသတ်ဆွဲပြီးချိန်မှာ ပုံတစ်ခုလုံးကို ပြန်ချုံကြည့်မိတော့ ပုံက တစ်ခုခု လိုနေသလို...။ တစ်ခုခုတော့ မှားယွင်းနေပါပြီ..။ မကျေမနပ်နဲ့ အထပ်အထပ်အခါအခါ သေချာကြည့်မိတော့ တွေ့ပါပီ...။ မှားယွင်းနေတာက မျက်လုံးတစ်စုံ...။

ရွှင်မြူးစေလိုစောနဲ့ ချယ်သထားတဲ့ မျက်လုံးတစ်စုံ.. ။ သူက.... လိုအပ်သည်ထက် နက်မှောင်နေတာပဲ....။ မကျေနပ်စိတ်နဲ့ မျက်လုံးရဲ့အပြစ်ကိုရှာသလို စိုက်ကြည့်မိတော့ မျက်လုံးတွေက ချက်ချင်းစိုလာပြီး အပြင်ကမိုးနဲ့အပြိုင် မျက်ရည်မိုးတွေက တလိမ့်လိမ့် ပြိုကျလာတော့မလိုလို....။

တုန်လှုပ်စွာနဲ့.. သေချာကြည့်လေ.. မျက်ဝန်းတွေက ပိုနက်မှောင်လာလေ...
အငိုမျက်လုံးတွေနဲ့ အပြုံးမျက်နှာ...... ဒါကို ပြုံးနေတယ်လို့ ဘယ်လိုခေါ်ရမှာလဲ....
“သွား...လို့ စိတ်လွှတ်လက်လွှတ် အံကြိတ်အော်ဟစ်လိုက်ရင်း စက္ကူကို ဆုတ်ဖြဲပစ်လိုက်မိတယ်။
ခဲတံကိုလည်း လက်က အသံမြည်အောင် ပစ်ပေါက်လွှတ်ချလိုက်ပီး စားပွဲပေါ်ကို ခေါင်းမှောက်ချလိုက်မိတယ်။
.......................................................................

ဟစ်တလာ..တဲ့..
ဟစ်တလာဆိုတာ စစ်ပေါင်းများစွာကို တိုက်ခိုက်အောင်မြင်ခဲ့တဲ့ ကမ္ဘာကျော်စစ်ဗိုလ်ချူပ်ကြီး..။ ရက်စက်ကြမ်းကြုတ် ခက်ထန်ပြီး လူအသက်ပေါင်းများစွာကို သတ်တဲ့ လူမိုက်ကြီး၊ တကမ္ဘာလုံးက ကြောက်ခဲ့ရတယ်..။ အဲဒီဟစ်တလာဟာ လူသူမရှိတဲ့အချိန်တွေမှာ ကြောက်ရွံစွာ ငိုနေတတ်သူလို့ စပြောတဲ့ စိတ်ပညာရှင်ကို လူတွေက လူလိမ်လို့ ဝေဖန်ခဲ့ကြတယ်...။ ဒါပေမယ့် အဲဒီပညာရှင်ကပဲ ဟစ်တလာက တနေ့မှာ အဆိပ်သောက်သေမှာလို့ ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်တဲ့...။

အခုနေများ စစ်ဗိုလ်ချူပ်ကြီးနဲ့များ တွေ့ခွင့်ရရင် မေးချင်မိတယ်။
“ဟစ်တလာဗိုလ်ချူပ်ကြီး... ခင်ဗျားက အဲလိုလူစားမျိုးဖြစ်တယ်ဆိုတာ တကယ်မှန်ရင် ခင်ဗျားက ဘာကြောင့် အငိုတွေကို ရက်စက်မှုနဲ့ ဖုံးဖို့ကြိုးစားခဲ့ရတာလဲ”လို့ ။ “ခင်ဗျား ဘာတွေကို ခံစားနေရတာလဲ”လို့။ သူ့မျက်လုံးကို ကြည့်ပြီးကို မေးချင်မိတယ်...။ သူက ပြန်ဖြေမယ်တော့ မထင်ပါဘူး။စိတ်ဆိုးဆိုးနဲ့ ကိုယ့်ကို သတ်ပစ်လိုက်မှာ သေချာတယ်..
...............................................

မျက်နှာသွားသစ်လိုက်ပြီး ကော်ဖီဖျော်ဖို့ ကြိုးစားလိုက်တယ်။ ရေနွေးဆူဆူလောင်းချချိန်မှာ ရလာတဲ့ ကော်ဖီရနံလေးက တကယ့်ကို မွေးကြိုင်သွားသလိုပဲ..။ ကော်ဖီခွက်နဲ့ စာကြည့်စားပွဲပြန်လာရင်း “ကော်ဖီလျော့သောက်နော် အစ်မ”လို့ ပြောတဲ့ ညီမလေးတစ်ယောက်ကို သတိရမိတယ်။ အခုလို ည-၃နာရီလောက်မှာ ကော်ဖီတစ်ခွက်နဲ့နေတာ မြင်ရင် ဂရုဏာဒေါသောနဲ့ အော်တော့မှာပဲလို့ တွေးရင်း ပြုံးမိတယ်။ ကိုယ့်လို ပေပေတေတေလူကို သံဃောဇဉ်ထားနေရှာတယ်..။ အင်း.. သံဃောဇဉ်ဆိုတာ မမြင်ရပေမယ့် တကယ့်ကို တင်းတဲ့ကြိုးတွေပဲနော်။ ကော်ဖီလည်း လျော့တော့ လျော့ဖို့ ဆုံးဖြတ်နေပါပြီ ညီမလေးရယ်...

ခဲတံလေးကို ပြန်ကောက်လိုက်တယ်....။ နောက်တကြိမ် ပုံပြန်ဆွဲဖို့ ဆုံးဖြတ်လိုက်ပြီး..။ ရွှင်မြူးနေမဲ့ မျက်လုံးလေးတွေကို ပြန်တွေးကြည့်လိုက်မိတယ်..။ ရင်ထဲက အလိုလို ခေါ်မိတာက “သမီး.....”လို့..။

အသက်၂၈နှစ်မှာ အိမ်ထောင်ကျခဲ့တာ အခုဆို သမီးလေးတောင် ၅နှစ်ပြည့်သွားပြီ။ သမီးနဲ့ မတွေ့ရတာလဲ၂နှစ်ကျော်သွားပြီ။ သမီးလေး နေကောင်းရဲ့လား...။ ဟိုတလောက မန္တလေးမှာ ရေတွေတက်တော့ အိမ်အောက်ထပ်ကို ရေမြုပ်သွားတယ်။ လူကြီးဖြစ်တဲ့ အဘွားတွေက စိတ်တွေညစ်နေပေမယ့် ဇူးလေးကတော့ သူ့ဦးဦးလုပ်ပေးတဲ့ ဖောင်သေးသေးလေး စီးရလို့ ပျော်နေတာပဲ။ ဖုံးဆက်တော့ အသံကို ရွှင်မြူးလို့..။

မဆီမဆိုင် နာမည်တစ်ခု အတွေးထဲကို ထပ်ရောက်လာတယ်။ “လူစီရန်လျန်း” ရဲ့ အကြောင်း.. မမရွှေစင်ဦး ဘာသာပြန်ပေးတဲ့ပိုစ်ထဲက ။ မဟုတ်သေးဘူးလို့ ကိုယ့်ဘာသာပြောရင်း ခေါင်းကို အတင်းခါထုတ်ပစ်လိုက်တယ်..။ ဟိုတနေ့က သမီးလေးက ဖုန်းဆက်တုန်းက ပြောပါတယ်။ “မေမေ.. မီးတို့ မူကြိုကျောင်းက ဘွဲဝတ်စုံတေးတေးလေးနဲ့ ဘွဲယူရမှာ..။ မေမေက ဓါတ်ပုံရိုက်အောင် ပြန်လာမှာလား”တဲ့..။ “ဒါပေါ့ သမီးရဲ့”လို့ စကားကို မရေမရာ အသံတိမ်တိမ်နဲ့ ဖြေခဲ့တယ်။ အဲ့နေ့မှာ မေမေက ပြန်မရောက်နိုင်သေးဘူးလို့ ပြောမထွက်ခဲ့ဘူး...။ တကယ်ဆို မေမေလည်း သမီးလေးနားမှာ နေချင်ပါတယ် သမီးရယ်၊ သမီးလေး..အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင်စေချင်ပါတယ်..သမီးငယ်ရယ်.....။
.................................................................

ဘယ်လိုမှ မျက်လုံးကို ဆက်မဆွဲနိုင်တော့ဘူး..။ ခဲတံကို ပြန်ချလိုက်ပြီး အိပ်ရာပေါ် လှဲချလိုက်တယ်။ ဘာရယ်မဟုတ် တစ်ယောက်ယောက်ကို ဖုန်းပြောချင်မိတယ်။ တစ်ခုခုကို ပြောပြချင်နေတယ်..။ ဒါပေမယ့် အားလုံး ဒီအချိန်မှာ အိပ်နေရောပေါ့..။ အမျိုးသားရဲ့ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်မလို့ လုပ်ပြီးမှ ပြန်ပိတ်လိုက်တယ်။ သူလည်း အခုလောက်ဆို တနေကုန် အလုပ်တွေလုပ်နေရတော့ မောမောနဲ့ အိပ်နေရောပေါ့လေ..။

ပြီးခဲ့တဲ့ လက အမျိုးသားရဲ့ခယ်မအရင်းက ရင်သားကင်ဆာနဲ့ ဆုံးသွားပါတယ်။ ၂နှစ်အရွယ် သားငယ်လေး ကျန်ခဲ့တယ်..။ အမျိုးသားက သူ့တူလေး အမေမဲ့သွားရတာ စိတ်မကောင်းလို့တဲ့ ၂ ရက်လောက် စကားမပြောနိုင်အောင် ဖြစ်သွားတယ်။ မြန်မာပြည်ပြန်ရောက်ရင်တော့ ကိုယ့်သားအဖြစ် မွေးစားလိုက်ရအောင်လို့နော်တဲ့..။ ဒါပေါ့လို့ ပြန်ပြောဖြစ်တယ်..။ ကင်ဆာတဲ့..။ တကယ်ကြောက်ဖို့ ကောင်းတာပဲနော်...။ ဖြစ်နိုင်ရင်တော့....... ကိုယ်လည်းပဲ...

ဘကျောက်က တကယ် သတ္တိရှိတာပဲ..။ အဲလို တည်ငြိမ်တဲ့ စိတ်ထားကို အားလည်းကျပြီး ချီးလည်း ချီးကျူးမိပါတယ်..။ အတုယူနိုင်ဖို့လည်း ကြိုးစားရဦးမယ်။ ကင်ဆာဆိုတဲ့ ရောဂါတွေကို အမြစ်ပြတ်တဲ့ ဆေးတွေ မြန်မြန်ပေါ်ပါစေ၊ ဒါမှ ကင်ဆာကြောင့် ခွဲခွာရတာမျိုးတွေ မတွေ့ရမှာ...။ ညီမလေး စည်းစိမ်ပြောတဲ့... တပင်တိုင်မြနန်း ဆေးဆိုတာ လည်း တော်တော်ကောင်းတယ်တဲ့။
...............................................

တိုကျိုက အဆောင်နံပါတ် ၄၁၄မှာ နေတုန်းက ဆုံးရှုံးမှုတစ်ခုကြောင့် တစ်ယောက်တည်း ၀မ်းနည်းစွာ အခန်းတံခါးပိတ် တစ်ညလုံး ငိုဖူးတယ်။ တလွဲမာနကြောင့် ကိုယ်ငိုတာကို ဘယ်သူမှ မတွေ့စေချင်ခဲ့လို့ တံခါးပိတ်ထားပေမယ့် အဆောင်တူ သူငယ်ချင်း (ညီမလေး) အိစံက စိတ်ပူပြီး အခန်းတံခါးကို အတင်းခေါက်ပြီး ၀င်လာခဲ့တယ်။ သူပြောတဲ့ စကားတွေက မကြားတချက်ကြားတချက်ပေမယ့် သူ့ကို ပြန်အော်ခဲ့တာတော့ မှတ်မိတယ်။ “ဘာလဲ ငါငိုတာကို မြင်ချင်လို့ လာကြည့်နေတာလား။ သွား”လို့...။ သူလည်း ငိုပြီး ပြန်သွားခဲ့တယ်..။

နောက်တနေ့တော့ သူက ကော်ဖီနဲ့ ခေါက်ဆွဲပြုတ်ကိုင်ပြီး “စနေသမီးကလည်း စိတ်ကကြီးလိုက်တာလွန်ရော”လို့ ရယ်ကျဲကျဲနဲ့ လာပို့သွားပါတယ်။ တော်သေးတယ် သူက စိတ်မဆိုးခဲ့လို့..။ တကယ်ဆို အဲလို သူငယ်ချင်းတွေရှိတဲ့အတွက် ကိုယ်က တကယ်ကံကောင်းသူပါ။ အဲ့နေ့က သူ့ခေါက်ဆွဲပြုတ်မှာ ခရမ်းချဉ်သီးတွေပါတာတောင် ခါတိုင်းလို ဂျီးမများပဲ စားခဲ့တယ်။ တကယ်ကောင်းတဲ့ ခေါက်ဆွဲပြုတ်ပါ..။

ငိုချင်တဲ့ စိတ်အနာက ချက်ချင်းကြီး မဟုတ်ပေမယ့် တစ်ပတ်လောက်ရှိတော့လည်း ပုံမှန်အတိုင်း ပြောလိုဆိုလို့ နေလို့ကောင်းသွားခဲ့ပါတယ်..။ အိစံကို တကယ်ကျေးဇူးအများကြီး တင်တယ်..။ သူ့မင်္ဂလာဆောင်ကျရင်တော့ ခေါက်ဆွဲပြုတ်တဲ့ စတီးအိုးလေးတွေ လက်ဖွဲ့ရမယ်လို့ တွေးရင်း ရယ်လိုက်မိတယ်။
............................................

မိုးကနည်းနည်းတော့ စဲသွားပါပြီ။ မနက်စောစော သတင်းစာပို့ အလုပ်လုပ်တဲ့ ဘေးအခန်းက ကောင်လေးတောင် တံခါးဖွင့်ထွက်သွားသံ ကြားလိုက်တယ်..။ ကိုယ်ကရော ဒီနေ့ညအဖို့ အမျိုးသမီးငယ်ရဲ့ မျက်နှာကို ဆက်ဆွဲလို့ ရပါဦးမလား...။ အခုနကလောက်တော့ စိတ်မညစ်တော့ သလိုပဲ...။
နှုတ်ခမ်းရော မျက်လုံးရော ပြုံးနေနိုင်ဖို့အထိတော့ တော်တော်ကြိုးစားရဦးမယ် ထင်တယ်...

ဘ၀ရထားကြီး စီးလာပြီး ဆင်းတဲ့လူဆင်း တက်တဲ့လူတက်နဲ့၊ ကိုယ်တိုင်ရော ဒီရထားပေါ်က ဘယ်တော့ ဆင်းရမလဲ မသိဘူး..။ ကိုယ့်ကိုယ်ကို စိတ်ပြတ်သားတယ်လို့ ထင်ပေမယ့် သံဃောဇဉ်နဲ့ ပတ်သက်ရင် တကယ်မပြတ်သားနိုင်ပါဘူး..။
....................................
ချစ်သူငယ်ချင်းများ အားလုံးကို တောင်းပန်ပါတယ်နော်..

ကိုယ်ရေးအကြောင်းအရာတစ်ခုကြောင့် ၉-လပိုင်းအကုန်မှာ “အခန်းတံခါးပိတ် ငိုသလိုမျိုး”၊ ဘလော့တံခါးကိုပါ ရုတ်တရက် ပိတ်လို့ တိတ်တိတ်လေး အိပ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် (အိစံလို) သူငယ်ချင်းပေါင်းများစွာက စိတ်ပူစွာ အခန်းတံခါးကို လာခေါက်ခဲ့ကြတာကို ကျွန်မတွေ့ခဲ့ရပါတယ်။ ဖုန်းနဲ့ဆက်၊ မေးတွေနဲ့ပို့... ထင်မှတ်မထားလောက်အောင် စာတို စာရှည်လေးတွေ အများကြီး ရခဲ့ပါတယ်.။ သီချင်းတွေ ပို့ပေးခဲ့တာလည်း ရရှိခဲ့ပါတယ်။ အရမ်း ၀မ်းသာမိပါတယ်။ ကိုယ့်အတွေးနဲ့ကိုယ် ရုတ်တရက်ပိတ်လိုက်တာဖြစ်တော့ ကိုယ့်မိတ်ဆွေတွေ စိတ်ပူမပူထိအောင် မတွေးဖြစ်ခဲ့မိပါဘူး...။ တအားပဲ အားလည်းနာမိပါတယ်။

အားလုံးကို စိတ်ပူအောင် လုပ်ခဲ့တာအတွက် ချစ်ခင်ရတဲ့ သူငယ်ချင်းအားလုံးကို တောင်းပန်ပါတယ်.. နော် ။ လသာည မရင့်ကျက်တာကို အားလုံးခွင့်လွှတ်ကြပါလို့..။ စိတ်ရှည်စွာ သင်ပြပေးတဲ့ မမရွှေစင်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်..။ အဆင်ပြေရင် နောက်ထပ်လည်း ပိုစ်တွေ ရေးတင်မှာပါ။ အားလုံးကျေးဇူးနော်..

လသာည.. ဖြစ်ပါတယ်။
PS; ပိုစ်နာမည်ကတော့ ကိုsosegado ပေးတဲ့ နာမည်ကို ပေးခဲ့တာပါ။




35 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဟဲဟဲ စောစောစီးစီး လာအော်သွားတယ်
ပြန်မြင်ရလို့ ၀မ်းသာလိုက်တာ..
ကိုယ်ခင်တဲ့မိတ်ဆွေတွေကို ဘယ်လိုအကြောင်းတွေမှ နှုတ်ဆက်ထွက်ခွာသွားတာမျိုး မဖြစ်စေချင်ဘူး။။
ဘယ်လိုမှ ရေးမဖြစ်တော့လို့ ဆိုတာက တစ်မျိုးပေါ့နော်။။ စိတ်ညစ်နေတုန်းခနတော့ ခုလိုဘဲ ဖြစ်တတ်ကြပါတယ်.. ကျွန်မတို့တွေလဲ တစ်ခါတစ်ရံမှာ စာမရေးချင်တော့တဲ့စိတ်မျိုး ဖြစ်တတ်ပါတယ်.. ဒါပေမဲ့ အချိန်ခဏ ယူလိုက်ချိန်မှာ ကိုယ့်ရဲ့စိတ်တွေ အင်အား ပြန်ပြည့်လာတတ်တယ် မဟုတ်လားနော်။ စိတ်ညစ်နေချိန်မှာတော့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဖေးမ ကူညီမှုဟာ တကယ်ကို အရေးပါပါတယ်.. တစ်ဦးမေတ္တာ တစ်ဦးမှာပေါ့နော်.. ကိုယ်က သူများအပေါ်မှာ စေတနာထားတဲ့သူဟာ သူများတွေကလည်း ကိုယ့်ကို မေတ္တာထားပြီး ခင်မင်ကြမှာသိပ်သေချာပါတယ်..
ဘာဘဲပြောပြော စာပြန်ရေးမယ်ဆိုလို့ သိပ်ဝမ်းသာမိသလို ဒီပိုစ့်လေး မြင်ရလို့လည်း သိပ်ဝမ်းသာပါတယ်..
ယောင်းမရေ သူငယ်ချင်း ဘလော့ဂင်းကြစို့လား ........... ၀ါး

ကိုဇော် said...

ဒီလိုပဲ ဖြစ်တတ်ပါတယ်ဗျာ။ ကိုယ်စိတ်ညစ်တယ်လို့ ခံစားရတဲ့ အချိန်မှာ ကိုယ့်ထက် ဆိုးတဲ့ လူတွေကို သွားကြည့်မိရင် ကိုယ့်အဖြစ်အပျက်က ဘာမှ မဟုတ်တော့ဘူး။ ဒါပေမဲ့ သူ့အဖြစ်အပျက်က ကိုယ့်မှာ ဖြစ်မနေတော့ လူဆိုတာ ကိုယ်ဖြစ်တာကိုပဲ ပိုခံစားရတတ်ပါတယ်။

အရင်က နှုတ်ဆက်တဲ့ ပို့စ်လေး ဖတ်လိုက်ရပါတယ်။ ဒါပေမဲ့ လူဆိုတာ ကိုယ်ပိုင် အကြောင်းရင်းလေးတွေ ရှိတော့ အတင်းတော့ ပြန်လည် မတိုက်တွန်းပါဘူး။ စိတ်ပျော်တဲ့ အခါ ရေးပေါ့။ အားလုံးက တစ်နေ့တော့ ခွဲခွာရမှာပါပဲ။

ကျနော် ထင်ပါတယ်။ ပျော်ရွှင်မှုဟာ လသာည ဆိုသူနဲ့ သိပ်ပြီးတော့ စိမ်းစိမ်းကားကား မဟုတ်ပါဘူး။ ကျောချင်းကပ်လျက်ပါ။

SHWE ZIN U said...

ညီမ လသာည ရေ

ပိုစ့် အသစ်လေး အတွက် ကျေးဇူးပါ... ညီမ အတွက် ဆုတောင်းနေမယ် ..

အရာအားလုံး ကို အောင်မြင် နိုင်တဲ့ လသာည ဖြစ်ပါစေနော်..

ညီမ ရဲ့ မီးမီးလေး ရယ် မီးမီလေး ရဲ့ ဖေဖေ ရယ် အတူတူ လာလည် ကြနော်..

ညီမ ရဲ့ စိတ်ပညာ ဆောင်းပါးလေးတွေ ဟာ စာဖတ်သူ တွေကို အများကြီး အကျိုးပြုစေတယ် ..

နောက် ညီမ အားသွားရင်း မြန်မာပြည် မဂ္ဂဇင်း တွေမှာ ရေးဘို့ကောင်းတယ် ညီမရေ

သိပ်တော် တဲ့ လသာည လေးပါ

ပျော်ပျော်ကြီးဆုံတွေ့ကြမယ်

ချစ်တဲ့
မမရွှေစင် ဖြစ်ပါတယ်
.

Kyaw Hnin Se Lwin said...


သွားပြီးပြီလား
သွားဖြစ်အောင်သွားနော်
နောက်မှအေးဆေးဖုံးထပ်ဆက်မယ်
မက စိတ်ရှုပ်နေတာတောင်မှ စာရေးသွားလိုက်တာ ဖတ်လို့ကောင်းလိုက်တာ...
တပိုဒ်ချင်း တခုစီကို ဆွဲပြီးဆက်စပ်သွားတာ..
ကျန်းမာပျော်ရွှင်ပါစေလို့
ညီမငယ်

Anonymous said...

အမလသာရေ
ပို့စ်အသစ်တက်လာတော့ တကယ်အားရမိပါတယ်
အမရဲ့စာတွေကို အမြဲဖတ်ချင်နေသူပါ လူတွေအားလုံး အကျိုးရှိစေတဲ့စာလေးတွေကို မရပ်စေချင်ခဲ့ဘူး အမရွှေစင်ပြောသလို ပြည်တော်ပြန်ရောက်ရင် ကော်ဖီအတူတူသောက်ကြအုံးစို့ပေါ့
ပျော်ပျော်ပါးပါးပေါ့
ချစ်ခင်တဲ့
seesein

ခွန် said...

တော်သေးတာပေါ့..... ;)

သူကြီးမင်း (တုံးဖလား) said...

တကျော့ပြန် လသာညပေါ့။ ခရီးများ ထွက်သွားတာလားလို့။ သူ့အပူနဲ့ သူကိုး။ အပူကိုယ်စီနှင့် လူရုပ်ပီသအောင် ကြိုးစားနေကြသူတွေချည်းဆိုတော့လဲ တစ်ယောက်အပူကို တစ်ယောက်နားလည်ပေးလို့ရပါတယ်လေ။ အခိုက်အတန့်လေးမှာ ဒီလိုဘဲ ဖြစ်တတ်ပျက်တတ်ပါတယ်။

ပြန်ပေါ်လာပြီး စာတွေ ပြန်ရေးဦးမယ်ဆိုလို့ ၀မ်းသာမိပါတယ်။ မမရွှေစင်ပြောသလို လသာညဖြစ်ပါတယ်ဆိုတဲ့ စာသားလေးကို လွမ်းနေမိတာ ကြာရောပေါ့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မယ့်ကိုး said...

ချစ်မလေး စာပြန်ရေးမယ်ဆိုလို့ ဝမ်းသာလိုက်တာ။ နှလုံးသားလှတဲ့ ချစ်မလေးမို့ အစစအရာရာအဆင်ပြေအောင်မြင်မှပါ။

အခုဒီစာလေးက အရေးအသားအရမ်းလှတာပဲး)

Anonymous said...

ဘာများဖြစ်နေသလဲလို့..နုတ်ဆက်ပါဦးမယ်ပြောပီး ဘလော့ထဲဝင်မရလို့..
အခုပြန်ပေါ်လာတာ.ပေါ်တော်မူလား
အိမ်ပြေး..အဲ ဘလော့ပြေးမလေးလား..

စိတ်ညစ်စရာတွေကတော့ လူတိုင်းမှာ တခုမဟုတ်တခုစီရှိနေတာပဲဟာကိုးးးးလို့..။
ကိုယ်လဲ စိတ်ညစ်နေတာ... ဒီတော့ ဒီလိုလုပ်ရအောင် ..စိတ်ညစ်ပြိုင်ပွဲလုပ်ပီး တယောက်ကစိတ်ညစ်တာတွေပြောပီး ဟားတိုက်လိုက်ကြရင် မကောင်းဘူးလား..

စာတွေဆက်လက်ရေးပါဦး...

မြတ်နိုး

ရွှေရတုမှတ်တမ်း said...

သီတင်းကျွတ်လပြည့်နားနီးလို့ လ ပြန်သာပြီပေါ့လေ...

rose of sharon said...

သူငယ်ချင်းလေးရေ... ပြန်ရေးတာ ဝမ်းသာလိုက်တာ... စိတ်မကောင်းဖြစ်စရာတွေကတော့ ဘဝမှာ တချိန်မဟုတ် တချိန်တွေ့ရမှာပါဘဲ.. ပြီးရင် စိတ်ပျော်စရာတွေ ပြန်တွေ့ရမှာပါ... ရုတ်တရက် ကြီးဘလော့ဝင်မရဖြစ်သွားလို့ စိတ်ပူနေတာ... ပြန်ရေးဖြစ်မယ်လို့တော့ မျှော်လင့်နေသေးတာ.. ဝါသနာဆိုတာ ရပ်ထားလို့ရ ခဏပေါ့... ကိုယ်ဆို ခဏခဏ နားတာလေ... နောက်တခါ မပြောမဆို အဲလိုလုပ်လို့မရအောင် ဖုန်းနံပါတ်တွေ အိမ်လိပ်စာတွေ ယူထားရတော့မယ်...

Crystal said...

ခရီးထွက်နေလို့ ဘာမှန်းမသိလိုက်ဘူး အစ်မရေ၊ ညီမကိုလည်း ပြောပြအုံးလေ။ ပိုစ့်တွေ ရေးပါ အစ်မရာ၊ ခွဲတယ်ဆိုတာများ ကြားကို မကြားချင်တာပါ။ :)

ညိမ်းနိုင် said...

အစ်မရေ.....အပူတွေကလည်း အပူပေါ့ဗျာ...။နာကျင်
စရာတွေကလည်း နာကျင်စရာတွေပဲပေါ့ နော့..။
စာလေးတွေတော့ ဆက်ရေးပါဗျာ...။အားပေးနေလျက်ပါ

blackroze said...

အမရေ..ပိုစ့်အသစ်လေးတွေ့ရတော့
ဝမ်းသာမိတယ်..
ထပ်ပြီးတော့မသွားပါနဲ့တော့နော်

ခင်တဲ့...blackroze

ကြယ်ရောင်မှတ်စု said...

အလသာရယ်.....အဲဂလိုလုပ်ပါ ခုမှသိရတော့တယ် ပထမ post ဖတ်ပြီး သူငယ်ချင်းတွေတောင် လှမ်းပြောသေးတယ်။ သူတို့ကလဲ ဟေ....ဟုတ်လား ဆိုပြီး ဘာဖြစ်တာလဲမသိဘူးနော် ပြောနေကြတယ်။ တကယ်စိတ်မကောင်းဖြစ်မိတယ်။ ခုမှပဲ ဝမ်းသာရတော့တယ် :) အဲအဲ ကျနော် blog အသစ်လေးလုပ်ထားတယ် အမရဲ့ ။ အရင်က ချိုကျ ပေါ့ ခုတော့ ဖိုးကြယ် ဖြစ်နေတယ်။ ဟိုမှာလဲရေးမယ် ဒီမှာလဲရေးမယ်ပေါ့ ။ ကဲ.....မင်းသမီလေးရေ.... ဆက်" က " ပါဦးလို့ :)

ခင်တဲ့ ( ဖိုးကြယ် )

chindwinthu said...

ဒီနေ့မနက် ဘလော့ခ်ကို ဖွင့်လိုက်တော့ အမရဲ့ ပို့စ်အသစ်လေးတွေ့လိုက်ရတော့ ပျော်သွားတာဘဲ။ ဖတ်ရုံဘဲ ဖတ်ပြီး မမန့်ခဲ့ရဘူး။ သူငယ်ချင်း တစ်ယောက်ရောက်လာလို့။ အခုမှဘဲ ပြန်မန့်ရတာ။

blackcoffee said...

သြော်... တို့ အစ်မကတော့ ကိုယ့်ကို လာနှစ်သိမ့်တဲ့ သူကိုမှ မောင်းထုတ်ရတယ်လို့ တော်သေးတယ် ဟိုက စိတ်မဆိုးလို့ ။မိသားစုနဲ့ အဝေးရောက်နေတဲ့အချိန်တွေမှာတော့ စိတ်တူကိုယ်တူ သူငယ်ချင်းဆိုတာ ကိုယ့်ရဲ့ မိသားစုပါဘဲ အစ်မရေ... အစ်မ စာတွေ ထပ်ရေးမယ်ဆိုတော့ ဝမ်းသာတယ်။ ကျွန်တော်တို့ တွေ အိမ်ထပ်လည်လို့ ရတာပေါ့။အားပေးနေမယ်နော် အစ်မ....

T T Sweet said...

ဟွန်း ဟွန်း ဟွန်း ... ၀ရမ်းပြေးကို လာဖမ်းတာ၊ ခုမှပဲမိတော့တယ် ....း)) jk

တကယ်စိတ်ပူမိပါတယ်။ ဘာဖြစ်မှန်းလဲအကြောင်းတစ်စုံတစ်ရာ မသိရလို့လေ။ သွားလည်လိုက်ရင်လဲ သူက ဖိတ်ထားတဲ့သူပဲ လက်ခံသတဲ့ ဆိုတော့ အိမ်ရှေ့ရောက်မှ တပ်ခေါက်ပြန်ခဲ့ရ့တာ။

လသာရေ .... ဘ၀ဆိုတာ ဒီလိုပါပဲကွယ်။
ကိုယ်တို့လဲ ပျော်တစ်ခါ စိတ်ညစ်တလှည့် ... ဘ၀မြစ်ပြင်မှာ ဒီလိုပဲ စီးမျောရင်း နေတတ်အောင်နေနေကြရတာပါပဲ။ အားလုံးကို နားလည်ပါတယ်။
ငါ့ညီမ ပျော်ရွှင်ပါစေ။

မြစ်ကျိုးအင်း said...

နှုတ်ဆက်တဲ့ ပို့စ်လည်း တွေ့လိုက်ပါတယ်။ ဝင်ကြည့်တော့ မရတော့ဘူး။ အဲဒီထဲက အားပေးမလို့ပါ။
ခုလို ပြန်ရေးတာ ကောင်းပါတယ်။ စိတ်ကို ထွက်ပေါက်မပေးထားဘဲ မွန်းကျပ်နေရရင် မကောင်းဘူးပေါ့။
ကျွန်တော်လည်း သိပ်စိတ်ညစ်ရတုန်းက တခါကပိတ်ခဲ့ ဖူးတယ်။ နောက်တော့လည်း ဒီလောကလေးမှာပဲ စိတ်ကို ဖြေဖျောက် ထားရပြန်တယ်။

ပျော်ရွှင်ပါစေ။

Anonymous said...

အင်းးးးးးးးးးးးးးးးးးး


လသာညရေ့  အိစံကိုအမှတ်တရရှိနေတဲ့ အတွက်ကျေးဇူးပါ
အမ လက်ဖွဲ့ မယ်ဆိုတဲ့ ခေါက်ဆွဲပြုတ်တဲ့ စတီးအိုးလေး တွေကိုလိုချင်လို့ ပဲ မဂ်လာဆောင်လိုက်ပါအုန်းမည်....မျှော်း)း)

သံယောဇဉ်ဆိုတာဘယ်လိုဟာလဲ မသိ။
တရားအသိနဲ့ ငြိမ်းချမ်းပါစေအမ။

ချစ်တဲ့ 

အိစံ

Shinlay said...

ပျော်ရွှင်ချမ်းမြေ့ပါစေ...

နှင်းဟေမာ said...

ချစ်မကြီး လသာည ...

ဘယ်လိုဖြစ်တာပါလိမ့်လို့ စဉ်းစားနေတာ
ဘလော့ကို အမျိုးမျိုးကြိုးစားပီးလာတော့လဲ
လုံးဝ ၀င်လို့ကို မရဘူးဖြစ်တယ်
ဘယ်ဘက်က အယ်ရာတတ်လဲဆိုတာမသေချာလို့
သတိရတိုင်း လာပီးဝင်ကြည့်တယ်
လက်လျှော့ပီး ပြန်ခဲ့ရပြန်တယ် ...အဲဒါနဲ့ပဲ ဘလော့ကိုပါ ပိတ်ခဲ့တာလားလို့ တွေးနေမိတာ ...။
အခုလို ပြန်လာပီး စာတွေပြန်ရေးတော့မယ်ဆိုတော့
အရမ်းဝမ်းသာမိတယ် အားလုံးနဲ့ထပ်တူ ထပ်မျှပါပဲ..။
တစ်ကယ်တော့ ဒီဘလော့စာမျက်နှာပေါ်မှာ
ရင်ထဲက ရှိတာတွေ ခံစားရသမျှတွေကို လွတ်လပ်စွာ ပေါက်ကွဲနိုင်သလို အပြည့်အ၀မဟုတ်တောင် အများဆုံး နားလည်မှုပေးနိုင်တဲ့ မောင်နှမတွေရှိတယ်ဆိုတာကို သတိရပေးရင်ပဲ ကျေနပ်ပါတယ် ချစ်မရယ် ....
လူ့ဘ၀ပင်လယ်ပြင်ကြီးမှာ....မုန်တိုင်းတွေပြီးသွားရင် လေပြေလေညှင်းလေးတွေလာတတ်တယ် ....လေပြည်လေညှင်းလေးတွေပြီးရင်လဲ မုန်တိုင်းတွေဝင်လာတတ်တယ် ... အဲဒီအတိုင်းပါပဲ တစ်ခဏဆိုတဲ့ လူ့ဘ၀ကလဲ အမျိုးမျိုးသော သောက ဒုက္ခတွေနဲ့ တစ်ယောက်တစ်မျိုးတော့ ရင်ဆိုင်နေကြရတာပဲ ချစ်မရေ... အားလုံးက အခြေအနေခြင်းသာ ကွဲပြားမယ် ... လူတိုင်းဆီမှာလောကဓံတရားတွေ ရုန်းကန်ခြင်းတွေ သောက ဒုက္ခတွေ ကိုယ်စီရှိနေပါတယ် ရှိကြပါတယ် ... ရှိလာနိုင်ပါသေးတယ် နောက်ထပ်လဲရှိပါဦးမယ် ... အပြုံးမပြတ်ပဲ ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမယ် ဆိုတဲ့အားအင်တွေကိုသာ ရဲရဲဝံ့ဝံ့မွေးမြူကြရင်း မျှော်လင့်ချက်နဲ့ ဆက်လျှောက်ကြမယ်နော် မမ .... ဘ၀ဆိုတာ အားငယ်ဖို့ အချိန်မရှိအောင်ကို တိုတောင်းတာမို့ ...ကဲ ... ချစ်မမလသာညရေ.... လသာတုန်း ဗိုင်းဆက်ငင်လိုက်ကြစို့နော်းD .... Cheers !!!!!!!!

ချစ်မကို ပျော်ရွှင်စေချင်တဲ့ ဆန္ဒနဲ့ ရင်ထဲမှာ ကိုယ်ခံစားနေရတာကိုပါ ဖော်ပြရင်း ရေးချင်တာရေးခဲ့တယ် ချစ်မရေ...
ချစ်ညလေး နှင်း ...

sosegado said...

မျက်လုံး က နှုတ်ခမ်း ထက်ပိုပေါ်လွင်တယ်မဟုတ်လား၊
ဟစ်တလာကဘာလဲ ဆိုတာ ဟစ်တလာရဲ့ မျက်လုံးတွေကပြောနေပါတယ်၊
မျက်လုံး က စပြုံးနေပြီဆိုရင် ဆက်ပြုံးနိုင်တော့မှာပါ၊
ဖြစ်နိုင်ရင် တိုကျိုတာဝါပေါ်တက်ပြီး
အားလုံးကို ငါ အပေါ်စီးကကြည့်နေတာဟေ့လို့ အသံကုန်အော်လိုက်ပါ၊
ဘေးလူတွေ ခဏမေ့ထားလိုက်၊
မြန်မာပြည်ဘက်လှည့်ပြီး သမီးရေလို့ ထပ်အော်ပါ၊ ခဏလေးငြိမ်ပြီး သမီးအကြောင်းစဉ်းစား
တော်လောက်ပြီဆိုရင် အောင်ပြန်ဆင်းခဲ့၊ အောက်က ရေခဲမုန့်ဆိုင်က ရေခဲမုန့်ဝယ်စားလိုက်၊
ရေခဲ့မုန့် စားရင်းပြုံးမိလိမ့်မယ်၊
ချောကလက် ရေခဲမုန့် မဝယ်မိဘို့ သတိပြုပါ။
စိတ်ညစ်တာတွေကို ဘေးဖယ်ထားလေ့ရှိတဲ့၊
sosegado

လသာည said...

ကွန်မန့်များအားလုံးအတွက် ချစ်သူငယ်ချင်းအားလုံးကို အများကြီး အများကြီး ကျေးဇူးတင်ပါတယ်။

ကွန်မန့်တွေဖတ်ပြီးတော့.. အားအရမ်းရှိသွားရပါကြောင်း.. နေလည်းကောင်းသွားပါကြောင်းးD

လသာည

ShwunMi- said...

တော်ပါသေးရဲ့.. ပြန်ပွင့်လာလို့
=)
အစ်မလသာည နေကောင်းတယ်ဟုတ်..
အစစ အဆင်ပြေ ပျော်ရွှင်ပါစေနော်..

နေ့အိပ်မက် said...

တော်သေးတာပေါ့ မမရယ်၊ နေ့အိပ်မက်က နှုတ်ဆက်တဲ့ပို့စ်ပဲတွေ့လိုက်တာ၊ မမပိတ်လိုက်တာ သိဘူးရယ်။ နေ့အိပ်မက်လည်း တစ်ခါတစ်လေ တော်တော်ကြီး စိတ်ညစ်လာရင် အဲလိုမျိုး လုပ်ချင်စိတ်ပေါ်တယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ စိတ်လျှော့ထားပါတယ်။ :P

ဧပရယ်လ်ပူး@ပူးတေ said...

မမလသာည

ပူးတေရောက်တယ်သိလား... မမအသစ်ပြန်တင်တဲ့နေ့ထဲကရောက်တယ်... မမနှုတ်ဆက်သွားလို့ စိတ်တောင်မကောင်းဘူး... ပူးတေလဲ ဒီတလော ရုံးကအလုပ်တွေနဲ့ အလုပ်ရှုပ်နေတာ..ဘယ်ဘလော့မှ သေသေချာချာမရောက်ဖြစ်ဘူး... မမ ဘလော့တွေဆီ ပြန်လာတယ်ဆိုတော့ ဝမ်းသာသွားတယ်... နောက်ဆိုရင် ဒါမျိုးကြီး မလုပ်ရဘူးနော် မမ။ ပူးတေတို့ တကယ်စိတ်မကောင်းဖြစ်မိတယ်...

ခင်တဲ့
ပူးတေ

လသာည said...

အားပေးတဲ့ကွန်မန့်များအတွက် ရွှမ်းမီ နေအိပ်မက် ပူးတေ.. ညီမလေး သုံးယောက်လုံးကို အထူးကျေးဇူးတင်ပါတယ်.. :))

Anonymous said...

;) ;) ပျော်တယ်ဗျာ
ဒါပဲပြောတော့မယ်
နိုင်ငံခြားမှာ အခြေချတော့မယ်ကြားရင် ရင်ထဲကျင်ခနဲ့ပဲ
ဘလော့ရွာကိုကျောခိုင်းမယ်ကြားရင် ရင်ထဲမှာကျင်ခနဲ့ပဲ

မောင်ဘကြိုင်

ခိုင်နုငယ် said...

မမလသာညရေ....
နုတ်ဆက်စာကိုလည်း ခုရောက်မှမြင်မိတယ်။
ခိုင်နုလည်း အလုပ်များတာရယ်...စိတ်မအားတာရယ်
ကြောင့် ဘလောပ့် မလည်ဖြစ်တာကြာပါပြီ။
စာလည်း မရေးနိုင်ဘူးရယ်။
မမလသာည စာတွေပြန်ရေးအုံးမယ်ဆိုလို့ ၀မ်းသာမိတယ်။ လူ့ဘ၀ဆိုတာ ဒီလိုပါပဲ။မမရေ...
ကျန်းမာပျော်ရွှင် အဆင်ပြေပါစေ။
ချစ်သောမိသားစုလေးနှင့်လည်း အမြန်ဆုံးပြန်လညဆုံစည်းနိုင်ကြပါစေ။

လသာည said...

တောင်းတဲ့ဆုနဲ့ ပြည့်လိုပါတယ် ညီမလေးရယ်။ ကျေးဇူးနော် ခိုင်နု။ ကျေးဇူးပါ မောင်ဘကြိုင်ရေ..

သုခုမလေဒီ said...

ပျော်ရွှင်ဖွယ်သီတင်းကျွတ်လေးဖြစ်ပါစေ..
လသာနိုင်သောညများဖြစ်ပါစေ...

Crystal said...

သီတင်းကျွတ်လပြည့်ညက ကောင်းကင်ကြီးမှာ လမင်းကြီးက ကြည်လင်စွာ လသာနေလိုက်တာ။ ဒါမျိုး မမြင်ဖြစ်တာတောင် ကြာပြီ၊ လမင်းကို မော့ကြည့်မိတော့ စိတ်ထဲမှာ အေးချမ်းလုံခြုံတဲ့ ခံစားချက်မျိုးလေး ခံစားလိုက်ရတယ်။ ဒီလိုပဲ အစ်မ လသာ ပိုစ့်လေးတွေ ရေးဖြစ်မှ အစ်မ နေကောင်းနေတယ်၊ စိတ်အေးချမ်းနေမယ်လို့ ယုံကြည်နေတယ်။ ဒါကြောင့် လသာသော ညများ များများ မြင်တွေ့ခွင့်ရပါစေသတည်း။ :)

သော်ဇင်စိုး said...

ဖတ်လို့ ကောင်းလိုက်တာဗျာ.. အဆက်စပ်မရှိတဲ့အတွေးတွေက လူတစ်ယောက်မှာ အဆက်မပြတ်စီးနေတာလေးကို သွားတွေ့တယ်.. ရေးထားတာလေး နွဲ့နွဲ့လေးနဲ့ လှလိုက်တာဗျာ..

paingsoe said...

အမရဲ့ စေတနာကြောင့်
ကျွန်တော်တို့ ပျော်မြူးရသလို
အမတစ်ယောက်လည်း
ကျွန်တော်တို့ ပို့သတဲ့ မေတ္တာကြောင့်
စိတ်အေးချမ်းပြီး
အမြဲ ပျော်ရွှင်နိုင်ပါစေ ..