Sunday, June 12, 2011

ကံကောင်းသော စက်ရုပ်.

အဲဒီနေ့က အဲဒီကံစမ်းမဲကို မနှိုက်ခဲ့မိရင် အကောင်းသား..။ အခုတော့ သူ့အဖြစ်က.

(၁)
မျက်နှာပေါ်စူးစူးရဲရဲ ကျလာတဲ့အပူရှိန်ကြောင့် ညက ပြတင်းပေါက်မပိတ်ပဲ အိပ်ပျော်သွားတာကို သတိရမိတယ်။ အခုတလော သတိလက်လွတ် ဖြစ်ရတာတွေ များများလာပါလား..။ ပြီးတော့ အခုတလော ထူးဆန်းစွာ ကံတွေကလည်း ကောင်းနေတယ်။ မနေ့ကတင် ထီ ၅ သိန်း ပေါက်တယ်။ ဆုကြေးရတယ်။ ဘောက်ဆူးတွေလည်း နေ့တိုင်းလိုလို၊ ကံအကောင်းဆုံးက လွန်ခဲ့တဲ့တပတ်ကတင် အရုပ်မလေးလို လှပချောမောသူလေး တစ်ယောက်က သူ့နားကို ရောက်လာတယ်။ သူမက..
"ကိုကို့ကို သိပ်ချစ်တာ၊ ကိုကိုမရှိရင် မေလေး သေလိမ့်မယ်သိလား"တဲ့..

(၂)
"ကလင် ကလင်"
အိမ်ရှေ့က လူခေါ်ဘဲလ် အဆက်မပြတ်တီးသံကြောင့် ရေချိုးခန်းထဲမှ ကဗျာကသီ အ၀တ်ဝတ်ပြီး ထွက်လာလိုက်တော့..
"မင်္ဂလာရှိသော နံနက်ခင်းပါ ဦးည"
"ဟုတ်ကဲ့ မင်္ဂလာပါ။ ကျွန်တော်ဘာများကူညီရမလဲ ခင်ဗျာ"
"ဟာ.. မကူညီရပါဘူးဗျာ။ ကျွန်တော်တို့က ခင်ဗျားကို ကံကောင်းခြင်း လက်ဆောင်တွေ လာပေးတာပါ"
"ဗျာ"
"ကျွန်တော်တို့က အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ကပါ။ "
"အဲဒါနဲ့ ကျွန်တော်နဲ့ ဘယ်လိုများ ပတ်သတ်နေပါလဲ။ ကျွန်တော်က အာကာသစူးစမ်းလေ့လာရေးတွေ နားမလည်ပါဘူး"
"ဟုတ်ကဲ့။ ကျွန်တော်တို့ သိပါတယ်။ လောလောဆယ် ခင်ဗျားကို ကျပ်သိန်းတစ်ထောင်တန်နဲ့ အမေရိကားကို ပညာတော်သင် သွားခွင့် ကံစမ်းမဲ လာပေးတာပါ။ ဒါက ကျွန်တော်တို့ ရုံးဖုန်းနံပါတ်ပါ။ ကံစမ်းမဲပေါက်ရင် ကျွန်တော်တို့က ဆက်သွယ်ပါ့မယ်။ တီဗွီအစီအစဉ်မှလည်း တရားဝင်ကြေငြာပေးပါ့မယ်"

(၃)
"ကိုကို့ကို ဒီမနက်စောစောစီးစီး သိန်းတစ်ထောင်တန် ကံစမ်းမဲ လာပေးသွားတယ် မေလေး..၊ အခုတလော ကိုကို့ကံတွေ ကောင်းလွန်းနေတာ နည်းနည်း ထူးဆန်းနေတယ်လို့ မထင်ဘူးလားဟင် "
"ဟာ သိန်းတစ်ထောင် ဟုတ်လား။ ပေါက်လို့ကတော့ ကိုကိုနော် မေလေးကို ရေကူးကန်နဲ့ အိမ်လှလှလေးတစ်အိမ် ၀ယ်ပေးရမယ်..နော်.."
"ဟုတ်ပါပြီဗျာ..။ ဟုတ်ပါပြီ..။ ဟော.. ဖုန်းမြည်နေလို့ ခဏနော်"
"ဟယ်လို ဟုတ်ကဲ့ ကိုညပါ။ ဗျာ.. ကံစမ်းမဲပေါက်တယ်။ မဲက ချက်ချက်ကြေငြာတာလား။ အော်..ဟုတ်လားဗျာ. ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ ဟုတ်ကဲ့ အခု တီဗွီလည်း ဖွင့်ထားပါတယ်။ ချန်နယ်ဘယ်လောက်မှာ ကြေငြာတာပါလဲ။ ချန်နယ်သုံး?.. ဟုတ်ကဲ့ဟုတ်ကဲ့"

(၄)

"ဟုတ်ကဲ့ NN သတင်းဌာနမှ ဒီမနက်မှာ အားလုံးအတွက် အထူးအဆန်းဖြစ်စေမယ့် သတင်းကို ကြေငြာပါ့မယ်..။ အခုမနက်မှာ အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ မှ ကံထူးသူတစ်ဦးကို သိန်းတစ်ထောင်နှင့် ကံစမ်း ရွေးချယ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်း သတင်းပဲဖြစ်ပါတယ်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကံစမ်းမဲပေါက်သူဟာ ကံသာ ရပ်ကွက်က ဦးည ပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်နံပါတ်ကတော့ (၈/...၀၀၀၁၁၁).ဖြစ်ပြီး အသက်အားဖြင့် ငယ်ရွယ်ထက်မြက်သူဖြစ်တယ်လို့ ဆိုပါတယ်။ ထို့ပြင် သုတေသနအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဦးညအနေဖြင့် အမေရိကန်နိုင်ငံက အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ဌာနချူပ်မှာ သင်တန်းတက်ခွင့်လည်း ရရှိမှာဖြစ်ပါတယ်။

သင်တန်းကတော့ အာကာသစက်ရုပ်အဖြစ် လေ့ကျင့်သင်တန်းပေးမှာဖြစ်ပြီး အခုလိုသင်တန်းမျိုးအတွက် တစ်နိုင်ငံကို တစ်ဦးသာရွေးချယ်တာ ဖြစ်တဲ့အတွက်ကြောင့် သူ့ကို ကျွန်တော်တို့နိုင်ငံရဲ့ တစ်ဦးတည်းသော သူရဲကောင်းလေး အဖြစ်လည်း သတ်မှတ် ကြေငြာထားကြောင်းလည်း သတင်းရရှိပါတယ်ခင်ဗျာ။

ဒါကြောင့် ကျွန်တော်တို့ NN သတင်းဌာနအနေဖြင့် သူရဲကောင်းလေး ဦးညကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ နောက်ပြီး သူရဲကောင်းလေးရဲ့ ရင်ထဲက စကားလေးကို အင်တာဗျူးဖို့အတွက် ကျွန်တော်တို့ သတင်းဌာနမှ လူများ သွားရောက်နေပြီ ဖြစ်ပါတယ်။

(၅)
တီဗွီသတင်းကြားပြီးကတဲက.. ချက်ချင်းပဲ ခေါင်းမူးလာသလိုလို၊ အိမ်သာပဲ တက်ချင်သလိုလို... သူတအားကို စိတ်လှုပ်ရှားနေပါတယ်။ သူ ကံစမ်းမဲပေါက်တာက ရပ်ကျော်ရွာကျော် နိုင်ငံကျော် ဖြစ်နေပြီး သူရဲကောင်းအဖြစ် နေ့ချင်းညချင်းရောက်သွားရတဲ့အဖြစ်။ သူ့အနေနဲ့က မေလေးနားမှာ အခုလိုပဲ နေချင်ပါတယ်။ သူရဲကောင်းလည်း မဖြစ်ချင်ပါ။ အာကာသသွားဖို့မပြောနဲ့ လေယာဉ်တောင် မစီးရဲသူ။ အခုတော့ သူရဲကောင်းအဖြစ် သတ်မှတ်ပြီး ကြေငြာခံရတယ်။

နေမရထိုင်မရဖြစ်လာတဲ့အဆုံး ကံစမ်းမဲကို လက်မခံလိုပါကြောင်း ငြင်းဖို့ မေလေးကို အဖော်စပ်တဲ့အနေနဲ့ ကြည့်လိုက်တော့ မေလေးက သူ့ခံစားချက်ကို ဂရုစိုက်မိပုံမပေါ်၊ သူ့အတွေးနဲ့သူ. သူရဲကောင်းရဲ့ ရည်စားအဖြစ်နဲ့ လက်ချင်းချိတ်ပြီး အိမ့်အပြင်ထွက်နိုင်ဖို့ သူမ့အ၀တ်အစားကို ပြန်လဲပြီး အလှဆုံးဖြစ်အောင် ပြင်နေတာကို တွေ့ရပါတယ်။

"ကိုကို.. လာ၊ သွားစို့။ အိမ်အပြင်မှာ အင်တာဗျူးမယ့်သူတွေ စောင့်နေပြီ"
"နေ.. နေပါဦးကွာ။ ကိုကို ခေါင်းနည်းနည်းမူးသလိုဖြစ်ပြီး ရေဆာလို့ ရေလေးတစ်ခွက်လောက်သောက်ပါရစေဦး"

"ကိုကိုကလည်း ဘာတွေဖြစ်နေတာလဲ။ ချက်ချင်းကြီး ဘာဖြစ်သွားတာလဲ။ ဒီမှာ. ပိုက်ဆံလည်း သိန်းတစ်ထောင်ရ၊ မေလေးလည်း သူရဲကောင်းရဲ့ ရည်းစားဖြစ်။ ဘယ်လောက်ပျော်ဖို့ကောင်းလဲလို့."

(၆)
" ကျွန်တော်တို့ NNသတင်းဌာနက ဦးညရဲ့ အိမ်ရှေ့ကနေပြီး တိုက်ရိုက်တင်ဆက်နေတာ ဖြစ်ပါတယ်။ ဦးည အိမ်ရှေ့မှာဆိုရင် သူရဲကောင်းလေးကို လက်ခုပ်တီးဂုဏ်ပြုဖို့ သူ့၏ မိတ်ဆွေသူငယ်ချင်းများစွာ လာရောက်စောင့်စား တန်းစီနေတာကို အခုလို တွေ့ရမှာ ဖြစ်ပါတယ်။ စောင့်နေသူတွေထဲက ဦးညရဲ့သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံပြီး ဦးညရဲ့အကြောင်းကို အခုလို မေးမြန်းခဲ့ပါတယ်။"

"ဟုတ်ကဲ့။ ကိုညနဲ့ ကျွန်တော်က ငယ်ငယ်ကတဲက သူငယ်ချင်းတွေပါ။ ပြောရရင်ဗျာ ပြောမနာဆိုမနာ ညီအစ်ကိုတွေဆိုလည်း မမှားပါဘူး။ အခုလို အာကာသ စူးစမ်းလေ့လာရေး သုတေသနလုပ်ငန်း အတွက် ရွေးချယ်ခံရသူ သူရဲကောင်းအဖြစ် ကျွန်တော်တကယ် ဂုဏ်ယူတယ်ဗျာ"

မြတ်စွာဘုရား... ကိုယ် သူ့ကို မသိပါဘူး။ သူက ဘယ်ကဘယ်လို အခုမှ သူငယ်ချင်းပါဆိုပြီး လာပြောနေတာပါလိမ့်.။ ဘာ..တွေဖြစ်ကုန်ပြီလဲ.. ငါ အိပ်မက် မက်နေတာလား...

"ဟုတ်ကဲ့.။ ကျွန်မကတော့ ကိုညနဲ့ တက္ကသိုလ်အတူတူတက်ခဲ့ဖူးသူပါ၊ သူက တက္ကသိုလ်မှာကတဲက အတန်းထဲမှာ အများအတွက်ဆို တာဝန်ယူ ဦးဆောင်သူ တစ်ဦးဖြစ်ပါတယ်။ ကျွန်မ ကိုညအတွက် ဂုဏ်ယူလွန်းလို့ အခုလို လာရောက်နှုတ်ဆက်ဖို့ တန်းစီစောင့်နေရတာပါ"

မဟုတ်ဖူး... မဟုတ်ဖူး..။ ဘယ်တုန်းကမှ အီးစီမလုပ်ဖူးပါဘူး။ အခုလည်း ငါသူရဲကောင်း မလုပ်ချင်ဘူး..

စိတ်ပျက်လက်ပျက်နဲ့ အိမ်အပြင်ကလူတွေကို ပြတင်းပေါက်ကနေ လှမ်းအကြည့်..အောက်က လူအုပ်ကြီးမှ သံပြိုင် အော်သံကို ကြားလိုက်ရတယ်။

"ဦးည..
ဦးည..
ဦးည..
သူရဲကောင်း ဦးည
ဖြောင်းဖြောင်းဖြောင်း"

(၇)
"ဟုတ်ကဲ့..။ အခုဆိုရင် ဦးညဟာ သူရဲ့ချစ်သူလေးနဲ့အတူ အိမ်အပြင်ကို ထွက်လာပြီ ဖြစ်ပါတယ်။ အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ အနေနှင့်လည်း သူရဲကောင်းလေးကို ဆုချဖို့ ဆုငွေသိန်းတစ်ထောင်နဲ့ သူရဲကောင်းဘွဲ့တံဆိပ်ကို အပ်နှင်းဖို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကဲ ဦးညရဲ့ သူရဲကောင်းရင်ခုန်သံလေးကို တနိုင်ငံလုံးက ပြည်သူတွေ ကြားအောင် ပြောပြပါဦးနော်"

"ဟုတ်ကဲ့.. ကျွန်..ကျွန်တော် ပျော်ပါတယ်။"

"ကျွန်မချစ်သူက တကယ့်သူရဲကောင်းပါ။ ကျွန်မကတော့ ကျွန်မချစ်သူအတွက် သိပ်ကို ဂုဏ်ယူမိပါတယ်။"

(၈)
"ကိုကို.. ကိုကိုကလည်း ဘာငိုင်နေတာလဲ..လုပ်တော့လေ။ ခရီးထွက်ဖို့ အထုတ်အပိုးပြင်တော့လေ။ တကယ်ဆို မေလေးက ကိုကို့ကို တကယ်မခွဲနိုင်ပါဘူး. ။ အများအကျိုးမို့သာ ဇွတ်မှိတ်ခွဲရတာ။ ကိုကိုမေလေးကို မမေ့နဲ့နော်။ နောက်ပြီး ကိုကိုအခုဝယ်ပေးတဲ့ ဒီအိမ်လေးထဲမှာ မေလေးကကိုကိုပြန်လာတဲ့အထိ ကိုကို့ကို စောင့်နေမှာပါ။ ဒါနဲ့ မေမေကလေ မေလေးတစ်ယောက်တည်းဆို စိတ်မချလို့တဲ့ မေမေတို့လည်း လာနေမယ်တဲ့။ ကိုကို စိတ်ချလက်ချသာ သွားနော်"

"..........."

(၉)
"....။ သူရဲကောင်းလေး ဦးညဟာ ဒီကနေ့ညနေ ၃ နာရီမှာပဲ အာကာသ စူးစမ်းလေ့လာရေး သုတေသန အဖွဲ့ချူပ်ဆီကို ထွက်ခွာ သွားတော့မှာဖြစ်ပါတယ်..။ ထိုကြောင့် သူရဲကောင်းလေးအတွက် ဂုဏ်ပြုနေ့လည်စာ စားပွဲကို မဟာအာဠာဝက ခန်းမဆောင်မှာ နိုင်ငံတော် သမ္မတကြီးမှ ဂုဏ်ပြုဧည့်ခံပွဲဖြင့် ဂုဏ်ပြုခဲ့ပြီး အခုလို ဦးညရဲ့ မွန်မြတ်တဲ့ သူရဲကောင်းစိတ်ထားလေးကို အမြဲရှင်သန်နေစေဖို့နဲ့ စေလွှတ်လိုက်တဲ့ အမိနိုင်ငံနဲ့ နိုင်ငံတော် အကြီးအကဲများရဲ့ ကျေးဇူးကို အစဉ် ဦးထိပ်မှာပန်ဆင်ပြီး အများအကျိုးအတွက် ကြိုးစားစေလိုကြောင်း အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်ရှင်"

(၁၀)
ဒီလိုနဲ့.. လူသားစက်ရုပ်တစ်ရုပ် ပေးအပ်တဲ့တာဝန်ထမ်းဆောင်ဖို့ လူသားတိုင်းပြည်မှ အပြီးအပိုင် ထွက်ခွာသွားရတယ်ဆိုတဲ့အကြောင်း.. နောက် တစ်လလောက် အကြာမှာတော့ အားလုံးကမေ့သွားပါတော့တယ်..

26 comments:

seesein said...

အာဠာဝက ခန်းမက ဘယ်လူသားတိုင်းပြည်မှာ ရှိတာလဲ အခုလလ က ဘယ်စက်ရုပ်တိုင်းပြည်မှာ ရောက်နေတာလဲး)
မပျင်းမရိရေးပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်

ခင်မင်တဲ့
seesein

SHWE ZIN U said...

ညီမ လသာည ရေ

လူသားစက်ရုပ် သိန်းတထောင် ပေါက်သူ ဆိုတာ ဘယ်သူ့ပါလိမ့်

PhyoPhyo said...

ကိုည က လကမ္ဘာရောက်သွားတာလား။
ပျောက်နေလိုက်တာ။
စိတ်ဝင်စားဖို့ကောင်းတယ်။
ရေးတတ်လိုက်တာ။
သတိရလျှက်ပါ

မအိမ်သူ said...

စက်ရုပ်ဘ၀နဲ့တော့ အာကာသလဲ မသွားချင်ပေါင်ရှင်... :))

မယ့်ကိုး said...

စာလေးက ကောင်းလိုက်တာ မမ။ ကိုယ့်ဘဝနဲ့တောင် တူနေသလို ခံစားရတယ်။ ပြီးတော့ မမစာတွေ ပြန်ရေးတာ ဝမ်းသာလိုက်တာ...

sosegado said...

ကိုညက စက်ရုပ်မဖြစ်ခင် လူတွေအကြောင်း နည်းနည်းသိသွားတာကိုး၊

ဖိုးကြယ် said...

အင်း....သိန်းတစ်ထောင်တော့ သိန်းတစ်ထောင်ပေါ့...တစ်လပဲကြာတယ်ဆိုတော့ သဘာဝပါပဲ....လေးလေးပင်ပင်နဲ့ကို ထွက်သွားရမှာ သေခြာတယ်.....

ခင်တဲ့(ဖိုးကြယ်)

Anonymous said...

အိစံသိတာတော့ သူရဲကောင်းဒေါ်ညပါး))

ဘော်ဘော် said...

ကွှန်တော်က ဦးညရဲ့ သူငယ်ချင်းပါ။ အရင်ထဲက ပြောမနာဆိုမနာ ကော်ဖီသောက်နေကြပါ။ အခုလို စက်ရုပ်ဖြစ်သွားတာ ဂုဏ်ယူပါတယ်။ လောလောဆယ် ငွေ သိန်း ငါးဆယ်သာ ချေးပါခင်ဗျ.. အဟီး..

လသာည said...

All of my friends, thank you for your comments.

သဒ္ဓါလှိုင်း said...

မလသာ
မဖတ်ရတာကြာတဲ့လက်ရာလေးကို ဖတ်ရလို့
ဝမ်းသာမိတယ်။ သဒ္ဓါလည်း သတိရနေပါတယ်။
ရတဲ့အချိန်လေးမှာ စာလေးတွေဖတ်ဖို့ မျှော်နေမယ်နော်။။။
ချစ်တဲ့
သဒ္ဓါ

Myanmar Good Knowledg Co., Ltd said...

ဟားဟား ရီရတယ်ဗျို့
လူသားနိုင်ငံ
အာဠာဝက ခန်းမ
လူသားစက်ရုပ်။ ။


စကားမစပ် သတိရနေတယ်။
ကိုကို့နားမှာနေတော့ ကိုကို ပို့စ်တွေရေးတယ်ပေါ့လေ။

ညိမ်းနိုင် said...

အစ်မ....စာပြန်ရေးပြီပေါ့ ဝမ်းသာတယ်ဗျိုး....၊
ဒါနဲ့ ဦးည ကဘယ်သူလဲဗျဟင်...၊အဟာအာဠာဝကခမ်းမ
ကရော...ဘယ်နေပြည်တော်မှာလဲဟင်....:)

အင်္ဂါဟူး said...

ဟင် ........... ဖြစ်မှ ဖြစ်ရလေ..

လူသားစက်ရုပ်အဖြစ် ထွက်သွားလိုက်တာ

စောင့်နေမယ့် သူအပါအ၀င် တစ်လလောက်မှာ မေ့ပစ်လိုက်ကြသတဲ့။

ShwunMi- said...

မမညည.. စက်ရုပ်လေး သနားပါတယ်။
သူ့ကိုယ်သူတော့ လူလို့ ထင်နေမှာပေါ့နော်။

Kyaw Hnin Se Lwin said...

မညရေ
Ohisashiburi^^
:)))

ချော(အစိမ်းရောင်လွင်ပြင်) said...

ယောင်းမ
စိတ်ကူးကောင်းလိုက်တာ

ရေးထားတာဖတ်ပြီး သဘောလည်းကျ ပြုံးလည်းပြုံးရ
ပြီးတော့ အတွေးတစ်ချို့ကို အမိအရ ဆုပ်ကိုင်မိတယ်။ သိပ်တော်တာဘဲ။ ဒါနဲ့ နေကောင်းကျန်းမာ ရှိပါလေစ..

တောက်ပကြယ်စင် said...

မင်္ဂလာပါ လသာရေ အရေးအသား၊ အတွေးအခေါ်အားလုံး သဘောကျမိပါရဲ့။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

ကိုဇော် said...

Nice post.
Great creation.

With sympathy,
Ko Zaw

မြစ်ကျိုးအင်း said...

လူ့သဘာဝတွေကို ချယ်မှုန်းထားတာ ပီပြင်ပါ့။ ကာယကံရှင်ရဲ့ ခံစားချက်ထက် ဘေးက နာမည်ယူမယ့် လူတွေက ပိုအရေးကြီးနေတာ သဘာဝနဲ့တူပါရဲ့။

rose said...

အစ်မလသာညရေ... ၀တ္ထုတိုလေး လာဖတ်ပါတယ်။ သိပ်တော့ နားမလည်ပေမယ့် အရေးအသားကောင်းတဲ့ အစ်မရဲ့ စာလုံးလေးတွေ အကြားမှာ အဆုံးထိ နစ်မျောပြီး ဖတ်သွားတယ်း)

ဟန်ကြည် said...

ဟေး...တော်ပြီ အဲဒီလိုသူရဲကောင်းမျိုးတော့ အဖြစ်မခံဘူး...

Wasser said...

မေ့သွားတာ ကောင်းတာပေါ့။ အမေ့ခံချင်သူ ဆို ပြောပါတယ်။ ဘာတွေမှလဲ မမြဲပါဘူး။ လသာညရယ်။

ပြည်ကောင်းအောင် said...

ဒီဝတ္ထုလေးက ပြောသွားတဲ့ တခုခုကို ရလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီတခုခုက ဘာလဲလို့ ပြန်ပြောပြဖို့ ခက်နေ ပြန်ရော့။ သူရဲကောင်းကြီး ဦးညက ကျနော်တို့ရွာသား ဗျ..း)))

နွေမိုး said...

ဆရာ လသာည -ခင်ဗျား
ကျွန်တော်ဟာ နွေမိုးအမည်နဲ့ အွန်လိုင်းဝက်ဆိုက်များပေါ်မှာ
လေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။
အခု ကျွန်တော်ဟာ အင်တာနက်နဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်ထုတ်ဝေဖို့
စီစဉ်နေပါတယ်။ ထုတ်ဝေနေကျ နည်းပညာစာအုပ်မျိုးမဟုတ်ပါ။
အင်တာနက်ဝက်ဆိုက်များနဲ့ နီးစပ်မှုမရှိ၊ ကျွမ်းဝင်မှုမရှိသေးသူများ
အင်တာနက်ဝက်ဆိုက်များပေါ်က ဖော်ပြချက်များကို သိရှိခံစားနိုင်ဖို့ရည်ရွယ်ပြီး ထုတ်ဝေမယ့်စာအုပ်ဖြစ်ပါတယ်။ စာအုပ်အမည်ကို Paper Websiteလို့ပေးထားပြီး
အမှတ်စဉ်တပ်ပြီး ထုတ်ဝေသွားမှာဖြစ်ပါတယ်။
အဲဒီစာအုပ်လေးထဲမှာ ၀က်ဆိုက်များပေါ်က ကောင်းနိုးရာရာ၊ လူအများဖတ်သင့်တယ်
လို့ယူဆရတဲ့ စာပေများကို ဖော်ပြသွားဖို့ စီစဉ်ထားပါတယ်။
ဘာသာရပ်အလိုက်… ဘာသာရေး၊ ကျန်းမာရေး၊ အလှအပနှင့်ဖက်ရှင်၊ ၀တ္ထုတိုများ၊
ဟာသများ၊ ကဗျာ၊ ကာတွန်း…စသည်ဖြင့် တစ်အုပ်ချင်း စုစည်းထုတ်ဝေမှာဖြစ်ပါတယ်။
လူကြီးမင်းရဲ့ လသာည--၀က်ဆိုက်မှာဖော်ပြထားတဲ့
ကံကောင်းသောစက်ရုပ်-ကို နှစ်သက်တဲ့အတွက်
ကျွန်တော်ထုတ်ဝေမယ့် Paper Websiteစာအုပ်မှာ ထည့်သွင်းအသုံးပြုခွင့်ပေးပါရန်
ပန်ကြားအပ်ပါတယ်။ လောလောဆယ်တွင် စာအုပ်မှ အကျိုးအမြတ်ကို မျှော်လင့်၍မရပဲ
အရှုံးခံထုတ်ဝေရမည်ဖြစ်၍ စာမူခချီးမြှင့်နိုင်မည်မဟုတ်ပါသဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်
တောင်းပန်အပ်ပါသည်။ စာအုပ်လက်ဆောင်ပေးပို့ပေးပါမည်။ စာအုပ်ပို့ပေးနိုင်ရန်
လူကြီးမင်း၏လိပ်စာကို အောက်ပါအီးမေးသို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

nwaytamun@gmail.com

စာအုပ်ပေးပို့ရန် အခက်အခဲရှိတဲ့နေရာဆိုရင် (ဥပမာ) နိုင်ငံခြားမှာနေသူဆိုရင်
စာအုပ်ပီဒီအက်ဖိုင်ကို ပို့ပေးပါမယ်။

နောက် ဆက်လက်ထုတ်ဝေမည့်စာအုပ်များတွင်လည်း
ပုံနှိပ်ဖော်ပြရန်သင့်လျော်သည့် လူကြီးမင်း၏စာမူများကို
မည်သည့်ဝက်ဆိုက်မှဖြစ်စေ အသုံးပြုခွင့်ပေးပါရန်နှင့် အသုံးပြုလိုပါက
ခွင့်ပြုချက် ကြိုတင်တောင်းခံသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ခင်မင်လေးစားစွာဖြင့်-
နွေမိုး

မိုးအိမ့်ဖြူ said...

မတွေ့တာ တော်တော် ကြာပေါ့နော် မကြီး... အခု မှ အဟောင်းတွေကို တခုချင်းဆီ ပြန်လိုက်ကောက်နေရတယ် ဗျာ။