Tuesday, December 15, 2009

လူကြီးမဖြစ်ချင်ဘူး

တခါက လူကြီးတစ်ယောက်က တံတားလေးဘေးမှာ ထိုင်နေတုန်း ကလေးတစ်ယောက် ငိုနေတာကို တွေ့တော့ မေးတယ်။
လူကြီး ။ ။ ဘာလို့ ငိုတာလဲ ကလေးရယ်...
ကလေး။ ။ အဟင့်ဟင့် ငိုချင်လို့ ငိုတာ...

လူကြီး။ ။ ကလေးရယ် ငိုချင်တာ အကြောင်းရှိရမယ်လေကွာ။ ဗိုက်ဆာလို့လား..၊ ကစားချင်တာ မကစားရလို့လား၊ ဒါမှမဟုတ် ကလေးမိဘတွေက ဆူလို့လား၊ တစ်ခုခုလေကွာ..။

ကလေး။ ။ မသိဘူး..။ အခုငိုချင်လို့ ငိုတာ..။
လူကြီး။ ။ ကောင်းတယ်၊ ငိုချင်ရင် ငိုသာချလိုက်..။

ထိုနောက် လူကြီးက ဘာမှ ဆက်မပြောပဲ တစ်ခုခုကို တွေးနေသလို ငြိမ်သွားတယ်။ ကလေးက လူကြီးကို သေချာကြည့်ပြီး ပြန်မေးတယ်။

“ ဦးဦးကကော မငိုဘူးလား..”
လူကြီး။ ။ ဘာလို့ ငိုရမှာလဲ..

ကလေး။ ။ ဦးက ငိုချင်နေတာမဟုတ်လား။ သားလိုပဲ ငိုလေ။
လူကြီး ။ ။ ...................................

ကလေး။ ။ လူကြီးဆိုရင် မငိုရဘူးလား...။
လူကြီး ။ ။ ................................

ကလေး။ ။ လူကြီးဆိုရင် ငိုစရာမရှိဘူးလား..။
လူကြီး။ ။ ရှိတာပေါ့ ကလေးရယ်...။ အများကြီး.....ပေါ့။

ဒီတခါ ငြိမ်သွားသူက ကလေးလေးပါ..။ ခဏနေတော့ ကလေးက ဆက်ပြောတယ်။
“ ဒါဆို သား... လူကြီး မဖြစ်ချင်ဘူး....”

ဒီစကားကြားတော့ လူကြီးက တဖက်လှည့်ပြီး အလျင်အမြန် မျက်တောင်ခတ်လိုက်ပါတယ်။ ဒါပေမယ့် မရပါဘူး။ မျက်ရည်တွေက စီးကျသွားတယ်...။ လူကြီးက မျက်ရည်ကို ကလေးမမြင်အောင် သုတ်လိုက်ရင်း. လူကြီးဆန်ဆန် မျက်နှာပေးနဲ့ ပြောလိုက်တယ်...........
“ဟုတ်တယ်..။ ငါလည်း လူကြီး မဖြစ်ချင်ဘူးကွ..” တဲ့..။
.....................................................
လသာည ပါ (*^0^*)

Saturday, December 12, 2009

ရေစုန်နဲ့ ရေဆန်

ရေစုန်
သမီးငယ်ရေ... အခုချိန်မှာ အဝေးတနေရာကို ခွဲထားရတဲ့ မေမေ့ သမီးလေး နေကောင်းရဲ့လားကွယ်။ မေမေ... အချိန်တိုင်း သတိရနေပါတယ် သမီးငယ်။

မိုးရာသီရဲ့ တခုသောနေ့တနေ့မှာ မေမေ့ဆီ သမီးရောက်လာခဲ့တယ်..။ သမီးအလာကို ရင်ခုန်စွာ စောင့်ကြိုနေခဲ့တဲ့ အဲဒီနေ့ကလေ.. သေးငယ်တဲ့ မျက်နှာဝိုင်းဝိုင်းလေးနဲ့ ခြေထောက်လေး၊ လက်လေးတွေပိုင်ရှင်က မေ့မေ့သမီးပါလားဆိုတာကို ပထမဆုံးသိသိချင်း အံသြမိတယ်၊ နောက် ရင်တွေက တအားခုန်လာပြီး အနားကမခွာနိုင်အောင် သမီးကို တချိန်လုံး ကြည့်နေခဲ့မိတယ်....။ သမီး မေ့မေဆီကို ရွေးချယ်ခဲ့ပြီး မေ့မေ့သမီးဖြစ်ခဲ့တဲ့အတွက် သမီးကို မေမေ ကျေးဇူးတင်မိတယ်။

သမီးငယ်..မေမေကလေ အရင်က စိတ်အားငယ်တတ်သူဖြစ်ခဲ့တယ်..။ ဒါပေမဲ့ သမီး မေမေ့ဆီရောက်လာပြီးနောက်ပိုင်း မေမေ စိတ်ဓါတ်ကြံခိုင်သူဖြစ်လာခဲ့တယ်။ တခါက မိုးရွာသီတနေ့မှာ သမီးဖျားတယ်။ မေမေတို့က ဆေးခန်းနဲ့ဝေးတဲ့ နေရာတစ်ခုကို ရောက်နေချိန်ဖြစ်လို့ သမီးငိုသံကိုနားထောင်ရင်း ဆေးခန်းကို ပြေးဖို့ ဆောက်တည်ရာမရဖြစ်ခဲ့ရတယ်။ နောက်ဆုံးမှာ မေမေဆုံးဖြတ်ချက်ချပြီး သမီးကို မိုးကာအကျီင်္လေးခြုံပေးပြီး အိမ်ကအတူနေ ကောင်မလေးကို ချီခိုင်းပြီး သမီးတို့နှစ်ယောက်ကိုတင်လို့ ဆိုင်ကယ်ကို စီးခဲ့တယ်။ တကယ်ဆို ဆိုင်ကယ်စီးသင်တာ ၂ ရက်ထဲပဲ ရှိသေးတဲ့ မေမေဟာ လမ်းတစ်လျောက် ဖြောင့်ဖြောင့်တန်းတန်း စီးနိုင်ဖို့ မနည်းကို ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့လည်း တစ်ခုခုဖြစ်ရင် မေမေကိုယ်တိုင်ထက် သမီးကို ထိခိုက်မှာစိုးတဲ့စိတ်က ဆိုင်ကယ်လက်ကိုင်ကို ထိန်းပေးသွားသလိုပဲ....။ အဲဒီနေ့က ဆေးခန်းကို ချောမောစွာ ရောက်ရှိခဲ့တယ်။ မိုးရေထဲမှာ ပြန်လာခဲ့ရင်း သမီးမျက်နှာလေးကို ကြည့်လို့ ၀မ်းသာ မျက်ရည်ကျခဲ့တယ.်...

သမီးငယ်...တကယ်ဆို မေမေက မေတ္တာကို သိပ်အယုံအကြည်မရှိသူဖြစ်ခဲ့တယ်။ ကိုယ့်ကိုအမြဲလိုအပ်သူဟာ မရှိနိုင်ဘူးရယ်လို့ တွေးမိတယ်။ ဒါပေမဲ့.. အဲဒီအတွေးကို သမီးက ပြောင်းလဲစေခဲ့တယ်..။ အရေးကြီး အလုပ်ကိစ္စတစ်ခုနဲ့ မေမေက တနေရာကို သွားရတုန်းကပေါ့.. သမီးကို စိတ်ပူပြီး မေမေအမြန်ပြန်လာခဲ့တယ်။ ပြန်ရောက်တော့ သမီးလေးက ငိုထားတာ မျက်နှာလေးကို ရဲလို့..။ ဘယ်သူချော့ချော့ အငိုမတိတ်တဲ့ သမီးက မေမေရင်ခွင်ထဲရောက်တော့ ရှိုက်သံတစ်ချက်ပြုလို့ တိတ်သွားခဲ့တယ်..။ စကားမပြောတတ်သေးတဲ့ မျက်လုံးလေးတွေကလည်း “မေမေ သမီးကိုထားပြီး ဘယ်ကိုမှ မသွားပါနဲ့”လို့ ပြောနေသလို ခံစားရပြီး မေမေ တညလုံး မျက်ရည်ကျခဲ့မိတယ် သမီးငယ်...။ အဲဒီနေ့က “ငါ့ကို အမြဲလိုအပ်သူ ရှိနေပါလား”လို့ မေမေ ပျော်ခဲ့မိတယ်....။ မေမေ့ကို လိုအပ်သူတစ်ယောက်၊ တန်ဖိုးရှိတစ်ယောက်အဖြစ် သတ်မှတ်ပေးလို့ သမီးကို ကျေးဇူးတင်ပါတယ်...

သမီးငယ်.. မေမေဟာ တကယ်တော့ အထီးကျန်ခံစားမှုကို ခံစားလွယ်သူဖြစ်ခဲ့တယ်။ တစ်ခုခုဆိုရင် ၀မ်းနည်းလွယ်တယ်..။ ဒါပေမဲ့လည်း ကိုယ်ဘာသာတစ်ယောက်တည်း ကျိတ်ဖြစ်နေတဲ့ အထီးကျန်ခံစားမှုကို ဖြေဖျောက်ဖို့အတွက် မေမေက စာအုပ်တွေကိုပဲ အဖော်ပြုခဲ့တယ်..။ သမီး မေမေ့ဘ၀ထဲကို ၀င်ရောက်လာပြီး နောက်ပိုင်းမှာတော့ သမီးရဲ့ ရယ်မောသံလေးတွေ၊ ချွဲနွဲ့သံလေးတွေက စာအုပ်တွေအစား မေမေ့ရဲ့ အထီးကျန်ခံစားတတ်မှုကို ပျောက်ကင်းစေခဲ့တယ်..။ သမီးရယ် ကျေးဇူးတင်ပါတယ်ကွယ်..

သမီးငယ်.. တကယ်ဆို မေမေက ပင်ပန်းမှုဒဏ်ကို အလွယ်တကူအလျော့ပေးတတ်သူပါ..။ ဒါပေမဲ့ အခု သမီးအတွက် မေမေကြိုးစားနေတယ် သမီးရယ်...။ ပင်ပန်းတယ်..ပင်ပန်းတယ်လို့ အော်ညည်းချင်ပေမဲ့ အားလျော့ချင်ပေမဲ့ မညည်းဖြစ်အောင် မေမေကြိုးစားခဲ့တယ်။ မေမေပင်ပန်းသမျှဟာ သမီးအတွက် ပန်းမွေ့ယာတစ်ခုဖြစ်မယ်ဆိုရင် မေမေကတော့ ဆက်လက်ကြိုးစားနေဦးမှာပဲ..။အဲဒီလို ကြိုးစားလိုစိတ်တွေကို ဖန်တီးပေးတဲ့ သမီးကို မေမေက ကျေးဇူးတင်ပါတယ်..

ဒါပေမဲ့ သမီးရယ်.. မမြင်ရတဲ့ အနာဂတ်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ သမီးလေး အဆင်ပြေစေဖို့ လက်ရှိအချိန်မှာ သမီးနဲ့ တနေရာစီရောက်နေရတယ်..။ တခြားကလေးတွေ မိသားစုအစုံအလင်နဲ့ သွားလာနေတာကြည့်ပြီး သမီးအားငယ်နေမလား၊ ဒါမှမဟုတ် မေမေ သမီးကိုပစ်ထားတယ်လို့ ငိုပြောမှာလား၊ .. အတွေးနဲ့တင် မေမေရင်နာရပါတယ်။ တကယ်ဆို တနေရာစီ မနေချင်ပါဘူး သမီးရယ်။ သမီးကို အဲလို တနေရာမှာ မထားချင်ပါဘူးကွယ်။။ အနားမှာ မထားနိုင်တဲ့ မေမေ့ကို သမီးခွင့်လွှတ်ပါ..။မေမေက သမီးအတွက် ကြိုးစားနေသူပါ...။ မေမေ အသက်ရှင်သမျှ ကြိုးစားနေသမျှဟာ သမီးအတွက်ပါ။ သမီးငယ်.. မှတ်ထားနော်... မေမေဟာ ဟောဒီလောကကြီးထဲမှာ သမီးကို အချစ်နိုင်ဆုံး တစ်ဦးတည်းသော မေမေလို့ ...
ချစ်တဲ့
သမီးရဲ့ မေမေ
..............................................................................................................

ရေဆန်
မေမေ.. သမီး ဒီအသက်အရွယ်အထိ မေမေက ပင်ပန်းစွာ ပြုစုစောက်ရှောက်ပေးခဲ့တယ်..။ သမီးကို အများနည်းတူ တန်းတူထားနိုင်အောင် မေမေက ဂရုစိုက်ခဲ့တယ်။ မေမေကို.. ကျေးဇူးတင်ပါတယ်..။

မေမေရယ်..
သမီးက မေမေနဲ့ တူတယ်၊ မေမေ့လိုပဲ မျက်ရည်လွယ်တတ်သူလေ။ မငိုပါနဲ့ မေမေရယ် အနားမှာ သမီးရှိနေမှာပါ၊ သမီးကို အားငယ်ပြီး အထီးကျန်နေမှာစိုးရိမ်ပြီး မေမေက ငိုနေခဲ့တာ သမီးသိနေပါတယ်။ မေမေရှိနေတာ သမီးအားမငယ်ပါဘူး၊ မကြောက်တတ်ပါဘူး မေမေရယ်.။ မေမေကို.. ကျေးဇူးတင်ပါတယ်..။

ငိုရတဲ့အချိန်ပဲဖြစ်ဖြစ်၊ ရယ်နေတဲ့အချိန်ပဲဖြစ်ဖြစ် ၊ မေမေ့ကို စိတ်ကောက်တဲ့အချိန်ပဲ၊ မေမေကဆူတဲ့အချိန်ပဲ ဖြစ်ဖြစ် အားလုံးဟာ သမီးအတွက် တန်ဖိုးရှိတဲ့ဘ၀တွေပါ။ မေမေကို.. ကျေးဇူးတင်ပါတယ်..။ ပင်ပန်းနေတဲ့ အချိန်တိုင်း မေမေက သမီးကို ဖက်လို့ အားယူနေခဲ့တာ၊ ပြီးတော့ သမီးကို အားပေးနေခဲ့တာ သမီးသိတာပေါ့..။ မေမေကို သမီးက ရင်ထဲကနေ ကျေးဇူးတင်ပါတယ်..။

တဇွတ်ထိုးလုပ်တတ်သူသမီးက ဘာအလုပ်ကိုပဲ ဇွတ်လုပ်လုပ် မေမေက “သမီးလုပ်ချင်တာကို လုပ်၊ နားချင်တဲ့အချိန်နားလိုက် သမီး”လို့ ပြောပြီး နောက်ကနေ တွန်းကန်အားပေးနေတဲ့ မေမေ့ကျေးဇူးကို သမီးအမြဲ သတိရနေပါတယ်။ မေမေကို.. ကျေးဇူးတင်ပါတယ်..။ အမြဲတမ်း အားငယ်တတ်၊ ကြောက်တတ်၊ စိတ်ပျော့တဲ့ သမီးကို အမြဲချစ်နေတဲ့ မေမေ့ကို သမီးကျေးဇူးတင်ပါတယ်။ ကြီးမားတဲ့ မေတ္တာရှင်မေမေကို သမီးအမြဲလိုအပ်နေပါတယ် မေမေ..။

ရှေ့ဆက်ပြီး တွေ့ရမယ့် အတားအဆီးတံတိုင်းတွေကို သမီး မကြောက်တော့ဘူး။ အရှုံးလည်း မပေးဘူး။ မေမေဆွဲခဲ့တဲ့ အိပ်မက်တွေအတိုင်း ဖြစ်တဲ့အထိ သမီးကကြိုးစားမှာပါ..။ တွေရဆုံရ၊ ဖြစ်ရပျက်ရသမျှတွေကိုလည်း အားအင်အဖြစ်ယူလို့ ရင့်ကျက်တဲ့ လူကြီးတစ်ယောက်ဖြစ်အောင် သမီးကကြိုးစားမှာပါ။ လောကကြီးကို ရင်ဆိုင်နည်းတွေကို မေမေက သင်ပေးထားတယ်လေ..။ သမီးက တစ်ယောက်တည်း မဟုတ်ပါဘူး။ မေမေရှိနေတာပဲ သမီး အားမငယ်တော့ပါဘူး မေမေ...နော်..မေမေ။ မေမေရယ် မငိုပါနဲ့တော့..။

နေ့စဉ်ဘ၀တွေကို အရေးကြီးဆုံးအရာတွေကို ရှာဖွေရင်း ဖြတ်ကျော်ပါ့မယ်။ မေမေ မငိုပါနဲ့တော့..။ မေမေနားမှာ သမီးအမြဲနေပေးနိုင်အောင် ကြိုးစားမှာပါ...။ မေမေဟာ သမီးအတွက် ဘုရားကပေးတဲ့ အဖိုးတန်ဆုံး ဆုပါ..။ မေမေ သမီးရင်ထဲက စကား မေမေကြားပါစေ..။
မေမေ... ကျေးဇူးတင်ပါတယ် မေမေ.....ကျေးဇူးတင်ပါတယ်မေမေ...............................
မေမေရဲ့ သမီး
.................................................................................................................

လသာည.......ဖြစ်ပါတယ်/

မှတ်ချက်။ အရမ်းကြိုက်ပြီး ခဏခဏနားထောင်ဖြစ်နေတဲ့ သီချင်းနှစ်ပုဒ်( kimi no mama yori)နဲ့ (mama e)ကို မျှဝေချင်ခဲ့တာ ကြာပြီ။ ရေးလိုက်တိုင်း ကိုယ်ကအရင် မျက်ရည်ကျနေတာမို့၊ တ၀က်တပျက် ဖြစ်နေခဲ့တယ်။ ဒီနေ့တော့ ဒီပိုစ်ကို အဆုံးသတ်ရင်း မေမေ့ကို လွမ်းနေသူများ၊ မေမေအဖြစ်ရှိနေသူများအတွက် မေတ္တာဘွဲ သီချင်းလေးနှစ်ပုဒ်ကို မျှဝေပေးလိုက်ပါတယ်။ အားလုံး မေတ္တာရိပ်မှာ နွေးထွေးလုံခြုံကြပါစေ.....

Thursday, December 10, 2009

ဝေဖန်တော့မယ်ဆိုရင်

ဂျပန်မူလတန်းကျောင်းလေးသို့ စိတ်ပညာကျောင်းသားများ လေ့လာရေးသွားတုန်းကပေါ့။ အတန်းတစ်တန်းကို ၀င်လေ့လာတဲ့ အချိန်လေးမှာ ဆရာမက ခုံတန်းဘေးက ဖြတ်လျှောက်ရင်း ကလေးတွေရဲ့ သချာင်္အဖြေတွေ မှန်မမှန်စစ်ဆေးနေခဲ့တယ်။ အဲဒီမှာ နောက်ဆုံးတန်းက ကလေးလေး နှစ်ယောက်နားရောက်လာတယ်။ ပထမတစ်ယောက်ကို ဆရာမက မေးလိုက်တယ်..

“သား အဖြေ ဘယ်လောက်ရလဲ”
“၃၀၀ ပါ ဆရာမ”
“အိုး တော်လိုက်တာ။ အရမ်းတော်တာပဲ...။ အဖြေမှန်ရအောင် တွက်ထားတာပဲ”

ပြီးတော့ နောက်တစ်ယောက်နားကို သွားပြီး ဆက်မေးတယ်...
“အဖြေ ဘယ်လောက်ရလဲ”
“ ၃၀၀ ပါ ဆရာမ”
“ဟုတ်တယ်။ အဖြေမှန်တယ်”
ဆရာမက အဲဒါပဲ ဖြေပြီး တခြားခုံနားကို ထွက်သွားတယ်။

ဟင်.. လေ့လာရေးကျောင်းသားများ စိတ်ထဲမှာ တစ်စုံတစ်ခုကို ဘ၀င်မကျဖြစ်သွားတယ်။ အဖြေချင်းအတူတူ တစ်ယောက်ကိုတော့ အရမ်းတော်တယ်လို့ ချီးကျူးပြီး အခြားတစ်ယောက်ကိုတော့ ပုံမှန်ပဲ ပြောသွားတဲ့အတွက်ပါ။

ဒီနောက် ဆက်လက်လေ့လာနေစဉ်မှာပဲ ဆရာမက နောက်ထပ် ပုစ္ဆာတစ်ပုဒ်ကို ထပ်ပေးပါတယ်။ ကလေးအားလုံး တွက်ပြီးချိန်လောက်မှာ ဆရာမက အဖြေစစ်ဖို့ ခုံတန်းလိုက် လမ်းလျှောက်ကြည့်ပါတယ်။ နောက်ဆုံးခုံနားကို ရောက်တော့ အခုနကလိုပဲ ဆရာမက မေးပါတယ်..။
“အဖြေ ဘယ်လောက်ရလဲကွယ်”
“၄၅ ပါဆရာမ”
“ဟုတ်လား... အင်း.. အဲဒါ မှားနေတယ်။ ၄၅က အဖြေမှန်မဟုတ်ဘူးနော် ”

နောက် ဘေးနားက ကလေးကို ဆက်မေးပါတယ်.. “အဖြေဘယ်လောက်လဲကွယ်”
“၃၂ ပါဆရာမ”
“မှားတယ်၊ ဘာလို့ သေချာမတွက်တာလဲ..။ ဘာဖြစ်လို့ ပေါ့ပေါ့ရွှတ်ရွှတ်လုပ်နေတာလဲ”

ဒီတခါတော့ လေ့လာရေးကျောင်းသားတွေရဲ့ အတွေးက ပိုသေချာသွားသလိုခံစားနေကြတယ်။ “ဆရာမဟာ ကလေးအတူတူ မျက်နှာလိုက်တတ်တယ်၊ မှန်သူအချင်းချင်း ခွဲခြားပြီး ချီးကျူးတတ်တယ်။ အဖြေမှားသူချင်းကို တစ်ယောက်ကို မဆူပဲ အခြားတစ်ယောက်ကိုပဲ ဆူပူပြစ်တင်နေခဲ့တယ်။ ဒီဆရာမဟာ ကလေးတွေရဲ့စိတ်ကို နားမလည်သူ၊ ကျောင်းဆရာမမဖြစ်သင့်သူ.”.လို့ သုံးသပ်လိုက်ပါတယ်။

ဒီလိုနဲ့ နေ့လည်ထမင်းစားဆင်းချိန်ကျတော့ လေ့လာရေးကျောင်းသားတွေလည်း ပါမောက္ခနဲ့ ပြန်ဆုံပြီး မနက်ဖက် လေ့လာ တွေရှိချက်တွေကို ဆွေးနွေးကြတယ်။ သေချာတာပေါ့.. မျက်နှာလိုက်တဲ့ ဆရာမအကြောင်းလည်းပါတယ်။ ဆရာမ့အကြောင်းကို ကြားတော့ ပါမောက္ခဆရာကြီးက ဘာမှမဝေဖန်ပဲ ပြုံးနေခဲ့တယ်။

ဒီလိုနဲ့ နေလည်အတန်းပြန်တက်ချိန်ကျတော့ ဆရာကြီးပါ လေ့လာရေးကျောင်းသားတွေနဲ့အတူ မျက်နှာလိုက်တဲ့ဆရာမ သင်ခဲ့တဲ့အတန်းကို လိုက်လာပါတယ်။ နေ့လည်ချိန်ဆရာမ စာမသင်ခင် ခဏခွင့်တောင်းပြီး နောက်ဆုံးက ကျောင်းသားနှစ်ဦးအနက် ချီးကျူးခံသင့်လျက် ချီးကျူးမခံရသူ၊ မှားတဲ့အခါ ပြစ်တင်ခံရသူ ကလေးငယ်ကို အပြင်ကို ခဏခေါ်ပြီး ဒီလိုမေးပါတယ်။

“သားကို ဆရာမက ဒီနေ့ဆူတယ်ဆို၊ ဟုတ်လား ဘာဖြစ်လို့လဲကွ”
ကလေးက ရယ်ပြီးတော့ “ဒီနေ့ သချာင်္တွက်တာ မှားလို့ပါ ခင်ဗျာ”
“ဟေ.. မှားတာနဲ့ ဆူရသလား၊ မင်းဘေးက သူငယ်ချင်းကိုကျတော့ ဆရာမက မဆူဘူးဆို”
“ဟုတ်ကဲ့..၊ သားက သချာင်္အမှတ်ပြည့်ရနေကျသူဆိုတော့ ဒီနေ့မမှားသင့်ပဲ မှားလို့ ဆရာမက ဆူတာပါ၊ သူကတော့ သချာင်္မတော်ဘူး။ အမြဲမှားနေကျမိုလို့ ဆရာမက ဆူလည်း မောရုံပဲ ရှိမှာမိုလို့ မဆူတာပါ”

ပါမောက္ခဆရာကြီးက သဘောကျစွာ ပြုံးလိုက်ပြီးတော့ ဆက်မေးတယ်..
“ဒါနဲ့ ပုစ္ဆာအဖြေမှန်တော့လည်း သားကို ဆရာမက မချီးကျူးဘူးဆို၊ ဆရာမက မျက်နှာလိုက်တတ်တယ်ထင်တယ်”
“မဟုတ်ပါဘူး ခင်ဗျ။ အဲဒီပုစ္ဆာက လွယ်ပါတယ်။ အမြဲမှန်နေကျ ကျွန်တော့်အတွက် မထူးဆန်းပါဘူးခင်ဗျ။ ကျွန်တော့်ဘေးက သချာင်္မတော်တဲ့သူငယ်ချင်းကတော့ အဲဒီပုစ္ဆာကို ဒီနေ့ မှန်အောင်တွက်နိုင်လို့ ဆရာမက ချီးကျူးတာပါခင်ဗျ..။

ကလေးငယ်စကားအဆုံးမှာ ဆရာကြီးနဲ့တကွ လေ့လာရေးကျောင်းသားများအားလုံး လက်ခုပ်တီးလိုက်ကြပါတယ်..။ “ကလေး မင်း အရမ်းတော်တာပဲ”လို့လည်း ပြောလိုက်ကြတယ်။

လေ့လာရေးခရီးရဲ့ အပြန်လမ်းမှာ ဆရာကြီးက ဒီလိုပြောပါတယ်။

“ဒီနေ့လေ့လာရေးကနေပြီး သင်္ခန်းစာတစ်ခု ရသွားပြီလို့ ယုံကြည်ပါတယ်။ တကယ်တော့ အနေအထားတစ်ခုကို ဝေဖန်တော့မယ်ဆိုရင် အကြောင်းရင်းကို အရင်ရှာသင့်တယ်။ အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်သမျှဟာ အဖြေမှန်မဖြစ်နိုင်ဘူး..။ အခုနက ကလေးလေးဟာ သူနေ့စဉ်ကြုံနေကျ အခြေအနေကို အမှန်အတိုင်း သိရှိနေသူဖြစ်လို့ ဆရာမအပေါ်မှာ ဘယ်လိုမှမတွေးဘူး။ တကယ်လို့များ မင်းတို့က အပေါ်ယံကြည့်ပြီး “ဆရာမ မျက်နှာလိုက်တယ်”လို့ ယူဆတဲ့အတွက် အဲဒီအတိုင်း ကလေးကို သွားပြောရင် တကြိမ်မှာ ဘယ်လိုမှ မတွေးနိုင်ပေမဲ့ အကြိမ်များလာရင် သူ့ရဲ့ဖြူစင်တဲ့ မှန်ကန်တဲ့အတွေးကို အရောင်ဆိုးသလို ဖြစ်သွားနိုင်တယ်။ ဆရာမအပေါ်အမြင်မှားသွားနိုင်သလို ပတ်ဝန်းကျင်ကိုလည်း သံသယတွေပွားသွားနိုင်တယ်..။

ဒါကြောင့် သူများမိသားစုတစ်ခုက မောင်နှမတွေအကြောင်းပဲဖြစ်ဖြစ်၊ အဖွဲအစည်းတစ်ခုကိုပဲ ဖြစ်ဖြစ်၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ဖြစ် ဘေးကကြည့်ပြီး ဝေဖန်ခါနီးတိုင်း အတွင်းကျကျ မသိပဲနဲ့ အပေါ်ယံအမြင်နဲ့ မဆုံးဖြတ်မိပါစေနဲ့..။ တကယ်လို့များ ဆုံးဖြတ်ခဲ့မိရင်.. .........................................
.........................................................................................................................................။
လသာည... ဖြစ်ပါတယ်..။

လေ့လာရေးသွားစဉ်က ပါမောက္ခရဲ့စကားလေးများဖြစ်ပါတယ်။

Sunday, December 6, 2009

ကျွန်မကြိုက်တဲ့ ငါးပုံပြင်လေး

အခုရက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ အလုပ်တွေရှုပ်နေမိတယ်။ ဒါနဲ့ပိုစ်လည်း အသစ်မတင်ဖြစ်၊ သွားနေကျ နေရာလေးတွေလည်း အလည်မသွားဖြစ်ခဲ့ပါဘူး။ တချို့ အိမ်လေးတွေမှာ အသစ်တင်တာတွေ တွေ့ပေမယ့် နောက်ရက်မှပဲ စုဖတ်မယ်လို့ ဆုံးဖြတ်ပြီး မျက်လုံးမှိတ်အောင့်အီးနေခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့တော့ တနေရာမှာ ငါးပုံပြင်ဆိုတာလေးကို တွေ့လိုက်တော့ ပုံပြင်ဆိုရင် အသည်းအသန်ကြိုက်တတ်တဲ့ ကျွန်မက ဦးဦးဖျားဖျား သွားဖတ်ဖြစ်ပါတယ်။ ဒီပုံပြင်လေးကိုဖတ်ပြီး ထိထိခိုက်ခိုက် ခံစားမိသွားတယ်။ ပုံပြင်လေးက မျက်ရည်ကျအောင် ကောင်းလွန်းနေပါတယ်။ ဒါနဲ့  အကြိုက်တူသူငယ်ချင်းလေးတွေကို မျှဝေမိချင်ပြန်တာမို့ ကူးယူမျှဝေလိုက်တာပါ။ သူရဲ့အရေးအသားလေးများကို ကြိုက်လို့ copy-paste လုပ်ပြီးတင်ပြတာသာဖြစ်ပါတယ်။ ခံစားကြည့်လိုက်ပါဦးနော်။
.......................................................................
ငါးပုံပြင်
သံသရာတစ်ကွေ့မှာ ကလေးလေးနဲ့ ငါးဟာ မရည်ရွယ်ဘဲ ကြုံဆုံမိကြတာ။ ကစားစရာအသစ်ရသွားတဲ့ ကလေးလေးဟာ အထပ်ထပ်တေးဆိုပြီး ငါးကို မှန်အိမ်ထဲထည့်တယ်။ ငါးကလေးဟာ ဒီသီချင်းဟာ သူ့အတွက်ပဲ ရည်စူးတယ်လို့ ထင်နေသတဲ့။ ကလေးလေးက စကားလာပြောတိုင်း သူ့ကို အရေးတယူရှိရှာတယ်လို့ ကြည်နူးရှာတယ်။ ချောင်ထဲက ငါးမို့ ဝန်းကျင်မှာ ငါးလှလှလေးတွေ အလှမွေးထားမှန်းလည်း မသိရှာပါဘူး။

ဒီရယ်စရာဇာတ်လမ်းဟာ ကလေးလေးက ငါးကို စွန့်အပြီးမှာ ဖြစ်ရပ်မှန်ကြေကွဲခြင်းနဲ့ ထိပ်တိုက်တိုးပြီလေ။ ကလေးလေးက ပြောသေးတယ်။ “ မင်းကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ ပျော်သလိုနေပေတော့ ... ” တဲ့။ ငါးမှာ နားမရှိပါဘူး။ ဒါပေမယ့် သူကြားခဲ့တယ်။ပြီးတော့ သူမယုံဘူးတဲ့လေ။
သူ ကို မစွန့်ပါနဲ့လို့။ သွေးရူးသွေးတန်းတောင်းပန်ရှာတယ်။

ချောင်လေးထဲမှာပဲ အေးအေးဆေးဆေးသူနေပါ့မယ်။ ကလေးလေး တစ်ခြားငါးတွေကို ကြည်နူးခွန်းဆိုနေချိန်မှာလည်း ငြိမ်ငြိမ်လေးမလှုပ်ရှားပါဘူးလို့ အခွန်းထပ်ဆိုပေမယ့် ကလေးလေးက ငြီးငွေ့သွားပြီ။ မမြင်ချင်တော့ဘူးတဲ့လေ။

ဒီလိုနဲ့ ရင်ကွဲနာကျသွားတဲ့ ငါးဟာ အသေလို မြစ်ထဲမျောတယ်။မလှုပ်မရှက်တိတ်တိတ်လေးငိုတယ်။ ကလေးလေးကို မြင်ရနိုး သေဘေးကို မကြောက်ဘဲ မြစ်ဦးမှာ စောင့်တယ်။ ဒါပေမယ့် ပျော်စရာတွေ များပိုင်တဲ့ ကလေးလေးဟာ မြစ်ကမ်းကို ခြေဦးမလှည့်တော့ဘူးရယ်။

နောက်ဆုံးမှာ ပြင်းဟုန်ရှနေတဲ့ အပူကို ပျောက်လိမ့်နိုးနဲ့ ငါးဟာ မြစ်ဖျားပေါ်တက်လာတယ်။ ကြောက်ရွံတတ်လွန်းပေမယ့် ကလေးလေးအရိပ်ကို မြင်ချင်ဇောနဲ့ သေလုအောင် နာလိမ့်မယ်ဆိုတာ သိလည်း မကြောက်မရွံအမြင့်ကြီးပျံတက်လို့ ကုန်းပေါ်ရောက်ဖို့ ကြိုးစားတယ်။

ပထမ သူ့အရေပြားတွေ ပွန်းပေါက်ပြဲတယ်။ နာလွန်းလို့ တစ်ဆတ်ဆတ်တုန်နေတဲ့ ငါးဟာ မြစ်ထဲ ပြန်ပြုတ်ကျသွားတယ်။ ဒါပေမယ့် ကလေးလေးအရိပ်ကြောင့် နောက်တစ်ခေါက်ကြိုးစားမိပြန်တဲ့အခါ သူ့အသားတွေ ပေါက်ရှကုန်တယ်။ ဒီလိုနဲ့ မေ့မျောရင်း ရေထဲ ပြန်ရောက်သွားတယ်။

ဟုတ်ပါတယ်။ မယုံနိုင်ဖွယ်ပါ။ ကလေးလေးအပြုံးကလွဲလို့ ကျန်တဲ့အရာကို အမှတ်မရှိတဲ့ ငါးရယ်လေ။ နိဂုံးမှာတော့ သူ့အရိုးတွေ ကြေကာ သွေးတွေ အန်ထွက်တယ်။ ကလေးလေး အရိပ်ကိုလည်း မမြင်ရလိုက်ပါပဲ သေငင်ဇောမှာ ဘာဆုမှလည်း မတောင်းနိုင်ခင် အသက်ပျောက်ရှာလေတာ။

လူတွေကြားတော့ ရယ်ကြတယ်လေ။ ကလေးလေးကလည်း လူတွေရယ်သလို လိုက်ရယ်တယ်။ ဒီလောက်ဥာဏ်နည်းလှတဲ့ ငါး သေတာတောင် နည်းသေးဆိုပဲ။ပြီးတော့ မျက်လုံးပွင့်လျက် သေနေတဲ့ငါးကို ဝမ်းသာအားရ ရင်ခွဲကြလေရဲ့။
အဲဒီမှာ ငါးရဲ့ရင်ထဲက ရွှေရောင်ဝင်းလက်နေတဲ့ အရာလေးကို တွေ့ရှိသွားခဲ့တာ။

အမြုတေဆိုပဲ။
အလုအယက်ယူကြ။ လုယက်ကြ။
နောက်ဆုံးမှာ သူတို့ဟာ အမြုတေစစ်မစစ် စမ်းသပ်ကြတယ်။

အမြုတေလေးကို ဓားနဲ့ခုတ်တယ်။ မလွဲပါဘူး။ နာလွန်းလို့ အမြုလေးက ကလေးလေးကို တပြီး ညဉ်းရှာတယ်။သေနတ်နဲ့ပစ်တယ်။ ဗဟိုမှတ်ကို တည့်တည့်ထိပါတယ်။ ဒါပေမယ့် အမြုတေလေးကတော့ ပဲ့မထွက်သွားပါဘူး။ကြေကွဲလွန်းလို့သာ ကြူကြူပါအောင် အော်ရှာတယ်။

လူတွေဟာ အမြုတေမဟုတ်မှန်း သိသွားလည်း လွှင့်မပစ်ကြဘူး။အံ့သြလွန်းလို့တဲ့။ဓားခုတ်ရာ တစ်ချက်ခံရတိုင်း ဒီကျောက်ခဲလေးကထွက်လာတဲ့ အသံကို ထူးထူးဆန်းဆန်းကြားချင်လွန်းလို့ အခါခါထိုးခုတ်ကြရင်း ကြာလာတော့ ပျင်းစရာကောင်းလှတယ်ဆိုကာ အမြုတေလေးကို ပြတိုက်ဆီ ပို့လိုက်ကြတယ်။

ဒီလိုနဲ့ လာသမျှဧည့်သည်တွေဟာ အမြုတေလေးရဲ့ အသံကို ကြားချင်လွန်းလို့ တဲ့ ကြာပွတ်တံနဲ့ ရိုက်နှက်နေကြ တာ ယနေ့ထက်တိုင်လေ။
တကယ်တော့ အမြုတေလေးရဲ့ ကလေးလေး ကလေးလေး လို့ တမ်းတခေါ်သံကို အဆန်းတကြယ် မရှိသင့်ပါဘူး။
ဒီအမြုတေလေးဟာ မငိုတတ်တဲ့ ငါးတစ်ကောင်ရဲ့ သိုသိုဝှက်ဝှက် မျက်ရည်တွေနဲ့ ဖွဲ့တည်ခဲ့တာရယ်။
..............................................................

လသာည ကူးယူ၍ ထပ်မံတင်ပြပါသည်။
စာရေးသူကတော့ ဒီနေရာလေးက ညီမလေးမယ်ကိုးပါ။ ခွင့်တောင်းရင်း တခါတည်းပဲ ကူးယူတင်ပြမိသွားတယ်။ ညီမလေးရေ ခွင့်လွှတ်ပါ။ အစ်မက ပုံပြင်ကို ကော်ဖီလိုပဲ အရူးအမှုး နှစ်သက်တတ်သူ ကလေးကြီးတစ်ယောက်ဖြစ်နေလို့ပါး)