Sunday, December 6, 2009

ကျွန်မကြိုက်တဲ့ ငါးပုံပြင်လေး

အခုရက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ အလုပ်တွေရှုပ်နေမိတယ်။ ဒါနဲ့ပိုစ်လည်း အသစ်မတင်ဖြစ်၊ သွားနေကျ နေရာလေးတွေလည်း အလည်မသွားဖြစ်ခဲ့ပါဘူး။ တချို့ အိမ်လေးတွေမှာ အသစ်တင်တာတွေ တွေ့ပေမယ့် နောက်ရက်မှပဲ စုဖတ်မယ်လို့ ဆုံးဖြတ်ပြီး မျက်လုံးမှိတ်အောင့်အီးနေခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့တော့ တနေရာမှာ ငါးပုံပြင်ဆိုတာလေးကို တွေ့လိုက်တော့ ပုံပြင်ဆိုရင် အသည်းအသန်ကြိုက်တတ်တဲ့ ကျွန်မက ဦးဦးဖျားဖျား သွားဖတ်ဖြစ်ပါတယ်။ ဒီပုံပြင်လေးကိုဖတ်ပြီး ထိထိခိုက်ခိုက် ခံစားမိသွားတယ်။ ပုံပြင်လေးက မျက်ရည်ကျအောင် ကောင်းလွန်းနေပါတယ်။ ဒါနဲ့  အကြိုက်တူသူငယ်ချင်းလေးတွေကို မျှဝေမိချင်ပြန်တာမို့ ကူးယူမျှဝေလိုက်တာပါ။ သူရဲ့အရေးအသားလေးများကို ကြိုက်လို့ copy-paste လုပ်ပြီးတင်ပြတာသာဖြစ်ပါတယ်။ ခံစားကြည့်လိုက်ပါဦးနော်။
.......................................................................
ငါးပုံပြင်
သံသရာတစ်ကွေ့မှာ ကလေးလေးနဲ့ ငါးဟာ မရည်ရွယ်ဘဲ ကြုံဆုံမိကြတာ။ ကစားစရာအသစ်ရသွားတဲ့ ကလေးလေးဟာ အထပ်ထပ်တေးဆိုပြီး ငါးကို မှန်အိမ်ထဲထည့်တယ်။ ငါးကလေးဟာ ဒီသီချင်းဟာ သူ့အတွက်ပဲ ရည်စူးတယ်လို့ ထင်နေသတဲ့။ ကလေးလေးက စကားလာပြောတိုင်း သူ့ကို အရေးတယူရှိရှာတယ်လို့ ကြည်နူးရှာတယ်။ ချောင်ထဲက ငါးမို့ ဝန်းကျင်မှာ ငါးလှလှလေးတွေ အလှမွေးထားမှန်းလည်း မသိရှာပါဘူး။

ဒီရယ်စရာဇာတ်လမ်းဟာ ကလေးလေးက ငါးကို စွန့်အပြီးမှာ ဖြစ်ရပ်မှန်ကြေကွဲခြင်းနဲ့ ထိပ်တိုက်တိုးပြီလေ။ ကလေးလေးက ပြောသေးတယ်။ “ မင်းကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ ပျော်သလိုနေပေတော့ ... ” တဲ့။ ငါးမှာ နားမရှိပါဘူး။ ဒါပေမယ့် သူကြားခဲ့တယ်။ပြီးတော့ သူမယုံဘူးတဲ့လေ။
သူ ကို မစွန့်ပါနဲ့လို့။ သွေးရူးသွေးတန်းတောင်းပန်ရှာတယ်။

ချောင်လေးထဲမှာပဲ အေးအေးဆေးဆေးသူနေပါ့မယ်။ ကလေးလေး တစ်ခြားငါးတွေကို ကြည်နူးခွန်းဆိုနေချိန်မှာလည်း ငြိမ်ငြိမ်လေးမလှုပ်ရှားပါဘူးလို့ အခွန်းထပ်ဆိုပေမယ့် ကလေးလေးက ငြီးငွေ့သွားပြီ။ မမြင်ချင်တော့ဘူးတဲ့လေ။

ဒီလိုနဲ့ ရင်ကွဲနာကျသွားတဲ့ ငါးဟာ အသေလို မြစ်ထဲမျောတယ်။မလှုပ်မရှက်တိတ်တိတ်လေးငိုတယ်။ ကလေးလေးကို မြင်ရနိုး သေဘေးကို မကြောက်ဘဲ မြစ်ဦးမှာ စောင့်တယ်။ ဒါပေမယ့် ပျော်စရာတွေ များပိုင်တဲ့ ကလေးလေးဟာ မြစ်ကမ်းကို ခြေဦးမလှည့်တော့ဘူးရယ်။

နောက်ဆုံးမှာ ပြင်းဟုန်ရှနေတဲ့ အပူကို ပျောက်လိမ့်နိုးနဲ့ ငါးဟာ မြစ်ဖျားပေါ်တက်လာတယ်။ ကြောက်ရွံတတ်လွန်းပေမယ့် ကလေးလေးအရိပ်ကို မြင်ချင်ဇောနဲ့ သေလုအောင် နာလိမ့်မယ်ဆိုတာ သိလည်း မကြောက်မရွံအမြင့်ကြီးပျံတက်လို့ ကုန်းပေါ်ရောက်ဖို့ ကြိုးစားတယ်။

ပထမ သူ့အရေပြားတွေ ပွန်းပေါက်ပြဲတယ်။ နာလွန်းလို့ တစ်ဆတ်ဆတ်တုန်နေတဲ့ ငါးဟာ မြစ်ထဲ ပြန်ပြုတ်ကျသွားတယ်။ ဒါပေမယ့် ကလေးလေးအရိပ်ကြောင့် နောက်တစ်ခေါက်ကြိုးစားမိပြန်တဲ့အခါ သူ့အသားတွေ ပေါက်ရှကုန်တယ်။ ဒီလိုနဲ့ မေ့မျောရင်း ရေထဲ ပြန်ရောက်သွားတယ်။

ဟုတ်ပါတယ်။ မယုံနိုင်ဖွယ်ပါ။ ကလေးလေးအပြုံးကလွဲလို့ ကျန်တဲ့အရာကို အမှတ်မရှိတဲ့ ငါးရယ်လေ။ နိဂုံးမှာတော့ သူ့အရိုးတွေ ကြေကာ သွေးတွေ အန်ထွက်တယ်။ ကလေးလေး အရိပ်ကိုလည်း မမြင်ရလိုက်ပါပဲ သေငင်ဇောမှာ ဘာဆုမှလည်း မတောင်းနိုင်ခင် အသက်ပျောက်ရှာလေတာ။

လူတွေကြားတော့ ရယ်ကြတယ်လေ။ ကလေးလေးကလည်း လူတွေရယ်သလို လိုက်ရယ်တယ်။ ဒီလောက်ဥာဏ်နည်းလှတဲ့ ငါး သေတာတောင် နည်းသေးဆိုပဲ။ပြီးတော့ မျက်လုံးပွင့်လျက် သေနေတဲ့ငါးကို ဝမ်းသာအားရ ရင်ခွဲကြလေရဲ့။
အဲဒီမှာ ငါးရဲ့ရင်ထဲက ရွှေရောင်ဝင်းလက်နေတဲ့ အရာလေးကို တွေ့ရှိသွားခဲ့တာ။

အမြုတေဆိုပဲ။
အလုအယက်ယူကြ။ လုယက်ကြ။
နောက်ဆုံးမှာ သူတို့ဟာ အမြုတေစစ်မစစ် စမ်းသပ်ကြတယ်။

အမြုတေလေးကို ဓားနဲ့ခုတ်တယ်။ မလွဲပါဘူး။ နာလွန်းလို့ အမြုလေးက ကလေးလေးကို တပြီး ညဉ်းရှာတယ်။သေနတ်နဲ့ပစ်တယ်။ ဗဟိုမှတ်ကို တည့်တည့်ထိပါတယ်။ ဒါပေမယ့် အမြုတေလေးကတော့ ပဲ့မထွက်သွားပါဘူး။ကြေကွဲလွန်းလို့သာ ကြူကြူပါအောင် အော်ရှာတယ်။

လူတွေဟာ အမြုတေမဟုတ်မှန်း သိသွားလည်း လွှင့်မပစ်ကြဘူး။အံ့သြလွန်းလို့တဲ့။ဓားခုတ်ရာ တစ်ချက်ခံရတိုင်း ဒီကျောက်ခဲလေးကထွက်လာတဲ့ အသံကို ထူးထူးဆန်းဆန်းကြားချင်လွန်းလို့ အခါခါထိုးခုတ်ကြရင်း ကြာလာတော့ ပျင်းစရာကောင်းလှတယ်ဆိုကာ အမြုတေလေးကို ပြတိုက်ဆီ ပို့လိုက်ကြတယ်။

ဒီလိုနဲ့ လာသမျှဧည့်သည်တွေဟာ အမြုတေလေးရဲ့ အသံကို ကြားချင်လွန်းလို့ တဲ့ ကြာပွတ်တံနဲ့ ရိုက်နှက်နေကြ တာ ယနေ့ထက်တိုင်လေ။
တကယ်တော့ အမြုတေလေးရဲ့ ကလေးလေး ကလေးလေး လို့ တမ်းတခေါ်သံကို အဆန်းတကြယ် မရှိသင့်ပါဘူး။
ဒီအမြုတေလေးဟာ မငိုတတ်တဲ့ ငါးတစ်ကောင်ရဲ့ သိုသိုဝှက်ဝှက် မျက်ရည်တွေနဲ့ ဖွဲ့တည်ခဲ့တာရယ်။
..............................................................

လသာည ကူးယူ၍ ထပ်မံတင်ပြပါသည်။
စာရေးသူကတော့ ဒီနေရာလေးက ညီမလေးမယ်ကိုးပါ။ ခွင့်တောင်းရင်း တခါတည်းပဲ ကူးယူတင်ပြမိသွားတယ်။ ညီမလေးရေ ခွင့်လွှတ်ပါ။ အစ်မက ပုံပြင်ကို ကော်ဖီလိုပဲ အရူးအမှုး နှစ်သက်တတ်သူ ကလေးကြီးတစ်ယောက်ဖြစ်နေလို့ပါး)

12 comments:

မယ့်ကိုး said...

ချစ်မလေးက မယ့်စာလေးကြိုက်တယ်ဆိုလို့ အထူးကို ဝမ်းသာကျေးဇူးတင်ပါတယ် မ။
မယ်ပုံပြောမကောင်းလို့ အားလည်းနာမိပါတယ်။ =)

သိင်္ဂါကျော် said...

ပုံပြင်လေး ကြိုက်တယ်..။
ဒါပေမယ့် အသည်းနှလုံးမရှိတဲ့ လေသံနဲ့ ပြောရမယ် ဆိုရင်တော့ ငါးကလေးက ရူးသွပ်တာပါပဲ...။

Anonymous said...

တို့လည်းပုံပြင်သရဲပါ...

များများမျှဝေ..

သနားပါတယ်..ငါးကလေး... ဒါပေါ့..လူတွေက သူတို့အတ္တကိုပဲ သိပ်ရှေ့တန်းတင်ကြတယ်..။ တဖက်သားဘယ်လိုခံစားနေရသလဲမကြည့်ကြဘူး။

ငါးကလေးရဲ့ သနားစရာစွဲလန်းမှုကလဲ.. နော်..။

မိုးမင်းကြီး

နှင်းဟေမာ said...

ပုံပြောကောင်းတဲ့ မမလသာည ....
လသာတဲ့ညတွေတိုင်းမှာ မမပြောတဲ့ပုံပြင်လေးတွေ နားဆင်ချင်သေးတယ် ....
အလိုလိုမှ ညလေးက ၀မ်းနည်းတက်တယ် ...
ပုံပြင်လေး နားထောင်ရတော့ စိတ်မကောင်းဘူးး(
သံယောဇဉ်ကြီးတက်လွန်းတဲ့ ငါးလေးရဲ့ဘ၀ကို စာနာမိပါတယ် ...

မိုးသီတာ said...

ငါးပုံပြင်လေး လာဖတ်သွားပါတယ်။ လူတွေအကြောင်းကိုလဲ ပိုမှတ်သွားပါတယ်။ လသာညရေ။ လူ့သဘာဝတွေ မထူးဆန်းပေမဲ့ မေ့မေ့နေတတ်ကြတာ လူတွေရဲ့ သဘာဝကိုး။

နေ့အိပ်မက် said...

ဖတ်လို့ကောင်းလွန်းလို့ တော်တော်လေးတောင် စိတ်မကောင်းဖြစ်သွားတယ်. မမမယ်ကိုးဆီမှာ မတွေ့မိဘူးရော် မဖြစ်ပါဘူး နေ့အိပ်မက်လည်း rssချိတ်ဦးမှပါပဲ

Lucifer said...

မမီးက ပုံပြင်တွေလည်းကြိုက်တယ်
ငါးလည်းမွေးချင်ပါတယ်
ဒါပေမယ့် ခုထိဘာငါးမှ မမွေးနိုင်သေးပါဘူး
မေမေက ပြောတယ် ငရဲးကြီးတယ် တဲ့..... ငါးလေးကို လှောင်ထား... သူလည်း လွတ်လွတ်လပ်လပ်သွားချင်လာချင်ရှာမှာပေါ့တဲ့ ...
အဲ့လိုပြောတာ စိတ်မတိုခင်ပါ.... မမီးက အတင်းရွှေငါးဝယ်မယ်ပြောလို့ စိတ်တိုရင်တော့ သတ်မှာ တဲ့ ... ငါးကို သတ်မှာလား မမီးကို သတ်မှာလားတော့မသိဘူး...

Unknown said...

ဘာပြောရမှန်းကို မသိဘူး ခံစားရတယ်။

kiki said...

ရူးသွပ်စွာ စွဲလန်းခြင်း တမျိုးပါလား နော် ...

ကျော်နှင်းဆီလွင် said...

မညရေ
ငါးကလေးကိုသနားသွားတယ်နော်

ကျွန်တော် said...

ပုံပြောကောင်းတာဘဲ..

rose of sharon said...

သနားစရာကောင်းလိုက်တာ....