Saturday, December 12, 2009

ရေစုန်နဲ့ ရေဆန်

ရေစုန်
သမီးငယ်ရေ... အခုချိန်မှာ အဝေးတနေရာကို ခွဲထားရတဲ့ မေမေ့ သမီးလေး နေကောင်းရဲ့လားကွယ်။ မေမေ... အချိန်တိုင်း သတိရနေပါတယ် သမီးငယ်။

မိုးရာသီရဲ့ တခုသောနေ့တနေ့မှာ မေမေ့ဆီ သမီးရောက်လာခဲ့တယ်..။ သမီးအလာကို ရင်ခုန်စွာ စောင့်ကြိုနေခဲ့တဲ့ အဲဒီနေ့ကလေ.. သေးငယ်တဲ့ မျက်နှာဝိုင်းဝိုင်းလေးနဲ့ ခြေထောက်လေး၊ လက်လေးတွေပိုင်ရှင်က မေ့မေ့သမီးပါလားဆိုတာကို ပထမဆုံးသိသိချင်း အံသြမိတယ်၊ နောက် ရင်တွေက တအားခုန်လာပြီး အနားကမခွာနိုင်အောင် သမီးကို တချိန်လုံး ကြည့်နေခဲ့မိတယ်....။ သမီး မေ့မေဆီကို ရွေးချယ်ခဲ့ပြီး မေ့မေ့သမီးဖြစ်ခဲ့တဲ့အတွက် သမီးကို မေမေ ကျေးဇူးတင်မိတယ်။

သမီးငယ်..မေမေကလေ အရင်က စိတ်အားငယ်တတ်သူဖြစ်ခဲ့တယ်..။ ဒါပေမဲ့ သမီး မေမေ့ဆီရောက်လာပြီးနောက်ပိုင်း မေမေ စိတ်ဓါတ်ကြံခိုင်သူဖြစ်လာခဲ့တယ်။ တခါက မိုးရွာသီတနေ့မှာ သမီးဖျားတယ်။ မေမေတို့က ဆေးခန်းနဲ့ဝေးတဲ့ နေရာတစ်ခုကို ရောက်နေချိန်ဖြစ်လို့ သမီးငိုသံကိုနားထောင်ရင်း ဆေးခန်းကို ပြေးဖို့ ဆောက်တည်ရာမရဖြစ်ခဲ့ရတယ်။ နောက်ဆုံးမှာ မေမေဆုံးဖြတ်ချက်ချပြီး သမီးကို မိုးကာအကျီင်္လေးခြုံပေးပြီး အိမ်ကအတူနေ ကောင်မလေးကို ချီခိုင်းပြီး သမီးတို့နှစ်ယောက်ကိုတင်လို့ ဆိုင်ကယ်ကို စီးခဲ့တယ်။ တကယ်ဆို ဆိုင်ကယ်စီးသင်တာ ၂ ရက်ထဲပဲ ရှိသေးတဲ့ မေမေဟာ လမ်းတစ်လျောက် ဖြောင့်ဖြောင့်တန်းတန်း စီးနိုင်ဖို့ မနည်းကို ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့လည်း တစ်ခုခုဖြစ်ရင် မေမေကိုယ်တိုင်ထက် သမီးကို ထိခိုက်မှာစိုးတဲ့စိတ်က ဆိုင်ကယ်လက်ကိုင်ကို ထိန်းပေးသွားသလိုပဲ....။ အဲဒီနေ့က ဆေးခန်းကို ချောမောစွာ ရောက်ရှိခဲ့တယ်။ မိုးရေထဲမှာ ပြန်လာခဲ့ရင်း သမီးမျက်နှာလေးကို ကြည့်လို့ ၀မ်းသာ မျက်ရည်ကျခဲ့တယ.်...

သမီးငယ်...တကယ်ဆို မေမေက မေတ္တာကို သိပ်အယုံအကြည်မရှိသူဖြစ်ခဲ့တယ်။ ကိုယ့်ကိုအမြဲလိုအပ်သူဟာ မရှိနိုင်ဘူးရယ်လို့ တွေးမိတယ်။ ဒါပေမဲ့.. အဲဒီအတွေးကို သမီးက ပြောင်းလဲစေခဲ့တယ်..။ အရေးကြီး အလုပ်ကိစ္စတစ်ခုနဲ့ မေမေက တနေရာကို သွားရတုန်းကပေါ့.. သမီးကို စိတ်ပူပြီး မေမေအမြန်ပြန်လာခဲ့တယ်။ ပြန်ရောက်တော့ သမီးလေးက ငိုထားတာ မျက်နှာလေးကို ရဲလို့..။ ဘယ်သူချော့ချော့ အငိုမတိတ်တဲ့ သမီးက မေမေရင်ခွင်ထဲရောက်တော့ ရှိုက်သံတစ်ချက်ပြုလို့ တိတ်သွားခဲ့တယ်..။ စကားမပြောတတ်သေးတဲ့ မျက်လုံးလေးတွေကလည်း “မေမေ သမီးကိုထားပြီး ဘယ်ကိုမှ မသွားပါနဲ့”လို့ ပြောနေသလို ခံစားရပြီး မေမေ တညလုံး မျက်ရည်ကျခဲ့မိတယ် သမီးငယ်...။ အဲဒီနေ့က “ငါ့ကို အမြဲလိုအပ်သူ ရှိနေပါလား”လို့ မေမေ ပျော်ခဲ့မိတယ်....။ မေမေ့ကို လိုအပ်သူတစ်ယောက်၊ တန်ဖိုးရှိတစ်ယောက်အဖြစ် သတ်မှတ်ပေးလို့ သမီးကို ကျေးဇူးတင်ပါတယ်...

သမီးငယ်.. မေမေဟာ တကယ်တော့ အထီးကျန်ခံစားမှုကို ခံစားလွယ်သူဖြစ်ခဲ့တယ်။ တစ်ခုခုဆိုရင် ၀မ်းနည်းလွယ်တယ်..။ ဒါပေမဲ့လည်း ကိုယ်ဘာသာတစ်ယောက်တည်း ကျိတ်ဖြစ်နေတဲ့ အထီးကျန်ခံစားမှုကို ဖြေဖျောက်ဖို့အတွက် မေမေက စာအုပ်တွေကိုပဲ အဖော်ပြုခဲ့တယ်..။ သမီး မေမေ့ဘ၀ထဲကို ၀င်ရောက်လာပြီး နောက်ပိုင်းမှာတော့ သမီးရဲ့ ရယ်မောသံလေးတွေ၊ ချွဲနွဲ့သံလေးတွေက စာအုပ်တွေအစား မေမေ့ရဲ့ အထီးကျန်ခံစားတတ်မှုကို ပျောက်ကင်းစေခဲ့တယ်..။ သမီးရယ် ကျေးဇူးတင်ပါတယ်ကွယ်..

သမီးငယ်.. တကယ်ဆို မေမေက ပင်ပန်းမှုဒဏ်ကို အလွယ်တကူအလျော့ပေးတတ်သူပါ..။ ဒါပေမဲ့ အခု သမီးအတွက် မေမေကြိုးစားနေတယ် သမီးရယ်...။ ပင်ပန်းတယ်..ပင်ပန်းတယ်လို့ အော်ညည်းချင်ပေမဲ့ အားလျော့ချင်ပေမဲ့ မညည်းဖြစ်အောင် မေမေကြိုးစားခဲ့တယ်။ မေမေပင်ပန်းသမျှဟာ သမီးအတွက် ပန်းမွေ့ယာတစ်ခုဖြစ်မယ်ဆိုရင် မေမေကတော့ ဆက်လက်ကြိုးစားနေဦးမှာပဲ..။အဲဒီလို ကြိုးစားလိုစိတ်တွေကို ဖန်တီးပေးတဲ့ သမီးကို မေမေက ကျေးဇူးတင်ပါတယ်..

ဒါပေမဲ့ သမီးရယ်.. မမြင်ရတဲ့ အနာဂတ်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ သမီးလေး အဆင်ပြေစေဖို့ လက်ရှိအချိန်မှာ သမီးနဲ့ တနေရာစီရောက်နေရတယ်..။ တခြားကလေးတွေ မိသားစုအစုံအလင်နဲ့ သွားလာနေတာကြည့်ပြီး သမီးအားငယ်နေမလား၊ ဒါမှမဟုတ် မေမေ သမီးကိုပစ်ထားတယ်လို့ ငိုပြောမှာလား၊ .. အတွေးနဲ့တင် မေမေရင်နာရပါတယ်။ တကယ်ဆို တနေရာစီ မနေချင်ပါဘူး သမီးရယ်။ သမီးကို အဲလို တနေရာမှာ မထားချင်ပါဘူးကွယ်။။ အနားမှာ မထားနိုင်တဲ့ မေမေ့ကို သမီးခွင့်လွှတ်ပါ..။မေမေက သမီးအတွက် ကြိုးစားနေသူပါ...။ မေမေ အသက်ရှင်သမျှ ကြိုးစားနေသမျှဟာ သမီးအတွက်ပါ။ သမီးငယ်.. မှတ်ထားနော်... မေမေဟာ ဟောဒီလောကကြီးထဲမှာ သမီးကို အချစ်နိုင်ဆုံး တစ်ဦးတည်းသော မေမေလို့ ...
ချစ်တဲ့
သမီးရဲ့ မေမေ
..............................................................................................................

ရေဆန်
မေမေ.. သမီး ဒီအသက်အရွယ်အထိ မေမေက ပင်ပန်းစွာ ပြုစုစောက်ရှောက်ပေးခဲ့တယ်..။ သမီးကို အများနည်းတူ တန်းတူထားနိုင်အောင် မေမေက ဂရုစိုက်ခဲ့တယ်။ မေမေကို.. ကျေးဇူးတင်ပါတယ်..။

မေမေရယ်..
သမီးက မေမေနဲ့ တူတယ်၊ မေမေ့လိုပဲ မျက်ရည်လွယ်တတ်သူလေ။ မငိုပါနဲ့ မေမေရယ် အနားမှာ သမီးရှိနေမှာပါ၊ သမီးကို အားငယ်ပြီး အထီးကျန်နေမှာစိုးရိမ်ပြီး မေမေက ငိုနေခဲ့တာ သမီးသိနေပါတယ်။ မေမေရှိနေတာ သမီးအားမငယ်ပါဘူး၊ မကြောက်တတ်ပါဘူး မေမေရယ်.။ မေမေကို.. ကျေးဇူးတင်ပါတယ်..။

ငိုရတဲ့အချိန်ပဲဖြစ်ဖြစ်၊ ရယ်နေတဲ့အချိန်ပဲဖြစ်ဖြစ် ၊ မေမေ့ကို စိတ်ကောက်တဲ့အချိန်ပဲ၊ မေမေကဆူတဲ့အချိန်ပဲ ဖြစ်ဖြစ် အားလုံးဟာ သမီးအတွက် တန်ဖိုးရှိတဲ့ဘ၀တွေပါ။ မေမေကို.. ကျေးဇူးတင်ပါတယ်..။ ပင်ပန်းနေတဲ့ အချိန်တိုင်း မေမေက သမီးကို ဖက်လို့ အားယူနေခဲ့တာ၊ ပြီးတော့ သမီးကို အားပေးနေခဲ့တာ သမီးသိတာပေါ့..။ မေမေကို သမီးက ရင်ထဲကနေ ကျေးဇူးတင်ပါတယ်..။

တဇွတ်ထိုးလုပ်တတ်သူသမီးက ဘာအလုပ်ကိုပဲ ဇွတ်လုပ်လုပ် မေမေက “သမီးလုပ်ချင်တာကို လုပ်၊ နားချင်တဲ့အချိန်နားလိုက် သမီး”လို့ ပြောပြီး နောက်ကနေ တွန်းကန်အားပေးနေတဲ့ မေမေ့ကျေးဇူးကို သမီးအမြဲ သတိရနေပါတယ်။ မေမေကို.. ကျေးဇူးတင်ပါတယ်..။ အမြဲတမ်း အားငယ်တတ်၊ ကြောက်တတ်၊ စိတ်ပျော့တဲ့ သမီးကို အမြဲချစ်နေတဲ့ မေမေ့ကို သမီးကျေးဇူးတင်ပါတယ်။ ကြီးမားတဲ့ မေတ္တာရှင်မေမေကို သမီးအမြဲလိုအပ်နေပါတယ် မေမေ..။

ရှေ့ဆက်ပြီး တွေ့ရမယ့် အတားအဆီးတံတိုင်းတွေကို သမီး မကြောက်တော့ဘူး။ အရှုံးလည်း မပေးဘူး။ မေမေဆွဲခဲ့တဲ့ အိပ်မက်တွေအတိုင်း ဖြစ်တဲ့အထိ သမီးကကြိုးစားမှာပါ..။ တွေရဆုံရ၊ ဖြစ်ရပျက်ရသမျှတွေကိုလည်း အားအင်အဖြစ်ယူလို့ ရင့်ကျက်တဲ့ လူကြီးတစ်ယောက်ဖြစ်အောင် သမီးကကြိုးစားမှာပါ။ လောကကြီးကို ရင်ဆိုင်နည်းတွေကို မေမေက သင်ပေးထားတယ်လေ..။ သမီးက တစ်ယောက်တည်း မဟုတ်ပါဘူး။ မေမေရှိနေတာပဲ သမီး အားမငယ်တော့ပါဘူး မေမေ...နော်..မေမေ။ မေမေရယ် မငိုပါနဲ့တော့..။

နေ့စဉ်ဘ၀တွေကို အရေးကြီးဆုံးအရာတွေကို ရှာဖွေရင်း ဖြတ်ကျော်ပါ့မယ်။ မေမေ မငိုပါနဲ့တော့..။ မေမေနားမှာ သမီးအမြဲနေပေးနိုင်အောင် ကြိုးစားမှာပါ...။ မေမေဟာ သမီးအတွက် ဘုရားကပေးတဲ့ အဖိုးတန်ဆုံး ဆုပါ..။ မေမေ သမီးရင်ထဲက စကား မေမေကြားပါစေ..။
မေမေ... ကျေးဇူးတင်ပါတယ် မေမေ.....ကျေးဇူးတင်ပါတယ်မေမေ...............................
မေမေရဲ့ သမီး
.................................................................................................................

လသာည.......ဖြစ်ပါတယ်/

မှတ်ချက်။ အရမ်းကြိုက်ပြီး ခဏခဏနားထောင်ဖြစ်နေတဲ့ သီချင်းနှစ်ပုဒ်( kimi no mama yori)နဲ့ (mama e)ကို မျှဝေချင်ခဲ့တာ ကြာပြီ။ ရေးလိုက်တိုင်း ကိုယ်ကအရင် မျက်ရည်ကျနေတာမို့၊ တ၀က်တပျက် ဖြစ်နေခဲ့တယ်။ ဒီနေ့တော့ ဒီပိုစ်ကို အဆုံးသတ်ရင်း မေမေ့ကို လွမ်းနေသူများ၊ မေမေအဖြစ်ရှိနေသူများအတွက် မေတ္တာဘွဲ သီချင်းလေးနှစ်ပုဒ်ကို မျှဝေပေးလိုက်ပါတယ်။ အားလုံး မေတ္တာရိပ်မှာ နွေးထွေးလုံခြုံကြပါစေ.....

19 comments:

ခင်ကြေးမုံ said...

စုန်ရေရေးထားတာလေး ကောင်းတယ်..အမသမီးအတွက်အမြဲတမ်းအားတွေရှိုနိုင်ပါစေ။

မိဆိုးလေး said...

စုန်ရေ ကို ဖတ်ပြီး ငိုချင်လာတယ်..။ မမြင်နိုင်တဲ့ စွမ်းအားတွေနဲ့  အလုံးစုံကို အောင်မြင်စွာ အမ ကျော်ဖြတ်နိုင်မှာပါ...။

နေ၀သန် said...

အင်း.... လွမ်းလိုသူကို ၀ါးကူလို့ ထိုးပြန်ပြီ .. အမလိုတော့ သမီးတော့ လွမ်းစရာမရှိသေးဘူးပေါ့လေ.. ဒါပေမယ့်လည်း... .... ..... ...

rose of sharon said...

သူငယ်ချင်းလေး....သမီးလေးကို သိပ်လွမ်းနေမှာဘဲ... အားတင်းထားနော်...

pps said...

မီးမီးလေးကိုလွမ်းနေတယ့်မေမေ့မေတ္တာ၊အလွမ်းတွေကိုကိုလှမ်းမြင်တွေ့ရတယ်......

ကျွန်တော် said...

စုန်ရေ..ဆန်ရေကြားမှာမြောပါသွားခဲ့ပါတယ်..

kiki said...

အဝေးက အမေ့ ကို လွမ်းတယ် လသာညရေ ....

လင်းကြယ်ဖြူ said...

အစားထိုးမရ တုနှို်င်းမဲ့မေတ္တာများနဲ့ အမေ...
ဒါတွေကို သိရှိခံစားနားလည်တတ်တဲ့ သမီး လိမ္မာ...
ရသ နှစ်မျိုးစလုံး က ထူးထူးခြားခြား စီးဆင်းလာတယ်
စာစုကောင်းတစ်ပုဒ်ပါခင်ဗျာ
ပျော်ပါစေ
လေးစားစွာ
*.*.*

Anonymous said...

လသာည..
ကျွန်တော်မှာ မေမေ မရှိတော့ပါဘူး။ ဒီပိုစ်ကိုဖတ်ပြီး ဒီပိုစ်ထဲကမေမေမျိုး ကျွန်တော်မှာ ရှိရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးယဉ်မိပါတယ်။ ကျွန်တော်ကိုမွေးပြီးပြီးချင်း မေမေက သေသွားခဲ့တယ်။ မေမေ့မေတ္တာကို မခံစားဖူးဘူး။ သူများတွေက မေမေလို့ခေါ်နေချိန် ကျွန်တော်မှာ ခေါ်စရာမေမေ မရှိခဲ့ပါဘူး။
အခုနည်းနည်းတော့ တွေးမိလာတယ်။ မေမေကလည်း ကျွန်တော်ကို တွေ့ချင်မှာပဲလို့..။ မေမေရှိနေသေးရင် စုန်ရေထဲကမေမေလို ကျွန်တော်ကို ချစ်မှာပဲလို့...။
ကျွန်တော်အရမ်းဝမ်းနဲမိပါတယ်။

Shinlay said...

အမေ့မေတ္တာ ...အစက သိပ်မသိခဲ့ပေမဲ့
အဝေးရောက်မှ တန်ဖိုးသိလာရတယ်။ ကျမ အမေလည်း
ကျမကိုလွမ်းနေရှာတယ်။ စက်တင်ဘာကမှ ပြန်လာတဲ့ ကျမကို ဘယ်တော့ ပြန်လာမှာလဲတဲ့။ ကျမစိတ်မကောင်းဘူး။ သူခမျာအသက်ကြီးလာတော့
ကျမကို ပိုသတိရလာတယ်။ ၁၀.၁၂.၀၉ ကမှ
ဇန်န၀ါရီမှာ ခွင့်တစ်ပတ်ပိုရတယ်ဆိုလို့  ပြန်ဖို့  လက်မှတ်ဝယ်တော့ Waiting list ဖြစ်နေသေးတယ်။ အမေ့ကိုပျော်စေချင်တယ်။
သူ့ ကိုတော့ပြောမထားသေးဘူး။ လက်မှတ်မရရင် ၀မ်းနည်းသွားမှာစိုးလို့ ပါ။

လသာည said...

မျှဝေခံစားပေးသွားတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ မေမေကို သတိရနေသူများကို ငိုအောင် လုပ်မိသလို ဖြစ်သွားခဲ့တယ်။ အားလုံးဆောရီးနော်...

နေ့အိပ်မက် said...

အင်.. မမသီချင်းတွေ ဘယ်ရောက်သွားတာလဲ မနေ့က ညဘက်ကြီးမို့လို့ တူတူအိပ်နေတဲ့အစ်မနိုးသွားမှာစိုးလို့ နားမထောင်လိုက်ရဘူး.. ခုဘယ်ရောက်သွားတာလဲ.......

မင်္ဂလာပါ .... said...

မမလသာညရေ...
သားသမီး နဲ့ မိခင် ကြားက ခံစားမှုသရုပ်လေးကို လေးနက်စွာ ဖတ်မိရင်း မေမေ့ကို လွမ်းမိတယ်း)
နေ့စဉ်ဘ၀တွေကို အရေးကြီးဆုံးအရာတွေကို ရှာဖွေရင်း ဖြတ်ကျော်ပါ့မယ်။ ဆိုတဲ့ နှစ်သက်မိသော စကားလေးနဲ့အတူ .... ဖတ်မှတ်ခံစားသွားတယ် မမရေ...အားပေးလျှက်ပါ
ခင်မင်လေးစွာဖြင့် ............................
ညလေး နှင်း

မင်းအိမ်ဖြူ Minn Eain Phyu said...

မိဘမေတ္တာ ကိုဘာတွေနဲ့ နိုင်းလဲ ဘာလဲတော့ မသိဘူး

ခုချိန်ထိ အရမ်း စိတ်ညစ်ရတဲ့အခါ မိဘတွေအသံကို ကြားမိတဲ့အခါ အားတွေ ဖြစ်ရတယ်


တစ်ခုခုလုပ်ခါနီးတိုင်း မိဘကို တိုင်တည်တယ်

သူတို့မေတ္တာကြောင့် အဆင်ပြေတယ်

မင်းအိမ်ဖြူ

မြတ်နိုး said...

လသာည..
ကျွန်တော်မှာ မေမေ မရှိတော့ပါဘူး။ ဒီပိုစ်ကိုဖတ်ပြီး ဒီပိုစ်ထဲကမေမေမျိုး ကျွန်တော်မှာ ရှိရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးယဉ်မိပါတယ်။ ကျွန်တော်ကိုမွေးပြီးပြီးချင်း မေမေက သေသွားခဲ့တယ်။ မေမေ့မေတ္တာကို မခံစားဖူးဘူး။ သူများတွေက မေမေလို့ခေါ်နေချိန် ကျွန်တော်မှာ ခေါ်စရာမေမေ မရှိခဲ့ပါဘူး။
အခုနည်းနည်းတော့ တွေးမိလာတယ်။ မေမေကလည်း ကျွန်တော်ကို တွေ့ချင်မှာပဲလို့..။ မေမေရှိနေသေးရင် စုန်ရေထဲကမေမေလို ကျွန်တော်ကို ချစ်မှာပဲလို့...။
ကျွန်တော်အရမ်းဝမ်းနဲမိပါတယ်။

copied from anonymous.

me too anonymous yay............................

Anonymous said...

မေမေဟာ သမီးအတွက် ဘုရားက ပေးတဲ့ ဆုပါ မေမေ။ သမီး ရင်ထဲက စကား မေမေ ကြားပါစေ။ သမီးကို မွေးပေးခဲ့တဲ့ မေမေ့ကို ကျေးဇူးတင်ပါတယ်။ မေမေ့ သမီး ဖြစ်ရတဲ့အတွက် ပိုပြီး ဂုဏ်ယူပါတယ် မေမေ။ ဒီ ပို့စ်လေးကို ရေးပေးတဲ့ လသာညကိုလဲ ကျေးဇူးတင်ပါတယ်။

ချစ်တဲ့

ထား

Anonymous said...

သမီးလေးဇူးဇူး ရဲ့မေမေ နဲ့ သမီးလေး သဒ္ဒါရဲ့ မေမေတို့လဲ ဂုဏ်ယူစရာ မေမေများဖြစ်အောင် နေကြပါစို့နော်။ သမီးလေးတွေကို ချစ်ကြတဲ့...

ထား+နု

Unknown said...

ကြက်သီးတွေထမိတယ် ကျွန်တော်က စိတ်ဝင်စားပြီးမြောဖတ်မိရင်ဒီလိုပဲ မလွမ်းအောင်ကြိုးစားနေနေသမျှ ရေစုန် ရေဆန် ဖတ်ပြီးမှ တနင့်တစ်ပိုးကြီးလွမ်းနေမိတယ် ဘယ်တက်နိုင်ပါ့မလဲလေ လောကမှာရှိနေသမျှတော့ မေမေ့ကိုလွမ်းရတာပေါ့ ဝေးနေတော့ပိုတိုးပြီးလွမ်းရတယ်ဗျာ

လသာည said...

ကျေးဇူးတင်ပါတယ် yoe...