Thursday, June 10, 2010

မတူကွဲပြား ခြားနားချက်များ

ကျွန်မ့သူငယ်ချင်းတွေက လသာညရယ်.. ဒါတွေထပ်နေပြီလေလို့ ပြောလည်း ခံရမှာပါး)) ဒါပေမယ့် ကျွန်မအတွက်တော့ လေ့လာလို့ကို မကုန်သေးဘူးရယ်။ ဟုတ်တယ်လေ.. သဘာဝလူ့လောကကြီးထဲမှာ ၂မျိုးထဲသာ ရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ကွာခြားချက်တွေကို ရှေးယခင်ကစပြီး ယခုအထိ အများကြီး စိတ်ဝင်တစား လေ့လာကြ ၊ သုတေသနလုပ်ကြဆိုတော့ လသာညလည်း လေ့လာလို့ မဆုံးနိုင်ပေါ့။

ခန္ဓာကိုယ် ကွာခြားတာတော့ လူတိုင်း သိပြီးသား.ပါ.။ ဒါပေမယ့် အဲဒီလိုကွာခြားချက်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ပိုင်းဆိုင်ရာ ကွဲပြားရတာတွေကို ရှေးက လူတွေ သိပ်မသိခဲ့ဘူး။ အမျိုးသား အမျိုးသမီး တန်းတူအခွင့်အရေးရလိုမှု ဆိုတာတွေ ရှိသလို၊ အမျိုးသားများက အားကြီးသူမို့ အားနွဲ့သူ အမျိုးသမီးများကို ငဲ့ညှာပါလို့ တောင်းဆိုမှုတွေလည်း ရှိတယ်။

ဒီအတွက် အခွင့်အရေးတူသင့်တဲ့နေရာမှာ တူပေးပါဆိုတော့ မတူတဲ့အချက်တွေ ထောက်ပြလို့ ပြဿနာတွေဖြစ်ရတယ်။ ဒီလိုနဲ့ ငဲ့ညှာပေးဖို့ တောင်းဆိုတော့လည်း တဖက်သတ် အနိုင်ကျင့်ဖိနှိပ်မှုတွေ ဖြစ်ရပြန်တယ်။ ဒီမတူကွဲပြားမှုတွေ အကြောင်းနဲ့ ပတ်သက်ပြီး ပညာရှင်တွေကလည်း ကြိုးစားလေ့လာ သုတေသနပြုခဲ့ကြတယ်။ (အခုလည်း လေ့လာနေဆဲပါပဲ..။) အဲ့ဒီအထဲမှာ စိတ်ပညာရှင်တွေလည်း ပါပါတယ်။

စိတ်ပညာရှင်တွေ လေ့လာတာကတော့ အမျိုးသားနဲ့ အမျိုးသမီး ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ မတူတာကြောင့် စွမ်းရည်တွေ မတူကွဲပြားရပုံတွေအပြင် စိတ်ပိုင်းဆိုင်ရာတွေ ကွဲပြားရပုံတွေကို အဓိကထား လေ့လာကြပါတယ်။ ဒါတွေကို နားလည်ထားခြင်းအားဖြင့် ကိုယ်နဲ့ (လိင်)အမျိုးအစား မတူတဲ့ ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ့်ရည်းစား၊ ကိုယ့်အိမ်ထောင်ဖက် စသည်တို့ကို နားလည်ပေးနိုင်လာမယ်လို့ ယုံကြည်မိတယ်။

အခုလည်း ပညာရှင် Amber Hensleyက စုစည်းတင်ပြထားတဲ့ မိန်းမနဲ့ ယောက်ျားရဲ့ မတူတဲ့ ဦးနှောက်စွမ်းရည်တွေအကြောင်း ယေဘုယျအချက်ကြီး ၁၀ချက်က တော်တော်စိတ်ဝင်စားစရာ ကောင်းတာမို့ မျှဝေပေးလိုက်ပါတယ်။

မှတ်စုကို ပြန်မျှတာမို့ စာသားနည်းနည်းဆန်ရင် ခွင့်လွှတ်ပါနော်.. ။

၁။ နာကျင်မှု

နာကျင်ခံစားမှုနဲ့ ပတ်သက်ပြီးလည်း အမျိုးသမီးနဲ့ အမျိုးသားကွဲပြားပါတယ်။ လေ့လာချက်တွေအရ နာကျင်မှုခံစားချက်တွေ လျော့နည်းစေဖို့အတွက် အမျိုးသမီးများဟာ အမျိုးသားများထက် မော်ဖင်းဓါတ် (morphine) ပိုလိုအပ်တယ်လို့ တွေ့ရပါတယ်။ နာကျင်နေစဉ် ဖြစ်တည်တဲ့ ဦးနှောက်ရဲ့လှုပ်ရှားမှုအပိုင်းကို amygdalaလို့ ခေါ်ပါတယ်။

ပုံမှာ တွေ့တဲ့အတိုင်း အမျိုးသားများထက် အမျိုးသမီးများက amygdala အပိုင်းပိုများတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးများက နာကျင်မှုကို ပိုခံစားရကြတာ ဖြစ်ပါတယ်။ (ပုံကို ဒီနေရာက ယူပါတယ်)

၂။ ဦးနှောက်ခြမ်းအလုပ်လုပ်ပုံ ကွဲပြားခြင်း


အမျိုးသမီးများက ဦးနှောက်ရဲ့ လက်ဝဲဘက်ခြမ်းရော၊ လက်ယာဘက်ခြမ်းရော အလုပ်လုပ်ပေမယ့် အမျိုးသားများဟာ လက်ဝဲဘက် ဦးနှောက်ခြမ်းက ပိုအလုပ်လုပ်သူများဖြစ်ပါတယ်။ ဒါကြောင့် ပြဿနာ ဖြေရှင်းပုံ မတူတာဖြစ်ပါတယ်။ (ဒါကတော့ အရင်က (ဒီနေရာမှာ အကျယ်)ရေးပြီးသားမို့ ထပ်မရေးတော့ဘူးရယ်)

၃။ ဦးနှောက်ရဲ့ အရွယ်အစား.

အမျိုးသားဦးနှောက်က အမျိုးသမီးဦးနှောက်ထက် ၁၁-၁၂% ပိုကြီးပါတယ်။ ဦးနှောက်အတွင်း ဆဲလ်ကလည်း ၄%ပိုများပြီး ဦးနှောက်တစ်သျှူး ၁၀၀ ဂရမ်ခန့် ပိုများပါတယ်။ အရွယ်အစားကြီးခြင်းဟာ ဥာဏ်ရည်ကိုတော့ ထူးပြီး အကျိုးမသက်ရောက်စေပါဘူးတဲ့.. (အဟိ စကားနိုင်လုလိုသူများး)) ။ အမျိုးသားတွေဟာ ကြွက်သားပမာဏပိုများရခြင်း၊ ခန္ဓာကိုယ်ပို ကြီးထွားခြင်းကြောင့် neuronတွေကို ပိုထိန်းချူပ်ဖို့ လိုအပ်ခြင်းကြောင့်သာ ဦးနှောက်အရွယ်အစားပို ကြီးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အသေးစိတ်ဖတ်လို့ ရပါတယ်။

၎။ သချာင်္စွမ်းရည် နှင့် ဘာသာစကား


ဦးနှောက်ရဲ့ (inferior-parietal lobule (IPL))ဟာ အမျိုးသားများက အမျိုးသမီးများထက် ၁၀ရာခိုင်နှုန်းကျော်ကျော် ကြီးပါတယ်။ အတိအကျပြောရရင် လက်ဝဲဘက်ခြမ်းပဲ ဖြစ်ပါတယ်။ အဲဒီအခြမ်းဟာ သချာင်္စွမ်းရည်ကို ထိန်းချုပ်တဲ့အပိုင်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာ တစ်ခုကို ပြောပြရရင် ပညာရှင်ကြီး အိုင်စတိုင်းရဲ့ IPLဟာ ပုံမှန်ထက် အများကြီးကြီးမားတယ်လို့ ဆိုကြပါတယ်။ အမျိုးသမီးများကတော့ အမျိုးသားများထက် လက်ယာဘက်ခြမ်းပိုပါတဲ့အတွက်အသေးစိတ် အာရုံခံစားချက်များကို ပိုသိစေပါတယ်။ ဥပမာ.. ညလည်ခေါင် ကလေးငိုသံ သဲ့သဲ့ကအစ ကြားနိုင်တာမျိုးဖြစ်ပါတယ်။

ဘာသာစကားနဲ့ ပတ်သက်ရင် လုပ်ဆောင်နိုင်စွမ်းဟာ အမျိုးသမီးများမှာ အားသာပါတယ်။ စကားပရိယာယ် ကြွယ်ဝပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသားများမှ လက်ဝဲဦးနှောက်တခြမ်းပဲ အလုပ်လုပ်နေတဲ့ အတွက် ဘာသာစကားပြောနိုင်တဲ့ အပိုင်းအားနည်းနေပြီး အမျိုးသမီးများကတော့ လက်ဝဲရော လက်ယာရော နှစ်ခြမ်းရှိတဲ့အတွက် စကားပရိယာယ်ကြွယ်ဝနေစေတာ ဖြစ်ပါတယ်။ အသေးစိတ်သိချင်ရင် ဒီနေရာကို ညွှန်းပါတယ်။

၅။ အများနဲ့ ပေါင်းသင်းဆက်ဆံရေး


သာမန်အားဖြင့် အမျိုးသမီးများဟာ အမျိုးသားများထက် ပေါင်းသင်းဆက်ဆံရေးကောင်းပါတယ်။ အုပ်စုနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုကို စကားပရိယာယ်နဲ့ ဖြေရှင်းတတ်တယ်။ စကားလုံးမဲ့ အမူအရာတွေ၊ စကားသံအနိမ့်အမြင့်တွေ၊ မျက်ရိပ်မျက်ကဲဖြင့် ခံစားနားလည်မှု၊ စာနာ နားလည်ပေးမှုတွေ စသည်တို့ကို လုပ်နိုင်တယ်။

ဒီအချိန်မှာ အမျိုးသားများကတော့ ပေါ်လာတဲ့ ပြဿနာပဲဖြစ်ဖြစ် ထိပ်တိုက်ရင်ဆိုင်ဖို့ပဲ တွေးချင်တယ်။ ဓါးချင်းသာ ယှဉ်ပစ်လိုက်ချင်တယ်၊ စကားအကျယ်ချဲ သိပ်မပြောချင်ဘူး။ စိတ်ကူးရရင် ချက်ချင်း လက်တွေ့အကောင်အထည် ဖော်လိုက်ချင်တယ်။ စကားလည်း ပုံမှန်အားဖြင့်နည်းတယ်။ အုပ်စုနဲ့ အမြဲတရုန်းရုန်း နေလိုစိတ် သိပ်မရှိဘူး..။ ဒါကြောင့် ယောက်ျားအချင်းချင်း မိန်းမအချင်းချင်း ခင်မင်မိတ်ဖွဲ့ပုံက ဘယ်လိုမှ မတူနိုင်ဘူး။

၆။ စိတ်တင်းအား (stress)ကို တုန့်ပြန်ပုံ

စိတ်ဖိအား၊ တင်းအားတွေများလာရင် အမျိုးသားများက အခြေအနေတစ်ခုကို "fight or flight" နဲ့ တုန့်ပြန်ပါတယ်။ အမျိုးသမီးများကတော့ ၎င်းအခြေအနေကို ချဉ်းကပ်ပြီး ကြင်နာစွာ ဖြေရှင်းဖို့၊ ရင်းနှီးစွာ ဆက်ဆံပေးဖို့ ကြိုးစားတယ်လို့ ဆိုပါတယ်။ စိတ်ပညာရှင် Shelley E. Taylorက အဲဒါကို tend and befriend"လို့ ခေါ်ပါတယ်။ မိမိကိုယ်တိုင်နဲ့ မိမိသားသမီးများကို ကြင်နာစွာဆက်ဆံပေးခြင်း၊ မိမိ၏ အပေါင်းအသင်းများကို ရင်းနှီးစွာ ဆက်ဆံလိုက်ခြင်းစသည်တို့ဖြင့် မိမိ စိတ်ဖိအားတင်းကျပ်မှုကို ဖြေရှင်းကြတယ်လို့ ဆိုပါတယ်။

၇။ oxytocin ဟိုမုန်း ထုတ်လွှင်မှု အနည်းအများ ကွဲပြားမှု

ဒီလို အမျိုးသားနဲ့ အမျိုးသမီးကွဲပြားတဲ့ ပြုမှုပုံဟာ ဟိုမုန်းပေါ်မှာလည်း အခြေခံပါတယ်။ လူတိုင်းလူတိုင်းမှာ stress ရှိချိန်မှာ oxytocinဆိုတဲ့ ဟိုမုန်းကို ထုတ်လွှင့်ပါတယ်။ အမျိုးသမီးများမှာ တွေ့ရတဲ့ estrogen ဟိုမုန်းဟာ oxytocinကို ပိုများစေပြီး သူ့ရလာဒ်က စိတ်ကို တည်ငြိမ်စေတယ်။ မိခင်စိတ်ကို ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။ အမျိုးသားများမှာ တွေ့ရတဲ့ testosterone ကတော့ stress များချိန်မှာ အများဆုံးထုတ်လွှင့်တတ်ပြီး oxytocin ဟိုမုန်းအားကို လျော့ကျစေပါတယ်။ တည်ငြိမ်ခြင်း ကို အားမပေးနိုင်တော့ပါ။ ဒါကြောင့်လည်း အမျိုးသားများ စိတ်ဖိအားခံရလွန်းရင် မြန်မြန်ဆန်ဆန် ပေါက်ကွဲလွယ်တတ်တာပဲ ဖြစ်ပါတယ်။ (အသေးစိတ်သိလိုလျှင် ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ်။)

၈။ ဦးနှောက်ကြီးရဲ့ အတွင်းပိုင်း ကွဲပြားမှုကြောင့် စိတ်လှုပ်ရှားမှုကွဲပြားခြင်း

ဦးနှောက်ကြီးရဲ့ အတွင်းပိုင်းမှာ limbic systemဆိုတာ ပုံမှာ မြင်ရတာကို ခေါ်တာပါ။

ယေဘုယျအားဖြင့် အမျိုးသမီးများမှာ limbic system ပိုနက်ရှိုင်းပါတယ်။ ဒါကြောင့် စိတ်လှုပ်ရှားလွယ်သလို၊ ခံစားရတာကိုလည်း ဖော်ပြနိုင်စွမ်းပိုရှိတယ်။ ဒီစွမ်းရည်ကြောင့်လည်း ကလေးငယ်အတွက် ပြုစုစောင့်ရှောက်ရာမှာ ကလေးရဲ့ ခံစားချက်ကို လက်ခံနားလည်ပေးနိုင်စွမ်း ပိုရှိတာဖြစ်ပါတယ်။ ကြီးမားပြီး နက်ရှိုင်းတဲ့ limbic systemကြောင့် ကလေးကိုယ်ဝန်ရှိနေစဉ်၊ ကလေးကိုယ်ဝန်မွေးဖွားပြီးချိန် (နောက်ပြီး လစဉ် ရာသီလာချိန်)တွေမှာ depression ၀င်စေတာလည်း ဖြစ်ပါတယ်။

၉။ အမြင်ဖြင့်ဆုံးဖြတ်နိုင်သောစွမ်းရည် (spatial ability)

အမျိုးသားများဟာ အမျိုးသမီးများထက် အထက်ပါစွမ်းရည်ကောင်းပါတယ်။ spatial IQ လို့လည်း ခေါ်တယ်။ အမြင်ဖြင့် ဆုံးဖြတ်နိုင်သောစွမ်းရည်ဆိုတာ မိမိမြင်ရသော ပုံများ အရာဝတ္တုများကို ထောင့်အမျိုးမျိုးမှ အမြင်အမျိုးမျိုးကို (အတွေးဖြင့်) လှည့်၍ မြင်နိုင်စွမ်း၊ ပိုသေချာအောင် ဖြည့်စွက်ပြောရရင် 3 D ၊2D စတဲ့ အမြင်တွေနဲ့ ထောင့်စုံ မြင်နိုင်စွမ်းကို ဆိုပါတယ်။ ဒီစွမ်းရည်မြင့်သူများဟာ လမ်းမြေပုံတွေကို အလွယ်မှတ်မိတယ်။ (အရင်က မြေပုံမကြည့်တတ်သော မိန်းမဆိုပြီး (ဒီနေရာမှာ) ပိုစ်ရေးခဲ့ဖူးသေးတယ်)။ လေ့လာချက်များအရ ဒီစွမ်းရည်ဟာ ကလေး ၅ လကစပြီး မြင်သာလာတယ်လို့ ဆိုပြီး ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအများကြီး ရှိတယ်လို့ ဆိုပါတယ်.. (စကားမစပ်.. လသာညရဲ့ Thesis က ဒီစွမ်းရည်နဲ့ ပတ်သက်နေတယ်။ ဒါကြောင့် တိုက်ဆိုင်တဲ့အခါ သူငယ်ချင်းတွေကို ဒီစွမ်း၇ည်နဲ့ ပတ်သက်တဲ့ IQ မေးခွန်းလွှာလေးတွေ မေးချင်သေးတယ်၊ ဖြေကြည့်မလားဟင်း))

၁၀။ စိတ်ကစင့်ကလျားဖြစ်မှုအလားအလာ ကွဲပြားခြင်း

ဦးနှောက်လုပ်ငန်းစဉ်တွေ၊ ဖွဲ့စည်းပုံတွေ မတူတာကြောင့် စိတ်ဓါတ်ကျခြင်း၊ စိတ်ပူပန်မှုများခြင်းတို့ကြောင့် ဖြစ်တတ်တဲ့ စိတ်ကစင့်ကလျားဖြစ်မှု အခြေအနေလည်း မတူပါဘူး..။ စိတ်ကစင့်ကလျားဖြစ်တဲ့အခါ အမျိုးသားများဟာ ဘာသာစကားဆိုင်ရာ ပြဿနာတွေ ( နှုတ်ထစ်၊ ဆွံအသွားတာမျိုး) ပို ဖြစ်တတ်ပြီး အမျိုးသမီးများကတော့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို ဖန်တီးတည်ဆောက်ပြီး တစ်ယောက်တည်း စကားပြောနေတတ်တာမျိုး အဖြစ်များပါတယ်။ ဒီထက်ပိုဆိုးရင် ဖြစ်နိုင်တဲ့ စိတ်ရောဂါတွေအကြောင်းတော့ လသာည အသေးစိတ်မသိတာမို့ မရှင်းတော့ပါ။ ဆက်လက်ဖတ်ရှုလိုသူများ ဒီနေရာက စာအုပ်ကို ဖတ်ဖို့ ညွှန်းဆိုပါရစေ..။

ဟိဟိ.. ကဲ .. ဖတ်ရတာ ပျင်းသွားပြီလား.. ။ အပျင်းကို မျှဝေခံစားပေးသွားတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။
လသာည ဖြစ်ပါတယ်..။

Reference :
http://www.mastersofhealthcare.com/
http://en.wikipedia.org/
http://www.ncbi.nlm.nih.gov/
မှတ်ဥာဏ်အကြောင်း

Sunday, June 6, 2010

လသာညရဲ့ ဟာသ

အလုပ် ပင်ပန်း စိတ်ပင်ပန်း ကျောင်းစာတွေ မနိုင်ဖြစ်နေတဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေကို အတွေးများနဲ့ လေးပင်နေစေခဲ့တဲ့အတွက် ဆောရီးနော်။ ဒီတခါတော့ တခါတလေလည်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဖြစ်အောင် ရယ်စရာပြောပြမယ်..။ ရယ်စရာ စကားက မရယ်ရလည်း လသာညက ရယ်ရတယ်လို့ သဘောထားလိုက်နော် {"(*0^)x}
ချက်တုန်း
ယောက်ျား။ ။ မိန်းမရေ ချက်လို့မပြီးသေးဘူးလား ဗိုက်ဆာလာပြီနော်။
မိန်းမ။ ။ ချက်(chat) ပြီးတော့မှာပါတော်။ ဒီတစ်ယောက်နဲ့ စကားပြတ်ရင်..
ယောက်ျား။ ။ (..) ????
ခေါင်းလေးတယ်
ယောက်ျား။ ။ တနေ့တနေ့ မင်းအကြောင်း တွေးရတာ ရင်တွေပူပြီး ခေါင်းတောင် လေးလာသလိုပဲ..
မိန်းမ.။ ။ လေးမှာပေါ့ရှင်..။ ယောက်ျားဦးနှောက်က မိန်းမဦးနှောက်ထက် ၁၂% ကြီးတယ်တဲ့..။ ဘလော့ဂါ လသာညကတောင် ရေးထားသေးတယ်.. သွားဖတ်သွားဖတ် ဟိဟိ..။
ယောက်ျား။ ။ (++) ????
ကြွေတယ်
ယောက်ျား။ ။ မိန်းမရယ် မင်းကတော့ ရေရေလည်လည်ကြွေတယ်..။
မိန်းမ။ ။ ရှင်ကလည်း ကိုယ့်မိန်းမကို မြှောက်စရာမရှိမြှောက်နေပြန်ပြီ အဟင်း..ဟင်း
ယောက်ျား။ ။ မဟုတ်ဖူး.. မင်းဆံပင်တွေ ကြွေရောင်ပေါက်နေလို့ ပြောတာ ဟဲဟဲ။
မိန်းမ။ ။ ဘာရှင့် (><)
ဒီကဖြင့် ချစ်လိုက်ရတာ
ယောက်ျား.။ ။ မိန်းမရယ်.. ငါ့မှာ တနေ့တနေ့ ချစ်လိုက်ရတာကွာ..။ ဒါတောင် မင်းက ဂရုမစိုက်ဘူး..။
မိန်းမ။ ။ ယောက်ျားနော် ရှင်ပဲ မနက်တိုင်း အုန်းနို့ခေါက်ဆွဲလေး စားချင်တယ်ဆို..။ ရရစ်“ခြစ်”နဲ့ “ရပင့်“ချစ်” ပီအောင် ပြောလေ..။
ယောက်ျား။ ။ ဟုတ် "(..) "
ချောတယ်
မိန်းမ။ ။ ယောက်ျား လာပါဦး ဒီမှာချောလား လာကြည့်ပါဦး..။
ယောက်ျား။ ။ ဟာ ငါမိန်းမက ပြောစရာမလိုဘူး။ ကမ္ဘာပေါ်မှာ အချောဆုံး..။ ကဲ...လာပြီလာပြီ ချော.ချော. ချစ်ချစ်ချော..ချော..ချော.. ဘိုင်း အင့်///.. တကယ် ချောတယ်ဟ။
မိန်းမ.။ ။ ကျွန်မ ကြမ်းတိုက်ထားတာ ချောမချော ပြောင်မပြောင် လာကြည့်ခိုင်းတာရှင့်။ ဟွန်း(^^)/
ယောက်ျား။ ။ (^-")?
နာတတ်တယ်
လင်မယားနှစ်ယောက်စလုံး ဆိုင်ကယ် အက်စီးဒင့်ဖြစ်လို့ လက်နဲ့ ခြေထောက်မှာ ဒဏ်ရာ အနည်းအကျဉ်းစီ ရကြတယ်။ ဆေးခန်းကအပြန်လမ်းတစ်လျှောက် မိန်းမက ငိုရှိုက်လာရင်း.....

မိန်းမ။ ။ လက်က အရမ်းနာတာပဲ ယောက်ျားရယ်။ ကျွန်မကို နှိပ်ပေးပါဦး။
ယောက်ျား။ ။ ငါ့လက်လည်း နာနေတယ်လေကွာ။ မင်းချည်းပဲ နာတတ်သလိုပဲ..။
မိန်းမ။ ။ အိုး.. မိန်းမတွေက ပိုနာတတ်တယ်ဆိုတာ လူတိုင်းသိတယ်။ နာကျင်တဲ့အချိန် ဦးနှောက်ထဲက amygdalaက နာကျင်မှုကို ခံစားသတဲ့။ နာကျင်မှုကို ထိန်းချူပ်တဲ့ မောဖင်းဓါတ်က မိန်းမက ယောက်ျားထက် ၂ဆ ပိုလိုတယ်တဲ့ ရှင်..။ လသာည ပြောတာပဲ..။
ယောက်ျား။ ။ တော်ပြီ လာ.. နှိပ်ပေးမယ်။ နောက်ကို အဲဒီ လသာည ဘလော့ သွားမဖတ်နဲ့..။ (><)@#
(အဟိ. .. ကျွန်မပြောမိ အပြစ်ရှိ၏းD)

အားလုံးအတွက် ပျော်စရာ အားလပ်ရက်များဖြစ်ပါစေ..
လသာည ဖြစ်ပါတယ်..။

Saturday, June 5, 2010

အမြင်မှားတတ်တယ်-၂

စိတ်ပညာက ပုံရိပ်လေးတွေကို စုစုစည်းစည်းရလို့ သိမ်းတင်ထားဖို့ ဆုံးဖြတ်မိတယ်..။ စိတ်ဝင်စားစရာ အရမ်းကောင်းတယ်...။

အောက်ကပုံလေးကို မင်းဘာမြင်လဲဟင် !

GOOD လို့ ဖတ်မိတယ်ဟုတ်။ အဲလို ဖတ်မိရင် အဲလိုပဲ ကောင်းတယ်။ အဲလိုပဲ ဖတ်နော်။ မမှားဘူးသိလား...။ ဒါပေမယ့် EVIL လို့ မြင်သူရှိတယ်။ သူ့ကိုလည်း နားလည်ပေးလိုက်ပါ.. (အဖြူရောင်နဲ့ ပြန်ဖတ်ကြည့်ရင် EVIL လို့ မြင်နိုင်တယ်လေ..)

အောက်က ပုံမှာ စာလုံးတွေ ကြည့်ရတာ ခက်ပေမယ့် သေချာဖတ်ကြည့်လိုက်ရင် တစ်ခုခုရေးထားတာ တွေ့နိုင်တယ်။.


OPTICAL လို့ ..တွေ့လား..။ နောက်ထပ် သူ့နောက်ကွယ်မှာလည်း စာလုံးတွေ ကျန်သေးတယ် .။ သေချာကြည့်မှ မြင်နိုင်တယ်။ ရေးထားတာက ILLUSION တဲ့ .. ။ လောကကြီးမှာ optical illusion ဆိုတာတွေ အများကြီးရှိတယ်..။ အဲဒါတွေကြောင့် မိမိက မြင်တဲ့အမြင်(မိမိမျက်လုံးနဲ့ တပ်အပ်မြင်တာတွေ)ကိုပဲ တခြားသူက မှားတယ်လို့ ဝေဖန်ပြောလာစေတာပေါ့..

အောက်ကပုံက စာလုံးကိုလည်း ဖတ်ကြည့်ပါဦး ဘာမြင်လဲဟင်?

အပေါ်က စာလုံးဟာ TEACH မဟုတ်လား..။ “သင်ကြားသည်” တဲ့..။ သူ့အောက်မှာလည်း အရိပ်စာလုံး ရှိနေသေးတယ်။ သေချာစိုက်ပြီး ဖတ်ကြည့်လိုက်ပါဦး..။ .. LEARN တဲ့။ “လေ့လာပါ”တဲ့..။ ဒီတော့.. သူများကို သင်မယ်လို့ တွေးခါနီးတိုင်း ကိုယ်တိုင်လည်း လေ့လာသင်ယူထားတဲ့ အခြေခံ (အရိပ်)လည်း လိုတယ်ဆိုတာ သတိထားမိစေတဲ့ ပုံလေးပေါ့..

ဒီအောက်ဆုံးက ပုံမှာ အမြင်သာဆုံးက ME ဆိုတဲ့ စကားလုံးလေးပါ.. “ငါ့ကို”ဆိုတဲ့ အဓိပ္ပါယ်လေ..။

ဒါပေမယ့် သေချာကြည့်ရင် မြင်နိုင်တာ ရှိသေးတယ်.. YOU တဲ့.. “မင်းကို” ဆိုတဲ့ အဓိပ္ပါယ်ပေါ့..။ ငါ့ကို နားလည်ပါလို့ ပြောခါနီးတိုင်း မင်းကိုလည်း ငါနားလည်ပေးမိရဲ့လားဆိုတာကို သတိရမိစေတာပေါ့..နော်

လသာည.. ဖြစ်ပါတယ်..။
reference: http://www.dailycognition.com/

Friday, June 4, 2010

လွမ်းတဲ့ဖီလင်

ရှုပ်နေတဲ့ အလုပ်တွေ နည်းနည်းရှင်းသွားပြီဆိုတော့ ဒီနေ့တော့ အေးအေးဆေးဆေး အာလူးဖုတ်ချင်စိတ် ပေါက်တယ်။ တရင်းတနှီးပေါ့.. လက်ဖက်ရည်ဆိုင် ထောင့်တစ်ထောင့်မှာ သီချင်းအေးအေးလေး နားထောင်ရင်း စကားပြောသလိုမျိုးလေး...။

တမျိုးပဲ...။ အခုတလော အလုပ်တအားများတာကြောင့်လား.. စိတ်က မလန်းဘူး..။ ကော်ဖီတစ်ခွက်နဲ့ အမောဖြေလည်း မပြေဘူး..။ ခဏနားပြီး ထိုင်ငိုင်နေတိုင်း အရင်က အကြောင်းတွေ ပြန်ပြန်တွေးမိတယ်။ အရင်ကဆိုတာက ဟိုး.. ဘလော့စရေးတဲ့အချိန်တွေကိုပါ။

အဲဒီတုန်းက ပြောရရင် ဘလော့ရေးတဲ့ ရည်ရွယ်ချက်က မြန်မာစာရိုက်လေ့ကျင့်ချင်လို့လေ..။ မြန်မာစာကို လက်ကွက် မမှတ်မိလို့ မြန်မာစာလုံးလက်ကွက် ဇယားကို နံရံမှာကပ်လို့ လက်ညှိးနဲ့ တချက်ချင်း ရိုက်ခဲ့တာ။ ပြောရရင် အင်္ဂလိပ်လိုလည်း သိပ်မြန်မြန် မရိုက်နိုင်ခဲ့ပါဘူး...။

ဒီလိုနဲ့ စိတ်ထဲရှိရာလေးတွေ၊ နေ့စဉ်ကြုံသမျှတွေကို လျှောက်ရေးခဲ့တာပေါ့..။ အဲဒီတုန်းက အဓိက အားပေးသူ သူငယ်ချင်းလေး အနည်းအကျဉ်းရှိခဲ့တယ်။ သူတို့အားပေးပုံကို ပြန်ပြောရရင် ငယ်ငယ်တုန်းက လသာသာမှာ စကားဝိုင်းပြောသလိုမျိုးပါ..။

အညာက လသာညတို့ မြိုဆိုရင် ကွက်ပျစ်လို့ခေါ်တဲ့ ၀ါးစင်လေးတွေ အိမ်ရှေ့မှာ ရှိတာများတယ်။ ညဘက်လသာသာဆိုရင် အိမ်နားက နီးစပ်ရာ ကွက်ပျစ်မှာ လူကြီးက လူကြီးတစ်ဖွဲ့၊ ကလေးက ကလေးတစ်ဖွဲ့ စုပြီး စကားဝိုင်းဖွဲ့ကြတယ်။ (တကယ်တော့ ကလေးတွေက လသာသာမှာ မောနေအောင် အရင်ကစားကြတာပါ။ ကစားလို့ မောတော့မှ ကွက်ပျစ်ပေါ်မှာ စုပြီး ပါလာတဲ့မုန့်စား၊ ဆက်စကားပြောတာမျိုးပေါ့) ။ လူကြီးတွေက ရပ်ကြောင်းရွာကြောင်း၊ ရှေးဟောင်းနှောင်းဖြစ်ပြောရင် ကလေးအဖွဲ့တွေက မေးလေးထောက်လို့ သွားနားထောင်တဲ့အခါ ထောင်၊ မထောင်ချင်ရင် ကိုယ့်ဘာသာအစုလိုက် စကားပြောကြတယ်။

လူကြီးစကားဝိုင်းက အပြန်အလှန်ဆွေးနွေးလိုက် ငြင်းလိုက်ခုန်လိုက်နဲ့ ဆူညံနေသလို ကလေးဝိုင်းကလည်း ဆူညံနေခဲ့တယ်။ ကလေးတွေ စကားဝိုင်းဆူတာ လူကြီးတွေဆူတာနဲ့တော့ မတူဘူးပေါ့..။ ဆူရတာက ပြောသူများပြီး နားထောင်သူမရှိလို့ ကိုယ့်စကားကို ကျန်တဲ့သူ နားထောင်အောင် အော်ပြောနေကြလို့လေ။

တစ်ယောက်ယောက်က ကျောင်းကဆရာမအကြောင်း၊ သူ့အိမ်အကြောင်း၊ သရဲအကြောင်း ဒါမှမဟုတ် လူကြီးဝိုင်းက စကားကို ပြန်ပြောတဲ့အခါမျိုးမှာ ကျန်တစ်ယောက်ကလည်း သူပြောချင်တာကို ၀င်ပြောနေတတ်တာမျိုး။ တခါတခါ စကားတွေက ဆက်စပ်မှုမရှိဘူး..။ပြောတဲ့ အကြောင်းအရာကလည်း ဟိုရောက်ဒီရောက်။ နားထောင်ချင်တဲ့သူက နားထောင်၊ ကွက်ပျစ်ပေါ်မှာ လှဲရင်း အိပ်ပျော်တဲ့သူက အိပ်ပျော်သွားရော..။ ဒါပေမယ့် ပျော်စရာ ကောင်းတယ်။ ကလေးတွေစကားဝိုင်းက ငြင်းခုန်ရန်ဖြစ်လည်း ခဏပဲ..။ တစ်ယောက်နဲ့ တစ်ယောက် အတေးအမှတ်၊ အကောက်အချိတ် မရှိဘူး။ အချိန်တန် လည်ပင်းဖက် ကစားကြတာပါပဲ..။

အဲလိုမျိုးပဲ အဲဒီသူငယ်ချင်းတွေနဲ့ ဒီဘလော့မှာ စကားဝိုင်းဖွဲ့ခဲ့တယ်။ သူတို့က ကိုယ်ရေးတာကို ဖတ်ပေမယ့် တခါတခါမှ ကွန်မန့်ဆိုတာ ကြားရတယ်။ များသောအားဖြင့်တော့ စီဘောက်မှာ သူ့အကြောင်းကိုယ့်အကြောင်းပြော ပြီး တန်းပြန်ကြလို့ တခါတခါ အော်ရတယ်။ “ဟေ့ကောင်တွေ ငါ့ပိုစ်လေးတော့ ဖတ်ပြီး ကွန့်မန့်ပေးပါဦး”လို့ (“ဟေ့ကောင်” ဆိုတာက တအားချစ်တဲ့သူတွေမို့ တမင်ခေါ်တာပါ။) ဒါပေမယ့် သိနေပါတယ်။ ကိုယ်ဘယ်လိုပြောပြော ကိုယ့်ကို အားပေးစကားကလွဲရင် သူတို့ ပြောကြလိမ့်မယ် မဟုတ်ဖူးဆိုတာ..။ သူတို့က ကိုယ့်ဘလော့ထက် ကိုယ့်ကိုချစ်လို့ အားပေးသူတွေပါ။

တခါတော့ သူတို့က ကိုယ့်ကို မြှောက်ပေးတယ် အဲ... တောင်းဆိုလာခဲ့တယ်။ အဲဒါက “စိတ်ပညာ”အကြောင်းတွေ ရေးပါလား။ စိတ်ပညာအကြောင်း ရေးတာ ဖတ်ကောင်းတယ်တဲ့။ ဟိုဟိုဒီဒီ လျှောက်ရေးတာထက် စာရင် သူတို့စိတ်ဝင်စားတာလေး ရေးချင်စိတ်ပေါက်သွားတယ်။ ဒါနဲ့ ကိုယ်သိတာလေးတွေကို ရေးဖြစ်သွားတယ်ဆိုပါတော့..။ စိတ်ပညာဆိုတဲ့ ခေါင်းစဉ်တွေနဲ့...။ (စကားမစပ် လသာညက ပညာရေးစိတ်ပညာကို လေ့လာနေတဲ့ ကျောင်းသူပါ)..။

တကယ်တော့ ကျောင်းမှာလည်း ဒီအကြောင်း၊ ဘလော့မှာလည်း ဒီအကြောင်းဆိုရင် လူက ကျောင်းစာထဲက မထွက်သလို ခံစားရတာရော၊ ကျောင်းစာထဲကအတိုင်း ရေးရင် သူတို့လည်း ပျင်းသွားမယ်လို့ တွေးမိရောနဲ့၊ ရေးတဲ့အခါ စကားပြောသလို ဟိုး.. ကလေးဘ၀က လသာသာ ကွက်ပျစ်ပေါ်မှာ စကားပြောသလို ပြောပုံမျိုးနဲ့ ပြောဖြစ်တယ်။ သူငယ်ချင်းတွေကို ဦးတည်ရေးတာဆိုတော့ နောက်ဆုံးမှာ ဒီလိုဖြစ်တတ်တယ်တဲ့၊ အဲလိုမလုပ်ကြနဲ့နော်လို့ နောက်ပြောင်သလိုလို အတည်လိုလိုနဲ့ ဆရာကြီးလုပ်ပြီး အဆုံးသတ်ဖြစ်တယ်။ (ဆရာကြီးလေသံနဲ့ ...း)) ။ သူတို့က တခြားမေဂျာမှာ (ပြောရရင်) အားလုံးက လသာညထက်အတန်းကြီးသူတွေဖြစ်ပေမယ့် လသာညရဲ့ ဆရာကြီးလေသံကို စိတ်မဆိုးခဲ့ဘူးရယ်..။ အရမ်းကို ချစ်ဖို့ ကောင်းတဲ့သူတွေပါ။ သူတို့ကို ချစ်လွန်းလို့ နာမည်တောင် ပေးထားသေးတယ်.. မူလလက်ဟောင်း သူငယ်ချင်းများလို့..း))

(ဒါနဲ့ ကြားဖြတ်ပြီး သတိရလို့ ပြောရရင် လသာညရဲ့ “စိတ်ပညာ”ဆိုတဲ့ ခေါင်းစဉ်ပါ ပိုစ်တွေကို တခြားနေရာတွေမှာ ဖော်ပြထားတာကို တွေ့ရတယ်။ အခုလို လသာညဆီကနေ ကူးယူပြီး တခြားသူတွေကို ပြန်ပြီး ဆက်လက်မျှဝေပေးသူတွေကို ကျေးဇူးအများကြီး တင်မိပါတယ်။ စိတ်လည်း လုံးဝမဆိုးပါဘူး..။ ကိုယ်ကလည်း ကိုယ်သိတာလေးကို တခြားသူတွေကို မျှဝေချင်စိတ်ရှိပါတယ်။ တစ်ခုပဲ.. သူတို့ကို တောင်းပန်ချင်တာ ရှိတယ်။ ရေးထားတာ အားလုံးဟာ ကိုးကားလောက်အောင် မခိုင်လုံဘူးဆိုတဲ့အချက်ပါ.။ ဘာဖြစ်လို့လည်းဆိုတော့ လသာညဟာ စာသင်သား၊ ကျောင်းသားပဲ ရှိသေးတယ်။ ပညာပြည့်ဝသူ မဟုတ်သေးဘူးရယ်..။ အမှားရှိနိုင်တယ်လေ။ ဒါကြောင့် ဆက်လေ့လာချင်ရင် ပိုစ်အောက်က referenceတွေကို ဆက်လက်ဖတ်ပါလို့..ပြောချင်တာပါပဲ။

နောက်ပြီး ရေးသူ လသာည လို့ ဖော်ပြပေးပါလို့လည်း အနှုးအညွှတ် တောင်းပန်ချင်သေးတယ်။ ပို့စ်မှာ အမှားရှိရင် ရေးသူ လသာညကိုယ်တိုင်က အရေးမှားတာမို့လို့ အမှားကို လသာညက တာဝန်ယူလို့ ရအောင်လို့ပါ နော်။ လသာညက ကိုယ်ရေးတယ်ဆိုတာကို ဖတ်သူ သိစေချင်တာနဲ့ ပိုစ်တိုင်းအောက်မှာ “လသာည ဖြစ်ပါတယ်”လို့ ရေးတတ်တာကို ကူးသူက အဲဒီစာကြောင်းလေး တမင်ချန်ထားခဲ့တယ် အံ့ဖွယ့်းD.။ ဒါနဲ့ပဲ အခု ပိုစ်ထဲမှာပါ “လသာညက”လို့ ထည့်ရေးဖြစ်သွားတယ်။ အဲဒါတော့ အလုပ်ရှုပ်ခံပြီး မဖျက်ဘူးထင်တာပဲ.. :)

ဆောရီး..။ စကားက ဟိုရောက်ဒီရောက်ရယ်..။ ဒါကြောင့် ပြောသားပဲ..။ အေးအေးဆေးဆေး အာလူးဖုတ်တာလို့ ..။ ပြန်ကောက်မှ စကားက ဘယ်ရောက်သွားပြီလဲ..။ အော်.. အရင်တုန်းက အကြောင်းလေးကို ပြန်လွမ်းလွမ်းဆွတ်ဆွတ်ပြောနေတာ..။ ဟုတ်တယ်... အတိတ်ဆိုတာ အတိတ်ပဲဆိုတော့ လွမ်းလွမ်းဆွေးဆွေးပဲ ပြောနိုင်တော့တယ်..။ အင်း.. ဒါနဲ့ လွမ်းရတဲ့ဖီလင်က တခါတခါ လူကို နှုးညံ့စေတယ်ဆို.. ။ မဖြစ်နိုင်ဘူး.. လွမ်းစိတ်က လူကို စိတ်ဓါတ်ကျစေတယ်လို့ပဲ သတ်မှတ်တယ်။ လူက ရင့်ကျက်သင့်ပြီလို့ တွေးနေပေမယ့် စိတ်က ကလေးစကားဝိုင်းကိုပဲ လွမ်းလွမ်းနေခဲ့တယ်။ ဒါပေမယ့် အဲဒါတွေက ..အတိတ်မှာ တကယ်ကျန်ခဲ့ပြီ ..။ မရနိုင်တော့ဘူး..။ ဒီတော့ ကော်ဖီတစ်ခွက်နဲ့ လွမ်းတဲ့ဖီလင်ကို အဆုံးသတ်တာပဲ ကောင်းတယ် မဟုတ်လား..နော် သူငယ်ချင်း ။



နားထောင်ပေးသွားတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်..။ ကော်ဖီလေး သောက်သွားပါဦး.။ ကော်ဖီတောင် အေးသွားပြီလား သိဘူး..ဆောရီး......။

လသာည ( ၃- ၆- ၂၀၁၀)