Friday, June 4, 2010

လွမ်းတဲ့ဖီလင်

ရှုပ်နေတဲ့ အလုပ်တွေ နည်းနည်းရှင်းသွားပြီဆိုတော့ ဒီနေ့တော့ အေးအေးဆေးဆေး အာလူးဖုတ်ချင်စိတ် ပေါက်တယ်။ တရင်းတနှီးပေါ့.. လက်ဖက်ရည်ဆိုင် ထောင့်တစ်ထောင့်မှာ သီချင်းအေးအေးလေး နားထောင်ရင်း စကားပြောသလိုမျိုးလေး...။

တမျိုးပဲ...။ အခုတလော အလုပ်တအားများတာကြောင့်လား.. စိတ်က မလန်းဘူး..။ ကော်ဖီတစ်ခွက်နဲ့ အမောဖြေလည်း မပြေဘူး..။ ခဏနားပြီး ထိုင်ငိုင်နေတိုင်း အရင်က အကြောင်းတွေ ပြန်ပြန်တွေးမိတယ်။ အရင်ကဆိုတာက ဟိုး.. ဘလော့စရေးတဲ့အချိန်တွေကိုပါ။

အဲဒီတုန်းက ပြောရရင် ဘလော့ရေးတဲ့ ရည်ရွယ်ချက်က မြန်မာစာရိုက်လေ့ကျင့်ချင်လို့လေ..။ မြန်မာစာကို လက်ကွက် မမှတ်မိလို့ မြန်မာစာလုံးလက်ကွက် ဇယားကို နံရံမှာကပ်လို့ လက်ညှိးနဲ့ တချက်ချင်း ရိုက်ခဲ့တာ။ ပြောရရင် အင်္ဂလိပ်လိုလည်း သိပ်မြန်မြန် မရိုက်နိုင်ခဲ့ပါဘူး...။

ဒီလိုနဲ့ စိတ်ထဲရှိရာလေးတွေ၊ နေ့စဉ်ကြုံသမျှတွေကို လျှောက်ရေးခဲ့တာပေါ့..။ အဲဒီတုန်းက အဓိက အားပေးသူ သူငယ်ချင်းလေး အနည်းအကျဉ်းရှိခဲ့တယ်။ သူတို့အားပေးပုံကို ပြန်ပြောရရင် ငယ်ငယ်တုန်းက လသာသာမှာ စကားဝိုင်းပြောသလိုမျိုးပါ..။

အညာက လသာညတို့ မြိုဆိုရင် ကွက်ပျစ်လို့ခေါ်တဲ့ ၀ါးစင်လေးတွေ အိမ်ရှေ့မှာ ရှိတာများတယ်။ ညဘက်လသာသာဆိုရင် အိမ်နားက နီးစပ်ရာ ကွက်ပျစ်မှာ လူကြီးက လူကြီးတစ်ဖွဲ့၊ ကလေးက ကလေးတစ်ဖွဲ့ စုပြီး စကားဝိုင်းဖွဲ့ကြတယ်။ (တကယ်တော့ ကလေးတွေက လသာသာမှာ မောနေအောင် အရင်ကစားကြတာပါ။ ကစားလို့ မောတော့မှ ကွက်ပျစ်ပေါ်မှာ စုပြီး ပါလာတဲ့မုန့်စား၊ ဆက်စကားပြောတာမျိုးပေါ့) ။ လူကြီးတွေက ရပ်ကြောင်းရွာကြောင်း၊ ရှေးဟောင်းနှောင်းဖြစ်ပြောရင် ကလေးအဖွဲ့တွေက မေးလေးထောက်လို့ သွားနားထောင်တဲ့အခါ ထောင်၊ မထောင်ချင်ရင် ကိုယ့်ဘာသာအစုလိုက် စကားပြောကြတယ်။

လူကြီးစကားဝိုင်းက အပြန်အလှန်ဆွေးနွေးလိုက် ငြင်းလိုက်ခုန်လိုက်နဲ့ ဆူညံနေသလို ကလေးဝိုင်းကလည်း ဆူညံနေခဲ့တယ်။ ကလေးတွေ စကားဝိုင်းဆူတာ လူကြီးတွေဆူတာနဲ့တော့ မတူဘူးပေါ့..။ ဆူရတာက ပြောသူများပြီး နားထောင်သူမရှိလို့ ကိုယ့်စကားကို ကျန်တဲ့သူ နားထောင်အောင် အော်ပြောနေကြလို့လေ။

တစ်ယောက်ယောက်က ကျောင်းကဆရာမအကြောင်း၊ သူ့အိမ်အကြောင်း၊ သရဲအကြောင်း ဒါမှမဟုတ် လူကြီးဝိုင်းက စကားကို ပြန်ပြောတဲ့အခါမျိုးမှာ ကျန်တစ်ယောက်ကလည်း သူပြောချင်တာကို ၀င်ပြောနေတတ်တာမျိုး။ တခါတခါ စကားတွေက ဆက်စပ်မှုမရှိဘူး..။ပြောတဲ့ အကြောင်းအရာကလည်း ဟိုရောက်ဒီရောက်။ နားထောင်ချင်တဲ့သူက နားထောင်၊ ကွက်ပျစ်ပေါ်မှာ လှဲရင်း အိပ်ပျော်တဲ့သူက အိပ်ပျော်သွားရော..။ ဒါပေမယ့် ပျော်စရာ ကောင်းတယ်။ ကလေးတွေစကားဝိုင်းက ငြင်းခုန်ရန်ဖြစ်လည်း ခဏပဲ..။ တစ်ယောက်နဲ့ တစ်ယောက် အတေးအမှတ်၊ အကောက်အချိတ် မရှိဘူး။ အချိန်တန် လည်ပင်းဖက် ကစားကြတာပါပဲ..။

အဲလိုမျိုးပဲ အဲဒီသူငယ်ချင်းတွေနဲ့ ဒီဘလော့မှာ စကားဝိုင်းဖွဲ့ခဲ့တယ်။ သူတို့က ကိုယ်ရေးတာကို ဖတ်ပေမယ့် တခါတခါမှ ကွန်မန့်ဆိုတာ ကြားရတယ်။ များသောအားဖြင့်တော့ စီဘောက်မှာ သူ့အကြောင်းကိုယ့်အကြောင်းပြော ပြီး တန်းပြန်ကြလို့ တခါတခါ အော်ရတယ်။ “ဟေ့ကောင်တွေ ငါ့ပိုစ်လေးတော့ ဖတ်ပြီး ကွန့်မန့်ပေးပါဦး”လို့ (“ဟေ့ကောင်” ဆိုတာက တအားချစ်တဲ့သူတွေမို့ တမင်ခေါ်တာပါ။) ဒါပေမယ့် သိနေပါတယ်။ ကိုယ်ဘယ်လိုပြောပြော ကိုယ့်ကို အားပေးစကားကလွဲရင် သူတို့ ပြောကြလိမ့်မယ် မဟုတ်ဖူးဆိုတာ..။ သူတို့က ကိုယ့်ဘလော့ထက် ကိုယ့်ကိုချစ်လို့ အားပေးသူတွေပါ။

တခါတော့ သူတို့က ကိုယ့်ကို မြှောက်ပေးတယ် အဲ... တောင်းဆိုလာခဲ့တယ်။ အဲဒါက “စိတ်ပညာ”အကြောင်းတွေ ရေးပါလား။ စိတ်ပညာအကြောင်း ရေးတာ ဖတ်ကောင်းတယ်တဲ့။ ဟိုဟိုဒီဒီ လျှောက်ရေးတာထက် စာရင် သူတို့စိတ်ဝင်စားတာလေး ရေးချင်စိတ်ပေါက်သွားတယ်။ ဒါနဲ့ ကိုယ်သိတာလေးတွေကို ရေးဖြစ်သွားတယ်ဆိုပါတော့..။ စိတ်ပညာဆိုတဲ့ ခေါင်းစဉ်တွေနဲ့...။ (စကားမစပ် လသာညက ပညာရေးစိတ်ပညာကို လေ့လာနေတဲ့ ကျောင်းသူပါ)..။

တကယ်တော့ ကျောင်းမှာလည်း ဒီအကြောင်း၊ ဘလော့မှာလည်း ဒီအကြောင်းဆိုရင် လူက ကျောင်းစာထဲက မထွက်သလို ခံစားရတာရော၊ ကျောင်းစာထဲကအတိုင်း ရေးရင် သူတို့လည်း ပျင်းသွားမယ်လို့ တွေးမိရောနဲ့၊ ရေးတဲ့အခါ စကားပြောသလို ဟိုး.. ကလေးဘ၀က လသာသာ ကွက်ပျစ်ပေါ်မှာ စကားပြောသလို ပြောပုံမျိုးနဲ့ ပြောဖြစ်တယ်။ သူငယ်ချင်းတွေကို ဦးတည်ရေးတာဆိုတော့ နောက်ဆုံးမှာ ဒီလိုဖြစ်တတ်တယ်တဲ့၊ အဲလိုမလုပ်ကြနဲ့နော်လို့ နောက်ပြောင်သလိုလို အတည်လိုလိုနဲ့ ဆရာကြီးလုပ်ပြီး အဆုံးသတ်ဖြစ်တယ်။ (ဆရာကြီးလေသံနဲ့ ...း)) ။ သူတို့က တခြားမေဂျာမှာ (ပြောရရင်) အားလုံးက လသာညထက်အတန်းကြီးသူတွေဖြစ်ပေမယ့် လသာညရဲ့ ဆရာကြီးလေသံကို စိတ်မဆိုးခဲ့ဘူးရယ်..။ အရမ်းကို ချစ်ဖို့ ကောင်းတဲ့သူတွေပါ။ သူတို့ကို ချစ်လွန်းလို့ နာမည်တောင် ပေးထားသေးတယ်.. မူလလက်ဟောင်း သူငယ်ချင်းများလို့..း))

(ဒါနဲ့ ကြားဖြတ်ပြီး သတိရလို့ ပြောရရင် လသာညရဲ့ “စိတ်ပညာ”ဆိုတဲ့ ခေါင်းစဉ်ပါ ပိုစ်တွေကို တခြားနေရာတွေမှာ ဖော်ပြထားတာကို တွေ့ရတယ်။ အခုလို လသာညဆီကနေ ကူးယူပြီး တခြားသူတွေကို ပြန်ပြီး ဆက်လက်မျှဝေပေးသူတွေကို ကျေးဇူးအများကြီး တင်မိပါတယ်။ စိတ်လည်း လုံးဝမဆိုးပါဘူး..။ ကိုယ်ကလည်း ကိုယ်သိတာလေးကို တခြားသူတွေကို မျှဝေချင်စိတ်ရှိပါတယ်။ တစ်ခုပဲ.. သူတို့ကို တောင်းပန်ချင်တာ ရှိတယ်။ ရေးထားတာ အားလုံးဟာ ကိုးကားလောက်အောင် မခိုင်လုံဘူးဆိုတဲ့အချက်ပါ.။ ဘာဖြစ်လို့လည်းဆိုတော့ လသာညဟာ စာသင်သား၊ ကျောင်းသားပဲ ရှိသေးတယ်။ ပညာပြည့်ဝသူ မဟုတ်သေးဘူးရယ်..။ အမှားရှိနိုင်တယ်လေ။ ဒါကြောင့် ဆက်လေ့လာချင်ရင် ပိုစ်အောက်က referenceတွေကို ဆက်လက်ဖတ်ပါလို့..ပြောချင်တာပါပဲ။

နောက်ပြီး ရေးသူ လသာည လို့ ဖော်ပြပေးပါလို့လည်း အနှုးအညွှတ် တောင်းပန်ချင်သေးတယ်။ ပို့စ်မှာ အမှားရှိရင် ရေးသူ လသာညကိုယ်တိုင်က အရေးမှားတာမို့လို့ အမှားကို လသာညက တာဝန်ယူလို့ ရအောင်လို့ပါ နော်။ လသာညက ကိုယ်ရေးတယ်ဆိုတာကို ဖတ်သူ သိစေချင်တာနဲ့ ပိုစ်တိုင်းအောက်မှာ “လသာည ဖြစ်ပါတယ်”လို့ ရေးတတ်တာကို ကူးသူက အဲဒီစာကြောင်းလေး တမင်ချန်ထားခဲ့တယ် အံ့ဖွယ့်းD.။ ဒါနဲ့ပဲ အခု ပိုစ်ထဲမှာပါ “လသာညက”လို့ ထည့်ရေးဖြစ်သွားတယ်။ အဲဒါတော့ အလုပ်ရှုပ်ခံပြီး မဖျက်ဘူးထင်တာပဲ.. :)

ဆောရီး..။ စကားက ဟိုရောက်ဒီရောက်ရယ်..။ ဒါကြောင့် ပြောသားပဲ..။ အေးအေးဆေးဆေး အာလူးဖုတ်တာလို့ ..။ ပြန်ကောက်မှ စကားက ဘယ်ရောက်သွားပြီလဲ..။ အော်.. အရင်တုန်းက အကြောင်းလေးကို ပြန်လွမ်းလွမ်းဆွတ်ဆွတ်ပြောနေတာ..။ ဟုတ်တယ်... အတိတ်ဆိုတာ အတိတ်ပဲဆိုတော့ လွမ်းလွမ်းဆွေးဆွေးပဲ ပြောနိုင်တော့တယ်..။ အင်း.. ဒါနဲ့ လွမ်းရတဲ့ဖီလင်က တခါတခါ လူကို နှုးညံ့စေတယ်ဆို.. ။ မဖြစ်နိုင်ဘူး.. လွမ်းစိတ်က လူကို စိတ်ဓါတ်ကျစေတယ်လို့ပဲ သတ်မှတ်တယ်။ လူက ရင့်ကျက်သင့်ပြီလို့ တွေးနေပေမယ့် စိတ်က ကလေးစကားဝိုင်းကိုပဲ လွမ်းလွမ်းနေခဲ့တယ်။ ဒါပေမယ့် အဲဒါတွေက ..အတိတ်မှာ တကယ်ကျန်ခဲ့ပြီ ..။ မရနိုင်တော့ဘူး..။ ဒီတော့ ကော်ဖီတစ်ခွက်နဲ့ လွမ်းတဲ့ဖီလင်ကို အဆုံးသတ်တာပဲ ကောင်းတယ် မဟုတ်လား..နော် သူငယ်ချင်း ။



နားထောင်ပေးသွားတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်..။ ကော်ဖီလေး သောက်သွားပါဦး.။ ကော်ဖီတောင် အေးသွားပြီလား သိဘူး..ဆောရီး......။

လသာည ( ၃- ၆- ၂၀၁၀)

23 comments:

Anonymous said...

ကော်ဖီမကြိုက်ပေမဲ့ လသာညပြောတာတွေ လာနားထောင်သွားတယ်။
ငယ်ငယ်က သိပ်ပျော်ခဲ့မှာပဲနော်။

ကိုယ်တို့ကတော့ ဖားသားကြီးနဲ့ ကြီးဒေါ်တွေပြောတဲ့ပုံပြင်တွေ ဇာတ်တော်တွေ တရားတွေနဲ့ပဲ ကြီးခဲ့ရတာ..။ဒါပေမဲ့ ပုံပြင်နားထောင်ရတာ သိပ်ကြိုက်တယ်။ ခုချိန်ထိ ပဲ။ လွမ်းထှာ့.... ဟီးးး..သူ့ကို..။

မြတ်နိုး

ဂျူနို said...

ကွပ်ပျစ် စကားဝိုင်း မအယ်လည်း လွမ်းတယ်။ ငါးခြောက်ဖုတ်လေး ဆီဆမ်း၊ လက်ဘက်သုတ်လေး၊ ပြောင်းဖူး ပြုတ် မုန့်ဖက်ထုတ် အို စားစရာလည်း ပေါမှ ပေါပဲ။ တစွတ်စွတ်စား စကားတွေလည်း တတွတ်တွတ် ပြော တကယ် ပျော်စရာကြီး။


မအယ်

ရွှေရတုမှတ်တမ်း said...

ကွပ်ပျစ်ပေါ်ထိုင်ပြီး သရဲကြောင်းပြောကြ
ဖုတ်(ဖုံ) ထဲလူးလိုက်လှိမ့်လိုက်ဆော့လိုက်..
လွမ်းမိပါသေး...

မယ့်ကိုး said...

ချစ်မလေးစာဖတ်ပြီး မယ်လည်း ရင့်ဖွင့်ချင်တယ်။ မယ့်စာဖတ်သူတစ်ယောက် မယ့်စာကို copy ကူးလို့မရအောင်လုပ်ထားလို့ အဆင်မပြေဘူးလို့ ပြောသွားပါတယ်။

ဒီထက်ဆိုးတာက ညီမလိုချစ်တဲ့ စာဖတ်သူတစ်ယောက်ကတော့ copy ကူးခွင့်မပေးတဲ့အတွက် မယ်က သဘောထားသေးသိမ်တယ်လို့ ဆိုတဲ့အတွက် အလွန်အမင်းဝမ်းနည်းခဲ့ရပါတယ်။

တကယ်တော့ ချစ်မလေးရယ်။ မယ်တို့က မယ်တို့စာတွေ ဖတ်ပေးတာ မျှဝေပေးတာ အတွက် ကျေးဇူးအထူးတင်နေပြီးသားပါ။ တရားဝင်စာပြီးနောက်မှာ
(magazine စာမျက်နှာပေါ်ရောက်ပြီးတဲ့နောက်မှာ ) စာတွေကို ဘယ်သူက ယူယူ နာမည်ဘယ်လိုပဲ ပြောင်းတပ်တပ် နည်းနည်းမှ စိတ်ထဲမှာတင် အရေးတယူရှိမှာ မဟုတ်ပါဘူး။ အခုလိုအချိန်မှာ ဒါလိုလေး ပြောမိတာကို မျှဝေချင်တဲ့ သူတွေ စာနာနားလည်ပေးပါလို့ ဆုတောင်းချင်တာပါပဲ။

ရင်ဖွင့်တာလည်း တော်တော်များသွားတယ်။ :D ။ ကော်ဖီသီချင်းနားထောင်ပြီး။ ချစ်မလေးနဲ့ တစ်နေ့ကော်ဖီသောက်ရဖို့ စိတ်ကူးယဉ်သွားပါတယ် =)

လသာည said...

မြတ်နိုး.. ဟုတ်တယ်.။ ငယ်ငယ်က တအားကို ပျော်ခဲ့ရတယ်။ မြတ်နိုးက သူ့ကို လွမ်းနေတာလား..။ ကဲ အလွမ်းများဝေးစေသတည်း...နော်။

မမအယ်.ထပ်ပြောပြမှ တအားလွမ်းလာပြီ။ ဟုတ်ပ.. ပျော်စရာကြီးနော်။ တခါတခါ ကောက်ညှင်းကျဉ်တောက် လို့ ခေါ်တဲ့ တင်းဝါးကျည်တောက်တွေကို ဖုတ်ပြီး မီးဖိုဘေးမှာ ၀ိုင်းစားရသေးတာ..။

ဘကျောက်..>> သရဲအကြောင်းကို ပြောပြီး မပြန်ရဲလို့ အုပ်စုလိုက် သူ့ပို့ ကိုယ့်ပို့ လုပ်ရတာကို တကယ်လွမ်းတယ်း))

မယ်ကိုး..>> အဲလိုမျိုး ပြောသူရှိတာလား..။ အော် စိတ်မကောင်းဘူးရယ်။ မယ်ခံစားချက်ကို အစ်မ ထပ်တူ ကောင်းကောင်းခံစားမိတယ်။ အေးကွာ.. ရေးသူရဲ့ သဘောထားနဲ့ ကူးသူရဲ့ သဘောထားက ထပ်တူမဖြစ်တဲ့အခါ နားလည်မှုလွဲတာတွေကို တောင်းပန်ရုံကလွဲပြီး တတ်နိုင်ဘူးရယ်.. နော် :D

ကော်ဖီသောက် လာခဲ့ပါ..မယ်ရယ်.။ အစ်မလည်း မယ်နဲ့ ကော်ဖီသောက်ရင်း စကားတွေ အများကြီး ပြောချင်တာ..။ တကယ်လို့ မယ်လာတဲ့အချိန် အစ်မ ဂျပန်မှာ မရှိခဲ့ရင် အစ်မသူငယ်ချင်းတွေနဲ့ အပ်ထားခဲ့မယ်လေ။ သူတို့ တအားသဘောကောင်းတယ်။ မယ်တွေ့ရင် ချစ်သွားမှာသေချာတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မယ်နဲ့ တနေရာရာမှာ ဆုံချင်သေးတယ်..

SHWE ZIN U said...

လသာည ရေ

စိတ်ပညာ ကျောင်းသူ ဆိုတော့ နောက် မေးစရာရှိတာ မေးအုန်းမယ်နော်

လသာသာမှာ အားလုံး စကားဝိုင်းဖွဲ့ လက်ဖက်သုတ်လေး ရှုးရူး ရှဲရှဲ နဲ့စား ရောက်တတ်ရာရာ တွေပြော သရဲအကြောင်းနဲ့ ဇာတ်သိမ်း သိမ်း သွားတာ သတိရတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး ဖြစ်ပါတယ်

မူလလက်ဟောင်း နံပါတ် ၂ said...

အမန့်ကောင်းလို့ ကလေးဝိုင်းမှာ အပြင်က လူကြီးတွေနဲ့ မူလလက်ဟောင်းတစ်ယောက် က နပမ်း ထ မလုံးတလုံးဖြစ်ရတာလဲ လွမ်းပါ့ လတာညရယ်။... လာချောင်းနေတာပဲ..... ခင်မင် ရင်းနှီးမှု ဆိုတာ စိတ်နဲ့ပဲ သက်ဆိုင်ပါတယ်။ ... မေတ္တာ ဆိုတာ ရောင်ပြန်ရှိသတဲ့.... လသာည ခံစားလို့ရမှာပါ။ မူလလက်ဟောင်းများရဲ့ မေတ္တာကို။.. မခံစားရရင် မရှိဖူးလို့ မှတ်လို့ရတာရော်.... ခံစားရရင် ရှိနေလို့ပေါ့။...

sonata-cantata said...

စကားဝိုင်းဆို မသီတာလည်း ပါမယ်။
ဒီက အားကြီး စကားများတာ...
သီချင်းနားထောင်သွားတယ်။
လက်ဖက်ရည် ကော်ဖီ မတည့်လို့ သောက်လို့မရပေမဲ့ သယ်ရင်းတွေနဲ့မို့ တခွက်တဖလားချတယ်ကွာ

sosegado said...

ဖတ်ရင်းနဲ့ ကော်ဖီအေးသွားပါတယ်၊ ကော်ဖီကြိုက်တဲ့သူကို လွမ်းတဲ့ သီချင်းနားထောင်သွားပါတယ်၊

Anonymous said...

ကော်ဖီသောက်ရင်းနဲ့ နားထောင် သွားတယ်နော်.. :)

သိင်္ဂါကျော်

ရွှေအိ said...

အရင် အမဘလော့ စရေးတုန်းက

ခုန်ပေါက်မတတ် ပျော်ခဲ့ ကြတဲ့ အချိန်တွေကို ပြန်တွေးမိတယ်...

စီဘောက်မှာ အချင်းချင်းတွေ့ ရင် ရန် ဖြစ်ရတာအမော..
အမပို့ စ်လေးအသစ်တင်လိုက်ပြီဆိုရင် ၀မ်းတွေသာလို့ ...

အမှတ်ရဆုံးက ဓာတ်ပုံရိုက်တဲ့ နေရာမှာနေရာယူတာနဲ့ ပတ်သက်တဲ့ ပို့ စ်လေးပဲ

ကိုယ်နဲ့ ရင်းနှီးတဲ့ သုတွေက ငါနဲ့ ပတ်သက်ပြီးဘယ်လို တွေများ ပြောကြမလဲ လို့ ...တော်တော်ရီခဲ့ ရတယ်။

အိစံတို့ ကို ပျော်ရွှင်တဲ့ ခံစားမှုတွေပေးခဲ့ တဲ့ လသာည .......ချမ်းမြေ့ ပါစေ။

လွမ်းလို့ ကျန်ရစ်မှာကိုအားနာပါတယ်လေ...ဇာတ်ကားရှိတယ်လို့ ပြောတာပါ။

သူငယ်ချင်းကျောနံပါတ်ရှစ်

ကျော်နှင်းဆီလွင် said...

မညရေ
မညပြောမှ ပြန်သတိရမိတယ်
လွန်ခဲ့တဲ့ ၃နှစ်လောက်က အခြားအမည်တခုနဲ့ညီမဘလော့ဂ်လေးမှာ ဆရာဖေမြင့်ရဲ့စာလေးကိုကိုးကားပြီး ကိုယ့်ခံစားချက်ကို ဖွင့်ဟဖူးတာပေါ့။
အဲလိုနဲ့ဒီတခါ ပို့စ်ခေါင်းစဉ်နဲ့ပြန်ရှာကြည့်တော့ အခြားကောင်မလေးတယောက်ရဲ့ဘလော့ဂ်ပေါ်မှာပါ အဲဒီပို့စ်လေးသွားတွေ့တယ်
စာကြောင်းလေးတွေဆုံးတဲ့အခါချထားတဲ့အစက်လေးတွေအရေတွက်ကအစ မလွဲရအောင် တသွေမတိမ်းကူးပြီး တင်ထားခဲ့တာပေါ့ သဘောတကျနဲ့ပြုံးလိုက်မိတယ် ငါရေးတာ သူအဲလောက်ထိကြိုက်သွားတာပဲလို့ ကူးဖော်ပြတယ်ဆိုတည်းက အသိဥာဏ်တိမ်လို့ လို့ ယူဆပါတယ်။ ဒါကြောင့် စိတ်ထဲမထားပါနဲ့ မက ယဉ်ကျေးစွာ တာဝန်သိတတ်စွာ ဘယ်လိုပဲရှင်းပြပေမဲ့လည်း သူတို့ကတော့ နားလည်ပေးနိုင်မှာမဟုတ်ဘူး မမယ်ကိုးလည်းထို့အတူပေါ့
ဒါကြောင့် သိပ်မခံစားပါနဲ့လို့
ချစ်သောအမတွေ ပျော်ရွှင်ပါစေနော်
;)

ကျဆိမ့် said...

အမရေ ကော်ဖီလေးကိုသောက်ပြီး စာလေးကိုဖတ်ခါ သီချင်းနားထောင်သွားပါတယ် ခင်တဲ...

Anonymous said...

အမ....။
တြိရိချောင်းလေးထဲက ရေတွေကအမြဲမပြတ်စီးဆင်းနေခဲ့တယ်။
ခုလဲပဲစီးဆင်းနေဆဲပဲ။ ပြောခဲ့ဘူးတာ မှတ်မိခဲ့ရင်ပေါ့..။
ကလေးစကားဝိုင်းလေးက အမဝိုင်းချင်တဲ့နေရာ ဟုတ်ချင်မှ ဟုတ်ပေမယ့် အဲဒီကလေးလေးတွေ တိတ်တိတ်လေး လူကြီးတွေ မသိအောင် စုကြတဲ့ ချစ်စရာနေရာလေးရှိပါတယ်။ အဲဒါလေးက တစ်ကြောင်း၊ အော်ဟစ်ဆူညံဖို့ နေရာ မရှိတာကြောင့်ပါ။
ချစ်လျှက် ချစ်မြဲ ချစ်နေဦးမယ့်..။
ကျောနံပါတ် (၁)

pps said...

မဆီမဆိုင်ကျောနံပတ်၉ကိုအမှတ်ရမိတယ်.....
စကားနိုင်လုဖက်တွေလေ.....

ပထမဆုံးcommentပေးဖူးတဲ့..ဘလော့လေးအဖြစ်..
အမြဲ...သတိရနေမှာပါ(သီချင်းမဟုတ်ပါ...း)

chindwinthu said...

စာဖတ်ရင်းနဲ့ငယ်ဘ၀လေးကိုလွမ်းမိတယ်...။

Anonymous said...

ကျွန်တော်ကရော မူလလက်ဟောင်းဟုတ်ဖူးတဲ့လား


စာဖတ်ပိတ်သတ်လေး..

လသာည said...

အားလုံးကို ကျေးဇူးတင်ပါတယ်..။ လွမ်းတဲ့ဖီလင်ကို လာနားထောင်ပေးတာရော.. ကျန်တောရော အားလုံး အားလုံးအတွက် ကျေးဇူးအရမ်းတင်ပါတယ်..။

မရွှေစင်.. ရတယ်အစ်မ.. လာသာမေး..။ ဒီက မသိရင်လည်း ဖြီးတတ်ဖြန်းတတ်တယ်း))

မသီတာ.. ကျေးဇူးတင်ပါတယ်.. လာခဲ့ပါ.ကော်ဖီတိုက်မှာပေါ့..။
sosegado၊ သိင်္ဂါကျော်၊ chindwinthu..ညီမလေး။.ကျဆိမ့်..ရေ.. နားထောင်ပေးတာ ကျေးဇူးနော်။
ကျော်..ရေ..ဒီလိုပါပဲ ညီမလေးရယ်..နော်းD

မူလီလေးများ အဲလေ မူရင်းလေးများ>> そうだね。そのごろはとっても楽しかった。今もみんなの気持ちをわかっていますよ。だから「大好き」と言ってるの。本当に大好きよ。私たちはいつもいつも仲間ですから。これからも仲間でいてね。いつもありがとう。

လသာည said...

စာဖတ်ပိတ်သတ်လေး..က “၉“?
အာရိကတိုး..။

ထား said...

ငယ်ငယ်ကအကြောင်းလေးတွေ ပြန်တွေးရင်တော့ လွမ်းမဆုံး တွေးမဆုံး ပြောမဆုံးပဲ လသာညရေ.....သတိရလိုက်တာ....


ချစ်တဲ့

ထား

Anonymous said...

အမလညရေ ဘလော့ပေါ်ရောက်သွားရင်တော့ ယူချင်တဲ့သူယူ ရွာကကိုယ်မတည့်တဲ့ အပျိုကြီးမမတွေကို မေတ္တာပို့သလို ကျီးစားစား လဒထိုးထိုး ပိုးစားစား လောက်ကိုက် ဖြစ်ချင်တာဖြစ် ဆိုပြီး သဘောထားဗျ ကိုယ် မွေးထားတဲ့ သားသမီးလေးလို ပိုးမွေးသလိုမျိုး ဂရုစိုက်နေတော့ ရင်မောရတယ် အဓိကတော့ စာတွေဖတ်ဖြစ်သွားတာကိုဘဲ ကျေးဇူးတင်နေရတာပါဗျာ
လသာညဖြစ်ပါတယ်

သြ..... မေ့လို့
အပေါ်က seesein ဖြစ်ပါတယ်လို့ ပြောင်းဖတ်ပေးပါနော်....

ခင်တဲ့
seesein

လသာည said...

seesein>>
right! right!!းD

ချိုကျ said...

ရောက်တာနောက်ကျလို့ ကော်ဖီတောင် ကျန်သေးလား မသိ....အဲတွေ့ပြီ ဟိုမှာ တစ်ခွက် အင်း....ကောင်းလိုက်တဲ့ ကော်ဖီ ကျေးဇူး မလသာရေ.....
ခင်တဲ့(ချိုကျ)