တချို့နားမလည်နိုင်တာတွေကို နားလည်ဖို့ကြိုးစားရင်း စိတ်ဝင်စားစရာတွေ ဖတ်မိလို့ ပြန်မျှဝေတာပါ။ ပိုစ်ရှည်တာမို့လို့ ဖတ်ဖို့ အချိန်ရမှသာ အေးအေးဆေးဆေး ဖတ်ပါလို့...။ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ခင်မင်လျှက်ပါး))
(၁).........................................................................................
ဒါပေမဲ့ အံသြစရာက ကောင်းတယ်ဆရာ..။ သူတို့က အနောက်တိုင်းကား အက်ရှင် သေနတ်ကားဆို ငြိမ်နေတာပဲ။ဘာသာပြန် မလိုပါဆိုတဲ့ ဒီဇိုင်းချိုးပြီး ခပ်တည်တည်ပဲလေ...မုန်းစရာပါ (==)#။ အဲဒီကားမျိုးမှာ သွေးထွက်သံယိုတွေကို ကျွန်မတို့က မကြည့်ရဲတာနဲ့ပဲ မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး ဟဲ့ ပြီးပြီလား။ အဲ့ လူဆိုးသေပြီလား ပြန်မေးရတာမျိုးတွေ ဖြစ်သွားတော့တာပဲ။ ဘာသာပြန်အဆင့်ကနေ အဆင့်လျှောပြီး သူတို့ကို ဘာသာပြန် ပြန်ဌားရတဲ့အဆင့် ပြန်ဖြစ်သွားတာပါ.။ အဲဒါမျိုးဆို မောင်လေးက ပြန်အော်တယ်။ မမကလည်း စကားကိုများတယ်၊ တိတ်တိတ်နေ ဒီမှာကြည့်ရတာ ဇိမ်ပျက်တယ်တဲ့..။ ခေါင်းခေါက်ချင်စရာပါ..
ဒါပေမယ့် စာရေးဆရာ Allan Pease ရဲ့ စာအုပ်တွေကို ဖတ်ရင်း အောက်က ပုံတွေမြင်ရတော့ ကျွန်မနည်းနည်း နားလည်သလို ဖြစ်လာတယ်..။
တချို့ဆို မိန်းမက ဘယ်လောက်မျက်နှာရိပ်မျက်နှာကဲပြပြ နားကို မလည်နိုင်တာ ရှိနိုင်ပါသေးတယ်။ ကျွန်မအစ်ကို ၀မ်းကွဲတစ်ယောက်ဆို သူ့မိန်းမက “ရှင်ဧည့်သည်တွေ ခေါ်လာရသလား၊ ဒီနေ့ အိမ်မှာ ဆန်ကုန်နေလို့ ထမင်း မချက်ရသေးဘူးလေ”ဆိုတာကို မျက်နှာရိပ်မျက်နှာကဲနဲ့ ဘယ်လောက်ပြပြီး ပြောပြော၊ နားမလည်နိုင်ပဲ၊ “ဟေ့ကောင်တွေ စားပြီးမှပြန်ကြ၊ မိန်းမရေ ကျက်ပြီလားဟေ့”လို့ အော်တတ်လွန်းလို့ မိန်းမရဲ့ ဗိုက်ခေါက်လိမ်ဆွဲတာကို ခဏခဏ ခံရသူပါ။ ဒါတောင် သူက “ဟ.. ဘာလို့ အလကားနေ ဗိုက်ခေါက်ဆွဲတာလဲ၊ ဘာလဲ ဘယ်သူနဲ့ ရန်ဖြစ်ထားတာလဲ၊ စိတ်တိုနေတာလား”လို့ အလိုက်မသိ ပြန်မေးတတ်သေးတား)))
ဒါကြောင့်လည်း အချစ်အလွမ်းကားတွေကို ကြည့်တဲ့အခါ ခံစားချက်အမူအယာနဲ့ သရုပ်ဖော်ကြတဲ့အတွက် အမျိုးသားများခမြာ လိုက်ပါ မခံစားနိုင်ပဲ ကြည့်နေရင်းနဲ့ ဇာတ်လမ်းကို မျက်ချေပြတ်ပြတ်သွားကြတာ ဖြစ်ပါတယ်။
အမျိုးသမီးများဟာ ရုပ်ရှင်ထဲက သရုပ်ဆောင်များရဲ့ ရုတ်တရက် မျက်နှာပျက်သွားတာကအစ အားလုံးကို လိုက်ပါခံစားနိုင်ကြတဲ့အတွက် အချစ်အလွမ်းကားတွေမှာ ဘာသာပြန်တွေဖြစ်ခွင့်ရနေတာ ဖြစ်ပါတယ်။ ( မှတ်ချက်၊ ။ ဒီစာရေးရင်း လသာညလည်း စာရေးတာ ခဏရပ်လို့ အဲဒီ ပုံအတိုင်း မှန်ကြည့်ပြီး လိုက်လုပ်ကြည့်မိပါတယ်။ (^=^)။ တမင်လုပ်ကြည့်တာမို့လိုလား မသိဘူး။ ဆယ်စက္ကန့်နဲ့ သရုပ်ဆောင်လို့ မပြီးဘူး။ ရုပ်ရှင်သရုပ်ဆောင် ခန့်လို့ရလောက်တယ်။ သရုပ်ဆောင် ဌားလိုသူ စပွန်ဆာအရှုံးခံပါး))
အဲဒီလို အမျိုးသမီးများရဲ့ မွေးရာပါ အရိပ်အကဲဖမ်း အတတ်ပညာကြောင့် အမျိုးသမီးများရှေ့မှာ အမျိုးသားများ ညာလို့မရဘူးတဲ့။ ညာချင်ရင်လည်း မျက်နှာချင်းဆိုင်ပြီး မညာလေနဲ့ ။ သူတို့က စက္ကန့်ပိုင်းလေးအတွင်း ကိုယ်ညာတာကို သိပြီးသား ဖြစ်သွားနိုင်တယ်တဲ့။ လသာညရဲ့ ဘကြီး (ဖေဖေ့အစ်ကို)ဆို မိန်းမကို ကြောက်ရသူလို့ နာမည်ကြီးတယ်။ တကယ်က တအားအေးတာပါ။ အရက်သောက်သွားပြီး ပြန်လာရင် မိန်းမက ဆူမှာစိုးလို့ သူ့သူငယ်ချင်းတွေက သေချာမှာလိုက်တယ်။ ငါတို့နဲ့ တွေ့လို့ ငါတို့အတင်းတိုက်လိုက်တာ၊ တစ်ခွက်ထဲပါလို့ပြောလို့..။
ဒါပေမယ့် အိမ်ရောက်တော့ မိန်းမက “ရှင် ဒီနေ့ အရက်တွေ သောက်လာပြန်ပြီလား ”လို့ သူ့နဲ့ မျက်နှာချင်းဆိုင် မေးလိုက်ရုံနဲ့.. “ငါလား ကိုထွေးတို့နဲ့တွေ့လို့ ၀ိုင်းကောင်းတာနဲ့ သောက်တာပါ။ ကိုယ့်လခထုတ်ရက်မို့ ကိုယ်ကပဲ ရှင်းလိုက်တယ်၊၂၀၀၀ဖိုးလောက်ပါ”ဆိုပြီး.. ဖြစ်ကြောင်းကုန်စင် နတ်သံနှောလို အားလုံးပြောပြီးသားဖြစ်သွားပြီ (အဲဒီ ၂၀၀၀က အဲဒီတုန်းက သူရတဲ့ သူ့လစာအကုန်နီးပါးလေ။) ကဲ အဲဒါပြောတာ.. မိန်းမတွေက အဲဒီအတတ်က မွေးရာပါ အတတ်ပညာဆိုတော့ကာ
ဒါကြောင့် သယ်ရင်းများ မညာမိကြစေနဲ့နော်၊ အစထဲက ဘာပဲဖြစ်ဖြစ် ♪♪♪ အမှန်အတိုင်းပြော.. အမှန်အတိုင်းပြော.. အမှန်အတိုင်း ပြောလေပြောလေ အချစ်ရေ ♪♪♪
............................................................................................................
(၂)
လူရွှင်တော်တွေပျက်လုံးပျက်တဲ့အခါ “ငါက သမီးနဲ့အမေလမ်းမှာတွေ့ရင် သမီးတစ်ယောက်ကိုသာ မြင်တယ်”ဆိုတဲ့ စကားကို ပြန်သတိရမိပါတယ်။ ဒီပျက်လုံးလေးက သူတို့ တကယ်ပြောတာ ဖြစ်နိုင်တယ်လို့ ၉၉ ရာခိုင်နှုန်း ထင်လာပါတယ်(*-^)/။(၂)
အမျိုးသမီးတွေကတော့ ပုံပါအတိုင်း အမြင်ကျယ်တယ်လေ၊ (ရှေ့ကို အ၀န်းကျယ်ကျယ် မြင်တတ်တယ်) မျက်လုံးရှေ့က အရာအပြင် တခြားနီးစပ်ရာတွေကိုပါ ဥပမာ ကလေးကြည့်ရင် ကလေးအပြင် ခွေးပါ မြင်နိုင်ကြသူတွေပါ။ ကိုယ့်ဘေးနားက အမျိုးသားက ဘာကိုကြည့်နေသလဲဆိုတာတောင် မျက်လုံးထောင့် နည်းနည်းပြောင်းရုံနဲ့ သိနိုင်တယ်တဲ့..။ ဒါကြောင့် အမျိုးသားသယ်ရင်းလေးများ ကိုယ့်ချစ်သူ အနားမှာပါရင် လမ်းမှာ တွေ့တဲ့ တခြားလှုပ်လီလှုပ်လဲ့ ကြည့်စရာလေးများကို မကြည့်မိအောင် သတိဆောင်ပြီး အကြည့်ခိုးလေးများကို မျက်တောင်ခတ် သိမ်းထားဖို့လိုပါတယ်နော်
......................................................................................................
(၃)
နောက်တစ်ခုကတော့ အိမ်မှာ အဲယားကွန်းဖွင့်ရင် အပူချိန် အတိုးအလျော့အတွက် စကားများရခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသားတွေက များသောအားဖြင့် အမျိုးသမီးများထက် ပုံမှန်အားဖြင့် ပူအိုက်တတ်သူတွေပါ။ အဲဒီတော့ အခန်းအပူချိန် ၂၃( degree Celsius)လောက်မှ နေလို့ ကောင်းရုံ ရှိချိန်မှာ အမျိုးသမီးများကတော့ အပေါ်ထပ်လေးနဲ့ဝတ်နေရပါပြီ။ (ဒါလည်း ဦးနှောက်ဖန်ရှင်နဲ့ ဆိုင်တယ်တဲ့...။ အသေးစိတ်တော့ နောက်မှ ပုံလေးတွေနဲ့ ပြောပါဦးမယ်။ ကိုယ်တွင်းအပူချိန် ကွာခြားပုံနဲ့ ပြင်ပအပူချိန် ဆက်စပ်ပုံကိုပါ။)ဒီတော့ အခန်းအပူချိန်ကို နည်းနည်းတိုးပြီး ၂၈ဒီဂရီ လောက်ထားပြီး ဘလောက်စ်အင်္ကျီလေးနဲ့ နေချင်သူ အမျိုးသမီးများနဲ့ ၂၃ဒီဂရီ လောက်မှ နေချင်သူ အမျိုးသားများ အနေဖြင့် နှစ်ဦးနှစ်ဖက် နားလည်မှုမလုပ်ပေးနိုင်ရင် ကျိတ်ကျိတ်ရန်ဖြစ်ရပါတယ်။ အမျိုးသားများမှာ ၂၈ ဒီဂရီဆိုရင်ကို စွတ်ကျယ်ဂျိုင်းပြတ်ဝတ်ပြီး ယပ်ခပ်နေရပြီ။ ဒါပေမယ့်လည်း သိတဲ့အတိုင်း မိန်းခလေးတွေက အားနွဲ့သူတွေမဟုတ်လား။ ဒီတော့ လသာညဆို အဲယားကွန်းကို ကိုယ့်စိတ်ကြိုက် အပူချိန်ကို ထားလိုက်ပြီး “အပူချိန်တအားနည်းရင် အအေးပတ်မှာ စိုးလို့နော်၊ လေဖြတ်တတ်တယ်”လို့ စေတနာသံနဲ့ ပြောသေးတာ။ တခါတခါဆို အဲကွန်းရမုတ်ကို ဖွက်ထားလိုက်တယ် (စိတ်ပုပ်တာလေ)။ တကယ်တော့ အမျိုးသမီးတွေက ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်မှ ဖြစ်တာမဟုတ်လား။ ကိုယ်နေမကောင်းရင် သူတို့ပဲ စိတ်ပူရတာကို .. ဟုတ်တယ်ဟုတ်
...........................................................................................
နောက်စိတ်ဝင်စားစရာ အချက်တစ်ချက်က ကလေးတွေနဲ့ လူငယ်တွေအတွက် သရဲရထား၊ သရဲဥယျာဉ်တွေကို တီထွင်သူတွေက လူရဲ့ဘယ်ဘက်ခြမ်းကနေ သရဲရုပ်တွေနဲ့ခြောက်တာ များပါသတဲ့။ (သတိထားမိသူ ရှိပါသလား..??) အဲဒါဟာ ကြောက်ရွံတဲ့ဖီလင်ကို ခံစားလိုတဲ့ လူငယ်တွေအတွက် ဦးနှောက်ဖန်ရှင်နဲ့ စနစ်တကျ အကွက်ချ တည်ဆောက်ထားတာဖြစ်ပါတယ်။
ဦးနှောက် ဘယ်ဘက်ခြမ်း အာရုံကြောက ကြောက်ရွံခြင်းကို ပိုခံစားရစေပြီး ညာဘက်ခြမ်းကတော့ လုံခြုံမှုစိတ် (sense of security)ကိုရရှိစေတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် လသာညရဲ့ မောင်လေးများအနေဖြင့် ချစ်သူလေးနဲ့ သရဲရုံထဲ သွားလည်မယ်ဆိုရင် (ဒါမှမဟုတ် မိန်းခလေး သူငယ်ချင်းတွေနဲ့ ညမှောင်မှောင် ခရီးသွားရတဲ့အခါမျိုး ရှိခဲ့ရင်) ကိုယ်ကစပြီး ကြောက်တဲ့ခံစားချက်ကို မရရအောင် ချစ်သူကို ဘယ်ဘယ်ခြမ်းက ထား၊ ကိုယ်က ညာဘက်ခြမ်းက လျှောက်ပြီးသွားပါတဲ့။ ကြောက်စရာကို မြင်ရတာ အတူတူပေမယ့် ဘယ်ဘက်ခြမ်းအာရုံကြောကြောင့် ကြောက်ရွံခြင်းကို ပိုခံစားရတဲ့ သူလေးကို “မကြောက်နဲ့၊ ကိုကိုရှိတယ်”လို့ သတ္တိများများ ဗန္ဓုလသွေးနဲ့အားပေးနိုင်တယ်တဲ့။ စာအုပ်ထဲအတိုင်း ပြောရတာဖြစ်တော့ .. ကြုံရင် ဟုတ်မဟုတ် စမ်းကြည့်လိုက်နော်း)))
........................................................................................
အမြဲ အတူတူ နေနေကြတဲ့ သဘာဝမတူ လူသားတွေ အချင်းချင်း တခါတလေ နားမလည်ဘူး၊ နားကို မလည်တော့ဘူးလို့ ဆိုကြတဲ့အချက်များအကြောင်း ကျွန်မဖတ်မိသိသလောက် ဗဟုသုတ ပြောပြတာပါ။ မိသားစု၊ မောင်နှမ၊ သူငယ်ချင်း အချင်းချင်း အပြန်အလှန်နားလည်မှုတွေ ရပြီး စိတ်ချမ်းမြေ့ကြပါစေနော်။
လသာည ဖြစ်ပါတယ်။
................................................
မှတ်ချက်။ ။ဒီတခါ ပိုစ်ရှည်သွားပါတယ်။ စာမရေးဘူးမရေးဘူး ပြောတဲ့သူငယ်ချင်းလေးများအတွက် အမုန်းဖတ်လို့ရအောင် အရှည်ကြီး ရေးပစ်လိုက်တယ်။ ကဲ..
စိတ်ဆိုးဖူးမို့လားး)))။
