Monday, February 22, 2010

သံတမန်၏ ပျော်တော်ဆက်များ

အရင်က ကျွန်းနိုင်ငံတစ်ခု အကြောင်းကို ပုံပြင်ပမာ ပြောပြရင်.. လူတိုင်းက အံသြသွားကြတယ်။ အဲဒီကျွန်းက လူတွေဟာ အရမ်းကို ထူးဆန်းကြတယ်ဆိုပဲ။.. ကျွန်းသား အားလုံးမှာ သုံးစွဲစရာ ပိုက်ဆံမရှိဘူး..၊ သူဌေး သူကြွယ် ဆင်းရဲသား ဆိုတဲ့ အဆင့်ခွဲစရာ မရှိဘူး.. ဘာလိုလဲ ဆိုတော့ ကိုယ်ပိုင်ပစ္စည်းရယ်လို့ မရှိကြလို့ပါ။ သူတို့က အလုပ်အားလုံးကို အတူတူ ၀ိုင်းလုပ်ကြပြီး.အတူတူပဲ အနားယူကြတယ်.. အတူတူ စားကြတယ်ပေါ့။

ထူးဆန်းတဲ့ အဲဒီကျွန်းမှာ နောက်တစ်ခု ထူးခြားချက်ရှိသေးတယ်။ သူတို့ကျွန်းမှာ ရွှေများစွာ ထွက်တယ်။ ဒါပေမဲ့ သူတို့က ရွှေကို တန်ဖိုးရှိတယ်လို့ မသတ်မှတ်ကြဘူး..။ ရွှေထက်စာရင် သံ ဆိုတာကမှ ဓါး၊ တူ၊ ပေါက်ဆိန် စတာတွေ လုပ်လို့ရလို့ ပိုမက်မောကြတယ်..။

ဒါပေမဲ့ တခြား တိုင်းပြည်တွေက လူတွေက ရွှေတွေကို လိုချင်မက်မောကြတယ်လို့ ကြားရတာမို့ ကုန်ပစ္စည်းချင်း ဖလှယ်ဖို့ ရွှေကို စုထားတာတော့ ရှိတယ်။ ဒါတောင် အသေအချာကြီး သော့ခပ်သိမ်းထားတာမျိုး မလုပ်ကြဘူး။ အဲလို မလုပ်ရတဲ့ အကြောင်းရင်းကတော့ သူတို့က အသေအချာ သိမ်းနေရင် ကလေးတွေက စပ်စုလိုစိတ်နဲ့ ခိုးဖွက်ယူချင်စိတ်ဖြစ်မှာ စိုးလိုပါ။ ဒါကြောင့် ရွှေကို ထမင်းအိုး၊ ဟင်းအိုး၊ ရေအိုး စတဲ့ အိမ်အသုံးအဆောင်တွေ လုပ်တဲ့ နေရာမှာပဲ ထည့်သုံးပြီး သိမ်းကြတယ်..။ နောင် တခြားတိုင်းပြည်က လူတွေလာတဲ့အခါကျတော့ ထို အသုံးအဆောင်ပစ္စည်းတွေနဲ့ ကုန်ပစ္စည်း ဖလှယ်ကြတယ်ပေါ့..။

ကျွန်းနဲ့ ပတ်သက်ပြီး နောက်တစ်ခု ပြောစရာ ရှိသေးတယ်။ အဲဒါကတော့ အဲဒီကျွန်းမှာ စိန်၊ ပတ္တမြား၊ နီလာ စတဲ့ အဖိုးတန်ရတနာတွေလည်း ထွက်ရှိတယ်..။ ၎င်း ကျောက်မြတ်ရတနာတွေက ပေါလွန်းလို့ လေးငါးနှစ်အရွယ် ကလေးငယ်တွေကို ဇယ်ခုပ်တမ်း လိုမျိုး၊ ဆော့ကစားဖို့ ပေးကြတယ်။
ကလေးက နည်းနည်း ကြီးလာတဲ့အခါ ဒါကျောက်တုံးတွေလို့ သတ်မှတ်သွားကြတယ်တဲ့။ အဲဒီအခါ ကျတော့ တခြားကစားစရာတွေနဲ့ပဲ ကစားကြပြီး ကျောက်တုံးတွေကို အရေးလုပ်ပြီး မဆော့ကြတော့ဘူး။

တနေ့တော့ သူတို့ကျွန်းနိုင်ငံနဲ့ တော်တော်ဝေးတဲ့ နိုင်ငံတစ်ခုက သံတမန်တွေ ရောက်လာတယ်။ သံတမန်တွေက ကျွန်းနိုင်ငံအကြောင်း သိပ်မသိဘူး။ သူတို့ သိထားသမျှက ကျွန်းသူကျွန်းသားတွေဟာ ချည်ထည်တွေကိုပဲ ၀တ်ပြီး ဘာအဆောက်အဦး၊ ဘာ လူသုံးကုန် အသုံးအဆောင်မှ ကောင်းကောင်းမွန်မွန် မရှိဘူးဆိုတာပါပဲ..။ ဒီလိုဆင်းရဲတဲ့ နိုင်ငံကို သွားဖို့အတွက် သံအမတ်ကြီးက သူတို့နိုင်ငံက အကောင်းဆုံးအရာတွေ ယူလာပြီး ကျွန်းသားတွေ အထင်ကြီးအောင် ပြသဖို့ ဆုံးဖြတ်ခဲ့တယ်။

ဒါနဲ့ အကောင်းစား ပိုးဖဲကတ္တီပါတွေနဲ့ ချူပ်လုပ်ထားတဲ့ ၀တ်စုံကို ၀တ်လို့ နဖူးစည်းကအစ ခြေကျင်း၊ ဖိနပ်အထိ ကျောက်မျက်ခြယ်ထားတဲ့ ပြိုးပြိုးပြောင်ပြောင် တွေ ကို ဆင်ယဉ်လို့ သွားကြတယ်..
ကျွန်းသားတွေက သူတို့ကို ၀ိုင်းကြည့်တဲ့အခါ သူတို့ သိပ်ပျော်တာပေါ့..။ ဒါနဲ့ သံတမန်တွေက ဂုဏ်ယူဝင်ကြွားစွာ ဟိတ်ဟန်အပြည့်နဲ့ လမ်းလျှောက်ကြတယ်..။ (သူတို့ နောက်က အခြံအရံများကတော့ ထုံးစံအတိုင်း ချည်သား ၀တ်စုံနဲ့ ခေါင်းငုံပြီး လမ်းလျှောက်ကြတယ်..)

ထိုလူစုကို မြင်တော့ ကျွန်းသားတွေက အံသြသွားကြတယ်။ ရှေ့က ပြိုးပြိုးပြောင်ပြောင် ၀တ်လို့ လမ်းလျှောက်နေတဲ့ လူတွေဟာ ကလေး(ကြီး)တွေလား၊ လူကြီးဖြစ်ပြီးသူတွေလား ဆိုတာ အချင်းချင်း မေးမြန်းငြင်းခုံကြတယ်။ အဖြေရှာလို့ မရတဲ့ အဆုံးတော့ ရှေ့က လူကို သိပ်မကြည့်တော့ပဲ နောက်က ချည်သားဝတ်စုံဝတ်ထားတဲ့ သူတွေကို ၀ိုင်း ကြည့်လိုက်ကြတယ်။ နောက်ကလူတွေကတော့ ကျွန်းသားတွေလိုပဲ ချည်သားဝတ်စုံဝတ်လို့ အိနြေ္ဒရရ လမ်းလျှောက်နေတာကို တွေ့ရတယ်။ ဒီတော့ ဒါကမှသံတမန်အဖွဲ့ရဲ့ လူကြီးတွေဖြစ်တယ်လို့ တညီတညာတည်း ဆုံးဖြတ်လိုက်ကြတယ်။

နောက်တော့ အဖြေကို ရှာတွေ့သွားပြီဖြစ်တဲ့ အတွက် ချည်သားဝတ်စုံဝတ်လူများကို ချည်သားဝတ်စုံဝတ် ကျွန်းသားများက ပြိုင်တူ ဦးညွှတ်လိုက်ကြပါတော့တယ်...။ (သံတမန်လူကြီးများကတော့ ပါးစပ် အဟောင်းသား ('0') ဟင် ဘာလိုကြီးလဲ)

ဒီအချိန် ကလေး တစ်ယောက်က သူအမေကို မကြားတကြားလှမ်းမေးတယ်..
“အမေ.. ဒီရှေ့က လူတွေက အရူးကြီးတွေနဲ့ တူတယ်နော်. သူတို့ငယ်ငယ်က ဆော့တဲ့ ကစားစရာတွေကို အခုထိ ဆော့တုန်းပဲ”
သူ့အမေက ပြန်ပြောလိုက်တယ်.. “ သား တိတ်တိတ်နေ၊ သူတို့က သံတမန်ကြီးတွေကို မပျင်းအောင် လုပ်ပေးရတဲ့ ပျော်တော်ဆက်တွေ နေမှာပေါ့.”တဲ့..

ပုံပြင်ကတော့ ဒါပါပဲ.. "(^^)" (နောက်ဆက်တွဲ ၊ ၊နောက်တော့ ထိုသံတမန်အဖွဲဟာ ပြိုးပြိုးပြောင်ပြောင် ၀တ်ရတာကို ရှက်လာပြီး ချည်သားအကျီင်္တွေကို ပြောင်းဝတ်လမ်းလျှောက်ခဲ့ရပါတယ်တဲ့..)
. ...................................................................................................................................

(စကားမစပ်) အဲဒီ ကျွန်းနိုင်ငံက စိတ်ဝင်စားစရာ ကောင်းတယ်နော်။ အဲဒီ.ကျွန်းနိုင်ငံရဲ့ နာမည်က Utopia တဲ့..။ ကြားဖူးကြလားဟင်၊ အဲဒီနိုင်ငံ သွားမယ့်သူများ ရှိရင် ကျွန်မလည်း သွားချင်ပါတယ်။ ဒမြသွားတိုက်မလို့ အဲ ယောင်လို့.. :D
သူဌေး သူကြွယ် ဆင်းရဲသား ဆိုတဲ့ အဆင့်ခွဲခြင်း မရှိတဲ့နေရာ၊ ငါတော်တယ်၊ သူညံ့တယ်လို့ ပြိုင်ဆိုင်စရာ မလိုတဲ့နေရာ၊ မနက်ဖြန်အတွက် ပူပင်စရာ မလိုပဲ အားလုံးအတူတူအလုပ်လုပ်၊ အတူတူစားလို့ အတူတူပျော်နိုင်တဲ့နေရာ ... အဲဒီနေရာ ကျွန်မသွားချင်နေပါတယ်..။ အားလုံးပဲ အတူတူ သွားကြရအောင်လေ.... မကောင်းဘူးလားးး

အင်း.. မေ့တော့မလို့.. "Utopia" ရဲ့ အဓိပ္ပါယ်က "no place" တဲ့.. :D
Reference: Thomas More ရဲ့ Gold in Utopia
ဝီကီကတော့Utopiaအကြောင်းကို (ဒီနေရာမှာ) အကျယ်အပြန့် ရှင်းပြထားပါတယ်..

Thursday, February 18, 2010

စကားနားမထောင်သော ယောက်ျား နဲ့ မြေပုံ မကြည့်တတ်သော မိန်းမ

အလုပ်တွေမှာ၊ အိမ်တွေမှာ အမျိုးသားနဲ့ အမျိုးသမီးများ တကျက်ကျက် ဖြစ်ရတာ ဘာကြောင့်လဲ ဆိုတာကို စိတ်ပညာရှင် တချို့က နှစ်ပေါင်းများစွာ သုတေသန လုပ်ခဲ့ကြပါတယ်။

ဥပမာ တစ်ခုပြောရရင်..
 ကားနောက်ခန်းမှာ အမေနဲ့ သမီး ၃ ယောက်က စကားကို လက်ပံပင် ဇရက်ကျသလို မပြတ်ပြောလာတဲ့အတွက် ကားမောင်းနေတဲ့ အဖေက အလိုလို စိတ်မရှည် ဖြစ်လာပြီး “စကားတွေများတယ်ကွာ.. မင်းတို့ဆူနေတာနဲ့ ငါ ကားမောင်းလို့ မရတော့ဘူး” လို့  အော်လိုက်တာမျိုးပေါ့။

သမီး ၃ ယောက်နဲ့ အမေက နှုတ်ခမ်းတွေ ပြိုင်တူမဲ့လိုက်ကြတယ်။ ဟုတ်တယ်လေ.. ကားမောင်းတာနဲ့ စကားပြောတာနဲ့. ဘာဆိုင်လို့လဲ။ ဘာဆိုင်လည်း မဆိုင်လဲ အဖေဖြစ်သူကိုယ်တိုင် မပြောပြတတ်ပေမယ့် သူမောင်းနေတဲ့လမ်းကတော့ မှားသွားခဲ့ပါတယ်။ ကွေ့ရမယ့် နေရာမှာ မကွေ့လိုက်ပဲ အဝေးပြေးလမ်းမကြီးကို ရောက်သွားပါတယ်..

အဖေကြီးက ဆက်စဉ်းစားနေတယ်။ အဲဒါ သူတို့ကြောင့်လမ်းမှားရတာ (._.)/

အဲလိုမျိုး အပြုအမူမတူ၊ စိတ်ချင်း မတိုက်ဆိုင်ပဲ တကျက်ကျက်ရန်ဖြစ်ရတာ ဘာကြောင့်လဲ ဆိုတာကို ..လေ့လာတော့ ယေဘုယျအားဖြင့် အောက်က အချက်တွေကို အဓိက သွားတွေ့ခဲ့ပါတယ်။
  • ယောက်ျားများဟာ တချိန်တည်းမှာ အကြောင်းအရာတစ်ခု ကိုပဲ အာရုံစိုက်နိုင်တယ်။
  • မိန်းမများဟာ စကားပြောခြင်း၊ နားထောင်ခြင်း၊ စာရေးခြင်း စတဲ့ အလုပ်အမျိုးမျိုးကို တချိန်တည်းမှာ လုပ်နိုင်ပါတယ်။
  • ယောက်ျားများဟာ ပြဿနာတွေကို ဖြေရှင်းတတ်တယ်။ ဒါပေမဲ့ အကြံပေးတာကို သိပ်လက်မခံချင်ဘူး ။
  • မိန်းမများဟာ လမ်းမှတ်ဖို့ ခဲယဉ်းတတ်သလို၊ လမ်းမှား မျက်စိလည်တတ်လွန်းလို့ လမ်းသွားရင် အဖော်ပါမှ ဖြစ်တယ်။
ဒီလိုကွဲပြားရတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကိုလည်း ဆက်ရှာကြရင်း ၁၉၈၀ နောက်ပိုင်းက စပြီး အဖြေကို သတိထားမိလာကြပါတယ်။ အဲဒါကတော့ ဦးနှောက်ဖွဲ့စည်းပုံ မတူလို့ ကွဲပြားရတာဖြစ်ပါတယ်တဲ့..။ အဲဒီအကြောင်းကို Allan Pease, Barbara Pease ရဲ့ Why Men Don't Listen and Women Can't Read Maps Reviews မှာ ပုံပြင် သာဓက ပေါင်းများစွာနဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်.. (ကျွန်မကတော့ အင်္ဂလိပ်လို စာအုပ် ရှာလို့မရလို့ ဂျပန်လို ဘာသာပြန်ပြီး ရေးထားတဲ့ စာအုပ်ကိုပဲ ဖတ်ဖြစ်ခဲ့ပါတယ်)

အောက်က ပုံလေးတွေ နည်းနည်းလောက်ကြည့်ကြည့်ရအောင်။
ကားမောင်းနေတဲ့ အဖေက လမ်းကို မှားမှန်းသိပေမယ့် သူများကိုလည်း မမေး၊ (သူများပြောတဲ့ အကြံဥာဏ်လည်း နားမထောင်ပဲ) လမ်းကြောင်းကို ကိုယ့်ဘာသာ ရှာကြည့်နေတဲ့အတွက် ကလေးများက ယဉ်ထိန်းရဲကို အကူအညီတောင်းရတဲ့ အထိပါပဲ။
အမျိုးသမီးက သူ့က ငါပြောတာကို ဂရုမစိုက်ဘူး၊ ငါ့ကို ဥပက္ခာပြုတယ်လို့ ထင်နေချိန်မှာ အမျိုးသားတွေးတာက တခြားဖြစ်နေတတ်တယ်။ ပုံထဲကလို “ယင်ကောင်တွေ မျက်နှာကျက်ကနေ အောက်ကို ပြုတ်မကျပဲ ဘာလို့ ပြောင်းပြန် တွယ်ကပ်နေနိုင်သလဲ”ဆိုတဲ့ အကြောင်းအရာမျိုး တစ်ခုခုကို လေးလေးနက်နက် အာရုံစိုက် အတွေးနယ်ချဲ့နေတာ ဖြစ်နိုင်ပါတယ်..
အ၀တ်ဗီဒိုထဲက အ၀တ်ကို ယူဖို့ ဖြစ်ဖြစ်၊ ရေခဲသေတ္တာထဲမှာ စားစရာကို ယူစားဖို့ပဲ ဖြစ်ဖြစ် ဘယ်လောက် အဆင့်သင့် ဖြစ်အောင် ထားထား၊ သူလိုချင်တာကို မရှာနိုင်ပဲ မိန်းမကိုပဲ လှမ်းမေးတတ်လိမ့်မယ်။ အော်.. တော်တော် အပျင်းကြီးတာပဲ.လို့. ;) အော်... မဟုတ်ပါဘူး..D

အဲဒါ အပျင်းကြီးတာ ကြောင့် မဟုတ်ပါဘူးတဲ့..။ စိတ်ပညာကပြောတာပါ။ ။ ကဲ.. ဘာကြောင့်လဲ ဆိုတာကို ဦးနှောက် အလုပ်လုပ်ပုံကနေ လေ့လာရအောင်...

စိတ်လှုပ်ရှားမှုတစ်ခု အတွက် ဆိုရင် (ဘယ်ဘက်ခြမ်းက) အမျိုးသမီးရဲ့ ဦးနှောက်က အများကြီး အလုပ်လုပ်နေချိန်၊ အမျိုးသားရဲ့ ဦးနှောက် (ညာဘက်ခြမ်းကတော့) နှစ်နေရာပဲ လုပ်ရှားပါလိမ့်မယ်..။ ဒါကြောင့် အမျိုးသမီးများဟာ အမျိုးသားများထက် ကြောက်တတ်၊ စိုးရိမ်တတ်၊ သောကများတတ်တာ ဖြစ်ပါတယ်။ ဒါလေးကို ဟာသအဖြစ်( ဒီနေရာ)မှာ ကလစ်ပြီး ကြည့်နိုင်ပါတယ်။
မြေပုံ အစရှိတဲ့ အရာတွေကို မှတ်သားတဲ့အခါ ဖြစ်တဲ့ ဦးနှောက်အလုပ်လုပ်ပုံပါ။ အနက်ရောင် အပိုင်းလေးတွေက active ဖြစ်နေတဲ့ အပိုင်းပါ။ အမျိုးသမီးက သိပ်active ဖြစ်မှုမရှိပဲ အမျိုးသားကတော့ active ဖြစ်မှုများတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက သိပ်ပြီး လမ်း၊ အရပ်မျက်နှာ သိပ်မမှတ်နိုင်တာ ဖြစ်ပါတယ်။ဒါကတော့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေချိန် အမျိုးသမီး၏ ဦးနှောက်ရဲ့active ဖြစ်နေတဲ့ အပိုင်းဖြစ်ပါတယ်။
ဒါကတော့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေချိန် အမျိုးသား၏ ဦးနှောက်ရဲ့ active ဖြစ်နေတဲ့ အပိုင်းဖြစ်ပါတယ်။ အမျိုးသမီးထက် နည်းပါတယ်။ ဒါကြောင့် အမျိုးသမီးများထက် စကားနည်းခြင်း၊ စကား မကြွယ်ခြင်းဖြစ်ပါတယ်။

အဲ.. အမျိုးသားနဲ့ အမျိုးသမီး ဦးနှောက်အလုပ်လုပ်ပုံ မတူတာကို အောက်က ပုံနှစ်ပုံကနေပြီး အသေးစိတ် ဖော်ပြထားပါတယ်။ (ပုံက စာသားတွေက တကယ်တော့ ဂျပန်လို ဖော်ပြထားတာပါ။ နားလည်လွယ်အောင်လို့ မြန်မာလို နားလည်သလို ဘာသာပြန်ပြီး ပြန်ရိုက်ပေးထားတာပါ။ စကားလုံးအသုံး လွဲတာ ရှိခဲ့ရင် ခွင့်လွှတ်ပါ။း)
အမျိုးသားတစ်ဦးရဲ့ ဦးနှောက်မှ ပေးစွမ်းနိုင်သော စွမ်းရည်ကို ပုံဖော်ထားတာပါ..။ အားရင် ပုံကို ကလစ်နှိပ်လို ဖတ်ကြည့်ပါ စိတ်ဝင်စားစရာ ကောင်းတယ် :)
အမျိုးသမီးတစ်ဦးရဲ့ ဦးနှောက်မှ ပေးစွမ်းနိုင်သော ခံစားမှု၊ စွမ်းရည်ကို ပုံဖော်ထားတာပါ..။ အမျိုးသမီး သယ်ရင်းလေးများလည်း အားရင် လျှောက်ဖတ်ကြည့်ပါ၊ စိတ်ဝင်စားစရာ ကောင်းတယ်ရော် ။ ကိုယ်နဲ့ အချက် ဘယ်လောက် တူသလဲ၊ ဒီ စံအတိုင်းဆို ဘယ်နှရာခိုင်နှုန်း မိန်းမဆန်သလဲ ဆိုတာ သိရတာပေါ့ :) (ဆိုလိုတာက အမျိုးသမီးများက ယေဘုယျအားဖြင့် မြေပုံ၊ လမ်းမမှတ်တတ်ဘူးဆိုပေမယ့် ပိုမှတ်တတ်တဲ့သူ ရှိတယ်မဟုတ်လား၊ ယောက်ျားလေးများ စကားမကြွယ်ဘူးဆိုသော်လည်း ကြွယ်တဲ့သူများကျတော့... အဲ..:D)

မှတ်ဥာဏ်အကြောင်း မတင်တာ ကြာပြီလို့ ပြောတဲ့ သူငယ်ချင်းအတွက် ပါ..။ ဆက်ပြီး စိတ်ဝင်စားသေးရင် အရင်က ရေးထားတာတွေ ဒီနေရာမှာ ရှိပါတယ်..။ မှတ်ဥာဏ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း ရှိတယ်။ အခု ဒီပိုစ်ကတော့ အောက်က စာအုပ်ကို ဖတ်ပြီး (ပုံများကိုလည်း စကန်ဖတ်လို့) ပြန်ပြောတာပါ။ လသာည.. ဖြစ်ပါတယ် :)



Tuesday, February 16, 2010

စာတော်ဖတ်

ကျွန်မ အင်္ဂလိပ်စာ အားနည်းပါတယ်။ အခုဆို ဂျပန်စာတွေပဲ ဖတ် ဂျပန်လိုပဲ ပြောနေပြီး အင်္ဂလိပ်စာကို လုံးဝ မလုပ်ဖြစ်သလောက်ဖြစ်နေတော့ ကြာရင် ပိုဆိုးသွားမလားတောင် စိုးရိမ်မိလာတဲ့အထိပါ..။ အင်္ဂလိပ်လို မပြောရတာလည်း ပါတော့ ကြာရင် လေယူလေသိမ်းက အစ ဘာတွေ ဖြစ်ဦးမလဲ မသိဘူး ဒါနဲ့ အခုတလောတော့ အင်္ဂလိပ်စာ ပြန်လုပ်မှ ဆိုပြီး BBC radio ကို မနက်တိုင်း နားထောင်တာမျိုး ပြန်လုပ်ဖြစ်တယ်။ လေ့လာတာ ဘယ်နှစ်ရက်ခံမလဲ မသိဘူး.. စတော့ စမိပြီ :P) ။

ပြီးတော့ ကျွန်မက ကျောင်းစာဖတ်လည်း ပျင်းတယ်။ ဒီမှာတင် သူငယ်ချင်းတစ်ယောက်က ပြောလို့ The Voice Weekly Journal (Vol6.No15_Feb 15-21).က သတင်းလေးကို သတိထားမိသွားပါတယ်။ အဲဒီ ဂျာနယ်က စာမျက်နှာ ၂၃ မှာ ရေးထားတဲ့ စာတော်ဖတ်ဆိုတဲ့ ခေါင်းစဉ်လေးဖြစ်ပါတယ်။ အကြောင်းအရာကတော့ အီးဘုတ်တွေကို ဖတ်ဖို့ အတွက် ကွန်ပျူတာကို စာတော်ဖတ်အဖြစ် ဖတ်ခိုင်းတဲ့ နည်းလေး မိတ်ဆက်တာပါ။ နောက်ပြီး ကိုယ်ဖတ်စေချင်တဲ့ အရာတွေကို pdf file အရင် လုပ်ပြီး ကွန်ပျူတာကို ဖတ်ခိုင်းလို့ ရတယ်လို့ ဆိုပါတယ်။

အဲဒါလေး မဆိုးပါဘူး။ ကိုယ်က ငါးပိသံနဲ့ ထွက်နေနိုင်တဲ့ အင်္ဂလိပ်လို ရေးထားတဲ့ report ကို ကွန်ပျူတာကို ဖတ်ခိုင်းပြီး နားထောင်လေ့ကျင့်ရင် မဆိုးဘူးလို့..း) ။ အဲဒီနည်းက ဘာလဲ ဆိုတော့ အင်္ဂလိပ်လို ရေးထားတဲ့ PDF File တွေကို read out aloud နဲ့ ဖတ်တဲ့ နည်းပါ။

လုပ်ရမှာက.. ကိုယ်ဖတ်ချင်တဲ့ pdf ဖိုင်ကို ဖွင့်လိုက်ပြီးရင် view ကိုနှိပ်လိုက်ရင် Pop up menu ပေါ်လာလိမ့်မယ်။ သူရဲ့ အောက်ဆုံးမှာ Read out loud ဆိုတာလေးကို ရွေးပြီး ကလစ်လိုက်ပါ။ မျှားလေးနဲ့ Activate read out loud ဆိုတာ ပေါ်လာလိမ့်မယ် ။ အဲဒါကို ကလစ်ချ လိုက်ရမှာဖြစ်ပါတယ်။ နောက်တခါ View ကို ပြန်သွားပြီးတော့ကာ Read out loud ကို ပြန်နှိပ်ရင် Read this page only တို့ Read to the end of document တို့ပါ ပေါ်နေပါလိမ့်မယ်။ အဲဒါ ဆို ကိုယ်ကြိုက်တာ ရွေးပေးလိုက်ရုံပါပဲ အရမ်းကို လွယ်တယ်။ လိုက်မမှီရင် Pause တို့ Stop တို့ လည်းလုပ်လို့ ရတယ်။

အဲဒီနည်းက ကျွန်မအတွက် တော်တော်တော့ အဆင်ပြေတယ်။ အပျင်းလည်း ပြေတယ်။ ထမင်းလေး စားရင် စာဖတ်ခိုင်းထားလို့ ရတယ်။ ကိုယ့်ဘာသာတောင် သဘောကျမိတယ်..။ ငါ့မှာ စာဖတ်ပေးသူ တစ်ယောက်ရှိနေပြီ ဇိမ်ပဲလို့... :D

တစ်ခုတော့ ရှိတယ်။ အင်္ဂလိပ် Adobe Acrobat Reader ကို တင်ထားရင် pdf fileကို ဂျပန်လို မဖတ်ဘူးတဲ့နော်။ ( မြန်မာလိုလည်း ဖတ်တတ်ဘူးတဲ့.း) မြန်မာလို ရေးတာကို ဖတ်ခိုင်းကြည့်သေးတယ်.. ဘာသံတွေ ထွက်လာမှန်း မသိဘူး ရယ်ရတယ်။ အဲ ဂျပန်လို Adobe ကို တင်ထားရင်။ (View တို့ File တို့က ဂျပန်လိုပေါ်နေရင် ဂျပန်လို ဖတ်တယ်။ အင်္ဂလိပ်လို မဖတ်ဘူးတဲ့..။ (သူငယ်ချင်းက ပြောပြတာ ကိုယ်ကိုယ်တိုင်တော့ မစမ်းရသေးဘူး) ပျော်စရာကြီး.. အားရင် သူငယ်ချင်းတို့ စမ်းကြည့်ကြနော်..

အော်... စာလာဖတ်တဲ့ သူငယ်ချင်းတွေအားလုံးက ကျွန်မထက်စာရင် အင်္ဂလိပ်စာ ပိုရကြမှာပါ..။ ဒါလေးက ကျွန်မအတွက် အဆင်ပြေနေတာမို့ ၀မ်းသာအားရ ပိုစ်အဖြစ်တင်တဲ့ သဘောပါပဲ...

မှတ်ချက်... ဒီနေရာမှာ The Voice Weekly Journal (Vol6.No15_Feb 15-21) ရှိပါတယ်

လသာည.. ဖြစ်ပါတယ်..

မေဖန်ဆင်းသော

မမ၀ါရဲ့ တဂ်ပိုစ်ကို အခုမှပဲ ရေးဖြစ်ပါတယ်.. ရက်ကောင်းရက်မြက်ရွေးနေမိတာကြောင့် တဂ်ခဲ့တဲ့ မမ၀ါတောင် မေ့နေလောက်ပါပြီ..မမ၀ါ ခွင့်လွှတ်ပေးပါ ;D ဒီနေ့ရေးဖြစ်တာက ဒီနေ့ဟာ ကျွန်မတို့ရဲ့ Anniversary day ဖြစ်လို့ပါ..။

ကျွန်မ နဲ့ သူက ငယ်ငယ်ကတဲက အိမ်နီးနားချင်းတွေပါ..။ ဘယ်လောက်နီးလဲ ဆိုရင် ...

“ဟာ သမီးရယ်... ဟင်းချိုအိုးကို တူးအောင် ကျိုနေတာများ ကြားမကြားဖူးဘူး။ တူးသွားအောင် ဘာလုပ်နေတာလဲ” “ဟာ မေမေကလည်း ငါးပိနူးအောင် စောင့်နေတာလေ” “အောင်မလေး ငါ့နှယ်နော် ကြားမကြားဖူးဘူး..အေ.. ငါးပိများ နူးဖို့ ရေခန်းအောင် ကျိုရသတဲ့”
အဲလိုမျိုး ကျွန်မတို့ အိမ်ဖက်က ဆူသံပူသံ၊ ရယ်သံတွေဆိုရင် သူတို့အိမ်ဖက်က မကြားချင်အဆုံးမို့ နေ့တိုင်း (သူတို့အိမ်ဖက်ကနေ ) အဟားခံရသလို.. သူတို့အိမ်ဖက်ကလည်း...

“မင်းကလည်းကွာ ကိုယ့်ညီပဲ ကိုယ့်ပစ္စည်းယူသုံးတာ ဘာဖြစ်လဲ..ယူပါစေ၊ အဲဒီလက်ကိုင်ပုဝါက ဘယ်ကောင်မလေး ပေးထားတာမို့လို့လဲ” “ ဟာ အမေကလည်း ဘာတွေ လျှောက်ပြီး အော်ကျယ်အော်ကျယ် ပြောနေတာလဲ” “ဟ.. ငါက တသက်လုံး အဲလိုပဲ အော်ကျယ်အော်ကျယ်ပြောနေကျပဲ၊ မင်းက အခုမှ ဘယ်သူကြားမှာ စိုးနေပြန်တာတုံး” အဲလိုပြောသံကြားပြီ မကြာခင် ရယ်သံတွေ အမြဲကြားရတတ်တယ်။ (စကားမစပ် အဲဒီလက်ကိုင်ပုဝါကို ကျွန်မပေးတာ မဟုတ်ရပါ)

သူက ကျွန်မထက် ၂ နှစ်ကြီးပေမယ့် ငယ်ငယ်က ကျန်းမာရေးကြောင့် အတန်းနောက်ကျခဲ့တာမို့ ကျွန်မနဲ့ အတန်းတူတူ ဖြစ်ခဲ့ပါတယ်။ အတန်းထဲမှာ သူက အေးလို့ ရှိတယ်လို့တောင် မထင်ရပေမယ့် ကျွန်မကတော့ (မှတ်မှတ်ရရ ခုနှစ်တန်းနှစ်ကဆို) ကျွန်မကို စာလိုက်ပေးတဲ့ ကောင်လေးကို ခဲနဲ့ပေါက် ရန်ဖြစ်ဖို့နဲ့၊ ကျွန်မက သဘောကျနေတဲ့ အတန်းထဲမှာ ကောင်လေးတွေကို လိုက်ငေးတဲ့အလုပ်၊အဲဒါနဲ့ပဲ အလုပ်တွေရှုပ်နေခဲ့တယ်.. :D

(အဲဒီတုန်းက ကျွန်မက အတန်းထဲမှာ စာတော်တဲ့ကောင်လေးနဲ့ လူတကာနဲ့ ရန်ဖြစ်တတ်တဲ့ လမ်းသရဲရုပ်နဲ့ မြို့နယ်မှုးသား အဲဒီနှစ်ယောက်ကို တော်တော် သဘောကျခဲ့ဖူးတယ်။ စိတ်ထဲက မိန်းမပိုးနဲ့ပေါ့နော်။ တကယ့်လက်တွေ့တော့ ဘာမှ မပြောဖြစ်ခဲ့တော့ သူတို့တောင် မသိသွားလေဘူး)။

အိမ်နှစ်အိမ်က ခြံစည်းရိုးပဲ ခြားတာကို ဘယ်သူက စဖောက်လိုက်မှန်း မသိတဲ့ ခွေးတိုးပေါက်ကနေပြီး ကျယ်သွားတာဆင်တိုးပေါက်ဖြစ်သွားခဲ့တယ်။ နောက်ပိုင်းတော့ နှစ်အိမ်ကြား ချောင်းပေါက်မတတ် ကူးကြသန်းကြတာဆိုတော့..နှစ်အိမ်ကြားက ခြံစည်းရိုးက မရှိသလောက် ဖြစ်သွားပါတော့တယ်း)။

သူတို့အိမ်မှာ ဒါမှမဟုတ် ကျွန်မတို့ အိမ်မှာ မိသားစုလိုက် အတူတူဇယ်တောက်ခုံနဲ့ ကစားကြရင် ကျွန်မပဲ နိုင်တယ်။ ဒိုးဇက် ကစားလည်း ကျွန်မပဲ နိုင်တယ်။ သူက “မင်းက နိုင်မှာပေါ့ ဥာဏ်ကောင်းတဲ့သူဆိုတော့ ”တဲ့..။ ကျွန်မကတော့ ကိုယ်အမြဲနိုင်အောင် ကစားရတာ အရမ်းပျော်တယ်.. (နောက်မှ သူများတွေကတဆင့် ပြန်သိရတာက သူက တမင် ရှုံးအောင် ကစားခဲ့တယ်ဆိုတာပါ၊။ ဘာပဲဖြစ်ဖြစ် ကျွန်မက အနိုင်ရတိုင်း ပျော်ခဲ့ရတာတော့ အမှန်ပဲ)

နောက်တော့ ဆယ်တန်းအောင်လို့ တက္ကသိုလ်တွေ ပိတ်နေတုန်း ကျွန်မ ကျောင်းဆရာမ (အဌား) အဖြစ်နဲ့ မြို့ နဲ့ အဝေးကြီးကရွာတစ်ရွာကို သွားရတော့ သူက ကားဂိတ်ကို လိုက်ပို့တဲ့ တာဝန်ကို ယူပါတယ်။ ဒါကြောင့် ရွာက ပြန်တိုင်း လက်ဆောင်ကို အိမ်နှစ်အိမ်စာ ဝေခြမ်း ဖြစ်ခဲ့တယ်။ ကျွန်မတို့ တက္ကသိုလ်တက်ကြတော့ မေဂျာမတူပေမယ့် တစ်နှစ်ထဲ အတူတူပါ။ အဲဒီနှစ်တွေလည်း သူကလည်း သူ့အပေါင်းအသင်းနဲ့သူ ရေနံချောင်းဘက်က အစ်မတွေကို သွားငေးနေခဲ့သလို၊ ကိုယ်ကလည်း ဓါတုမေဂျာက ကင်းကို လိုက်ငေးနေခဲ့တယ်..

ဒီလိုနဲ့ ဓါတုနဲ့ ကျောင်းပြီးတော့ ကျွန်မ ဘီအီးဒီဝင်ခွင့်ဖြေပါတယ်။ ဖြေဖို့ အစီအစဉ်မရှိပဲ ရုတ်တရက်သိလို့ ၀င်ဖြေတာဆိုတော့ ခေါင်းထဲမှာ စာလည်းအသင့်မရှိဘူး။ တစ်ညနဲ့ တကယ်ပါ အဲဒီတုန်းက တစ်ညနဲ့ စာကြည့်ပြီး သွားဖြေခဲ့တယ်။ တစ်ညလုံး ကျွန်မကြည့်ဖို့စာကို တစ်ညလုံး အနားကနေ နုတ်ထုတ်ကူးပေးနေခဲ့တာ အဲ... သူပဲ ဖြစ်ပါတယ် :D ဒါပေမဲ့လည်း ကျွန်မဘက်ကတော့ သူငယ်ချင်းပဲ ဖြစ်နေခဲ့တယ်၊ သူကလည်းသူငယ်ချင်းအနေနဲ့ လုပ်ပေးတာလို့ တွေးခဲ့တယ်။

အဲ.. အောင်သွားတယ်။ မကွေးတစ်တိုင်းလုံး ၅ %ပဲ အောင်တဲ့အထဲမှာ ပါသွားတယ်။ ကျွန်မတော်လို့ မဟုတ်ပါဘူး။ ကျက်တဲ့စာက တိုးသွားတာပါ။ အဲဒါ မြို့မှာ နာမည်တောင်ကြီးသွားသေးတယ်။ တစ်ရက်ထဲကြည့်ပြီး အောင်တာဆိုတော့ အဲဒီကောင်မလေးက အကပ်ကောင်း လို့ ဖြစ်တာဆိုပြီး..။ ဘယ်တတ်နိုင်မလဲလေ..သူတို့ ပြောတာလည်း မမှားပါဘူး။ ကျွန်မက လူကြီးတွေတော့ မကပ်ခဲ့ပါဘူး။ သူ့ကိုပဲ ကပ်ပြီး ကူညီတောင်းခဲ့လိုပါ.. (သဘောတူတယ်ဟုတ် ;)

ဘီအီးဒီပြီးတော့ ကျွန်မ ရန်ကုန်ကို မာစတာဝင်ခွင့်သွားဖြေတော့ သူက “ညကားမို့ စိတ်မချဘူး၊ ရန်ကုန်မှာ အစောချည်း ရောက်ရင် အဖော်မရှိရင် ခက်မယ်”လို့ ပြောပြီး သူပါ ကားလက်မှတ်ဖြတ်ပြီး လိုက်ပို့တယ်။ သူလိုက်တာကို ကားပေါ်ရောက်မှ သိတယ်။ သူ့အိမ်ကိုတော့ မြို့နယ်မှုးက ခေါ်လို့ အလုပ်ကိစ္စနဲ့ ပေါက်မြို့ကို သွားတယ်လို့ ညာခဲ့တယ်တဲ့”.. (သူက အဲဒီတုန်းက မြို့နယ်မှုးရုံးမှာ စာရေးလုပ်တာ)။ ဒါကြောင့် သူက ကျွန်မကို တခါတခါ မြို့နယ်မှုးမ လို့ နောက်တတ်တယ်။။ အိုး.. မသိပါဘူး.. အဲဒီအထိလည်း ကျွန်မတို့က သူငယ်ချင်းတွေပါပဲ.. ကျွန်မခေါင်းထဲ သူက သိပ်မရှိသေးပါဘူးနော်။

ကျွန်မ ရန်ကုန်မှာ မာစတာ တက်နေတော့ သူက“ ငါက အခုအလုပ်က ထွက်ပြီး ရန်ကုန်မှာ ကုမ္ပဏီလျှောက်မလို့ ၊ သဘောတူလား” လို့ လှမ်းမေးပါတယ်။ ကျွန်မက “ဟ.. ဒါများ ကိုယ့်ဘာသာ ကောင်းမယ်ထင် လုပ်လေ.. ငါသဘောတူတာ အရေးကြီးလို့လား”လို့ ပြန်ဖြေလိုက်မိတယ်။ အဲဒါ.. အဲဒီမှာ စတာပါပဲ။။ဘချောသားက သူ့ကို ရေလာမြောင်းပေးတယ် ထင်ပြီး ရည်းစားစကား ပြောပါလေရော..။ ဒါပေသည့် သူငယ်ချင်းဘ၀ကို သစ္စာဖောက်မှုဖြင့် သူ့ကို ၄ လတိတိ စကားမပြောခဲ့တော့ပါ.. (စကားပဲ မပြောတာပါ။ သူကအဆောင်ကို လာပေးသွားတဲ့ ဟင်းကြော်တွေကို ကျွန်မက လက်ခံပြီး စားပေးတာတော့ လုပ်ဖြစ်တယ်..ဟုတ်တယ်လေ.. ဟင်းတွေက မစားရင် သိုးကုန်မှာပေါ့)

၎ လအတွင်း သူက ရန်ကုန်ရောက် ကုမ္ပဏီအလုပ်ရ၊ ကံကောင်းချင်တော့ တစ်နှစ်အတွင်း မန်နေဂျာဖြစ်တဲ့အထိ ရာထူးတိုးသွားတယ်။ အဲတော့ သူက ကုမ္ပဏီက ကားလေးသုံးပြီး အဆောင်ကို မကြာခဏလာပါတယ်။ ဟင်းကြော်တွေ လုပ်ပြီး လာပေးတာက တစ်ယောက်စာမကတာမို့ အဆောင်ကအတူနေ အစ်မတွေက ကူစားပေးကြတယ်။။ နောက်တော့.... အစ်မတွေအားလုံးက သူ့ကို ခင်သွားကြတယ်။ ဒီတော့လည်း ညတိုင်း ထမင်းစားတိုင်း ကျွန်မကို “သူ့ကို လက်ခံလိုက်ရန်၊ သူ့ဘက်က သူတို့အားလုံး တာဝန်ယူတယ်” စသည်ဖြင့် “သူချစ်ကိုရှာရန်” ခေါင်းစဉ်နဲ့ နားသွင်းကြပါတော့တယ်.. (သူချစ်ရှာရန်လို့ပြောရတာက ကိုယ်ချစ်ဖြစ်မဖြစ် သူတို့က မေးလို့ မရလို့သာဖြစ်ပါတယ် :))

ကျွန်မကိုယ်ကျွန်မဆိုရင်တော့ သိပ်ပြီး နားမယောင်တတ်သော်လည်း (ပြောတာပဲ:D) သူတို့က ပြောပါများလာတော့ ကျွန်မကလည်း လက်မခံချင်ခံချင်နဲ့ ဒီလိုပြော လိုက်ပါတယ်.. “အင်း.. အိမ်ကို ပြောလိုက်တော့”လို့ >"(^0^)"

ဒါနဲ့ပဲ လွန်ခဲ့တဲ့ ရှစ်နှစ်က ဒီလိုအချိန်မှာ ကျွန်မတို့ မင်္ဂလာဆောင်ဖြစ်ခဲ့တယ်..။ ရှစ်နှစ်ခရီး... အင်း.. ရှစ်နှစ်ခရီးဆိုပေမယ့် တကယ်တော့ ကျွန်မတို့ အတူနေချိန်ဟာ တစ်နှစ်ထက် မပိုခဲ့သေးပါဘူး..ကျွန်မက ရာထူးပြောင်းလိုက်၊ ဂျပန်ကို နှစ်ခေါက်လာလိုက်ဖြစ်နေခဲ့တယ်။ အခုအထိ ကျွန်မတို့ မိသားစု အတူတူ မနေနိုင်သေးပါဘူး..။ Anniversary Day မှာ ကျွန်မတစ်ယောက်တည်းရယ်ပါ။ မိသားစုကို တအားလွမ်းပါတယ်။

မိသားစုနဲ့ ခွဲခွာနေရသေးတာ တစ်ခုက လွဲရင်တော့ ကျွန်မကိုယ် ကျွန်မ အိမ်ထောင်ရေး ကံကောင်းသူ အဖြစ် ကတော့ အမြဲဂုဏ်ယူနေမိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူဟာ ကျွန်မထင်တာထက် ကျွန်မအပေါ် ဂရုစိုက်ကြင်နာတတ်သူ၊ ကျွန်မထင်တာထက် အရာရာကို နားလည်ပေးနိုင်တဲ့သူ ဖြစ်လို့ပါ.... ..(ဆက်ရေးအမွမ်းတင်ချင်သော်လည်း ကိုယ်ရည်သွေးရာရောက်မစိုးလို့.. ရေးတော့ဘူး :)..။

ရေးချင်တာများပြီး ဘာရေးရမှန်း မသိပဲ ချာလည်လည်သွားတယ်..။ ဖတ်ရတာ အဆင်မပြေရင် ခွင့်လွှတ်ပါ။ ဒီတဂ်ပိုစ်...ကို မမ၀ါ ကျေနပ်လိမ့်မယ်ထင်ပါတယ်။ မမ၀ါ ကျေနပ်ပါ။

(ဒါနဲ့. ဒီပိုစ်ကို ဖတ်ပြီး “ အခုတော့ ရေးဖြစ်ပြီမို့လား ဟားဟား”ဆိုပြီး မဟားနဲ့နော် ဟားတဲ့သူငယ်ချင်းများ အာပျိုကြီး ဖြစ်ပါစေလို့ ဆုတောင်းထားတယ် ;)